Thursday, December 6, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန် အပိုင်း (၁)

မြလှိုင် (၁၉၂၁-၁၉၉၀)
အဖ ဦးစိန်သွင် အမိ ဒေါ်ကျင်မြိုင်တို့မှ မတ်လ ၁၇ ရက် ၁၉၂၁ ခုနှစ်တွင် ဖျာပုံမြို့၌ မွေးဖွားသည်။ မွေးချင်း ၇ ယောက်တွင် ဆဋ္ဌမမြောက်ဖြစ်သည်။ မြန်မာနိုင်ငံရေးလောကတွင် ထင်ရှားခဲ့သော ရဲဘော်သုံးကျိပ်ဝင် ဗိုလ်လက်ျာ   နှင့် ဒေါက်တာလှရွှေ  တို့၏ညီဖြစ်သည်။
ဖျာပုံမြို့ ဆရာဦးဘိုးကွန်း မူလတန်းကျောင်းနှင့် ဗုဒ္ဓဘာသာမိန်းကလေးကျောင်းတို့တွင် မူလတန်းပညာ သင်ကြားခဲ့ သည်။ ၁၉၃၅-၃၈ တွင် ဖျာပုံအစိုးရအထက်တန်းကျောင်း၌ ၅ တန်း မှ ၈ တန်းအထိ၊ ၁၉၃၉-၄၁ တွင် ရန်ကုန်မြို့မ အမျိုးသားကျောင်းတွင် ပညာသင်ကြားခဲ့ပြီး အထက်တန်းစာမေးပွဲအောင်မြင်ခဲ့သည်။

၁၉၃၈ ခုနှစ်တွင် ဖျာပုံမြို့နယ်လုံးဆိုင်ရာ ကျောင်းသားသမဂ္ဂဥက္ကဋ္ဌ၊ ၁၉၃၉ ခုနှစ်တွင် ဖျာပုံမြို့နယ်လုံးဆိုင်ရာ တို့ဗမာ အစည်းအရုံး အတွင်းရေးမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၄၂ ခုနှစ်တွင် ဘီအိုင်အေတွင် တပ်သားအဖြစ် စတင်အမှုထမ်းသည်။ ၁၉၄၃ ခုနှစ်တွင် ဘီဒီအေ၌ တပ်ကြပ်၊ တပ်ကြပ်ကြီး၊ ၁၉၄၄ ခုနှစ်တွင် အရာခံဗိုလ်၊ ၁၉၄၅ ခုနှစ်တွင် ဒုဗိုလ်အဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး ယင်းနှစ်၌ တပ်မတော်မှ ထွက်ခဲ့သည်။ ၁၉၄၅ ခုနှစ်တွင် ဖျာပုံခရိုင်ပြည်သူ့ရဲဘော်အဖွဲ့ သမဂ္ဂ ဥက္ကဌ အဖြစ်လည်း ကောင်း၊ ဖျာပုံမြို့နယ် ဖဆပလ အတွင်းရေးမှူးအဖြစ်လည်းကောင်း၊ ၁၉၄၆-၄၇ ခုနှစ်တွင် ဖျာပုံမြို့ မြူနီစပယ်ဥက္ကဋ္ဌအဖြစ် တာဝန်ယူခဲ့သည်။

၁၉၄၈ ခုနှစ်မှ ၁၉၅၂ ခုနှစ်အထိ မြိတ်ခရိုင် စစ်ရဲတပ်ရင်း တပ်ခွဲ (၁၁)၌လည်းကောင်း၊ မြိတ်ခရိုင် စစ် ၀န်ထမ်း တပ် ခေတ္တတပ်ရင်းမှူးအဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၅၃ ခုနှစ်မှ ၁၉၅၆ ခုနှစ်အထိ ကာကွယ်ရေးဝန်ကြီးဌာန၊ စိတ်ဓာတ် စစ်ဆင်ရေးဌာနတွင် စိတ်ဓာတ်စစ်ဆင်ရေး အရာရှိအဖြစ်လည်းကောင်း၊ မြ၀တီမဂ္ဂဇင်း အယ်ဒီတာချုပ်အဖြစ်လည်းကောင်း ဆောင်ရွက်ခဲ့သည်။ ၁၉၅၇ ခုနှစ်တွင် လက်ျာကုမ၌ဏီ၏ အထွေထွေ မန်နေဂျာ၊ ၁၉၅၇ ခုနှစ် စက်တင်ဘာလတွင် ပေဖူးလွှာမဂ္ဂဇင်းပိုင်ရှင်၊ အယ်ဒီတာချုပ် အဖြစ် ဆောင်ရွက်ခဲ့သည်။ ၁၉၆၉ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစိစစ်ရေးဌာနတွင် သုတေသနအရာရှိအဖြစ်လည်းကောင်း၊ ၁၉၇၀ ခုနှစ်တွင် ဗဟိုလယ်သမားကောင်စီ၊ တောင်သူလယ်သမားဂျာနယ် တာဝန်ခံ အယ်ဒီတာ အဖြစ်လည်းကောင်း၊ ၁၉၇၃ ခုနှစ်တွင် ပြန်ကြားရေးဝန်ကြီးဌာန၊ စာပေစီစစ်ရေးဌာနတွင် စာပေစိစစ်ရေးမှူး အဖြစ်လည်းကောင်း၊ အမှုထမ်းပြီး ၁၉၈၁ ခုနှစ်တွင် အငြိမ်းစားယူသည်။

အငြိမ်းစား ယူပြီးနောက် ပေဖူးလွှာမဂ္ဂဇင်းကို ပြည်လည်ထုတ်ဝေပြီး ကွယ်လွန်ချန် ၁၉၉၀ အထိ စာတည်းချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ဖျာပုံမြို့ မြို့မအမျိုးသားကျောင်းတွင် ပညာသင်ကြားနေစဉ်ကတည်း က ကျောင်းနှစ်ပတ်လည် မဂ္ဂဇင်းများ၌ “ဖျာပုံမောင်” ကလောင်အမည်ဖြင့် ၀တ္ထုတိုများ စတင်ရေးသားသည်။ ၁၉၅၃ ခုနှစ် မြ၀တီ မဂ္ဂဇင်းတွင် “နောင်တော်ချွတ်ခန်း” ၀တ္ထုကို “မြလှိုင်” အမည်ဖြင့် စတင်ရေးသား သည်။ မြ၀တီ၊ ငွေတာရီ၊ ရှုမ၀၊ သွေးသောက်၊ မိုးဝေ၊ န၀ဒေး စသော မဂ္ဂဇင်းများတွင် ၀တ္ထု တို ၀တ္ထုရှည်ဆောင်းပါး ၂၀၀ ခန့် ရေးသားခဲ့သည်။ “တော်လှန်ရေးဝတ္ထုတိုများ” (၁၉၇၅၊ ၁၉၇၇)၊ “ ဘုန်းကြီးကျောင်းသား ဒေါက်တာမြတ်ကျော်” (၁၉၇၆) နှင့် “ကျွန်တော် ငယ်ငယ်ကအကြောင်းများ” (၁၉၇၇) တို့ကို ထုတ်ဝေခဲ့သည်။ ၁၉၇၅ ခုနှစ်တွင် “တော်လှန်ရေးဝတ္ထုတိုများ” စာအုပ်ဖြင့် ၀တ္ထုတိုပေါင်း ချုပ် အမျိုးသား စာပေဆု ရခဲ့သည်။ ၁၉၉၀ ပြည့်နှစ် အောက်တိုဘာ ၁၄ ရက်နေ့တွင် ရန်ကုန်မြို့၌ ကွယ်လွန်သည်။

နှစ်ပေါင်း ၆၀ ခရီးသို့ ချဉ်းခဲ့လေပြီ။
ဖယောင်းတိုင်မီးအလား မကြာမီ ငြိမ်းသေသွားတော့မည်ဖြစ်သည်။
ဘ၀နေ၀င်ချိန်။

ဟက်ဟက်ပက်ပက် ရယ်မောခဲ့ရသော အခါများနှင့်လည်း ကြုံရသည်။
မျက်ရည်ပေါက်တို့ဖြင့် ပြွန်တီးရသော အခါများလည်းရှိခဲ့သည်။
မြင့်ခဲ့သည်လည်းရှိသည်။
နိမ့်ခဲ့သည်လည်းရှိသည်။
ဘ၀၏ရေစီးကြောင်းတွင် တွေ့ရသောသဘောသဘာဝများဖြစ်ပါသည်။

သို့သော် …။
အောင်မြင်ခြင်းနှင့် ဆုံးရှုံးခြင်းများ ကို စောကြောမိသောအခါ၊ ဆုံးရှုံးမှုများနှင့်သာ အများအပြား ဆုံဆည်း ရ လေသည်။


“ဟေ့ … မောင်မြလှိုင်”
“ဆရာ ကျွန်တော့်ကို သခင်မြလှိုင်လို့ ခေါ်ပါဆရာ”
“ရော် … ဟုတ်ပြီ … ဟုတ်ပြီ၊ သခင်မြလှိုင် … ခဏကြွပါဦး”
အတန်းပိုင်ဆရာ ဦးဘသန်းက ကျွန်တော့်အား ရယ်သွမ်းသွေး၍ ဖိတ်ခေါ်လိုက်သည်။
ကျွန်တော် ဆရာဦးဘသန်းအနားသို့ ရောက်သောအခါ ဆရာဦးဘသန်းသည် မျက်မှန်ပေါ်မှ ကျော်၍ ကျွန်တော့် အား ကြည့်ကာ အောက်ပါစကားကို ဆိုလေသည်။
“သခင် ဆိုတော့ ထောင်ထဲနဲ့ နီးတာပေါ့ကွာနော် … ဟုတ်လား”
“ဟုတ်မှာပေါ့ ဆရာ”
“သခင်မြလှိုင်၊ သခင်စံတင်၊ သခင်ကျော်၊ သခင်ကျော်လှတို့ကို ဆရာကြီးက သူ့ရုံးခန်းမှာ လာတွေ့ပါတဲ့ … အဲ သခင်မြလှိုင် လိုက်ခေါ်ပြီး ကြွလိုက်ပါဦး”

“ဘာလဲဟေ့ …”
“ဆရာကြီး က ခေါ်တယ်ဆိုလို့ လာတွေ့တာပါ”
“အေး … ဒီထဲ မှာ ဘယ်သူခေါင်းဆောင်လဲကွ”
“ကျွန်တော် ပါ ဆရာကြီး”
“မင်းက အသက်အငယ်ဆုံး … ဒါပေမ့် မင်းက ခေါင်းဆောင် … ဟုတ်လား”
“ဟုတ်ပါတယ်”
“ဟက် - ဟက် - ကောင်းကွာ၊ ဒါထက် မင်းတို့မနေ့က ကျောင်းမှာ အစည်းအဝေးလုပ်တယ်လို့ ငါ့ကိုပြော တယ် ဟုတ်လား၊ ဘယ်သူ့ခွင့်ပြုချက်နဲ့ လုပ်သမလဲ”
“ကျောင်းစာသင်ချိန်ကုန် မှ လုပ်တဲ့အတွက် ဘယ်သူ့ခွင့်ပြုချက်မှ မယူပါဘူးဆရာကြီး”
“ဒီကျောင်း ကို မင်းတို့ ပိုင်သလား၊ ငါပိုင်သလား ပြောစမ်း”
“ဘယ်သူမှ မပိုင်ပါဘူး ဆရာကြီး”
“ဘာပြောတယ် … ဟေ … ဘာပြောတယ်၊ ပြန်ပြောစမ်းပါဦး”
“ဘယ်သူမှ မပိုင်ပါဘူး ဆရာကြီး”
“ဟေ့ - မှတ်ထား၊ ဒီကျောင်းဟာ ငါအုပ်ချုပ်တဲ့ကျောင်း၊ အစစ အာရာ ငါ့ခွင့်ပြုချက်မရဘဲ ဘာမှမလုပ်ရဘူး … မှတ်ထား၊ ဒါ နောက်ဆုံး အကြိမ် သတိပေးခြင်းပဲ၊ နောက်ဆိုရင် ကျောင်းက ထုတ်ပစ် မယ်ကြားလား”

ကျွန်တော် တို့က ဘာမှ ပြန်မဖြေသောအခါ ဆရာကြီးသည် ကျွန်တော်တို့၏ မထီတရီ မျက်နှာများကို ကြည့်၍ သူ့ရုံးစားပွဲကြီး ကို ပုတ်ကာ အော်ပါတော့သည်။
“ဟေ့ကောင်တွေ … ငါပြောတာ ကြားတယ် မဟုတ်လားကွ”
“ကြားပါတယ် …”
“အေး … သွားတော့”
“ကျွန်တော် မေးစရာရှိပါသေးတယ် ဆရာကြီး၊ ကျွန်တော်တို့ နောက်ကို အစည်းအဝေး လုပ်စရာတွေ ရှိပါ သေးတယ်။ အဲဒါ အစည်းအဝေးလုပ်ခွင့်ကို စာနဲ့ရေးတင်ရမှာလား၊ ခုလို လူကိုယ်တိုင် လာပြောရမှာလား၊ သိပါရစေဗျာ”
“ဘာကွ၊ ဘာအစည်းအဝေးလဲ”
“ကျွန်တော်တို့က ကျောင်းသားခေါင်းဆောင်တွေဆိုတော့ အကြောင်းအမျိုးမျိုးနဲ့ မကြာခဏ အစည်းအဝေး ခေါ် ရပါတယ်။ ဒါကြောင့် မေးကြည့်တာပါ”
“အေး … ခွင့်ပြုသင့်တဲ့ဟာဆို ခွင့်ပြုမယ်၊ ဒါပေမယ့် ဂျော့ဘုရင်မင်းမြတ်ရဲ့ အစိုးရကို ဆန့်ကျင်တဲ့ကိစ္စမျိုး လုပ်တဲ့ အစည်းအဝေး မျိုး ဆိုရင်တော့ ခွင့်မပြုနိုင်ဘူး၊ ကဲ-ခေါင်းဆောင်ကြီးများ ကြွနိုင်ပါပြီ”

“ဟေ့ - မြလှိုင်”
“ဘာတုန်း ကျော်လှ”
“မင်းကို မမြမှီက တွေ့ချင်လို့ မုန့်စားဆင်းရင် သူတို့ (Girls Common Room) ကို ခဏလာခဲ့ပါဦးတဲ့”
“ဘာကိစ္စတဲ့လဲ”
“မသိဘူးလေ”
ကျွန်တော်သည် မုန့်စားဆင်းချိန်တွင် မမြမှီရှိရာသို့ ထွက်ခဲ့သည်။ မမြမှီသည် ကျွန်တော့် အား ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးနှင့် ပတ်သက်၍ ကျောင်းသူများ စိတ်ဝင်စားခြင်း မရှိပါကြောင်း ပြောပြပါ သည်။ အမှန်က ဗြိတိသျှအစိုးရ အထောက်အပံ့ခံ ဤကဲ့သို့ အစိုးရ အထက်တန်းကျောင်း ဖြစ်ခြင်းကြောင့် တစ်ကြောင်း၊ ဤကျောင်းမျိုးတွင် ပညာသင်ကြား ကြသည့် ကျောင်းသား များမှာ များသောအားဖြင့် အစိုးရ ၀န်ထမ်း သားသမီးများဖြစ်ခြင်း၊ ကြေးရတတ် လူကုံထံ သားသမီး များ ဖြစ်ခြင်းကြောင့် တစ်ကြောင်း၊ နိုင်ငံရေးနှင့် ဆက်နွယ်သော မည်သည့် လုပ်ရပ်ကိုမျှ စိတ်ဝင်စားခြင်း မရှိသည်မှာ ယုံမှား သံသယဖြစ်ဖွယ် မရှိပါပေ။ ကျွန်တော်တို့ လူသိုက်သည် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂမှ အတွင်းရေးမှူးဖြစ်သူ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)လာရောက်ဖွဲ့စည်းစဉ်ကပင် တွေ့ကြုံရမည့် အခက်အခဲများကို တင်ပြခဲ့ကြ ပါသည်။

သို့သော် ၁၃၀၀ ပြည့်အရေးတော်ပုံ၏ ကြီးမားသော နယ်ချဲ့ဆန့်ကျင်ရေးအားမာန် သည် ကျောင်းသား များလောကသို့ မီးမောင်းထိုးပြသကဲ့သို့ ရှိနေပါသည်။ သို့ကြောင့်လည်း ကျွန်တော်တို့ အနေဖြင့် နယ်ချဲ့ ဆန့်ကျင်ရေး ဗမာ့လွတ်လပ်ရေးတွင် ပါဝင်နိုင်ရန် ကျောင်းသားသမဂ္ဂဖွဲ့စည်းရေးကို စိတ် အား ထက်သန်ခဲ့ကြ ပါသည်။
မမြမှီနှင့် ကျွန်တော်တို့ စကားပြောနေရာသို့ မာဂရက် ရောက်လာသည်။
“အတော်ပဲ … ယူ့ကို ကိုယ်သိပ်တွေ့ချင်နေတယ်”
“ဟုတ်လား ဘာကိစ္စရှိလို့လဲ”
“မေအိုင်ဆီး ယူ အလုံး” (May I see you alone)
“ ကိုယ်သွားမယ်နော်”
မမြမှီသည် မာဂရက်“ ပြောစကားကြောင့် ကျွန်တော့်အပါးမှ ခွာလိုက်သည်။ မာဂရက် ကျောနောက် သို့ ရောက်သောအခါ တစ်ချက်မဲ့ပြလိုက်သည်။ ကျွန်တော်က ရယ်မိမည်စိုး ၍ ခေါင်းငုံ့ထားလိုက်မိသည်။
“ယူ ဘာတွေ လုပ်နေသလ ပြောစမ်း”

“ဘာလုပ်လို့တုန်း”
”ဒုန့်မိတ်ဖူးလ် … (Don't make fool)”
“မာ့ကို ကိုယ်က ဘာဖူးလ် (fool) လုပ်လို့လဲလေ”
“ဒီမယ် ယူတို့လူသိုက် ကျောင်းသားသမဂ္ဂထောင်တယ် မဟုတ်လား”
“အင်းလေ … ဒါဘာဖြစ်လို့လဲ”
“ဘာဖြစ်ရမလဲ၊ ကျောင်းသားအလုပ် မဟုတ်တာတွေ ယူ မလုပ်ချင်ပါနဲ့၊ ဒါပဲ”
ပြောပြောဆိုဆို မာဂရက် ထွက်သွားသည်။ ကျွန်တော်သည် မာဂရက်၏ နောက်ကျောကို ကြည့်လျက် သက်ပြင်းတစ်ချက် မှုတ်ထုတ်လိုက်မိသည်။ မာဂရက်၏ ရာဇသံသည် ကျွန်တော့်အား အလွန်ပြင်းထန်သော ထိုးနှက်ချက် တစ်ရပ်အဖြစ် ခံရလေပြီ။ မာဂရက်ကို ကျွန်တော် မရအရ ချစ်ရေးဆိုခဲ့ရ သည်။ မကြာသေးမီကမှ မာဂရက် ၏ တုံ့ပြန်မှုကို ရခဲ့သဖြင့် ကျွန်တော်၏ လေခထက တိုက်အိမ်သည် ဆောက်၍ပြီးစပင် ရှိပါသေးသည်။ ယခု ပြိုပျက်ရန်အကြောင်းများက ဖန်တီးလာချေသည်။ ကျွန်တော်သည် မာဂရက်လို အရေးပိုင်သမီး တစ်ယောက် ကို စွံအောင်ပိုးနိုင်သဖြင့် ကျောင်းတွင် ဟီးရိုးတစ်ယောက်ဖြစ်နေ သည်။ မာဂရက်ကို ပြိုင်ပိုးစဉ်က အကြံတူ များ မနည်းလှ။ သို့သော် မိဘချင်း ခင်မင်ရင်းနှီး၍ အိမ်ချင်းကပ် လျက်နေကြသော အာချီပေါဆိုသူနှင့် ကျွန်တော် သာ နောက်ဆုံးကျန်ခဲ့လေသည်။

အာချီပေါ သည် ကျွန်တော့်အား ပြိုင်ဘက်ဟု မမှတ်ယူပါ။ အဘယ်ကြောင့်ဆိုသော် မာဂရက်အဖေက အရေးပိုင်၊ သူ့အဖေ က ငွေတိုက်ဝန်ထောက်ကြီး။ ထို့ပြင် ခရစ်ယာန်ဘာသာဝင် အချင်းချင်းလည်းဖြစ်သည်။ အာချီပေါ သည် ကျွန်တော်ကဲ့သို့ ကျောင်းသား နိုင်ငံရေးသမားလည်းမဟုတ်ချေ။ ထိုထက်မာဂရက်နှင့် သွား အတူ လာအတူ တင်းနစ်ရိုက် အတူတူဖြစ်၍ ကျွန်တော့်ထက် အခွင့်အရေးများစွာသာသူဖြစ်လေသည်။ ထိုကြားထဲမှ ဒိုင်လုပ်သူ က လက်ရှောင်ပေါက်ကောင်ဖွင့်သောအခါ အတိတ်စိမ်းသမား ကျွန်တော်က ပေါက်ကောင်အဖြစ် ၀င်ထိုးပါတော့သည်။
“ဟေ့ကောင် … ဖိုးစွံ၊ ဘုန်းကြီးပေးတဲ့ ဆေးက တယ်စွမ်းပါလားကွ”
“ဟီး … ဟီး … ဟီး၊ ဒီလိုပေါ့ သူငယ်ချင်းတို့ရာ”
ယင်းသို့သာ ပြောရသည်။ အမှန်က ကျွန်တော်ပေးသော ရည်းစားစာစံနှုန်းကို သူတို့သာ သိကြလျှင် စက္ကူ အဟောင်းဝယ်သော ကုလားက အဘအဘအခေါ်ရမည်မှာ သေချာပါသည်။ ကျွန်တော်သည် ကျောင်း မတက်မီ တစ်ကြိမ်၊ ခေတ္တအနားပေးသော (၁၀)မိနစ်နားချိန်တွင် တစ်ကြိမ်၊ နေ့လယ်မုန်းစားဆင်းချိန်တွင် တစ်ကြိမ်၊ ညနေကျောင်းဆင်းခါနီး အပေါင်းအသင်း ကျောင်းသူများမှ တစ်ဆင့် တစ်ကြိမ်၊ အရွက်တစ်ရာပါ သော ဘင်ခရော့စလေ စာရေးစက္ကူရောင်းသော ရိုးကုမ၌ဏီမန်နေဂျာ ဦးဘိုးအောင်ကပင် စာရေးစက္ကူဝယ် လွန်းသော ကျွန်တော့် အား ရယ်သွမ်းသွေး၍ စကားဆိုသေးသည်။
“မောင်မြလှိုင်ရေ … ချေးကုန်းစက္ကူတွေက ကုန်လှချည်လား”တဲ့။

ရည်းစားစာပေး “ဇွဲ” ဆုကို ရခဲ့သော ကျွန်တော့်ကို အားနာလာငလော၊ ကျွန်တော့်ဘက်က ဖိအားပေးအောင်သွယ်များဖြစ်ကြသည့် မမြမှီ၊ မကြင်ရီ၊ မကြင်ယုံ၊ မခင်စု စသည့် မာဂရက်နှင့် တစ်ခုံတည်း ထိုင်ကြသူ များ၏ ကူညီမှုကြောင့်လော မသိဘဲ ကျွန်တော်တစ်ယောက် မာဂရက်၏ တုံ့ပြန်မှုကို မကြာမီ လက်ခံ ရရှိခဲ့ခြင်းဖြစ်ပါသည်။
ကျွန်တော်နှင့် မာဂရက်တို့၏ သမီးရည်းစားဖြစ်ခြင်းသည် တစ်ကျောင်းလုံး မသိသူ မရှိသလောက်ပင်ဖြစ် သည်။ ဤကိစ္စနှင့် ပတ်သက်၍ ကျွန်တော့်အနေဖြင့် ယောက်ျားလေးတစ်ယောက် ဖြစ်ခြင်းကြောင့် မထောင်းသာ လှသော်လည်း မာဂရက်လို အရေးပိုင်သမီး တစ်ယောက်အနေဖြင့် ကျောင်းနေစဉ် ရည်းစား ထားခြင်းအတွက် အရှက် ရဖွယ်၊ အချင်းချင်း အထင်သေးဖွယ် ရှိချိမ့်မည်ဟု ကျွန်တော် ထင်မှတ်မိပါသည်။ သို့သော် မာဂရက်ကမူ ကျွန်တော်နှင့် ယခုကဲ့သို့ သမီးရည်းစားဘ၀သို့ ရောက်ရခြင်းအတွက် ဘေးပတ်ဝန်းကျင်၏ ပြောဆိုခြင်းများကို သတိထား ဂရုပြုသည့် သဘောမျိုး ကိုယ်နှုတ်အမူအရာဖြင့်ပင် မပြဘဲ ရှိပါသည်။

ပို၍ထူးခြားသည်မှာ ကျောင်းသားများရှေ့တွင်သာမက၊ ဆရာ ဆရာမများရှေ့၌လည်း ကျွန်တော့်ကို အခေါ် အပြော မပျက်၊ စိုးရွံ့ဟန်မရှိ ပကတိအေးဆေးစွာ ပြောဆို ဆက်ဆံတတ်သည်။ သို့ကြောင့်လည်း ကျွန်တော် တစ်ယောက် မာဂရက်နှင့် ရည်းစားဖြစ်ခြင်းကို အချိန်ကြာမြင့်လာသည်နှင့်အမျှ ဂရုပြုသတိထားခြင်းများ နည်းပါးခဲ့လေ သည်။

“ဟေ့ကောင် … မြလှိုင်ကြီး …၊ အရက်ဖြူဖိုး တစ်မတ်လောက် ပေးခဲ့ပါဦးကွ”
ကျွန်တော်၏ ဆရာတစ်ပိုင်းဖြစ်သူ ဘိလိယက်ခုံမှ မာကာ ကိုဝက်ကြီးသည် လမ်းပေါ်မှ လျှောက်သွားသော ကျွန်တော့် ကိုမြင်သည်နှင့် အရက်ဖိုးလှမ်း၍ တောင်းပါသည်။ ကျွန်တော်သည် ကျောင်းတွင် သမဂ္ဂထောင် သည့်ကိစ္စနှင့် ပတ်သက်၍ ဆရာကြီးလုပ်သူက ခေါ်ယူကြိမ်းမောင်းသည်ကို မဖြုံဘဲ၊ ရည်းစားလုပ်သူက ရာဇသံပေး လိုက်သဖြင့် ဖြုံလာခဲ့သူဖြစ်ရာ ယခု ကိုဝက်ကြီးက မြွေပူရာကင်းမှောင့် အော်ကြီးဟစ်ကျယ် အရက်ဖိုးတောင်းလိုက်သည် ကို ကြားရသောအခါ သူ့အား လက်ခါပြပြီး ထွက်လာခဲ့သည်။
“မလှိုင် … မင်းကို ကြည့်ရတာ တယ်မရွှင်ပါလားကွ၊ အိမ်က ပိုက်ဆံတောင်းမရလို့လား”
“မဟုတ်ပါဘူး ဗျာ၊ မာဂရက်က ဟိုနေ့က ကျွန်တော်တို့ သမဂ္ဂထောင်တာနဲ့ ပတ်သက်ပြီး ဘာအရူးထ တာလဲ လို့ ပြောလိုက်တယ်ဗျ …”
“ဘာကွ …”

ကိုအုန်းမောင်သည် “ဘာကွ …” ဆိုသော စကားနောက်မှ ဘာမှ ဆက်မလာတော့ဘဲ ကျွန်တော့်ကို အကဲ ခတ်သည့် အနေဖြင့် လှမ်း၍ကြည့်လိုက်သည်။ ကျွန်တော်၏ စိတ်ထဲက ခံစားချက်နှင့် ကိုအုန်းမောင်၏ သဘောထား တို့သည် ဤနေရာတွင် ဖြောင့်ဖြောင့်ကြီး ဆန့်ကျင်လိမ့်မည်ဟု ကျွန်တော်ထင်မိသည်။ ကိုအုန်းမောင် ၏ “ဘာကွ” ဆိုသည့် စကားရပ်မှာ ကျောင်းသားသမဂ္ဂကိစ္စနှင့် မာဂရက် ဘာဆိုင်လို့ ၀င်စွက် ရတာလဲ ဆိုသည့် သဘောကို ဆောင်ခြင်းဖြစ်၍ ကျွန်တော်၏ စိတ်ထဲမှ ဖြစ်ပေါ်နေမှုမှာ ခက်ခက်ခဲခဲ ကြိုးပမ်း ထားရသော ရှားပါးပစ္စည်းတစ်ခု လက်ဝယ်မှ ဆုံးရှုံးရတော့မည်ဟူသော သဘောကို ဆောင်လျက် ရှိလေသည်။
“မင်းက ဘာပြန်ပြောလိုက်သေးလဲ”
“ဘာမှ မပြောပါဘူး၊ သူပြောတာ နားထောင်နေလိုက်တာပါပဲ …”
“ဟေ့ကောင် … မြလှိုင်၊ မင်းတော့ တို့လူသိုက်နဲ့ လမ်းခွဲဖို့ လိုပြီကွာ။ ခုကိစ္စမျိုးမှာ မင်းက မင်းကောင်မကြီး အလိုမကျဖြစ်နေတာကို စိတ်ထိခိုက်နေတာပေါ့ ဟုတ်လား …”

“ဒီလိုတော့လဲ မဟုတ်ပါဘူးဗျာ၊ ဒါပေမယ့် သူ နားလည်အောင်တော့ ကျွန်တော်ရှင်းပြချင်တယ်လေ၊ သူလိုလူက ကျွန်တော် တို့ကို ထောက်ခံတယ်ဆိုရင် …”
“ဟေ့ကောင် … မြလှိုင်၊ မင်း တော်တော်ခက်တဲ့ သတ္တ၀ါပါလား၊ ဒီမယ် မှတ်ထား …၊ သူက မင်းလုပ်ရပ်ကို အား မပေးဘူး၊ မင်းသာ ဂိန်ဂိန်မြည်ပြီး ခွေလဲသွားမယ် … ဟင်း … ဟင်း …”
ကိုအုန်းမောင် ၏ ပြောဆိုချက်များမှာ ရင့်သီးလွန်းရကား ကျွန်တော့်ရင်ထဲ၌ နာကျင်စွာ ခံစားလိုက်မိပါသည်။ ကျွန်တော်သည် စကားဆက်ပြောရန်ပင် အင်အားမရှိတော့ဘဲ ဆိတ်ဆိတ်ပင် လိုက်လာခဲ့မိသည်။ ယင်းသို့ လိုက်လာရင်း မှပင် ကျောင်းတွင် ဆရာကြီး၏ သတိပေးခြင်းခံရပုံ၊ ချစ်သူ မာဂရက်က ဆိုင်းမဆင့် ဗုံမဆင့် ဆူပူပုံ၊ ယခု တစ်ဖန် လုပ်ဖော်ကိုင်ဖက်ဖြစ်သူ ညီရင်းအစ်ကိုတမျှ ချစ်လှစွာသော သူငယ်ချင်းဖြစ်သူ ကိုအုန်းမောင် က ပြ်းထန်သော စကားလုံးများဖြင့် ဝေဖန်သည်များကို ဆင်ခြင်လာမိသည်။ စင်စစ် ကိုအုန်းမောင် ၏ အပြစ်တင် ဝေဖန်မှုများသည် ကျွန်တော့်အတွက် စောလွန်းနေသေးသည်ဟု ကျွန်တော် သုံးသပ်မိသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော်သည် မာဂရက်အား လက်မြှောက်အရှုံးပေးလာသော သူ မဟုတ်ခြင်းကြောင့်ပင်ဖြစ်ပါသည်။

“ဟေ့ကောင် မြလှိုင် …”
“ဘာတုန်း … ပြောလေဗျာ”
“ငါ ဆန္ဒစောသွားတယ်ကွ၊ ငါ တောင်းပန်ပါတယ်၊ ဒါထက် မင်းထမင်းစားပြီးပြီလား”
“ဟင့်အင်း”
“နောက်မှစားကွာ…၊ တို့နှစ်ယောက် တို့ဗမာအစည်းအရုံးကို ခဏ၀င်လိုက်ကြရအောင်”
ကျွန်တော်သည် ဘာမှပြန်မပြောတော့ဘဲ ကိုအုန်းမောင်နှင့်အတူ တို့ဗမာအစည်းအရုံးသို့ လိုက်လာခဲ့ပါသည်။ ထိုအချိန် က တို့ဗမာအစည်းအရုံးဆိုသည်မှာ အင်္ဂလိပ်အစိုးရကို ဆန့်ကျင်နေသော နိုင်ငံရေး အဖွဲ့အစည်း တစ်ခုအဖြစ် အများပြည်သူတို့က သိမှတ်ထားခြင်းခံရသော အဖွဲ့အစည်းဖြစ်ပါသည်။ အင်္ဂလိပ်အစိုးရနှင့် မကင်းသော၊ အင်္ဂလိပ်အစိုးရကို မဆန့်ကျင်ရဲသော၊ မိမိတို့ဘ၀ ကို အေးအေးဆေးဆေး ရေလိုက် ငါးလိုက်နေ လိုသော လူများသည် တို့ဗမာအစည်းအရုံးဝင် သခင်များ ကို ဝေးဝေးမှ ရှောင်ရှားကြ ကုန်သည်။ အချို့ဆိုလျှင် ပေတစ်ရာလမ်းပေါ်မှ လွတ်လပ်စွာ လမ်းလျှောက်သွားသည်ကိုပင် တို့ဗမာ အစည်းအရုံးရှေ့သို့ ရောက်သောအခါ တစ်ဖက်လမ်းစောင်းသို့ ဆင်း၍ ကွေ့ဝိုက်လျှောက်သွားလေ့ရှိသည် ကို တွေ့ရလေသည်။

“ဟော … ပြောရင်းဆိုရင်း အုန်းမောင်နဲ့ မြလှိုင်တို့ လာကြပြီ၊ အတော်ပဲ မင်းတို့ကို စောင့်နေတာကွ”
ကျွန်တော် က အသံလာရာသို့ ကြည့်လိုက်ရာ ဘုန်းတော်ကြီး သခင်ကောသလ္လနှင့် အခြားကိုယ်တော် နှစ်ပါး သုံးပါး ကို တွေ့လိုက်ရသည်။ ဦးကောသလ္လမှာ နယ်ချဲ့ဆန့်ကျင်ရေးစိတ်ဓာတ် အလွန်ပြင်းထန်သော တို့ဗမာ အစည်းအရုံးဝင် ရဟန်းတစ်ပါး ဖြစ်ပါသည်။ ဦးကောသလ္လ၏ မိတ်ဆက်ပေးမှုဖြင့် ကျန်ကိုယ်တော် များမှာ သမိန်ထော ဆရာတော် သခင်အာစာရ၊ အခြာကြီးဆရာတော် သခင်သုန္ဒရတို့ဖြစ်ကြောင်း သိရပါ သည်။
“တပည့်တော် တို့ကို စောင့်နေတယ်ဆိုတာ ဘာကိစ္စလဲဘုရား … အမိန့်ရှိပါဦး ”
ကိုအုန်းမောင် က ဆရာတော်များအား လျှောက်ထားလိုက်သောအခါ သခင်ကောသလ္လက မကြာမီက ဖျာပုံ ခရိုင် သို့ ရောက်ရှိသောအခါ ကိုထွန်းရှိန် (ဗိုလ်ရန်နိုင်)အား ရန်ကုန်သို့ မပြန်မီ ဖျာပုံမြို့လယ် ရွာလယ် တန် ဆောင်ကြီး တွင် လူထုဟောပြောပွဲကို ကျင်းပလိုကြောင်း ပြောကြားပေးရန် အမိန့်ရှိပါသည်။

“မှန်လှပါ … ကိုထွန်းရှိန် ဒေးဒရဲကို ရောက်နေပါတယ် ဘုရား”
“ဘယ်တော့လောက် ပြန်လာမလဲ”
“သဘက်ခါလောက်တော့ ရောက်ကောင်းပါလိမ့်မယ်”
“အေး … ရောက်ရောက်ချင်း စီစဉ်ကွာ”
“မှန်လှပါ … အချိန်ရနိုင်ရင်တော့ တောင်းပန်ဟောခိုင်းရမှာပဲဘုရား၊ အချိန်မရလို့ ချက်ချင်းပြန်ရမယ်ဆိုရင် တော့ တပည့်တော်တို့ အကျိုးအကြောင်းပြန်လျှောက်ပါ့မယ်”

“အတော်ပဲ၊ ရေမြေ့ရှင် ဒကာလေး ရောက်လာမှကိုး”
ကျွန်တော်နှင့် ကိုအုန်းမောင် အလန်း ခေါက်ဆွဲဆိုင်ထဲသို့ ၀င်လိုက်သည်နှင့် တစ်ပြိုင်နက် ငှက်ဆိုးထိုးသံ ကဲ့သို့ မင်္ဂလာ မရှိသော အသံကို ကြားလိုက်ရပါတော့သည်။
“ ဟေ့ … အလန်း၊ ဟိုမှာ ငါ့စကာလာပြီ၊ နောက်ထပ် တစ်ပိုင်းပေးစမ်းကွာ”
အလန်း က ကျွန်တော့်အား လှမ်းကြည့်လိုက်သည်။ ကျွန်တော်သည် မသိကျိုးကျွန်ပြု ၍ ခေါက်ဆွဲပြုတ်ကြော် နှစ်ခွက် ကို မှာလိုက်သည်။ ကိုဝက်ကြီးကိုလည်း နောက်ခိုင်း၍ ထိုင်လိုက်သည်။ ကျွန်တော် က မည်သို့ပင် မနှစ်မြို့သည့်သဘောဆောင်သော်လည်း ကိုဝက်ကြီးကမူ အရှိန်ရနေပြီဖြစ်၍ သူ ထိုင်နေသော စားပွဲ မှ ကျွန်တော် ရှိရာသို့ ထလာကာ နောက်ထပ် အရက်ဖြူ တစ်ပိုင်း သောက် လိုသေး ကြောင်း နားပူ နားဆာ ပြုတော့သည်။

“အလန်း … အရက်ဖြူတစ်ခွက် ပေးလိုက်စမ်းကွာ၊ တော်ပြီ ဒါပဲ”
ကိုဝက်ကြီး တစ်ယောက် နောက်ထပ်ဘာမှ မပြောနိုင်မီ ခေါက်ဆွဲပြုတ်များကို ပူပူလောင်လောင် မျိုချပြီး အလန်းဆိုင် မှ ထွက်လာခဲ့လေသည်။
အိမ်သို့ ပြန်ရောက်သောအခါ (၇)နာရီခန့် ရှိပြီဖြစ်၍ ရေမိုးချိုးပြီး စာကျက်စားပွဲသို့ ၀င်ထိုင်လိုက်မိပါသည်။ သို့သော် ယနေ့ကြုံတွေ့လိုက်ရသော စိတ်လှုပ်ရှားမှုများကြောင့် မိမိရှေ့တွင် လှန်ထားသည့် စာအုပ်ထဲမှ သင်ခန်းစာ များကို စိတ်မ၀င်စားမိ၊ မာဂရက်၏ မျက်နှာကို မြင်ယောင်မိပါတော့သည်။
အမှန် ကျွန်တော်သည် မာဂရက်အား အရူးအမး စွဲလမ်းလျက်ရှိပါသည်။ မာဂရက်၏ အလှအပများသည် ကျွန်တော့် အား စိုးမိုးလွှမ်းခြုံလျက်ရှိပါသည်။
သို့သော် …။
ချစ်သူ သည် ကျွန်တော့်အား အချစ်အင်အားကို သုံး၍ ခြိမ်းခြောက်လျက်ရှိနေပါပြီ။

ကျွန်တော် ဘာလုပ်ရမည်နည်း။ ကျွန်တော်သည် ဇိုးသမား ၀က်ကြီး၏ အဘိဓမ္မာကိုပြေး၍ သတိရမိသည်။ ကိုဝက်ကြီး သည် အမူးပြေ၍ အရက်ရှိန်လျော့ကျနေသော အချိန်များတွင် အလွန်ချစ်ဖွယ်ကောင်းသူ တစ်ယောက်ဖြစ် သည်။ သူ့တွင် ဘ၀ခံစားချက်များ၊ ပုံပြင်များစွာရှိသည်။ ထိုပုံပြင်များကို ကျွန်တော် တစ်ယောက် အပျင်းပြေ နားထောင်ခဲ့ဖူးသည့် အကြိမ်ပေါင်း ရေတွက်၍ပင် မရလောက်အောင် များပြားလွန်းလှ ပါသည်။
ဟုတ်ချင်မှလည်း ဟုတ်ပေလိမ့်မည်။ လုပ်ဇာတ်လံကြုပ်များလည်းဖြစ်ကောင်းဖြစ်မည်ဟုလည်း ကျွန်တော် ထင်ပါ သည်။ ဒါပေမယ့် နားထောင်ကောင်းသော ပုံပြင်များဖြစ်ပါသည်။
“မြလှိုင် … ကောင်ကြီး၊ မင်းဟာ သူဌေးသား၊ ပိုက်ဆံ သုံးနိုင်တ်၊ ပေးနိုင်တယ်၊ ကမ်းနိုင်တယ်၊ ဒါကြောင့် မင်းနား မှာ ၀ိုင်းဝိုင်းလည်နေကြတယ်။ ဒါတွေ တစ်ခုမှ မရှိတဲ့အချိန်မှာ ဒီလူတွေအားလုံး မင်းနားမှာ တစ်ယောက်မှ ရှိမှာ မဟုတ်တော့ ဘူးကွ”
“ဒီလိုလဲ ဘယ်ဟုတ်မလဲဗျာ၊ ရိုးရိုးတန်းတန်း ခင်မင်ပေါင်းသင်းနေကြသူတွေလဲရှိမှာပါ”

“အေး … ရှိကောင်း ရှိမယ်ပေါ့ကွာ … ဒါပေမယ့် သိပ်နည်းပါးပါတယ်။ အထူးသဖြင့် မိန်းမ … မိန်းမ”
ကျွန်တော် က ဆရာဟု ခေါ်၍ တိုးကပ်သွားမိသည်။
“အဟန့် … ဟန့် မှတ်ထား မြလှိုင်၊ တခြားလူ မကြည့်နဲ့ အီဖေကို ၀က်ကြီးဆိုတဲ့ကောင်ကို ကြည့်၊ လူ တစ်ကိုယ်လုံး မက်မောစရာ ဆိုလို့ လက်ကလေးကို “၀”လုံးသဏ္ဍာန်လုပ်ပြသည်။
“ထပ်သရီး သိပ်ညစ်ပတ်တဲ့လူပဲဗျာ”
“ဟကောင် ရ … ဘာအနက် တွေးနေတာလဲ၊ ငါဆိုလိုတာ ဇီးရိုးလို့ ပြောတာပါဟ … ဟင်းဟင်း”
“ပြောဗျာ”
“ငါ့မှာ လူရုပ် ကလည်း ၀ဲစား၊ အ၀တ်တန်ဆာဆိုလို့လ ဒါဝတ်၊ ငွေကြေးဆိုတာကတော့ နားသင်း၊ ဒီကောင် ကိုဘယ်မိန်းမက ဖိုသတ္တ၀ါတစ်ယောက်၊ အတောင်နှစ်ဆယ်ဝတ် မင်းယောက်ျားကြီးတစ်ယောက်လို့ သတ် မှတ်မှာလဲကွာ၊ သူတို့နား ကပ်သွားရင်တောင် နှာခေါင်းပိတ်ထားကြမှာ၊ မဟုတ်ဘူးလားကွ”
“ဟုတ်ပ့ါ … ဟုတ်ပါ့ ”

“အေး … မင်းကျတော့ ကြည့်လေ၊ ကောင်မလေးတွေ၊ ကောင်မကြီးတွေ …၊ ဟီး … ဟီး … မိန်းမတွေ … မိန်းမတွေ …။ ဒီတော့ ငါတပည့်မသေမချင်း မှတ်ထား၊ ဘယ်မိန်းမမှ ငါ့ကို တကယ်ချစ်တယ် ကြိုက်တယ် သံယောဇဉ် တွယ်တယ်လို့ မထင်လိုက်လေနဲ့၊ တစ်ခါထဲ ကျွမ်းပစ်သွားမယ်”
“ဒီလိုလဲ ဘယ်ဟုတ်မလဲဗျာ၊ တကယ့်မေတ္တာစစ်၊ မေတ္တာမှန်ဆိုတာတွေလဲ ရှိကြပါတယ်”
“အေး … နည်းတယ်၊ သိပ်ကို နည်းတယ်”
“ကိုင်း … ဆက်ပါဦး”
“ငါ့အကြောင်းပြောမယ်၊ ငါ့ပထမရည်းစားက မိနီ”
“ဟို … ကြံသည်မကို ပြောတာမဟုတ်လား”
“ဟေ့ကောင် …၊ ဇာတ်လမ်းအားလုံးဆုံးမှ ၀င်မေး။ ကောင်းကောင်းနားထောင်းပြီးရင် အဖြူတစ်လုံး ငါ့ကို ဆပ္ပလိုင်း လုပ်”
“ကဲပါ ပြောမှာသာ ပြောပါဗျာ”

“ငါ့ပထမရည်းစားက မိနီ၊ ဒီတုန်းက ငါက အောင်မင်္ဂလာဘိုင်စကုပ်ရုံမှာ ဒိုးတီးနေချိန်ပေါ့၊ တစ်ည ငါးမူးရ တယ်၊ ငကဲ ထောတယ်ပေါ့ကွာ”
“ဒိုးတီးတယ်ဆိုတာ ဘာလုပ်တာလဲ”
“ရော ခက်ပြီ၊ ဒိုးဆိုတာတောင် မသိတဲ့ ရွှသူဌေးသားလေးပါလား၊ ဒိုးဆိုတာ ဗုံကိုခေါ်တာ။ အဲ ဗုံလေးနှစ် လုံးထောင်ပြီး ပူတိန်ပူတိန် လုပ်တာ ဒိုးတီးတယ်လို့ခေါ်တယ်၊ ဒီလိုနဲ့ တစ်နေ့ ရန်ကုန်ကလာတဲ့ အော်ပရေ တာဆို တဲ့ ကောင်က ငါ့ထက်သာတာကို တွေ့သွားလေရဲ့၊ ငါ့ကို ခွာတော့တာပဲဟေ့”
“နောက် တစ်ယောက်ကတော့ ခရုသင်းတွေနဲ့ ကောင်မကြီး မဟုတ်လား …”

“မင်းက မေးအောက်က ခရုသင်းကို မြင်တယ်၊ ငါကတော့ မိတုတ်လမ်းလျှောက်သွားရင် တလှုပ်လှုပ် မျက်စ ပစ်သွား တဲ့ တင်သားကြီးတွေ ကိုပဲ မြင်တယ်ကွ … ဟားဟား။ မိတုတ်နဲ့လဲ မကြာဘူးဟေ့၊ ငါက ငါးမူးစား ဒိုးငနဲ၊ စီးကရက်ကို ပါးစပ် မှာ တွဲလဲခိုထားနိုင်တဲ့ တစ်ကျပ်စား ဆံပင်ညှပ်တဲ့ ကြင်မောင်နဲ့လဲတွေ့ရော … ကိုဝက်ကြီး အမေက ဆိုင်မလာပါနဲ့တဲ့၊ ဟော … ကန်တော့ပဲဟေ့၊ တတိယမြောက်ကတော့ ဆနွင်းမကင်း သည်သန်းကြည်၊ မင်းသိတယ် မဟုတ်လား။ ရုပ်ကတော့ အနိပ်ထဲက၊ အသားဖြူဖြူ ဆံပင်ကလေးတွေက လှိုင်းကလေးတွေ ထနေ တယ်၊ ဒါပေမယ့် အနားကပ်သွားရင် လက်ပတ်စော်နံတတ်လို့ အသက်အောင့် ထားရတယ်”
“လက်ပတ်စော်နံတယ် ဆိုတာ ဘာလဲဗျ”

"ရော ... ခက်ပြီ၊ ဒီကောင် ဘယ်လိုသတ္တ၀ါလဲဟ၊ လက်ပတ်စော်နံတယ်ဆိုတာ တချို့ယောက်ျား မိန်းမတွေဟာ သူတို့ ကိုယ်က ထွက်တဲ့ ချွေးနံ့ဟာ အလွန်နံတယ်ကွ၊ မခံနိုင်လောက်အောင် နံတယ်။ ကြက် သွန်နီ သိပ်စားတဲ့ မိန်းမတွေ နံလေ့ရှိတယ်။ ကိုင်း ... ဘာမေးဦးမလဲ ... "
"ဆက်ပြောဗျာ"
"သန်းကြည်နဲ့တော့ သူ့လက်ပတ်နံ့ကြောင့် ငါနဲ့ တော်တော်ကြာကြာရည်းစားဖြစ်လိုက်တယ် ဆိုပါတော့ကွာ။ ဒါပေမယ့် တစ်နေ့တော့ ရုံပိုင်ရှင် အမဲရှရစ်ရဲ့ မိန်းမကြင်စိန်က ငါ့ကို လက်ဖက်ရည်ဝယ် ခိုင်းတာကို ငါ အမြင်ကတ် လို့ ၀ယ်မပေးတာနဲ့ ငါ့ကို အလုပ်က ဖြုတ်လိုက်ပါလေရော၊ အဲ ... သန်းကြည်လဲ ၀က်ကြီးကို ကန်တော့ဆွမ်း ပါဘုရားလို့ အော်တော့တာပဲဟေ့ ... ဟိတ် ... ဟိတ် ... "
"ဒါနဲ့ လက်ပတ်စော်နံလို့ ဘယ်သူမှ သူ့ကို မပိုးဘူးဆိုဗျ"
"ဟုတ်တယ်လေ၊ ဒါပေမယ့် ရေမွှေးနံ့ကြိုက်တဲ့လူတွေ ရှိသလို၊ ငါးပိနံ့ကို နှစ်သက်သူတွေလဲ ရှိတယ် မဟုတ်လား မြင်လှိုင်ရာ၊ လှအောင်က ငါ့ထက်သန်းကြည်ရဲ့ လက်ပတ်စော်နံ့ကို ပိုကြိုက်သွားတယ် ထင်ပါ့ ကွာ ... ဟား ... ဟား ... "
"အခုမိန်းမ နဲ့ တွေ့တာကရောဗျ၊ သမီးရည်းစား ဖြစ်ပုံကလေး ကြားစမ်းပါရစေ"

"ငါက ၀က်ကြီး၊ သူက ခွေးမ၊ ငါက ကစော်သမား ၀ဲစား၊ သူက မီးယပ်သည်၊ သူ့ကို ကြိုက်မယ့်လူ ... ၀ဲစား ၀က်ကြီး ရှိတယ်၊ ၀က်ကြီးကို ပြန်ကြိုက်မယ့် မီးယပ်သည် ခွေးမရှိတယ်၊ နောက်ဆုံး လက်ကျန်ရှင်းတော့ ဒါပဲပေါ့ မြလှိုင် ရာ။ ဒီမယ် မြလှိုင်၊ လောကကြီးမှာ သူ့ဟာနဲ့သူ ဖြစ်နေတာပဲကွ၊ဒါကြောင့် မိန်းမပစ်လို့၊ ရည်စားနဲ့ ကွဲလို့ အသည်းတွေ အရည်မပျော်လေနဲ့မောင်ရေ့၊ အချိန် တန်တော့ ၀မ်းဂိုး - ၀မ်းကမ်းပဲ၊ မှတ်ထားနော် ... ရွှေသူဌေးသားလေး"
"ဟုတ်ပါ့ ... မှတ်လောက်သားလောက်ပါပဲ ဆရာကိုဝက်ကြီးရယ် ... "
ကျွန်တော် သည် စာထဲတွင် စိတ်မပါဘဲ စာအုပ်ကို ရှေ့တွင်ဖွင့်၍ ကိုဝက်ကြီးပြောသော မိန်းမပုံပြင်များကို စားမြုံ့ပြန်နေမိပါသည်။
"မောင် ... "
"အချစ်ရယ် ... "
ကျွန်တော် တို့ တစ်ယောက်ကို တစ်ယောက် တင်းကျပ်စွာ ပွေ့ဖက်ထားမိသည်။ မာဂရက်ထံမှ ကိုယ်သင်း နံ့သည် ကျွန်တော့်အား ပြင်းပြသော ရမ္မက်မီးကို တောက်လောင်စေပါသည်။ ကျွန်တော်သည် ချစ်သူနှင့် ယခုကဲ့သို့ တွေ့နေရသော အချိန်ကလေးတွင် တစ်လောကလုံးကို မေ့ပျောက်ပျောက်ရှိစေပါသည်။ အသက် အရွယ်အားဖြင့် ဆယ်ကျော်သက်ရွယ်ကလေးများ ဖြစ်ခြင်းကြောင့်လည်း အချစ်မှတစ်ပါး တစ်လောကလုံး အမုန်း မရှိဟု ထင်မှတ်သော အခွင့်အရေးပေးတတ်သူဖြစ်သည်။

ဤနေရာတွင် ထိုခေတ် ထိုအခါ၏ လူမှုရေး ဓလေ့စရိုက်ကို ဖော်ပြရန် လိုအပ်မည်ထင်ပါသည်။
လွန်ခဲ့သော နှစ်ပေါင်း (၄၃)နှစ်က လူမှုပေါင်းသင်းဆက်ဆံရေး နယ်ပယ်သည် ယခုလို မကျယ်ပြန့်လှပါချေ။ အထူးသဖြင့် မိန်းကလေးနှင့် ယောက်ျားကလေးတို့၏ ဆက်ဆံရေးကို လူကြီးမိဘများက ကန့်သတ်ချုပ် ချယ်ထားလေ့ ရှိပါသည်။ မိန်းကလေးတစ်ဦးသည် လူကြီးမိဘ၏ မျက်ကွယ်တွင် ချစ်သူထားခြင်း သည်လည်းကောင်း၊ မိဘ၊ ညီကိုမောင်နှမ၏ ခွင့်ပြုချက် တစ်စုံတစ်ရာ မရရှိဘဲ ယောက်ျား ပျိုများနှင့် ရောထွေးယှက်တင် နေခြင်းများသည်လည်းကောင်း ရှက်ဖွယ်လိလိဖြစ်ပါသည်။ ယင်းအပြုအမူ မျိုးကို အကြင် မိန်းကလေးတစ်ဦးတစ်ယောက်သည် လူအများရှေ့တွင် ကျူးလွန်မိငြားအံ့။ ယင်းမိန်းကလေး၏ အပြုအမူ သည် ရှက်ဖွယ်လိလိတွင် ကျူးလွန်မိငြားအံ့။ ယင်းမိန်းကလေး၏ အပြုအမူ သည် ရှက်ဖွယ် လိလိဖြစ်သည့်ပြင် ကိုယ်ကျင့်တရားကိုပါ ထိခိုက်သော ၀ိုင်းပယ်ခြင်းမျိုးကို ခံရလေ့ရှိပါသည်။

ယခု မာဂရက်နှင့် ကျွန်တော်တို့နှစ်ယောက်သည်လည်း လူကြီးများ၏ မျက်ကွယ်တွင် ခိုးကြောင်ခိုးဝှက် ချစ်ကြိုက်ခြင်းမှန်သော်လည်း၊ မာဂရက်သည် အနောက်တိုင်း ယဉ်ကျေးမှုကို မိဘဆွေမျိုးအသိုင်းအ၀ိုင်းမှ လက်ခံ ထားသူဖြစ်ခြင်းကြောင့် ကျွန်တော်နှင့် ပြောဆိုဆက်ဆံရသော အခြေအနေများသည် အခြားမိန်း ကလေးများနှင့် ဆက်ဆံရသလောက် မတင်းကျပ်လှချေ။
အခြေအနေ မှာ အခက်အခဲ မရှိသလောက်ပင်ဖြစ်ပါသည်။ သို့သော် ကျွန်တော်တို့နှစ်ယောက်ကြားတွင် ကြီးမားသော အတားအဆီးတစ်ခုမှာ လူတန်းစားအလွှာ ကွာခြားနေခြင်းပင်ဖြစ်ပါသည်။  မာဂရက်တို့ ဆွေမျိုးသိုက်၏ ဖွဲ့စည်းပုံသည် အရာရှိအရာခံဗြိတိသျှအလိုတော်ရိများဖြစ်ကြ၍ ကျွန်တော်၏ ဘက်မှ သာမန်ကုန်သည်များသာ ဖြစ်ကြပါသည်။ မာဂရက်၏ မိဘများအနေဖြင့် ကျွန်တော်လို သာမန်ကုန်သည် မျိုးရိုး သားသမီး ကို သူတို့စိတ်ကူးထဲတွင် ထည့်သွင်းထားမည်မဟုတ်သလို ကျွန်တော်ကဲ့သို့ ၉ တန်းကျောင်းသား ကလေးတစ်ယောက်ကိုလည်း သူတို့၏သမီးနှင့် ပေးစားသဘောတူရန်ဆိုသည်မှာ မိုးနဲ့ မြေကြီး ပမာ ကွာခြားချက်ပင်ဖြစ်ပေလိမ့်မည်။

မာဂရက်သည် ကျွန်တော့်အား ရူးရူးမိုက်မိုက် အရွယ်မို့ ချစ်သည်ပင်ထားဦး၊ ကျွန်တော်တို့နှစ်ယောက် မတော်တဆ နီးစပ်ရန်မှာ ကျွန်တော်စဉ်းစား၍ မ၀ံ့ဘဲရှိနေပါသည်။ ယင်းသို့ဆိုလျှင် အဘယ်ကြောင့် ပိုးဖလံတစ်ကောင်ကဲ့ သို့ မီးတွင်းတိုးဝင်နေပါသနည်း။ ကျွန်တော်သည် ဟိုက်စကူးကျောင်း တွင် ကျောင်းသား အများစု၏ ချစ်ခင်လေးစားခြင်း ခံရသော ကျောင်းသားခေါင်းဆောင် တစ်ယောက် အဖြစ် ဂုဏ်ယူ ၀င့်ကြွားနိုင်သော အချိန်မျိုးတွင် ကျောင်း၏ လှပဂေးတစ်ယောက်ဖြစ်သော မာဂရက်သည် ကျွန်တော်၏ ချစ်သူ ဖြစ်လာခြင်း အတွက် ကျွန်တော်၏ ပြိုင်ဘက် အာချီပေါတို့အပေါ် လက်မထောင်နိုင် မည်မဟုတ်ပါလော။

“ရွှတ် … ယူ … ဘာတွေ စဉ်းစားနေတာလဲဟင်”
“အို … ကိုယ်ရှေ့ကို ဘယ်လိုများ ကိုတို့ဘ၀ကို ဖန်တီးလာမလဲဆိုတာ စဉ်းစားနေတာလေ”
“အချိန်ကုန်ပါတယ်ကွယ် … နောက်ဖြစ်မှာတွေဟာ စဉ်းစားသင့်တာတွေမဟုတ်ပါဘူး”
“မဟုတ်သေးဘူး ထင်တယ်”
“ရှူး … တော်ပြီ … အခုလို တွေ့တဲ့အချိန်မှာ စိတ်ပူပင်စရာတွေ ဘာမှမပြောတာကောင်းတယ်၊ စိတ်ပူပင် စရာတွေ ကိုသာ ပြောရမယ်ဆိုရင် ယူနဲ့ကိုယ်နဲ့ဘ၀မှာ တွေးစရာလဲမရှိဘူး၊ ချစ်စရာလဲမရှိဘူး၊ ဘာမှရှိမှာ မဟုတ်ဘူး”
“ဘာကြောင့်ဲ ပြောပါဦး”
“အော်ကွယ် … ယူက သိပ်စီးရီးယက်စ်ဖြစ်တာပဲ။ စဉ်းစားကြည့်လေ …၊ ဒက်ဒီ မာမီတို့ အနေနဲ့က ယူနဲ့ဘ်မှာ ချစ်ကြိုက်စေ ချင် မှာတုန်း၊ ယူတို့က ရိုးရိးဖင်မလီ မဟုတ်လား။ သူတို့နှစ်သက်တာက ဟိုက်ရင့်ကင်း အော့ဖစ်ဆာ ဖင်မလီ (အဆင့်မြင့်အရာရှိ လူတန်းစား)ကို သဘောကျတာလေ ကိုင်း … ရှင်းပလား …”
“ဒါတော့ … မာ့ ဒက်ဒီမာမီတို့က အရာရှိ အသိုင်းအ၀ိုင်းကဆိုတော့ ဒီလိုပဲ မြင်မှာပေါ့လေ။ ဒီလိုဆို ကိုယ့်ကို မာ က အနစ်နာ ခံပြီး ချစ်တဲ့သဘောလားဟင်”
“ကိုယ် ကတော့ တစ်မျိုး၊ ယူ့ကို ချစ်တယ်၊ ယူဟာ မိန်းကလေးတစ်ယောက် ချစ်သလောက်စရာတွေ၊ ဆွဲဆောင်မှုတွေ အများကြီးရှိတယ်။ ယူလွတ်ဆိုးချမ်းမင်း (မင်းရုပ်ချောတယ်)”
“ဒါပဲလား …”
“အင်းဟင့် … ဒါ့အပြင် ဘာရှိရဦးမှာလဲ”
“အော် … ချစ်မယ် … ပညာသင်မယ် … နောင်အတူနေမယ်ဆိုတာတွေကော …”
“ဒါတွေက ဝေးလွန်း လှပါတယ်။ ဒီလောက်အထိ စဉ်းစားရင် ချစ်တယ်ဆိုတဲ့ အရသာမှာ ဆားခတ်လိုက်သလို စပွိုင်း (ပျက်စီးသွားမယ်) ဖြစ်သွားမယ်”
ကျွန်တော် သည် မာဂရက်ထံမှ ချစ်ခြင်းမေတ္တာနှင့် ပတ်သက်၍ လေးလေးနက်နက် ခံစားချက်မရှိသည်ကို ကြားလိုက် ရခြင်းဖြင့် မိမိတည်ဆောက်ထားသော ချစ်ဗိမာန်တံတိုင်းကြီးသည် ပြိုကျခဲ့သည်ဟု ထင်မှတ် လိုက်လေ သည်။ အဆုံးအဖြတ်တစ်ခုကို ကျွန်တော်ဆုံးဖြတ်ရန် လိုပေပြီ။

မာဂရက်သည် ကျွန်တော့်အပေါ်တွင် ရာသက်ပန် ရိုးမြေကျချစ်နေမည်ဟု သတ်မှတ်ထားချက် မရှိသည်မှာ သူပြောနေသော စကားများထဲမှ ဇာတိပြလျက်ရှိပါသည်။ ဤသို့ဆိုလျှင် ယခုတစ်ယောကှ်င့် တစ်ယောက် တွေ့ဆုံ၍ ချစ်လှပါသည်။ မက်မောလှပါသည် ဆိုသော ပြောစကားများသည်လည်း အဘယ် မှာလျှင် အဓိပ္ပာယ် ရှိအံ့မည်နည်း။ အလေးအနက်မရှိသော အချစ်ကို ကျွန်တော့်အနေဖြင့် မလိုလားပေ။ အမှန် ကို ၀န်ခံရမည် ဆိုလျှင် ကျွန်တော်သည် ယောက်ျားလေးတစ်ယောက် ဖြစ်ခြင်းကြောင့် ဆုံးရှုံး နစ်နာဖွယ် အကြောင်း မရှိသော်လည်း မိကောင်းဖခင် သမီးပျိုတစ်ယောက်အား အပေါ်ယံဖြင့် ဟန်လုပ်ဆက်ဆံရန်မသင့်ဟု ယူဆမိသည်။ ကျွန်တော်သည် ယုယကြင်နာစွာဖြင့် မာဂရက်၏ ဆံစလေးများကို ပွတ်သပ်ပေးမိ သည်။ လေးကိုင်း တို့ကဲ့သို့ ကွေး၍ လှပသော နှုတ်ခမ်းအစုံကို ဖိဖိကလေး စုပ်ယူလိုက်သည်။

“ကိုယ်ပြန်မယ်နော်”
မာရက် က ခေါင်းညိတ်လိုက်သည်။ ထို့နောက် …
“ဟုတ်ပြီ … ဆီးယူ အဂိန်း”
ဖျာပုံမြို့နယ် တို့ဗမာအစည်းအရုံးကြီးက ကြီးမှူးကျင်းပသည့် လူထုအစည်းအဝေးပွဲကြီးဖြစ်ပါသည်။
ရဟန်းသံဃာတော်များ၊ ကျောင်းသူကျောင်းသားများ၊ ဈေးသူဈေးသားများ၊ တောနေ တောင်သူလယ်သမားများ ပူးပေါင်းကျင်းပတဲ့ နယ်ချဲ့ဆန့်ကျင်ရေးအင်အားပြ လူထုတရားပွဲကြီးဖြစ်ပါသည်။ တောရောမြို့ပါ ပူးပေါင်းပါဝင်သဖြင့် လူအင်အား ၃ ထောင်ခန့်ရှိပါသည်။ ဖျာပုံအရေးပိုင်သည် ဤမျှများပြားသော လူအင်အားကို အထူး ထိတ်လန့်စိုးရိမ်သဖြင့် ပန်ချာပီကုလားလက်နက်ကိုင်ပုလိပ်များကို အများအပြား အစောင့်ချထားသည် ကို တွေ့ရပါသည်။

အစည်းအဝေး ၌ သဘာပတိအဖြစ် သမိန်ထော ဆရာတော် အရှင်အာစာရက ဆောင်ရွက်၍ တရားဟော မည့်သူများ အဖြစ် ဦးထွန်းရှိန် (ဗိုလ်ရန်နိုင်)၊ သခင်ကောသလ္လ၊ သခင်မြသွင် (ဒေးဒရဲ)၊ သခင်မ မကြည် (ဒေးဒရဲ)၊ သခင်ဘကျော့ (ကနိကျေးရွာ)နှင့် ကျောင်းသားသမဂ္ဂ ဥက္ကဋ္ဌလုပ်သူ ကျွန်တော်တို့ဖြစ်ကြပါသည်။
ကိုထွန်းရှိန် သည် ခြေဖျားထောက်၍ လက်သီးလက်မောင်းတန်း၍ ဒေါနှင့်မောနှင့် ဟောပြောသည်။ လက်ခုပ်သံ များ တဖြောင်းဖြောင်းကြားမှ “သခင်မျိုးဟေ့ တို့ဗမာ…”ဆိုသည့် ကြွေးကြော်သံကို ကြားနေရပါ သည်။ ကိုထွန်းရှိန် သည် ဗြိတိသျှတို့၏ ကိုလိုနီပညာရေးစနစ်ကို အပြင်းအထိန် ဝေဖန်ရှုတ်ချဟောပြောပါ သည်။ သခင်ကောသလ္လကမူ တို့ဗမာအစည်းအရုံးနှင့် ဖိနှိပ်ချုပ်ချယ်မှုပုဒ်ထီးများ ပုဒ်မများနှင့် သာယာဝတီထောင် မှ နိုင်ငံရေးအကျဉ်းသားများအား လွှတ်ပေးရန် တောင်းဆိုသွားသည်။ သခင်မြသွင် ကမူ တောင်သူလယ်သမားခေါင်းဆောင် ဆရာစံနှင့်ပတ်သက် ၍ စေ့စေ့ငုငု လေ့လာ ထားပြီး ပြည့်ပြည့် စုံစုံ ဟောပြောသွားလေသည်။

ထိုနေ့က ကျင်းပသော လူထုဆန္ဒပြ အစည်းအဝေး၏ ဂယက်သည် ရန်ကုန်မြို့သို့တိုင်အောင် ပြန့်နှံ့သွားခဲ့ ပါသည်။ နောက်တစ်နေ့ နေ့စဉ်သတင်းစာများအနက် မြန်မာ့အလင်း သတင်းစာနှင့် သူရိယသတင်းစာများ တွင် ဓာတ်ပုံ များဖြင့် ဖော်ပြထားသည်ကို တွေ့ရှိရပါသည်။
ကျွန်တော်တစ်ယောက် ကျောင်းသား နိုင်ငံရေးသမားအဖြစ် လူဆိုးစာရင်းဝင် ဖြစ်ခဲ့ပါတော့သည်။

ကျွန်တော်တစ်ယောက် ကျောင်းသားသမဂ္ဂဥက္ကဋ္ဌဖြစ်ခြင်း။ တို့ဗမာအစည်းအရုံးမှ လူများနှင့် တပူး တွဲတွဲနေ ခြင်းများသည် ကျွန်တော်တို့ ဆွေမျိုးအသိုင်းအ၀န်းအတွင်း ကြီးမားသော ဂယက်ရိုက်မှုနှင့် ကြုံကြိုက် ရပါသည်။ ကျွန်တော်၏ မိခင်အနေနှင့်မူ သားလတ်ဖြစ်သူ သခင်လှဖေသည် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံး ၌ ငွေထိန်းအဖြစ် ဆောင်ရွက်နေသည်ကိုလည်း ကန့်ကွက်ခြင်းမရှိ။ ကိုလှရွှေအနေဖြင့် ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများသမဂ္ဂတွင် ဒုတိယဥက္ကဋ္ဌ ဖြစ်လာခြင်းကိလည်း ကောင်းသည် ဆိုးသည် မပြော၊ ယခုတစ်ဖန် ကျွန်တော်တစ်ယောက် ဖျာပုံမြို့နယ်လုံး ဆိုင်ရာ ကျောင်းသားများသမဂ္ဂဥက္ကဋ္ဌအဖြစ် လုပ်ပြန်သောအခါ ၌လည်း ဆိတ်ဆိတ်ပင်နေလျက်ရှိပါသည်။

“မကျင်မြိုင် သားတွေကို မနိုင်တော့ဘူးလား။ တော်ကြာ မကျင်မြိုင် စီးပွားရေးကို ထိခိုက်လာလိမ့်မယ်၊ အစိုးရနဲ့ အတိုက်အခံလုပ်ရတာ ရှောင်ပါဗျာ”
“မိုးပြိုတော့လဲ အများပေါ့ရှင်၊ သူတို့ဆန္ဒ သူတို့အလုပ်ကို ဘာမှမပြောချင်ပါဘူး”
ဤကား မိခင်၏ လက်သုံးစကားဖြစ်ပါသည်။
ကျွန်တော်သည် ကျောင်းစာသင်ခန်းမှ လူးလွန့်၍ နိုင်ငံရေးနယ်ပယ်အတွင်းသို့ ၀င်ရောက်ရန် စိတ်အားထက်သန်လာပါသည်။ ထိုအခြင်းအရာကို မြင်သောအခါ မိခင်လုပ်သူက ကျွန်တော့်အား စကားဆို သည်။
“ငါ့သား ပညာတတ်အောင် သင်ပါဦး၊ အမြော်အမြင် အတွေးအခေါ်အစီအမံကောင်းဖို့ရာ ပညာတတ်ဖို့လို တယ်။ ပညာတတ် မှ သားတို့ချစ်တဲ့ လယ်သမား အလုပ်သမားတွေကို မှန်ကန် တဲ့ ခေါင်းဆောင် မှု ပေးနိုင် မှာ၊ ကောလိပ်ရောက်တဲ့အထိတော့ သည်းခံပြီး ကြိုးစားလိုက်ပါဦး သားရယ်”
မိခင်ကြီး ၏ စကားထဲတွင် ဒေါသဟူ၍ လုံးဝမပါသဖြင့် ကျွန်တော်နားဝင်သည်။ ထို့ပြင် ကျွန်တော်သည် အသက်အရွယ် အားဖြင့်လည်း ငယ်ရွယ်လှသေးသည်။ အတွေးအခေါ်လည်း နုနယ်သေးသည်။ နိုင်ငံရေး ဆိုသည် မှာ ကျယ်ပြောလွန်းရကား အထူးသဖြင့် ဗြိတိသျှတို့၏ အုပ်ချုပ်မှု အာဏာစက် သည် မြန်မာတစ်နိုင်ငံလုံးအား လွှမ်းခြုံထားသည်မဟုတ်ပါလား။

ထိုအချိန်က မြန်မာပြည်နိုင်ငံရေးသည် လူထုလှုပ်ရှားမှုအသွင်သို့ ကူးပြောင်းနေသော ကာလဟုဆိုလျှင် မှားမည်မဟုတ်ပေ။ အဘယ်ကြောင့်ဆိုသော် ၁၉၃၅ ခုနှစ် ဖေဖော်ဝါရီလတွင် ဗမာနိုင်ငံလုံးဆိုင်ရာ တို့ဗမာ အစည်းအရုံးညီလာခံကြီးကို ရေနံချောင်းမြို့တွင် ကျင်းပပြုလုပ်ခဲ့ပါသည်။ ထိုအစည်းအဝေးညီလာခံမှ နယ်ချဲ့ဆန့်ကျင်ရေး အားမာန်ကို မီးပြင်းထိုးပေးခဲ့လေသည်။ ဗြိတိသျှအစိုးရအနေဖြင့်လည်း ၁၉၃၅ ခု၊ နိုဝင်ဘာလ၌ပင် ၉၁ ဌာန အုပ်ချုပ်ရေးအတွက် ဥပဒေပြုလွှတ်တော် ရွေးကောက်ပွဲကို မြန်မာတစ်နိုင်ငံလုံးတွင် ကျင်းပပြုလုပ်ပေးခဲ့ပြီး အမတ် ၁၃၂ နေရာဖြင့် ဖွဲ့စည်းခွင့်ရခဲ့လေသည်။
မြန်မာနိုင်ငံ၏ နယ်ချဲ့ဆန့်ကျင်ရေး တံခါးကို ရဲဝံ့စွာ ခေါက်ဝံ့သူများမှာ တို့ဗမာအစည်းအရုံး ၀င်များနှင့် ကျောင်းသားများသာဖြစ်ပါသည်။ မမျှော်လင့်သော လူမျိုးရေးအဓိကရုဏ်းများ ဖြစ်ပွားခဲ့ခြင်းကြောင့် ၀ံသာနု မျိုးချစ်စိတ်များ တဖွားဖွားပေါ်ပေါက်လာသကဲ့သို့ တို့ဗမာအစည်းအရုံးမှ လှုံ့ဆော်ချက် များကြောင့် နိုင်ငံရေး နိုးကြား မှု အသိများ ပေါ်ပေါက်ခဲ့ရပါသည်။ ဤရေစီးကြောင်းကြီးသည် ၁၉၃၈ ခုနှစ်တွင် ဗမာနိုင်ငံရေး ကို တစ်မျိုး တစ်ဖုံ ပြောင်းလဲစေမည့် ၁၃၀၀ ပြည့် အရေးတော်ပုံကြီးကို မီးရှူးသန့်စင် ဖွားမြင် လာလေသည်။

ချစ်သူကို စွန့်လိုက်ရသည်။
ထို့နောက် စာသင်ခန်းကို စွန့်လိုက်ရသည်။
လွတ်လပ်ရေ ဘက်တော်သားအဖြစ် မိမိဘ၀ကို အပ်နှံလိုက်ရသည်။
၁၉၃၈ ခုနှစ်၊ နိုဝင်ဘာလ(၃၀)ရက်နေ့တွင် ရေနံမြေသပိတ်မှ သပိတ်တပ်ကြီးသည် ရန်ကုန်သို့ ခြေလျင်ခရီးဖြင့် စတင်ချီတက်ခဲ့လေသည်။
မိခင် အား ဘွဲ့ရသည်အထိ ပညာသင်ကြားပြီးမှ နိုင်ငံရေးနယ်ပယ်သို့ ၀င်ရောက်ပါမည်ဟု ကတိပေးခဲ့ခြင်း များ သည် ပျက်သုဉ်းခဲ့ရပါပြီ။ ကျွန်တော်သည် မိခင်မျက်ဝန်းမှ ရစ်ဝဲနေမည့် မျက်ရည်စများကို စိတ်ဖြင့်ပင် မှန်းဆနိုင်ခဲ့၏။ သို့တစေ အခြေအနေသည် ကျွန်တော်တို့အား စာသင်ကြားရန် အခွင့်အရေး မပေးတော့ပေ။
ဘ၀အစ၏ အရှုံးဖြင့် ကျွန်တော်တွေ့ရပါပြီ။

မိခင်သည် သားယောက်ျား ၅ ယောက်ကို အားကိုးအားထားပြု၍ နိုင်ငံခြားသာျးား လွှမ်းမိုးသော စီးပွားရေး နယ်ပယ်ကို ကွန်ယက်ဖြန့်၍ ၀င်ခဲ့သည်။ မိခင်က စီးပွားရေး လုပ်ငန်းများ စတင်ခါနီးဆဲဆဲ သားများအားလုံးကို သူ့အပါသို့ခေါ်၍ အောက်ပါအတိုင်းပြောကြားခဲ့သည်။
“သားတို့၊ မေမေဟာ သားတို့သမီးတို့အပေါ်မှာ မိခင်ဝတ္တရား မပျက်ကွက်စေရအောင် ကြိုးစားအားထုတ်ခဲ့ တယ်။ မုဆိုးမသားသမီးတွေဆိုပြီး မျက်နှာမငယ်ရအောင် အစစအရာရာ လိုလေသေးမရှိ လုပ်ဆောင်ပေးခဲ့ တယ်။ အခု သားတို့လည်း အပြိုင်းအရိုင်း လူလားမြောက်ခဲ့ပြီ၊ သားတို့ကို မေမေ ပညာသင်ကြားပေး ခဲ့တာတွေဟာ အရေးပိုင်ကြီး၊ ၀န်ထောက်ကြီး … အဲဒီလို ဖြစ်ဖို့ မဟုတ်ဘဲ မိဘလက်ငုတ်လက်ရင်းဖြစ်တဲ့ စီးပွားရေး ကို စနစ်တကျစီမံအုပ်ချုပ်နိုင်ဖို့ ပညာသင်ကားပေးတာဖြစ်တယ်။

အခု မေမေဟာ နိင်ငံခြားသားတွေနဲ့အပြိုင် စီးပွားရေးကို ဇောက်ချလုပ်ရမှာဖြစ်လို့ … ငါ့သားတွေကို မေမေအားကိုးလိုတယ်”
မိခင်၏ ပြောစကားကို ကြားသောအခါ အစ်ကိုအကြီးဆုံးသည် မိခင်ခြေကို ဦးခိုက်၍ တက္ကသိုလ်သို့ ဆက်လက် မတက်တော့ဘဲ မိခင်၏ စီးပွားရေးကို ဦးစီးလေသည်။ အစ်ကိုအလတ်ကမူ အစ်ကိုကြီး နိုင်နင်းစွာ ဦးစီးနေသော စီးပွားရေး အခြေအနေကို ကြည့်ပြီး ရန်ကုန်တက္ကသိုလ်သို့ တက်ရောက်ပညာသင် ကြားလေသည်။ ထိုမှတစ်ဆင့် ဥပစာတန်း(ခ)သို့ ရောက်သောအခါ အိန္ဒယနိုင်ငံသို့ သတင်းစာအတတ်သင် ရန် ထွက်ခွာ သွားခဲ့လေသည်။ အစ်ကိုငယ်သည် မိခင်၏ အဆုံးအဖြတ်ခံရန် ဆယ်တန်းအောင်သည့်နှစ် တက္ကသိုလ်သွားရေး ကို စဉ်းစားခဲ့ပါသည်။ သို့သော် ၇တန်းမှစ၍ အစိုးရ စကောလားရှစ်ကို ရခဲ့သော အစ်ကိုငယ်အား တက္ကသိုလ်သို့ ဆက်လက် ထားသင့်ကြောင်း ဆရာများ၏ ၀ိုင်းဝန်းတိုက်တွန်းချက်အရ မိခင်ကြီးသည် အစ်ကိုငယ်ကို တက္ကသိုလ်သို့ ပို့လွှတ်၍ ဆရာဝန်အဖြစ် သင်ကြားစေပါသည်။

အနည်းဆုံး ၁၀ တန်းအောင်ခဲ့ကြသော အစ်ကိုများအနေဖြင့် မထောင်းသာသော်လည်း ၉ တန်းပင် မအောင်သေးသော ကျွန်တော့်ဘ၀တွင် နိုင်ငံရေးနယ်သည် အလွန် ကြမ်းတမ်းမာကျောသောခရီးဖြစ်ပေ လိမ့်မည်ဟု မိခင်က မှတ်ချက်ချခဲ့သည်။ သို့တစေ ကျွန်တော်သည် ဖျာပုံမြို့နယ်လုံးဆိုင်ရာ ကျောင်းသား သမ္ဂဥက္ကဋ္ဌအဖြစ် ကျောင်းသားများကို ခေါင်းဆောင်နေရသည်ကတော့ အမှန်ပင်။ ယခုတစ်ဖန် ၁၃၀၀ ပြည့် အရေးတော်ပုံ ဂယက်သည် ဗမာတစ်ပြည်လုံးရှိ လုပ်သားပြည်သူများအတွင်း ချဉ်းနင်း ၀င်ရောက်လာခဲ့ပြန် သောအခါ ကျွန်တော်သည် ပေးအပ်သော တာဝန်များကို ထမ်းဆောင် ရသော နိုင်ငံရေးသမားအဖြစ်သို့ အလိုအလျောက် ရောက်ရှိသွားပါတော့သည်။

ကြက်ဥအရောင် တိမ်တောင်သဖွယ် မင်းရေးကျယ်ဆိုသည့်အလား မြန်မာ့လွတ်လပ်ရေး ကြိုးပမ်းမှုသမိုင်း တွင် သွေးချွေး တို့ဖြင့် ပြွမ်းတိးခဲ့သော ၁၃၀၀ ပြည့် အရေးတော်ပုံသည် နယ်ချဲ့ဗြိတိသျှတို့၏ ကိုယ်စားလှယ် ဒေါက်တာဘမော် အစိုးရကို ပြုတ်ကျစေခဲ့ပါသည်။
၁၉၃၈ ခုနှစ် ကျောင်းသားများ သပိတ်လှန်လိုက်သောအခါ ကျွန်တော်နှင့် တကွ ကျောင်းသား သပိတ် ခေါင်းဆောင်များအားလုံးကို ကျောင်းမှ အပြီးအပိုင် ထုတ်ပစ် လိုက်ကြောင်း ကျောင်းအုပ်ဆရာကြီးက အမိန့် ထုတ်ပြန် လိုက်လေသည်။ အများအပြားသော ကျောင်းသား များ၏ ဘ၀ရှေရေးသည် နယ်ချဲ့စနစ် ဆန့်ကျင်ရေး လှိုင်းတံပိုးအောက်တွင် ပျောက်ကွယ်ဆုံးရှုံးခဲ့ကြရပါပေသည်။
ကျွန်တော်တစ်ယောက် ကျောင်းသားဘ၀သို့ ပြန်လည်ရောက်ခဲ့ရပြန်ပါသည်။

မြို့မကျောင်းသားမြလှိုင်

မြို့မကျောင်းသည် စာသင်ကြားပေးခြင်းအပြင် မျိုးချစ်စိတ်ကို ရှင်သန်ကြီးထွား လာစေ ရန် မြေတောင်မြှောက်ပေးသောကျောင်းဖြစ်သည်။ ကျွန်တော်တစ်ယောက် မြို့မကျောင်းသို့ ရောက်ခဲ့ရခြင်း၏ ရလဒ် သည် ကျွန်တော့်ဘ၀အပြောင်းအလဲကို ဖန်တီးခြင်းမည်ပါသည်။ မိခင်ဖြစ်သူက မြို့မကျောင်းသို့ ပို့ခါနီး တွင် အဆိုအမိန် တစ်ခုကို ပြုပါသည်။
“ငါ့သား၊ မေမေ့ဆန္ဒက သားကို တက္ကသိုလ်အထိ ပညာသင်ကြားပေးဖို့ဆန္ဒရှိတယ်၊ ဘွဲ့ရစေချင်တယ်။ ယုတ်စွ အဆုံး ၁၀ တန်းအောင်မြင်တဲ့အထိ ပညာကို သင်ကြားစေချင်သည်။ အဲသည်နောက်တော့ သား ဘာသာ လါတ်လွတ်လပ်လပ် ဆုံးဖြတ်ပြီး သားနှစ်သက်ရာ အလုပ်တွေကိုလုပ်ပါ သားရယ်”
မှန်ပါ၏။ မိခင် သည် အရွယ်ရောက်နေပြီဖြစ်သော သားများကို မိဘ၏ ၀တ္တရားအရ ပညာသင်ကြားပေးခြင်း သူ့ဘက် မှ တာဝန်ကို ကျေပွန်ပြီး မဟုတ်ပါလား။ ကျန်သောတာဝန်သည် ကျွန်တော်တို့ဘာသာ ဆုံးဖြတ် ရမည် သာဖြစ် သည်။

ဟေ့ကောင်ကြီး … ရန်ကုန်ရောက်သွားတာနဲ့ ဂိုက်တွေဆိုက်ဒ်တွေ တစ်ခွဲသားနဲ့ပါလားကွ၊ လုပ်ပါဦး အဖြူ တစ်လုံးလောက် …”
ကျွန်တော့်ရောင်းရင်းကြီး ကိုဝက်ကြီးသည် ဘိလိယက်ခုံမှ လှမ်းအော်နှုတ်ဆက်သဖြင့် ဘိလိယက်ခုံပေါ်သို့ တက်သွား မိသည်။ ခုံပေါ်တါင် ပေါင်းဟောင်း သင်းဟောင်းများနှင့် တွေ့ရပြန်သည်။
“ဒါထက် နေပါဦးကွ၊ မင်းကောင်မကြီး ဘယ်ရောက်သွားပြီလဲ”
“ဟို … အရေးပိုင်သမီးဆိုတဲ့ ဟာကြီးလေ”
“ခင်ဗျား က လုပ်ရော့မယ်၊ ဘယ်က အိပ်မက် မက်လာတာလဲ၊ သပိတ်မှောက်ထဲက ကျုပ်နဲ့ ခွာပြဲသွားခဲ့တာ …၊ ခုနေ အိမ်ထောင်ကျ လို့ ကလေးမွေးရင်တောင် ခင်ဗျားလောက် ရှိရော့မယ်၊ ဟတ် … ဟတ် …”
ကျွန်တော်ပြောသော စကားကို ကိုဝက်ကြီးက အလွန်သဘောကျစွာရှားစေးရောင်ဆိုးထားသည့် သူ့သွားများကို အကုန်ဖြဲ ၍ တသောသောရယ်နေပါသည်။
“ဒီလိုဆို ဟောင်းမင်းနီးဂိုး၊ ဟောင်းမင်းနီးကမ်းပဲကွ”
“နိပ်ဟ … ငါသင်ပေးလိုက်တဲ့ ပညာတွေ မင်းအာဂုံဆောင်နိုင်ပြီပေါ့နော်”
“တော်ပါ၊ ရန်ကုန် မှာက ခင်ဗျားထက် ဆယ်ဆသာတဲ့ ဆရာသမားတွေကို ကိုးကွယ် ဆည်းကပ်နေရတာ ဆို တော့ ဤခေတ်ကြီးနဲ့ အမီဆိုသလို အပြေးလိုက်နေရတာပေါ့ဗျာ”
“ဒါထက် ရောက်တုန်းရောက်ခိုက် ဆရာသမား ကို တစ်ခွက်တစ်ဖလားပြုစုခဲ့ပါဦးလားဟေ့”

“လာလေ …”
“ဟေ့ … အုန်းကျော်၊ မာကာလုပ်ထားလိုက်စမ်းပါကွာ၊ ငါမြလှိုင်နဲ့ ခဏလိုက်သွားလိုက်ဦးမယ်”
“ဒီလိုနဲ့ ဘယ်ရမလဲ ဆရာဝက်ရယ်”
“လုပ်ပါ အုန်းကျော် ရယ်၊ နာရီဝက်ထက် မကြာစေရပါဘူး၊ နော်ကွာ”
ကျွန်တော်နှင့် ကိုဝက်ကြီးတို့ တရုတ်ကိုဖိုးမြဆိုင်သို့ ထွက်လာခဲ့ကြသည်။ ကိုဖိုးမြသမီး မကျင်မြသည် ကျွန်တော့် ကိုမြင်သဖြင့် ဆိုင်အတွင်းသို့ အသော့ဝင်သွားသည်ကို တွေ့လိုက်ရသည်။
“ကိုဝက်ကြီး၊ ကျင်မိတစ်ယောက် လင်တောင် ရနေပါပကောလား”
“ဟွန်း … ငါသတိမထားမိဘူး၊ ရရောပေါ့၊ မင်းနဲ့ကျင်မိနဲ့ ဖြစ်တာဟော်လေးတကျိုးဟိုးလေးတကျော် မဟုတ်လားကွ၊ ယူမယ့်လူရှိတာပဲ တော်သေးရဲ့”
“ခင်ဗျားကြီး ပြောရော့မယ်၊ ကျင်မိနဲ့ ကျုပ်နဲ့ ဟုတ်တိပတ်တိ ဘာမှမဖြစ်ပါဘူးဗျာ၊ ကြားက မိကြည်တို့လူသိုက် လံကြုတ် ဇာတ်ခင်းပြီး ကျုပ်ဆီက ညာစားသွားတာပါ”

တရုတ်ဦးဖိုးမြ သည် သူ၏ပါးစပ်မှ ငွေသွားများကို အားလုံးဖြဲလျက် ကြိုဆိုနှုတ်ဆက်ပါသည်။
“ဟိတ် … ကောင်လီး … ရန်ကုန်မှာ စာသွားဖတ်တယ်လား … ဘယ်တုန်းက ပြန်လာတီလဲ”
“မနေ့ကပဲဗျ”
“ဘာစာမီလဲ …”
“ကိုဝက်ကြီး မှာလေဗျာ”
“ဆေးအရက် တစ်ပုလင်း၊ အစိမ်းကြော်တစ်ပွဲ၊ အသားကင် ငါးမူးဖိုး”
“ဟိုကောင် ၀က်ကြီး … နင်ခါစိုင်းအဖြူတစ်မတ်ဖိုး စောက်ဆယ်လေ၊ ခု ဘာလဲ ဆေးအရက်ဟုတ်လား … ဟား … ဟား … ဟား …”
ဦးဖိုးမြ အလွန်သဘောကျသွားပြန်ပါသည်။ ကိုဝက်ကြီးသည် သူ၏ ဖောက်သည် ဖြစ်သည်။ ကိုဝက်ကြီး အနေဖြင့် အရက်ဖြူ တစ်မတ်ဖိုးမျှကိုပဲ ကြီးလှော်ကလေး နှစ်စေ့လုံးဖြင့် သောက်နေရာမှ ယခု ဆေးအရက် ပုလင်းလိုက် မှာသည့်အပြင် အမြည်းကိုပင် နှစ်မျိုးမှာနေသည် မဟုတ်ပါလား။

“ပေးလိုက်ပါ ဦးဖိုးမြ၊ ကျွန်တော် ရှင်းပေးပါ့မယ်”
“လူများ … တယ်ခက်ဆယ်ပါလား၊ အလကားရလယ်နော် အလကားလုပ်ဆယ်၊ အဖြူစောက်နေကျ အဖြူစောက်ပေါ့ကွ၊ ဘာလုပ်ဆေးအာရက်စောက်မှာလဲဟင် ၀က်ကြီး၊ နင်ပြောစမ်း”
မကြာမီ ဆေးအရက်တစ်ပုလင်း၊ မှာထားသော အမြည်းများ ရောက်လာသည်။ အရက်ကို မြင်လိုက်ရသော ကိုဝက်ကြီး၏ မျက်နှာသည် အနျစ်နှစ်အလလက မတွေ့ခဲ့ရသော ဆွေမျိုး သားချင်းနှင့် ပြန်လည် ဆုံစည်းရသည့်နှယ် မျက်နှာတစ်ခုလုံး ရွှင်ပြုံးချမ်းမြေ့လျက်ရှိနေပါသည်။

ကျွန်တော်သည် ကိုဝက်ကြီး၏ အဖြစ်ကို ကြည့်ရင်း ၀မ်းသာသလိုလိုဝမ်းနည်းသလိုလိုဖြစ်မိသည်။ ပိုက်ဆံကို ကိုယ်ပိုင် အဖြစ် ပိုင်ဆိုင်ခဲ့ဖူးသူ မဟုတ်ရကား တစ်နေ့တာလုပ်ခကို တစ်နေ့တာ ရှာရသည်။ ဘိလိယက်ခုံတွင် တစ်နေကုန် မတ်တပ်ရပ်၍ မာကာလုပ်ရသည်။ ညနေခုံပိတ်သောအခါ တစ်နေ့တာလုပ်ခ အသပြာငါးမူးမျှ ရသည်။ ထိုငါးမူး ကို အိမ်သို့ အပြည့်အ၀ ယူမသွားနိုင်ရှာဘဲ အလုပ်၏ ပင်ပန်းမှုဒဏ်ကို အရက်ဖြူ တစ်မတ်ဖိုးမျှဖြင့် အပန်းဖြေ၍ ကျန်တစ်မတ်ကို ထမင်းမချက်ရသေးဘဲ စောင့်နေသော မန်းမထံသို့ အပ်နှံလိုက်ရသည်။ ထိုအခါတွင်မှ ထမင်းချက်၊ ရုပ်ရှင်ရုံရှေ့မှ ပွဲဈေးတန်းတွင် လက်သုပ်စုံလေး တစ်ပဲဖိုးဝယ်၍ မိသားစု တစ်နေ့တာ အာဟာရကို ဖြည့်တင်းရသည်။

ဆက်ရန်
ရှုမဝ၊ တွဲ ၃၄၊ အမှတ် ၄ဝ၂၊ နိုဝင်ဘာ၊ ၁၉၈ဝ
.

No comments: