Tuesday, December 4, 2012

ဆရာမောင်တင်ဆင့် ရဲ့ လတ်လတ်ဆတ်ဆတ် ခရီးပြင်း (နောက်ဆုံးလက်ရာ)

ဓာတ်ရောင်ခြည် ကုသမှုအလွန်
ဒီခရီးပြင်းကို ကျွန်တော် တစ်ခါမှမသွားဖူးဘူး
မောင်တင်ဆင့်


လတ်လတ်ဆတ်ဆတ် ခရီးပြင်း

ဒီခရီးပြင်းကို.... ကျွန်တော်တစ်ခါမှ မသွားဖူးဘူး... ကျွန်တော့်ဆန္ဒအရ..သွားခဲ့တာတော့ မဟုတ်ဘူး... အကြောင်းတရားတစ်ရပ် သို့မဟုတ် နှစ်ရပ်ဒီထက်...ပိုချင်ပိုမယ် အကျိုး တရား မဖြစ်...ကျွန်တော်သွားခဲ့ရတယ်
(ဆရာမောင်တင်ဆင့် ၏ နောက်ဆုံးကဗျာမှ ကောက်နုတ်ချက်)
ညသန်းခေါင်ကျော်။ ကျွန်တော် ယိုင်ယိုင်ယဲ့ယဲ့ဖြင့် ရေအိမ်ဘက် ထွက်လာသည်။ ရေအိမ် နှင့် လေးငါးပေ အရောက်၊ ဟ ဘာကြီးလဲ။  ကျွန်တော်ခုန်အား ရှိလျှင် ခုန်လိုက်မိမည်။ နှလုံး တုန်သွား သည်။ သေချာကြည့် လိုက်တော့ ဧရာမမြေကြွက် မည်းမည်းကြီးတစ်ကောင်။ အမွေးမည်းတွေက ထောင်းထလို့။
မြေကြွက်၀၀ကြီး က လှုပ်လီလှုပ်လဲ့ဖြင့် လာနေသည်။ သူ့ကြည့်ရတာ အေးအေးဆေး ဆေး။ ဘယ်သူ့မှ လူမထင်သည့် အပေါက်မျိုး။ ကျွန်တော်ကသာ ကမ္ဘာပျက်မတတ် ထိတ်လန့် သွားခဲ့ရသည်။
သူကတော့ နည်းနည်းလေးတောင် ဂရုမစိုက်။ ကျွန်တော်ကပဲ ရှောင်တိမ်းပေးလိုက်ရ သည်။ မရှောင်လျှင် သူကျွန်တော့် ကို ၀င်တိုက်သွားတော့မည့် အချိုးမျိုး။

သူက ရေအိမ်ဘက်မှ ထွက်လာပြီး အေးအေးလူလူ မြေညီထပ်ဆင်းသည်။ ကျွန်တော်တို့ လူနာဆောင် ၏ နောက်ပေါက်ဖြစ်သည်။ ဆေးရုံအလုပ်သမားတချို့ အဆင်းအတက်ပြု သည်။ လူသေလျှင် ထိုအပေါက် ထိုလှေကားမှ သယ်ဆောင်ချသည်ဟု တစ်ခါတော့ ကွန်ပေါင်ဒါကို ၀တုတ်က ပြောဖူးသည်။ တိုးတိုးသက်သာ ကျွန်တော် တစ်ဦးတည်း ကို ပြောတာ မဟုတ်။ တစ်ဆောင်လုံးကြာူးအောင် အော်ဟစ်ပြောခြင်းဖြစ်သည်။ သူ့အသံ က လည်းသြဇာပြည့်ဝပြီး ကျယ်လောင်လှသည်။ တကယ်တော့ လူနာစောင့်တွေ သည် လှေကား သံလက်ရန်း မှာ အ၀တ်လှန်းတာကို ရုပ်မသိမ်းဘဲထားသဖြင့် ဒေါသဖြင့်ေ အ်ာဟစ်ခြင်းဖြစ်သည်။ ဆရာဝန်ကြီး ရောင်း (round)လှည့်လို့ ထိုနေရာမှာ (လှေကား လက်ရန်း) အ၀တ်လှန်းတာတွေ တွေ့ရှိလျှင် သူတို့ ၀န်ထမ်းတွေ ကို ဆူသည်ဟု ဆိုသည်။
လူတွေကလည်း လူတွေ။ နယ်ပေါင်းစုံကဆိုတော့ မသိနားမလည်တာလည်းပါမည်။

 စည်းကမ်း ကို ဘယ်လိုလိုက်နာရမှန်း မသိတာလည်းပါမည်။ စည်းကမ်းဆိုတာကိုပင် မသိတာ လည်းပါမည်။ ကျွန်တော့် သားငယ် (စာရေးဆရာ အယ်ဒီတာ ကိုရဲမွန်ထော)က တစ်ရက် တွင်ပြောဖူးသည်။ လူတွေ အသိဥာဏ် ရှိ ဖို့၊ စည်းကမ်း ဆိုတာဘာလဲ နားလည်ဖို့ အတော်လုပ် ယူရဦးမတဲ့။
ခက်တာက သူတို့ကလည်း (ဆေးရုံဝန်ထမ်းနှင့် အကြီးအကဲ)စည်းကမ်းကို (ဆေးရုံး စည်းကမ်းကို) ကြိုပြောထား ပုံ မရဘူး။ စာလည်း ကပ်မထားဘူး။ နယ်က တက်လာတဲ့လူ တွေဘယ်သိနိုင်မလဲ။ ခြုံပြောရရင် လူတွေ ကို ဒီမိုကရေစီ နဲ့ စည်းကမ်း ကို နားလည်ဖို့ အတော်လုပ်ကြရဦးမယ်။ ဒါကလည်း သူတို့ကို အပြစ်ပြော လို့ မရပြန်ဘူး။ မြန်မာပြည်က ဒီမိုကရေစီနဲ့ ဝေးနေတာ နှစ်ပေါင်းငါးဆယ်မကဘူး။ နှစ်ပေါင်း  ၆၀။

လူမှု အဆင့်အတန်း မြင့်မားလာ ဖို့ အတော်လုပ်ယူရဦးမယ်ဟု သားကပြောသည်။ သူတို့ တွေ ဘေစင် ကို သုံးဖူး ပုံ မရဘူး။ တချို့မမြင်ဖူးဘူး ထင်တယ်။ အဖေရာ ဘေစင်နံရံကပ် လက်ဆေးဇလုံ မှာ ထွေးခံ သွန်ပြီး ဆေးကြော တာ တွေ့တယ် ဟု သားကပြောသည်။
ဘေစင် က ရေအိမ်ခန်းမှာ သတ်သတ်တပ်ထားသည်။ ဘေစင်ဆိုတာ မျက်နှာသစ်၊ လက်ဆေး၊ ပန်းကန်ဆေးလောက် သုံး ရမှာ သူတို့မသိ။ ခက်တာက မသိရကောင်းလားဆို ပြီးအပြစ်တင်လို့လည်း မရဘူး။ စနစ်။ နှစ်ပေါင်း များစွာ နောက်ကျနေတဲ့ စနစ်တွေကြောင့် လို့ကျွန်တော်ထင်သည်။
ဘယ် ပစ္စည်း ဘယ်လို သုံးရမယ်ဆိုတာ ဆေးရုံကလည်းပြောဆိုတာ၊ စာကပ်ထားတာ မရှိ တော့အော်သံ၊ ဟစ်သံတွေနှင့် ပင် နှစ်ပါးသွားနေကြသည်။
မြေပြင်ညီ အခန်း မှာ သူတို့၏တိုင်းပြည်။

အဆောင်ပေါ်တက်လာပြီး အစာရှာတာကလည်း သူတို့အပြစ်မဟုတ်တန်ရာ။ ရေအိမ် ခန်းပေါက်ဝမှာ အမှိုက်ပုံး ရှိသည်။ စာကြွင်းစာကျန် များ ပစ်ရန်ဖြစ်သည်။
တစ်ခါတလေ အလုပ်သမားက သိမ်းမသွား၊ တစ်ခါတစ်ရံကျတော့ ပလတ်စတစ်ကြီး စွပ်ထားသော အမှိုက် စားကြွင်း စားကျန် များကို မပစ်သေးဘဲ ရေစစ်ရန်ဆိုပြီး ရေအိမ် အခန်းပေါက်ဘေစင်အနီးမှာ ချထားတတ် သည်။ နောက်တစ်နေ့ မှ သိမ်းမယ်ပေါ့။
ဒီတော့ ကိုရွှေကြွက်တွေ အတွက် ဟင်းလေးအိုးကြီး ဖြစ်သွားသည်။
ကျွန်တော် ရန်ကုန်အထွေထွေရောဂါကု ဆေးရုံကြီးကို တက်ရောက်နေသည်မှာ ရက်သတ္တ နှစ်ပတ်လောက် ရှိပြီ။ နည်းနည်း ထူထူထောင်ထောင် ဖြစ်လာပြီ။ ရေအိမ်ကို အဖော်မပါဘဲ သွားနိုင်လာနိုင်လာသည်။
ထိုညက တစ်ရေးနိုး ဆီးထသွားရာ ထိုကြွက်ဝတုတ်နှင့် ပက်ပင်းတိုးခြင်း ဖြစ်သည်။ ထိုကြွက်ဝတုန်နှင့် ရင်ဆိုင်တွေ့ပြီး ကျွန်တော် ဆေးရုံပေါ်မှာပဲ ကဗျားတစ်ပုဒ်ရေး ဖြစ်သည်။ ထိုကဗျာရှည်ထဲက အပိုဒ်တစ်ပိုဒ် ကို ဖော်ပြပါမည်။

"မည်းမည်းဝဝ ကြွက်ကြီးတစ်ကောင်
အမွေးတထောင်ထောင်နဲ့ လိမ့်လိမ့်လိမ့်လိမ့်
လှည်းအိုကြီးလို တရွေ့ရွေ့ လျှောက်လာ
သူအစာရှာရာ သူ့ပိုင်နက်ကမ်းတစ်လျှောက်
အစာကောက်ဖို့
သံမဏိလှည်းလေးတစ်စီးကို တွန်းလို့ပေါ့”
အထက်ပါကဗျာပိုဒ်မှာ ကြွက်ဝတုတ် နှင့် လူဝတုတ် ကို ရောနှောရေးသားထားခြင်း ဖြစ်သည်။
၂၀၁၀အောက်တိုဘာလောက်က ကျွန်တော့လည်ချောင်းအသံအိုးမှာ ကင်ဆာတစ္ဆေ စွဲကပ်ခံရသည်။ လည်ချောင်းဘေးအကျိတ်ဖုကို ခွဲစိတ်ပြီးနောက် မှန်ပြောင်းထည့်ကာ အသားစယူပြီး ဓာတ်ခွဲလိုက်တော့ အဖြေ က ကင်ဆာတဲ့။ ဒါနှင့်တောင်ကြီးသွား ဓာတ်ရောင်ခြည်ကင်ရတာ။ ထိုအကြောင်းကို ရေးသားခဲံပြီး စာအုပ် တစ်အုပ် ဖြစ်သွားတာ။ "ရထားပေါ်က ကင်ဆာတစ္ဆေ"ဖတ်မိသူများ သိရှိပြီး ဖြစ်လောက်မည်။

တစ်လခွဲကြာ၊ ဓာတ်ရောင်ခြည်ကုသမှု ရက်ပေါင်း ၃၀ ပြည့်မြောက်ပြီး ပြန်လာတော့ အခြေ အနေ အတော်လေးကောင်းနေပြီ။ လည်ချောင်းနာတာ မရှိတော့။ တစ်ခါတလေ အပေါင်း အသင်းများနှင့် ဆုံလျှင် ဘီယာလေး ဘာလေးတောင် မြိုနိုင်ပြီ။ အိုကေပြီပေါ့။ ကင်ဆာတစ္ဆေကို မောင်းထုတ်နိုင်ပြီပေါ့။
သို့သော် ထိုထင်မြင်ချက် မှားယွင်းခဲ့ပါသည်။
တစ်နှစ်ခွဲနီးပါး အကြာ ၂၀၁၂ ဧပြီလမှာတော့ ကျွန်တော့ခန္ဓာကိုယ်ထဲ ပုန်းလျှိုနေသည့် ကင်ဆာတစ္ဆေသည် အင်အားတောင့်တင်း လာကာ တစ်ပြန်တစ်လှည့် ပုန်ကန်ထကြွလာ သည်။
လည်ချောင်း က နာကျင်လာပြန်သည်။ အစတော့ နာတာတ။ သင်္ကြန်အတိုင်ခင် က္ကသရမူလီ ဆိုတာ ဆေးရွက်မိတ်ဆွေတစ်ယောက်က ပေးလို့ မျိုကြည့်သေးသည်။ ဆေးရွက်ပင်ဆိုတော့ ဆေးပင်ကို ညွှန်းသော စာအုပ်ပင် ထွက်သည်။ ကျွန်တော့်မိတ်ဆွေ တစ်ယောက် ယူလာပေးလို့ ဝါးမျိုကြည့်ပါသည်။ အတော်ပူ သည့် အရွက်။ တည့်သည့် သူတွေတော့ ပျောက်ချင်ပျောက်မည်ထင်သည်။ ကျွန်တော် လည်ချောင်းနာတော့ မပျောက်။

သင်္ကြန်တွင်းကာလတွင် ၅လွှာက ပူလည်းပူ၊ လည်ချောင်းက ငရဲပါပဲ။
ရေးအနည်းငယ်သောက်လို့ ရသည်။ ဆန်ပြုတ်တို့၊ ကြက်ဥအကျက်တို့ပဲ စားလို့ဝင်သည်။ ထမင်းဟင်း စားလို့ မဝင်တော့။ အိပ်လို့က ကောင်းကောင်းမပျော်။ အိပ်ဆေးပေးပါ။ အိပ်ဆေးသောက် အိပ်သော် လည်း နိုးသည်နှင့် ရောဂါက ရောက်လာသ်ည။ ပြေးမလွှတ်။
သင်္ကြန်အတက်နေ့ မှာတော့ ဆေးရုံကြီးက ၃/၄ ရင်ခေါင်းအထက်ပိုင် ခွဲစိပ်ဌာနက အထူးကု ဆရာဝန်ကြီး ဒေါက်တာထက်မြတ်ဆီ ဖုန်းဆက်သည်။
ဆရာရေ ကျွန်တော်တော့ ကင်ဆာရဲ့ တစ်ကျော့ပြန်တိုက်ခိုက်မှုကို ခံရပြီလားမသိဘူး။ လည်ချောင်း က ပြန်နာနေတယ်။ ထမင်းစားလို့မရဘူး။ ရေသောက်ရတာလည်း အဆင် မပြေဘူး။ အခု ဆန်ပြုတ် ပဲ သောက်လို့ရတယ်။

သင်္ကြန်ပြီးရင် ဆေးရုံလာခဲ့လေ။ ကျွန်တော်ကြည့်ပေးပါမယ်။ ဆရာဝန်ကြီးမှာ ၂၀၁၀ပထမ အကြိမ် ကင်ဆာဖြစ်ကတည်းက သူ့ဆီမှာပြ၊ နှာခေါင်းက မှန်ပြောင်းထည့်ပြီး အသံအိုးအနီးက အနာကို အသားစ ယူစစ်ဆေးတော့ ကင်ဆာတဲ့။ အဲဒါနဲ့ တောင်ကြီးသွား၊ တစ်လခွဲ ဓာတ်ကင်။ ရန်ကုန်ပြင်လာတော့ အိုကေနေပြီ။
ဒီတုန်းက တောင်ကြီး စစ်စံထွန်းဆေးရုံက ကင်ဆာ အထူးကုဆရာမတွေကို ကျွန်တော် ဆေးမသွင်းရဘူး လား မေးခဲ့သေးသည်။ ဆရာဝန်က မလိုဘူးလို့ပြောပါသည်။ တောင်ကြီး စစ်စံထွန်းဆေးရုံ ဓာတ်ရောင်ခြည် ဌာနတွင် ထိုစဉ်က ဓာတ်ရောင်ခြည်ကင် ဆေးကုသမှု ၆၀လောက်တွင် ဆေးမသွင်းရဘဲ ဓာတ်ချည်းကင်ရသူ ကျွန်တော် အပါအ၀င် သုံးဦးပဲရှိ သည်။
ဆရာဝန်တွေက မလိုအပ်လို့ ဆေးမသွင်းတာပဲဟု ဒီလိုပဲ ယူဆခဲ့ပါသည်။ ဒီတစ်ကြိမ်မှာ တော့ ဓာတ်ကင်ပြီးပြီ မို့ ပြန်ဖြစ်တော့ ကင်ဆာဌာန ဒေါက်တာဒေါ်မေကြည် လက်ထောက် ဆရာဝန် က ပြော ပါသည်။ ဒေါ်မေကြည်ကလည်း အတည်းပြုသည်။

သင်္ကြန်ပြီးတော့ ဆရာထက်မြက်ဆီ သွားပြသည်။ ဆရာက ကြည့်ရှုပြီး ကျွန်တော့်ကို ဆေးရည်တွေပေးသည်။ အားဆေး၊ အကိုက်အခဲပျောက်ဆေး။ ဆရာက အသက်ရှူလမ်း ကြောင်းအတွက် ဆေးတွေပေးတာဖြစ်သည်ဟု ဆိုပါသည်။
သို့တိုင် လည်ချောင်းနာကျင်မှု က သက်သာမလိုနဲ့ သက်သာမသွားပါ။ နောက်တစ်ပတ် ဆရာ ထက်မြက်နှင့် ပြန်ပြသည်။ ဆရာရေ လည်ချောင်းနာတာ မသက်သာ။ ဆန်ပြုတ်ပဲ သောက်နေရ။
ဆရာ က နှာခေါင်း မှ မှန်ပြောင်းထည့်ပြီး စစ်ဆေးပေးမည်ဟု ဆိုသည်။ မေလဆန်းဖြစ် သည်။
သို့နှင့် ဆရာထက်မြက်ချိန်းသည့်ရက်တွင် ခွဲစိတ်ခန်းဝင်သည်။ ဆရာက ထုံးစံအတိုင်း ထုံဆေးပေးပြီး နှာခေါင်း မှ မှန်ပြောင်းထည့်သည်။
ဒီတစ်ကြိမ် မှန်ပြောင်းထည့်မှုက လည်ချောင်းကလည်းနာ၊ မှန်ပြောင်းထည့်တော့ ချောင်းဆိုးချင်တာလည်းပါနှင့် အတော်ကြီး ခံစား ရသည်။ လူကို အကူတွေက ထိန်းချုပ် ထားကြပေမယ့် နာကျင်မှုက မခံမရပ်နိုင်။ ဒီတော့ အာခေါင်ထဲ မှ ထိခိုက်မှုရှိခဲ့သည်။

ဆရာက ဓာတ်ခွဲစမ်းသပ် ဖို့ အသံအိုးအနားက အသားစယူရာမှာ အသားစမပါဘဲ သွေးနှင့် သားငန်ရည်သာ ပါခဲ့သည် ထင်သည်။ ထိုဓာတ်ခွဲစမ်းသပ်မှုက အပြင်ဓာတ်ခွဲခန်းမှာ လုပ်ခိုင်း ပါသည်။
ဓာတ်ခွဲတော့ ကင်ဆာအရိပ်အယောင် မတွေ့ရပါ။ ထိုမှန်ပြောင်းထည့်သည့်ညက ချောင်းဆိုး သလိပ်ဟတ်တော့ သွေးစတွေ ပါလာပါသည်။
ကျွန်တော် ထိတ်လန့် သွားသည်။ မိသားစုတွေလည်း သွေးအန်တာတွေ့ပြီး ထိတ်လန့်ကြ သည်။ သို့နှင့် ဆရာထက်မြတ် ဆီ ဖုန်းဆက်မေးရသည်။
ဆရာက သိပ် များသလားဟု ပြန်မေးသည်။ များလျှင် သွေးအချိုးယူပြီး မနက်ဖြန်ဆေးရုံ လာပါဟုဆိုသည်။ လည်ချောင်း အတွင်းမှာ မှန်ပြောင်းထည့်တုန်းက ဒဏ်ရာရသွားခဲ့ဟန် တူသည်ဟု ဆိုပါသည်။ သွေးက တစ်ကြိမ်နှစ်ကြိမ် သာ အန်ကြီးရပ်သွားပါသည်။ သို့နှင့် နောက်ရက်တွင် ဆေးရုံမပြတော့။ ဓာတ်ခွဲထားသော အသားစ (တကယ်က အသားစ မ ပါ သွေးနှင့် သားငန်ရည်သာ ဓာတ်ခွဲခဲ့ခြင်းဖြစ်)ရမှ ပြန်ပြ။

ဓာတ်ခွဲသောအဖြေက ကင်ဆာမတွေ့ရလို့ဆိုသည်။ သို့တိုင် ထိုရက်တွေက လည်ချောင်း နာတာ ကောင်း မလာသေး။ အသံပင် ပျောက်သလိုရှိလာသည်။ အစာလည်း မစားနိုင်။
ပထမ ဆန်ပြုတ်လောက်ဝင်သေး သည်။ နောက်တော့ ဆန်ပြုတ်ပါမ၀င်တော့။ ရေလည်း သိပ်သောက်မရ။ အစာ၊ ရေမျိုသည့် အခါ ချောင်းဆိုးခြင်းနှင့် သီးခြင်းက အခံရခက်လှပါ သည်။
ကျွန်တော် သည် ပစ္စုပ္ပန် ပြိတ္တာတစ်ကောင်လို ဖြစ်သွားသည်။
ငါဘာတွေလုပ်ခဲ့ သလဲ။ ဘာမကောင်းမှုတွေ လုပ်ခဲ့သလဲ။ တစ်ပါးသူစားသောက်တာကို ဟန့်တားခဲ့ဖူးသလား။ ရဟန်းသံဃာ ကို ပြစ်မှားဖူးသလား။ ဒါ ၀ဋ်နာလား။ အတွေးတွေက ၀င်ရောက်လာပါသည်။ စဉ်းစားတွေးတော ကြည့် မိသည်။ ပစ္စုပ္ပန်ဘ၀မှာတော့ မရှိခဲ့ဖူး ထင်သည်။
အတိတ်ဘ၀ ကိုတော့ ကျွန်တော် လှမ်းမမြင်နိုင်ပါ။ ကျွန်တော် ဘာအဖြစ်တွေလုပ်ခဲ့သလဲ။
ဘုရားသော်မှ ၀ဋ်ကြွေးမှ ရှောင်လွှဲ၍မရပါ။

ဝဋ်ကြွေးရှိလျှင် ကြေအောင်ဆပ်ရတော့မည်။
မေလ ပထမပတ်ထဲတွင် ဆရာမောင်စိမ်းနီတို့ ဆရာသစ္စာနီတို့ လုံးပမ်းမှုကြောင့် နာမည် ကျော်ဟာသပညာရှင် ကိုဇာဂနာတို့ အဖွဲ့မှ နာမကျန်းသူ စာပေအနုပညာရှင်ထဲမှ နှစ် ယောက်ကို ထောက်ပံ့ကြေးပေးပါသည်။ ကိုဇာဂနာထင်မက ရုပ်ရှင်သရုပ်ဆောင် ဇင်ဝိုင်း၊ မင်းကိုနိုင်တို့လည်း ထည့်ဝင်ခဲ့ကြသည်ဟု ဆိုပါသည်။
ထိုထဲတွင် ကျွန်တော်နှင့် ကဗျာဆရာ၊ စာရေးဆရာတစ်ယောက်တို့ ပါဝင်သည်။ ထိုပွဲကို ၃၅လမ်းရှိ (ပေါ်ပြူလာ ဂျာနယ်တိုက်)အပေါ်ထပ်မှာ ကျင်းပပါသည်။
ထောက်ပံ့ငွေရရှိပြီးနေက် ကျေးဇူးတင်စကားပြေညဖို့ရှိလာပါသည်။ ထိုအချိန်က ကျွန် တော် စကားသိပ်ပြောနိုင်တော့ပါ။ အသံက ပျောက်သလောက်နီးပါး ရှိပါသည်။ သို့နှင့် စိတ်ထဲကပဲ စာဖြင့် ကျေးဇူးတင် စကားပြောဖို့ ရေးသားလိုက်သည်။

ထိုကျေးဇူးတင်စကားကို ကဗျာဆရာ သစ္စာနီမှ ဖတ်ကြားပေးပါသည်။ ထိုကျေးဇူးတင် စကားကို ကိုစိမ်းနီမှ ပိတောက်ပွင့်သစ်မဂ္ဂဇင်းတွင် ဖော်ပြပေးခဲ့ပါသည်။
ထိုကျေးဇူးတင် စကားမှာ ကျွန်တော့်ရောဂါအခြေအနေနှင့် ပတ်သက် ဆက်စပ်နေ သဖြင့် ပြန်လည်ဖော်ပြ လိုက်ပါသည်။

မိတ်ဆွေများ၊ စာရေးဖော်များခင်ဗျား.....
ကျွန်တော် ကျေးဇူးတင်စကားပြောဖို့ အခက်အခဲရှိနေတာကြောင့် စာရေးသားပြီး ကျွန်တော့်ကိုယ့်စား ဆရာသစ္စာနီ က ဖတ်ကြားပြပါမယ်ခင်ဗျား။
၂၀၁၀မှာ ကျွန်တော် လည်ချောင်းကင်ဆာဖြစ်ပြီး လည်ပင်းအကျိတ်ဖုခွဲ ကင်ဆာ ဆိုတာ သေချာတော့ တောင်ကြီး မှာ ဓာတ်ရောင်ခြည်ကင်ကုသပြီး ခုဆို တစ်နှစ်ကျော်ကျော်ရှိလာ ပါပြီ။
တစ်နှစ်ကျော် အကြာမှာ "ဓာတ်ရောင်ခြည်ကုသမှု အလွန်နောက်ဆက်တွဲစာမျက်နှာ" အဖြစ် သင်္ကြန်မတိုင်ခင် ကလေးက စလို့ လည်ချောင်းနာမှု အကြီးအကျယ် စတင်ခဲ့ပါ တယ်။

သင်္ကြန်ကာလကတော့ ကျွန်တော့်အတွက် ငရဲပါပဲ။ အစားစားမရ၊ နောက်ဆုံး ရေသောက် ရတာတောင် ခက်ခဲလောက်အောင် လည်ချောင်းနာကျင်မှုက ပြင်းထန်းခဲ့ပါတယ်။
ဘယ်လောက် ခံစားရသလဲဆိုရင် သေခြင်းတရားကိုတောင် ကျွန်တော် အလိုရှိလာခဲ့ပါ တယ်။
သင်္ကြန်ပြီးပြီးချင်း ဆေးရုံကြီးက ယခင် ၂၀၁၀ကုသခံယူခဲ့တဲ့ ရင်ခေါင်းအထက်ပိုင်း ခွဲစိတ် ဌာန အထူးကု ဆရာဝန်ကြီး ဒေါက်တာထက်မြက်နဲ့ စစ်ဆေးပါတယ်။ လည်ချောင်းထဲ အသက်ရှူလမ်းကြောင်း၊ အစာအိမ်ပြွန်၊ အစာအိမ် တို့ကိုပါ မှန်ပြောင်းထည့် စစ်ဆေးခဲ့ပါ တယ်။ မှန်ပြောင်းထည့်စစ်ဆေးတော့လည်း အရင်နာကျင်ထား တဲ့ အရှိန်နဲ့ (ထုံဆေးပေး သော်လည်း)အတော်ကြီး ထိတ်လန့်လောက်အောင် နာကျင်ခံစားခဲ့ရပါသေးတယ်။
အသံအိုး၊ လည်ပင်းနံရံ၊ အသက်ရှူလမ်းကြောင်း အစာအိမ်တို့မှာ ကင်ဆာအရိပ်အယောင် မတွေ့ရဘူးလို့ ဆရာဝန် က ပြောပါတယ်။

ဒါပေမဲ့ ဓာတ်ရောင်ခြည်အရှိန်ကြောင့် (ဘေးထွက်ဆိုးကျိုးကြောင့်) အသံအိုးရှိ တုန်ခါမှု ပြုလုပ်ပေးသော အကြောနှစ်ချောင်း ရှိရာမှာ တစ်ချောင်းပြတ်သွားတယ်လို့ ဆိုပါတယ်။ ဂစ်တာကြိုး တစ်ချောင်း၊ ပြတ်သွားတယ် လို့ ဥပမာပေးပါတယ်။
ဒါကြောင့် အသံ ကတော့ ကြိုးတစ်ချောင်းပြတ်အသံပဲဖြစ်တော့မယ်တဲ့။ (ဓာတ်ကင်ခြင်း ကြောင့်ကျွန်တော်ရတဲ့ အကျိုးတရား)
ယခု ဆရာဝန်ပေးသော ဆေးများကို သောက်နေရပါတယ်။ တစ်ပတ်တစ်ခါ စစ်ဆေးပြသ နေရပါတယ်။ လိုအပ် ရင် မှန်ပြောင်းပြန်ထည့် စစ်ဆေးရမယ်ပြောပါတယ်။
မိတ်ဆွေများ၊ စာရေးဖော်များခင်ဗျား...
ကျွန်တော့်ကျန်းမာရေးအခြေအနေကို သိချင်ကြမယ်ထင်လို့ ပြောပြခင်းဖြစ်ပါတယ်။ အခြားအကြောင်း မရှိပါ။ လောလောဆယ် စာရေးစာဖတ်ခြင်း မလုပ်နိုင်သေးသလို အပြင် လည်းမထွက်နိုင်သေးပါ။
စာရေးနိုင်တာနဲ့ "ဓာတ်ရောင်ခြည်ကုသမှုအလွန် စာမျက်နှာများ"ကို ရေးသားတင်ပြပါဦး မည်။

ကျွန်တော့်ကို စာနာပြီး ကူညီကြတဲ့အတွက် အားလုံးကို ကျေးဇူးတင်ပါတယ်။

    မောင်တင်ဆင့်
    (ရ)ရက်၊ မေလ၊ ၂၀၁၂။

ထိုပွဲအပြီး တစ်ရက်အလွန်တွင် ကျွန်တော့်လည်ချောင်း၏ ဖောက်ပြန်မှုမှာ ကြီမားပြင်းထန် လာတော့၏။
ဆန်ပြုတ်ပင် မ၀င်တော့။ သားတွေက အဟာရမှုန်ဆိုတာကို ရှာဝယ်လာပါတယ်။ Ensure lifeတဲ့။ ထိုအာဟာရမှုန့် က တစ်သောင်းလေးထောင်ပေးရသည်။ စင်ကာပူထင်ရဲ့။ အန်ရှူး ၀ါးလိုက်ကလည်း အမျိုးအစား အမျိုးမျိုးရှိသည်။ တရုတ်လုပ်၊ ထိုင်းလုပ်၊ စင်ကာပူလုပ် ဆိုတာရှိသည်။ တရုတ်နှင့်ထိုင်းက သက်သာ သည်။ ဆေးရုံကြီးဆိုင်မှာ ထိုင်းထုတ်အန်ရှူး ၀ါးက တစ်သောင်းကျပ်လောက်ပဲ ကျသည်။ စင်ကာပူ က တစ်သောင်းလေးထောင်ကျပ် ရှိသည်။
ဘယ်လိုပဲပြောပြော သူတို့အဆိုက အန်ရှူးဝါးတစ်စွန်းက ထမင်းတစ်ပန်းကန်းစားသည် နှင့်ညီသော အာဟာရ ကို ဖြစ်စေသည်ဟု။
မေ ၉ရက်ညပိုင်း တွင် ကျွန်တော့်လည်ချောင်းက အစာရော ရေရော သောက်မျိုလို့မရ ဖြစ်လာသည်။ သလိပ်ပုပ်တွေ ပဲ ထွက်နေသည်။

အန်ရှူးဝါးကိုဝယ်လာပြီး တိုက်သည်။ တစ်ဇွန်းပဲဝင်ဝင်။ မရပါ။ တစ်ဇွန်းတောင်မ၀င်ပါ။ ထိုညက SSCဆေးရုံ ပြေးခဲ့ကြသေးသည်။ ထိုဆေးရုံမှာလည်း လူကများနေသည်။ ည ၁၀ နာရီခွဲလောက်မှ ဆရာဝန်နှင့်ပြနိုင် မည်။
ဆရာထက်မြက်ဆီ ဖုန်းဆက်မေးတော့။ လောလောဆယ် အားဆေးနှစ်လုံးလောက်သွင်း ထား၊ မနက်ဖြန် ဆေးရုံကြီး ကိုလာခဲ့ပါဟု ဆိုသည်။
သို့နှင့် SSC မှ ပြန်လာပြီး ကျွန်တော်နေထိုင်ရာနှင့် နီးသော ကမာရွတ်ဆင်ရေးတွင်း ထိပ်ကဆေးခန်းမှာ အားဆေး တစ်လုံး ချိတ်လိုက်ရသည်။
ထိုညက မအိပ်နိုင်။ ချောင်းတဟွပ်ဟွပ်ဆိုး၊ သလိပ်ပုပ်တွေထွက်။ အိပ်ဆေးလည်းမတိုး၊ တကယ့်ငရဲပါပဲ။
ဇနီးသည် က ခြင်ထောင်ထဲ ပက်လက်ကုလားထိုင်ထည့်ခါ သိပ်ပေးပါသည်။ အိပ်လို့ မပျော်ပါ။

နောက်တစ်ရက် မေ(၁၀)ရက်တွင် ကျွန်တော်ဆေးရုံကြီး ၃/၄ ဌာနတွင် တက်ရောက်ခဲ့ရ သည်။ တက်သည်နှင့် အားဆေးများ ချိတ်ခါသွင်းတော့၏။ တစ်ပတ်လုံးလုံး တစ်ရက်လေး လုံးဒရစ်သွင်းခဲ့ရသည်မှာ တစ်ပတ် ခန့်ကြာမြင့်သည်။
အစာမစားခဲ့ရသည်မှာ တစ်လခန့်ရှိပြီ။ ယခုဒရစ်သွင်းတော့ နေသာထိုင်သာရှိလာ၏။
ဆေးရုံတက်ပြီး နောက်တစ်ရက်တွင်း ပါးစပ်မှမှန်ပြောင်းထည့် စစ်ဆေးပြန်သည်။ (မှန်ပြောင်း တစ်ခါထည့်တစ်သောင်းကျပ် ကျသင့်သည်။)
ဒီတစ်ခါ စစ်ဆေးရာမှာတော့ "Tuner in vocal Cord"ဟု အဖြေထွက်လာပါသည်။
ကျွန်တော် အစာရေစာမ၀င်သည်မှာ လည်ချောင်းတွင် ကင်ဆာအကျိတ်က ဖိ ထားသော ကြောင့် ဖြစ်သည်ဟုဆရာဝန်က ပြောပါသည်။
ထိုအဖြေကြောင့် ပထမအဖြေမှာ အမှားဖြစ်သွားပြီ။ ကိုဇာဂနာတို့ ထောက်ပံ့ကြေးပေး တုန်းက ကျွန်တော်ကျေးဇူးတင် စကားပြောခဲ့သည့် ရောဂါအခြေအနေမှာ မှားယွင်းသွားခဲ့ ပါပြီ။

ပထမနှာခေါင်းမှ မှန်ပြောင်းထည့်စစ်ဆေးသော အခြေအနေနှင့် ဒုတိယအကြိမ် ပါးစပ်မှ အစာအိမ်ထိ မှန်ပြောင်းထည့်စစ်ဆေးသော အခြေအနေက လုံးဝကွာခြားသွားပါသည်။ ဆရာဝန်ကြီးတွေ သူတို့အချင်းချင်း တိုင်ပင်ကြ မည်ထင်သည်။
သို့တိုင် ဒုတိယ စစ်ဆေးချက်က အမှန်ဖြစ်သွားသည်။ ဒီတော့ ကင်ဆာဝပ်ကို သွားရမည် ပေါ့။
ကင်ဆာဝပ်မသွားမီ အစားဘယ်လိုစားမလဲ ဆရာဝန်များ စဉ်းစားကြရပြန်သည်။ ဆရာကြီး ထက်မြက် က နှာခေါင်းမှာ ပိုက်တပ်၍ အစာသွင်းပေးမည်ဟု ဆိုသည်။
ကျွန်တော် ကန့်ကွက်လိုက်သည်။ နှာခေါင်းပေါက်မှ အစာသွင်းတာ လက်မခံနိုင်ပါ။ ဘာကြောင့်လဲဟု ကျွန်တော့် ကို မေးသည်။ ကျွန်တော်နာကျင်တာကို မခံစားနိုင်တော့ပါ။ ဗိုက်ကနေ အစာအိမ်ကို တိုက်ရိုက်ဖောက်ခါ အစာသွင်း ဖို့ ကျွန်တော်အဆိုပြုခဲ့သည်။

ယခင်နှာခေါင်းမှ မှန်ပြောင်းထည့်တုန်းက နာကျင်ခံစားခဲ့ရသလို ပါးစပ်မှ မှန်ပြောင်းထည့် တော့လည်း နာကျင်မှုက မသေး။ ထုံးဆေးပေးထားတယ်ဆိုသော်လည်း နာကျင်မှုကြောင့် သွားရည်တွေကျ၊ မျက်ရည်တွေကျ တဲ့ အထိ ခံစားခဲ့ရတာလေ။
အနားသတ်မျဉ်းအဆုံးသို့
ဒီစာမှုက အဖေနောက်ဆုံးရေးသွားတဲ့ စာမူသုံးပုဒ်ထဲက တစ်ပုဒ်ပါ။ မကွယ်လွန်ခင် တစ်လ ခွဲကျော်လောက် က ရေးခဲ့တာပါ။ ဒါပေမဲ့ ပြီးအောင်ရေးသွားနိုင်တာမဟုတ်ဘဲ တစ်ဝက်တစ် ပျက်နဲ့ ကျန်နေခဲ့ပါတယ်။ ထိုအချိန်က ကင်ဆာဆေးကို တစ်လတစ်ကြိမ်နှုန်းနဲ့ သုံးကြိမ် သွင်းပြီးပါပြီ။ အဖေ့ကို ကြည့်ရတာလည်း တစ်နေ့ပြီးတစ်နေ့ တိုးတိုးလာနေတဲ့ ဝေဒနာ ကိုအန်တုနေပုံ ပါပဲ။ ဆေးသွင်းဖို့ ကလည်း နောက်ထပ်သုံးကြိမ်ကျန်နေပါသေးတယ်။ ဒါပေမဲ့ ဆေးဒဏ်ကို သိပ်ပြီး ခံနိုင်ပုံမရှိဘူးလို့ ထင်ပါတယ်။

ကင်ဆာဆေးဒဏ်ကြောင့် သွေးဖြူဥတွေ ပျက်စီးခြင်းရဲ့ လက္ခဏာတွေ ထိုစဉ်ကတည်းက ဖြစ်နေပြီဆိုတာ အဖေ ကွယ်လွန်သွားမှ ကျွန်တော်တို့ သိလာရတာပါ။ ဒီလက္ခဏာတွေ ဘာကြောင့်ဖြစ်နေသလဲဆိုတာ အဖေသွားပြနေရ တဲ့ ဆရာဝန်မဟုတ်တော့လည်း ကျွန်တော်တို့က ဘယ်သိနိုင်ပါ့ မလဲ။ ဆေးတစ်ကြိမ်သွင်းတိုင်း သွေးစစ်ကြည့်ပြီးမှ သွင်းတယ် ဆိုပေမယ့် အဖေ့ဆီက သွေးဖြူဥတွေ ဒီလောက် အထိ လျော့နည်းလာပြီဆို တိာကိုတော့ အဖေမကွယ်လွန်မီ နာရီ ၂၀အတွင်းလောက်မှ သိရတာပါ။ ၄၀၀၀ ရှိရမယ့် ပမာဏက ၇၀၀ပဲရှိတော့တယ်။ သိပ်ကိုနည်းလွန်းနေပြီ။
မဆုံးသေးတဲ့ ဒီစာမှု ကျွန်တော့်ကိုပေးတုန်းက နောက်တစ်ခါဆေးသွင်းပြီးရင် ဆက်ရေး မယ်လို့ ပြော ပါသေးတယ်။ အဖေပြောတဲ့ နောက်တစ်ခါဆိုတာ လေးကြိမ်မြောက်ဆေး သွင်းတာကို ပြောတာပါ။ ကျွန်တော် ကတော့ အဖေ့ကိုအားပေးတဲ့အနေနဲ့ စာရေးဖို့ကို အမြဲတိုက်တွန်းပါတယ်။ မြှောက်ပေးတာပါ။ ဒါက စိတ်သက်သာမှု ရစေတယ်လို့ ကျွန်တော် တွေးမိလို့ပါ။

တကယ်တော့ ဝေဒနာခံစားနေရတဲ့လူတစ်ယောက်အဖို့ စာရေးနိုင်ဖို့ဆိုတာ လွယ်ကူလှ တာတော့ မဟုတ်ပါဘူး။ စာရေးနိုင်ဖို့အတွက် စာဖတ်ရပါတယ်။ အာရုံစူးစိုက်မှု ထားရပါ တယ်။ အဖေလည်း သူလုပ်နိုင်သလောက်တော့ လုပ်ပါတယ်။ သက်သာတဲ့နေ့တွေမှာ စာဖတ်၊ စာရေးလုပ်နေတတ်တယ်။ အချိန် အကြာကြီးတော့ မလုပ်နိုင်ပါဘူး။ တချို့ရက် တွေမှာငါ Concentrate လုပ်လို့မရဘူးလို့ ကျွန်တော့် ကိုပြောပါတယ်။
ဟုတ်မှာပါ။ ဒီလိုအချိန်ဟာ အဖေ့အတွက် မလွယ်မကူဖြတ်သန်းနေရပြီဆိုတာ ကျွန်တော် မြင်နေရတယ်။ အဲဒီအချိန် က အဖေ့ကိုကြည့်ပြီး ကျွန်တော်တွေးတယ်။ တကယ်လို့ အဖေ့ ရဲ့အသက်ရှူသံ ရပ်ဆိုင်းသွားတဲ့ အချိန် လက်ရှိဘ၀ကနေ တိတ်တဆိတ်ထွက်ခွာသွားတဲ့ အချိန် ရောက်လာခဲ့ရင် ကျွန်တော့်စိတ်ကို ဘယ်လို ထားရမလဲ။ အဲဒီအတွက် ဘာတွေ ပြင်ဆင်ထားသင့်သလဲလို့ တွေးတာပါ။ သဘောကတော့ ကိုယ့်ကိုယ် ကိုယ် ပြင်ဆင်လိုက် တာပါ။

စက်တင်ဘာ ၂၇၊ ညနေ ၃နာရီလောက်မှာ ဆေးရုံကို ကျွန်တောပြန်ရောက်လာတော့ ကုတင်ပေါ် မှာ မှေးနေတဲ့အဖေ့ကို တွေ့ရပါတယ်။ အဖျားလည်းတက်နေပါတယ်။ သွေးဖြူဥ အရမ်းနည်းနေ လို့ သွေးဖြူဥအားကောင်းတဲ့ဆေး ထိုးထားတယ်လို့ အမေက ပြေ ပါတယ်။ သွေးသွင်း ရမယ် လို့လည်း ပြောပါတယ်။
နံနက် ၉နာရီလောက် ကျွန်တော်ထွက်လာပြီးကတည်းက စပြီးဖျားနေတာလို့ အမေက ထပ်ပြောပါတယ်။ အဖေ့ရဲ့ သွေးဖြူဥ က ၇၀၀ပဲရှိတော့တယ်ဆိုတာ အဲဒီတော့မှ ကျွန်တော် သိရတာပါ။
ကျွန်တော် တို့ပြန်ရောက်ပြီး အချိန်တော်ကြာကြာအထိ အဖေ့အပူရှိန်က မကျသေးပါဘူး။ တစ်ခါတစ်ခါမှသာ မျက်လုံးက ပွင့်လာတယ်။ ပွင့်လာတယ်ဆိုပေမယ့် ကျွန်တော်တို့ကို မြင်နေရတယ်လို့ ကျွန်တော်ကတော့ မယူဆပါ။ အဲဒီအချိန်ကတည်းက အဖေ့မျက်လုံး ထဲကမျက်စိသူငယ်အိမ်ကို ကျွန်တော်သတိထားမိနေတယ်။ ပုံမှန် မဟုတ်တဲ့ အခြေအနေ မျိုးအဖြစ် ကျွန်တော့်စိတ်ထဲက သိနေပြီ။
အမေ က ထမင်းသွားစားဦးမယ်ပြောတော့ အမေ့ကိုရယ်တောင်ပြနိုင်သေးတယ်။ အသံက နဂိုကတည်းက သိပ် မထွက်တော့ ဘာမှတော့မပြောဘူး။ အဖေပြုံးနေတာကို ကျွန်တော် တွေ့ရတာ အဒါနောက်ဆုံးပါပဲ။

အဲဒီညက အိပ်ရေးပျက်နေတဲ့ ကျွန်တော့်ကို ကူစောင့်ပေးဖို့ အမေက အိမ်မပြန်ဘဲ ဆေးရုံ မှာနေခဲ့ပါတယ်။ ကျွန်တော့် အစ်ကိုတစ်ယောက်တည်း အိမ်ပြန်သွားတာပါ။ အမေလည်း အဖေ့အခြေအနေကို ရိပ်မိနေပုံရပါတယ်။ နောက်တော့ သူပြုတွေ သွေးသွင်းဖို့ရောက်လာ တယ်။ လက်မှာအကြောရှာရတာ အဆင်မပြေ လို့ ခြေထောက် က သွင်းကြတယ်။ ည ၈နာရီကျော် ၉နာရီလောက်ရှိနေပါပြီ။
အဲဒီအချိန် မှာ အဖေပြန်ဖျားလာ လို့ သူနာပြုတွေကပဲ ဆေးထိုးပေးပါတယ်။ သွေးရည် ကြည်နှစ်လုံးကတော့ ခဏလေး နဲ့ ကုန်သွားတယ်။ နောက်ဆုံးသွေးတစ်လုံးကတော့ ပုံမှန် အတိုင်းပဲနည်းနည်းကြာပါတယ်။

တကယ်တော့ ဒီတစ်ခေါက် အဖေဆေးရုံပြန်တက်ရတာက နှစ်ရက်သုံးရက်ပဲ တက်ဖို့ လာတာပါ။ ဒါကလည်း အဖေ့ကို ကုပေးနေတဲ့ အဖေက သူ့ရောဂါကိုပြနေတဲ့ ဆရာဝန်ရဲ့ စကားပါ။
နောက်ဆုံး သွားပြစဉ် က ဦးတင်ဆင့်မှာ ဓာတ်အချို့နည်းနေလို့ ဆေးရုံမှာ သုံးရက်လောက် လာတတ်ပါတဲ့။ စက်တင်ဘာ ၂၄ရက်၊ တနာင်္လာနေ့ကို လာခဲ့ဖို့ မှာလိုက်တာပါ။
သွင်းရမယ့် သွေးအားလုံးပြီးချိန်မှာ ကျွန်တော်ခဏအိပ်ဦးမယ်လို့ အမေ့ကိုပြောပြီး ခုံတန်း ရှည်ပေါ်မှာ သွားလှဲ ပါတယ်။ နောက် ၁၂နာရီကျော်လောက်မှာ အမေကကျွန်တော့်ကို လှုပ်နှိုးပါတယ်။ အဖေအသက်ရှူရတာ အဆင်မပြေလို့တဲ့။

ဒီတစ်ခါ ဆေးရုံပြန်အတက်မှာ အဖေ့အတွက် မသက်မသာကိစ္စတစ်ခုလည်း ဖြစ်လာရ တယ်။ လွန်ခဲ့တဲ့ လေးလကျော်လောက်ကတည်းက ဗိုက်မှာတပ်ထားခဲ့ရတဲ့ပိုက်က အခြေ မခိုင်တော့တာပါ။ ပါးစပ်က စားလိုက်သောက်လို့ မရနိုင်တာကြောင့် ဗိုက်ကတစ်ဆင့် အစာနဲ့ရေကို ထည့်ပေးနေရတာ လချီခဲ့ပါပြီ။ ရံဖန်ရံခါ မှသာ ပါးစပ်က စားလို့သောက်လို့ ရတယ်။ ဒါကလည်း သုံးလေးရက်ပါပဲ။ အချိန်အများစုကတော့ ပိုက်ကိုပဲ သုံးခဲ့ရတာ။
ကြာလာတော့ ပိုက်အခြေပတ်လည်က ချောင်ကျလာတယ်။ အဲလိုချောင်ကျလာတာက လည်း ဆေးရုံပြန် တက်တဲ့ ရက်မှာ သိသိသာသာချက်ချင်းကြီးဖြစ်သွားသလိုပါပဲ။ ပိုက်ထဲက ထည့်လိုက် တဲ့ ရေပဲဖြစ်ဖြစ်၊ တခြားအရာပဲဖြစ်ဖြစ် ပိုက်အခြေအနေ ပြန်စိမ့်ထွက်လာပါ တယ်။

ကျွန်တော့်အထင် အဖေလက်ခံရရှိတာက ၂၀ရာခိုင်နှုန်းလောက်ပဲ ရှိနိုင်မယ်။ ၈၀ ရာခိုင် နှုန်းလောက် က ပြန်စီးထွက်သွားပါတယ်။
အမေလှုပ်နှိုးလိုက်လို့ အဖေ့ဘေးမှာ ကျွန်တော်ထိုင်ပြီး အဖေ့အခြေအနေကို ကြည့်လိုက် ပါတယ်။ အသက်ရှူ ရတာ အဖေ့ အတွက် အခက်အခဲဖြစ်နေပါပြီ။ ဆရာဝန်ကိုပြေးပြောရ တယ်။ နောက်အောက်စီဂျင်ပိုက် လာတပ်ပေး တယ်။ သုံးထောင့်ငါးရာ။
ဒါပေမဲ့ နာရီဝက်ကျော်လာချိန်အထိ အဖေ့ပုံစံက ပြောင်းမသွားပါဘူး။ နဖူးမှာလည်း ချွေး တွေနဲ့။ ကျွန်တော်တို့ ကြည့်နေတုန်း အဖေ့ဆီက စကားသံတချို့ ထွက်ကြလာတယ်။ အဖေ ဘာပြောတာလဲ၊ ဘာလုပ်ချင်လို့လဲလို့ ကျွန်တော်ကမေး တယ်။ အိမ်သာသွားချင် တယ်တဲ့။ အသံက အတော် တိုး ပါတယ်။ သေချာ နားစိုက်ထောင်ရတယ်။ နဂိုကတည်းက အသံသိပ်မထွက်တာကြောင့်လည်း အဖေ့အသံက မျှမျှပဲကြားရတယ်။

အိမ်သာသွားဖို့အတွက် အဖေထဖို့ ကြိုးစားပါတယ်။ ဘေးကနေပြီး အဖေ့နောက်ကျော ကိုသိုင်းလို့ အဖေ ထနိုင်အောင် ကျွန်တော်ကြိုးစားကြည့်တယ်။ အချည်းနှီးပါပဲ။ အဖေ့အ ခြေအနေက အတော် အားနည်းနေ ပါတယ်။ အိမ်သာသွားဖို့ မဖြစ်နိုင်ကြောင်း အမေနဲ့ ကျွန်တော်က ပြောပါတယ်။ ကုတင်ပေါ်မှာပဲ အိုးနဲ့သွားကြည့် ဖို့ ပြောရပါတယ်။ တစ်ဆောင်လုံးကတော့ တိတ်ဆိတ်လို့ ငြိမ်သက်နေဆဲပါ။ မိုးကလည်း တကယ့်ကို သဲသဲမဲမဲ စပြီးရွာလာပါတယ်။
အဖေငုတ်တုတ်ထိုင်နိုင်ဖို့ နောက်ကျောကနေ ကျွန်တော်ထိန်းရတယ်။ ဒါပေမဲ့ အဖေမ ထိုင်နိုင်ပါ။ ပြန်လှဲပေး ရတယ်။ နောက်ဆုံးပက်လက်အနေအထားနဲ့ပဲ ၀မ်းသားကြည်ဖို့ ပြောရတယ်။ ဒီတစ်ခါတော့ အဖေက လက်ခံ တယ်။ အိုးပြားလေးကိုလည်း အဖေ့တင်ပါး အောက်သို့ အမေက ထိုးပေးပါတယ်။

ပထမ အိုးပြားလေးက နေရာမကျဖြစ်နေသေးတယ်။ ဒါနဲ့နည်းနည်းကြွကြည့်ဖို့ အဖေ့ကို ပြောရတယ်။ အဲဒီအချိန်အထိ အဖေနဲ့ ကျွန်တော်တို့ရဲ့ ဆက်သွယ်မှုက ဘာမှအနှောင့် အယှက်မရှိပါဘူး။ ကျွန်တော် တို့ပြောတာကို အဖေကြားနေ၊ တုံ့ပြန်နေနိုင်ပါတယ်။ မျက်လုံးတွေကတော့ သိပ်ပြီး မဖွင့်နိုင်ပါဘူး။ ခဏအကြာမှ အဖေ့တင်ပါးအောက်က အိုးကို အမေက ဆွဲထုတ်ယူလိုက်တယ်။
အိုးထဲ ကို ကျွန်တော်လှမ်းကြည့်ပြီး ဒါဟာပုံမှန်မဟုတ်တဲ့ အခြေအနေတစ်ခုကို ရောက်လာ ခဲ့ပြီလို့ ကျွန်တော်နားလည်လိုက်တယ်။ ဘာလို့လဲဆိုတော့ အဖေ့ဝမ်အရောင်က အမည်း ရောင်ကို ဖော်ပြနေပြီ။
မိုးကတော့ သဲသဲမဲမဲကို ဆက်ပြီးရွာနေဆဲပါ။ တစ်ဆောင်လုံးမှာလည်း ဆက်လက်တိတ် ဆိတ်နေဆဲပါ။ မလှမ်းမကမ်း ခုတင် က လူနာစောင့်တစ်ယောက်ပဲ ကျွန်တော်တို့အဖြစ်ကို လှမ်းကြည့်နေတာတွေ့ရတယ်။ သူတစ်ယောက် ပါပဲ။ ကျွန်တော့်မှာလည်း အပြင်မှာမိုးတွေ သည်းနေပေမယ့် ကိုယ်ပေါ်မှာ အင်္ကျီမရှိ။ အင်နဲ့အား နဲ့ အဖေ့ကို ကူပေးနေရလို့ ချွေးတွေ ပြန်နေပြီ။
ခဏနေတော့ အိုးသွားသွန် တဲ့ အမေ ပြန်ရောက်လာတယ်။ အဖေကလည်း နောက်တစ်ခါ ၀မ်းသွားချင်တယ် တဲ့။ ဒါနဲ့ ပထမကြိမ်လို ပြန်လုပ်ရတယ်။ ဒီတစ်ခါလည်း အိုးထဲက အရောင်က နဂိုအရောင်လိုပါပဲ။

ဝမ်းနှစ်ခါသွားပြီးချိန်မှာ အဖေ့အသက်ရှူပုံက သိသိသာသာ ပြင်းလာတော့တယ်။ ဒီလို ပြင်းလာတာက ပိုက် ကကြွက်သားတွေ ပိုပြီး လှုပ်ရှားစေပါတယ်။ ပိုလှုပ်ရတော့ ပိုက်အခြေ အနေက ရေတွေက ပိုထွက်လာတယ်။ စီးထွက်လာတဲ့ရေတွေကို တစ်ရှူးနဲ့ ထပ်ခါထပ်ခါ သုတ်ပေးရတယ်။ အဖေ့ကိုကြည့်ရတာ မသက်မသာခံစားနေရသလိုပါပဲ။ မျက်လုံးက နည်းနည်းပွင့်လာလိုက်၊ ပြန်မှိတ်သွားလိုက် ဖြစ်နေုတယ်။ ညည်းတော့မညည်းပါ။ သတိ လည်းရှိနေပုံပါ။ အမေကတော့ ဒုတိယ မြောက်အိုးကို သွားသွန်နေတယ်။
အဲဒီအချိန်လေးအတွင်းမှာ အဖေ့မျက်လုံးသူငယ်အိမ်က တဖြည်းဖြည်းကျဉ်းလာတယ်လို့ ကျွန်တော်ခံစား မိတယ်။ နောက်ထိုင်မယ်လို့ ကျွန်တော့်ကိုပြောတယ်။ စာရေးချင်တယ် လို့လည်းပြောတယ်။ ဒီလိုအခြေအနေ မှာ အဖေအတွက်ထိုင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်မှန်း ကျွန်တော်သိတယ်။ ဒါနဲ့ထလို့ဖြစ်ပါ့မလား။ မလွယ်ဘူး ထင်တယ်လို့ ကျွန်တော်ပြောရ တယ်။ ရတယ်၊ ထမယ်တဲ့။ ကျွန်တော်ူပေးကြည့်တယ်။ ထင်တဲ့အတိုင်းပါပဲ။

ခေါင်းအုံးကနေ စပြီးခွာလိုက်ကတည်းက အဖေ့ရဲ့သိမှုအာရုံက တဖြည်းဖြည်းနဲ လျှော ဆင်းနေပါပြီ။ ကျွန်တော်ခေါ်ကြည့် ပါတယ်။ အဖေ့ဆီက တုံ့ပြန်မှုကို မရတော့ပါ။ အိုးသွား သွန်တဲ့အမေ အနားပြန်ရောက် လာတော့ ဆရာဝန်ကို သွားခေါ်ဖို့ ကျွန်တော်ပြောလိုက် တယ်။ အဖေ့ကိုလည်း ခေါင်းအုံးပေါ်ကို အသာအယာပြန်ချပေးလိုက်တယ်။ တာဝန်ကျ ဆရာဝန်မရောက်လာပြီး နောက်ဆုံး အသက်ငင်နေပြီတဲ့။ ဘယ်အချိန် ကတည်းက ဖြစ်နေ တာလဲတဲ့။
ကရုဏာလိုလို၊ ဒေါသလိုလို အသံ နဲ့မေးတယ်လို့ ကျွန်တော်ခံစားမိတယ်။
အမေ့ ဘက်လှည့်ပြီး ကျွန်တော်ပြေလိုက်တယ်။

ဟုတ်တယ် အမေ၊ ဒါအဖေ့ရဲ့ နောက်ဆုံးအချိန်ဖြစ်နေပြီ။ ကျွန်တော် အစ်ကို့ဆီကို ဖုန်းဆက်ဦးမယ်ဆိုပြီး အဖေ့ဘေး က ခွာလိုက်တယ်။
သုံးလေးငါးမိနစ် အတွင်းမှာ အဖေ့ရဲ့ခန္ဓာငါးပါးစလုံးက အလုံးစုံ ရပ်ဆိုင်းသွားတာပါ။
ခဏလေးပါပဲ။
နည်းနည်းလေးပွင့်ကျန်နေခဲ့တဲ့ မျက်ခွံတွေကို ကျွန်တော်လက်နဲ့ ပိတ်ပေးလိုက်ပြီး အားလုံး ကို အဖေနှုတ်ဆက် သွားပြီဆိုတာလက်ခံလိုက်တယ်။
ဘာပဲဖြစ်ဖြစ် အဖေဟာ သူသွားရမယ့်လမ်းကို ဖြောင့်ဖြောင့်တန်းတန်းနဲ့ ရိုးရိုးသားသား ထွက်ခွာသွားတာပါ။ အဖေ သွားတဲ့လမ်း က ညီညာဖြောင့်ဖြူးမယ်လို့လည်း ကျွန်တော် ယုံကြည်နေမိပါတော့တယ်။

ပြီးပါပြီ
Real lives Real story  vol:11 (2012)
.

3 comments:

မေဓာဝီ said...

ဖတ်ရတာ စိတ်မကောင်းလိုက်တာ .......
ဆရာမောင်တင်ဆင့်က နောက်ဆုံးအချိန်ထိ စာရေးချင်စိတ်ရှိတဲ့ တကယ့် စာရေးဆရာစစ်စစ်ပဲ။
ဆရာမောင်တင်ဆင့် ကောင်းရာဘ၀ ရောက်ပါစေ။

မြန်မာပြည်ဟာ ကင်ဆာအဖြစ်အများဆုံးနိုင်ငံထဲမှာ နံပါတ် ၂ တဲ့ .... ဆိုးလိုက်တာ .... ။
မြန်မာပြည်မှာ ကင်ဆာဖြစ်စေနိုင်တဲ့ အစားအသောက်တွေ ထုတ်လုပ် ဖြန့်ဖြူး ရောင်းချခြင်းမှ ကင်းဝေးပါစေ ... ။ ဒီရောဂါဆိုးကြီးကို တိုက်ထုတ်နိုင်မယ့် ဆေးဝါးကောင်းတွေလဲ ဒီ့ထက်မက တိုးတက် တီထွင် ပေါ်ပေါက်နိုင်ပါစေလို့ပဲ ဆုတောင်းနေရတယ်။

စုစု said...

ဆရာ
ကောင်းရာဘုံဘဝရောက်ပါစေ။ ကင်ဆာဆိုတဲ့ရောဂါဆိုးကြီးမှလည်း သတ္တဝါတိုင်းကင်းဝေးနိုင်ကြပါစေ။

Unknown said...

Hardest final battle for an episode, Saya Mg Tin Sint got warm careness by beloved family around him was good blessing.
Rest In Peace Saya !