Tuesday, December 4, 2012

မစန္ဒာ ၏ မစပ်သောငရုပ်, အပိုင်း (၂)

ထို့ကြောင့် လည်း နွဲ့ရည်က အဖေ့အတန်းကို ရောက်လိုခြင်းဖြစ်သည်။ သူတကယ်တော်မတော်ကို အဖေ့ အား အစွမ်းပြ ချင်နေသည်။ အဖေအခုသင်ပြီး အခုပြန်မေးသမျှ စာတွေ ကို ဒေါက်ဒေါက်ပြေး အောင် ဆိုပြလိုက်ချင်သည်။ ဖြေပြလိုက်ချင် သည်။ နွဲ့ရည်သည် ကိုယ့် ဥာဏ်ကို ကိုယ် ယုံသည်။
သို့သော်နွဲ့ရည် သည် အဖေ့တပည့် မဖြစ်လိုက်ရ။ နွဲ့ရည်အဖေ့အတန်းသို့ရောက်မည့်နှစ်တွင်ပင် အဖေ အလုပ် ထွက် ခဲ့လေသည်။
ကို ဆက်ဖတ်ရန် .........

"ငါတော့ ထွက်စာတင်လိုက်တော့မယ်"
အဖေက အမေ့ကို ပြောသည်။ အမေက ဘာမျှမပြော၊ မောင်လေးအင်္ကျီပြဲကို ချုပ်နေရာမှ ဆက် မချုပ်တော့ ပဲ ငေးနေသည်။
"ဆရာတယောက်အနေ နဲ့ ဆိုပိုင်ခွင့်၊ ပြောပိုင်ခွင့်၊ ဆုံးမပိုင်ခွင့် အပြည့်အဝရှိရမယ်။ ခုတော့ ဆင်းရဲ တဲ့တပည့်တွေ ကိုပဲ ဆို၊ ပြော၊ ဆုံးမရမယ်။ ချမ်းသာတဲ့တပည့် မျက်နှာကြီးတဲ့တပည့်တွေကိုတော့ ဘာမှ မပြောရဘူး။ မဆုံးမရဘူးဆိုယင် ဒီ ဆရာအလုပ်က ဘာလုပ်ရတော့မှာလဲ။ ဆရာဆိုတဲ့ အဓိပ္ပာယ်ဟာ ဘာရှိတော့ မှာလဲ"
အဖေ ထိုမျှစိတ်ထိခိုက်သည်ကို နွဲ့ရည်တခါမျှ မမြင်ဖူးပေ၊ နွဲ့ရည်တို့ မောင်နှစ်မ ခြောက်ယောက် လုံး အမေ့ဘေးတွင် ၀ိုင်းထိုင်ကာ အဖေ့ကို မျက်နှာငယ်ငယ်လေးတွေနှင့် ကြည့်နေကြသည်။
ပြဿနာအစကိုတော့ နွဲ့ရည်သိသည်။ အဖေ့အတန်းမှ အဖေ့တပည့်နှစ်ဦး ကျောင်းတက်ချိန်တွင် ရန်ဖြစ်ပြီး ထိုးသတ်ကြခြင်းဖြစ် သည်။ အဖေက နှစ်ဦးလုံးကို သုံးချက်စီရိုက်ခဲ့သည်။

ကျောင်းတက် ချိန်တွင် စာသင်ခန်းထဲ၌ ရန်ဖြစ်ကြခြင်းအတွက် နှစ်ဦးလုံးတွင် အပြစ်ရှိသည်။ ကျောင်းသားနှစ် ဦးလုံး က သာမန်လက်လုပ်လက်စားများ၏ သားသမီးသာဖြစ်လျှင် ဘာနောက်ဆက်တွဲ ပြဿနာ မှလာမည် မဟုတ်။ ခုတော့ ကျောင်းသားတဦးက အဖေတို့မြို့ကလေးမှ ခရိုင်ရဲဝန်သားဖြစ်နေလေ သည်။ပြဿနာက ထိုနေရာမှ စခြင်းဖြစ်သည်။
ညနေ အိမ်ပြန်ရောက်တော့ သားက သူ့တင်ပါးမှအရှိုးရာကို သူ့အမေအားပြသည်။ ရဲဝန်ကတော် ကြီးလည်း အူနုကျွဲခတ် သလို ရင်ဘတ်စည်တီး ဖြစ်ရှာလေသည်။ နောက်နေ့မနက်ကျတော့ ကျောင်းကို လိုက် လာသည်။ ကျောင်းအုပ်ကြီးနှင့်တွေ့သည်။ သူ့သားလေးကို သူရွှေလိုဥ၍ ပိုးလို မွေးခဲ့ရသည့်အကြောင်း၊ ရက်ရက်စက်စက် ရိုက်ဖို့ မဆိုထားနှင့် လက်နှင့်ပင်မရွယ်ရက်သည့် အကြောင်း၊ ကလေးချင်းစကားနိုင်လု၍ ရန်ဖြစ်သည့် အမှုသည် မည်မျှကြီးကျယ်သောကြောင့် ထိုကျောင်းဆရာက အာဏာပါးကွက်သားလို အရှိုးရာချင်း ထပ်အောင် ရိုက်ရသနည်းဟု ပြောယင်း ငိုလေသည်။ ဒီကိစ္စကို သားတို့အဖေ မသိသေးသည့်အကြောင်း၊ သားတို့ အဖေသည် သူ့သား ကိုစကားပင် မာမာပြောသည်ကို မကြိုက်ကြောင်း၊ သိလျှင်မည်မျှ စိတ်ထိခိုက်မည် ကို တွေးပင် မတွေးရဲသည့်အကြောင်းကို ပြောယင်းရှိုက်လေသည်။

"ဆရာ သာအောင်ရယ်၊ ခင်ဗျားကတော့ ကျားပြီးကိုမှ ဓားနဲ့ခုတ်တော့တာကိုး"
ဆရာကြီးက ခေါင်းကုတ်၍ ညည်းသည်။
"မိန်းမကြီး ကလဲ ခတ်သည်းသည်းဗျ၊ တော်ကြာသူ့ယောက်ျားကို ငိုလားယိုလား၊ တိုင်လားတော လားလုပ်တော့မယ် ထင်တယ်"
အဖေ က နှုတ်ခမ်းကို တင်းတင်းစေ့ကာ ငြိမ်နေသည်။ ထိုတောက်မှ ခပ်ပြတ်ပြတ်ပြောသည်။
"ကျောင်းတက်ချိန် မှာ စာသင်ခန်းထဲမှာ ထိုးကြ ကြိတ်ကြ ရန်ဖြစ်ကြတာဟာ အပြစ်ရှိတယ် ဆရာ ကြီးရဲ့၊ တပည့်တစ်ယောက် ရဲ့ အပြစ်ကို ဆရာတယောက်အနေနဲ့ ဆုံးမတာ မဆုံးမသင့်ဘူးလား၊ ကျွန်တော်က ရန်ဖြစ် တဲ့ နှစ်ယောက်လုံးကို အတူတူအပြစ်ပေးတာပါ...၊ ကျွန်တော့်တပည့်တွေအား လုံးကို ကျွန်တော် ဆင်းရဲ ချမ်းသာမရွေး အတူတူချစ်ပါတယ်၊ အတူတူ ဂရုစိုက်ပါတယ်၊ ချမ်းသာလို့ ပိုလဲမချစ်ဘူး၊ လျှော့လဲမချစ်နိုင်ဘူး"
"ဟုတ်ပါတယ်... ဒါတော့ ဒါပေါ့လေ"
ဆရာကြီးက ခေါင်းကုတ်ပြန်သည်။ သူ့မျက်နှာတွင် ပြန်တက်လာသော အဆီများကို လက်ကိုင်ပဝါ နှင့် ပွတ် သုတ်ပြီး တံတွေးမျိုသည်။

"အခုဟာက... မိန်းမကြီးက ဆတ်ဆတ်လူးနေလို့ပါ"
"ဒါကတော့ သူ့သား ကို သူ ဖျက်ဆီးနေတာပဲ ဆရာကြီးရဲ့၊ ကိုယ့်သားသမီးကို ကိုယ်လဲမဆုံးမဘူး၊ ဆရာသမား ဆုံးမတာ လဲ မခံဘူးဆိုယင် ဒီကလေး ပျက်စီးမှာပဲ"
"အဲ... အဲ... သူ ပျက်စီးမှာက နောက်၊ လောလောဆယ်မှာတော့ ဆရာ ဆရာ ပျက်အဲ့..."
"အဖေ့မျက်နှာက တင်းသွားသည်။ သူ့ရှေ့မှ ဆရာကြီးကို စိုက်၍ကြည့်ကာ ကြွေကွဲစွာပြုံးလေ သည်။"
"ဒီတော့....ဆရာကြီးက ဘာလုပ်ချင်ပါသလဲ"
"မိန်းမကြီး ကို နည်းနည်းတောင်းပန်လိုက်ယင် ပြီးမယ်ထင်တယ်၊ အရှည်အရှည်ပြဿနာတွေ မဖြစ်စေချင် လို့ပါဆရာရယ်"
အဖေက နေရာမှ ဖြည်းညင်းစွာထသည်၊ ဆရာကြီး၏ အခန်း ပြတင်းပေါက် မှနေ ၍ ချောင်းကြည့်နေ သောနွဲ့ရည်ကို လှမ်းကြည့်သည်။

"အမြှောက်ကြိုက်ကြီးပါ ဆရာရယ် နည်းနည်းပါးပါးမြှောက်ပင့်ပြီး စကားရောဖောရော ပြောလိုက် ယင်ပြီးသွား မှာပါ...."
"ကဲ ဒီလိုဆိုယင်၊ ဒီကလေးက နောက်ထပ်ကျောင်းစည်းကမ်းတွေ ကျူးလွန်ယင်၊ အပြစ်တွေလုပ် ယင်၊ ကျွန်တော် မဆုံးမရတော့ဘူးပေါ့၊ ဟုတ်လားဆရာကြီး"
"အာ...ဒါတော့ ဒါကတော့... ဒီကလေးကလဲ ဆိုး ဆိုးတော့မယ် မထင်..."
အဖေ က သက်ပြင်းချသည်၊ နာကျင်ကြေကွဲစွာ ပြုံးသည်၊ ထို့နောက် ခပ်တိုးတိုးပြောသည်။
ကျွန်တော် ထွက်စာ တင်လိုက်ပါမယ်ဆရာကြီး၊ ကျွန်တော့်ကို ခွင့်ပြုပါအုံး
ဆရာကြီး အခန်းထဲက အဖေထွက်လာတော့ နွဲ့ရည်အဖေ့ဆီပြေးသွားသည်။ အဖေ့မျက်လုံးအိမ် တွင်မျက်ရည်များ ၀ဲနေသည်ကို တွေ့ရသည်။ စိုးရွံ့ထိတ်လန့်နေသော နွဲ့ရည်၏ခေါင်းလေးကို ပွတ်ခါခပ်သောသောပြော သည်။

"ဆရာလုပ်စားရတာ ပျင်းစရာကောင်းလာပြီ သမီးရေ...၊ အဖေတော့ ကူလီထမ်းရကောင်းမလား၊ ဆိုက်ကားနင်းရကောင်း မလား၊ မြင်းလှည်းမောင်း ရကောင်းမလား၊ ဘာများလုပ်စားရယင် ကောင်း မလဲဟင်"
အဖေ က အေးသော်လည်း ပြတ်သည်။ ထိုနေ့ ထိုရက်မှစ၍ ကျောင်းသို့မသွားတော့ပေ။
အမေ ကမူ အဖေ့ရှေ့တွင် ဘာမှမပြောသော်လည်း အဖေ့ကွယ်ရာတွင် ငိုလေသည်။ အမေငိုတော့ ညီမလေးနှင့်မောင်လေးတွေ ကလည်း ငိုကြသည်။ နွဲ့ရည်ကတော့မငို၊ ၀မ်းနည်းသော်လည်း ငိုချင် စိတ်မရှိ။ အဖေလုပ်တာ မှန်တယ် ဟူသောအသိက သူ့နှလုံးသားကို စိုးမိုးထားသည်။
ကျောင်း တွင် အဖေမရှိတော့သော်လည်း နွဲ့ရည်တို့ မောင်နှမတွေက ထိုကျောင်းတွင်ပင် နေမြဲ တိုင်းနေ သည်။ နွဲ့ရည်ကို တွေ့လျှင် ဆရာကြီးက "သမီးဖေဖေ ဘာလုပ်နေလဲ"ဟု မေးတတ်သည်။ မျက်နှာလည်း ညှိုးသွား တတ်သည်။

အဖေ့ကိုတောင်းပန်စကားပြောခိုင်းသော ဆရာကြီးကို နွဲ့ရည်က အစပိုင်း ကမူ တော်တော်ကလေး မေတ္တာပျက်မိသည်။ သို့သော်လည်း ဆရာကြီး၏ မျက်နှာညှိုးညှိုး ကိုမြင်တော့ နွဲ့ရည် စိတ်မဆိုးတော့ပဲ သနားသလိုလိုပင် ဖြစ်လာသည်။ အတွင်းစိတ် က အမှန်တရား ကိုသိသော်လည်း ထိုအမှန်တရားဘက်က ရဲရဲဝံ့ဝံ့မရပ်ရဲသော သူ၏စိတ်ဒုက္ခသည် လည်းတော်တော်ကြီး မည် ဖြစ်ကြောင်း နားလည်သဘောပေါက်၍ လာသလိုလိုရှိသည်။
"နွဲ့ရည်.. .နင့်အဖေက ခရိုင်ရဲဝန်သားကိုရိုက်လို့ အလုပ်ပြုတ်သွားတာဆို"
"ပြုတ်တာမဟုတ်ပါဘူး၊ ထွက်တာပါ"
"ပြုတ်တာ နဲ့ထွက်တာ ဘာထူးလို့လဲ ဟ"
"ထူးတာပေါ့၊ ပြုတ်တာက မလိုချင်လို့ ဖြုတ်ပစ်တာ၊ ထွက်တာက ကိုယ့်ဟာကိုယ် မလုပ်ချင်လို့ ထွက်တာ"
"နင့်အဖေ က ဆရာမလုပ်ချင်တော့ဘူးတဲ့လား"

"အေး"
"ဘာဖြစ်လို့လဲ"
"ဆရာဆိုတာ ဆရာအလုပ် လုပ်ရမယ်တဲ့"
"ဆရာအလုပ်ဆိုတာ ဘာလဲ၊ စာသင်တာလား"
"အေးပေါ့"
"နောက်ပြီးတော့ရော"
"မသိဘူးဟာ...မသိဘူးဟာ၊ လျှာရှည်လိုက်တာ၊ တကတဲ"
ဖြေရပါများတော့ နွဲ့ရည်စိတ်တိုသည်။ နွဲ့ရည်၏ သူငယ်ချင်းများက အဖေ့တပည့်များ မဟုတ်၍ အဖေ့ကို ချစ်ခင်ခြင်း မရှိလှပေ။ အဖေ့အတွက်လည်း ခံပြင်းခြင်းမဖြစ်ကြပေ။
"မသိလို့ မေးတာပါဟာ...နင်ကလဲ"
"အေး...မသိတိုင်း မမေးနဲ့၊ ဒီလောကကြီးမှာ နင်တို့မသိတာတွေ အများကြီးရှိသေးတယ်၊ မသိ တိုင်း လိုက်မေးနေ ယင် နင်တို့တွေမေးယင်းနဲ့ လျှာထွက်ပြီး သေမှာပဲ"
နွဲ့ရည် တကယ် စိတ်တိုလာတော့ သူငယ်ချင်းများငြိမ်သွားကြသည်။ သူတို့က သိလို၍မေးခြင်းဖြစ် သော်လည်း ထိုမေးခွန်း များက နွဲ့ရည်၏စိတ်ကို ညှဉ်းဆဲသလို ဖြစ်နေကြောင်းကို သူတို့သတိမပြု မိကြပေ။

နဂိုကတည်းက ပြေးလွှားဆော့ကစားခြင်း သိပ်မရှိသောနွဲ့ရည်သည် အခုတော့ ယခင်ထက် ပို၍ ငြိမ်လာသည်။ အလုပ်တခုခုတော့ မြန်မြန်လုပမှဖြစ်မယ်ဟု ပြောသောအဖေ့စကားကို ကြားယောင် သည်။ အမေ၏မျက်နှာ ညှိုးညှိုး ကို မြင်ယောင်သည်။ မိဘကို ကြင်နာသနားသော စိတ်သည် ထိုအချိန်ကစ၍ အမြစ်တွယ်ခဲ့လေသည်။
"သားသမီးတွေ များတော့အိုမကွာ၊ အိမ်မကွာအလုပ်မျိုးပဲ လုပ်ချင်တယ်၊ ဒါပေမယ့် မတတ်နိုင်ဘူး၊ လောလောဆယ်တော့ ဒီအလုပ်ပဲလုပ်ရမှာပဲ"
အဖေ က သက်ပြင်းရှိုက်၍ ပြောသည်။
"အဖေ ရယ် ဒီပြင်အလုပ်မရှိဘူးလား"
"မရှိဘူးသမီး၊ အဖေတို့မှာ ကုန်ရောင်းကုန်ဝယ် လုပ်ဖို့လဲ အရင်းအနှီးတပြားမှမရှိဘူး၊ ဆန်အိုး ထဲမှာလဲ ဆန်မရှိဘူး၊ ရရာအလုပ် ကိုပဲ လုပ်ရမှာပဲ၊ ဘာလဲ သမီးက ကုန်တင်ကားမောင်းတဲ့ သူရဲ့ သမီးဆိုတာကို ရှက် လို့လား"

"မရှက်ပါဘူး အဖေ"
"အေး....ဘာမှရှက်စရာမရှိဘူး၊ အဖေ သူများပစ္စည်းခိုးတာ မဟုတ်ဘူး၊ မတရားယူတာမဟုတ်ဘူး"
နွဲ့ရည် မရှက်၊ သို့သော် ၀မ်းနည်းသည်။ ကုန်တင်ကားကြီး၏ ရှေ့ခန်းတွင်ထိုင်ပြီး ကားမောင်း နေ သောအဖေ့ ကိုမြင်ရသည်မှာ မျက်စိထဲတွင် အချိုးမကျလှပေ။ မြေဖြူခဲကို နှစ်ရှည်လများ ကိုင်လာခဲ့ သောထိုလက်သည် ကားစတီယာရင် ကို ကျွမ်းကျွမ်းကျင်ကျင်မှ ကိုင်နိုင်ပါ့မလားဟု တွေးမိပြီး စိတ်ပူနေမိသည်။ ကုန်တင်ကား များဆိုတော့ ညဘက်တွင် မောင်းရသည်။ ကုန်ကိုလိုရာပို့ပြီးသည့် နောက်၌ ထိုအရပ်က ကုန်ကိုစောင့်၍ တင်ကာပြန်မောင်းခဲ့ရသည်။ အဖေတခါသွားလျှင် တပတ်၊ ဆယ်ရက် ကြာတတ်သည်။  ပထမဆုံး အဖေအိမ်ပြန် မအိပ်သောညက နွဲ့ရည်အိပ်မပျော်။ "ငါတို့ ကတော့အိပ်လို့....၊ အဖေကတော့.... ကားမောင်းနေ ရမှာ၊ ညောင်းနေမှာပဲ၊ မျက်စိတွေဖန်ပြီး အိပ်ချင်နေမှာပဲ"ဟု တွေးယင်းအိပ်မပျော်နိုင်အောင် ဖြစ်နေသည်။

အမေကလည်း အိပ်မပျော်၊ ဘုရားစင်တွင် ဖယောင်းတိုင်ထွန်းပြီး ခဏခဏဘုရာရှိခိုးနေလေသည်။ ပထမဆုံး အခေါက်တွင်မှု အဖေသိပ်မကြာ၊ သုံးရက်အကြာတွင် ပြန်ရောက်သည်။ ရလာသောငွေကို အမေ့လက်ထဲထည့် သည်။
"ဘ၀စာမျက်နှာ အသစ် ဖွင့်ရတာပဲဟေ့...ကျောင်းဆရာအလုပ်နဲ့တော့ တခြားစီပဲ"
အဖေ က ရယ်ရယ်မောမောပင်ပြောသည်။ ဘုရားပွဲနှင့်ကြုံ၍ အဖေ၀ယ်လာသော ပစ်တိုင်းတောင် အရုပ် ကလေးခြောက်ရုပ် ကို သားသမီးခြောက်ဦးအား တခုစီပေးသည်။
"ဟောဒီမှာတွေ့လား...ဘယ်လိုပစ်ပစ် ဘယ်တော့မှမလဲဘူး၊ အမြဲတမ်းထောင်နေတဲ့ ပစ်တိုင်း တောင်...၊ ပစ်တိုင်းထောင် တဲ့ ပစ်တိုင်းထောင်... ဘယ်လောက်အတုယူစရာ ကောင်းသလဲ၊ ဘယ်လောက် အားကျစရာ ကောင်းသလဲ"
အဖေက ပစ်တိုင်းထောင်လေးများ ကို တခုပြီးတခုပစ်ပြသည်။

လိမ့်လိမ့်ပါအောင်ပြေးသော ပစ်တိုင်း ထောင်လေးများသည် အရှိန်သေသွားသည်နှင့် ဆတ်ကနဲ ပြန် ၍ထောင်သွားတတ်သည်။
"ပစ်တိုင်းထောင်ကို အတုယူကြ သားတို့သမီးတို့ရဲ့၊ ဟောဒီကအဖေ့ရဲ့ သားတွေသမီးတွေအ ကုန်လုံး လောကဓံ ဆိုတာကို ကြုံကြရဦးမှာပဲ၊ တယောက်တည်း ခါးစည်းပြီး ခံရတဲ့အခါ ခံကြရမှာ ပဲ၊ အဲဒီအခါ ဟောဒီပစ်တိုင်းထောင်လေးတွေကို သတိရကြ၊ တည့်တည့် ကျကျ၊ စောက်ထိုး ကျကျ၊ မှောက်လျက် ကျကျ၊ ပက်လက် ကျကျ၊ ပြန်ပြီးထကြ၊ ထောင်ကြ ဟုတ်လား"
အဖေ့စကား ကို ဘယ်သူမှဂရုစိုက်နာထောင်မနေကြတော့။ ကြမ်းပေါ်တွင် ပစ်တိုင်းထောင်တွေ လှိမ့်ပြီး တဟေးဟေး တဟားဟားဆူညံကုန်သည်။ အဖေကပျော်ရွှင်ဆူညံနေသော သားသမီးများ ကို တဦးချင်းကြည့် သည်။ နောက်ဆုံးတော့ အဖေ့မျက်လုံးက အမှောင်ရိပ်တွင် ရပ်နေသော နွဲ့ရည်၏ အပေါ် သို့ကျရောက်လာသည်။ နွဲ့ရည်က သူရသောပစ်တိုင်းထောင်လေးကို ဆုပ်ကိုင် ကာအဖေ့အား ကြည့်နေသည်။

"အဖေပြောတာ နားလည်လား သမီး"
အဖေက လှမ်းမေးသည်။ နွဲ့ရည် ခေါင်းညိတ်သည်။
"မှတ်ထားနော်"
နွဲ့ရည်က ထပ်၍ ခေါင်းညိတ်ပြလိုက်သည်။

အဖေပေးသော ပစ်တိုင်းထောင်လေးကို နွဲ့ရည်အသေအချာ သိမ်းဆည်းထားသည်။ ကြမ်းပေါ်တွင် လှိမ့်ပြီးမပစ်ရက်၊ မဆော့ရက်။ ပဉ္စမတန်း အတန်းတင်စာမေးပဲ ဖြေခါနီးတုန်းကရထားသော အရုပ် ကလေးသည် အဋ္ဌမတန်း ရောက်သည်အထိ အကောင်းပကထိ ရှိလေသည်။ ၀တ်ရည်တို့၊ ဖိုးသောကြာတို့ အရုပ်ကလေး များသည်ကား ပိန်ချိုင့်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်ကုန်ပြီဖြစ်သည်။ အ၀တ်ထည့်သော ထန်းခေါက်ဖာထဲတွင် အ၀တ်စုတ်နှင့် ထုပ်၍ထည့်ထားသော နွဲ့ရည်၏အရုပ်က အသစ်အတိုင်းရှိနေ၍ မောင်လေးတွေက မျက်စောင်း ထိုးသည်။ နွဲ့ရည်မပေး။
"ညည်းကလဲအေ... ကလေးမဟုတ် သူငယ်မဟုတ်၊ ဒီပစ်တိုင်းထောင်ကို မက်မက်မောမော"
အမေက အပြစ်တင်သည်။ နွဲ့ရည်က အမေ့ကိုတော့ ဘာမှပြန်မပြောရဲ၊ သို့သော် မောင်တွေ ကို တော့တိုးတိုးတိတ်တိတ်ကြိမ်းထားသည်။ "နင်တို့တွေ ငါမသိပဲများ ငါ့အရုပ်ကို ယူယင်အသေပဲ"ဟု မျက်နှာထားနှင့်ပြောထားသည်။ မောင်တွေ၊ ညီမတွေအပေါ် ဘယ်သောအခါမှ အနှမြော၊ အတွန့် တို မရှိခဲ့သော နွဲ့ရည် သည် ဒီပစ်တိုင်းထောင်လေးကိုတော့ အထိမခံ။

အမေကတော့ ဘာမှမသိ။ "ပစ်တိုင်းထောင်"ကို ကစားစရာဟုထင်သည်။ နွဲ့ရည်အတွက်မူ ထိုပစ် တိုင်းထောင်လေး သည် ကစားစရာမဟုတ်။ "ဘ၀သတ္တိ"၏ အမှတ်အသားဖြစ်သည်။ ထိုပစ်တိုင်း ထောင်လေး ကို မြင်တိုင်း တည့်တည့် ကျကျ၊ စောက်ထိုးကျကျ၊ မှောက်လျက်ကျကျ၊ ပက်လက်ကျ ကျပြန်ပြီး ထကြ၊ ထောင်ကြဟူသော အဖေ့စကားကို အမှတ်ရသည်။
"နွဲ့ရည်ရေ... ငရုတ်သီးလေးတွေ ခူးချည်ပါဦး သမီးရယ်၊ ဒီမှာခရမ်းချဉ်သီးငါးပိချက်ထဲ ထည့်ရအောင်"
အမေ က မီးဖိုထဲမှ လှမ်းအော်၍နွဲ့ရည် နေရာမှထသည်။ အိမ်ရှေကဖိနပ်ချွတ်တွင် မြေပန်းအိုးနှင့် ထည့်ကာ စိုက်ထားသောငရုတ်ပင် မှ ငရုတ်သီးလေးများကို တထောင့်ချင်း ခူးယူသည်။
"အစ်မငရုတ်ပင် က ဟန်ကျသားပဲ၊ အိမ်မှာငရုတ်သီးစိမ်းဝယ်ဖို့မလိုဘူး၊ လိုယင်ခူးစားရုံပဲ"
ဝတ်ရည်နှင့် ဖိုသောကြာက ဖိနပ်ချွတ်တွင် ဖိနပ်ဖင်ခုထိုင်ပြီး ကြံချောင်းများကို အခွံခွာနေသည်။

အဖေ ကားမောင်းသော အလုပ်မှရသည့်ဝင်ငွေသည် ကျောင်းဆရာဘ၀က ၀င်ငွေထက်ပင် များသေး သော်လည်းနွဲ့ရည်တို့တအိမ်သားလုံး ၀၀လင်လင် စားလောက်ရန်ကား မပြည့်စုံပေ။ နွဲ့ရည်တို့၊ ၀တ်ရည် တို့က အသက်ကလေးတွေ ကြီးလာတော့ မိဘကိုတတ်အားသမျှ ကူညီရန် စဉ်းစားကြသည်။ ကြံဝယ်ပြီး ကြံပန်းခိုင် လုပ်ကြသည်။ ထိုတောက် အိမ်ရှေ့တွင် ဗန်းကလေးနှင့် ချပြီး ရောင်းသည်။ ငါးမူး တကျပ်တော့ မြတ်သည်ပင်။ အမေ့အတွက်ငါးပိဖိုးရသည်။ သူတို့အတွက် ခဲတံဖိုး၊ ချွန်စက်ဖိုးရသည်။ အဖေ့သားသမီး များက အဖေ့သွေးအပြည့်ပါသည်မို့ "ကြံပန်းခိုင်နော်... ကြံပန်းခိုင်ချိုချိုလေး"ဟု တယောက် တလဲအော်ရန် ၀န်မလေးကြ။
"ဖိုးသောကြာ က အဲဒီငရုတ်ပင်အောက်မှာ ကြက်သွန်နီတဥတူးမြှုပ်ထားတယ် သိလားအစ်မ၊ ကြက်သွန်မိတ် စား ရအောင်တဲ့"
ဝတ်ရည် က သတင်းပေးသည်။ နွဲ့ရည်က ငရုတ်ပင်ရင်းကို ငုံ့ကြည့်မိသည်။ အမိတ်ထွက်စ ကြက် သွန်ဥလေး တလုံးကမြေကြီးထဲ မှ တပိုင်းပေါ်နေသည်။

နွဲ့ရည်တို့ အိမ်ကလေး မြေအပိုတလက်မမျှပင် မရှိပေ။ ထို့ကြောင့် နွဲ့ရည်က သူငယ်ချင်းအိမ်မှ ငရုတ်ပင်ပေါက်လေး ရလာတော့ မြေပန်းအိုးထဲသို့ လမ်းဘေးက မြေတူးထည့်ပြီး စိုက်ထားရခြင်း ဖြစ်သည်။
ငရုတ်ပင်လေး လည်း တဖြည်းဖြည်းကြီးလာသည်။ ထို့နောက် အပွင့်တွေဝေလာသည်။ ယခုတော့ ငရုတ်သီးစိမ်းစိမ်း နီနီလေးတွေက မိုးပေါ်မတ်မတ်ထောင်ကာ မြိုင်မြိုင်ဆိုင်ဆိုင်သီးနေကြပြီ ဖြစ်လေ သည်။ လိုချင်လျှင် လိုသလောက် ခူးတို့လိုက်ရုံသာ။ နွဲ့ရည်တို့ တအိမ်ထောင်တော့ ကောင်း ကောင်း စားလောက်သည်။
"အစ်မ ငရုတ်သီးတွေကလဲ စပ်လိုက်တာ ၀ီခေါ်နေတာပဲ"
"ငရုတ်မှန်ယင် စပ်ရမှာပေါ့ ၀တ်ရည်ရဲ့"
"ဟော.. .အဖေပြန်လာပြီ"
ဝတ်ရည် က ကြံချောင်းကို ပစ်ချကာအဖေ့ကိုဆီးကြိုသည်။ အဖေ့မျက်နှာတွင် ချွေးပြန်နေသည်။ သူ့လက်ထဲမှ လွယ်အိတ် ကို လှမ်းပေးပြီး "ရေ...အေးအေး တခွက်"ဟု ပြောသည်။
နွဲ့ရည် လည်း အိမ်နောက်ဖေးသို့ အမြန်ဝင်ခဲ့သည်။ လက်ထဲမှ ငရုတ်သီးလေးများကို အမေ့အား ပေးပြီး ရေအိုးစင်မှ ရေအေးအေးတခွက်ကို ပြည့်ပြည့်ခပ်ယူလိုက်သည်။

"ဟူး...ညောင်းလိုက်တာ"
အဖေက ရေကိုတရှိန်ထိုး မော့သောက်ရင်း ချွေးစိုနေသော ရှပ်အင်္ကျီကိုချွတ်ပစ်လိုက်ပြီး သူ့ရင်ဘတ် ကိုသူ လေနှင့်မှုတ်နေသည်။ နွဲ့ရည်က ယပ်ခပ်ပေးမည်ပြုသောအခါ အဖေက လက်ကာ၍...
"နေပစေ၊ ချွေးငုပ်သွားမယ် သမီး"
"အဖေလဲ ပင်ပန်းလိုက်တာ"
"ပညာမတတ် တဲ့ လူတွေလုပ်တဲ့ အလုပ်ကိုးသမီးရဲ့၊ ပင်ပန်းတာပေါ့"
အဖေက ပြုံး၍ပြောသည်။ သို့သော်အဖေ့အပြုံးက မရွှင်လှပေ။ တပည့်ပေါင်း သောင်းခြောက် ထောင် ကိုယဉ်ကျေးရန်၊ သိမ်မွေ့ရန်၊ သွန်သင်ဆုံးမ လမ်းပြခဲ့သော အဖေသည်စရိုက်ကြမ်း၊ အနေ ကြမ်းသော ကားသမားများ ကြားတွင်အနေရ အထိုင်ရကျပ်ဟန်တူသည်။ သို့သော် ပိုက်ဆံကလေး ရလာယင် စားလိုက် ယင်း ကုန်လိုက်ယင်းနှင့်မိုက အရင်းအနှိးလည်း မစုဆောင်းနိုင်။ အလုပ်အသစ် လည်းပြောင်းလဲပြီး မလုပ်နိုင် ခဲ့ပေ။

"အဖေ"
"ဖိုးသောကြာက လှမ်းခေါ်သည်"
"ဘာတုံးကွ"
"မစပ်တဲ့ငရုတ် ရှိလားဟင်"
"အဖေတော့ မကြားဖူးပေါင်ကွာ"
"ရှိယင် စားကြည့်ချင်လိုက်တာဗျာ"

"မစပ်တဲ့ငရုတ်များ ဘာလုပ်ဖို့လဲ သားရယ်...၊ ငရုတ်သီးဖြစ်ပြီး မစပ်ယင် ဒီငရုတ်သီးဟာ တာဝန် မကျေတဲ့ ငရုတ် ပဲ"
"ကြံဖြစ်ပြီး မချိုယင်ကော အဖေ"
ဝတ်ရည်က ကြံခွဲယင်းမှ လှမ်းမေးသည်။
"ကြံဖြစ်ပြီး မချိုယင်လဲ ဒီကြံမှာ ချွတ်ယွင်းချက် ရှိလို့ပဲ၊ ကြံရဲ့တာဝန်က ချိုဖို့"
"ဒီလိုဆို ရှောက်သီးရဲ့တာဝန်က ချဉ်ဖို့၊ ကြက်ဟင်းခါးသီးရဲ့တာဝန်က ခါးဖို့"
ဖိုးသောကြာက နှုတ်ရေးစကားတတ်လုပ်ကာ ဆက်၍ရွတ်သည်။ အဖေကရယ်နေစဉ် အိမ်နောက် ဖေးမှ အမေ ထွက်လာသည်။ ဖိုသောကြာ၏စကားကို ကြားတော့ခပ်ပြုံးပြုံးပင် ၀င်ပြောသည်။
"သားတို့၊ သမီး တို့ တာဝန်ကစာကျက်ဖိုက၊ ပညာရှာဖို့"
"အမေ တို့၊ အဖေတို့ တာဝန်က ထမင်းချက်ဖို့၊ ပိုက်ဆံရှာဖို့"

ဖိုးသောကြာက အားကျမခံထပ်၍တွန့်သည်။ သူ့စကားကိုသူ ဟုတ်လှပြီဟု သဘောကျနေ သော်လည်း ၀တ်ရည်က သူ့ကိုတံတောင်နှင့်တွက်ကာ မျက်စောင်းထိုးသည်။
"ထမင်းချက် ဖို့၊ ပိုက်ဆံရှာဖို့ဆိုယင် နင့်ကိုငွေတသိန်းနဲ့ ထမင်းချက်တယောက် ပေးမယ်၊ ကဲ... နင်အဖေ နဲ့အမေနဲ့ လဲမလား"
"ဟ...ဘာလို့ လဲရမှာလဲ"
ပြူးတူးပြဲတဲ ဖြစ်သွားသော ဖိုးသောကြာအား ကြည့်ကာ အားလုံးရယ်မိကြသည်။ အဖေ၏မျက်နှာ တွင် ထင်ဟပ်နေသော ပင်ပင်ပန်းပန်း၊ နွမ်းနွမ်းနယ်နယ် အရိပ်အရောင်များလည်း အတန်ငယ်ပြေ ပျောက်သွားသည်။
"မိဘနဲ့သားသမီးမှာ တာဝန်တွေ ၀တ္တရားတွေ ဘယ်လိုရှိတယ်၊ ဘယ်ညာရှိတယ်ဆိုတဲ့ သတ်မှတ် ချက်တွေတော့ ရှိတာပေါ့လေ၊ ဒါပေမယ့် ဒါတွေထက်အရေးကြီးတာက၊ တန်ခိုး အင်အားကြီး တာက စေတနာ နဲ့မေတ္တာပါ"
အဖေ က ခပ်တိုးတိုးပြောသည်။

"မိဘမေတ္တာကို ကိုယ်ကိုယ်တိုင် မိဘဖြစ်လာတဲ့ တနေ့ကျမှ နားလည်မှာပဲ သားတို့သမီးတို့ရေ"
အမေက ၀တ်ရည်၏လက်ထဲမှ ဓားကိုလှမ်းယူကာ ကြံဆစ်ပိုင်း အ၀ိုင်းလေးတွေရအောင် ဖိ ကြိတ်ပြီး လှီးဖြတ် သည်။ ဓားက တုံးနေတော့ တိတိရိရိ မပြတ်ချင်ပေ။
နွဲ့ရည် သည် အမေ့လက်ချောင်းပိန်ပိန်လေးမျာကို ငေးကြည့်နေမိသည်။ အမေ့လက်ကလေးများ သည်ဘယ်တော့ မှ အလုပ်နှင့်ပြတ်သည်ဟူ၍မရှိ။ အိပ်ချိန်တွင်ပင် အနားမနေရ။ အငယ်ဆုံး၊ အဆိုး ဆုံး၊ ညီမလေးဝတ်မှုန် က "ယားတယ်.....ယားတယ်"နှင့် ဂျီတိုက်လွန်းသောကြောင့် သူကျော်ပွတ် ပြီးခပ်သာသာ ကုတ်ပေးနေရတတ်သေး သည်။
"သားသမီး ခြောက်ယောက်လုံး ဘွဲ့တွေရ၊ ပညာတတ်ကြီးတွေဖြစ်၊ ဟော...ဘွဲ့ဝတ်စုံတွေ ကိုယ်စီဝတ်ပြီး အ မေ ကလဲ ပ၀ါကြီးခြုံလို့ ဓာတ်ပုံတွဲရိုက်လိုက်ရယင် သေပျော်ပြီ ကလေးတို့ရေ"
"ဖြစ်လာရမှာပေါ့ကွာ"

အမေက မျှော်လင့်တကြီးပြောသည်။ အဖေက နှစ်သိမ့်စကားဆိုသည်။ အသက်ကို၀၀ရှုကာ ခါးကိုမတ်၊ ပခုံးကိုမြှင့်ထားလိုက်သော အဖေ့ရုပ်သွင်သည် နွဲ့ရည်မျက်စိထဲတွင် စွဲသွားသည်။ ဘယ်တာဝန်တွေ ဘယ်လောက်ပိပိ၊ ဘယ်လောက်လေးလေး၊ ငါတို့နိုင်အောင် ထမ်းမယ်ကွ ဟု ကြွေးကြော်နေသယောင်ရှိလေသည်။
"ကဲ...ပြောစမ်း ဖိုးသောကြာ၊ ငါ့သားက ကြီးယင် ဘာလုပ်မှာလဲ"
"စစ်တိုက် တဲ့ ဗိုလ်ကြီးဗျ"
"သမီး ၀တ်ရည်ကရော"
"စာသင်တဲ့ဆရာမ"
အမေက နွဲ့ရည်ကို လှမ်းကြည့်သည်။ ထိုနောက် ပြုံး၍မေးသည်။
"ကဲ...ငါ့သမီးကြီး နွဲ့ရည်ကရော...ဘာလုပ်မှာလဲ"
"အင်ဂျင်နီယာ"
နွဲ့ရည် က အမေ့ကိုမော်ကြည့်ကာ တိုးတိုးဖြေလိုက်လေသည်။

........................................
"လုပ်ချင်တာလဲ မလုပ်ရပါ၊ မလုပ်ချင်တာတွေလဲ လုပ်ရတာ၊ ဟောဒီမောင် ကီလီဈေးမှာလေ၊ ဟိုဒီပြေး လို့ကွယ့် ပိုက်ဆံရှာ၊ အဲဒါ...အဲဒါ...အဲ...ဒါ...ဘ၀...သံသရာ"
ကိုကြာရိုး၏အသံက မနွဲ့ရည်ကို လှုပ်၍နှိုးလိုက်သည်ကဲ့သို့ ရှိသည်။ မနွဲ့ရည်သည် မျက်တောင် တဖျပ်ဖျပ်ခတ်ယင်း သူ့မျက်စိရှေ့မှ ကိန်းဂဏန်းမျာကို စူးစိုက်၍ ကြည့်လိုက်သည်။

    ဆွာမိ ......... ငါးကြင်းပေါက်    ၁၀-ပိဿာ
    မအေးညွန့်.... ငါးမြစ်ချင်း(ကြီး) ၁၂-ပိဿာ
    ဦးထူး........... ငါးမြစ်ချင်း(သေး) ၁၅-ပိဿာ
    ဒေါ်လှရင်....   ငါးခေါင်းပွ          ၁၀-ပိဿာ
မနွဲ့ရည်က ကိန်းဂဏန်းများကို ဆက်ဖတ်မနေတော့၊ ဂဏန်းတွက်စက်ကလေးကိုသာ ကောက် ကိုင်လိုက်သည်။ တခုချင်းရေးပြီး တွက်သွားတော့သည်။ ငါးတွေက အချိန်ကိုသာ ရေးရေးထား သည်၊ ဈေးနှုန်းကိုတော့ မသတ်မှတ်ရသေး။ ငါးယူသွားသော ငါးသည်တွေကလည်း ငါးကိုသာ ယူသွား သည်။ ငွေကိုမပေးချေသေး။ မနေ့မနက်က ဒီငါးတွေယူသွားပြီး ဆိုင်ရာဆိုင်ရာ ဈေးတွင် ရောင်းပြီးကြပြီမို့ သူတို့လက်ထဲတွင်လည်း ငွေပေးပြီဖြစ်သည်။ နက်ဖြန်မနက်လာလျှင် သူတို့ သည်မနွဲ့ရည် သတ်မှတ်သောဈေးနှင့် မနေ့ကငါးဖိုးငွေကို ချေပြီး နောက်ထပ်ငါးများကို ယူသွား ကြမည်ဖြစ်သည်။ ငါးလောက တွင်တော့ အကြွေးမပေး၍လည်း မဖြစ်၊ လက်ငင်းချေစနစ်နှင့်သာ ရောင်းလျှင်လည်း ဒီငါးတွေတောင်ပုံ ရာပုံ ကို မြန်မြန်ထက်ထက်ရောင်း၍ ပြီးနိုင်မည်မဟုတ်။ ဒီတော့ ယုံကြည်မှုကို အရင်းခံပြီး အလုပ်လုပ်ရသည်။ တချို့ကတော့ ညစ်သည်။ ဒီနေ့ဒီဒိုင်တွင် ငါးယူသွား ပြီးနောက်တနေ့ကျတော့ ဟိုဘက်ဒိုင်မှာ သွားဝယ်သည်။ ပိုက်ဆံကိုမဆပ်တော့ပဲ ရှောင်သည်။

ရန်ကုန်ဈေးတွေက ယူရသောငါးအချိန်မှာ ဆယ်ဂဏန်းတွေမို့ တော်သေးသည်။ အကြွေးမရသော် လည်း ရာဂဏန်း၊ ထောင်ဂဏန်းသာဖြစ်သည်။ နယ်သမားတွေကျတော့ ပိုဆိုးသည်။ အချိန်က ရာဂဏန်၊ ထောင်ဂဏန်းဖြစ်သည်။ ဒီတော့လည်း အကြွေးငွေ က ထောင်ဂဏန်း မက၊ သောင်းဂဏန်း ထိ ရောက်သည်။ ဈေးသမားတွေလို ဒီနေ့ပေး၊ နောက်နေ့ရှင်း စနစ်နှင့်လည်း မဟုတ်၊ ငါးများကိုသာ ကုန်တင်ကားနှင့် တိုက်၍တိုက်၍ သယ်သွားသော် လည်း ငွေကိုတော့ တော်တော်နှင့်မရှင်းတတ်။
"မအေပေး ဒူးရင်းသီးသည်၊ တခြင်းအစိတ်ဆိုလို့ တန်လှချည်ကလေးဆိုပြီး ၀ယ်မိပါတယ်...ချီးမှ ပဲ၊ ခုအထိ တလုံးမှမကောင်းသေးဘူး၊ နုလဲနုသေး၊ ရေကလဲဝင်သေး၊ ဒီမှာကြည့်ပါအုံးကွာ၊ စားကြည့်လိုက် ယင် ရေ အတိုင်းပဲ၊ ရေကမှသူ့ထက်ချိုဦးမယ် ထင်တယ်"
ရယ်သံများ ကို ကြားရသည်။ ပုစွန်ပွဲစား ကိုလှဝေ၏အသံဖြစ်သည်။ မနွဲ့ရည်လည်း ရယ်ချင်သွား သည်။ ဒူးရင်းသီးဆယ်လုံး ပါသော ခြင်းတခြင်းကို အစိတ်ဟုဆိုတော့ တလုံးနှစ်ကျပ်ခွဲသာ ကျသည်။ ကောင်းမည် ချိုမည်သာ ဆိုလျှင်တန်လိုက်မည့်ဖြစ်ခြင်း။

"အချင်းချင်းတွေကိုကွာ၊ ချီး...မကောင်းယင်လဲ မကောင်းဘူး ပြောရောပေါ့၊ ဟင်း...လာပလေ့စေ၊ ငါ့ဆီကိုလာပြီး ပုစွန်လေး ဟင်းစားရောင်းပါအုံးဆိုမှ အပုပ်တွေရောင်းလိုက်အုံးမယ်"
"ရှင့်ပုစွန်ပုပ်ကို ၀ယ်ပါလိမ့်မယ် အားကြီး၊ ငါးတွေပုစွန်တွေက ဒူးရင်းသီးလို အခွံဖုံးမထားဘူးရှင့်၊ ကြည့်လိုက် ယင် အသိသာကြီး"
"ချီး...တလုံးတဆယ်တန် ၀ယ်စားလိုက်ရ ကောင်းသား၊ အဲဒါကမှ ကောင်းအုံးမယ်၊ ငွေကုန်ရကျိုး နပ်ဦးမယ်"
"တဆယ့်နဲ့နှစ်ကျပ်ခွဲ ဒီလောက်ဈေးကွာနေမှ ရှင်ကသာလို့ နှစ်ကျပ်ခွဲတန်ဝယ်သေးလဲ၊ အပေါစားလိုက်တာကိုး ခံပေါ့"
တယောက်တပေါက်အသံများကို ကြားရသည်။ ဒူးရင်းသီးနံ့ကလည်း ငါးညှီနံ့နှင့်အတူရောပြီး ဝေ့၀ဲနေသည်။

ဒီငါးစိမ်းတန်းထဲတွင် ငါးညှီနံ့ကတော့ ဘယ်တော့မှပျောက်မည်မဟုတ်။ ငါးတွေ ပုစွန်တွေကို ဒီရုံကြီးထဲ တွင် တောင်ပုံရာပုံပုံပြီး ရောင်းခဲ့သည်မှာနှစ်ပေါင်းများစွာ ကြာလေပြီမို့ အောက်ခင်း သမံတလင်း ကြမ်းတွင် သာမက နံရံတွေ၊ ထုပ်တန်းတွေ၊ ခေါင်မိုးပြးတွေမှာပါ အညှီနံ့ ကစွဲနေပြီဖြစ်သည်။ အညှီနံ့စွဲနေသော မီးမှိန်မှိန် လင်းသော၊ ရေခဲခွဲသံတဂျီးဂျီးနှင့်ဆူညံသော ဒီရုံကြီးထဲတွင် မနွဲ့ရည်ကျင်လည်ခဲ့သည်မှာ ငါးနှစ်ခန့်ရှိပေပြီ။ တခါတရံလည်း ရန်ဖြစ်သံကို ကြားရသည်။ ဆဲသံဆိုသံ၊ တိုင်းသံ၊ ထွာသံများကို ကြားရသည်။ ထိုအသံများ ကိုလည်း မနွဲ့ရည် နားယဉ်ပြီ၊ ရောမရောက်လျှင် ရောမသားလိုပင် ကျင့်ရမည်မို့ သူကိုယ်တိုင်လည်း အနည်းအကျဉ်း တော့ဆဲတတ်ဆိုတတ်ပြီ။
"ကျော်ကျော်.... နင်ဈေးစနည်းနားပြီးပြီလား"
"ပြီးပြီ အစ်မ"
"ငါးမြစ်ချင်း ဘယ်ဈေးဖြတ်သလဲ"
"ဆယ့်လေးခွဲ အစ်မ"
"သူတို့အကောင်တွေက ဒီထက်ကြီးလား"
"ဒီလောက် ပိဿာဝန်းကျင် အကောင်တွေပါပဲဗျာ၊ ယောင်ယောင်လေးတော့ ကြီးမလား မပြော တတ်ဘူး၊ ဒါပေမယ့်သူတို့ ငါးက နည်းနည်းပွပြီဗျ၊ ကျွန်တော်တို့လောက်မလတ်ဘူး"
"တို့ငါးက လက်လိုက်တာရဲနေတာပဲ၊ ဒါဆိုယင်ဈေး အတူတူပဲ ဖြတ်မယ်"

"အကောင်သေးကတော့ ဆယ့်သုံးတဲ့"
"ဒီလိုဆို တို့အကောင်းသေးကို ဆယ့်နှစ်ခွဲပဲ တော်ပြီ၊ ငါးကြာင်းကရော"
"ဆယ့်ခြောက်၊ နည်းနည်းသေးတယ်"
"ဒီလိုဆို တို့ကနည်းနည်းကြီးတာ ဆယ့်ခြောက်ပေါ့ဟုတ်လား၊ ခေါင်းပွကတော့ တခြားဒိုင်မ၀င် ဘူး ထင်တယ်၊ ဆယ့်တစ်ခွဲပဲဖြတ်လိုက်မယ်"
မနွဲ့ရည်ကသူ့ဒိုင်တွင် အလေးမှန်ရမည်၊ ဈေးသက်သာရမည်ဟူသော မူကိုလက်ကိုင်ထားသည်။ အမြတ် နည်းနည်းနှင့်များများရောင်းသည်။ တနေ့တနေ့ လက်ကျန်ငါးမထားပဲအပြတ်ရှင်းပစ် သည်။ ဈေးကိုင် ၍ထားကာ ယိုင်ပတ်ပြီး ရေခဲလည်းမရိုက်ချင်ပေ။

တကယ့်တကယ်တော့ မနွဲ့ရည်တို့က တပိဿာလျှင် ငါးမူးသာစားရသော ငါးပွဲစားဖြစ်သည်။ ငါးလက်ကျန် များလျှင်လည်း သူနှင့်မဆိုင်၊ နယ်မှပို၍ရောင်းသူ နာမည်ဖြစ်လေသည်။ မည်သည့် ဈေးနှင့်ဖြတ်ရောင်းရောင်း မနွဲ့ရည်က သူ့ဒိုင်တွင် တင်၍ ရောင်းပေးခအဖြစ် တပိဿာလျှင် ငါးမူး ရမည်ဖြစ် သည်။ နာစရာရှိ လျှင် ရောင်းသူသော်လည်းကောင်း၊ ၀ယ်သူသော်လည်းကောင် တဦးဦး ကသာလျှင် နစ်နာမည်ဖြစ်လေသည်။ မနွဲ့ရည်က ကြားပွဲစားမို့ နာစရာမရှိ။ မနွဲ့ရည်က ငါးဈေးကို မြှင့်၍ဖြတ် လျှင်ကား ရောင်းသူ ကသာသွားမည်ဖြစ်ပြီး နှိမ်၍ ဖြတ်လျှင်ကား ၀ယ်သူက သာသွားမည် ဖြစ်သည်။ ဒီတော့လည်း မနွဲ့ရည်က ကြားမှနေ၍ ရောင်းသူလည်းမနာအောင်၊ ၀ယ်သူလည်း မနာအောင်၊ ငါးလက်ကျန်လည်းမရှိအောင်၊ စဉ်းစားပြီး ဈေးဖြတ်ရလေသည်။ ကိုယ်ဈေးဖြတ်မှား လျှင် နောင် ဆိုလျှင် ကိုယ့်ဒိုင်ကိုလာပြီး ငါးတင်သူလည်း ရှိမည်မဟုတ်။ ငါးဝယ်သူလည်း ရှိမည် မဟုတ်။

ဆက်ရန်
.

No comments: