တဘက်ခန်းကတော့ ပါးစပ်ကို အနားမပေးသေးဘူး။ ဆူကြတုန်း။ ပူကြတုန်း။ အခန်းက ဖယ်ပေး ဖို့ နှင်ကြတုန်း။ မငွေမ အိပ်ရာထက် ပြန်ခွေနေမိတယ်။ သွားလေသူ ကိုဘဦးကို တမ်းတမိ တယ်။ မြင်ယောင်မိ တယ်။ ကိုဘဦး သာ ရှိစမ်းကြည့်။ ရှိတာမရှိတာထား။ နောက်ဆုံး ဆားဖြူးပြီး စားရအုံး။ လူမစော်ကာဝံ့ဘူး။ လူရိုသေ ရှင်ရိုသေတော့ရှိမယ်။ ခုတော့ မုဆိုးမချင်းတောင် ကိုယ်ချင်း မစာဘူး။ ကျေးဇူးတရားကို မထောက်ထား ဘူး။ ပြောထွက်တယ်။ ပြောရက်တယ်။ ကို ဆက်ဖတ်ရန် ...........
မငွေမတို့ ရွာကန့်လန့်ကနေ ရန်ကုန်ပြောင်းလာတော့ နေစရာထိုင်စရာက အခက်အခဲရှိတယ်။ အိမ်ရှာရတယ်။ အိမ်ရှာ ယင်း ကိုဘဦး ရဲ့ အစ်ကို ကိုကြာညိုကို အကြောင်းပြုပြီး မညို့ယျောက်ျား ကိုပြုံးနဲ့ ဆက်မိရော။
မညိုတို့က မင်္ဂလာရပ်ကွက်မှာ နေတယ်။ ဒါပေမယ့် ကျူးကျော်ရပ်ကွက်။ ပြီးတော့ အိမ်မဟုတ်ဘူး။ အိမ် မဟုတ်ဘူး ဆိုတော့ တဲလားမေးယင် တဲလို့တောင် မဆိုသာဘူး။ တင်းကုပ်မကျတဲမကျ။ တဲကုပ်ကလေးရယ်။ တဲစုတ် ကလေးရယ်။
တခုတော့ ရှိတယ်။ ကျူးကျော်ရပ်ကွက်မှာဆိုပေမယ့် မြေနေရာကလေးတော့ ရထား တယ်။ ပေ နှစ်ဆယ် လေးဆယ်တော့ ရှိ မယ်။ အိမ်မဆောက်နိုင်သေးလို့ ပြီးစလွယ်သဘောနဲ့ တဲထိုးနေရတာ။
ကိုပြုံး က အိမ်ငှားပြီးနေရမယ့်အတူတူ သူ့အိမ်မြေနေရာမှာပဲ နှစ်အိမ်ထောင် နေလောက်အောင် ပြင်ဆောက်ဖို့ အကြံပေး တယ်။ သူက မြေစိုက်မယ် ဆိုပါတော့။
ကိုကြာညို ကလဲ တိုက်တွန်းတယ်။ အိမ်စပေါ် ပေးရမယ့်အတူတူ အိမ်ဆောက်ပြီး နေလိုက်တာ ကောင်းသတဲ့။
သည်တုန်း ကိုပြုံး ကလဲ အလုပ်အကိုင် မကောင်းဘူး။ ကြုံရာကျဖမ်းလုပ်ကိုင်နေရတယ်။ ရတဲ့အခါရ၊ မရတဲ့အခါ မရနဲ့။ ငတ်တခါ ပြတ်တလှည့် ဖြစ်နေတယ်ဆိုပါတာ့။
ကိုကြာညို ကလဲ အပြောက ခပ်ကောင်းကောင်းရယ်။ ကိုဘဦးတော်ကြောင်း တတ်ကြောင်းတွေကို အမွှန်း တင်တယ်ပြော တယ်။ လက်သမားအတတ်မှာ တဘက်ကမ်း ခက်တယ်လို့ ဆိုတယ်။ ပညာယူထားဖို့ ကိုပြုံး ကိုလဲ တိုက်တွန်းတယ်။
ကိုပြုံး ကလဲ တွက်ပြီးသား။ အိမ်ဆောက်ပြီးယင် ကိုဘဦးနဲ့ တွဲပြီး အလုပ်လုပ်မယ်။ ပညာသင်ယင်း အလုပ်လုပ်၊ အလုပ် လုပ်ယင်း ပညာသင်။ ပညာလဲရမယ်။ နေ့တွက်လဲ ကိုက်မယ် သည်လိုတွက်မိ တယ်။
ကိုဘဦး အိမ်မရှာဖြစ်တော့ဘူး။ ကိုယ်တိုင်က လက်သမားဆရာဆိုတော့ အိမ်တလုံး ကောက်ပြီး ဆောက်ဖို့ရာ အခက်အခဲ မရှိဘူး။ သည်တော့ အကျဉ်းချုံးပြီး အိမ်တလုံး ကောက်ဆောက်လိုက် တယ်။ ခေါင်းရင်းခန်းမှာ ကိုပြုံး တို့နေ။ ကိုဘဦး နဲ့ မိသားစုက ခြေရင်းခန်းမှာ နေတယ်။
ကိုပြုံး လဲ အကြံအဖန်ဖြစ်တယ်။ ကိုဘဦးနဲ့လိုက်ပြီး အိမ်လိုက်ဆောက်တယ်။ ပညာလဲရတယ်။ ၀င်ငွေလဲ မှန်လာ တယ်။
အိမ်တလုံး သာ လက်ခံလိုက်ရပြီဆိုယင် ကိုဘဦးအတွက် မဆိုးသလို ကိုပြုံးအတွက်လဲ မဆိုးဘူး။
သုံးပင်နှစ်ခန်း ဆိုပါတော့။ လက်ခက ထောင့်ငါးရာပဲ ယူတယ်။ ကာပြီး၊ ရံပြီး၊ ခင်းပြီး၊ မိုးပြီးအထိ ကြာလှ ဆယ့်ငါးရက်ပဲ။ တပည့်လက်သားကလဲ ပါလှ ကိုပြုံးနဲ့ နောက်နှစ်ယောက်။ ကိုဘဦးနဲ့ဆို ယင်လေးယောက်။
ကိုဘဦး က တပည့်လက်သားတွေ့အပေါ် မတရားညှာတယ်။ တကယ့် ဆိုယင် နေ့စားပေး ပြီးခေါ်ယင်ဖြစ် တယ်။ ခေါင်းပုံဖြတ် လို့ ရနိုင်တယ်။ ဒါပေမယ့် မဖြတ်ဘူး။ ဝေစားမျှစာလို့ပဲ သဘော ထားတယ်။ ကိုဘဦး အတွက်က ငါးရာ။ ကျန်တဲ့တထောင်ကို တပည့်သုံးယောက် ညီတူမျှတူ ယူကြ။
အချို့ လက်သမားဆရာကျတော့ ကိုဘဦးလို မဟုတ်ဘူး။ ထောင့်ငါးရာနဲ့ လက်ခံတယ်။ ဆယ့်ငါးရက်နဲ့ တက်သုတ် ရိုက်ပြီး ဆောက်တယ်။ တပည့်လက်သားကျတော့လဲ နှစ်ယောက်ပဲ သုံးတယ်။ အဲသည် တပည့်လက်သားနှစ်ယောက် ကို တရာ့ငါးဆယ်ပဲပေးတယ်။ တနေ့တဆယ်။ ဆယ့်ငါးရက်ဆိုတော့ တရာ့ငါးဆယ် ပဲ ဖဲ့ပေးရတယ်။ ကျန်တာက သူ့အိတ်ထဲသပိတ်ဝင် အိတ်ဝင် ဆိုပါတော့။
မောင်ပြုံး လို အဆင့်က နေ့စား တဆယ်တောင်မတန်ဘူး။ အထမ်းအမပဲ အားထားရတဲ့ ပညာ သက်သက်ပဲ။
တွဲဖက်လုပ်ရ တဲ့ ကျန်တပည့်နှစ်ယောက်နဲ့စာယင် ကွာသမှအလွန်ကွာတယ်။ ဒါပေမယ့် သည်နှစ် ယောက်ကလဲ ကိုဘဦး ရဲ့ စေတနာကို သိထားပြီးသားမို့ တွက်မနေတော့ဘူး။ ပြီးတော့ နေ့စား နဲ့စာယင် အများကြီးသာတယ်။ သည်တော့ ကျေနပ် တယ်။
တခုတော့ ရှိတယ်။ သစ်သားအပြည့်အစုံ ရှိလို့ကတော့ ဆယ့်ငါးရက်နဲ့ အိမ်ကိစ္စပြီးပြတ်တယ်။ ဒါပေ မယ့် အိမ်ရှေ့ စမြင် နောက်ဖေးစမြင်တော့ ကျန်တယ်။ ကိုဘဦး ဆက်မကိုင်တော့ဘူး။ တပည့် လက်သား သုံးယောက် ပဲ ဆက်ကိုင်ခိုင်းတယ်။ ဒါလေးကလဲ မဖြစ်စလောက် လုပ်ရတာပါ။
တပည့် လက်သားတွေ အိမ်ရှေ့စမြင် အိမ်နောက်စမြင် ဆက်ကိုင်နေတုန်း ကိုဘဦးက အလုပ်သစ် ရှာတန် ရှာရ တယ်။
အဲ... တိုင်စုံအိမ် ဆောက်ရတဲ့အခါမျိုးမှာတော့ ပိုပြီးအလုပ်ဖြစ်တယ်။ တိုင်စုံအိမ်ဆောက်ရဖို့က တော့ ရှားတယ်။ ဒါပေမယ့် ဆောက် ရဖူးတယ်။
သုံးပင်နှစ်ခန်း ကတော့ လွယ်တယ်။ တိုင်ကလဲ ကိုးလုံးပဲ ရှိတယ်။ လက်ခကလဲ ထောင့်ငါးရာရယ်။ တိုင်စုံ ဆိုတော့ တိုင်အလုံးနှစ်ဆယ်။ ဒါတောင် နေရောင်ကာအလွတ်။ လက်ခကျတော့လဲ သုံး ထောင်ကျော်တယ်။
ကိုဘဦး ကတော့ သူ့တပည့်သုံးယောက်နဲ့ပဲ ဖြစ်အောင်ဆောက်သွားတယ်။ ကြာလှ တလပဲဆိုပါ တော့။ ဒါပေမယ့် ရန်ကုန် လိုနေရာမျိုးမှာ တိုင်စုံအိမ်ဆောက်ရတာ နည်းတယ်။ နည်း ဆို ပေလေးဆယ် ခြောက် ဆယ်လောက် နဲ့ က ဆောက် ဖို့ ခက်တယ်။ လေးဆယ် ခြောက်ဆယ်ဆိုတော့ သုံးပင်နှစ်ခန်း လောက် ပဲ ချောင်ချောင်ချိချိ ဆောက် လို့ရတာမျိုး။
တိုင်စုံအိမ်ကျတော့ ဘိုးဘွားပိုင်မြေလို၊ ခြံမြေလိုမျိုးမှပဲ ဆောက်လို့ဖြစ်တယ်။
အိမ်မကြီး ရဲ့ခန်းဖွင့်ခြေခြောက်ချောင်းကတင် ငါးတောင်ပတ်လည်။ အခန်းက သုံးခန်း ဆိုတော့ ခေါင်းရင်း က ခြေရင်းအထိ ဆယ့်ငါးတောင်။ အိမ်ရှေ့က နောက်ဖေးကို လေးခန်း။ သည်တော့ အတောင်နှစ်ဆယ်။ ဒါက အိမ်မ ပဲရှိသေးတယ်။
ခြေရင်းက ကုံးထည့်ရမယ်။ ကုံးကလဲ အကျယ်ရှစ်တောင်တော့ ရှိမှ။
နေရောင်ကာ အတွက်က ရှိသေးတယ်။ ဘာပဲပြောပြော သုံးတေင်လောက်တော့ ရှိတယ်။ သည် တော့ ခြေရင်း ခေါင်းရင်း ချန် မယ်ဆိုယင် ပေလေးဆယ် ခြောက်ဆယ်မှပဲဖြစ်မယ်။
တိုင်စုံ အိမ် တလုံးကို အဆင်သင့်တက်နေလို့ဖြစ်တဲ့ အထိဆိုယင် တလပဲ ကြာတယ်။ သည်တော့ သုံးပင်နှစ်ခန်း အိမ်နှစ်လုံးစာ အတွက် လက်ခရတယ်။
တခါတခါတော့ အိမ်ဆောက်ချင်တဲ့လူ ကလဲ လက်သမားအတတ်ကို တီးမိခေါက်မိထားတတ် တယ်။ ပြီးတော့ မိသားစု နဲ့ ဝိုင်းချင်တဲ့သဘောမျိုး။ လက်သမားခကိုတော့ လျှော့ယူ။ သည်လိုမျိုး ကိုလဲ ကိုဘဦးကတော့ လက်ခံ လိုက်တာပဲ။
တခါတော့ အာသောကလမ်းထဲက အိမ်တအိမ်အပ်တယ်။ အိမ်ဆောက်မယ့်သူကလဲ လက်သမား လုပ်ဖူးတယ်။ အကုန်အကျ နည်းနည်းနဲ့ အိမ်ပြီးစေ့ချင်တယ်။ မိသားစု ဝိုင်းဝန်းလုပ်အားပေးမယ်တဲ့။ ဆောက်ချင်တာကလဲ ပုံစံ ဆန်း။ လေးပင်ခေါင်ပျောက်။
လေးပင်ခေါင်ပျောက်က မြေလတ်ပိုင်းမှာသာ အဆောက်များတယ်။ ဒါပေမယ့် ကိုဘဦးကတော့ မဖြစ်တာ မရှိ ဘူး။ လက်ခံ လိုက်တယ်။
တကယ့်တကယ် မှာ ကိုဘဦး တယောက်တည်း သွားလုပ်လို့ ဖြစ်တယ်။ တိုင်းထွာပေး ရုံလောက်၊ ဖြတ်တောက် စရာရှိတာကို အိမ်သူအိမ်သားတွေကိုခိုင်း၊ မပါမဖြစ်တဲ့နေရာမျိုးကမှ ကိုဘဦးကိုယ် တိုင်ဝင်။ သည်လို လုပ်ရတာမျိုး။
ဒါပေမယ့် ကိုဘဦးတစ်ယောက်တည်း မျိုမကျဘူး။ ကိုယ်ချင်းစာတယ်။ အထူးသဖြင့် ကိုပြုံးကို ကျေးဇူးလဲ ရှိ တယ်။ ပြီးတော့ သူ့မှာလဲ သမီးပျိုလေး နှစ်ယောက်နဲ့။ သည်တော့ ကိုပြုံးကိုပါ အပါ တွဲခေါ်တယ်။ အဲ... လုပ်ရမှာ ကျတော့ ကိုဘဦးသာ ဒိုင်ခံ။
ရတာက လက်ခက တစ်ထောင်ရယ်။ သည်တုန်းကလဲ နှစ်ယောက်သား အညီအမျှ ခွဲယူလိုက် တယ်။
အဲသည် လက ဆိုယင် အာသောကလမ်းက လေးပင်ခေါင်ပျောက်တလုံး ဆောက်ရလို့ အလုပ် မပြတ်တာ။ မဟုတ် ယင် ငတ်ပေါက်တိုးပြီ။
သာကေတ မှာ သုံးပင်နှစ်ခန်းအိမ်တလုံး ဆောက်နေတုန်း ကိုပြုံး ကောက်ကာငင်ကာဖျားပြီး ဆုံး တယ်။ အိမ်စကိုင် လို့ သုံးရက်လား ရသေးတယ်။ ကိုပြုံး အလုပ်မဆင်းနိုင်တော့ဘူး။
ဒါပေမယ့် ကိုပြုံး အတွက် ကိုဘဦးက ဝေပုံကျ ခွဲဝေပေးတယ်။ ပြီးတော့ တပည့်လက်သား နှစ် ယောက်ကို ငါးဆယ်စီ ကူဖို့ပြောတယ်။ ကိုဘဦးက တရာကူတယ်။ အားလုံးအတွက် ကိုဘဦးကပဲ စိုက်ထား တယ်။ ငွေအကျေချေတော့ မှ တပည့်တွေဆီက ပြန်ဖြတ်တောက်ယူတယ်။
ကိုပြုံးရဲ့အသုဘကိုလဲ ကိုဘဦးကလဲ ကမကထုပ်ပြီး ကူညီဆောင်ရွက်ပေးခဲ့တယ်။
စကား ကတော့ ရှိဖူးတယ်။ ကိုဘဦးရှိစဉ်က မညိုကိုပြောဖူးတယ်။ တကယ်လို့ သည်အိမ်ကို ရောင်း ချပြီး ရင်းနှီး စားချင်တယ်ဆိုယင် သူနဲ့ သူ့မိသားစု အိမ်ပြောင်းပေးမယ်ဆိုတဲ့အကြောင်း။ ဒါကလဲ စေတနာနဲ့။ လင်ယောက်ျား မရှိတော့ဘူး ဆိုတော့ အနစ်နာခံပြီး ကူညီတဲ့သဘောနဲ့ ပြောခဲ့တာ။ သည်တုန်းကတော့ မညို တခွန်းမှ မဟ ခဲ့ဘူး။ ကိုဘဦးရဲ့စေတနာတွေကြောင့် အားတုံ့အားနာဖြစ် နေတဲ့ပုံ။
ခုတော့ မညို က အချိုးပြောင်းပြီး။ မငွေမတို့မိသားစုကို နှင်ချပြီ။ ကိုဘဦးက မငွေမ ရဲ့ယောက်ျား မဟုတ်တဲ့ အတိုင်း။
မညို က မုဆိုးမဘဝရောက်ပေမယ့် ကံကတော့ မဆိုးဘူး။ ကိုပြုံး မသေမီ ထိုးသွားတဲ့ ထီနှစ်စောင် အနက်က တစောင် က ငါးထောင်ဆု။ သမီးနှစ်ယောက် ကို စက်ချုပ်သင်တန်းပို့တယ်။ ခုတော့ နှစ် ယောက်စလုံးကို ခိုင်းစားလို့ ရနေပြီ။
ဖိုးဝါ ဆေးဝယ်ရာ က ပြန်ရောက်လာတယ်။ မငွေမ ဆေးကို ပါးစပ်ထဲ ပက်ထည့်ပြီး ရေနဲ့မျှောချ လိုက်တယ်။
သိမေ့ သိမေ့ နဲ့ မငွေမ အိပ်ပျော်သွားတယ်။
................................................................................................................................
ဖိုးဝါ သည်နေ့ စောစောအိပ်ရာထတယ်။ မနေ့ကတော့ ဒန့်သလွတ်ရွက်နုချူပြီး တာမွေဈေး နဲ့ ကျောက်မြောင်းဈေး မှာ သွင်းတယ်။ သည်နေ့တော့ ဒန့်သလွတ်ပင်မှာ အရွက်နု မရှိတော့ဘူး။
ဒါပေမယ့် အကြံရပြီးသား။ ရဲယိုသီး လိုက်ဆွတ်မယ်။ အပင်လဲ မြင်ထားပြီးပြီ။ လေးဆယ့်ခြောက် လမ်းထဲ က မြေကွက်လွတ် တစ်ခုမှာ အပင်တွေ့ထားတယ်။ ပြွတ်နေအောင် သီးနေတယ်။ နောက် တပင်ကတော့ ကိုင်းတန်းဈေးရှေ့ကွေ့ မှာ။
ဈေးလဲ စနည်းနာပြီးပြီ။ တလုံး ငါးပြားတော့ အောက်ထစ်ရမယ်။ တာမွေဈေးကလဲ မှာ တယ်။ ကျောက်မြောင်းဈေး ကလဲ မှာတယ်။ ပြီးတော့ သုံးဆယ့်ရှစ်လမ်းဈေး ကလဲ မှာတယ်။
ခက် တာက နှစ်ပင်ပေါင်းမှ အလုံးလေးငါးဆယ် ရယင် ကံကောင်း။
တာမွေဈေး နဲ့ ကျောက်မြောင်းဈေးက ဈေးသည်သုံးလေးဦး မှာတာကတော့ နည်းတယ်။ တဦးကိုမှ ဆယ့်လေးငါးလုံး စီရယ်။ အရောင်းရ ထိုင်းတယ်တဲ့။
သုံးဆယ့်ရှစ်လမ်းဈေး က ဈေးသည်မကြီး မှာတာကတော့ များတယ်။ ရင့်ရင့်မှည့်မှည့်သာဆိုယင် ရသလောက်ယူမယ် တဲ့။ ယိုထိုးဖို့ လို့ ဆိုတယ်။
ဘာပဲပြောပြော နှစ်ပင် ကတော့ ပြေးမလွတ်တော့ဘူး။ ဒါပေမယ့် မလုံလောက်သေးလို့ စဉ်းစားရ တယ်။ သွားယင်း လာယင်း ကြည့်ထား မြင်ထာတာ ရှိတယ်။ သွားသတိရပြီ။ ဘောက်ထော်ဘက် မှာ။
ဖိုးဝါ ဘောက်ထော် ကို အယင်ထွက်ခဲ့တယ်။ အိမ်ကထွက်တော့ လမ်းစရိတ်ဆိုလို့ တပြားတချပ်မှ ပါမလာဘူး။ သည်တော့ တာမွေဈေး ကို အယင်ဝင်လိုက်တယ်။ အသီးအရွက်သွင်းနေကျ ဖောက် သည်မိန်းမကြီး ဆီက ပြားငါးဆယ်ကြိုတောင်း လိုက်တယ်။ ဆယ်ပြားကုန်တော့ ဘောက်ထော်ကို ရောက်တယ်။
သည်ဘက်မှာတော့ ရဲယိုပင် လဲ ပေါတယ်။ မြေကြီးမှာကြွေကျနေတာကကို မြင်မကောင်း ရှု မကောင်းအောင်ပဲ အလေ့ကျတော့ လဲ မဟုတ်ဘူး။ သဌေးတွေရဲ့ခြံထဲမှာ ဒါပေမယ့် စိုက်သာစိုက် ထားတာ အသုံးချသူ မရှိ သလောက်။
လိုချင်တဲ့ အသီးအရွက်သာတွေ့၊ ဖိုးဝါ ရအောင်တောင်းတတ်တယ်။ သနားအောင် ပြောပြီးတောင်း ယင် ဘယ်သူ က မပေးဘူးလို့ ငြင်းမလဲ။ အိမ်မှာ ဟင်းချိုခတ်သောက်လို့ဖြစ်တဲ့ ဒန့်သလွန်လို အရွက်မျိုးကိုတောင် ဖိုးဝါ ရအောင်တောင်းနိုင်သေး တာပဲ။
ခုဟာက ရဲယိုသီး။ ဆေးဖက်ဝင်တယ်။ ပိုပြီး အတောင်းရလွယ်တယ်။ ရဲယိုသီးတောင်းခူးယင်း ရဲယို ရွက်နု ကလေး ပါ အဆစ်ပါအောင် ခူးဖို့လဲ စိတ်ကူးမိပြီးသား။ အရွက်က အသီးထက်ပိုပြီး ဈေးကွက် မှာ မျက်နှာရ တယ်။
ဖိုးဝါ ခြံတခြံရှေ့ မှာ ရပ်လိုက်တယ်။ ရဲယိုပင်က သီးလိုက်တာ ပြွတ်ခဲနေတယ်။ ဒါပေမယ့် ခြံတံခါး ပိတ်ထားတော့ ခက်နေ တယ်။
ကံကောင်းချင်တော့ ခြံရှေ့မှာ ကားတစီး ထိုးဆိုက်လိုက်တယ်။ ကားဟွန်းသံပေးလိုက်တော့ တံခါး ဖွင့်ပေးဖို့ မိန်းကလေး တယောက် ရောက်လာတယ်။
ဖိုးဝါက ရဲယိုသီး ခူးခွင့်ပေးဖို့တောင်းတယ်။ အကြောင်းကလဲ ကောင်းတယ်။ သူက ဘုန်းကြီး ကျောင်းသား။ ဆရာတော် က ဆေးဖော်ဖို့ ရဲယိုသီး အခူးလွှတ်လို့ လိုက်ရှာရတဲ့အကြောင်း။
တံခါး လာဖွင့်ပေးတာက အိမ်ဖော်မိန်းမငယ်။ ကားနဲ့လိုက်လာသူက ဧည့်သည်။ သည်တော့ ခူးလှည့်လို့ ဘယ်သူ မှ ခွင့်မပြုသေးဘူး။
အိမ်ဖော်မိန်းကလေး ကတော့ ပြောတယ်။ သူ သွားပြီး အကျိုးအကြောင်း ပြောကြည့်အုံးမယ်တဲ့။ ခွင့်ပြုယင် လာပြောမယ် လို့ ဆိုတယ်။
ဖိုးဝါက အပိုင်တွက်ပြီးသား။ မရမရှိ ရမှာပဲ။ ရဲယိုဆိုတာ သည်နေရာမျိုးမှာ အမှိုက်။ ရှုပ်က ရှုပ်နဲ့။ အသုံးကျတာ မှလဲ မဟုတ်ပဲ။ ပြီးတော့ ဆရာတော် ဆေးဖော်ချင်လို့ရယ် လို့ လင်္ကာချောအောင် မုသားဆောင်ထားပြီးပဲ။
ဖိုးဝါ တွက်ထားတဲ့အတိုင်းပဲ ဖြစ်လာတယ်။ အိမ်ဖော်ကောင်မလေး ရောက်လာတယ်။ ခူးခွင့်ပေး တယ်တဲ့။
လွယ် လိုက်တဲ့ အဖြစ်။ ရဲယိုဆိုတော့ တက်စရာလဲ မလိုဘူး။ အပင်က နိမ့်တယ်။ တံချူပါယူလာ တော့ တံချူနဲ့ လှမ်း ချူရုံပဲ။
မကြာလိုက်ဖူး။ အကင်းကလေးတွေလောက်ပဲ ကျန်တယ်။ အရင့်တွေအားလုံး ခြွေလိုက်တယ်။ မှတ်ကရော။ တပင်တည်း နဲ့ လေးဆယ့်ခြောက်လုံးတောင် ရလိုက်တယ်။ ပြီးတော့ ကြံရွယ်ထားတဲ့ အတိုင်း အရွက်နု ကလေးတွေပါ ခူးလိုက်တယ်။
အိမ်ဖော်ကောင်မလေး က ရပ်ပြီး စောင့်ကြည့်နေလို့ တော်တန်ရုံနဲ့ပဲ ဖိုးဝါ လက်စသတ်လိုက်တယ်။
နောက်ထပ် ရဲယိုပင်သုံးပင် ထပ်တွေ့တယ်။ တောင်းလို့ရတယ်။ သည်တော့ အလုံးကိုးဆယ်ကျော် ကျော် ထပ် ရလိုက်တယ်။ စုစုပေါင်း တရာ့သုံးဆယ်ရှစ်လုံး။
တာမွေဈေးကိုလဲ သွင်းဖို့စိတ်မကူးတော့ဘူး။ ကျောက်မြောင်းဈေးအတွက်လဲ စိတ်မကူးတော့ဘူး။ အလီလီ အလာလာခွဲပြီး သွားနေရမယ်။ သည်တော့ သုံးဆယ့်ရှစ်လမ်းဈေးကို စုပေါင်းသွင်းလိုက် မယ်။
နောက်နေ့တွေအတွက် ထားရအုံးမယ်။ သည်နေ့တော့ ပါလာတဲ့ ဂုန်နီလက်ဆွဲအိတ်ကြီးလဲ ပြည့် ပြီ။ ပြီးတော့ လေးလဲ လေးလှပြီ။ ဝမ်းထဲကလဲ စကားပြောနေပြီ။
ဘာပဲပြောပြော ခုနစ်ကျပ်ကတော့ သေချာနေပြီ။ အရွက်ကလဲ ရှိသေးတယ်။ အရွက်ကိုတော့ တာမွေဈေး မှာပဲ ရောင်းလိုက်လို့ဖြစ်တယ်။ လိုချင်သူတွေ ရှိတယ်။ အရွက်က အောက်ထစ် တကျပ် ခွဲ နျစ်ကျပ်တော့ ရနိုင် တယ်။
ဖိုးဝါ ကားဂိတ်ကို ခြေဦးလှည့်တယ်။ အဝိုင်းလေး မှတ်တိုင်ကနေ (၁)ကားစီးပြီး တာမွေဈေးမှာ ဆင်းတယ်။ ကြိုတင်ငွေ ပြားငါးဆယ်ပေး တဲ့ ဈေးသည်ကို အရွက်တွေ အာလုံးသွင်းလိုက်တယ်။ နောက်ထပ် တကျပ်ခွဲ ထပ်ပေးတယ်။ အသီး ကို မေးတယ်။ နောက်ရက်မှပဲ ရမယ်လို့ပြောပြီး ထွက် ခဲ့တယ်။
တာမွေဈေး ကနေ (၁)ကားပြန်စီးတယ်။ သုံးဆယ့်ရှစ်လမ်းမှာ ဆင်းတယ်။ ရဲယိုသီးမှာထားတဲ့ မိန်းမ က အားလုံး ယူထားလိုက်တယ်။ တောင်းတဲ့အတိုင်း ခုနစ်ကျပ်ပဲ ပေးလိုက်တယ်။ ထပ်ပြီး ရယင်လဲ ယူခဲ့ပါအုံးတဲ့။
သည်နေ့တော့ ဖိုးဝါ မနေ့ကထက် တွက်သားကိုက်တယ်။ မနေ့က ဘာရတာမှတ်လို့။ သုံးကျပ် တောင် နေစောင်းအောင် ရှာရတယ်။
သည်နေ့ ကတော့ နေ့တွက် လဲ ကိုက်ပါမှ။ မငွေမလဲ ဈေးမထွက်နိုင်ဘူး။ ရင်ကျပ်နေတယ်။
ဈေး မရောင်းရ လို့ ဝင်ငွေမရှိဘူး။ ပြီးတော့ ထွန်းအောင် ပန်းနာရင်ကျပ်ပျောက်ဆေးဆိုတာအတွက် ကလဲ တကျပ် ခွဲတော့ ထွက်ကိုထွက်ရလိမ့်အုံးမယ်။
သည်နေ့ ဖိုးညိုလဲ ဗာဒံရွက် အခူးမထွက်ဘူး။ ဖိုးဝါက မထွက်ခိုင်းတာ။ ဒါပေမယ့် ဖိုးညိုကို ဖိုးဝါ တနေရာ ကိုတော့ လွှတ် ထားတယ်။ ကန်တော်ကြီးစောင်း ကို သွားခိုင်းထားတယ်။ ရေစပ်မှာ ဂုံး ကောင်ကောက် ခိုင်း လိုက်တယ်။
ဆီမပါ ပျားမပါ နဲ့ စားရတဲ့ရက်တွေလဲ များနေပြီ။ တနေ့လာလဲ ခရမ်းချဉ်သီးထောင်း။ တနေ့လာလဲ ခရမ်းချဉ်သီးထောင်း။ သည်တော့ ဖိုးဝါ ဟင်းကောင်းကလေးနဲ့ တနေ့တလေ စားချင်တယ်။ အမေနဲ့ အစ်မ ကိုလဲ ကျွေးချင်တယ်။
ဂုံးကောင် ကိုတော့ တအိမ်လုံး ကြိုက်ကြတယ်။ အစ်မလုပ်သူ ခက်မြင့်ကလဲ ဂုံးကိုတော့ တအိမ်လုံး ကြိုက်အောင် ချက် တတ်တယ်။ ဖခင်ဖြစ်သူ ကိုဘဦး လဲ အလွန်ကြိုက်တယ်။
ညကတည်းက ညီအစ်ကိုနှစ်ယောက် တိုင်ပင်ပြီးသား။ ဖိုးဝါက ဆန်ဖိုးဆီဖိုး ရအောင်ရှာမယ်။ ဖိုးညို က ဂုံးကောင်တော်တော် များများရအောင် သွားရှာခဲ့ရမယ်။ စီစဉ်ထားတဲ့အတိုင်း ဖိုးဝါအဖို့ကတော့ တာဝန်ကျေပြီ။
ဖိုးဝါ လေကလေးချွန်ပြီး မင်္ဂလာရပ်ကွက်ကို ပြန်လာတယ်။
ဗိုက်ကတော့ ဟာတယ်။ ဒါပေမယ့် ဖိုးဝါ တကိုယ်တဝမ်းတည်း မျိုမကျဘူး။ ဆာဆို မွန်းတိမ်းပြီးပြီ။ မနက်က ဘာမှ မစားလာရဘူး။ အိမ်က အထွက်စောလို့။
ခါတိုင်းတော့ အိမ်က ထွက်ယင် ဗိုက်ဖြည့်လာတယ်။ ပဲပြုတ် ငါးကျပ်သားဆိုယင် ညီအစ်ကိုနှစ် ယောက် မနက်စာ ပြီးရော။ ဆီမလိုဘူး။ ထမင်းရယ် ဆားရယ် ပဲပြုတ်ရယ်ဆိုယင် ပြီးတယ်။
သည်နေ့ ကတော့ အထွက်လဲ စောတယ်။ ထမင်းအိုးတောင် မတည်ရသေးဘူး။ ပြီးတော့ ပဲပြုတ်ငါး ကျပ်သား ဖိုးတောင် မပြည့်တတ်ဘူး လို့ ခက်မြင့် ညက ပြောသံကြားရတယ်။ သည်တော့ ပဲပြုတ်လဲ ဝယ်မနေနဲ့။ ဖီနိုး မုန့်ဖိုး ကလဲ ရှိသေးတယ်။ ပြန်လာမှပဲ စားမယ်လို့ ဖိုးဝါ ပြောလာခဲ့တယ်။
ဖိုးဝါ အိမ်ကအထွက်မှာ ဖိုးညိုကိုလဲ နှိုးလာခဲ့တယ်။ ကန်တော်ကြီးသွားပြီး ဂုံးကောင်ကောက်ရ အောင်။ ကြိုးကြိုး စားစားကောက်ပြီး အိမ်ပြန်လာခဲ့။ အိမ်ပြန်ရောက်မှ မနက်စာစားဖို့လဲ မှာလိုက် တယ်။
သည်နေ့ စနေနေ့။ ခက်မြင့်လဲ ကျောင်းပိတ်တယ်။ အိမ်မှာ လူစုံတက်စုံရှိတယ်။ စုစုဝေးဝေး စား ကြမယ်လို့ အားခဲ ထားတယ်။
ဖိုးဝါ အိမ်ပြန်ရောက်တော့ ဖိုးညို ရောက်နှင့်နေပြီ။ အားရဝမ်းသာ ပြေးလာပြီး ကြိုတယ်။ "အစ်ကို ပိုက်ဆံ ရလာလား ဟင်..." လို့ အလောတကြီး မေးရှာတယ်။ ဖိုးဝါ ခေါင်းညိတ်ရုံ ညိတ်ပြလိုက် တယ်။
ဖိုးညို က ဂုံးတွေ တပြုံတခေါင်းကြီး ရလာတဲ့ အကြောင်း၊ ညနေစာအတွက်တောင် ကျန်နိုင်ကြောင်း၊ ရေနွေးဖြောပြီး အတွင်းသား ကို ထုတ်ထားပြီဖြစ်ကြောင်း အားရဝမ်းသာ ပြောပြတယ်။ ဖိုးဝါ အဖို့ တကယ့်မင်္ဂလာသတင်းကောင်း။
စုစုပေါင်း ရတာက ကိုးကျပ်။ လမ်းစရိတ်က ပြားငါးဆယ်။ ရှစ်ကျပ်ခွဲ အပြည့် ပြန်ပါလာတယ်။ ဖိုးဝါ ခက်မြင့်လက် ကို အပ်လိုက်တယ်။
ရလာတဲ့ငွေ ကို ခွဲတမ်းချဖို့က ခက်မြင့်ရဲ့တာဝန်။ ခက်မြင့်စိတ်ကူးနဲ့ စာရင်းဇယား ဆွဲကြည့်လိုက် တယ်။
ဆန်က မရှိမဖြစ်ဘူး။ ထင်းကလဲ မရှိမဖြစ်ဘူး။ သည်နေ့အတွက် ဆီကလဲ မရှိမဖြစ် ဖြစ်ပြန်ရော။ ပြီးတော့ အတိုအစ ကလေးတွေ ဝယ်ရမှာကလဲရှိသေးတယ်။ ပြီးတော့ ထွန်းအောင် ပန်းနာရင်ကျပ် အမြစ်ဖြတ်ဆေး ဆိုတာကလဲ မဝယ်မဖြစ် ဖြစ်နေပြန်တယ်။
ဆန်တပြည် နဲ့ ဆီငါးကျပ်သား ကတင် လေးကျပ်ကို ပြားနှစ်ဆယ်ပဲ လျော့တော့တယ်။ ထင်းက တကျပ်။ ငါးကျပ်ပြားနှစ်ဆယ်လျော့။ မဆလာက ဆယ်ပြား၊ ဖီနိုးမုန့်ဖိုးက ဆယ်ပြားဆိုတော့ ငါးကျပ် ပြတ်ရော။ အချိုမှုန့် က နှစ်ဆယ့်ငါးပြား၊ ကြက်သွန်ဖြူနီက သုံးဆယ့်ငါးပြား၊ ပန်းနာရင်ကျပ် ဆေးတထုပ်က တကျပ်ပြားငါးဆယ်၊ လက်ကျန်ငွေ တကျပ်ပြားလေးဆယ် ပဲ ကျန်တယ်။ ဒါက တော့ ခြေစောင့် လက်စောင့် ထားရမယ်။
ဖီနိုး မုန့်ဖိုး ကလဲ နောက်နေ့မကူးခင် ဆယ့်ငါးပြားတော့ ထပ်ပြီးကုန်အုံးမယ်။
ဘဏ္ဍာရေး အခြေအနေ ကို ညီအစ်ကိုနှစ်ယောက် သိသွားကြတယ်။ ထမင်းစားပြီးယင် ထွက်ကြ အုံးမယ်လို့ ဆိုတယ်။ ဒါပေမယ့် နေက ပူလွန်းတယ်။ ခက်မြင့်က တားရတယ်။ နေကျမှ ထွက်ပြီး ကြံယင်ကြံ။ ဖျားနာ ကုန်ယင် ခက်မယ်။
ခက်မြင့် ဂုံးဟင်း ကို ကျကျနန ချက်ပေးလိုက်တယ်။ မောင်နှမတတွေ စားမြိန်လိုက်ကြတဲ့ဖြစ်ခြင်း။
ဖီနိုး ကတော့ တကယ့်အကောင်းကြိုက်။ ဖိုးညို ကို တတွတ်တွတ်မှာတယ်။ နက်ဖြန်လဲ ဂုံးသွား ကောက် ပါအုံးတဲ့။
ဟင်းနံ့ က မွှေးတော့ မငွေမတောင် စားချင်စိတ်ဖြစ်တယ်။ စားကြည့်တယ်။ ဒါပေမယ့် တပန်းကန် တောင် လက်စ မသတ်နိုင်ဘူး။
ထမင်းစားယင်း ခက်မြင့်က ညနေ တာမွေဈေးမှာ သူ ငရုတ်လှော် ထွက်ရောင်းမယ်လို့ ဆိုတယ်။
မငွေမက တားတယ်။ မောင်နှစ်ယောက်ကလဲ တားတယ်။ ဖိုးဝါနဲ့ ဖိုးညိုက သူတို့နှစ်ယောက် သွား ထိုင်ရောင်းမယ် တဲ့။
ရောင်းချင် လဲ ရောင်းပေ့စေလို့ မငွေမ ခွင့်ပြုလိုက်တယ်။ မဟုတ်ယင် ငရုတ်သီးက တပုံ့ပုံ့။ ပြီးတော့ မနက်ဖြန် ဆိုတာ မပြောနိုင်ဘူး။ ကလေးနှစ်ယောက် အကြံအဖန် မဖြစ်ယင်ခက်မယ်။
တွေးယင်း တောယင်း မငွေမ မချိတင်ကဲ ဖြစ်လာတယ်။ သည်ပန်းနာရင်ကျပ်က ဒုက္ခကို ပေးတယ်။ မရှိရတဲ့ အထဲ ဒုက္ခမှ တကယ့်ဒုက္ခ။ ငရုတ်သီးလှော်နံ့နဲ့ဆိုယင် လားလားမှ မအပ်စက် တာ ခက်တယ်။
မငွေမ ရင်ကျပ်တော့ သက်သာသွားတယ်။ သည်ဆေးက ဘာပဲပြောပြော လောလောဆယ်မှာ တော့ သက်သာ သွားတတ်တာချည်းပဲ။ တနေ့နှစ်ထုပ် မသောက်နိုင်တာက ခက်တယ်။ ပျောက် တာ မပျောက်တာ ထားအုံး။ သုံးလေးငါးရက် ဆိုသလို ဈေးရောင်း ထွက်လိုက်နိုင်ချင်တယ်။
ကလေးနှစ်ယောက် ကတော့ ဈေးရောင်းဆိုပြီး သွားလေရဲ့။ အဆင်ပြေမယ် မပြေမယ်တော့ ပြန် လာမှပဲ အဖြေပေါ် မယ်။
ခက်မြင့် ကတော့ လိုက်သွားချင်တယ်ပြောတယ်။ ဒါပေမယ့် မငွေမ တားရတယ်။ စာသာ ကြိုးစား လိုက်။ စာမေးပွဲဖြေရ ဖို့လဲ နီးပြီ။ တနှစ်လုံး သင်ထားလာခဲ့တာတွေ အလကားဖြစ်ကုန်မယ်။ ပြီး တော့ သမီးရဲ့သဘော ကိုလဲ သိတယ်။ စာဘက်မှာ အားသန်တယ်။ ဒါပေမယ့် မထားနိုင်တာက ခက်တယ်။
အလတ်ကောင်နှစ်ကောင်ကတော့ ထားတော့။ သူတို့ကိုယ်တိုင်ကလဲ ကျောင်းမနေချင်ဘူး။ ကျောင်းတက်ရတာ ပျင်း တယ်။ သည်တော့ ကလေးတို့အဖေ ကိုဘဦးဆုံးတဲ့နေ့က နောက်ဆုံး ကျောင်းတက်လိုက်တဲ့နေ့ ဖြစ်တယ်။ ခုထိ ကျောင်းဆက် မတက်ဖြစ်တော့ဘူး။
ကလေးနှစ်ယောက်ကလဲ သိတတ်လွန်းအားကြီးတယ်။ မိခင်ရဲ့အကျပ်အတည်းကို စာနာလွန်းအား ကြီးတယ်။ အိမ်ထောင်စု ရဲ့ပြဿနာကို ခွဲဝေထမ်းဆောင်ချင်စိတ်က နှစ်ယောက်စလုံးမှာ အပြည့်။
ခက်မြင့် ကလဲ သည့်အတိုင်းပါပဲ။ စာကြိုးစားတာလဲ မှန်တယ်။ စာတော်တာလဲ မှန်တယ်။ ရည်မှန်း ချက် ထားတာ လဲ မှန်တယ်။ ဒါပေမယ့် အခြေအနေက မပေးဘူး။ ကျောင်းနုတ်ရတော့မယ်။
ခုလို ဒုက္ခရောက် ရတာ အမှီမကောင်းလို့ပဲလို့ မငွေမ မြင်တယ်။ မငွေမမှာက မိဘမောင်ဘွားလဲရှိ တာ မဟုတ်ဘူး။ ကိုဘဦးနဲ့မရခင်က ဘကြီးလုပ်သူနဲ့ နေခဲ့ရတယ်။ ဘကြီးအိမ်မှာကလဲ မငွေမ ရှိ စဉ်ကတောင် အခြေအနေကောင်းတာ မှ မဟုတ်ပဲ။
ကိုဘဦး နဲ့ အိမ်ထောင်ကျတော့မယ်ဆိုတော့ ဘာအဝတ်အစားမှ သစ်သစ်လွင်လွင် ရှိတာမဟုတ် ဘူး။ ခါးဝတ်ခါးစား ပဲရှိတယ်။ ကိုဘဦးကပဲ ထဘီနှစ်ထည်၊ အင်္ကျီနှစ်ထည်၊ ဘော်လီနှစ်ထည် ဝယ် ပေးတယ်။ မငွေမ မှတ်မိသေး တယ်။ လက်ထပ်တဲ့နေ့က။
ဘကြီးကတော့ ကိုဘဦးနဲ့ သဘောတူတယ်။ ကိုဘဦးက ရိုးသားတယ်။ ကြိုးစားတယ်။ ပြီးတော့ လက်သမား ပညာကောင်းကောင်း တတ်တယ်။ သည်တော့ ဘကြီးက မငွေမနဲ့ ကိုဘဦးကိစ္စကို တားမြစ်ဖို့ စိတ်ကိုမကူးဘူး။
ဘကြီး ရဲ့မိန်းမ ကြီးတော်ငွေစာကတော့ သဘောမတူဘူး။ သဘောမတူဆို မငွေမကို ခိုင်းစားလို့ ရနေပြီကိုး။
ဘကြီးမှာကလဲ သားထောက်သမီးခံ မရှိဘူး။ ကိုယ်တိုင်ကလဲ ခြေတဘက်က မသန်စွမ်းတော့ဘူး။ သည်တော့ လယ်တောင်မလုပ်နိုင်တော့တာ ကြာပြီ။
မငွေမ မိဘတွေဆုံးတော့ မငွေမ သည်ဘကြီးအိမ်ကိုရောက်တယ်။ ရောက်စကတော့ ကြီးတော်ငွေ စာက မကြည်ဖြူ ချင်ဘူး။ နှစ်ယောက်တောင် အနိုင်နိုင်ဘဝမှာ နောက်ထပ်ပြီး တဝမ်းတခါး တိုးလာ တယ်ဆိုတော့ ကြီးတော်ငွေစာ ဘယ်ကြည်ဖြူပါ့မလဲ။ အကွက်မှ မမြင်သေးပဲကို။
သည်တုန်း က ကြီးတော်ငွေစာက ပဲပြုတ်ပြုတ်ရောင်းတယ်။ သူ့လုပ်စာကို မှီစားမယ်ထင်ရတဲ့ မငွေမကို မကြည်ဖြူဘူး။
မငွေမ ကလဲ အမြိန့်သားထိုင်စားဖို့ စိတ်ကူးတာမှ မဟုတ်ပဲ။ သည်တော့ မိဘလက်ထက်က လက်ငုတ် အလုပ်ကို ဆက်လုပ်တယ်။ ကောက်စိုက်ချိန်မှာ ကောက်စိုက်၊ ပျိုးနုတ်ချိန်မှာ ပျိုးနုတ်၊ စပါးရိတ်ချိန်မှာ စပါးရိတ်။
ဆက်ရန်
.

3 comments:
Thank you so much...
I also have this book by Maung Thar Ya & Ma Sandar. Love it so much and still keep that old book. It gives me many strength to struggle for life.
thanks alot SZO.
Post a Comment