Monday, December 17, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၁ဝ)

သို့သော် သခင် အောင်ဆန်းကား မည်သူကမျှ သတင်းပေးမည့် သူ မရှိဘဲ မြန်မာ့မြေပြင်ပေါ် မှပင် ပျောက်ကွယ်သွားခဲ့လေသည်။ သခင်အောင်ဆန်းသည် နယ်ချဲ့ ဆန့်ကျင်ရေးကို လက်နက် စွဲကိုင် တော်လှန်ရန် လမ်းစရရှိရေးအတွက် ၁၉၄၀ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ဟိုင်းလီ သင်္ဘော အမည် ရှိ တရုတ်သင်္ဘောတစ်စင်းဖြင့် တရုတ်လူမျိုးတန်လုရှောင်ဟူသော အမည်ကို ခံယူလျက် ထွက်ခွာသွားခဲ့လေသည်။ ကျွန်တော် တို့ လူသိုက်သည် ဌာနချုပ်နှင့် အဆက်မပြတ် ဆက်သွယ်လျက် ရှိသဖြင့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု သတင်းများကို အဆက်မပြတ် ရရှိနေခဲ့ပါသည်။
ဗိုလ်ဝင်း သည် ကျွန်တော်တို့လူသိုက်အား လက်နက်ငယ်သင်တန်းကို စနစ်တကျ ပို့ချပေးလျက် ရှိပါသည်။ ကျွန်တော်တို့ လူသိုက်သည် ဗိုလ်ဝင်း၏ လုံခြုံမှုနှင့် သင်တန်း အဆက်မပြတ် သင်ကြား နိုင်မှု အတွက် နေရာသစ်များရှာဖွေနေဆဲ ညတစ်ည တွင် ပြဿနာကြီး တစ်ရပ် ပေါ်ခဲ့ ပါတော့ သည်။ ဖြစ်ပုံက ဤသို့တည်း။ ကျွန်တော်တို့လူသိုက် တယော ကိုသိန်းမောင်၏ အိမ်အတွင်း သို့ လူစုခွဲ၍ ရောက်ရှိလာကြချိန်ဖြစ်သည်။
ကို ဆက်ဖတ်ရန်

လူများအားလုးစုံကြောင်း ဗိုလ်ဝင်းအား သတင်းပို့ပြီး သင်တန်းစတင် ချိန်တွင် အပြင်ဘက်မှ “ဟေ့ ... မပြေးနဲ့၊ ရပ်လိုက် ... ရပ်လိုက် ...”ဆိုသည့် အသံကို ကြားလိုက်ရပြီ လူတစ်ယောက် ကျွန်တော်တို့ သင်တန်းတက်သည့် ဘက်သို့ ပြေးလာသည်ကို ကြားလိုက်ရပါသည်။ ဗိုလ်ဝင်းသည် အလယ်တွင် ထွန်းညှိထားသော ဖယောင်းတိုင်ကို ချက်ချင်း မှုတ်လိုက်သည်။ ထို့နောက် ဆူဆူညံညံမပြုရန်နှင့် ဖွင့်ထားသော ပြတင်းပေါက်မှ တစ်ယောက်ချင်း ဆင်းကြရန် အမိန့်ပေးပါသည်။ ဗိုလ်ဝင်းကမူ အသင့်ရှိနေသော ပစ္စတိုကို မောင်းတင်၍ အိမ်ရှေ့ပေါက် တွင် သွား၍ ရပ်နေပါသည်။ ပါးစပ်မှလည်း လေသံဖြင့် မြန် မြန် ဆင်းရန် ပြောကြား လျက်ရှိပါသည်။ ကျွန်တော်တို့အားလုံး ဆင်းပြီးကြသောအချိန် တွင် တယော ဦးသိန်းမောင်၏ အိမ် ဖိနပ်ချွတ်သို့ ဦးထွန်းဆင့်ဆိုသော မြို့မစုံထောက် ရောက်ရှိလာပါ တော့သည်။

“ကိုသိန်းမောင် … ဗျို့ … ကိုသိန်းမောင် … ဘယ်ရောက်သွားသလဲ မီးလေး ဘာလေး ထွန်းပါဦးဗျ …”
“လာပါပြီ … လာပါပြီ”
ကျွန်တော်တို့ အားလုံး မရှိတော့ပြီဖြစ်၍ ဦးသိန်းမောင်သည် တုန်တုန်ယင်ယင်ဖြင့် ဦးထွန်းဆင့် ခေါ်ရာသို့ ထွက်လာခဲ့ ပါသည်။ အမှန်ကလည်း ဦးသိန်းမောင်အနေဖြင့် ကျွန်တော်တို့တတွေ ဘာတွေ လုပ်နေကြသည်ကို ဂဃနဏ သိရှာသူ မဟုတ်ပေ။ သူသိသည်မှာ ကျွန်တော်တို့လူသိုက် သည် ဗြိတိသျှအစိုးရ ဆန့်ကျင်ရေးအတွက် စုဝေး တိုင်ပင်ကြသည်ဟူ၍သာ ဖြစ်ပါသည်။
“ဟင်း … ဆရာကြီး၊ ဖဲကောက် ဘယ်လောက်ရသလဲ၊ ဟင်း … ဟင်း”
“ဗျာ …” “ခင်ဗျားကလည်း မသိဟန်ဆောင်နေပြန်ပါပြီ၊ အိပ်ချင်ဟန်ဆောင်သူကို တယ်လဲ အနှိုးရခက်ပါ လားနော်…၊ ဟွန်း … ဟွန်း၊ ဒီမယ် ခင်ဗျာ၊ ကျိတ်ဝိုင်း က ဖဲကောက် ဘယ်လောက်ရသလဲလို့ မေး နေတာ”
“ဟား - ဟား - ဟား - ဟား၊ ဆရာကိုထွန်းဆင့် ရယ် မလုပ်ရသေးပါဘူးဗျာ၊ လုပ်မယ်လို့ လူစုခါစ ရှိပါသေး တယ်။ အစောင့်ချထားတဲ့ကောင် က ပုလိပ် … ပုလိပ်ဆိုတာနဲ့ ကောင်လေးတွေည်း လန့် ဖျပ်ပြီး ထွက်ပြေးကြလေ ရဲ့၊ ဟင်း … ဟင်း … သင်းတို့ဖိနပ်တွေသာ ရောင်းစားရတော့မှာပဲ၊ လာဗျာ … ထိုင်ပါဦး…”

ကိုသိန်းမောင် သည် ဦးထွန်းဆင့် မျက်စိလည်သွားသည်ကို သိလိုက်သည်နှင့် တစ်ပြိုင်နက် အထက်ပါ အတိုင်း ချော်လဲရော ထိုင်ကာ ကျွန်တော်တိုပလူသိုက်ဖဲချိန်းရိုက်ကြသည်ဟု ပြောချလိုက်ပါသည်။
“ဒီမယ် ကိုယ့်လူ၊ တောလုပ်တောင်လုပ် မလုပ်ပါနဲ့ဗျာ၊ တိုင်းရေးပြည်ရေးကလည်း သိပ်မကောင်း လှဘူးဗျ၊ ဒါနဲ့ ခင်ဗျား ဖဲကောက်ထဲ က ဆပ်ပလိုင်း လုပ်ဦးလေဗျာ …”
“ရပါတယ်၊ ပုလင်းအပြည့်တော့ မကျန်တော့ဘူး၊ တစ်ဝက်ကျော်ကျော်တော့ ရှိပါသေးတယ်”
“ပေးဗျာ၊ ခေါက်ဆွဲ ဆိုင်ကျမှ အမြည်းကောင်းကောင်းနဲ့ ချတော့မယ်၊ ကိုင်း … သွားမယ်”
ဦးထွန်းဆင့် သည် ကိုသိန်းမောင် လက်ကျန်အရက်ပုလင်းကို တောင်းယူ၍ ထွက်ခွာသွားပါတော့ သည်။
“ဟား … ဟား .. ကောင်းပါ့ဗျာ၊ သိပ်ကောင်းပေါ့၊ အုန်းမောင်တို့ မြလှိုင်လူသိုက် လုပ်လိုက်မှဖြင့် ငါ့လက်ကျန် အရက်တောင် ပုလိပ်တော်မင်းဘုရား ပူဇော်လိုက်ရတယ်ဟေ့”
..............................................................................................................................
“မြလှိုင် လာပါဦးကွ၊ မင်းကို မေးစရာရှိလို့”
“လုပ်မနေနဲ့ အရက်ဖိုး တစ်မတ်တောင်း ဖို့ မဟုတ်လား မရဘူး ဒါပဲ”
“ဟိတ်ကောင် … ဒီအချိန် အပုပ်ချိန် မဟုတ်သေးဘူးက၊ ဒါထက် မင်း ဟိုနေ့က သန်းကြည်တို့အိမ် ဘာသွားလုပ် လဲ ပြောစမ်း”
“ဘာသွားလုပ်ရမှာလဲ၊ ထမင်းစားဖိတ်လို့ သွာစားတယ်လေ၊ အဲဒါ ဘာဖြစ်လဲ”
“လက်ပတ်စော် မနံဘူးလား ဟီး … ဟီး ”
“တော်ပါဗျာ … ဘယ်က လက်ပတ်စော်နံရမလဲ၊ သူနဲ့ ကျွန်တော်နဲ့ ဘာဖြစ်တာမှတ်လို့”
“အစ်ကို့ တကယ်လားရှင်၊ ဟင်း … ဟင်း၊ မင်းတို့နှစ်ယောက်တည်း တစ်နေကုန်ဘာလုပ်သလဲ၊ အဘွားကြီး က ရှောင်ပေး တယ် မဟုတ်လား၊ ပြောစမ်းမြလှိုင်”
“ဟ … ခင်ဗျား ပြောပုံကြီးက ကျုပ်ကပဲ သန်းကြည်နဲ့ ချိန်းတွေ့သလိုလိုပါပဲလား”

“ချိန်းတွေကတာ မဟုတ်ပါဘူးလေ၊ ဖိတ်ခေါ်တွေ့ဆုတာပါ ဟုတ်လား၊ ဒီမယ် မြလှိုင်၊ သန်ားကည်က လင်နဲ့ ကွဲနေတယ်၊ အဲဒီတော့ လင်ယူရတဲ့ အဆိုးအကောင်းကို သိပြီးပြီ၊ မင်းလို မနူးမနပ်ကောင်ကို တစ်စစီ တစ်ပိုင်းစီ လုပ်ပစ်လိုက်နိုင် တဲ့ အတတ်ပညာ သူ့မှာ ရှိတယ်နော်၊ တော်ကာ မြလှိုင် တစ်ယောက် သန်းကြည် ခြေတော်ရင်း မှာ ခွေခွေကလေး ဖြစ်နေမှာစိုးလို့ ပြောရတာ”
“ကိုဝက်ကြီး ကျုပ်ကို သိပ်လည်း အထင်မသေးနဲ့ဦးဗျ၊ သန်းကြည်က ကျုပ်ကို ပြောတယ်၊ ဘာပြောလဲသိလား”
“ဘယ်သိမလဲကွ၊ မင်းတို့နှစ်ကိုယ်ကား ပြောကြတာပဲ”
“သန်းကြည် … နင်ငါ့ကို ဘာလို့ ထမင်းဖိတ်ကျွေးတာလဲလို့ ကျုပ်က မေးတယ်လေ”
“ဒီတော့”
“အစ်ကို့ကို ချစ်လို့တဲ့”
“တကယ်”
“အဟုတ်ဗျာ”

“အမေရေ … သူများသားသမီးများ မိန်းမက စပြီး ရည်းစားစကားအပြောခံရတယ်၊ အမေရေ ဟွန်း ဟွန်း၊ ဒါနဲ့ပဲ မင်းတို့ နှစ်ယောက် ဘာတွေဆက်ဖြစ်ကြသေးလဲ”
“ဘာမှ မဖြစ်ဘူးလေ၊ ထမင်းစားပြီးတော့ ကျုပ်လည်း ပြန်ခဲ့တာပေါ့ဗျ”
“ဟာ … သေလိုက်ပါတော့၊ မြလှိုင်ရာ၊ မင်း တကယ်ထမင်းပဲ စားခဲ့တယ်”
“ဘုရားစူး ဗျာ၊ ကဲ … ယုံပြီလား”
“ယုံရမှာလား အစ်ကို ဟင့်၊ မယုံနိုင်ပေါင်၊ မင်း အနည်းဆုံးတော့ သန်းကြည်ရဲ့ ကိုယ်သင်းနံ့ လက်ပတ်နံ့ လေးတွေ တစ်ရှုပ်နှစ်ရှုပ်၊ ဟဲ … ဟဲ … ဟဲ … ဗလကတော့ မင်းတို့နှစ်ယောက် ထမင်း ဆုံစားရင်း အကြည်ဆိုက်နေလေ ရဲ့တဲ့၊ အဲဒါ ခင်ဗျားလူ သတိပေးလိုက်ဦးဆိုလို့ မင်းကို မေးကြည့် တာပါကွာ”

“ဒီမယ် ကိုဝက်ကြီး၊ ကျွန်တော်လေ သန်ားကည်ကို ဘာမှမလုပ်ခဲ့ပါဘူးဗျာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် သူ့ကို ယူမှ မယူနိုင်တာပဲ၊ သူပြောတာ နားထောင်ကြည့်ရတာတော့ သူ့ဘ၀ကလေးမှာ လှအောင်လို လူပေါ်ကြော့ နဲ့ ယူလိုက်ရတဲ့အတွက် အိမ်ထောင်မမြဲခဲ့ဘူး၊ အိမ်ထောင်ပျက်ပြန်တော့ တစ်လင်ကွာ တစ်ခုလပ် ဆိုပြီး မိန်းမ မိန်းချင်း ဆွယ်ကြ၊ နှူးကြ၊ နှပ်ကြ လုပ်တာက တစ်မျိုး၊ ယောက်ျားတွေက အပျော်ကြံချင်တာက တစ်မျိုး သနားစရာပါပဲ၊ ဒါကြောင့် ကျွန်တော် တည်တည် တံ့တံ့ ယူမယ့်လူကို ရှာယူဖို့ တိုက်တွန်းခဲ့တယ်”
“မြလှိုင်ရေ … မင်းအသက်နဲ့ကိုယ် မြဲပြီး ပြန်လာတာ ကံကောင်းတယ်အောက်မေ့ရတယ်ကွာ၊ မိန်းမတွေ အကြောင်း မင်းသိပ်မသိသေးဘူး၊ မင်းငယ်သေးတယ်၊ မိန်းမမာယာဆိုတာလေ ဘယ်လို ပုရိသဆိုတဲ့ ငနဲ့မှ မခံနိုင်ဘူး၊ ခု သန်းကြည် နဲ့ဟာလည်း မင်းအပြန်မြန်လို့ကွ၊ မဟုတ်ရင် သန်းကြည်ကျော့ကွင်းမှာ မင်း ကားခနဲ့ အသက် ထွက်သွားနိုင်တယ်”

မ-ကျမ်းကြေသူ ဆရာကိုဝက်ကြီး ပြောစကားများကို ကျွန်တော် ဆင်ခြင်သုံးသပ်ကြည့်မိပါသည်။ မိန်းမဆိုသူ များသည် များသောအားဖြင့် ဘ၀သာယာမှုကို သာယာတပ်မက်ကြကုန်သည်။ ဘ၀သာယာရေးအတွက် စွန့်စားရာ တွင် ကိုယ်နှင့်ရင်းနှီးစွန့်စားဝံ့သော သတ္တိထူးလည်း သူတို့တွင် ရှိကြ၏။ ထိုနေရာ တွင် ယောက်ျား ဆိုသူများနှင့် မိန်းမများသည် များစွ ကွာခြားလျက်ရှိကြသည်။ ယောက်ျားများက ချစ်မေတ္တာနှင့် ပတ်သက်သော စွန့်စားမှု တွင် မိန်းမများကဲ့သို့ သတ္တိမပြောင် ကြပါပေ။
“ဒါတွေ ထားပါတော့လေ၊ ခင်ဗျားကို ကြုံတုန်း တာဝန်တစ်ခု ပေးချင်တယ်။ လုပ်မလား”
“မင်းခိုင်းရင် ငါဘာပဲဖြစ်ဖြစ် လုပ်ချငပါတယ်၊ အေး … ဒါပေမယ့် အရက်တော့ မဖြတ်ခိုင်းနဲ့ကွာ၊ ငါက အရက် ကို ခွေးမ ထက် ချစ်နေတယ်ကွာ”
“ဗရွတ်ရွှတ်တတွေ ထားစမ်းပါဗျာ၊ ခင်ဗျား ကိုထွန်းဆင့်ကို ကိုအောင်သန်းတို့ ပြောတာ၊ ဆိုတာ နားထောင် ထားစမ်းဗျာ”

“အေး … မင်းပြောမှ သတိရတြယ်၊ ဟိုနေ့က မင်းတို့လူသိုက် တယော ကိုသိန်းမောင်အိမ်မှာ ဖဲချိန်းရိုက်ကြတယ် ဆိုကွ၊ ဘာလုပ်ဖို့လဲကွာ၊ တို့လိုကောင်တွေ ပျက်စီးတာ အကြောင်းမဟုတ်ဘူးကွ၊ မင်းတို့ ဖဲ၇ိုက်၊ အရက်သောက်တာ ကိုတော့ မလုပ်စမ်းပါနဲ့ကွာ”
“ဖဲရိုက်တာ မဟုတ်ပါဘူးဗျာ”
“အေး … ဟုတ်မယ်၊ ငါလဲ ထင်တယ်၊ မင်းတို့ နိုင်ငံရေးကိစ္စတစ်ခုခု ချိန်းလုပ်ကြတာနေမှာပဲလို့ ငါ စဉ်းစား မိတယ်။ ကောင်းပြီလေ၊ မင်းခိုင်းတာငါလုပ်မယ်”
“တစ်ခုတော့ ရှိ တယ်နော်၊ ခင်ဗျားက သွားပြီး မစပ်စုနဲ့၊ ဒီကောင်တွေက စုံထောက်တွေဆိုတော့ ၀က်ကြီးပါးစပ် ဟလိုက်တာ နဲ့ အူ ဘယ်နှစ်ခွေဆိုတာ သိပြီးပဲဗျ”
“ငါ ဒါလောက် လဲ မအသေးပါဘူးလေ၊ မင်း သိချင်တာတွေကို ငါ နားထောင်ထားမယ်”
“ဟုတ်ပြီ၊ ကိုင်း … ကျုပ် သွားမယ်”
“ကောင်းပြီ၊ အော် … နေဦး၊ မင်း ဒီတစ်ခါ သန်းကြည်နဲ့ တွေ့ရင် ၀က်ကြီးဘက် ခပ်ထုတ်လိုက်စမ်းကွာ၊ ငါ ကောက်ခဲ ထားလိုက်မယ်၊ ဟဲ ဟဲ ငယ်ချစ်ကွ ငယ်ချစ်”

ကျွန်တော်တို့ သင်တန်းကို လက်တွေကသင်ကြားနိုင်ရန် ဒေးဒရဲ သံဒိတ်ကျွန်းသို့ လူစုခွဲ၍ လာခဲ့ကြသည်။ သံဒိတ်ကျွန်း သည် ဒေးဒရဲပိုင်ဖြစ်၍ အလွန်သာယာလှပါသည်။ သံဒိတ်သူကြီး သည်ဒေးဒရဲမှ ရဲဘော်များဖြစ်ကြ သည့် သခင်မြသွင်၊ သခင်မောင်မောင် တို့၏ စည်းရုံးထားမှုကြောင့် နယ်ချဲ့ဆန့်ကျင်ရေးတွင် တက်ကြွစွာ ပါဝင် ကူညီကြ ပါသည်။ ကျွန်တော်တို့၏ နေရေး၊ ထိုင်ရေး၊ လေ့ကျင့်ရေးများကို လွတ်လပ်စွာ ဆောင်ရွက်နိုင်ကြသဖြင့် ကျွန်တော် တို့ လူသိုက်သည် နယ်ချဲ့ဆန်ကျင်ရေး၊ လက်နက်ကိုင် တိုက်ပွဲဝင်ရေးတို့အတွက် လျှို့ဝှက်စွာ လာရောက်လေ့ကျင့်နေသည့် သလောမျိုး မသက်ရောက်တော့ဘဲ ပျော်ပွဲစားထွက်လာ သည်နှင့် တူလှပါသည်။ ကျွန်တော်တို့ ဖျာပုံမြို့မှ တိတ်တဆိတ်ထွက်ခွာလာကြရာတွင် အောက်ကွင်းကြီးရွာ ရဲဘော်ကျော်လှက အစစအရာရာ စီစဉ်ပေးပါသည်။ ကျွန်တော်တို့ လူသိုက် စုစုပေါင်း ၁၀ ယောက်ရှိသည့်အနက် ကျွန်တော် တစ်ယောက်သည် လူပျော့တစ်ယောက်ဖြစ်ပါ သည်။

ကျန်ရဲဘော်များမှာ ကျွန်တော့်ထက် ကျန်းမာရေး ပြည့်စုံကြသည်သာမက လေ့ကျင့်ရာ၌ လည်းအလွန်အပင်ပန်း အဆင်းရဲ ခံနိုင်သူများဖြစ်ကြပါသည်။ ကျွန်တော်တို့ လူသိုက်နှင့်အတူ သမ္ဗန်ခတ်၍ လိုက်လံပို့ဆောင်ပေးသော ဦးဘိုးသီ(ခ) အဘသီလည်း ပါဝင်ခြ့ပါသည်။ အဘသီသည် အသက်အရွယ်အနေဖြင့် ကျွန်တော်တို့ ထက်နှစ်ဆခွဲခန့်ရှိနေသော်လည်း စိတ်ဓာတ်မှာ သံမဏိကဲ့သို့ မာကျောလှသူဖြစ်ပါသည်။ ကျွန်တော်တို့တစ်တွေ နယ်ချဲ့သမား အား လက်နက်စွဲကိုင်တော်လှန်ကြမည်ဆိုသော သတင်းသည် သူ့အဖြစ်ဟောင်းများကို ပြန်လည် သတိ ရစေပါသည်။
“ငါတို့ တုန်းကတော့ ဘယ်က အကူအညီမှလည်း မရဘူးကွဲ့။ လက်နက်ဆိုတာလဲ လယ်သမား ဆိုတဲ့ကောင်တွေ လက်ထဲမှာ ဓားမထက်ထက်တောင် ရှိတာမှ မဟုတ်ပဲကလား၊ မျက်နှာဖြူ အလိုတော်ရိ ဘက်က တပ်သားတွေနဲ့ ဆိုတာ ကွာချင်တိုင်း ကွာတော့တာပေါ့လေ …”

မျက်ရည်များဖြင့် ရစ်ဝိုင်းလျက်ရှိသော သူ့မျက်ဝန်းများသည် အတိတ်ဆီသို့ သတိရလျက်ရှိသဖြင့် ပို၍အိုမင်းရင့်ရော် သွားသကဲ့သို့ ရှိပါသည်။ မျက်နှာပေါ်မှ အစင်းအကြောင်းများသည် သူ့ဘ၀ ၏ ဖြတ်ကျော် လာခဲ့ရသော ခရီးကြမ်းပုံပြင်များကို နိမိတ်ထင်စေပါသည်။ သူ့လက်မောင်းကြွက်သား ကြိးများကား ကျွန်တော်၏ လက်မောင်းနှစ်ဆ မျှ ရှိမည်ထင်ပါသည်။
“ဘသီ ဒီတုန်းက ဘာလုပ်ရသလဲ၊ ဘာဖြစ်လို့ လက်နက်မဲ့ တော်လှန်ရတာလဲ”
“လက်နက်ချင်း မတူတာလဲ သိတယ်၊ ရှုံးမယ် ဆိုတာလဲ သိတယ်၊ သက်သက် မိုက်ရူးရဲလုပ်တာ ဘယ်ဟုတ်ပါ့ မလဲကွယ်…၊ လူတွေပဲဟာ ကိုယ့်အသက်တစ်ချောင်းကို ဘယ်သူမနှမြောပဲ နေကြပါ့မလဲ…၊ ဒါပေမယ့် အဘ တို့ဟာ စပါးပုံတွေကို ကြည့်ပြီး ထမင်းငတ်နေ၇တယ်၊ မြေရှင်ဆိုတဲ့ လူစားတွေဆိုတာလဲ အိမ်မှာမွေးထားတဲ့ ကြက်ကလေး၊ ငှက်ကလေးတောင် ချမ်းသာမပေးဘူးကွဲ့၊ အကုန်ဖမ်းယူသွားကြတယ်။

လယ်သမားဆိုတာက ဥုံဖွ စပါးထွက်ကြဆိုလို့ ရတာမှ မဟုတ်ပဲကလား၊ ရာသီဥတုက ဖြစ်ပေါ်လာတဲ့ အခြေအနေတွေပေါ် မှာ ကျွဲနွားနဲ့ ဖက်လုပ် ရတာဆိုတော့၊ ရာသီဥတုမကောင်းရင် စပါးဘယ်မှာ စပါးထွက် မှာလဲ၊ ဒီတော့ လယ်သမားတွေဟာ စားစရာမရှိ လျော်စရာရှိရမယ်ဆိုတဲ့ စကားအတိုင်းပဲ၊ အချိန် တန်တော့ မြေရှင်တွေက ခုနြောသလို သဿမေဓမြေခွန်ကို စည်းကြပ်ပြန်ဆိုတော့ နောက်ဆုံး အသက်ရှင်ပြီး ငတ်နေတာထက်စာရင် သင်းတို့ကို တော်လှန်ပြီး သေတာမြတ်တယ်လို့ ဆုံးဖြတ်ပြီး ငါတို့ရဲ့ ခေါင်းဆောင်ဖြစ်တ့ ဆရာစံ ရဲ့ ဂဠုန်တပ်ထဲဝင်ပြီး တော်လှန်ခဲ့ကြတာပဲပေါ့ သားတို့ရာ”
ကျွန်တော်တို့ သည် ဆရာစံ၏ လယ်သမားတော်လှန်ရေးကြီးအကြောင်းကို တစေ့တစ်စောင်း သိခဲ့ရသော် လည်း ကုယ်တိုင်ပါဝင်ခဲ့သော အဘသီပြောသကဲ့သို့ မထင်မှတ်ခဲ့ပေ။ နယ်ချဲ့ဗြိတိသျှ တို့အား နာကြည်းစွာ တော်လှန်သည်ကိုသာ အပေါ်ယံရှပ်၍ သိကြခြင်းဖြစ်သည်။ ယခု အဘသီ ပြောပြသည်ကို နားထောင် ရသည်မှာ ကြေကွဲဖါယ်၊ ရင်နင့်ဖွယ်များဖြင့် ပြွန်းတီးသော တောင်သူ လယ်သမားများ၏ အသက်စတေး သည့် တော်လှန်ရေးကြီး ဖြစ်ပါချေသည်တကား။

ဆရာစံခေါင်းဆောင်သော တောင်သူလယ်သမားတို့၏ တော်လှန်ရေးကြီးသည် ၁၉၃၀ ပြည့်နှစ်၊ ဒီဇင်ဘာလ ၂၂ ရက်နေ့တွင် သာယာဝတီခရိုင်မှ စတင် ပေါ်ပေါက်လာခဲ့ပါသည်။ ရှေးဦးစွာ နယ်ချဲ့ သမားတို့၏ လူခွန်နှင့် သဿမေဓခွန် မပေးရေး တိုက်ပွဲများကို တောင်သူလယ်သမားများက ဥပဒေ ဘောင်အတွင်းမှ တိုက်ပွဲ ၀င်ခဲ့ကြသည်။ ထိုတိုက်ပွဲများမှာ သာယာဝတီခရိုင်မှ တောင်သူလယ်သမားများကို အခြေခံလျက်၊ မင်းဘူး၊ သရက်၊ ပြည်၊ ဟင်္သာတစီရင်စု၊ ဖျာပုံစီရင်စု နှင့် အင်းစိန်တို့သို့ ကူးစက် ပြန့်ပွားလာခဲ့သည်။ နယ်ချဲ့ဗြိတိသျှ အစိုးရသည် တောင်သူလယ်သမား များ၏ တိုက်ပွဲကို စစ်ပုလိပ်များ အိန္ဒိယနိုင်ငံမှ မှာယူရောက်ရှိလာသော အထူး တပ်ဖွဲ့များဖြင့် အကြမ်းဖက်နှိမ်နင်းခြင်းပြုခဲ့ပါသည်။

၁၉၂၈ - ၃၀ နှစ်များသည် ကမ္ဘာတွင် စီးပွားရေးကပ်ကြီးဆိုက်ရောက်လျက်ရှိပါသည်။ ဤစီးပွားရေး ဂယက်ကြီးသည် မြန်မာနိုင်ငံအား ရိုက်ခတ်ခဲ့ပါသည်။ ဗြိတိသျှအစိုးရသည် စီးပွားရေးကပ်မှ ရရှိသော ဆိုးကျိုးများ ကို မိမိတို့ လက်အောက်ခံ ကိုလိုနီနိုင်ငံများအား ဝေငှစေခြင်းမှ အစပြလျက် မြန်မာတစ်မျိုးသားလုံး မရှုမလှ နှိပ်ကွပ်ညှင်းပန်းခြင်းများခံခဲ့ရါသည်။ ထိုနှိပ်ကွပ်မှုများကို တောင်သူလယ်သမားထုကြီးသည် ကြီးမားသော ဝေစု အဖြစ် လက်ခံရရှိလေသည်။ သို့ဖြစ်ခြင်းကြောင့် ဆရာစံ၏ လက်နက်ကိုင်တော်လှန်ရေးကြီး သည် ပေါ်ပေါက်ခဲ့ခြင်းဖြစ်သည်။ ဆရာစံ ခေါင်းဆောင်သော တောင်သူ လယ်သမားများ ၏ တော်လှန်ရေးကြီး တွင် တိုက်ပွဲဝင် တောင်သူလယ်သမားပေါင်း (၃၀၂)ဦး ကြိုးဒဏ်ခံခဲ့ကြရပြီး တစ်သက်တစ်ကျွန်းဒဏ်ကို (၈၈၀) ခံ ခဲ့ကြရလေသည်။ ထောင်ဒဏ် ၁၀ နှစ်မှ ၅ နှစ်အတွင်း ကျခဲ့သူပေါင်း မရေမတွက်နိုင်အောင် ရှိခဲ့ပါ သည်။

“အဘသီ ဘယ်မှာ တော်လှန်ခဲ့သလဲ ဟင် …”
“ခု မောင်တို့ သွားနေတဲ့ ဒေးဒရဲနယ်ထဲမှာပဲပေါ၊ အဘမှာ သားနှစ်ယောက်ရှိတယ်၊ အဘဂဠုန်တပ်ထဲ ၀င်မယ်လို့ ဆုံးဖြတ်ပြီးတာ နဲ့တစ်ပြိုင်နက် သားနှစ်ယောက်ကို မှာစရာရှိတာတွေ မှာပြီး၊ အိမ်ကမိန်းမ မသိအောင် သာယာဝတီ ကို ရောက်အောင် သွားခဲ့တယ်၊ အဘဟာ ဆရာစံတို့ စုရုံးရာ ရေတိုက်ရွာမှာပဲ သစ္စာခံခဲ့တယ်။ အဲဒီနောက် ခရီးကြမ်းနှင်ပြီး ဖျာပုံစီရင်စု ဒေးဒရဲနယ်ထဲမှာ ဗြိတိသျှကို တော်လှန်ခဲ့တာပါပဲကွယ်”
“နောက်တော့ အဘတို့ကို မိသွားရောလား”
“အိမ်းကွဲ … မိသွားတယ်၊ ဒါပေမယ့် အဘကို မိတဲ့အချိန်မှာ အဘလက်ထဲမှာလဲ လက်နက် မတွေ့၊ လူစုလူဝေး လဲ မတွေ့၊ အလိုတော်ရိ သူကြီးရဲ့သတင်းပေးချက်အရ လာဖမ်းခဲ့တာဆိုတော့ ရုံးတင်စစ်ဆေးတဲ့အခါ ရန်ကုန်မှာ ဖွဲ့ထားတဲ့ ဆရာစံအမှုနဲပတ်သက်ရင် အခမဲံလိုက်ပေးတဲ့ ၀တ်လုံ မောင်ထွန်းဦးဆိုသူရဲ့ ကူညီမှု နဲ့ ထောင်ဆယ်နှစ် ကျခဲ့ရတယ်လေ …”
“ဒါဖြင့် အဘထောင် က လွတ်တာ မကြာသေးဘူးပေါ့ …”
“လျှော့ရက်တွေ ဘာတွေ နဲ့ လွတ်လာတာ ၃ နှစ် လောက်ရှိခဲ့ပါပြီ…”

“ဒီမယ် - မင်း ရန်ကုန်လိုက်သွားရမယ်”
ကျွန်တော်တို့ သံဒိတ်တွင် စစ်လေ့ကျင့်ခန်းများ လုပ်ခဲ့ကြသည်။ လက်နက်ချပေးမည် ဆိုသော လေယာဉ်များအား အချက်ပြရန် မီးပုံနည်းများကို ညအခါ လေ့ကျင့်ကြသည်။ မီးဖိုပုံနည်းကို ဗိုလ်ဝင်း က ပြသပေးသည်။ ဗိုလ်ဝင်းသည် ကျွန်တော်တို့၏ လေ့ကျင့်မှုကို အလွန်အားရ ကျေနပ် လျက်ရှိသည်။ စိတ်အား ထက်သန်စွာ လုပ်ကိုင်ကြသဖြင့် ကျွန်တော်တို့တစ်ကိုယ်လုံးတွင် ပွန်းပဲ့သော  ဒဏ်ရာ များဖြင့် ပြည့်နှက် လျက်ရှိပါသည်။

“ရဲဘော်တို့ ခုလို လေ့ကျင့်ထားခြင်းများဟာ တကယ်တမ်းပြောမယ်ဆိုရင် နယ်ချဲ့သမားများနဲ့ ရင်ဆိုင်တဲ့အခါမှာ ဘာမှထိရောက်လိမ့် မယ် မဟုတ်ဘူး၊ ဒါပေမယ့် အခြေခံနားလည်ထားမှသာလဆင် လက်တွေ့ တိုက်ပွဲဝင်တဲ့ အခါမှာ သက်လုံကောင်းနိုင်မယ်၊ အရေးအကြီးဆုံးက ကိုယ်စီတိုက်ပွဲတွေ ကို လေ့ကျင့်ထားခြင်း ဟာ ကျေးရွာတွေဆင်းပြီး တာဝန် ထမ်းကြရမယ့် ရဲဘော်တွေအတွက် အလိုအပ် ဆုံးဖြစ်တယ်၊ ကျေးရွာမှာရှိတဲ့ နယ်ချဲ့သမား ရဲ့ လက်ပါးစေတွေရဲ့ လက်နက်များဟာ ငါတို့လက်နက် ဖြစ်လာရမယ်၊ ဂတ်တွေ ကင်းတွေမှာ ရှိတဲ့ လက်နက်တွေကို တို့က အချက်ပြပေးတာနဲ့ တစ်ပြိုင်နက်တည်း သိမ်းယူတပ်ဆင်ပြီးသား ဖြစ်ရမယ်။ ငါတို့ရဲ့ တော်လှန်ရေးဟာ ကျေးလက်တွေက စရမယ်ကြားကြလား၊ နားလည်ကြလား … ရဲဘော်တို့”
“ကြားပါတယ်”

ဗိုလ်ဝင်း၏ အသံသည် မာကျောသည်။ ပြတ်သားသည်။ အားမာန်အပြည့်ပါသည်။ သူ၏ လှုပ်ရှားမှု များမှာလည်း လျင်မြန်လှသည်။ ကျွန်တော်တို့၏ ခေါင်းဆောင်သည် ကျွန်တော်တို့နှင့်အတူ ယှဉ် တွဲလျက် နယ်ချဲ့သမားအား လက်နက် စွဲကိုင်တော်လှန်ရာတွင် ပါဝင်မည်ဖြစ်သဖြင့် ကျွန်တော်တို့ အထူးစိတ်အားထက်သန်လှသည်။ သံဒိတ်ကျွန်း တွင် သခင်မြသွင်၊ သခင်မောင်မောင်တို့၏ စည်းရုံးမှုသည် ဖျာပုံနယ်ထက် သာလွန်သည်။ ကျွန်တော်တို့ လူသိုက်ဖျာပုံနယ်တွင် လက်နက်ကိုင် ဆောင်ကြသည့် မည်သည့်သူကိုမျှ သခင်မြသွင်နှင့် သခင်မောင်မောင် တို့က ကောင်းစွာ သိမ်းသွင်း စည်းရုံးထားခဲ့ကြလေသည်။ ယခု ကျွန်တော် တို့သည် နှစ်လုံးပြူး၊ ရိုင်ဖယ်၊ ခြောက်လုံးပြူးအပါအ၀င် တကယ့်လက်နက်များကို ကိုင်တွယ်လေ့ကျင့်နေကြ ရပါသည်။ ထိုလက် နက်များမှာ ဒေးဒရဲမြို့ပေါ်မှ လိုင်စင်ဖြင့် ကိုင်ဆောင်ထားကြသော မြို့ခံမျိုးချစ် အချို့နှင့် ကျေးရွာ သူကြီးများ၏  လက်နက်များဖြစ်ပါသည်။

“ရန်ကုန် ကို ဘယ်တော့ သွားရမှာလဲဗျ”
“ဒီနေ့ပဲ၊ မင်းကို ရဲဘော်ကိုစိန် လိုက်ပို့ပေးလိမ့်မယ်၊ ရန်ကုန်ရောက်ရင် အခြေအနေကို အကဲခတ်ပြီးမှ ၀င်ထွက်ဖို့ လိုတယ်၊ မဟုတ်ရင် သူတို့ဖြန့်ချထားတဲ့ ပိုက်ကွန်ထမှာမိပြီး ဒုက္ခရောက် နိုင်တြယ်၊ ရန်ကုန်ရောက်ရင် ဘယ်မှာတည်းမလဲ၊ တို့ကို လိပ်စာပေးခဲ့ဦး”
“ကျွန်တော် ၉၁-ဘီဂင်းဒက်လမ်းက ကိုကြီးချစ် (နောင်သောအခါ ယူဘီအေ ချယ်ယာမင်) အိမ်မှာ တည်းမယ်”
“အေး … အသွားရယ် အပြန်ရယ် ၅ ရက် အချိန်ပေးမယ်၊ ၅ ရက်နဲ့ ပြီးအောင်လုပ်ခဲ့၊ မပြီးလို့ တို့လူတွေနဲ့ အဆက်အသွယ် မရခဲ့ရင်လည်း ပြန်လာခဲ့၊ အရေးအကြီးဆုံးကို မှာလိုက်ဦးမယ်၊ မင်း အခုတာဝန်နဲ့ သွားတာ ဆိုတော့ ကောင်မလေးတွေနဲ့ ရှုပ်မနေနဲ့ဦး၊ ဟိုတုန်းက ရှုပ်တာက အရေးမဘကီးဘူး၊ ခုရှုပ်ရင် တို့ ခွင့်မလွှတ်နိုင် ဘူး”
“ဟာဗျာ၊ ခင်ဗျားတို့ကလည်း ဘယ်ကောင်မနဲ့ရှုပ်ရမှာလဲ၊ ခုလောက်ဆိုရင် လင်တောင် ရရော့မယ်၊ ဒါနဲ့ ငွေကို ဘယ်သူပေး လိုက်မလဲ”

“မင်း အိမ်က ခိုးလာတဲ့ ပိုက်ဆံတွေ ရှိတယ်မဟုတ်လားကွ၊ မင်းစရိတ်နဲ့ မင်းသွားရမှာပေါ့၊ တခြား လူကို လွှတ်ရင်လည်း မင်းဆီကပဲ တို့က ဆွဲပေးရမယ့်အတူတူ မင်းကို လွတ်လိုက်တာပေါ့”
“ကောင်းဗျာ … သိပ်ကောင်းပေါ့”
ကျွန်တော် သည် ရန်ကုန်သို့ ထွက်ခွာရန် ညွှန်ကြားချက်ရရှိသောအခါ ဒေးဒရဲမှ သခင်မြသွင်တို့၊ သခင်မောင်မောင် တို့ထံမှ ပေးသည့် အစီရင်ခံစာများ၊ ဖျာပုံနယ်မှ ကျွန်တော်တို့၏ လှုပ်ရှားမှု အစီရင်ခံစာ များ၊ နောက်ဆုံးညွှန်ကြားချက် တောင်းခံစာများ လုံခြုံစွာ လက်ခံရယူခဲ့ပါသည်။ (မကြာမီ သခင်မြသွင်သည် ဌာနချုပ်ညွှန်ကြား ချက်အရ အိန္ဒိယနိုင်ငံသို့ ထွက်သွားခဲ့ပါသည်။)
“ကိုမြလှိုင် ခင်ဗျား တယ်လည်းနုတာကိုးဗျ၊ မိန်းကလေးကျနေတာပဲ၊ ဟဲ ၊ ဟဲ”
“တစ်သက်နဲ့တစ်ကိုယ် တစ်ခါမှ မလုပ်ဘူးတဲ့အလုပ် မဟုတ်လားဗျ၊ အင်္ဂလိပ်ကို လက်နက်ဆွဲပြီး တိုက်ချင်လွန်းလို့သာ ခုလောက် အပင်ပန်းခံတာပေါ့ဗျာ၊ ကိုယ့်ဟာကိုယ်ဆို ခုလို အပင်ပန်းခံဖို့ဆိုတာ အဝေးကြီး ပဲ ဟင်း …”

“ဟုတ်တာပေါ့၊ ခင်ဗျား စိတ်ဓာတ်ကို လေးစားတယ်ဗျာ၊ ဒါနဲ့ တစ်ဆက်တည်း ရန်ကုန်သွားမယ့် အစီအစဉ်ကို ပြောရဦးမယ်”
“ဟုတ်ကဲ့၊ တိုက်ရိုက်မသွားဘူးဆိုတာ ကျွန်တော့်ကို ကိုအုန်းမောင်က ပြောပြထားပါတယ်”
“ဟုတ်တယ်၊ ဒေးဒရဲကို အရင်သွားမယ်၊ ဒေးဒရဲမှာ အချို့ရဲဘော်တွေနဲ့ တွေ့ပေးမယ်၊ ဒေးဒရဲကနေ သမ္ဗန်နဲ့ကွမ်းခြံကုန်းကိုကူးမယ်၊ ကွမ်းခြံကုန်းက တိုဆိပ်ကြီးက ဂွကလေးသူဌေး ဦးဘိုးလှ ဆန်စက်မှာ ခဏနေ မယ်၊ သူတို့မော်တော်နဲ့ ရန်ကုန်ဘက်ကမ်းကို ကူးမယ်”
“အစ်ကိုစိန့် အစီအစဉ်အတိုင်းသာလုပ်ပါ”
“ကိုင်း … ထမင်းသွားစားမယ် ပြီးရင် တစ်ဆက်တည်း သွားကြစို့လား”

သမ္ဗန်ပေါင်းမိုးအောက်တွင် နေရသည်မှာ ရေနံချေးစော်ဖြင့် မူးနောက်နေသည့်အပြင် ရေဆန်လှော်ခတ်နေသဖြင့် သမ္ဗန်ကြီး သည် ရွေ့ရုံမျှသာ ရွေ့လျားလျက်ရှိသည်။ ကျွန်တော်သည် သံဒိတ်မှယူလာသော သူရိယသတင်းစာ အဟောင်းကို ကြော်ငြာပါမကျန် အစအဆုံး ဖတ်လျက်ရှိ ပါသည်။ သူရိယသတင်းစာသည် ဦးစော၏ သတင်းစာဖြစ် သဖြင့် ဦးစော၏ ညွှန့်ပေါင်းအစိုးရ၏ သတင်းကို မျက်နှာဖုံးမှနေ၍ အသားပေးဖော်ပြ ထားပါသည်။ ထိုအချိန်က ဦးစော၏ ညွှန့်ပေါင်းအစိုးရတွင် ဦးစော (နန်းရင်းဝန်-သစ်တောနှင့်ပညာရေး)၊ (၂) ဦးဘသီ (ဘဏ္ဍာရေး)၊ (၃) ဦးအေး (ပြည်ထဲရေး)၊ (၄) ဆာပေါ်ထွန်း (အခွန်တော်)၊ (၅) ဦးသာယာဝတီ မောင်မောင် (သယ်ယူ ပို့ဆောင်ရေးနှင့် ကျန်းမာရေး)၊ (၆) စောဖေသာ (တရားရေး)၊ (၇) ဦးဘသန်း (ကူးသန်းရောင်းဝယ်ရေး)၊ (၈) ဦးဘအုန်း (အလုပ်သမားဌာန)တို့ဖြစ်ကြပါသည်။

၁၉၃၈ ခု ကျောင်းသားများသပိတ်မှ ပြုတ်ကျသွားသော ဒေါက်တာဘမော် အစိုးရနေရာတွင် အသံကောင်း ဟစ်တက် လာသော အစိုးရဖြစ်သည်။ ကျွန်တော်တို့ကဲ့သို့ လူငယ်ပိုင်းနှင့် တို့ဗမာအစည်းအရုံးမှ သခင်များအနေဖြင့်မူ နယ်ချဲ့သမားကို ကိုယ်စားပြုသော မည်သည့်အစိုးရကိုမဆို ဆန့်ကျင်ကြမည် သာဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အများစုဖြစ်သော တောင်သူလယ်သမားနှင့် အလုပ်သမား လူတန်းစားများ၏ ဘ၀ လွတ်လပ်ရေးနှင့်နိုင်ငံ၏ အချုပ်အချာအာဏာသမား လူတန်းစားများ၏ဘ၀ လွတ်လပ်ရေးနှင့်နိုင်ငံ၏ အချုပ်အခြာအာဏာဖြင့် ပြည့်စုံသော လွတ်လပ် ရေးရရှိနိုင်ရန် နယ်ချဲ့သမားများအား လက်နက်စွဲကိုင်တော်လှန်ရန်မှတစ်ပါး အခြားနည်းလမ်းမရှိဟု ယုံကြည်ထားခြင်းကြောင့်ဖြစ်သည်။
“ကိုမြလှိုင် ပျင်းနေသလားဗျ”
“ပျင်းတယ် ဆိုပါတော့၊ သမ္ဗန်ထဲမှာ ရေနံနံ့လဲ မခံနိုင်ဘူးဗျာ၊ အားကြီးမူးတာပဲ”

“လာဗျ၊ အပေါ်မှာ နေပူလှန်းရင်း ရှေးဟောင်းနှောင်းဖြင့်ကလေးတွေ ပြောစမ်းပါဦး၊ ဒါနဲ့ ကိုမြလှိုင် ရန်ကုန်မှာ ကျောင်းနေတာ ဘယ်နှစ်တန်းရောက်ပြီလဲဗျ”
“ဆယ်တန်းဖြေထားတယ်၊ ဒါလဲ နောက်ဆုံးပဲနဲ့ တူပါတယ်ဗျာ၊ စစ်ဖြစ်နေပြီမဟုတ်လား”
“ဆယ်တန်း ဆိုတော့ မနည်းပါပဲလား၊ ဆယ်တန်းအောင်ရင် ဘာလုပ်မလို့လဲ”
“မူလကတော့ ဘွဲ့ရတဲ့အထိ ဆက်နေမယ် အောက်မေ့တယ်၊ ခုတော့စစ်ကလည်း ဖြစ်လား၊ အခုလို တော်လှန်ရေး ထဲလည်း ပါလာတယ်ဆိုတော့ ရှေ့ရေးဆိုတာ ကျွန်တော် ဆုံးဖြတ်လို့ရတဲ့ အလုပ်မဟုတ်တော့ဘူး”
“ကျွန်တော်ကတော့ ဘုန်းကြီးကျောင်းထွက်ဆိုတော့ ပရိတ်ကြီးတို့၊ နောဧကနောတို့ကိုတော့ ကောင်းကောင်း ရွတ်နိုင် တယ်လေ … ရန်ကုန်လဲ ဘကြီးဘုန်းကြီးနဲ့ ရောက်ဖူးပါတယ်၊ သရက်တောကျောင်းတိုက်ထဲတည်းပြီး ဟိုလျှောက်လည်၊ သည်လျှောက်လည်လဲ လုပ်ဖူးပါရဲ့၊ ရန်ကုန်က ပိုက်ဆံရှိရင် အားလုံးဖြစ်နေတာပါပဲလားဗျာ၊ ဟဲ ဟဲ”

“ဘာတွေဖြစ်တာလဲ အစ်ကိုစိန်”
“ဖြစ်လိုက်တာမှ အားလုံးဖြစ်ဖြစ် ဖြစ်ဖြစ်မြည်နေတာပဲ … ဟဲ ဟဲ”
“အစ်ကိုစိန့် ရန်ကုန် မှာ ဖြစ်ခဲ့ဖူးပြီ ထင်တယ်၊ ဟဲ ဟဲ”
“မဖြစ်ဘူးပေါင် ဗျာ၊ လူများဖြစ်တာသာ မြင်ဖူးတာပါ၊ ဟဲ ဟဲ”
“ဘယ်လို မြင်ဘူးတာ လဲ လုပ်စမ်းပါဦး”
ကျွန်တော်သည် သမ္ဗန်ဦးတွင် နေပူလှန်းရင်း ရဲဘော် ကိုစိန့်၏ ရန်ကုန်အတွေ့အကြုံကို နားထောင်နေမိပါသည်။ ကိုစိန့်သည် ပါးစပ်တစ်ခုလုံး ကွမ်းများဝါးလျက် သူ့အပြောကို သူ့ဘာသာ တသောသော ရယ်လျက် ကျွန်တော့်အား မျက်စိများ မှိတ်သည်အထိ ရယ်မော၍ ပြောပြပြန်ပါ သည်။

“ကျွန်တော်တို့ ဒေးဒရဲက အမိန့်တော်ရမင်းနဲ့ တစ်ခါ ရန်ကုန်ကို လိုက်ခဲ့ဖူးတယ် ကိုမြလှိုင်ရဲ့၊ အမိန့်တော်ရမင်းကလည်း ရန်ကုန်ကို စနေနေ့ မြင်းပွဲတိုင်းလာပြီး လောင်းတယ်လေ”
“ကျွန်တော်က ဒါမျိုးဆိုရင် သိပ်ကြားချင်တာဗျ၊ ပျင်းလွန်းလို့ပါ”
“ဟဲ … ဟဲ ဒါနဲ့ ကျွန်တော့်ကို သူတည်းတဲ့ တည်းခိုခန်းမှာ ထားခဲ့တယ်၊ အမယ် စားစရာက အဆင့်သင့်၊ နောက်ပြီး ဟဲ … ဟဲ ဟိုဟာကလည်း အဆင်သင့်ဗျ”
ကျွန်တော် သည် ရန်ကုန်တွင် ကျောင်းသားတစ်ယောက်အဖြစ် စကော့ဈေးနှင့် ရုပ်ရှင်ရုံ၊ ဟော်တယ် စသည် တို့ကို ရောက်ခဲ့ဖူးသူဖြစ်၍ သူပြောသော ဟိုဟာဆိုသည်ကို နားလည်ပါသည်။ သို့သော် ဟိုဟာဆိုသည်နှင့် မကျေနပ်နိုင် ဘဲ ဟိုဟာကို ပေါ်အောင် မေးခြင်းဖြစ်ပါသည်။

“ဟိုဟာဆိုတာက ဘာလဲ အစ်ကိုစိန့်ကြီးရ”
“ဟိုဟာဆိုတာ အဲ-အင်း ဧည့်ခံပြုစုတဲ့ မိန်းကလေးရယ်ပေါ့”
“အင်း … ဟုတ်ပြီ ဆက်စမ်းပါဦး”
“ကျွန်တော်လည်း တစ်ယောက်တည်း အမိန့်တော်ရမင်း အပိုင်စားပေးခဲ့တဲ့ အခန်းမှာ ဘီယာကလေး စုပ်လိုက်၊ ဧည့်ခံမယ် တူကလေးနဲ့ ညှပ်ကျွေးတဲ့ ဟင်းဖက်ကလေး စားလိုက်၊ ဘာ ပြောကောင်းမလဲ ဟို နတ်ပြည်ဆိုတာ အတွေ့နဲ့ ကျေနပ်ရတယ် မဟုတ်လား၊ ဒီမှာက ကိုယ်ကို ကိုယ်တိုင် ကိုယ်ထိလက်ရောက် ပါးစပ်အထိ ပြုစုတာ မဟုတ်လား၊ အဲဒီတုန်း မင်းနတ်ပြည်သွား မလားဆိုရင် ထိုင်ငိုမိမှာ အမှန်ပဲဗျို့၊ ဟီး ဟီး”
“အင်း … အတွေ့နဲ့အငွေ့ ဘယ်တူပါ့မလဲ၊ ဟုတ်လာပေါ့”
“ဒါနဲ့ လောကကြီးကို မေ့နေတာပေါ့ဗျာ၊ မကြာဘူးဗျို့၊ နတ်ပြည်က စုတေပြီး ဗြုန်းခနဲ လူ့ပြည် ပြန် ရောက်တော့ စောစောက ဧည့်ခံမယ်လ မရှိတော့ဘူး၊ အိတ်ထဲမှာ စပါးရောင်းပြီး ထည့်ထား တဲ့ ဂျော့ဘုရင်မင်းပုံပါတဲ့ ရာတန်စက္ကူလဲမရှိတော့ဘူး၊ ဟားဟား၊ ကျွန်တော့်ကို စီးကရက်ထ ကုတ်ကင်းမှုန့် ထည့်ပြီး ကျောသွားတာလေဗျာ”

“အစ်ကိုစိန့်က လော့ဂျင်ပိုင်ရှင်ကို ပြောပြီး အလျော်တောင်းခိုင်းဖို့ကောင်းတယ်”
“ဘယ်ပြောဝံ့ပါ့မလဲ ကိုမြလှိုင်ရယ်၊ ကိုယ့်ဒုက္ခနဲ့ကိုယ် အသာကျိတ်ခံလာခဲ့ရတယ်၊ ဘယ်လောက် အိပ်ပျော် သွားသလဲဆိုရင် မြင်းပွဲက ပြန်လာတဲ့ အမိန့်တော်ရမင်းက လှုပ်နှိုးမှ နိုးတော်မူတယ်၊ ဟဲ … ဟဲ … ဟဲ”
“အမိန့်တော်ရ ကိုရော ပြောမပြဘူးလား”
“ဟင့်အင်း … ရန်ကုန်ရောက်ရင် ၀ယ်မယ်လို့ မှန်းထားတာလေးတွေလဲ ဘယ်ဝယ်နိုင်တော့ မလဲ၊ ငွေလေး ခြောက်ကျပ်လောက် ကျန်တာ၊ ဘုန်းကြီးကျောင်းအတွက် စပျစ်သီး ခြောက်ကျပ်ဖိုး ချီဇာ ကိတ်တစ်လုံး ပဲ ၀ယ်ခဲ့ရတယ်။ အိမ်ရောက်မိန်းမကို ကျိတ်တွယ်ပြောတာတောင် မယုံလို့ စကားများ ရသေးတယ်လေ၊ ကိုမြလှိုင်ရော ရန်ကုန်မှာ မပွေဘူးလားဗျ”
“မိန်းမပိုးတာကို ပွေတယ်ခေါ်ရင်တော့ ပွေတယ်ပေါ့ဗျာ”
“မိန်းမ ဆိုတဲ့ စကားရပ်ပါရင်တော့ ပိုးတာပဲဖြစ်ဖြစ်၊ ပွေတာပဲဖြစ်ဖြစ် အဲဒီပုံပြင်တွေဟာ အလွန်စိတ် ၀င်စားစရာကောင်း တယ်ဗျ၊ ကျွန်တော်တို့လည်း နည်းနနိဿယကလေး ခံနိုင်အောင် လုပ်စမ်းပါ ဦးလား”

နေသည် ပြင်းပြင်းပူလျက်ရှိသည်။ ကျွန်တော်နှင့် ကိုစိန်တို့ ထိုင်နေသော သမ္ဗန်ဦးသည် အမိုး အကာမရှိသဖြင့် ကျောပြင်တစ်ခုလုံး ကျွတ်ကျွတ်ပူနေသည်။ သို့သော် စကားလက်ဆုံကျနေသဖြင့် ပူ၍ ပူမှန်းမသိ။ ခရီးတွင်သည်လား၊ မတွင်သည်လားလည်းမသိ။ ပျင်းရိငြီးငွေ့ဖွယ်ကောင်းသော အချိန်များကို စကားပြောခြင်းဖြင့် တိုက်စားပစ်လိုက်ကြသည်။
“ကျွန်တော်က ရည်းစားတစ်ယောက် ထားလိုက် ပစ်သွားလိုက်၊ နောက်တစ်ယောက်ထားလိုက် လင်နောက် လိုက်သွားလိုက်၊ နောက်တစ်ယောက် ပိုးလိုက် ကိုယ့်ထ်ဦးတဲ့လူနဲ့ ယူလိုက်ပေါ့ဗျာ။ မိန်းမပိုးလို့ ကုန်ကျရ တဲ့ငွေတွေ စုဆောင်းထားရင်း အော်စတင်မော်တော်ကားတစ်စီးတောင် ရရော့မယ် ထင်တယ်ဗျာ”
“မော်တ်ေကား က ဘာလုပ်ဖို့လဲဗျ၊ တကယ် ငြိမ်တာက မိန်းမဗျ၊ ကျွန်တော် မိန်းမရခါစကဆို ဘာပြောကောင်း မလဲ …၊ အခုသမ္ဗန်စီးနေရသလိုပဲ၊ ငြိမ့်ငြိမ့် ငြိမ့်ငြိမ့်န့ သိမ်ဇိန်ရှိတာ ဟီး ဟီး တကယ်ပြောတာ၊ မယုံရင် မိန်းမ တစ်ယောက် ယူစမ်းကြည့်ပါလား”

ကျွန်တော်သည် အိမ်ထောင်သက် တစ်နှစ် နှစ်နှစ်ခန့် ရရှိနေသော ကိုစိန့်ပြောသော စကားထဲမှ မိန်းမဋီကာကို သဘောကျမိသည်။ မိန်းမယူချင်စိတ်ကလေးလည်း ဖြစ်မိသည်။
“အခု သမ္ဗန်စီး ရတာကတော့ မငြိမ့်ဘူးဗျာ …၊ မူးနောက်နောက်နဲ့လေ၊ ဟွန်း … ဟွန်း”
“ စစ ချင်းတော့ မူးတယ်၊ နောက်တော့ ငြိမ့်တယ်၊ နောက်ပြီးတော့ တအားကြီးငြိမ့်တာပဲ၊ ဆိုလို တာကတော့ သားသမီးတွေ ဗုစုခရတွေနဲ့ လောကကြီးဟာ၊ အိမ်ထောင်ရေးကြီး သာယာငြိမ့်ညောင်းသွားတယ် ဆို လိုတာပေါ့ဗျာ၊ တခြားတဟုတ်တာ အနက်တော့ မတွေးလိုက်ပါနဲ့ဗျို့၊ မြန်မာစကားဆိုတာကလည်း ကျယ်ဝန်း တယ် မဟုတ်လား”
“ကျွန်တော် လည်း အနက်မထင်တတ်ပါဘူး အစ်ကိုစိန့်ရာ၊ ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော် မိန်းမမှ မယူဘူးပဲ”

“အလကား ပျော်စေ ပျက်စေ သဘောပါဗျာ၊ မိန်းမယူတယ်ဆိုတာ ကိုမြလှိုင်တို့လို ပညာသင်နေတဲ့ အရွယ်မှာ မသင့်တော် ပါဘူး၊ ဘာကြောင့်လဲဆိုတော့ မိန်းမယူလို့ အိမ်ထောင်တစ်ခုကို ထူထောင် တော့မယ်ဆိုရင် ကိုယ့် မှာ ထောက် ထောက်ခံခံစုပြီး ဆောင်းပြီးရှိဖို့ လိုတ်၊ အိမ်ထောင်တစ်ခုကို ဦးစီး ဦးရွက် လုပ်နိုင်တဲ့ စွမ်းအား သတ္တိ လိုတယ်၊ မဟုတ်ရင် ကိုယ်ယူတဲ့ ကိုယ့်မိန်းမက ကိုယ့် အပေါ်မှာ အထင်သေးတတ်တယ်ဗျ”
“ကျေးဇူး တင်ပါတယ် အစ်ကိုစိန့်ရာ၊ တကယ်က ကျွန်တော်တို့ လွတ်လပ်ရေးတိုက်ပွဲအတွက် လုပ်စရာတွေ တပုံတပင်ကျန်သေးတာပဲ မဟုတ်လား”

ရှုမ၀၊ တွဲ ၃၄၊ မှတ် ၄၀၄၊ ဇန်န၀ါရီလ၊ ၁၉၈၁။
ဆက်ရန်
.

No comments: