မြင်ရတာကတော့ အားကျစရာပါပဲ။ ပြောင်းဖူးဖက်တွေမှ ဖွေးလို့။ ဆိုက်ကားတဲ့ ကားကြီးတွေ ဘေး မှာရော။ ပြီးတော့ လက်ကားရောင်းတဲ့ ကုန်စိမ်းဒိုင် ပတ်ဝန်းကျင်မှာရော။ ဒါပေမယ့် ကိုယ်လိုသူလို လူတွေကချည်း မနည်းဘူး။ ညပဲစောင့်အိပ်နေလေရော့သလား ထင်ရတယ်။ ပြီးတော့ လာကြတာ က အိမ်ရှိ လူကုန်။ ဘုစုခရု အကုန်ပါတယ်။
မငွေမ တို့ မိသားစုလဲ နှစ်ဆိုင်းခွဲလိုက်တယ်။ မငွေမနဲ့ ဖီနိုးကကားဘေးမှာ ကောက်တယ်။ ဖိုးညိုနဲ့ ဖိုးဝါ ကတော့ ဂိုထောင်ဘေးနဘေး သွားကောက်တယ်။ ကို ဆက်ဖတ်ရန် ....
ကောက်ရတာက အလုအယက်။ ပြီးတော့ တွေ့ကရာရှစ်သောင်းကောက်လို့ မဖြစ်ဘူး။ အကြီး အသေးစကားပြောတယ်။ ကြီးယင်ဈေးကောင်းတယ်။ သေးယင် ဈေးမရဘူး။ အကြီးအသေး မျှယင် တော့ ဈေးကတမျိုးတဲ့။
ဒါပေမယ့် အကြီးချည်းလဲ မငွေမ မရွေးနိုင်ပါဘူး။ လုပြီး ကောက်နေရတယ်။ ချောင်းထဲ ရေငင်ရ တာမျိုး မဟုတ်ဘူး။ လက်နှေးယင်တွက်ရေးမကိုက် ဖြစ်မယ်။
သူများတကာတွေ သုံးဘီးကား နဲ့တောင် လာသယ်တယ်။ ကောက်တဲ့လူ အင်အားကလဲ တောင့် တင်းပါဘိနဲ့။
ကောက် လို့ချည့်လဲ မပြီးဘူး။ ၀ယ်သူလာယင် ကိုယ်ကပြောင်းဖူးခွံ ၀ိုင်းကူးခွာပေး ရတယ်။ ပြောင်းဖူး ၀ယ်တဲ့ သူကလဲ အခွံကြောင့် အလေးမခံနိုင်ဘူး။ ကားခ ကုန်မယ်။ ပြောင်းဖူး တရာ့လေးငါးဆယ်ဆိုယင် ကားငှား သွားရတော့မယ်။ ဘတ်စ်ကားစီးဖို့ ခက်တယ်။ ပြောင်းဖူးဖက် ကိုခွာပြီးလို့ အသားချည်းဆိုယင် ၀န်ပေါ့သွားပြီ။ တနိုင်တဆွဲ ဖြစ်တယ်။ ဘတ်စ်ကားနဲ့ သွားမလား၊ လွယ်တယ်။
ကောက်လို့ရသမျှ ကောက်။ ကောက်စရာကုန်ယင် ဝယ်သူကို စောင့်။ ဝယ်သူလာယင် ဝိုင်းပြီး ခွာ ပေး။ ခွာပေးတဲ့ အတွက် ပြောင်းဖူးဖက် ပေးခဲ့တယ်။
တချို့ ကျတော့လဲ ခွာပေးတာကိုတောင် မယုံကြည်သလိုလိုရယ်။ မယု့ကြည်ဆို ပြောင်းဖူးဖက် ခွာ ယင်း ခိုးတဲ့သူ ကလဲ ခိုးတာကိုး။
ကောက်လို့ ကုန်ပြီဆိုတော့ မငွေမရော ဖီနိုးပါ ဝိုင်းခွာတယ်၊ ဖိုးဝါနဲ့ ဖိုးညိုလဲ ရောက်လာပြီး ဝိုင်းခွာ ပေးကြတယ်။ ပြောင်းဖူးဖက်ရဖို့အတွက် လွယ်တော့လဲ မလွယ်လှဘူး။ ပြောင်းဖူးဖက်က အမျှင် ကလေးတွေ ထိတော့ ယားတ.်။ ယားဆို အင်ပျဉ်လို ဖြစ်တယ်။
ဖီနိုး ဆိုယင် တကုတ်တည်း ကုတ်နေရပြီ။ ဖီနိုးကို ဝေးဝေးနေခိုင်းထားရတယ်။
နေ့ခင်း တနာရီခွဲတော့မှ မိသားစု ထမင်းစားရကောင်းမှန်း သတိရတယ်။ သည်နေ့တော့ ဖီနိုး တောင် ဆာတယ်ပြောသံ မကြားရဘူး။
ထမင်းဆိုင်တစ်ဆိုင် ကို ဖိုးဝါကို လွှတ်ရတယ်။ ချဉ်ပေါင်ရွက်ကြော် တကျပ်ဖိုး ဝယ်ခိုင်းတယ်။ ပါ လာတဲ့ ထမင်းနဲ့ မနက်စာဖြစ် သလို စားပစ်လိုက်ကြတယ်။
ထမင်းစားပြီးတော့ အလုပ် ပြန်စတယ်။ ကောက်လို့ရသလောက်ကို ကောက်၊ ဝယ်သူလာယင် ဝိုင်း ပြီး ဖက် ကိုခွာပေး။ သည်လိုနဲ့ နေစောင်းသွားရော။
ပြန်ကြတော့ဖို့ စိတ်ကူးတယ်။ ပါလာတဲ့ ဂုန်နီအိတ် အပါးစားလေးတလုံးလဲ ပြည့်ပြီ။ နောက်ထပ် ထည့်စရာမရှိတော့လို့ မငွေမ ခေါင်းပေါင်းလာတဲ့ လုံချည်အဟောင်းကို ကြိုးစည်းပြီး ထည့်ရတယ်။
မိသားစု ဆယ့်ငါးကားစီးပြီး ပြန်လာကြတယ်။ တာမွေဗလီကနေ မင်္ဂလာရပ်ကွက်အထိ ဖိုးဝါနဲ့ ဖိုးညိုက တယောက် တအိတ်စီ ထမ်းတယ်။
ဖိုးဝါ အကြံပေး လို့ မငွေမ ထလုပ်လိုက်တာ။ ဘာမှန်းမသိရသေးဘူး။ အိမ်ပြန်ရောက်လို့ အေးအေး ဆေးဆေး ရှိတော့မှ ဖိုးဝါ ကို မေးရတယ်။ ဘယ်တော့ အစီခံလုံးတဲ့ဆီကို သွားပို့မှာလဲလို့။
"ခုနေ သွားပို့လို့ ဘယ်ရအုံးမလဲ အမေရဲ့၊ အခြောက်ခံရအုံးမယ်။ ခြောက်မှပဲ ယူမှာပေါ့"
မငွေမ တော်တော်စိတ်ဓာတ်ကျသွားတယ်။ နေလှန်းဖို့ဆိုတာက ပြဿနာ။ တနေနဲ့တော့ ခြောက် နိုင်တယ်။ နတ်တော် ပြာသိုနေဆိုတော့ ခြောက်တော့ ခြောက်နိုင်တယ်။ ဒါပေမယ့် သည်နေ့ ငွေ မပေါ်ဘူး။ နက်ဖြန် ညနေထိ စောင့်ရမယ်။ ပြီးတော့ ဘယ်ရွေ့ဘယ်မျှ အချိန်ကုန်မယ် မပြောနိုင် ဘူး။
လုန်းဖို့ကလဲ ပြဿနာ။ သမံတလင်းယင်လဲ ရှိပါမှ။ ဒါမှမဟုတ်ယင် တလင်းပြောင်ပြောင်ယင်လဲ ရှိ ပါမှ။ ရပ်ကွက် ထဲမှာက လှမ်းဖို့နေရာ မရှိဘူး။
ဖိုးဝါရဲ့အဆိုကတော့ တချို့ဆိုယင် ကီလီမှာတင် လှန်းလာခဲ့တယ်တဲ့။ ဒါပေမယ့် ဂိုဒေါင်အနီးအပါး မှာလှန်း လို့ရတာ မဟုတ်ဘူးတဲ့။ ကမ်းနားကပ်ပြီး လှမ်းရမယ်။ မဟုတ်ယင်ဆိုင်ရာက အရေးယူ မယ်တဲ့။
ဖိုးဝါ ကလဲ လမ်းစဖော်ပေးတယ်။ အမေရယ် ပူမနေပါနဲ့။ ဗလီအနောက်က ကွင်းပြင်မှာ သွားလှန်း ပြီးဖိုးညိုကို အစောင့် ခိုင်းထားလိုက်တာပေါ့တဲ့။
ဖိုးဝါပြောသလိုဖြင့် မလွယ်ဘူး။ အထက်အောက် လှန်းပေးရဦးမယ်။ လေမလွင့်အောင် စောင့်ရ မယ်။ လူစောင့် ထားရမယ်။
ထားတော့။ နက်ဖြန် နှစ်ယောက်စလုံး ပြောာင်းဖူးဖက်တွေပဲ ခြောက်အောင် လှန်းရမယ်။ သည်နေ့ အဖို့ ကတော့ ၀င်ငွေတပြားတချပ်မှ မရှိတော့ဘူး။ ရှိတာကလေးနဲ့ပဲ ဖြစ်အောင် စားကြမယ်။
နက်ဖြန် အတွက်ကတော့ ပူစရာမရှိပါဘူး။ တနေနဲ့ ပြောင်းဖူးဖက်တွေ ပဲ ခြောက်အောင် လှန်း။ ခြောက်ယင် ငွေဖြစ်မယ်။ နက်ဖြန်စာအတွက်။
မနေ့က ဈေးရောင်းပြီး အပြန်မှာ မငွေမလက်ထဲ ဆယ့်ငါးကျပ်နဲ့ ပြားလေးဆယ်ရှိတယ်။ ပြားလေး ဆယ် ကတော့ ဖီနို မုန့်ဖိုးနဲ့တင် ပျောက်ကရော။
ဆန်တပြည်ဝယ်လိုက်တယ်။ ထင်းတကျပ်ဖိုး ၀ယ်လိုက်တယ်။ ငွေလေးကျပ် ချောသွားတယ်။ မငွေမ ကျစ်ကျစ်ပါအောင် ထုပ်ထားတာက ဆယ့်တကျပ်။ သည်နေ့ ကီလီအသွားအပြန် လမ်းစ ရိတ်က တကျပ် ရှစ်ဆယ်။ ချဉ်ပေါင်ရွက်ကြော်က တကျပ်။ ဖီနိုမုန့်ဖိုးက ပြားနှစ်ဆယ်။ ပြီးတော့ ပန်းနာရင်ကျပ်ဆေးက တကျပ်ခွဲ။ မကုန်မဖြစ် ကုန်သွားတာကို ပေါင်းကြည့်တယ်။ လေးကျပ်ခွဲ။ လက်ထဲမှာ ခြောက်ကျပ်ခွဲပဲ ကျန်တယ်။
ခက်မြင့်ကို ဖိုးဝါမနေ့ကအပ်တာက ဆယ့်သုံးကျပ်။ အမဲဆီဖက်နဲ့ တို့စရာဖိုး ပြန်ယူတာက နှစ်ကျပ်ခွဲ။ မနေ့ည က ခက်မြင့် လက်ထဲမှာ တဆယ်ငါးမှုး ကျန်တယ်။
သည်နေ့ ဆန်တပြည်နဲ့ထင်းဖိုးက လေးကျပ်။ အချိုမှုန့်က နှစ်ဆယ့်ငါးပြား။ ပုစွန်ခြောက်မှုန့် က နှစ်ဆယ့် ငါးပြား။ ငရုတ်သီး မှုန့်က နှစ်ဆယ့်ငါးပြား၊ ကြက်သွန်ဖြူက နှစ်ဆယ့်ငါးပြား။ ခရမ်းချဉ်သီး နှစ်ဆယ်သား က ပြားငါးဆယ်။ တို့စရာဖိုး က ပြားငါးဆယ်။ ခက်မြင့် သည်နေ့ မသုံးမဖြစ် သုံးလိုက် ရ တာကခြောက်ကျပ်။ သည်တော့ ခက်မြင့် လက်ထဲမှာ လေးကျပ်ခွဲ ရှိသေးတယ်။
မအေနဲ့သမီး ပေါင်းယင် ဆယ့်တကျပ် ရှိသေးတယ်။ နက်ဖြန်မနက်အတွက် ဆန်လေးလုံး လျော့လျော့ ကျန်မယ်။ နက်ဖြန်ညနေ ပြောင်းဖူးဖက်တွေ ခြောက်ဖို့တော့ အရေးကြီးတယ်။
နေထွက် ကတည်းက ဖိုးဝါနဲ့ဖိုးညို လယ်ကွင်းပြင်ထဲရောက်လာတယ်။ ပြောင်းဖူးဖက်တွေကို လှမ်း တယ်။ နှစ်ယောက် သား ထိုင်စောင့်နေကြတယ်။
ဖိုးဝါကတော့ ခေါင်းကို အအားမထားဖူး။ ရှေ့ဆက်ရမယ့်နေ့ရက်တွေအတွက် စားကျက်ကို စဉ်းစား တယ်။
ရာသီ ကိုက ကောင်းကျိုးမပေးဘူးလို့ စိတ်ထဲထင်မိတယ်။ ရှားတဲ့ပစ္စည်းကျတော့ ဈေးမရဘူး။
ခုလဲကြည့်။ ပြောင်းဖူးဖက် တော့ရပါရဲ့။ ပေါတဲ့ရာသီ။ ဈေးမရဘူး။ စနည်းနာပြီးပြီ။ တပိဿာမှ ငါးမတ်တဲ့။ ဘယ်လောက်တင် ကျန်မယ်မသိဘူး။
ခုနေ မန်ကျည်းရွက်ပေါ်ဖို့ ဆိုတာကလဲ စောသေးတယ်။ နှစ်လကျော် သုံးလလောက် စောင့်ရအုံး မယ်။ ခုနေများပေါ် လိုက်ယင် အတိုင်း ထက်အလွန်နေမှာ။ ပေါ်ဦးပေါ်ဖျားဆိုတော့ ဈေးကောင်းရ မယ်။ စားကျက်တွေ မျက်စိထဲ စွဲအောင်ကြည့်ထားတာ အများကြီး။
ရာသီမရွေး ရနိုင် တဲ့ ရဲယိုသီးလိုမျိုးကျတော့ ဈေးကွက်မ၀င်ပြန်ဘူး။ အ၀ယ်မလိုက်ဘူး။ မသုံးတတ် လိုက်ကြ တာ။ ရဲယိုသီး ဆေးဖက်ဝင်တာ ကို လူများများသိယင် ကောင်းမှာ။ ဖိုးဝါတွေးမိ တယ်။ နောက်ဆုံး သုံးဆယ့် ရှစ်လမ်းက ဈေးသည်ကြီးလို ယိုထိုးပြီး စားရကောင်းမှန်း လူတော်တော်များများသာ သိယင်သိပ်ကောင်းမှာပဲလို့ စိတ်ကူး ယဉ်မိတယ်။
ဖိုးဝါရဲ့စိတ်ကူးက ကိုဘဦးလက်သမား ကိရိယာသေတ္တာဆီ ကိုရောက်သွား တယ်။ ရောင်း ချပြီး၊ ငွေရင်းငွေးနှီးလုပ်ရယင်သည့်လောက် ကသီလင်တဖြစ်မှာ မဟုတ်ဘူးလို့လဲ တွေးမိတယ်။
ဒါပေမယ့် ခက်တယ်။ ဖိုးဝါသူ့အမေအကြောင်း ကောင်းကောင်းသိတယ်။ ကိုဘဦးဆုံးပြီးကတည်း က ထင်းရှုးသေတ္တာ ထဲ စုထည့်ပြီး သော့ခတ်ထားလိုက်ပြီ။
ပြောလဲပဲ ပြောဖူးတယ်။ တနေ့နေ့ သားနှစ်ယောက် လက်သမားအတတ်ကို ၀ါသနာပါလာယင် အဆင် သင့်ဖြစ်အောင် တဲ့။ ပြီးတော့ ဖအော့လက်ငုတ်ကလေးကို အပြုတ်မခံနိုင်ဘူးတဲ့။ သည်တော့ ရောင်းချပြီး ရင်းနှီး ဖို့ စိတ်ကိုမကူးနဲ့တဲ့။ ရောင်းစားဖို့ ဆိုတာတော့ မပြောနဲ့တော့။
ဖိုးဝါ့စိတ်ကူးက ဖအေ့အစ်ကို ဦးကြီးတော်သူ့ဆီ ရောက်သွားပြန်တယ်။ တကယ့်လူယုတ်မာ။ ဘယ့်နှယ်....ရတဲ့ အကောက်တွေ ယူ ရှုံးပစ်ရတယ်လို့။ မဟုတ်ယင် သည်လောက်ဖြူခါပြာခါကျ ဖြစ်လို့ အကြောင်း မရှိဘူး လို့ တွေးမိတယ်။ စိတ်ထဲနာကျည်းမိတယ်။
တောင်တောင် အီအီ စဉ်းစားမိရာက ဖိုးဝါ ဖိုးညိုကို သတိထားလိုက်မိတယ်။ ခပ်လှမ်းလှမ်းကို ရောက်နေပြီ။ ဂဏန်းတွင်း ကိုလား မသိ၊ တုတ်နဲ့ထိုးဆွနေတယ်။
ဖိုးဝါ ခေါင်းထဲကို အလင်းရောင်တခု ဖြတ်သန်းဝင်ရောက်လာပြန်တယ်။ စားကျက်တခုကို သွားစဉ်း စားမိတယ်။ ဖိုးညို ကိုကြည့်ပြီး ရလာတဲ့စိတ်ကူးပဲ။ ဂဏန်းနှိုက်ရောင်းဖို့တော့ မဟုတ်ဘူး။ တီကောင်တူးရောင်းမယ်။
ခုမှ သွား သတိရတယ်။ တီတူးရောင်းယင် အလုပ်ဖြစ်နိုင်တယ်။ ညံ့လိုက်တဲ့ဦးနှောက်။ စောစောက သတိရ ဖို့ကောင်းတယ်။ ဖိုးဝါသူ့ဦးနှောက်သူ ပြန်အပြစ်ထင်မိတယ်။
ငါးမျှားတာ လဲ ဖိုးဝါ၀ါသနာပါတယ်။ ဒါပေမယ့် ဖအေက ခွင့်မပြုခဲ့ဘူး။ ငါးမျှားဖို့နေနေ သာသာ၊ ရေနား သွား တာတောင် ကြိုက်တာမှ မဟုတ်ပဲ။
ဒါပေမယ့် ဖိုးဝါ ငါးခိုး မျှားဖူးတယ်။ ငါးစာအတွက် တီလဲပဲ တူးဖူးတယ်။ ညီအစ်ကိုနှစ်ယောက် ဖအေ အလုပ်များတဲ့ ရက်တွေမှာ ကျောင်းပြေးပြီး တီတူးတယ်။ ငါးခိုးမျှားဖူးတယ်။
ကန်တော်ကြီး မှာလဲ ငါးခိုးမျှားဖူးတယ်။ ငမိုးရိပ်ချောင်းလဲ ရောက်ဖူးတယ်။ ဗိုလ်တထောင် ဗော့တံ တားဘက် ကိုတောင် သုံးလေးငါးခါ ရောက်ဖူးကြသေးတယ်။
တခုတော့ ရှိတယ်။ ဖိုးဝါသူ့ကိုယ်သူသိတယ်။ ငါးများပြီး ၀မ်းစာရှာ်ယင်ငတ်မယ်။ သူသာ မျှားလိုက်၊ ငါးက ဘယ်တော့မှ မဟပ်ဘူး။ စိတ်ကူးယဉ်ရတာကလေးသာ အဖတ်ထင်တယ်။ ငါးတော့ မရဖူးဘူး။
ငါးမျှား တဲ့ နေရာမှတော့ ဖိုးညိုက အကျိုးပေးတယ်။ ဖိုးဝါထက် သာတယ်။ ငါးပတ်တောင် ရဖူးတဲ့ အတွေ့အကြုံ ရှိတယ်။
ဖိုးဝါကတော့လား ငါးစင်ရိုင်းတောင် တကောင်မရဖူးဘူး။
ငါးမျှား တာကတော့ မသေချာဘူး။ ရောင်းဖို့တော့ ဝေးရော့။ အိမ်အပြန်မှာ ဟင်းစာေးတာင် ပါမှ မဟုတ်ဘူး။ ဖိုးဝါ သူ့အကြောင်း သူကောင်းကောင်ားသိတယ်။
ဖိုးဝါ တီတူးရောင်းဖို့တော့ စိတ်ကူးမိတယ်။ ဈေးကွက်ရှိတယ်။ စားကျက်ကောင်းဖြစ်နိုင်တယ်။ ဖိုးဝါစိတ်ကူး နဲ့ ပျော်မိတယ်။
ဖိုးဝါ ဖိုးညို ကို လှမ်းအော်ခေါ်လိုက်တယ်။ သူ့အကြံအစည်ကို ပြောပြတယ်။ ဖိုးညိုကလဲ ထောက်ခံ တယ်။
ညီကို အိမ်ပြန်လွှတ်ပြီး ထမင်းနဲ့ငရုတ်သီးတောင်း ပြန်ယူခိုင်းလိုကတယ်။
"ရေဗူး နဲ့ ရေပါထည့်လာခဲ့ဟေ့။ ဟိုကလာနေတဲ့ ဆိတ်တွေကို ကြောက်ရတယ်။ သည်မှာပဲ စားကြ ရအောင်။ နေစောင်းလို့ ခြောက်တယ်ဆိုယင် အိမ်ပြန်မသယ်ချင်တော့ဘူး။ တခါတည်း သွားပို့လိုက်ကြရအောင်"
ဖိုးညို လယ်ကွက်လိုဖြတ်ပြီး အိမ်ဘက်ထွက်သွားတယ်။ ဖိုးဝါကတော့ တီကောင်းကောင်း ရနိုင် မယ့်နေရာကို စိတ်ကူး နဲ့မြင်ယောင်ကြည့်နေမိတယ်။
ဖိုးညိုပြန်ရောက် လာတယ်။ ငရုတ်သီးထောင်းအပြင် ပဲပင်ပေါက်ကြော်တောင် ပါလာလိုက်သေုး တယ်။
သည်လိုနဲ့ နေစောင်းသွားရော။ ဟိုဘက် သည်ဘက် တခါပဲလှန်ပေးလိုက်ရတယ်။ ပြောင်းဖူးဖက် ကိုသွေ့သွေ့ ကိုခြောက်ရော။
ယူလာတုန်းက အတိုင်း အိတ်နှစ်အိတ်ခွဲပြီး ထည့်လိုက်တယ်။ ဖိုးဝါကတော့ မှန်းလို့ ရပြီ။ တော်တော် ပေါ့ သွားတယ်။ အကြီးအကျယ် စိတ်ပျက်သွားမိတယ်။
ဖိုးညို တယောက်တည်းတောင် ထမ်းနိုင်နေတယ်ဆိုတော့ မဟုတ်သေးဘူး။ ရှိလှလေးငါးခြောက် ပိဿာ။
အစီခံလုံးတဲ့နေရာ ကို ရောက်သွားတယ်။ အားရ၀မ်းသာကြိုဆိုတယ်။ နောင်လဲ ရသမျှကို သည်မှာ လဲလာသွင်း ပါတဲ့။ ထည့်ဖို့အိတ်တောင် ပေးလိုက်မယ်ဆိုပဲ။ ဈေးကတော့ ပေါက်ဈေး တပိဿာ တကျပ်နှစ်ဆယ့်ငါးပြားပဲ။
ခြောက်ပိဿာ လျော့လျော့ရှိတယ်။ ခြောက်ပိဿာနဲ့ပဲရှင်းပေးလိုက်တယ်။ ခုနစ်ကျပ်ခွဲ။
အိမ်ရောက်တော့ ခက်မြင့်လက်ထဲ အပ်လိုက်တယ်။
မငွေမ က လှမ်းမေးတယ်။ ဘယ်လောက်ရခဲ့သလဲတဲ့။ ခုနှစ်ကျပ်ခွဲလို့လဲဆိုရော၊ မျက်နှာမည်း ကနဲ ဖြစ်သွားတယ်။
ဖိုးဝါက အားပေးနှစ်သိမ့်တယ်။
..... "အမေ ဘာမှမပူပါနဲ့။ သည်နေ့ညနေ အစ်မကို ဈေးလွှတ်ပြီး ငါးဟင်းသာချက်ခိုင်းလိုက်၊ မနက်ဖြန် ကျွန်တော် တို့ များများ စားစားရအောင် ရှာခဲ့ပါ့မယ်.... ပန်းနာရင်ကျပ်ဆေးလဲ ရှိတာနဲ့ပဲ တခွက် ၀ယ်သောက် ထား လိုက်ပါ....."
ပဲပြုတ်နဲ့ထမင်း တ၀လွေးပြီး အိမ်ကထွက်တယ်။ ဆီတော့မပါဘူး။ ဒါပေမယ့် စိမ်းစားငပိဖုတ်က လေးပါလို့ စားမြိန်တယ်။ လွယ်အိတ်တယောက်တလုံးစီ လွယ်ထားတယ်။ သံချွန် တချောင်းစီလဲ လွတ်အိတ်ထဲမျာ ပါလာတယ်။ သည်နေ့တီအပြတ်တူးမယ်။ အရွက်တွေ အခက်တွေနဲ့ အကျိုး မပေးယင်အသက်ဘက်လှည့်ရမယ်။
ငါးသာမျှား လို့ မစွံတာ။ တီးတူးရာမှာတော့ ဖိုးဝါက နောကျေနေပြီးသား။ စောစောက သည်အကြံ မရတာကိုပဲ စိတ် ထဲက တနုံ့နုံ့ဖြစ်နေတယ်။
ကိုတွတ်နီ နဲ့ လိုက်လိုက်ပြီး ဖိုးဝါ တီးတူးခဲ့ဖူးတယ်။ တီအမျိုးအစားက အစ၊ အမျိုးအစားအလိုက်ရှိ တဲ့မြေနေရာ ကအစ၊ ဖိုးဝါ နောကျေနေပြီးသား။ ကိုတွတ်နီ လို ငါးမျှားကောင်း၊ တီအတူးကောင်းတဲ့ သူ မပေါ်ပေါက်သေးဘူး လို့ ဖိုးဝါ ယုံကြည်တယ်။ ခုတော့ ကိုတွတ်နီ မရှိတော့ဘူး။ မနှစ်က စစ်ထဲ လိုက်သွားပြီ။
ကိုတွတ်နီ စစ်ထဲလိုက်မယ်ဆိုတော့ ငါးမျှားတံတောင်ဖိုးဝါကို လက်ဆောင်ပေးသေးတယ်။ ဒါပေမယ့် ကိုဘဦး သိမှာစိုးလို့ ဖိုးဝါ လက်မခံခဲ့ဘူး။
ဟိုတုန်း ကတော့ တီတူးတယ်ဆိုတာ ကိုတွတ်နီကို ကူညီတာ သက်သက်။ ကိုတွတ်နီကတော့ ရောင်းစားတာ မဟုတ် ဘူး။ ရသမျှတီကို ကိုယ်တိုင်မျှားတဲ့သူ။ ခုတော့ ဖိုးဝါတီတူးပြီး အသက်မွေး ၀မ်းကျောင်းပြုတော့မယ်။
ကိုတွတ်နီ လို လူမျိုးကတော့ တီတူးပြီး၊ ဘာလို့ ရောင်းစားမှာလဲ။ ကိုယ့်ဘာသာမျှားတာက ပိုကိုက် တယ်။ ကိုယ်တိုင်တန်းချတယ်။ ကိုယ်တိုင်လယ်ထွန်ပစ်တယ်။ ငါးအသေးတော့ ကိုတွတ်နီ စိတ် မကူးဘူး။ ငါးပတ်လောက် မှပဲ ကိုတွတ်နီ စိတ်ဝင်စားတယ်။
ဖိုးဝါ ကောင်းကောင်းသိတယ်။ ဈေးအကောင်းဆုံးရတာက တီထောပတ်။ ဖြူဖြူရှည်ရှည်ပျော့ပျော့။ ငါးပတ် အလွန်ကြိုက်တဲ့ တီအမျိုးအစား ဖြစ်တယ်။ ငါးပတ်တင်မကဘူး။ ငါးတိုင်းကြိုက်တယ်။
တီတောပတ် ရှိတဲ့နေရာက သားသတ်ရုံအနောက်ဘက်မှာ။ ငါးပတ်က ကြိုက်တာလဲ မပြောနဲ။ ကိုင်ပြီး လက်ကို မဆေးယင် အမဲသားနံ့နံနေရော။ ငါးပတ်မျှားတဲ့သူတွေ အများဆုံးသုံးတယ်။ ဒါကြောင့်လဲ ဈေးကောင်းရတယ်။
တီကုလား ကိုလဲ ငါးပတ်ကြိုက်တယ်။ တီကုလားကတော့ တီထဲမှာအကြီးဆုံး။ ရှည်လဲအရှည်ဆုံး။ တန်းချတဲ့သူတွေ တီကုလားကိုလဲ အကိုင်များတယ်။ တီခွေနဲ့ဆိုယင်တော့ မတီးမယိမ်းပဲ။ မီးရထားလမ်းဘေး မြက်စောင်းတွေမှာ တွင်းနဲ့နေတယ်။ မည်းမည်းကြီး။
တွင်းနဲ့နေတယ်ဆိုပေမယ့် သိသာတယ်။ တွင်းပေါက်ဝမှာ မြေချေးကလေး ပေါ်နေတယ်။ တူးသာ ချလိုက်။ မလွဲဘူး။ ကိုတွတ်နီ က ကျကျနန ပြထားပေးဖူးတယ်။
တီခွေက ကြီးတော့ကြီးပါရဲ့။ ဒါပေမယ့် နေရာရွေးတယ်။ နေရာတိုင်းမှာမရှိဘူး။ ဖိုးဝါ တွတ်နီနဲ့သွား တူးတာ ကန်တော်ကြီးထဲက မြောင်းမှာ။ ပြီးတော့ နတ်မောက်ကျောင်းဘေးက မြောင်းမှာ။ တီခွေ ကမြေပွမှာပဲ ရှိတယ်။ အရောင်ကတီကုလားလိုပဲ မည်းတယ်။ ထိလိုက်တာနဲ့ ခွေသွားရော။
တီနီ၊ နောက်ချေးတီ၊ ငှက်ပျော်တီကတော့ တီထောပတ်ထက်လဲ သေးတယ်။ တီထဲမှာ အသေးဆုံး။ ငှက်ပျောပင်၊ နောက်ချေးပုံနဲက ရေစပ်မှာ အနေများတယ်။ ရေထဲမှာ အစုလိုက် အပြုံ လိုက်ပေါင်းဖွဲ့နေ တတ်တဲ့ ရေတီကောင်လဲပဲ တီနီ အမျိုးအစားထဲမှာ ပါတယ်။ တီနီကတော့ အသုံး နည်းတယ်။ ဈေးလဲမရဘူး။ ငါး မျှားသူတွေလောက် ပဲ သုံးတာ။
မြေစေး တီနီကျတော့ ငါးပတ်ကြိုက်ပြန်တယ်။ သည်တီနီကတော့ အလုပ်ဖြစ်တယ်။ ဈေးကောင်း ရတယ်။ ပင်လယ်ငါးခူကလဲ သည်တီမျိုးကိုတော့ ကြိုက်တယ်။
ငါးမျှားသမားတွေ ကလဲ တီမြင်ယင်သိတယ်။ လိမ်ရောင်းလို့မရဘူး။ ဆိုပါတော့ နောက်ချေးတီနီ ကိုမြေစေး တီနီသဘောနဲ့ လိမ်ရောင်းမယ် စိတ်မကူးနဲ့။ မရဘူး။ တခြားစီ။ နောက်ချေးတီနီနဲ့ ငှက်ပျော်တီနီက ဆတ်တယ်။ မထိနဲ့။ ထိတာနဲ့ ပြတ်ကရော။ မြေစေးတီနီကျတော့ မပြတ်ဘူး။ ကိုင်ကြည့်ယင် ချွဲနေတယ်။
ငါးကလဲ သိတယ်။ ငါးမျှားတဲ့သူကလဲ သိတယ်။ သိပုံချင်းသာ မတူတာ။ ငါးက အစာအနေနဲ့ သိတယ်။ ငါးမျှားတဲ့ သူက လက်နက်အနေနဲ့ သိတယ်။ ဘယ်ငါးကို ဘယ်လိုတီနဲ့မျှားပြီး ကုန်းပေါ် ရောက်အောင် တင်ရမယ်လို့ သိတယ်။
ဈေးကွက်ကလဲ ရှိတယ်။ ငမိုးရိပ်ချောင်း၊ ပုဇွန်တောင်ချောင်း၊ ဗိုလ်တထောင်ကမ်းနား စတဲ့နေရာမှာ ၀ယ်သူတွေ အပုံပဲ။
တီသာ ရအောင် ရှာနိုင်လို့ကတော့ ငွေဖြစ်မယ်။ ဖိုးဝါကောင်းကောင်းသိတယ်။
တန်းချတဲ့ သူဆိုယင် တီထောပတ်လိုမျိုး၊ မြေစေးတီလိုမျိုးရလို့ကတော့ ရသလောက်ဝယ်တယ်။
တန်းချတယ် ဆိုတာက မနီလာကြိုးအရှည်ကြီးမှာ ငါးမျှားချိတ်တွေ တရာ့လေးငါးဆယ် စီတန်းပြီး ထားရတာမျိုး။ ငါးစာ သိပ်လိုတယ်။
တန်းချတဲ့ လူကလဲ သူ့အတွက် ကိုက်တယ်။ ငါးပတ်တကောင်နှစ်ကောင် ငါးစာလာကိုက် လို့က တော့ သူ့အတွက် အများကြီးကျန်တယ်။ ကျန်ဆိုငါးကြီးယင် တကောင်တည်းနဲ့ အချိန် တဆယ် တောင်ကျော်သေး တယ်။ ဘယ်မကိုက်ရှိမလဲ။ ကိုက်တယ်။ ဖိုးဝါကောင်းကောင်းကြီး သိတယ်။
ဈေးကွက်ကလဲ မကျဉ်းဘူး။ ငါးမျှားတဲ့ ပရိတ်သတ်ကလဲ မနည်းဘူး။ ဒါပေမယ့် တီးတူးရောင်းစားရ မှန်း သိတဲ့လူကတော့ နည်းတယ်။
လူတန်းစားအားလုံး ငါးလာမျှားကြတယ်။ စီးပွားရေးကို အကြောင်းပြုပြီး ငါးလာမျှားသူလဲ ရှိတယ်။ ၀ါသနာကြောင့် အပျော်အပါးသဘောထားပြီး လာမျှားကြသူတွေလဲ ရှိတယ်။
ဖိုးဝါ ပြန်စဉ်းစားလိုက်တော့ ရယ်စရာကောင်းတဲ့ အရာရှိတယောက်ကို ပြေးမြင်တယ်။ သိပ်ရယ် ဖို့ ကောင်းတယ်။ အဘိုးကြီးက ခေါင်းဖြူပြီ။ ငါးမျှားဝါသနာတော့ မစွန့်သေးဘူး။ ငါးမျှားတာလဲ ကြာပြီ။ ဒါပေမယ့် တီကောင်ကိုင်ရမှာကျတော့ ကြောက်တယ်။ ရွံ့တယ်။ ဘေးနားက ကလေး တယောက်ယောက် ရှိယင်တော့ အဘိုးကြီးက ငွေအိတ်ပဲ။ ငါးမျှားချိတ်မှာ တီသာကျကျနန ချိတ် ပေးလိုက်။ မုန့်ဖိုး ဆိုတာ ရှောကနဲ ရှောကနဲ ထွက်လာတယ်။ သဘောကလဲ သိပ်ကောင်းတယ်။ ပြီးတော့ သူမျှားလို့ရတဲ့ငါးကို သူလဲ အိမ်ပြန်ယူသွားပြီး စားတာ မဟုတ်ဘူး။ ပေးထားပစ်ခဲ့တယ်။
တီအများဆုံး ၀ယ်တတ်တာကတော့ ကိုစိန်မြင့်ဆိုတဲ့လူ။ လူက ကုလားကပြား။ အကုသိုလ်နဲ့ သိပ် အကျိုးပေးတယ်။ တန်းချလာချင်း တူတယ်ပဲထား။ ကျက်စားတဲ့နေရာချင်း တူတယ်ပဲထား။ ငါးပတ်က သူ့တန်း က ငါးမျှားချိတ်က တီကိုမှ ရွေးကိုက်တယ်။
ကိုစိန်မြင့်က တီတော့ သိပ်ရွေးတယ်။ တီကောင်း တီသန့်ကိုမှ ကိုင်တယ်။ ဈေးလဲ ပေးတယ်။
ကိုစိန်မြင့် လိုဈေးပေးတဲ့ ကုလားတယောက်လဲ ရှိသေးတယ်။ ကိုချစ်ဖွယ် သူလဲ တန်းချတဲ့ လူပဲ။
ဖိုးဝါ စဉ်းစားကြည့်လိုက်တယ်။ ဘယ်ကိုသွားပြီး တီရှာရမလဲ။ သည်အချိန်က သိတဲ့အတိုင်းပဲ။ ရာသီက မစွံဘူး။
လုပ်စား ကိုင်စားလို့ ဘာတခုမှ အပေါက်လမ်း မတည့်ချင်ဘူး။ အစစအရာရာ ရှားပါးတဲ့ရာသီ။ သည်ရာသီမှာ တီလဲပဲ ရှားပါးတာပဲ။
နီးနီးနားနားလဲဖြစ်၊ တီထောပတ်လဲရနိုင်တဲ့ သားသတ်ကုန်းပဲ ပထမဆုံး စားကျက်အဖြစ် ဖိုးဝါ ရွေး လိုက်တယ်။ နှစ်ယောက်သား အမဲဈေးဘက် ထွက်ခဲ့တယ်။
သားသတ်ကုန်း ရဲ့ နောက်ဘက်ကြောကို ရောက်လာတယ်။ အခြေအနေကို လေ့လာကြည့်တယ်။ ထုံးစံ အတိုင်းပဲ။ ကိုယ့်အလျင် ရောက်နှင့်နေသူ လေးငါးရှစ်ယောက်ရှိတယ်။ မိန်းမပျိုလေးနှစ် ယောက်တောင် ပါသေး တယ်။
ဒါပေမယ့် ကီလီဈေးမှာ ပြောင်ဖူးဖက် ကောက်ရသလိုတော့ အခြေအနေမဆိုးဘူး။ တခုတော့ ရှိတယ်။ ပြောင်းဖူးဖက် လို ဖွေးကနဲ ပုံလျက်သားတော့ မတွေ့ရဘူး။ တီဆိုတာက မြေအောက်မှာ နေတဲ့အမျိုး။
ပြီးနေကုန်နေခန်း တူးနေလို့ လဲ မဖြစ်ဘူး။ ဈေးကွက်ကို ဦးအောင်ပြေးရမယ်။ သည်တော့ အချိန် ဆွဲမနေတော့ ဘူး။ တီရှိမယ့်နေရာ ရွေးရတယ်။ ပြီးတော့ ဖိုးညိုကို အတူးခိုင်းလိုက်တယ်။
ဖိုးညို ကတော့ သည်ဘက်မှာ မကျွမ်းကျင်သေးဘူး။ ပညာသင်သက်သက်ပဲ ရှိသေးတယ်။ ဖိုးဝါက တူးဟေ့ ဆိုလို့သာ တူးရတယ်။ တီရှာရတာကလဲ ထင်သလောက် မလွယ်ပါကလားလို့ ဖိုးညို စိတ်ထဲက ညည်းမိတယ်။
ဖိုးဝါ ကတော့ သိပြီးသား။ တီကလဲရှားတယ်။ ဒါပေမယ့် မဆိုးတော့လဲ မဆိုးပါဘူး။ ရတန်သ လောက်ရတယ်။
နေစောင်းတော့ အတော်ကလေးရပြီ။ လက်နဲ့ဆကြည့်တယ်။ ငါးဆယ်သားကျော်ကျော် ရနေပြီ။ ဖိုးဝါ သိပ်ကျေနပ်သွားတယ်။
ဖိုးညိုရဲ့လွယ်အိတ်ကိုလဲ ဖိုးဝါ ဆကြည့်တယ်။ အစိတ်သားလောက်တော့ရှိမယ်။ ဖိုးညိုလဲ မဆိုးဘူး လို့ ဖိုးဝါ တွက်လိုက်တယ်။
နောင်တော့ ဖိုးညို လဲ အားထားလာရမယ်။ တီကြောကို သိလာမယ်။ မြေနေမြေထားကို အကဲခတ်တတ် လာမယ်။ ဒါကလဲ အတွေ့အကြုံလိုတယ်။ မြေကြီးကို ကောက် တီရတာမျိုးမှ မဟုတ်ပဲ။
ကိုစိန်မြင့် ရှိမယ့် ဗိုလ်တထောင်ဆိပ်ကို သွားကြတယ်။ ကိုစိန်မြင့်နဲ့လဲ တွေ့ရတယ်။ တီရှားချိန် ဆို တော့ဈေး လဲပဲရတယ်။ တပိဿာ နှစ်ဆယ့်ငါးကျပ်ဈေး။ နှစ်ယောက်ပေါင်းလိုက်တော့ ထွက်ထား တာထက်တောင် ပိုနေတယ်။ ရှစ်ဆယ့်ခုနစ်ကျပ်ခွဲသားတောင် ရှိတယ်။ ဒါပေမယ့် ကိုစိန်မြင့်က ကိုးဆယ်သားနဲ့ ရှင်းချေပေး လိုက်တယ်။ နှစ်ဆယ့်နှစ်ကျပ်ခွဲ ရတယ်။ နောက်နေ့ရယင်လဲ သူ့ပဲပေး ပါတဲ့။ ဖိုးဝါကော ဖိုးညိုပါ ၀မ်းသာလိုက် ရပါဘိခြင်း။
တင်ကျီးလဲ တ၀မ်းပဲ။ ဗျိုင်းလဲ တ၀မ်းပဲ။ တင်ကျီးက ရေငုပ်ရတယ်။ ရေငုပ်မှပဲ ငါးရတယ်။ ဗျိုင်းက တော့ ရေ ငုပ်ဖို့မလိုဘူး။ ကတွက်ပေါက်က စောင့်နေရုံ။ ငါးထွက်လာယင် ကိုက်ချီလိုက်ရုံပဲ။
သည်မြေကြီး ရှိနေသရွေ့တော့ ဖိုးဝါစိတ်မပူတော့ဘူး။ ရှာတတ်ယင်စားရမယ်။ မချမ်းသာယင်သာ ရှိရမယ်။ ငတ် မသေနိုင်တော့ဘူး။

ပြီးပါပြီ
မောင်သာရ
.
.
4 comments:
ဪလူ့ ဘဝ၊လူ့ ဘဝ နေရာတိုင်းမှာ ကိုယ့်ထက်မြင့်သူတွေအများကြီးရှိသလို ၊နိမ့်ကျသူတွေလဲအများကြီးပါလား၊ သူတိုမိသားစုစည်းစည်းလုံးလုံး နဲ့ဘဝကိုဖြတ်ကျော်ရဲတဲ့စိတ်ကို လေးစားပါတယ်၊
ကျေးဇူးအများကြီးတင်ပါတယ်မရွှေဇင်ခင်ဗျာ

ခေတ်ကြီး ကို က မကောင်း ပိုက်ဆံ၇ှိ၇ာ ပိုက်ဆံလာတဲ့ ခေတ် ကိုဗျာ..သူတို့ အကြောင်းဖတ်ပြီး မောတာ
[url=http://buy-methylprednisolone.webspawner.com/]medrol per sciatica
[/url] methylprednisolone and mood swings
methylprednisolone 4 mg dosage
methylprednisolone copd
Post a Comment