Sunday, December 16, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၉)

“ဟော ... အစ်ကိုလုပ်ပြီ၊ ဒီနာမည်ကို မကြားရပါစေနဲ့ အစ်ကိုရယ်၊ သန်းကြည် စိတ်ထဲမှာ ပျော်နေ တာလေးတွေ ကို ပျောက်သွားအောင် မလုပ်ပါနဲ့လားဟင် နော် အစ်ကို”
“ဆောရီး သန်းကြည်ရယ်၊ ဟိုနေ့က ကိုဝက်ကြီးတို့အိမ်မှာလ ပြောခဲ့သားပဲ၊ နောက်မမေးတော့ဘူးကွာ”
“ဒါနဲ့နေပါ ဦး အစ်ကိုမြလှိုင်၊ ကိုဝက်ကြီးကို လက်စွဲတော်ကြီးထားတာ ဘာလုပ်မလို့လဲဟင်၊ ဒီလူကြီးက ကဇော်အိုးကြီး အစ်ကိုမြလှိုင်ရဲ့၊ နောက်ပြီး အိုးမဲပေနေတ့ အိုးကို ကိုင်ရင် အိုးမဲပေ ကုန်မှာပေါ့၊ ကိုဝက်ကြီး လိုသူနဲ့ ပေါင်းသင်းနေရင် အစ်ကို့ကို လူတွေက အကောင်းပြောကြမယ် မဟုတ်ဘူး၊ တချို့ကတောင် ပြောကြတယ်သိလား” “ဘာလဲပြောစမ်း၊ ဘယ်သူတွေက ပြောတာလဲဟင်”
“၀က်ကြီး ကို မောင်မြလှိုင် က လက်မလွှတ်တာ ဒီကောင်က မိန်းမအရှာကောင်းလို့တဲ့၊ ဟင့် ... ဟင့် သန်းကြည်ကတော့ မယုံပေါင်ပါလေ”
ကို ဆက်ဖတ်ရန် ....

သန်းကြည်ပြောသော စကားများကြောင့် ကျွန်တော့်ရင်ထဲတွင် နာကျင်သော ဝေဒနာ တစ်ခုကို လောလော လတ်လတ် ခံစားလိုက်မိပါသည်။ အဘယ်ကြောင့်ဆိုသော် ကျွန်တော်သည်လည်းကောင်း။ ကိုဝက်ကြီးသည် လည်းကောင်း တစ်ယောက်နှင့်တစ်ယောက် ခင်မင်ရင်းနှီးစွာ ပေါင်းသင်းနေကြရာတွင် ကျွန်တော့်အား မည်သည့် အခါမျှ လမ်းလွဲသို့ရောက်စေ သော ဆွဲဆောင်မှုမျိုး၊ သူခိုးသေဖော်ညှိခြင်းမျိုး မရှိခဲ့ပါချေ။ ကျွန်တော် ကလည်း မိန်းမပျက်များနှင့် အပျော်အပါးကိစ္စများတွင် စိတ်မ၀င်စားခဲ့ပါချေ။ သို့သော် ကိုဝက်ကြီးအပေါ်တွင် အများအမြင် က မရှိခိုးနိုးဆိုသည့်နှယ် သတ်မှတ်ခြင်းကိုမူ သန်းကြည်ပြော၍ သိလိုက်ရပေပြီ။

“မဟုတ်ပါဘူး သန်းကြည်ရယ်၊ ကိုယ်မိန်းမမရှုပ်ပါဘူး”
“တကယ်လား အစ်ကို”
“ဘာလဲ စောစောက မယုံဘူး ... ခု အမျန်ပြောပြန်တော့လည်း တကယ်လားတဲ့”
“ဟင့် ဟင့် ဟင့် စိုးရိမ်လို့ပါလေ။ ကိုင်း ... ဒါဆို ဆာနေပြီလား၊ သန်ားကည် ပြင်လိုက်ရမလား”
“ကောင်းသားပဲ၊ စားတော့မယ်၊ ဒါနဲ့ အဒေါ်ရော”
“အမေ ဈေးသွားနေတယ်၊ တော်တော်နဲ့ ပြန်မလာသေးပါဘူး၊ ဘလဲ အစ်ကိုက သန်းကြည်နဲ့ နှစ်ယောက်တည်း ထမင်းမစားရဲဘူး လား ဟင် ... ဟင်း”
ကျွန်တော်က စကားမပြန်မပေးဘဲ ဆိတ်ဆိတ်နေလိုက်သည်။ သန်းကြည်သည် ကျွန်တော့်အား သူ့ကြာ မျက်လုံးဖြင့် ဝေ့၀ိုက် ကြည့်လိုက်သည်။ ကျွန်တော့်စိတ်ထဲတွင်ဤအိမ်သို့ ထမင်းစားလာမိ သည့် အတွက် နောင်တ ရမိသည်။ သို့သော် နောက်ကျသွားခဲ့လေပြီ။ သန်းကြည်သည် ကြွယ်တောင့် ကြွဝရှိသူမဟုတ်။ ထို့ပြင် ယောက်ျားတို့အကြောင်းကို ပုံပြင်ဖြင့် သိနားလည်သူမဟုတ်။

ကိုယ်တွေ့ ဗဟုသုတရှိသူဖြစ်သည်။ ကျွန်တော်ကမူ ကာလသားပေါက်စ၊ မိန်းမတို့အကြောင်းကို ပုံပြင်ကဲ့သို့ လည်းကောင်း၊ သူပြောငါပြောဖြင့်လည်းကောင်း သိရှိသူဖြစ်သည်။ သန်းကြည်ကို တစ်ခုလပ် တစ်လင်ကွာရှေ့ တွင် မှောက်ရက်လဲချေပြီ။ ကျွန်တော် ဘာလုပ်မည်နည်း။ ကျွန်တော်သည် အတွေးနယ်ချဲ့မိသည်။ သန်းကြည်၏ ဘိလပ်ပြန် သန်း ဆိုသော “လှေကလေးကို လှော်မည်” ဟူသည့် သီချင်းသံကို ပျံ့လွင့်သော လေအဟုန်တွင် နားဆင်နေ မိသည်။
“အစ်ကို ... ခဏစောင့်ဦးနော်၊ ဟင်းချိုနွေးနေရသေးတယ်”
“ရပါတယ် သန်းကြည်၊ တို့ကို ဘာလုပ် ထမင်းကျွေးတာလဲ ...”
“ချစ်လို့ ... ဟင့် ... ဟင့် ... ဟင့် ...”
ကျွန်တော့်ရင်ထဲတွင် ဒိန်းခနဲ ပြေးဆောင့်လိုက်သည်ဟု ထင်လိုက်မိသည်။ ကျွန်တော့်အား သန်းကြည် ချစ်စကား ဆိုနေချေပြီ။ ကျွန်တော်ထပြန်၍လည်းမဖြစ်တော့။ အဘယ်ကြောင့်ဆိုသော် သူ့အိမ် သူ့ယာ သူ့အခန်းအလယ် တွင် ကျွန်တော် ဧည့်သည်အဖြစ် လာရောက်နေသည်။ မဟုတ်ပါလား။ ထိုအချိန်မျိုးတွင် ကျွန်တော် သည် မိမိ၏ လက်ဦးဆရာဖြစ်သော သကောင့်သားကိုဝက်ကြီးကို စိတ်ထဲမှ တမ်းတမိသည်။ ကျွန်တော် သည် သန်းကြည်ပြောသော စကားကြောင့် နှုတ်ဆွံ့နေမိသည်။

“ဘယ်လိုလဲ အစ်ကို ... လန့်သွားသလား၊ အလကား စတာပါ အစ်ကိုရယ်၊ မျက်စိမျက်နှာတွေ ဒါလောက်ပဲ ပျက် မနေပါနဲ့၊ အစ်ကို့လို လူပျိုထွတ်ထွတ် သူဌေးသားတစ်ယောက်နဲ့ မိသန်းကြည်လို တစ်ခုလပ်မဟာ ဘယ်မှာ အပ်စပ်ပါ့ မလဲလေ၊ အစ်ကို့လို လူမျိုးကို သန်းကြည် မှန်းတယ်ဆိုရင်လည်း ဘုရင့်ပွဲတော် ခွေး ၀င်ဟပ် သလို နေမှာပေါ့နော ...”
“ထမင်းဆာနေပြီ သန်းကြည် ...”
ကျွန်တော် သည် စကားလမ်းကြောင်းကို လှီးလွှဲပြောလိုက်သည်။ သန်းကြည်၏ မျက်နှာကလေးကိုလည်း စူးစိုက်ကြည့် မိသည်။ အမှန်ကတော့ သန်းကြည်သည် တစ်ခုလပ်တစ်ယောက်ဟုသာ ဆိုရသော်လည်း သားသည် အမေလို ကလေးမရရှိသဖြင့် အပျိုစင် ကဲ့သို့ တောင့်တင်း ဆူဖြိုးသောသူတစ်ောက် ပုံသဏ္ဍာန် ကို ဆောင်ပါသည်။ ထို့ပြင် အသက်အရွယ်မှာလည်း နှစ်ဆယ်ဝန်းကျင်ပင် ရှိခြင်းကြောင့် ပျိုမြစ်နုနယ်သော အသွေးအသား ရှိသူ ပိုင်ရှင်လည်းဖြစ်သည်။

“ထမင်းစားစို့လား ... အစ်ကို ...”
ထမင်းပွဲသို့ ၀င်ထိုင်လိုက်သည်။ ဟင်များက သူတို့အဆင့်အတန်းဖြင့် မလိုက်ဖက်လောက်အောင် ချက်ပြုတ် ထားသည် ကို တွေ့ရသည်။ ကြက်သားဟင်း၊ ငါးဖယ်ငါးဆုပ်ဆီပြန်၊ သနပ်စုံ၊ ကင်ပွန်းချဉ်ဟင်းချိုနှင့် ငါးပိတို့စရာ တို့ပါဝင်သည်။
“ဟင်းတွေ ကလည်း များလိုက်တာ သန်းကြည်ရယ်၊ ဘာပြုလို့ ဒီလောက်ချက်ထားရတာလဲ”
“အစ်ကိုကို ချစ်လို့ ... ခိ ... ခိ ... ခိ ...”
ဒုတိယမ္ပိ နှစ်ကြိမ်မြောက်လည်း သန်းကြည်သည် ကျွန်တော့်အား ချစ်စကားပြောပြန်ပါသည်။
ကျွန်တော် သည် သန်းကြည် ချစ်လို့ဆိုသော စကားကို ကြားရလေတိုင်း စိတ်ညစ်ညူးခြင်း ဖြစ်မိ ပါသည်။ အဘယ်ကြောင့် ဆိုသော် ကျွန်တော့်အနေဖြင့် သန်းကြည်အား တစ်ခါမျှ ချစ်ကြိုက်ခဲ့ဖူးသူ မဟုတ်ခြင်းကြောင့် ပင်။ ထိုစကားထက်ပို၍ တိကျသော၊ မှန်သော သစ္စာစကားကို ဆိုရပါမူ ကျွန်တော်သည် သန်းကြည်အား ရည်းစား အဖြစ် ချစ်ခင်လိုခြင်း မရှိပေ။ ကျွန်တော့်ဘ၀ပေးအသိ တွင် သန်းကြည်သည် လင်ယူပြီးသား အကျ တစ်ယောက်ဖြစ်ပေသည်။

“သန်းကြည် တို့ တစ်ခုပြောချင်တယ်”
“တစ်ခုမဟုတ်ဘူး  အစ်ကို...၊ အများကြီးပြော၊ သန်းကြည် နားထောင်နေမယ် ဟုတ်ပြီလား ...”
“သန်းကြည် ယောက်ျား တစ်ယောက် နောက်ထပ် ယူလိုက်ပါလားကွာ...၊ မိန်းကလေးတစ်ယောက်ဟာ အရွယ် လည်း ရှိသေးတယ်၊ အိမ်ထောင်လည်း ကျဖူးတယ်။ မကြာခင် အိမ်ထောင်ပျက်ပျက်၊ မုဆိုးမပဲ ဖြစ်ဖြစ် ခုလို တစ်ယောက်တည်းနေတာ မကောင်းဘူး”
“အစ်ကို သန်းကြည် ကို ယူမလား”
“ဟင် ... သန်းကြည် ဘယ်လိုပြောတာလဲဟာ၊ တို့က ရိုးရိုးခင်မင်နေတာပါ”
“ကိုင်း ... ဒါဟာ အဖြေပဲပေါ့ ...”
“ဘယ်လိုလဲ၊ တို့ နားမလည်တော့ဘူး”

“ီးလိုလေ၊ အစ်ကိုတို့လို ကိုယ်က အားကိုးရမ့် လူမျိုးတွေက သန်းကြည်လို ကောင်မကို ဘယ်မှာ အတည် ယူနိုင်ကြမှာလဲ။ တလောဆီက သန်းကြည်နဲ့ဈေးမှာ မဘုတ်ဆုံကြီးနဲ့ တွေ့လို့တောင် ပြောသေးတယ်။ ဟို ကမ်းနားလမ်း ဘုံဆိုင်က လိုင်စင်စီအပြန်ရဲ့ မယားငယ် လုပ်မလားတဲ့၊ ဟင်း ... ဟင်း ... သန်းကြည် မျက်ရည်တောက်တောက် ကျမိတယ် အစ်ကိုရယ်။ နောက်ပြီး ဟို ဆယ့်သုံးခန်း တန်းလျားက မိန်းမထိန်း မသန်း က နင့်ရုပ်ရည်ကလေးနဲ့ ပိုက်ဆံရှာစားရင် သိပ်ရမှာပဲ၊ လုပ်မလားတဲ့လေ .. အစ်ကိုရေ ... လူမလေးခွေးမခန့်တဲ့ ဘ၀ပါ အစ်ကိုရယ် ...”
“အေးလေ ... ဒါကြောင့် လင်တစ်ယောက်ယူလို့ ပြောတာပေါ့ ”
သန်းကြည် မဖြေ။ ဆိတ်ဆိတ်ပင်နေသည်။ ထိုနေ့က ထမင်းပွဲသည် ကျွန်တော့်အား ညွှတ်ကွင်းထောင်၍ တည်သော သဘော ဖြစ်လေမည်လား။ မဖြစ်လေမည်လားဟု ကျွန်တော် တပ်အပ်မပြောနိုင်သော်လည်း ဘ၀ကလေး တစ်ခု ကို ရေရေရာရာ မတည်မိသော သန်းကြည်၏ ဘ၀ကလေးသည် ရင်နင့်ကြေကွဲဖွယ် ရာပင်ဖြစ်ပါသည်။

မြေအောက်တော်လှန်ရေး လျှို့ဝှက်အစည်းအဝေးကို ဖျာပုံမြို့ ၇ လမ်း၊ တယောကိုသိန်းမောင်၏ အိမ်တွင် ကျင်းပ သည်။ ထိုညက အစည်းအဝေးသို့ လစုံတက်စုံ တက်ကြသည်။ ထိုအစည်းအဝေး တွင် ဌာနချုပ်မှ ညွှန်ကြားချက် ကို ကျွန်တော်တို့ ဆွေးနွေးကြသည်။
“ဒါနဲ့ ဌာနချုပ် နဲ့ ဆက်သွယ်တဲ့လူ အနေနဲ့ တို့ဆုံးဖြတ်ချက်အရ မြလှိုင်ကို ရွေးချယ်ထားပါလျက်နဲ့ ပုဂ္ဂိုလ်ရေး ဆက်သွယ်ပြီး ဘယ်သူထည့်ပါဦး၊ ဘယ်ဝါထည့်ပါဦး၊ ဘယ်သူမပါလို့ ဖြစ်ဘူးဆိုတဲ့ ကိစ္စတွေကို ဒီည အပြတ် ရှင်းလိုက်ရင် ကောင်းမယ်ထင်တယ်”
ကိုအုန်းမောင် သည် သခင်မြမောင်ကို ကြည့်၍ ပြောလိုက်သည်။ သခင်မြမောင်သည် ကျွန်တော် တို့ မြေအောက်တော်လှန်ရေး အဖွဲ့အစည်း ဖွဲ့စည်းရာတွင် အမျိုးမျိုး ကန့်ကွက်ခဲ့သူဖြစ်သည်။ ၎င်း၏ ကန့်ကွက်ချက် များမှာ ယခု ဖွဲ့စည်းထားသော အဖွဲ့အစည်းအနေဖြင့် တို့ဗမာအစည်းအရုံးမှ လူကြီးပိုင်းမပါဝင် မထည့်သွင်းခြင်း ကို ထည့်သွင်းရန် စေတနာဖြင့် ကန့်ကွက်ပြောဆိုနေခြင်းဖြစ်ပါ သည်။

 သို့သော် ကိုအုန်းမောင်နှင့် ကျွန်တော်တို့ တို့ဗမာအစည်းအရုံးကို ပြန်လည်ဖွဲ့စည်းခဲ့ရာတွင် ယခင်လူကြီး များအား နေရာပေး၍ ဖွဲ့စည်းခဲ့သော်လည်း ထိုအချိန်က ၁၃၀၀ ပြည့် အရေးတော်ပုံ၏ ဂယက် နောက်ဆက်တွဲ အဖြစ် တို့ဗမာအစည်းအရုံးမှ သခင်များ ဖမ်းဆီးအရေးယူခဲ့သဖြင့် အချို့လူကြီးများသည် မိမိတို့ သဘောလျောက် ဖျာပုံမြို့နယ် တို့ဗမာအစည်းအရုံးမှ ဖဲကြဉ်သွားခဲ့ ခြင်းဖြစ်ပါသည်။ ထို့ပြင် သခင်မြအောင်သည် နယ်ချဲ့ ဆန့်ကျင်ရေးကို ဆောင်ရွက်ရာတွင် လျှို့ဝှက် အပ်သော အလုပ်တစ်ခုအဖြစ် မမြင်ဘဲ တို့ဗမာအစည်းအရုံး ၀င် မှန်သမျှကို ဖွင့်ဟပြောဆိုတိုင်ပင် ၍ ၎င်းတို့ကိုယ်တိုင်က ငြင်းပယ်မှသာလျှင် အသုံးမပြုသင့် ဟု လက်ခံယုံကြည်သူဖြစ်ပါသည်။

“လုပ်ငန်းအနေနဲ့ကတော့ သခင်အုန်းမောင်တို့ သဘောပါ၊ ဌာနချုပ်အနေနဲ့ကလည်း ဖျာပုံခရိုင် လှုပ်ရှားမှုနဲ့ ပတ်သက်ပြီး အုန်းမောင်တို့၊ မြလှိုင်တို့နဲ့ တိုင်ပင်လုပ်ပါလို့ပဲ ပြောပါတယ်။ ကိုလှမောင်ဆီ သွားတာလဲ ကျွန်တော် ကိုယ်တိုင် ကိစ္စကိုသာ ပြောတာပါ။ ဒါနဲ့ပတ်သက်ပြီး အထင်မလွဲပါနဲ့”
“နေပါဦး၊ မြေအောက်တော်လှန်ရေးနဲ့ပတ်သက်တဲ့ ဗဟိုအဖွဲ့အစည်းကြီးက လူကြီးတွေ နာမည်ကို တို့လည်း သိထားဖို့ လိုမယ် ထင်တယ်ကွာ”
ပြော လာသူက ကိုထွန်းစိန်၊ ထောက်ခံသူက ကိုပါစိန် ဖြစ်သည်။ ကျွန်တော်တို့သည် ဗဟိုအဖွဲ့မှ လူကြီးများ၏ အမည် များကို တိတိကျကျပြောဆိုခြင်းမပြုသည်မှာ ကျွန်တော်တို့အဖွဲ့ဝင်များပင်လျှင် သံမဏိ အသည်းနှလုံးပိုင်ရှင်များ မဟုတ်ခြင်းကြောင့် ဖြစ်သည်။ ထို့ပြင် အရေးအကြောင်း တစ်စုံတစ်ရာ ပေါ်ပေါက် ခဲ့လျှင်လည်း ကျွန်တော်တို့အဆင့်နှင့်ပင် ကွင်းဆက်ပြတ်သွားစေရန် ရည်ရွယ်ခြင်းကြောင့်လည်းဖြစ်ပါသည်။

“ဒီလိုရှိတယ် ကိုထွန်းစိန်၊ ဗဟိုက လူကြီးတွေကို ခင်ဗျားတို့သိထားသင့်တယ်ဆိုတာ အမှန်ကတော့ ဟုတ် ပါတယ်။ တကယ်တမ်းကြည့်ပြန်တော့ ဒီတော်လှန်ရေးကြီးမှာ ဗဟိုအဖွဲ့ရှိသလို နယ်တွေမြှာ သူ့ဟာနဲ့ သူ ခေါင်းဆောင်တွေရှိကြပါတယ်။ ဗဟိုခေါင်းဆောင်တွေကို နယ်ခေါင်းဆောင်တွေက ဆက်သွယ်၊ တစ်ဖန် နယ်ခေါင်းဆောင်တွေကို သူ့အဖွဲ့ဝင်တွေက ဆက်သွယ် အဲလို ဆင့်ကဲဆင့်ကဲ သွားတဲ့သဘောပါ၊ ဒါကြောင့် မပြော တာပါ၊ မယုံကြည်လို့ဆိုတဲ့သဘော မဟုတ်ပါဘူး”
“မြလှိုင် ရှင်းပြတာ ပြည့်စုံပါတယ်၊ ဒါပေမယ့် ဒီညအဖို့တော့ ပြောသင့်တာတွေ တို့ပြောမယ်။ လူတွေကို တာဝန်ခွဲ မယ်၊ ခေါင်းဆောင်တွေ နာမည်ကိုလည်း ပြောလိုက်မယ်။ စာနဲ့ရေးမှတ်တာကို ဒိုင်ယာရီထဲ တို့ထားတာတို့တော့ မလုပ်စေချင် ဘူး ဒါပဲ”
“မြလှိုင် ဗဟိုအဖွဲ့စာရင်းကို အရင်ပြောပြလိုက်ပါ”

ကိုအုန်းမောင်က အောက်ပါအတိုင်း ရှင်းပြပြီးနောက် ကျွန်တော့်အား မြေအောက်တော်လှန်ရေးတွင် ဗမာတစ်ပြည်လုံးအား ခေါင်းဆောင်မည့် စာရင်းကို ပြောပြစေပါသည်။ ကျွန်တော်သည် အားလုံး၏ မျက်နှာ များကို အကဲခတ်သည့်အလား တစ်ယောက်စီကို ကြည့်လိုက်မိပါသည်။ တိုင်းပြည်နှင့် လူမျိုးအတွက် မိမိတို့အသက် ကို စွန့်လွှတ်မည်ဟူသော ခိုင်မာသော ဆုံးဖြတ်ချက်များကို ချထားသည့်နှယ် သူတို့မျက်နှာပြင် များသည် သွေးရောင်ဖြင့် ရဲရဲနီနေသည့် မာကျောသော သူတို့မျက်နှာများမှာ ကျောက်သားပကတိ ထုထားသည့်နှယ်။
“ဒီဗဟိုအဖွဲ့အစည်းကို ၁၉၃၉ ခု၊ နိုဝင်ဘာလ ၁၈ ရက်နေ့မှာ ဖွဲ့စည်းခဲ့တယ်။ အဲဒီအဖွဲ့အစည်းဟာ ပထမဦးဆုံး နယ်ချဲ့တော်လှန်ရေး မြေအောက်ဗဟိုအဖွဲ့လို့ခေါ်တယ်”
“နောက်ထပ် ထပ်ဖွဲ့တာ ရှိသေးလို့လား”
“ရှိပါသေးတယ် သခင်မြမောင်၊ ကျွန်တော်ပြောပြီးရင် ကိုအုန်းမောင်ထပ်ရှင်းပြပါလိမ့်မယ်၊ ကျွန်တော် ပြော တာတွေ က ပြည့်စုံသင့်သလောက်ပဲ ပြည့်မှာ၏ပါ၊ ကျန်တာတွေ ရှိချင်ရှိနိုင်ပါတယ်”
“ပြောပါ ... မေးစရာရှိရင်လည်း မေးချင်တယ်ဗျာ”

“ကောင်းပါပြီ၊ ဒီအဖွဲ့ကို မြေအောက်တော်လှန်ရေး ဗဟိုအဖွဲ့လို့ ခေါ်ပါတယ်။ ခေါင်းဆောင်တွေ အဖြစ် (၁) သခင်မြ၊ ပြည်တွင်းတော်လှန်ရေးခေါင်းဆောင်၊ (၂) သခင်အောင်ဆန်း၊ ပြည်ပတော်လှန်ရေးခေါင်းဆောင်၊ (၃) သခင်လှဖေ၊ (၄) သခင်နု၊ (၅) ကိုဗဟိုန်း၊ (၆) ကိုလှမောင် (နောင်-ဗိုလ်ဇေယျ)၊ (၇) ကိုလှမောင် မိတ္ထီလာ၊ (၈) သခင်ချစ် (ဆရာချစ်)၊ (၉) ကိုဘဆွေ၊ (၁၀) ကိုကျော်ငြိမ်း (အာအီးတီ)၊ (၁၁) ကိုထွန်းရွှေ (နဂါးနီ)၊ (၁၂) ကိုကျော်ငြိမ်း တို့ဖြစ်ပါတယ်”
“ဒါ အပြည့်အစုံပဲလား၊ နောက်ထပ် ဖြည့်သေးလား”
“ကျွန်တော် ဖြေပါ့မယ်”
ကိုအုန်းမောင် သည် ယင်းကိစ္စကို မဖြေမီ သူ့လက်ထဲမှာ ရှိသော စာရွက်တစ်ရွက်ကို ဖတ်ကြည့်နေပါသည်။ ထို့နောက် စာရွက်ပါအကြောင်းအရာများ ရေးထားသည့် စာရွက်ကို အလယ်တွင် ထွန်းညှိထားသော ဖယောင်းတိုင်ဖြင့် မီးရှို့ ဖျက်ဆီးပစ်လိုက်ပါသည်။

“ဒီဗဟိုအဖွဲ့ဟာ မပြည့်စုံပါဘူး၊ ထပ်ပြီး ဖြည့်ဆည်းပါတယ်၊ မူလဖွဲ့စည်းစဉ်က သခင်ကိုယ်တော်မှိုင်း ဦးစီးတဲ့ တို့ဗမာ အစည်းအရုံး က လူတွေနဲ့ ကျောင်းသားသမဂ္ဂက လူတွေလောက်ပဲ ပါပါတယ်။ နောက်ထပ် ဖွဲ့စည်းလိုက် တဲ့ ဗဟိုအဖွဲ့ထဲမှာတော့ သခင်ဗစိန်ရဲ့ တို့ဗမာအစည်းအရုံးက ပုဂ္ဂိုလ်တွေပါ ပါဝင်လာကြပါတယ်။ ဒါလဲ မှန်ကန်ပါတယ်။ ဘာဖြစ်လို့လဆို တော့ သခင်ဗစိန်၊ သခင်ထွန်းအုပ်တို့ အဖွဲ့ဆိုတာလဲ နယ်ချဲ့ဆန့်ကျင်နေ တဲ့ တို့ဗမာအစည်းအရုံးဝင် သခင်တွေပဲ ဖြစ်ပါတယ်”
“ဒါကြောင့် ကျွန်တော် ပြောတာပေါ့ဗျ၊ အခု ခင်ဗျားတို့ဖွဲ့ထားတဲ့ အဖွဲ့ထဲမှာ သခင်ဗစိန်အဖွဲ့က လူတွေ မပါဘူးဗျ၊ အမှန် က သူတို့ကို တိုးတိုးတိတ်တိတ် ဆွေးနွေး ထည့်သွင်းသင့်တာပေါ့”
“ဒီလိုလဲ မဟုတ်ပါဘူး သခင်မြမောင်ရယ်၊ ခု သခင်မြမောင်ကိုယ်တိုင်ပဲ သခင်ဗစိန်တို့အဖွဲ့ထဲက မဟုတ်လား၊ ခင်ဗျား သေသေချာချာ ကြည့်စမ်းပါဦး၊ ကျန်တဲ့လူတွေဟာ လူကြီးတွေ မဟုတ်လားဗျ”
“သခင်သိန်းမောင် ကိုတော့ ထည့်သင့်တယ် ထင်တယ်ဗျာ”

“ကိုင်း ... သခင်မြမောင် ဒီကိစ္စအစည်းအဝေးပြီးတော့ ထပ်စဉ်းစားပြီး ခင်ဗျားပဲ တာဝန်ယူပြီး ဆွေးနွေးပါ၊ လက်ခံ တယ် လုပ်မယ်ဆိုရင် ထည့်တာပေါ့ မဟုတ်လား”
အားလုံးက ခေါင်းညိတ်အတည်ပြုကြသည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကျွန်တော်တို့ကိုယ်တိုင် လည်း တော်လှန်ရေး ဆိုသည့် အရိပ်ကြီးက မိမိကိုယ်ကို ပြန်လည် ခြောက်လှန့်နေခြင်းဖြစ်သဖြင့် ဤကိစ္စကို ရင်ဝယ် ပိုက်မိသည့် အချိန်မှစ၍ မည်သူ့ကိုမျှ ယုံကြည်စိတ်မရှိတော့သကဲ့သို့ ရှိပါချေသည်။
“ခု မြစ်ကျွန်းပေါ် အတွက် တော်လှန်ရေးကို ဦးဆောင်ကြမှာကတော့ ဗိုလ်အောင်၊ ဗိုလ်ဝင်း၊ သခင်လင်း တို့ပဲ ဖြစ်ပါတယ်။ ဗိုလ်အောင်က ခုလောလောဆယ် မြောင်းမြမှာရှိနေပါတယ်။ သခင်လင်းက ဒေးဒရဲမှာ ရှိနေပါ တယ်။ ဗိုလ်ဝင်းကတော့ ကျွန်တော်တို့ဆီမှာ ရှိနေပါတယ်။ ကျွန်တော်တို့ လုံခြုံတဲ့နေရမှာ ၀ှက်ထားကြပါတယ်

“တာဝန်တွေခွဲမှာလား”
“အကြမ်းအားဖြင့် ခွဲပါမယ်၊ ပထမဆုံးအချက်ကတော့ ကျေးရွာတွေမှာဆင်းပြီး စည်းရုံးကြမယ့် အဖွဲ့ခေါင်းဆောင်တွေ ရွေးပါမယ်၊ နောက်ပြီး ကျွန်တော်တို့ အဖွဲ့ဝင်တွေကို နေရာသုံးနေရာခွဲပြီး လက်နက်ငယ်သင်တန်းများပေးပါမယ်၊ သင်တန်းပေးမယ့် နေရာကတော့ (၁)ခု ကျွန်တော်တို့ စုဝေးကြတဲ့ တယော ကိုသိန်းမောင်အိမ်၊ (၂) သခင်ကောသလ္လရဲ့ ရွှေကျင်တိုက်သစ်ကျောင်းက သိမ်ထဲမှာပဲဖြစ်ပါတယ်။ (၃) အပြောင်ရွာ က တင်ဦးတို့ တိုက်အပေါ်ထပ်ဖြစ်ပါတယ်၊ သင်တန်းပေး မယ့် ပုဂ္ဂိုလ်ကတော့ ကျွန်တော်တို့ ခုဝှက်ထား တဲ့ ဗိုလ်ဝင်း (ယခု/ဗဟိုလုပ်ငန်း စစ်ဆေးရေးအဖွဲ့ဝင်)ဖြစ်ပါတယ်။ သင်တန်းအစီအစဉ်ကို ကျွန်တော် တို့ အခုရေးဆွဲထားတာကို ဖတ်ပြပါမယ်။ ကဲ ... မြလှိုင်သင်တန်းအစီအစဉ်နဲ့ လိုက်နာရမယ့် စည်းကမ်းတွေ ကို ဖတ်ပြလိုက်ပါ”
ကျွန်တော်သည် သင်တန်းနှင့်ပတ်သက်သော စည်းကမ်းများကို ဖတ်ကြားပြပါသည်။ ထိုစည်းကမ်းချက်များ အနက် မှ အရေးကြီးသော အချက်များမှာ သင်တန်းသို့ လူစု၍ မလာရစေဘဲ တစ်ဦးချင်းလာရန်နှင့် မိမိနောက် သို့ နောက်ယောင်ခံမှုရှိမရှိ သိသာရန် သင်တန်းအိမ်ထဲသို့ မ၀င်မီ လမ်းထိပ်တွင် တအော့်တနားနေပြီးမှ အမှတ်မဲ့ ၀င်လာကြစေရန်နှင့်  မတ်စုမှတ်တမ်းများ ရေးမျတ်ခြင်းမရှိစေရဘဲ စိတ်ထဲမှာပင် အပြီး မှတ်သား ထားရန်ဖြစ်ပါသည်။

“ကဲ ... နယ်ဆင်းရမယ့် အဖွဲ့တွေကို ဖွဲ့ကြရအောင်၊ အခု ပါဝင်တဲ့ ရဲဘော်တွေဟာ ကျေးရွာတွေမှာရှိတဲ့ ကိုယ်တို့ ရဲ့ အဆက်အသွယ်တွေကို စနစ်တကျ သွားရောက်ဆက်သွယ်ပြီး ကျေးလက်လူငယ်တွေ အားလုံးကို စစ် သင်တန်းတွေ ပြန်လည် ပို့ချရမယ်။ အထူးသဖြင့် ကျေးရွာ တွေမှာ ရှိတဲ့ သူကြီး။ မြေပိုင်ရှင်တွေဆီမှာ ရှိတဲ့ သေနတ်တွေ ကို အချိန်မီ ရယူနိုင်ဖို့ လိုတယ်”
“လုယူရမှာလား ... စည်းရုံးယူရမလား”
“ဒီလူတွေဟာ ဗမာတွေပဲဗျာ၊ ဗမာ့လွတ်လပ်ရေးအတွက် သူတို့လည်း ကူညီမှာပါ၊ နောက်ဆုံး မဖြစ်နိုင်လွန်းမှ လုတန် လု ရမှာပေါ့”
“လုတယ် ဆိုရင်တော့ သွေးထွက်သံယို ဖြစ်လာနိုင်တယ်”
“မလွှဲမရှောင်နိုင်တဲ့ အဆုံး လက်နက်ရရေးအတွက် လုပ်ရမှာပေါ့ဗျ”
ကျွန်တော် ၏ အဖြေကို ကျန်ရဲဘော်များက သဘောတူကြသည်။ အဘယ်ကြောင့်ဆိုသော် ထိုအချိန် ထိုအခါ သူကြီး ဆိုသူများ၊ မြေပိုင်ရှင်များဆိုသည်မှာ ဗြိတိသျှ၏ အကျိုးကို သယ်ပိုးကြသူများဖြစ်ကြသည်။

ထို့ကြောင့်လည်း ၎င်းတို့အား ရွှေစလွယ်ရ၊ ငွေဓားရ၊ အမှုထမ်း ကောင်းလက်မှတ်ရ စသည့် ဘွဲ့တံဆိပ်တို့ဖြင့် အိမ်ကြက်ချင်း အိုးမဲသုတ်ထားခြင်းဖြစ်ပါသည်။ ၎င်းတို့အား အသာတကြည် စည်းရုံးသိမ်းသွင်းရန် ဆိုသည်မှာ လွယ်ရ သည် မဟုတ်ရကား၊ ထိုနေ့ညက ကျွန်တော်တို့ ကျေးလက်ဆင်းကြမည့် ခေါင်းဆောင်များကို အပြီးသတ် ရွေးချယ် လိုက်ကြသည်။
“မြလှိုင် ... လက်နက်သင်တန်း ဘယ်တော့စမှာလဲကွ”
“နက်ဖြန်ည စမယ်၊ အဖွဲ့(၁) ကိုအုန်းမောင် အိမ်မှာ ၇ နာရီစုမယ်၊ အဖွဲ့ (၂)ဗိုလ်ကောကျောင်းမှာ န့လယ်မွန်းလွဲ ၁ နာရီ မှာ စမယ်၊ အဖွဲ့ (၃) နက်ဖြန်နေ့လယ် ၂ နာရီမှာ တင်ဦးတို့ တိုက်အပေါ်ထပ်မှာ စမယ်”

ဗြိတိသျှအစိုးရသည် သခင်အောင်ဆန်းကို ဆုငွေ(၅ိ)ထုတ်၍ သိက္ခာချလိုက်သည်။ နိုင်ငံရေးသမား သခင် ဆိုသူများသည် တန်ဖိုး (၅ိ)မျှသာတန်သည်ဟူသော သဘောသို့ သက်ရောက်စေခြင်းဖြစ်ပါ သည်။ ယင်းသို့ ဆုငွေထုတ်လိုက်ခြင်းအတွက်လည်း တစ်ဖက်မှကြည့်လျှင် တို့ဗမာသခင်ဆိုသူများ သည် ငွေ (၅ိ)ပင်တန်သူများ မဟုတ်ဟု အဓိပ္ပာယ်သက်ရောက်စေသလို တစ်ဖက်တွင်လည်း ဗြိတိသျှနယ်ချဲ့သမား တို့၏ ကောက်ကျစ်စဉ်းလဲမှုကြောင့် တို့ဗမာသခင်မျးကို ထောက်ခံအားပေးသူများ ပိုမိုများပြားလာခဲ့လေသည်။ သခင်အောင်ဆန်း အား ယင်းသို့ ဆုငွေ (၅ိ) ထုတ်သည့်အကြောင်းမှာလည်း သခင်အောင်ဆန်းတို့အဖွဲ့သည် ဟင်္သာတခရိုင်၊ ဇလွန်မြို့နယ်တွင် နယ်ချဲ့ဆန့်ကျင်ရေးတရား ဟောခြင်းကြောင့် ဖြစ်သည်။ သခင်အောင်ဆန်း ဟောပြောခဲ့ပြီးနောက် ဟင်္သာတ ခရိုင်ဝန်မှာ ၁၉၄၀ ခုနှစ်၊ ဇူလိုင်လ ၂၉ ရက်တွင်ယင်းသို့ ဆုငွေ (၅ိ) အမိန့်ထုတ်ခဲ့ခြင်းဖြစ်ပါသည်။

သို့သော် သခင် အောင်ဆန်းကား မည်သူကမျှ သတင်းပေးမည့် သူ မရှိဘဲ မြန်မာ့မြေပြင်ပေါ် မှပင် ပျောက်ကွယ်သွားခဲ့လေသည်။ သခင်အောင်ဆန်းသည် နယ်ချဲ့ ဆန့်ကျင်ရေးကို လက်နက် စွဲကိုင် တော်လှန်ရန် လမ်းစရရှိရေးအတွက် ၁၉၄၀ ခုနှစ်၊ သြဂုတ်လ ၈ ရက်နေ့တွင် ဟိုင်းလီ သင်္ဘော အမည် ရှိ တရုတ်သင်္ဘောတစ်စင်းဖြင့် တရုတ်လူမျိုးတန်လုရှောင်ဟူသော အမည်ကို ခံယူလျက် ထွက်ခွာသွားခဲ့လေသည်။ ကျွန်တော် တို့ လူသိုက်သည် ဌာနချုပ်နှင့် အဆက်မပြတ် ဆက်သွယ်လျက် ရှိသဖြင့် နယ်ချဲ့ဆန့်ကျင်ရေး လှုပ်ရှားမှု သတင်းများကို အဆက်မပြတ် ရရှိနေခဲ့ပါသည်။
ဗိုလ်ဝင်း သည် ကျွန်တော်တို့လူသိုက်အား လက်နက်ငယ်သင်တန်းကို စနစ်တကျ ပို့ချပေးလျက် ရှိပါသည်။ ကျွန်တော်တို့ လူသိုက်သည် ဗိုလ်ဝင်း၏ လုံခြုံမှုနှင့် သင်တန်း အဆက်မပြတ် သင်ကြား နိုင်မှု အတွက် နေရာသစ်များရှာဖွေနေဆဲ ညတစ်ည တွင် ပြဿနာကြီး တစ်ရပ် ပေါ်ခဲ့ ပါတော့သည်။ ဖြစ်ပုံက ဤသို့တည်း။ ကျွန်တော်တို့လူသိုက် တယော ကိုသိန်းမောင်၏ အိမ်အတွင်း သို့ လူစုခွဲ၍ ရောက်ရှိလာကြချိန်ဖြစ်သည်။

ဆက်ရန်
.

No comments: