Wednesday, December 12, 2012

မြလှိုင် ၏ ဘဝနေဝင်ချိန်, အပိုင်း (၆)

လမ်းသို့ရောက်သောအခါ ကိုအုန်းမောင်က ကျွန်တော်လက်ကို ဆွဲ၍ ရပ်တန့်လိုပ်ပြီး မေးခွန်း များကို မေးပါတော့သည်။ ကျွန်တော်ကလည်း ရန်ကုန်တွင် ဆောင်ရွက်ဖွယ်ကိစ္စများကို ညွှန်ကြားထား သည့် အတိုင်း ဆောင်ရွက်နိုင်ခဲ့ပုံနှင့် ဆရာချစ် (သခင်ချစ်) အိမ်မှအပြန် စုံထောက်လိုက်ခံရသည့် အကြောင်းများကို ပြောပြလိုက်ပါသည်။ "မင်း... စာမေးပွဲ မပြီးခင် တစ်ခုခုဖြစ်မှာ စိုးရိမ်တယ်ကွာ" "ကျွန်တော်လည်း ဒီဆယ်တန်းစာမေးပွဲ ကို အေးအေးချမ်းချမ်း ဖြေပြီး သွားချင်တယ်။. ကျန်တာတော့ ဖြစ်ချင်ရာ ဖြစ်ပါစေ၊ ကျွန်တော်ဆုံဖြတ်ထား ပြီးပါပြီ ဒါထက် သင်္ဘောပေါ်မှာ စုံထောက် ကိုအောင်သန်း ကြီးနဲ့ တွေ့ခဲ့ရတသေးတယ်လေ၊ ကျွန်တော်လည်း သပိတ်တုန်းက နာကျည်းထားတော့ ဘုကြီးတောပစ်လိုက်တယ်"  ကို ဆက်ဖတ်ရန်.......

“ မင်းမှားတာပေါ့ကွ၊ ဒီကောင်တွေက မြွေပွေး ခါးပိုက်ပိုက်၊ ဆိုးကျိုးကိုသာ ပေးမယ့်ကောင်တွေ၊ ဒီကောင်တွေကို ကင်းအောင် နေနိုင်လေ ကောင်းလေပဲ ...”
“ သူလည်း ကျုပ်ဘုတော တာ ရှက်ရှက်နဲ့ လက်ဖက်ရည်နဲ့မုန့်တောင် ကျွေးသွားသေးတယ်ဗျ”
စကားတပြောပြောနှင့် လျှောက်လာကြသည်မှာ သခင်ကောသလ္လ သီတင်းသုံးသော ရွှေကျင် တိုက်သစ်ကျောင်းဝ သို့ ရောက်လာခဲ့ကြပါသည်။ ရွှေကျင်တိုက်သစ်သည် ဖျာပုံမြို့ ဆင်ခြေဖုံးတွင် ရှိ၍ ကျွန်တော် တို့ လူသိုက်၏ ဘူမိနက်သန်၊ စားစရာ၊ လဲလျောင်းရာ၊ အငြင်းပွားရာ ဌာနချုပ်ဖြစ်ပါ သည်။
“ ဟိတ် ... ခွေးမသားနှစ်ကောင် ဘယ်ကလာတုန်းဟ ”
ဗိုလ်ကောက သပိတ်ပိုက်၍ ကျောင်းပေါ်မှအဆင်း ကျွန်တော် တို့ နှစ်ယောက် ကို တွေ့သော အခါ ခွေးမသားတွေ ဆိုသည့် ပဋိသ၏န္ဓာရစကားကို ကျူးရင့်ပါလေသည်။
“ဦးပဉ္စင်းဆီလာတာပဲ၊ ခု ဆွမ်းခံကြွမလို့လားဘုရား ...”
“အေးပေါ့ ... ခွေးမသားရဲ့၊ ခဏစောင့်ကြဦးကွာ”
“တင်ပဘုရား ...”

နယ်ချဲ့တော်လှန်ရေး မြေအောက်အဖွဲ့များ ဖွဲ့စည်းရန် ညွှန်ကြားခ်ျကို ရန်ကုန်မှ ကျွန်တော် ယူ ဆောင်လာခဲ့ပြီး သည့်နောက်၊ ဖျာပုံ တွင် မြေအောက်အဖွဲ့ (Underground Celfl) ကို အလျင်အမြန် ဖွဲ့လိုက်ပါသည်။ ပထမ ကျွန်တာ် မပြန်မီ ပြီးစီးအောင် ဖွဲ့စည်း၍ စာရင်းနှင့်တကွ အခြေအနများကို ကျွန်တော့်လက်ဝယ် သို့ ပေးလိုက်ရန်ဖြစ်သော်လည်း တကယ်တမ်းဖွဲ့စည်းသော အခါ လူမှုရေးကိစ္စတွင် တစ်ဆို့လျက်ရှိနေပါသည်။ ဘုန်းတော်ကြီး ဦးကောသလ္လ သည် ထိပ်ဆုံးမှ ပါဝင်လိုသော်လည်း ၀ိနည်းသိက္ခနှင့် ဆန့်ကျင်နေသော လုပ်ကိုင်ဆောင်ရွက် ရမည့်ကိစ္စများ ပါရှိ နေသဖြင့် ချန်လှပ်ထားခဲ့ရလေသည်။

ကျွန်တ်ာတို့၏ ဆရာရင်း ဦးလှအောင် (ကွယ်လွန်)အား နယ်ချဲ့မြေအောက်တော်လှန်ရေး အဖွဲ့ခေါင်းဆောင်တစ်ဦး အဖြစ် သတ်မှတ်ကြသော်လည်း ဦးလှအောင်သည် ခရီးလွန်နေသဖြင့် ၄င်း၏ သဘောထား ကို မမေးမမြန်းရဘဲ ရှိနေပါသည်။ သခင်မြမောင်သည် မြေအောက်တော်လှန်ရေးနှင့် ပတ်သက်သော သူ ထည့်လိုသည့် လူစာရင်းများ ကို တင်ပြလာပြီး ထိုလူများအား မထည့်မနေရ ဟူသော တောင်းခံချက်ကို တင်ပြလာခဲ့ရာ စကတည်းက ယဉ်သကို-ဆိုသည့်နှယ် စိတ်ဝမ်းကွဲရည့် အခြေအနေများ သည် မမျှော်လင့်ဘဲ ပေါ် ပေါက်လာခဲ့လေသည်။
“မြလှိုင် ... မင်းပြန်မှာသာ ပြန်ပေတော့၊ ဒီမှာကတော့ ဘာမှ မည်မည်ရရ ဆုံးဖြတ်လို့ မရသေးဘူး ဆိုတာသာ ပြော လိုက်ပေတော့၊ နောက်တစ်ပတ်အတွင်း ငါ ရန်ကုန်ကို လာဖြစ်အောင် လာခဲ့မယ်”
“ဒီမယ် ... သခင်မြမောင် တို့က ဘယ်လိုကြောင့် သူတို့လူတွေကို ထည့်လာရတာလဲဗျ”

“အရေးထဲ ဂိုဏ်းဂဏစိတ်တွေ ၀င်နေတယ်ထင်ပါရဲ့ကွာ၊ ဒါပေမယ့် အခြေအနေမှန်ကို ဆွေးနွေးပြီး ရင်တော့ သူလည်း သဘောပေါက်လာ မှာပါ၊ ဒါက အသေးအဖွဲ့ပါ၊ အရေးကြီးတာက ဦးလှအောင် မရှိလို့ မဖွဲ့နိုင်တာပဲကွ”
ကျွန်တော် ရန်ကုန်သို့မပြန်မီ နယ်ချဲ့တော်လှန်ရေးနှင့် ပတ်သက်၍ ဦးကောသလ္လကျောင်း တွင် ဆွေးနွေးကြ သည်။ ကိုအုန်းမောင်ပြောသကဲ့သို့ သခင်မြမောင်သည် နယ်ချဲ့ဆန့်ကျင်ရေးနှင့် အမာခံဖွဲ့စည်းရေးကို အကြေအလည်ဆွေးနွေးတင်ပြသောအခါ သူထည့်ချင်သော လူများမှာ အမာခံပါဝင်လုပ်ကိုင်နိုင်မည့် လက္ခဏာ မရှိကြောင်း သဘောပေါက်သွားပါသည်။ ထို့ပြင် နယ်ချဲ့ တော်လှန်ရေးတွင် ပါဝင်လှုပ်ရှားရမည့် လူများမှာ လူငယ်လူရွယ် များ၊ တိုက်ရည်ခိုက်ရည်ရှိကြသူ များ၊ စေတနာသန့်သူများ ဖြစ်ရန်လိုကြောင်းကို အခြေခံ လျက် ရွေးချယ်ကြ ပါသည်။ ထိုရွေးချယ် ပွဲတွင် ဖျာပုံမြို့နယ် သမိန်ထောကျေးရွာနှင့် ကနိကျေးရွာများမှ ရဲဘော် တချို့ ပါဝင်လာခဲ့ပါသည်။

“ဒီလိုလုပ်မယ်၊ ဒါလဲ ကျွန်တော့် တင်ပြချက်နဲ့ သဘောထားပဲ၊ မကြိုက်ရင် ပြင်ကြတာပေါ့”
“ခင်ဗျားပြောမယ့်ကိစ္စကို အရင်တင်ပြပါဦး၊ ပြီးတော့ ကျွန်တော်တို့ သဘောထားပြောပါမယ်”
“ကောင်းပြီ၊ အခု နယ်ချဲ့ဆန့်ကျင်ရေးနဲ့ နယ်ချဲ့ကို လက်နက်စွဲကိုင်တော်လှန်ရေးမှာ နှစ်စုခွဲပြီး ကြည့်ကြ ရအောင်၊ နယ်ချဲ့ဆန့်ကျင်ရေးကို ဆောင်ရွက်ကြမယ့် လူတွေကိုတော့ ဗြိတိသျှအစိုးရက ဖမ်းချင်လည်း ဖမ်းလိမ့် မယ်၊ လူစုခွဲချင်လည်း ခွဲလိမ့်မယ်၊ ဒီတော့ ဒီအဖွဲ့ကို လူကြီးပိုင်းက လူတွေကို ထားချင်တယ်”
“ဒီလူကြီးတွေက သဘောတူပါ့မလားဗျ၊ ကိုအုန်းမောင်”
“ခက်တာက လူကြီးတွေက ဗြိတိသျှအစိုးရကို လက်နက်စွဲကိုင် တော်လှန်မယ်ဆိုတာကို လက်ခံချင်မှ လက်ခံကြ မယ် ထင်တယ်၊ နောက်ပြီး လူငယ်တွေက ခြေလွန်လက်လွန်လုပ်တဲ့ သဘောမျိုး တွေးပြီး သဘောမတူရင် အများကြီး အခက်အခဲနဲ့ တွေ့နိုင်လိမ့်မယ်ဆိုတာ ထည့်စဉ်း စားကြဦးကွ”

ကိုထွန်းစိန် ပြောပြချက်သည် မှန်သင့်သလောက် မှန်ပါသည်။ အဘယ်ကြောင့်ဆိုသော် ဖျာပုံမြို့ ပေါ်တွင် တို့ဗမာ အစည်းအရုံး ကို တည်ထောင်ဖွဲ့စည်းစဉ်က လူကြီးပိုင်းမှ မျိုးချစ်ပုဂ္ဂိုလ်တော်တော် များများ ပါဝင်လာခဲ့ကြသည်။ ထို့နောက် ၁၃၀၀ ပြည့် အရေးတော်ပုံ ပေါ်ပေါက်လာသောအခါ သခင်အမည်ခံ လူကြီးတချို့သည် အလျှိလျှို ထွက်ကုန် ခဲ့ကြသည်။ တစ်န် ၁၉၃၈ ခုနျစ် ကျောင်း သားသပိတ် ပေါ်ပေါက်လာပြန်သောအခါ နယ်ချဲ့ဗြိတိသျှ အစိုးရ သည် ခေါင်းဆောင်မှုပေးခဲ့သည်ဟု ယူဆသော သခင်အမည်ခံ လူကြီးများအား အရေးပိုင်ရုံး တွင် ခေါ်ယူ တွေ့ဆုံပြီး ကျောင်းသားများ၏ လှုပ်ရှားမှု၊ ဗြိတိသျှအစိုးရပေါ် အကြည်ညိုပျက်စေမှု ဆောင်ရွက် ခ်ျများကို တားဆီးရန် ပြောကြားခဲ့လေသည်။ ထိုအခါ သခင်အမည်ခံ အချို့သည် နယ်ချဲ့သမား များ၏ ယန္တရားဖြစ်သော အုပ်ချုပ်ရေးပိုင်းမှ အရေးပိုင်လုပ်သူ အလိုကျ ကျောင်းသားများအား ရွှေ ရင်အေးတရားများ တိုက်ကျွေးပြုစု ခဲ့သည့် သာဓကများ ရှိခဲ့ဖူးလေသည်။ နောက်ဆုံး ဖျာပုံမြို့နယ် တို့ဗမာအစည်းအရုံးတွင် သမိန်ထော ဆရာတော် ဦးအာစာရ၊ ဖျာပုံ ရွှေကျင်ကျောင်းတိုက်မှ သခင် ကောသလ္လ၊ ကနိကျေးရွာမှ သခင် ဘကျော့နှင့် ဖျာပုံမြို့ပေါ်မှ ကျွန်တော်တို့ လူငယ်တစ်သိုက်က ကျန်ခဲ့ရဖူးလေသည်။

“ဒါတွေ ဦးလှအောင်လာမှပဲ အားလုံးကို အတည်ပြုဆုံးဖြတ်မှာပါ၊ အခုဟာက ပဏာမ ပြင်ဆင်တ့ အနနဲ့ မြလှိုင် ရန်ကုန် အပြန် အစီရင်ခံနိုင်ဖို့ အကြမ်းလျာထားချက်ပဲလေ”
“ဟေ့ကောင်တွေ ... ငါဝင်မပြောဘူးလို့ နေတာပဲ၊ ပြောရဦးမယ်ကွ”
“ပြောပါ၊ ဘုန်းကြီးပြောတာ လဲ နားထောင်သင့်ရင် နားထောင်ရမှာပေါ့”
“နားထောင်သင့် ရင် မဟုတ်ဘူး ...ခွေးမသားရဲ့၊ နားကိုထောင်ရမယ်”
ဗိုလ်ကော သည် အရပ်ပုသလောက် စိတ်တိုသည်။ စိတ်တိုသလောက် ဒေါသကြီးသည်။ ကျောင်း သားများ သပိတ်မှောက်ဟောရာ ၌ လက်သီးလက်မောင်း တန်းရုံမက ခုန်၍ခုန်၍ ဟောပြောလေ့ ရှိသဖြင့် တရားပွဲပရိသတ် ပွဲအကျကြီး ကျခဲ့ကြပါသည်။

ယခုလည်း ကျွန်တော်တို့တတွေ ဆွေးနွေး နေသည်ကို နားထောင်ရင်း အားမလို အားမရ ဖြစ်လာသည့် အသွင်ဖြင့် ၀င်၍ အမိန့်ရှိနေခြင်းဖြစ်ပါ သည်။
“ပြောပဲ ပြောပါဦး ဘုရား၊ လက်ခံသင့်ရင်တော့ လက်ခံပါမယ်၊ လက်မခံသင့်ဘဲ ကိစ္စဆိုရင်လည်း ငြင်းရမှာပဲ၊ ဘာဖြစ်လို့လဲ ဆိုတော့ နယ်ချဲ့ဗြိတိသျှအစိုးရကို လွတ်လပ်ရေးရသည်အထိ အသက် ပေးတိုက်ကြရမယ့် ကိစ္စဖြစ်လို့ ခုလို လျှောက်ရတာပါ”
“တောက် ... အုန်းမောင်ဆိုတဲ့ကောင်ဟာ အရပ်ရှည်သလောက် စကားလည်း တယ်ရှည်တာကိုးကွ၊ ငါပြော မှာက ဘယ်လူကြီးတွေမှ မလုပ်လို့ ထွက်ကုန်ကြမယ်ဆိုရင် သမိန် ထောက သခင်အချို့၊ ကနိက သခင်အချို့၊ အခြာကြီး က သခင်အချို့ ရှိပါတယ်ကွာ၊ ဒီလူသိုက် တွေဟာ မင်းတို့ အင်္ဂလိပ်အစိုးရက အမြောက်နဲ့ ပစ်သတ်တောင် မကြောက်ရေးချ မကြောက်ဆိုတ့ ကောင်စားတွေပါ၊ ဒီတော့ ဒီကိစ္စ ငါနဲ့သခင် အာစရာ၊ သခင်ဘကျော့ တို့ တာဝန်သာ ထားလိုက်ကြ။ ဟုတ်ပြီလား ... ခွေးမသား အုန်းမောင်၊ ခွေးမ သား မြလှိုင်၊ ခွေးမသား ထွန်းစိန်”

ဒုတိယကမ္ဘာစစ် ဖြစ်ပွားခဲ့လေပြီ။
ဆယ်န်းစာမေးပွဲဖြေရန် တစ်ပတ်ခန့်သာလိုပါတော့သည်။
ရန်ကုန်မြို့တွင် နေ၀င်မီးငြိမ်း စမ်းသပ်မှုများ မကြာခဏ ပြုလုပ်လျက်ရှိပါသည်။ ဗြိတိသျှစစ်သား အမြောက် အမြား လှုပ်ရှားပြောင်းရွှေ့သွားလာနေသည်ကိုလည်း ရန်ကုန်မြို့တွင် တွေ့နေရပါသည်။ လမ်းမတော် (ဂေါ်ဒွင်လမ်း) တစ်လျှောက် စစ်သုံးကားများ အမြောက်အမြား ရပ်ထားသည်ကို တွေ့ရပါသည်။ ထိုကားများ သည် ကျူကုတ်ခေါ် တရုတ်မြန်မာ လမ်းမကြီးမှ လှုပ်ရှားသွားလာနေသော ကားများဖြစ်သည်။
စစ်သတင်းများ ထက် စာမေးပွဲသည် ကျွန်တော့်အတွက် သေရေးရှင်ရေးဖြစ်ပါသည်။ ဆရာကြီး ပြောပြချက်အရလည်း ဤစာမေးပွဲသည် နောက်ဆုံး ကျင်းပနိုင်သော ဆယ်တန်း စာမေးပွဲဖြစ် ကောင်းဖြစ်နိုင်မည်ကို သိရှိထားသော ကျွန်တော်တို့ ဆယ်တန်းကျောင်းသားများသည် မီးကုန် ယမ်းကုန် ကြိုးစားလျက် ရှိကြပါသည်။

“ဟေ့ ... မြလှိုင်၊ ငါတို့ စာမေးပွဲဖြေပြီးရင် ဖျာပုံ အလည်လိုက်ခဲ့မယ်ကွာ ”
“စာမေးပွဲပြီး ရင် ... ငါဖျာပုံ မပြန်သေးဘူးကွ၊ ရန်ကုန်မှာ နေဦးမှာ”
“ဘာဖြစ်လို့လဲ”
“တို့အစ်ကိုနဲ့ ခဏနေဦးမလို့ကွာ၊ တခြားတော့ ကိစ္စမရှိပါဘူး”
အမှန်က ကျွန်တော် မုသားပြောခြင်းသာလျှင် ဖြစ်ပါသည်။ ဒုတိယကမ္ဘာစစ်ကြီး ဖြစ်ပွားနေချိန်တွင် ကျွန်တော့် အား မိခင်ဖြစ်သူက မလွှဲသာ၍သာ ရန်ကုန်တွင် မျက်စိမှိတ်ထားရခြင်းဖြစ်ပါသည်။ အခါတိုင်း တစ်လတစ်ကြိမ် သာ စာရေးလေ့ ရှိသော မိခင်သည် ယခုဆိုလဆင် တစ်ပတ်လျှင် တစ်ကြိမ်ကျ စာရေး ၍ မေးမြန်းလျက်ရှိပါသည်။ ထို့ပြင် ကျွန်တော်သည် စာမေးပွဲကြီးပြီးလျှင် ပြီးချင်း ဖျာပုံသို့ ပြန်၍ တို့ဗမာ အစည်းအရုံး ပြန်လည် ဖွဲ့စည်းရေးနှင့် နယ်ချဲ့တော်လှန်ရေးအတွက် ပါဝင်ဆောင်ရွက်ရတော့မည်ဖြစ်ပါသည်။

“ဟေ .. မမစိန် ... ဘယ်က လာသလဲ ”
“မောင်မြလှိုင် မပေါ်လာ လို့ လိုက်လာကြတာ၊ အောက်မှာ ခင်ကြည်ကြည်လဲ ပါလာတယ် ”
“ကျွန်တော်လိုက်ခဲ့မယ်၊ မမစိန် ခဏနော်”
ကျွန်တော် သည် အ၀တ်လဲခန်းသို့ အပြေးသွားရောက်၍ သပ်ရပ်စွာ အ၀တ်အစားများ လဲလှယ်ရ ပါသည်။ ထိုအချိန် တွင် ကျွန်တော် အ၀တ်လဲရာအခန်းသို့ပဲခူးသား တင်အောင်၊ ညောင်လေးပင် သား ကိုတင်ရွှေ၊ အိမ်မဲသားကိုကိုလေးတို့ သုံးယောက် မျက်နှာပြုံးဖြဲဖြဲလုပ်၍ ၀ိုင်းလာကြပါသည်။ ကျွန်တော်က သူတို့မျက်နှာများ ကို မြင်လိုက်သည်နှင့်ပင် အကြောင်းတစ်ခုခု ရှာကြတော့မည်ကို သိထားသဖြင့် မျက်နှာကို တည်တည်ထား၍ ကြည့်လိုက် မိသည်။
“ဟေ့ ... သူငယ်ချင်း ...၊ အောက်မှာ စကော့ဈေးက စမူဆာ ပါလာတယ်”
ကျွန်တော်က သူတို့ ဘာကိုဆိုလိုသည်ကို သိလိုက်ပါသည်။ သို့သော် မသိဟန်ဆောင်၍ ဘယ်သူ ၀င်လာသလဲ ဟု မေးမြန်းလိုက်ပါသည်။ သူတို့တတွေ တ၀ါးဝါး ပွဲကျသွားပြီး ကျွန်တော့်နား တိုး ကပ်မေးမြန်းခြင်းပြုပါသည်။

“ဒီမယ် ... စောစောက အပေါ်တက်လာတဲ့ ဒေါ်ဘုတ်ဆုံကြီးနဲ့ အောက်မှာ မဒီတစ်ပွေပါလာတယ်၊ အဲဒါ ဘယ်သူလဲကွ ... သူငယ်ချင်းရ”
“သြော် ... အဲဒါ ကိုယ့်ကာစင်ပါကွာ ”
“ဘာလဲ ... ကာစင်လား၊ အီစပ်လား၊ ပြောစမ်း ဟေ့ကောင်၊ မျက်နှာလှည့်ပြစမ်း၊ တို့မယုံဘူး၊ မင်းကာစင်ဆို ငါ့ပေးမလား ... ဟား ... ဟား ...”
“အေး ... ပေးမယ်၊ ယူစေဗျား ... ယူစေ ...၊ ကိုင်း ... ငါသွားလိုက်ဦးမယ်ကွာ၊ ဟိုမှာ ငါ့စောင့်နေတာ အားနာစရာဖြစ်နေပြီ”
“မရဘူး၊ တို့လဲ လိုက်မယ် ”
ကျွန်တော်သည် ထိုလူသိုက်အား တွန်းထိုးပစ်ခဲ့ပြီး လှေကားထိပ်တွင် စောင့်နေသော မမစိန်နှင့် အတူ အောက်ထပ် ဧည့်ခန်း ရှိရာသို့ဆင်းလာခဲ့သည်။ ခင်ကြည်ကြည်တစ်ယောက် လှပစွာ ၀တ်စားဆင်ယင်၍ ဧည့်ခန်း တွင် တွေ့လိုက်ရသည်။ ကျွန်တော့်အား ပြုံးပြ၍ ကြည့်နေ သည်မှာ ရင်ထဲမှာ ချမ်းမြေ့သွားသည်အထိ ခံစားလိုက် ရပါသည်။

“ဘွတ်အဲ ... ဘွတ်အဲ ”
အသံလာရာဆီသို့ ကြည့်လိုက်တော့ ကိုတင်အောင် ခေါင်းဆောင်၍ မျက်နှာ စပ်ဖြဲဖြဲလုပ်လျက် ဆင်း လာကြသော သကောင့်သား သုံးယောက် ကို တွေ့လိုက်ရသည်။ ကျွန်တော်သည် သူတို့ကို ကြည့်၍ မရယ် မိရန် ဣနြေ္ဒဆယ်လိုက်ရသည်။ ဒေါ်တင်တင်စိန်က ကျွန်တော့်အား နောက်ပြောင်နေကြောင်း သိဟန်တူသည်။ ကိုတင်အောင်တို့လူသိုက် အနားရောက်လာသောအခါ အောက်ပါစကားကို ရယ်သွမ်းသွေး၍ ပြောလိုက်ပါသည်။
“မောင်မြလှိုင်တို့ ကျောင်းထဲမှာ နွားကလေးတွေ လွှတ်ထားတယ်ထင်တယ်”
“ဘွတ်အဲ ... ဘွတ်အဲ၊ ဟုတ်တယ်၊ နွားသိုးပေါက်ကလေးတွေပါ”
ကိုကိုလေး ၏ အသံသည် စူးစူးဝါးဝါး ပေါ်ထွက်လာပြီး တ၀ါးဝါး တဟားဟား ရယ်၍ ထွက်ခွာသွား ကြပါတော့ သည်။

“အင်း ... လူပျော်လူနောက်ကလေးတွေပါကလား”
“ဟုတ်ပါတယ်၊ ကျွန်တော့် သူငယ်ချင်းတွေပါ၊ ခင်ကြည်ကြည်ပါလာတော့ ကျွန်တော့်ကို ၀ိုင်းပြီး စ နေကြ တယ်လေ။ ကျွန်တော်ကလည်း ကာစင်လို့ ပြောထားလိုက်လို့ ... နှမလိုက်တောင်းကြတာ၊ ဟီး ... ဟီး ...”
ခင်ကြည်ကြည် သည် ကျွန်တော်ပြောသည်ကို ပြုံးရွှင်စွာ နားထောင်နေပါသည်။ ထိုနေ့က ခင်ကြည်ကြည် ကို မြင်ရသည် မှာ နတ်မိမယ်တစ်ပါးကဲ့သို့ လှနေသည်ဟု ထင်မိသည်။ အမှန်ကတော့ ဆန့်ကျင် ဘက်လိင်ဖြစ်သည့် မိန်းကလေးတစ်ဦးအား သာမန်စိတ်ဝင်စားခြင်းမျှသာ ဖြစ်ပါသည်။ ထိုခေတ်ထိုအခါက မိန်းကလေးနှင့် ယောက်ျားလေးတို့၏ ဆက်ဆံရေးသည် ယနေ့ မျက်မှောက်ခေတ်လောက် လွတ်လပ်မှုမရှိပေ။

မိန်းကလေး အပျိုရွယ် လူလားမြောက်လာသည် နှင့် တစ်ပြိုင်နက် မိဘညီကိုမောင်နှမဆွေမျိုးများ၏ အုပ်ချုပ်မှု အောက် တွင် ဗိုင်းကောင်းကျောက်ဖိ နေကြရကုန်သည်။ လူစိမ်းယောက်ျားပျိုနှင့် လွတ်လပ် စွာ ပြောဆို ဆက်ဆံခြင်း အလျဉ်းမရှိရပေ။ တစ်ဦးနှင့်တစ်ဦး ချစ်ကြိုက်ခြင်းသည် အလွန် လျှို့ဝှက် လုပ်ဆောင်ရသော ကိစ္စတစ်ရပ်အဖြစ် ထားရှိကြရသည်။ အကယ်၍ မိန်းကလေးတစ်ယောက်အနေဖြင့် ရည်းစားထားခြင်းပြုရာ၌လည်း ကြားတွင် အောင်သွယ်ထးရသည့်အဆင့်ဖြင့်သာ ဆက်ဆံရလေသည်။
“မောင်မြလှိုင် စာမေးပွဲပြီးရင် ... ဖျာပုံ ပြန်မှာလား၊ ရန်ကုန်မှာ နေဦးမှာလား ”
“မေမေက ဖျာပုံကို ချက်ချင်း ပြန်ခဲ့ရမယ်လို့ စာရေးထားတယ် ”
“ရန်ကုန်မှာ မနေတော့ဘူးလား၊ မောင်မြလှိုင် နေချင်သေးတယ်ဆိုရင် မမစိန် စာရေးပြောပါ့မယ်”
“မနေတော့ဘူး မမစိန်၊ မေမေ ရန်ကုန်တက်လာပြီး ခေါ်မယ်ထင်ပါတယ် ”

ဒေါ်တင်တင်စိန် နှင့် ခင်ခင်ကြည်သည် ကျွန်တော်နှင့် ဧည့်ခန်းတွင် တစ်နာရီနိးပါးစကားများ ပြောဆို၍ စာမေးပွဲရက်အတွင်း ကျွန်တော် စားသောက်ရန် ငါးပိကြော်၊ ဟောလစ်၊ မုန့်သေတ္တ ဘီစကစ်စသည်များကို ပေးခဲ့ပါသည်။ ခင်ကြည်ကြည်သည် ကျွန်တော်နှင့် ဒေါ်တင်တင်စိန် စကားပြောသည်ကို နားထောင်ရင်း သူမ မျက်လုံးရွဲရွဲကြီးကို တစ်ချက်တစ်ချက်ဝေ့၍ ကျွန်တော့်ကို ကြည့်တတ်ပါသည်။
ထိုသို့ကြည့်လိုက်တိုင်း ကျွန်တော့် ရင်ထဲတွင် တဒုံးဒုံးမြည်၍ သွားသည့်နှယ်၊ သူမရင်ထဲ၌လည်း ကျွန်တော့်ကဲ့သို့ပင် ဖြစ်လိမ့်မည်ထင်သည်။
ထိုနေ့က ကျွန်တော်တို့နှစ်ယောက် မျက်လုံးချင်း ကြိုက်လိုက်ကြသည်။

ကျွန်တော့် အား နယ်ချဲ့တော်လှန်ရေးက သိမ်းပိုက်ခြင်းကို ခံလိုက်ရသည်။
ဖျာပုံသို့ ပြန်ရောက်သောအခါ အခါတိုင်းကဲ့သို့ ဘိလိယက်ခုံတက်ခြင်း၊ သူငယ်ချင်းအပေါင်းအသင်းများနှင့် သန်းခေါင်သန်းလွဲ လည်ပတ်ခြင်း မပြုနိုင်တော့ဘဲ ကိုအုန်းမောင်တို့ လူသိုက်နှင့်တွဲကာ တို့ဗမာအစည်းအရုံးအ လုပ်အမှုဆောင်သစ်များ ပြန်လည်ရွေး ချယ်ရန် စီစဉ်စိုင်းပြင်းနေရပါသည်။
“မောင်မောင်၊ မင်း ခုတလော အိမ်မှာ ကပ်တယ်မရှိပါလား၊ ဘယ်ကို သွားနေတာလဲ...၊ အားရင် ဦးအာစရကျောင်းသွားပြီး ပရိတ်ကြီး ၁၁ သုတ်တက်ရမယ်လို့ ပြောထားတယ် မဟုတ်လား ”
မိခင်ကြီးသည် ကျောင်းပိတ်၍ အိမ်ပြန်လာလျှင် ကျွန်တော့်အား ဘာသာရေး သင်ခန်းစာများ သင်ကြားရန် စီစဉ်ထားပါသည်။ သို့သော် ယခုအခြေအနေတွင် ကျွန်တော်တစ်ယောက် ဘာသာရေး သင်ခန်းစာကို သင်နိုင်ရန်ဝေး စွ အိမ်၌ပင် တစ်နာရီပြည့်အောင် ထိုင်နေရသည် မရှိဘဲ တို့ဗမာအစည်းအရုံးကိစ္စများဖြင့် ပိလျက်ရှိပါ သည်။

စာမေးပွဲပြီးပြီ ဖြစ်သဖြင့် မိခင်ဖြစ်သူက ခေတ္တ ခဏအားလပ်မှုပေးထားသော်လည်း ကျွန်တော်ကမူ လျှို့ဝှက်စွာ ပါဝင်လှုပ်ရှားနေသော နယ်ချဲ့ ဆန့်ကျင်ရေး၊ မြေအောက်တော်လှန်ရေးအတွက် အမခံရဲဘော် တစ်ယောက် ဖြစ်နေ ပါတော့သည်။ မည်သို့ပင် ဖြစ်စေ တို့ဗမာအစည်းအရုံးလုပ်ငန်းများကို အချိန်ပြည့် လုပ်ကိုင်နေ ရကြောင်း မိခင်အား ဖွင့်ပြောရန် ဆုံးဖြတ်လိုက်ပါသည်။
“ မေမေ ... သားအခု တို့ဗမာအစည်းအရုံးမှာ ၀ိုင်းလုပ်ပေးနတယ် ”
“အင်း ... အပြောင်က ဦးဘိုးလှ လာလို့ ပြောသွားတယ်၊ နင့်သား ငယ်ငယ်ရွယ်ရွယ် နဲ့ ထောင်ထဲ ရောက် မှာ မြင်ယောင်သေးတယ်တဲ့ ”
“တို့ဗမာအစည်းအရုံးမှာ လုပ်တာနဲ့ ထောင်ထဲရောက်ရတော့မှာလားဗျာ”
“ ရောက်ဖို့များတယ် သားရယ်၊ ဒီနေ့အစိုးရက မင်းတို့ဘာတွေ လုပ်နေတယ်ဆိုတာ မျက်စိဖွင့် ပြီး စောင့်ကြည့်နေတာ၊ ဒါထက် အုန်းမောင်တို့တတွေက ဘာလုပ်နေကြသလဲ ”
“သူတို့နဲ့ အတူတူပဲ လုပ်နေတာပေါ့ ”

မိခင်ကြီးသည် ကောင်းသည်ဆိုးသည် မပြောတော့ဘဲ ပြောင်းဖူးဖက်ဆေးလိပ်ကြီးကို အငွေ့ တထောင်းထောင်း ထသည်အထိ ဖွာလျက်ရှိသည်။ ကျွန်တော်သည် မိခင်၏ အဆုံးအဖြတ်ကို ရယူ သိရှိရန်အတွက် မိခင်နားမှာပင် ထိုင်နေသည်။ မိခင်မျက်နှာကိလည်း အကဲခတ်သည့်အကြည့်ဖြင့် ကြည့်နေမိပါသည်။
“ အရပ်ထဲမှာ လတ်လျား လတ်လျား နေတာထက်စာရင်တော့ ကောင်းပါတယ်၊ ဒါပေမယ့် ဘေးများတယ် သားရယ်။ နောက်ပြီး အောင်ဆန်းတို့လူသိုက်ကိုလည်း ဆုတွေ ဘာတွေ ထုတ်ပြီး ဖမ်းမယ်ဆီး မယ် လုပ်နေတယ် ... မဟုတ်လား ”
ကျွန်တော့်အား မိခင်က သဘောတူသည်ဟု မပြောသည့်တိုင်အောင် မလုပ်ကိုင်နှင့်ဟု တားမြစ်ခြင်း မပြုခဲ့ပေ။ ထိုအခြေအနေကို အခွင့်ကောင်းယူကာ ကျွန်တော်သည် ပြန်လည် ဖွဲ့စည်းလိုက်သော တို့ဗမာအစည်းအရုံးတွင် အတွင်းရေးမှူး ဖြစ်လာပါတော့သည်။ ကျွန်တော်က အတွင်းရေးမှူး၊ ကိုအုန်းမောင်က ပြန်ကြားရေးမှူး၊ သခင်ထွန်းမောင် က ငွေထိန်း၊ သခင်လှသောင်းက (ယခုပါတီဌာနချုပ် သုတေသန)က ဒုတိယဥက္ကဋ္ဌ၊ သခင်လှအောင် (ကွယ်လွန်)က ဥက္ကဋ္ဌ ဖြစ်လာခဲ့ကြပြီး သခင်ငို၊ သခင်ဘကျော့၊ သခင်ခင်လှိုင်၊ သခင်ကျော်လှ တို့က အမှုဆောင်များဖြစ်ကြပါသည်။

သခင်ထွန်းစိန်ကမူ လက်ရုံးတပ်ဖွဲ့တာဝန်ခံ ဖြစ်လာလေသည်။ လူကြီးများမှာ ဒုတိယကမ္ဘာစစ် ဖြစ်သည်နှင့် တစ်ပြိုင်နက် နှုတ်ထွက်ကုန်ကြပါ တော့သည်။ ဖျာပုံမြို့နယ်တွင် တကယ်တမ်းနယ်ချဲ့တော်လှန်ရေးလုပ်ရန် ဖွဲ့စည်းသော အခါ မူလက စာရင်းပေးထားသူများပင် အကြောင်းအမျိုးမျိုးပြလျက် ထွက် ခွာ ရှောင်တိမ်း သွားကြသဖြင့် အားလျော့စိတ်ပျက်မိပါသည်။ ထိုအချိန်တွင် ဌာနချုပ်မှလည်း နယ်ချဲ့တော်လှန်ရေးအတွက် တာဝန်ခံများ စေလွှတ်လျက်ရှိရာ ကျွန်တော်တို့ ဖျာပုံခရိုင်အတွင်းသို့ ဗိုလ်အောင်(ဗိုလ်ချုပ်မောင် မောင်)၊ ဗိုလ်ဝင်း (ယခု ဗဟိုအာဥာပိုင် အဖွဲ့အစည်းတစ်ရပ်ဖြစ်သော ဗဟိုလုပ်ငန်း စစ်ဆေးရေး အဖွဲ့ဝင်)၊ သခင်လင်း (သထုံ) တို့ဖြစ်ကြပါသည်။ ၎င်းတို့လူသိုက် ဖျာပုံသို့ ရောက်ရှိလာသောအခါ ကျွန်တော်တို့တွင် နယ်ချဲ့တော်လှန်ရေးနှင့် ပတ်သက်သော ပြင်ဆင်မှုများ အဆင်သင့်မရှိသော ကြောင့် ဖျာပုံတွင် စတင်ဖွဲ့စည်း မည့် အစီအစဉ်ကို ဆိုင်းငံ့၍ ဒေးဒရဲသို့ ထွက်ခွာသွားကြပါသည်။

“ဟေ့ မြလှိုင် ... တို့ရှိတဲ့လူနဲ့ပဲ စမယ်ကွာ၊ နောက်တစ်ပတ်ဆို ဗိုလ်ဝင်း ပြန်လာမယ် ”
“ကောင်းသားပဲ၊ ဒီလိုဆိုရင် အစည်းအဝေးခေါ်လေ၊ နေရာတော့ ၇လမ်းက တယောဦးသိမ်းမောင် အိမ်မှာ လုပ်ရင် ကောင်းမယ်၊ ချောင်လည်းကျတယ်၊ ပုလိပ်လည်း မလာနိုင်ဘူး၊ အဲဒီနေ့ကျရင် ကျွန်တော် ဒကာခံမယ်၊ ထမင်း အပျော်ချက် စားတဲ့အနေနဲ့ လုပ်ကြတာပေါ့ မကောင်းဘူးလား”
“ အေး ... ကောင်းတယ်၊ လူစာရင်း မင်းနဲ့ငါန့ ရေးမယ် ... မကောင်းဘူးလား ”
တကယ်တမ်း လက်တွေ့ လုပ်ကိုင်ရန် လူရွေးချယ်ရသောအခါ ကျောင်းသားသမဂ္ဂတွင် ပါဝင်လုပ် ကိုင်ခဲ့ကြသော သူငယ်ချင်းတစ်စုကိုသာလျှင် စည်းရုံးသိမ်းသွင်း၍ ရခဲ့ပါသည်။ ဗိုလ်ဝင်းက ကျွန်တော် တို့ ရွေးချယ်ပေးသော လူများစာရင်းကိုကြည့်ပြီး နယ်ချဲ့တော်လှန်ရေးတွင် လူငယ်များ သာကောင်းမွန်ကြောင်း မှတ်ချက်ပေး ပါသည်။ အမှန်ကတော့ ကျွန်တော်တို့ မူလက ရွေးချယ်ထားသော လူများမှာ အကြောင်း အမျိုးမျိုးကို ပြလျက် ကျွန်တော်တို့နှင့် အတွေ့မခံရုံမျှမက အင်္ဂလိပ်အစိုးရ၏ ဖမ်းဆီးဒုက္ခပေးခြင်းမှ လွတ်ရာဝေးရာ များသို့ ရှောင်တိမ်းသွားကြပါသည်။

“ ဟေ့ ... မြလှိုင် ...၊ မင်း စာရင်းမှာ ပေးထားတဲ့ နာမည်တွေ ငါ့ကို ဖတ်ပြစမ်းပါဦး ”
“ကျော်လှ၊ ကျော်သိမ်း(အလင်းဝင် ဗကပ)၊ စိန်လှိုင် (ယခုကိုဌေးမြိုင်၊ ရုရှားသံရုံး)၊ ခင်ညွန့် (ယခု ဦးညွန့်ဝေ၊ စက္ကူကုန်သွယ်ရေးရုံးချုပ်) သိန်းဟံ (ယခု ရွှေညောင်-အငြိမ်းစားဗိုလ်ကြီး)၊ ကိုပါစိန် (ကွယ်လွန်-လေထီးအုန်းမောင်၏ အစ်မ ခင်ပွန်း၊ ကျောင်းဆရာ)၊ ကိုအောင်သန်း (ကျောင်းဆရာ)၊ ကျော်သန်း (ကွယ်လွန်၊ ကျုံကူ သူကြီး)၊ ကိုတင်အောင် (ကျဆုံး)၊ ကိုသောင်းအိ (ကျဆုံး-ဖက်ဆစ် တော်လှန်ရေးတွင် အသတ်ခံရသူ) အားလုံး ၁၀ ယောက်ရှိတယ် ”
“အေး ... ငါ့ဆီမှာလဲ ၇ ယောက်လောက်ရှိတယ်၊ တို့အားလုံး မြေအောက်တော်လှန်ရေးလုပ်ကြတော့မှာဆိုတော့ သခင်မြမောင် နဲ့ သခင်ဘကျော့တို့ကို အစည်းအရုံးမှာ အမြဲရှိနေဖို့ မှာခဲ့ချင်တယ် ”

ရှုမ၀၊ တွဲ ၃၄၊ မှတ် ၄၀၃၊ ဒီဇင်ဘာ၊ ၁၉၈၀။

ဆက်ရန်
.

No comments: