Saturday, December 1, 2012

မသီတာ (စမ်းချောင်း) ၏ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်, အပိုင်း (၂)

ငယ်ဘ၀ မှ အမှတ်ရနေမိသည်က အိပ်ရာဝင်နောက်ကျခြင်းပင်။ ညစဉ်ညနက် သည့် တိုင် ဖေဖေနှင့် မေမေ ၏ ခုတင်ပေါ် မှာ နားနေရင်း ဖေဖေနျင့် မေမေ ပြောသမျှ လူမှုရေး၊ စီးပွားရေး ကိစ္စ အထွေထွေကို နားထောင် တတ်ခဲ့သည်ကလည်း ကျွန်မဘ၀အတွက် လူဖြစ်စေခဲ့သည့် အကြောင်း ဖြစ်ပေမည်။ မူလတန်း ဘ၀မှာပင် ဖေဖေနှင့်မေမေတို့ ခံစားနားလည်သမျှကို လိုက်လံခံစားဖြစ်ခဲ့သည်မိ့ နားလည်မှုအရာတွင်လည်း လူကြီး တို့၏ နားလည်မှုအတိုင်းအတာ ကို ယဉ်ပါးကျက်စားမိခဲ့ပြန်ပါသည်။

သို့သော် ထိုစဉ်က ခံစားမှုနုနယ် သည့် ကလေးပီပီ ကြားဖူးသမျှ ဒုက္ခရောက်နေသူ၊ အဆင်မပြေနေသူ များ အတွက် ညတိုင် ဘုရားရှိခိုး သည့်အခါ ဝေေ၀ဆာဆာ ဆုတောင်းသမှု ကို ပြုခဲ့မြဲဖြစ် ပါသည်။ ကိုယ့်ထက်အဆင်ပြေကြွယ်ဝနေသူတွေအပေါ် အားကျ စိတ်ဖြစ်ခဲ့မှုမျိုး ရှိ၊ မရှိ မမှတ်မိသော် လည်း ကိုယ့်ထက် အဆင်မပြေဖြစ်နေသူတို့အတွက် ပူပန်စိုးရိမ် စိတ်နှင့် တစ်နည်းနည်း အားဖြင့် ကူညီဖေးမလိုစိတ်များ ဖောဖောသီသိ ဖြစ်ထွန်းခဲ့သည်ကိုဖြင့် မှတ်မိနေပါ သေးသည်။ သို့ဖြင့် မူလတန်း အရွယ် ကျွန်မ၏ ညပိုင်းဘုရားရှိခိုးချိန်သည် ထိုကိစ္စများအတွက် ဆုတောင်းမှု တို့ကြောင့် ကျန်မောင်နှမ များထက် ပိုကြာမြင့်ခဲ့ပေသည်။ ထို့နောက်မှာ ကျွန်မသည် ကလေးဘ၀မှ လူ ငယ်ဘ၀ သို့ ရုတ်ခြည်းကူးပြောင်းသွားသလို ဖြစ်ခဲ့ပြန်ပါသည်။
ကို ဆက်ဖတ်ရန် .........

ဆယ်ကျာ်သက်အိပ်မက်များ

လက်တွေ့ထဲက အိပ်မက်၊ ပုံပြင်ထဲက ဘဝ

အမိုးအကာမဲ့ ဘတ်စ်ကားမှတ်တိုင်လေးကား ဓာတ်မီးတိုင်ပေါ်မှာ ချိတ်ထားသည့် ဘတ်စ်ကားနံပါတ်ပြား ၀ိုင်းကြောင့် သာ သိသာထင်ရှားနေရသည်။ သို့သော် ပုရွတ်ဆိတ်အုံတစ်အုံနှယ် ခရီး သွားလထုများက စုပြုံတိုးဝှေ့စောင့်ဆိုင်းနေကြ သည့် သင်္ကေတကြောင့် မည်သူတစ်ဦးတစ်ယောက်ကမျှ ဓာတ်တိုင်ပေါ် ကို မော့မကြည့် ဘဲ သည်နေရာမှာ ကားမှတ်တိုင်မှန်း သိကြပြန်သည်။ စနစ်တကျ တန်းစီထား ခြင်း မဟုတ်သော် လည်း လူအားလုံး လိုလိုက ကားလာရာဘက်ဆီ လှမ်းမျှော်နေကြပုံမှာ ယိမ်းတိုက်ထား သလိုဖြစ်နေ သည်။ အများစု၏ မျက်နှာမှာတော့ ကမ္ဘာဦးလူတို့ နေနှင့်လကို မျှော်သလို မည်သည့်အချိန်လာ မည်မှန်းမသိ သည့် ဘတ်စ်ကားအား မျှော်တော်ဇောနှင့် မောနေသည့်အမောကို ဆင်ယင်ထားကြပြန်သည်။ သည်လူအုပ်စုမျိုး ထဲကို အမျှော်အင်အားဖြည့်ရန် ကျွန်မသည် ဘတ်စ်ကားဂိတ်များစွာသို့ ရောက်ဲ့ဖူးပြီ။

ယခု ထက်ထိလည်း ကိုယ်ပိုင်ကား ၀ယ်မစီးနိုင်သည့် ကျွန်မတို့မိသားစုမှာ ပြည်သူပိုင်ဘတ်စ်ကားများကိုသာ အားကိုး ရမြဲဖြစ်ရာ ဘတ်စ်ကားစီးရသည့် တွေ့အကြုံမှာ လတ်ဆတ်သစ်လွင်မြဲဖြစ်သကဲ့သို့ ဘ၀၏ပုံရိပ်တစ် စိတ်တစ်ဒေသ လည်းဖြစ်ပါသည်။ သို့သော် ထိုဆယ်ကျော်သက်ကာလကတည်းက “ငါ ဘယ်တော့များ ကိုယ်ပိုင် ကားဝယ်စီးနိုင်မှာ ပါလိမ့်”ဟု မတွေးမိခဲ့ဘဲ “ငါတို့ဆီမှာ ပြည်သူပိုင်ဘတ်စ်ကားတွေကို ပိုပြီး အကျိုးရှိရှိ နဲ့ အများပြည်သူတွေ အဆင်ပြေပြေစီးနင်းနိုင်အောင် ဘယ်လိုများ ဖြေရှင်းနိုင်မှာပါလိမ့်”ဟု သာ အစဉ် တစိုက် တွေးတောဖြစ်ခြင်းကလည်း ကျွန်မ၏ မပြည့်စုံနိုင်သေးသော အိပ်မက်တစ်ခုဖြစ်ပါသည်။

ကျွန်မ ၏ ဆယ်ကျော်သက်မတိုင်မီကာလလေးမှာပင် မော်လမြိုင်မှ အဘိုးနှင့် အဘွား ရန်ကုန် သို့ ပြောင်း ရွှေ့ လာသဖြင့် ကျွန်မတို့မိသားစုပုဇွန်တောင်မှ စမ်းချောင်းသို့ ပြောင်းရွှေ့ခဲ့ကြပါသည်။ အဘိုး၊ အဘွားနှင့် အတူ နေခဲ့ရခြင်း ကလည်း ကျွန်မဘ၀မှာ အရေးပါသည့် အပြောင်းအဲဖြစ်ပါသည်။ အဘိုးက ၁၉၂၀ ပထမ တက္ကသိုလ်ကျောင်းသား သပိတ်မှာ မော်လမြိုင်မှ အထက်တန်းကျောင်းသားဘ၀ဖြင့် ပါဝင်ခဲ့ သဖြင့် ကျောင်းထုတ်ခံလိုက်ရပြီးနောက် မိမိဘာသာသင်ယူပျိုးထောင်ခဲ့သော လူတစ်ဦးဖြစ်လာခဲ့ရာသူနှင့် လက်ပွန်း တတီးနေ ခဲ့ရသော ဆယ်ကျော်သက်ကာလသည် ထူးခြားခဲ့ပြန်ပါသည်။ အထူးသဖြင့် ကျွန်မသည် အခြား ဆယ်ကျော်သက်များကဲ့သို့ တွေးရိုးတွေးစဉ်မတွေး၊ ပြောရိုးပြောစဉ် မပြောတတ် ခဲ့တော့။

ထိုစဉ်က အဘိုးမှာ အသက်ရှစ်ဆယ်နားကပ်နေပြီး သူ့ငယ်ဘ၀အတွေ့အကြုံများနှင့် သူ မည်ကဲ့ သို့ တွေးခေါ်ရင်ဆိုင်ဖြတ်သန်းပုံများကို ပြောပြခဲ့ရာ ကျွန်မအတွက် နမူနာပြုစရာ ဖြစ်မှန်းမသိ ဖြစ်ခဲ့ ပါသည်။ နယ်ချဲ့လက်အောက် မှာ သူမည်သို့ မည်ပုံ ရပ်တည်ခဲ့ပုံကို ပြောခဲ့ရာမှာ သူ့ဖြေရှင်းပုံများကို ကျွန်မ အသေးစိတ် မမှတ်မိသည့် တိုင် နာခံသည်လည်း မဟုတ်၊ အာခံသည်လည်း မမြောက်သည့် သဘောတရား ကိုမူ သတိထားမိ ခဲ့ရပါသည်။ သို့ဖြင့် အဘိုး တကယ့်ဖြစ်ရပ်ပုံပြင်များက ကျွန်မ၏ အနာဂတ်ဘ၀ရင်ဆိုင်ပုံ ကို အတန်အသင့် လွှမ်းမိုးခဲ့ပါတော့သည်။

ခေါင်းမီးလောင်ခဲ့ရသည့် စာကြမ်းပိုးဘဝ

အဘိုးကြောင့် ကျွန်မသည် စာကို သဲကြီးမဲကြီး ဖတ်တတ်လာခြင်းကလည်း ကျွန်မ၏ ဆယ်ကျော်သက်အိပ် မက်ကို ပြောင်းလဲစေခဲ့ပါသည်။ ဆရာဝန်တစ်ယောက်ဖြစ်ချင်ခဲ့သည့် ငယ်အိပ်မက် မပျောက်ပျက်သေးသော် လည်း စာပေနှင့်ပတ်သက်သည့် အိပ်မက်တစ်ခု ပိုမက်တတ်လာခဲ့ပါသည်။ အဘိုး က ဗေဒင်ကျမ်း၊ ဆေးကျမ်း၊ ဂန္ထ၀င်ဝတ္ထကြီးများ အစ စာအုပ်မှန်သမျှကို မြန်မာ၊ အင်္ဂလိပ်နှစ်ဘာသာဖြင့် ဖက်လေ့ ရှိသည့်ပြင် နေ့စဉ်ထုတ် သတင်းစာကိုပင် မာတိကာမှအစ ဖတ်သကဲ့သို့ မှတ်စုစာအုပ်အနားမှာထား ပြီး စာဖတ်သူဖြစ်ပါသည်။ သူ့စာအုပ်ဗီရို ကို စတင် မိတ်ဆက်သည်မှစပြီး စာအုပ်စာပေတို့၏ သြဇာသည် ကျွန်မ၏ ဆယ်ကျော်သက်ဦးပိုင်း ကာလ ကို လုံးဝဥဿုံ လွှမ်းမိုးအနိုင်ယူသွားခဲ့ပါတော့သည်။

အိမ်ရှိစာအုပ် နှင့် မတင်းတိမ်နိုင်ခဲ့သလို အငှားဆိုင်မှ ရနိုင်သည့် ခေတ်ပေါ်မဂ္ဂဇင်း၊ ၀တ္ထုများနှင့်လည်း မကျေနပ်နိုင် ခဲ့သော ကျွန်မမှာ ဆွေမျိုးဥာတကာနှင့် မိတ်ဆွေသင်္ဂဟတို့က သူတို့ကိုယ်ပိုင် အိမ်တွင်းစာ ကြည့်တိုက် ကလေး များကို သုံးစွဲခွင့်ပြုသည်နှင့် နေ့စဉ်မပျက် ထိုင်လည်းဖတ်၊ အိမ်လည်းငှားသည့် ပရိသတ် ဖြစ်ခဲ့ပြန်ပါသည်။ လမ်းပေါ်မှာ ပြေးလွှားခုန်ပေါက်ကစားရသည်ကို မက်မောခု့မင်သည့် အရွယ်မှ အပျိုဖော် ၀င်သည့်အရွယ် ရောက်လာချိန်တွင် စာပေ၏ ဆွဲဆောင်မှုနှင့် သြဇာကို မည်သို့မျှ မရုန်းထွက်နိုင် ခဲ့သော ကျွန်မသည် အိမ်တွင်းပုန်းစာကြမ်းပိုးတစ်ယောက်ဖြစ်လာကာ လူပျို အပျိုသဘာဝ အပြုအမူအားလုံးကို မသိကျိုးကျွံ ကျော်လွန်ဖြစ်ခဲ့ပါတော့သည်။ ညလုံးပေါက်စာဖတ်ခြင်းဖြင့် တစစ ကျန်းမာရေးချွတ်ယွင်းလာ သော ကျွန်မကို စိုးရိမ်ကာ ညနက်နက်မှာ စောင်ကို ခေါင်းမြီးခြုံကာ မီးအိမ်ကို ရင်ခွင်ထဲထည့်ပြီး စာဖတ် ရာမှ ဆံပင်တွေ မထိမကိုင် မဖတ်မရှုနေလျှင် ပြစ်မှုကြီးတစ်ခု ကျူးလွန်နေမိသည့် အလား စိတ်ချောက်ချား တတ် သည့် စိတ္တဇ လည်း ရှိလာခဲ့ပါသည်။

ကလေးဘ၀မှာ ကိုယ်လက်လှုပ်ရှားကစားရသည့် ကစားနည်းမျိုးစုံ ကို မောင်လေးနှစ်ယောက်နှင့် အတူ ဗြောင်းဆန်အောင် ဆော့ကစား ခဲ့ရာမှ အပျိုဖော်ဝင်သည်နှင့် စာပေ၏ ညှိုဓာတ်ကို ကြုံရသောအခါ မလှုပ် မရှား ငြိမ်သက် သွားခဲ့ပြန်ပါသည်။ အမှန်တော့ ကျွန်မမှာ မောင်နှစ်ယောက်နှင့်အတူ ကြီးပြင်းခဲ့ရသည့် အတွက် ယောက်ျားလေး တစ်ယောက်အသွင် ပြုမူနေထိုင်ခဲ့ပြီး ကိုယ့်ကိုယ်ကိုလည်း မိန်းမတစ်ယောက် အဖြစ် မမြင်နိုင် ခဲ့။ မိန်းကလေးတစ်ယောက် ၏ အဆင်အပြင်မျိုးကိုလည်း လုံးဝစိတ်မ၀င်စားခဲ့သူသာ ဖြစ်ပါ သည်။ ထိုစဉ်က မြန်မာပြည် မှာ ခေတ်စားခဲ့သော ရုရှရသစာပေနှင့် အခြား လက်ဝဲ လက်ယာစာပေများကို ဖတ်ဖြစ်ခဲ့သော် လည်း ကျွန်မကို ပိုပြီး စွဲဆောင်နိုင်ခဲ့သည်မှာ ဗုဒ္ဓစာပေဖြစ်ခဲ့ခြင်းကလည်း ကျွန်မ၏ ဆယ် ကျော်သက် အိပ်မက်ကို အရောင်ဆန်းတွေ ခြယ်မှုန်းပေးခဲ့ပါသည်။ ဘာသာရေးစာပေဖတ်ရာမှာလည်း မိန်းမတို့ အတွက် ညွှန်းဆိုထားသမျှကို ကျော်ဖတ်ပြီး ယောက်ျားကောင်းတို့ ကျင့်ကြံအပ်သည့် စိတ်ဓာတ်နှင့် အပြုအမူမျိုး ကိုတော့ မှတ်စုထားကူးယူသလို လိုက်နာနိုင်အောင် အစွမ်းကုန်အားထုတ်တတ်ခဲ့ပြန်ပါသည်။

ကျားကျား လျားလျားဖြစ်အောင် ကြိုးစားနေသည့် ကျွန်မ ရုပ်ခန္ဓာမှာ နူးညံ့သိမ်မွေ့သည့်အပြုအမူမျိုး မရှိ သော် လည်း ဘာသာရေး စာပေက ကျွန်မ၏ နှလုံးသားကိုတော့ သိမ်မွေ့အောင် ချုပ်ကိုင်ထားနိုင်ခဲ့ပါသည်။ ကျွန်မ ဘာသာရေးစာပေ ကို စတင်စွဲလမ်းရသည်မှာ ဆရာကြီး ဦးသုခ၏ မေတ္တာသုတ်ဖြစ်ပြီး ထိုစဉ်က စစ်ပြန်မဂ္ဂဇင်း တွင် အခန်းဆက်ပါသည်ကို လစဉ်စောင့်ဖတ်ခဲ့ရပါသည်။ မေတ္တာကို ရွတ်ဖတ်ရသည့် သုတ္တန် သဘောထက် လိုက်နာကျင့်သုံးရည့် ဘုရားဟောကျင့်စဉ်အဖြစ် သဘောကျကြည်ညိုဖွယ်ဖြစ်အောင် ရေး ထားသည်ဖြစ်ရာ ဆယ်ကျော်သက် ကျွန်မမှာ အပြည့်အ၀မဟုတ်သည့်တိုင် ဘ၀တစ်သက်တာအတွင်း အတော်များများကို လိုက်နာနိုင်အောင် ကြိုးစားလိုစိတ်များ ဖြစ်လာခဲ့ရပါသည်။ မေတ္တာသုတ်စာသားများကို ဖွင့်ဆို ရှင်းပြရာမှာ ကျွန်မရင် ကို ထိစေခဲ့သော ၀ါကျများ အတော်ကိုများပြားလှပါသည်။

မုဒုကို စွဲလမ်းလာခြင်း

ကိလေသာအားလျော်စွာ လူသိ မခံနိုင်သော ကိုယ်နှုတ်အမူအရာများနှင့် မိမိတို့ကိုယ် မိမိတို့ ကြည်ညို မရနိုင် သောအခါဝယ် ဗုဒ္ဓ၏အလိုတော်ကျ မဟုတ်သေးတာ တွေးပြုပြင်နိုင်မှ “သုဟုဇူ”ဖြစ်မယ် လို့ ဟောတော် မူတယ်။ ဆိုလိုတာက သူတစ်ပါးက မိမိကို ကြည်ညိုခံနိုင်ဖို့ထက် မိမိကိုယ် မိမိ ကြည်ညိုနိုင် အောင် သိက္ခာ ရှိရမယ်၊ ဖြောင့်မတ်ရမယ်၊ သူတစ်ပါး ကိုလည်း ကိုယ်က မလိမ်နဲ့၊ ကိုယ့်ကိုယ်ကိုလည်း ပြန်မလိမ်နဲ့ပေါ့” (မေတ္တာသုတ်၊ သုခ၊ စာ ၂၉)
“မှန်သောကိစ္စ မှာ နုနုနဲ့ ကိုယ့်အလိုကို မြဲမြံစွာ ဆုပ်ကိုင်ထားတာဟာ “မုဒု”ရဲ့သဘောပဲ။ (မေတ္တာသုတ်၊ သုခ၊ စာ ၅၀)
“ကာယကံ၊ ၀စီကံ၊ “မုဒု”ဖြစ်ပြီး မနောကံ” “မုဒု” မဖြစ်လျှင်တော့ ကျန်တဲ့နှစ်ပါးရဲ့ “မုဒု” တွေဟာ အယောင် ဆောင် တာပဲ။ လူပေါ်လူဇော်လုပ်တာတွေပဲ ဖြစ်သွားလိမ့်မယ်။ (မေတ္တာသုတ်၊ သုခ၊ စာ ၇၇)
“ဘယ်သူ ကဲ့ရဲ့ကဲ့ရဲ့ ဘုရား မကဲ့ရဲ့အောင်နေ။ ဆရာတော် ဦးဗုဓ်” (မေတ္တာသုတ်၊ သုခ၊ စာ ၁၂၁)

ဖေဖေ့ရိုးသားမှုက ကျွန်မ တို့ မိသားစုကို ထမင်းဝရုံသာ စွမ်းနိုင်သဖြင့် အပျိုဖော်ဝင်လာသော ဆယ်ကျော် သက် ကျွန်မ မှာ သူများတကာလို လှပခေတ်မီစွာ ၀တ်ဆင်သုံးစွဲနိုင်သည့် အနေအထား မရှိသည် ကို ကောင်း ကောင်း သဘောပေါက်ခဲ့ ပါသည်။ မေတ္တာသုတ်အဟောအရ ရောင့်ရဲတင်းတိမ်သူဖြစ်အောင် ကြိုးစားဖို့မှာ လည်း ဆယ်ကျော်သက် လိုအင်နှင့် ခွင်မကျဖြစ်နေခဲ့ပြန်ပါသည်။ နောက်ပြဿနာတစ်ခုက ကိုယ့်ကိုယ်ကို လည်း ကြည်ညိုချင်၊ ဘုရားအကဲ့ရဲ့ ကိုလည်း မခံချင်ဆိုသည့်စိတ် ဖြစ်နေခြင်းပင်။ သည်လိုနှင့် ဆယ်ကျော် သက်ကျွန်မ အဖို့ အိမ်၏ ကျပ်တည်းသော စီးပွားရေးအခြေအနေအရ မဖြစ်မနေ တင်းတိမ်ရောင့်ရဲရမည့် အနေအထား ကို မေ့လျော့နိုင် မည့်၊ ဆယ်ကျော်သက်လိုအင်တွေကို နှစ်နှစ်ကာကာကြီး လျစ်လျူရှုနိုင်မည့် နည်းလမ်းကို ကြံဆ ရပါတော့သည်။ တစ်နည်း ကိုယ်နှင့် နှုတ်မှာ အခြေအနေအရ တင်းတိမ်သင့်သည်မို့ တင်းတိမ်ရသည့် အယောင်ဆောင် တင်းတိမ်မှုမဖြစ်ရနိုင်ခြင်းဖြစ်ရအောင် ကြိုးစားရပါတော့သည်။ မိမိကိုယ် ကိုလည်း ညာရာမကျ၊ ဘုရားဟော ကိုလည်း ကျင့်သုံးရာကျဆိုသည့် နည်းလမ်းကို စဉ်းစားရသည်မှာ ဆယ် ကျော်သက် တစ်ယောက် အဖို့ စိန်ခေါ်မှုတစ်ရပ်ပင်။ နောက်ဆုံးမှာတော့ ဘုရားဟော ပဋာစာရီထေရီအတ္ထု ပ္ပတ္တိကပင် ကျွန်မ ကို အကောင်းဆုံးအဖြေထုတ်ပေးခဲ့ပါသည်။

ပဋာစာရီထေရီကို အားကျခြင်း

ပဋာစာရီထေရီ မှာ အများသိကြသည့်အတိုင်း လင်သေ၊ သားဆုံး၊ မိဘနှင့် မိသားစုအားလုံးဆုံးကာ တစ်ကိုယ်တော် ကျန်ရစ်ချိန် မှာ အ၀တ်အစားပင် မကပ်နိုင်အောင် ရူးသွပ်သွားခဲ့ဖူးပါသည်။ မြတ်စွာဘုရား၏ တရားရေအေး ကို နာကြားရသည့်နောက် သောတာပန်အဖြစ်ကို ချက်ချင်းရကာ အရိယာအဖြစ် သို့ ရောက်ခဲ့ သော်လည်း ထိုခဏမှာ ပဋာစာရီ၏ အပြောင်းအလဲကို မသိကြသူတို့က မြတ်စွာဘုရားကို ဖူးမြော်နေ သည် က အ၀တ်မဲ့ကိုယ်ဗလာနှင့်မို့ မသင့်လျော်ဟု ဆိုခဲ့ကြပါသည်။

သို့သော် အရိယာအဖြစ်သို့ ပြောင်းသွားပြီဖြစ် သော ပဋာစာရီမှာ “ရတနာသုံးပါးတည်းဟူသော ပန်းခိုင်ကို လည်းကောင်း၊ ငါးပါးသီလတည်းဟူသော ခါးဝတ်ပုဆိုး အ၀တ်တန်ဆာကိုလည်းကောင်း၊ သဒ္ဓါ၊ သီလ၊ သုတ၊ စာဂ၊ ပညာ၊ ဟီရိ၊ သြတပ္ပဖြစ်သည့် သူတော်ကောင်းဥစ္စာ ခုနစ်ဖြာတည်း ဟူသော ကျောက်မျက်အဆင်တန်ဆာ တို့ကို လည်းကောင်း ဆင်မြန်း ထားပြီးဖြစ်သည့်အတွက် ပကတိအ၀တ်အစားမဲ့နေသည့်တိုင် သင့်လျော်လျောက် ပတ်နေသည် ဟု ပြန်လည် ချေပထားသည်ကို ဖတ်လိုက်ရသည့်အခါ ကျွန်မအတွက် ဘ၀နေနည်း ထိုင်နည်း ကို ရခဲ့ပါတော့ သည်။ ထို့နောက် ပန်းပန်ဖို့မတွေးဘဲ သရဏဂုံတည်ဖို့သာ တွေးသကဲ့သို့ အ၀တ် အဆင်ဆန်းတွေ ၀ယ် ၀တ်ရဖို့ မတွေးဘဲ ငါးပါးသီလလုံဖို့ တွေးရသည်မှာ ကျွန်မတစ်ယောက်တည်း ခွန်အားနှင့် တတ်စွမ်းသည့်ကိစ္စ ဖြစ်သကဲ့သို့ ကျွန်မအတွက် အတော်ကြီးသက်သောင့်သက်သာ ရှိစေခဲ့ပါသည်။ သူတော်ကောင်း ဥစ္စာ ခုနစ်ဖြာလုံးကို မဖြည့်ဆည်းနိုင်သေး၊ မပိုင်ဆိုင်နိုင်သေးသော်ငြား သနပ်ခါး အမွှေးနံ့ သာ အစ ရွှေငွေစိန်ကျောက် အဆုံး ဆယ်ကျော်သက်သမီးပျိုတို့ ဆင်ယင်သုံးစွဲချင်သမျှတို့ကို နှစ်နှစ်လိုလို လျစ် လျူရှုနိုင် ခဲ့ပါသည်။

ဒုလ္လဘသီလရှင် ၀တ်ခြင်း၊ ဆယ်ရက်တရားစခန်းဝင်ခြင်းတို့ကို ဆယ်ကျော်သက်ဘ၀မှာ အားထုတ်ဖြစ်ခဲ့ သည်ကလည်း ကျွန်မအတွက် အကျိုးများခဲ့ပါသည်။ သာသနာ့ဘောင်မှာ မည်သို့ကျင့်ကြံ နေထိုင်ကြသည်ကို ကိုယ်တွေ့ကြုံ ရသကဲ့သို့ ၀ိပဿနာကမ္မဋ္ဌာန်း၏ အခြေခံကိုလည်း ကောင်းကောင်းလေ့ ကျင့်ခွင့် ရခဲ့ခြင်းသည် နောင် ထောင်တွင်းတွင် တရားအားထုတ်ဖြစ်သောအခါ ကြီးစွာသောအထောက်အကူ ကိုဖြစ်စေခဲ့ ပါသည်။ ဒုလ္လဘ သီလရှင် ၀တ်ခဲ့စဉ်က ဘ၀မှာ နောက်ထပ်ဖြစ်ချင်တာတွေ မရှိတော့လောက် အောင် ခံစားရပြီး လူပြန် မထွက်ချင်သည့်စိတ်အထိ ဖြစ်ခဲ့ဖူးသော်လည်း အလွန်အကျူး မပြင်းထန်ခဲ့ပေ။ ထို့နောက်မှာ နေ့တိုင်း ရှစ်ပါးသီလနှင့် နေသလို နေနိုင်အောင် ကြိုးစားသွားနိုင်လျှင် လောကကျိုး၊ ဓမ္မကျိုး နှစ်မျိုးစလုံး ထမ်းနိုင်သည့် ဘ၀မျိုးကို ဖန်တီးနိုင်မည်ဟု အိပ်မက်သစ် ဖြစ်လာရာမှ ဆယ်တန်းကျောင်းဖွင့် အမီ လူထွက်ဖြစ်သွားခဲ့ပါသည်။

နောက်ဆုံးတော့ ကလောင်ကိုင်မည်

တစ်ဖက်မှာလည်း လစဉ်ထုတ်မဂ္ဂဇင်းအချို့ကို စွဲလမ်းသထက် စွဲလမ်းလာပြီး စာပေကို ကိုယ်တိုင်ဖန်တီးလို စိတ်က ပြင်းပြ လာခဲ့ပါသည်။ ထို့ပြင် ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ သတင်းအမှောင်ချမှုကြောင့် ကမ္ဘာမှာ ဘာဖြစ်နေသည်ကို ဟုတ်တိပတ်တိ မသိခဲ့ရသော်လည်း ဖတ်ခွင့်ရသမျှ စာပေထဲ မှ နိုင်ငံ့ခေါင်းဆောင် များ၊ နိုင်ငံကိုတည်ထောင်သူများ၊ တော်လှန်ရေးသမားများ၊ ငြိမ်းချမ်းရေးသမားများအားလုံးကို အားကျစိတ် ကလည်း ရှိခဲ့ပြန်ပါသည်။ သူတို့တွေနှယ် ထူထဲလေးပင်သော အတ္ထုပ္ပတ္တိမျိုးရှိချင်ခဲ့ပါသည်။ သို့သော် ကျွန်မမှာ ကိုယ်ပိုင် အတွေ့အကြုံဟူသရွေ့ ဘာမှ မယ်မယ်ရရ မရှိခဲ့သေး။

တစ်ခုကံကောင်းသည် က ကျွန်မတို့ မိသားစုမှာ စားအိုးကြီးလာသည့် အလျောက် မေမေက ကိုယ်ပိုင် ကျူရှင်လေး ဖွင့်ဖြစ်ခဲ့ရာမှ ပတ်ဝန်းကျင် ကို ပိုမိုထိတွေ့ခွင့် ရလာခြင်းပင်။ အထက်တန်းကျောင်းနှင့် တက္ကသိုလ် စပ်ကြားကာလတချို့မှာ စာအုပ်ပုံထဲ ခေါင်းစိုက်ထားခဲ့သလို မူကြိုမှ သည် အလယ်တန်း အထိအရွယ် ရှိ ကျောင်းသားကျောင်းသူ ခြောက်ဆယ်ကျော်ကိုလည်း ဆရာလုပ်ခဲ့ရပြန် ပါသည်။ စမ်းချောင်းမှာနေကာ ပုဇွန်တောင် မှာ ကျူရှင်သွားပြရသည့်အတွက် ပြည်သူပိုင်ဘတ်စ်ကားများနှင့် ယဉ်ပါးလာခဲ့သကဲ့သို့ ရန်ကုန်မြို့ ကိုလည်း ပိုမိုမြင်တွေ့ခွင့်ရလာခဲ့ပါသည်။

ဆိုရှယ်လစ် ခေတ်ဆယ်ကျော်သက်မို့ သည့်ထက်ပိုပြီး နိုင်ငံ့အကြောင်း စေ့ငုခွင့်မသာခဲ့သော်လည်း ကျွန်မ ကောင်းကောင်းသဘောပေါက်ခဲ့သည်မှာ ကျွန်မတို့ လူမှုအဖွဲ့အစည်း၏ မပြေလည်မှုနှင့် ဆင်းရဲမွဲတေမှု ပင်။ အခြားကမ္ဘာ့နေရာ အချို့မှာ မည်မျှပြေလည်နေသည်ကို မသိခဲ့သော်လည်း ကျွန်မနားမှလူတွေ မပြေလည် သည် ကိုတော့ ကျွန်မ သိခဲ့ရသည်။ ကျွန်မကိုယ်တိုင် မပြေလည်သည့် မိသားစုထဲမှာ ရှိနေခဲ့သည်။

ပြောရိုး ပြောစဉ် မရှိမရှားဟု ပြောရမည့် အနေအထားမှာရှိသည့်တိုင် မပိုမလျှံဟု ဆိုရမည့် မိသားစုဘ၀မှာ ကျွန်မ ကျင်လည်ခဲ့သည်မို့ ကျွန်မ၏ ပတ်ဝန်းကျင်မှာလည်း ထိုနည်းနှင်နှင်။ အစိုးရ၀န်ထမ်းမိသားစုဘ၀များစွာနှင့် လက်လုပ်လက်စား မိသားစုဘ၀များစွာ အကြောင်းကိုသာ သိခွင့်ရခဲ့သည့် အတွက် လည်း တွေ့ကြုံ ရသမျှ နှင့် တွေးခေါ်မိသမျှ တို့ကို စာပေအဖြစ် ဖန်တီးလိုစိတ်ဖြစ်လာခဲ့ကာ ၀တ္ထုတိုတွေ ရေးစပြုလာခဲ့ပါသည်။ ကိုယ့် ကိုယ် ကို မငြိုငြင်ဖြစ်အောင် ကြိုးစားလေ့ရှိသော ကျွန်မက ကျွန်မ၏ ပတ်ဝန်းကျင်ပုံရိပ်များကို အခြေခံ ကာ ၀တ္ထုတို များစတင်ရေးဖြစ်လာခဲ့ပါသည်။ ထိုဝတ္ထုတိုတွေကို မဂ္ဂဇင်းတိုက်တွေဆီ ပေးပို့ရန် ကြိုးစားခဲ့ရာမှ ကျွန်မ ၏ ဆယ်ကျော်သက်နှောင်း ဘ၀ပုံရိပ်သည် တစ်မျိုးတစ်မည် ပြောင်းလာခဲ့ပါတော့ သည်။

အိပ်မက်များကို ဖမ်းဆုပ်ခြင်း

လူမယုံသည့် စာရေးဆရာမဘဝ

ကျဲကျဲတောက်ပူနေသည့် နေရောင်အောက်မှာ ကန္တာရဆူးပင်များက ခြေကားယား လက် ကားယားနှင့် နေပူ ခြောက် လှန်းခံထားရသည့်အသွင် ဖြစ်နေသော်လည်း အရွက်ဖားဖားဝေနေတတ်သည့် ထနောင်း ပင်နှင့် တမာပင်ကြီး များ၏ အရိပ်ကတော့ အဝေးမှ ခရီးသွားဟည့်သည်များကို ချွေးသိပ်ပေးဖို့ လက်ယပ်ခေါ်နေ သယောင်။ မျက်စိတဆုံးကျယ်ပြောသည့် ဧရာဝတီမြစ်ကမ်းဘေးမှာ ရာဂဏန်းမျှသော ဘုရားစေတီ အဆူ ဆူက အေးချမ်းသပ္ပါယ်စွာ။ မအေးချမ်းကြသည်က ပုဂံသူပုဂံသား များ၊ နိုင်ငံခြားနှင့် ပြည်တွင်း ခရီးသွားတွေ ကိုမှီခိုပြီး ဒေသထွက်ကုန် ယွန်းထည်လုပ်ငန်းနှင့် ရှင်သန်နေရသည့် ပုဂံသည် ၁၉၈၇ ဒေသ ထွက်ကုန် ယွန်း ထည်လုပ်ငန်းနှင့် ရှင်သန်နေရသည့် ပုဂံသည် ၁၉၈၇ နှောင်းပိုင်းတွင် ဧည့်အလာကျဲ ရာမှ စီးပွားရေးအဆင် မပြေဖြစ်လာခဲ့သည်။

ကျွန်မက ၁၉၈၆ မှာ လုပ်အားပေးခရီးစဉ်အဖြစ် ပုဂံညောင်ဦးမှာ တစ်လတာနေခဲ့ပြီး နောက် ပုဂံနောက်ခံ ၀တ္ထုတိုများစွာကို ရေးဖြစ်ခဲ့ပြီး ပုဂံကိုလည်း တစ်နှစ်တစ်ခေါက် သွားဖြစ်ခဲ့သည်။ ၁၉၈၇ နှောင်းပိုင်း ငွေစက္ကူများ တရားမ၀င်ဖြစ်ပြီးစ တွင် ပုဂံကို တစ်ခေါက်ပြန်ရောက်တော့ စိတ်ချမ်းမြေ့ဖွယ်မြင်ကွင်းတွေကို မြင်လာခဲ့သည်။ ဘယ်သူက ဘယ်လိုစသည်မသိ။ ပုဂံမှာ ရွှေတူး၍ရသည် ဆိုကာ အိမ်တိုင်းလိုလိုက ယွန်း မထိုးကြတော့ဘဲ ရွှေကျင်ဖို့ပြင်လာကြသည်။ သည်လိုနှင့် ပုဂံဝန်းကျင်မှာ ဗွက်ပေါက်လာသလို သစ်စေးနှင့် ယွန်းထိုး အပ် ကိုသာ ကိုင်ခဲ့ကြသော ပုဂံသူ ပုဂံသားတွေက ခုတော့ မြေတူး မြေသယ်၊ မျောဆင်၊ ရွှေကျင် လုပ်လာနေကြ သည်။ ပုဂံကို ချစ်သော ကျွန်မအဖို့ ရေးစရာတွေ့လျက် အရေးခက်လှသော ပုဂံအဖြစ် ကိုကြည့်ရင်း ကြေကွဲ ခဲ့ရသည်။ အိပ်မက်မဟုတ်သော သည်လိုဒုက္ခမျိုးတွေကို ကျွန်မတို့ တိုင်းရင်းသားမောင်နှမ သားချင်းတွေ ဘယ်လိုများနှင့် ဘယ်လောက်ထိ ခံစားနေရသလဲဆိုသည့် အမေးက နှစ်ဆယ်စွန်းစ ကျွန်မ ကို ခေါင်းခဲစေခဲ့ပြီ။

အမှန်တော့ ဆယ့်ကိုးနှစ်၊ နှစ်ဆယ်၊ နှစ်ဆယ့်တစ်နှစ်၊ ၁၉၈၅-၈၆-၈၇ ကာလများသည် ကျွန်မ၏ ငယ်ဘ၀ မှာ အလုပ်အများဆုံး လုပ်ဖြစ်ခဲ့သည့် ကာလများဖြစ်ခဲ့သည်။ ဆေးကျောင်းမှာလည်း အရေးကြီးသည့် စာ သင်နှစ်များဖြစ်ခဲ့ပြီး ၀တ္ထုရေးနေ၊ အပြင်စာတွေဖတ်နေသဖြင့် ကျောင်းစာမှာညံ့သွားရသည်ဆိုသည့် အဖြစ် မျိုး အဖြစ် မခံနိုင်ခဲ့သောကြောင့် ကျွန်မမှာ ဆေးကျောင်းမှာလည်း အမှတ်ကောင်းကောင်းနှင့် ထူးထူး ချွန်ချွန် အောင်ဖို့ ကြိုးစားဖြစ်ခဲ့သည်။ ကြိုးစားသလောက်လည်း အရာထင်ခဲ့သည်။ စာပေလောက ဘက်မှာ လည်း တစ်လ တည်း မဂ္ဂဇင်းသုံး၊ လေးအုပ်မှာ ကျွန်မ၏ ၀တ္ထုတိုများတစ်ပြိုင်တည်း ဖော်ပြလာခဲ့သည်။

သာမန် ပြည်သူတို့၏ ဘ၀ကိုလည်း ထင်ဟပ်၊ ရေးဟန်လည်း သီးခြားဖြစ်ကာ တွေးစရာလည်း အမြဲချန် ထားတတ် သည့် ကျွန်မ၏ ၀တ္ထုတိုများကို ကလောင်ကြီးကလောင်ဟောင်းများကိုယ်တိုင်က သတိထား စောင့်ဖတ် လာခဲ့ကြသည်။ ကျွန်မ၏ စာဖတ်လောဘကြောင့် ကျွန်မမှာ အရွယ်ထက်ရင့်သော စာပေများ ကိုသာ ဖတ်ရှု ဖြစ်ခဲ့ရာ ရေးဖြစ်သည့်အခါမှာလည်း ဆယ်ကျော်သက် လွန်တစ်ယောက်၏ အတွေး၊ အရေးမျိုးနှင့် မနီးစပ်ဘဲ ဖြစ်နေခဲ့ပါသည်။ အချို့လူများက ကျွန်မကိုယ်တိုင် ရေးသည်ဟုပင် မယုံကြည်ခဲ့ပါသည်။ အချို့ လူ များက ကျွန်မကိုယ်တိုင် ရေးသည်ဟုပင် မယုံကြည်ခဲ့ကြပေ။ ထိုသို့ သံသယဖြစ်ခံခဲ့ရခြင်းမှာလည်း ကျွန်မ ကို ကြွပ်ဆတ်သော ကောင်မလေးအဖြစ် တွန်းပို့ခဲ့ပြန်သည်။

မိမိကိုယ်တိုင် တွေးခေါ်ဖန်တီးထားသည့် ၀တ္ထုများကို စာပေတန်ဖိုးဖြင့် မဝေဖန်ဘဲ သည်အရွယ်က သည်လို ရေးနိုင်တာ ဟုတ်မှ ဟုတ်ရဲ့လားဟု သံသယဖြစ်ခံရသောအခါ မိမိ၏အရွယ်ထက် ရင့်ကျက်နေသည့် အတွေးနှင့် အရေးကို မိမိဘာသာ သတိမထားမိခဲ့ဘဲ ကျွန်မကိုမှ သံသယဖြစ်ရကောင်းလားဟု ဒေါသတွေ ကြီးဖြစ်ခဲ့ သည်။ အလားအလာရှိသည်ကို ရိပ်မိသော်လည်း ဖေးမလက်တွဲခေါ်ဖို့ထက် တပည့်မွေးဖို့ ကြံခဲ့ သည့်ကလောင်ကြီး အချို့ကို တွေ့ရသည့်အခါမှာတော့ ငယ်ငယ်က မှတ်စွဲနေသည့် စာသားအချို့ကို ဇွတ် ကိုးကားဖြစ် ခဲ့သည်။

“ထိကရုံးနွယ် သည် အသာအယာကိုင်ကြည့်သောအခါ ကျုံ့သွားတတ်သော်လည်းအလွန် ဖိညှပ်သောအခါမူ ဆူးဖြင့် ထိုးသကဲ့ကောက်ကျစ်စဉ်းလဲသော လူယုတ်မာတို့အားမူ မကိုင်းမညွှတ်ဘဲ တောင့်တင်းခက်မာရမည် (ဆရာဥာဧအပြော၊ မေတ္တာသုတ်၊ သုခ၊ စာ-၅၄)။ အမှန်တော့ သူတို့ထက်မက ယုတ်မာကောက်ကျစ်သူတို့ကို မကြုံဖူးသေးသည့်အတွက် ကျွန်မမှာ စိတ်ခံစားမှုအရ ထိုကလောင်ကြီးအချို့ကို တောင့်တင်းခက်မာစွာ တုံ့ပြန်ဖြစ် ခဲ့သည်။ လူချင်းဆက်ဆံဖူးစရာ ပင်မလိုဘဲ သူတို့ရေးသည့်စာကို ကျွန်မ မလေးစားနိုင်သည့် အားလျော် စွာ ထိုလူကြီးများနှင့် အသိအကျွမ်း မဖြစ်လို မိတ်ဆက်စရာမလိုဟုပင် ပြောဆိုခဲ့ဖူးသည်။

မူအရမဂ္ဂဇင်းတို့မှ စာမူလာတောင်းလျှင်လည်း သူတို့မဂ္ဂဇင်း၏ ရည်ရွယ်ချက်ကို ပီပီပြင်ပြင် မပြောနိုင်လျှင် ကျွန်မ ၏ စာမူကို မပေးနိုင်ဟု တုံ့ပြန်ဖြစ်ခဲ့ သည်။ ထို့ကြောင့် ဖြူကောင်လို ဆူးတွေနှင့် ကလောင်ရှင်အဖြစ် သူတို့ဘက် မှ ပြန်လည်တုံ့ပြန်ခဲ့ကြသည်။ စာမူခဖြင့် ကျောင်းလခပေးနိုင်သကဲ့သို့ ခရီးတိုထွာစရိတ်အချို့နှင့် မိသားစုအတွက် တိုလီမုတ်စ ပံ့ပိုးနိုင်နေ ပြီမို့ “မုဒု”တွေ လျော့ပါးလာသည့် ကျွန်မကိုယ် ကျွန်မ အပြစ်မမြင်တတ်ခဲ့။ ငယ်အိပ်မက် မှာ မပါခဲ့သော ပုံရိပ်ကို ကျွန်မပိုင်ဆိုင်ခဲ့သော်လည်း ငယ်အိပ်မက် ထဲက ဖြစ်ချင်ခဲ့သော အရာတွေ လည်း ဖြစ်သင့်သလောက် ဖြစ်နေပြီမို့ ပတ်ဝန်းကျင်၏ ချီးမွမ်းချေကျောက်မှု့ မှန်သမျှ ကို ကျွန်မ လျစ်လျူရှုဖြစ်ခဲ့တော့ သည်။

သုတေသနစာတမ်းလား တိုင်စာလား

တစ်ဘက်မှ ဆေးကျောင်းသူဘ၀မှာလည်း နောက်ဆုံးနှစ် အပိုင်း(က) ပြည့်သူ့ ကျန်းမာရေး ဘာသာရပ် အတွက် လေ့လာရေးခရီးသွားရာမှ နယ်မြို့တွေမှာ ကျန်းမာရေးဝန်ထမ်း များက ထင်သလိုကြဲနေကြသည်ကို မျက်မြင် ကိုယ်တွေ့ဖြစ်လာခဲ့သည်။ မြို့နယ် ဆရာဝန်ကြီးက ကျန်းမာ ရေးဆိုင်ရာ ကိန်းဂဏန်းတွေကို အထက် သို့ တင်ပြရာတွင် ကြည့်လှအောင် ညာဝါး တွက်ချက်နိုင်ရန် သူ့ကား ဒရိုင်ဘာ ကို စေခိုင်းခဲ့ခြင်း အား မြင်ခဲ့ ရသကဲ့သိ့ ကျေးရွာ ကျန်းမာရေးအဆောက်အဦ ဆောက်ဖို့ ဆိုကာ အလှူခံပြီး သူ့အိတ်ထဲ ထည့်နေသော ကျေးလက်ကျန်းမာရေးမှူးနှင့်လ ည်း အခြေအတင် စကားများဖြစ်ခဲ့ပြန်သည်။

သည်တော့ သာမန်ဆေးကျောင်းသူတစ်ဦး၏ စာမေးပွဲအတွက် တင်သွင်းသော စာတမ်းမှာ တိုင်စာ သဘောမျိုး ပင် သက်ဝင်လာခဲ့ပြန်သည်။ သည်လောကမှာလည်း ကျွန်မသည် စာမေးပွဲ အောင်လျှင် ပြီးရောဆိုကာ သက်ဆိုင်ရာ က ပေးသည့် အချက်အလက်များနှင့် စာတမ်းရေးပြီး အောက်ခြေ မှာ ဘာလုပ်လုပ် မသိချင်ယောင်ဆောင်လိုက်ကြသည့် ထုံးတမ်းစဉ်လာကို ဖောက်ဖျက်သူဖြစ်ခဲ့ပြန်သည်။ ထိုစဉ်က မှန်ဖို့နှင့် သူများတကာ ကို ကိုယ့်လိုပဲ မှန်နေဖို့က လွဲပြိး ဘာမှ အပိုမတွေးတတ်ခဲ့သဖြင့်လည်း ကျွန်မသည် စုန်းပြူး တစ်ယောက်ဖြစ်နေခဲ့ပြန်သည်။ သို့ဖြင့် ထိုစဉ်ကတည်းက ကျွန်မ၏ အိပ်မက်သည် အထူး ကုသမားတော် တစ်ဦးဖြစ်ကာ လိုအပ်မည့်နေရာဒေသများတွင် ဆေးကုသမှုတာဝန်ကို ထမ်းဆောင်ရေးနှင့် မလုံလောက်တော့ ဘဲ အများပြည်သူ များ အမှန်တကယ် အားထားနိုင်မည့် ကျန်းမာရေး စာင့်ရှောက်မှုကို ကိုယ်တိုင် ဖန်တီးတည်ထောင်ရေး ဖြစ်လာခဲ့ပေသည်။ ထိုစဉ်က ခပ်ရိုးရိုးမက်ခဲ့သည်မှာ အခမဲ့ဆေးရုံ၊ ဆေးခန်း တစ်ခု တည်ထောင်နိုင်ရေးပင်။

ပတ်ဝန်းကျင်ကိုမျက်ခြည်မပြတ်

ထိုကာလများမှာ ကမ္ဘာ့အကြောင်းကို မြန်မာ့စာနယ်ဇင်းအချို့မှာ အတန်အသင့် ဖော်ပြခွင့်ရလာချိန်မို့ ပါကစ္စတန်မှ ဘာနာဇီယာဘူတို၊ ဖိလစ်ပိုင်မှ ကိုရာဇန်အကွီနို စသည့် အမျိုးသမီးတွေအကြောင်းကို သိခွင့်ရ ခဲ့သကဲ့သို့ ဆိုဗီယက်ပြည်ထောင်စုမှ ဂေါ်ဘာချော့၏ ပယ်ရီစတရွိုက်ကာနှင့် ဂလပ်စ်နော့ဗ် တို့ကိုလည်း မြည်းခွင့်ရခဲ့သည်။ ထိုစဉ်က မြန်မာပြည်မှာ အင်တာနက်မရှိသေးသည်မို့ သတင်းတွေ ကို ဖြစ်ဖြစ်ချင်း မဖတ် နိုင်ခဲ့သော်လည်း သိသင့်သလောက်တော့ သိခွင့် ရခဲ့ကြ သည်။ မြန်မာပြည် တနံတလျားမှာလည်း စာပေဟော ပြောပွဲတွေ ခြိမ့်ခြိမ့်သဲ ကျင်းပခွင့်ရနေချိန်ဖြစ်သည်။ ထိုစဉ်က စာရေးဆရာကြီးများက တာဝန် ကျေလှစွာ စာပေဟောပြောပွဲများမှ တစ်ဆင့် စာဖတ်ပရိသတ်နှင့်တကွ ပရိသတ် အားလုံးကို နား၊ မျက်စိဖွင့် ပေးခဲ့သည်။ ထိုစဉ်က စာပေဟောပြောပွဲများမှာ ပရိသတ်ထောင်နှင့်ချီပြီး တက်ကြသည် အထိ အောင်မြင် စည်ကားခဲ့သည်။ ကိုယ့်အစုအဖွဲ့နှင့် ကိုယ် စာပေဆွေးနွေးပွဲမျိုးတွေလည်း ရှိခဲ့ပြန် ရာ ကိုယ်က မသိဖြစ် မဖတ်ဖြစ်လိုက်သော ကမ္ဘာ့သတင်းရှိလျှင်ပင် အကြာကြီး မျက်ခြည်ပြတ် မနေဖြစ်တော့။ သို့နှင့် စာဖတ်ရင်း၊ စာရေးရင်း ကမ္ဘာကြီးအကြောင်း ပိုသိလာခဲ့ပြီး ကမ္ဘာ့ဖွံ့ဖြိုးမှု အနည်းဆုံးနိုင်ငံ ဖြစ်သွားခဲ့သော ကိုယ့်နိုင်ငံ၏ ဖြစ်ရပ်ပေါ်မှာ ယူကျုံးမရဖြစ်တတ်လာခဲ့ပြီ။

ထိုစဉ်က မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီဥက္ကဋ္ဌလည်းဖြစ်၊ နိုင်ငံတော်သမ္မတလည်းဖြစ်သော ဗိုလ်ချုပ်ကြီး ဟောင်း ဦးနေ၀င်းနှင့်ပတ်သက်ပြီး တီးတိုးဝေဖန်သံတွေကလည်း တစ်စစ ကျယ်လောင် လာခဲ့ သည်။ သူကလည်း ၁၉၈၇ သြဂုတ်လ ၁၀ ရက်နေ့က ပါတီအစည်းအဝေးမှာ အပြောင်းအလဲနှင့် ပတ်သက်ပြီး တစ်စွန်းတစ်စ စတင်ပြောကြားလာခဲ့သည်။ သည်ကြားမှာ ၁၉၈၇ စက်တင်ဘာလ ၅ ရက်နေ့တွင် ခုနစ်ဆယ့် ငါးကျပ်တန်၊ သုံးဆယ့်ငါးကျပ်တန်နှင့် နှစ်ဆယ့်ငါးကျပ်တန် ငွေစက္ကူများကို တရားမ၀င် ကြေညာခဲ့ရာမှ တက္ကသိုလ်ကျောင်းများ ခေတ္တပိတ်လိုက်ရသကဲ့သို့ နိုင်ငံအနှံ့မတည်ငြိမ်မှုတွေ စတင် လာခဲ့ သည်။ ကျွန်မတို့ မိသားစုမှာတော့ မေမေက ငွေကိုင်ဖြစ်ပြီး ထူးဆန်းစွာ ထိုငွေစက္ကူများကို သဘောမကျ ဆို ကာ အခြားငွေစက္ကူများနှင့် လဲထားလေ့ရှိသဖြင့် ဆုံးရှုံးမှုမကြီးမားခဲ့။

ကျွန်မ ရထားခဲ့သော စာမူခအနည်း အကျဉ်းနှင့် အဘွား၏ငွေအချို့သာ ဆုံးသွားခဲ့ရသည်။ သို့သော် အိမ်တိုင်းလိုလိုမှာ အနည်းနှင့်အများဆုံး ရှုံးခဲ့ကြကာ အချို့ဆိုလျှင် ငွေကြေးပမာဏ ဆုံးရှုံးမှု ကြီးမားလွန်းသဖြင့် စိတ်သောကဖြစ်ကာ နှလုံးထိခိုက်ပြီး ဆေးရုံရောက်၊ သေဆုံးရသည်အထိ ဖြစ်ရသည်ကို နောက်ဆုံးနှစ်ဆေးကျောင်းသူ ကျွန်မ က လက်တွေ့မျက်မြင်ဖြစ်ခဲ့ရသည်။ ထိုစဉ်က ကျောင်းပိတ်ခိုက်မှာ ကျွန်မအဖို့ အနာဂတ်ကို ကြိုတင် မမှန်းဆနိုင်ခဲ့ဘဲ ပုဂံကို ခရီးထွက်ဖို့ စီစဉ်ဖြစ်ခဲ့သည်။ သို့သော် ခရီးထွက်ဖြစ်ရာမှ ရန်ကုန်မြို့တော်ပြင်ပ မြန်မာ့အခြေအနေကို ပိုပြီးမြင်တွေ့စာနာဖြစ်ခဲ့သည်။ နိုင်ငံရေးအရ လှုပ်ရှားမှုမျိုးကို မတွေးတတ်ခဲ့သော် လည်းနေ့စဉ်နှင့်အမျှ တလှုပ်လှုပ်ဖြစ်လာနေသော နိုင်ငံရေးအပြောင်းအလဲကို သတိထား မိစတော့ ပြုလာခဲ့ သည်။ သို့တိုင် ငယ်စဉ်ကတည်းက နေ့စဉ်မပြတ် ပြုမြဲဖြစ်သော ဘုရားရှိခိုးခြင်း၊ ဘုရားစာ ရွတ်ခြင်းနှင့် ဘုရား ဂုဏ်တော် ပုတီးစိတ်ခြင်းတို့ဖြင့်သာ သည်ရင်ခုန်ဖွယ်အပြောင်းအလဲမှာ အေးငြိမ်းမှုရအောင် ကြိုးစား ရင်း နောင်နှစ် ၁၉၈၈ ခုနှစ်မှာ ဆေးပညာဘွဲ့ကို ကျွန်မ ချစ်ခဲ့ရသော၊ ငယ်ကတည်းက အိပ်မက် ခဲ့ရသော ရန်ကုန် ၀ိဇ္ဇာနှင့်သိပ္ပံတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမမှာ တက်ရောက်ယူနိုင်လိမ့်မည်ဟု အိပ်မက် မက်နေ ခဲ့ ပါသေးသည်။

ဆက်ရန်
.

1 comment:

Anonymous said...

thnx 4 all posts sis,,
wish u Happy sweet December,,,
lots of love

Anne<3