Saturday, December 1, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၁၃) ဇာတ်သိမ်း

ကိုနေကျော် တိုးတိုးတိတ်တိတ် အိမ်ကို ပြန်ခဲ့တယ်

ကိုနေကျော် အိမ်တံခါးကို အသာအယာ တွန်းဖွင့်ဝင်လိုက်တော့ ဆယ်ကျော်သက် အရွယ် ကောင်လေး တစ်ယောက် နဲ့ ကောင်မလေးတစ်ယောက်က သူ့ကိုငေးကြည့်နေပါတယ်။ ဒီမျက်လုံး တွေက သူစိမ်းဆန်နေပေ မယ့် သူ့မျက်လုံးတွေရဲ့ ကိုယ်ပွားတွေပဲလို့ ခံစားရပါတယ်။ တကယ်တော့ ကိုနေကျော်ကို ထောက်လှမ်းရေးတွေ ဖမ်းသွား တဲ့ ၁၉၉၉ ခု သြဂုတ်လ ၂၈ရက်နေ့က သူသားနဲ့ သူ့သမီးဟာ ၂နှစ်နဲ့ ၃နှစ်အရွယ်တွေပဲ ရှိပါသေးတယ်။ ကိုးလေးလုံး လှုပ်ရှးမှုနဲ့ ပတ်သက်ပြီး ခဏလောက် မေးစရာရှိလို့ပါလို့ ယဉ်ယဉ်ကျေးကျေး ပြောလာတဲ့ စစ်တပ်အရာရှိ ရဲ့ စကားကို ယုံစားပြီး အကျအပိုတောင် မယူပဲ လိုက်သွားခဲ့တဲ့ ကိုနေကျော်ဟာ အိမ်ကို ၁၂နှစ်ကျော်မှ ပဲ ပြန်လာနိုင် ခဲ့ပါတယ်။ ရန်ကုန်မှာ မွေးတဲ့ ကိုနေကျော်ဟာ ၁၉၈၈ ခုနှစ် အရေးအခင်း ကာလ အတွင်း တက္ကသိုလ်စာပေးစာယူကျောင်းသားသမဂ္ဂ မှာ လှုပ်ရှားခဲ့ပြီးတဲ့နောက် NLD ပါတီထဲကို ခြေစုံပစ် ၀င်ခဲ့ပါတယ်။

NLD ပါတီရဲ့ စည်းရုံးရေးလုပ်ငန်းတွေကို လုပ်ဆောင်နေရင်း ၁၉၉၉ ရောက်မှ အဖမ်းခံခဲ့ရတာပါ။ ပထမဆုံး ရဲမွန်တပ်နယ် ထဲကို ခေါ်သွားပြီး ကိုရန်အောင်၊ ကိုညိုထွန်း၊ ကိုမင်းဇေယျာ၊ ကိုအေးလွင်တို့တွေနဲ့အတူ ထားခဲ့ ပါတယ်။  နောက်တော့ အောင်သပြေစစ်ကြော ရေးစခန်းကို ရွှေ့ပြီး စစ်ကြောရေး လုပ်တယ်။ အောက်တိုဘာ ၂၁ ရက်ရောက်တော့ အင်းစိန်ထောင်ကို ပို့လိုက်တယ်။ အခြေအနေကတော့ လွတ်လမ်း မရှိတော့ပါဘူး။ အင်းစိန် သီးသန့် ထောင်မှာ သူ့ကို ချုပ်နှောင်ထားပြီး လမ်းလျှောက်ဖို့ မနက် ၅မိနစ်၊ ညနေ ၅မိနစ်ပဲ အချုပ်ခန်း တံခါးကို ဖွင့်ပေးပါတယ်။ စားသောက်ရတာလည်း အဆင်မပြေတော့ ကျန်းမာရေးက ချွတ်ယွင်းလာတယ်။ ငပိတွေ ပဲ စားရတော့ ၀မ်းကိုက်ရောဂါ ဖြစ်လာတယ်။ ကိုနေကျော်  NLD က ၁၉၉၀ မှာ ဆုံးသွားတဲ့ ဦးတင်မောင်ဝင်း ရဲ့ တပည့်အရင်း။ သူ့ဆရာလည်း ထောင်ထဲမှာ ၀မ်းကိုက်ရောဂါနဲ့ပဲ ဆုံးသွားတာကို သိနေတော့ သူလည်း ပဲ ဒီပုံအတိုင်း သူ့ဆရာနောက်ကို လိုက်ရ တော့မယ်လို့ ထင်နေတယ်။

ဒီဇင်ဘာ ၃ရက်နေ့မှာတော့ ကိုနေကျော်ကို ပုဒ်မ (၅)၊ ၁(၂၀)၊ မတရားအသင်း ၁၇(၁)နဲ့ စုစုပေါင်း ထောင် ၁၇ နှစ် ချမှတ် လိုက်တယ်။ သူ့ကို ထောင်မကြီးက ၆ တိုက် ရွှေ့လိုက်တယ်။ ၆တိုက်မှာ ကိုနေကျော် တစ်ကိုယ်လုံး ဖောရောင်ပြီး အစာ လည်း စားလို့ မရတော့ဘူး။ အိပ်ယာထဲ လဲသွားပြီ။ ထောင်ဆရာဝန်က အပြင်ထုတ် ကုရမယ့် အခြေအနေလို့ သုံးသပ်ပေမယ့် ထောက်လှမ်းရေးက အပြင်ထုတ်ကုခွင့် မပြုဘူး။ ဒီလိုနဲ့ ထောင်ဆေးရုံ ပဲ တင်လိုက် ရတယ်။ ကိုနေကျော် သေကောင်ပေါင်းလဲ ဖြစ်နေတဲ့အချိန် အိမ် ကလည်း ထောင်ဝင်စာ လာတွေ့ တယ်။ ဒါပေမဲ့ ထောင်ထဲမှာ ၂၁ရက် မပြည့်သေးလို့ ဆိုပြီး ထောင်ဝင်စာ တွေ့ခွင့်မပေးဘူး။ အိမ်က ကိုနေကျော် အခြေအနေ ဆိုးဝါးနေတာ မသိပဲ ပြန်သွားရတယ်။ ကိုနေကျော် ကို ထောင်ဆရာဝန် က မရှိရှိတဲ့ ဆေးတွေနဲ့ ကုတယ်။ ပနယ်စလင်တွေ ထိုးပြီး အားဆေးတွေ တိုက် တယ်။ အနာနဲ့ ဆေးတည့်သွားလို့ လားတော့ မသိဘူး။ ကိုနေကျော် ထူထူထောင်ထောင် ဖြစ်လာတယ်။ နေကောင်းရင်ပဲ သူ့ကို ချက်ချင်း သရက်ထောင် ကို ပြောင်းရွှေ့ပေး လိုက်တယ်။ ရန်ကုန်သားက နွေခေါင်ခေါင်မြေလတ် ထောင်ရောက်တော့ ဒုက္ခပေါင်းစုံကြုံ ရပြန်ရော။

သရက်ထောင်မှာ ကိုနေကျော် အပြင်းဖျားတယ်။ ခက်တာက သရက်ထောင်မှာ ဆရာဝန် မရှိဘူး။ အပြင်ဆေးရုံ က ဆရာဝန် က ထောင်ထဲကို တစ်ပတ် ၂ ရက် လာကြည့်တယ်။ ဘယ်သူတွေ ဘာရောဂါပဲဖြစ်ဖြစ် ဆရာဝန် လာမှ သိမ်းကြုံးပြကြရတာပဲ။ ကိုနေကျော်လည်း ဘယ်လောက် ဖျားဖျား ဆရာဝန် လာမှ ပြရတယ်။ ဆရာဝန်က ကိုနေကျော် အခြေအနေ ကို စစ်ဆေးပြီး အခြေအနေမကောင်းမှန်း သိတယ်။ ဒီတော့ ဆေးတွေ၊ ပစ္စည်း ကိရိယာတွေ စုံလင်တဲ့ အင်းစိန်ထောင်ကို ပြန်ပြောင်းပေးဖို့ အကြံပြုတယ်။ နောက်ဆုံး အင်းစိန်အကျဉ်းဦးစီး ဌာနရုံးချုပ် က သဘောတူလိုက်ပြီး ကိုနေကျော်ကို အင်းစိန် ပြန်ခေါ် လိုက်တယ်။ ဆေး ကို သေချာကုသပေး တယ်။ နောက်ကျန်းမာရေးက တဖြေးဖြေး ပြန်ကောင်းလာပါတယ်။ ကိုနေကျော်လည်း မိသားစုနဲ့ နီးတော့ ပျော် သွားတယ်။ အိမ်က သရက်ထောင်အထိ မြစ်ကူးချောင်းခြားလာတွေ့ရတဲ့ ဒုက္ခမသေးမှန်း သူသိနေပါတယ်။

မလွတ်ပေမယ့် အင်းစိန်ထောင်ပြန်ရောက်လာတာကိုပဲ တော်တော် ပျော်နေပါ တယ်။
တစ်နေ့ည မှာတော့ နိုင်ငံတော်ထောက်လှမ်းရေးနဲ့ လုံခြုံရေးအကြီးအကဲ ဗိုလ်ချုပ်ကြီးခင်ညွန့်နဲ့ အဖွဲ့ကို ထိန်းသိမ်း လိုက်တဲ့သတင်း ထွက်လာပါတယ်။ ဒီသတင်းဟာ ကိုနေကျော် နောက် တစ်ကြိမ် ကံဆိုးဖို့ ဖြစ်လာတယ်ဆိုတာ ဘယ်သူမှ မသိကြပါဘူး။ နေရာဌာန အသီးသီး ကို ရောက်နေ တဲ့ ထောက်လှမ်းရေးတွေ ကို ဖယ်ရှားပြီးနောက် Special Branch လိုခေါ်တဲ့ SBတွေက အစားထိုးနေရာ ယူလိုက် ပါတယ်။ အင်းစိန်အကျဉ်းထောင်ကိုလည်း ထောက်လှမ်းရေးတွေ ဖယ်ရှားပြီး SBတွေ ရောက်လာတယ်။ SB တွေက ထောင်ကို ပုံစံ ပြောင်းပစ်တယ်။ အရင်က ၅(ည) တွေနဲ့ သီးသန့် အကျဉ်းသားတွေ ကို တိုက် ထဲထားရာကနေ ၅(ည)တွေကို အဆောင်ပို့ပစ်တယ်။ အဆောင်မှာ ရာဇ၀တ် အကျဉ်းသားတွေ နဲ့အတူတူ ထားလိုက်တယ်။

ဒီအခြေအနေကို ၅(ည)တွေက မကျေနပ်ဘူး၊ နောက်ဆုံးစေ့စပ်ညှိနှိုင်းလို့မရတော့တဲ့အတွက် ၅(ည) အခွင့်အရေး ရပြန်ရေး အတွက် ထောင်တွင်းအစာငတ်ခံ ဆန္ဒပြတိုက်ပွဲတွေ ပေါ်ပေါက်လာတယ်။ အဆောင်က ၅(ည)တွေ က စတင်လှုပ်ရှားတာဖြစ်ပြီး ဟန်ဝင်းအောင်တို့က ဦးဆောင်တယ်။ ဒီအခြေအနေကို တိုက် ထဲက နိုင်ငံရေးသမားတွေကြားတော့ အဆောင်က ၅(ည)တွေကို ၀န်းရံဖို့ ကြိုးစားကြတယ်။ ဒါကို ထောင် အာဏာပိုင်တွေက သတင်းမှားတွေ ရသွားပြီး တိုက်ထဲမှာလည်း အစာငတ်ခံ ဆန္ဒ ပြမယ်ထင်ပြီး ကြိုတင် ဖြိုခွင်း ခဲ့ပါတယ်။ တိုက်ထဲက ဦးဆောင်လှုပ်ရှားမယ်ဆိုပြီး နာမည်ပေါက်နေ တဲ့ နန္ဒာစစ်အောင်နဲ့ ကိုနေကျော် ကို ထောင်ဝါဒါတွေက တိုက်ခန်းထဲက ခေါ်ထုတ်သွားကြပြီး နည်းမျိုးစုံနဲ့ စစ်မေးတယ်။ နန္ဒာစစ်အောင်နဲ့ ဟန်ဝင်းအောင် နဲ့က သူငယ်ချင်းတွေဆိုတော့ အချိတ် အဆက် ရှိမယ်လို့ ထင်ထားကြတယ်။

ကိုနေကျော် က တကယ်ဘာမှ မသိလို့ မသိဘူး ပြောတော့ အရိုက်ခံရတယ်။ စစ်လိုက် ရိုက်လိုက် နဲ့ နောက်ဆုံးလိုချင်တဲ့ အဖြေမရတော့ စစ်ခွေးတိုက် ကို ပြစ်ဒဏ်အနေနဲ့ ပို့လိုက်တယ်။ စစ်ခွေးတိုက် မှာ တစ်ပတ် ထားပြီးတဲ့အခါ ကိုနေကျော် ကျန်းမာရေးက ပြန်ဆိုးလာတယ်။ ဒါပေမဲ့ အာဏာပိုင် တွေက စိတ်ဆိုးပြီး လုံးဝ ကို ဂရုမစိုက်ကြတော့ဘူး။ နံနက်စောစော ကိုနေကျော်နဲ့ နန္ဒာစစ်အောင် ကို စစ်ခွေးတိုက်က ခေါ်ထုတ်ပြီး ဖားအံထောင် ကို ပို့လိုက်ပါတယ်။ ကံဆိုးချင်တော့ ဖားအံမှာလည်း ထောင်မှာဆရာဝန်က မရှိဘူး။ အပြင်ဆရာဝန် က လာကြည့်ပေးတယ်။ ကိုနေကျော် အခြေအနေက စစ်ကြည့်တော့ နှလုံးက သိပ် မကောင်းချင်ဘူး။ ချွေးတွေ ပျံနေတတ်တယ်။ ညဘက်ဆိုရင် လန့်လန့်နိုးတယ်။ နှလုံးရောဂါကို ကုဖို့ထောင် မှာ ဆေးကလည်း မရှိ၊ အနာဂတ် ကတော့ မျှော်လင့်ချက်နည်းနည်းပဲ ရှိပါတယ်။

ကံတရား ကတော့ လှိုင်းလုံးတွေလိုပဲ နိမ့်လိုက်မြင့်လိုက်နဲ့ပါ။ တစ်နေ့မှာ ဖားအံထောင် ကို ဒေါက်တာကျော်သူရဆိုတာ ရောက်လာပါတယ်။ ဆရာက နိုင်ငံရေးကိုလည်း စိတ်ဝင်စား တယ်။ နိုင်ငံရေး သမားတွေကိုလည်း လေးစားတယ်။ သူက ကိုနေကျော်ရောဂါကို သေချာစစ်ဆေးပေး တယ်။ နောက်ဆုံးနှလုံးသွေးကြော ကျဉ်းနေတာ သွားတွေ့တယ်။ ဒီသွေးကြောကို ကုဖို့ ဆေးကို တော့ ဆရာဝန် လည်း မတတ်နိုင်ဘူး ထောင် မှာ ဆေးလည်း မရှိဘူး။ နောက်ဆုံး ဆေးစာထုတ်ပေး ပြီး အကူအညီတောင်းတော့ ICRC နဲ့ NLD လူမှုအထောက်အကူအဖွဲ့တွေက တာဝန်ယူပြီး ဆေးဝယ်ပေးတယ်။ ဒီဆေးတွေ ရလိုက်တဲ့ အတွက် ကိုနေကျော်ရဲ့ ကျန်းမာရေး အခြေအနေ က ပြန်ပြီး ကောင်း လာတယ်။ ထောင်မျိုးစုံ ရောက် ခဲ့ပေမယ့် ကိုနေကျော် မသေတော့ဘူး။ သူ့ဘ၀မှာ မျှော်လင့်ချက်တွေ ပြန်လည် ရှင်သန် လာပါတယ်။ ထောင် ၁၇နှစ်ကျပေမယ့် သူလန်းဆန်းနေပါ တယ်။ ထင်ထားတဲ့ အတိုင်း ပါပဲ နိုင်ငံရေးအပြောင်းအလဲတွေကြောင့် ကိုနေကျော်က ၂၀၁၁ ခုနှစ် အောက်တိုဘာလမှာ လွတ်မြောက် လာပါတယ်။

ခုတော့ သူအိမ်ထဲ ရောက်နေပါပြီ။ ၁၀ တန်းကျောင်းသားဖြစ်တဲ့သားက သူ့ကို စိုက်ကြည့်ကြီး မှ ဖေဖေ ဆိုပြီး ပြေးဖက်တယ်။ သမီးကလည်း ၀မ်းသာပြီး မျက်ရည်တွေ ကျလာတယ်။ ထောင်ထဲမှာ ၁၂နှစ်ကြာ နေထိုင်ခဲ့ တဲ့ ကိုနေကျော်မိသားစုနဲ့ ပြန်ဆုံပါပြိ။ သူက တိတ်တိတ်ဆိတ်ဆိတ်အိမ်ကို ပြန်လာခဲ့သူပါ။ ခုလည်း တိတ်တိတ်ဆိတ်ဆိတ်နဲ့ ဒီလှိုင်းဂျာနယ် မှာ အလုပ်တွေ လုပ်နေဆဲပါပဲ။ တစ်ခါတစ်ရံမှာ စကားများများ မပြောပဲ အလုပ်လုပ်တဲ့ နိုင်ငံရေးသမားတွေက လေးစားစရာ ကောင်းလှပါတယ်။

၈၈ ရဲ့ နီစွေးရဲလက် သွေးတစ်စက်

အခုလို ၂၀၁၂ ခုနှစ် တစ်နှစ်ခွဲသာသာ သက်တမ်းရှိတဲ့ အရပ်သား အစိုးရက မြန်မာနိုင်ငံကို ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေးတွေ စတင်ချိန်၊ ယခင်ကထက် ပိုမိုပြီး လွတ်လပ် စွာ ပြောဆို ရေးသား ခွင့် တွေရလာနေသလို ငြိမ်းချမ်းစွာ ဆန္ဒပြစီတန်းလှည့်လည်သူများလည်း တိုးပွားလျက် ရှိပါတယ်။ ဒီလို သာသာယာယာ ခေတ်အခြေအနေမှာ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုခွင့်အတွက် ဘာမှမပေးဆပ်ရပေမယ့် တစ်ချိန် က ရန်ကုန်မြို့နယ် အတော်များများမှာ တရားဟောတိုက်ပွဲဝင် ရင်း ထောင်ကျပြီး ထောင်ထဲမှာပဲ အသက်စတေး ရရှာ တဲ့ ကျွန်တော်တို့ရဲ့ ညီငယ်လေး တစ်ယောက်ကို အမှတ်ရလိုက်ပါတယ်။ သူ့အမည်က သက်ဝင်းအောင် လို့ ခေါ်ပေါ်တယ်။

သူ့အစ်ကို က အရင်က ရန်ကုန်တက္ကသိုလ် ကျောင်းသားသမဂ္ဂက ဖြစ်ပြီး၊ အခု ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပြုံးချို ဖြစ်ပါတယ်။ ၈၈ ဒီမိုကရေစီ အရေးတော်ပုံကာလမှာ သက်ဝင်းအောင် ဟာ အခု အမေရိကားကို ရောက်နေတဲ့ မင်းဇင်၊ ရဲမော်ထူး၊ ရဲကျော်စွာ၊ ရဲတေဇ တို့နဲ့ တွဲပြီး အခြေခံကျောင်းသား များ သမဂ္ဂ (အကသ)ကနေ လှုပ်ရှားဆောင်ရွက်ခဲ့သူ ဖြစ်ပါတယ်။ သူပညာ သင်ကြား ခဲ့တဲ့ ကျောင်းက အထက(၅)တာမွေ ဖြစ်ပြီး မိခင်ဒေါ်မြမြအေး၊ ဖခင် ဦးဝင်းမောင်တို့က မွေးဖွားခဲ့သူ ဖြစ်ပါတယ်။ ၁၉၈၈ စက်တင်ဘာလမှာ တပ်မတော်က အာဏာ သိမ်းယူမှု ဖြစ်ပွားပြီးနောက် အ.ထ.က ကျောင်းသားတွေ လည်း ယူဂျီ (Under ground) တွေ ဖြစ်သွားပြီး ဒီမိုကရေစီရေးအတွက် ဆက်လက် တိုက်ပွဲ ၀င်ခဲ့ကြပါတယ်။ သက်ဝင်းအောင် တစ်ယောက် လည်း စစ်ထောက်လှမ်းရေးလက်က တိမ်းရင်းရှောင်ရင်း မြန်မာ၊ ထိုင်းနယ်စပ် တစ်နေရာ ကို ရောက်ရှိသွားခဲ့ပါတယ်။

မဲဆောက် ကနေ ပြည်တွင်းမှာ နိုင်ငံရေး ပြန်လှုပ်ရှားဖို့ ပြန်ဝင်လာရင်း သူငယ်ချင်းတွေနဲ့အတူ ၁၉၉၃ ခုနှစ်မှာ ဖမ်းဆီး ထိန်းသိမ်းခြင်း ခံခဲ့ရပါတယ်။ ဖမ်းဆီးစဉ်က ၅(ည)ပုဒ်မ တပ်ခဲ့သော်လည်း အသက်အရွယ် ငယ်ရွယ်သေးတဲ့ အတွက် အင်းစိန်ထောင်မှာ ၆လသာ နေခဲ့ရပြီး ပြန်လည် လွတ်မြောက်လာခဲ့ပါတယ်။
၁၉၉၈ ခုနှစ်အရောက် CRPP ကလည်း လွတ်တော်ခေါ်ယူဖို့ ကြေညာ ပြီးနေပြီ။ ဒေါ်အောင်ဆန်းစုကြည်ကလည်း ကိုယ်တိုင်လွတ်ခေါ်မယ်လို့ ပြောပြီးသွားပြီ။ ဒါကြောင့် ဒေါ်အောင်ဆန်းစုကြည် နဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ လွတ်တော်ခေါ်ယူရေးကိစ္စကို ၀ိုင်းရံ ကြရမယ် ဆိုတဲ့ နိုင်ငံရေးလမ်းစဉ်ကို သက်ဝင်းအောင်တို့ သူငယ်ချင်းတွေနဲ့ ချမှတ်ခဲ့ပါတယ်။ အဲဒီနောက် ရန်ကုန်မြို့တော်ရဲ့ မြို့နယ်တွေအတော်များများမှာ အေးအောင်၊ မျိုးမင်းထိုက်၊ မျိုးမင်းဇော်၊ ကြည်သာငြိမ်း တို့နဲ့အတူ  ဒီမိုကရေစီတရားပွဲတွေကို ပြုလုပ်ပြီး စာရွက်စာတမ်းတွေ ဖြန့်ဝေခဲ့ပါတယ်။

သိမ်ကြီးဈေး ကုန်းတံတားပေါ်မှာ လွှတ်တော်ခေါ်ယူရေး စာတမ်းကိုလည်း ရဲရဲဝံ့ဝံ့ ချိတ်ဆွဲ ခဲ့ကြပါ တယ်။ ထောက်လှမ်းရေးတွေ က သူတို့ကို ပိုက်စိပ်တိုက် ရှာဖွေဖမ်းဆီးနေတဲ့ အချိန်မှာ တိမ်းရှောင်ခဲ့ပေ မယ့် နောက်ဆုံး အဖမ်းခံခဲ့ရပါတယ်။ သက်ဝင်းအောင်တို့ အုပ်စုတွေကို ကမာရွတ် မြို့နယ်၊ ကျောက်တံတားမြို့နယ်တွေ က တရားလိုတွေ လုပ်ပြီး ၅(ည)၊ ၁၇(၁)၊ ၁၇(၂၀)စတဲ့ ပုဒ်မတွေ မြောက်များစွာနဲ့ တရားစွဲခဲ့ပါတယ်။ သူတို့ ငါးယောက်ကို ထောင်ဒဏ် အပြစ်ပေးတော့ မျိုးမင်းထိုက်နဲ့ မျိုးမင်းဇော် ကို ၅၂နှစ်၊ သက်ဝင်းအောင်ကို ၅၇နှစ်၊ အေးအောင်ကို ၅၉နှစ် ထောင်ဒဏ်နှစ်ကြီးတွေ ချမှတ် အပြစ်ပေးခဲ့ပါတယ်။

သူတို့တွေကို ထောင်ချပြီး အင်းစိန်မှာ ၇လ၊ ၈လလောက်ထားပြီးတော့ စစ်ကိုင်းတိုင်း၊ ကလေးမြို့ ကထောင် ကို ရွှေ့ပြောင်းပစ်လိုက်ပါတယ်။ ထောင်ထဲမှာလည်း သက်ဝင်းအောင်တို့က ကျန်းမာရေး စောင့်ရှောက်မှုနဲ့ ပတ်သက် တဲ့ ကိစ္စတွေ၊ အကျဉ်းသား အခွင့်အရေးတွေနဲ့ ပတ်သက်ပြီး ထောင်တွင်း တိုက်ပွဲတွေ ပြုလုပ် ခဲ့ပါတယ်။ ဒါကြောင့် သူ့ကို ၂၀၁၁ ခုနှစ်အရောက်မှာ စစ်ကိုင်းတိုင်း ထဲက ခန္တီးထောင်ကို ထပ်မံရွှေ့ပြောင်းပစ်ခဲ့ပါတယ်။ ခန္တီးထောင်က ရာသီဥတုကြမ်းလို့ ငှက်ဖျား ရောဂါရခဲ့တဲ့အပြင် ထောင်ထဲမှာ ဆက်တိုက် ဆန္ဒပြခဲ့လို့ သူ့ရဲ့ ကျန်းမာရေးဟာ ချို့ယွင်းလာခဲ့ပါ တယ်။ ထောင်ဆရာဝန်က သူ့ရဲ့ ကျန်းမာရေးအခြေအနေကို သေချာစစ်ဆေးပြီး အခြေအနေ မကောင်းတဲ့အတွက် ၂၀၀၃ ခုနှစ်မှာ မန္တလေးထောင်ကို ပြန်လည် ပြောင်းရွှေ့ပေးခဲ့ပါတယ်။ မန္တလေးထောင်ရောက်ပြီ ဆိုပေမယ့် သူ့ရဲ့ကျန်းမာရေးအခြေအနေ ဟာ ပြန်လည် ကောင်းမွန်ခြင်း မရှိပါဘူး။ ဆေးဆက်ကုပေမယ် ခန္ဓာကိုယ်အောက်ပိုင်း က လှုပ်ရှားမှု တဖြေးဖြေး နှေးကွေးလာ တယ်။ အောက်ပိုင်းသေချင် သလိုလို ဖြစ် လာတယ်။ ထောင်ဝင်စာထွက်ရင် ၀ှီးချဲလ်နဲ့ ထွက်တွေ့ရ တယ်။

ထောင်ကတော့ ဒီလိုအခြေအနေမျိုးမှာတောင် စေ့စပ်တိကျတဲ့ ရောဂါရှာဖွေမှု၊ ကုသမှုတွေ ပြုလုပ် မပေးခဲ့ပါဘူး။ ဒါကြောင့် သူ့အခြေအနေက ပြန်လည်တိုးတက်လာခြင်း မရှိပါဘူး။ မန္တလေး အပြင်ဆေးရုံကို အခေါက်ခေါက် အခါခါ သွားရောက်ကုသခွင့် ပေးပေမယ့် ထောင်ထဲပြန်လာတဲ့အခါ တိုင်း အပြင်က သတင်းတွေ ပေါက်ကြားမှာစိုးလို့ဆိုပြီး တိုက်ခန်းထဲမှာ တစ်ယောက်တည်း သီးခြား ခွဲထုတ်ထားပါတယ်။ ဒီအတွက် သူ့ကို ကူညီပေးမယ့်၊ နှစ်သိမ့်အားပေးမယ့် အဖော်မရှိခဲ့သလို အထီးကျန်ဝေဒနာကိုလည်း ခံစားခဲ့ ရပါတယ်။ ပြီးတော့ သူအပေါ်ထားတဲ့ ဆက်ဆံရေးကိုရော၊ ဆေးဝါးကုသမှုကိုရော လက်ခံနိုင်စရာ မရှိဘူးလို့ ယူဆလာပါတယ်။ ရောဂါရှာဖွေမှုကို သေချာ မပြုလုပ်ခဲ့တဲ့အတွက် နောက်ဆုံး ဦးနှောက်ပိုင်း အခန်းငယ်ထဲက ဆဲလ်တွေထဲကို ရောဂါပိုးပျံ့နှံ့ သွားပြီး နှလုံးကိုလည်း ထိခိုက်ခဲ့ပါတယ်။ ခြေထောက်တွေလည်း ဖူးရောင်လာပြီး ၀ှီးချဲလ်နဲ့ပဲ သွားလာရပါတယ်။ အစာကလည်း အာဟာရမဖြစ်တဲ့အတွက် ခန္ဓာကိုယ်က ပိန်ကျသွားပါတယ်။
ဒါပေမဲ့ စိတ်ဓာတ်ကတော့ မာကျောနေဆဲ ဖြစ်ပါတယ်။ ၂၀၀၆ ခုနှစ် စက်တင်ဘာလ ၂၉ ရက်နေ့ က သူ့အထက် က အစ်ကိုဖြစ်တဲ့ ကိုပြုံးချို ထောင်ဝင်စာ လာတွေ့တော့ သူ့အခြေအနေက ဆိုးဝါး နေပါပြီ။ ဒါပေမယ့် သက်ဝင်းအောင် က ကိုပြုံးချိုကို စကားတခွန်း ပြောခဲ့ပါတယ်။

"ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ညီလေးတို့ တိုင်းပြည်မှာ မတရားတဲ့ ဥပဒေတွေ ရှိနေသမျှ ကာလ ပတ်လုံး ပေးဆပ်မှု ဆိုတာ ရှိမှာပဲ ...။ ဘယ်အရာမှ အလွယ်တကူ ရတယ်ဆိုတာ မရှိဘူး။ ဒီအတွက် အသက်ပေး ရရင်လည်း ဒါ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူးလို့ပဲ မှတ်ယူလိုက်ပါ"
ဒီစကား ဟာ သူတို့ညီအစ်ကိုနှစ်ယောက်ရဲ့ နောက်ဆုံးတွေ့ဆုံတဲ့အချိန်မှာ ပြောတဲ့ စကားအဖြစ် အမှတ်တရ ကျန်ရစ်ခဲ့ ပါတယ်။ ကြေကွဲစိတ်ယူကြုံးမရဖြစ်တဲ့ စိတ်တွေနဲ့ ကိုပြုံးချို ရန်ကုန် ကို ပြန်လာ ပြီးနောက် အောက်တိုဘာလ ၁၄ရက်နေ့မှာ သက်ဝင်းအောင်တစ်ယောက် ဝေဒနာကို အလူးအလဲ ခံစားခဲ့ရ ပါတယ်။ ရောဂါရှာဖွေမှုကိုတော့ ထောင်က လုံးဝ လုပ်မပေးတော့ပါဘူး။ ကြိုတင်မျှော်လင့်ပြီးသား အဖြစ်မို့ သက်ဝင်းအောင်ဟာ တည်ငြိမ်စွာ ရင်ဆိုင်ခဲ့ပြီး သူ့ရဲ့နောက်ဆုံး အချိန်ကို စောင့်စားနေခဲ့ပါတယ်။

အောက်တိုဘ (၁၆)ရက်နေ့ နံနက်(၇)နာရီမှာတော့ သက်ဝင်းအောင်ဟာ မန္တလေးအကျဉ်းထောင် အထူးတိုက်ထဲ မှာပဲ ကွယ်လွန်သွားခဲ့ပါတယ်။ သက်ဝင်းအောင်ကို ၂၀၀၅ ခုနှစ်မှာ အင်္ဂလန်နိုင်ငံ ရီးဒင်းတက္ကသိုလ် က ဂုဏ်ထူးဆောင် ကျောင်းသားသမဂ္ဂ ဒုတိယဥက္ကဋ္ဌအဖြစ် ရွေးချယ်ခဲ့သလို Rebot Award for Human Right Activity ဆုကိုလည်း ပေးအပ်ခဲ့ပါတယ်။ တကယ်တော့ ၁၉၈၈ ခုနှစ်က အထက်တန်းကျောင်းသား ဘ၀မှာသာ ရှိသေးတဲ့ သက်ဝင်းအောင်တို့တတွေဟာ ပြစ်မှုနဲ့ ပြစ်ဒဏ်မမျှတဲ့ ဒဏ်ဥပဒေတွေ ကို အသုံးချပြီး ဒီမိုကရေစီအင်အားစုတွေကို စနစ်တကျ ဖြိုခွဲခြင်းခံရတဲ့ ဒဏ်ရာတွေကို ရရှိသွားခဲ့ ရတာ ပါ။ သူ့ရဲ့ အမှုတွဲတွေဖြစ်တဲ့ မျိုးမင်းထိုက်တို့၊ မျိုးမင်းဇော်တို့၊ အေးအောင်တို့တတွေဟာလည်း ၂၀၁၂ ခုနှစ်ရောက် မှ လွတ်မြောက်ခဲ့ကြတာပါ။
သူတို့တတွေ ဟာ နိုင်ငံနဲ့ လွတ်လပ်မှုအတွက် ဘ၀ကို အရင်းအနှီး ပြုခဲ့ကြတာကို လူတွေ သိပ်မသိ ကြပေမယ့် ထောင်ထဲမှာတော့ ၁၄နှစ်ကျော် အကျဉ်းကျခဲ့ကြပါတယ်။ ခု ချိန်မှတော့ အကန့်အသတ်မရှိ ရေး သားခွင့် ရတိုင်း အစိုးရကို ဝေဖန် ထောက်ပြခွင့်ရတိုင်း မတရားတဲ့ ဥပဒေ တွေကို ပယ်ဖျက်ဖို့ အကြံပေးတိုင်း ကျွန်တော်ဟာ သူတို့ငါးယောက်ရဲ့ တိုက်ပွဲဝင် စိတ်ဓာတ်ကို လေးစားဂုဏ်ပြုမိသလို၊ အသက်ပါစတေး သွားရှာတဲ့ ၈၈ ရဲ့ နီရဲတဲ့ သွေးတစ်စက်အဖြစ် သက်ဝင်းအောင်ကို ထာဝရဦးညွှတ်အလေးပြု လိုက်ပါတယ်။

ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်းကို မမေ့ကြနဲ့

သို့
ဦးသိန်းစိန်
သမ္မတကြီး
ပြည်ထောင်စုမြန်မာနိုင်ငံတော်

ကျွန်မနာမည်မှာ ဒေါ်ရီ ဖြစ်ပါသည်။ အသက်(၈၅)နှစ် ရှိ၍ ထောင်တစ်သက်လွတ်ရက်မရှိ ကျခံနေ ရသော မောင်လင်္ကျာထွန်း မိခင် ရန်ကုန်တိုင်းဒေသကြီး၊ လမ်းမတော်မြို့နယ်၊ (၁၅)လမ်း၊ အမှတ်-၁၁၆ (၃လွှာ) (၀ဲခန်း)၌ နေထိုင်သည့် ဗမာလူမျိုး၊ ဗုဒ္ဓဘာသာ ကိုးကွယ်သူ တစ်ဦး ဖြစ်ပါ သည်။
အမေအို၏သား မောင်လင်္ကျာထွန်းသည် အရွယ်နှင့်မမျှသော ပြစ်ဒဏ်များကို ခံခဲ့သည်မှာ ယခု လက်ရှိ အချိန် ဖြစ်ပါသည်။ သားနှင့် ပတ်သက်သော စွပ်စွဲချက်များသည် မမှန်ကန်ပါလို့ အမေ့ အနေဖြင့် ကျမ်းသစ္စာ ပြုနိုင်ပါသည်။ အမေ၏သားငယ်ကို ၁၉၉၈ ခုနှစ်က ဒုတိယအကြိမ်ဖမ်းဆီး ပြီး ခံခဲ့ရပါသည်။ ၎င်းတို့ စွပ်စွဲခဲ့သော အရာများတွင် အမေ့၏ သားငယ်အတွက် တစ်ဖက်သတ် စွဲချက်များသာ ဖြစ်ပါသည်။ သားငယ် ကို သေဒဏ်ချပြီး (၃)လကြာမှ သိရပြီး ရှေ့နေငှားခွင့်မရှိ၊ မည်သည့်တရားရုံးကပင် အမိန့်ချသည်ကို မသိရှိခဲ့ရဘဲ ထိုကဲ့သို့ ကြီးမားသည့် ပုဒ်မကြီးနှင့် လူငယ် တစ်ယောက်၏ ဘ၀ ယနေ့ထိတိုင်အောင် ဆုံးရှုံးခဲ့ပါသည်။

မောင်လင်္ကျာထွန်း ကို ပထမအကြိမ် ၁၉၈၉ ခုနှစ်တွင် ဖမ်းဆီးပြီး နယ်စပ်ဖြတ်ကျော်မှုနှင့် ပုဒ်မ ၁၇/၁၊ ၅(ည)နှင့် ထောင်ဒဏ်(၅)နှစ် ချမှတ်ခဲ့ပြီး ၁၉၉၆ ခုနှစ်တွင် လွတ်လာပြီး ၎င်းဘ၀အတွက် စာကြိုးစားပြီး ဟိုတယ်နှင့် ခရီးသွားဌာနတွင် ဘာသာပြန် အလုပ်ကို လုပ်ကိုင်ပြီးနေချိန်တွင် ၁၉၉၈ ခုနှစ်တွင် ထပ်မံဖမ်းဆီးပြီး ယခုကဲ့သို့ သေဒဏ်ချမှတ်ခဲ့ပါသည်။
သူကို အမေတို့ ပထမဦးဆုံး ထောင်ဝင်စာသွားတွေ့ချိန်တွင် သူပြောခဲ့သော စကားကို အမေ့ တစ်သက်မေ့လို့ မရပါ။ "အဖေနှင့်အမေ ကျွန်တော့်ကိုယ် ကျွန်တော် မယုံဘူး။ ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော် ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ပါ။ သူတို့ မတရားစွပ်စွဲခဲ့တာပါ။ အမှန်တရားဆိုတာ ကျွန်တော်တို့နိုင်ငံမှာ မရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာလည်း မရှိ တော့ဘူးလား။" ဟူသော စကား ဖြစ်ပါသည်။

ယခုအချိန်မှာ သားငယ်လေးက သာယာဝတီထောင်ထဲမှာ သူတတ်တဲ့ စာတွေဖတ် စာမတတ်တဲ့ သူတွေကို စာသင်၊ ဘာသာရေးတွေကို ဖိဖိစီးစီးလုပ်၊ ဂိုလ်အင်ကာ တရားစဉ်တွေကိုလဲ အကြိမ်ကြိမ်ဝင်ပြီး လွတ်မယ့်ရက် ကို မသိတဲ့ ထောင်တစ်သက်ကို ရင်ဝယ်ပိုက်ပြီး စောင့်မျှော်နေ သည်မှာ အမှန်ပဲ။
ယခု ပြည်သူ့လွှတ်တော်တရားဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး ဥက္ကဋ္ဌဖြစ် သူ ဒေါ်အောင်ဆန်းစုကြည် အနေနှင့် သားလွတ်မြောက်ရေး အတွက် ကူညီနိုင်မည်ဟု မျှော်လင့်ပြီး အမေ့သားလည်း သူတတ်သည့် စာပေ တို့နှင့် တိုင်းပြည်ကို အုတ်တစ်ချပ် သဲတစ်ပွင့်ပမာ ကူညီခွင့် ပြုပေးနိုင်ပါစေ။ သား မောင်လင်္ကျာထွန်း က ပြောပါသည်။ သူ့ဘ၀တစ်စိတ်ဒေသဟာ ထောင်တွင်း၌သာ ကြီးပြင်းခဲ့ပြီး ပညာမသင်နိုင်ခဲ့ပေ။ သူအမြဲတမ်း သူရဲ့ စာဖတ်၊ စာရေးဝါသနာ ကြောင့် သူလေ့လာဖတ်ရှု့မှု ကို ထောင်တွင်း ၌သာ ပြုလုပ်နိုင်ပေ မယ့် ထောင်တွင်းမှာ လည်း သူ့ထက် ပညာတတ်တွေ တွေ့ခဲ့ပြီး သူတို့ဆီက အလွတ်မခံ သင်ကြား မှတ်ယူနေ သူ တစ်ယောက် ဖြစ်ပါသည်။

အမေ့အနေဖြင့်  မောင်လင်္ကျာထွန်းတစ်ယောက်ပင် မဟုတ်ဘဲ သားကဲ့သို့ ယုံကြည်ချက် ရှိသော အကျဉ်းသား များ အားလုံး လည်း ပြန်လည်လွတ်မြောက်စေလိုပါသည်။ အားလုံးဝိုင်းဝန်း၍ ကူညီပေးပါ ရန် မေတ္တာစေတနာဖြင့် တောင်းဆို ပါသည်။ သားငယ်၏ အမှုတွဲဖြစ်သူ ကျောင်းဆရာ ဦးခင်လှိုင်(ခ) ဦးဖိုးဆောင် သေဒဏ်နှင့် ထောင်ဒဏ်(၁၄)နှစ် ကျခံရသောသူသည် နိုင်ငံတော် သမ္မတကြီး လွတ်ငြိမ်း ချမ်းသာခွင့်ဖြင့် ၂၀၁၂ ခုနှစ် ဇန်န၀ါရီလ (၁၃)ရက်နေ့က လွတ်မြောက်လာ သည့် အကျဉ်းသား ထဲတွင် ပါဝင်ခဲ့သည် ကိုလည်း ကြားသိရှိခဲ့ပါသည်။ ထို့ကြောင့် အမေ့အနေနှင့်လည်း သားအတွက် မသေခင် ပြန်လည် ဆုံဆည်းမည် ဟု များစွာ မျှော်လင့်ပါသည်။

ရိုသေလေးစားစွာဖြင့်
ဒေါ်ရီ
၁၂/ကတတ(နိုင်)၀၀၄၀၅၃
အမှတ်-၁၁၆၊ ၃ထပ်(၀ဲခန်း)၊ (၁၅)လမ်း
လမ်းမတော်မြို့နယ်၊ ရန်ကုန်တိုင်းဒေသကြီ။

ထိုစာလေးကို ဖတ်ပြီး ကျွန်တော် ရင်ထဲမှာ နာကျင်သွားခဲ့ပါတယ်။ ဘာလို့လဲဆိုတော့  လင်္ကျာထွန်း ကို စွပ်စွဲခဲ့တဲ့ ပုဒ်မမျိုးနဲ့ ကျွန်တော်လည်း သေဒဏ်ကျခဲ့ဖူးလို့ပါပဲ။ ဒါပေမဲ့ ခု ကျွန်တော်က အပြင်မှာ ၀ါသနာပါတဲ့ အလုပ်တွေ ကို မမောတမ်း လုပ်ကိုင်နေတဲ့အချိန် လင်္ကျာထွန်း ကတော့ သာယာဝတီထောင်ထဲမှာ အချိန်ကာလတွေ ကို အထီးကျန် ဖြတ်သန်း လျက် ရှိပါတယ်။ ကိုယ်ချင်းစာနာစိတ်နဲ့ လင်္ကျာထွန်း အကြောင်း တွေးမိတဲ့အခါ ၁၉၈၈ ဒီမိုကရေစီလှုပ်ရှားမှု အရေးတော်ပုံကြီးမှာ သူပါဝင် လှုပ်ရှားခဲ့တဲ့ ပုံရိပ်တွေ ကို ပြန်ပြီး မြင်ယောင် လာပါတယ်။ ၁၉၇၂ ခုနှစ် ဧပြီလ(၅)ရက်နေ့မှာ မွေးဖွားခဲ့တဲ့ လကျော်ထွန်းဟာ ၁၉၈၈ ခုနှစ်မှာ ၁၆နှစ်သာသာ ပဲ ရှိပါသေးတယ်။ ဒါပေမဲ့ ကျောင်းသား လှုပ်ရှားမှုတွေထဲမှာ ထဲထဲဝင်ဝင် ပါဝင်ခဲ့ပြီး ဆောင်ရွက်ခဲ့တဲ့အတွက် ၁၉၈၉ ခုနှစ်မှာပဲ ပုဒ်မ ၅(ည)၊ ၁၇(၁)တွေနဲ့ ထောင်ဒဏ်(၅)နှစ် အပြစ် ပေး ခံခဲ့ရပါတယ်။

လကျော်ထွန်းဟာ ထောင်ထဲမှာ ဘာသာဗေဒကို စိတ်ဝင်စားခဲ့ပြီး အထူးသဖြင့် အင်္ဂလိပ်စာ၊ ပြင်သစ် ဘာသာတွေကို လေ့လာခဲ့ပါတယ်။ ၁၉၉၆ မှ အကျဉ်းထောင်ကနေ ပြန်လည် လွတ်မြောက် ခဲ့ပြီး ဟော်တယ်နဲ့ခရီးသွားများဌာနမှာ ဘာသာပြန် အလုပ်ဝင်ရောက် လုပ်ကိုင်ခဲ့ပါ တယ်။ အလုပ်က အဆင်ပြေပေမယ့် စစ်ဖိနပ်အောက်က သူ့တိုင်းပြည်ကို မချိတင်ကဲကြည့်ရင်း ဒီမိုကရေစီအရေး ဆက်လက် လှုပ်ရှားဆောင်ရွက်နေသူတွေနဲ့ ပြန်လည် ချိတ်ဆက် လှုပ်ရှားခဲ့ ပါတယ်။

လကျော်ထွန်းဟာ ဗကသကျောင်းသားဖြစ်တဲ့ ကိုအောင်ဒင် (Bur ma Canpaign U.S.A)၊ ကိုခင်လှိုင်(ခ) ကိုဖိုးဆောင်း၊ ဆက်နိုင်အောင် (ဦးလှရွှေ၏သား)၊ သုတအောင် (ကွယ်လွန်)၊ ကျော်ဇော (ကဗျာဆရာကြည်တင်ဦးသား)တို့နဲ့ ပူးပေါင်းပြီး လက်တွဲ လှုပ်ရှားခဲ့တာပါ။ ၁၉၉၈ ခုနှစ် စစ်အုပ်ချုပ်ရေးကာလတစ်လျှောက် အခွင့်အရေးတွေ နစ်နာခဲ့ရတဲ့ ကျောင်းသားထုအတွက် "ကျောင်းသားထုအခွင့်အရေးကာကွယ်မှုကော်မတီ" ကို ဖွဲ့စည်းပြီး လှုံ့ဆော်မှုတွေ ပြုလုပ်ခဲ့ပါ တယ်။ အဲဒီနောက် ABSDF တပ်ရင်း ၂၀၇ ဥက္ကဋ္ဌအဖြစ် ဆောင်ရွက်ခဲ့တဲ့ မင်္ဂလာတောင်ညွှန့်သား ကိုသိန်းနဲ့ ခင်မင်ရင်းနှီးရာ ကနေ ပြည်တွင်း ကျောင်းသားလှုပ်ရှားမှု အချိန်မြှင့်တင်ဖို့ကိစ္စတွေကို ကူညီဆောင်ရွက်ပေးခဲ့ ပါတယ်။ သို့သော်လည်း လကျော်ထွန်းဟာ ပြည်တွင်းမှာ ဖောက်ခွဲ ဖျက်ဆီး ရေးတွေ လုပ်ဖို့ ဆိုပြီး ဆွေးနွေးတိုင်ပင်ခဲ့ကြတာ မရှိပါဘူး။ ၁၉၉၈ မတ်လမှာတော့ လကျော်ထွန်း ဟာ ပြည်တွင်းမှာ အကြမ်းဖက်သူတွေ နဲ့ တိုင်ပင်ပြီး ဖောက်ခွဲဖျက်ဆီးရေးတွေ လုပ်ဖို့ ကြံစည်တယ် ဆိုပြီး စစ်ထောက်လှမ်းရေးရဲ့ ဖမ်းဆီးခြင်းကို ခံခဲ့ရပါတော့တယ်။

ဒီအမှုမှာ လကျော်ထွန်းဟာ ကိုသိန်း၊ ခင်လှိုင်(ခ)ဖိုးဆောင်းနဲ့အတူ နိုင်ငံတော်ပုန်ကန်မှု ၁၂၂(၁) နဲ့ သေဒဏ်အပြစ်ပေးခြင်းကို ခံခဲ့ရပါတယ်။ အဲဒီနောက် လွတ်ငြိမ်းချမ်းသာခွင့် အမိန့်ကြောင့် သေဒဏ်ကနေ ပယ်ဖျက်ထားခဲ့ ပေမယ့် ယခုအချိန်ထိတော့ ထောင်တစ်သက်လွတ်ရက် မရှိ ပြစ်ဒဏ်ကို ခံနေရဆဲ ဖြစ်ပါတယ်။
မောင်လင်္ကျာထွန်း တစ်ယောက် ထောင်ထဲမှာ ၁၅နှစ်ကျော် နေထိုင်ပြီးတဲ့အချိန် သူ့အမှုတွဲတွေလည်း လွတ်မြောက် သွားကြပါပြီ။ သူနဲ့အတူ သေဒဏ်ကျထားတဲ့ ခင်လှိုင်လည်း အပြင် ပြန်ရောက်သွား ပါပြီ။ သာယာဝတီထောင်ထဲမှာ လကျော်ထွန်းနဲ့ ကိုသိန်းသာ ကျန်ပါတော့တယ်။ ယနေ့အချိန်အထိ သား ပြန်လာမယ့် လမ်းကို စောင့်မျှော်နေသူကတော့ အသက် ၈၅နှစ် ရှိပြီဖြစ်တဲ့ မိခင်ကြီးဒေါ်ရီ ဖြစ်ပါတယ်။ ဒေါ်ရီရဲ့ ကျန်းမာရေး အခြေအနေ ကလည်း ဆိုးဝါးနေပါပြီ။ လွတ်ငြိမ်းသာခွင့်တွေပေး တိုင်း သူ့သားပါမလာတဲ့အတွက် မိခင်တစ်ယောက်ရဲ့ ရင်မှာ နာကျင်ထိခိုက်ခံစားခဲ့ရတာလည်း အကြိမ်ကြိမ်ပါပဲ။ သားရဲ့ ထောင်ဝင်စာ ကို လေဖြတ် သွားပြီးကတည်းက သွားမတွေ့နိုင်တော့တဲ့ အတွက် ခုတော့ လကျော်ထွန်းရဲ့ အစ်ကိုကြီးကပဲ တစ်လ တစ်ကြိမ် ပုံမှန်သွားတွေ့နေရပါတယ်။

လင်္ကျာထွန်းရဲ့ ထောင်တွင်းကျန်းမာရေးအခြေအနေကတော့ ကောင်းမွန်လျက် ရှိပါတယ်။ သူဝါသနာပါတဲ့ ဘာသာဗေဒတွေကိုလည်း ဆက်လက်ပြီး လေ့လာဆည်းပူးလျက် ရှိပါတယ်။ ဘယ်လိုအခြေအနေ ပဲဖြစ်ဖြစ် နိုင်ငံရေး ဖိနှိပ်မှု များကြောင့် ကံဆိုးပြီး သေဒဏ်ကျခဲ့တဲ့ လင်္ကျာထွန်း ဟာ အမျိုးသားပြန်လည် ရင်ကြားစေ့ရေး အစီအစဉ်ကို အကောင်အထည်ဖော်နေ သော အစစ်အမှန်ဆိုရင် လွတ်မြောက်ဖို့ အချိန်တန်နေ ပါပြီ။ ၁၉၈၈ က ၁၆နှစ်သား လူငယ် တစ်ယောက်ဟာ ၂၀၁၂ ခုနှစ်မှာ မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းတွေမှာ ပါဝင်ခွင့်ပေးဖို့ အချိန်တန်နေပါပြီ။ အသက် ၈၅ နှစ်အရွယ် မိခင်ဘေး မှာလည်း ခြေဆုပ်လက်နယ် ပြုလုပ်ခွင့်ကို သားတစ်ယောက်အနေနဲ့ အခွင့်အရေး ရသင့်နေပါပြီ။ ဆက်လက်ပေး မယ့် လွတ်ငြိမ်း ချမ်းသာခွင့်တွေမှာ လင်္ကျာထွန်းနာမည်ကို တွေ့ရရင် ကျွန်တော်တို့အားလုံး ကိုယ်ချင်းစာနာစိတ် နဲ့ ပျော်ကြရမှာ သေချာပါတယ်။

အနာဂတ် မြန်မာအမျိုးသားတွေရဲ့ စည်းလုံးညီညွှတ်မှုအလားအလာကို အားရကျေနပ်မှုမိမှာ အမှန်ပါပဲ။
ခုလို အခြေအနေမှာတော့ ထောင်တစ်သက်လွတ်ရက်မရှိ လင်္ကျာထွန်း ကို အားလုံး မမေ့ကြပါနဲ့ လို့ပဲသို့ တိုက်တွန်းလိုက်ချင်ပါတယ်။


ချစ်စလွယ် မုန်းခက်၏ထောင်အဘိဓမ္မာတရား

ကျွန်တော် ထောင်ကျတိုင်း ထောင်ထဲမှာ ကျွန်တော့်ကို ကြိုကြိုပြီး စောင့်နေတတ်တဲ့သူတစ် ယောက်ရှိပါတယ်။ သူကတော့ ဘဝတစ်လျှောက်လုံး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) မှာ မြှုပ်နှံထားပေမယ့် ကျွန်တော်တို့နဲ့ ဗီဒီယိုတွေ ရုပ်ရှင်တွေအတူ ရိုက်ခဲ့တဲ့ ကိုမျိုးခင်ခေါ် ချစ်စလွယ် မုန်းခက်ပဲဖြစ်ပါတယ်။ ဗီဒီယို ဇာတ်ကားတွေထဲမှာ သူရဲ့သရုပ်ဆောင် အမည်က မုန်းခက်။ ချစ်မ လွယ် မုန်းခက်တဲ့။ သူ့ကိုတွေ့လိုက်ရတိုင်း အမြဲပျော်ပျော်ရွှင်ရွှင် ပဲ။ ထောင်ထဲမှာ တွေ့တွေ့၊ အပြင်မှာ တွေ့တွေ့လူကို စလိုက်နောက်လိုက် နဲ့ ထောင်ကျ တာကလည်း အကြိမ်ကြိမ်။ ဇနီးနဲ့ သမီးတွေက သူ လုပ်သမျှ အမြဲတမ်းထောက်ခံတယ်။ သူ့ရဲ့ကျန်းမာရေးက မကောင်းပေ မယ့် သူ့ရဲ့ ယုံကြည်ချက်က ပြင်းထန်တယ်။ သူ့ရဲ့ပေးဆပ်မှုက ကြီးမားတယ်။ တစ်ခါတစ်ရံ သူ့ရဲ့ပေါ့ပေါ့ ပါးပါး  ပျော်ပျော်နေတတ်တဲ့ အပြုအမူကြောင့် လုပ်ဖော်ကိုင်ဖက်တွေက သိပ်မလေးစားချင်ဘူး။ သူက တော့ ဘာကိုမှဂရုမစိုက်ဘူး။ သူပင်ကိုယ်အတိုင်း နေထိုင်လျက်ပါပဲ။ ကျွန်တော် ကိုမျိုးခင်ကိုခင်မင် ခဲ့တာ နှစ် ၂၀ ရှိပါပြီ။ ယုံကြည်ချက်အပေါ် သစ္စာရှိရှိ လျှောက်လှမ်းရတဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ ချုပ်အရှေ့ပိုင်း ခရိုင် ကော်မရှင်အဖွဲ့ဝင်၊ ရန်ကင်းမြို့ဥက္ကဌဟောင်း ကိုမျိုးခင်ရဲ့ ဒီမိုကရေစီ လှုပ်ရှားမှုသမိုင်းကို လည်း ပြန်မြင်ယောင် လာမိပါတယ်။

ကိုမျိုးခင် ကို ပဲခူးတိုင်းသာယာဝတီ မြို့နယ် မင်းလှမှာ အောက်တိုဘာ ၁၇ ရက်၊ ၁၉၅၇ မှာ မွေးဖွားခဲ့ပါတယ်။ သူ့ဖခင်က ပန်ချီဆရာ ဦးခင်စိုးနဲ့ မိခင်က ဒေါ်စိန်သန်းဖြစ်ပါတယ်။ မင်းလှကနေ ရန်ကုန်ကို အနုပညာအလုပ်နဲ့ အသက်မွေးဝမ်းကျောင်းမယ် ဆိုပြီး တက်လာခဲ့ပြီးနောက် အနုပညာနယ်ထဲမရောက်ဘဲ သူ့ဘဝရဲ့ မသက်ဆိုင် တဲ့ မဂိုလမ်းမှာ ကျောက်မျက်ပွဲစား ဖြစ်သွားပါတော့တယ်။ ၁၉၈၅ မှာ အိမ်ထောင်ကျပြီ: ရန်ကင်းမှာနေထိုင် ခဲ့ပါတယ်။ ၁၉၈၈ ခုနှစ် ဒီမိုကရေစီ လှုပ်ရှားမှု အရေးတော်ပုံကြီးမှာ တက်တက်ကြွကြွ ပါဝင်ခဲ့ပြီး ရန်ကင်းမြို့နယ် လူငယ်ငြိမ်းချမ်းရေး တပ်ဦးကို ခေါင်းဆောင်ခဲ့ပါတယ်။ ဒီအဖွဲ့ထဲမှာ စာရေးဆရာ ဦးညိုဝင်းရဲ့ သားခင်မောင်ညို၊ ရန်ကင်းကျောင်းသူ မကေခိုင် တို့လည်း ပါဝင်ခဲ့ပါတယ်။ မြို့တော်ခန်းမရှေ့မှာ ဆန္ဒပြရင်း စစ်တပ်က ပစ်ခတ်တဲ့ အချိန် မှာ ထွက်ပြေးတိမ်းရှောင်ခဲ့ပါတယ်။ အဲဒီအချိန် သူငယ်ချင်းတွေက တောခိုပြီး လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ စည်းရုံးပြောဆိုခဲ့ပေမယ့် သမီးနှစ်ယောက်က လူမမယ် ကလေးတွေဖြစ်နေ လို့ မြေပေါ် မှာပဲ ဒီမိုကရေစီ အရေးလှုပ်ရှားဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

၁၉၈၈ ခုနှစ် နိုင်ငံရေးပါတီ တွေဖွဲ့တော့  ရန်ကင်းမြို့နယ်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကို ဝင်ရောက်ခဲ့ပြီုး လူငယ် တာဝန်ခံ(၂) အဖြစ်တာဝန်ယူခဲ့ ပါတယ်။
အဲဒီအချိန် က ရန်ကင်း NLD မှာ စာရေးဆရာမ စမ်စမ်းနွဲ့ (သာယာဝတီ)၊ ဒေါက်တာငွေစိုး၊ ၁၉၉၀ လွှတ်တော် အမတ် ဒေါ်ခင်အေးမြင့် (ကွယ်လွန်)၊ ရွှေကြေးစည်ဒေါ်စန်းစန်းအောင်၊ ရုပ်ရှင် ဒါရိုက်တာကျော်စိန်ထွန်း (ရုပ်ရှင်သရုပ်ဆောင်ထူးမွန်ဖခင်)တို့နဲ့အတူ ပါတီစည်းရုံးရေး လုပ်ငန်း တွေကို ဆောင်ရွက်ခဲ့ပါတယ်။

၁၉၉၀ NLD ရွေးကောက်ပွဲ အောင်နိုင်ရေးဆင်းတော့ ကိုမျိုးခင်က သူ့ဝါသနာအရ ကားတွေပေါ် မှာ ဆောင်းဘောက်စ်တွေတင်၊ NLD သီချင်းတွေ ဖွင့်ပြီး စည်းရုံးရေး လုပ်ခဲ့ပါတယ်။ တစ်ရက် မှာ ချော်တွင်းကုန်း ထိပ်ရောက်တော့ စစ်တပ်က သေနတ်တွေနဲ့ ချိန်ပြီး သူနဲ့အတူ ရန်ကင်းလူငယ် (၁၃)ယောက် ကို ဖမ်းဆီးခဲ့ပါတယ်။ နောက်မှ အားလုံးကို ခံဝန်ချက်နဲ့ လက်မှတ်ထိုးပြီး ပြန်လွှတ် ပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက် က ကိုမျိုးခင် အတွက် ဘ၀မှာ ပထမဆုံး အဖမ်းခံရတဲ့ အဖြစ်ပါပဲ။ ၁၉၉၆ မှာတော့ နိုင်ငံရေး အခြေအနေတွေက တင်းမာပြီး ဒေါ်အောင်ဆန်းစုကြည်လဲ နေအိမ် အကျယ်ချုပ် ကျခဲ့ပါတယ်။ NLD က ရန်ကုန်တိုင်း လူငယ်၁၇ယောက်ကို ထောက်လှမ်းရေးက ဖမ်းဆီးထိန်းသိမ်းတဲ့အခါမှာ ကိုမျိုးခင်လည်း ပါသွားခဲ့ ပါတယ်။ အင်းစိန်ထောင် သီးသန့် ဘက်ကို ရောက်တော့ သူတို့ကို NLD ခေါင်းဆောင်တွေဖြစ်တဲ့ ဦးမိုးသူ၊ မောင်ဝံသနဲ့ ဗိုလ်ကြီးဝင်းထိန်းတို့က ဧည့်ခံကြိုဆိုခဲ့ကြပါတယ်။ သူတို့ကို ၁လကြာ ထိန်းသိမ်း ပြီး ပြန် လွှတ်ပေးလိုက်ပါတယ်။ အဲဒီနောက် နိုင်ငံရေးလှုပ်ရှားမှုတွေကို စစ်တပ်က ပြင်းပြင်းထန်ထန် ဖိနှိပ်တဲ့အတွက် လုပ်ကိုင် ခဲ့ ပါတယ်။

ကိုဇာဂနာ ရိုက်ကူးတဲ့ "၀င်လိုက်ထွက်လိုက်"၊ "ကတုံးပေါ်ထိပ်ကွက်" ဗီဒီယိုဇာတ်ကား တွေမှာ သရုပ်ဆောင် မုန်းခက်အဖြစ် ကိုမျိုးခင် ပါဝင်ခဲ့ပါတယ်။ ကိုဇာဂနာရဲ့ ဗီဒီယိုရိုက်ကွင်း မှာ ထောင်ထွက်ကျောင်းသားတွေဖြစ် တဲ့ ရွှေဘုန်းလူ(ခေါ်)တာရာမင်းဝေ၊ ဘဟိန်းအောင်(ခေါ်) ဇော်သက်ထွေးနဲ့ ပန်းချီထိန်လင်းတို့လည်း ကိုမုန်းခက် နဲ့အတွဲ ညီညီ အနုပညာအလုပ်တွေကို လုပ်ကိုင်ခဲ့ကြပါတယ်။ ၁၉၉၅၊ ၁၉၉၆၊ ၁၉၉၇ သုံးနှစ်လုံးလုံး ရုပ်ရှင်ဗီဒီယိုလောကနယ်ထဲမှာ ကျင်လည်ခဲ့ပေမယ့် နောက်ဆုံး မိခင်ပါတီဖြစ်တဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ကို မပစ်ပယ်နိုင်ခဲ့ ပါဘူး။ ၁၉၉၇ မှာ ကိုမျိုးခင်က ရန်ကင်း NLD ဆိုင်းဘုတ်ပြန်ထူထောင် ဖို့ ကြိုးစားနေတာကို မလိုလားတဲ့အတွက် သူ့ကိုပြန်ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ တစ်ခြားအပြစ် ရှာမရ လို့ မှတ်ပုံတင် အတု ကိုင်ဆောင်မှုနဲ့ ထောင်ဒဏ် ၄နှစ် အပြစ်ပေးခဲ့ ပါတယ်။ ထောင်ချပြီးပြီးချင်း သာယာဝတီ ထောင်ကို ရွှေ့ပြောင်းခဲ့ပါတယ်။

သာယာဝတီထောင်မှာလည်း ကိုမျိုးခင်က ပျော်ပျော်ပဲ။ ညဘက်ဆို သီချင်းဆိုတယ်၊ ကပြတယ်၊ ဘာအပူအပင်မှ မထားဘူး။ သူ့ကို လူတိုင်း က ခင်ကြတယ်။ ၁၉၉၉ ဒီဇင်ဘာ (၁၂) ရက်နေ့မှာ ထောင်က ပြန်လည် လွတ်မြောက် ခဲ့ပြီး ရန်ကင်း NLD စည်းရုံးရေးတာဝန်ခံအဖြစ် တာဝန်ယူခဲ့ပါ တယ်။ ၂၀၀၃ ခုနှစ် ဒီပဲယင်း အရေးအခင်း ဖြစ်တော့ အစိုးရက NLD မြို့နယ် ဆိုင်းဘုတ်တွေကို ဖြုတ်ချခိုင်းလိုက်တယ်။ ဒီအပြုအမူကို ကိုမျိုးခင်က မခံနိုင်ဘူး။ ဒါကြောင့် ရန်ကင်းမြို့နယ် ရွေးကောက်ပွဲ ကော်မရှင်ကို သွားပြီး ကန့်ကွက်တယ်။ ညဘက်ကျတော့ စစ်ထောက်လှမ်းရေးတွေ က သူကို လာပြီး ဖမ်းတော့တာပါပဲ။ ပြီးတော့ စစ်ကြောရေးလုပ်ပြီး ပုဒ်မ ၁၇(၁)နဲ့ ထောင်(၃)နှစ် ချလိုက်တယ်။ ထောင်ချချင်လို့ တမင်လုပ်တာဆိုတော့်ရှေ့နေ့လည်း ငှားခွင့် မပေးဘူး။ မိသားစု နဲ့လည်း တွေ့ခွင့်မပေးဘူး ထောင်ချပြီး အင်းစိန် ကနေ ပြည်ထောင် ကို ရွေ့ပြောင်းပေးခဲ့တယ်။ ပြည်မှာလည်း မျိုးခင်တို့အလံ မလှဲခဲ့ဘူး။ ပျော်ပျော်နေရင်း ၂၀၀၆ ခုနှစ်၊ စက်တင်ဘာလ ၈ရက်မှာ ပြန်လည် လွတ်မြောက်ခဲ့ပါတယ်။

အဲဒီနောက် ရန်ကင်း NLD မှာ ဥက္ကဋ္ဌ ဖြစ်သွားပြီး ၈လအကြာမှာ မင်းကိုနိုင်၊ ကိုကိုကြီးတို့ ဦးဆောင် တဲ့ လောင်စာဆီဈေးနှုန်းတက်လို့ ကန့်ကွက်ပြီး လမ်းလျှောက်ဆန္ဒပြတဲ့ထဲမှာ ပါဝင်ခဲ့ပါတယ်။ မင်းကိုနိုင်တို့ အဖမ်းခံပြီး ၁ရက်အကြာ ၂၀၀၇ သြဂုတ်လ ၂၃ ရက်နေ့က ရွှေဂုံတိုင်မှာ ရှိတဲ့ အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရုံးကို အသွား ရွှေဂုံတိုင်မီးပွိုင့်မှာ စွမ်းအားရှင်တွေက ရဲရိပ်သာကို ပို့ပေးခဲ့ပါတယ်။ ရဲရိပ်သာမှာ စစ်ကြောရေးလုပ်ပြီး ကျောက်တန်းမြို့နယ်မှာ ရှိတဲ့ ရဲတပ်ရင်း(၇)ကို ပို့လိုက်ပါတယ်။ သူနဲ့အတူ NLD လူငယ်တွေ လည်း ပါလာပြီး မိသားစုနဲ့ အဆက်အသွယ် လုပ်မပေးဘဲ ထားခဲ့ပါတယ်။ အဲဒီအချိန်ကာလမှာ ကုလသမဂ္ဂ လူ့အခွင့်အရေး ကော်မရှင်က ပီနဲရိုး ရောက်လာတဲ့ အချိန်ဖြစ်နေ လို့ ကျောက်တန်းကနေ မှော်ဘီရဲတပ်ရင်း (၃)ကို ပြောင်းရွေ့ ချုပ်နှောင်ထားခဲ့ပါတယ်။ မှော်ဘီမှာ ၃လလောက် ချုပ်နှောင် ထားပြီး အိမ်နဲ့ အဆက်အသွယ် ဖြတ်ထားလို့ ကိုမျိုးခင်၊ ကိုကျော်ဆန်းတို့ ဦးဆောင်ပြီး အစာငတ်ခံ ဆန္ဒပြခဲ့ပါတယ်။

ဒါကြောင့် တာဝန်ရှိသူတွေ ဆင်းလာပြီး ညှိနှိုင်းကာ အင်းစိန်ထောင်ကို ပို့ပေးလိုက်ပါတယ်။ အင်းစိန်ထောင်မှ ရုံးထုတ် ပုဒ်မ ၂၀၅ (ခ)၊ ၁၄၃၊ ၁၄၅ တွေနဲ့ စွဲချက်တင်ပြီး ထောင် ၄နှစ်ခွဲ ပြစ်ဒဏ်ချမှတ်ခဲ့ပါတယ်။ ကိုမျိုးခင်က အစာမစားရတဲ့ဒဏ်၊ စိတ်ပင်ပန်းတဲ့ ဒဏ်တွေနဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါတွေ ဖြစ်နေပါပြီ။ ဒါကြောင့် အင်းစိန်ထောင်ဆေးရုံ ကို အရေးပေါ် တင်ခဲ့ရပါတယ်။ အင်းစိန်ဆေးရုံမှာ ဆေးကုသနေရင်းနဲ့ ၂၀၀၈ ဒီဇင်ဘာလ ၁ရက်နေ့ ည၁၁ နာရီမှာ ဆေးရုံက ဆွဲချခြေချင်းခတ်ပြီး ဗန်းမောင်ထောင်ကို ပြောင်းလိုက်ပါတယ်။ ဗန်းမော် ကို ရန်ကုန်က ရထားနဲ့ မန္တလေး၊ မန္တလေးက မြစ်ကြီးနား၊ မြစ်ကြီးနားက ဗန်းမော်အထိ ခရီးသွားရတဲ့ ဒဏ်တွေကြောင့် ဗန်းမော်ရောက်တဲ့အခါ ကိုမျိုးခင် အခြေအနေက တော်တော်ဆိုးရွားနေပြီ။ ဗန်းမော် မှာ ဆေးရုံဆက်တင်ထားပြီး ဆက်ကုသပေမယ့် အခြေအနေမကောင်းတဲ့အတွက် ၅လအကြာ မှာ မြစ်ကြီးနားထောင်ကို ရွှေ့ပြောင်းပေးလိုက်ပါတယ်။

မြစ်ကြီးနားထောင်မှာ ကိုဇာဂနာနဲ့ ပြန်တွေ့ပြီး ဆေးဆက်လက် ကုသခဲ့ပါတယ်။ ရောဂါသက်သာလာတာနဲ့ ကိုမျိုးခင်း မျက်နှာက ပြောင်ချော်ချော်နဲ့ စလိုက် နောက်လိုက်ပြန်ဖြစ်လာပါတယ်။ သူက ဒုက္ခ သုက္ခတွေကို လူတွေ သနားအာင် ပြောလေ့ မရှိပါဘူး။ ဒီလိုနဲ့ ၂၀၁၁ ဇွန်လ ၆ရက်နေ့မှာ ထောင်က လွတ်ပြီး အခု လတ်တလောမှာတော့ NLD ရဲ့ အရှေ့ပိုင်းခရိုင်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ဝင်အဖြစ် တာဝန် ထမ်းဆောင်နေ ပါပြီ။

ထောင်တွေအကြိမ်ကြိမ်ကျ၊ ပါတီစည်းရုံးရေးတွေကို မညည်းမငြူ ဆောင်ရွက်ရင်း ရှေ့သို့ ဆက်လက် ချီတက်နေ တဲ့ ကိုမျိုးခင် ကို ဒီဖိအားတွေ ဒဏ်က လွတ်မြောက်အောင် ဘယ်လိုဖြတ်သန်းခဲ့သလဲ မေးတော့ "အရေးအကြီးဆုံး အချက်က ပျော်ပျော်နေဖို့ပဲ ဘယ်လိုဘ၀မျိုး ပဲရောက်ရောက် ဘ၀ကို ဟာသအမြင်နဲ့ ကြည့်ဖို့ လိုတယ်။ ခုလည်း ကျွန်တော်တို့အတွက် စိန်ခေါ် မှုတွေက ရှေ့မှာ အများကြီး စောင့်ကြိုနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အပြုံးမပျက်တဲ့ မုန်းခက်ထောင်ထဲက ထွက်အောင်ပွဲ အလီလီ ဆက် ပြည်သူတွေ အတွက်" လို့ ရွတ်ပြပြီး သူ့အသံနက်ကြီးနဲ့ တဟားဟား အော်ရယ်နေပါတော့တယ်။

ပြီးပါပြီ
.

2 comments:

Anonymous said...

တစ်ခါတစ်ရံမှာ စကားများများ မပြောပဲ အလုပ်လုပ်တဲ့ နိုင်ငံရေးသမားတွေက လေးစားစရာ ကောင်းလှပါတယ်။


"ဘာမှ စိတ်မကောင်း မဖြစ်နဲ့။ ညီလေးတို့ တိုင်းပြည်မှာ မတရားတဲ့ ဥပဒေတွေ ရှိနေသမျှ ကာလ ပတ်လုံး ပေးဆပ်မှု ဆိုတာ ရှိမှာပဲ ...။ ဘယ်အရာမှ အလွယ်တကူ ရတယ်ဆိုတာ မရှိဘူး။ ဒီအတွက် အသက်ပေး ရရင်လည်း ဒါ ထူးဆန်းတဲ့ ကိစ္စ မဟုတ်ဘူးလို့ပဲ မှတ်ယူလိုက်ပါ"


တိုက်ပွဲဝင် စိတ်ဓာတ်ကို လေးစားဂုဏ်ပြုမိသလို၊ အသက်ပါစတေး သွားရှာတဲ့ ၈၈ ရဲ့ နီရဲတဲ့ သွေးတစ်စက်အဖြစ် သက်ဝင်းအောင်ကို ထာဝရဦးညွှတ်အလေးပြု လိုက်ပါတယ်။

"အဖေနှင့်အမေ ကျွန်တော့်ကိုယ် ကျွန်တော် မယုံဘူး။ ကျွန်တော် ဘာမှ မလုပ်ခဲ့ပါဘူး။ ကျွန်တော် ဗုဒ္ဓဘာသာ စစ်စစ်တစ်ယောက်ပါ။ သူတို့ မတရားစွပ်စွဲခဲ့တာပါ။ အမှန်တရားဆိုတာ ကျွန်တော်တို့နိုင်ငံမှာ မရှိတော့ပါဘူး။ တရားဥပဒေစိုးမိုးရေးဆိုတာလည်း မရှိ တော့ဘူးလား။"

"အရေးအကြီးဆုံး အချက်က ပျော်ပျော်နေဖို့ပဲ ဘယ်လိုဘ၀မျိုး ပဲရောက်ရောက် ဘ၀ကို ဟာသအမြင်နဲ့ ကြည့်ဖို့ လိုတယ်။ ခုလည်း ကျွန်တော်တို့အတွက် စိန်ခေါ် မှုတွေက ရှေ့မှာ အများကြီး စောင့်ကြိုနေပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ကျွန်တော်ကတော့ အပြုံးမပျက်တဲ့ မုန်းခက်ထောင်ထဲက ထွက်အောင်ပွဲ အလီလီ ဆက် ပြည်သူတွေ အတွက်"

အမရေ.... ကျေးဇူးအထူးတင်ရှိပါတယ်။
ပီးတော့... စာရေးတဲ့ ဦးဇော်သက်ထွေးကိုလည်း အထူးကျေးဇူးတင်ပါတယ်။
အမကပြန်လည်ဖော်ပြပေးတဲ့အတွက်လည်း ကျေးဇူးအထူးတင်မိပါတယ်။

ဒီလိုစာမျိုးတွေ တိုင်းသူပြည်သားတိုင်းဖတ်သင့်တယ်ထင်ပါတယ်။

အခု သံဠာတွေကို တိုက်ခိုက်ခံရတဲ့အကြောင်း ဦးဇော်သက်ထွေးတို့ ဘယ်လိုမျိုးများ ကလောင်တံတိုက်ပွဲဝင်မလဲမသိဘူးနော်....


ညီမ

Anonymous said...

စာလုံးပေါင်းအမှား သံဃာ

စာကိုမမြင်ရပဲရိုက်ရိုက်နေရလို့မှားသွားပါတယ်။

စာလုံးပေါင်းအမှား ပြင်ဖတ်ပေးပါနော်..သံဃာ..