Friday, November 30, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၁၂)

ဘဝထက်ပိုချစ်ခဲ့ရသော အလင်းမြူမှုန်များ

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ ကျဆုံးစေခဲ့တဲ့ ငွေစက္ကူအရေးအခင်း၊ ရန်ကုန်စက်မှု တက္ကသိုလ် ကျောင်းသား ဘုန်းမော် ကျဆုံးခဲ့ရတဲ့ အရေးအခင်းတွေပြီးတဲ့ နောက်မှာ ကျောင်းသားတွေနဲ့ လုံထိန်း တပ်တွေ ရိုက်ပွဲဖြစ်ခဲ့တဲ့ အင်းလျားကန်ဘောင် က တံတားနီအရေးအခင်းဟာလည်း ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံသမိုင်းမှာ ထင်ရှား ပါတယ်။ ဒီတိုက်ပွဲမှာ ကျောင်းသားအများအပြား အဖမ်းခံရပြီး အင်းစိန် ထောင်ထဲကို ထည့်သွင်း အကျဉ်းချ ထားခြင်း ခံခဲ့ရပါတယ်။ တံတားနီ အရေးအခင်းမှာ စစ်ကိုင်းဆောင် က ဥပဒေကျောင်းသားပါဝါ မျက်မှန်ထူထူနဲ့ စကား ကို လေသံမာမာခပ်ပြတ်ပြတ်ပြောတတ်တဲ့ အားလုံး က မှန်ကြီးလို့ခေါ်တဲ့ လှမျိုးနောင်လည်း ပါဝင်ခဲ့ တယ်။

သူ့ကို လိုက်ဖမ်းတော့ သူ့ဖခင်ရဲ့ဇာတိ ကျောက် ပန်းတောင်းက ရွာမှာ ကိုရင်ဝတ်ပြီး တိမ်းရှောင်ခဲ့ပေမယ့် မန္တလေး အခြေစိုက် ထောက်လှမ်းရေး (၁)က လာဖမ်းလို့ အင်းစိန် သီးသန့်ထောင်ကို ရောက်လာပါတယ်။ သီးသန့်ထောင်ထဲ မှာ ဌေးကြွယ်၊ ဝင်းကြွယ် (ကွယ်လွန်)၊ မင်းဇေယျာ၊ ကိုယဉ်အေး၊ စောမင်း၊ ကိုထွန်းမြင့် (ကွယ်လွန်)၊ ကိုမင်းစိန် (R.I.T)၊ အေးလွင် (ပြည်သူ့အရေးတော်ပုံပါတီ)၊ သိန်းတင်အောင် (ပြည်ထောင်စု ဒီမိုကရေစီပါတီ)၊ ကိုအောင်ဝင်း၊ အံ့ဘွယ်ကျော်တို့နဲ့အတူ နေရပါတယ်။ တကယ်တော့ ဒီကျောင်းသားတွေ (၁၄၁ ယောက် အုပ်စု) ဟာ ဒီမိုကရေစီအရေးတော်ပုံရဲ့ပထမဆုံး နိုင်ငံရေးအကျဉ်းသားတွေလို့လည်း ပြော လို့ရပါတယ်။

ဒီကျောင်းသားတွေကို ခေတ္တထိန်းသိမ်းပေးပြီး ၁၉၈၈ ဇူလိုင် ၇ ရက်နေ့မှာ ပြန်လွှတ်ပေးခဲ့ပါတယ်။
ဇူလိုင် ၂၈ရက်နေ့မှာ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (မ.က.သ)ကို ဖွဲ့စည်းတဲ့အခါ လှမျိုးနောင် လည်း ပါဝင်ခဲ့ပြီး ၁၉၈၈ သြဂုတ်လ (၈)ရက်နေ့မှာ ဒီမိုကရေစီ အရေးတော်ပုံကြီး ပေါ်ပေါက် ခဲ့ပါတယ်။ နောက်ဆုံး စက်တင်ဘာရောက်တော့ စစ်တပ်က အာဏာသိမ်းမယ့် အရိပ် အယောင်တွေတွေ့ရ လို့ ကျောင်းသား ၁၀၇ ယောက်ဟာ မော်လမြိုင်ကတစ်ဆင့် တောခိုခဲ့ရာမှာ အဆိုတော်ပြည့်ပြည့်၊ လှမျိုးနောင်၊ ဘိုဘိုဦး၊ မိုးကျော်ဖြူ၊ မောင်မောင်သိန်းတို့ ဦးဆောင်ခဲ့ကြတာ ဖြစ်ပါတယ်။ ထိုင်းမြန်မာနယ်စပ် မှာ ကျောင်းသား များ ဒီမိုကရက်တစ်တပ်ဦး (ABSDF)ဖွဲ့မယ် ပထမဆုံး ညီလာခံတက်ပြီး ၁၉၈၉ မတ်လမှာ ရန်ကုန် ကို ပြန်ရောက်ခဲ့ပါတယ်။ တပ်မတော်က လက်ယာအဖျက်သမားအဖြစ် စွပ်စွဲခံခဲ့ရတဲ့ ဦးရဲထွန်းနဲ့ ကိုမင်းဇေယျ တို့ အဖမ်းခံရတဲ့အချိန်မှာ လှမျိုးနောင်လည်း ရှောင်တိမ်း ကိုယ်ဖျောက်နေခဲ့ပါတယ်။

တကယ်တော့ နိုင်ငံရေးသာ လုပ်နေ တာ လှမျိုးနောင်ရဲ့ မျက်လုံးက သိပ်မကောင်းလှပါဘူး။ သူ ၂နှစ်သားမှာ အဖျား တက်ပြီး မျက်စိ သူငယ်အိမ်လည်သွားလို့ ပုဂံကနေ လေယာဉ်နဲ့ ရန်ကုန်သို့ ခေါ်ပြီး ကုသခဲ့ရဖူးပါတယ်။ ၆နှစ် ၇နှစ်သားမှာ မျက်စိရောဂါ ပြန်ပေါ်လာပြီး စစ်ကြည့်တော့ မျက်လုံးကပါဝါ ၄၀၀ ဖြစ်နေပါပြီ။ ၁၉၉၀ ရွေးကောက်ပွဲအပြီး လူဖမ်းပွဲတွေ လုပ်တော့ ဌေးကြွယ်အိမ်ကို လာရှာတဲ့အခါ ဌေးကြွယ်က ထွက်ပြေးလွတ်မြောက် သွားပြီး လှမျိုးနောင်ကတော့ အဖမ်းခံခဲ့ရပါတယ်။ စစ်ခုံရုံးက ပုဒ်မ ၅(ည)နဲ့ လှမျိုးနောင် ကို ထောင်ဒဏ် ၆နှစ် ချမှတ်ခဲ့ပါတယ်။ ထောင်ထဲမှာ လှမျိုးနောင်ရဲ့ မျက်လုံးအခြေ အနေက ပိုဆိုးလာပြီး ပါဝါတွေက ဖြည်းဖြည်းတိုးလာပါတယ်။ ၁၉၉၅ မေလ (၁၂)ရက်နေ့မှာ ပြန်လွတ်တော့ သူ့မျက်လုံးပါဝါက ၇၀၀ကျော်နေပြီ။ ဘယ်ဘက်မျက်လုံးကိုလည်း ညာဘက် မျက်လုံးအတိုင်း Balance လုပ်လိုက်ရပါတယ်။ အပြင် ပြန်ရောက်မှ မျက်မှန်ကို ဆရာဝန်နဲ့ပြပြီး သေချာပြန်လုပ်ရပါတယ်။ ပြီးတော့ ကျောက်ပန်းတောင်း ကို ပြန်နေပါတယ်။ ၁၉၉၆ မှာ အိမ်ထောင် ကျပြီး ၂၀၀၀ ရောက်တော့ ရန်ကုန် ပြန်ဆင်းလာပါတယ်။ သားတစ်ယောက် ရှိပြီး မြောက်ဒဂုံမှာ နေထိုင်ရင်း မိသားစုဘ၀ ကို အေးအေး ချမ်းချမ်း ဖြတ်သန်းနေ ထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ ၂၀၀၅ ခုနှစ်ရောက်တဲ့အခါမှာ လှမျိုးနောင်ရဲ့ ဘ၀ဟာ နိုင်ငံရေးပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှု ကို တစ်ကျော့ပြန်ခံစားခဲ့ရပါတယ်။ အဲဒီနှစ်မှာ ဗ.က.သ က ကျောင်းသားတွေ ဖြစ်တဲ့ မင်းကိုနိုင်၊ ကိုကိုကြီး၊ ဂျင်မီတို့ လွတ်မြောက် ခဲ့သလို မ.က.သ ကလည်း ဌေးကြွယ်၊ ဇော်မင်းတို့ ပြန်လွတ်လာ ပါတယ်။ ဒါကြောင့် မပြီးဆုံးသေး တဲ့ ဒီမိုကရေစီအရေးတော်ပုံကို ဆက်လက်လှုပ်ရှားရင်း အစိုးရဲရဲ့ မတရားတဲ့ အမိန့်တွေကို သပိတ်မှောက်ဖို့ ကြိုးစားခဲ့ကြပါတယ်။ ဒီအတွက်ကြောင့် ၂၀၀၇ ခုနှစ် သြဂုတ်လမှာ လူဖမ်းပွဲလုပ်တော့ ထွန်းမြင့်အောင်၊ စိုးထွန်း၊ နီလာသိန်း တို့လိုပဲ လှမျိုးနောင်ဟာ ထွက်ပြေး ပုန်းရှောင်ခဲ့ရပါတယ်။ တာမွေမီးသတ်နားက တိုက်ခန်းတစ်ခုမှာ သွားပုန်းနေ တဲ့ လှမျိုးနောင်ကို စစ်ထောက်လှမ်းရေးတွေလည်း မရှာဖွေနိုင်ခဲ့ကြဘူး။ စက်တင်ဘာ သံဃာ အရေးအခင်းဖြစ်တော့ တာမွေ မှာပဲ နေထိုင်ခဲ့ပါတယ်။

ဒါပေမဲ့ တိုက်ခန်းထဲမှာချည်းအောင်းနေရ တော့ သူ့မျက်လုံးက ဖောက်လာတယ်။ မျက်လုံးက အမဲစက်တွေပေါ် လာပြီး အမြင်အာရုံနည်းလာ ခြင်းပါပဲ။ နောက်ဆုံး မြို့ပြင်က ရာဘာတောထဲ ထွက်ပြေးပုန်းရှောင်နေ ရတဲ့ ဌေးကြွယ်နဲ့ ဖုန်းအဆက်အသွယ် လုပ်ပြိး မျက်လုံးကို ဆေးရုံသွားပြဖို့ ဆုံးဖြတ်လိုက်ရ ပါတော့တယ်။ အောက်တိုဘာ ၈ရက်နေ့မှာ မျက်စိဆေးရုံ သွားပြတယ်။ အားလုံးအေးအေးဆေးဆေး ပဲ။ အောက်တိုဘာ (၁၀)ရက်နေ့ Nero Vision မှာ သွားပြတော့ ထောက်လှမ်းရေးတွေက ကြိုစောင့် နေပြီ။ ဖမ်းတဲ့ အခါ ဆရာဝန်တော့ ပြရမယ်ဆိုပြီး ခွင့်တောင်းတော့ ခွင့်ပြုပါတယ်။ ဆရာဝန်က စစ်ဆေးကြည့်တော့ လှမျိုးနောင်ရဲ့ ဘယ်ဘက်မျက်လုံးအပြင်ထောင့်က အမဲရောင် ပိတ်ကား စကွာကျလာတယ်လို့ ဆိုတယ်။ မျက်လုံး ဖွင့်ကြည့်လိုက်တိုင်း မဲနေတယ်။ ဆေးပညာအခေါ် ကတော့ Retina deattchment လို့ ခေါ်ပါတယ်။

 မြင်လွှာအိမ်ရဲ့ အာရုံကြောလမ်းမကြီးနဲ့ ချိတ်ဆက်ထားတဲ့ မြင်လွှာအာရုံကြော အစုအဝေး ရဲ့ မြင်လွှာကွာကျတဲ့ ရောဂါ ဖြစ်ပါတယ်။ အဲဒီ မြင်လွှာက အကြောင်းတစ်ခုခုကြောင့် ပြဲထွက်သွားရင် ဆက်တိုက် ကွာကျ တတ်လေ့ ရှိပါတယ်။ အဲဒီလိုဖြစ်ရင် မျက်လုံးအပြင်မှာ အမဲကွင်းပေါ်လာတတ်တယ်။ ဒီအခြေအနေ ကို ဆရာဝန်က စစ်ထောက်လှမ်းရေးတွေကို ရှင်းပြတယ်။ သေသေချာချာမကုရင် ကန်းသွားမယ် လို့ ပြောလိုက် တယ်။ စအဖ စစ်ကြောရေးက ဘာမှမပြောသေးဘဲ တိမ်းရှောင်နေ တဲ့ ဌေးကြွယ်တို့၊ ဇော်ထက်ကိုကိုတို့ကို ဖော်ခိုင်းတယ်။ ညရောက်တော့မှ အထူးကုဆေးရုံကို ပြန်ပို့ပေးတယ်။ ကုပေး ပြီး ဆေးရုံက နောက်တစ်ပတ် ပြန်လာပြဖို့ ချိန်းတယ်။ ထောင်က လှမျိုးနောင်ကို အပြင်ထုတ် မပေးချင်ဘူး။ ပြန်မစစ်ဖြစ်တော့ ရက်ကြာလာတဲ့အခါ မြင်လွှာက ကွာကျသွားပြန်ရော၊ မျက်လုံးထဲ မှာ အမဲကွက်တွေ ၀င်နေပြီး အလင်းကျတော့လည်း ပြဒါးလို ရောင်ပြန်တွေ ဖြစ်နေတယ်။ ထောင်ကလည်း လှမျိုးနောင်ကို သာမန်အကျဉ်းသား မဟုတ်တဲ့အတွက် အပြင်ထုတ်မရဘဲ ထောင်ဆေးရုံထဲမှာပဲ လိုက်ကာတွေချ။ အမှောင်ချပြီး ကုတယ်။

နောက်ဆုံး လှမျိုးနောင်က ကုသမှု မခံယူတော့ဘူး။ လုပ်တော့မှ ထောင်ဆေးမှူးချုပ် ဆင်းလာတယ်။ မျက်လုံးကို စစ်ဆေးပြီး ခွဲရင် အောင်မြင်ဖို့က ၃ရာခိုင်နှုန်းပဲ ရှိတယ်ဆိုပြီး သဘောတူရင် လက်မှတ်ထိုး ပါလို့ ပြောပါတယ်။ လှမျိုးနောင်ကလည်း မှောင်နေတာထက်စာရင် လင်းတာက ပိုကောင်းတယ်လို့ ဆုံးဖြတ်ပြီး လက်မှတ်ထိုး လိုက်ပါတယ်။ ဒီတော့ သူ့ကို ဆေးရုံ ပြန်ပို့တယ်။ မေ့ဆေးပေးပြီး ခွဲတယ်။ ကွာနေတဲ့ ပိတ်ကား ကို ပြန်ကပ်တယ်။ ထောင်ထဲပြန်ပို့တော့ ဆေးရုံကတိုက် ၁အခန်း ၂မှာ ထားတယ်။ တစ်ပတ်ခြား ပြန်ထုတ်ပြီး စစ်တယ်။ မျက်လုံးအခြေအနေက မကောင်းပါဘူး။ သုံးနေရာလောက် ပြဲထွက်နေတယ်။ ဆရာဝန်ကြီးက လက်လျော့ လိုက်ဖို့ ပြောတယ်။ မျက်လုံးက ဒုက္ခပေးသလို တစ်ဖက်မှာလည်း ပုဒ်မမျိုးစုံတပ်ပြီး ထောင် ၆၅နှစ် ၆လ ချမှတ် လိုက်တယ်။  မျက်လုံးက မကောင်း ပါဘူးဆိုမှ ပထမဆုံး ထောင်ပြောင်းမယ့် လူ ၉ဦးထဲမှာ ပထမဆုံး ထွက်ခွာရတဲ့သူ ဖြစ်နေတယ်။

ည(၁)နာရီ အင်းစိန်ထောင်ဗူးဝမှာ မြတ်စံနဲ့ တွေ့တယ်။ ကဗျာဆရာစောဝေနဲ့ တွေ့တယ်။ ပြီးတော့ လှမျိုးနောင်ကို မြစ်ကြီးနားထောင် ပြောင်းလိုက်တယ်။ မြစ်ကြီးနားထောင်မှာ နဂိုကအခြေအနေ မဆိုးတဲ့ ညာဘက်ကလည်း စဖြစ်လာတယ်။ ဒီတော့ ဆရာဝန်ကို အင်းစိန်က ပါလာတဲ့ ဆေးမှတ်တမ်းတွေ ပြတယ်။ ဒါပေမဲ့ မြစ်ကြီးနား မှာ ကုလို့ မရဘူး။ ဒီလိုနဲ့ လှမျိုးနောင်ကို မန္တလေး ထောင်ပြောင်းလိုက်တယ်။ မန္တလေးရောက်တော့ မျက်လုံးကို သေချာစစ်မပေးဘူး။ ဒီတော့ ညာဘက်မျက်လုံးအတွက် တိုက်ပွဲဝင်ရတယ်။ ဘယ်ဘက်က မျှော်လင့်ချက် မရှိတာသိပေမယ့် ညာဘက်ပါဖြစ်သွားရင် ဘ၀ဆုံးပြီ။ ဒီတော့ မျက်လုံးတစ်လုံး အတွက် ဘ၀တစ်ခုအတွက် တိုက်ပွဲ ၀င်ရတာပေါ့။ ဆေးကုသခွင့်ရဖို့ ခွင့်ပြုချက်တွေက အဆင့်ဆင့် တင်ရတယ်။ ဆေးဝါးအကူအညီ လည်း မရှိဘူး။ အပြင်က ဆရာဝန်နဲ့ပြခွင့်ဆိုတာ ၆လမှ တစ်ကြိမ်ပဲ ရပါတယ်။ ထောင်ထဲမှာလည်း စက်ကိရိယာ မရှိဘူး။ အပြင်ကိုလည်း ထွက်ခွင့်မရဘူး။ နောက်ဆုံး အကျဉ်းဦးစီးဌာန ညွှန်ချုပ်ရုံး အထိ ဒီပြဿနာ ရောက်သွားတယ်။

လှမျိုးနောင်အခြေအနေ ပိုဆိုးနေပြီ။ စာဖတ်လို့တောင် မရတော့တဲ့အခြေအနေ ရောက်နေပြိ။ ဒီလို လုံးလည်ချာလည်လိုက်ရင်း ၂၀၁၂ ခုနှစ်မှာ သမ္မတရဲ့အမိန့်ထောင်က လွတ်လာပါတယ်။ အမြင် အာရုံကတော့ လှမျိုးနောင် အတွက် မျှော်လင့်ချက်နည်းနည်းပဲ ကျန်တော့တယ်။ အပြင်ရောက် တော့လည်း မျက်စိ ဆရာဝန်တိုင်း ကုလို့ရတဲ့ရောဂါ မဟုတ်ဘူး။ ဘယ်ဘက်မျက်လုံးက လုံးလုံး ကွယ်သွားပြီး အတွင်းတိမ်စွဲနေပြီ။ သူငယ်ချင်းမိတ်ဆွေတွေက သူ့ရဲ့ ညာဘက်မျက်လုံး ဆက်လင်း နေဖို့ ၀ိုင်းဝန်းကြိုးပမ်းကြတယ်။ လှမျိုးနောင်ရောဂါကို ကုနိုင်တဲ့ ဆရာဝန်ကြီးကလည်း မြန်မာနိုင်ငံ မှာ သုံးလေးယောက်လောက်ပဲ ရှိပါတယ်။ နောက်ဆုံး ပန်းလှိုင်ဆေးရုံက ဆရာဝန်ကြီး ဒေါက်တာဇော်မင်းတင်နဲ့ ပြတယ်။

သူက လှမျိုးနောင် မျက်လုံးရောဂါကို ကြိုသိနှင့်ပြီးသား၊ ပြီးတော့ သူယူလာတဲ့ ပညာရပ်ကလည်း လှမျိုးနောင် ရဲ့ ရောဂါကို ကုသနိုင်တဲ့ ဘာသာရပ် ဖြစ်နေ တယ်။ နောက်ဆုံး စစ်ဆေးကြည့်တယ်။ ဆရာကြီး ပြောမယ့်အဖြေ ကို အားလုံးက ရင်တထိတ်ထိတ်နဲ့ နားစွင့်နေတယ်။ ဒေါက်တာဇော်မင်းတင်က လှမျိုးနောင် ရဲ့ ညာဘက်မျက်လုံး အခြေအနေက အရမ်းစိုးရိမ်စရာ မရှိသေးပါဘူးတဲ့။ အဲဒီအခါကျမှ အားလုံး သက်ပြင်းချနိုင်ကြ တော့တယ်။ တစ်ခုခုဖြစ်ခဲ့ရင်လည်း ပန်းလှိုင်မှာ ပစ္စည်းတွေ၊ ကိရိယာတွေ အစုံအလင် ရှိပါတယ် တဲ့။ ခုတော့ လှမျိုးနောင်တစ်ယောက် ညာဘက်မျက်လုံးကပါဝါ ၇၀၀ ကျော်ပေ မယ့် လောကကို မြင်နေရသေးတယ်။ ဘယ်လိုပဲဖြစ်ဖြစ် တခြားသူတွေထက်တော့ သူက ဘ၀ထက်ပို ချစ်ရမယ့် အလင်းမှုန်တွေ ရှိနေ ခဲ့ပါပြီ။

တိုင်မယ် တောမယ် ဆန္ဒပြမယ်

၁၉၈၈ နောက်ပိုင်း နိုင်ငံရေးပြဿနာတွေကြောင့် ထောင်ထဲကို ရောက်လာကြတဲ့ လူတွေက အမျိုးအစားစုံလင် လှပါတယ်။ ဒီလူတွေဟာ ပြင်းထန်လှတဲ့ ဖိအားတွေအောက်မှာ ဘ၀ကို ရှင်သန် နိုင်အောင် နည်းအမျိုးမျိုးနဲ့ ကြိုးစားနေထိုင် ကြပါတယ်။ ဒါပေမဲ့ ထောင်ရဲ့အုပ်ချုပ်ရေး အပိုင်းကို ထိတွေ့ တုံ့ပြန်ဆက်ဆံရာမှာတော့ ပုံစံတွေ မတူကြ ပါဘူး။ Event ဆိုတဲ့ ဖြစ်စဉ်မှာ ထောင်ကျတာ ခြင်း အတူတူပေမယ့် Respond ဆိုတဲ့ တုံ့ပြန်မှု မတူကြတဲ့ အတွက် Out comming တွေလည်း မတူကြပါဘူး။ တချို့နိုင်ငံရေးသမားတွေက ပါဝါပျော့ Soft Power ကိုကိုင်ပြီး ကစားကြတယ်။ တချို့အသက်အရွယ် ငယ်ရွယ်သေးတဲ့ လူငယ်တွေ၊ ကျောင်းသားတွေ ကတော့ ရိုးရှင်းပြီး ဗြောင်ကျတဲ့ Hard Power ကို ကိုင်စွဲကြတယ်။ သူတို့မူကတော့ ရှင်းတယ်။ တိုင်မယ် တောမယ် ဆန္ဒပြမယ်ဆိုတဲ့မူပဲ။ တခါတရံကျတော့လည်း သူတို့မူက အလုပ် ဖြစ်တယ်။ တင်ပြထားတဲ့ ကိစ္စ တွေ ပြဿနာတွေကို မဖြေရှင်းဘဲ အချိန်ဆွဲထားတတ်တဲ့ ကြိုးနီစနစ်အောက်မှာ သူတို့ တုံ့ပြန်မှု ကြောင့် ဂရုတစိုက် လုပ်ကိုင်ပေးလိုက်လို့ အဆင်ပြေသွားတာတွေ ရှိတယ်။ တစ်ခါတလေ ကျတော့ ထောင်အာဏာပိုင်ဘက်က ဆုံးဖြတ်ချက် မပေးနိုင်တဲ့အခါမျိုးမှာ ထိပ်တိုက်တွေ့မိပြီး နှစ်ဖက် နစ်နာတတ်တာ မျိုးတွေလည်း ရှိတယ်။ ထောင်ထဲမှာတော့ ဒီလိုပဲ သရေကွင်းတစ်ကွင်း လို လျှော့လိုက် တင်းလိုက် ကစားနေရတာပါပဲ။

၂၀၀၉ခုနှစ်မှာ ကမ္မရ၀တီမဂ္ဂဇင်းလုပ်နေတဲ့ ညီညီထွန်းခေါ် မီးတုတ်တို့ စိုးမိုးထွန်းခေါ် သူကြီး တို့ တွေ ထောင်ကျလာပါတယ်။ ရွှေဝါရောင်မှာ လွတ်သွားပြီး နောက်ဆုံးရထားနဲ့ လိုက်လာကြသူတွေ သူတို့တွေ လည်း ၁၉၈၈ ကတည်းက ထောင်နှုတ်ခမ်းမှာ လမ်းလျှောက်နေတဲ့သူတွေပါပဲ။ ထောင်ကျကာ  အဆန်း မဟုတ်တော့သလို ထောင်အကြောင်းကို ကောင်းကောင်းသိနေတဲ့သူတွေ ပေါ့။ ထောင်ထဲမှာ ဘယ်လိုနေရမယ်၊ ဘယ်လိုထိုင် ရမယ်ဆိုတာ သူတို့သိတယ်။ ထောင်ဇယား ကျေတယ်။ အုပ်ချုပ်ရေးပိုင် က ခြေတစ်လှမ်းလှမ်းရင် နှစ်လမ်းလောက် ကြိုပြီး မြင်တယ်။ ဒါပေမယ့် သူတို့လည်း သိပ်စိတ်ရှည်ကြတဲ့ သူတွေ မဟုတ်ဘူး။ တိုင်မယ် တောမယ် ဆန္ဒပြမယ် ဆိုတာချည်းပဲ။

ဖြစ်ချင်တော့ ၂၀၁၀ နှစ်ဆန်းပိုင်းမှာ သူကြီးက နားကိုက်ဝေဒနာ ဖြစ်လာတယ်။ ထောင်ထဲမှာ ဆိုတော့ ဆေးမြီးတိုတွေနဲ့ ကုတယ်။ မပျောက်ဘူး။ (၁)လပိုင်းလောက်ကစပြီး ဖြစ်တာ။ (၄)လ ပိုင်း ရောက်လာတော့ နားရောဂါက တော်တော်ဆိုးလာတယ်။ မခံနိုင်တော့တဲ့ အဆုံးထောင်ဆေးရုံ သွားပြတယ်။ အင်းစိန်ထောင်ဆေးရုံမှာကလည်း နား၊ နှာခေါင်း၊ လည်ချောင်း Speciallst မရှိဘူး။ ဘယ်တုန်း ကမှလည်း မထားခဲ့ဖူးဘူး။ အားလုံးသောရောဂါအတွက် အထွေထွေကုတဲ့ ဆရာဝန်ပဲ ပြရတယ်။ သက်ဆိုင်ရာ Speciallist တွေ လေးငါးလနေတော့မှ တစ်ခါ ထောင်ထဲကို မျက်စိလည် လမ်းမှားပြီး ရောက်လာတတ်ပါတယ်။ ခုလည်း သူကြီးတစ်ယောက် ဒုက္ခရောက်နေပြီ။ နားဆရာဝန် ကို အပြင်ဆေးရုံက ခေါ်ပြရတဲ့ မူဝါဒကြောင့် စောင့် ရမယ်တဲ့။ ဘယ်လောက်ကြာအောင် စောင့်ရမှာ လည်းလို့ သူကြီးမေးတော့ ထောင်ထဲမှာ နားရောဂါသမားတွေ စုနေတယ်။ ရာကျော်မှတစ်ခါ ခေါ်တာဆိုတော့ အနည်းဆုံး(၃)လစောင့်ပါတဲ့။ ဘာတတ်နိုင်မှာလဲ။ တိုင်မယ်၊ တောမယ်၊ ဆန္ဒ ပြမယ်ဆိုတဲ့မူလည်း ဒီတစ်ခါ မစွမ်းတော့ဘူး။ နားကိုက်ဝေဒနာကို တစ်စိမ့်စိမ့် ခံစားရင်း (၃)လ စောင့်ရတာပေါ့။

(၃)လကြာတော့ သူကြီး မျှော်လင့်နေတဲ့ အပြင်က ဆရာဝန်ကြီးတွေ ရောက်လာပါတယ်။ သူကြီး လည်း သူ့နားရောဂါ ကို ၀မ်းသာအားရနဲ့ ပြတယ်။ တကယ့်ကြည့်တော့ စက္ကန့် ၅၀ပဲ၊ ပြီးတော့ ရောဂါ အကြောင်းတအား ပြောချင်နေတဲ့ သူကြီးကို ဘာမှမမေးတော့ဘူး။ ဆေးတွေ ပေးသွား တယ်။ နား ဆရာဝန်ကြီး ဆေးတွေပေးသွားပေမယ့် လက်ထဲကို ချက်ချင်း မရဘူး။ ထောင်ပိုင်ကြီး ခွင့်ပြုချက် ရမှ ပေးရမယ်ဆိုပဲ။ ဒါဆို ထောင်ပိုင်လိုနေရာမျိုးမှာ တာဝန်ယူမယ့်သူက အကုန် တတ်မြောက်ရမှာပေါ့။ နားရောဂါ အကြောင်းလည်း တီးခေါက်ထားရမယ်။ နားအတွက် ထုတ်လုပ် ထားတဲ့ ဆေးဝါး အမည်တွေကိုလည်း သိရမယ်။ အနာနဲ့ဆေး ဟုတ်မဟုတ်ကိုလည်း စစ်ဆေးပေး ရမယ်။ နောက်ဆုံး နားဆေးအသုံးပြုဖို့ ထောင်ပိုင်ကြီး ခွင့်ပြုချက်ချပေးလိုက်တဲ့ အချိန်မှာ သူကြီး နားရောဂါက ပျောက်သလောက် ရှိနေပြီ။ အခုတော့ ခေတ်ပြောင်းသွားပြီဆိုတော့ ထောင်ထဲမှာ နားဆရာဝန် ရှိနေပြီလား၊ မရှိသေးဘူးလား မပြောတတ်ပါဘူး။ ထောင်ပိုင်ကြီးလည်း ဆေးတွေ စစ်ဆေးဖို့ အချိန်ရမှ ရပါ့တော့မလား မပြောတတ်ပါဘူး။

နားရောဂါနဲ့ တစ်စခန်း ငြိမ်းသွားတဲ့ သူကြီးဟာ ၂၀၁၁ နှစ်ဆန်းပိုင်းမှာတော့ ခေါင်းမူးဝေဒနာရလာ လို့ တစ်စခန်းထလာပြန်ပါတယ်။ ထောင်ဆေးရုံကို သွားပြတယ်။ ဆရာဝန်က သင့်တော်တဲ့ ဆေးတွေပေးတယ်။ မသက်သာပါဘူး။ နောက်ဆုံး သူ့ရောဂါဟာ ကျီးပေါင်း ဖြစ်နိုင်တယ်လို့ ခန့်မှန်း ပြတယ်။ ဆေးရုံမှာ ဓာတ်မှန်ရိုက်ဖို့ ဆေးစာရေးပေးတယ်။ သူကြီးတစ်ယောက် ဓာတ်မှန်ဌာန ရောက်တော့ အမောဆို့တော့တာပဲ။ ဆေးရုံမှာ စက်တော့ ရှိတယ်။ လောလောဆယ်ရိုက်ဖို့ ဓာတ်မှတ် ဖလင်ပြား မရှိဘူးတဲ့။ ဘယ်ရမလဲ။ သူကြီးတစ်ယောက် တိုင်မယ်၊ တောမယ်၊ ဆန္ဒပြ မယ်ဆိုပြီး ပွဲကြမ်းတော့တယ်။ နောက်ဆုံး ဓာတ်မှန်ဋ္ဌာနက အပြင်ကချေးပြီး ရိုက်ပေးပါ့မယ်လို့ ပြောတယ်။ ဆေးရုံကပြောတဲ့ ပုံကို ကြည့်ပြီး သူကြီးက ထောင်ကိုတော်တော် သနားသွားပါတယ်။ ဓာတ်မှန်ရိုက်ကြည့်တော့ အရိုးကျီးပေါင်း တက်နေတာ သေချာသွားတယ်။ နောက်ဆုံးအပြင်ဆေးရုံ က အရိုးအကြော ဆရာဝန်ကြီး ဒေါက်တာအောင်ကျော်မြင့်က ကိုနေမျိုးဇင်ကို လာကြည့်ရင်းနဲ့ သူကြီးရောဂါကိုပါ စစ်ဆေး သွားတယ်။ ပြီးတော့ ခဲဆွဲပါတဲ့။ သူကြီးက ထောင်တိုက်ခန်းမှာ ခဲဆွဲဖို့ အခက်အခဲ ရှိတယ်ဆိုတာ တင်ပြတယ်။ ဆရာကြီး က တိုက်မှာ ခဲဆွဲဖို့ အဆင်မပြေရင် ဆေးရုံ တက်ပြီး ခဲဆွဲဖို့ အကြံပေး တယ်။ ဆေးစာ လည်း ရေးပေးသွားတယ်။

ဒီဆေးစာကြောင့် သူကြီးဆေးရုံ တက်ခွင့်ရသွားတယ်။ ထောင်ကလည်း ဆေးစာဖတ်ကြည့်ပြီး ခဲဆွဲ ဖို့ ပြင်ပေးတယ်။ သူကြီးက တတ်သလောက် မှတ်သလောက်နဲ့ ကော်လံနဲ့ လုပ်ပေးပါဆိုတော့ မလိုပါဘူးတဲ့။ ဒီတော့ သူကြီးက အလျှော့ပေးလိုက်တယ်။ ဒီလောက် လုပ်ပေးနေတာပဲ အရမ်း ကျေးဇူးတင်နေပြီ။ ဒါပေမဲ့ ရင်ထဲက ကျေးဇူးလေးတွေ ဘယ်ဆီပျောက်သွားလိုက်မှန်း မသိဘူး။ ထောင်ဆေးရုံမှာ ခဲဆွဲရင်း အသုံးပြုရတဲ့ ကြိုးအပတ်တွေ ဘယ်နားထားမှန်း မသိဘဲ ပျောက်နေ တယ်။ ဆရာဝန်နှစ်ယောက်လည်း အချီအချ ငြင်းငုန်နေကြတယ်။ နောက်တော့ တစ်နေရာကနေ တွေ့သွားတယ်။  ယူလာတဲ့ဝန်ထမ်းက သူကြီးကို ကြည့်ပြီး ထောင်ဆေးရုံမှာ ခဲဆွဲရင် ကိုယ်ခန္ဓာ ကို ပတ်တတ်တဲ့သူ မရှိဘူး။ ဒါကြောင့် လွဲမှားမှုရှိရင် တာဝန်မယူနိုင်ဘူး လို့ လူကို ဘုကြည့်ကြည့် ပြီး ပြောပြန်ရော။ သူကြီးလည်း ကြောက်သွားတယ်။ ကျွန်တော် ပြန်ပြီး ဆွေးနွေးတိုင်ပင်ပါရစေ ဆိုပြီး တိုက်ကို ပြန်လစ်လာခဲ့တယ်။

ပြီးတော့ ရုံးချုပ်ကို စာတွေဘာတွေ ရေးပြီး တိုင်ပါလေရော။ တစ်လလောက်အကြာမှာ သူကြီးကို အပြင်ဆေးရုံထုတ် ကုပေးမယ်ဆိုပြီး အင်းစိန်ဆေးရုံကို Refer လုပ်ပေးတယ်။ ဒီလိုဆိုတော့ တိုင်မယ်၊ တောမယ်တွေ က အလုပ်ဖြစ်သွားတယ်ဆိုရမှာပေါ့။
ဒါပေမဲ့ အင်းစိန်ဆေးရုံ လည်း ရောက်ရော ဆရာဝန်ကြီး က သူကြီး ရှေ့တည့်တည့်မှာ ထားပြီး ထောင်ဝန်ထမ်းနဲ့ ရဲတပ်သားတွေ ကို "ချီးထုပ်တွေ" ခေါ်လာရမလားဆိုပြီး ဟောက်တယ်။ သူကြီး ကလည်း ငြိမ် မခံဘဲ ပြန်ပြောတယ်။ နောက်ဆုံး ခဲဆွဲဖို့ Word တာဝန်ခံနဲ့ လွှဲပေးလိုက်တယ်။ တာဝန်ခံကလည်း စိတ်မပါ လက်မပါ နဲ့။ လူတွေကို တခြားဂြိုဟ်ကလာတဲ့ ဂြိုဟ်သားတွေကို ကြည့်နေတဲ့ အကြည့်မျိုးတွေနဲ့ Discriminating (ခွဲခြားနှိမ့်ချ) တဲ့ အမူအယာတွေ လုပ်ပြတယ်။ နောက် အင်းစိန်ဆေးရုံမှ မလုပ်ပါ နဲ့။ ထောင်ထဲမှာ ပဲ ခဲဆွဲပါဆိုပြီး ညွှန်ကြားလာပြန်တယ်။

သူကြီး စိတ်တွေ တအားဆိုးနေပြီ။ ထောင်ထဲမှာ မလုပ်နိုင်ဘူးဆိုပြီး Complain တက် တယ်။ ထောင်ဆေးရုံ မှာ ဖြစ်ပျက်ခဲ့တဲ့ အဖြစ်အပျက်တွေကို ပြန်ပြောတယ်။ ကုသပုံတွေကို မယုံကြည်ဘူး ပေါ့။ ဒါပေမဲ့ အင်းစိန်က ဘာမှ စိတ်မပူ ဖို့ ဖျောင်းဖျတယ်။ သူတို့ကို ခဲဆွဲနည်းတွေ သေသေချာချာ သင်ပြလိုက်တယ် လို့လည်း ပြောတယ်။ ကော်လံ မရှိဘူးဆိုတော့လည်း ကော်လံပေးလိုက်မယ်တဲ့။ အဲဒီလို လွှတ်ပြီး သဘော ကောင်းနေတော့ သူကြီးက စိတ်ဆိုးပြေသွားတယ်။ ၅(ည)တွေက အချော့ ကြိုက်မှန်း ဆေးရုံတွေက သိထားပြီး သား။ ဒီလိုနဲ့ သူကြီးလည်း ထောင်ထဲ ပြန်လာခဲ့တယ်။
ထောင်ဆေးရုံ ကလည်း ဒီတစ်ခါ လှိုက်လှိုက်လှဲလှဲ နွေးနွေးထွေးထွေးပဲ။ သူတို့ သေချာလုပ်ပေးပါ့ မယ်လို့ ပြော တယ်။

ပြီးတော့ အင်းစိန်ဆေးရုံက ပေးလိုက်တဲ့ ကော်လံကို ယူခဲ့ဆိုပြီး ဆေးတပ်သား လေးကို မှာ တယ်။ ဆေးတပ်သားလေးက ချက်ချင်း ပြေးယူလာတယ်။ နောက်ပြီး သူကြီးလည်ပင်း ပတ်ပေးဖို့ ကြည့်လိုက်တော့ အားလုံး မျက်စိမျက်နှာတွေ ပျက်ကုန်ပြီ။ ကော်လံက လည်ပင်းပတ် တဲ့ဟာကို ခါးမှာ ပတ်တဲ့ ဟာ မှားပြီးပါလာတယ်လို့ ဖြစ်ရော။ သူကြီးဘာမှ ပြောချင်စိတ် မရှိတော့ ဘူး။ စိတ်အကြီးအကျယ် ပျက်သွားတယ်။ သူ့ရဲ့ အရိုးကျီးပေါင်ရောဂါ ကိုတောင် ဆက်ပြီး ကုချင် စိတ်မရှိတော့ဘူး။ ပြဿနာဖြစ်တိုင်း တိုင်မယ်၊ တောမယ်၊ ဆန္ဒပြမယ်ဆိုတဲ့ သူတွေကိုတောင် ဒီလို ဆက်ဆံနေရင် မပြောရဲ မဆိုရဲ ဘာမှနားမလည်ရှာ တဲ့ ကြောက်တတ်တဲ့ အကျဉ်းသားတွေဆိုရင် ဘယ်လိုဆက်ဆံမလဲ ဆိုတာ တွေးကြည့် မိတိုင်း ကြက်သီးထမိတယ်။

ငါးထောင်ပြန်ဇောက်ထိုးနှင့် အမှောင်ဖုံးသွားသော အလင်းတန်းများ

၈၈ မျိုးဆက်ကျောင်းသားအဖွဲ့ထဲမှာ ညီတစ်ယောက်လို ခင်မင်နေတဲ့သူ တစ်ယောက် ရှိပါတယ်။ သူနာမည်အရင်းက သက်ဇော်လို့မှည့်ထားပေမယ့် အားလုံးက ဇောက်ထိုးလို့ပဲ ခေါ်ကြတယ်။ သူက အရာရာကို သူများမြင် တဲ့ ရှုဒေါင့်ကနေ ကြည့်တတ်မြင်တတ်လွန်းလို့ပါ။ ဇာတိက ရေစကြို သား၊ "ဇ"ကတော့ မသေးဘူး။ ၈.၈.၈၈ ရေစကြိုမှာ ကျောင်းသားသမဂ္ဂစာရွက်တွေဖြန့်ဝေမှုနဲ့ မြန်မာနိုင်ငံသမိုင်းတစ်လျှောက် ပထမဆုံးအဖမ်းခံရတဲ့ အခြေခံပညာအထက်တန်းကျောင်းသား။ ဒီကိစ္စကို တစ်မြို့လုံးက မကျေနပ်တဲ့အတွက် ဆူပူအုံကြွတော့ မှ သူ့ကိုပြန်လွှတ်ပေးလိုက်ပါတယ်။ ဒါပေမဲ့ အပြင်မှာ ကြာကြာမနေလိုက်ရပါဘူး။ ၁၉၈၉ ကျောင်းသား အရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အတွက် စစ်ခုံရုံးက ထောင်ဒဏ် ၄ နှစ်အပြစ်ပေးခံရပါတယ်။ ပခုက္ကူထောင် မှာ နေထိုင်ခဲ့ရပြီး ၁၉၉၃ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။ အဲဒီအချိန် မှာ ထောင်အတွေ့ အကြုံလည်းရပြီ။

ကျောင်းလည်း ပြန်တက်ခွင့်မရတော့တဲ့အတွက် ရန်ကုန်ကိုဆင်းလာပါတယ်။ ရန်ကုန်ရောက်တော့ စားဝန်နေရေးအတွက် စာပေနယ်ပယ်မှာ ကျင်လည်ခဲ့ပါတယ်။ စာပေနယ်ရောက်ပေ မယ့် နိုင်ငံရေး သွေးသားကတော့ ဖျောက်ဖျက်မရခဲ့ဘူး။ ဒီလိုနဲ့ ၁၉၉၉ မှာ ကိုးလေးလုံးလှုပ်ရှားမှုတွေကြောင့် ဒုတိယ အကြိမ် အဖမ်းခံရပြန်တယ်။ ဒီအမှုမှာလည်း ထောက်ဒဏ် ၁၇ နှစ်ကျခဲ့တယ်။ အင်းစိန် ထောင်ကနေ သရက်ထောင် ကို ပြောင်းရွှေ့ခြင်းကိုလည်း ခံခဲ့ရပါတယ်။ သရက်မှာ ငါးနှစ်ကျော် ခြောက်နှစ် နီးပါးနေခဲ့ပြီးတဲ့ နောက် ၂၀၀၅ ခုနှစ်မှာ ပြန်လည်လွတ်မြောက်ခဲ့ပါတယ်။
ပြန်လွတ် လာတော့ ကိုမင်းကိုနိုင်တို့ ဦးဆောင်တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗ.က.သ)နဲ့ ပူးပေါင်းပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့တယ်။ နောက်ဆုံးနိုင်ငံရေး ရေချိန်မြင့် တက်လာပြီး ၂၀၀၇ သြဂုတ်လထဲမှာ လောင်စာဆီဈေးနှုန်းမြင့်တက်လာမှုကို အကြောင်းပြုလို့ လမ်းလျှောက်ဆန္ဒပြရာမှာ ပါဝင်ခဲ့ပါ တယ်။

ဒီဖြစ်ရပ်ကြောင့် သြဂုတ်လ ၂၁ ရက်နေ့မှာ အဖမ်းခံရပြီး ၂၀၀၈ ခုနှစ် နိုဝင်ဘာလမှာ ထောင်ဒဏ် ၆၅ နှစ် အပြစ်ပေးခံခဲ့ရပါတယ်။ သူ့ကို ထောင်တွေ ရွေ့ ပြောင်းတဲ့အခါ မော်လမြိုင်ထောင်ကို ပြောင်းပေးခဲ့ပြီး ထောင်နဲ့ ပြဿနာတက်ခဲ့လို့ မော်လမြိုင်က နေ ရွှေဘိုထောင်ကို ထပ်မံပြောင်းရွှေ့ခြင်း ခံခဲ့ရပါတယ်။ ဇောက်ထိုးပုံစံက ဒီဂရီမျက်မှန်ထူထူ လည်ကတုံးအင်္ကျီကို သပ်သပ်ရပ်ရပ် ဝတ်ထားလေ့ ရှိပြီး လက်ထဲမှာလည်း ဖတ်လက်စ စာအုပ် တစ်အုပ်အမြဲရှိပါတယ်။ သူက အတွေးအခေါ် စာအုပ်ကို စွဲစွဲမြဲမြဲဖတ်လေ့ရှိပြီး သူငယ်ချင်းတွေနဲ့ လည်း အမြဲတမ်းဆွေးနွေးငြင်းခုံ တတ် ပါတယ်။ နှိုက်နှိုက်ချွတ်ချွတ် လည်း မေးတတ်တယ်။ တစ်ဖက် သားကိုလည်း ပညာစမ်းလေ့ရှိတယ်။ ဒါကြောင့် လည်း ဇောက်ထိုးလို့ နာမည်ကျော်ခဲ့တာပေါ့။

ရွှေဘိုထောင်က သူအတွက်တော့ ဘဝမှာ ပဉ္စမမြောက်ထောင်ဖြစ်ပါတယ်။ အပူပိုင်းဒေသက ထောင်တွေကို မစိမ်းတဲ့ ဇောက်ထိုးအတွက် ရွှေဘိုထောင်က သူ့အတွက် သာသာယာယာပါပဲ။ ဒါ ပေမဲ့ တစ်ရက်မှာ သူ အိပ်ယာက ထလာတော့် အမြင်အာရုံတွေ မှုန်ဝါးနေတယ်။ တဖြေးဖြေးအား စိုက်ကြည့်ရ မြင်ရတယ်။ နဂိုကတည်း က မျက်မှန်သမားတွေဖြစ်နေတော့ မျက်စိနဲ့ပတ်သက်ပြီး တစ်ခုခုဖြစ်နေပြီဆိုတာကို သိလိုက်တယ်။ ခက်တာက မြန်မာနိုင်ငံမှာရှိတဲ့ ထောင်တွေမှာ မျက်စိ ဆရာဝန်ဆိုတာ မထားဘူး။ ထောင်သားတွေ အတွက် ထောင်ထဲကို ရံဖန်ရံခါမှလာတတ်တဲ့ မျက်စိ ဆရာဝန်၊ သွားဆရာဝန်တွေ ကို မျှော်လင့်စောင့်စား ရတယ်။ ခုပြဿနာက ဇောက်ထိုးအနေနဲ့ အကြာကြီးမစောင့်နိုင်ဘူး။ မျက်စိ က မြင်မှမမြင်ရတော့တဲ့ ဥစ္စာ၊ နောက်ဆုံး ထောင်ပိုင်ကြီးကို တင်ပြသတင်းပို့ရတော့တာပေါ့။

ထောင်ကလည်း မျက်စိသမားတော်ကို ရအောင်ခေါ်ပေးပါတယ်။ ဇောက်ထိုးက အရေးကြီး တဲ့ နိုင်ငံရေးအကျဉ်းသားဆိုတော့ ထောင်အပြင် ထွက်ကုသခွင့်မရဘူး။ အထဲမှာပဲကုသရတယ်။ သမားတော်ကြီး ကလည်း ထောင်ထဲမှာဖြစ်နိုင်သမျှ အကောင်းဆုံး ကုပေးပါတယ်။ ဇောက်ထိုးရဲ့ မျက် စိရောဂါ ကို စစ်ဆေးကြည့်လိုက်တော့ Open angle ဂလိုကူးမား (glaucoma) တဲ့။ မြန်မာ လို လွယ်လွယ်ပြောရရင် ရေတိမ်ရောဂါပေါ့။ တစ်ကယ်တော့ ဒီလို ရောဂါတွေဟာ သေချာစစ်ဆေး ကုသရင် ပျောက်ကင်းလေ့ရှိတယ်။ ဒါပေမယ့် မျက်စိကို အဓိကအာရုံစိုက်အလုပ်လုပ်ရတဲ့ သူတွေ အဖို့ခြောက်လ တစ်ကြိမ်လောက် စစ်ဆေးပြီး ကုသရင်ရပါတယ်။ ထောင်ထဲရောက်နေရင်တော့ ကံဆိုး မိုးမှောင်ကျပြီလို့ ဆိုရမယ်ထင်ပါတယ်။ ထောင်တွေမှာ မျက်စိကုသဖို့ ပစ္စည်းကိရိယာတွေ လုံးဝမရှိပါဘူး။ ဒါကြောင့် ထောင်ထဲမှာ မျက်စိရောဂါဖြစ်ရင် အခြေအနေပိုးဆိုးလာဖို့ပဲ ရှိပါတယ်။ ခုလည်း ဇောက်ထိုး မျက်လုံးမှာ ဖြစ်တဲ့ဖြစ်တဲ့ရောဂါကို ရှာဖွေတွေ့ရှိတဲ့ အချိန်မှာ အရမ်းနောက် ကျသွားခဲ့ပါပြီ။ သူမျက်လုံးက opitcal Neverse (အမြင်အာရုံကြော)ဟာ ရှစ်ဆယ်ရာခိုင်နှုန်း ပျက်စီးသွားပြီဖြစ်ပါတယ်။

အကောင်းအတိုင်းကျန်နေသေးတဲ့ နှစ်ဆယ်ရာခိုင်နှုန်းနဲ့ မြင်နေရတာ ပါ။ အလင်းအတွက် မျက်လုံးထဲက အခေါင်းပေါက်က သိပ်ကျဉ်းလွန်းသွားပြီး အမြင်အာရုံရဖို့ အရမ်းအားစိုက်ရပါတယ်။ နောက်ဆုံး မျက်စိ သမားတော် အန်တီက နှစ်ဆယ်ရာခိုင်နှုန်းအကောင်း အတိုင်းကျန်တဲ့ နာမ်ကြောတွေကို မပျက်စီးစေဖို့ မျက်စဉ်းဆေး တစ်မျိုးခပ်ရန် ဆေးစားရေး ပေးပါတယ်။ ထောင်ကို ၃၀၀၀၀ တန်မျက်စဉ်းဆေးဝယ်ဖို့ပြောတော့ အဲဒီမှာ ပြဿနာတက်တော့ တာပါပဲ။

ထောင်မှာဖြစ်နေတာက ဘတ်ဂျက်ပြဿနာ။ တိတိကျကျရှင်းပြရမယ်ဆိုရင် ထောင်မှာ ဆရာဝန် ရော၊ ဆေးမှူးရော ရှိတယ်။ ဒါပေမဲ့ သူတို့တွေက အကျဉ်းဦးစီးဌာနက ခန့်ထားတာဖြစ်ပေမယ့် ဖွဲ့စည်းပုံ မရှိဘူး။ ဖွဲ့စည်းပုံမရှိတော့ ရုံးချုပ်က ဆေးဖိုး ဘတ်ဂျက်ချထားမပေးဘူး။ ဇောက်ထိုးက သူ့မျက်စဉ်းဆေးဝယ်မယ့် ကိစ္စကိုထောင်ပိုင်ရော၊ ဆရာဝန်ရော၊ ဆေးမှူးရော သုံးယောက်စလုံး နဲ့ တွေ့ပြီးတိုင်ပင်ဆွေးနွေးတယ်၊ သူတို့ကလည်း ၀ယ်ဖို့တရားဝင် ဘတ်ဂျက်မရှိဘူး။ သူတို့ထောင် ရဲ့ကျန်းမာရေးစောင့်ရှောက်မှု လုပ်နေရတာက ထောင်သားတချို့တလေဆီက လှူပြီး ရတဲ့ငွေရယ်၊ ထောင်သက်သာ ရန်ပုံငွေရယ်မျှတသုံးစွဲပြီး လုပ်ဆောင်နေရတာ ဖြစ်ပါတယ်။

သူတို့ဘ၀ကလည်း ဆေးသာကုပေးနေရတာ။ ဘ၀အတွက် မှားသွားမှာ၊ ပြဿနာတက်မှာ စိုးရိမ်ပူပန်နေ ရတယ်။ ဟုတ်လည်းဟုတ်တယ်။ သူတို့သုံးနေရတာက တရာမ၀င် ငွေကြေးတွေလို့ ခေါ်လို့ရတယ်။ အစိုးရက တရားဝင်ပေး တဲ့ ငွေကြေးကို မရဘူး။ ဒီတော့ ထောင်မှာ ၀န်ထမ်းအဖြစ်ရှိပေမယ့် ဖွဲ့စည်းပုံမှာမပါတော့ လူရှိနေပြီး အကြုံးမ၀င်သလို ဖြစ်နေတယ်။ ဒီတော့ ဂျာအေးသူ့အမေရိုက်ဆို သလို လုံးလည်ချာလည်လိုက်နေတယ်။ ဇောက်ထိုးဆိုတာ ဘယ်ထောင်မှာဖြစ်ဖြစ် ဘာမှကြောက် ရွံ့မနေဘဲ မဟုတ်မခံပြန်ပြောတတ်တဲ့သူ၊ ဘာနဲ့ခြောက်ခြောက်တုန်လှုပ်မရှိ တုန့်ဆိုင်းခြင်းမရှိ တုန့်ပြန်တတ်သူ၊ အကျဉ်းသားတွေရဲ့ ရပိုင်ခွင့် အခွင့်အရေးအတွက် တောင်းဆိုတဲ့ နေရာမှာရှေ့ ဆုံးတန်းကနေ တတ်သူ။

ခုသူဖြစ်နေတဲ့ မျက်စိပြဿနာမှာတော့ ထောင်ကဆရာဝန်လေးနဲ့ ဆေးမှူးကို တော်တော်သနား သွားတယ်။ တကယ်တော့ သူတို့က မကုပေးချင်ုတာမှ မဟုတ်ဘဲ။ ခေတ်နဲ့ စနစ်ကြီးကြောင့် ခုလိုဖြစ်နေရတာလေ။ ၀န်ထမ်း ဆိုတာ ကြိုးနီစနစ်အောက်မှာ ပြားပြားမှောက်နေရတဲ့ဘ၀။ ကြယ်နီ ရေးတဲ့ ကိုဒေါင်းစိန်တို့ မိသားစုနဲ့ ဘာများခြားနားလို့လဲ။ ဒီလိုနဲ့ ငါးထောင်ပြန်ဇောက်ထိုးတစ် ယောက် သုံးသောင်းတန်မျက်စဉ်းခပ် ရဖို့အတွက် သူ့အိမ်ကိုပဲ ထုံးစံအတိုင်းလှမ်းမှာရပါတော့ တယ်။ ဘယ်လိုပဲဖြစ်ဖြစ် ၁၉၉၈ ခုနစ် ကတည်းက ထောင်နဲ့ ရင်းနှီးကျွမ်းဝင်နေတဲ့ ဇောက်ထိုးအ တွက် အကျဉ်းဦးစီး ဌာနရဲ့ဖွဲ့စည်း ပုံ၊ ငွေကြေး သုံးစွဲပုံ၊ ထောင်အာဏာပိုင်တွေရဲ့ လုပ်ကိုင်ဆောင် ရွက်တတ်ပုံတွေကို အလွတ်နည်းပါး သိနေတဲ့အတွက် သူ့မျက်လုံးကုသဖို့ အိမ်ကိုငွေမှာရတဲ့ ကိစ္စ မှာလည်း ထူးမခြားနား ဇာတ်လမ်း တစ်ခုသာဖြစ်ကြောင်း ရယ်တစ်ဝက် ပြုံးတစ်ဝက်နဲ့ ရင်ဖွင့်သွား ခဲ့ပါတယ်။

၉ လေးလုံးနှင့် ကြက်သားတစ်တုံး

၉လေးလုံးဆိုတဲက ၉  ၉  ၉  ၉ နေ့မှာ တစ်နိုင်ငံလုံးသပိတ်မှောက်မယ်ဆိုတဲ့ ကောလဟာလတွေ ကြောင့် စစ်အစိုးရ ခေါင်းခဲစရာ ကြုံခဲ့ရပါတယ်။ ဒါကြောင့် ရှစ်လေးလုံးမှာ တက်တက်ကြွကြွပါဝင် လှုပ်ရှားခဲ့ပြီး ထောင်ကျခဲ့ဖူးတဲ့ နိုင်င့ရေးအကျဉ်းသားဟောင်းတွေကို ၉လေးလုံးမတိုင်ခင်မှာ ခေတ္တ ခဏ ထိန်းသိမ်း လိုက်ပါတယ်။ ခန့်မှန်းခြေ လူ ၂၀၀ လောက်ကို အိမ်တိုင်ယာရောက် လိုက်ခံခေါ်ယူ ပြီးပဲခူးနားက အင်းတိုင်စစ်တပ်ထဲမှာ ထည့်ထားလိုက်ပါတယ်။ အတော်များများ ဟာ ထောင် ထဲက  ပြန်လည်လွတ်မြောက်လာပြီး စားဝတ်နေရေးအတွက် ရုန်းကန်ကြွရလို့ အချင်းချင်းတောင် အပြင် မှာပြန် မတွေ့ကြရတာတွေရှိပါတယ်။ စစ်ထောက်လှမ်းရေးက ခုလိုခေါ်ယူလိုက်လို့ အင်းတိုင်မှာ အချင်းချင်းပြန်ဆုံကြ၊ မိသားစု အခြေအနေတွေ မေးကြမြန်းကြနဲ့ပျော်စရာကောင်းနေကြပါသေး တယ်။

 အဲဒီအချိန်က မြို့နယ်အလိုက် နိုင်င့ရေး "ဇ"ရှိတဲ့ လူတွေကိုခေါ်တာဖြစ်တဲ့အတွက် ကြည့် မြင့်တိုင်က ညီညီလှိုင်၊ ဒဂုံမြို့နယ်က ထက်ရာဇာ၊ တောင်ဥက္ကလာက သျှိုညိုထွန်းသိန်း၊ လှည်းတန်းက ကိုအောင်သူ၊ သင်္ဃန်းကျွ်းက ဗသက်အောင်၊ မှော်ဘီကအေးလွင်၊ တောင်ဒဂုံက ကိုမင်းဇေယျာ စတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်းတွေပါ လာကြပါတယ်။ သူတို့အားလုံးကို အင်းတိုင်မှာ အဆောင်(၂)ဆောင် ခွဲထားပြီး သက်ဆိုင်ရာတာဝန်ခံဗိုလ်မှူးက မနက်ဆိုလက်ဖက် ရည်နဲ့ပဲပလာတာ၊ နေ့လည်နဲ့ ညနေမှာ အသားဟင်းတစ်ခွက်၊ အသီးအရွက်ကြော်တစ်ခွက်နဲ့ ထမင်းကိုကောင်းကောင်းကျွေးပါတယ်။ ညနေခင်းမှာ အားကစား လုပ်မယ်ဆို ခြင်းခတ်၊ ဘောလုံး ကန်လို့ရသလို ညဘက်မှာလည်း ရုပ်မြင်သံကြားစက်က အဆင်သင့်ပါ။ အားလုံးကို တာဝန်ခံတပ် အရာရှိက ၉ ၉ ၉ ၉ မှာ ဆူပူအကြမ်းဖက်မှုတွေမဖြစ်ဖို့ ခေတ္တခဏသာ ထိန်းသိမ်းတဲ့အကြောင်း ရှင်းလင်းပြောဆိုထားပါတယ်။ ဒါပေမဲ့ တစ်ခုဆိုးတာက လူတွေကို ဘောပင်နဲ့ စာရွက်တွေဝေငှ ပြီး အရင်ဖြစ်ခဲ့တဲ့ အမှုဖြစ်စဉ်နဲ့ လက်ရှိနိုင်ငံရေးကိစ္စကြီးကို ခုလိုပြန်ဖော်ထုတ်ရတော့ ခံစားမှုတွေ အသစ်ပြန်ဖြစ်ပြီး စိတ်တွေ ဆင်းရဲကြရတာပေါ့။ ပြီးတော့ အခုလိုခေါ်ယူတာဟာ ရမ္မာန်ကြီး တစ် ယောက်ပဲဆိုတော့ စိုးရိမ်ပူပန်မှုတွေ၊ စိတ်ဖိစီးမှုတွေ သိပ်မရှိကြပါဘူး။

ဒီလိုနဲ့ ၉  ၉  ၉  ၉ ကို ဟေးလားဝါးလားနဲ့ ကျော်ဖြတ်ခဲ့ကြပါတယ်။ အင်းတိုင်မှာ နှစ်ပတ်နေပြီး ပြီမို့ အိမ်လည်းပြန်ချင်နေကြပါပြီ။ မိသားစုကိုလည်း လွမ်းနေကြရပါပြီ။ ဒါပေမဲ့ နောက်တစ်နေ့ မနက်မှာ ဗိုလ်မှူးက မျက်စိပျက်မျက်နှာပျက်နဲ့ ရောက်လာပါတယ်။ သူကပြန်လွှတ်ပေးချင်ပေမယ့် အထက်လူကြီူးတွေက ၁ နဲ့ ၈ပေါင်းခြင်း ကလည်း ၉ ရတာမို့ ၁၈-၉-၉၉အထိသည်း ခံနေပါဦးလို့ ပြောလိုက်ကြောင်းအားလုံးကို ရှင်းပြပါတယ်။ အားလုံးလည်း စိတ်ပျက်လက်ပျက်တော့ ဖြစ်သွား တာပေါ့။ ဒါပေမဲ့ နောက်ထပ် လေးငါးဆယ်ရက်နဲ့တော့ မထူးပါဘူးဆိုပြီး အားလုံးဘာမှ မပြောကြတော့ပါဘူး။ တစ်ရက် တစ်ရက်ထမင်းလေးစားလိုက်၊ ခြင်းလေးခတ်လိုက်နဲ့ ၁၈ရက်နေ့ ကိုမျှော်နေကြပါတယ်။ ဒီလိုနဲ့ ၁၈ရက်နေ့ကိုရောက်လာပါတယ်။ တချို့က အိမ်ပြန်ဖို့ အ၀တ်အစားတွေတောင် သိမ်းထားပြီပြီ။ တချို့ကလည်း မိသားစုနဲ့တွေ့ချင်နေကြပြိ။ ဆယ်နာ ရီလောက်မှာ တာဝန်ခံစစ်ထောက်လှမ်းရေး ဗိုလ်မှူးရောက်လာပါတယ်။ သူက အားလုံး ရဲ့ မျက်နှာ ကိုအားနာလို့ မကြည့်တော့ဘဲ ရှင်းလင်းချက်ကို တိုတိုပြတ်ပြတ်ပဲ ပြောပါတယ်။ အထက်လူကြီး က ၂ရက်နဲ့ ၇ပေါင်းခြင်းကလည်း ၉ရတာမို့ ၂၇-၉-၉၉ အထိ အားလုံးထပ်နေရဦးမယ်ဆိုတဲ့ အကြောင်း ပါပဲ။ အားလုံး ဟင်ကနဲ ဟာကနဲတွေဖြစ်ကုန်တယ်။ စီးပွားရေးသမားတွေကလည်း အော်ကုန်ပြီ။ သူတို့စီးပွားရေးလုပ်ငန်းတွေ ပစ်ခဲ့ရတာကြာပြီကိုး။

အဲဒီနေ့ကစပြီး အဆောင်(၂)ဆောင်လုံး ဆူဆူညံညံအပျော်အပျက် စတာနောက်တာတွေ တိုးတိတ်သွားတယ်။ အားလုံးရဲ့ ရင်ထဲမှာ ပါးစပ်က ထုတ်ဖော်မပြောပေမယ့် ၂၇ရက်ကျော် ရင် ကောပြန်လွှတ်မှာလားဆိုတဲ့ မေးခွန်းကပေါ်လာတယ်။ ကိုယ့်အနာဂတ်နဲ့ မိသားစု ဘ၀ကိုလည်း စိုးရိမ်ပူပန်နေကြရပါပြီ။ ထိန်းသိမ်းထားတဲ့ သူတွေကတော့ တာဝန်တော်တော်ကျေပါတယ်။ ဟင်းတွေက အရင်ကထက်တောင်ကောင်းလာသေးတယ်။ အင်းတိုင်မှာရှိတဲ့ ရဲဘော်လေးတွေက လည်း ထိန်းသိမ်းထားတဲ့သူတွေလိုအပ်တာ၊ တောင်းဆိုသမျှ အတတ်နိုင်ဆုံး ဖြည့်ဆည်းပေးကြပါ တယ်။ ဒါပေမဲ့ အခြေအနေကတော့ အေးစက်တင်းမာကုန်ကြပြီ။ ရှေ့ရေးအတွက် တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ဆွေးနွေးတိုင်ပင်နေကြပြီ။ အပြင်လောကမှာ ဆူပူမှုတွေ၊ ဆန္ဒပြမှုတွေ မဖြစ်ပါ စေနဲ့လို့ ဘုရားမှာဆုတောင်းရတာလည်း အမောပါပဲ။ တကယ်လည်း ရန်ကုန်မှာ ဘာမှမဖြစ်ခဲ့ ပါဘူး။ အုပ်ချုပ်သူတွေ ထက်တော့ ၉လေးလုံးကို တော်တော်ကြီးတွက်တားပုံရပါတယ်။ အပြင်က လှုပ်ရှားမှုတွေ ကို စောင့်ကြည့်နေကြပါတယ်။

တစ်နေ့မှာတော့ နေ့လည်စာကို ကြက်သားနဲ့ အာလူးဆီပြန်ချက်ပြီး ကျွေးပါတယ်။ အားလုံးက ဟင်းကောင်းပေ မယ့် မြိန်မြိန်ရှက်ရှက် မစားနိုင်ကြတော့ဘူး။ အဲဒီအချိန်မှာ မှော်ဘီလူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ ဥက္ကဋ္ဌလုပ်ပြီး ထောင်ကျခဲ့တဲ့ မှော်ဘီအေးလွင် (ခယုကျူရှင်ဆရာ)က သူ့အတွက် ချပေးထား တဲ့ ကြက်ပေါင်ကိုမစားဘဲ စူးစိုက်ကြည့်နေပါတယ်။ သူ့ဘေးက ညီညီလှိုင် တို့ထက်ရာဇာ တို့ကလည်း အေးလွင်ဘာလုပ်ပါလိမ့်ဆိုပြီး အကဲခတ်ကြည့်နေပါတယ်။ အေးလွင် ကကြက်ပေါင်ကို မစားဘဲရုတ်တရက်ကောက်ယူပြီး နံရံကိုကောက်ပေါက်လိုက်ပါတယ်။ ထမင်းစား နေတဲ့သူတွေအားလုံး လှုပ်လှုပ် ရှားရှားဖြစ်သွားတယ်။ ပြီးတော့ အေးလွင်က အသံနက်ကြီးနဲ့ အော်ပြီး အဆောင် အပြင်ဘက်ကို ပြေးထွက်သွားပါတယ်။

အပြင်ရောက်တော့ မြေကြီးပေါ်ကို ဒူးထောက်ထိုင်လိုက်ပြီး ငိုနေပါတယ်။ အေးလွင်နောက်ကို စစ်ဗိုလ်လေးတစ်ယောက်နဲ့ ရဲဘော် သုံးလေးယောက် အပြေးအလွှားလိုက်သွားတယ်။ အားလုံး က အေးလွင်ရုတ်တရက် စိတ်ဖောက် သွားတယ်လို့ထင်နေကြတယ်။ အေးလွင်ကတော့ မျက်ရည်ကျနေရင်း ကနေ မြေကြီးကို လက်သီးနဲ့ အဆက်မပြတ်ထိုးနေတယ်။ လက်တွေ လည်း ပေါက်ပြဲ ပဲ့ရွဲ့ပြီး သွေးချင်းချင်း နီနေပြီ။ ငိုနေတဲ့ အေးလွင်ကို စစ်ဗိုလ်လေးကလည်း အကြောင်းရင်း ကို ချော့မော့မေးမြန်း တယ်။ ဒီတော့မှ အေးလွင်က စစ်ဗိုလ်လေးကို ပြန်ကြည့်ပြီး တစ်လုံးချင်းပြောပြတယ်။
"ခင်ဗျားတို့ကို ကျေးဇူးတင်ပါတယ်။

ကျုပ်တို့ကို ခဏဆိုပြီး ဖမ်းထားပေ မယ့်ကောင်းကောင်း ထားတယ်။ ကောင်ကောင်းကျွေးတယ်၊ ဒါပေမဲ့ ကျုပ်အိမ်ကထွက်လာရတာ တစ်လရှိပြီဗျာ။ ခု ခင်ဗျားတို့ ကျွေးတဲ့ကြက်သားတုံးကို ကျုပ်ဘယ်လိုမှ မျိုမကျနိုင်တော့ဘူး။ ဘာလို့လဲဆိုတော့ အိမ်မှာကျန်ခဲ့တဲ့ မိန်းမနဲ့ကလေးငါးယောက် ဘာနဲ့စားနေသလဲ ဆိုတာ တွေးမိလို့ ကျုပ်လုံးဝမစား နိုင်တော့ဘူး ကဲ ရှင်းပြီလား....."
အေးလွင် က စကားဆုံးသွားတဲ့အခါ စစ်ဗိုလ်ကလေးနဲ့ ရဲဘော်တွေလည်း ကြက်သေသေသွား တယ်။ ဘာမှပြန် မပြောနိုင်တော့ဘူး။ အေးလွင်ကို ရဲဘော်တွေကတွဲပြီး ပြန်ခေါ်သွားတယ်။ လက်ကို ဆေးထည့်ပေးတယ်။ ဒီဖြစ်ရပ်အပြီး မကြာခင်မှာပဲ တပ်မတော် ထောက်လှမ်းရေးက ဗိုလ်မှူးကြီးတစ်ယောက်ရောက်လာပါတယ်။ အရပ်ရှည်ရှည်ကလန် ကလားနဲ့ပါ။ နိုင်ငံတော် အစိုးရရဲ့ မူဝါဒတွေကို ရှည်ရှည်လျားလျားရှင်းပြပါတယ်။

အစိုးရနဲ့ ထောက်လှမ်းရေးအဖွဲ့က အားလုံးအပေါ်စေတနာထားကြောင်းနဲ့ ခေတ္တထိန်းသိမ်းထားစဉ်မှာ လိုအလေသေး မရှိထားပေးခဲ့ ကြောင်း အခုတိုင်းပြည်မှာ ပြန်လည်တည်ငြိမ်အေးချမ်းသွားပြီဖြစ်လို့ အားလုံးကို အိမ်ပြန်ပို့ပေး မှာ ဖြစ်ကြောင်းလာရှင်းပြပါတယ်။ ပြီးတော့ ထိန်းသိမ်းထားသူ အားလုံး နဲ့ အေးလွင်ကို ပြန်လွှတ်ပေး လိုက်ပါတယ်။ အင်းတိုင်တပ်နယ်ထဲမှာနေခဲ့ရတဲ့သူတွေရဲ့ အသည်းနှလုံး ထဲမှာတော့ ၉ဂဏန်းတွေ ကြုံတိုင်း မှော်ဘီအေးလွင်မျက်ရည်တွေနဲ့ ကြက်သားတစ်တုံးကို အမြဲတမ်း အမှတ်ရနေမိပါတော့ တယ်။

အကျင်းထောင်ထဲ၌ ၇၃၀၄ ရက်ကို ဖြတ်သန်းခြင်း

တစ်နေ့က နိုင်ငံရေးအခမ်းအနားတွေကို မမောတမ်း မပန်းတမ်းလုပ်ဆောင်နေတဲ့ အသားဖြူဖြူ ပိန်ပိန် သွယ်သွယ် ကိုဘိုဘိုဦးကိုတွေ့ပြီး နှုတ်ဆက်စကားပြောခဲ့ရပါတယ်။ သူ့ပုံစံက ထောင်ထဲမှာ နှစ်ပေါင်း (၂၀)နေထိုင်ခဲ့ရ မှန်း မသိသာဘဲ အိပ်မက်နိုင်ငံတော်အတွက် လန်းဆန်းတက်ကြွနေပါ တယ်။ တကယ်တော့ ကိုဘိုဘိုဦး ဟာ ထောင်ထဲမှာ တိတိကျကျပြောရရင် ရက်ပေါင်း (၇၃၀၄)ရက် ကိုနေထိုင်ဖြတ်သန်း ခဲ့ရသူ ဖြစ်ပါတယ်။ ၁၉၈၈ ခုနှစ်မတ်လက ရန်ကုန်တက္ကသိုလ် ကျောင်းသား တွေက တစ်ပါတီအာဏာရှင်စနစ်ကို မကြိုက် လို့ ဆန္ဒပြလှုပ်ရှားခဲ့တဲ့ အချိန်မှာ ကိုဘိုဘိုဦးလည်း ပါဝင်ခဲ့ပါတယ်။ သူကအဲဒီအချိန် ရန်ကုန်တက္ကသိုလ် မှာ အင်္ဂလိပ်စာအဓိကနဲ့ နောက်ဆုံးနှစ်တက် နေတာဖြစ်ပါတယ်။

ငွေစက္ကူအရေးအခင်းပြီးတဲ့နောက် ကျောင်းသားလှုပ်ရှားမှုမှာ ထဲထဲဝင်ဝင် ပါဝင်ပတ်သက်လာပြီး ရန်ကုန်တက္ကသိုလ်ကျောင်းသားလှုပ်ရှားမှု ခေါင်းဆောင်တွေဖြစ်တဲ့ ကိုမင်းဇေယျာ၊ ကိုဌေးကြွယ်၊ ကိုဝင်းကြွယ် တို့နဲ့ ပူးပေါင်းလှုပ်ရှားခဲ့ပါတယ်။ နောက်ဆုံး မြန်မာ နိုင်ငံလုံးဆိုင်ရာ ကျောင်းသားများ ဒီမိုကရေစီ အရေးလှုပ်ရှားမှု အစည်းအရုံးမှာ ပါဝင်ခဲ့ပါတယ်။ မိဘတွေက ငွေကြေးချမ်းသာကြတဲ့အတွက် ကိုဘိုဘိုဦး ကို နိုင်ငံရေးလှုပ်ရှားမှုနဲ့မပတ်သက်ဖို့ ဟန့်ထားခဲ့ပါသေးတယ်။ ဒါပေမဲ့ သူကတော့ ဒီမိုကရေစီ အရေးတော်ပုံကို ကျောခိုင်းဖို့ ခက်ခဲခဲ့ ပါတယ်။ ဒါကြောင့် တိုင်းပြည်ပြင်ပကို လက်နက်ကိုင်တော်လှန်ရေး လုပ်ဖို့ ထွက်ခွာသွားတဲ့ သူငယ်ချင်းတွေနဲ့ အဆက်အသွယ်ရယူရင်း ပြည်တွင်းမှာ စစ်အစိုးရကို အုံကြွတော်လှန်နိုင် ဖို့ အတွက်မြေအောက်လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ပါတယ်။

ကိုဘိုဘိုဦး ရဲ့ ခြေလှမ်းတွေကို ထောက်လှမ်းသိရှိသွားတဲ့ အာဏာပိုင်တွေက ၁၉၈၉ခု စက်တင် ဘာ ၁၈ရက်နေ့မှာဖမ်းဆီးခဲ့ပြီး အင်းစိန်ထောင်ကို ပို့ခဲ့ပါတယ်။ သူ့ရဲ့ အပြောအဆို လိမ္မာပါးနပ် မှုကြောင့် နိုင်ငံရေးပုဒ်မတွေ အတပ်မခံရဘဲ ရိုးရိုးပုဒ်မနဲ့ ပြစ်ဒဏ်ချပြီး ၁၉၈၉ခုနှစ် အကုန်မှာ ရဲဘက် စခန်းကို ပို့လိုက်ပါတယ်။ ဒါပေမယ့် ကိုဘိုဘိုဦးကံမကောင်းခဲ့ပါဘူး။ သူနဲ့တွဲပြီးလှုပ်ရှား ခဲ့တဲ့ သူတွေ ၁၉၉၀ မတ်လမှာ အဖမ်းခံရတော့ စစ်ကြောရေးမှာ ကိုဘိုဘိုဦးနာမည်ကို ထုတ်ဖော် ပြောလိုက်ရပါတယ်။ ဒါကြောင့် ကိုဘိုဘိုဦးကို အင်းစိန်ထောင်ပြန်ခေါ်ပြီး စစ်ကြောရေးလုပ် နိုင်င့ရေး ပုဒ်မတွေတပ်ပြီး ထောင်ဒဏ်နှစ် (၂၀)ပြောင်းလဲ ချမှတ်လိုက်ပါတယ်။ ဒီတခါတော့ ကိုဘိုဘိုဦးကို အင်းစိန်ထောင်တိုက်ထဲမှာ သီးခြားချုပ်နှောင်ထားခဲ့ပါတယ်။ ၁၉၉၇ခုနှစ် ဧပြီ ၁ရက် နေ့မှာတော့ ညဘက်ခေါင်းစွပ်အုပ်ခေါ်သွားပြီး ထောင်ဗူးတံခါးမှာ သံခြေကျင်း အမြန်ရိုက်ကာ ရန်ကုန်ဘူတာကြီးကို ခေါ်ဆောင်လာခဲ့ပါတယ်။ အဲဒီအခါကျမှ ထောင်ပြောင်းတာလို့ သိရပြီး ရန်ကုန်-မန္တလေး အမြန်ရထားနဲ့ မန္တလေးအိုးဘို ထောင်ကိုပို့လိုက်ပါတယ်။ မန္တလေးအိုးဘိုထောင် မှာနေရမှာ မဟုတ်ဘဲ ခေတ္တရပ်နားတာလို့ သိရပြီး ၄ရက်မြောက်နေ့မှာတော့ မြင်းခြံထောင်ကို ဆက်လက်ပြောင်းရွှေ့ပေးခဲ့ ပါတယ်။

မြင်းခြံထောင်ကို ၀င်ဝင်ချင်း တန်းစီးတွေ၊ စည်းကမ်းထိန်းတွေရဲ့ ပညာပေးခြင်းကို စတင်ခံရ ပါ တော့တယ်။ မြင်းခြံမှာ နိုင်ငံရေးအကျဉ်းသားတွေကို ထောင်အာဏာပိုင်တွေက ရိုက်နှက်ပြီး ထိန်းသိမ်းခွင့်ကို အပြည့်အ၀ပေးထားပါတယ်။ ထိုအချိန်က အပြင်မှာလည်း နိုင်ငံရေးမုန်တိုင်းတွေ ထန်နေတော့ ထောင်ထဲကလူတွေကို တင်းတင်းကျပ်ကျပ် ဖိနှိပ်ထားတဲ့ သဘောပါပဲ။ မြင်းခြံ ထောင်ကကြီးပြီး အကျဉ်းသား ၁၂၀၀ကျော် ဆန့်ပါတယ်။ နိုင်ငံရေးသမားတွေထားဖို့ ကြိုးတိုက်နဲ့ သီးသန့်မှာတိုက်ခန်းပေါင်း ၄၀ရှိပါတယ်။ ကိုဘိုဘိုဦးတို့ကို ဒီတိုက်ခန်းတွေမှာ တစ်ဦးချင်း သီးသန့်ခွဲထားပါတယ်။ တစ်ယောက် နဲ့တစ်ယောက်လည်း စကားပြောလို့မရပါဘူး။ စားစရာတွေ လည်းပေးလို့မရပါဘူး။ မိရင်ဝါဒါက တိုက်ပိတ် တယ်။ ထောင်ဝင်စာပိတ်တယ်။ ပေးတဲ့သူရော ယူတဲ့သူရော တိုက်ပိတ်ရုံနဲ့ အားမရသေး ဘဲတိုက် အပြင်ဘက် ခေါ်ထုတ်ပြီး ရိုက်တာတွေလည်း ရှိပါတယ်။

ကိုဘိုဘိုဦးဆိုရင် ဘေးခန်းကို စားစရာခိုးပေးတာ မိသွားလို့ တိုက်ပိတ်ပြီး အရိုက်ခံရပါ တယ်။ ဘယ်လောက်တောင် အရိုက်ခံရသလဲဆိုရင် ပက်လက်လှန်အိပ်လို့မရတဲ့ အထိပါပဲ။ မြင်းခြံထောင်မှာ နေခဲ့ရတဲ့ ကာလ တလျှောက် ၁၉၉၇ မှ ၁၉၉၉၉ အတွင်း ၃နှစ်ကာလကတော့ ကိုဘိုဘိုဦးတို့အတွက် အဆိုးရွားဆုံး နှိပ်စက်ခံခဲ့ရတဲ့ ထောင်တွင်းငရဲခန်း ပုံပြင်တွေပါပဲ။ အဲဒီအချိန်က ထောင်ထဲမှာစာလည်း ဖတ်လို့ မရ၊ အချင်းချင်းလည်း မတွေ့ရတဲ့အတွက် တော်ရုံ လူတွေအတွက်တော့ စိတ်ဓာတ်တွေ ပြိုလဲပြီး ရူးသွားနိုင် ပါတယ်။ ဒါပေမဲ့ ကိုဘိုဘိုဦးကတော့ ဘာသာတရားအဆုံးအမနဲ့ အတက်နိုင်ဆုံး တည်တည်ငြိမ်ငြိမ် ဖြတ် သန်းခဲ့ပါတယ်။

ထောင်ထဲမှာနေခဲ့ရတဲ့ နှစ်(၂၀)အတွင်းမှာ ကိုဘိုဘိုဦးဖြစ်ခဲ့တဲ့ ရောဂါတွေကတော့ ရင်ကျပ်ရောဂါ၊ သွေးတိုးရောဂါ၊ ခါးနာရောဂါတွေ ခံစားခဲ့ရပါတယ်။ ဒီရောဂါတွေကို ကုသဖို့ဆေးတွေကိုတော့ အိမ်ကိုပဲ အားကိုးပြီးမှာကြားရပါတယ်။ ကိုဘိုဘိုဦးအတွက် အမှတ်တရအဖြစ်အပျက်တစ်ခုက တော့ ဘ၀မှာဘယ်လို မှ မေ့လို့မရခဲ့ပါဘူး။ ၁၉၉၅ ကာလတစ်ဝိုက်က ထောင်ထဲမှာ ကူးစက်ရော ဂါမျိုးစုံနဲ့ လူတွေ အရမ်းသေပါတယ်။ ထောင်ဆေးရုံက ဆေးကုသမှုဆိုတာကလည်း မည်ကာမတ္တ ပါပဲ။ ဓားတစ်ချောင်းနဲ့ လူ ၁၀၀လောက် ခေါင်းရိတ်ပေးတယ်။ ဆေးထိုးအပ်တစ်ချောင်းနဲ့ လူ ၁၀ယောက်လောက်ကို ထိုးတယ်။ ဒီတော့ ရောဂါပေါင်းစုံ က ကူးစက်တော့တာပေါ့။

ထောင်မှာ ဆေးကလည်း မလုံလောက်ပါဘူး။ ဒီတော့ နိုင်ငံရေးအကျဉ်းသားထဲက တက်နိုင်သူတွေက ၀န်ထမ်းနဲ့ ပေါင်းပြီး ဆေးတွေခိုးသွင်းပေးရတယ်။ ကိုယ်ချင်းစာနာတတ်တဲ့ ၀န်ထမ်းတွေကလည်း မူးယစ်ဆေးမဟုတ်တဲ့ အဖျားအနာ၊ ၀မ်းကိုက်၊ ခေါင်းကိုက်ဆေးတွေကိုတော့ ခိုးဝှက်ယူလာပေးကြ တာပါပဲ။ အခုအမျိုးသားလွှတ်တော် အမတ်ဖြစ်တဲ့ ဒေါက်တာမြင့်နိုင်ဆိုလို့ရှိရင် ၀မ်းကိုက်လို့ ဆရာဝန် တင်ပြတဲ့အခါမှာ ခြေလှမ်း ၂၀လောက် အကွာအဝေးအနေ ရှေ့တိုးမလာဘဲ တစ်ချက် ကြည့်ပြီး Metro ပေး လိုက်လို့ပြောတဲ့ ဆရာဝန်မျိုးလည်းရှိခဲ့ဖူးပါတယ်။ နောက်ဆုံးထောင်ဆေးရုံ က Metro သုံးလုံးလောက်ပေးပြီး ပစ်ထား လိုက်ပါတယ်။ ဒီလိုအခြေအနေမျိုးမှာ ခိုးသွင်းထားတဲ့ ဆေးတွေသာမရှိရင် ထောင်ထဲမှာ အသက် ဆုံးရှုံးသွားနိုင်ပါတယ်။

ကိုဘိုဘိုဦးအဖြစ်ကလည်း ကြံကြံဖန်ဖန်လက်မောင်းမှာ ပြည်တည်နာ ဖြစ်ခဲ့တာပါ။ အနာကရင်းပြီး ကြီးလာတော့ အားလုံးကခွဲလိုက်ဖို့ အကြံပေးတယ်။ ဒါပေမဲ့ ဆေးရုံကူးစက်ရောဂါ မိုးမွှားတွေ ကပ်နေတဲ့ ဓားတွေကို ကိုဘိုဘိုဦး က ကြောက်နေတယ်။ အနာကရင်းသထက် ရင်းလာတယ်။ သောက်ဆေးနဲ့တော့ လုံးဝ မသက်သာတော့ဘူး။ ကံကောင်းချင်တော့ တိုက်ထဲမှာ NLD အမတ် ဒေါက်တာဇော်မြင့်မောင် (ယခုကျောက်ပန်းတောင်း လွှတ်တော်ကိုယ်စားလှယ်)ရှိနေတယ်။ သူက အသေးစားခွဲစိတ်မှုဖြစ်လို့ လုပ်ချင်ရင်လုပ်ပေးမယ်လို့ ပြောတယ်။ နောက်ဆုံး ကိုဘိုဘိုဦး စွန့်စားမှု တစ်ရပ်ကိုပြုလုပ်ခဲ့ပါတယ်။ အဲဒါကတော့ သူ့အခန်းထဲမှာပဲ ဒေါက်တာဇော်မြင့်မောင်နဲ့ အသေးစားခွဲစိတ်မှုကို ပြုလုပ်ခဲ့တာပါ။

နိဂုံးချုပ်ပြောရရင်တော့ ဒီကုသမှုဟာ အောင်မြင်ချောမော ခဲ့ပါတယ်။ ခုချိန်ထိ ကိုဘိုဘိုဦး လက်မောင်းမှာတော့ အမာရွတ်လေးရှိနေဆဲပါပဲ။ ဆရာဇော်မြင့် မောင်လည်း ခွဲစိတ်ဓားမကိုင်တော့ဘဲ လွှတ်တော်ထဲမှာ ဥပဒေတွေနဲ့ နပမ်းလုံးနေရပါပြီ။ ထောင် ထဲမှာ ဖြတ်သန်းခဲ့ရတဲ့ နှစ်ပေါင်း ၂၀ဟာ လူ့ဘ၀သက်တမ်းရဲ့ ၅ပုံ ၁ပုံရှိပေမယ့် တိုင်းပြည်ရဲ့ စနစ် တခုပြောင်းလဲဖို့အတွက်တော့ ဖြတ်ကနဲရွေ့သွားတဲ့အချိန် ကာလလေးသာ ဖြစ်ပါတယ်။ ကိုဘိုဘိုဦးအတွက် ထောင်ထဲမှာ ရက်ပေါင်း ၇၃၀၄ရက် နေခဲ့ရပေမယ့် "ဒီမိုကရေစီတိုင်းပြည် တစ်ခု မွေးဖွားလာဖို့ အတွက်ဆိုရင်တော့ ခဏလေးစောင့်လိုက်ရတာပါလို့" မှတ်ချက်ပေးပါတယ်။ လူတစ်ယောက် ရဲ့ ပေးဆပ်မှုဟာ သူ့ယုံကြည်ချက်နဲ့ ယှဉ်ကြည့်လိုက်ရင်တော့ ဘာမှမဟုတ်ဘူး ဆိုတာ ကိုဘိုဘိုဦး ရဲ့ ဘ၀က သက်သေပဲ လို့ ကျွန်တော်ကတော့ ထင်မြင်ယူဆမိပါတယ်။

ဆက်ရန်
.

1 comment:

Anonymous said...

အမျိုးသားလွှတ်တော် အမတ်ဖြစ်တဲ့ ဒေါက်တာမြင့်နိုင်ဆိုလို့ရှိရင် ၀မ်းကိုက်လို့ ဆရာဝန် တင်ပြတဲ့အခါမှာ ခြေလှမ်း ၂၀လောက် အကွာအဝေးအနေ ရှေ့တိုးမလာဘဲ တစ်ချက် ကြည့်ပြီး Metro ပေး လိုက်လို့ပြောတဲ့ ဆရာဝန်မျိုးလည်းရှိခဲ့ဖူးပါတယ်။

ဒီလိုလူတွေ လွှတ်တော်မှာရှိနေသေးသ၍....အင်းးးးး


ညီမ