Friday, November 30, 2012

မသီတာ (စမ်းချောင်း) ၏ စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် အပိုင်း (၁)

ကြိမ်တို့သံ ညံညံပေးကြစို့
စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်

ဟံသာဝတီဦးဝင်းတင်


၁။ မသီတာက သူ့“ဘာလဲဟဲ့ လူ ငရဲ” စာမူ တစ်ထွေးတစ်ပိုက်ကြီးလာပေးသွားတယ်။ စကားလေးဘာ လေး ၀င်ပြောပါအုံး ဆရာတဲ့။ သူ့စာအုပ်အမည်က “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်”ပါ။ ဘာလဲဟဲ့ လူငရဲဆို တာက ကျွန်တော် ရဲ့ ထောင်ပြန်မှတ်တမ်းစာအုပ်နာမည်ပါ။
သူ့စာအုပ် ကျွန်တော်စာအုပ် သဘောသရုပ် က ဆင်တူရိုးမှားဖြစ်လို့ သူ့စာမူကို “သူ့ဘာလဲဟဲ့ လူငရဲ”လို့ တင် စား လိုက်တယ်။ ကျွန်တော့်စာအုပ်ကိုတော့ “စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ်”လို့ ပြောမရနိုင်ပါဘူး။

ကျွန်တော် စမ်းချောင်း မှာ နေခဲ့ဖူးတယ်။ ၁၉၄၈-၄၉ လောက်က လှည်းကူး စာဘူးတောင်းတိုက်ပွဲမှာ ကျသွား ခဲ့တဲ့ မောင်မောင်မြင့် တို့နေတဲ့လမ်းမှာ။ လမ်းနာမည် မေ့နေပြီ။
ကျွန်တော် အင်းစိန် မှာ နေခဲ့ဖူးတယ်။ ၁၉၈၉-၂၀၀၈ လောက်က လူ့ငရဲကို ကျွန်တော် တံဆိပ်ရိုက်ခဲ့တဲ့ အင်းစိန်ထောင် မှာ (နွားသတ်ရုံပို့မယ့် နွားအို၊ နွားပိန်ကို သံပူတံဆိပ်ရိုက်သလိုမျိုးပေါ့)။
ဟားဗတ် ကတော့ ကျွန်တော်နဲ့ ကံမဆုံပါဘူး။ ဟားဗတ်ပြန် သူငယ်ချင်းတွေကို လွမ်းရတုန်း။ ဦးဝင်းကြည် (မြင်းခြံ) တရားရုံးချုပ် ရှေ့နေကြီး။ ၁၉၅၀ လောက်က စာကေဗိမ္မာန်မဂ္ဂဇင်းမှာ အယ်ဒီတာလုပ်တယ်။ အခုတော့ ကွယ်လွန်ရှာပါပြီ။ ဦးညွန့်ဝေ (အစိုးရစီးပွားရေးပညာရှင်ကြီး ၁၉၈၈ လောက်ကတည်းက ဒီနေ့ အထိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် မှာ နိုင်ငံရေးလုပ်တယ်။ မသေရှာသေးဘူး။

ကျွန်တော် စာအုပ်နာမည်ကို မသီတာစာအုပ်မှာ ပုံနှိပ်။ သူ့စာအုပ်နာမည်ကို ကျွန်တော့်စာအုပ်မှာ ပုံနှိပ်။ ရတာ ပါပဲ။ ကျွန်တော့် စာအုပ်ကလည်း ထောင်အကြောင်း၊ သူ့စာအုပ်ကလည်း ထောင်အကြောင်း၊ ကောင်း တာချင်း တူနိုင်တော့ အမည်ချင်းပြောင်းလဲ ကိစ္စမရှိ။
ကိစ္စမရှိတော့ မဟုတ်ဘူး။ ကိစ္စရှိတယ်။ သူ့စာအုပ်က ပိုကောင်းနေတာကိး။ အကောင်းပေါ် အကောင်းဆင့် တယ် ဆိုပြီး တဆင့်စကား အလကားမူးတင်းပြောတာ မဟုတ်ပါဘူး။
ကျွန်တော့်စာအုပ် က သတင်းစာကလောင်နဲ့ရေးတယ်။ အဖြစ်ကို ရေးတာ။ သနစ်ကိုရေးတာ။ ထောင်ဆိုတာ ငရဲဟေ့ လို့ ပြောပြတာ။ ထောင်ဆိုတာ ကျောင်းဟေ့လို့ ပြောပြတာ။ ရသဆွံ့ရှားတယ်။ ခံစားချက်များတယ်။

မသီတာစာအုပ် က စာပေကလောင်နဲ့ရေးတယ်။ ဝေဒနာကိုရေးတာ။ စေတနာကိုရေးတာ။ “ထောင်ဆိုတာ စိတ်ခံယူချက်ရှင့်” လို့ ပြောပြတာ။ “ထောင်ဆိတာ ရုပ်ခံစားချက်ရှင့်”လို့ ပြောပြတာ။ ရသပြည့်လျှံတယ်။ ခံစားချက်ဗောင်းလံ တယ်။

၂။ သူ့စာအုပ်တစ်နေရာမှာ မသီတာက သူဝတ်ပုံစားပုံ ပြောင်းရပြင်ရပုံ ပြောဟန်ဆိုဟန် ပြင်ရဟန် ပြောင်းရ ဟန်တွေ ကို ပြောပြတယ်။ ဟိုအရင်တုန်းက သူစကားပြောရင် “ကျွန်ုပ်”ကို ထည့်ခဲ့ တယ်။ ထောင်ထဲရောက် တော့ “ကျွန်တော်”တောင် မသုံးတော့ဘူး။ “ကျွန်မ”လို့ ပြင်ယူတယ်။ ယောက်ျားလျာ ထင်မှာစိုး လို့တဲ့။
ကျွန်တော် မှတ်မိတာကတမျိုး။ ၁၉၈၈ ကုန်ပိုင်းတစ်နေ့ မသီတာတို့ ကျွန်တော့်စားပွဲ ကို ရောက်လာ တယ်။ ပြောလိုက်တာ။ အကျွန်ုပ်၊ အကျွန်ုပ်တွေ ထပ်ခါထပ်ခါ။ အပီယ၀ါစာတွေ မိုးလုံးပြည့်။ ကျွန်တော် လန့် သွားတယ်။ ဆရာကြီး ရွှေဥဒေါင်း နဲ့ စကားပြောနေရသလား ထင်မိတယ်။

အဲဒီအချိန်က မသီတာ စာရေးဆရာဖြစ်နေပြီ။ ဆရာဝန်ဖြစ်နေပြီ။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှာ လုပ် အားပြည့်လာပေးနေ တာ။ သူ့ဝတ္ထုတို၊ ရှည် ၆၀ ကျော ပုံနှိပ်ပြီးနေပြီ။
ဒီချုပ် ခေတ်ဦးပိုင်း ပျော်စရာအချိန်တွေအကြောင်း ဖတ်ရတယ်။ မှတ်တမ်းမှတ်ရာတွေ မကျန်တော့ တဲ့ ဒေါ်စု ခရီးစဉ်တွေ အကြောင်း ခေတ်ရနံ့ သင်းသင်းဖတ်ရတယ်။ ၁၉၈၉ ဒီချုပ် သင်္ကြန်အကြောင်း တူးပို့တူးပို့ သံငြိမ့်ငြိမ့် ဖတ်ရတယ်။

မသီတာ မာတယ်၊ စွာတယ်၊ နွှာတယ်။ ဒီအချိန်က ဗဟိုကော်မတီဝင်တွေဖြစ်တဲ့ မောင်မိုးသူ နဲ့ တကျက်ကျက်၊ ၀င်းခက်နှင့် တစောင်စောင်။ သူ့အပြောအဆိုအမူအရာတွေက “ဂျမ်းတောဂျစ်တိုက်”။ ထောင်ဘ၀ဆိုတာ လွယ်လွယ် နဲ့မရ။ ပြေးခုန်ပစ်ပြိုင်ပွဲတမျိုးဖြစ်တဲ့ တုတ်ထောက်ခုန်ပြိုင်ပွဲလိုပဲ။ အဝေးကြီး ကပြေးလာပြီး ဖွဲကျင်းကြီး အနားရောက်တော့ ထောက်လှမ်းခုန်ရတယ်။ နောက်ဆုံးမှာ ကျင်းကြီးထဲမကျခင် လွန့်ခုန် ရတယ်။ တောက်လျှောက်ပြေးတယ်၊ ခုန်တယ်။ ကျင်းထဲရောက်ပြန်တေ့ ကောင်းကောင်းမကျ ပက်လက်ဖင်ထိုင် ကျတယ်။ အခွင့်မသင့်ရင် ကိုယ့်ခြေထောက်ကျတာက တစ်နေရာ၊ ကိုယ့်တင်ပါးကျတာ ကတခြား။ ဒီလိုနဲ့ နေ့၊ ရက်၊ လ၊ နှစ် အမှတ်အသားတွေ လွဲ ကုန်တယ်။ ရဲဘော်ရဲဘက် အသိစိတ်တွေ ကွဲကုန်တယ်။

မသီတာက ထောင်ထမြ၀င်ခင် အခန်းတွေမှာရော၊ ထောင်ထဲရောက်တဲ့ အခန်းတွေမှာရော၊ ထောင်သတင်း ပုလင်းတွေ၊ အာဏာရှင်အစိုးရသတင်းပုလင်းတွေ စုံတကာစေ့နေအောင် ရေးထားတယ်။ စပ်စပ်စုစု သုတေသနစိတ် ကလေးကြောင့်လည်းဖြစ်တယ်။ ရှာရှာဖွေဖွေ မရ၊ ရတာချွေ(ယတြာချေမဟုတ်) စိတ်ဓာတ် ကြောင့် လည်း ဖြစ်တယ်။
မြန်မာနိုင်ငံရေးဖြစ်စဉ်ဖြစ်ရပ်တွေကို ကမ္ဘာ့သတင်း၊ အိမ်နီးချင်းနိုင်ငံတွေရဲ့ သတင်းတွေ၊ အာဏာရှင် ရပ်ကွက် သတင်းတွေ ကျောထောက်နောက်ခံထား ရေးခြယ်ပြသွားတယ်။ လွန်ခဲ့တဲ့ နှစ် ၂၀ ကျော် သတင်းတွေကို ဖတ်ရတာ လှလိုက်တာ။ ပေါင်မုန့်ညိုမာကြားမှာ အဆီတစ်ထပ်၊ အသားတစ်ထပ်၊ အရွက် တစ်ထပ်၊ ဒိန်ချဉ် တစ်ထပ်၊ အစီအရီ ထပ်ပြီး အားရပါးရ ဟပ်ရသလို အရသာရှိတယ်။

၃။ ကျွန်တော် အင်းစိန်ထောင်ထဲမှာ နှစ် ၂၀ နေခဲ့တယ်။ ၂၀၀၈ စက်တင်ဘာ ၂၃ မှ လွတ်တယ်။ ထောင်သက် တစ်လျှောက်လုံး ကျွန်တော့်ကို တစ်ယောက်တည်း တိုက်ပိတ်ထားခဲ့တယ်။ ကျွန်တော့် ကို ချော့ တယ်။ နိုးနိုး နိုးပဲ။ ချောက်တယ် နိုးနိုးနိုးပဲ။ ခံဝန်ချက်ထိုးခိုင်းတယ်။ နိုးနိုးနိုးပဲ။ ၂၀၀၅ မှာ လွတ်ပေးမယ်ဆိုပြီး လူတွေ အများကြီးနဲ့အတူ ထောင်ဘူးဝ ထုတ်ထားတယ်။ ထောင်ဘူးကျမှ တိုက်ထဲပြန်ပိတ်တယ်။ ကျွန်တော် ကတော့ နိုးနိုးနိုးပဲ။

ကျွန်တော် ထောင်ကလွတ်လာတဲ့ ညနေ မီဒီယာတွေနဲ့ တွေ့တယ်။ မြန်မာပြည်ကြီး တစ်ပြည်လုံး ထောင် ကျနေ တယ်။ ထောင်ထဲက လူတွေရော၊ ထောင်ပြင်ကလူတွေပါ အားလုံး အားလုံး အကုန်လုံး လွှတ်ပေးမှ ကိစ္စပြတ် မယ်။ မဟုတ်ရင် လွတ်/တောင်းသံတွေ တစ်ပြည်လုံးညံနေဦးမှပဲ။ ကျွန်တော် အဲဒီလို မြန်မာ၊ ကမ္ဘာ တစ်ပြည်လုံးကြားအောင် ဟစ်ခဲ့တယ်။
မသီတာ ကလည်း ဒီစာအုပ်မှာ ကျွန်တော့်အသံနဲ့ တစ်ထပ်တည်း ဟစ်ခဲ့တယ်။ ထောက်လှမ်းရေးက မသီ တာကို လာတွေ့တယ်။ ရန်စွယ်ငေါငေါပြောတယ်။ “အရေးကြီးတယ် ထင်တဲ့နေရာတွေ ပုဂ္ဂိုလ်တွေဆီသွား ရင် အကြောင်းကြားပါ” ပြောတယ်။

မသီတာက ထောက်လှမ်းရေးကို ပညာပေးလိုက်တယ်။ သူထောင်ထဲမှာ တုန်းကလည်း ထောက်လှမ်းရေး ကို တော်ချာ (ညှဉ်းပမ်းမှု)ပြန်ပေးခဲ့တယ်။
သူ့စာအုပ် နိဂုံးပိုင်းမှာ မသီတာက “အင်းစိန်ထောင်မှ လွတ်မြောက်လာသော်လည်း ပိုပြီး ကျယ်ဝန်းသည့် “မြန်မာနိုင်ငံ အကျဉ်းထောင်” ထဲမှ မထွက်နိုင်ဘဲ ဖြစ်ရပြန်ပါသည်”လို့ ရေးထားတယ်။
အကျဉ်းထောင် ပရ၀ဏ်တွေကို ကျဉ်းအောင်၊ မြောင်းအောင်၊ သေးအောင်၊ ငယ်အောင် ချုံ့ပစ်ဖို့ ကျွန်တော်တို့ ကြိမ်တို့ကြ ရပါတယ်။
မသီတာ ရဲ့ ဒီစာအုပ်ဟာ “ကြိမ်တစ်တို့”ဖြစ်ပါတယ်။ မသီတာလို နိုင်ကျဉ်းဟောင်း၊ ကလောင်အပေါင်းတို့ “ကြိမ်တို့” တွေ ပြောင်ပြောင်လက်လက် မွေးထုတ်နိုင်ကြပါစေ။

ဟံသာဝတီ ဦးဝင်းတင်

စမ်းချောင်း၊ အင်းစိန်၊ ဟားဗတ် စသည် ... စသည်ဖြင့် ...
မျိုးမြင့်ညိမ်း
စမ်းချောင်း


၁၉၈၀ ခုနှစ်လွန်ကာလများမှာပါ။  စားပွဲရှေ့မှာ ရိပ်ခနဲ အဖြူအစိမ်းတစ်စုံတွေ့လို့ မော့ကြည့်တော့။ ဆယ်ကျော်သက် မိန်းကလေး တစ်ယောက် တွေ့တယ်။ မျက်လုံးချင်းဆိုင်မိချိန်မှာပဲ” ဇာနည့် ဆရာမပါ” လို့ ပြောသံ တိုးတိုးကြားလိုက်တယ်။ ဇာနည်ဆို တာ ကျွန်တော့်သား ဇာနည်မျိုးမြင့်ညိမ်းပါ။  သားရဲ့ ဆရာမ ဆိုမှ သူ့ကို မှတ်မိတယ်။ ပုဇွန်တောင် အေးတံတားနားက ကျူရှင်မှာ သားကို သွားကြိုတဲ့ အခါတွေ့နေကျ ကျူရှင်ကြိုချိန် နောက်ကျနေရင် သားကိုထိန်းရင်း ၀ရန်တာကနေ စောင့်မျှော်နေကျ သားဘေး က ဆရာမ။

သားက သူငယ်တန်း ပဲ ရှိသေးတာမို့ မိဘဆီအထိ ဆရာမလိုက်လာပြီး တိုင်စရာအကြောင်းတော့မရှိ။ ဒါောကာင့် ဘာများ လည်း စမ်းစစ်ကြည့်တော့ ပေဖူးလွှာမဂ္ဂဇင်းကို စာမူလာပို့တာပါလို့ ဆိုပါတယ်။ အဲဒီ ကာလမှာ အဲဒီ အရွယ် စာရေးသူတစ်ောက် မဂ္ဂဇင်းတိုက်ကို စာမူလာပို့တာ သူပထမဆုံးပဲဖြစ်မယ်ထင်ပါ တယ်။ အဲဒီကာလတွေ မှာ တခြားမဂ္ဂဇင်းတွေကိုလည်း စာမူလာပို့တဲ့ကလေး လို့ ထင်ကြတယ်ဆိုတာ နောင် ခင်မင်ရင်းနှီး လို့ စကားစပ် တိုင်း ပြောရင်း ရယ်ဖြစ်တယ်။

အဲဒီအချိန်က ပေဖူးလွှာမဂ္ဂဇင်းဆိုတာ မြန်မာပြည်မှာ အောင်မြင်ကျော်ကြားတဲ့ မဂ္ဂဇင်းပါ။ ပေဖူးလွှာနဲ့အပြိုင် မဟေသီ၊ ချယ်ရီ၊ ရှုမ၀၊ စစ်ပြန် ... အစရှိသည်။
သူ့စာမူတွေ ဖတ်ကြည့်တော့ သူရေးဟန်ထူးခြားနေတာတွေ့ရတယ်။ ပြောရမယ်ဆိုရင် အဲဒီအချိန်ဟာ စိတ် အလျဉ် ၀တ္ထုတွေ ခေတ်စားပါတယ်။ Stream of Conciousness လို့ ဒီဝတ္ထုတွေကို ဆိုကြတယ်။ မန္တလေး က စာရေးဆရာတွေ အုံ နဲ့ ကျင်းနဲ့တွင်ကျယ်လာတဲ့အချိန်ပါ။ လူငယ်မျိုးဆက်သစ်တွေ တစ်ခေတ် ဆန်းချိန်လို့ ဆိုရပါမယ်။ သူရေးတဲ့ဝတ္ထုတွေကို ဖတ်တော့ အတွေးဝတ္ထု၊ အတွေ့ဝတ္ထု၊ အတွေးထဲက အတွေ့ဝတ္ထု၊ အတွေ့ထဲက အတွေးဝတ္ထု၊ အတွေးထဲက အတွေးဝတ္ထု၊ အတွေ့ထဲက အတွေ့ဝတ္ထုဆိုတာ တွေတွေ့ရတယ်။ ထူးခြားတာက သူများမမြင်တဲ့အမြင်မျိုး သူ့မှာရှိတယ်။ သူများမတွေးတာမျိုးသူတွေး တယ်။ သူများမတွေ့တာမျိုး သူတွေ့ တယ်။ ဒါတွေကပဲ သူ့ကို စာရေးဆရာဖြစ်စေခဲ့တာပါပဲ။

သူနေတာ စမ်းချောင်းမှာပါ။ ဆေးတက္ကသိုလ် ပထမနှစ်ကျောင်းသူဖြစ်တယ်။ ဆယ်တန်းစာမေးပွဲဖြေနေချိန် ထိ ဘောလုံးကန်တယ်။ အခုအချိန်လို အမျိုးသမီးဘောလုံးအသင်းတွေရှိရင် သူက ဆရာဝန် စာရေးဆရာ ဘောလုံးသမား ဖြစ်မယ်တင်ပါတယ်။
မဂ္ဂဇင်းတွေ မှာ ၀တ္ထုကဗျာရေးသူတွေ စာမူပို့လေ့ရှိတယ်။ တစ်ပုဒ်၊ နှစ်ပုဒ်ပေးပြီး စိတ်ကုန်သွားတတ်ကြ တယ်။ တစ်ခါတရံ အဲဒီတစ်ပုဒ်၊ နှစ်ပုဒ်ထဲက အယ်ဒီတာက ကြိုက်လို့ မဂ္ဂဇင်းမှာ ဖော်ပြမယ်ဆိုရင်တောင် အဲဒီစာရေးသူ ကို ပြန် ဆက်သွယ် ပို့မရအောင် ခြေရာပျောက်သွားကြတယ်။ တချို့ကျတော့ တစ်ပုဒ်ပယ် ရင် နှစ်ပုဒ် ပို့တယ်။ နှစ်ပုဒ်ပယ် ရင် လေးပုဒ်ပို့တယ်ဆိုတာမျိုးရှိတယ်။ သူကတော့ တစ်ပုဒ်ပယ်ရင် နောက်တစ်ပုဒ် လွယ်အိတ်ထဲက ထုတ်ပေး ဖို့ အဆင်သင့်ရှိနေတတ်တဲ့ စာရေးဆရာမျိုးပါ။ ဒါကြောင့်မို့လဲ စာရေးသက် ၄ နှစ်၊ ၅ နှစ်အတွင်းမှာ မဂ္ဂဇင်းဝတ္ထုတို ၅၀ ကျော ပုံနှိပ်ဖော်ပြပြီးခဲ့ပါတယ်။ ကလောင်နာမည် မသီတာ (စမ်းချောင်း)ဆိုတာလည်း လူသိထင်ရှားကလောင် ဖြစ်ခဲ့ပါတယ်။

စာပေလောက အမှောင်ခေတ်ထဲမှာ ရဲရင့်စွာဖြတ်သန်းရင်း ၁၉၈၈ လူထု လှုပ်ရှားမှုကြီးထဲမှာ သူပါဝင်လာခဲ့ ပါတယ်။ ကြွေးကြော်သံများ။ ခြိမ်းခြောက်သံများ၊ ဟစ်ကြွေးသံများ၊ သေနတ်သံများ ကြားထဲမှာ ဖြတ်သန်းရင်း လူငယ်ပန်းချီဆရာတွေနဲ့ အတူ အရောင်သစ်ဆိုတဲ့ ဂျာနယ်ကို ဦးဆောင်ခဲ့တယ်။ ဒို့အရေး ဆိုတဲ့ နေ့စဉ်သတင်းစာမှာပါဝင်ခဲ့တယ်။ သက်တမ်းမရှည်လှဘဲ လွတ်လပ်ခွင့်ဆုံးရှုံးအပြီးမှာ ဒီမိုကရေစီ ရေးလူ့အခွင့်ရေးတွေအတွက် လှုပ်ရှားကြရတော့လည်း သူက တက်ကြွစွာ ပါဝင်ခဲ့ ပါတယ်။ မြန်မာပြည် တစ်နံ တစ်လျားစည်းရုံးရေးခရီးစဉ်များမှာ တက်ကြွစွာ၊ ပေတေစွာ၊ ရဲရင့်စွာ အတူ လှုပ်ရှားခဲ့ဖူး ပါတယ်။

အင်းစိန်

၁၉၉၀ ခုနှစ် ဂန္ဓီညီလာခံအပြီး နိုင်ငံရေးလှုပ်ရှားမှုများမှာ ကျွန်တော် အကျဉ်းချခံရပါတယ်။ အကျဉ်းထောင် ထဲက ဘ၀တွေ အကြောင်း မပြောချင်ပေမယ့်လည်း ဒီနေရာ မှာတော့ ပြောဖို့ လိုမယ် ထင်ပါ တယ်။ ထောင်ထဲေ၇ာက်ပြီဆိုတာနဲ့ တစ်လောကလုံးကို မျက်ခြည်ပြတ် သွားရတော့ တာပါပဲ။ စာမဖတ်ရ၊ စကားမပြောရ။ သီချင်းမဆိုရ စသည်စသည်ဖြင့်။ မရခြင်းအားလုံးကို အဲဒီနေရာ မှာ ကြုံရတယ်။ အဆိုးဆုံးကတော့ ကမ္ဘာ လောကကြီး ဘာဖြစ်နေသလဲဆိုတ မသိရတာပါပဲ။ အဲဒီအခြေအနေ ထဲက ရနိုင်သမျှနည်းလမ်းနဲ့ ပြင်ပကမ္ဘာကို ကျွန်တော်တို့ ဆက်သွယ်ကြတယ်။ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ သိရအောင် ကြိုးစားကြ တယ်။ သတင်းဟာ ကျွန်တော်တို့ အသက်လို့ သဘောထားကြတယ်။ စိတ်ဓာတ်ရှိတဲ့ သူတွေ ကို ဆက်သွယ် ကြည့်တယ်။

အကူအညီပေးသူ ၀န်ထမ်း ကို မောင်းထုတ်တဲ့အပြင် သက်ဆိုင်ရာကို အကြောင်းကြားမယ်ဆိုတဲ့ နိုင်ငံကျော် စာရေးဆရာ ကိုလည်း တွေ့ရတယ်။ ဒီတစ်ခါတော့ ရှိပါစေ။ နောင် များတော့မလာပါနဲ့ဆိုပြီး ငါးပိကြော် တစ်ထုပ် လက်ဆောင်ပေး လိုက် သူလည်းရှိတယ်။ ရေးပေးလိုက်တဲ့ စာ ကို တုန်တုန်ယင်ယင်ဖတ်ရင်း ကျွန်တော့်ကို မဖမ်းပါနဲ့ ဆိုသူလည်းရှိတယ်။ အဲဒီအထဲမှာ သူမပါဘူး။ ရဲရင့် စွာပဲ ကူညီနိုင်ခဲ့တယ်။ သူ့ရဲ့အကူအညီ နဲ့ပဲ ၁၉၉၃ ခုနှစ် သြစကြီးယား နိုင်ငံ ဗီယာနာ မှာလုပ်တဲ့ နိုင်ငံတကာ လူ့အခွင့်အရေးညီလာခံကို ပုံစံအင်္ကျီမှာ စာရေးပြီး ပို့ပေးနိုင် ခဲ့တယ်။ အန္တရာယ်ကြီးလှတဲ့ အလုပ်ပါ။ ဒါပေမယ့် သူတာဝန်ယူနိုင်ခဲ့ပါတယ်။ သိပ်မကြာခင်မှာပဲ အင်းစိန်အကျဉ်းထောင် ထဲ သူရောက်လာတယ်။ ထောင်ဝင်စာထွက်တဲ့ တစ်နေ့မှာ သူ့ကို အမျိုးသမီး အချုပ်ဆောင်အ၀မှာ တွေ့လိုက်ရတယ်။ ခပ်တည်တည်ပါပဲ။ ဘတ်စကားမှတ်တိုင်မှာ ဘတ်စကားစောင့်နေ သလို မျိုးပါပဲ။ ကိုယ့်ရဲ့ လုပ်ဖော် ကိုင်ဘက် တစ်ယောက် ထောင်ထဲရောက်လာတဲ့အတွက် စိတ်မကောင်းဖြစ် ရပေ မယ့် သူဟာ သူလုပ်ရမယ့် အလုပ် တွေလုပ်ရင်း အကျဉ်းထောင်ထဲ ရောက်လာတယ်လို့ သတ်မှတ် ပါတယ်။

၁၉၉၇ ခုနှစ်၊ စက်တင်ဘာမှာ ကျွန်တော် ထောင်ပြောင်းရတယ်။ သာယာဝတီကို ရောက်တယ်။ သူနဲ့ ပတ်သက် လို့ တစ်ခါတစ်ရံ သတင်းကြားရတယ်။ ကျန်းမာရေးမကောင်းကြောင်း၊ ဆေးရုံတက်ရကြောင်း၊ အသက်အန္တရာယ် စိုးရိမ်ရကြောင်း စသည် စသည်ဖြင့် စိုးရိမ်ပူပန်စရာသတင်းများသာဖြစ်ပါတယ်။
၁၉၉၉ ခုနှစ် မှာ သူ့ရဲ့ ကျန်းမာရေးအခြေအနေအရပ်ရပ်ကြောင့် အကျဉ်းထောင်က သူ့ကို လွှတ်ပေးလိုက်ပါ တယ်။ အင်းစိန် အကျဉ်းထောင်က သူလွတ်မြောက်တယ်။
၂၀၀၂ ခုနှစ်မှာ သာယာဝတီအကျဉ်းထောင်က ကျွန်တော် လွတ်မြောက်ပါတယ်။ ကျွန်တော့် ပတ်ဝန်းကျင် မှာ အစောင့်အကြပ် ထူပြောစွာ ချထားပါတယ်။ သွားလေရာမှာ တကောက်ကောက် လိုက်ရမယ့် သူတွေ ရှိ နေ တယ်။ လမ်းတွေ့ ရင် ကိုယ့်ကို စကားမပြောချင်ကြဘူး။ မတွေ့ 
တာကြာတဲ့ ဆရာသမားတွေကို အားရ ၀မ်းသာနှုတ်ဆက်ရင် ဆရာတွေက ကိုယ့်မျက်နှာ မကြည့် ဘူး။ နောက်တော်ပါးတွေ ကို တွေဝေစွာ ကြည့်နေ တယ်။ ဒါမှမဟုတ် အဝေးကို ငေးနေကြတယ်။ လက်ဖက်ရည် ဆိုင် ၀င်ထိုင်ရင် အလျှိုလျှိုထသွားကြတယ်။ ဘာတွေလဲ။

ရွှေအမြုတေမဂ္ဂဇင်း မှာ တာဝန်ယူရတဲ့ အချိန်မှာ သူ့ဆီက အကူအညီယူရပါတယ်။ ဆယ်စုနှစ်တစ်ခုမက စာပေလောက နဲ့ ကင်းကွာသွားခဲ့ပြီး နောက် အယ်ဒိတာစားပွဲကို ပြန်ထုင်တဲ့အခါ စာပေလောကသား အသစ် တွေ ကို ကိုယ်သိမနေတာ အတော်ဆိုးပါတယ်။ သူ့စကားကိုယ်မသိ ကိုယ့်စကားသူမသိ သနားပါဘိ ဆိုတာ မျိုး ...။

ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကို နောင်တော်တွေရဲ့ အစီအစဉ်နဲ့ လုပ်ဖြစ်တယ်။ သူ့ကို အကူအညီတောင်းရ ပါတယ်။ ကျွန်တော်နဲ့အတူ ဖူးငုံဆယ်ကျော်သက်မဂ္ဂဇင်းကို ၂၀၀၂ အောက်တိုဘာကစပြီး အကောင် အထည်ဖော် ခဲ့ကြတယ်။ အခု ၁၀ နှစ်ရှိပြီ။ ဆယ်ကျော်သက်လူငယ်တွေအတွက် ရည်ရွယ်ပြီး လုပ်ခဲ့ကြတာ ပါ။ ၂၀၀၅ ခုနှစ် မှာ နိုင်ငံကူးလက်မှတ်ရတယ်။ အိုင်အိုဝါမှာ နိုင်ငံတကာ စာရေးဆရာများနဲ့ သူရှိနေတယ်။ ဒါပေမယ့် ဖူးငုံမဂ္ဂဇင်း ကို သူတစ်နေ့မှ အဆက်မပြတ်ခဲ့ဘူး။ Online ကနေ အယ်ဒိတာလုပ်နိုင်ခဲ့တယ်။ နောက်တော့ Brown University က ဌာနေဧည့်သည်အဖြစ် သွားရောက်တော့လည်း ဖူးငုံမဂ္ဂဇင်းရဲ့ အယ်ဒိတာအဖြစ် online ကနေပဲ တာဝန်ယူခဲ့ပြန်ပါတယ်။ အဲဒီမှတစ်ဆင့် ဟားဗတ်မှာရှိတဲ့ Redcliff ကို သူရောက်ခဲ့ပြန်ပါတယ်။ အခု ဒီစာအုပ် ကို သူက Harvard ရှိတုန်း ရေးခဲ့တာပါ။

စာသမားများအနေနဲ့ကတော့ ထောင်ဆိုတာ ဘ၀တက္ကသိုလ်ပါပဲ။ ဒီဘ၀တက္ကသိုလ်ထဲကနေ စာရေးဆရာ တွေ ရဲ့ ဆောင်းပါးတွေ၊ ၀တ္ထုတွေအများကြီးပေါ်ထွက်ခဲ့တယ်။ ဒီနေ့အထိ ဖတ်ရတုန်း မှတ်ရတုန်းပါပဲ။ ဒီအတွေ့အကြုံတွေ က ဘ၀နဲ့ရင်းခံကြရတာတွေချည်းပါပဲ။ ချိုမြိန်တဲ့အတွေ့အကြုံများတော့ မဟုတ်ပါ။
မသီတာက သူ့အတွေ့အကြုံတွေကို ရေးတယ်။ ခါးသီးလှတဲ့ အတွေ့အကြုံတွေပါ။ ကိုယ်ကိုယ်တိုင် သူနဲ့ မလှမ်းမကမ်း မှာ ရှိနေပေမယ့် သူဘာဖြစ်နေမှန်းမသိရါ။ ၈ ပေ၊ ၁၀ ပေအခန်းထဲမှာ နေကြရတာချည်းပေမယ့် အားလုံး ကိုယ့် အသက်ကိုယ်မွေးကြရတာတွေချည်းပါပဲ။ အားလုံးကောင်းပါတယ် ဆရာကြီးလို့ အော်နေတဲ့ ဘာယာညစောင့် ရဲ့ ဘေးမှာ မနက်မိုးလင်းတော့ သေနေတဲ့ အကျဉ်းသားတွေရှိတယ်။ ဘာယာ ညစောင့်ကတော့ ၁၅ မိနစ်တစ်ကြမ် အားလုံးကောင်းကြောင်း သတင်းပို့ ရတယ်။

ဆရာဝန်တစ်ယောက်ဖြစ် တဲ့ မသီတာ၊ စာရေးဆရာတစ်ယောက်ဖြစ်တဲ့ မသီတာ၊ ဒီမိုကရေစီရေးကြိုးပမ်းနေတဲ့ မသီတာ၊ လူ့အခွင့်အရေးရရှိရေးကြိုးပမ်းနေတဲ့ မသီတာ၊ လွတ်လပ်စွာ ရေး သားပြောဆိုခွင့်တောင်းဆိုတဲ့ မသီတာ စသည် စသည်ဖြင့် မသီတာရဲ့ အခန်းကဏ္ဍများ အဲဒီအကျဉ်းထောင်မှာ မှတ်ကျောက်တင်တာပါပဲ။
မြန်မာနိင်ငံမှာ လူ့အခွင့်အရေးဆုံးရှုံးမှုတွေရှိတယ်။ လူတစ်ယောက်ရဲ့ မွေးရာပါမူလအခွင့်အရေးတွေ ဆုံးရှုံး တယ်။ ပါးစပ် ရှိပါလျက် ပြောခွင့်မရှိဘူး။ လက်ရှိပါလျက် ရေးခွင့်မရှိဘူး။ ခေါင်းဆိုတာ ငြိမ့်လို့ရတာတစ်ခု တည်း မဟုတ်ဘူး။ ခါရမ်းချင် လည်း ခါရမ်းခွင့်ရှိတယ်။ ငြင်းဆိုချင်ရင် ငြင်းဆိုခွင့်ရှိတယ်။ ဒါဟာ လူတစ်ယောက် ရဲ့ မွေးရာပါ အခွင့်အရေးဖြစ်တယ်။

ထောင်ထဲရောက်နေတဲ့ ခေတ်ပညာတတ်ဆရာဝန်တစ်ယောက်။ သူ့ကျန်းမာရေးကို သူတာဝန်ယူခွင့်မရှိ ဘူး။ သူ့အသက် ကို သူကယ်တင်ခွင့်မရှိဘူး။ သူ့ကျန်းမာရေးကို သူစောင့်ရှောက်ရခွင့်မရှိဘူး။
မသီတာ ကျန်းမာရေးချို့ယွင်းလာတဲ့အခါ သူ့ကျန်းမာရေးအခြေအနေကို သူသိတယ်။ ဒါပေမယ့် သူက အကျဉ်းသားဖြစ် တယ်။ သက်ဆိုင်ရာ တာဝန်ကျဆရာဝန်ရဲ့ လွဲမှားတဲ့ ကုသမှုကိုခံရတယ်။ လွဲမှားနေကြောင်း ပြောတော့ ပညာသည်ချင်းပြောတာမဟုတ်တော့။ အကျဉ်းသားနဲ့ အရာရှိဆိုတဲ့ အနေ အထား နဲ့ ပြောရပါတယ်။

ဒီစာအုပ်မှာ ကျွန်တော် ကိုယ်တိုင် အခံစားရဆုံး၊ အစာနာနိုင်ဆုံးက အင်းစိန်ဆေးရုံကို မသီတာ သွားရောက်ရတဲ့ အချိန်ပါ။ သူ့ကို တွေ့တော့ ဆရာဝန်မှန်းသိနေတဲ့ သူနာပြုတွေက ရယ်မောရင်း ဂွတ်မောနင်းဒေါက်တာ လို့ နှုတ်ဆက်တယ်။ သူတာဝန်ထမ်းဆောင်ခဲ့ရာ ဆေးရုံမှ ခွဲခွာခဲ့ရပြီး ၂ နှစ်ကျော် အကြာမှာ အဲဒီဂွတ်မောနင်းဒေါက်တာဆိုတဲ့ နှုတ်ခွန်းဆက်သံကို ကြားခွင့်ရတယ်။ ဒါကို သူက ဒီလိုရေးဖွဲ့ တယ်။

နောက်တစ်နေ့မှာတော့ တော်တော်စောစောတည်းက နိုးနေဖြစ်သည်။ ထောင်မှာ မနက် ၅ နာရီတန်းဖွင့် အမီ ထနေကျ မို့လည်းဖြစ်မည်။ သည်တော့ ရဲမေတွေ အဖော်လုပ်ပြီး အပေါ့အပါးသွား၊ မျက်နှာသစ်ဖို့ စီစဉ် ၇သည်။ ပြည်သူ့ဆေးရုံ များ၏ ထုံးစံအတိုင်း ဆေးရုံဆောင် အိမ်သာရေချိုးခန်းတွေမှာ ဟောင်းအိုနေသည် တိုင် ပိုးသတ်ဆေးရည်နံ့ တကြိုင်ကြိုင်နှင့်ရှိလှသည်။ လမ်းမှာ လူနအမျိုးသမီးအချို့နှင့် ဆုံတော့ အသိ အမှတ်ပြုသည့် သဘော။ ၀မ်းနည်းစိတ်မကောင်းသည့်သဘော၊ နေကောင်းအောင်နေဖို့ အားပေးသည့် သဘောမျိုးဖြင့် ၀ိုင်းကြည့်ကြကာ ပြုံးပြကြသည်။ လက်မထောင်ပြကြသည်။ လက်မထောင်ပြကြသည်။ ထဘီအပြာဝတ် သူနာပြုလေး နှစ်ယောက်၊ သုံးယောက်က ဖြတ်သွားရင်း “ဂွတ်မောနင်း”ဟု လှမ်းနငတ် ဆက်ခံလိုက်ရချိန် မှာတော့ ကျွန်မတစ်ကိုယ်လုံးလေထဲမှာ လွင့်တက်သွားသလို ခံစားလိုက်ရသည်။ နားထဲမှာ “ဂွတ်မောနင်း” ဆိုသည့် အသံက အဆက်မပြတ်ပဲ့တင်ထပ်နေသည်။

မူဆလင်ဆေးရုမှာ တာဝန်ထမ်းစဉ်တစ်လျှောက် နေ့စဉ်နှင့်အမျှ တစ်နေ့လျှင် အကြိမ်ပေါင်းများစွာ ကြား နေကျ သူနာပြုများနှင့် ဆရာဝန်များအချင်းချင်းကြား “ဂွတ်မောနင်း” နှုတ်ဆက်ခံကို ကြားခွင့်မရတော့ သည်မှာ နှစ်နှစ်ပြည့်လုလုတွင် သည်လို အရှင်လတ်လတ်နှင့် လတ်လတ်ဆတ်ဆတ် အားရှိပါးရှိကြီး ပြန် ကြား လိုက် ရခြင်းလောက် မည်သည့်အရာကမှ မင်္ဂလာကျက်သရေမရှိနိုင်တော့သလို ၀မ်းနည်းလွမ်းဆွတ် စရာလည်း မကောင်းတော့ပါ။ လွတ်လပ်သော နေ့ရက်များ၏ “ဂွတ်မောနင်း” အရသာကို ကျွန်မက အင်းစိန် ပြည်သူ့ဆေးရုံကြီး ၏ အိမ်သာတွေကြားမှာ တစ်ဖန်ပြန်လည်ခံစားလိုက်ရခြင်းလည်းဖြစ်သည်။

ကျွန်မ နှုတ်ဖျားမှ ပီသချိုမြအားရှိလှစွာ “ဂွတ်မောနင်း”ဟု အငမ်းမရ တုံ့ပြန်လိုက်ရချိန် မှာ နောက်ထပ်သူနာ ပြုတစ်ယောက်က “ဂွတ်မောနင်း ဒေါက်တာ”ဟု တုံ့ပြန်လေရာ မျက်ရည်တွေ ၀ဲတက်လာသည် ထိ ပီတိ နှင့် အလွမ်း၏ အစွမ်းသတ္တိကို ပက်ပက်စက်စက် ခံစားလိုက်ရပြန် သည်။ နောက်ထပ် သေချာသွားသည်က ထိုကဲ့သို့ “ဂါတ်မောနင်း”ဟု တုံ့ပြန်လိုက်သော ကျွန်မသည် အင်းစိန်ထောင် ခြောက်ဆောင်အချုပ်တိုက် အခန်းနံပါတ် ၃ မှာ ရှိနေသည့် ကျွန်မ မဟုတ်တော့ခြင်းပင်။ မူဆလင်ဆေးရုံမှာ တုန်းကလို လေသံမျိုးဖြင့် အခုအခံမဲ့ “ဂွတ်မောနင်း”ကို တွန်းလှန်စိတ်မဲ့ သီးကျူးရေရွတ်လိုက်နိုင်သော ကျွန်မကိုယ်ကျွန်မလည်း အံ့သြနေမိသည်။

လူတိုင်းဟာ လွတ်လပ်မှုကို လိုချင်ကြတယ်။
လွတ်လပ်ခြင်းရဲ့ အရသာကို မလွတ်လပ်တော့တဲ့အချိန်မှာမှ သိပါတယ်။ အဲဒီလိုပါပဲ။ မလွတ်လပ်ခြင်းရဲ့ ခါးသီးမှုများ ကို လွတ်လပ်ချိန်မှာပိုပြီး သိပါတယ်။
ဒီစာအုပ်ကို သူရေးဖို့ အချိန်ကာလ ၇ နှစ်မျှ စောင့်ဆိုင်းခဲ့ရပါတယ်။ အဲဒီ ၇ နှစ်လုံး သူ့ရင်ထဲမှာ တနုံ့နုံ့ကြိတ် မှိတ် ခံစားရတာပါ။ ဒါတွေကို သူက ဘယ်သူကိုမှမပြောပဲ ရင်ထဲမှာ သိမ်းထားခဲ့တာပါ။
၂၀၀၅ ခုနှစ် သူပြည်ပထွက်ခွာခွင့်ရပြီးတဲ့နောက် ဟားဗတ်မှာရှိတဲ့ Redcliff Institure မှာ ရောက်ရှိနေတဲ့ အချိန်ကျမှ သူ့ရင်ထဲက ခံစားမှုတွေကို ထုတ်အန်လိုက်တာပါ။ ဒီနေရာမှာ သူပြောသမျှအားလုံးဟာ အကျဉ်း သားတစ်ယောက်ချင်း စီရဲ့ ခံစားမှုများကို ကိုယ်စားပြုနေတယ်။ သူ့လိုပဲ မြန်မာနိုင်ငံ အကျဉ်းထောင်အသီး သီးမှာ ရှိနေတဲ့၊ ရှိနေခဲ့တဲ့ အကျဉ်းသားအားလုံးခံစားတွေ့ကြုံရင်ဆိုင်ရတဲ့ အတွေ့အကြုံတွေပါပဲ။

ဒါတွေကို ဆရာမ မသီတာ (စမ်းချောင်း)က သူ့ရဲ့ ကလောင်ဖြင့် မှတ်တမ်းတင်ဖော်ထုတ်လိုက်တာဟာ စမ်းချောင်း၊ အင်းစိန်၊ ဟားဇတ်ဆိုတာ ဖြစ်လာတာပါ။
၁၉၈၇ ခုနှစ်လောက်က ဖြစ်မယ်ထင်ပါတယ။ မြန်မာနိုင်ငံကို Oxford က မြန်မာစာ ဆရာမကြီး ဒေါ်ခင်ခင် ချောခေါ် Mrs Anna Ellot ရောက်ရှိလာခဲ့ပါတယ်။ ဆရာမကြီး က မြန်မာနိုင်ငံ မှာ ပြုလုပ်တဲ့ စာပေဟောပြောပွဲတွေကို မှတ်တမ်းတင်ပေးဖို့ ကျွန်တော်တို့ ပေဖူးလွှာ အယ်ဒီတာအဖွဲ့ကို အကူအညီတောင်းခဲ့ ပါတယ်။ မှတ်မှတ်ရရ အင်းစိန်က စာပေဟောပြောပွဲ မှာ ဟောပြောပွဲ အပြီး မြန်မာစာရေးဆရာများနဲ့ ဒေါ်ခင်ခင်ချောတွေ့ဆုံစကားပြောဖို့ ကျွန်တော်တို့ စီစဉ်ပေးရပါတယ်။ အဲဒီ ဆရာ ဆရာမတွေ ထဲမှာ မသီတာလည်းပါပါတယ်။ ကျွန်တော်တို့က ဗီဒီယို မှတ်တမ်းတင်ရတယ်။ နောက်တစ် နေ့မှာ မသီတာ ကျွန်တော့်ဆီရောက်လာပါတယ်။ အဲဒီလို ဗီဒီယိုရိုက်ကူးခြင်းကို သဘောမတူကြောင်း၊ သူနဲ့ ပတ်သက်တဲ့ အပိုင်းများကို ဖြတ်ပေးဖို့တောင်းဆိုတာပါ။ သူက Low Profile နေလိုသူသာဖြစ်ကြောင်း အကျယ် တ၀င့် ရှင်းပြပါတယ်။

ကျွန်တော် သူ့ကို တစ်ခွန်းပဲပြောခဲ့ပါတယ်။ “မသီတာ မင်းကို မြန်မာပြည်မှာ အောင်မြင်တဲ့ စာရေးဆရာမ တစ်ယောက်အဖြစ် ငါမျှော်လင့်ထားတာ မဟုတ်ဘူး။ မင်းကို ကမ္ဘာ့စာပေစင်မြင့်မှာပါ အောင်မြင်တဲ့ စာရေး ဆရာ တစ်ယောက်ဖြစ်ဖို့ ငါမျှော်မှန်းတယ်”ဆိုတာပါပဲ။ ကျွန်တော့် စကားကို သူ ဘယ်လိုခံစားတယ် ကျွန်တော် မသိပါ။ ဒါပေမယ့် ဆယ်စုနှစ် နှစ်ခုကျော် ကြာပြီးတဲ့အခါ သူဟာ ကမ္ဘာ့စာပေစင်မြင့်များမှာ၊ စာပေပွဲတော်များမှာ၊ စာပေ စကားဝိုင်း များမှာ အခိုင်အမာနေရာယူထားလိုက်ပါပြီ။
အဲဒီအတွက် ကျွန်တော် ဂုဏ်ယူတယ်။ ကွန်ကရက်ကျူလေးရှင်းပါ မသီတာ။
 
မျိုးမြင့်ညိမ်း

နမောသတ္ထုဿဒေ၀မနုဿာနံ
သရုပ်မှန်၊ သရုပ်သကန် အတင်းအဖျင်းနဲ့ကြော်ငြာ

ဓမ္မဘေရီအရှင်ဝီရိယ (တောင်စွန်း)

မသီတာ(စမ်းချောင်း)က သူဲ့ ထောင်တွင်းအတွေ့အကြုံစာအုပ်အတွက် အမှာစာရေးပေးဖို့ လျှောက်ထား စာနဲ့အတူ စာမူကြီးကိုပေးပို့လာပါတယ်။ သာမန်ကြည့်မယ်ဆိုရင်တော့ ဓမ္မစာပေရေးသားနေတဲ့ ရဟန်းတော်တစ်ပါး နဲ့ နိုင်ငံရေးမကင်းတဲ့ ထောင်တွင်းအတွေ့အကြုံဆိုတာ ဘာမှ မဆီဆိုင်၊ မပတ်သက်လှ ဘူးလို့ထင်ရပေ မယ့် ထောင်တွင်းမှာ အကျဉ်းချခံနေရသူတစ်သီးက တစ်နေ့မှ နာရီ(၂၀)ခန့်လောက် ၀ိပဿ နာတရား ကို အားထုတ်ခဲ့တယ်ဆိုတဲ့အကြောင်းကို တွေ့ရတော့ ကိုယ်နဲ့ဆီဆိုင်ပတ်သက်သလို အတော် လည်း စိတ်ဝင်တစားဖြစ် ပါသွားပါတယ်။

ဟုတ်ပါတယ်။ မိမိအနေနဲ့ ထောင်တွင်းအတွေ့အကြုံဆိုတာ လူထုဦးလှ စတဲ့အတွေ့အကြုံရှိသူတို့ရဲ့ စာအုပ်တွေ ကို ဖတ်ဖူးခဲ့တာပဲရှိခဲ့ပေမယ့် တောင်စွန်းမှာမိမိနေထိုင်တဲ့ ကျောင်းတိုက်က ရဲဘက်အကျဉ်း စခန်းနဲ့စည်းရိုး တိုက်ဖြစ်နေတော့ ဒီစခန်းထဲကပဲ ဖြတ်သန်းသွားလာနေတာရယ်၊ ၀ါတွင်းအဖိတ်နေ့ တိုင်း ထောင်ကျရဲဘက်များ ကို တရားဟောပေးဖို့ ထောင်ထဲအထိ သွားလာခဲ့ရတာတွေရယ်ကြောင့် ထောင်မြင် ကွင်း နဲ့ ထောင်အသံတွေကတော့ မမြင်ချင်မကြားချင်အဆုံးပါပဲ။

ရဲဘက်လို့ခေါ်တဲ့  အကျဉ်းသားတွေ ရဲ့ နေ့စဉ်လုပ်ကိုင်စားသောက်နေထိုင်ရတာတွေ ထောင်ဝန်ထမ်း နဲ့ ထောင်သား တို့ရဲ့ ပြောဆိုဆက်ဆံမှုတွေကို အနီးကပ်မျက်ဝါးထင်ထင် တွေ့မြင်ရတဲ့အခါ ငယ်ငယ်တုန်းက ကြည့်ခဲ့ဖူးတဲ့ “စပါတာကတ်”ဆိုတဲ့ ရောမရဲ့ကျေးကျွန်ခေတ် ရုပ်ရှင်ကားကိုတောင် သိပ်ပြီး အံ့သြ မိလောက် အောင် အလွန်ရိုင်းကြမ်းတဲ့ ဘ၀မျိုးကြီးပါ။ ဒီလိုနေရာမျိုးမှာ ရောက်ရှိကျခံနေရသူတစ်ဦးအနေနဲ့ သာမန်လူ ယဉ်ကျေးတို့ရှိ အကျင့်စရိုက်မျိုးကိုတောင် စောင့်ထိန်းနိုင်ဖို့ မဖြစ်နိုင်လောက်တဲ့ အခြေအနေပါ။ “ဒီလောက် ရိုင်းကြမ်းလှတဲ့ ဘ၀နဲ့ ပတ်ဝန်းကျင်ထဲမှာ အမှန်ယဉ်ကျေးသိမ်မွေ့လှတဲ့ မြတ်ဗုဒ္ဓရဲ့ အဆုံးအမတွေ ထဲက အယဉ်ကျေး အသိမ်မွေ့ဆုံးဖြစ်တဲ့ ၀ိပဿနာတရားကို ဘယ်လိုများနှလုံးသွင်းပြီး ပွားများ အားထုတ်ပါလိမ့်”ဆိုတဲ့ သိချင်စိတ်ကြောင်ပဲ ဒီစာမူကို အစအဆုံးဖြတ်ဖြစ်သွားခဲ့ပါတယ်။

ဒီစာထဲက ၀ိပဿနာတရား အားထုတ်မှုနဲ့ပတ်သက်လို့တော့ ချမ်းမြေ့ဆရာတော်ဘုရားကြီးကို လျှောက် ထားပြီးဖြစ်တယ် ဆိုလို့ အထူးမပြောလိုတော့ပါဘူး။ ဒီစာမူကိုဖတ်ပြီး မိမိစိတ်ထဲမှာ ရုတ်တရက် သတိရလာမိတဲ့ အကြောင်းအရာ ကိုပဲ နည်းနည်းပြောချင်ပါတယ်။
ဒီစာမူ ကိုဖတ်ပြီး မိမိစိတ်ထဲမှာ ရုတ်တရက် သတိရလာမိတာကတော့ ငယ်ငယ်ကဖတ်ခဲ့ရဖူးတဲ့ စာရေး ဆရာသခင်တင်ဦး (ဗိုလ်သခင်ဆရာ)ရဲ့ “တင်ဝင်ခန္ဓာ”ဆိုတဲ့ ဆောင်းပါးတစ်ပုဒ်ကိုပါ။
သခင်တင်ဦးရဲ့ ဆောင်းပါးထဲက မိမိမှတ်သားမိသလောက်ကတော့ လူဆိုတာ ခန္ဓာငါးပါးကို ရရှိပြီး “အူဝဲ” လို့ အော်လိုက်ချိန်ကစပြီး “ဒီကလေးတယ်အငိုသန်ပါကား”ဆိုတဲ့ အတင်းပြောသံ နဲ့ အတူ လောကကြီးထဲကို ရောက်လာကြတာဖြစ်လို့ လူတိုင်းရဲ့ခန္ဓာဟာ အတင်းအဖျင်းနယ်ပယ်ထဲမှာ အကျုံးဝင် တဲ့ တင်းဝင်ခန္ဓာတွေ ချည်းဖြစ်ကြောင်း။ တင်းဝင်ခန္ဓာတွေပီပီ သူတို့ကိုယ်တိုင် အရွယ်ရောက်လာကြတဲ့ အခါမှာလည်း အတင်း ပြောတတ်တဲ့ တင်းဝင်ခန္ဓာတွေချည်းပဲဖြစ်ကြောင်းနဲ့ အစချီထားပါတယ်။

ပြီးတော့ လူတိုင်းရဲ့ပတ်ဝန်းကျင်ဆိုတာကလဲ အဆိုးနဲ့အကောင်း ရောနှောတွေ့ကြုံနေကြရတာဆိုတော့ ဆိုးကြောင်းနဲ့ ကောင်းကြောင်းကိုပဲ ပြောနေရတာဖြစ်ကြောင်း၊ ဒီလို ပြောကြတဲ့အထဲက ဆိုးသူကို မဆိုး ကြောင်း ပြောတကြိုပဲ “အတင်းအဖျင်းပြောတယ်”လို့ သတ်မှတ်မယ် ဆိုရင် မြတ်ဗုဒ္ဓရဲ့ ဖြစ်တော်စဉ်များကို ဖော်ပြတဲ့ ငါးရာ့ငါးဆယ် ဇာတ်ဝတ္ထုများမှာလည်း ဘုရားအလောင်း ရဲ့ ကောင်းကြောင်းနဲ့ ဒေ၀ဒတ်ရဲ့ဆိုး ကြောင်းများကိုပဲ ဖော်ပြထားတာကို တွေ့ရမှာဖြစ်ကြောင်းများနဲ့ သူဲ့ တင်းဝင်ခန္ဓာ အယူအဆကို အကာ အကွယ်ယူပြီး သူကိုယ်တိုင် သတင်းစာသမားဘ၀ ရောက်တဲ့အခါ သူတို့ သတင်းစာ ကနေ သူတို့ပါတီနဲ့ ပါတီ ခေါင်းဆောင်တွေရဲ့ ကောင်းသတင်းနဲ့ ဂုဏ်ပုဒ်တွေကို ရွှန်းရွှန်းဝေဖော်ပြသလို သူတို့ပါတီနဲ့ ဆန့်ကျင်ဘက် ဖြစ်တဲ့ ဖဆပလပါတီနဲ့ ဗိုလ်ချုပ်အောင်ဆန်း အစရှိတဲ့ ဖဆပလခေါင်းဆောင်တွေရဲ့ အပြစ်အနာအဆာတွေ ကိုလည်း နေ့စဉ်မပြတ် ပယ်ပယ်နယ်နယ် စွပ်စွဲပုတ်ခတ်ရေးသား ခဲ့ကြောင်းများ ကို ဖော်ပြထားပါတယ်။

အဲ ... နောက်ဆု့းသူအကျွတ်တရားရသွားပုံနဲ့ ပတ်သက်လို့တော့ တစ်နေ့မှာ နိုင်ငံရေးပါတီခေါင်းဆောင်များ နဲ့ သတင်းစာဆရာတို့ တွေ့ဆုံတဲ့ ပွဲတစ်ပွဲအပြီးမှာ ဖဆပလပါတီခေါင်းဆောင်တစ်ဦးဖြစ်တဲ့ ဒီးဒုတ် ဦးဘချိုနဲ့ ပက်ပင်း ပါဆုံမိကြောင်း၊ သူကတော့ လိပ်ပြာမသန့်ဘဲ အားတုံ့အားနာဖြစ်နေပေမယ့် ဆရာချိုကတော့ သူ့ကို ချိုသာကြည်လင် တဲ့ မျက်နှာနဲ့ ကြည့်ပြီး “မောင်တင်ဦးလားဟေ့။ လာပါဦးကွယ်။ ကြုံတုန်းမောင်ရင် တို့ကို ကျေးဇူးတုံ့ပြန်တဲ့အနေနဲ့ တစ်ခုခုကျွေးပါရစေ”လို့ ဖိတ်ခေါ်ပါသတဲ့။

သူကတော့ ကြောင်အမ်းအမ်း မျက်နှာနဲ့ကြည့်ပြီး “ဦးရယ် ... ကျွန်တော်တို့သတင်းစာက ဦးတို့ပါတီနဲ့ ဦးတို့မကောင်းသတင်းတွေကို နေ့စဉ် ဖော်ပြနေတာ ဘာများကျေးဇူးတုံ့ပြန်စရာရှိလို့လဲ”ဆိုတော့ “အေး ... အမြဲ ဒီလို မောင်ရင်တို့သတင်းစာက နေ့စဉ်မပြတ် ရေးသားနေတဲ့အတွက်ကြောင့် ခုဆို ဦးတို့ပါတီအပေါ် လူတွေ က ပိုပြီးစိတ်ဝင်စားလာကြသလို ထောက်ခံတဲ့ ဦးရေတွေလဲ ပိုပိုတိုးလာသကွဲ့။ ဒါကြောင့် ဦးတို့ ပါတီအနနဲ့ ကြော်ငြာခကုန်စရာမလိုဘဲ နေ့စဉ်ကြော်ငြာပေးနေတဲ့ မောင်ရင်တို့ကို ကျေးဇူးတင်လွန်းလို့ပါ”ဆိုတဲ့ အကြောင်း ပြောလိုက်တော့ သူလည်း အူကြောင်ယောင်နအဖြစ်ကနေ ရှက်အမ်းအမ်း ကြီးပြန်ပြီး နောင်တ ရသွားခဲ့တဲ့ အကြောင်းများပါပဲ။

သူ့စာထဲမှာ သူတို့သတင်းစာရဲ့ တင်းဝင်ခန္ဓာလုပ်ရပ်များနဲ့ မြတ်ဗုဒ္ဓရဲ့ ငါးရာ့ငါးဆယ်ဇာတ်ဝတ္ထုများကို မတန် မရာနှိုင်းယှဉ်ပြထားပေမယ့် ရှုမြင်သုံးသပ်မှုနဲ့ ရည်ရွယ်ချက်စေတနာချင်းက ဖြောင့်ဖြောင့်ကြီးဆန့်ကျင်နေတာပါ။
မြတ်ဗုဒ္ဓက ဖြစ်တော်စဉ်ဇတ်တော်များကို ဟောကြားတယ်ဆိုတာ လောကအပေါ် ပညာနဲ့ရှုမြင်၊ ကရုဏာနဲ့ သုံးသပ်ပြီးတော့မှ ကောင်းမှု ဆိုးမှုနဲ့ ကောင်းကျိုးဆိုးပြစ်တို့ကိ သိသာ ထင်ရှားအောင် ဟောပြတာဖြစ် လို့ ကောင်းမှုဆိုးမှုဆိုတဲ့ လောကရဲ့သရုပ်မှန်နဲ့ ကောင်းကျိုးဆိုးပြစ်ဆိုတဲ့ လောကရဲ့သရုပ်သကကန်များသာ ဖြစ်ပါတယ်။
ရည်ရွယ်ချက်စေတနာ ကလည်း “ကိုယ့်ကိုချစ်စေ၊ သူ့ကိုမုန်းစေ” ဆိုတဲ့ အလိုဆိုးမပါဘဲ “မကောင်းမှုရှောင်၊ ကောင်းမှုဆောင်၊ ဖြူအောင်စိတ်ကိုထား”ဆိုတဲ့ လောကဓမ္မယဉ်ကျေးမှုတရား လေတိုင်းလေးစား လိုက်နာ ရေးအတွက် သာဓကအဖြစ်နဲ့ ဟောတော်မူခဲ့တာပါ။

သူတို့သတင်းစာမှာ ရေးသားခဲ့တယ်ဆိုတာတွေကတော့ (သူ့စကားအတိုင်း ကောက်ချက်ချကြည့်ရင်) ပုဂ္ဂိုလ် စွဲပါတီစွဲဆိုတဲ့ အတ္တကို အခြေခံပြလောကအပေါ်မှာလည်း ကြိုက်မကြိုက်ဆိုတဲ့ ဝေဒနာနဲ့ ရှုမြင် ရန်ငြိုး အာဃာတ နဲ့သုံးသပ်ပြီး သရုပ်မှန်ကို ရှောင်ကွင်းတဲ့ လုပ်ကြံအတင်းအဖျင်းတွေပဲဖြစ်ပါလိမ့်မယ်။ ရည်ရွယ်ချက်စေတနာ ကလည်း ကိုယ့်အပေါ်ချစ်စေ၊ သူ့အပေါ် မုန်းစေဆို တဲ့ စေတနာဆိုး နဲ့ ရေးသားဖော် ပြနေကြတာမျိုးပါ။
ဒါကြောင့် လည်း သူတို့ရေးသား ဖော်ပြသမျှတွေကို ဖတ်ရှုကြတဲ့ ပြည်သူတွေက သူတို့အပေါ် အမုန်းပွားပြီး သူတို့မုန်းစေ လို သူတို့အပေါ် အချစ်ပိုကာ အတင်းအဖျင်းအဖြစ်ကနေ ကြော်ငြာသဘောမျိုးသက်ရောက် သွားခဲ့တာ ဖြစ်ပါလိမ့်မယ်။

အခု မသီတာ (စမ်းချောင်း)ရဲ့ စာအုပ်မှာလည်း သူဖြတ်သန်းခဲ့ရတဲ့ အတွေ့အကြုံထဲက ကောင်းသူဆိုးသူ တို့ရဲ့ ကောင်းကြောင်း၊ ဆိုးကြောင်းတွေ အတော်လေးပါနေတာကို တွေ့ရပါလိမ့်မယ်။
ဒါတွေဟာ သရုပ်မှန်တဲ့ သရုပ်သကန်တွေပဲလား။ ကြော်ငြာသဘော သက်ရောက်သွားစေတဲ့ အတင်း အဖျင်း တွေပဲလားဆိုတာကတော့ ဖြတ်သန်းခဲ့ကြရတဲ့ ခေတ်ကာလပတ်ဝန်းကျင်အပေါ်မှာ မျက် ခြည်မပြတ်ကြ တဲ့ စာဖတ်သူများကသာ အဆုံးအဖြတ် ပေးနိုင်ကြမယ် ထင်ပါတယ်။
သရုပ်မှန် တဲ့ သရုပ်သကန်တို့ကို အမြင်သန်အသိပွားနိုင်ကြပါစေ။

ဓမ္မဘေရီအရှင်ဝီရိယ(တောင်စွန်း)

ဝိုးတ၀ါးအိပ်မက်များနှင့်လမ်းလျှောက်ခြင်း
မူလတန်းအိပ်မက်များ


မြကျွန်းသာမှ အစပြု၍
 
ကြီးမားသော ဂိတ်တံခါးကြီး က သူ့ရင်ခွင်ကို နှစ်ခြမ်းခွဲကာ ဖွင့်ပြနေခဲ့သည်။ ဂိတ်တံခါးကြီး မိတ်ဆက်ပေး လိုက်သည်က အဓိပတိလမ်း။ အဓိပတိလမ်းအဆုံးမှာ သစ်ပုပ်ပင်နှင့် ဘွဲ့နှင်းသဘင်ခန်းမ။ အဝေးမှ ကြည့် လျှင်ပင် ကျက်သရေရှိလှသည့် ရန်ကုန် ၀ိဇ္ဇာနှင့် သိပ္ပံ တက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ။ ခန်းမအဆောက် အအုံ ဘေးတစ်ဘက်တစ်ချက်က ခြင်္သေ့ကြီးနှစ်ကောင်။ ရှေ့မလှမ်းမကမ်းမှာက ဖြောင့်တန်းရှည်လျား တုတ်ခိုင် သည့် တစ်ကိုယ်တော် သစ်ပုပ်ပင်။ ဂိတ်တံခါးကို လွန်သည်နှင့် ဘယ်ဘက်မှာ ကျောင်းဆောင် အဆောက်အဦး များ။ ညာဘက်မှာ မြက်ရိုင်းရှည်တွေ ကြီးစိုးသည့် ကွင်းပြင်။ မြက်ရိုင်းရှည်ကွင်းပြင် ကို သေချာကြည့် လျှင် မြင်ရနိုင်သည်က ခပ်ဟောင်းဟောင်း အုတ်ဂူတစ်လုံး။ အနီးအနားမှ ညို့မှိုင်းမှိုင်းမြက် ခင်း၊ မြေနီလမ်း တို့နှင့် ရွက်စိမ်းဖားဖား ကံ့ကော်ပင်တွေကြားမှာ ထိုအုတ်ဂူက မထင်မရှား။

“ဒီဂူက နယ်ချဲ့ကိုဆန့်ကျင်ရင်း ကျဆုံးခဲ့တဲ့ ကျောင်းသားခေါင်းဆောင် ကိုအောင်ကျော်ရဲ့ ဂူပေါ့။ ဒီကွင်းပြင် နေရာ မှာတော့ တစ်ခါတုန်းက အဆောက်အဦကြီးရှိခဲ့တယ်။ အခုတော့ မရှိတော့ဘူး။ စစ်တပ်က ဖြိုချဖျက် ဆီးခဲ့တယ်။ အခုတော့ မရှိတော့ဘူး။ စစ်တပ်က ဖြိုချဖျက်ဆီးခဲ့တာ။ အဲဒီတုန်း က ကျောင်းသားကျောင်း သူတွေ တော်တော်လေးသေခဲ့ကြတယ်။ အဖမ်းလည်း ခံခဲ့ရတယ်။ ဖေဖေက အဲဒီ တုန်း က ကိစ္စတစ်ခု ကြောင့် ရန်ကုန်မြို့ထဲမှာ ညအိပ်တာ။ နောက်နေ့မနက် ကျောင်းဝင်းထဲပြန်လို့မရဘဲ ညနေ မှ ပြန်ဝင် လို့ရတော့ ဒီသမဂ္ဂအဆောက်အဦကြီးက မရှိတော့ဘူး။ တစ်ခါကဖေဖေတို့ ကျောင်းသားတွေ စုဝေးပြီး အစည်းအဝေး လုပ်ကြ၊ လက်ဖက်ရည်ဆိုင်ထိုင်ကြ လုပ်ခဲ့တဲ့နေရာပေါ့”ဟု ဖေဖေရှင်းပြခဲ့သည်။

ထိုစဉ်က ကျွန်မ မှာ ကျောင်းနေစ မူလတန်းအရွယ်။ လူမှန်းသိတ်စကတည်းက အရောက်ဖြစ်ဆုံးနေရာ သည် ကျွန်မ တို့ ငယ်စဉ်ကနေသော အိမ်နားက ရွှေဘုန်းပွင့်ဘုရား၊ သာကေတခုံးတံတား ပြီးလျှင် ရန်ကုန် တက္ကသိုလ် ၀င်း သာဖြစ်ခဲ့သည်။ ဖေဖေသည် သူ့ကျောင်းတော်ဟောင်းကို ချစ်မြဲ၊ လွမ်းမြဲမို့ ကျွန်မ တို့ မောင်နှမတစ်တွေကို ပုဇွန်တောင် မှ ကမာရွတ်၊ ရန်ကုန်အရှေ့ပိုင်းမှ အနောက်ပိုင်း ခရီး ကို ပြည်သူပိုင်ဘတ်စ်ကားဖြင့်ပင် တခုတ်တရ လိုက်ပို့ခဲ့သည် မှာ စနေ၊ တနင်္ဂနွေတိုင်းလိုလိုပင်။ ကျောင်းဝင်းထဲ ကအဆောင်များ၏ အမည်၊ မည်သည့် နာမည်ကျော် ကျောင်းသားများနေခဲ့သည်၊ ယခု သူတို့ဘာဖြစ်နေ သည် စသဖြင့် မြကျွန်းသာအကြောင်းကို ဖေဖေ့ထံမှ အပတ်စဉ်လိုလို ကြားနာခွင့်ရခဲ့သည်။

အပင်ကြီးငယ် များနှင့် စိမ်းလန်းမြဲဖြစ်သော၊ အင်းလျားကန်ရေပြင်ကျယ်ကို မေးတင်ထားသော သည် ရန်ကုန် တက္ကသိုလ် ကို အများက မြကျွန်းသာဟု တင်စားခေါ်ခဲ့ကြသည်။ ကျွန်မတို့မောင်နှမ လည်း မြကျွန်းသာ၏ ရင်ခွင်မှာ တစစ ပျော်ပိုက်လာခဲ့သည်။ ကိုလိုနီခေတ်မှသည် ယနေ့ထိ မြန်မာ့သမိုင်း၏ စာမျက်နှာများ ကို ဖတ်ကြမည် ဆိုလျှင် မြကျွန်းသာကို ချန်ထားမရ။ မြကျွန်းသာ၏သမိုင်းသည် အများအား ဖြင့် မလှပ။ သွေး၊ မျက်ရည်၊ စွန့်လွှတ်အနစ်နာခံမှု၊ တိုက်ပွဲ၊ ရုန်းကန်မှု၊ စိန်ခေါ်မှုတွေ ပြည့်နှက်နေ သည့် မြကျွန်းသာ၏သမိုင်းက ကျွန်မ ကို ကောင်းကောင်းကြီး ဖမ်းစားနိုင်ခဲ့သကဲ့သို့ ကိုလိုနီခေတ် အဆောက်အဦ များ၊ စိမ်းလဲ့ညိုမှောင်သော အပင်ကြီးများနှင့် သာယာလှပသော အင်းလျားကန်၊ ထို့ထက် ပျားပန်းခတ်လှုပ် ရှားတတ်ကြွနေ ကြ သည့် မြကျွန်းသာ ကျောင်းတော်သူ၊ ကျောင်းတော်သားများ၏ ပုံရိပ်တို့က ကျွန်မကို ညှို့ ထားနိုင်ခဲ့သည်။

ဆေးတုကြောင့် ဆေးရုံရောက်

ထို့ကြောင့်ပင် လူမှန်းသိတတ်စမှာ ပထမဦးဆုံး မက်ခဲ့သော အိပ်မက်သည် ထိုမြကျွန်းသာ၏ရင်ခွင်ရှိ ဘွဲ့နှင်းသဘင်ခန်းမတွင် ဘွဲ့အခမ်းအနားတက်ရောက်နိုင်ရေးပင် ဖြစ်ခဲ့ပေသည်။ ထိုအိပ်မက်က ကျွန်မကို စာကြိုးစားသော မူလတန်းကလေးတစ်ယောက်ဖြစ်စေခဲ့သည်။ တစ်ခါက ဆရာမဖြစ်ခဲ့ဖူးသော မေမေကတော့ ကျွန်မ ကို ဆရာဝန်တစ်ဦး ဖြစ်စေချင်ခဲ့သည်။ ကျွန်မက ငယ်လွန်းလှသည်ဖြစ်ရာ မြကျွန်း သာ၏ဘွဲ့နှင်းသဘင် ခန်းမ တွင် တက်ရောက်ဘွဲ့ယူနိုင်မည့် မည်သည့်ဘွဲ့မျိုးကိုမဆို ရယူလိုစိတ်သာ ရှိခဲ့ သည်။

သို့သော် ကျွန်မသည် လူမှန်းသိတတ်စကတည်းက ကျန်းမာရေး ချူချာလွန်းလှသည်။ ဒုတိယကမ္ဘာစစ် အတွင်း မိဘနှစ်ပါးကွယ်လွန်ခဲ့ကာ ညီအစ်ကိုမောင်နှမများ၏ အထောက်အပံ့ဖြင့် ကျောင်းတက်ခဲ့ရသော ဖေဖေက ကျောင်းမြန်မြန်ပြီးအောင် စီးပွားရေးဘွဲ့ကို ယူခဲ့ရသော် လည်း သူဝါသနာပါရာ ဆေးပညာကို အိမ်သုံးဆေးဝါးများ လေ့လာခြင်းဖြင့် ဆည်းပူးတတ်သောကြောင့် ကျွန်မ တို့ နေထိုင်ရာ တိုက်ခန်းကျဉ်းကျဉ်းလေးမှာ ဆေးဝါးစုံလင်သလောက် ကျွန်တို့မောင်နှမ သုံးယောက် မှာ ဆေးနံ့ ကိုလည်း ယဉ်ပါးခဲ့ကြသည်။ ဆေးသောက်ရမှာ မကြောက်ကြသလို ဆေးရုံနံ့ကိုလည်း နံသည် ဟု မမှတ်ယူခဲ့ကြ။ မည်သို့ဆိုစေ ကျွန်မမှာ ငယ်စဉ်ကပင် ဓာတ်မတည့်သည့်ပြဿနက ရှိနေခဲ့သည်။ အနံ့စူးစူးဝါးဝါးများ၊ အိမ်မွေးတိရစ္ဆာန်တို့၏ အမွှေးများ၊ ပင်လယ်စာများ၊ အေးလွန်းပူလွန်းသာ ရာသီဥတု စသဖြင့် ကျွန်မ မတည့် သည့်အရာတွေက များလွန်းလှသည်။ ထိုအရာများကို အချိန်အတန်ကြာ ထိတွေ့လိုက်သည်နှင့် တစ်ကိုယ်တည်း ယားယံကာ အဖုအပိန့်တွေ ဖြစ်လာတတ်ပေသည်။

ထို့ထက်တစ်ဖန် လူတန်းအရွယ်မှာ သာမန်တုပ်ကွေးဖျားအတွက် ဆေးခန်းမှပေးလိုက်သော ပဋိဇီဝဆေး ကို သောက်လိုက်ရာမှ ကိုယ်ပူချိန် ၁၀၆-၇ အထိ ဖြစ်ခဲ့ကာ သတိလစ်မေ့မျော့သွားခဲ့ပြီး ကလေးဆေးရုံသို့ တက်ခဲ့ ရသည်။ နောက်နေ့တွင် မေမေ့အစီအစဉ်အရ ကျွန်မတို့ မောင်နှမတစ်ယောက်စီက တာဝန် ယူ ဆွမ်းလောင်း ရသော အိမ်သို့ နေ့တိုင်း ကြွသည့် ဘုန်းဘုန်းက တိုက်တွန်းသဖြင့် ကျွန်မသောက်ဖြစ် ခဲ့သော ဆေး ကို ဆန်းစစ်ခဲ့ ရာ အစစ်အမှန် မဟုတ်ဘဲ ဆေးဝါးအတု ဖြစ်နေခ့ပါသည်။ ထိုဆေးအတု၏ဒဏ်ကို ကျွန်မ ယခု တိုင် ခံစားနေရ သည် ဟု ဆိုရမလိုပင်။ ကျွန်မ၏ ဓာတ်မတည့်သောဝေဒနာမှာ ယခင်ကထက် ပိုမို ဆိုးဝါးလာပြီး ယခုတိုင်အောင် မပျောက်နိုင်တော့။

ထိုစဉ်က ကလေးဆေးရုံမှာ သတိရတစ်ချက် မရတစ်ချက်နှင့် မြင်တွေ့ခံစားရသော ဆေးရုံမျက်နှာချင်းဆိုင်ရှိ တရုတ်သံရုံး၏ တံခါးနီနီနှင့် စူးရှရှဆေးရုံနံ့တို့မှာ ကျွန်မ၏ မမေ့နိုင်သော အာရုံများထဲမှ တစ်ခု ပင်။ ဆေးရုံဆေးခန်းတို့နှင့် အမြဲလိုလို ထိတွေ့ဆက်ဆံလာခဲ့ရသောအခါ ကျွန်မသည် ဆရာဝန်၊ သူနာပြုတို့ကို သဘောကျ ချစ်ခင်လာခဲ့သည်။ ကျွန်မ ခံစားနေရသော ဝေဒနာမျးကို သက်သာ အောင် ပြုစု ကုသသောသူများ အဖြစ် အသိအမှတ်ပြုနိုင်ခဲ့သည်။ သို့နှင့် မေမေ့ဆန္ဒကြောင့်မဟုတ်ဘဲ ကျွန်မ ဆေးကုသခြင်းကို စိတ်ဝင်စား လာခဲ့သည်။ ငယ်အိပ်မက်တွင် ဆရာဝန်တစ်ယောက်ဖြစ်ရေးသည် မှတ်မှတ် ထင်ထင်။

အားကျစိတ်နှင့် အရှက်အကြောက်
ထို့အတူ ငယ်ဘ၀က ပုံပြင်ပေါင်းများစွာကို ကြားနာနားထောင်ခဲ့ရသည့်အနက် မာသာထရီဇာနှင့် ဒေါ်ဦးဖွန်းတို့၏ ကရုဏာ၊ စေတနာ၊ အနစ်နာနှင့် လုပ်ရပ်တို့သည် ကျွန်မနားထဲမှ တစ်ဆင့် နှလုံးသားထဲ ထိ ရောက်ခဲ့ကြသည်။ ကျောင်းသင်ခန်းစာမှာ သင်ကြားခဲ့သော ရခိုင်အမျိုးသမီးကြီး ဒေါ်ဦးဇွန်း၏ သက်ကြီးရွယ်အို များအပေါ် စီစဉ်ဆောင်ရွက်လုပ်ကိုင်ပေးခဲ့ပုံများကို အားကျခဲ့သော်လည်း သူ့အကြောင်းက သည့်ထက်ပိုပြီး လည်း ကျွန်မအဖို့ လက်လှမ်းမမီနိုင်ခဲ့။ အိန္ဒိယမှာ အရွယ်မရွေး နူနူဝဲ၀ဲလူမရွေး ကူညီစောင့် ရှောက်နေသည့် အယ်လ်ဘေးနီးယန်းအမျိုးသမီးကြီး မာသာထရီဇာ့ အကြောင်းကတေ့ ဖေဖေ ယူ လာတတ် သော နိုင်ငံခြားသတင်းမဂ္ဂဇင်းများနှင့် ဖေဖေနားထောင်တတ်သော ဘီဘီစီ မြန်မာပိုင်းအစီအစဉ်တို့မှတစ် ဆင့် မြင်တွေ့ကြားသိရသည်မို့ ပိုပြီး ရင်းနှီးကျွမ်းဝင်ခဲ့ရသည်။ ကျွန်မ ငယ်ဘ၀ စံပြပုဂ္ဂိုလ်တစ်ဦးမှာ မာသာ ထရီဇာဖြစ်လာခဲ့သည်။ သို့သော် မူလတန်း ကျွန်မအဖို့ မာသာထရီဇာကို အားကျစိတ် မှာ သူကဲ့သို့ သူတစ် ပါးကို ကူညီချင်စိတ်ပါဝင်ခဲ့သည့်ပြင် သူကဲ့သို့ သူတစ်ပါးတို့က ချီးမွမ်း ဂုဏ်ပြုခံရလိုသည့်စိတ်တို့လည်း ပါဝင်ခဲ့ပါသည်။

ထို့ပြင် ကျွန်မ၏ နောက်အတွေ့အကြုံတစ်ခုက သူတစ်ပါးထက် အခွင့်ထူးခံရလိုစိတ်ကို တိုက်ခိုက်နှိမ်နင်း ခဲ့ပြန်ပါသည်။ နယ်မှာနေသော ကျွန်မ၏ ၀မ်းကွဲမောင်နှမများကို ကျွန်မတို့မောင်နှမက ဦးဆောင်ပြီး ရန်ကုန်မြို့တစ်ခွင် လှည့်လည်ပြသဖို့ အခွင့်အရေးကို ကျွန်မ အသက်ဆယ့်တစ်နှစ်မှာ ဖေဖေက ပေးခဲ့ပါ သည်။ လူကြီးတွေ မပါဘဲ သွားကြရသည့်ပြင် ငွေကြေးလည်း အလုံအလောက်ထည့်ပေးလိုက်သည်မို့ အပျော်ကျူး ခဲ့ကြရာ နောက်ဆုံးတွင် ဖေဖေ တာဝန်ထမ်းဆောင်ရာ ဟိုတယ်ခရီးလက်အောက်ခံ ကရ၀ိက် ဟိုတယ် မှ ရေခဲမုန့်ကို တန်းစီဝယ်မစားဘဲ ဖေဖေ့နာမည်ပြောပြီး အခမဲ့အငြိမ့်သား ထိုင်စားဖြစ်ခဲ့ကြပါသည်။

ထိုစဉ်က တန်းစီစောင့်ဆိုင်းနေသူတို့၏ အကြည့်များ ကို ကိုယ့်အပေါ် အားကျကြည့်ဟု ယူဆခဲ့ကာ သဘောကျနေခဲ့ သမျှ ဖေဖေ့ကို ပြန်လည်အစီရင်ခံသည့်အခါ သူ့ရာထူးနှင့် နာမည်ကို အသုံးချကာ သူများ ထက် အခွင့်အရေး ပိုလိုချင်ခြင်း ကို ဖေဖေက ပြင်းပြင်း ထန်ထန် ရှုတ်ချပြစ်တင်ခဲ့ပြီးနောက် ကျွန်မတို့ အားလုံး အပျော်တွေပျောက် သကဲ့သို့ ရေခဲမုန့်အရသာပင် မခံစားနိုင်ခဲ့တော့ပါ။ ထိုမှတစ်ဆင့် ယခုတိုင်လည်း သည် လို ရေခဲမုန့်မျိုးစားရမည်ကို ရှက်ကြောက်စိတ်က ဖြစ်ခဲ့ရပါပြီ။  ငယ်အိပ်မက်ထဲမှာပင် ကျွန်မသည် သူများ တန်းစီလျှင် မိမိလည်း တန်းစီဖို့ ၀န်မလေးတော့ချေ။

အိပ်မက်ကို အမွေဆက်ခံလို့

ငယ်ငယ်က ပျော်ခဲ့ရသည့်ကာလများတွင် နွေရာသီကျောင်းပိတ်ရက်ခရီးရှည်များက ထိပ်ဆုံးက ပါခဲ့ပါသည်။ ခရီးထွက်သည် ကို ၀ါသနာပါလှသော မေမေနှင့် မော်လမြိုင်မှာနေသည့် အဘိုးအဘွားတို့ကြောင့် ကျွန်မတို့ မိသားစု နွေရာသီတိုင်း ခရီးတစ်ခုတော့ ထွက်ဖြစ်ခဲ့ကြသည်။ မော်လမြိုင် သွားရသည်မှာ ခရီးထွက်သည်ထက် အဘိုးအဘွားနှင့် အတူနေရန် သွားသည်မျိုးမို့ မော်လမြိုင် ခရီးထက် အခြားခရီးအချို့ကို ပိုပြီးမှတ်မှတ်ထင်ထင် ရှိခဲ့သည်။ မော်လမြိုင် တစ်ဖက်ကမ်း ဘီလူးကျွန်း၊ ပုဂံ၊ မန္တလေး၊ ရှမ်းပြည်တောင်ပိုင်း၊ မြောက်ပိုင်း စသည်ဖြင့် ခရီး စဉ်တွေမှာ သဘာဝရှုခင်းအလှ၊ ဗိသုကာလက် ရာအလှ၊ အစားအသောက်၊ ရာသီဥတု၊ တိုင်းရင်းသား ဓလေ့ထုံးစံနှင့် ဘာသာစကား၊ လေယူလေသိမ်း စသဖြင့် မတူခြားနားသည့် အရာများကို တအံ့တသြ တွေ့ကြုံခံစားသိမြင်ရသဖြင့် ကြည်နူးပျော်ရွှင်ခိုက်မှာ “တွေ့လား၊ ဖေဖေတို့နိုင်ငံက ဘယ်လောက် လှလဲ။

ဒီနေရာမှာ တချို့နိုင်ငံတွေမှာလို လျှပ်စစ်ကြိုးဆွဲ ကောင်းကင်ကားတန်းတွေ ဆင်နိုင်ရင်၊ မိသားစုအပန်းဖြေ ပန်းခြံကြီးမျိုးဖန်တီးနိုင်ရင် ဖေဖေတို့ နိုင်ငံခြား ၀င်ငွေလည်း တိုးမယ်။ နိုင်ငံခြားသားအများကြီးကလည်း ဖေဖေတို့နိုင်ငံ ဘယ်လောက်လှောကာင်း၊ သဘာဝသယံဇာတ ဘယ်လောက်ကြွယ်ဝကြောင်း သိသွားကြမယ်”ဟု ဖေဖေက သူ့အိပ်မက်တွေကို မမောတန်း ပြောနေတတ်သည်။ သည်တော့ ကျွန်မမှာ ကြက်သီးမွေးညင်းထောင်ထကာ မြန်မာပြည်မှာ လူဖြစ်ရသည် ကို ဂုဏ်ယူနေခဲ့ပါသည်။

မျက်စိတစ်ဆုံး များပြားလှသော ဘုရားကြိုဘုရားကြားမှာ လျှောက်သွားရင်း ဆယ်တစ်ရာစုပုဂံ၏ ကြွယ်ဝမှု နှင့် ရှေးက ပျူ၊ မွန်၊ မြန်မာတို့၏ လက်ရာမြောက်ဗိသုကာတို့ကို နားမလည်နိုင်သေးသည့်တိုင် မှန်းဆ ဂုဏ် ယူမိခဲ့ဖူးပါသည်။ မန္တလေးကျုံးကို ငေးကြည့်ရင်း၊ ပါတော်မူပုံပြင်ကို နားထောင်ရင်း၊ မဟာမြတ်မုနိ ရုပ်ရှင် တော်မြတ်ကို ဖူးမြော်ရင်း ဆုံးရှုံးခဲ့ရသော လွတ်လပ်ရေးအတွက် နားမလည့်တလည်နှင့် ပင် ကြေကွဲခဲ့ပြန် ပါသည်။ ဖေဖေ့ဘက်မှ ဆွေမျိုးများရှိရာ သီပေါနှင့် ရှမ်းပြည်နယ်ဒေသအချို့ကို လည်ပတ်ခဲ့စဉ်မှာလည်း အသွင်မတူသည့် ဆွေမျိုးများအပေါ် ချစ်ခင်သည့် ခံစားမှုကို ရခဲ့ပြန်ပါသည်။ ပြည်တွင်းခရီးအတွေ့အကြုံ တို့ကို အိမ်နီးနားချင်း ကလေးများနှင့် ကျောင်းနေဖက်သူငယ်ချင်းများအား ပြန်ပြောင်းပြောပြခ့သည့်အခါ ကျွန်မမှာ သူတို့ထက် ဗဟုသုတ ပိုရှိသည်ဟု ခံစားမိရာက မိမိကိုယ်မိမိ ယုံကြည်စိတ်လည်းတိုးပွားခဲ့ပါသည်။ ကျွန်မ၏ အတွေးအမြင် သည် ရန်ကုန်၏ ၁၂ ပေ၊ ပေ ၅၀ တိုက်ခန်း ကျဉ်းနှင့် နံရံလေးဘက်ကြားက ကျောင်းတို့ထဲမှာ လမ်းဆုံး မနေခဲ့ရသည့် အတွက်လည်း မူလတန်းအရွယ် ကျွန်မ၏ အိပ်မက်များသည် တောင်ပံတလူလူ လွင့်ဝဲနေခဲ့ ကြပါသည်။

ငယ်ဘ၀မှ အမှတ်ရနေမိသည်က အိပ်ရာဝင်နောက်ကျခြင်းပင်။ ညစဉ်ညနက်သည့်တိုင် ဖေဖေနှင့် မေမေ၏ ခုတင်ပေါ်မှာ နားနေရင်း ဖေဖေနျင့် မေမေ ပြောသမျှ လူမှုရေး၊ စီးပွားရေးကိစ္စ အထွေထွေကို နားထောင် တတ်ခဲ့သည်ကလည်း ကျွန်မဘ၀အတွက် လူဖြစ်စေခဲ့သည့်အကြောင်း ဖြစ်ပေမည်။ မူလတန်း ဘ၀မှာပင် ဖေဖေနှင့်မေမေတို့ ခံစားနားလည်သမျှကို လိုက်လံခံစားဖြစ်ခဲ့သည်မိ့ နားလည်မှုအရာတွင်လည်း လူကြီး တို့၏ နားလည်မှုအတိုင်းအတာ ကို ယဉ်ပါးကျက်စားမိခဲ့ပြန်ပါသည်။ သို့သော် ထိုစဉ်က ခံစားမှုနုနယ် သည့် ကလေးပီပီ ကြားဖူးသမျှ ဒုက္ခရောက်နေသူ၊ အဆင်မပြေနေသူများအတွက် ညတိုင် ဘုရားရှိခိုး သည့်အခါ ဝေေ၀ဆာဆာ ဆုတောင်းသမှု ကို ပြုခဲ့မြဲဖြစ်ပါသည်။ ကိုယ့်ထက်အဆင်ပြေကြွယ်ဝနေသူတွေအပေါ် အားကျ စိတ်ဖြစ်ခဲ့မှုမျိုး ရှိ၊ မရှိ မမှတ်မိသော်လည်း ကိုယ့်ထက် အဆင်မပြေဖြစ်နေသူတို့အတွက် ပူပန်စိုးရိမ် စိတ်နှင့် တစ်နည်းနည်းအားဖြင့် ကူညီဖေးမလိုစိတ်များ ဖောဖောသီသိ ဖြစ်ထွန်းခဲ့သည်ကိုဖြင့် မှတ်မိနေပါ သေးသည်။ သို့ဖြင့် မူလတန်းအရွယ် ကျွန်မ၏ ညပိုင်းဘုရားရှိခိုးချိန်သည် ထိုကိစ္စများအတွက် ဆုတောင်းမှု တို့ကြောင့် ကျန်မောင်နှမများထက် ပိုကြာမြင့်ခဲ့ပေသည်။ ထို့နောက်မှာ ကျွန်မသည် ကလေးဘ၀မှ လူ ငယ်ဘ၀ သို့ ရုတ်ခြည်းကူးပြောင်းသွားသလို ဖြစ်ခဲ့ပြန်ပါသည်။

ဆက်ရန်
.

5 comments:

Angelhlaing(May everybody be happy and healthy! said...

အဲ့ဒီစာအုပ်လေး ဖတ်ချင်...နေတာ မမကျေးဇူးကြောင့် ဖတ်ရတော့မယ် ကျေးဇူးပါမမေ၇..

Anonymous said...

Thanks a lot for sharing this book.

မောင်မျိုး said...

မမြသွေးနီ ဆီက ရီဗြူးဖတ်ရကတည်းက အရမ်းဖတ်ချင်နေခဲ့တာ အစ်မ တင်ပေးတာတွေ့တော့ အရမ်းကျေးဇူးတင်တာပဲ ဆက်ဖတ်ချင်သေးတယ် အစ်မရေ ။

ahphyulay said...

အင်း....
အင်းစိန်ထောင်ထဲမှ လွတ်မြောက်ပြီး
ပိုမိုကျယ်ဝန်းသော မြန်မာပြည်အကျဉ်းထောင်
ကြီးထဲက မထွက်နိုင် ဖြစ်ရပြန်သည်ဆိုတဲ့ 
နေရာမှာ တော်တော်ကြာ ရပ်ပြီး ခံစား
သွားမိပါသည်။

Anonymous said...

ဖတ်ချင်နေတဲ့ စာအုပ်လေးမို့ အပင်ပန်းခံတင်ပေးတဲ့ အမကို အရမ်းကျေးဇူးတင်ပါတယ်၊