Thursday, November 29, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၁၁)

မရှင်းဂန်းသရဖီ နှင့် တွေ့ဆုံခြင်း

၂၀၀၂ - ၂၂၀၃ ခုနှစ်တစ်ဝိုက် ထောင်တွင်း ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း အညွှန်းကိန်း ကတော့ အောက်ဘက် ကိုဇောက်ထိုး စိုက်ဆင်းလျက် ရှိနေတာ ကို တွေ့ရပါ တယ်။ ဆေးကုသ မှု သေချာမပြုလုပ်နိုင်ခဲ့တာကြောင့် မဖိတ်စင်သင့်ပဲ ဖိတ်စင်သွား တဲ့ နိုင်ငံရေး အကျဉ်းသားတွေ လည်း အများအပြား ရှိပါတယ်။ အထူးသဖြင့် ထောင်တွေအားလုံးထဲမှာ အင်္ဂလိပ်ကိုလိုနီခေတ် ကတည်းက နာမည်ကြီးခဲ့တဲ့ သာယာဝတီထောင်ရဲ့ "မရဏဆောင်" အဖြစ် ထင်ရှားခဲ့တဲ့တိုက်ကတော့ ၈ခန်းတွဲ တိုက်ပဲ ဖြစ်ပါတယ်။ ဒီ ၈ခန်းတွဲတိုက်ဟာ ယခင်ခေတ်တွေကတည်းက ကြိုးပေးမယ့် ကြိုးသမားတွေ ကို နောက်ဆုံးထားလေ့ ရှိတဲ့ တိုက်ပဲ ဖြစ်ပါတယ်။

မြန်မာဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်မှာ ဒီတိုက်ကို ၀က်မွေးမြူရေး လုပ်ခဲ့ပါတယ်။ နောက် ၁၉၈၈ ခုနှစ် ဒီမိုကရေစီ အရေးတော်ပုံအပြီး မှာ နိုင်ငံရေးသမား တွေကို ပြန်လည် ချုပ်နှောင်ခဲ့ပါတယ်။ မကောင်းတဲ့အတိတ်၊ နမိတ်ဆိုးတွေ နဲ့ ကျော်ကြားခဲ့တဲ့ တိုက်ပီပီ ၁၉၉၈ မှာ အရုပ်ဆိုးအကျဉ်းတန်တဲ့ အဖြစ်အပျက် တစ်ခု ဖြစ်ပွားခဲ့ပါတယ်။ ဒီဖြစ်ရပ်ကတော့ နိုင်ငံရေးအကျဉ်းသားအားလုံးကို တစ်ခြားအကျဉ်းသားများ နည်းတူ လျော့ရက်ခံစားခွင့်ပေးထားရာ ကနေ ၁၉၉၇ မှာ ပြန်လည် ရုတ်သိမ်းလိုက်တဲ့အတွက် ဗမာပြည်ကွန်မြူနစ် ပါတီ က ကိုအောင်ကျော်မိုး က လျော့ရက်ခံစားခွင့် အစာငတ်ခံတိုက်ပွဲဝင်ယင်း အဲဒီတိုက်ပွဲ မှာပဲ ကျဆုံး ကွယ်လွန်သွားခဲ့ပါတယ်။ အဓိက ကွယ်လွန်သွားတဲ့ အကြောင်းရင်း ကတော့ ထောင်က ရေ   ဖြတ်လိုက်တဲ့ အတွက် ၄ရက်အကြာမှာ ရေဓာတ်ခမ်းခြောက်ပြီး သေဆုံးသွားရတာပါ။

နောက်တော့ ပြစ်ဒဏ်ချမှတ်ထားရာကနေ လွတ်ရက်စေ့လို့ လွတ်မြောက်တော့မယ့် အကျဉ်းသားတွေ ကို လွတ်မပေးချင်လို့ ဗူးဝမှာပဲ ပုဒ်မ (၁၀) (က)နဲ့ ပြန်စွဲပြီး ထောင်ထဲပြန်ထည့်လိုက်တဲ့ သူတွေကို ၈ခန်းတွဲ တိုက်မှာ လာထားပါတယ်။ ကံဆိုးမိုးမှောင်ကျတဲ့ လူက စုစုပေါင်း (၈)ဦး ရှိခဲ့ပါတယ်။ သူတို့ ကတော့ ၈၈ မျိုးဆက်ကျောင်းသားတွေဖြစ်တဲ့ ကိုဌေးကြွယ်၊ လူဘောင်သစ်က ကိုဇေယျ၊ ရင်ထွေး၊ တစ်ခြားအဖွဲ့တွေထဲက စိုးမိုးနိုင်၊ သောင်းထိုက်၊ စည်သူ၊ ကျော်အောင်၊ ဦးအောင်မေသုတို့ပဲ ဖြစ်ပါ တယ်။ ဒီတိုက်က အရင်ကတည်းက ၀က်မွေးမြူခဲ့တာ ဆိုတော့ ညစ်ပတ်ပါတယ်။ 

ဒီလူတွေထဲမှာ ပထမဆုံးရောဂါဖြစ်တဲ့သူက ကိုစည်သူပါ။ အဖျးငွေ့ငွေ့ ရှိပြီး မပျောက်တာ ရက်ရှည် လာတော့ ထောင်ဆရာဝန်က ပထမတိုက်ဖွိုက်ထင်ပြီး ကုပါတယ်။ မပျောက်တော့ တီဘီဆေးတွေ ပေးပါတယ်။ တီဘီက မဟုတ်တော့ ငှက်ဖျားဆေးတွေ ပေးပြန်ပါတယ်။ ဒါလည်း မပျောက် ပါဘူး။ နောက်ဆုံး ဆရာဝန်က ပိုးသတ်ဆေးတွေ ထပ် တိုက်ပါတယ်။ ဆေးတစ်ခါတစ်ခါပေးရင် လက်ခုပ်နဲ့ အပြည့် ဖြစ်နေလို့ ဆရာ ကို သေချာအောင် ပြန်မေးရပါတယ်။ ဆေးတွေ ဒီလောက်သောက်လို့ လိုသလားပေါ့။ ဆရာ ကလည်း ပြောပါတယ်။ ဘာရောဂါမှန်း အဖြေရှာမရလို့ မရှင်းဂန်းသရဖီကုထုံးနဲ့ ကုရတာပါတဲ့။ ဆေးတွေအားလုံး တိုက် လိုက်တော့ အနာနဲ့ရောဂါတိုးရင် ပျောက်မှာပဲဆိုပြီး ရမ်းကုရတဲ့ သဘောပါပဲ။ ဒီလောက်ဆေးတွေ များပေမယ့် ကိုစည်သူ က ကံမကောင်းရှာပါဘူး။ နောက်ဆုံး အဆုတ်ကြွေပြီး ကွယ်လွန်သွားခဲ့ပါတယ်။

၂၀၀၃ ခုနှစ်မှာလည်း ဂြိုလ်ဆိုးက ၀င်လာပြန်တာပါပဲ။ ကိုကိုးကျွန်းပြန်ဝါရင့်နိုင်ငံရေးသမားကြီး ဦးအောင်မေသု ၀မ်းတွင်း အမြှေးရောင်ရောဂါ ဖြစ်ပါတယ်။ ဒီလိုရောဂါမျိုးက ချက်ချင်းခွဲရတယ်လို့ ဆို ပါတယ်။ ဒါပေမဲ့ ဦးအောင်မေသု မှာ လုပ်ထုံးလုပ်နည်း အဆင့်ဆင့်တွေကြောင့် ၄၈နာရီကျော်ကြာမှ ခွဲရပါတယ်။ ခွဲရတော့လည်း သာယာဝတီထောင်ဆေးရုံ၊ အဲဒီကတစ်ဆင့် မြို့နယ်ဆေးရုံ၊ အဲဒီက တစ်ဆင့် ရန်ကုန်ဆေးရုံကို သွားဖို့ အဆင့်ဆင့် စစ်ဆေးနေကြပါတယ်။ ရန်ကုန်ဆေးရုံ ကြီးမှာ ခွဲတော့ အားလုံး နောက်ကျသွားပါပြီ။ ဗိုက်ထဲမှာ အူတွေ၊ အူမကြီးတွေ ပွင့် ထွက်နေပြီ။ ဘယ်လိုမှကုလို့ မမီတော့ပါဘူး။ ဒီလိုနဲ့ ဦအောင်မေသုလည်း ၈ခန်းတွဲ တိုက်မှ တစ်ဆင့် စနစ်ဆိုးရဲ့ ၀ါးမြိုခြင်းကို ခံလိုက် ရပါတယ်။

ဒီတိုက်ရဲ့ ကံမကောင်းခြင်းတွေက ဒီမှာပဲ ရပ်တန့်မနေခဲ့ပါဘူး။ ၂၀၀၄ ခုနှစ်မှာ ကိုဌေးကြွယ်တစ်ယောက် ဗိုက်အောင့် ဗိုက်နာ တာ စဖြစ်ပါတယ်။ ဆရာဝန်က စစ်ကြည့်ပြီး ဘာမှ ရေရေရာရာ အဖြေမပေးနိုင် ခဲ့ပါဘူး။  နောက်ဆုံးတစ်ညမှာတော့ ဗိုက်တအား အောင့်နေလို့ အရေးပေါ် ဆေးမှူး ခေ ရပါတယ်။ ဆေးပဲပေး ပြီး ရောဂါစမ်းသပ်ခြင်း မလုပ်ခဲ့ပါဘူး။ နောက်တစ်နေ့ကျမှ အခြေအနေသိပ်ဆိုးမှန်းသိလို့ ထောင်က သမားတော် ခေါ်ပေး ပါတယ်။ သမားတော်က စစ်ဆေးပြီး အပြင်ဆေးရုံထုတ်မှ ရမယ်လို့ မှတ်ချက်ပေးပါတယ်။ ဒီလိုနဲ့ အပြင် ဆေးရုံ ရောက်သွားပါတယ်။ ဒါပေမဲ့ မခွဲပေးပဲ စောင့်ကြည့်နေကြပါတယ်။ ည(၁၁)နာရီကျော် မှာတော့ ကိုဌေးကြွယ်တစ်ယောက် ပြာနှမ်း သွားပြီး အသက်ရှူလည်း နှေးသွားပြီ။ အဲဒီအချိန်ကျမှ စခွဲဖို့ ပြင်ဆင် ပါတယ်။ အရေးထဲမှာ မီးကလည်း ပျက်နေပါတယ်။ ရှိတဲ့မီးစက်နှိုးပြီး ခွဲရပါတယ်။ ခွဲနေတုန်းမှာ ကိုဌေးကြွယ် မေ့ဆေးပြယ်ပြီး နိုးလာပြန် ရော။

ဒုက္ခတွေ က တသီတတန်းကြီးပါပဲ။ ခွဲလက်စဖြစ်နေလို့ မေ့ဆေးအမြန်ပြန်ပေးရပါတယ်။ ပြီးတော့ ထပ်ခွဲ ရပါတယ်။ ရောဂါအဖြေကတော့ တွေ့ပါပြီ။ အူလမ်းကြောင်း ပိတ်နေတာပါ။ သူတို့က အဖြေ မှားပြီး အူပေါက်သွားတယ် ထင်လို့ ခွဲရတာ ဖြစ်ပါတယ်။ ၀က်မွေးမြူထားတဲ့ တိုက်ဖြစ်တော့ မသန့်တဲ့ အတွက် အူထဲမှာ သံတွေ နဲ့ ပိတ်သွားခဲ့ရတာ ဖြစ်ပါတယ်။ ရောဂါ ရှာတွေ့ပြီး သံဆေးကျွေးရင် ဖြစ်နိုင် ရက်နဲ့ အခုတော့ ဗိုက်ဖွင့် လိုက်ရသလို အူကိုလည်း ၆လက်မလောက် ဖြတ်တောက်ပစ်လိုက်ရပါ တယ်။ ပြန်ချုပ်တော့လည်း အတွင်းချုပ်ရိုး ၈၀ ကျော် အပြင်ချုပ်ရိုး ၂၀ကျော်၊ စုစုပေါင်း ၁၀၀ ကျော် ချုပ်ခဲ့ရပါတယ်။ ခွဲပြီးပြီးချင်း ထိရောက်တဲ့ ကုသမှုတွေ မရလို့ Pain Shock ၀င်ပြီး နှလုံးသွေးကြောထုံး သွားပါတယ်။ သတိလည်း လစ်သွားပါတယ်။ သာယာဝတီဆေးရုံ မှာ အခြေအနေမကောင်းတော့မှ အင်းစိန်ဆေးရုံကို နှာခေါင်းပိုက်တန်းလန်း၊ ဆီးပိုက် တန်းလန်း၊ drip ပိုက်တန်းလန်း နဲ့ ရွေ့ပေးပါတယ်။ အင်းစိန်ဆေးရုံရောက်မှ ကိရိယာအစုံအလင်နဲ့ အမြန် ကုသကြရပါတယ်။ ဒါလည်း ကိုယ့်စရိတ်နဲ့ကိုယ် ကုသနိုင်လို့ အသက်ကယ်လိုက်နိုင်တာ ဖြစ်ပါတယ်။

အင်းစိန်ဆေးရုံ က ဆင်းတော့ ကိုဌေးကြွယ်ကို အင်းစိန်ထောင်မှာ နေမလား မေးတယ်။ ဒါပေမယ့် ကိုဌေးကြွယ် က သာယာဝတီထောင်ကိုပဲ ပြန်ချင်တယ်လို့ ဖြေတယ်။ နောက်ဆုံး သာယာဝတီထောင် က ၈ခန်းတွဲတိုက် ကိုပဲ ပြန်ပို့ပေးလိုက်ပါတယ်။ တိုက်ပြန်ရောက်တော့ ထူးဆန်းတာ တွေ့ကြုံရတယ်။ သူ့တိုက်ခန်းရှေ့က သူစိုက်ထား တဲ့ သစ်ပင်တွေ မရှိတော့ဘူး။ အားလုံး ရှင်းထားတယ်။ ဘာဖြစ်လို့လဲ မေးတော့ ၈ခန်းတွဲ တိုက်ရဲ့ အစဉ်အလာ မှာ "ထွက်ပြီးရင် ပြန်ဝင်တာ မရှိဘူး" လို့ ထောင်ဝန်ထမ်း တစ်ဦးက ဖြေတယ်။ ဒါကြောင့် ကိုဌေးကြွယ် စိုက်ထား တဲ့ သစ်ပင်တွေကို ရှင်းထားတာပါ။ ဒါပေမယ့် ခုတော့ အားလုံး မထင်တာတွေ ဖြစ်ခဲ့ ပါတယ်။ ထွက်ပြီးပေမယ့် လည်း ကိုဌေးကြွယ်ကတော့ ပြန်ဝင် လာပါတယ်။ ၈ခန်းတွဲတိုက်ကလည်း ကိုဌေးကြွယ် ဗိုက်ခွဲပြီး နောက်ပိုင်း ဘာမှ ကြီးကြီးကျယ်ကျယ် မဖြစ်တော့ပါဘူး။ ကိုဌေးကြွယ်ကလည်း အမြစ် က နုတ်ခံရတဲ့အပင်တွေ ကို သာယာဝတီထောင်ထဲမှာ ပြန်စိုက်ပေး ခဲ့လေရဲ့။

ခါးသက်သော လောကဓံလှိုင်းတံပိုးများ

သူ့နာမည်က ထူးဆန်းနေသည်။ တစ်ခါကြားဖူးရုံနှင့်တော့ ခေါ်ရတာ တော်တော်ခက်သည်။
ဦးမဉ္ဇူသကာရ။ သူက ထောင်ဒဏ် နှစ် (၂၀) ကျခံနေရသူ။ ၁၉၉၉ ခုနှစ်ကတည်း က ထောင်ထဲ တွင် နေရသူဆိုတော့ ဆယ်နှစ်ကျော်နေသား ရှိသူဖြစ်သည်။ ဘုန်းကြီးဖြစ်၍ ခပ်အေးအေး နေ တတ်သည်။ သူ့ဘဝ အတွက် သိပ်ထည့်တွက်တတ်သူမဟုတ်။ သာသနာရေးနယ်ပယ်မှ ပုဂ္ဂိုလ်ဖြစ်နေ၍ မိသားစု သံယောဇဉ် အနှောင်အတဲမရှိ။ ထို့ကြောင့် ထောင်ဝင်စာလည်း မလာနိုင်ပါ။ ထောင်ထဲရှိ မိတ်ဆွေ အပေါင်းအသင်း ရဲဘော်ရဲဘက် များ၏ ကူညီစောင့်ရှေက်မှုနှင့် ထောင်တွင်းဘဝကို ဖြတ်သန်းနေသူ ဖြစ်သည်။ အင်းစိန်ထောင်မှ နိုင်ငံရေးအကျဉ်းသားတွေကို လူစုခွဲပြီး နယ်ထောင်တွေကို ပို့သည့်အခါ ဦးမဉ္ဇူသကာရ လည်း ပါသွား သည်။ သူ ရောက်သွားသည့်ထောင်က မော်လမြိုင်ထောင်။ မော်လမြိုင် ထောင်ဆိုတော့ ပူတာအိုတို့၊ ဘူးသီးတောင် မောင်းတောတို့၊ ခန္တီးထောင်တို့ထက်စာရင် ကောင်းမွန် သည်ဟု ပြော၍ရ သည်။ ပြောရမည် ဆိုလျှင် ဦးမဉ္ဇူသကာရ အတွက် ကံကြမ္မာက ဒီလောက်မဆိုးပါ။ တစ်နေ့နေ့တွင် မော်လမြိုင်မှ သူ့ဇာတိ သနပ်ပင်မြို့ ကိုပြန်ရောက်ဖို့ လွတ်မြောက်မည့်အချိန်ကိုသာ စိတ်ရှည်ရှည်ဖြင့် စောင်စားရမည်ဖြစ်သည်။

၂၀၁၀ ခုနှစ်သည် မြန်မာနိုင်ငံအတွက် ထူးခြားသော နှစ်တစ်နှစ်ဖြစ်လာသည်။ ပြည်သူတွေက ရွေး ချယ်တင်မြောက်သော အစိုးရတစ်ရပ် ပေါ်ထွန်းလာခဲ့ပြီးသည့်နောက် နိုင်ငံရေးပြောင်းလဲမှုတွေကြောင့် လွတ်မြောက်ရေး လမ်းစ ခပ်ရေးရေး မြင်လာရသည်။ ဒီမိုကရေစီ အင်အားစုခေါင်းဆောင် ဒေါ်အောင် ဆန်းစုကြည် နေအိမ်အကျည်ချုပ်မှ လွတ်မြောက်လာပြီး နိုင်ငံတော် သမ္မတကြီး ဦးသိန်းစိန်နှင့် တွေ့ ဆုံ ဆွေးနွေး သည်။ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ရွေးကောက်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ရန် မှတ်ပုံ တင်သည်။ အကျဉ်းထောင် အတွင်း မှ အကျဉ်းသားတချို့ကို လွတ်ငြိမ်းချမ်းသာခွင့်အမိန့်များဖြင့် ဆက်တိုက် လွှတ် ပေးနေ သည်။ ဦးမဉ္ဇူသကာရလည်း ဇာတိမြေပြန်နိုင်ဖို့ စိတ်ကူးအိပ်မက်မက်နေသည်။ ဒီလိုနှင့် ၂၀၁၀၊ နိုဝင်ဘာလတွင် ဦးမဉ္ဇူသကာရ ခေါင်း ၌ အဖုသေးသေး တစ်လုံးပေါက်လာသည်။ စပေါက်ပေါက်ခြင်း တော့ သွေးစုနာလိုလို ယားနာ လိုလို ဘာမှ မဟုတ်သည့် အနာခပ်သေးသေးလေးတစ်လုံးရယ်ပါ။

သူက လည်း ပေါ့ပေါ့တန်တန် ပဲ သဘောထားလိုက်သည်။ အနာကို ထုံးတွေ ဘာတွေတို့ထားလိုက်သေး သည်။ သို့သော် အနာက ချက်ချင်းပျောက်မသွားဘဲ အရည်ကြည်ဖုကလေးတွေ ပတ်ဝန်းကျင်သို့ ပြန့် ထွက်လာသည်။ တစ်စတစ်စနှင့် အနာကပွားသွားပြီး ခေါင်းတစ်ခုလုံး အနာဖြစ်လာသည်။ အင်္ဂလိပ် ဆေး၊ ဗမာဆေး မျိုးစုံ လိမ်းကြည့်သည်။ အနာက ပျောက်မသွား။ ဆေးတွေစားရပြီ။ သေဖော်ရှင်ဘက် တွေလည်း ဝိုင်းကြဝန်းကြရပြီ။ ထောင်ကိုလည်း သတင်းပို့အကြောင်းကြားရပြီ။  သို့သော် ထုံးစံအတိုင်း ထောင်ဆေးရုံက ဘာမှလုပ် မပေးနိုင်ပါ။ ဦးမဉ္ဇူသကာရ၏အနာတွေက လုံးဝမသက်သာ။ ဝေဒနာတွေ က မပျောက်။ ထောင် အခေါ်တော့ ဤကဲ့သို့ အနာမျိုးကို "ဆင်ရေယုန်" ဟု ခေါ်ကြသည်။

တစ်ပတ် နှစ်ပတ်အတွင်း သူ၏အနာတွေက နယ်ပယ်ချဲ့ထွင်လာသည်။ ကျောတွေ ရင်ဘတ်တွေပေါ် ကို ကူးကုန်သည်။ လက်တွေပေါ်ကိုလည်း ရောက်လာသည်။ တစ်ခဏအတွင်းမှာ ဦးမဉ္ဇူသကာရမှာ အိပ်ယာထဲလဲသွားသည်။ ထိုအခြေအနေအထိ ဆေးရုံတက်ခွင့်မရသေး။ အားလုံးက ဆရာဝန်ကို ဝိုင်း ပြီး တောင်းဆိုပေး ကြသည်။ နောက်ဆုံး ထောင်ဆေးရုံကို တင်လိုက်ရသည်။ ဒါပေမဲ့ ထောင်မှာက အထွေထွေ ကုသော ဆရာဝန်ပဲရှိသည်။ အရေပြားအထူးကုမရှိ။ ထို့ကြောင့် အပြင်ရှိ မော်လမြိုင်ဆေးရုံ မှ အရေပြား ဆရာဝန်ကို လူနာအာားကည့်ပေးရန် မေတ္တာရပ်ခံသည်။ အကြောင်းပြချက်က ကုမပေးရဲ ဘူးဟူ၍ဖြစ်ပါသည်။ နောက်ဆုံးတော့ ထောင်ဆေးရုံမှာပဲ ဆက်လက်ကုသရတော့သည်။ ဒါပေမဲ့ ဦးမဉ္ဇူသကာရ ၏ရောဂါမှာ သက်သာမလာပါ။ ထို့ကြောင့် နိုင်ငံရေးအကျဉ်းသားအားလုံးက အင်းစိန် ထောင် သို့ ပြန်လည်ရွှေ့ပြောင်းပေးပြီး ရန်ကုန် တွင် ဆေးကုသခွင့်ရရန် ကြိုးစားပေးကြသည်။

ကြိုးစားမှုက အရာမထင်။ လုပ်ထုံးလုပ်နည်းတွေက တင်းကျပ်လွန်းနေသည်။ ကြိုးနီစနစ်တွေက အကျဉ်းထောင် မှာ အားကောင်းရှင်သန်နေဆဲ။ ဝန်ထမ်းတွေက အသက်တစ်ချောင်းကယ်တင်ရန် စွန့် စားလိုစိတ်မရှိဘဲ ကိုယ့်အပေါ် အပြစ်ပုံ မကျစေရန်အတွက်သာ ဦးစားပေး စဉ်းစားသည်။ သို့သော် ထောင်ဆေးရုံက အတတ်နိုင် ဆုံး ကုသပေးမည် ဟု အာမခံသည်။ ဦးမဉ္ဇူသကာရက အခြေအနေက တော့ လမ်းပင် မလျှောက်နိုင်တော့။ ဆေးရုံတွင် ဝေဒနာမသက်သာ၍ ကယ်ပါ ယူပါ အော်ဟစ်နေရ သော သူ့အသံကို နားထောင်နေရသည် မှာ စိတ်မချမ်းသာ။ အစာလည်း မစားတော့ပြီ။ ထိုအခြေအနေ ရောက်မှ အကျဉ်းထောင် တာဝန်ရှိသူတွေလည်း လှုပ်ရှားလာသည်။ ရုံးချုပ်မှလည်း သံကြိုးစာဝင်လာ သည်။ အပြင်ဆေးရုံတွင် တတ်နိုင်သလောက် တင်ပေးပါ။ လုံခြုံရေးရရင် အင်းစိန်သို့ရွှေ့ပြောင်းပေး မည်ဟူ၍ ဖြစ်သည်။

အားလုံးက ဦးမဉ္ဇူသကာရ ကို အမြန်ဆုံးဆေးရုံတင်ရန် ပြင်ဆင်ကြတယ်။ သို့သော်လည်း ဦးမဉ္ဇူသကာ ရက အား မထုတ်တော့ရန်ပြောသည်။ သူ့အခြေအနေကို သူ သိနေသည်။ အပြင်ဆေးရုံပို့ရန် ပြင်ဆင် နေစဉ် သူ အသက်ပျောက် သွားသည်။ သံကြိုးစာရောက်ပြီး ၃ နာရီအကြာမှာ သူ ဆုံးပါးသွားခြင်းဖြစ် သည်။ ဦးမဉ္ဇူသကာရ မှာ လူရုပ်ပင်မပီပြင်တော့။ ကံကြမ္မာသည် အနာလေးတစ်လုံးမှသည် လူ့အသက် တစ်ချောင်း ဆုံးရှုံးသည်ထိ ဖြစ်တတ်ပါသလား။ သူ့အတွက် ဒေသခံအကျဉ်းသားတစ်ယောက်က ငွေ ၃၅၀၀၀ တန် ခေါင်း တစ်လုံး လှူဒါန်းသည်။ ကျန်သူတွေက ဆွမ်းသွပ်ဖို့ ဝိုင်းဝန်းထည့်ဝင်လှူဒါန်းကြ သည်။ သနပ်ပင်သား တစ်ယောက်မှာတော့ ဇာတိချက်ကြွေမွေးရပ်မြေကို မပြန်နိုင်တော့။ သူ့ကို ဆင် ရေယုန်က သတ်လိုက်သည်။ သူ့၏ လွတ်လပ်ပွင့်လင်း တရားမျှတသော အိပ်မက်နိုင်ငံတော် ပျောက် ဆုံးသွားသည်။ နှစ်ပေါင်း ၂၄ နှစ်ကြာ ရှင်သန်ဖြတ်သန်းနေသော အလံတစ်လက်ကြိုးပျက်သွားခဲ့သည်။ သူ့မျှော်လင့်ချက် သူ့စိတ်ကူး အိပ်မက်များ ပြိုကွဲသွားခဲ့သည်။

အကယ်၍သာ ဦးဇင်းခေါင်းတွင် အနာမပေါက်ခဲ့ပါက ယခု ၂၀၁၂ ခုနှစ်အတွင်း နိုင်ငံတော်သမ္မတကြီး မှ ပေးခဲ့သည့် လွတ်ငြိမ်းချမ်းသာခွင့်များတွင်နှင့် ဦးမဉ္ဇူသကာရ ပါလာမည်မှာ မလွဲပါ။ ခုတော့ ကြေကွဲ ဖွယ်ရာ လောကဓံတရားနှင့် သူ ရင်ဆိုင်သွားရရှာသည်။ လောကတွင် မည်သူမဆို လောကဓံ လှိုင်းတံ ပိုးများကိုတော့ ရင်ဆိုင်ကြုံတွေ့ရစမြဲဖြစ်သည်။ သို့သော် ဖိနှိပ်မှုအတိ ဖုံးလွှမ်းနေသော နိုင်ငံတစ်ခုတွင် လူဖြစ်ခဲ့ရသည့် ဦးမဉ္ဇူသကာရ အဖြစ်ကတော့ ကြေကွဲစရာ ကောင်းလွန်းသည်။ သူ လိုချင်သော တရားမျှတမှု လွတ်လပ်ပွင့်လင်းမှုနှင့် အမျိုးသားပြန်လည် ပေါင်းစည်းမှုကို တွေ့မြင်မသွားခဲ့ရှာပေ။ သူ့ ဘဝတွင် ပေးဆပ်မှုနှင့် ရုန်းကန်မှုကိုသာ လုပ်ဆောင်သွားရရှာသည်။ ဦးဇင်း ကောင်းရာသုဂတိလားပါ စေ၊ ဘဝဆက်တိုင်း ဤကဲ့သို့ ကူရာမဲ့ ကယ်ရာမဲ့ အဖြစ်ဆိုးမျိုးနှင့် ဘယ်သောအခါမှ မကြုံတွေ့ရပါစေ နဲ့ဟု ဆုတောင်းလိုက်ပါတယ်။


ချန်ပီယံတင်ညွှန့် ဘုန်းကြီးဝတ်သွားရခြင်းအကြောင်း


၂၀၀၇ ခုနှစ် မြန်မာ့နိုင်ငံရေးအခင်းအကျင်းကတော့ တုန်လှုပ်ခြောက်ခြားစရာတွေနဲ့ ပြည့်နှက်နေပါ တယ်။ ၈၈ မျိုးဆက်ကျောင်းသားတွေက လောင်စာဆီဈေးမြှင့်တက်လာတာကို ကန့်ကွက်တဲ့အနေနဲ့ လမ်းလျှောက် ဆန္ဒထုတ်ဖော်ခဲ့လို့ ဖမ်းဆီးခံရသလို ဘုန်းတော်ကြီးတွေ၊ သံဃာတော်တွေက မေတ္တာ သုတ်ရွတ်ပြီး လမ်းလျှောက်ကြွချီတဲ့အတွက် ရွှေဝါရောင်တော်လှန်ရေး (Saffron Revolution) လို့ ကမ္ဘာက တင်စားခေါ်ဝေါ် တဲ့ အရေးအခင်းတစ်ခု ဖြစ်ခဲ့ပါတယ်။ ဒါကြောင့် လူအမြောက်အမြား ဖမ်းဆီး ခြင်း ခံခဲ့ ရပါတယ်။ နိုင်ငံရေးလှိုင်းတံပိုးတွေက ဒီမှာရပ်တန့်မသွားဘဲ နိုင်ငံသားတွေအပေါ် ဘေးဒုက္ခ ကပ်ဘေးတွေ ကျရောက်တဲ့ ကိစ္စတွေကို အကြောင်းပြုလို့ ၂၀၀၈ ခုနှစ်ဘက်ကို ဆက်လက်ကူးသွားပါ တယ်။ ၂၀၀၈ ခုနှစ် မေလ ၂ ရက်နေ့မှာ နာဂစ်မုန်တိုင်းတိုက်ခတ်ပြီး ဧရာဝတီတိုင်းမှာ လူပေါင်းသိန်းချီ သေဆုံး၊ သန်းချီ ဒုက္ခရောက်ခဲ့ လို့ တစ်နိုင်ငံလုံးက ဝိုင်းပြီး စာနာထောက်ထားတဲ့ အကူအညီပေးခဲ့ပါ တယ်။

နိုင်ငံတကာ ကလည်း ထောက်ပံ့ခဲ့ပါတယ်။ နိုင်ငံတကာ ဝင်ရောက်ကူညီဖို့ တောင်းဆိုတာကို မြန်မာအစိုးရက ကိုယ့်ခြေထောက်ပေါ် ကိုယ်ရပ်တည်ပြီး စီမံခန့်ခွဲနိုင်တယ်ဟုဆိုကာ လက်မခံဘဲ ပယ်ချခဲ့ လို့ ဝေဖန်သံတွေလည်းသောသောညံနေချိန် ဖြစ်ပါတယ်။ တစ်ချိန်တည်းမှာပဲ ဧရာဝတီတိုင်းက ဒုက္ခသည်တွေ ရဲ့အကြောင်း အင်တာနက်ကတစ်ဆင့် ကမ္ဘာက သိခွင့်ရခဲ့ပါတယ်။ ဒီလိုအခြေအနေမျိုး မှာ မီဒီယာလောကက သတင်းသမားတွေ၊ ရုပ်ရှင်ဂီတာသဘင်နယ်ပယ်က အနုပညာရှင်တွေဟာ ဒုက္ခ ရောက်တေတဲ့ ဧရာဝတီပြည်သူ ပြည်သားတွေကို စာနာပြီး ကူညီထောက်ပံ့မှုတွေကို အင်တိုက်အား တိုက် ဆောင်ရွက်ခဲ့ ပါတယ်။ ဒါပေမဲ့ ကံဆိုးသူ တချို့ကတော့ အစိုးရရဲ့ဖမ်းဆီးခြင်းကို ခံခဲ့ရပါတယ်။ နာဂစ် မုန်တိုင်း တိုက်ခတ်ပြီး ၁ လနဲ့ ၉ ရက်အကြာမှာ မြန်မာနိုင်ငံကို ဂုဏ်သိက္ခာကျဆင်းအောင် သတင်းတွေဖြန့်ချိမှုနဲ့ လူရွှင်တော် အနုပညာရှင် ကိုဇာဂနာဟာ ထောက်ဒဏ် ၅၉ နှစ် ၆ လ ပြစ်ဒဏ် ပေးခြင်း ခံခဲ့ ရပါတယ်။ ထောင်ဒဏ်ချမှတ်ပြီးတဲ့နောက် သူ့ကို အင်းစိန်ထောက်မှာမထားဘဲ မြစ်ကြီးနား ထောင်ကို ၂၀၀၈ ခုနှစ် ဒီဇင်ဘာလ ၃ ရက်နေ့မှာ ပြောင်းရွှေ့ခဲ့ပါတယ်။

ကိုဇာဂနာ ကို မြစ်ကြီးနားထောင် ပြောင်းတော့ ရန်ကုန်ဘူတာကြီးကနေ ရထားနဲ့ မန္တလေးကို ပို့ပါ တယ်။ မန္တလေးက တစ်ဆင့် မြစ်ကြီးနားကို ထပ်သွားရမှာပေါ့။ သူ့ကို လိုက်ပို့တဲ့ရဲအစောင့်အရှောက် က လည်း များပါတယ်။ လူစီးတွဲထဲမှာ ဇာဂနာ ကို တွေ့တဲ့လူတိုင်းဝမ်းသာအားရ လာနှုတ်ဆက်ကြတယ်။ ဇာဂနာ ထောင်ပြောင်း ခံရတဲ့သတင်းကလည်း နိုင်ငံတကာမှာ ပြန့်သွားတယ်။ ဒီလိုနဲ့ ရထားက ညနေ ပျဉ်းမနား ဘူတာ ကို ဝင်တဲ့အခါ တွဲပေါ်ကို ဘုန်းကြီးတစ်ပါးက ကိုဇာဂနာ နာမည်ကိုခေါ်ပြီး တွဲပေါ် တက်လာပါတယ်။ သူ့ နောက်မှာလည်း ထမင်းချိုင့်တွေ၊ စားစရာတွေ ဆွဲလာ တဲ့ ဒါကာ၊ ဒါကာမတွေပါ လိုက်လာကြတယ်။ ကိုဇာဂနာ က ဘုန်းကြီးကိုတွေ့တော့ ရုတ်တရက် မမှတ်မိနိုင်အောင် ဖြစ်နေတယ်။ ဘုန်းကြီးကတော့ သူ့ကို တွေ့တွေ့ချင်း ဝမ်းသာအားရ ဖက်လိုက်တယ်။ သူ့ကို မှတ်မိလားလို့ မေး တယ်။ ကိုဇာဂနာက ချက်ချင်း မဖြေနိုင် ဘဲ တွေဝေနေတဲ့အချိန်မှာ ဘုန်းကြီးက ဖြေလိုက်ပါတယ်။

"ငါ... ချန်ပီယံ တင်ညွှန့်လေကွာ မင်း မမှတ်မိဘူးလား"
အဲဒီလိုပြောမှ ပဲ ချက်ချင်း မှတ်မိသွားပါတယ်။ တချိန်က ရုပ်ရှင်နယ်ပယ်ထဲမှာ အသံတုဝိဇ္ဇာလုပ်ခဲ့လို့ ချန်ပီယံတင်ညွှန့် လို့ ခေါ်ရတဲ့ မိတ်ဆွေရင်းချာ တစ်ယောက်ကို သင်္ကန်းဝတ်နဲ့တွေ့ရတော့ အံ့သြသွား ပါတယ်။ ဘုန်းကြီး က ဘီဘီစီ သတင်းနားထောင်ပြီး ဇာဂနာကို ထမင်းကျွေးချင်လို့ ဒါကာတွေနဲ့ ဘူတာ က စောင့်နေတာ လို့ ဆို ပါတယ်။ လမ်းမှာစားသွားဖို့ ထမင်းတွေ၊ ဟင်းတွေ ပြင်ဆင်လာပါတယ်။ ကိုဇာဂနာတင်မကဘဲ လုံခြုံရေး ပါလာတဲ့ ရဲတပ်သားဝန်ထမ်းတွေကိုလည်း ဝေငှကျွေးမွေးပါတယ်။ ကိုဇာဂနာက အံ့သြနေပေမယ့် ဘုန်းကြီး တစ်ဖြစ်လဲ ချန်ပီယံတင်ညွှန့် ကို ဦးချကန်တော့ပြီး ဝမ်းနည်း ဝမ်းသာနဲ့ မန္တလေးကို ဆက်လက် ထွက်ခွာခဲ့ပါ တယ်။

မန္တလေးသွား လမ်းခရီးတစ်လျှောက်မှာလည်း လွန်ခဲ့တဲ့ နှစ် ၂၀ လောက်က အင်းစိန်ထောင်ထဲမှာ ဆုံ ခဲ့ရတဲ့ ချိန်ပီယံတင်ညွှန့် အကြောင်းကိုလည်း ပြန်လည်မြင်ယောင်လာမိပါတယ်။ သေချာပြန်စဉ်းစား ကြည့်ရင် ၁၉၉၈ အရေးအခင်း မှာ ရုပ်ရှင်နယ်ပယ်က အနုပညာရှင်တွေ အတော်များများ ပါဝင်ခဲ့ပါ တယ်။ ဒီထဲကမှ ထောင်ထဲကို ဒါရိုက်တာမောင်ခက်ပန်၊ မင်းသား ဦးအောင်လွင်၊ ဦးမိုးသူ၊ ဇာဂနာ၊ ဇင်ဝိုင်း၊ အရိုင်းတို့ ထောင်ကျခဲ့ပါတယ်။ ဒီထဲကမှ အားလုံးနဲ့ဖြစ်ရပ်မတူဘဲ ထူးထူးခြားခြားအမှုနဲ့ ထောင်ထဲရောက်လာခြ့တဲ့ အနုပညာသမား တစ်ယောက် လည်း  ရှိပါတယ်။ သူကတော့ ချန်ပီယံ တင်ညွှန့်ပါပဲ။

ချန်ပီယံတင်ညွှန့်အဖြစ်က ရယ်စရာလည်းကောင်းတယ်။ ၁၉၈၈ စက်တင်ဘာ (၁၈) ရက် တပ်မတော်မှ အာဏာသိမ်း အပြီးမှာ ဖြစ်ခဲ့တာပါ။ ဦးတင်ညွှန့်က ဗိုလ်ချုပ်ကြီးစောမောင် စီးလာတဲ့ ကားကို စစ်ရုံးနား မှာ တွေ့တော့ ခဲကောက်ပြီး ပေါက်ဖို့ကြံရွယ်တယ်ဆိုတဲ့ စွဲချက်နဲ့ သူ့ကို ဖမ်းဆီးခဲ့တာဖြစ်ပါတယ်။ နောက်ဆုံး အင်းစိန်ထောင် ထဲရောက်လာပါတယ်။ သူ့ကို အင်းစိန်ထောင် အထူးဝင်းထဲမှ ဇာဂနာ၊ အရိုင်းတို့နဲ့ အတူ ထားတယ်။ ထောင်ထဲရောက်ပြီး နှစ်လလောက်အကြာမှာတော့ ဦးတင်ညွှန့် ထောင် ရောဂါတွေ စရလာ တယ်။ ထောင်ရောဂါဆိုတာကတော့ ဝဲတွေ၊ ပွေးတွေ စပေါက်လာတာကို ပြောတာ ပါ။ အဲဒီအချိန်က အိမ်တွေနဲ့ လည်း မတွေ့ရတော့ ဆေးလည်းရှားတယ်။ လိမ်းစရာ၊ သေက်စရာ မပေါ များဘူး။ ဦးတင်ညွှန့်က ခါးတွေ၊ ပေါင်တွေ၊ မတော်ရာတွေမှာ ဝဲတွေပေါက်နေ တယ်။ နောက်ဆုံး ထောင် ဆရာဝန်ကြီး ဒေါက်တာစိုးကြည် လာတော့ ဦးတင်ညွန့်က ဆေးတောင်းတယ်။

ဦးစိုးကြည်က ဘာရောဂါဖြစ်လို့လဲဆိုတာ မေးတယ်။ ဦးတင်ညွန့်က ပြောရမှာ ရှက်လို့ ခါးနာတာလိမ်းချင်လို့ ပရုပ်ဆီ လေး လိမ်းဆေးလေး လိုချင်တယ်ဆိုပြီး ပြောပါတယ်။ ဆရာကလည် ဆေးတပ်သားနဲ့ လိမ်းဆေးပေး လိုက်တယ်။ ချန်ပီယံဦးတင်ညွှန့် က ညဘက်ရောက်တော့ ဆေးလိမ်းတယ်။ ဒါပေမဲ့ လိမ်းပြီး သိပ်မကြာ ပါဘူး။ ဦးတင်ညွန့်အခန်းက အော်သံတွေကြားရတာပဲ။ အကျိုးအကြောင်း စုံစမ်းကြည့်တော့ မတော်ရာ မှာ ပူပြီး မနေနိုင်လို့ အော်နေတာတဲ့။ ကိုဇာဂနာတို့ ကိုဇင်ဝိုင်း တို့က သဲလွန်စလိုက်တဲ့အခါ ဆေးခန်းက ပေးလိုက်တဲ့ လိမ်းဆေး က ပရုပ်ဆီမဟုတ်ဘဲ တေဇောဘမ်းတွေဖြစ်နေတယ်။ ဒါကြောင့် ချန်ပီယံတင် ညွှန့် အော်နေတာပေါ့။ ဒီဖြစ်ရပ်ကြောင့် ဒုက္ခရောက်နေတဲ့ အချိန်မှာ ငိုအားထက် ရယ်အားသန်ဆိုသလို ချန်ပီယံကြီး လည်း ထောင်ထဲမှာ အစအနောက် ခံခဲ့ရတယ်။ နောက်တော့ ထောင်ထဲမှာ လေးငါး ခြောက်လနေပြီး လွတ်သွား ပါတယ်။

လွတ်မြောက်ပြီးတဲ့နောက် ရုပ်ရှင်ကားတွေမှာ ချန်ပီယံတင်ညွှန့် ဆိုတာ နာမည်မတွေ့ရတော့ဘူး။ သူ့အကြောင်း လည်း မကြားရတော့ပါဘူး။ တကယ်တော့ ချန်ပီယံ တင်ညွန့် ဟာ ထောင်ထဲကထွက်လာပြီး ရုပ်ရှင်နယ်က သူ့ကို လက်ရှောင်ခဲ့ ပါတယ်။ သူ့ကို မြှောက်ပေး တဲ့သူတွေကလည်း သူ့ကို မကူညီတော့ပါဘူး။ ဒီလိုနဲ့ စိတ်ညစ်ပြီး အရက်နွံထဲမှာ နစ်သွားတယ်။ အကြွေးတွေလည်း တင်နေတယ်။ အိမ်ထောင်ရေးလည်း ပြိုကွဲသွားတယ်။ နောက်ဆုံး မီးရထားသံ လမ်း နံဘေးက အရက်ပုန်းဆိုင်မှာ ဘဝပျက်နေတဲ့ ချန်ပီယံတင်ညွှန့်ကြီး ကို ရုပ်ရှင်မင်းသမီးဒေါ်ချိုပြုံး က မကြည့်ရက်လို့ အရက်ဖြတ်ဖို့ ကတိတောင်းပြီး ရဟန်းဒါယကာမ အဖြစ်ခံယူကာ ဘုန်းကြီးဝတ်စေခဲ့ ပါတယ်။ ချန်ပီယံတင်ညွှန့်ဟာ သာဂရမြို့မှာ ဘုန်းကြီးအပြီး ဝတ်ပြီး လူဝတ်ကြောင်ဘဝကို အပြီးတိုင် စွန့်ခွာခဲ့ပါတယ်။
အခုနှစ်ပေါင်းနှစ်ဆယ် နီးပါးကြာမှ ကိုဇာဂနာနဲ့ ချန်ပီယံတင်ညွှန့်တို့ ရန်ကုန်၊ မန္တလေးရထားပေါ်မှာ ဆုံ တွေ့ကြ ရတာဖြစ်ပါတယ်။

ပြန်တွေ့တော့လည်း ဇာဂနာက စတုတ္ထအကြိမ်မြောက် ထောင်ကျအကျဉ်း သားအဖြစ်နဲ့။ ချန်ပီယံတင်ညွှန့်က ဘုန်းကြီးအဖြစ်နဲ့။ ကံကြမ္မာတွေက တော်တော်ဆန်းကြယ်ပါတယ်။ ချန်ပီယံတင်ညွှန့် ကလည်း ထောင်က လွတ်ပြီး ပြင်းထန်ဆိုးဝါးတဲ့ လောကဓံ ရဲ့ဖိစီးမှုတွေကို ရင်ဆိုင်ရင်း နောက်ဆုံး သံသရာက လွတ်မြောက် ရာ လောဘ၊ ဒေါသ၊ မောဟတွေနဲ့ ကင်းဝေးရာလမ်းကို တွေ့သွား ပါတယ်။ ခုဆိုရင် ချန်ပီယံတင်ညွှန့် သာသနာ့ဘောင်ရောက်ခဲ့တာ ဝါနှစ်ဆယ်ကျော်ရှိပါပြီ။ ရန်ကုန်ကို လည်း ကျောခိုင်းစွန့်ခွာခဲ့ပြီးပါပြီ။ အမှားနဲ့ အမှန်၊ တရားမှု၊ မတရားမှုတွေကိုလည်း ချန်ထားရစ်ခဲ့ပါပြီ။ သာဂရမြို့မှာ သာသနာအလုပ်တွေလုပ်ရင်း ငြိမ်းချမ်းနေ ပါပြီ။ ဒါပေမယ့် အနုပညာလောကထဲက ထောင်ကျဖော်တစ်ယောက်ဖြစ်တဲ့ ဇာဂနာကို ထမင်း တစ်နပ်လောက် ကျွေးလိုက်ချင်တဲ့ သူ့သံယောဇဉ် စိတ်စေတနာကတော့ ရှင်သန်နေဆဲဖြစ်ပါတယ်။

ဆက်ရန်
.

No comments: