Sunday, November 18, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၁ဝ)

သားရဲ့ဆရာ

"It is a miracle that curiosity survives formal education"
Albert Einstein

"ကျောင်းတက်၊ စာတွေ သင်ရဲ့နဲ့ စူးစမ်းလိုစိတ်ရှင်သန်နေသေးတာ အံတစ်ပါးပဲ"

(၂)
ကျွန်တော့သား(၈)တန်းတက်ရတော့ ကျောင်းကသင်ပေးတာနှင့် သင်ခန်းစာတွေ ကျေညက်မှာာမဟုတ်ဟု သူ့အမေ က စိတ်ပူပြီး သားကို နာမည်ကြီးကျူရှင်တွေမှာ အချန်းပိုင်းလိုက်တက်ဖို့ သူ့မိတ်ဆွေတွေထံမှာ စနည်းနာ သည်။ ကျွန်တော် တို့ ရွှေမြန်မာတွေပေကပဲ၊ အလကားမတ်တင်းပေးလိုက်ကြည်သည့် အကြံဥာဏ်တွေ။ ဟိုကျူရှင်ကောင်းသတဲ့။ ဒီကျူရှင်ကောင်းသတဲ့။ စုံမှစုံ။ သူ့အမေလည်း အကြံပေး ချက်တွေအောက် မှာ မူးနောက်ဝေရီသွားသည်။ ဘာဆုံးဖြတ်ရမည်မသိ။
ဆေးခန်း လာပြသည့် လူနာအချို့ကို သတိရမိသေးတော့။ သူတို့တစ်တွေရောဂါဖြစ်စ ရောဂါအကြောင်း သိချင်လွန်း လှ၍ တွေ့ရာကြုံရာလူကို တွေ့ရာကြုံရာမျာ ရင်ဖွင့်ကြရာ ကိုကြုံတိုင်း၊ မကြုံတိုင်းတို့ကလည်း သူတို့ထင်ရာမြင်ရာ  စွတ်စွတ်ပြောပြလေတော့ နောက်ဆုံး လူနာခမျာ မျောက်မူးလဲသေဖြစ် ကျန်ရစ်သည်။ ရောဂါ အကြောင်းရော၊ ရောဂါကုထုံးပါေ၀၀ါးထွေပြားကုန်လေသည်။
"မသိတဲ့လူ ကို နားမလည်သူကမေးတော့ ဒီလိုဖြစ်ရတာ"ဟု ပြောမိသည်။

"လမ်းပေါ်ကလူကို လျှောက်မေးတော့ လမ်းပေါ်က အကြွံပေးချက်တွေပဲ ရတော့မပေါ့" ဟုလည်း ထောမနာပြုရ သည်။
"နောက်ထပ်မေးစရာလူတွေ ရှာဖွေမေးလိုက်ဦး၊ ဒီထက်ပိုရှုပ်ကုန်မှာ သေချတယ်။ ဒါကြောင့် သိချင်ရင် လေ့ကျင့်ထားတဲ့ တတ်သိပညာရှင်ကိုမေး၊ စာအုပ်စာတမ်းရှာဖတ်"ဟု သူတို့ကို ဆရာလုပ်လိုက် ရသေး သည်။
တို့ဆီမှာ ပေါပေါပဲပဲပေးတဲ့အကြံတေါက များလှတယ်။ အိတ်(စ)ပို့လုပ်လို့ ရလောက်တယ် ဟု လည်း တွေးမိတွေးရာ တွေးလိုက်မိသေးသည်။ အရပ်ထဲက လူတစ်ဦးဦးရောဂါ တစ်ခုခုဖြစ်လိုက်လို့ ကတော့ ရှေ့ခုနစ်အိမ် နောက်ခုနစ်အိမ်က အိမ်နီးချင်းတွေသာမက ရပ်ဝေးနေမိတ်ဆွေတွေကပါ တကူးတက လာရောက် မေးမြန်းပြီးသကာလ ဆေးမြီးတိုတွေ၊ ဆေးမြီးရှည်တွေ ပေးကြပါလိမ့်မည်။ မေးမေး မမေးမေး သူတို့ သိသမျှ ဗဟုသူတတွေကို လူနာနှင့်လူနာရှင်တွေအပေါ် ဇွတ်ပုံပေးကြလိမ့်မည်။

ဇနီးသည်နျင့် ကျွန်တော်တို့ နောက်ဆုံးစာရင်းချုပ်လိုက်တော့ သားကို ဘယ်ကျူရှင်တက်မှာ ထားရမည် မသိတော့။ (၀ဋ်လည်တာ)။ ဒါနဲ့ပဲ မိမိတို့ဘာသာ ဆုံးဖြတ်ချက်တစ်ခု ခပ်မြန်မြန်ချလိုက်ရသည်။ မည်သူ့ကိုမျှ ထပ် မမေး၊ ထပ် မတိုင်ပင်တော့။ ဒီနှစ်သင်္ချာနဲ့အင်္ဂလိပ်စာကျူရှင်ထားမယ်။ ဒါပဲပြီးပြီ။ ယခုမှ ဇနီးမောင်နှံ ရာသက်ပန် စိတ်သက်သာရာရတော့သည်။
ကမ္ဘာကျော် ဆရာဝန်ကြီးတစ်ဦး အစာမျိုပြွန်ကင်ဆာရောဂါဖြစ်သည့်အကြောင်းဖတ်ဖူးသည်။ သူ့ခမျာ အတော် စိတ်ဒုက္ခရောက်ရသတဲ့။ သူကိုယ်တိုင်က အစာမျိုပြွန်ကင်ဆာပါရဂူဖြစ်နေမင့်ကို။ သည်တော့ သူက ရောဂါ အကြောင်း၊ ကုထုံးအမျိုးမျိုး၊ နောက်ဆုံးပေါ်တွေ့ရှိချက်တွေကအစ အကုန်သိနေသူ။ သိလွန်းတော့ ၀ိုင်းပေးကြည့် သည့် အကြံဥာဏ်တွေကလည်း များမှများ။ စက်ပြင်ဆရာလို ဟိုဖြုတ်ဒီတပ်လုပ်သည့် Technician ဆန်ဆန် ဆရာဝန်တွေ အလယ် မှာ လူနာဆရာဝန်ကြီး ဒုက္ခရောက်ရရှာ။

နောက်ဆုံးတော့ သူငယ်ချင်း ဆရာဝန်တစ်ဦးက What you need is a DOCTOR! လို့ပြောလိုက်မှ ဥာဏ်အလင်းပွင့် သွားသတဲ့။ သည်တော့မှ အနှီဆရာဝန်ကြီး ငြိမ်းချမ်းရေးရသတဲ့။ သူ့ဆရာဝန် လက်ထဲမှာ ပဲ အေးချမ်းငြိမ်သက်စွာ ကွယ်လွန်သွားသတဲ့။
ကျွန်တော့သား ကို သင်္ချာနှင့် အင်္ဂလိပ်စာ ကျူရှင်အချိန်ပိုင်းပို့တော့မည်။ ဆရာကြီးနှစ်ဦးကိုလည်း မိမိတို့ ဘာသာဆုံးဖြတ်ရွေးချယ် ပြီးပြီ။

(၃)
သင်္ချာသင်သည့်ဆရာက သင်္ချာကိုတကယ်မြတ်နိုးသော တကယ့်သင်္ချာဆရာစစ်စစ်ဖြစ်လေသည်။ သင်္ချာကို စိတ်ဝင်တစားရှိရုံသာမက သင်္ချာသင်နေရတာကို ပျော်နေသူ။ ကျောင်းသား၊ ကျောင်းသူတွေနှင့် တရင်းတနှီး ပွန်းပွန်း တီးတီးပျော်ပျော်ရွှင်ရွှင်နေတတ်သူ။ ကျောင်းတုန်းက လူတော်စာရင်းဝင်။ ဆေးကျောင်းအမှတ် မီသော်လည်း ဆေးကျောင်းမတက်ပဲ သင်္ချာဘာသာရပ် ကို ရွေးချယ် ခဲ့သူ။ စာသင်ရာ မှာ အားတက်သရောသင်သည်။ အရယ်အနောက်စွက်လို့။ အရယ်အနောက်တွေကလည်း တချို့ဆရာတွေ ပြောတတ်သလို ပြိန်ပြိန်းဖျင်းဖျင်း ကွေးကွေးလှီလှီတွေမဟုတ်။ တမင်လုပ်ကြံဖန်တီးဇာတ်တိုက်ထားသည့် လူပြက်ပြက်လုံးမျိုးလည်း မဟုတ်လေ။ ကြုံသလို လက်တန်းပြောသွားသည့် အရည်ရွှမ်းနေသည့် ဟာသတွေ။

ကျွန်တော့်သားကို ဗထူးကွင်းဟု ခေါ်လေ့ရှိသည်။ ဗထူးကွင်းအနီး နေလို့တဲ့။ စာသင်ရာမှာ စာသင်သားတွေ နားလည်လောက် သည့် ဥပမာ ဥပေမေယူတွေပေးတတ်သည်။ သင်္ချာအိုလံပစ်အကြောင်းပြောပြပြီး ကလေးတွေ ကို သွေးဆွ တတ်သည်။ သင်္ချာဆရာတစ်ဦးရေးသည့် သင်္ချာအိုလံပစ်ဆောင်းပါးတွေ ကောင်းကြောင်းပြောပြီး ရတနာပုံ သတင်းစာမှာ ရှာဖတ်ခိုင်းသည်။ တကယ်က သင်္ချာဆရာတစ်ဦးဆိုတာ သူကိုယ်တိုင်ပါပဲ။ ဒါကို ထည့်မပြော ပဲ ပြုံးစိစိလုပ်နေလေသေးသည်။ သူ့ကို တပည့်တွေက ချစ်ခင်ကြ အထင်ကြီးကြသည်။
အင်္ဂလိပ်စာ ဆရာကြီးကလည်း တကယ့်အင်္ဂလိပ်စာ ဆရာကြီးပင်။ သူ့ဘာသာရပ်ကို မြတ်မြတ်နိုးနိုးရိုရိုသေသေ ရှိလှတာ သင်္ချာ ဆရာကြီးနှင့် ယိုးစွဲ။ စာသင်ရာမှာတော့ သင်္ချာဆရာကြီးလို အာဝဇ္ဇန်းကောင်းကောင်းနှင့် ရွှန်းစိုနေ တတ်။ ပုံမှန်သင်တာပဲ။ စာမေးပွဲအောင်မြင်ဖို့သက်သက်ထက် အင်္ဂလိပ်စာ တကယ်တတ်စေချင် သည့် စေတနာ ပိုကဲနေသည်။ အင်္ဂလိပ်သဒ္ဒါကို ခြေခြေမြစ်မြစ် သင်သည်။ သဒတ်မတာ စပ်မတာ ဆိုသည့် လူမျိုး။ ရှေးရိုးစွဲဆရာကြီး။

သားတို့အဖွဲ့က အင်္ဂလိပ်စာဆရာကြီးကို လေးစားကြည်ညိုကြသော်လည်း သင်္ချာဆရာကြီးအပေါ် ချစ်ခင်တာမျိုး၊ သင်္ချာသင်ချိန်မှာ လို ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ခံစားရတာမျိုးတော့မရှိဟု ပြောကြသည်။
သား(၉)တန်း တက်ရတော့ (၉)တန်းသင် လေးဘာသာထပ်ကျူရှင်ယူရပြန်သည်။ ဆရာသစ်တွေထဲက ဆရာတစ်ဦး ကို သားတို့အဖွဲ့က သဘောမတွေ့လှ။ ဘာကြောင့်လဲ မေးကြည့်တော့ သူသင်တာ ကလေးဆန် တယ်။ ပြက်လုံးတွေ က ကလိထိုးတာမျိုးတွေ၊ စာသင်ရင် အထပ်ထပ်အပြန်ပြန်အလွတ်ရွတ်ခိုင်းတယ်။ အဓိပ္ပါယ်ကတော့ သိပ်ရှင်းမပြဘူး။ Investigate ဆိုသည့်စကားလုံးကို (၁၀)ကြိမ်တိတိ ဗလာချီရွတ်ခိုင်းတော့ သားက အဲဒီအတန်းဆက်မတက်ချင်တော့ဘူး ဖြစ်လာသည်။ ဒီစကားလုံးက သူငယ်ငယ်ကတည်းက ရင်းနှီးခဲ့ ရတာ။ သူ့အဘွား က သူမူလတန်းကျောင်းသားဘ၀ကတည်းက အင်္ဂလိပ်ပုံပြင်တွေ၊ ၀တ္ထုတွေ ဖတ်ပြတာကြောင့် အဲဒီ စကားလုံးတွေနှင့် ယဉ်ပါးနေတာကြာပြီ။ ပြိးတော့ သူ့အဘွားက "အာဂသာခရစ္စတီး" အသည်းစွဲ။ အဘွား၏ ထူးခြားချက်က ပုံပြင်ဖတ်ရင် အင်္ဂလိပ်လိုဖတ်ဖတ် မြန်မာလိုဖတ်ဖတ် အစအဆုံးတစ်လုံး မကျန်ရအောင် လုံးစေ့ပတ်စေဖတ်ပြတတ်သည်။ အသံအနိမ့်အမြင့်နှင့်။ စည်းဝါးနှင့်။ ပုဒ်ဖြတ်နှင့်။ လေချိုအေး ကလေးနှင့်။

ကလေးနားမလည်မှာစိုး၍ဟုဆိုကာ ချို့ပြောတာမျိုး၊ ကျော်ဖတ်တာမျိုး ဘယ်တော့မှ လုပ်လေ့မရှိ။ သားက "နားမလည် ဘူး အဘွား" ပြောရင်တော့ ခဏရပ်၍ ရှင်းပြတတ်သည်။
ဒါကြောင့် ပုံပြင်ဖတ်ပြရင် သားက အဘွားဖတ်ပြတာပဲ နားစွဲသည်။ လက်ခံသည်။ ကျွန်တော်တို့ တစ်ခါတစ်ရံဝင်ဖတ်ပြရင် သူကလက်မခံချင်၊ အင်တင်တင်။ ကျွန်တော်တို့က ခပ်ပျင်းပျင်းဆိုတော့ အစအဆုံးဖတ်ပြ မနေဘဲ တန်းကျော်ပြေသမားလို ဟိုခုန်ဒီကျော် လုပ်တတ်ကြပေသကိုး။ ဒါကို သားကသိ သည်။
အဘွားသူ့မြေး ကို စာဖတ်ပြနေတာ ကြားသွားသည့် ဆရာဝန်ကြီးတစ်ဦးက က်ဆက်ဖွင့်ပြနေတာလို့ ထင်မှားမိ သတဲ့။ ဆရာဝန်ကြီး က အိမ်ကို ခဏလာလည်တာ။
သားက ငယ်စဉ်ကတည်းက သို့ကလို လက်ဦးဆရာနှင့် လေ့ကျင့်သင်ကြားခံခဲ့ရသူ။ စာသင့်သည့် ဆရာ က ကျောင်းသား၏စရိုက်လက္ခဏာ၊ ပညာအတွေ့အကြုံ၊ စိတ်နေသဘောထား (Student characteristics)တွေ မကြည့်ပဲ လူတိုင်းကို အတူတူပဲထားပြီး စွတ်သင်နေလေရာ သားတို့အဖွဲ့မကြိုက်တာလည်း ဘာမှ မဆန်းကြယ်လှချေ။

နောက်ဆရာကြီးတစ်ဦးကိျုေတာ့ သားတို့အဖွဲ့က သဘောကျသည်။ ဒီဆရာကြီးက ကျောင်းသားတွေ အကြိုက်ကြီး မဟုတ်လှ။ သူ့သင်တန်းက ကျောင်းသားဦးရေသိပ်မများ။ စာသင်ရင်းရယ်စရာပြောလေ့မရှိ။ ပြုံးရယ် ခဲ့သည်။ ရမည်းသင်းစား သီလ၀နှင့်များ အမျိုးတောလေသလား။ သားတို့ သဘောကျသည့် အကြောင်းက စာသင်ရင် စဉ်းစားခိုင်းတယ်။ အလွတ်ကျက်အသေမှခိုင်းတာမျိုးမရှိဘူးတဲ့။
တစ်ရက် ကျူရှင်ကအပြန် သားမျက်နှာကြည်လင်ဝင်းပနေလေရာ အကြောင်းစုံ စုံစမ်းကြည့်တော့ သူနားမလည် တဲ့ ပုစ္ဆာတစ်ပုဒ် ကို ဒီနေ့ဆရာရှင်းပြလိုက်တာ နားလည်သွားလို့ပျော်နေသတဲ့။ ဥာဏ်သည် အလင်းဖြစ်၏ ဆိုတာ ကို သတိရလိုက်မိ။

နောက်ဆရာကြီးတစ်ဦး ဘာသာရပ်က ဖော်မြူလာတွေ အီကွေးရှင်းတွေ တအားသုံးရတဲ့ဘာသာ။ သူ့ကိုလည်း သားတို့က ကြိုက်သတဲ့။ ဆရာက လေ့ကျင့်ခန်းတွေ အကြိမ်ကြိမ်လုပ်ခိုင်းတော့ အိမ်မှာ ထပ်လေ့ကျင့်စရာမလိုပဲ စာသင်ခန်း မှာတင် ကျွမ်းကျွမ်းကျင်ကျင်ရေးတတ်သွားသတဲ့။ ဒီဆရာကြီးကို သည့်ထက်ကြည်ညိုလေးစား မိတာက ဆရာက သူ့ဘာသာ ကို တစ်ပတ်နှစ်ပတ်နောက်ကျပြီးမှ တက်လာရသူတွေကို အချိန်ပိုယူပြီး အစကပြန်သင်ပေး သတဲ့။ အဲဒီအတွက် သူ့ကိုယ်ပိုင်အချိန်တွေ ဖဲ့ပေးလိုက်ရတာ။ ဒါကြောင့် တပည့်တွေ က လေးစားချစ်ခင်။ အဲဒီဆရာကြီးကလည်း အပေါစားဟာသတွေ ပြောလေ့မရှိသူ။

(၄)


သားသူငယ်ချင်းတစ်ဦးက ဆရာ၊ ဆရာမတွေကို ခံခံငြင်းတတ်သူဟု နာမည်ထွက်သည်။ "သူက သိပ်စဉ်းစား တာ အဖေရဲ့၊ သူ စဉ်းစားတာတွေကလည်းမိုက်တယ်"ဟု ပြောဖူးသည်။
မဟောသဓာ ဇာတ်တော်သင်ရတော့ ဘုရားလောင်းနတ်သား သုမနဒေ၀ီသူဌေးမ၀မ်းမှာ ပဋိသန္ဓေယူသည့် အခန်း ပါသည်။ ဘုရာလောင်း ပဋိသန္ဓေယူသည်နှင့် တစ်ပြိုင်နက်ဝိဒေဟရာဇ်မင်းကြီး အိပ်မက်မက်မြင်မက် သည်။ သူခမိန်အမတ်ကြီးလေးဦးအနက် သေနကသုခမိန်က ပညာရှိသုခမိန်ကြီး ပေါ်ထွန်းမည့်အကြောင်း အိပ်မက် ဖတ် သည်။ နောက်ဆယ်လအကြာမှာ သုမနဒေ၀ီသူဌေးမက ဘုရားလောင်းမဟောသဓကို ဖွားမြင် သည်။
ဝိဒေဟရာဇ်မင်းကြီး အိပ်မက်မြင်မက်သည်မှ ခုနစ်နှစ်ရှိပြီးသော် ပညာရှိရှာရန် သူခမိန်အမတ်လေးဦးကို တစ်ဦးစီ တံခါးလေးမျက်နှာမှ စေလွှတ်လိုက်သည်။ အရှေ့တံခါးမှ ထွက်၍ရှာသော အမတ်သည် ပါစိနယ၀မဇ္ဈဂုံးရွာတွင် မဟောသဓာ ကို သွားတွေ့သည်။ ထိုအချိန်တွင် မဟောသဓာသုခမိန်သည် ခုနစ်နှစ်အသက်စေ့ပြီဟုဆိုသည်။

ဒီအချိန်မှာ ကျောင်းသားက ထငြင်းတော့တာ။ ဘုရင်ကြီးအိပ်မက်မြင်မက်ပြီး (၁၀)လအကြာမှာ မဟောသဓာကို ဖွားမြင်တာ ဆိုတော့ သူ့ကိုတွေ့ချိန်မှာ (၆)နှစ် (၂)လပဲရှိရဦးမည်။ စာထဲဆိုသလို ခုနစ်နှစ်ဆိုတာ မဖြစ်နိုင်ဟု တင်ပြသည်။ ဆရာမက -
"ကောင်လေး၊ နင်က ဘယ်လောက်တတ်လို့ ငြင်းနေရတာလဲ။ ဘာလဲ" တွေဖြစ်ကုန်သည်။ ကလေး စိတ်ညစ်သွား သည်။ ကလေးစိတ်ညစ်သွားသည်။ သားကတော့ သူ့သူငယ်ချင်းအတွက် ခံပြင်းဝမ်းနည်းနေလေ သည်။

(၅)

"ဒီခေတ်ကလေးတွေ ညံ့သွားပြီ၊ ညံ့ကုန်ပြီ"
ဟုတချို့ကပြောကြသည်။
"တို့ခေတ်နဲ့တော့ မတူတော့ပါဘူး။ ဘယ်လိုကောင်လေးတွေ၊ ကောင်မလေးတွေလဲ မသိဘူး"
ဒါက ဖန်တစ်ရာတေကြားနေရသည့် အသံတွေ။ တချို့ကလည်း ဒီခေတ်ကလေးတွေက အရင်ခေတ်ကလေးတွေ ထက် အစစအရာရာပို၍ပို၍ တော်လာကြောင်း၊ ပို၍ရဲရင့်ထက်မြက်လာကြောင်း၊ ITကိုပို၍ ကျွမ်းကျင် လာကြောင်း၊ (ဟိုတုန်းက IT မရှိတာကိုတော့ တမင်မေ့ထားလေသလား)။ သံတမန်စကားဆိုကြသည်။ နန်းရှေ့ သီလရှင်ကျောင်း က ဆရာကြီးပြောတာ သတိရမိသည်။ သူ့ကျောင်းမှာ မိဘမဲ့ ခိုကိုးရာမဲ့မိန်းကလေးတွေ ကို ပြုစုစောင့်ရှောက် ထားသည်။

ကျောင်းထားပေးသည်။ အလုပ်ရှာပေးသည်။ ဘ၀လေးတွေကို မကျိုးပဲ့အောင် စိတ်ဓာတ်လေးတွေ မကောက်ကွေးအောင် ပဲ့ပြင် သည်။ ဆွဲတင်သည်။ ထူမသည်။ တစ်ခါက သမီးငယ်တစ်ဦး စာကျက်နေရာ ဆရာကြိးနားစွင့်နေမိ သတဲ့။ ကလေးကလေးက မင်းတုန်းမင်းအကြောင်း၊ သီပေါမင်း အကြောင်း အော်ကျက်နေတာ။ ဆရာကြီး က ကလေးမလေး အပြန်ပြန်အလီလီ ကျက်နေတာကြားရတော့ အနားခေါ် လိုက်ပြီး-
"သမီးကျက်နေတာ မင်းတုန်းမင်းနဲ့ သီပေါမင်းအကြောင်းနော်။ အဲဒီမင်းနှစ်ပါးဘယ်လိုတော်စပ်သလဲကွဲ့ "
လို့ မေးကြည့်တော့ ကလေးမလေး က မျက်လုံးပြူးပြူးလေးနဲ့မော့ကြည့်လိုက်ပြီး -
"မသိဘူး အဘွား"တဲ့။
ဆရာကြီ အံ့အားတသင့် မူးဝေမလိုဖြစ်သွားရာက -
"ဟဲ့ သားအဖ ကွဲ့၊ သားအဖ။ မင့်ဆရာမက ပြောမပြဘူးလား"
လို့မေးတော့-
"မပြောဘူးအဘွား"တဲ့။
ကြားလိုက်ရ တဲ့ ကျွန်တော်မှာလည်း ရယ်ချင်သလိုလို ဖြစ်မိရာကနေ ငိုချင်သလိုလိုဖြစ်သွားခဲ့။ သင့်သည့်ဆရာမ ကိုယ်တိုင်ပင် လျှင် မင်းတုန်းမင်းနှင့် သီပေါမင်း သားအဖအရင်းခေါက်ခေါက်ဆိုတာ သိပါလေ စ။ နောင် ကလေးတွေ ညံ့ကုန်ပြီ လို့ ပြောမည်ကြံရင်ဆင်ဆင်ခြင်ခြင်ပြောမှ တော်ရော့မည်။

(၆)
သားတို့နှစ်ခြိုက်သဘောကျသော အမှတ်ကောင်းကောင်းပေးသော ဆရာတွေကို လေ့လာကြည့်လိုက် တော့ မိမိဘာသာရပ်ကို ရင်နှင့်အမျှ မြတ်နိုး တန်ဖိုးထားသူတွေဆိုတာ တွေ့ရသည်။ စာသင်ရင် ကျားစီးဖားစီး သင် သည့် လူတွေဆိုတာ သတိထားမိသည်။ မိမိကိုယ်ပိုင်အချိန်တွေကို ကျောင်းသားတွေ အတွက် ဖဲ့ပေးဖို့ ၀န်မလေးသူတွေ ဆိုတာ သိလာရသည်။ စာသင်ခန်းကို စာသင်ခန်း သက်သက်နှင့် မတူ စေဘဲ ကစားကွင်း အဖြစ် ပျော်ပျော်ရွှင်ရွှင် ပေါ့ပေါ့ပါးပါး ပြောင်းလဲနိုင်စွမ်းရှိသူတွေဆိုတာလည်း တွေ့လာရ သည်။ စာမေးပွဲ၏ ဟိုမှာဘက် ကို ကျော်၍ ကြည့်သူတွေ။ ဆရာထက်တပည့် လက်စောင်းထက်စေဖို့ အလုပ် နှင့် သက်သေ ထူနေသူတွေ။

သားက သူ့လက်ဦးဆရာ ကျွန်တော့်ကို ဘယ်လို အကဲဖြတ်လေမည်မသိ။ ကျွန်တော် ကိုယ်နှိုက်က တစ်ဖက်က ဆေးကု၊ တစ်ဖက်က စာသင်စာချလုပ်နေသူ။ သားတို့အဖွဲ့လို တပည့်တွေနှင့် တွေ့ရမှာတော့ ခပ်လန့်လန့် ပင်။ ဖြေသိမ့်စရာ တစ်ခုက ကျွန်တော် စာသင်ရသည့် တပည့်တွေက ကျောင်းသင်ပညာရေးကို (၁၅)နှစ် နီးပါး ဖြတ်သန်းပြီးစီးခဲ့သူတွေဆိုတာပဲဖြစ်သည်။ ခေတ်သစ်ပညာရေး သဘောတရားတွေ၊ နည်းနိဿရည်းတွေ ကို အိုင်းစတိုင်း၏ “အံ့တစ်ပါး”ကို မည်မျှထိ ချေဖျက်နိုင်မည်လဲဆိုတာ ကျွန်တော်တို့ အားလုံး စိတ်ဝင် တစားစောင့်ကြည့်နေရမည့် ၂၁ ရာစု၏ အရေးအကြီးဆုံးပြဿနာတစ်ခိုဖြစ်လေသည်။

ရွက်နုဝေ၊ ဇူလိုင်လ၊ ၂၀၀၈


တတိယအရွယ်၏ တတိယဝေဒနာ


(၁)

သူ နံနက်စောစော မီးဖိုချောင်ထဲမှာ အလုပ်များနေသည်။ မြေးမလေးကျောင်းအမီ မုန့်နှင့်ထမင်းဘူး ထည့် ပေးလိုက် ဖို့၊ သားငယ်အတွက် နံနက်စာ ပြင်ဆင်ပေးဖို့၊ အလုပ်သွားခါနီး ချွေးမအတွက် ထမင်းဘူး ထည့် ပေးလိုက်ဖို့။ သားငယ်က ညနက်အောင် အလုပ်လုပ်ပြီး နံနက် ၈ နာရီလောက်မှ အိပ်ရာက ထသည်။ သူက ရှိတာနှင့် ဖြစ်သလိုစားသောက်ပြီးမှ ရုံးသို့ ထွက်သွားတတ်သည်။ ဂဂျီဂျောင်များသူ မဟ်ုတ်၊ နေ့လယ်စာ ကို တော့ ရုံးမှာ ကြုံသလိုစားသည်၊ တစ်ခါတစ်ရံ အိမ်ပြန်စားတတ်သည်။ ချွေးမက ကျောင်းဆရာမ၊ သူ့အတွက် ထမင်းဘူး သေသေချာချာ ပြင်ဆင်ပေးရသည်။ ဒီချွေးမက လိမ္မာရှာပါသည်။ သူတို့အပေါ် ဘာမှ ထူးထူးခြားခြား တောင်းဆိုလေ့ မရှိ။ ဘာသာမတူ လူမျိုးကွဲသော်လည်း သူတို့နှင့် အဆင်ပြေသည်။ သမီး တစ်ယောက် ကောက်ရသည့်နှယ်။ သူက လက်တွေ့ကျကျ စဉ်းစားတတ် လုပ်ကိုင်တတ်သည်။ သူ့ သား ကိုလူအေးကို သူကပဲ ဦးဆောင်နေရသည်။ သို့မို့ကြောင့် ဒီချွေးမကို ဂရုတစိုက်ရှိရသည်။

အလုပ်က များနေရသည့်အထဲ အိပ်ခန်းထဲ ခုတင်ပေါ်လှဲနေသည့် အဘိုးကြီးက ခုတင်ကို တဒေါက်ဒေါက် ခေါက် ၍ ခေါ်နေပြန်လေသည်။ သူ့မှာ အချိန်နှင့်လု အပြေးပြိုင်နေသည့်ကြားက ဒီအဘိုးကြီးကလည်း တစ်မှောင့်။ ဒီလင် ဒီမယား ပေါင်းသင်းလာတာ ရွှေရတုသက်တမ်းကျော်လာပြီ။ စကား ခွန်းကြီးခွန်းငယ်များဖူးတာ မှတ်မှတ် ရရ မရှိခဲ့။ မရှိတာက သူကချည်းလိုလို အလျှော့ပေး ပေါင်းသင်းခဲ့ရ သည်ကိုး။ ဒီလိုဆိုတော့ အဘိုးကြီး သိပ်ဆိုး လို့ သူက သိပ်ကောင်းလို့ ဆိုလိုတာမဟုတ်လေ။
အဘိုးကြီး က တကယ့်အဖြူထည်သက်သက်။ သူ့အလုပ်နှင့် သူ့ပညာရပ်ကလွဲလို့ ဘာကိုမှ သိပ်သိသူမဟုတ်။ သိအောင် လည်း အားမထုတ်။ အပြင်သွားမည်ဆိုလျှင် သူ့ဖိနပ်ကို ဖိနပ်စင်မှယူပြီး ဖုန်သုတ်ပေး၊ သူ့ရှေ့ချပေးမှ စီးသည်။ ဒီအတွက် မိန်းမ ကို ကျေးဇူးတင်စကား တစ်ခွန်းမှမဆို။ ပြီးရင် နောက်လှည့်မကြည့်ဘဲ စိုက်စိုက် စိုက်စိုက်နှင့် ထွက်သွားတတ်သည်။ သူ့အလုပ်က ပညာရပ်ဆိုင်ရာဌာန ကြီးတစ်ခုကို ဦးစီးနေရတာ။ သူတို့ခေတ်တုန်း က အသက်ငယ်ငယ်နှင့် နိုင်ငံခြားပညာတော်သင် သွားခဲ့ရ သည်။ ဟိုမှာ သုတေသန လုပ်ငန်းထဲနှစ်မြှုပ်နေခဲ့ပြီး ပါရဂူဘွဲ့ယူပြန်လာသည်။ အမိနိုင်ငံ ပြန်ရောက်တော့ လည်း ဟိုမှာလုပ်ခဲ့သည့် သုတေသန လုပ်ငန်းတွေကို စွဲစွဲမြဲမြဲ ဆက်လုပ်သည်။ တပည့်တွေကို လေ့ကျင့် သင်ကြားသည်။ သူတို့ ပညာရပ်လောက တွင် ဘွဲ့လွန်သင်တန်းတစ်ခုကို မြန်မာပြည်တွင် ပထမဆုံးအကြိမ် ဖွင့်လှစ်နိုင်ခဲ့သည်မှာ သူ့ပယောဂ က အဓိကပါလေသည်။ အလုပ်သည် သူဘ၀။ သူ့ပညာသည် သူ့ဘ၀။

အလုပ်ကို ရိုသေလွန်းလှ တာဝန်ကျေပွန်လွန်းလှ၍ တစ်ကြောင်း၊ ကိုယ်ကျင့်သိက္ခာ တည်ကြည်လှသည်က တစ်ကြောင်း တို့ကြောင့် ရာထူးအဆင့်ဆင့် တက်ခဲ့သည်။ မိခင်ဌာနတွင် အကြီးဆု့းရာထူးရရှိပြီးမှ အလုပ်မှ အနားယူခဲ့ သည်။ တပည့်တပန်းတွေ၏ ချစ်ခင်ကြည်ညိုမှုကို ယနေ့တိုင် ခံယူနေရဆဲ။ အငြိမ်းစား ယူပြီးနောက် ရောဂါတွေ တစ်ခုပြီးတစ်ခု ဆင့်ကဲလိုလို ကျရောက်စွဲကပ်လာသည်။ သွေးတိုး ရောဂါ၊ ဆီးချိုရောဂါ၊ နှလုံးရောဂါ။
နောက်ဆုံး စွဲကပ်လာတာက Parkinson's Disease ခေါ်သည့် အကြောဆိုင်းရောဂါ။ ရောဂါဖြစ်စက လမ်းလျှောက် တာ တဖြည်းဖြည်း တုံ့နှေးလာသည်။ ကွေ့ရတာ လှည့်ရတာပို၍ ခက်ခဲပင်ပန်းလာသည်။ လမ်းလျှောက် ရင်း ယိုင်ထိုးလာသည်။ ရှေ့ကိုလဲချင်ချင်။ နောက်ပိုင်း အထိုင်အထပါ ခက်လာသည်။ တွဲထူရ တွဲချရ သည်။ မိမိတစ်ဦးတည်း မနိုင်တော့၍ တပည့်တစ်ဦး ခေါ်ထားရသည်။ မိမိကိုယ်နှိုက်ကလည်း အသက် ၈၀ နီး အဘွားအို။

ရောဂါသက် ရင့်လာသည်နှင့်အမျှ သူ့မှာ တစ်နေရာမှတစ်နေရာ ရွှေဖို့ တောင် အတော်အားစိုက်လာရသည်။ Wheel Chair ခေါ် လက်တွန်းလှည်းနှင့်ပဲ အိမ်ထဲ ဟိုဟိုဒီဒီ ရွေ့လျားရသည်။ နောက်ဆုံး အိပ်ရာပေါ်မှာပဲ ဗုန်းဗုန်း လဲ အချိန်ကုန်ရတော့သည်။
လူက နှေးကွေးလေးလံလာသော်လည်း သူ့အသိဥာဏ်က နည်းနည်းမှ လျော့ပါးသွားသည်မရှိ။ သုတေသန စိတ်ဓာတ် ကလည်း ခိုင်မာရှင်သန်ဆဲ။ မြန်မာနာမည်တွေ မြန်မာစကားလုံးတွေကို အင်္ဂလိပ်လိုရေးရင်း၊ ဖလှယ် ရင်း မြန်မာသံ အတိုင်း ထွက်မလာဘဲ လွဲချော်နေတာကို သုတေသနပြုသည်။ မြန်မာနာမည် အခေါ် အဝေါ်တွေ ကို မြန်မာအသံအတိုင်း တိတိကျကျထွက်စေဖို့ သူ့ကိုယ်ပိုင် စနစ်တစ်ခု တီထွင်စမ်းသပ်သည်။ တပည့်တွေ ကိုခေါ်ပြီး သူ့စနစ်အတိုင်းလေ့ကျင့် အသံထွက်ခိုင်းသည်။

ယင်းအကြောင်း စာအုပ်ရေးသည်။ ကွန်ပျူတာ ကျွမ်းကျင်သူခေါ်၍ ရိုက်ခိုင်းရပြင်ခိုင်းရသည်။ စာအုပ်နာ မည်က "မန္တလေးစာ" တဲ့။ "မန္တလေးမှာ ရေးတော့မန္တလေးစာပေါ့"တဲ့။ သူက ဒီလိုအတွေးရှင်းတာ။ လူက အကြောဆိုင်း တုံ့နှေးနေသော် လည်း ကျွန်ပျူတာမှာ ထိုင်မိရင်တော့ ၃-၄ နာရီကြာအောင် ထိုင်တတ်သည်။ အစားမေ့မေ့ အသောက်မေ့မေ့။
မိမိ မှာ သူ အချိန်မှန်မှန် စားသောက်ဖို့၊ နာရီနှင့် ဆေးသောက်ဖို့ ကြောင့်ကြစိုက်ရသည်။ ဒါတွေကြောင့် မိမိမှာ အပြင် ထွက်တာ၊ အိမ်လည်တာ၊ မိတ်ဆွေအပေါင်းအသင်းတွေနှင့်တွေ့တာ မလုပ်နိုင်တာကြာပြီ။ ယုတ်စွအဆုံး၊ ဘုန်းကြီးကျောင်းလေး ဘာလေး သွားရောက်ဝတ်ပြု လှူဒါန်းချင်တာတောင် သူ့ကို ခွင့်ပန်ရ ခွင့်တောင်းရသည်။
သူ ဘာမှ ပြန်မပြော ရင် သေချာပြီ။ မိမိသွားလို့မရတော့။ မိမိ တစ်ခါတစ်ရံ ဇွတ်ထွက်သွားလျှင်တော့ သူ့ မျက်နှာ မှာ ၀မ်းနည်းရိပ်သန်းသွားတာကလွဲလို့ ပါးစပ်က ဘာမှမပြောချေ။ မိမိဘာသာ ကျိတ်ဝမ်းနည်းရ ပြန် သည်။

မနေ့ညက မိမိ မှာ ကောင်းကောင်းအိပ်မပျော်။ သူက ခုတင်ပေါ်မှာ ဟိုဘက်ဒီဘက် ရွှေ့ဖို့တောင် မလုပ်နိုင် လေတော့ မိမိမှာ သတိနှင့်အိပ်ရသည်။ ဒီကြားထဲ နံနက်လင်းအားကြီးအချိန်မှာ သူက မိမိကိုနှိုးပြီး ဗီဒီယို ကြည့်ချင်သည်ပြော ၍ ထဖွင့်ရသေးသည်။ သူကြည့်နေတုန်း ဘေးကထိုင်ငိုက်ရသည်။
ဒါကြောင့် ဒီမနက် အိပ်ရေးက သိပ်မ၀။ ဒီလို မနက်ခင်းမှာ အလုပ်ကများ၊ အချိန်က ဖိစီးလွန်းလှချိန်မှာ အခန်း ထဲက တဒေါက်ဒေါက်ခေါ်နေသံက မိမိရင်ထဲ ရင်ခုန်သံနှင့် စည်းချက်ပြိုင်နေသလို။ မိမိမှာ စိတ်ဆိုး မိတာ မဟုတ်သော် လည်း ကျွဲမြီး နည်းနည်းတိုမိသည်ကိုတော့ ၀န်ခံပါသည်။

ဟင်းအိုး မီးဖိုပေါ်တင်လိုက်ပြီးမှ သူ့ထံ အပြေးအလွှားသွားလိုက်ရသည်။ သူကတော့ ဘာမှ မဖြစ်သလို။ မျက်နှာ က ခံစားမှုကင်း၍ ရှင်းလင်းနေသောမျက်နှာ။ သူ့မျက်နှာနားကပ်ပြီး ဘာကိစ္စလဲမေးကြည့်တော့ သူက တိုးတိုးလေးပြောလိုက် သည်။ အနားက တပည့်လေးကြားသွားမှာ စိုးထင်ပါရဲ့။ တိုးတိတ်ညင်သာစွာ။
" ချစ်တယ်" တဲ့။
သူ မကြားရတာ ဆယ်စုနှစ် သုံးလေးခုစွန်းပြီဖြစ်သော စကားလေးနှစ်လုံး။ မိမိတစ်ကိုယ် လုံး ပျော်ဆင်း သွား လေသည်။ ခြေနှင့် ရပ်တည်နိုင်စွမ်းမရှိတော့၍ ခုတင်ဘေး အသာအယာ ထိုင်ချလိုက်ရသည်။ ရင်ထဲ ကြည်နူးဝမ်းသာမိတာရော၊ သူ့ကို ငြိုငြင်သလိုဖြစ်မိတဲ့အတွက် အပြစ်ရှိသလို ခံစားမိတာရော။ အသက် (၈၀) နီးနီး အဘိုးကြီး က မီးဖိုချောင်ထဲမှာ ချွေးသံတွေနဲ့ အလုပ်များနေရှာတဲ့ အဘွားကြီးကို ဒီ စကားလေး နှစ်လုံး ပြောချင်လွန်း လို့ တဒေါက်ဒေါက် ခေါ်နေခဲ့တာ။
မိးဖိုချောင် က ဟင်းအိုးတူးနံ့ရမှ မိမိမှာ (၁၆)နှစ်အရွယ် အပျိုဖြန်းလေးလို ပေါ့ပါးသွက်လက်စွာ မီးဖိုချောင် ဘက်ပြေးရသည်။
အို ... ဟင်းအိုးတူးနံ့က သင်းသင်းလေး မွှေးနေပါလား။

(၂)
ကျွန်တော်တို့ ဆေးကျောင်းသားဘ၀ ဆေးရုံမှာ လက်တွေ့စဆင်းရတော့ ဆရာကြီး ဆရာမကြီး ဇနီးမောင်နှံကို သတိထားမိ အားကျ မိသည်။ နှစ်ဦးလုံးက နိုင်ငံခြားပြန် သမားတော်ကြီးတွေ။ နှစ်ဦးစလုံး ဆေးကုကောင်း၊ စာသင်ကောင်းသူတွေ။ ဆရာကြီးတို့အတွဲက ဆေးရုံကြီးနားမှာနေသည်။ နံနက် ၈ နာရီ တစ်ဝိုက်ဗောက်(စ)၀က်ဂွန်း ကားဖြူလေးနှင့် အိမ်မှ ဆေးရုံလာတာ ကျွန်တော်တို့ မြင်မြင်နေရသည်။ ဆရာ ၀န်ကြီးတွေ ဗောက်စ)၀က်ဂွန်းအဖြူ စီးကြသည့်ခေတ်။
ဆရာကြီးနှင့် ဆရာမကြီးတို့၏တူညီမှုက ဆေးကုရာ စာသင်ရာမှာပဲ ရပ်သွားသည်။ ကျန်တဲ့စရိုက်ဝါသနာတွေက အရှေ့အနောက်။ ဆရာကြီးက ညနေတိုင်း ဘောလုံးပွဲကြည့်သည်။ ဗထူး ကွင်းမှာ။ ကြက်ပွဲဝါသနာကြီးသည်။ သူ့ကြက်သမား များနှင့် တရုန်းရုန်း။ ဆရာမကြီးက ဘာအားကစားမှ စိတ်ဝင်စားမှုမရှိ။ ဆရာကြီးက လမ်းဘေး အကြော်ဆိုင်မှာ ၀င်ထိုင်၊ အချဉ်ရည်ရွှဲရွှဲမြှုပ်ပြီးအကြော်စားတတ် သည်။ ဆရာမကြီးက ပေါင်မုန့်နှင့် ကြက်သားနှင့် ဇွန်းခက်ရင်းနှင့် အိမ်မှာပဲ သပ်သပ်ရပ်ရပ် စားတတ်သည်။

ဆရာကြီး က တပည့်တပန်းတွေ၊ တပည့်မလေးတွေနှင့် တ၀ါးဝါး တဟားဟား နေတတ်သည်။ လသာသာ ညတွေမှာ မယ်ဒလင်တီးရင်း ရောက်ရာပေါက်ရာ သီချင်းဆိုတတ်သည်။ ဆရာမကြီးက ဆေးရုံမှာဆေးကု၊ စာသင်ချိန်မှာပဲ တပည့်တွေနှင့် စုစုဝေးဝေးနေတတ်သည်။ ကျန်အချိန်တွေမှာ တပည့်တွေနှင့် ခပ်လှမ်းလှမ်း (Safe distance) မှာပဲနေသည်။ ထဲထဲဝင်ဝင် ရောရောနှောနှော မနေတတ်။ ဂီတသီချင်း ၀ါသနာပါပုံမရချေ။ အိမ်မှာပဲနေပြီး ကျောင်းစာသင်ဖို့ ပြင်ရင်ပြင်၊ သုတေသနစာတမ်းရေးရင်ရေး၊ ဒါမှ မဟုတ် ဇာထိုးပန်းထိုး အင်္ကျီထိုးနှင့် အချိန်ဖြုန်း။ ဆရာမကြီးက တစ်ချောင်းထိုး နှစ်ချောင်းထိုး ကျွမ်းကျွမ်း ကျင်ကျင် ထိုးတတ်သည်။
ဆရာကြီး ကို တပည့်တွေက ကြောက်၍ချစ်သည်။ ဆရာမကြီးကိုတော့ တပည့်တွေက ချစ်၍ကြောက်ကြ သည်။

စရိုက်သဘာဝ မတူဘဲ သည်းခံပေါင်းသင်းနေခဲ့တာကြာပြီ။ ဒီကြားထဲမှာ သားထောက်သမီးခံက တစ်ယောက် တလေမှ မထွန်းကားခဲ့။ တစ်သီးတည်းသော သန္ဓေသားကလည်း မျိုးဥပြွန်ထဲဝင်စွဲကပ်တော့ ခွဲထုတ်ပစ်လိုက် ရသည်။
ဆရာကြီးနှင့် ဆရာမကြီးတို့၏ အိမ်ထောင်ရေးအက်ကြောင်းကလေးကို တစ်စွန်းတစ်စ သိလာရတော့ ကျွန်တော် တို့ တပည့်တွေအားလုံး စိတ်မကောင်းကြ။ ပုံပြင်တွေထဲကလို သူတို့နှစ်ဦး အသက်ထက် ဆုံး ပျော်ရွှင် ချမ်းမြေ့စွာ နေသွားကြလေသတည်း ဟု ကျွန်တော်တို့က စိတ်ကူးယဉ်ပေးခဲ့တာ။
သည် အက်ရာကလေး က တဖြည်းဖြည်းကြီးလာရာ နောက်ဆုံး စေ့စပ်လို့မရသည်ထိ ဖြစ်လာသည်။ နောက် ဆုံးမှာတော့ ဆရာကြီး အိမ်မှ ဆင်းခဲ့သည်။ အိမ်ကြီး တစ်လုံးလုံးမှာ ဆရာမကြီး တစ်ယောက်တည်း ကျန် ရစ်သည်။ ဆရာကြီးက ဆေးရုံကို အိမ်လုပ်နေလေသည်။

ဆရာကြီး က စာသင့်  ကြုံရင် မင်းတို့အစ်မက ဘယ်လိုပြောတာ၊ ဘယ်လိုထင်တာလို့ထည့်ပြောတတ် သည်။ နှစ်ဦးသား တည့်တည့် ဆုံရင်တော့ စကားမဆိုကြ။ ဆရာမကြီးခမျာ တပည့်တွေနှင့် စကားစပ်မိတိုင်း " You တို့ ဘိုးတော်ကလေ ... You တို့ ဘိုးတော်ကလေ ... " နှင့် ပြောတတ်သည်။ ဆရာကြီးသတင်းတွေ ရော အတင်းတွေ ပါ တပည့်တွေထံမှ ရသမျှစုဆောင်းသည်။ သူတစ်ခါမှ မရောက်ဖူး မသွားဖူးသောနေရာ တွေ ရောက်ရ သွားရသည်။ ဗေဒင်ဆရာ၊ အကြားအမြင်ဆရာတွေရဲ့အိမ်။ ဓာတ်ရိုက် ဓာတ်ဆင် ယတြာချေ လုပ်သည်။ ဆရာကြီး အိမ်ပြန်လာစေကြောင်း။ စိတ်လည်လာစေကြောင်း။ ဘ၀တူ ဆရာမကြီးတွေ ဆီက အကြံဥာဏ်တွေ ရယူသည်။ သီးသန့်နေတတ်သော ဆရာမကြီး သီးခြားနေလို့ မရတော့ပြီ။ ဆရာမကြီးအိမ် မှာ အောင်သွယ်ပွဲစားတွေ ခြေရှုပ်နေလေသည်။ သည်ကြားထဲ ဆရာကြီး က နှလုံးရောဂါနှင့် တစ်ကြိမ်၊ ဆီးလမ်းကြောင်း ကျောက်တည်လို့တစ်ကြိမ် ဆေးရုံတက်ရသေးသည်။ ဆရာမကြီး ကို အကြောင်းကြား လိုက်တော့ ရှောရှောရျူရှူလိုက်လာရှာသည်။ ခုတင်ဘေး မှာ နေခွင့်ပြုစုခွင့် ရသည်။ ဆရာကြီး နေပြန်ကောင်းတော့လည်း ဘ၀တွေက ဒုံရင်းပြန်ရောက်သည်။

ဆရာမကြီးအိမ် ကို ကျွန်တော်တို့ ဇနီးမောင်နှံ ၀င်ထွက်လေ့မရှိ။ ဆရာမကြီးကို ကြောက်တာရော၊ ၀င်ထွက် စရာအကြောင်းမရှိတာရော၊ စကားတွေ ဟိုဒီမသယ်ချင်တာရောကြောင့်ပါ။ ဆရာမကြီး အငြိမ်းစားယူတော့ ကျွန်တော် တို့ ညစဉ် လိုလို သွားလည်ဖြစ်၊ စကားပြောဖြစ်သည်။ ဆေးခန်းပြီးချိန် ည ၇ နာရီခွဲ ၈ နာရီ ၀န်းကျင်။ ဆရာမကြီးက ယခုချိန်ထိ တစ်ဦးတည်း။ အတူနေသူ အိမ်ဖော်ပင် မရှိ။ သူ့ဘာသာသူ အကုန် လုပ်နိုင်သည်။ ဆရာမကြီးနှင့်တွေ့တိုင်း တစ်ခုခုလုပ်နေတာပါပဲ။ စာဖတ်ရင်ဖတ်၊ ဇာထိုးရင်ထိုး။ တစ်ဖက် ကတီဗွီက ဖွင့်လျက်သား။ ကျော်ဟိန်းတို့၊ ဇော်ဝမ်းတို့ဆိုတာတွေ ဆရာမကြီးသိလာပြီ။ ယခင်က ကျော်ဟိန်း လို့ပြောလိုက် ရင် ဆရာမကြီးက ကြောင်ကြည့်နေတတ်သည်။ ကျွန်တော်တို့ ည ၉ နာရီလောက် ပြန်ကြဖို့ ပြင်လျှင် -
" ဟယ် နင်တို့ကလည်း အစောကြီးရှိသေးတာ၊ နေပါဦး "
ပြော၍ ပြန်ထိုင်ရပြန်သည်။

ဆရာမကြီးအိမ်မှာ ဟိုဟိုဒီဒီ ကြည့်မိတော့ မျက်နှာကျက်မှာ ပုသိမ်ထီးတစ်ချောင်း ဇောက်ထိုးချိတ်ဆွဲထား တာတွေ့ ရသည်။ နောင် သူများတွေပြောပြမှ ယတြာချေထားမှန်းသိရသည်။
ကျွန်တော် တို့နှင့် စကားစပ်မိရင် သူ့ဘိုးတော်အကြောင်းပြောဆဲ။ အဲဒီအချိန်မှာ ဆရာမကြီး မျက်နှာ က ပျော့ပျောင်းနူးညံ့ သိမ်မွေ့နေလေ သည်။
ဆရာမကြီး က "ဘိုးတော်ဖိနပ်လေ" ဟုအပြုံးတစ်ဝက်နှင့် ပြောရှာသည်။ ဆရာကြီး အိမ်ပြန်လာရင် လွယ် လင့်တကူ စီးဖို့။ သို့ပေတဲ့ ခြေထောက်နှစ်ချောင်းက ဘယ်သဝေ ထိုးနေပါလိမ့်။ ဘုရားစင်ကြည့်လိုက်တော့ ဘုရားပန်းအိုးတွေ က များမှများ။ ခုနစ်လုံးတောင်။

ပန်းအိုးတစ်လုံး က ဆရာကြီး နေ့နံသင့် ပန်းတွေနှင့် ထိုးပြီး ပူဇော်ထားတာ ပြောစရာလိုမည်မထင်။ ဘုရားစင်ပေါ် က ဟိုမည်းမည်း ညိုညိုလေးက ဘာပါလိမ့်။ ဆရာမကြီးက -
" ဘိုးတော့်ဆေးတံလေ" တဲ့။ ဟာ ဟုတ်ပေသား။ ဆရာကြီးက ဟိုတုန်း က ဆေးတံသောက် ခဲ့တာ။ နောင်မှ ဆေးပေါ့လိပ် ပြောင်းသောက်တာ။ ဆရာကြီး မြတ်မြတ်နိုးနိုး ရှူရှိုက်ခဲ့တဲ့ဆေးတံလေး က ဘုရားစင် မှာ။ ဆရာမကြီးကို စာသင်ပေးသည့် ဆရာမကြီးအဖြစ်ထက် ချစ်သူကို လှပသိမ်မွေ့စွာ ချစ် တတ်သော သိမ်မွေ့သူ တစ်ဦး အဖြစ် ကျွန်တော် မြင်တွေ့လိုက်ရသည်။ ဆေးတံတိုလေးတစ်ညိုက ဘုရားစင်ထက် မှာ။

(၃)
ကျွန်တော် က ဆေးရုံမသွားခင် နံနက်စာ အိမ်မှာပဲ စားသွားလေ့ရှိသည်။ ဆေးရုံနှင့် အိမ်က နီးတော့ နေ့လယ်စာ လည်း အိမ်ပြန်စားတာများပါသည်။ တစ်ခါ တစ်ရံ ဆေးရုံမှာ စားလိုက်တာပါပဲ။ တစ်ရက် ဆေးကျောင်းမှာ တစ် နံနက်လုံးမဟာသိပ္ပံသင်တန်းကျမ်း (Thesis) ကိစ္စနှင့်ပတ်သက်၍ အစည်းအဝေး ထိုင် ကြရာ နေ့တစ်နာရီ ကျမှ ခေတ္တနားကြသည်။ အစည်းအဝေးက ဆက်ရဦးမည်။ နားချိန်မှာ ကြက်ဆီထမင်းဘူး လာချ၍ စားရင်းသောက် ရင်း အလုပ်ဆက်ကြပြန်သည်။
အိမ်မှ ဇနီးသည် ဖုန်းဆက်တော့ နေ့လယ်တစ်နာရီခွဲနေပြီ။ အိမ်ပြန်လာဦးမလား၊ ထမင်းပြန်စားဦးမလား။ ကျွန်တော် က စားပြီးကြောင်း၊ ပြန်မလာတော့ကြောင်း ဖြေလိုက်သည်။ ဇနီးသည်က ကျွန်တော့် ပြန်အလာ ကိုမျှော်ရင်း ထမင်းမစားဘဲ ထိုင်စောင့်နေတာ။ ကျွန်တော် ပြန်တွေးကြည့်လိုက်တော့ ကျွန်တော်တို့ အိမ်ထောင် စတည် ကတည်းက ဇနီးသည်က ကျွန်တော် ပြန်အလာကို ထိုင်စောင့်တတ်တာ၊ ကျွန်တော် ထမင်း စားမှ အတူ လိုက်စားတာ သတိရမိသည်။ ကျွန်တော်ကတော့ ဆာရင် ဘယ်သူ့ကိုမှစောင့်မနေဘဲ ထစား လိုက်မြဲပင်။

ဇနီးသည် ဖတ်ဖတ်ပြသည့် သမ္မာကျမ်းစာတစ်ပိုဒ်ကို သတိရမိသည်။
" ... မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ၀ါကြွားခြင်းမရှိ၊ မာန်မာန မရှိ။ မလျောက်ပတ် စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်ရှိသည် ဟု မထင်တတ်။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာ ကို မျှော်လင့်တ်၏။ ခပ်သိမ်းသောအရာကို သည်းခံ တတ်၏။ မေတ္တာ သည် ဖောက်ပြန် ခြင်း သဘောနှင့် အစဉ်ကင်းလွတ်၏"

" ... ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း မေတ္တာ သည် အမြတ်ဆုံးဖြစ်သတည်း "
(ကောရိန္တုသြ၀ါဒ ပဌမစာစောင်၊ ၁၃။ မူရင်းသတ်ပုံအတိုင်း။)

(၄)
တတိယအရွယ် ၏ တတိယဝေဒနာ က ပထမ၊ ဒုတိယ ဝေဒနာတွေထက် ပို၍ သန့်ရှင်းဖြူစင် သိမ်မွေ့ ၀င်းပ နေလေသည်။

ပိတောက်ပွင့်သစ်၊ စက်တင်ဘာလ၊ ၂၀၀၈

2 comments:

Thu said...

Some kind of the beautiful mind.
Thanks again Ma Shwe Zin !

Anonymous said...

မေတ္တာသည် စိတ်ရှည်တတ်၏။ ကျေးဇူးပြုတတ်၏။ မေတ္တာသည် ဂုဏ်ပြိုင်ခြင်းမရှိ၊ ၀ါကြွားခြင်းမရှိ၊ မာန်မာန မရှိ။ မလျောက်ပတ် စွာ မကျင့်တတ်၊ ကိုယ်အကျိုးကို မရှာတတ်၊ ဒေါသအမျက် မထွက်တတ်၊ အပြစ်ရှိသည် ဟု မထင်တတ်။ ခပ်သိမ်းသောအရာကို ဖုံးအုပ်တတ်၏။ ခပ်သိမ်းသောအရာကို ယုံတတ်၏။ ခပ်သိမ်းသောအရာ ကို မျှော်လင့်တ်၏။ ခပ်သိမ်းသောအရာကို သည်းခံ တတ်၏။ မေတ္တာ သည် ဖောက်ပြန် ခြင်း သဘောနှင့် အစဉ်ကင်းလွတ်၏"

" ... ယခုတွင် ယုံကြည်ခြင်း၊ မျှော်လင့်ခြင်း၊ ချစ်ခြင်း၊ ဤသုံးပါးတည်လျက်ရှိ၏။ ဤသုံးပါးတို့တွင် ချစ်ခြင်း မေတ္တာ သည် အမြတ်ဆုံးဖြစ်သတည်း "

nice post...
thnx 4 sharing,,,sis
lots of love

Anne