Saturday, November 10, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၂ဝ)

ပီယာဘိုဒီ
စန်ကာလို
(၁၈-ရက်မြောက်နေ့)


သည်အကြောင်းကို တစ်စုံတစ်ယောက်အား ကျွန်တော် ရှင်းပြချင်ပါသည်။ ရုပ်ပိုင်းဆိုင်ရာ ဝေဒနာ ခံစားမှုနှင့် ညှဉ်းဆဲခံရသည့် စိတ်ဒဏ်ရာများ အကြောင်း။
စိတ်ကို ကြောက်မက်ဖွယ် အညှဉ်းဆဲခံရသည့်အခါ ကြောက်စိတ်သည် အသည်းထဲစွဲသွားလေသည်။ ဖမ်ဘိုနာ သည် ညှဉ်းဆဲသည့်နေရာတွင် ဧတဒဂ်ရသူ ဖြစ်သည်။
ညှဉ်းပန်းနှိပ်စက်ခြင်းကို ခံနိုင်ရည် ရှိသူများ၏တုံ့ပြန်မှုအကြောင်း ကျွန်တော် အများကြီးဖတ်ဖူးသည်။ ကျွန်တော် ဖတ်ဖူးခဲ့သမျှတို့သည် ကိုယ်တိုင် ခံစားရသည့်အခါကျမှ စိတ်ကူးယဉ်အဆင့်မျှသာရှိကြောင်း သဘောပေါက် ရတော့သည်။
ပထမဆုံး စိတ်ထဲကစ၏။ ထိတ်လန့် တုန်လှုပ်မှုသည် တဖြည်းဖြည်း အရှိန်မြင့်တက်လာ၏။ ပစ္စည်း ကိရိယာ တန်ဆာပလာ အစုံအလင်ဖြင့် သူ ပြန်လာမည်။ ကျွန်တော် စောင့်နေရ၏။ အိပ်စက်ခြင်းဆို သည် ကျွန်တော့် အတွက် မဖြစ်နိုင်တော့၊ သမံတလင်းပေါ်တွင် နံရံကို ကျောမှီထိုင်ရင်း အသင့်ပြင်ထား လိုက်သည်။

သည်ကိစ္စနှင့်ပတ်သက်ပြီး ဆိုဇင်နစ်ဇင် တစ်ခါရေးဖူးသည်။ သူ့နည်းက ရိုးရိုးကလေး ဖြစ်၏။ ပထမဆုံး ကိုယ့်ကိုယ် ကို သေနေပြီဟု နှလုံးသွင်းရမည်။ သေသွားသည့် လူတစ်ယောက်ကို နာကျင်အောင် ဘယ် သူမှ မလုပ်နိုင် ဟု သူက ဆိုသည်။ သေဆုံးသွားသူတစ်ယောက်၏ ဘဝသည် ကုန်ဆုံးလွန်မြောက်သွား လေပြီ၊ ထို့ကြောင့် ဘာမှမျှော်လင့်စရာ တောင့်တစရာ သူ့တွင် မရှိတော့။
ဒီမယ် ဆိုဇင်နစ်ဇင်၊ ခင်ဗျားကို ကျွန်တော် ဆွေးနွေးစရာရှိတယ်၊ ခင်ဗျားရဲ့အဆိုအမိန့်ဟာ စောင့်နေရ တဲ့ ပထမညမှာတော့ ဟုတ်သလိုလိုပါပဲ၊ ဒါပေမယ့် ဖမ်ဘိုနာက သူ အလုပ်စလိုက်တာနဲ့ ခင်ဗျား သီအိုရီဟာ အလကားဖြစ်သွားတော့တာပဲ။
ခံစားရသည့်ဝေဒနာကို ဝေဒနာဟု မခံစားရအောင် ခင်ဗျားရဲ့ စိတ်ဓာတ်အင်အား ရင့်ကျက်နေလို့ ဖြစ် လိမ့်မယ်၊ ကျွန်တော်ကသာမန်လူဆိုတော့ အနှိပ်စက်ခံပြီးတာနဲ့ တကယ်သေမယ်လို့ ထင်နေတယ်၊ အဲဒီတော့မှပဲ ခင်ဗျားပြောချင်တာကို သဘောပေါက်မလား မသိဘူး။

ညသည် ကြောက်မက်ဖွယ်နှုန်းဖြင့် ဖြတ်သန်း ကုန်လွန်နေ၏။ အရုဏ်တက်ပြီး မကြာခင်ပင် တံခါးမ ကြီးဖွင့်သံ၊ ထရပ်ကားပေါ်မှ လူတွေဆင်းသံ၊ ဖင်ဘိုနာ အော်ဟစ်အမိန့်ပေးသံတွေ ကြားရသည်။ မိနစ်တို့သည် စက္ကန့်များပမာ ခုန်ကူးနေကြ၏။ ကျွန်တော်၏ ရင်ခုန်သံကို ကျွန်တော်အတိုင်းသား ပြန် ကြားနေရ၏။ ပါးစပ်ထဲတွင် ချွဲတဲတဲ၊ ခါးသက်သက် ဖြစ်လာ၏။
တံခါးဖွင့်သံနှင့်အတူ ဖမ်ဘိုနာပေါ်လာသည်။ အောင်မြင်သည့် အပြုံးမျိုးပြုံးလျက် ပျော်ရွှင်မြူးကြွဟန်။
သူ့ပစ္စည်ကို ကိုင်ဖို့ သူ့လူတွေနှင့် အလုပ်ရှုပ်နေသည်။ အိမ်ရှုတစ်ဦးက ပရိဘောဂတွေကို စိတ်ကြိုက် နေရာချနေသည့်အလား။
 "ဟိုဘက်တိုး... ဟိုဘက်တိုး"
အစောင့်နှစ်ယောက်ကို သူ အော်ပြောသည်။ ပတ္တူစဖြင့် ပတ်ထားသည့် အရာဝတ္ထုတစ်ခုကို သူတို့မနိုင် မနင်း သယ်ယူ လာကြသည်။ နံရံတစ်ဖက်သို့ သူတို့ တွန်းယူသွားကြ၏။ သူက သေသေ ချာချာ စောင့်ကြည့်နေ၏။                                                                                                                                                                                                                                                                                                                                                  
"နည်းနည်းပြန်တိုး၊ ဒီဘက် နည်းနည်းပြန်တိုး၊ ဖြည်းဖြည်းလုပ်၊ သောက်ရမ်း မတွန်းနဲ့၊ အလှ ပျက်သွားမယ်"
နောက် တစ်ယောက် စားပွဲသေးသေးမြင့်မြင့်တစ်လုံး ယူသွင်းလာသည်။ စားပွဲနှင့်အတူ အ၀တ်နက် စများနှင့် ရေပုံးနှစ်ပုံးလည်း ပါလာ၏။ စားပွဲကို ပလတ်ပေါက်ရှိသည့် နံရံနားတွင် နေရာချထားလိုက် သည်။ အ၀တ်စလိပ်နှင့် ရေပုံး ကို စားပွဲနံဘေးတွင် ချထားခိုင်းသည်။
အားလုံး နေရာချထားပြီးမှ သူ့ရဲဘော်တွေကို ထွက်သွားခိုင်း၏။ အခန်းထဲတွင် သူနှင့်ကျွန်တော် နှစ်ယောက် တည်းသာ ကျန်ရစ်သည်။ တံခါးကို သော့မခတ်ဘဲ သည်အတိုင်းထားသည်။ ပြေးထွက် ဖို့ တဒင်္ဂ စိတ်ကူးသည်။ ပကတိအခြေအနေကြောင့် တစ်မုဟုတ်ချင်း လွင့်ပြယ်သွားသည်။
ဖမ်ဘိုနာက အခန်းအလယ်တွင် ရပ်နေ၏။ ဦးခေါင်းကို တစ်ဖက်သို့ အနည်းငယ်စောင်းလျက် ကျွန်တော့် ကို စောင့်ကြည့်နေသည်။

"ကဲ ... ခွေးသားကြီး၊ ခင်ဗျား ကျုပ်လိုချင်တာ ပေးရင်းပေး၊ မပေးရင် ခင်ဗျားတစ်ယောက်လုံး မမျှော်လင့်ဖူး တဲ့ ဝေဒနာကို ကျုပ်က ပေးရလိမ့်မယ်"
ကျုပ်က တံတွေးတစ်ချက်မျိုချလိုက်ပြီး ခေါင်းယမ်းလိုက်၏။ သူက လက်စွမ်း ပြရတော့မည်မို့ ကျေနပ်စွာ ပြုံးလိုက်သည်။
"ကောင်းပြီ၊ ဒါဆိုရင် နာမည်တစ်ခုအစား ခင်ဗျား အားလုံးကို ပေးရတော့မယ်၊ တစ်ယောက်မကျန် ခင်ဗျား ပေးရ မယ်၊ မယုံမရှိနဲ့ ခွေးမသားကြီး"
ကျွန်တော် လက်တစ်ဖက်ဆန့်ကြည့်လိုက်သည်။ တော်ပါသေးရဲ့။ ကျွန်တော့်လက်တွေ တုန်မနေ ပါ။ အလားတူ ကျွန်တော် အသံကလည်း တည်တည်ငြိမ်ငြိမ်ပင်။
"ဒီမယ် နားထောင်၊ ဟေ့ကောင် ... ခွေးလှေးကြမ်းပိုး၊ မင်း ဘာလုပ်မယ်ဆိုတာ ငါသိတယ်၊ ဘာဖြစ်မယ် ဆိုတာလဲ ငါသိတယ်၊ ငါပြောပြီးရင်လဲ သေရမှာပဲ၊ ကယ်လ်ဒီရါန် ငါ့ကို ပြောပြပြီးသား၊ နှလုံးသွေးရပ်မယ့် ဆေးကို မင်းထိုး မှာ မဟုတ်လား၊ ဘာအမှတ်အသားမှ ငါ့ကိုယ့်ပေါ်မှာ မကျန်အောင် မင်းလုပ်မှာ မဟုတ်လား၊ ဒါကြောင့် နာမည်တွေ ငါပေးပြီးရင် လွှတ်ပေးမယ်ဆိုတဲ့ မင်းရဲ့ ကတိကို လုံးဝ သောက်ဂရုမစိုက်ဘူး"

သူက ကျွန်တော်ပြောသမျှကို မသိကျိုးကျွန်ပြုပြီး ...
"ကဲ ... နွားကြီး၊ ခုပြောလိုက်ပါလား၊ ခင်ဗျား နာလဲမနာဘူး၊ ဘာမှလဲ မဖြစ်ဘူး၊ ကိုယ့်လူတွေနဲ့ ကိုယ် သွားနေခွင့် လဲ ချက်ချင်းရမှာ"
"သောက်အလကား မင်းလိမ်တာ၊ ငါပြောလဲ မင်းငါ့ကို သတ်မှာပဲ"
သူက ရယ်ပြီး ...
"ခင်ဗျား တော်တော်လည်တာပဲ၊ ဘာပဲဖြစ်ဖြစ် ခင်ဗျား မကြာခင်ပြောရမှာပါ၊ လွန်ခဲ့တဲ့ အပတ်ထဲက သစ္စာဖောက် တစ်ယောက် ကျုပ်တို့ ဖမ်းမိတယ်၊ တပ်ထဲကပဲ၊ ကျုပ်လက်ထဲ ရောက်လာတာပေါ့၊ ကျုပ်နဲ့ ကျုပ်ရဲဘော် အမိဘာတိုနှစ်ယောက် ယူသွားတယ်၊ အထဲမှာ ကျည်ဆန်တစ်တောင့်ပဲ ပါတယ်လို့ပြောပြီး သူ့ကို သေနတ်ပေး လိုက်တယ်၊ ကျုပ်တို့ နှစ်ယောက်က သူ့ရှေ့နှစ်မီတာ လောက်ပဲ ဝေးတယ်၊ တစ်ယောက်ကို ပစ်သတ်လို့ရပြီလို့ သူ့တွက် မှာပေါ့၊ ဒါပေမယ့် ကျန်တစ်ယောက်က သူ့ကို ဆက်ပြီး နှိပ်စက်ဦးမှာမို့ သူဘာလုပ်လဲသိလား၊ သူ့နားထင် ကို ပြောင်းတေ့ပြီး ခလုတ်ကို ဆွဲလိုက်တယ်"
ကျွန်တော် မျက်နှာပျက်သွားသည် ထင်၏။ ခွေးသူတောင်စားက ရယ်ပြီး ...
"သေနတ်ထဲမှာ ကျည်ဆန် လုံးဝမရှိဘူးဗျ"
သူက တဟားဟား အော်ရယ်ပြန်သည်။

"နောက်ခြောက်ရက်ကြာတော့ သူသေ သွားတယ်၊ မသေမချင်း ဘာကိုတောင်းဆိုသလဲ သိလား၊ သတ်ပါတော့၊ သတ်ပါတော့ လို့ တစ်ချိန်လုံး အသနားခံ သွားတယ်၊ ခင်ဗျားလဲ ဆေးထိုးပါတော့၊ ထိုးပါတော့ လို့ တောင်းပန်မှာပါ၊ ဒါပေမယ့် ခင်ဗျား ခြောက်ရက် မနေရပါဘူး၊ အများဆုံး နှစ်ရက် ပေါ့၊ အဲဒီနာမည်တွေဟာ ငရဲကို သွား မယ့် ခင်ဗျားရဲ့ နိုင်ငံကူး လက်မှတ်တွေပဲ၊ ခင်ဗျား ကျုပ်ကို အဲဒီနာမည်တွေ ပျော်ပျော် ရွှင်ရွှင် ပေးမှာပါ"
သူက တစ်ဖက်လှည့်သွားသည်။ လက်နှစ်ဖက်ကို ပွတ်သည်။
"ကဲ ... အလုပ်စကြရအောင်၊ ခင်ဗျားနဲ့ မိတ်ဆက်ပေးမယ်၊ ဒါက အဘရာဇိုတဲ့၊ သူက ခင်ဗျား ကို ပွေ့ဖက်ထား လိမ့်မယ်"
သူက မျက်လှည့်ဆရာ အမူအရာဖြင့် ပတ်ထားသည့် ပတ္တူစကို ခွာချလိုက်သည်။ ထိုအရာကို ကျွန်တော် အထိတ်တလန့် လှမ်းကြည့်လိုက်သည်။
သစ်သားစည်ကြီးတစ်ခုကို ဒေါင်လိုက်စိုက်ပြီး အိပ်စရာတစ်ခု လုပ်ထားသည့် ပုံမျိုး၊ ညိုမည်းမည်း အဖုံးပေါ် တွင် လေးလက်မခြားလောက် စိုက်ထားသည့် သံချွန်များက တလက်လက်၊ ထောင့်တိုင်း တွင် သားရေခါးပတ် များ တွဲလဲနှင့်။

သူက ထိုအရာကို အမြတ်တနိုး ပုတ်ပြီး ...
"ဒါ မူလသစ်သားရောင် မဟုတ်ဘူး၊ မရေတွက်နိုင်တဲ့ လူများရဲက သွေးတွေစွန်းနေလို့ ဒီအရောင် ဖြစ် သွား တာ၊ ယောက်ျားတွေ၊ မိန်းမတွေ၊ ကလေးတွေတောင် ပါသေးတယ်၊ ဗားဂက်စ်က အဘရာဇို အလုပ်လုပ်ပုံကို အမြဲစောင့်ကြည့်တယ်၊ ဒါပေမယ့် သူက ကျုပ်လောက်စိတ်မခိုင်ပါဘူး"
သူ က အနက်ရောင် အ၀တ်စတွေကို ဖြေချပြီး သံခမန်များပေါ်တွင် လိုက်အုပ်နေရင်း ...
"အင်း ... စိတ်မကောင်းစရာပဲ၊ ခင်ဗျားကို သွေးထွက်အောင် မလုပ်ရတော့ဘူးဆိုတော့ ခင်ဗျား သွေးကို ဘယ်လောက် နီတယ်ဆိုတာ ကျုပ်ကြည့်ချင်လိုက်တာဗျ၊ ခင်ဗျားကို ဒဏ်ရာမပေါ်စေရဘူး ဆိုတဲ့ ကန့်သတ်ချက် သာ မရှိရင် အစာငတ်နေ တဲ့ ကြွက်တွေ ထည့်ထားတဲ့ အိုးဝမှာ ထိုင်ခိုင်းပြီး ကြိုးနဲ့ တုပ်ထားမယ်၊ ကြွက်တွေက ခင်ဗျားဝမ်း ထဲက ကလီစာတွေ အားလုံးကို ပျော်ပွဲစားပစ်လိုက် ကြမယ်လေ၊ ခုတော့ သွေးမထွက်စေရဘူးတဲ့၊ သိပ် စိတ်မပျက်ပါနဲ့၊ ဟောဒီ အဘရာဇိုကြီးကလဲ ခင်ဗျားကို အရသာတစ်မျိုး၊ ပေးပါလိမ့်မယ်၊ ခင်ဗျားတို့ နှစ်ယောက် ရင်းနှီးသွားမှာပါ"
ကျွန်တော့် တစ်ကိုယ်လုံး နုံးခွေသွားသလို ခံစားလိုက်ရ၏။ ကြောက်စိတ်ကို ဘာနှင့်မျှ တားဆီးလို့ မရ။ ကျွန်တော့်စိတ်ဓာတ် ကို သူစညှဉ်းဆဲနေပြီ။ စိတ်အနှောင့်အယှက်ဖြစ်အောင် တဖြည်းဖြည်း လုပ်ပြီးမှ အလန့် တကြား ဖြစ်အာင် သူလုပ်မည်။

တံခါးဝဆီလျှောက်သွားပြီး အပြင်ဘက်သို့ လက်ယပ်ခေါ်သည်။ ပြီးတော့ ခပ်တိုးတိုး စကားပြောသံ များ ကြားရ၏။ ခဏနေတော့ သူပြန်လာသည်။ နှုတ်ခမ်းအစုံက ပြုံးလျက်။
ပတ္တူအိတ်ထဲ မှ အနက်ရောင် သတ္တုသေတ္တာကလေးတစ်လုံး ထုတ်ယူလိုက်သည်။ ၀ါယာကြိုး သုံးချောင်း တန်းလန်းနှင့် တစ်ချောင်း၏ထိပ်တွင် ပလပ်တစ်ခု ပါပြီးသား၊ နောက် နှစ်ချောင်းက ပိုကြီးပြီး ပိုရှည်သည်။ ထိပ်တွင် မိကျောင်းခေါင်း ကလစ်နှစ်ခု။
သူက သူ့ပစ္စည်းကို အပြုံးမပျက် ကျွန်တော် မြင်သာအောင် မြှောက်ပြသည်။ သတ္တုသေတ္တာပေါ် တွင် ဒိုင်ခွင်တစ်ခု၊ ဒိုင်ခွက်ပေါ်တွင် လှည့်စရာခလုတ်တစ်ခု၊ ခလုတ် လှည့်ရမည့် အောက်ခံ အ၀ိုင်းပေါ်တွင် အရောင်လေးမျိုး ခြယ်ထား၏။ အ၀ါအပြာ၊ အစိမ်းနှင့်အနီ။

"သံအမတ်ကြီး ခင်ဗျား၊ သူနဲ့ မိတ်ဆက်ပေးပါရစေဦး၊ သူ့နာမည်က ဂွန်ပက်ကာဘီဇက်စ်တဲ့၊ အဓိပ္ပာယ်ကတော့  အနှိပ် သည်ပေါ့" သစ်သားအိပ်စင်ကို မေးငေါ့ပြပြီး "ဘရာဇိုနဲ့ အနှိပ်သည်နဲ့က ဖွားဖက်တော်တွေလေ၊ အဘရာဇို က ပွေ့ဖက်ထားမယ်၊ အနှိပ်သည်က အညောင်းအညာ ပြေအောင် အကြောအခြင်တွေ လျှော့ပေးမယ်"
သူက သတ္တုသေတ္တာကို စားပွဲပေါ်တွင် ဂရုတစိုက်တင်လိုက်ပြီး ...
"ခလုတ်ဖွင့်လိုက်တာနဲ့ လျှပ်စစ်စီးသွားမယ်၊ အ၀ါရောင်က ဖြည်းဖြည်းကလေးပေါ့၊ အပြာရောင်နဲ့ အစိမ်းရောင် ရောက် လာရင် တော်တော်ကလေး ပြင်းလာမယ်၊ အနီရောင်ကတော့ ဇီဝိန်ကြွေ လောက်အောင် ပြင်း တယ်"
သူ ထပ်ပြုံးသည်။

ခုတော့ အ၀ါရောင်က စကြာတာပေါ့၊ ပြီးမှ တဖြည်းဖြည်း မြှင့်ကြတာပေါ့"
ထိုဒင်္ဂတွင် ကျွန်တော့်အသံအာရုံတွေ ထုံထိုင်းသလို ဖြစ်သွားသည်။ ကျွန်တော့်ကို စကားပြော လာအောင် ဖြည်းဖြည်းချင်း ၀က်အူတင်းသည့်နည်းဟု ကျွန်တော် သဘောပေါက်လိုက်သည်။ ကျွန်တော့်ကို သက်သက် နည်းတစ်မျိုးဖြင့် ခြောက်လှန့်ခြင်းပင်။ သို့သော် သည်အတွေးတို့ ချက်ချင်း လွင့်ပြယ်သွားသည်။ ဤသည်ပင်လျှင် စိတ်ပိုင်းဆိုင်ရာ ညှဉ်းဆဲခြင်းတစ်မျိုး ဖြစ်၏။
လက်ထဲမှကိုင်ထားသော ၀ါယာကြိုးတစ်စကို ပလပ်ပေါက်ထဲသို့ ထိုးသွင်းလိုက်စဉ် တံခါးခေါက်သံ ကြားလိုက်ရ၏။ စစ်သားတစ်ယောက်က ၀၀ဖီးဖီး ကြောင်ကြီးတစ်ကောင်ကို ပိုက်ပြီး ၀င်လာသည်။ ကျွန်တော် ချက်ချင်းမှတ်မိလိုက်၏။ မစ္စက်ဝပ်ရှ်၏ ကြောင်ကြီး၊ အမေရိကန်မှ ယူလာသည့် အမျိုးသမီး၏ အချစ်တော်ကြီး ဖြစ်သည်။ ခြေထောက်တွေကို အ၀တ်စဖြင့် ချည်ထား၏။ အစောင့် ရဲဘော်က ကြောင်ပါကြီးကို ဖမ်ဘိုနာ၏လက်ထဲ ထည့်လိုက်ပြီး တံခါးဝတွင် စိတ်ဝင်တစား ရပ်ကြည့်နေသည်။

ဖမ်ဘိုနာ က ချစ်စရာကြောင်ကြီးကို ထွေးပိုက်ပြီး နားရွက်၏နောက်ကို တယုတယ ပွတ်သပ်ပေး သည်။ ကြောင်ကြီး က မျက်လုံးမှေးကာ ဇိမ်ယူနေ၏။ သူက ကျွန်တော့်ကို သေသေချာချာ ကြည့်ပြီး ...
"ကျွန်တော်တို့ သရုပ်ပြပွဲလေးတစ်ခု လုပ်ကြည့်ကြရအောင်"
ကျွန်တော့် ရင်ခွင်ထဲတွင် ဂျော်ဂျီ အသက်ထွက်သွားကတည်းက စကားတစ်ခွန်းမှမဟဖို့ ဆုံးဖြတ် ထားပြီး ဖြစ်သည်။ ကျွန်တော် ရင်ဆိုင်ရမည့် အန္တရာယ်တွေကို သိပြီး မြင်ပြီး ဖြစ်ပါ၏။ သို့သော် ကျွန်တော့်ဆီက သူလိုချင်တာ မရသမျှ သည်ပုဂ္ဂိုလ်က ကျေနပ်မည့်သူ မဟုတ်ပါ။
လက်တစ်ဖက်မှ ကြောင်ကို ပိုက်ပြီး အခြားတစ်ဖက်မှ ၀ါယာနှစ်စကို ကိုင်ထားသည်။ ပြီးတော့ အိပ်စင်ဆီ သို့ လျှောက်သွားသည်။ ကြောင်ကို အ၀တ်နတ်ဖြင့် ဖုံးအုပ်ထားသည့် အိပ်စင် မျက်နှာပြင်ပေါ်တင်ပြီး ကုပ်ပိုးကို အသာအယာ သပ်ပေးသည်။ ကြောင်ပါကြီးက ညင်ညင်သာသာ ဆက်ပြီး ဇိမ်ယူနေသည်။ မိကျောင်းခေါင်းကလစ်ကို သူက သတိကြီးစွာကိုင်ပြီး နားရွက်ကို တစ်ချက် အမြီးကိုတစ်ချက် ဖမ်းလိုက်သည်။ ပြီးမှ သတ္တုသေတ္တာလေးဆီ လျှောက်သွားပြီး ခလုတ် ဖွင့်လိုက်သည်။

"ဟေ့ ... ခွေးသားကြီး၊ အသေချာ ကြည့်ထား"
ပြောပြောဆိုဆို ခလုတ်အ၀ိုင်းကို အ၀ါရောင်ဆီသို့ တင်လိုက်သည်။
ကျွန်တော် မျက်စိကို မှိတ်ထားဖို့ ကြိုးစားသည်။ သို့သော် မျက်စိကို မှိတ်လို့မရ။ ခလုတ်နှိပ်သံ တစ်ချက် ကြားလိုက်သည်။ ကြောင်ကြီးသည် အမွေးများ ထောင်ကာ ဆတ်ခနဲမြောက်တက် သွားသည်။ တဆတ်ဆတ်တုန် လျက် ၀ါယာကြိုး တန်းလန်းနှင့် သစ်သားအိပ်စင်၏ နံဘေးသို့ ပြုတ်ကျသွား၏။ ဖမ်ဘိုနာက ခလုတ် ကို အနီရောင်သို့တိုင်အောင် ထပ်တင်လိုက်သည်။ ကြောင်ကြီး သည် ကြမ်းပြင်ပေါ်မှ တစ်ချက်မြောက်တက်သွားပြီး လုံးဝငြိမ်သက်သွားတော့သည်။ ဖမ်ဘိုနာက ခေါင်းယမ်းပြီး ...
"အဲသလို ငြိမ်ငြိမ်ကလေး နေနော်၊ မဟုတ်ရင် ခင်ဗျား လူတွေကြားပြီး ရိပ်မိကုန်ဦးမယ်"

သူက အနှိပ်သည်ကို အမြတ်တနိုး ပုတ်ပြီး ...
"သူကတော့ တာဝန် ကျေပါတယ်ဗျာ၊ ခင်ဗျားနဲ့လဲ မကြာခင် မိတ်ဆွေ ဖြစ်ကြတော့မှာပါ"
ဖမ်ဘိုနာက အစောင့်စစ်သားကို အချက် ပြလိုက်သည်။ ရဲဘော်ကလေးက အခန်းထဲ ၀င်လာပြီး ကြောင်ကြီးကို အမြီးမှ ဆွဲပြီး အပြင်ထွက်သွားသည်။
ဖမ်ဘိုနာက ဆာလာအိတ်ထဲမှ ပတ်တီးလိပ်တွေကို ဆွဲထုတ်ပြီး စားပွဲပေါ်တင်သည်။ ပြီးတော့ အဖြူရောင် အထုပ်ကြီး တစ်ထုပ်ကို ဖြေချလိုက်သည်။ သူ ဘာတွေလုပ်နေမှန်း ကျွန်တော် လုံးဝ မသိ။
ခဏနေမှ ခွေးသူတောင်းစားက အဖြူရောင် ဆရာဝန်ကုတ်အင်္ကျီကို ကောက်ဝတ်သည်။ ကျွန်တော့်ကို သရော်ပြုံးဖြင့် စိုက်ကြည့်ပြီး အိတ်ထဲသို့ လက်နှိုက်လိုက်ပြန်သည်။ သည်တစ်ခါ ပါလာသည့်ပစ္စည်းက နားကြပ်၊ လည်ပင်း မှာ ဟန်ပါပါ ချိတ်လိုက်ပြီး သွားတွေ အားလုံး ပေါ်မတက် ပြုံးလိုက်ပြန်သည်။

"သံအမတ်ကြီးခင်ဗျား၊ ဒေါက်တာ ကားလို့စ် ဖမ်ဘိုနာက သံအမတ်ကြီးကို ခုချိန်ကစပြီး ကုသ ပေးပါတော့မယ်၊ ကျုပ်က ပထမနှစ်မှာ ဆေးကျောင်းသား ဖြစ်ခဲ့သေးတယ်လေ၊ ခင်ဗျားဟာ အသက်ခြောက်ဆယ့်သုံးနှစ် ရှိပေမယ့် ကျန်းမာရေးကောင်းပုံပဲ၊ ဒါပေမယ့် အနှိပ်သည်နဲ့တွေ့ရင် ခင်ဗျား နှလုံးအနေအထား ပျက်သွားမှာပါ စိတ်ချ၊ ခင်ဗျားရှေ့မှာတင် ကျွန်တော် လုပ်ပြမယ်"
သစ်သားအိပ်စင်ကြီးကို သူ လှမ်းကြည့်သည်။ ကျွန်တော့် ခြေအစုံက အလိုလိုနေရင်း အခန်းထောင့်ဆီသို့ တိုးကပ်သွားသည်။ ခေါင်းထဲတွင် ချက်ချင်းအကြံတစ်ခု ပေါ်လာ၏။ သူတို့ ကျွန်တော့်ကို အကြမ်းဖက်ပြီး ဆွဲခေါ်ရမည်။ တတ်နိုင်သမျှ ကျွန်တော် ခံချမည်။ သို့မှ ကိုယ်ပေါ် တွင် ဒဏ်ရာထင်မည် မဟုတ်လား။ သည်ဒဏ်ရာသည် ကျွန်တော့် လူတွေအတွက် အထောက် အထား ဖြစ်စေရမည်။ သို့မှ သည်လူလွန်မသားတွေကို သူတို့ ဆုံးမခွင့် ရမည်။ လက်သီးကို ကျစ်ကျစ်ပါအောင် ဆုပ်ပြီး ရင်ဆိုင်ဖို့ စောင့်နေလိုက်၏ဒ။
သူတို့လေးယောက် အခန်းထဲ ၀င်လာကြသည်။ ဖမ်ဘိုနာက ဒေါနှင့်မောနှင့် အမိန့်ပေးလိုက်သည်။

"ဒဏ်ရာရအောင် လုပ်တဲ့ကောင်တော့ မချောင်ဘူးမှတ်၊ အဲဒီကောင်ကိုပါ အဘရာဇိုနဲ့ ဂဟေဆက် ပေး လိုက်မယ်၊ နားလည်လား"
သူတို့ တစ်လှမ်းချင်း တိုးလာသည်။ တစ်ယောက်၏ လက်မောင်းပေါ်တွင် စောင်ကြီးတစ်ထည် ပါလာ၏။ သူတို့ က အသတ်အပုတ် ကျွမ်းကျင်သူတွေ၊ ကျွန်တော်က ဘာမှ နားလည်သူ မဟုတ်ပ။
တစ်ယောက် က ကျွန်တော့်လက်ကောက်ဝတ်ကို လှမ်းဆွဲလိုက်သည်။ ကျွန်တော်က ရှောင်လိုက် ပြီး မျက်နှာကို လက်သီးနှင့် စွတ်ထိုးထည့်လိုက်သည်။ သို့သော် မျက်နှာကို မထိုးမီ၊ လေကိုပဲ ထိုးမိပြီး တစ်ဖက်သို့ ယိုင်သွားသည်။
တစ်ပြိုင်တည်းတွင် မှောက်ကျသွားတော့၏။ ကျွန်တော့်ဦးခေါင်းကို သူတို့ စောင်ဖြင့် ဖမ်းအုပ်ပြီး လက်များစွာ တို့က ၀ိုင်းဝန်း ချုပ်ကြသည်။ ခြေထောက်ဖြင့် စွတ်ကန် ထည့်လိုက်၏။ တစ်ယောက် ကို ထိသွားသည်။ အင့်ခနဲ အသံကြားလိုက်၏။ သို့သော် ချက်ချင်း ခါးဖက်သူဖက်၊ ခြေထောက် ဆွဲသူဆွဲနှင့် နောက်ဆုံး မလှုပ်နိုင် မရှားနိုင် ဘ၀ဖြင့် သူတို့လက်ထဲ ပါသွားတော့သည်။ ကြောက်ရွံ့ ထိတ်လန့်စိတ်ကြောင့် လိပ်ပြာလွင့်မတတ် ဖြစ်သွား၏။

သူတို့ ကျွန်တော့်ကို ၀ိုင်းချီပြီး ပက်လက်အနေအထားဖြင့် တင်ထားလိုက်ကြသည်။ အ၀တ် အထပ်ထပ်အောက် မှ သံချွန်များကို သတိထားမိ၏။ ခံစားရမည့် ဝေဒနာကို ကျွန်တော် တွေးကြည့် လိုက်သည်။ မျက်နှာအုပ် ထားသည့်စောင်ကို ဆွဲခွာလိုက်ကြ၏။ မီးရောင်တွင် ဖမ်ဘိုနာ၏ မျက်နှာ ကို တွေ့ရသည်။
"ခြေထောက်ကို စဖမ်း၊ တင်းနေပါစေ"
ကျွန်တော့်ခြေထောက်ကို နူးနူးညံ့ညံ့ အရာတစ်ခုဖြင့် ပတ်နေကြောင်း သိလိုက်၏။ ဖမ်ဘိုနာက ရှင်းပြသည်။
"သားရေခါးပတ်အောက်မှာ ပတ်တီးတစ်ဆင့် ခံပေးတာလေ၊ ခင်ဗျား အသားကနုတော့ ဒါမှ ဒဏ်ရာမထင်မှာပေါ့"
စကားကို တစ်ခွန်းချင်း ပြောတတ်သည့် ဖမ်ဘိုနာတစ်ယောက် နှုတ်သွက်အာသွက် ဖြစ်နေသည်။ အရမ်း တက်ကြွနေပုံ၊ သူထမ်းဆောင်ရမည့် တာဝန်အတွက် သိပ်ပျော်နေပုံ။
သူတို့ ပတ်တီးပတ်နေကြစဉ် ကျွန်တော် အသာငြိမ်နေလိုက်သည်။ ကျွန်တော် လက်လျှော့လိုက်ပြီ ဟု သူတို့ ထင်သွားအောင် စိတ်လျှော့ဟန် ပြလိုက်သည်။ ပြီးမှ ကျွန်တော့် ညာလက်ကိုင်သည့် သူကောင်းသား၏ လက်မောင်းသား ကို ဆတ်ခနဲ ခေါင်းထောင်ပြီး တအားကိုက်ချလိုက်သည်။ သူငယ်သံပါအောင် အော်ပြီး ထခုန်လိုက် သည်။ ကျွန်တော့် လက်တစ်ဖက်ကို မြှောက်ပြီး ကျွန်တော့်မျက်နှာကို ထိုးဖို့ ဟန်ပြင်လိုက်စဉ်တွင် ဖမ်ဘိုနာ ၏ လက်သီးက သူ့မျက်ခွက်ဆီကို အရင် ရောက်သွား၏။

သမံတလင်းပေါ် သို့ သူ ကားခနဲ ကျသွားသည်။ ဖမ်ဘိုနာ၏ အော်ဟစ် အမိန့်ပေးသံနှင့်အတူ သူ့ကို ဆွဲထုတ် သွားသံ ကြားလိုက်ရ၏။ သည်တော့မှ သူတို့ လှုပ်ရှားမှုတွေ ပိုပြီး သွက်လက်လာကြ၏။ အပြေးအလွှား ပတ်တီး စည်းကြသည်။ လက်မောင်းတွေကို နံဘေးတွင် တွဲလဲချပြီး ဖမ်းသည်။
နေရာအနှံ့အပြား ခါးပတ်များဖြင့် ဖမ်းပြီးသောအခါ ကျွန်တော့် ခန္ဓာကိုယ်သည် စဉ်းငယ်မျှပင် လှုပ်ရှား လူးလွန့်၍ မရတော့ပေ။ ကြိုးစား၍ လှုပ်ရှားကြည့်လျှင် လှုပ်ရှားသည့် နေရာက မခံမရပ် နိုင်အောင် နာလာ၏။ ဖမ်ဘိုနာက သူ့လူတွေကို အပြင် ထွက်ခိုင်းလိုက်၏။ ထွက်သွားသည့် ခြေသံ များနှင့် တံခါးပိတ်သံ ကြားလိုက်ရသည်။
ပြီးတော့ တိတ်တဆိတ် ငြိမ်သက်သွားသည်။
လာတော့မည်။ စိတ်ကို တင်းပြီး ကြိတ်မှိတ်ခံဖို့ ရှိသမျှ အင်အားတွေ စုစည်းလိုက်သည်။ နှုတ်က စကားတစ်ခွန်း မှ မထွက်ဖို့ ကိုယ့်ကိုယ်ကိုလည်း ထပ်သတိပေးလိုက်၏။ ကျွန်တော့်အသက်ရှူသံ မြန်လာသည်။ ဆိတ်ငြိမ်လွန်း သဖြင့် အသက်ရှူသံသည် ကျယ်လောင်စွာ ထွက်ပေါ်နေသည် ထင်ရ၏။

ကျွန်တော့် မျက်နှာပေါ်တွင် သူ့မျက်နှာကို မြင်တွေ့ရသည်။ သူဘယ်အချိန် ကျွန်တော့်အနား ရောက်လာမှန်း မသိလိုက်။ ကြောင်တစ်ကောင်၏ ခြေလှမ်းမျိုးနှင့် သူ ချဉ်းကပ်လာခြင်း ဖြစ်၏။ ကြောင်ကြီးကို သွားသတိရပြီး အသက်ရှူသံတွေ ပိုမြန်လာသည်။ ဆိုဇင်နစ်ဇင်၏ သီအိုရီကို ပြန်ပြီး အာရုံပြုသည်။ ငါသေနေပြီးပြီ။ ငါဟူသည့် ပီယာဘိုဒီသည် သည်လောကတွင် မရှိတော့။ ဒါကြောင့် မရှိတော့သော ငါ့အတွက် ဘာမှ ဖြစ်မလာနိုင်တော့။
သူ့လည်ပင်း မှ တွဲလောင်းကျနေသော နားကြပ်က ကျွန်တော့်နှာခေါင်းအနီးတွင် ဘယ်ညာယိမ်းနေ ၏။ ပြီးမှ နှလုံးခုန်သံကို သူနားထောင်သည်။ ရက်စက်သည့် မျက်လုံးများက တစ်ခုခုကို တွေးနေ သလို မှေးစင်း လျက်။ နှုတ်ခမ်းကို တင်းတင်း စေ့လျက်။ သူ့နဖူးတွင် ချွေးတွေ ဥနေ၏။ ပြီးမှ ခေါင်းညိတ်ပြီး ...
"ကောင်းတယ်၊ မြန်နေတာက လွဲပြီး နှလုံးက အကောင်းပကတိပဲ၊ တော်တော်လေး ခံနိုင်ရည် ရှိမှာပါ"
ပြောပြီး ကျွန်တော့်မြင်ကွင်းမှ သူပျောက်သွားသည်။ ကျွန်တော် နားစွင့်ထားသည်။ သို့သော် ဘာလှုပ်ရှားသံမှ မကြားရ။ ခဏနေမှ ကျွန်တော်မေးစေ့ကို တအားဆွဲပင့်ပြီး ပါးစပ်ကို ဆွဲဖွင့်သည်။ လျှာအောက်သို့ အရာဝတ္ထုတစ်ခု ထိုးသွင်းသည်။ လျှာနှင့်ထိမှ ရော်ဘာပြားမှန်း သိလိုက်သည်။

"ခင်ဗျား လျှာကိုက်မိပြီး ပြတ်သွားမှာစိုးလို့၊ ပြီးတော့ အသံလဲ မထွက်နိုင်အောင်လို့ပေါ့ဗျာ၊ ကဲ ... ဒါဆို အားလုံး ပြည့်စုံလောက်ပါပြီ"
သူက ကျွန်တော့်ဆံပင် ကို ဆွဲပြီး ဦးခေါင်းကို ထောင်သည်။ ပြီးမှ အ၀တ်စတစ်စ ခု သိုင်းပြီး ပါးစပ် နှင့် နောက်ခုကို ဆွဲချည်သည်။ ပါးစပ်နှင့် အသက်ရှူလို့ မရတော့။ နှာခေါင်းနဲ့ပဲ ရှူရတော့သည်။
မျက်စိကို စုံမှိတ်ပြီး ခွန်အားတွေ ဖျစ်ညှစ်ထုတ်လိုက်ပြန်သည်။ ၀မ်းဗိုက်ပေါ်သို့ တစ်ခုခု ရောက်လာ သည်။ အလိုလို မျက်လုံးဖွင့်ပြီးသား ဖြစ်သွား၏။
သူ ကျွန်တော့် ညာဘက်တွင် ရပ်လျက် ဆရာဝန် ကုတ်အင်္ကျီဖြင့် နားကြပ်တွဲလဲနှင့်ပင်။ ဘယ်ဘက်လက်တွင် ၀ါယာကြိုးနှစ်ပင် ကိုင်ထား၏။ တတ်နိုင်သမျှ ခေါင်းထောင်ကြည့်လိုက်သည်။ သူက ကြိုးနှစ်ချောင်းကို လက်တွင် တွဲလောင်းဆွဲပြီး မြှောက်ထားသည်။ မိကျောင်းခေါင်း ကလစ်နှစ်ခုက ကျွန်တော့ ဗိုက်ကို မထိတထိ ဖြစ်နေ၏။ သူ့မျက်နှာကို မော့ကြည့်လိုက်၏။ သူ့မျက်နှာက ကျေနပ်ပျော်မြူးနေသည့် မျက်နှာမျိုး။

သူ့လှုပ်ရှားမှု စသည်။ ၀ါယာကြိုးတစ်စကို ကျွန်တော့် ရင်ဘတ်ပေါ်တွင် ထားခဲ့ပြီး နောက်တစ်စ ကို ခြေရင်းပိုင်းသို့ ယူသွားသည်။ ကျွန်တော်က ခေါင်းကို ပစ်လှန်ပြီး ကိုယ်လက်တွေ မတုန်အောင် ကြိုးစားသည်။ သူ ကျွန်တော့်ခြေထောက်ကို ဖမ်းကိုင်ပြီး မိကျောင်းကလစ်နှင့် ခြေမကို ညှပ်လိုက် သည်။ ကျွန်တော် ရုန်းဖို့ ကြိုးစားသည်။ သို့သော် လုံးဝ လှုပ်ရှားလို့မရ။ တစ်ကိုယ်လုံးကိုပင် အပ်တွေ စိုက်ထား သည့် လိပ်ပြာလေးပမာ အမိခံနေရ၏။ ကိစ္စမရှိပါ ... ကျွန်တော်က သေလွန်ပြီး သူလေ။ ဘာများ မှုစရာ ရှိတော့မှာလဲ။
သူက ကျွန်တော့် ဘယ်ဘက်လက်မောင်းကို ကိုင်ထားသည်။ ပြီးတော့ မိကျောင်းခေါင်း ကလစ် ဖြင့် လက်မကို ညှပ်လိုက်သည်။ ထိုအချိန်ထိ ကျွန်တော် ထိန်းနိုင်နေဆဲ။ သူက ကျွန်တော့်နားနား ကပ်ပြီး တိုးတိုးညင်ညင် စည်းရုံးသေး၏။

"ကျွန်တော့် အခု အလုပ်စ တော့မယ်၊ အ၀ါရောင် ကလေးနဲ့ စမှာပါ၊ ဒါပေမယ့် လိုအပ်ရင် တဖြည်းဖြည်း အရှိန်မြင့် လာမှာနော်၊ အဲဒါကို ခင်ဗျား မြဲမြဲမှတ်ထားပါ။ ခု ကျွန်တော် ကလစ်တွေ ညှပ်တဲ့နေရာက ဘာမှမပြောပလောက်တဲ့ နေရာတွေ၊ နောက်ပိုင်းမှာ လိုအပ်ရင် ကျွန်တော် နေရာပြောင်းရလိမ့်မယ်၊ ခင်ဗျားရဲ့ နှုတ်ခမ်းတွေ ဖြစ်ချင် ဖြစ်မယ်၊ လျှာဖြစ်ချင် ဖြစ်မယ်၊ ဒါမှမဟုတ် ခင်ဗျားရဲ့ ဖွားဖက်တော် မှာ ဖြစ်ချင်ဖြစ်မယ်၊ အဲဒီ အဆင့်တွေကို ခင်ဗျား ကျော်ဖြတ်ပြီးလို့ နောက်တစ်ဆင့်တက်ရရင် ဒါဟာ အသေးအဖွဲပါလားလို့ သဘောပေါက်လာလိမ့်မယ်"
သူ့လက်ချောင်းတွေ က ကျွန်တော့်ခန္ဓာကိုယ်ပေါ်တွင် ရွေ့လျားနေသည်။ လက်ထိပ်ကလေးများဖြင့် ကျွန်တော့် ၀မ်းဗိုက်သား ကို မထိတထိ လုပ်နေခြင်း ဖြစ်၏။ မြွေတစ်ကောင် ရွေ့လျားသလို တဖြည်းဖြည်းချင်း တွားသွားနေ၏။
သူ စကားစသည်။

"နာမည်တွေ ကျွန်တော် မလိုချင်သေးဘူး၊ ခု ပြောဖို့ မကြိုးစားနဲ့ဦး၊ ခင်ဗျားကို အဘရာဇိုနဲ့ အနှိပ်သည်ကို အရင်မိတ်ဆက်ပေးမယ်၊ နာမည်တွေ ပြောနေရင် ခင်ဗျားအရသာ အပြည့်အ၀ မခံစားလိုက်ရဘဲ ဖြစ်သွားမယ်၊ ကဲ ... ချောက်ခနဲ မြည်သံကို ခင်ဗျား နားစွင့်နေတော့"
သူ့လက်ချောင်းတွေ ကျွန်တော့် ဗိုက်ပေါ်မှ ရုပ်သွားသည်။ ကြမ်းပြင်ပေါ်တွင် ဖိနပ် ရွေ့လျားသံမှ လွဲပြီး လုံးဝ တိတ်ဆိတ်နေ၏။ သက်ပြင်းတစ်ချက် ရှူပြီး အောင့်ထားလိုက်၏။ အကြာကြီး အောင့်ထား၏။ နောက်ဆုံး မတတ်နိုင်သည့်အဆုံးတွင်မှ တအား ရှူထုတ်လိုက်သည်။ ချောက်ခနဲ ခလုတ်လှည့်သံ ကြားလိုက်၏။ ဝေဒနာ ခံစားရသည့်ကာလမှာ တစ်စက္ကန့်ပင် ရှိမည်မထင်။ သို့သော် ငယ်သံပါအောင် ကျွန်တော် အော်လိုက်မိ၏။ မြင်ကွင်းတစ်ခုကို ပြေးသတိရ၏။ ဘရာဇီး တွင် ရွှေကျိုနေသည့် မြင်ကွင်း။ ဧရာမ သံဒယ်အိုးကြီးတွေနှင့် ရွှေရည်များ မီးလျှံရောင်တောက်ကာ ကျွတ်ကျွတ်ဆူနေသည်။ သည်ဒယ်အိုးကြီးထဲသို့ တစ်စုံတစ်ယောက် ထိုးကျသွားလျှင် ကြုံရမည့် ခံစားမှုမျိုး ဖြစ်၏။
ထိုသူ က ကျွန်တော့်ထက် ကံကောင်းပါလိမ့်မည်။ တစ်ချက်တည်း ကိစ္စပြီးသွားမည် မဟုတ်လား။
ကျွန်တော် အော်သံရပ်သွားသည်ကို သတိထားလိုက်မိသည်။ လည်ချောင်းတွေ ကွဲသွားပြီ ထင်၏။ သွားတွေက ရော်ဘာပြားထဲတွင် နစ်ဝင်နေပြီ။ ကျွန်တော့်တစ်ကိုယ်လုံး နေရာလပ်မကျန်အောင် တဆတ်ဆတ် တုန်နေ၏။

သူက ကျွန်တော့် မျက်နှာပေါ်သို့ ကုန်းပြီး ရင်ဘတ်ကို နားကြပ်နှင့်ထောက်သည်။ မျက်လုံးထဲ တွင် ချွေးတွေ စီးဝင်နေသဖြင့် သူ့မျက်နှာကို သဲသဲကွဲကွဲ မမြင်ရ၊ လည်ချောင်းထဲတွင် လိပ်တက်လာ သည်။
သူက အတန်ကြာအောင် နားထောင်ပြီးမှ ခါးဆန့်လိုက်၏။ မျက်စိနည်းနည်း ကြည်လာသည်။ သူက ရောဂါ သက်သာသည့် လူနာကို ကြည့်ပြီး ပြုံးသည့် ဆရာဝန်၏ အပြုံးမျိုးဖြင့် ...
"ကောင်းတယ်၊ သိပ်ကောင်းတယ်၊ သံအမတ်ကြီးရဲ့ နှလုံးက တော်တော်အားကောင်းတာပဲ၊ ရှိသမျှ ခလုတ်တွေ ကို အားလုံးသုံးနိုင်တဲ့အထိ ခံနိုင်ရည် ရှိတယ်၊ ခု သရုပ်ပြတာက နှစ်စက္ကန့်ပဲ ကြာတယ်၊ မိတ်ဆက်ပေး ရုံလေ၊ နောက်တစ်ခါ ပိုပြီး ကြာမယ်၊ ငါးစက္ကန့် ဒါမှမဟုတ် ဆယ်စက္ကန့်ပေါ့၊ ကဲ ... ခလုတ်ဖွင့်သံ နာခံပေလော့ သင် သံအမတ်ကြီး
မျက်စိကို မှိတ်ထားဖို့ ကြိုးစားရပြန်၏။ သည်အသံကလေးကို စောင့်ရင်း စောင့်ရင်း ကျွန်တော့် ခန္ဓာကိုယ် တစ်ခုလုံး တဆတ်ဆတ် တုန်နေသည်။ သည်တစ်ခါ ခလုတ်ဖွင့်သံကလေးကို ကျွန်တော့ နားထဲ တွင် သေနတ်သံတစ်ခုလို ကြားလိုက်ရ၏။ တစ်ကျော့ပြန် ခံစားလိုက်ရပြန်၏။ အသံကုန် အော်မိပြန်၏။ သို့သော် ကျွန်တော့် အော်သံသည် လည်ချောင်းထဲတွင်ပင် ပျောက်ကွယ်သွားလေ သည်။
သူအော်ရယ်သံ ကို ကြားလိုက်၏။ သည်ပုဂ္ဂိုလ်သည် မကောင်းဆိုးဝါးထက် ရက်စက်နိုင်သူပေ တကား။ သူလိုချင်သည့် နာမည်အကြောင်း လုံးဝ မမေးတော့ဘဲ နှိပ်စက်ရခြင်းတွင် ပျော်ရွှင်မူ အပြည့် ယူနေသည်။

နာရီဝက်လုံးလုံး ကျွန်တော့်ကို သေကောင်ပေါင်းလဲ ညှဉ်းဆဲလိုက်၊ နောက်ပြောင် ကျီစယ်လိုက် လုပ်နေ၏။ ရံခါတွင် ရေပုံးထဲကရေနှင့် လောင်းသည်။ လျှပ်စစ်ဓာတ်အား စီးဆင်းမှု ပို၍ ထိရောက် စေသည်ဟု ရှင်းပြသေး၏။
အားလုံးပြီးတော့မှ ပျော့ခွေနေသည့် ကျွန်တော့်ခန္ဓာကိုယ်ကို ခါးပတ်တွေ ဖြုတ်ပြီး သယ်ယူသွားကြ သည်။ သူ့အမူအရာ တစ်မျိုး ဖြစ်သွားပြန်၏။ ကျွန်တော်သည် သူ့အတွက် ခွေးသားကြီး၊ နွားသားကြီး ပြန်ဖြစ်သွားပြန်၏။ ပတ်တီးတွေ ကြိုးတွေ ဖြေနေသည်ကို သူ စောင့်ကြည့်နေသည်။
အာဟာရဓာတ် အပြည့်ပါသည့် အစာကျွေးမည်ဟု သူပြောသည်။ သူတို့ ကျွန်တော့်ကို ဇွန်းနှင့် ခွံ့ကျွေးကြမည်။ ကျွန်တော်က ငြင်းလျှင် အာခေါင်ထဲထိ သူတို့ ထိုးထည့်ကြမည်။
ကျွန်တော် ကျန်းမာနေဖို့ သူတို့အတွက် အရေးကြီးသည်လေ၊ သူက မလိုတမာလေသံဖြင့် မနက်ဖြန်ဆိုလျှင် ကျူးဘားကောင် တာဝန်ယူသွားသည့် ရက်နှစ်ဆယ်ရက်မြောက်နေ့ဖြစ်ကြောင်း ပြောသည်။ ထိုနေ့တွင် ကျူးဘားကောင် မအောင်မြင်ခဲ့သည့် စစ်ဆင်ရေးကို သူ ဆက်တိုက်မည်။ နာမည်တွေ ရပြီးသည်နှင့် ကျွန်တော် သွားရမည့် လမ်းကို သူပြသည်။ ပလတ်စတစ်သေတ္တာလေး တစ်လုံးကို ဖွင့်ပြခြင်း ဖြစ်၏။ သတ္တုရောင် ဖိတ်ဖိတ်တောက်နေ သည့် ဆေးထိုးအပ်တစ်ချောင်း။

"ခွေးသားကြီး ဒီမှာကြည့်၊ အဲဒါ ခင်ဗျားကြီးရဲ့ ကယ်တင်ရှင်ပဲ၊ ခင်ဗျား သွားရမယ့် ငရဲလမ်းအတွက် ဒီအပ်ကလေး ဟာ ကူးတို့ခပဲ၊ မနက်ဖြန် ဒီအချိန်လောက်ဆို ခင်ဗျား ကျုပ်ကို ရှိခိုးပြီး တောင်ပန် ရ တော့မယ်၊ ဆေးမြန်မြန်ထိုးဖို့လေ"
သူတို့ ယူလာပေးသော အစားအစာကို ကျွန်တော်စားသည်။ ဟင်းရွက်နှင့် အသားစွပ်ပြုတ်။ အစောင့်တွေကို ကျွန်တော်နှင့် စကားပြောခွင့်မပေး၊ တော်သေးသည်ဟု အောက်မေ့လိုက်သည်။ သူတို့ကလည်း တစ်ခွန်းမှ မပြော။ ကျွန်တော်ကလည်း တုံ့ပြန်စရာ မလို။
အခန်းဝတွင် အစောင့်တစ်ယောက် အမြဲချထားသည်။ တစ်ချိန်လုံး ကျွန်တော့်ကို စိုက်ကြည့်နေ၏။ နှစ်နာရီ တစ်ယောက် လူလဲပေးသည်။ ဖမ်ဘိုနာက ကျွန်တော့ကိုယ် ကျွန်တော် ဒဏ်ရာ မလုပ်နိုင် အောင် စောင့်ကြည့် ခိုင်းထားခြင်း ဖြစ်သည်။

ကျွန်တော် နိုးနေသည်မှာ တစ်နာရီလောက် ရှိပြီ။ နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နိုင်ခြင်းအတွက် ကျွန်တော် အံ့သြနေ ၏။ ခုတော့လည်း နာရီများစွာ ဆက်ပဲအိပ်နေချင်တော့၏။ အခန်းအလယ် ကောင်မှ ကောက်ရိုး မွေ့ရာပေါ်တွင် ကျွန်တော် အိပ်နေရခြင်း ဖြစ်သည်။
ကျွန်တော်နှင့် အခန်းဝမှ အစောင့်က ရှစ်ပေလောက် ဝေးသည်။ ကျွန်တော့်တစ်ကိုယ်လုံး နာကျင် ကိုက်ခဲနေ ၏။ သွေးတစ်ချက်ခုန်တိုင်း မလုပ်နဲ့တော့၊ တော်ကြတော့၊ ငါမခံနိုင်ဘူးဟု စိတ်ထဲမှ အော်မိ၏။
ပြတင်းပေါက် သံတိုင်တွေကြားမှ အလင်းရောင်ပျိုးလာပြီ၊ သူမကြာခင် ရောက်လာတော့မည်။ တခြား အာရုံကို ပြောင်းပစ် ဖို့ ကြိုးစားသော်လည်း အချည်းနှီးသာ ဖြစ်၏။ သံချွန်တွေပါတဲ့ အိပ်ရာ ရယ်၊ သတ္တုသေတ္တာရယ်၊ ၀ါယာကြိုးတွေရယ်၊ ဘယ်လိုမှ ခေါင်းထဲက မောင်းထုတ်လို့မရ။
ငရဲခန်းအကြောင်း ကို ကျွန်တော် ပြန်တွေးနေ၏။

သူတို့ ကျွန်တော့်ကို ဘာလုပ်နေကြတာလဲ။ အမေရိကန်က ခွေးသားတွေကကော ဘာလုပ်ကြတာ လဲ၊ ပထမသတ်ဖို့ ကြိုးစားတယ်၊ ပြီးတော့ ဒီမှာ ခွေးစားစား၊ ကျီးစားစား ဆိုပြီး ပစ်ထားတယ်၊ စစ်အင်အားသုံးသိန်းကျော်ရှိတဲ့ အမေရိကန်စစ်တပ် ဘာလုပ်နေတာလဲ၊ ဘာဖြစ်လို့ လူနည်းနည်း ခွဲပြီး ဒီကိုမပို့ကြတာလဲ၊ ခွေးသားတွေ ဘာလုပ်နေကြတာလဲ။
ခါးသီး နာကြည်းမှုတို့သည် ကျွန်တော့်ဆိသို့ စုဝေးရောက်ရှိလာကြပြီး ချက်ချင်း ပြန်လည် ထွက်ခွာ သွားကြသည်။ အလားတူပင် ကိုယ့်ကိုယ်ကို သနား ကြင်နာစိတ်များလည်း ၀င်လိုက် ထွက်လိုက် ပင်။
ညှဉ်းဆဲရခါနီး တိုင်း ဘ၀အကြောင်းကို ပြန်ပြောင်း စဉ်းစား ဖြစ်သည်။ ခါးသီးနာကြည်းစရာတွေ၊ ရင်နင့်ကြေကွဲ စရာတွေ ရယ်စရာတော့ ကောင်း၏။ အားလုံး သဲထဲရေသွန် ဖြစ်ရသည့်ဘ၀မျိုး၊ ခဲလေသမျှ သဲရေကျ ဖြစ်ရသည့် ဘ၀မျိုး။
ကျွန်တော် သည် ခေါက်ရိုးမကျိုးသည့် ၀တ်စုံကို ၀တ်ပြီး၊ အကောင်းဆုံး ကော်ဖီတစ်ခွက်ကို ဘ၀ဟု ထင်ခဲ့၏။ အကောင်းဆုံး ၀ိုင်တစ်ခွက် ကို အချစ်ထက် တန်ဖိုးထားခဲ့၏။ ခုတော့ နောက်ကျခဲ့လေပြီ။ အရက်နှစ်ဆယ်မြောက်နေ့ သည် အရုဏ်ကျင်းခဲ့လေပြီ။

× × ×
အပြင်တံခါးဖွင့်သံ ကြားကတည်းက ကျွန်တော့် နှလုံးသားတွေ သွက်သွက်ခါသွားသည်။ သို့သော် ၀င်လာသည့်ခြေသံက သူ့ခြေသံ မဟုတ်။ သူ့ခြေသံကို ကျွန်တော် ကောင်းကောင်းကြီး ကျက်မိနေ ပြီ။ တံခါးပွင့်လာ သည်၊ အစောင့်ရဲဘော်များ ၀င်လာသည်။ တစ်ယောက်၏ လက်ထဲတွင် ဟင်းသောက် ပန်းကန်ကြီးတစ်လုံးနှင့် ဇွန်းတစ်ချောင်း ကျန်တစ်ယောက်က ကျွန်တော့်ကို ဆွဲထူ သည်။
ကျန်လူတွေ က ကျွန်တော့် အနားတွင် ၀ိုင်းထိုင်ပြီး ကလေးတစ်ယောက်ကို ထမင်းကျွေးသလို ၀ိုင်းခွံ့ကြသည်။ သူတို့ပြုသမျှ နုရပြီး ကျွေးသမျှ ကျွန်တော် စားရသည်။ သို့သော် အရသာ တစ်စက်မှ မတွေ့။
လည်ချောင်း ကို ခြစ်ပြီး အော်ထားရသည့်အတွက် အစာလမ်းကြောင်း တစ်ခုလုံ်းကြမ်းတမ်း ပျက်စီး နေပြီ။ အသည်းကြောင် ၍ အော်ခြင်း မဟုတ်ပါ။ ဘယ်လိုမှ မျှော်လင့်မထားသည့် ဝေဒနာကြောင့် အလိုအလျောက် အော်မိခြင်း ဖြစ် ပါ၏။ စိတ်၏ စေခိုင်းမှု မပါသော အော်ခြင်းမျိုး ဖြစ်ပါ၏။

ခုတော့ ကျွန်တော် အလေးအနက် ပြန်စဉ်းစားရတော့မည်။ သေခြင်းတရားနှင့် ကျွန်တော် ရင်ဆိုင် ရတော့မည်။ စိတ်ထဲတွင် သူနှင့်ရင်ဆိုင်ဖို့ ခံတပ်ကြီးတစ်ခု ကျွန်တော် တည်ဆောက်နေ၏။ အုတ်တစ်ချပ်ချင်း စီနေ၏။ သေမင်းကို အန်တုမည့် ခံတပ်။ အုတ်ချပ်များသည် ကျွန်တော့် မျက်စိထဲတွင် လူတစ်ယောက်၏ ပုံပေါ် လာ၏။ ဂျော်ဂျီ။ ဟုတ်ပြီ ... ကျွန်တော့် နောက်ဆုံးအချိန် ကို ဂျော်ဂျီလို ရင်ဆိုင်သွားမည်။
"ဖမ်ဘိုနာက ပြောပါတယ်၊ သူ မကြာခင် ရောက်မယ်တဲ့ ဟုတ်လား"
လာပြီး သတင်းပို့သည့် အစောင့်မျက်နှာက ပြုံးလျက်။ သူ့ကို ကျွန်တော် အဖြေစကား တစ်စုံ တစ်ရာ ပေးစရာမလိုပါ။ ဂျော်ဂျီလို ကျွန်တော် ကျင့်သုံးတော့မည်။ ပြောင်စပ်စပ် သူ့မျက်နှာ တည့်တည့်ကို ကျွန်တော် တံတွေး ထွေးထည့်လိုက်သည်။ သူက တစ်လှမ်းဆုတ်ပြီး ခြေထောက်ကို နောက်သို့ လွှဲလိုက်သည်။ ထိုစဉ်တွင် နောက်တစ်ယောက်က အော်ပြီး သတိပေးသည်။
"ဟေး ... မလုပ်နဲ့၊ ဖမ်ဘိုနာက ..."
ကျွန်တော့် မျက်နှာအနီးမှ စစ်ဖိနပ်သည် တဖြည်းဖြည်း အရှိန်သေသွားသည်။ ပြီးတော့ သစ်သား စည်ကြီးကို တစ်လှည့်၊ ကျွန်တော့်ကို တစ်လှည့် ကြည့်သည်။ မျက်နှာကို လက်တစ်ဖက်ဖြင့် သုတ်သည်။ ပြီးမှ မုန်းတီးရွံရှာသည့် အသံဖြင့် ...
"ခင်ဗျား ချက်ချင်း မသေပါစေနဲ့၊ တ၀ကြီး ခံစားပြီးမှ သေပါစေလို့ ဆုတောင်းမယ်"

ဂျော်ဂျီဆိုရင် ဘာလုပ်မည်လဲ။ သူ့ကို ကျေးဇူးတင်သည့် အမူအရာဖြင့် ပြုံးပြီး ခေါင်းညိတ် ပြလိုက် သည်။ သူက ပန်းကန်ကို ကိုင်ပြီး လှည့်ထွက်သွားသည်။ ဇဝေဇ၀ါ ဖြစ်သွားသည့် မျက်လုံးများဖြင့် ...။
ခွန်အားတစ်မျိုး ဟု ကျွန်တော် သိလိုက်၏။ ခြိမ်းခြောက်ခြင်း၊ အနိုင်ကျင့်ခြင်းထက် ထိရောက်သည့် လျှို့ဝှက်ချက် တစ်ခု။ ဂျော်ဂျီ အသုံးပြုသည့် နည်းတစ်ခု ဖြစ်၏။ အင်းနက်ဇ်ဆိုသည့် စုန်းမ သူ့ကို ဖျက်ဆီးမပစ်မီအထိ သူ လက်စွဲ သုံးခဲ့သည့်နည်း။ သို့သော် သေရလျှင်လည်း ဂျော်ဂျီထုံး နှလုံးပိုက် ပြီး သေမည်။

× × ×
သူတော်တော်နှင့် ပေါ်မလာ။ အချိန်တွေ မည်မျှကြာသွားသည် မသိ။ အစောင့်တွေ တစ်ယောက် ပြီး တစ်ယောက် လဲနေ၏။ သူက ကျွန်တော့် စိတ်ပိုင်းဆိုင်ရာကို နှိပ်စက်နေခြင်း ဖြစ်၏။ ဒါဆိုလျှင် တော့ သူ့လုပ်ဆောင်ချက် လုံးဝ ခရီးရောက်မည် မဟုတ်။ ကျွန်တော်က ခံတပ် တည်ဆောက်ပြီးပြီ လေ။
စိတ်၏ ငြိမ်းချမ်းမှု ကို ရနေသည်တော့ မဟုတ်။ သို့သော် ကြောက်ရွံ့စိတ် မရှိတော့။ သူ့စိတ်ဓာတ် စစ်ဆင်ရေး သည် ကျွန်တော့်အတွက် မထိရောက်တော့။ ခြေသံ ကြားရပြီ။ သူ့ခြေသံ။ ထထိုင်ပြီး တံခါးပွင့်လာပြီး သူ ၀င်လာသည်။ နှစ်ယောက်သား မျက်လုံးချင်း ဆုံမိကြ၏။
သူ့ကို စိတ်စွမ်းအင်ဖြင့် ကျွန်တော် အမိန့်ပေးလိုက်သည်။

"မင်း ငါ့ကို စကားတစ်ခွန်းမှ မပြောနဲ့ ခွေးလှေးကြမ်းပိုး"
သူ့နားက တစ်စုံတစ်ခုကြားသွားသည့်အလား ခြေလှမ်းတုံ့သွားသည်။ ပြီမှ ရှေ့တိုးလာသည်။ နောက်တွင် တပည့်ရဲဘော် တစ်သိုက်နှင့်။ သူတို့ ကျွန်တော့်ကို ပက်လက်အနေအထားဖြင့် သယ်သွားကြသည်။ ကျွန်တော်က ရုန်းခြင်း၊ ကန်ခြင်း မလုပ်ဘဲ ဒူးကိုပိုက်ပြီး အသာလိုက်သွား သည်။
လမ်းခုလတ်ရောက် မှ ခြေထောက်ကို ဆန့်ထုန်ပြီး တအားကန်ထည့်လိုက်သည်။ တစ်ယောက်၏ ပေါင်ခွကြားကို တည့်တည့်မတ်မတ် ဆောင့်ကန်မိ၏။ သကောင့်သားခွေကျသွား၏။ ဖမ်ဘိုနာက ရယ်သည်။ ကျွန်တော်က သူ့ကို ပြုံးပြလိုက်၏။

ချက်ချင်း သူ့မျက်နှာတည်ပြီး တွေသွားသည်။ ကျွန်တော့်တိုက်ကွက် အောင်မြင်ပြီ။ သူ့ကို ကျွန်တော် လွှမ်းမိုးနိုင်ပြီ။ မနေ့ကအတိုင်း စည်းကြထုပ်ကြ၊ ချုပ်ကြနှောင်ကြသည်။ သို့သော် သူတို့ သည်နေ့ ပိုပြီး ဂရုစိုက်ကြသည်။ ပက်လက် အနေအထားဖြင့် တစ်ကိုယ်လုံး ဖမ်းထားပြီးသည့် တိုင်အောင် စိတ်ချဟန် မတူသေး။ ဂျော်ဂျီရေ ... အခုနေ မင်း ငါ့ကိုမြင်ရင် ဂုဏ်ယူနေမလား၊ ရယ်နေမလားပဲ။ အခန်းထဲတွင် မနေ့ကလိုပင် သူနှင့်ကျွန်တော် နှစ်ဦးတည်းသား ကျန်ရစ်သည်။ ပါးစပ်ထဲမှ ရော်ဘာတုံး၏ အရသာက ခါး သက်သက်၊ သူက ဓားမြှောင်တစ်လက် ကျွန်တော့် မျက်နှာနား ကပ်ပြသည်။ ပြီး အောက်ဘက်ရွေ့သွား၏။ ခေါင်းထောင် ကြည့်လိုက်သည်။ ကျွန်တော့် ဘောင်းဘီတိုကို သူ ဖြတ်ထုတ် ပစ်လိုက်သည်။ ကိုယ်ပေါ်တွင် ဘာမှမရှိတော့။
သူကျွန်တော့်ကို ကြည်တော့ ကျွန်တော်က ဘာမှ မဖြစ်သလို ပြန်စိုက်ကြည့်နေလိုက်သည်။ ကျွန်တော့် မြင်ကွင်း မှ သူခဏပျောက်သွားသည်။ ပြီးမှ မိကျောင်းခေါင်း ကလစ်တစ်ခုကို ကိုင်ပြီး ပြန်ပေါ်လာသည်။ ကလစ်နှင့် တစ်ဆက်တည်း ၀ါယာကြိုးတွေ တန်းလန်းနှင့်။

ကလစ်တစ်ခုဖြင့် ကျွန်တော့်ငယ်ပါကို ညှပ်လိုက်သည်။ ပြီးတော့ ကျွန်တော့်ကို ငုံ့ကြည့်ပြီး ရယ်သည်။ ကျွန်တော် တစ်ခွန်းမှ ပြန်မဟ၊ နောက် ကလစ်တစ်ခုဖြင့် ခြေထောက်ကို ညှပ်သည်။ ပြီးတော့ တစ်ကိုယ်လုံး ရေနှင့်လောင်းသည်။
မျက်ဝန်း ထဲက ရေတွေကို မျက်စိမှိတ်ပြီး ညှစ်ထုတ်ပစ်လိုက်သည်။ နှာခေါင်းထဲမှ ရေတွေကိုမူ လေဖြင့် မှုတ်ထုတ် လိုက်၏။ သူက ကျွန်တော့်ကို မိုးပြီး ကြည့်နေသည်။ ချက်ချင်း သူ့အမူအရာ ပြောင်းသွားပြန်၏။ ရိုကျိုးသော အမူအရာ၊ နူးညံ့သော အသံဖြင့် ...
"သံအမတ်ကြီး ခင်ဗျား ... ဒီနေ့ဟာ ရက်ပေါင်းနှစ်ဆယ်ပြည့်တဲ့ မွန်းတည့်ချိန် ဖြစ်ပါတယ်၊ ခု ကျွန်တော် အလုပ် စတော့မယ်၊ ဆေးထိုးဖို့ ခင်ဗျား ရှိခိုးတောင်းပန်ရတော့မယ်၊ ဒါပေမယ့် ကျွန်တော်က အစီအစဉ်အတိုင်းပဲ သွားမယ်၊ အပြာရောင်ကစမယ်၊ ခင်ဗျားပါးစပ်ထဲက ရော်ဘာတုံး ကို ခဏဖြုတ်ပေးမယ်၊ စကားပြောခွင့် ငါးစက္ကန့် ပေးမယ်၊ ပြီးတော့ အလုပ်ပြန်စမယ်၊ အစိမ်းရောင် ကို ပြောင်းမယ်၊ ကျွန်တော် ပြောရဲပါတယ်၊ ခင်ဗျား ဒီည ဆေးထိုးအပ်ကို တောင်းဆိုလာမှာပါ"

ကျွန်တော့်ကိုယ်ကို သူ့လက်ချောင်းကလေးတွေနှင့် လိုက်ပြီး ထိတို့ ပွတ်သပ်ပြန်သည်။ သို့သော် ကျွန်တော့်အသားတွေ မတုန်တော့၊ ကျွန်တော် သူ့ကို နိုင်ပြန်ပြီ၊ သူပျောက်သွားပြန်သည်။
"ကဲ ... သံအမတ်ကြီးရေ၊ ခလုတ်သံလေးကို နားထောင်တော့"
ကျွန်တော့်စိတ်ကို အမိန့်ပေးလိုက်သည်။ ဘာကိုမှ နားမထောင်နဲ့၊ ကျွန်တော့်စိတ်ထဲတွင် အခန်း ထောင့် မှာ ဂျော်ဂျီ ရပ်ကြည့်နေသည်ဟု ထင်လိုက်၏။ မင်းကြည့်နေ ဂျော်ဂျီ၊ ငါဘယ်လောက်ခံနိုင် တယ်ဆိုတာ မင်းစောင့်ကြည့်နေ။
ချောက် ခနဲ အသံလေးသည် ကျွန်တော့် နားထဲတွင် ဗုံးကွဲသံလို ဆူညံသွားသည်။ အား ... အား၊ ရွှေကျိုသည့် ဒယ်အိုးကြီးထဲက ဘ၀၊ အဆုံးမရှိသည့် အော်သံ။
ပြီးတော့ ကျွန်တော့် တစ်ကိုယ်လုံး နတ်ပူးသလို တဆတ်ဆတ် တုန်နေသည်။ စိတ်ထဲမှ ငယ်သံပါ အောင် အော်နေဆဲ။ သည်တစ်ခါ အကြိမ်တစ်ထောင်မက၊ တစ်သန်းမက ပိုဆိုးပါသည်။ သည်ဒဏ် ကို ကျော်လွှားဖို့၊ သည်ခံစားမှုကို မသိကျိုးကျွန်ပြုဖို့ ဖြစ်နိုင်ပါမည်လား။ သူ့မျက်နှာကို ၀ိုးတ၀ါး မြင်ရသည်။

နှလုံးခုန်သံကို နားကြပ်နှင့် နားထောင်နေသည်။ ပြီးောတ့ ခေါင်းတညိတ်ညိတ် လုပ်ကာ ကျေနပ်နေပုံဖြင့် ...
"အိုကေတယ်၊ ခင်ဗျားကို အစိမ်းရောင်ဆီ လွယ်လွယ်ကလေး ပို့ပေးနိုင်တယ်၊ အနီရောင်လေး တောင် နည်းနည်းဆိုးပေး လို့ ရသေးတယ်ဗျာ ...၊ ကဲ ... ခလုတ်သံလေးကို နားစွင့်လိုက်ပါဦး"
ဘုရား ... ဘုရား၊ ဂျော်ဂျီ၊ မင်းရှိနေရင် ဘာတွေစဉ်းစားနေမလဲ။ ငါသိတယ်။
"ဆိုဇင်နစ်ဇင်၊ အလကား ခွေးသားကြီး"

ဆက်ရန်
.

2 comments:

Anonymous said...

ကျေးဇူးပါ

Anonymous said...

နာကျင်မှုရဲ့တုန်လှုပ်ကြောက်ရွံ့ဖွယ် အရသာ
လူသားတိုင်း နာကျင်မှုကိုသေတာထက်ကြောက်ကြသည်
နာကျင်မှုသာမရှိလျင် လူသားတို့သည် မိမိအသက်ကိုတန်ဘိုးထားကြမည် မဟုတ်
နာကျင်မှုကိုကြောက်ခြင်းအားဖြင့်
လူသားတို့သည် မသေအောင်အားထုတ်ကြ၏