Wednesday, November 7, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၁၈)

ပီယာဘိုဒီ
စန်ကာလို
(၁၆-ရက်မြောက်နေ့)


အချိန်ကာလနှင့်ပတ်သက်သည့် မှတ်ဥာဏ် တို့ ကျွန်တော့်တွင် မှေးမှိန်စပြုလာပြီ။ သူအခန်းထဲမှ ထွက်သွား သည် မှာ ဆယ်မိနစ်ကြာခဲ့ပြီလား၊ တစ်နာရီရှိသွားပြီလား ကျွန်တော် မသေချာတော့၊ ဖိုင်တွဲကို စားပွဲပေါ် သူ ထားသွားသည်။
လှန်ကြည့်ချင်စိတ် လည်း မရှိတော့၊ လုလားထိုင်တွင် အငူသားထိုင်ပြီး နံရံကို ငေးကြည့်နေမိ၏။ ခဏနေတော့ အစောင့်တစ်ယောက်ရောက် လာသည်။ ဖိုင်တွဲကိုယူ၊ ရုံးခန်းတံခါးကိုပိတ်ပြီး ပြန်ထွက်သွားသည်။
စောစောက တံခါးပွင့်နေစဉ် အပြင်ထွက်ဖို့ စိတ်ကူးမရ။ ကျွန်တော့်ရင်ထဲတွင် ဘာမှမရှိတော့သလို ဟင်းလင်းပြင်ကြီး ဖြစ်သွား၏။ ခေါင်းထဲတွင်လည်းအလားတူပင်၊ ဘာမှမကျန်တော့။
သို့သော် နာမည်တွေကိုတော့ ကျွန်တော်မှတ်မိနေပါ၏။ ကျွန်တော့်အသိအာရုံတွင် သူတိုက၏နာ မည်တွေမှ လွှဲပြီး ဘာမှမကျန်တော့၊ အသိဥာဏ်အကြောင်း ကျွန်တော်ဆက်စဉ်းစားသည်။
ချောက်ကမ်းပါး တစ်ခုသို့ ရောက်နေကြောင်း ကျွန်တော်သိသည်။ ကျွန်တော့်အသက် တစ်ဝက်သည် အကောင်အထည်မဲ့ စိတ်ဝါဒသမားသက်သက် အဓိပ္ပာယ်မရှိ ကုန်လွန်ခဲ့၏။ ကျန်တစ်ဝက်က သီလသမာဓိနှင့် ပြည့်စုံသည်။ ခပ်ကြောင်ကြောင်သူတော်စင်၊ ကိုယ့်အကြောင်း ကိုယ်ပြန်တွေးရသည်မှာ ရှက်ဖို့ လည်းကောင်း၊ စိတ်ပျက်ဖို့လည်းကောင်း၏။

ကျွန်တော့် အချစ်ဇာတ်လမ်းကို သူအားလုံးသိထားသည်။ မနာလို ၀န်တိုမှုများနှင့် ကျွန်တော့်ရင်ထဲက အမှန်တရားများ အကြောင်း သူအကုန်သိထားသည်။ သို့သော်သူ ကျွန်တော့် ကိုဘာကြောင့် ညှာတာနေ တာပါလိမ့်၊ စဉ်းစားရင်း စဉ်းစားရင်း ခေါင်းထဲတွင် ရှုပ်ထွေးနောက်ကျိ လာသည်။
တံခါးဖွင့် သံကြားရ၏။ သူခပ်သွက်သွက်ပြန်ဝင်လာသည်။ ခါတိုင်းလို ကိုယ့်ကိုယ်ကို ယုံကြည်မှု အပြည့် ရှိသည့် ခြေလှမ်းမျိုးနှင့်မဟုတ်ဘဲ စိတ်ပျက်နေဟန်။ လွန်ခဲ့သည့်နှစ်ရက်လုံးလုံး ကျွန်တော်၏ခေါင်းကို တူနှင့် ထုနည်းများဖြင့် စိတ်ဓာတ်ကိုပြောင်းလဲအောင် သူလုပ်ခဲ့သည်။ တစ်ပြိုင်တည်းတွင် သူလည်းအလားတူ တန်ပြန်ခံရသည် ထင်၏။
စကားဝိုင်း တစ်ခုကို နိဂုံးချုပ်တော့မည့် လေသံဖြင့်သူက....
"ဒီမယ် ဂျာဆင်၊ ခင်ဗျားအမှန်တရားကို ရင်ဆိုင်ဖို့ အချိန်ရောက်လာပြီ၊ ခင်ဗျားအခြေအနေ မကောင်းဘူး၊ ကျွန်တော် အားလုံး ဖွင့်ပြောမယ်၊ ခင်ဗျားဘာသာခင်ဗျားစဉ်းစားပြီး ဆုံးဖြတ်၊ စကား ရည်လုနေဖို့ အချိန်လဲ မရှိတော့ဘူး၊ အခု ကျွန်တော်ပြောမှာက ခင်ဗျားအတွက်ဆိုတာတော့ ယုံပါ"
ကျွန်တော့်ဦးခေါင်းထဲ တွင် ဟာဘာဟင်းလင်းကြီး ဖြစ်နေသည်။

"ဘာဖြစ်လို့ မင်းကိုငါကယုံရမှာလဲ"
"ခင်ဗျားအသက် နဲ့ ပတ်သက်နေလို့ပေါ့၊ ခုကျွန်တော်ပြောမှာက နာမည်ရဖို့ကိစ္စနဲ့ မပတ်သက် တော့ ဘူး၊ ပေးထားတဲ့ တာဝန်နဲ့လဲ မဆိုင်ဘူး၊ ကျွန်တော်လုပ်မှာက ခင်ဗျားအတွက် သက်သက်ပဲ"
"ငါ့အတွက် ဆို ဘာလို့မင်းကလုပ်မှာလဲ"
နှစ်ယောက်စလုံးခဏတိတ်သွားသည်။ အတန်ကြာမှသူက....
"ခင်ဗျား ကို ကျွန်တော်မသေစေချင်ဘူး"
"ဘာဖြစ်လို့"
သူမျက်နှာ ကိုလွှဲပစ်သည်။ နံရံကိုစိုက်ကြည့်နေရာမှ တစ်စုံတစ်ခုပြောဖို့ ဆုံးဖြတ်လိုက်ဟန်ဖြင့်...
"ဘာဖြစ်လို့လဲဆိုတော့ ကျွန်တော်ရှေ့ဆက်မတွေးချင်လို့ပဲ၊ မတွေးရဲလို့၊ ထပ်မမေးနဲ့တော့ဗျာ"
ကျွန်တော် မမေးတော့ပါ။

"ဘာဖြစ်လို့ ငါက သေရမှာလဲ"
ကျွန်တော့်ကို သူခပ်တိုတိုရှင်းပြသည်။
"ကျွန်တော်က အင်းနက်ဇ်ကို ပြောပြထားတာ ရှိတယ်၊ ခင်ဗျားကိုရက်ပေါင်းနှစ်ဆယ် အတွင်းမှာ ရအောင်စစ်မယ်လို့၊ အင်းနက်ဇ်က ဘာမျူဒက်ဇ် ကို ပြန်ပြောတယ်"
"အင်းနက်ဇ် ဟုတ်လား"
"ဟိုစုန်းမပေါ့ ဗျာ၊ ဘာမျူဒက်ဇ်က ဖောက်ပြန်သွားပြီ၊ အာဏာက သူ့ကိုဖျက်ဆီးပစ်လိုက်ပြီ၊ ရက်နှစ်ဆယ် အတွင်း နာမည် မရရင် သူကဖမ်ဘိုနာ နဲ့ ခင်ဗျားဆီက ညှစ်ယူလိမ့်မယ်၊ သုံးတဲ့နည်း ကတော့ညှဉ်းဆဲတဲ့ နည်းပဲ"
ကြောက်စရာ စကားလုံးတွေကို သူကသာမန်ကိစ္စတစ်ခုလိုပဲ ပြောသွားသည်။ ကျွန်တော် ဘာမှ မတုံ့ပြန်နိုင်မီ...
"ပထမ ကျွန်တော်ပြောမယ် နားထောင်၊ အပြင်မှာ အခြေအနေက အရမ်းပြောင်းလဲနေတယ်၊ ဘာမျူဒက်ဇ်က ထိန်းမနိုင် သိမ်း မရအောင် အောက်ခြေလွတ်နေပြီ၊ ကျွန်တော်သူတို့ မနာလိုလို့ ပြောတာမဟုတ်ဘူး၊ သူကအဲဒီ နာမည်ကို ကက်စထရိုဆီလက်ဆောင် အဖြစ်ပေးချင်နေတယ်၊ တစ်ပြိုင်တည်းမှာ ကျွန်တော့်ကိုလဲ သိက္ခာချပြီး သား ဖြစ်မယ်လေ၊ ကျွန်တော့်ကို ဖီဒယ်လ်နဲ့ လွတ်လွတ်လပ်လပ် ဆက်သွယ်ခွင့်မပေးဘူး၊ နာမည် ရရင် ရေဒီယိုဖုန်း နဲ့ ဆက်သွယ်ဖို့ သင်္ကေတပဲ ပေးထားတယ်"

သူပြောသမျှ သံသယမရှိဘဲ ကျွန်တ်ာလက်ခံလိုက်၏။
"ဆက်သွယ် လို့ ရရင်ကော မောင်ရင် ဘာလုပ်နိုင်လို့လဲ"
"ဘာမှ လုပ်လို့မရပါဘူး၊ ဒီအတိုင်း လက်ပိုက်ကြည့်နေမှာပါပဲ၊ ဒီမယ်ဂျာဆင်၊ ခင်ဗျားတို့ဟာ လွန်ခဲ့ တဲ့နှစ်ပေါင်း နှစ်ဆယ် လုံးလုံး ကက်စထရို ကိုသတ်ဖို့ အကြိမ်ကြိမ်ကြိုးစားခဲ့တယ်၊ ကနေဒီ လက်ထက်က စခဲ့တာ၊ နောက်ဂျွန်ဆင်၊ နောက် နစ်ဆင်၊ နောက်သမ္မတတွေလဲ ကြိုးစားအုန်းမှာပဲ၊ ခင်ဗျားကျုပ်ထက် ပိုသိပါလိမ့်မယ်၊ ဖီဒယ်လ် က မြွေဟောက်စစ်ဆင်ရေးအကြောင်းကို ကြိုသိနေပြီး ရသမျှသတင်းကို သူစုဆောင်းနေ တယ်၊ ဘယ်နည်း နဲ့ရရ သူရအောင်ယူမှာပဲ"
တဖြည်းဖြည်းကျွန်တော် အမှန်ကိုမြင်ယောင်လာနေပြီ၊ သို့သော်တစ်ခုခုတော့ လိုနေသေး၏။ သေသေချာချာ စဉ်းစားပြီး ပြန်မေး လိုက်သည်။
"ဘာမျူဒက်ဇ် က သံအမတ်တစ်ယောက်ကို နှိပ်စက်ဖိုက သဘောတူမယ်တဲ့လား၊ အမေရိကန် အစိုးရက မသိဘဲနေမယ် တဲ့လား၊ သိရင်ဖြစ်လာမယ့် အကျိုးသက်ရောက်မှုကို သူမစဉ်းစားဘူး လား"
ခုမှသူက စိတ်ပျက်လက်ပျက် ပုံစံဖြင့်အကုန်ပြောသည်။

"ကျွန်တော်ပြောပြီးပြီလေ၊ သူအရမ်းလွတ်နေပါတယ်လို့၊ မဟုတ်ရင် ခင်ဗျားဒီနေရာကို ဘယ် ရောက်နေပါ့မလဲ၊ ကျွန်တော် က ဖီဒယ်လ်ကိုပြောတယ်၊ ဘာမျူဒက်ဇ်ဟာ သောက်ရူးပါလို့၊ ခင်ဗျား ကို ဖမ်ဘိုနာ နဲ့နှိပ်စက်ခိုင်းမယ်၊ ဒဏ်ရာတစ်စွန်းတစ်စ မှ မကျန်အောင်လုပ်မှာတဲ့၊ ဖမ်ဘိုနာက အဲဒါတွေ ကျွမ်းပြီး သား၊ နောက်ဆုံး မှာ ခင်ဗျားကိုသူတို့ဆေးထိုးမှာ၊ နှလုံးရောဂါနဲ့သေတဲ့ လူတစ် ယောက်ရဲ့ ပုံစံနဲ့ထပ်ပြီး ခင်ဗျားသေ ရမှာ၊ အဲဒါက လွယ်တယ်လေ၊ ဒီအေအကြောင်း ကျွန်တော် သီပြီးပြီ၊ နောက်ဆုံးမှာ ခင်ဗျားရဲ့ အလောင်းကို လူငယ်တွေ က ၀မ်းနည်းကြောင်း သ၀ဏ်လွှာနဲ့ အတူ ခင်ဗျားလူတွေလက်ထဲ သွားအပ်မယ်"
ကျောထဲစိမ့်သွားသည်။ သူအမှန်ကိုပြောနေမှန်း ကျွန်တော်သိနေ၏။ သို့သော် သိပ်အဓိပ္ပာယ်ရှိ သည်မထင်ပါ။ ကျွန်တော့် ဆင်ခြင်တုံတရား သည် အင်အားပြန်ကောင်းလာသည်။
"နေပါဦးကွ၊ သူတို့လုပ်တာတွေကို ငါ့လူတွေမသိဘဲ နေပါ့မလား" သူသက်ပြင်းချသည်။

"သူက သောက်ရူး ပါလို့ ကျုပ်ပြောပြီးပြီလေ၊ မတ်စိစ် ၀ါဒီတစ်ယောက် အနေနဲ့ ဘုရားကိုမယုံ ကြည်ရဘူး၊ ဒါပေမယ့်သူက ယုံတယ်၊ ဖန်ဆင်းရှင်ကို သူကိုးကွယ်တယ်၊ အဲဒီဖန်ဆင်းရှင်က သူကိုယ် တိုင်ပဲလို့ သူယုံနေ တယ် "
သူတို့ကနှိပ်စက်ပြီး အဖြေထုတ်မယ်တဲ့၊ ဘာဖြစ်လို့ ကျွန်တော်ပြောရမှာလဲ၊ နာကျင်မှုဝေဒနာ စဉ်းစားကြည့် သည်။ ငယ်ငယ်က လမ်းလျှောက်ထွက်ရင်း ချော်လဲပြီး ခြေထောက်ကျိုးဖူးသည်။ လူမနီးသူမနီးနေရာဖြစ်၍ လမ်းမ ကိုရောက်အောင် မနည်းတရွတ်ဆွဲပြီးသွားရသည်၊ တစ်မိုင် လောက်ဝေး၏။ စဉ်းစားကြည့်လျှင် ယခုထိ နာတုန်း။
သည့်ထက် ပိုမဆိုးနိုင်ပါ။ ခန္ဓကိုယ်နာကျင်မှုထက် လူလူချင်းနှိပ်စက်ပြီး၊ နှိပ်စက်သူက အနှိပ်စက်ခံ ရသူ ကိုကြည့်ပြီး ပျော်ရွှင်နေမည့် အဖြစ်က ပို၍နာကျင်စရာကောင်းမည် ထင်ပါ၏။
သူကျွန်တော့် ကို စောင့်ကြည့်နေ၏။ ကျွန်တော့်ရင်ထဲသို့တိုင် ထိုးဖောက်ကြည့်မြင်နေပုံ။

"ဟုတ်တယ် ဂျာဆင်၊ အဲဒါ ထွင်ပြောတာ မဟုတ်ဘူး၊ ကျွန်တော့်ကိုယုံစမ်းပါ၊ နာမည်ကိုပြောလိုက် ပါဗျာ၊ ကျွန်တော် ချက်ချင်း ခင်ဗျား ကို လွတ်အောင်လုပ်ပေးပါ့မယ်၊ အဲဒီနာမည်ကို မရရင် ခင်ဗျား ကိုကျွန်တော် ဘာမှ လုပ်ပေးနိုင် မှာ မဟုတ်ဘူး"
ဖမ်ဘိုနာ ၏မျက်နှာကို မြင်ယောင်လာသည်။ ကျွန်တော့်အော်သံကို နားထောင်ပြီး ကြည်နူးနေသည့် ပုံစံမျိုး။ ပထမနာမည် တစ်ခုကို သူတောင်းမည်။ ပြီးလျှင် နောက်ထပ်နာမည်တွေတစ်ခုပြီး တစ်ခု ထပ်တောင်းမည်။ ကျွန်တော့် ဦးနှောက် ထဲမှာ ရှိသမျှ နှုတ်ခမ်းသို့ ရောက်လာအေင် သူနှိပ်စက်မည်။ ကျွန်တော်ခေါင်းယမ်း လိုက်သည်။
"မပြောနိုင်ဘူး ဂျော်ဂျီ၊ ကိုယ်မလုပ်နိုင်ဘူး"
သူက စဉ်းစဉ်းစားစားခေါင်ညိတ်သည်။ ကျွန်တော်ကတော့ ဆုံးဖြတ်ချက်ကို ပြင်လိမ့်မည် မဟုတ် ကြောင်း သူသဘောပေါက်ပါလိမ့်မည်။ ပြီးတော့ သူအခိုင်အမာပြောသည်။
"သူတို့ခင်ဗျား ကို မနှိပ်စက်ကြတော့ပါဘူး"
ကျွန်တော့်ရင်ထဲ ပေါ့သွားသည်။ တစ်ပြိုင်တည်းတွင် ဒေါသလည်း ထွက်သွား၏။ ဒါသက်သက် ကျွန်တော့် ကိုခြိမ်းခြောက်ခြင်းပဲ၊ ကျွန်တော်ထုတ်ပြောမိမတတ်ဖြစ်သွားသည်။ သက်သက်အကွက် ဆင်တာပဲ။

"ဒါကတော့ မင်းသိပ်အောက်တန်းကျတယ်"
ဒေါသဖြင့် ကျွန်တော်ပြောလိုက်သည်။
သူကပြုံးပြီး...
"ဆုံးအောင် နားထောင်ပါဦးလေ၊ သူတို့ခင်ဗျားကို ဘာကြောင့်နှိပ်စက်လို့ မရတော့သလဲဆိုရင် ကျွန်တော် ဖီဒယ်လ် ဆီကို နာမည်နှစ်ခုပို့လိုက်တော့မယ်၊ ကျွန်တော်မသင်္ကာ အဖြစ်ဆုံးနာမည်နှစ် ခု၊ ပီနီဒါနဲ့ဆာမာရီဘာ"
သူနာမည်နှစ်ခု ကိုထုတ်ပြောစဉ် သူ့မျက်လုံးတွေအရောင်တောက်နေ၏။ ကျွန်တော်က စိတ်မလှုပ် ရှားအောင် ထိန်းထား လိုက်သည်။ သူ့စဉ်းစားပုံကို ကျွန်တော်တွေးကြည့်နေသည်။ သူပြောသည့် နာမည်နှစ်ခုအနက် တစ်ခုက မှန်သည်။ ဘာမှ ထင်မြင်ချက်မပေးဘဲ ကျွန်တာ် ပခုံးကိုတွန့်ပြလိုက် သည်။
သူက ယုံကြည်မှု အပြည့်ရှိသည့်ဟန်ဖြင့် စကားဆက်ပြောသည်။

"အဲဒီနာမည်နှစ်ခုကို ကြေးနန်းနဲ့ပို့ပြီး ဘာမှမလုပ်ပါနဲ့ဦး၊ ကျွန်တော်ပြန်ရောက်ထိ စောင့်ပါဦးလို့ ဖီဒယ်လ် ကိုပြောမယ်၊ ဒီကိစ္စမျိုး ကို ကျွန်တော်ကလွဲပြီး ဘယ်သူမှသူစစ်ဆေးခိုင်းမှ မဟုတ်ဘူး၊ ကျွန်တော်မှန်းတဲ့အတိုင်း မှန်ချင်မှန်နေ မှာပါ၊ မှန်ရင်တော့ပိုကောင်းတာပေါ့လေ၊ မဟုတ်ဘူး ဒါဆို ရင်ကျွန်တော်အချိန်ဆွဲပြီးစစ်နေမယ်၊ ခင်ဗျားလွတ်တဲ့ အထိပေါ့၊ သိပ်ကြာမယ်မထင်ပါဘူး၊ အဲဒီ နောက်ပိုင်းကျမှ၊ ဖီအယ်လ်ကို ကျွန်တော် ဖွင့်ပြောမယ်၊ ဖြစ်သမျှအကြောင်း ကျွန်တော်တာဝန်ယူ မယ်"
ဖမ်ဘိုနာ ၏ မျက်နှာပျောက်သွားပြီး ကျွန်တော့်ရှေ့မှာ သူငယ် ကို ငေးကြည့်နေ မိ၏။ ကျေးဇူးတင် ဖို့ ကောင်းလွန်း သည့် သူ့စိတ်ကူး အတွက် ကျွန်တော်မယုံကြည်နိုင်အောင် ဖြစ်နေ၏။
"အဲဒီ ဖြစ်သမျှ အကြောင်းဆိုတာ ဘာတွေလဲ၊ ဘာတွေဖြစ်လာနိုင်သလဲ"သူက ပြုံးလာသည်။

အဲဒါတော့ ကျွန်တော်လဲ အတိအကျမပြောနိုင်ဘူး ဂျာဆင်၊ ကျွန်တော် ဖီဒယ်လ် အကြောင်း ကောင်း ကောင်း သိပါတယ်၊ ဒါပေမယ့် ဒီကိစ္စမှာ သူဘယ်လိုဆုံးဖြတ်မလဲဆိုတာတော့ မသိဘူး၊ အဲဒါတွေ နောက်မှ စဉ်းစား မယ်လေ၊ ကမ္ဘာကျော်လျှောက်လဲချက်နဲ့ ကမ္ဘာကျော်သွားတဲ့ ပုဂ္ဂိုလ်နဲ့ စကားရည် လုရမှာပေါ့လေ
ကျွန်တော် ဘာလုပ်ရမှန်းမသိ ဖြစ်သွားသည်။ သူ့ဘ၀အပျက်ခံပြီး ကျွန်တော့်ကိုကယ်ခြင်းဖြစ်၏။ သည် အကြောင်း ကို အပြုံးမပျက် ပြောနေခြင်းဖြစ်၏။ ပြောစရာ စကားလုံး မနည်းစဉ်းစားနေရ၏။
"ဒီမယ် ဂျော်ဂျီ၊ မင်းပြောတဲ့အတိုင်းမှန်ရင် ကိုယ်ဒီကမကြာခင် လွတ်မယ်ဆိုရင် မင်းအတွက် ကိုယ်ပေးနိုင်တာ တစ်ခုရှိတယ်၊ ခုချိန်အထိ ကက်စထရိုကိုဖြုတ်ချဖို့ရော၊ သတ်ဖို့ရော တို့မှာ အစီအစဉ်မရှိဘူး၊ သူ့ကိုသတ်ဖို့ မကြိုးစားတော့ ဘူး ဆိုတာတော့ ကိုယ်အခိုင်အမာ ပြောနိုင်တယ်၊ ကျူးဘားအပေါ်ထားတဲ့ ကိုယ် တို့ပေါ်လစီပြောင်း သွားပြီ၊ ဂျော်ဂျီ၊ ဒါပေမယ့် စီအိုင်အေကတော့ ဟာဗာနာမှာဆက်ပြီး အင်အားကောင်းနေဦး မှာပဲ၊ ဒါကြောင့် မင်းကို ကျူးဘား က ထုတ်ဖို့ သူတို့ ကောင်းကောင်းလုပ်ပေးနိုင်တယ်၊ အမေရိကန်မှာ မင်းရဲ့ဘ၀သစ် တစ်ခု စပေါ့ကွာ" သူထပ်ပြုံးသည်။

"ကျေးဇူးတင်ပါတယ် ဂျာဆင်၊ ဒါပေမယ့်မဖြစ်နိုင်ပါဘူး၊ ဒီတစ်ပွဲမှာ ကျွန်တော်မအောင်မြင်ပေမယ့် ကျွန်တော် ယုံကြည်ချက် က ပြောင်းသွားမှာမှ မဟုတ်ဘဲ၊ ကျွန်တော်ဘ၀ကျွန်တော် ဆက်လျှောက် မှာပါ၊ ဘယ်လိုပဲဖြစ်ဖြစ် ဆက်လျှောက်ရမှာပဲ၊ ကဲ...အဲဒီကိစ္စမေ့ထားလိုက်ကြရအောင်ဗျာ၊ အပြောင်းအလဲတွေ ချက်ချင်းဖြစ်တော့မှာပါ၊ ကျွန်တော် အနံ့အသက်တွေရနေတယ်၊ ကဗျာဆရာ တစ်ယောက်ရေးခဲ့ဖူးသလိုပေါ့၊ တိတ်ဆိတ်ခြင်းမှာ အသံရှိတယ်တဲ့၊ တိတ်ဆိတ်နေတဲ့ပတ်ဝန်းကျင် ထဲကအသံတွေ ကျွန်တော်ကြားနေရပါတယ်၊ လာတော့မှာပါ၊ ဒါကြောင့် ခင်ဗျား လဲ ခင်ဗျားလမ်း ဆက်လျှောက်၊ ကျွန်တော်လဲကျွန်တော့်ဘ၀ ကျွန်တော်ဆက်ရလိမ့်မယ်"

ဂျော်ဂျီ
စန်ကာလို
(ဆယ့်ခြောက်ရက်မြောက်နေ့)


သူ့ကိုကြည့်ရသည်မှာ ဝေခွဲမရဖြစ်နေပုံရသည်။ စိတ်ဓာတ်လည်းကျနေပုံ၊ သူ့ကမ်းလှမ်းချက်ကို ကျွန်တော်လုံးဝ မစဉ်းစားဘဲ တန်းပြီးငြင်းလိုက် သည်မဟုတ်လား၊ ဘာကြီးဖြစ်နေဖြစ်နေ၊ ဘာတွေ ဖြစ်လာ    ဖြစ်လာ ဂျော်ဂျီကယ်လ်ဒီရွန် ဆိုသည့် ကျွန်တော်ကတော့ သွေဖည်လိမ့်မည် မဟုတ်ပါ။
တံခါးခေါက် သံ ခပ် တိုးတိုး ပေါ်လာသည်။
"၀င်ခဲ့"
ကျွန်တော်အော်ပြော လိုက်သည်။ ထမင်းချက်ကပြားကောင်လေး။ သူဘာယူလာမည်ကို ကျွန်တော် သိနေ သည်။ လွန်ခဲ့သည့် နာရီဝက် က သူ့ကိုကျွန်တော်မှထားခဲ့ခြင်းဖြစ်သည်။
ချာတိတ် က မ၀ံ့မရဲပုံစံဖြင့် ၀င်လာသည်၊ လင်ပန်းကိုစားပွဲပေါ်တင်ထားခဲ့ပြီး ခပ်သွက်သွက် ပြန်ထွက်သွား၏။ ပီယာဘိုဒီကို ကျွန်တော် အကဲခတ်လိုက်သည်။ လင်ပန်းထဲတွင်ပါလာသည့် ပစ္စည်းကို မျက်စိမခွာနိုင်ဘဲ စိုက်ကြည့်နေ၏။ မြင်နေရသည့်မြင်ကွင်းကို မယုံကြည်နိုင်သည့် အမူ အရာမျိုးလည်း မျက်နှာတွင်ပေါ်လွင်နေ၏။ အကောင်အထည် မရှိသည့် တံလျှပ်တစ်ခု ကို ကြည့်နေ သည့်အလား၊ သို့သော်တံလျှပ်မဟုတ်နိုင်၊ တံလျှပ် ဆိုလျှင် သည်လို အနံ့မျိုး မရနိုင်။

လင်ပန်းထဲမှ ဘဲဥပုံပန်းကန်ကြီးထဲတွင် ဧရာမအမဲနှပ်တုံးကြီးနှစ်တုံး၊ အနှစ်တွေက ဆီတ၀င်းဝင်း နှင့်၊ အမဲသားတုံးကြီး များကို အာလူးကြော်တွေက ပတ်လည်ဝိုင်းထားသည်။ ပြီးတော့ ကြက်သွန်ဥ ကြီးတွေ အကွင်း လိုက် လှီးပြီး၊ အာလူးကြော် အပြင်ဘက် မှ ရံထားပေးသည်။ ဘဲဥပုံပန်းကန် ကြီး၏ နံဘေးတွင်တော့ နည်မည်ကျော် မွန်ဒါဗီဝိုင် တစ်ပုလင်း၊ ဖောက်တံ က ငွေလက်ကိုင်နှင့်။
မျက်လုံးက ပန်းကန်မှမခွာဘဲ လျှာနှင့်နှုတ်ခမ်းကိုလျက်သည်။
"ခင်ဗျားအဲဒါစားပြီးတာ နဲ့ အိမ်ပြန်ပြီး ရေချိုးတော့၊ ဆပ်ပြာတွေ၊ ခေါင်းလျှော်ရည်တွေအားလုံး ခြေရာလက်ရာ မပျက် ရှိပါတယ်"
ကျွန်တော့် ကို ခေါင်းမော့ပြီးကြည့်သည်။ မြီးမှဝိုင်ပုလင်းနှင့် ဖောက်တံကို ကောက်ကိုင်သည်။ ကျွန်တော် ကိုယ်တိုင်လည်း အမဲနှပ်ပွဲကို စိုက်ကြည့်နေ၏။ ကျွန်တော်၏အရှုံးပွဲအဖြစ် သဘော ပေါက်လိုက်သည်။

အဆီတ၀င်းဝင်းနှင့် အမဲနှပ်ပွဲ သည် ကျွန်တော့်ကိုသရော်နေဘိသို့ ရှိ၏။ ဒေါသတွေအူထဲအသည်း ထဲမှ အလိပ်လိပ် တက်လာ၏။ သူက၀ိုင်ပုလင်းကို ဂရုတစိုက်ဖွင့်နေ၏။ ပုလင်းကို တယုတယကိုင် ထား၏။
အဖုံးဖွင့်သွားသည့် အခါ သူက၀ိုင်ကိုနမ်းကြည့်သည်။ ပြီးတော့ဖန်ခွက်တစ်ဝက်ငှဲ့သည်။ ကျွန်တော့် ဒေါသ တို့ရင်ထဲမှသည် ဦးခေါင်းသို့တိုင် တက်ဆောင့်လေပြီ။
သူတစ်ကျိုက်မော့ပြီးမှ တောင်းပန်သည့်လေသံဖြင့်....
မင်းလဲသောက်လေ ဂျော်ဂျီ၊ ဖန်ခွက်တစ်လုံး တောင်းလိုက်ပါ
ကျွန်တော် ပေါက်ကွဲလေပြီ၊ နှုတ်မှရုန့်ရင်းကြမ်းတမ်းသော စကားလုံးများဖြင့် သူ့ကိုပစ်ပေါက်နေ မိသည်။
"ခင်ဗျား က ၀ါရှင်တန်ကလပ် တစ်ခုထဲရောက်နေတဲ့အတိုင်းပေါ့ ဟုတ်လား၊ အမဲသားကို အပြတ် ရှင်းလိုက်ချင်ပေ မယ့် ၀ိုင်ပုလင်းကို အရင်ဖွင့်တယ်၊ ခင်ဗျားဟာအလကား အရင်းရှင် ယဉ်ကျေးမှု ရဲ့သားကောင် ပဲ" အမဲသားပန်းကန် ကို လှမ်းဆွဲယူလိုက်တော့ ဖန်ခွက်နှင့်တိုက်မိပြီး ၀ိုင်တွေဖိတ်ကုန်သည်။

ခင်ဗျားက အောင်သေအောင်သား စားမယ်ပေါ့၊ ကျုပ်တစ်သက်လုံး ထိန်းလာခဲ့တဲ့ နာမည် ခင်ဗျားကြောင့် ပျက်ရတော့မယ်၊ သောက်ရှက် ကွဲရတော့မယ်၊ ခင်ဗျားကျုပ်ကို နာမည်တစ်ခုမပေး ရင်အမဲသားလဲ မရဘူး
စိတ်ပေါက်ပေါက်နှင့်....
ပြောပြောဆိုဆို အသားတစ်တုံးကို ဓားနှင့်ထိုးပြီး အနှစ် တွေနှင့်နယ်ကာ ပါးစပ်ထဲထည့်လိုက် သည်။ သူက တအံ့တသြ ကျွန်တော့်ကို လှမ်းကြည့်နေ၏။
ချက်ချင်း ဆိုသလို ကျွန်တာ့်ဒေါသတွေ ပြယ်သွား၏။ ငါတော်တော် အောက်တန်းကျသွားပြီဟု လည်းကိုယ့်ကိုယ် ကို သတိထား မိလိုက်၏။ အမဲသားတုံးကို စိတ်မပါလက်မပါနှင့် ၀ါးနေမိ၏။ ကျွန်တော်က ခပ်တိုးတိုး သူ့ကို ပြောလိုက်သည်။

"စိတ်မပူပါနဲ့ ဂျာဆင်၊ ကျွန်တော်နည်းနည်း သတိလက်လွတ် ဖြစ်သွားတယ်"
လင်ပန်းကို သူ့ဘက်ပြန်တွန်းပေးလိုက်သည်။ သူကျွန်တော့်ကို သံသယမျက်လုံးများဖြင့် စိုက် ကြည့်နေ၏။ ကျွန်တော် က ပန်းကန်ပြား ကို လက်ဝှေ့ပြလိုက်သည်။ သူကငြိမ်နေသဖြင့် ခက်ရင်း နှင့်ဓားကိုကောက်ကိုင်ပြီး အသားတစ်တုံးလှီးကာ သူ့ပါးစပ်ထဲ ထည့်ပေးလိုက်သည်။
ဟင်...နေဦး၊ အသားကအရသာလ ည်း မရှိပါလား။ တစ်မျိုးကြီးပါလား၊ ပါးစပ်ထဲတွင် ခါးသက်သက် အရသာကျန်ခဲ့၏။ ပါးစပ်ထဲတွင် ထုံထိုင်းကြီးဖြစ်သွားသည်။ ဘုရား....ဘုရား...ဗိုက်ထဲက ချက်ချင်း ထိုးအောင့် လာ၏။ အူတွေကို ဓားနှင့်ထိုးခွဲလိုက်သည့်အလား။

ခေါင်းထဲတွင် ဖျတ်ခနဲ လျှပ်စီးလက်သွားသည်။ အဆိပ်ထမင်းချက် ကပြားကောင်ကလေး ဒါ သံအမတ်ကြီး အတွက်နော် ဆရာ ဟု မီးဖိုထဲတွင် ကျွန်တော့်ကို နှစ်ခါသုံးခါထပ်ပြောသည်။ လင်ပန်းကို သူလာချတော့ လက်တွေ တုန်နေသည်။ အပြင်ကိုထွက်ခွာရသူမှာ သူတစ်ယောက်တည်း ရှိသည်။ အပြင်က တစ်ယောက်ယောက် ခိုင်းခြင်းဖြစ် သည်။ ဗိုက်ထဲမှဝေဒနာက မခံမရပ်နိုင်အောင် နာလာ ပြီ။ ဘုရား...ဘုရား၊ သူဝါးနေပါပြီလား၊ ကျွန်တော်ငယ်သံပါအောင် အော်လိုက်၏။
"နေဦး...နေဦး၊ မစားနဲ့...မစားနဲ့၊ မျိုမချနဲ့"
သူကကြောင်ပြီး ကုလားထိုင်နောက်ဘက် ကို ကပ်လိုက်သည်။ သူမျက်လုံးအပြူးသားနှင့် ကျွန်တော့်ကို နားမလည်နိုင်စွာ ကြည့်နေ၏။ သို့သော်ပါးစပ် က ၀ါးမြဲဆက်ဝါးနေ၏။ ကျွန်တော် ၀ုန်းခနဲ ထရပ်လိုက်သည်။ လင်ပန်းနှင့် ၀ိုင်ပုလင်း ကို လက်ဝါးစောင်းခုတ်ပြီး တွန်းချပစ်လိုက်သည်။

စက္ကန့်ပိုင်းအတွင်း ကျွန်တော်သူ့ကိုခုန်အုပ်လိုက်သည်။ သူနောက်လဲကျသွားသည်။ ကျွန်တော်က သူ့အပေါ်မှ၊ ခေါင်းနှင့် သမံတလင်းဆောင့်မိသံကို ကြားလိုက်၏။ သူ့ပါးစပ်ထဲသို့ လက်နှင့်အ တင်းထိုးနှိုက်သည်။ ဘုရား...ဘုရား၊ သူမျိုမချမိပါစေနဲ့၊ လည်ချောင်းထဲတွင် အသားတုံးသွားစမ်း မိသည်။ တအားဆွဲထုတ်ပြီး လွှင့်ပစ်လိုက်သည်။
တုံးလုံးလဲပြီး ဖိတ်ကျနေသည့် ၀ိုင်ပုလင်းကို ကျွန်တော်လှမ်းဆွဲလိုက်၏။ သူကျွန်တော့်ကို အထိတ် တလန့်ကြည့်နေ၏။ သူ့ပါးစပ်ထဲ သို့ ၀ိုင်ပုလင်းထိုးထည့်လိုက်ပြီး....
"ဆေးလိုက်၊ ပါးလုတ်ကျင်းလိုက်၊ အသားမှာ...အဆိပ်ခတ်ထားတယ်၊ လုံးဝမျိုမချနဲ့နော်"
သူကျွန်တော်ပြောသည့် အတိုင်း လုပ်နေစဉ် လူချင်းခွာလိုက်သည်။ ရင်ထဲတွင် နာကျင်ရာမှ ပူလောင် လာ၏။ ဒူးနဲ့နဖူး ထိလုမတတ်ကွေးပြီး ကျွနတော် လူးလှိမ့်နေ ရ၏။ ဘယ်တုန်းကမှ မခံ စားခဲ့ဖူးသည့် ဝေဒနာမျိုး၊ အာခေါင် ထဲ လက်ညှိုးထိုးပြီး အန်ဖို့ကျွန်တော်ကြိုးစားသည်။ မရ၊ နောက်ကျသွားပြီ။ ကျွန်တော် သေရတော့မည် ကို သိလိုက်၏။

သူကကျွန်တော့်ဦးခေါင်းကို ပွေ့ဖက်ထားလျက်က...
"ခဏနေဦး၊ ငါတစ်ယောက်ယောက် ကို ခေါ်လိုက်ဦးမယ်၊ ဆေးရုံကို ပြေးကြရအောင်"
ကျွန်တော် ခေါင်းယမ်း လိုက်သည်။
"မရတော့ဘူး ဂျာဆင်၊ ခင်ဗျား ကို သူတို့လုပ်တာ၊ ခင်ဗျားလူတွေက ကပြားကောင်လေးကို ခိုင်းတာ"
ကျွန်တော် မနေရတော့ဘူး၊ ဒါကို ကျွန်တော်သိသလို သူလည်း သိသွားပုံရ၏။ သူ့မျက်လုံးထဲတွင် မျက်ရည်တွေပြည့်လျှံ လာသည်။ ကျွန်တော်ဖွင့်ပြောတော့မည်။
"ဂျာဆင်၊ ခင်ဗျားကို ကျွန်တော်လိမ်ထားတာ တစ်ခုရှိတယ်၊ ခင်ဗျားတစ်ဆိတ်နား...နားထောင်ဗျာ၊ အင်ပါရို... အင်ပါရို.. ခင်ဗျား ကို သိပ်ချစ်တယ်၊ ၅၉ခုနှစ်မှာ မသေဘူးဆိုတာ အမှန်ပါ၊ လွန်ခဲ့တဲ့ နှစ်နှစ်ကမှ သူသေတာအမှန်ပါ၊ ကိုမက်ဇ်နဲ့ လက်ထပ်တာလဲ အမှန်ပါ၊ လွန်ခဲ့တဲ့နှစ်နှစ်ကမှ သူသေတာလဲ အမှန်ပါ၊ သူခင်ဗျားနဲ့ လက်ထပ်ဖို့ပဲ ဖီဒယ်လ်က လက်ထပ်စေချင်တယ်၊ ခင်ဗျား ဆီကသတင်းတွေ ဆက်... ဆက်ယူခိုင်းတယ်၊ အင်....အင်ပါရို က အဲ...အဲဒီလို မလုပ်ရက်လို့ တခြားနည်းသူခင်ဗျားကို သိပ်... သိပ်ချစ် ပါတယ်၊ အဲဒါအမှန်ပါ ဂျာဆင်၊ ကျွန်တော့်ကို ယုံ...ယုံပါ ဗျာ"

မချိမဆံ့ဝေဒနာ ခံစားနေရ၏။ နောက်လက်တစ်ဖက်ဖြင့် သူကျွန်တော့်ကို ခပ်တင်းတင်းဖက်လိုက် ပြီး....
"ယုံပါတယ် ဂျော်ဂျီ၊ ယုံပါတယ်ကွာ"
သူ့မျက်နှာ တဖြည်းဖြည်းဝါး သွားသည်။ သူ့ကိုကျွန်တော်ပြန်ဖက်ချင်ပါ၏။ သို့သော်ကျွန်တော့် ခန္ဓာကိုယ် အစိတ်အပိုင်း အားလုံး လှုပ်ရှား၍ မရတော့ပြီ။ သူကျွန်တော့်ကို တအားဖက်ထားသည် ကိုတော့ ကျွန်တော် သိနေ ၏။

ဆက်ရန်
.

1 comment:

Anonymous said...

ကျေးဇူးပါ