Tuesday, November 6, 2012

မောင်သော်က ၏ မောင်သော်က နှင့် ထူးဆန်းသော မီးခွက်

မောင်သော်က
မောင်သော်က နှင့် ထူးဆန်းသော မီးခွက်

နှစ်ပေါင်း ၂၀ ကျော်ကြာခဲ့ပြီဖြစ်သော်လည်း ထိုနေ့က ဖြစ်ကြောင်းကိုမူ ကောင်းစွာမှတ်မိသည်။ မှတ်မိသည့် အကြောင်းရင်း မှာ ထိုနေ့သည် ကျောင်းပိတ်ရက်တစ်ရက်ဖြစ်သောကြောင့်တည်း။ ကျွန်တော်ငယ်စဉ်က လက်ဦးပညာ သင်ကြားခဲ့ရာ ကျောင်းတော်မဟာမှာ ရွှေဘိုမြို့ရှိ မဒါရ်ဆာခေါ် မွတ်စလင်ပညာရေးကျောင်း သာဖြစ်တော့သည်။ မွတ်စလင်ကျောင်းတို့ မည်သည်မှာ သောကြာနေ့ သည် ကျောင်းပိတ်ရက် ပင်ဖြစ်၏။ ကျောင်းပိတ်ရက် ကို မကြိုက်သော ကျောင်းသားသငယ်သည် ကျောင်းသားမပီသချေ။ ကျွန်တော် တို့သည် ကျောင်းပိတ်ရက်ကို မျှော်လင့်ခြင်းကြီးစွာဖြင့် ကြိုဆိုကြ၏။

ပိတ်ရိုးပိတ်စဉ်မဟုတ်မူဘဲ ဆရာဆရာမတို့၏ ဆွေမျိုးတစ်ဦးဦး ရုတ်တရက်သေဆုံး ၍ ကျောင်းတစ်ရက် ပိတ်ပေးခြင်းတည်း ဟူသော လာဘ်လာဘကြီးကား ရတောင့်ရခဲဘိခြင်း။
ကျောင်းပိတ်ရက်မှာ စွန့်စားစရာကများလှသည်။ အိမ်က လူကြီးများလစ်လဆင် လစ်သလို ပျော်စရာ ကောင်း၏။ မူးသို့သွား ၍ ရေချိုးနိင်သည်။ မူးဆိုသည်မှာ ရွှေဘိုမြို့တောင်ဘက်ရှိ ပေ၁ ၀၀ သာသာမျှ ကျယ်ပြန့်လျက် ရှည်လျားသော တူးမြောင်းဖြစ်သည်။ မူးကို ဖြတ်ကူးထားသော စစ်ကိုင်းရွှေဘိုသွားကားလမ်း တံတားပေါ်မှ တင်ဖေ၊ တင်ရွှေ၊ တင်ငွေ၊ ကျော်အေး၊ ကျော်ညွန့်၊ ချစ်ရွှေ စသော ဇာတ်လိုက်ကျော်ကြီးများ၏ ဒိုင်ဗင်၊ ဖိုက်တင်၊ ရှေ့ကျွမ်း၊ နောက်ကျွမ်း စသည်တို့ကို ကျွန်တော် တို့တစ်တွေ သည်ဖောဖောသီသီကြီး စတန့်ပြခဲ့ကြ သည်။ " ရဲခေါင် ချစ်ရွှေကွ" " ကျော်အေးကွ" ဟူ၍ ဟစ်အော်အားပေးကြသော လက်ခုပ်သံများကြားမှ တံတားလက်ရန်းပေါ် တက်ပြီး ဒိုင်ဗင်ထိုးချလိုက်ရာတွင် လှပသပ်ရပ်သက်သာစွာ ကျသည်မှာနည်း ၍ ခြေကားရား လက်ကားရားဖြင့် "ဗြန်း" ခနဲကျောစပ်သွားအောင် ပက်လက်ကျသည်က တစ်ဖုံ၊ ဘေးစောင်း ကျ၍ မျက်နှာတစ်ခုလုံး ရဲသွားကာ ဇက်ကြီးစောင်းနေသည်က တစ်နည်းဖြ့် စတန့်ဇာတ်လမ်းထွင်ခဲ့ကြသည်။ သုသာန် အနီးရှိ တ၀ုန်းဝုန်းကျနေ သော ရေကျော်ကို နိုင်ဂါးရားရေတံခွန်တမျှ ကျွန်တော်ထင်ခဲ့ပေသည်။

မူးသို့မသွားလိုလျှင် သက်ကယ်တန်းချောင်းသို့ ဆီးသီးခူးသွားနိုင်သည်။ သက်ကယ်တန်းချောင်းမှာ မြို့အရှေ့ဘက် ရှိ ချောင်းကောက်ကြီးဖြစ်သည်။ ချောင်းရိးတစ်လျှောက် ဆီးချုံများထူထပ်လှသည့်အတွက် ဆိးသီးပေါ်ချိန် မှာ သက်ကယ်တန်းချောင်းသည် ကျွန်တော်တို့၏ ပစ်ကနစ်စခန်းဖြစ်တာ့သည်။ ဆီးသီးကို အ၀အပြဲ စားသောက်ကာ သက်ကယ်တန်းချောင်းရိးမှ ချောင်းတွင်း သဲမြေပြင်သို့ ဒိုင်ဗင်ထိုးထည့် ၍ လက်ကျိုး ဇက်ကျိုးကျဆုံးခဲ့ရသော နောင်တစ်ခေတ်၏ မဖြစ်လာသည့် ဇာတ်လုက်လောင်းလျာကြီးများအားလည်း ဤစာတို့ ဖြင့် ဂုဏ်ပြုအပ်ပါ၏။
များမြောင်လှစွာသော ကျောင်းပိတ်ရက်တို့၏ စွန့်စားခန်းများအနက်မှ ထိုထိုသော ကျောင်းပိတ်ရက်တွင် ကျွန်တော် သည် မူးသို့လည်းကောင်း၊ သက်ကယ်တန်းချောင်းသို့လည်းကောင်း မသွားဖြစ်ခဲ့။ ဘာကြောင့် ဟူ၍တော့ သေချာစွာ မမှတ်မိတော့။ ကျွန်တော့်ညီကြောင့်မို့ဟုသာထင်သည်။

ကျွန်တော်ညီမှာ ၈ နှစ်သားသာသာမျှသာရှိသေး၍ ကျွန်တော့်အသက်မှာ ထိုစဉ်က ၁၂ နှစ်သားမျှသာ ရှိသေး၏။ ကျွန်တော် သွားလေရာနောက်သို့ ကျွန်တော့်ညီသည် အ၇ိပ်ပမာတကောက်ကောက်လိုက်လေ့ရှိ သည်။ သို့လိုက်ခြင်း ကို ကျွန်တော်က လုံးဝမလိုလားချေ။ သူ့ကြောင့် ကျွန်တော် မကြာခဏ ချောက်ကျခဲ့ရ သည်။ အိမ်က မိဘ များ မသိသင့်သော ကိစ္စများမှာလည်း သူ့ကြောင့် သိရှိကုန်ကာ ကျွန်တော်တို့နှစ်ဦးစလုံး မှာ ဖခင်၏ လက်စွဲတော် မန်ကျည်းခက်သေးသေး ဒဏ်ချက်အောက်ဝယ် သံကုန်ဟစ်အော်ငိုရင်း ကော့နေ အောင် ခံစားခဲ့ဖူးလှပေ ပြီ။ သို့ကြောင့် ကျွန်တော့် ညီလိုက်မည်ဆိုလျှင် ကျွန်တော်သည် သွားရန်အစီအစဉ် ကိုခေတ္တ ဖျက်ကာ အိမ်တွင်သာ မယောင်မလည်လုပ်နေလေ့ရှိ၏။ သူလစ်သည်နှင့်တစ်ပြိုင်နက် ကိုယ်ယောင်ဖျောက်ကာ သူငယ်ချင်း အပေါင်းအဖော်များနှင့် တစ်နေကုန်ရွှင်မြူးဆော့ကစားရသည်မှာ ပျော်ဖွယ်အတိ။

နံနက်စာစားပြီးသည်အထိ အိမ်နားတစ်ဝိုက်တွင်သာ မယောင်မလည်ကစားနေသည်။ ဒေါ်စော၏ နောက်ဖေး ၀င်းတွင်း မှ မြက်ပင်မျးပင် ဖုံးလွှမ်းစပြုနေသော ဖို့ဒ်ကားအစုတ်ကြီးပေါ်တွင် သန်းတင့်၊ ခွေးနီ၊ ခွေးမောင်၊ ဖူလ်ဂျန်းတို့နှင့်အတူ စတီယာကို လှည့်ကာမျှနှင့် စိတ်ကူးမောင်းနှင်ခဲ့သည်မှာ ကမ္ဘာမက ခရီးပေါက်ခဲ့ပေသည်။
ကျွန်တော့်ညီ ကို မျက်ခြည်ဖြတ်ရန် ကြိုးပမ်းမှုမှာ အချည်းနှီးသာဖြစ်ခဲ့ရသည်။ သူကလည်း ခံရပေါင်းများပြီမို့ ကျွန်တော့် အား လုံးဝ အပျောက်မခံဘဲ တကောက်ကောက်သာ လိုက်နေတော့သည်။
ကျွန်တော်တို့အိမ်၏ မြောက်ဘက်အိမ်မှာ သံဆိုင်ကြီးတစ်ခုဖြစ်သည်။ ပိုင်ရှင်ကုလားကြီး၏ အမည်မှာ မဂန်းကြီးဟုခေါ်ကြ၏။ မည်သို့သော အမည်ဖြစ်သည်ကိုမူ ကျွန်တော်မသိချေ။ မဂန်းကြီးနှင့် ကျွန်တော်တို့၏ အိမ်ကား အိမ်ရှေ့ဥပမာစာကလေးကို အမှီပြုနေသော ကွမ်းယာဆိုင်ကလေးတစ်ဆိုင်ရှိ၏။ ဆိုင်ရှင်ကုလား၏ အမည်ကို ကျွန်တော်သေချာစွာ မမှတ်မိတော့သော်လည်း ကျွန်တော်တို့ညီအစ်ကိုနှင့် အစဉ်တစောင်းစေးနှင့် မျက်ချေး ပမာဖြစ်ခဲ့သည်ကြောင့် ယခုအထိ ကျွန်တော် သူ့ကို ကောင်းစွာသတိရဆဲ ဖြစ်သည်။

မဂန်းကြီးသံဆိုင်နှင့် ကျွန်တော်တို့ အိမ်၏ကား ကွမ်းယာဆိုင်၏ နောက်ဘက်ကားကလေးမှာ အနှစ်နှစ်က စုပုံထားသော သ့တိုသံစများ၊ ပစ္စည်းဟောင်းများဖြင့် ပြည့်နေပေသည်။ အိမ်ကြားကလေးမှာ မည်သူမျှ အသုံးမပြုသော်လည်း အိမ် ၃ အိမ်စလုံးမှ ပစ္စည်းအဟောင်းများ စွန့်ပုံရာအရပ် ဖြစ်နေတော့၏။ ကျွန်တော် တို့အိမ်မှ စွန့်ရာပစ္စည်းများမှာ စက်ဘီးပစ္စည်းအဟောင်းများနှင့် အခြားအိမ်သုံးပစ္စည်းအတိုအစ များဖြစ် သည်။
ကျွန်တော်သည် အိမ်ကြားကလေးအတွင်းသို့ ၀င်လာခဲ့သည်။ ညီတော်မောင်မှာ နောက်မှ ထက်ကြပ်လိုက် ပါလာ။ ကျွန်တော်တို့သည် သံတိုသံစတောက်တို မည်ရပစ္စည်းများကြား၌ လျှောက်ကာ ဝေါ့ဒ်စနေ၏ သာမောဖွယ် နယ်မြေသို့ အိပ်မက်တွင်း ၀င်ရောက်သွားသည့် သူငယ်ပမာ ပစ္စည်းဟောင်း တစ်ခုပြီးတစ်ခု စုံစမ်ားကည့်ရှုနေကြသည်။ လူကြီးများ အသုံးမလို၍ ပစ်ထားသည့် ပစ္စည်းအချို့မှာ ကလေးများအတွက် ရတနာဖြစ်တတ်ချေသည်။ လက်နှိပ်ဓာတ်မီးဟောင်း၊ ဘိုင်စကယ်မီးခွက်ဟောင်းများမှာ ကျွန်တော်တို့၏ ဓာတ်ရှင် (ဓာတ်ရှင်ဆိုသည်မှာ ရုပ်ရှင်ကို ခေါ်ကြောင်း အောက်သူအောက်သားများ သိစေလို) ပြစက်အတွက် အဖိုးမဖြတ်နိုင်သော ပရိုဂျက်တာများဖြစ်ကြသည်။ ကျွန်တော့်ညီသည် ဓာတ်ရှင်ပြစက် (အမှန်အားဖြင့်မူ ဓာတ်သေပြစက်ဟုခေါ်သင့်သည်။) တည်ဆောက်ရာ၌ ပါရဂူပင်ဖြစ်၏။

ပစ္စည်းအတိုအစများကို ကြည့်နေရာမှ ချောင်တစ်နေရာတွင် မီးခွက်အိုတစ်လုံးကို ကျွန်တော် သတိပြုမိသည်။ မီးခွက်မှာ " လာလဒင်မီးခွက်" ဟု ကျွန်တော့် မိခင်က ခေါ်လေ့ရှိသော မီးခွက်အဟောင်း တစ်လုံးပင်ဖြစ်၏။ ဟလဒင် မီးခွက်ဟု ငယ်စဉ်က မိခင်ခေါ်၍ သိရှိခဲ့သော်လည်း အမှန်မှာ အာလာဒင် မိးခွက်ဟူ၍လည်းကောင်း၊ သင်္ဘောပေါ်တွင် ဟာရီကိန်းမီးခွက်ဟူ၍လည်းကောင်းခေါ်ဆိုကြသော လာသာမှန်အိမ်ပင်ဖြစ်သည်။
မှန်အိမ် မှာ မည်မျှကြာအောင် သုံးစွဲခဲ့ပြီးမှ ဤသုဿာန်မြေသို့ ရောက်နေသည်မသိ။ မှန်ပြောင်းမရှိတော့ သည်သာမက ကြေးညှော်အထပ်ထပ်တက်၍ မူရင်းအရောင်ပင် မသိနိုင်တော့လောက်အောင် ဟောင်းနွမ်း စုတ်ပြတ်လျက်ရှိချေပြီ။
ကျွန်တော် သည် မှန်အိမ်ကို လလျြောင်းနေရာ ချောင်အတွင်းမှ အတန်အလင်းေ၇ာင်ရှိရာသို့ ဆွဲထုတ်လာ ခဲ့သည်။ ဤမီးခွက်ကို ဘာကြောင့် စွန့်ပစ်ထားကြသနည်း။ ကျွန်တော် သိလိုသည်။ သုံး၍ ရကောင်းရဦးမည် ထင်၏။

မှန်အိမ်တိုင်းမှာ အကောင်းအတိင်းပင်ရှိသေးသည်။ မှန်ပြောင်းထည့်ရာ သံကွန်ချာ မှာ ဘေးသို့ တိမ်းငဲ့ စောင်းကျနေ သည်။ ပြန်လည်တည့်မတ်ကြည့်ရာ ခွင်ကျပင် ၀င်သည်။ ကျွန်တော် အတော်ဝမ်းသာ သွား၏။ မှန်ပြောင်းထိန်းသည့် အအုပ်ကို ဆွဲမကြည့်ရာ ကောင်းစွာမလိုက်၊ တချက်ချက် ကပ်နေသည်။ သံချေး များ ကြောင့် ဖြစ်နိုင်၏။ ဒါလောက်ကိုမူ ကျွန်တော်ပြုပြင်နိုင်ပေသည်။
ရေနံဆီ ထည့်သည့် အိုးမှ အဖုံးဝက်အူရစ်ကို လှည့်ချွတ်ကြည့်သည်။ အဖုံးမှာ ကျပ်လှ၏။ တုတ်တုတ်မျှ မလှုပ်၊ ကျွန်တော် က အင်္ကျီအောက်စကို ဘောင်းဘီတွင်းမှ ဆွဲထုတ်လိုက်ပြီး အင်္ကျီအောက်နား ပိတ်သား ခံလျက်နှင့် ဖိကိုက်ပြီး တအားလှည့်ဖွင့်ကြည့်သည်။ မဖြုံ။ သံချေးများကြောင့်ပင်ဖြစ်မည်။ ကျွန်တော့် မျက်စိ ၀ယ် ဖခင်၏ အလုပ်သေတ္တတွင်း မှ ပလာယာနှင့် သံညှပ်ကြီးကို မြင်ယောင်မိသည်။ ဤပစ္စည်းများ၏ အကူအညီဖြင့် ဆိုသော် ဘောက်မယ့် မရနိုင်စရာ ရှိသနည်း။

ထိုပနောက် ကျွန်တော်၏ လက်ချောင်းများသည် မီးစာအမြှင့်အတင်ပြုသည့် သံဝိုင်းကလေးပေါ် သို့ ရွေ့လျား သွားသည်။ မီးစာမြှင့်ခြင်း၊ ချခြင်းကို ပြုလုပ်ကြည့်သည်။ ကျွန်တော့် ရင်တွင်း ဟာခနဲဖြစ် သွားတော့ ၏။ မီးစာမြှင့်ချသည့် ခလုတ်ဝိုင်းကလေးမှာ အထိန်းအကွပ်မရှိဘဲ သွက်သွက်ခါအောင် လည်တော့သည်။ မီးခွက်တစ်ခုလုံး တစ်ပိုင်းစီစစ်ဆေးလာရာ တစ်စထက်တစ်စ စိတ်ကျေနပ်မှု၊ မျှော်လင့်မှုရနေပါလျက် ဤခလုတ်ကျကာ မှ ပျက်စီးခြင်းမလှ ပျက်စီးနေသည်ကို တွေ့ရသောအခါ မျှော်လင့်ချက် ပျက်သုဉ်းရတော့ သည်။

မီးစာထိန်းခလုတ်၏ အချက်အချာဖြစ်သော ခွေးသွားစိတ် ချော်နေသည့် စက်ကိရိယာချွတ်ယွင်း ချက်မှာ ၁၂ နှစ်သား သူငယ်တစ်ယောက်အတွက် မဖြေရှင်းနိုင်သည့် ပြဿနကြီးဖြစ်တော့သည်။ ကျွန်တော်သည် စိတ်ပျက်လက်လျှော့စွာဖြင့် မီးစာထိန်းခလုတ်ကိုသာ မဲလှည့်နေသည်။ စက်ပျက်သည်ဆို သော်လည်း လှည့်ဆဲတွင် ပင်လျှင် နောက်တစ်ချက်လာနှိုးဟူသော မျှော်လင့်ချက်ကလေးကို မစွန့်လွှတ်သေး။
ခလုတ်ကို လှည့်နေသော ကျွန်တော်၏ လက်ချောင်းကလေးများအတွေ့ဝယ် ခလုတ်ကို လှည့်နေရသည်နှင့် မတူ၊ ထူးခြားသော အတွေ့တစ်ခုဝင်လာသည်။ ထိုအတွေ့ကို ကျွန်တော် ကြိမ်ဖန်များစွာ တွေ့ဖူးသည်ကို မသေချာသေးသော် လည်း ရင်းနှီးသော အတွေ့ဖြစ်ကြောင်းကိုမူ အတွင်းစိတ်က သိနေပေသည်။

ဟုတ်ပြီ။ အလင်းရောင်တစ်ခုသည် ကျွန်တော်၏ ဦးနှောက်တွင်းသို့ ဖျတ်ခနဲဝင်လာသည်။ " ဟာ ... မဟုတ် တာဘဲ၊ မဖြစ်နိုင်ပါဘူး" ဟူသော ဆင်ခြေပေးချက်ဖြင့် အသိကို ပယ်ဖျက်ကြည့်ပေသေးသည်။ မရချေ။ အိမ်ကပေးသော ကျောင်းမုန့်ဖိုးတစ်ပြား ကို ကျွန်တော့်ဘောင်းဘီ ညာဘက်အိတ်တွင် ထည့်ကာ လက်မ၊ လက်ညှိုး၊ လက်မခလယ် တို့ဖြင့် ထိန်းလျက် နှစ်သိမ့်စွာ ကစားဖူး သည်။ ဤအတွေ့နှင့် တထေရာ တည်းပင် ယခု လက်တွင်းဝယ် တွေ့နေသည်။

ကျွန်တော်သည် မီးခွက်အိုကု ပိုမိုအလင်းရောင်ကောင်းရာဆီသို ကသောကမျောဆွဲယူလာကာ မီးစာထိန်း ခလုတ် ကို သေချာစွာစူးစမ်းကြည့်လိုက်သည်။ ကျွန်တော့် ရင်တွင်း၌ ၀မ်းသာခြင်းအဟုန်သည် အလုံးကြီး ပမာ တက်လာသည် ကို ဖိချရမှန်းပင် သတိမရတော့။ ကျွန်တော့်ညီကို ဟစ်ခေါ်လိုက်မိသည်။ ကျွန်တော့် ညီသည် သူ၏ တွေ့ရှိချက် များကို ချကာ ကျွန်တော့်ထံပါးရောက်လာသည်။ ကျွန်တော်က မီးခွက်မှ မီးစာ ထိန်းခလုတ်ကို သူသေချာ စွာမြင်နိုင်ရန် ထောင်ပြလိုက်သည်။ သူ့မျက်လုံးလေးများမှာ လက်လာလျက် ...
" ဟာ ... ပိုက်ဆံတစ်ပြားပါလား အစ်ကိုရေ " ဟူသော အာမေဍိတ်သံကို ကျွန်တော် နားဝင်ပီယံဖြစ်စွာ ကြားလိုက် ရတော့သည်။
မီးခွက်၏ မီးစာထိန်းခလုတ်မှာ ထိုစဉ်က တစ်ပြားဟုခေါ်သည့် ကြေးနီပိုက်ဆံတစ်ပြား ဂဟေစွဲတပ်ဆင်ထား သည်ကို ထူးဆန်းစွာတွေ့ရတော့၏။ တစ်နေ့စာကျောင်းမုန့်ဖိုးပင်ဖြစ်သည်။ ကျောင်းပိတ်သည့် နေ့တွင် ပိုက်ဆံ တစ်ပြားရရန် ကြံဖန်ဖြစ်ပေါ်လာသော ကိန်းမှာ ရတနာရွှေမိုးကို သောက်ချိုးရတော့မည့် ကိန်းပင်တည်း။

ထူးဆန်းသောမီးခွက်ဟောင်းတွင် အနှစ်နှစ် အလလ ကိန်းအောင်းနေသော ရတနာကို အရဖြုတ်ယူရန် စီစဉ် ရတော့သည်။ ကျွန်တော်တို့သည် မီးခွက်ကို ခေါင်းထောင်၊ ဖင်ထောင်၊ အမျိုးမျိုးအဘက်ဘက်မှ လှန်လှောကြည့်ရှုရာ တွင် ပိုက်ဆံပြားဖြုတ်ရန်မှာ မီးစာထိန်းခွေးသွားစိတ်တို့ ဆက်ထားသော အတံကို သံစို့နှင့် ရိုက်ဖျက်မှ သာလျှင် မီးခွက်မှ ခွာရနိုင်မည်ဖြစ်ကြောင်းကို သိရသည်။
သံစို့နှင့် သံတူမှာ ဖခင်ကြီး၏ အလုပ်သေတ္တာတွင်း၌ရှိသည်ကို ကျွန်တော်တို့သိသည်။ ထို့ကြောင့် ကျွန်တော်က ညီဖြစ်သူအား ...
" ဟေ့ ... မင်းသွားပြီး ပါပါ့သေတ္တာထကြ စို့နဲ့ တူတစ်ချောင်းယူခဲ့၊ ငါ ဒီက စောင့်နေမယ် "
" ဟာ ... အစ်ကိုကလည်း၊ ကျွန်တော် ... "
" ဘာလဲ ... မင်း မုန့်မစားချင်ဘူးလား၊ ဒါဖြင့်နေ "
ကျွန်တော်က ထန်လိုက်ရာ သူသည် မသွားချင် သွားချင်နှင့် ထသွားတော့သည်။ သူမသွားချင်သည်ကို ကျွန်တော်သိ၏။ ကျွန်တော်တို့ ဖခင်သည် သူ့အလုပ်သေတ္တာတွင်းမှ ပစ္စည်းများ ကျွန်တော်တို့ ဆော့ယူ ကစားသည်ကို တွေ့မ်ြပါက ခပ်စပ်စပ် တီးလေ့ရှိ၏။ ထို့ကြောင့် ပစ္စည်းယူဆော့မိ၍ အတီးခံရလျှင် ကျွန်တော့်ညီ အတီးခံရခြင်း က ကျွန်တော့်အတွက် သက်သာမည်ဖြစ်ကြောင်း ယင်းစေတနာအရ သူ့ကို အခက်အခဲအပိုင်း တာဝန်ပေးခြင်းပေတည်း။

အတန်ကြာသော် စို့တစ်ချောင်းနှင့် တူတစ်လက်ကိုင်ကာ သူပြန်လာ၏။ ကျွန်တော်တို့သည် မီးအိမ်ကို သံလမ်းပျက်တစ်ခုပေါ်တင်ကာ သူက ကိုင်ပေးထားစဉ် ကျွန်တော်က စို့နှင့်ရိုက်ဖြတ်သည်။ ၄ ၊ ၅ ချက်မျှ ရိုက်လိုက်သည် ဆိုလျှင်ပင် မီးစာထိန်းခလုတ်မှာ မီးအိမ်မှ ခန္ဓာကြွေလာတော့သည်။ ကျွန်တော် တို့သည် ပြတ်ထွက်၍ လွင့်စဉ်လာသော မီးစာထိန်းခလုတ်ကလေးကို အငမ်းမရလိုက်ကောက်ကြသည်။ မီးအိမ် ကိုမူ ကျွန်တော် တို့ စိတ်ဝင်စားခြင်းမရှိကြတော့ချေ။
ယခု ဒုတိယပြဿနာရင်ဆိုင်ကြရပြန်သည်။ မီးစာထိန်းခလုတ်ဘီး သဖွယ် တပ်ဆင်ထားသော ကြေးနီ ပိုက်ဆံပြား ကလေးမှာ မီးအိမ်မှ ကင်းကွာလာပြီဖြစ်သော်လည်း သူတစ်ဦးတည်း မဟုတ်မူဘဲ မီးစာမြှင့်သော အတံ ကလေးက အလယ်ဗဟိုတွင် တန်းလန်းစိုက်ပါလျက်ပင်ရှိသေး၏။ မီးစာထိန်းခလုတ်ဘီး မှ ကြေးနီပိုက်ဆံ တစ်ပြားသန့်သန့်ဖြစ်ရန်မှာ ထိုအတံလေးနှင့် ကြေးနီပိုက်ဆံဆက်စပ်ထားသော ဂဟေကို ဖြုတ်ရပေဦးမည်။ ထို ဒုတိယအဆင့် အခက်အခဲအတွက် ကျွန်တော်တို့ နှစ်ဦးစလုံး ပူးပေါင်းဖြေရှင်းကြရ သည်။

ကျွန်တော်တို့သည် မီးဖိုချောင်ရှိရာသို့ အရိပ်အခြည်ကြည့်ကာ ၀င်လာခဲ့ကြသည်။ အမေမှာ မီးဖိုတွင်း၌ မရျိချေ။ ဟင်းအိုး တစ်လုံးကို မီးကျီးခဲရဲရဲဖြင့် ခပ်မျှင်းမင်းနှပ်ထားခဲ့ပြီးနောက် တစ်ဖက်ရှိ ဒေါ်တဲတို့အိမ်ဘက် ကူးကာ လေကန်ကောင်းနေဆဲဖြစ်၏။ ဖခင်မှာ အိမ်ရှေ့၌ အလုပ်များနေခိုက်ဖြစ်သည်။ အချိန်အခါ ကောင်း ပင်ဖြစ် ၏။ ကျွန်တော်တို့သည် မီးစာထိန်းခလုတ်ဘ၀မှ ချက်မကြွေသေးသော ကြေးနီပိုက်ဆံပြားကို မီးကျီး မီးခဲများ အလယ်တွင် ဂရုတစိုက် ဖုတ်ချလိုက်သည်။ မီးရှိန်ပြင်းပြင်း ရစေရန်အတွက် ကျွန်တော်က မီးပြောင်းဖြင့် လည်းကောင်း၊ ညီတော်မောင်က ယပ်တောင်တစ်ချောင်းဖြင့်လည်းကောင်း တဟူးဟူးမှုတ် ကာမီးပြင်း တိုက်ကြသည်။ လွင့်ပျံတက်လာသောပြာများ၊ တဖောက်ဖောက်ပေါက်စွာဖြင့် ပိုက်ဆံသန္ဓေသား ကို မီးညှပ်ဖြင့် ကောက်ယူကာ နီးရာ ရေအင်တုံတစ်ခုတွင်း၌ နှစ်လိုက်၏။ "ရှဲ" ဟူသော မြည်သံနှင့် အတူ ကြေးပိုက်ဆံသန္ဓေသားသည် တေဇောဓာတ်အလုံးမှ ကင်းဝေးသွားပြီးနောက် ကျွန်တော်၏ မွတ်သိပ်သော လက်ဝါးပြင်ထက်ဝယ် ပသာဒဖြစ်ဖွယ်ရောက်ရှိလာသည်။

ကျွန်တော်တို့ညီနောင်သည် ၀မ်းသာအားရ လူကြီးများနှင့် ကင်းဝေးရာ အိမ်နောက်ဖေး ကုက္ကိုပင်ကြီးအောက် သို့ ပြေးသွားကြသည်။ ကျွန်တော်တို့သည် ကြေးပိုက်ဆံကလေးကို မြေမာမာတွင် ချကာ တံတွေးနှင့် စွတ်စိုစေပြီးနောက် တစ်ယောက်တစ်လှည့်ဖနောင့်ဖြင့် ဖိတိုက်ပွတ်လှည့်လိုက်ကြရာ ၅ မိနစ် ခန့်ကြာသည် တွင် ကြေးပိုက်ဆံကလေးမှာ နှစ်ပေါင်းများစွာ ကြေးညှီအထပ်ထပ် ဖုံးအုပ်မှေးမှိန်နေရာ မှပြောင်လက်သော ကြေးပိုက်ဆံတစ်ပြားဖြစ်လာတော့သည်။ ခေါင်းဘက်တွင် ပဉ္စမမြောက် ဂျော့ဘုရင်၏ သရဖူ သည်ပင် အရောင်တလက်လက်ထွက်နေချေပြီ။ ပန်းဘက်တွင် ပန်းတစ်လိမ်နန်းတစ်လိမ် ပန်းခွေ ကလေးများ ကောင်းစွာပေါ်လာသည်။ ပန်းခွေကလေးအတွင်းရှိ စာတန်းကလေး ငါးတန်းအနက်မှ အပေါ် ဆုံးတန်းမှ "One"ဟူသော စာလုံးကလေးမှာ ကြွကြွရွရွရှိလှ၏။ အောက်စာတန်း နှစ်ကြောင်းမှာ ၀ိုးတ၀ါး မျှသာ မြင်ရသေး၏။ နောက်ဆုံးစာတန်းနှစ်ကြောင်း အနက် "India" စာလုံးနှင့် "1914"ဟူသော သက္ကရာဇ် အမှတ်အသားမှာ ထင်ရှားစွာတွေ့နေရပြီ။

သို့သော် ...
သို့သော် ကျွန်တော်တို့မှာ မမျှော်လင့်သော တတိယအခက်အခဲကို ရင်ဆိုင်ကြရပြန်သည်။ မီးအိမ်ထုတ်လုပ် သည့်စက်ရုံ မှ အလုပ်သမားသည် ကြေးပိုက်ဆံကို အလယ်တည့်တည့်မှ ဖောက်ကာ မီးစာ ခလုတ်တံနှင့် နှစ်ပါးမသွေ ဂဟေက်ခဲ့သည့်အတွက်ကြောင့် ကြေးပိုက်ဆံခမျာ မိမွေးတိုင်း ဖမွေးတိုင်း မဟုတ်မူ ဘဲ အပျို ရည်ပျက်လျက် ဗဟိုချက်၌ အပေါက်ဟောင်းလောင်းကလေးဖြင့် ရုပ်ပျက်နေသော ဒဏ်ချက် ကို တွေ့ကြရ သည်။
ကျွန်တော် တို့သည် ကြေးပိုက်ဆံကို ယူကျုံးမရစွာဖြင့် ယုယကိုင်တ်ွရင်း ဖင်လှန်ခေါင်းလှန် ကြည့်ကြ သည်။ သေသေချာချာကြည့်ကာမှ အပေါက်မှာ ပိုမိုထင်ရှားလာသည် အောက်မေ့ကြရ၏။
" ကဲ၊ ဘယ့်နှယ်လုပ်မလဲ ငါ့ညီ"
ကျွန်တော် က ညီတော်မောင်ကို အကြံတောင်းမိ၏။ သူသည် ကြေးပိုက်ဆံကို သေချာစွာ ကိုင်တွယ်ကြည့် ပြီး ...
" ဒီအပေါက် ကို ပိတ်လို့မရဘူးလား" ဟု မေးလိုက်သည်။

" ဘယ်လိုပိတ်မလဲ၊ တို့မှ ဂဟေမဆော်တတ်ဘဲ "
" ဂဟေမတော်နဲ့လေ "
" မတော်ဘဲ နဲ့ ဘယ့်နှယ်ရမလဲကွ "
" ပြစမ်းပါဦး၊ မန်ကျည်းသီးမှည့်ကလေးနဲ့ အသာပိတ်ထားရင် ရတာပေါ့ "
ကျွန်တော် တို့သည် မီးဖိုတွင် ပြန်ဝင်ကာ မန်ကျည်းသီးမှည့်အိုးကို နှိုက်ကြသည်။ မန်ကျည်းသီးမှည့် မီးခြစ်ဆံ ခေါင်း သာသာမျှနှင့် တဲလိုက်သောအခါ အပေါက်ကလေးမှာ ရုတ်တရက် မမြင်သာဖြစ်သွားသည်။ သို့သော် ကြမ်းကြမ်းတော့ အကိုင်မခံ။ နည်းနည်းချောစိစိဖြစ်နေသည်။
" ရတော့ ရပြီကွ၊ ဒါပေမဲ့ သုံးဖို့က ရှိသေးတယ်၊ မင်းဘာစာချင်သလဲ "
" ဒေါ်မြိုင့် မုန့်ပျားသလက် "
" နင့် မေဂေါင်း၊ ဒေါ်မြိုင်မုန့်ပျားသလက် စားလိ့ရပါ့မလား၊ ဒေါ်မြိုင်က မနက်အစောကြီးရောင်းတာ၊ ဒီပိုက်ဆံကို ညမှာ ပဲ ၀ယ် ရမယ်၊ ဒါမှ သေသေချာချာကြည့်လို့မရမှာ "
" ဟုတ်တယ်၊ ဟုတ်တယ်၊ ဒါဖြင့် ညဓာတ်ရှင်ရုံမှာ ဒေါ်အေးတင်မုန့်ပျားသလက် စားမယ်"
သူသည် မုန့်ပျားသလက် ကို အတော်ကြိုက်သည်။ အစားဆိုလျှင် မုန့်ပျားသလက်ကိုပဲ သတိရတတ်သည်။

" အေး ... ကောင်းပြီ၊ ညကျ ငါနဲ့ ဓာတ်ရှင်ရုံလိုက်ခဲ့၊ ဘယ်သူ့မှမပြောနဲ့နော်၊ ဟုတ်လား "
ထိုနေ့အဖိ့ နေ့တာမှာ ရှည်လှသည်ဟု အောက်မေ့ရသည်။ ကျွန်တော်သည် ပိုက်ဆံကို ဘောင်းဘီတို အိတ်တွင်း ထည့်ကာ ညရောက်မည့်အချိန်ကို ရမ္မက်ကြီးစွာဖြင့် ငံ့လင့်သည်။ ကြေးနီပိုက်ဆံတစ်ပြား ကျွန်တော့်လက်ဝယ် ရှိ သည့်အခါ ညီတော်မောင်မှာ ကျွန်တော့်အား သာ၍မျက်ခြည်ပြတ်မခံတော့ချေ။ ၀ီရိယကောင်းစွာဖင့် တကောက်ကောက် လိုက်နေတော့၏။
ကျွန်တော် က ဈေးတန်းရပ်သို့ သွားကာ ဖက်တီးမောင်မောင်၊ ကြိတ်ဖောင်တို့နှင့် ပိုလိုကား ခေါင်းပန်းလှည့် ရန် သို့မဟုတ် သွပ်စေ့တစ်ပြားဖိုးဝယ်ကာ သွပ်စေ့ပစ်ကစားရန် ဆွယ်ကြည့်သေးသည်။ သူက အပြင်းအထန် ကန့်ကွက် ၏။ မတော်တဆ ရှုံးသွားခဲ့သော်မခက်ချေလော။

ညနေမှောင်ရီပျိုး၍ မိုးချုပ်ချိန်ဝယ် ကျွန်တော်တို့ညီနောင်သည် ဓာတ်ရှင်ရုံဘက်သို့ မယောင်မလည် ထွက်လာခဲ့ကြသည်။ ဓာတ်ရှင်ရုံမီးရောင်အောက်ဝယ် ရပ်ကွက်ပေါင်းစုံမှ ကလေးပေါင်းစုံ သည် ပြေးလွှား ခုန် ပေါက်ကစားနေကြသည်။ လူကြီးမင်းများမှာ သူတို့ကိုလွတ်အောင် မနည်းရှောင်ကြရသည်။
ကျွန်တော်တို့သည် ဒေါ်အေးတင်မုန့်ပျားသလက်ဆိုင်အနီးသို့ အရိပ်အခြည်ကြည့်ရန် ထွက်လာကြသည်။ အရိပ်အခြည်ကို တွေ့ရလျှင် ကျွန်တော်က ...
" ကဲ ... သွားဝယ်လေကွာ။ ငါဒီကစောင့်နေမယ် "
" အား ... အစ်ကိုသွားဝယ်ပါ "
" ငါမသွားချင်ဘူး၊ မင်းသွားပါကွ၊ သွားပါ "
" ဟင် ... ကျွန်တော်တစ်ယောက်တည်းမသွားရဲဘူးဗျ၊ အစ်ကိုပါ လိုက်မှ "
ငနဲ ကြောက်နေသည်။ အမှန်တော့ ကျွန်တော်လည်း သွားမ၀ယ်ရဲချေ။ ဘယ်သို့ သွားရဲစရာ ရှိပါသနည်း။ ဒေါ်အေးတင်ဆိုင်မှာ ဆီမီးခွက်ကြီးထိန်ထိန်လင်းနေသည်သာမက မုန့်ပျးသလက်ဖိုမှ မီးများ ကလည်း ကူညီ အလင်းရောင်ပေးနေပြန်သည်။ ပိုက်ဆံကို ဒီနေရာတွင် သုံးရန် ကျွန်တော့်စိတ်မလုံပါ။

" လာပါကွာ၊ သူ့မုန့်ပျားသလက်ကလညး မကောင်းပါဘူး၊ ဒီ့ပြင်ဟာ တို့ဝယ်စားကြတာပေါ့ "
ကျွန်တော်သည် စပျစ်သီးချဉ်သော မြေခွေးပုံကို ဖတ်ထားသည်မှာ မကြာသေး။ ကျွန်တော် တို့သည် ဈေးတန်းလျှောက်ကာ အင်္ဂါချွတ်ယွင်းနေ သည့် ကြေးပိုက်ဆံတစ်ပြား သုံးရန် အခွင့်ကောင်း ရှာကြ သည်။
ချင်းသုပ်ဆိုင်မှာ ၂ ပြားဖိုးမှ ရောင်းသည့်အတွက် စိတ်ကူးမထည့်နိုင်။ မြေပဲလှော်က တစ်ပြားဖိုး နည်းလွန်း လှသည်။ ၂ ယောက်အတွက် မလုံလောက်၊ မုန့်လေပွေကို သူက မကြိုက်၊ မုန့်ရေပါးကို ကျွန်တော်က မကြိုက်။
ညဈေးတန်းဆုံး လုခါနီးမှ ဗြုန်းခနဲတွေ့လိုက်ရ၏။ ဆိုင်ကလေးမှာ မှောင်ရိပ်ကျသည်။ မီးခွက်ကလေးလည်း မှိတ်တုတ်မှိတ်တုတ်၊ ရောင်းသည့် မုန့်ကလည်း ဆီးယို၊ ကျွန်တော်တို့ ညီအစ်ကိုနှစ်ဦးစလုံး အကြိုက်ဖြစ် သည်။ ရောင်းသည့် ဈေးဆိုင်ရှင်မှာလည်း က္ကုန္ဒာရပ်က ဒေါ်ချစ်စု၊ မျက်စိက မှုန်မွှားမွှား၊ နေ့ခင်းပင် ကောင်း စွာသဲကွဲသူ မဟုတ်။

" လာဟေ့ ငါ့ညီ "
ကျွန်တော်သည် ညီကို လက်ကုတ်ကာ ဒေါ်ချစ်စုဆိုင်ဘက် လျှောက်လာခဲ့သည်။ ဈေးဝယ်သူ ရှင်းလှ၏။
" မင်း ဆီးယိုစားမယ် မဟုတ်လား "
" စားမယ် "
" ဒီလိုလုပ်၊ မင်းနဲ့ ငါအတူသွားကြမယ်၊ ဆီးယိုတစ်ပြားဖိုး ၀ယ်မယ်၊ သူဆီးယိုထုပ်ပေးပြီးတာနဲ့ မင်းက ယူပြီး အသာ ထွက်သွား။ နည်းနည်းဝေးတာနဲ့ ပြေးပေတော့၊ ကိုးခန်းတိုက်နားက ပြွန်ပေါ်မျာ ငါ့ကိုစောင့်နေ။ မစားနဲ့ဦးနော် "
သူ့ကို စိတ်မချ၍ မှာရသေးသည်။
" မစားပါဘူးဗျာ" ဟု သူက ဘောက်ဆတ်ဆတ်ပြော၏။

" ငါက ပိုက်ဆံရှာမတွေ့သေးသလိုလိုနဲ့ ဟိုစမ်းဒီစမ်းလုပ်နေပြီးမှ ပိုက်ဆံပေးပြီး လိုက်လာခဲ့မယ်၊ ကြားလား "
" ကြား ပါတယ်၊ သွားဝယ်ပါ "
" လာလေကွာ "
" သွားပါ "
" လာပါဆိုမှ  တယ် ... ဒီကောင် "
" သွားပါဆိုမှပဲ၊ လာနေတဲ့ဥစ္စာ"
ကျွန်တော်တို့သည် ဒေါ်ချစ်စုဆိုင်ရှေ့သို့ပင် ရပ်လိုက်ကြသည်။
" ဆိးယိုတစ်ပြားဖိုးပေးပါ "
ကျွန်တော်က အသံကို တတ်နိုင်သမျှ မှန်စေရန် သတိထားပြောလိုက်သည်။

" တစ်ပြားဖိုးစီလားဟဲ့ "
" တောက် ... မျက်စိမှုန်ရတဲ့အထဲနားကလေးသေးသဗျ"
" မဟုတ်ဘူး၊ တစ်ပြားဖိုးပဲ "
ဒေါ်ချစ်စု သည် စက္ကူတစ်ရွက်အတွင်း ငှက်ပျောဖက်ခင်းကာ သံဇလုံတွင်းမှ ဆီးယိုများကို လက်တုန်တုန် ယင်ယင်ဖြင့် ကော်ကည့်နေသည်။ ဆီးယိုမှာ ထန်းလျက်ရွှဲရွှဲဖြင့် ကျိုထားသည်မို့ ချိုလှပေမည်။
ဒေါ်ချစ်စု ဆီးယိုထုပ်လှမ်းပေးသောအခါ ကျွန်တော်က ညီတော်မောင်အား လှမ်းကြည့်လိုက်သည်။ သူသည် ဆီးယိုထုပ် ကို သွက်လက်စွာ လှမ်းယူခဲ့သည်။ သို့သော် သူ့သွက်လက်မှုမှာ စခန်းမသိမ်းသေးဘဲ ချာခနဲ လှည့်ကာ သွက်သွက်ကြီး ထွက်သွားပြန်သည်။ ဒေါ်ချစ်စုက ပိုက်ဆံမပေးဘဲ ထွက်သွားသည်အထင် ကြောင့် ...
" ဟဲ့ ... ကောင်လေး၊ ဟဲ့ ... ကောင်လေး " ဟု ထလိုက်မတတ် အော်တော့သည်။

ဤတွင် အစီအစဉ်အားလုံး ပျက်ရတော့၏။ ဒေါ်ချစ်စုအော်သံကြောင့် ကျွန်တော်လည်း ထူပူသွားကာ ပိုက်ဆံ ကို ဘောင်းဘီအိတ်တွင်းမှ ကပျာကယာနှိုက်ပြီးနောက် ဆီးယိုလင်ပန်းတွင်းသို့ ဒေါက်ခနဲပစ်ချ၍ တစ်ဟုန်တည်း လစ်တော့သည်။ ရှေ့က ပြေးနှင့်သော ညီတော်မောင်ကို အရိပ်အယောင်မျှမမြင်ရသော်လည်း သူ့ရှေ့က ပြေးသွားခြင်းမှာ လူအုပ်တွင်း ခွေးရူးတစ်ကောင်စွတ်ပြေး သကဲ့သို့ ရုတ်ရုတ်သဲသဲဖြစ်သွားခြင်း၏ အခြေများကို တွေ့ရသည်။ အေးအေးလူလူ လမ်းလျှောက်နေကြ သောလူကြီးလူလတ်မိန်းမတို့၏ ပါးစပ်မှ အယုတ္တ အနတ္တ အသံများထွက်ပေါ်သွားသည်။ ကျွန်တော်သည် သူ့ပြေးချက်ကြောင့် ထသွားသော အဆဲဂယက် များ ကြားဝယ် စွတ်လိုက်ပြန်သည်။ ကျွန်တော့် နောက်ကွယ်တွင်လည်း ဆဲဆိုရေရွတ်ခြင်း ဂယက် များ ထသွားပြန်သည်။

ကျွန်တော်သည် ပြေးရင်းလွှားရင်း သတိရကာ နောက်မှလိုက်လာသူရှိခဲ့သော် မျက်ခြည်ပြတ်နိုင်စေရန် အတွက် တောင်ဘက်ချိုးသော ဖက်တီးမောင်မောင်တို့ အိမ်လမ်းဆီ ချိုးချလိုက်သည်။ ချိုးပြီးမှ ဤလမ်းမှာ မျောင်နှင့် မည်းမည်းဖြစ်လျက် မြူနီစီပယ်ရုံအနီးက မန်ကျည်းပင်အုပ်စုကြီးတွင် တစ္ဆေရှိသည်ဟု ကြားဖူး သည့်အတွက် ပြန်လှည့်ပြီး နဂိုလမ်းကြောင်းကိုပင် ခြေကုန်သုတ်ရပြန်သည်။ နောက်မှ တပ်နှင့်လိုက်သည် ဖြစ်စေ ညအချိန်မတော် လမ်းမှောင်မှောင်တွင် တစ္ဆေကိုတော့ အလေးပြုရပေမည်။
ဈေးတန်းလမ်းမကြီးပေါ် ရောက်သော် နောက်မှ အသံဗလံများမကြားရတော့ချေ။ ထို့ကြောင့် ကျွန်တော်က အပြေးလျှော့ကာ ချိန်းဆိုထားသည့် ကိုးခန်းတိုက်ပြွန်ရှိရာသို့ အသော့ကလေး ပြေးလာခဲ့လေသည်။

ကျွန်တော် ရောက်သော် သူ့ကို ပြွန်ပေါ်၌ တွေ့ရသည်။ သူလည်း ရောက်သည်မှာ ကြာသေးဟန် မတူ၊ အသက်ပြင်းပြင်းရှူ၍ မောဆဲပင်ဖြစ်၏။ ကျွန်တော်က ခရီးရောက်မဆုက် အမောမဖြေနိုင်သေးဘဲ ...
" ဆီး ... ဆီး ... ဆီးယိုရော "
သူက မောသံအပြင် ငိုသံပါကြီးဖြင့် " ကုန် ... ကုန် ... ကုန်ပြီ" ဟူ၍ ပြန်ပြော၏။ ကျွန်တော့်မှာ ငယ်ထိပ်မြွေ ကိုက်သကဲ့ သို့ ဖြစ်သွားပြီး ...
" ဟင် ... မင်း ... မင်း ... အားလုံးစားလိုက်တယ်ပေါ့ "
သူ့အသံမှာ ရှိုက်သံပင် ပါလာချေပြီ။
" အီး ... ဟီး ... ရွှတ် ... မှောက်ကုန်ပြီဗျ၊ အူး ... အူး "
ကျွန်တော့် မှာ လဲကျမတတ် အားလျော့သွားသည်။ သူ့အခြေအနေကို ကြည့်လိုက်ကာမှ ပို၍ပို၍ စိတ်မသက် သာစရာတွေ့ ရသည်။ သူ့တစ်ကိုယ်လုံးတွင် ရင်ဘတ်မှ ဗိုက်တစ်လျှောက်နှင့် ဒူးခေါင်းအထိ အင်္ကျီ၊ ဘောင်း ဘီများ မှာ ဆီးယိုမှောက်ထားခြင်းကြောင့် ထန်းလျက်ရည်များဖြင့် ပေကျံ၍နေတော့သည်။ ဘယ်နေရာလဲ ခဲ့မှန်းမသိသော ဒဏ်ချက်ကြောင့်လည်း ဒူးဆစ်တွင် သွေးရဲရဲဖြစ်နေ၏။
ကျွန်တော်မှာ ဘာလုပ်ရမည်ကိုပင်မသိတော့။ သူ့ကိုပင် အပြစ်တင်ကာ အိမ်သို့ပြန်ခဲ့ရတော့သည်။ တစ်နေ့လုံး အပတ်တကုတ်ကြိုးစား အားထုတ်၍ လုပ်ကြံယူခဲ့ရသော ကြေးပိုက်ဆံတစ်ပြားမှာ အလဟဿဖြစ်ရချေတော့ သည်။

အိမ်အပြန်တစ်လျှောက်လုံးတွင် စိတ်အခမြကျေတိုင်း သူ့ဇက်ပိုးကိုသာ တစ်ချက်ပြီးတစ်ချက် အုပ်ရင်း ကြိမ်းမောင်း၍ ပြန်ခ့သည်။ သူကလည်း တဟီးဟီးငိုတော့သည်။ သူ့ငိုသံမှာ ကျွန်တော့်အတွက် နားကြားပြင်း ကပ်စေသည့်အပြင် သူ့ပိန်ညောင်ညောင်ဇက်ပိုး၏ အနောက်ဘက်မှ အချိုင့်ကလေးသည် လက်ဝါးနှင့် ရိုက်လိုက်တိုင်း "ဖြောင်း"ခနဲ "ဖြောင်းခနဲ" မြည်ကာ အုပ်သူအတွက် အားတက်စရာကောင်း လှသည်။
ကျွန်တော်တို့ အိမ်နှင့် မလှမ်းမကမ်းရောက်သည်တွင် အခြေအနေမှာ မျှော်လင့်သည်ထက် ပိုဆိုးနေကြောင်း တွေ့ ရတော့သည်။

အိမ်ရှေ့မီးရောင်တွင် ဒေါ်ချစ်စု၏ ပျာလောင်ပျာလောင် အမူအရာနှင့် ညောင်စာစာအသံကို ကြားရသည်။ ကျွန်တော့်အမေ၏ ...
" ဟုတ်တယ်၊ ကျွန်မလည်း မသိဘူး၊ တစ်နေ့လုံး ဘာလုပ်ကြတယ်မဆိုနိုင်ဘူး၊ ဟင်းအိုးကြီးလည်း မီးတွေ ထည့်သွားတာ တူးလို့၊ လာစမ်းပေ့စေ၊ သင်းတို့တော့လား" ဟူသော ပုဏ္ဏက တိုက်သံကို စိတ်မချမ်းသာစွာ ကြားကြရတော့ သည်။
ထူးဆန်းသောမီးခွက် မှ ရရှိသည့် ရတနာ၏ အကျိုးပေးကား တရွမ်းရွမ်းကျလာသော မန်ကျည်း ခက်    သေးသေး အောက် ၀ယ် အမဲခြောက်ဖုတ်သည့်နှယ်။
-------------------------------------
ပြီးပါပြီ
မောင်သော်က (ပြန်လည်ဆန်းသစ်)
 ရယ်စရာမဂ္ဂဇင်း ဒီဇင်ဘာ ၂၀၁၂

.

1 comment:

Anonymous said...

မိုက်စ်...


ကြိုက်တယ်..အမ
ဒီလိုစာကောင်းတွေ အမတင်မှပဲ ဖတ်ဖြစ်တယ်။

ကျေးဇူး


ညီမ