Wednesday, November 14, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၇)

ကြည့်ခြင်းနှင့်မြင်ခြင်း၊ မမြင်ခြင်း

“ ကြည့်ခြင်းနှင့် စိုက်ကြည့်ခြင်း ဘာကွာပါလိမ့်။ ကြည့်တာက အားစိုက်တာ။ လှုပ်ရှားနေတာ။ အာရုံကျတဲ့ အရာ ကို ကောက်ယူ၊ တစ်စက်မှမကျန်အောင် ညှစ်ထုတ်ရင်း ကြည့်ခြင်းရဲ့ အရှိန်က တက်လိုက်ကျလိုက်။ စိုက်ကြည့် တာက တကယ်တော့ စွဲမိစွဲရာ။ အငြိမ်။ အတက်အကျ မရှိ။ အသေ “
(ဆူဇန်ဆွန်တက်၊ အမေရိကန်စာရေးဆရာ)

(၁)
အသက်(၃၀)အရွယ် လူငယ်တစ်ဦးက ဆေးခန်းလာပြသည်။ အသားဝါအသည်းရောင် ရောဂါဟု မိသားစု ဆရာဝန် က အမည်တပ်ပြီး ကျွန်တော့်ဆီ ပို့လိုက်တာ။ ရောဂါရာဇ၀င်စေ့ငုကြည့်တော့ ဆီနည်းနည်းဝါသတဲ့။ အသား ကတော့ မ၀ါ။ အစားအသောက်က မပျက်။ မျက်စိကတော့ နည်းနည်းနီသတဲ့။ မျက်စိက နီတာလား၊ ၀ါတာ လား မေးကြည့်တော့ နီတာတဲ့။ မ၀ါပါတဲ့။ အထူးသဖြင့် နေ့လယ်နေ့ခင်း တစ်ရေးအိပ်ပြီး ထအလာမှာ မျက်လုံးတွေက နီရဲနေလေတော့ အကြောင်းမသိသူတွေက အရက်သောက် ထားသလားလို့တောင် မေးတာ ခံရသတဲ့။ သူ က အရက်လုံးဝမသောက်ဘူး။
ကျွန်တော် စမ်းကြည့်တော့ သရက်ရွတ် (ဘေလုံး) ပါ ကြီးနေတာ တွေ့ရသည်။

အသည်းရော ဘေလုံးပါ ကြီး၊ အသားအရောင်က နီစပ်စပ်၊ မျက်စိက ခပ်နီနီ၊ လက်ဖ၀ါးတွေက ခပ်ရဲရဲ။ ဟုတ်ပြီ၊ လင်းပြီ။ ဒါ သွေး ရောဂါတစ်မျိုးပဲ။ Polycythemia ဖြစ်ရမယ်။ သွေးထဲတွင် သွေးနီဥတွေ မတန်တဆ များနေခြင်း။ ပွားနေခြင်း၊ စမ်းသပ်မှုတွေလုပ်လိုက်တော့ ကျွန်တော့်ကောက်ချက် မှန်သည်။ သွေး ထဲတွင် သွေးနီဥ သာမက သွေးဖြူဥရော။ သွေးမွှားတွေပါ များနေသောPrimary Polycythemia ရောဂါဖြစ်နေ တာ။ သွေးနီဥတွေ အဆမတန် များနေလို့ တစ်ကိုယ်လုံး နီရဲနေရတာ။

လူနာက မျက်စိရဲ တာကို စ သတိထားမိလို့ အရင်ဦးဆုံး မျက်စိဆရာဝန်နဲ့ ပြသတဲ့။ မျက်စိဆရာဝန်ကြီးက မျက်စဉ်းဆေးပေး လိုက်လို့ ခတ်နေတာ တစ်ပတ်ကျော်ကျော် ကြာသတဲ့။ ဒါနဲ့ မထူးခြားလို့ မိသားစု ဆရာဝန်ဆီပြ ရာက ကျွန်တော့်ဆီ ရောက်လာတာ။ မျက်စိ ဆရာဝန်က မျက်စိပဲမြင်ပြီး မိသားစုဆရာဝန်က အသည်း ပဲမြင်သည်။ တကယ်က သွေးရောဂါ။
သူ့သွေး ကို နှစ်ပတ်တစ်ကြိမ်၊ တစ်လတစ်ကြိမ် ပုံမှန်ဖောက်ပေးလိုက်တော့ သူ့ရောဂါ လက္ခဏာ တော် တော် သက်သာ လာသည်။ ယခင်ကဆိုလျှင် ခေါင်းကြီးက အုံခဲနေတတ်ပြီး လူက လုပ်ချင်ကိုင်ချင်စိတ်မရှိ။ နှစ်ပေါင်း ၂၀ ကျော်သည် ထိ ကျွန်တော့်ထံမှာ ဆေးကုသမှုခံယူနေဆဲ။

(၂)
ကျောင်းအုပ်ဆရာမကြီး တစ်ဦး၏ သားငယ် လူပျိုပေါက် ဆယ်တန်းအောင်ပြီး ကျောင်းဆက်မတက်တော့ဘဲ ကားဝပ်ရှော့တစ်ခု မှာ အလုပ်သင် ၀င်လုပ်သည်။ လူက ခင်ခင်မင်မင် ပေါင်း တတ်တော့ လူချစ်လူခင်များသည်။ အလုပ် ကို ရိုရိသေသေ ကြိုးကြိုးစားစားလုပ်တော့ အလုပ်ရှင်က သူ့ကို ချစ်ခင်သည်။ သူ့အဖေ က နှလုံးရောဂါဝေဒနာ သည်။ သူ့အစ်မက ကျောက်ကပ်ရောဂါ ခံစားနေရသူ။ အမေက သမီးနှင့် ခင်ပွန်းကြား လူးလာခေါက်တုံ့ပြေး ရသည်။ ကျောက်ကပ်ရောဂါသည် သမီးက ရန်ကုန်မှာ ဆေးသွားကုရသည်။ အိမ်သားက မန္တလေးမှာ။ သမီးက ကံကောင်းထောက်မစွာ ကျောက်ကပ်အစားထိုးကု သည့် လူနာစာရင်းထဲ ၀င်သွားသည်။

သမီးတစ်ဦး က သူ့ကျောက်ကပ် ကို အစ်မအတွက် လှူသည်။ ခွဲစိတ် ကုသမှုရော နောက် ဆက်တွဲ ဆေးကုသမှု ပါ အောင်မြင်သည်။
သမီး ကျန်းကျန်းမာမာ ထူထူထောင်ထောင် ဖြစ်လာ၍ ၀မ်းသာလို့မဆုံးခင်မှာ သားငယ်က မျက်စိပြဿနာ ပေါ် သည်။ ဆရာမခမျာ မန္တလေး ပြန်ပြေးလာရသည်။ သားငယ်က ၀ပ်ရှော့မှာ သံဂဟေ (Welding) ဆော် ရင် လက်တံ က လိုရာမရောက်ဘဲ ချော်ချော်ထွက်သတဲ့။ သူ့မျက်စိနဲ့လက် အံမကိုက်ပါတဲ့။ ဒါ မျက်စိ ကြောင့် ဖြစ် ရတာ နေမှာဆိုပြီး မျက်စိဆရာဝန်နဲ့ စပြဖြစ်သတဲ့။ မျက်စိဆရာဝန်က ထုံးစံအတိုင်း သူ့ကို မျက် စဉ်းခတ်ပေး လိုက်ပြီး မျက်စိ အားဆေးတွေပေး ပြန်လွှတ်လိုက်သည်။ သို့ပေတဲ့ ရောဂါက သက်သာသည်မရှိ။ လက်က ချော် ထိုးမြဲ။ နောက်ပိုင်း အကြောတွေ တက်ပြီး နေရခက်လာတော့ အရိုးအထူး ကုဆရာဝန်ကြီးဆီ ပြောင်းပြသည်။ ဒီဆရာဝန်ကြီးက တော်သည်။ ဒါ သူနဲ့မဆိုင်။

“ခင်ဗျား သား ဦးနှောက်ရောဂါ တစ်ခုခုဖြစ်နေပြီး။ ဦးနှောက်ပါရဂူနှင့် ပြသင့်သည်“ ပြော၍ အမေ့ခမျာ သား တော်မောင် ကို ဦးနှောက်ပါရဂူထံ ပြေးပြရပြန်သည်။ ဆရာ့ထင်မြင်ချက်မှန်သည်။ မှန်သမှ သေလောက်အောင် မှန် သည်။ ဦးနှောက်အသေးပိုင်း (Cerebellum) မှာ အကျိတ်ဖြစ်နေတာ။ Cerebellum ရဲ့ အဓိက လုပ်ငန်း တစ်ခုက ခန္ဓာကိုယ်အစိတ်အပိုင်းအသီးသီး လှုပ်ရှားရာမှာ အဆင်ပြေချောမွေ့အောင် ညှိနှိုင်းပေးခြင်း။ ယင်း လုပ်ငန်း ထိခိုက်ပျက်စီးပါက လှုပ်ရှားမှု တောင့်တင်းပြီး အချိး မကျခြင်း၊ ပုံပျက်ခြင်း။ စည်းဝါးနရီမ ကိုက်ခြင်း။ (Incoordination = Ataxia) ။ ကိုယ် ကိုင်တွယ်တဲ့ပစ္စည်းက လိုရာ “တားဂတ်“ မရောက်ဘဲ ချော်တော်ငေါ့နေတာ။ ဒါကို မျက်စိရောဂါကြောင့် ထင်ပြီး ရောဂါလမ်းကြောင်း ဝေ့နေတာ။

ဒါကြောင့် တချို့ပြောကြတာက အထူးကုဆရာဝန် ရွေးလိုက်ပါ။ (နှလုံး၊ ကျောက်ကပ်၊ အသည်း စသည်...) ။ ရောဂါ ပါ တစ်ခါတည်းရွေးပြီး ဖြစ်သွားလိမ့်မည်တဲ့။ နောက်ပိုင်း ခေါင်းက မခံမရပ်နိုင်အောင် ကိုက်ခဲလာ သည်။ ဦးနှောက် အတွင်း ဖိအားများလာခြင်း။ သမီးငယ် ကျောက်ကပ်ခွဲစိတ်မှုပြီးတာ သိပ်မကြာခင်မှာပဲ သားငယ် ဦးခေါင်းခွဲ ဖို့ ဖန်လာသည်။ ခွဲစိတ်မှု့ အောင်မြင်သည်။ သို့သော် လူနာသေသည်။ ခွဲစိတ်ပြီး သုံးရက် အကြာ မှာ။
ဆရာမကြီး ခမျာ ကျစရာမျက်ရည်ပင် ကျန်သေးလေသလားမသိ။ ခင်ပွန်းသည် နှလုံးသွေးကြော ခွဲစိတ်ဖို့ အားမွေးဦး မတဲ့။ မျက်စိဆရာဝန်က မျက်စိနှင့်ဆုံးနေသော်လည်း ဆရာမကြီးကတော့ မျက်စိတစ်ဆုံး ကို ကျော်ကြည့်နေလေ သည်။

(၃)
ဆေးကျောင်းသူတစ်ဦး ၏မိခင် အသက် ၅၀ ၀န်းကျင် အမျိုးသမီးဆေးခန်းလာပြသည်။ ခင်ဗျားတို့မှန်းတဲ့ အတိုင်း မျက်စိပြဿနာ ပါပဲ။ မျက်စိကြည့်ရတာ ၀ါးဝါးသွားလို့တဲ့။ ဟ ဒါက မျက်စိဆရာဝန်နဲ့ ပြရမယ့် ဥစ္စာ။ ဘောက်မဲ့ကြောင့် အထွေထွေ အထူးကုဆရာဝန်နဲ့ လာပြရသတုံး။
မျက်စိဆရာဝန် နဲ့ ပြပြီးပြီတဲ့။ မထူးခြားလို့တဲ့။ ဟောဗျာ ... ကျွန်တော်က မျက်စိရောဂါနဲ့ ပတ်သက် လို့ နောက်ဆုံးနှစ် အပိုင်း(ခ)မှာ မျက်စိဆေးရုံ တစ်လကျော်ကျော် ဆင်ဖူးတာနဲ့ ခွဲစိတ်ဘာသာရပ်မှာ မေးနေကျ မျက်စိရောဂါ ဆိုင်ရာ မေးခွန်းသုံးလေးပုဒ်ကျက်ပြီး အောင်လာခဲ့တာ။ မျက်စိရောဂါနဲ့ ပတ်သက်လို့ ကျွန်တော့် ပညာ က ဤမျှသာ။

လူနာက ခေါင်းလည်း ခဲသတဲ့။ ဟုတ်ပြီ။ ဒါဆို ကျွန်တော်နဲ့ နည်းနည်း ဆိုင်လာပြီ။ ဒါနဲ့ မျက်စိထဲ မျက်စိ ကြည့်ကိရိယာ နဲ့ ကြည့်လိုက်တော့ အားပါးပါး Optic Disc ခေါ်တဲ့ မျက်စိအာရုံကြောထိပ် က ပျောက်ကွယ် နေပါရော့လား။ သွေးကြောသွေးမျှင်တွေ နဲ့ ဖုံးနေပါရော့လား။ (Chocked disc) ဦးနှောက်ထဲ တင်းအား များ တဲ့ သင်္ကေတ။ ခေါင်းကို CT Scan ရိုက်ကြည့်လိုက်တော့ ဦးနှောက် အကျိတ်တစ်မျိုး (Meningioma) တွေ့ သည်။

သူတို့က တတ်နိုင်တော့ ဘန်ကောက်ဆေးရုံမှာ သွားခွဲသည်။ ခွဲစိတ်မှု ရာနှုန်းပြည့်အောင်မြင်သည်။ မျက်စိ လုံးဝပြန်ကောင်း သွားသည်။ သူ့နဂိုရှိရင်းစွဲသွေးတိုးရောဂါ ကို ကျွန်တော် ဆက်ကြည့်နေရသည်။
မျက်စိဆရာဝန် ဆီ ပြတုန်းက ရောဂါကနုသေး၍၊ ရောဂါလက္ခဏာ စုံစုံလင်လင် မပေါ်သေး၍ ရောဂါစစ်ချက် လွတ် သွားတာဖြစ်မည်။ မျက်စိပြဿနာနှင့် တွဲလျက်ဖြစ်သည့် ခေါင်းကိုက်ခေါင်းခဲခြင်းကို သေသေချာချာ မပြောမိ၍ လည်း ဖြစ်မည်။ မျက်စိရောဂါဖြစ်ရင် ခေါင်းခဲတတ်တာပဲဟု လူနာက မိမိ ဘာသာ ကောက်ချက် ချဆုံးဖြတ်ပြီး မျက်စိဆရာဝန်ကို မပြောဖြစ်တာလည်း ပါပါလိမ့်မည်။
ဒီမှာလည်း မျက်စိနှင့်စ၍ ဦးနှောက်နှင့်ဆုံးသည်။ မန္တလေးမှာစ၍ ဘန်ကောက်မှာ ဆုံးသည်။ ခုတော့ လူနာ မန်းတောင်ရိပ် ခိုနေပြီ။

လူလတ်ပိုင်း တရုတ်အမျိုးသမီးတစ်ဦး။ မျက်စိပြဿနာပဲ။ မျက်စိက ကိုက်နေတာ တစ်လကျော်ပြီ။ ခုတစ် လော ပိုပိုဆိုး လာသည်။ ညာဘက်မျက်စိ။ ပုံရိပ်တွေက ကြည့်တိုင်း နှစ်ထပ်မြင်နေရသည်။ လမ်းဖြတ်ကူးရင် ခက် လှချည့်။ လမ်းပေါ်မှာ ကားတွေရှောင်ရရင် ပြဿနာ။ ဘယ်ကားက ပုံရိပ်စစ်လဲ။ ဘယ်ကားက ပုံရိပ်တု လဲ။ လှေကားဆင်းရင် လည်း တော်တော်သတိထားရသည်။ လှေကားထစ်တွေကိ ခဏခဏ ချော်နင်းမိရ သည်။ ထုံးစံ အတိုင်း မျက်စိဆရာဝန်နှင့်ပြသည်။ ဒီဆရာဝန်က လူတော်။ သူနှင့်တိုက်ရိုက်ဆိုင်သော မျက်စိ ရောဂါ မဟုတ်မှန်း တန်းသိသည်။ မျက်စိက နည်းနည်းပြူးထွက်နေသလိုလို။ ဒါ ဦးနှောက်ပါရဂူဆီပြရမှာ။ ပိတ် ထားသော မျက်စိပေါ် နားကြပ်ထောက် နားထောင်လိုက်တော့ တ၀ူးဝူး သွေးတိုးဝှေ့သံတွေကြားရ သည်။ AV Malformation ခေါ်သည့် သွေးကြောထုံးဖွဲ့ သည့်ရောဂါမှန်း သိသွားသည်။

မျက်စိဆရာဝန် တော်တော်များများ နားကြပ်ဆောင်လေ့မရှိကြ။ ကျွန်တော်တို့ ဆေးကျောင်းသားဘ၀ မျက်စိ  ဆေးရုံရောက်တော့ ဆရာဝန်ကြီးတွေက ၀န်ထမ်းငယ်တချို့ကို သွေးတိုင်းနည်းသင်ပေးပြီး လူနာတွေ ကို သွေးတိုင်းစေ တာ တွေ့ဖူးသည်။ သူတို့က တိုက်ပုံ အင်္ကျီအနက်နှင့်ဘာနှင့် စတိုင်ကျကျဆိုတော့ ကျွန်တော့် မှာ သူတို့တစ်တွေ ကို ဆရာဝန်တွေလို့ ထင်မိသေးသည်။ ယခု မျက်စိ ဆရာဝန်က နားကြပ်ကိုင်သော ရှားပါး ဆရာဝန်တစ်ဦးဖြစ်လေသည်။

ဦးနှောက်ပါရဂူဆီရောက်တော့ မျက်စိဆရာဝန်၏ ကောက်ချက်ကို အတည်ပြုသည်။ လူနာက စင်္ကာပူသွား သည်။ ဂါမာရောင်ခြည်ဖြင့် ဆက်ကုသည်။ နည်းနည်း သက်သာသလိုရှိသော်လည်း ရှင်းရှင်းမပျောက်။ သမီး ရှိရာ ထိုင်ဝမ်သို့ကူး၍ ဆက်ကုသည်။ ထိုင်ဝမ်ဆရာဝန်က ဒီရောဂါကုရာမှာ နာမည်ကျော်။ ရောဂါလုံးဝ နီးပါး သက်သာ လာသည်။ မန္တလေးမှ စင်္ကာပူ၊ စင်္ကာပူမှ ထိုင်ဝမ် ခရီးရှည်ချီတက်ပြီး မန္တလေးမှာ ပြန်ခိုသည်။ ယနေ့ထိ ရောဂါဟောင်း ပြန်ကြွ မလာ။ မန္တလာမြေနှင့် ထိတွေ့လိုက်လို့ထင့်။

ကြည့်သောသူသည် မြင်၏ဟု ဆိုကြသည်။ ဒါက ယေဘုယျစကား။ မျက်စိနှင့် ကြည့်တာလား။ ဦးနှောက် နှင့် ကြည့် တာလား။ နှလုံးသားနှင့်ကြည့်တာလား။ အပြည့်အ၀ ကြည့်တာလား။ တစ်ပိုင်းတစ်စ ကြည့်တာ လား။ အကြည့်ခံအာရုံ ထဲ ကြည့်သူ ပျော်ဝင်သွားသည်အထိလား။ အကြည့်ခံနှင့် ကြည့်သူ တစ်သား တည်း ဖြစ် သွားလေ သလား။ ကြည့်သူပျောက်သွားလေသလား။
အတွေးနှင့် ကြည့်ရင် လည်း အမှန်နှင့် လွဲချော်တတ်သည်။ လူနာကို စမြင်ကတည်းက အတွေးက ချက်ချင်း လိုလို ဖွဲ့စည်းပြီး ဖြစ်သွားသည်။ (First Impressions)။ ဒါငှက်ဖျားရောဂါပဲ။ နှလုံးရောဂါဖြစ်မှာ။ HIV ပဲ။ ကြည့် ရတာ အရက်သမားနဲ့တူတယ်။ Complaint ထူတဲ့ လူနာနေမှာ။ ဂဂျိုးဂဂျောင်လူနာနဲ့ တူရဲ့။ အဲသလို အတွေး ပလုံ စီတွေက မိမိကိုယ်ကို ပိတ်ဖုံးကာဆီးနေတာ ဆရာဝန်ကိုယ်နှိုက်ကမသိ။
အဲဒီလို အတွေး နဲ့ လူနာကိုကြည့်တာ။ ရောဂါကို သုံးသပ်ဆုံးဖြတ်တာ တိတိပပ မှန်ပါ့မလား။ စုဆောင်းသိုမှီး မထားတဲ့အတွေး နဲ့ ကြည့်ဖို့ဆိုတာကော ဖြစ်နိုင်ရဲ့လား။ အတွေးတွေက စုခဲ့တာ ကာလတောင်တာ။

ဆရာ့ ဆရာတွေ ညွှန်ကြားတာ ဆုံးမတာက မိမိရဲ့ကနဦးအမြင် (First Impressions) ကို ချက်ချင်းလက်ခံ မသိမ်းပိုက် လိုက်လေနဲ့တဲ့။ အဲဒီအမြင်ကို ဆန့်ကျင် (Contradict) ဖို့ ကန့်ကွက် ဖို့ ချေဖျက်ဖို့ ဘက်ပေါင်းစုံ က ကြိုးစားကြည့် ပါတဲ့။ ဘယ်လို မှ ကြိုးစားလို့ မရကာ မှ ပထမ အမြင်ကို လက်ခံသိမ်းပိုက်ပါလေတော့တဲ့။
တကယ်က ယိုးစွဲ အကျင့်စွဲ အတွေးတွေ ကို ခ၀ါချသန့်စင် (Exhaust) ပစ်ရမှာ။ အတွေးဆိတ်တဲ့ အတွေး အိမ်ကလေး။ ဒါက သူလိုကိုယ်လို ခင်ဗျားလို ကျွန်တော့်လို ဆရာဝန်ပါမွှားတွေအဖို့ မဖြစ်နိုင်ချေ တကား။

ခံစားမှုနှင့် ကြည့်ရင်လည်း အမှန်နှင့် လွှဲချော်တတ်လေသေးသည်။ လူနာကို စတွေ့ကတည်းက သူ့အပေါ် ချစ်ခြင်း၊ မုန်းခြင်း က ချက်ချင်း ဖွဲ့စည်းပြီး ဖြစ်သွားသည်။
ဒါကြီး ကတော့ ဆက်ဆံရခက်မှာ။ တခြားဆရာဝန်ဆီ မြန်မြန်လွှဲလိုက်မှ။ ဘေးက ၀င်ဝင်ပြောတဲ့ လူနာစောင့်တွေ အပေါက်အစ များလှချည်းလား။ ရာဇ၀င်ထော့ကျိုးပြောနေတဲ့ လူနာကလည်း မပြီးတော့ ဘူးလား။ လိုရင်းတိုရှင်း တဲ့တိုးပြောဗျာ။ အပြင်က ဟောင်ဖွာ ဟောငဖွာ အလကားမတ်တင်း လက်ချာပေး နေ တဲ့ ကိုယ်တော်က ခုထိ ပါးစပ်မပိတ်သေးဘူးလား။ ခင်ဗျား ဒီလောက်တတ်နေရင် ကိုယ့်ကိုယ်ကိုယ် ပြန် ကုတော့ ဗျာ။ ဒီမှာ လာကုမနေနဲ့တော့။ ခုတင်ပေါ် မြန်မြတ်တက်။ အင်္ကျီ မြန်မြန်ချွတ်ဗျာ။ တကတဲ့ တုံ့နှေး တုံ့နှေးနဲ့။

ဒီခံစားမှုတွေနဲ့ ထွေးလုံးရစ်ပတ် ပိတ်လှောင်နေတဲ့ဆရာဝန်က လူနာရဲ့ ရောဂါအနုအရင့် အတိမ်အနက် လူနာရဲ့ ခံစားမှုဂယက် ကို အမှန်အကန် သုံးသပ်နိုင်ပါ့မလား။
မျက်စိဆရာဝန် က မျက်စိတစ်ဆုံး မကြည့်ဘဲ မျက်စိကို ကျော်ကြည့်ရသလို ကျွန်တော်လည်း လူနာကြည့် ရာမှာ မျက်စိ ကို ကျော်ကျော်ကြည့်ဖို့၊ အတွေးကို ကျော်ကျော်ကြည့်ဖို့၊ ခံစားမှုကို ကျော်ကျော်ကြည့်ဖို့ သင်ယူရဦးမည်။

ပိတောက်ပွင့်သစ်၊ ဧပြီလ၊ ၂၀၀၈
.

2 comments:

မိုးနတ်ကြယ်စင် said...

မှန်လိုက်တာ အန်တီရွှေစင်ရေ..
အဆုံးသတ်မှာရေးထားတဲ့ စာသားလေးတွေက
တွေးစရာတွေ အများကြီးရတယ်..တကယ့်တကယ်က
မိုးနတ်တို့ ပတ်ဝန်းကျင်မှာ အဲလိုဖြစ်နေတာတွေက
အများကြီးပဲလေ..

Anonymous said...

each and every post gve me something sis...
thnx 4 sharing...
waiting new...:D..
love
Anne <3