ပုဂ္ဂိုလ်နှစ်ဦးရဲ့အမြင်၊ ပုဂ္ဂိုလ်နှစ်ဦးရဲ့အမွေ
'' ဤသို့ ဘုရင်မင်းမြတ် စိတ်ထားတော်ရှိသည်နှင့် ဆန့်ကျင်ပြီး ဦးပိုဆိုသူပိဋကတ်ဗေဒင်တတ်၊ ဓာတ်ဆရာ ကြီး တစ်ဦးက ယခုကာလတွင် သံဃာတော် အစစ်အမှန် ရရန်ခဲယဉ်းသည် ဟု လှည့်လည်ဟောပြောနေ သော ဟူ၏။
အချိန်မှာ ပဉ္စမသင်္ဂါယနာတင်မည့်ဆဲဆဲဖြစ်သော ၁၂၃၂ ခုနှစ်တွင် ဖြစ်လေသည်။ ဦးပို၏သတင်း ကို ရွှေနားတော် ကြားတော်မူသော အခါ ဦးပို ကို ရှေ့တော်သို့ခေါ်ယူ၍ မောင်မင်း ဟောပြောသောစကားသည် တင်းလွန်း သည်၊ အများပြည်သူ တို့ ကြားနာရလျှင် သံသယကင်းမည်မဟုတ်၍ ပြင်ပြီးလျှောက်ရန် အမိန့် တော် ရှိလေ၏။
သို့သော်ဓာတ်ဆရာဦးပို မှာ မိမိ၏ စွဲလမ်းယုံကြည်ချက်ကို မလွှတ်နိုင်ဘဲ ဇွတ်တင်း၍ လျှောက်ထားပြန် သည်နှင့် မင်းတရားကြီး လည်း ဦးပိုကို ပညာရှိတစ်ယောက်အနေဖြင့် နှမြောလှသော်လည်း သာသနာ တော်၏ ရန် စူးရန်ငြောင့်သဖွယ်ဖြစ်နေ၍ သီးခံတော်မမူသာတော့ဘဲ သင်္ဃာကိုပုန်ကန်သော ငပိုအား ရှင်ဒေ၀ဒတ်ထုံး ကို နှလုံးသွင်း၍ သွားစေရမည်ဟု အမိန့်တော် ချမှတ်တော်မူပြီး မြို့ဝန် ဦးသာအိုးလက်သို့ အပ်လိုက် ရတော့ ၏။
သို့တိုင်အောင် မျှော်လင့်ချက် ထားတော်မူသေးသည့်အလျောက် မြို့ဝန်ဦးသာအိုး အား မောင်ပို သည် နောက်ထပ် သံတော်ဦးတင်ရန်ရှိခဲ့လျှင် ပြန်၍ သံတော်ဦးတင်ရမည်ဟု မိန့်မှာတော်မူ လိုက်ပေသေး သည်။ အမိန့်တော်မြတ် ချမှတ်တော်မူလိုက်သည့်အတိုင်း သုဿန်သို့ ရောက်ရာတွင် ရုတ်တရက် အဆုံး မစီရင်သေးဘဲ ညနေတိုင်အောင် စောင့်ဆိုင်းနေပြီးလျှင် မြို့ဝန်မင်းက မောင်မင်း ဘာများပြင် ၍ လျှောက်ထားရန် ရှိသေး သနည်းဟုမေးရာ ဦးပိုက တစုံတရာ မရှိကြောင်း၊ သတ်လျှင် အသေခံမည်ဟုပြော လျှင် အမိန့်တော် အတိုင်း အဆုံးစီရင်၍ ကြားမြင်သမျှ ကြောက်ရွှံ့အောင် ကားတင်ထားရလေသည်“
“အခြား အဖြစ်အပျက်တစ်ခုလည်း ရှိသေး၏။ သင်္ဂါယနာတင်စဉ်က ညောင်ရမ်းဆရာတော် ပျံလွန်တော်မူ ပြီးနောက် သံဃာ့ဥက္ကဋ္ဌသစ် တင်မြှောက်ရန်ကိစ္စ ပေါ်ပေါက်လာသည်။ သံဃာ့ဥက္ကဋ္ဌသစ် တင်မြှောက်ရန် ပြုလုပ် သည့် အစည်းအဝေး၌ ကြွရောက်လာကြသည့် ဆာရာတော်ကြီးများနှင့် အစိုးရပိုင်အရာရှိများက ဆရာတော် အား ဥက္ကဋ္ဌသစ်အဖြစ်တင်မြှောက်ရန် အားလုံးလောက်နီးနီး သဘောတူအဆိုပြုလာကြသည်။
မန္တလေး မှ ထင်ရှားသည့် ဆရာတော်တစ်ပါးကမူ မစိုးရိမ်ဆရာတော်အား ဥက္ကဋ္ဌသစ်အဖြစ် တင်မြှောက်မည် ဟူသော အဆို ကို သဘောမတူပေ။ ယင်းဆရာတော်သည် သူကိုယ်တိုင် ဥက္ကဋ္ဌဖြစ်ဖို့ မျှော်လင့်ချက်ထား နေ၏။ ထို့ကြောင့် မစိုးရိမ် ဆရာတော် ဥက္ကဋ္ဌရာထူးနှင့် မထိုက်တန်ကြောင်း -
“မစိုးရိမ်ဆရာတော် သည် ယန့ဖြူသည်ဟု ပြောထားသည့် ကိစ္စတစ်ရပ်ကို နောက်နေ့၌ မည်းသည်ဟု ပြောချင်ပြောတတ်၏။ စိတ်အပြောင်းအလဲမြန်သည်။ စိတ်အပြောင်းအလွဲမြန်သောသူသည် ဥက္ကဋ္ဌရာထူး နှင့် မထိုက်တန်၊ ဥက္ကဋ္ဌဟူသည် စိတ်ထား တစ်သမတ်တည်းရှိဖို့ လိုအပ်သည်။ မိမိက ဖြူသည် ဟု ပြော ထားသည့် ကိစ္စတစ်ရပ်ကို မည်သူက လာပြောပြောမည်းသည်ဟု ပြောင်းလဲမပြောဆိုရ“ စသည်ဖြင့် ပြောဆို ကန့်ကွက်လေတော့သည်။
အစည်းအဝေး၌ အဆိုပါ ဆရာတော်၏ စွပ်စွဲချက်ကို မစိုးရိမ်ဆရာတော်က အောက်ပါအတိုင်း ဖြေရှင်းလိုက် သည် -
“ဥက္ကဋ္ဌ တင်မြှောက် လိုက တင်မြှောက်၊ မတင်မြှောက်လိုကနေ၊ ယနေ့ ဖြူသည်ထင်၍ ဖြူသည်ဟု ပြောခဲ့ သည့် ကိစ္စတစ်ရပ် ကို ပြန်လည်ဆင်ခြင်သုံးသပ်အပ်သည့်အခါ အမည်းဖြစ်နေသည်ကို တွေ့ရလျှင် အမည်း ဟု ပြင်ဆင်ပြောဆို ရမည်သာဖြစ်သည်။ အမည်းမှန်းသိလျက် မိမိက အဖြူဟုပြောဆိုခဲ့ဖူး၍ မိမိစကား မပျက်စေ လိုသဖြင့် အဖြူ ဟု ဇွတ်မှိတ်မငြင်းလို။
“မင်းတို့စကား မိုးကြိုးသွား၊ ထွက်ပြီး ဆင်စွယ် ၀င်တယ်မရှိ“ ဟူသော စကားရပ်များကို တရားသေ ကျင့်သုံး လိုက်နာခဲ့သဖြင့် အချို့သောမင်းများ အမှားမှားအယွင်းယွင်း ဖြစ်ခဲ့ရကြောင်း ရာဇ၀င်၌ အထင် အရှားတွေ့ နိုင် သည်။“
(မစိုးရိမ်သတိုင်းနှင့် သာသနာဝင်။ ဘဒ္ဒန္တရာဇဓမ္မာဘိဝံသ။ ၁၃၆၉)
- ဦးပိုက ဘာချန်ရစ်ခဲ့သလဲ။
- မစိုးရိမ် ဆရာတော် ဘုရားကြီးက ဘာချန်ရစ်ခဲ့သလဲ။
တွေးချင်သူတွေတွေးဖို့။
နောက်ဆုံးလူနာ
(၁)
ကျွန်တော်တို့ ကိုယ်ပိုင်ဆေးခန်းစထိုင်ကြတာ ၁၉၇၉။ အလုပ်သင်ဆရာဝန်အပြီး။ ဆေးခန်းစဖွင့်တော့ ကိုယ့်အိမ် မှာပဲ အခန်းကလေးတစ်ခန်း ကန့်ဖွင့်ရတာ။ အခြားနေရာတွေမှာ လိုက်ဖွင့်ဖို့က စပေါ်ပေးရ ဘာပေးရနဲ့ဆိုတော့ မတတ်နိုင် ဘူးလေ။ လာတဲ့လူနာတွေက ရပ်ကွက်ထဲက လက်လုပ်လက်စားတချို့၊ ၀န်ထမ်းတချို့ပါ။ အရာရှိကြီးကြီးတွေ နဲ့ သူဌေးကုန်သည်တွေကတော့ အထူးကုဆရာဝန်ကြီးတွေဆီ သွားပြ ကြ တဲ့ခေတ်ပေါ့။ ဆေးခန်းကြီးတွေ (Polyclinic)၊ ပုဂ္ဂလိကဆေးရုံကြီးတွေ (Private Hospital)မရှိကြသေး တဲ့ခေတ်။
မန္တလေးမှာ ကိုယ်ပိုင်ဆေးခန်း ကြီးကြီးမားမားထဲက အတွင်းလူနာ လက်ခံကု တာ ဒေါက်တာဂူးဟားဆေးခန်း နဲ့ ဒေါ်အေး ဆေးခန်း ပဲ ကျွန်တော် မှတ်မိတယ်။ ကျွန်တော်က ကိုယ်ပိုင်ဆေးခန်း ချောက်ချီးချောက်ချက် လေး ဖွင့်ပြီး အိမ်ရဲ့ မီးဖိုချာင်စရိတ် ကာဖို့ ကြိုးစားနေရတဲ့ကာလပေပေါ့။ ဒီအချိန်မှာ ဆရာဝန် အစ်ကိုတော် တစ်ယောက်က သူ ရန်ကုန်မှာ သင်တန်းသွားတက်ရမတဲ့။ မြောက်ပြင် မိဘဈေး နားက သူ့ဆေးခန်းကို ခဏထိုင်ပေးပါတဲ့။ သူ့ဆေးခန်းက အရင်က တစ်ရက်ကို လူနာ ၃၀ ကျော်ကျော် ကျတဲ့ဆေးခန်း။ နောက်ပိုင်း သူ မထိုင်အား လို့ လူစားဆရာဝန်ထားခဲ့ရာက ဆေးခန်းက တရိပ်ရိပ် ထိုးကျ သွားလိုက်တာ။ လူနာက ဖြိုးတိုးဖြောက်တောက်။ လူစားဆရာဝန် ဆက်မထိုင်တော့လို့ ဆေးခန်း ကျွန်တော့်ကိုလွှဲတာ။ ဆေးခန်းထိုင်ရတဲ့ ပထမဆုံးနေ့။ ညနေ ၅ နာရီခွဲ လောက်ကတည်းက စထိုင်လိုက်တာ ၈ နာရီထိုးခါနီးထိ လူနာတစ်ဦး တစ်ယောက် မှ ပေါ်မလာ။ “မျှော်သာမျှော်၊ ပျိုချစ်သူပေါ် မလာတော့၊ ခေါင်းလေး တမော့မော့နဲ့ ..“ ဆိုတာကို သတိရ လိုက်မိ။ ဒါနဲ့ သဲသဲမဲမဲ ထိုင်စာဖတ်ရတော့ တာ။ ဒီနေ့တော့ ဈေးဦးမပေါက်ချေဘူးဆိုပြီး စိတ်ပျက် လက်ပျက် နဲ့ ဆေးခန်းပိတ်၊ စက်ဘီးနင်းပြီးအပြန်မှာ ဆေးခန်းပိုင်ရှင် အဘိုးကြီးက ၀မ်းသာအားရ လှမ်းအော် လိုက်တယ်။
“ဆရာ ခဏပြန်ကြွခဲ့ဦး။ လူနာလာလို့“တဲ့။ ပြန်ပြီးကာမှဗျာ၊ ဒီနောက်ဆုံးလူနာက။ ဒါနဲ့ ပြန်လှည်လာပြီး လူနာကြည့်။ ပြီးလို့ ထပြန်ခါနီး လူနာနောက်တစ်ဦး ပေါက်ချလာပြန်ရော။ အဲဒီ အမှန်တကယ် နောက်ဆုံး လူနာကို ကြည့်ပြီး ကျွန်တော် ပြန် ခဲ့တယ်။ ကျုံးအနာက်လမ်းအတိုင်း ဘီးကလေးကို စီးပြီးပေါ့။ အေးအေး ဆေးဆေး။ ကျုံးအနောက်လမ်း က အဲဒီတုန်းက သစ်ပင်ကြီးတွေ တော်တော် များတယ်။ အုပ်အုပ် ဆိုင်းဆိုင်း။ ကျွန်တော် ပျော်နေတယ်။ ပထမဆုံးနေ့။ ကျွန်တော် ဘဲဥကွဲတယ်။
ဆေးခန်းပြန်ဖွင့်ပြီ တဲ့။ ဆရာဝန်လေးတစ်ဦး မှန်မှန်လာထိုင်သတဲ့ဆိုတဲ့ သတင်းပျံ့နှံ့သွားလို့ ထင်ပါရဲ့။ ဆေးခန်းလေး ဟာ လူနာတွေ နဲ့ တစ်စတစ်စ စည်ကားလို့ လာပါတော့တယ်။ အရင်ဆရာဝန်ကြီးရဲ့ အရှိန် က လည်း မကုန်သေးဘူး ထင်ပါရဲ့။ ဆေးခန်းပြီးရင် အနီးအနားက လပင့်တ့ လူနာအိမ်တချို့တောင် “ခြေကြွ” လိုက် ရသေးတယ်။ လူနာအများစုကတော့ လက်လုပ်လက်စားတွေ။ တစ်ခါက ပလတ်စတစ် ကောက် တဲ့ လူနာတစ်ဦး ဆေးဖိုးပေးချေရာမှာ အကြွေစေ့တွေချည်း သွန်ချပေးတာ ကြုံရ။ ဒါနဲ့ -
“ မင်းနှယ်ကွာ၊ ပြန်ယူသွားပါတော့။ ငါလည်း မင်းအကြွေတွေ ယူရလောက်အောင် မဆင်းရဲသေးပါဘူး“
လို့ပြောပြီး ပြန်ပေး လိုက်ရ တဲ့ အဖြစ်ကလည်းရှိသေး။
လ အနည်းငယ်ကြာတော့ လူနာတော်တော်များများနဲ့ ကျွမ်းဝင်ရင်းနှီးလို့ လာပါပြီ။ အဲဒီအချိန်မှာပဲ အစ်ကို တော် က သင်တန်းပြီးလို့ ပြန်လာတော့မတဲ့။ သူ့ဆေးခန်း ပြန်ထိုင်တော့မတဲ့။ ဒါနဲ့ လူနာတွေကိုနှုတ်ဆက်။ ပတ်စာခွာ ဖျာသိမ်း။ လူနာတစ်ဦး က တဘက်ကလေးတစ်ထည် နဲ့ စာတိုလေးတစ်စောင်ရေးပြီး ကန်တော့တယ်။
“ဆရာ ပြည်သူ့ဆရာဝန် ပီသအောင် အစဉ်ကြိုးစားနိုင်ပါစေ“တဲ့။ ရင်ထဲ လှုပ်ခနဲ။ ဟိုတုန်းက ဖြူစင်ခဲ့ပုံများ။
(၂)
အိမ်မှာ ကိုယ်ပိုင်ဆေးခန်းလေး ဆက်ဖွင့်ရင်း အတွေးတစ်ခုက ၀င်လာပြန်တယ်။ မန္တလေးမှာ ဆရာဝန်တွေ တစ်ပြုံကြီး ရှိတာပဲ။ ငါလိုလူမျိုးတစ်ဦးထပ်ရှိလို့ ဘာထူးသွားမှာလဲ။ တကယ်လိုအပ်နေ တဲ့ နေရာတွေ သွားပြီး ပြည်သူ့ဆရာဝန် လုပ်တာ ပိုလို့မကောင်းပေဘူးလား။
ဟိုတုန်းက ဆရာကျော်အောင်ရဲ့ “နှလုံးလှဆရာဝန်” ရိုက်ချက်ပြင်းပုံများ။ ဒီကြားထဲ ခင်ဆွေဦးရဲ့ “လူချို” ကလည်း တစ်မှောင့်။ ဒါနဲ့ပဲ “လယ်ကွင်းကို ဖြတ်၊ ရိုးပြတ်ကိုကျော်၊ ပြည်သူခေါ်သော ဘ၀လမ်း ...” ဘာညာ ဆိုပြီး ကချင်ပြည်နယ်နဲ့ စစ်ကိုင်းတိုင်းအစပ်က မော်လူးမြို့ဆီ ချီတက်ပါတော့တယ်။
မော်လူးက အဲဒီအချိန်တုန်းက ကျောက်စိမ်းလုပ်ငန်းနဲ့ အထိုက်အလျောက် စီးပွားဖြစ်နေချိန်။ မြို့နယ်ငယ် လေးမှာ ဆရာဝန် ၃ ဦး။ ကျန်းမာရေးမှူးတစ်ဦး။ ကိုယ့်ပရိသတ်နဲ့ ကိုယ်ပေါ့လေလို့တွေး ရင်း ဆေးခန်းစဖွင့် လိုက်တယ်။ စဖွင့်စဆေးခန်းတွေရဲ့ လမ်းကြောင်း အတိုင်း ချောက် ချီးချောက်ချက်ပေါ့။ ပြဿနာ က စဖွင့်တဲ့ နေ့မှာပဲ ကလေးလူနာတစ်ဦး စကြည့် ရတာ။ ဆေးခန်းမှာ ဆေးလည်း ထိုးပြီးရော ကလေး က ဆန့်ငင်ဆန့် ငင်နဲ့ အသက်ပါသွားပါလေရော။ အခုမှ ပြန်တွေးကြည့်ရတာက ကလေးက အဆုတ် အအေးမိရောဂါ ဖြစ် နေတာ။ အာဟာရ ချို့တဲ့မှုကလည်း ထပ်ဆောင်းလိုက်ချေသေး။ တိုက်တိုက် ဆိုင်ဆိုင် ကျွန်တော့် ဆေးခန်း မှာ မှ လာသေရ။ စိတ်ညစ်ညစ်နဲ့ပဲ ဆေးခန်းဆက်ဖွင့်။
အနီးအနား ရွာတွေမှာနေတဲ့ လူနာတွေက မနက်အစောကြီး လာပြကြတာ။ လှည်းတွေနဲ့။ မနက် ၄ာရီ ကျော်ကျော် လူနာစလာနေပြီ။ လူနာကိုရော နွားတွေကိုပါ နေပူမမိစေချင်တာ။ တချို့လူနာတွေ က ဆေးခန်းမလာနိုင်တော့ ဆရာဝန်ကို အိမ်ပင့်တယ်။ မနက်တိုင်း အိမ်ဆေးခန်းမှာ လူနာကြည့်။ ထမင်းစား။ နေ့ခင်းစက်ဘီးပေါ် ဆေးအိတ်တင်။ အနားကရွာတွေကို ရွာစဉ်လှည့် လူနာကြည့်။ လာပင့်ထားတဲ့ လူနာ နာမည် နဲ့ ရွာနာမည်တွေကို တန်းစီထိုးမှတ်ထားတဲ့ စာအုပ်ပါယူသွားရ။ ဘယ်ရွာကို အရင်ဆုံးသွားရမလဲ။ အဲဒီရွာနဲ့ နီးတဲ့ရွာက ဘာရွာလဲ။ ဘယ်လမ်းကပိုလို့ အဆင်ပြေမလဲ။ တချို့ရွာသွားတဲ့လမ်းတွေက မကောင်းဘူး။ ရံဖန်ရံခါ စက်ဘီး ထမ်းရသေးတာ။ ပင့်ထားတဲ့ လူနာအိမ်အသွား လမ်းမှာ ကြုံတုန်းကြုံခိုက် ဆရာလှမ်းပင့်တဲ့ လူနာရှင်တွေ လည်း ကြုံရသေး။ ကျွန်တော်က အဲဒါကို ရှက်တယ်။ လမ်းပေါ်က ဈေးသည် လက်ယပ်ခေါ်သလိုဗျာ။ သူတို့ကတော့ အမှုမဲ့ပဲတူပါရဲ့။ ဒါကြောင့် ကျွန်တော်က ပင့်လူနာမရှိတဲ့ရွာတွေကို တတ်နိုင်ရင် မဖြတ် ဘဲ ကွင်းရှောင်ပြီး စက်ဘီးနင်းတယ်။
တစ်ခါက ပင့်လူနာအားလုံးကြည့်ပြီး စက်ဘီးနင်းပြန်အလာ၊ ဗိုက်ကလည်း ဆာတာတာ၊ လူနာကြည့်စရာ မလိုတော့ဘူးဆုတဲ့ စိတ်ကူးနဲ့ မြူးကြွနေ။ စက်ဘီးကို ဒုန်းစိုင်းနင်းပြီး ပြန်ခဲ့။ ရွာတစ်ရွာဖြတ်နင်းရာမှာ “ဆရာ ဆရာ“ လို့ခေါ်သံသဲ့သဲ့ ကြားလိုက်မိ။ လမ်းမှာ မတော်တဆ ဆရာဝန်လှမ်းပင့်မှာစိုးလို့ သွန်နင်း နေရတဲ့ ကြားထဲ။ ကျွန်တော်ကလည်း ဘာရမလဲ။ ပြင်သစ်စက်ဘီးပြိုင်ပွဲဝင်တွေလို မြန်နှုန်းတင်ပြီး နင်းတော့ တာ။ နောက်က တဖျပ်ဖျပ် အပြေးလိုက်လာတဲ့ခြေသံ ကြားသလိုလို။ ကျွန်တော် လှည့်မကြည့် ဘူး။ လှည့်မကြည့်ရဲဘူး။
အိရောက် လို့ ရေသောက် ခဏအနားယူတုန်းမှာပဲ အသက် ၄၀ ကျော်ကျော် မိန်းမကြီးတစ်ဥိး ချွေးသံတရွှဲရွှဲနဲ့ အမောတကော ပေါက်ချလာတယ်။ ခြေထောက်မှာ ဖိနပ်မပါ။ ဗလာ။ ဆရာ့ကို လှမ်းခေါ်တာ မကြား လို့ ပြေးလိုက်လာတာတဲ့။ ရွာကနေ မော်လူးမြို့ထဲအထိ။ သူ့ကလေး ကောက်ကာငင် ကာဖျားလို့ လိုက်ကြည့်ပေး ပါတဲ့။
ဟိုက် သွားပြီ။ နောက်ဆုံးလူနာ ထပ်ကြည့်ရဦးမှာ။ သားဇောကပ်နေတဲ့၊ စက်ဘီးနောက် အပြေးလိက်လာ ပြီး အိမ်ပေါက်ဝ ဒက်ထိရောက်နေ တဲ့ လူနာရှင်ရဲ့ ပင့်ဖတ်တိုးလျှိုးသံကို ကျွန်တော် ဘယ်လိုနှလုံးသားနဲ့ ငြင်းရမလဲ။ ဒါနဲ့ပဲ အဲဒီနေ့ ရဲ့ နောက်ဆုံးလူနာကို ကျွန်တော် လိုက်ကြည့်လိုက်ရပါတော့တယ်။
တစ်ခါကလည်း ဒီလိုပဲ ရွာစဉ် အိမ်ပင့်လူနာတွေကြည့်ပြီး ပြန်အလာ စက်ဘီးနင်းရင်း အတွေးနဲ့ ဝေစည် လို့။ အိမ်ပြန်နား။ ထမင်းစား။ စာဖတ်ပြီး နှပ်နေလိုက်တော့မဟဲ့ပေါ့။ အိမ်ရောက်ရောက်ချင်း ညီတော်မောင်က ဆီးတဲ့ပြီး -
“အစ်ကို၊ မြို့ထဲက လူနာတစ်ဦး ပင့်ထားသေးတယ် “
လို့ အစချီလိုက်ကာရှိသေး ကျွန်တော်က သူပြောတာဆုံးအောင် နားမထောင်တော့ဘဲ -
“မကြည့်တော့ဘူးကွ၊ ဘာလူနာမှ မကြည့်တော့ဘူး “
လို့ ပိတ်အော် ပိတ်ပြောပစ်လိုက်တယ်။ ညီတော်မောင်က ရုတ်တရက်ကြောင်အမ်းသွားရာက ဒေါသ တလိပ်လိပ်တက် လာပုံရတယ်။
“ပြည်သူ့ဆရာဝန်ကြီး ဆိုဗျ။ လယ်ကွင်းကိုဖြတ် ရိုးပြတ်ကိုကျော်တဲ့ ဆရာဝန်ကြီးဆိုဗျ။ နော်မန်ဗက်သွန်းဆိုဗျ“
လို့လှောင်တောင်တောင်ပြောပြီး ချာခနဲ လှည့်ထွက်သွားခဲ့။ ကျွန်တော် ဘာပြန်ပြောရမယ်မသိ။ အိုးတိုး အမ်းတန်း။ အမည်ခံ ပြည်သူ့ဆရာဝန်ကြီး ခမျာ နောက်ဆုံးလူနာနဲ့ကျမှ အလဲထိုးခံလိုက်ရပလေ။
(၃)
အလုပ်ခန့်စာရတော့ မော်လူးက ပြည်သူ့ဆရာဝန်ဘ၀ကို ၀မ်းသာအားရ စွန့်ပစ်လိုက်ပြီး ကျွန်တော် မန္တ လေးကို အပြေးပြန်လာတယ်။ အိမ်မှာ ဆေးခန်းပြန်ဖွင့်ပေါ့။ မန္တလေးမှာ အနေကြာလာ၊ ဘွဲ့လွန်ဆေးပညာ တတ်ရတော့ လူနာမိတ်ဆွတွေရ၊ နယ်ကတပည့်လေးတွေက လူနာတွေလွှဲကြ၊ ဒီလိုနဲ့ အိမ်ဆေးခန်းလေးက တစ်စတစ်စ စည်ပင် ဖွံ့ဖြိုးလာခဲ့ပေါ့။ မီးဖိုချောင်စရိတ်သာမက အခြားလူမှုရေးစရိတ်တွေပါ အထိုက် အလျောက် ကာမိ လာခဲ့ပေါ့။
လူနာများလာတာကို အစက ပျော်မိပေမယ့် ကြာတော့ စိတ်ညစ်လာမိ။ အထူးသဖြင့် ညမှာ စာဖတ်ချင် ရင်၊ မိတ်ဆွေ သူငယ်ချင်းနဲ့ ချိန်းထားရင်၊ ဆေးခန်းအပြီး ဆေးရုံမှာ အရေးပေါ်လူနာ၊ အရေးကြီးလူနာ သွားကြည့် ဖို့ ဆေးခန်းစောစောပိတ်ဖို့ လိုတဲ့နေ့ဆိုရင် ပြဿနာ။
အဲဒီလို နေ့တွေမှာမှ လူနာတွေ ပိုလို့များသလိုလို။ ကိုယ်က စိတ်စောလေ၊ လောလေ၊ လူနာတွေက ပိုလို့ ပိုလို့ နှေးနှေးကွေးကွေး လေးလေးလံလံ လုပ်နေတယ်ထင်ရလေ။ ည ၈ နာရီဝန်းကျင် လူနာနည်းနည်းကျဲ ပါးသွားပြီ ဆိုကာ မှ အသက်၀၀ ရှူသွင်းရ။ လူနာတစ်ဦးစ နှစ်ဦးစပဲ ကျန်တော့တယ်ဆိုရင် လုပ်ရကိုင်ရ စမ်း သပ်ရဆေးကုရတာပျော်စရာ။ နားရတော့မယ်ဆိုတဲ့ အတွေးနဲ့။
ဒီကြားထဲ မြင်းလှည်းတစ်စီးစီး ကျွန်တော့် ဆေးခန်းရှိရာ လမ်းကြားထဲ ၀င်လာပြီဆိုရင် ရင်တ ထိတ်ထိတ်။ နောက်ဆုံးရဲ့ နောက်ဆုံးလူနာလေလား။ အဲဒီ မြင်းလှည်း ဆေးခန်းကို ကျော်သွားရင် ရင်ထဲပေါ့ပါး သွားရ ပြန်။ မြင်းလှည်းက ဆေးခန်းမှား ကျော်သွားလို့ဆိုပီး တစ်ကျော့ပြန် လှည့်လာ၊ ဆေးခန်းပေါက်ဝ ဆိုက်ဆိုက် မြိုက်မြိုက် ရပ်လိုက်တဲ့အသံ ကြားလိုက်ရတော့ ... အဲဒီနောက်ဆုံးလူနာ ကို စိတ်စက်မကြည့်စွာနဲ့ပဲ မေးရ မြန်းရကုသရပေါ့။
တစ်ခါက နောက်ဆုံးလူနာတစ်ဦးကို ကျွန်တော်က အကြောင်းမဲ့ စိတ်တိုပြီး ဒေါသနဲ့ ငေါက်လိုက်မိတယ်။
“ဘာဖြစ်လို့ အခုမှ လာပြရတာလဲ“ပေါ့။
လူနာ က ကိုယ့်တပည့် မှ မဟုတ်တာ။ ဘယ်ခံလိမ့်မလဲ။ ကျွန်တော့် မျက်နှာကို စေ့စေ့ကြည့်ပြီး -
“ဆရာ ကျွန်တော့် ကို စိတ်ဆိုးစရာ ဘာအကြောင်းမှ မရှိဘူး။ ဆရာ မကုချင်ရင် မကုရုံပေါ့။ ကျွန်တော် ပြန်ရုံပေါ့“
လို့ပြန်ပြော တယ်။ ကျွန်တော် ထောင်းခနဲ ဒေါပွသွားပေမယ့် တစ်ဖက်ကလည်း သူပြောတာ မှန်သားပဲဆိုတဲ့ အတွေး က ၀င်သွားလေတော့ ကျွန်တော် စိတ်လျှော့လိုက်တယ်။
“အေးဗျာ ကျွန်တော် လည်း လူနာများလို့ စိတ်တိုသွားတာပါ။ ခင်ဗျားအပြစ် မဟုတ်ပါဘူး“
လို့ တောင်းပန်ပြီး အေးအေးဆေးဆေး ကြည့်ရှုကုသပေးလိုက်တယ်။ လူနာလည်း ကျေကျေနပ်နပ် ကြည် ကြည်သာသာ ပြန် သွားလေရဲ့။
အသိဆရာဝန်ကြီး တစ်ဦး ရဲ့ နောက်ဆုံးလူနာဖြစ်ရပ်ကလည်း မှတ်လောက်စရာ။ သူတို့ရုံ လူနာတင်ရက် တစ်ညနေခင်း လူနာတွေလှည့်ကြည့်ပြီး အိမ်ပြန်ဖို့ ထွက်အလာ လူနာရှင်မိန်းမတစ်ဦးနဲ့ ရင်ဆိုင်လိုက်ရတယ်။ လူနာရှင်က သူ့အမေ အသက် ၈၀ အရွယ်အဘွားကြီး ချောင်းဆိုးသွေးပါလို့ အဲဒီနေ့ပဲ ဆေးရုံတင်ထားရတာ။ သူ့အမေ ရဲ့ အခြေအနေ အကျိုးအကြောင်းမေးချင်လို့ ပြန်ခါနီး ဆရာ့ကို လှမ်းတား တာ။ ဆရာ ကလည်း နောက်ဆုံးလူနာကြည့်ပြီး အိမ်အပြန် လွတ်ပဟ ကျွတ်ပဟ ဆိုတဲ့ အတွေးနဲ့။
“ ကျွန်မအမေ ရဲ့ အခြေအနေကလေး သိပါရစေ“
လို့ လူနာရှင် မေးလိုက်တာကို -
“ခင်ဗျားအမေ က ဘာမို့လို့လဲ။ ဘုရားတောင် သူ့အမေ သေရသေးတာပဲ“
ဆိုတဲ့ မဆိုင်တဲ့အပေါက် ဂလိုင်နဲ့ခေါက်လိုက်လေတော့ လူနာရှင်ခမျာ ကွက်ခနဲ မျက်နှာပျက်သွားခဲ့။ ထိခိုက်နာကျင် သွားခဲ့။
ပြီးတော့ ထွက်သွား တဲ့ ဆရာဝန်ကြီးနောက်ကို ထက်ကြပ်မကွာ လိုက်တော့တာ။ ဆရာဝန်ကြီး သူ့ကားပေါ် တက်မောင်းထွက်သွားတာ ကို သူက စက်ဘီးနင်းပြီး နောက်က တရကြမ်းလိုက်တော့တာ။ ဆေးရုံကြီးကနေ မင်္ဂလာဈေး၊ မင်္ဂလာဈေးထောင့် ကျတော့ မင်္ဂလာလမ်းချိုး။ စက်ဘီးကို ဒုန်းနင်း။ ဒေါသနဲ့၊ ဇောနဲ့။ ဆရာဝန် ကြီးကား အိမ်ထဲဝင်သည် အထိ မျက်တောင်မခတ် လိုက်ကြည့်။ ဆိုင်းဘုတ်ကြည့်၊ နာမည်မှတ်ပြီး ပြန်ခဲ့ သတဲ့။ သူနဲ့ သူ့အမျိုးတွေ ဘယ်လောက် သေကောင်ပေါင်းလဲ ဖြစ်ပလေ့စေ၊ ဒီဆရာဝန်ကြီးနဲ့ ဘယ်တော့မှ မကုဘူးလို့ သန္နိဋ္ဌာန်မြဲမြဲ ချလိုက်သတဲ့။ ကာယကံရှင် ပြန်ပြောပြတာ။
အဲဒီဆရာဝန်ကြီးပဲ တစ်ရက် သူ့ကိုယ်ပိုင် ဆေးခန်းပိတ်ခါနီး လူနာတစ်ယောက် ပေါက်ချလာသတဲ့။ နောက် ဆုံး လူနာကြည့်ပြီး နားလိုက်ဦးမဟဲ့ ဆိုကာမှ မခေါ်ပင့်ချေ ပေါက်ချလာတဲ့လူနာကို ခပ်မှုန်မှုန်ကြည့်လိုက်ပြီး -
“ခင်ဗျား က ဘာလို့ ခုမှ လာရတာလဲ။ ကျုပ်က ဆေးခန်းပိတ်ပြီဗျ“
လို့ ပြောလိုက်သတဲ့။ ဆရာဝန်ကြီး က စိတ်ရင်းကောင်းတယ်။ ဒါပေမဲ့ စကားပြောတာ ထန်တယ်ဆိုတာ လူနာက သိပြီးသား။ တော်ရုံတန်ရုံလူနာ ဆိုရင် ဒီလိုငေါက်ငမ်းလိုက်ရင် လန့်ဖျပ်တုန်လှုပ်ပြီး တောင်းပန် တော့မှာ။ ဒီလူနာ က ဒီလိုမဟုတ်ဘူး။ ခပ်အေးအေးပဲ။
ဆရာဝန်ကြီးကို သေသေချာချာ ကြည့်လိုက်ပြီး -
“ဆရာ ရောဂါ ကို ဒီအချိန်မှာ ပေါ်လာစေ၊ ဟိုအချိန်မှာ ပေါ်မလာစေနဲ့ဦးလို့ အချိန်းအချက် လုပ်ထားလို့ ရသလား ဆရာ“ လို့ ပြန်ပြောလိုက်သတဲ့။ ဆရာကြီး တွေခနဖြစ်သွား။ သူက စိတ်တိုသော်လည်း ဥာဏ်ရှိတဲ့သူ။
“အေးဗျာ ဒီလိုတော့ ဘယ်ရပါ့မလဲ“ပေါ့။
အဲဒီကတည်းကစပြီး လူနာနဲ့ ဆရာကြီး ခင်မင်ရင်းနှီးသွားလိုက်တာ ယနေ့တိုင်။
(၄)
နောက်ဆုံးလူနာနောက်မှာ နောက်ဆုံးလူနာတစ်ဦး ကျန်နေသေးတယ်။ “တောကြီးမျက်မည်းထဲက မထွက်ခင် ဘေးလွတ်ပြီ လို့ မအော်ပါနဲ့ဦး“တဲ့။ ဆရာ သာဓု ရေးထားတာ အမှတ်ရမိ။ ရုပ်ရှင်ကားတစ်ကား ရိုက်တုန်းက တစ်နေ့တာရဲ့ နောက်ဆုံးအခန်းရိုက်ရာမှာ မင်းသမီးမြတ်မွန်က ကင်မရာကို ကျောပေးပြီး ထွက်သွားတာ ကို ရိုက်ရသတဲ့။
မြတ်မွန် ကလည်း တစ်ရက်လုံးလုံး ဆရာသာဓုရဲ့ ဇီဇာကြောင်စွာ ညွှန်ကြားပြသတာတွေ ရိုက်ချက်တွေကို ပင်ပန်း တကြီး ခံယူပြီးကာ မှ ဒီတစ်ခါတော့ လွတ်ပြီကျွတ်ပြီဆိုတဲ့စိတ်နဲ့ စိတ်ပေါ့ပါးစွာ လျှောက်ထွက်သွား လိုက် သတဲ့။ ဆရာသာဓုက အဲဒီအခန်းကို အစအဆုံး ပြန်ရိုက်စေတယ်။ “ ဟာ ... ဆရာကလည်း ပြီးပြီပဲ။ ဘာလို့ ပြန်စ ရတာတုံး“မေးတော့ ဆရာက -
“ ဟဲ့ နင့်ကျောနဲ့တင် ကို ကြည့်လိုက်ရင် သိတယ်။ နင်က ပျော်နေတဲ့ Mood ၀င်သွားတာ။ ဒီအခန်း က ပျော်စရာ အခန်း မဟုတ်ဘူး။ ဒါကြောင့် ပြန်ရိုက်“တဲ့။
ကျွန်တော် ဆရာသာဓု ကို လေးစားမိသလို မင်းသမီးမြတ်မွန်ကိုလည်း ကိုယ်ချင်းစာလိုက်မိတယ်။ ကျွန်တော်တို့တစ်တွေ လည်း နောက်ဆုံးလူနာ ကြည့်ပြီးရင် အဲဒီလို တင်ပါးလေးယမ်းပြီး ထွက်သွားချင် လိုက်တာ။ ဒါပေမဲ့ ...
လူနာက အသက် ၁၅ နှစ်အရွယ်။ ရောဂါက လူကီးမီးယား (သွေးကင်ဆာ)။ ဆေးဝါးရှိပေမယ့် လူနာရှင်က ကုသနိုင်တဲ့ အင်အားမရှိ။
နောက်လူနာက အသက် ၅၀ အရွယ် အမျိုးသမီးတစ်ဦး။ မောလို့တဲ့။ သားကလည်း အသည်းကင်ဆာနဲ့ ဆုံးသွား တာ တစ်လကျော်ကျော်ပဲ ရှိသေးသတဲ့။
တစ်ဦးက ယောက်ျားလူနာ။ အဝေးပြေးကားဒဂိုင်ဘာ။ အသက် ၃၀ ၀န်းကျင် HIVပိုး စွဲကပ်နေရသူ။ အနားက ဇနီးသည် က ကိုယ်ဝန်လနုနုနဲ့။
အသက် ၈၀ ကျော် ဘကြီး။ အဆုတ်ကင်ဆာနဲ့ နာကျင်ကိုက်ခဲနေ။ ဘေးကပြုစုတ့ သားသမီးတွေက စိတ်မရှည်။
ဆယ်တန်းကျောင်းသူ ကလေးမလေးက ရင်ဘတ်အောင့်သတဲ့။ မောသတဲ့။ မိဘတွေက အဝေးမှာ။ သူက ဘော်ဒါဆောင် မှာ။
အသက် ၄၀ ကျော် အမျိုးသမီး။ ရောဂါမည်မည်ရရ မရှိသော်လည်း စိုးရိမ် ပူပန်ကြောင့်ကြတဲ့ လက္ခဏာတွေ အပြည့်နဲ့။ Life style ပြောင်းဖို့ ပြောကြည့်တော့ နားဝင်ပုံမရ။ ဆေးပဲ တွင်တွင် တောင်းနေ။
ရွှေတော က ပြန်လာတဲ့ ငှက်ဖျားဝေဒနာသည်။ ဖြူဖျော့လို့။ အာဟာရ ချို့တဲ့။နာတာရှည်ငှက်ဖျား။ ငှက်ဖျား တော မသွားပါနဲ့ ဆိုလည်း ပြောမရ။ လူမွဲတို့ရဲ့ ထွက်ရပ်လမ်း။ ဆီးချို၊ နှလုံး၊ သွေးဆိုးရောဂါသည် အမကြီး။ ဆေးကုလိုက် မကုလိုက်။ ဆေးစာအုပ် ခဏခဏ ဖျောက်ဖျက်ပစ်။
ကျောင်းသားတစ်ဦး။ သူ့အနီးမှာ ချွန်ထက် တဲ့ ပစ္စည်းမြင်ရင် ကောက်ကိုင်ပြီး နီးရာလူကို ထိုးချင်စိတ်ပေါ် လို့တဲ့။
လယ်သမားတစ်ဦး။ စိတ်ကျရောဂါနဲ့ အိပ်၍မပျော်သော စိတ္တဇညများကို ဖြတ်သန်းနေရသူ။ အနီးက ဇနီး သည်က ခံစားမှု ကင်းတဲ့မျက်နှာပေးနဲ့ မတ်တတ်ရပ်လျက်သား။
ည ၈ နာရီထိုးပေါ့။ နောက်ဆုံးလူနာကြည့်ပြီးရင် မီးလာတုန်း အင်တာနက် ကြည့်ရဦးမှာ။ နက်ဖြန် ဘွဲ့လွန် တွေ စာသင် ဖို့ ပြင်ဆင် ရဦးမှာ။ ကျမ်းကြီးတစ်စောင် ဖတ်ရှုပြီး အကဲဖြတ် မှတ်ချက်ပေးရဦးမှာ။ ပျောက်နေတဲ့ စာအုပ် ရှာ ရဦး မှာ။ နေမကောင်းတဲ့ ဆရာကြီးကို ဖုန်းဆက် အကျိုးအကြောင်း မေးရဦးမှာ။ ဖုန်းပြန်ဆက်ဖို့ ပြောထားတဲ့ ရန်ကုန်က ဆရာမကြီးကို ဖုန်းဆက်ရဦးမှာ။ တောင်ကြီး ဆရာဝန် ညီလာခံမှာ ဖတ်ဖို့ စာတမ်းအချောသတ် ရဦးမှာ။
ကြည်အေး ရဲ့ တစ္ဆေရှာပုံတော် မှာ နောက်ဆုံးတော့ တစ္ဆေ ငါကိုယ်တိုင်ပါပဲတဲ့။ ထို့အတူ ကျွန်တော် စောင့် နေသောနောက်ဆုံး လူနာ သည် ...
ရွက်နုဝေ၊ မေလ၊ ၂၀၀၈
.

No comments:
Post a Comment