တစ်နေကုန်လည်း တဘုတ်ဘုတ်နှင့် ယင်မသတ်ရတော့။ ညနေစောင်းတွင့် သူ့အမည်ဖြင့် ဖမ်းဆီးထားသော ယင်သတ်မှတ်ကောင်ရေ အထုပ်တစ်ထုပ် ရောက်လာသည်။ ထိုအထုပ်ကို ဘုတ်ကိုင်လက်ထဲ အပ်လိုက်ရုံပဲ ဖြစ်သည်။ယင်းအထုပ်ထဲမှ ယင်များကို လိုင်စင်မဲ့ ယင် ဟုခေါ်ပါသည်။
.............
ကို ဆက်ဖတ်ရန်...............
လက်ကောက်နှင့်ဘောက်ချာ
အကျဉ်းထောင်အတွင်းရှိ ဆေးရုံများတွင် AIDS ဝေဒနာရှင်များ၊ HIV ပိုးရှိသူများ တီဘီရောဂါ ဝေဒနာရှင်များဖြင့် အမြဲလိုလို ပြည့်ကျပ်လျက် ရှိသော်လည်း ပိုက်ဆံကလည်းရှိ အကျဉ်းသားတွေနဲ့ လည်း ရောရောယှက်ယှက် မနေချင် ဘဲ သီးသီးသန့်သန့်နေချင်တဲ့ သူတွေအတွက်တော့ ဆေးရုံက မျက်စိကျချင် စရာ ကောင်းလွန်း လှပါတယ်။ ဆေးရုံဆိုတာ အဆောင်မှာလို စည်းကမ်းတကျ ည(၉) နာရီအိပ်၊ မနက်(၅)နာရီ ထစရာလည်း မလိုပါဘူး။ ပြီးတော့ ဆေးရုံဆိုတော့ အလုပ်လည်း လုပ်စရာ မရှိဘူး။ ဆေးရုံမှာ ကိုယ်ပိုင်စား ဖိုဆောင် ရှိတယ်။ လူနာတွေ အတွက် ကြက်ဥ၊ နွားနို့၊ ပေါင်မုန့်တွေကလည်း ရသေးတယ်။ ဒီတော့ နေကောင်းကျန်းမာ သန်စွမ်းပေမယ့် ဆေးရုံမှာမှ နေချင်သူ သူဌေးအကျဉ်းသားတွေက အကြံအဖန်တွေ လုပ်ကြပြီ။ ရုပ်ရှင်ရိုက်ကြပြီ။ ဆရာဝန် ကိုပြ၊ ရောဂါတစ်ခုခု အမြန်ဆုံး ရှာဖွေကြရပါတယ်။
တကယ်တော့ ဓာတ်ကြီးလေးပါးနဲ့ ဖွဲ့စည်းထားတဲ့ ဒီခန္ဓာကိုယ်ကြီးဟာ ရောဂါကင်းစင်နေဖို့ဆိုတာကတော့ ခက်တာပေါ့ ဗျာ။ ရောဂါတစ်ခုခု ရှာဖွေဖို့ ဆိုတာ ဆရာတွေအတွက်တော့ very easy။ ဒီတော့ သူဌေးကြီးတွေ ဆေးရုံ မှာ အေးအေး သက်သာနေဖို့ဆိုတာ အရမ်းကို လွယ်ကူနေတဲ့ ကိစ္စပါ။ နောက်ဆုံး တိုင်းကျော်ပြည်ကျော် သူဌေးကြီးတွေဟာ နိုင်ငံရေးကိစ္စကလွဲလို့၊ စီးပွားရေးကိစ္စတစ်ခုခုကြောင့်ဖြစ်စေ၊ အခြား ရာဇ၀တ် ပြစ်မှုအကြောင်းအရာ တစ်ခုခုကြောင့်ဖြစ်စေ ထောင်ထဲကို ရောက်လာပြီဆိုရင် ဆေးရုံကိုပဲ တန်းတန်း မတ်မတ် ရောက်ရှိလာကြတာ ဖြစ်ပါတယ်။
ဒီလိုအကျဉ်းသားမျက်နှာကြီးတွေ ကို အကျဉ်းထောင်ထဲမှာ ဘောက်ချာလို့ ဗန်းစကားနဲ့ ခေါ်ဝေါ် သမုတ်ကြ ပါတယ်။
ဒီလို ဘောက်ချာကြီးတွေခမျာမှာလည်း အေးအေးဆေးဆေး ထောင်ထဲမှာ နေရတယ်ဆိုပေမယ့် ဆေးရုံရဲ့ ကုန်ကျငွေ ဝေယျာဝစ္စ အ၀၀ အတွက်တော့ လျစ်လျူရှုထားလို့ မရ ပါဘူး။ တချို့ သူဌေးကြီးတွေ ဆိုရင် ဆေးရုံတာဝန်ရှိသူတွေ ကို လစာသဘောမျိုးတောင် အိမ်ကို သွားဖို့ခိုင်းတာ ရှိပါတယ်။ လစာကတော့ (၅)သိန်း၊ (၄)သိန်း၊ (၃)သိန်း အစားစားပေါ့။ ဒါကလည်း သူတို့နေရတဲ့ တိုက်ခန်း အကျယ်အ၀န်း သန့်ရှင်းမှု အိမ်သာတွေ ကို မူတည်ပြီး ပေးရတာ ဖြစ်ပါ တယ်။ ဆေးရုံရဲ့ သာရေးနာရေးအပိုင်းတွေကိုတော့ အဆင်ပြေ ရှောရှော ရှုရှုဖြစ်အောင် သူတို့ လုပ်ဆောင်ပေးနေရတာ ရှိပါတယ်။ ဒါကြောင့် လည်း ငွေတွေသုံးနိုင်စွဲနိုင် လို့ ဘောက်ချာလို့ ခေါ်ဝေါ်သမုတ်ကြတာ ဖြစ်မှာပေါ့လေ။ တချို့တွေ လည်း ထောင်ထဲမှာတင်လုံ ပါးပါးပြီး ဘောက်ချာ ဘ၀ကနေ ရွှေ့လျားသက်ဆင်းသွားကြတာမျိုးလည်း ရှိတတ် ပါတယ်။ အပြင်မှာ ထားရစ်ခဲ့တဲ့ ဓန စည်းစိမ် နောက်ခံ အင်အား မတောင့်တင်းဘူး ဆိုရင်တော့ ထောင်ထဲမှာ နှစ်ကာလကြာလာတာနဲ့ အမျှပရုတ်လုံးလို လုံးပါးပါး သွားတတ်တာ မထူးဆန်းပါဘူး။ နောက်ခံအင်အား တောင့်တင်းတဲ့ သူတွေ အတွက်တော့ ထောင်ဆေးရုံ ဆိုတာ လောကနိဗ္ဗာန်တစ်ခုပါပဲ။ ထောင်အပြင်မှာရှိတဲ့ စားသောက်ဆိုင်ကနေ ဒံပေါက်၊ ခေါက်ဆွဲကြော်၊ ၀က်သားတုတ်ထိုး၊ ဖာလူဒါ စားလိုသမျှဝန်ထမ်း နဲ့မှာ စားလို့ရပါတယ်။ ဈေးတော့နည်းနည်းကြီးသပေါ့။
ဆေးရုံမှာ နောက်လူတန်းစားတစ်မျိုးလည်း ရှိပါသေးတယ်။ သူတို့ကတော့ ငွေကြေး မတတ်နိုင်တဲ့ အကျဉ်းသားတွေ ဖြစ်ပါတယ်။ သူတို့က ငွေမရှိပေမယ့် ထောင်က Labour ချတဲ့ အလုပ်တွေလည်း မလုပ်ချင်၊ ဆေးရုံမှာပဲ အေးအေးဆေးဆေး နှပ်နေချင်တဲ့ သူတွေလည်း ထောင်ထဲမှာ ရှိနေပြန် ရော။ ကဲ မခက်ပေ ဘူးလား။ ဒီတော့ သူတို့ကလည်း ထောင်အခေါ် ရုပ်ရှင်ရိုက်ရတော့တာပေါ့။ ဗိုက်လေး နဲနဲလောက်အောင့်တာနဲ့ မျက်နှာတွေ ရှုံ့မပြ၊ အသံကုန်အော်ဟစ်၊ ချွေးသီးချွေးပေါက် တွေ ကျပြနဲ့ တချို့ဆိုသွားတစ်ချောင်း အဆုံးခံပြီး ဆေးရုံတတ်တဲ့လူတောင် ရှိသေးတယ်။ ဆေးတပ်သားက သနားပြီးဆေးရုံတင် ပေးလိုက်ရော။ ဒီလိုနဲ့ ဆေးရုံမှာ အခြေအနေကောင်းရင် ကောင်းသလို တစ်လ ကိုးသီတင်းလောက်တော့ အေးအေးသက်သာနေလို့ ရပါတယ်။
ဒါပေမဲ့ ဒီလို ခေါက်ရိုးကျိုးဇာတ်လမ်းမျိုး နဲ့ ခဏခဏ ဆေးရုံကို လာချင်လိုတော့ မရဘူးပေါ့။ အကြောင်းသိသွား ရင် ဗိုက်ခဏခဏ အောင့်ပြပြီး ကမ္ဘာတုန်အောင်အော်လည်း သဘောပေါက်သွားတဲ့ ဆေးဝန်ထမ်း တွေက ဇာတ်လမ်း သိပြီးသား ရုပ်ရှင်လိုသိပ်ပြီး အရေးတယူ မရှိတော့ဘူး။ ဒီလိုအတန်းအစားတွေ ကို ထောင်ထဲမှာ လက်ကောက် လို့ ခေါ်ပါတယ်။ လက်ကောက်ဆိုတာ အလုပ်လုပ်နိုင်ရဲ့သားနဲ့ အလုပ်မချင်ပဲ အကြောင်း အမျိုးမျိုး ပြနေတဲ့ သူတွေပေါ့။ လက်ကောက်တွေထဲမှာ ခွင်ကိုရှာတတ် တဲ့ လက်ကောက်တွေ ရှိသေးတယ်။ ဆေးရုံဆိုတာ လူနာတွေရှိတော့ မီးဖိုကို (၂၄)နာရီရအောင် လုပ်ထားရတယ်။ ဒီအခွင့်အရေးကို အသုံးချပြီး ထောင်ကကျွေး တဲ့ မနူးမနပ်အမဲသားတွေကို ဈေးချိုချိုနဲ့ပြန်ဝယ်ပြီး ဆေးရုံမီးဖိုမှာ ခရမ်းချဉ်သီးနဲ့၊ ငရုတ်သီးစိမ်း နဲ့၊ ဆီနဲ့ သေချာချက်ပြီး အကျဉ်းသားတွေကို ပြန်ရောင်းတဲ့ စီးပွားရေးသမားလက်ကောက်တွေက အရမ်း အဆင်ပြေတယ်၊ သူတို့တွေ တစ်လလောက် ဆေးရုံမှာ နေခွင့်ရတာနဲ့ လက်ထဲမှာ သိန်းဂဏန်းလောက်တော့ အသာလေး ဘဲ။ ဒီတော့ ချုပ်ပြီးပြောရရင် ဆေးရုံဆိုတာ တကယ်ဖျားနာနေတဲ့ သူတွေ၊ ရောဂါ ဖြစ်နေတဲ့သူတွေ ရှိနေတယ်ဆိုပေမယ့်လည်း ဆေးရုံတစ်ခုလုံးမှာ လူနာအစစ်က ငါးဆယ် ရာခိုင်နှုန်း ပဲ ရှိတာပါ။ ကျန် ငါးဆယ်ရာခိုင်နှုန်းကတော့ ဘောက်ချာတွေနဲ့ လက်ကောက်တွေ နဲ့ ပြည့်ကျပ်နေ တယ်။ ဒါမှလည်း ဆေးရုံက သာသာယာယာ လည်ပတ်နိုင်မှာလေ။
တခါတစ်လေမှာ ငိုအားထက် ရယ်အားသန်အဖြစ်တွေလည်း ရှိပါသေးတယ်။ ထောင်တွင်း အားကစားပြိုင်ပွဲတွေ ကျင်းပတဲ့ အချိန်အခါတွေမှာ အကျဉ်းထောင်တွင်းမှာ ရှိတဲ့ အဆောင်အသီး သီးက အသင်းတွေ ထွက်ရပါတယ်။ ထောင်ကျဆောင်(၃) (၄) (၅)၊ အချုပ်ဆောင် (၁) (၂)၊ အလုပ်ကြီး၊ ရိက္ခာ၊ ဆေးရုံ၊ စစ်ခွေး စသည်ဖြင့် အသင်းတွေ ဖွဲ့စည်းပြီး ပြိုင်ပွဲဝင်ကြရတယ်။ ဘောလုံးပြိုင်ပွဲတွေမှာဆိုရင် အကောက်ခွန် က ထောင်ကျလာတဲ့ မြန်မာလက်ရွေးစင် ဘောလုံး သမားတွေနဲ့ အရမ်းကို စည်ကားတာပေါ့။ အဲဒီအသင်းတွေကြား ထဲမှာ ကျွန်တော်ထင်တားတာက ဆေးရုံအသင်းဆိုတာ လူနာတွေနဲ့ ဖွဲ့ထားတာမို့ ချိန်နဲ့ ယိုင်တိုင်တိုင် အသင်းတစ်သင်း ဖြစ်မယ်လို့ ထင်ထားတယ်။ ဒါပေမယ့် တစ်ကယ်တွေ့လိုက်ရတော့မှ မာမာချာချာ ထောင်ထောင်မောင်းမောင်း အသင်းကြီး ဖြစ်နေတာ သိလိုက်ရတော့တာပါပဲ။ ရန်ပုံငွေ ကလည်း တောင့်တယ်။ ပြီးတော့ ဆေးရုံ အသင်းက ကျန်အသင်းတွေကို အနိုင်ယူပြီး ဘောလီဘောတို့၊ ပိုက်ကျော်ခြင်း တို့မှာ ချန်ပီယံဆု တံဆိပ်တွေ တက်ယူတာမျိုးလည်း ရှိခဲ့ဖူးပါတယ်။ ဒီလိုအခါမျိုး မှာ ဘေးစည်းကနေ အကျဉ်းသား တွေ စကြနောက်ကြပြောင်ကြ နဲ့ ပျော်စရာတောင် ကောင်းနေပါသေး တယ်။ ဘောလီဘောပြိုင်ပွဲ တစ်ခု မှာ ဘောလုံးကွဲအောင် တအုန်းအုန်းရိုက်ပြတဲ့ ဆေးရုံကစားသမားများ ပိုက်ပေါ် တက်လာပြီ ဆိုရင် HIV ကွ တီဘီကွနဲ့ အားပေးလိုက်ကြတာ တရုန်းရုန်းပါပဲ။
ဆေးရုံမှာ ဒီလိုလူကောင်းတွေနဲ့ သိပ်ပြီး ရုပ်ပျက်ဆင်းပျက် ဖြစ်လာပြီဆိုရင် ထောင်ပိုင်ကြီးက သိပ်ကြည့် မရတော့ ဘူး။ ဆေးရုံမှာ ရှိတဲ့ လက်ကောက်နဲ့ဘောက်ချာတွေ သေဖို့သာပြင်ပေတော့။ ဒီလိုအခါမျိုး မှာ ဆေးရုံအုပ် နဲ့ ညှိပြီး DC ချပစ်လိုက်တယ်။ DC ချတယ်ဆိုတာ discharge လုပ်တာ ကို အတိုကောက်ခေါ် တာပါ။ ထောင်မှာရှိတဲ့ လူနာတွေကို သေချာစစ်ဆေးပြီး သက်ဆိုင်ရာ အဆောင်နဲ့ အလုပ်ဌာန ကို ထောင်ဆေးရုံက ပြန်ပို့ပေးလိုက်ပါတယ်။ ဒီအချိန်မှာတော့ ဘောက်ချာ တွေအားလုံး မျက်စိပျက် မျက်နှာပျက် နဲ့ အဆောင်ကို ရောက်လာကြပြီ။ သူတို့က အဆောင်မှာ တော့ လုံးဝမနေနိုင်ပါဘူး။ အဆောင်ဟာ သူတို့ အတွက် လောကငရဲပါပဲ။
ဒါပေမဲ့ သုံးလေး ငါးရက်တော့ အဆောင်မှာ အောင့်အီးနေရတာပေါ့။ ဘောက်ချာတွေက နည်းလမ်းမျိုးစုံ သုံးပြီး ဆေးရုံပြန်ရောက်အောင် ကြိုးစားကြတာချည်းပါပဲ။ အိမ်ကမိန်းမကို ဖုန်းနဲ့ ဆက်ခေါ်ခိုင်းပြီး အရေးပေါ် ထောင်ဝင်စာ တွေ့တယ်။ ထောင်ပိုင်တွေ ထောင်မှူးတွေ ထောင်ဆရာဝန်တွေအိမ်ကို အမြန်လိုက်ခိုင်းတယ်။ မိန်းမကတော့ ငွေထုပ်ပိုက်ပြီး လိုက်ပေတော့ပဲ။ နောက်တော့လည်း ဒုံရင်း ဒုံရင်းပဲပေါ့။ တစ်ပတ်ဆယ်ရက်ကြာတော့ သူဌေးကြီးတွေလည်း ဆေးရုံကို ပြန်ရောက်သွားကြ တယ်။ လက်ကောက်တွေ ကတော့ ကျရာနေရာမှာ ရှင်သန်အောင်နေရင်း နောင်တစ်ချိန်ဆေးရုံ တက်ရမယ့် အချိန်ကောင်း ကို စောင့်နေကြလေရဲ့။ ထောင်ရဲ့ ကျန်းမာရေး စောင့်ရှောက်မှု လုပ်ငန်း တွေမှာ ဘောက်ချာနဲ့ လက်ကောက် ကိုတော့ ဘယ်နည်းနဲ့မှ ရှောင်ဖယ်လို့ မရပါဘူး။ ဘယ်လို ခေတ်တွေ၊ စနစ်တွေ ပြောင်းခဲ့ပြောင်းခဲ့ သမိုင်းတစ်လျှောက်လုံး ရှိနေကြတာပါပဲ။
ဒါကလည်း အကျဉ်းထောင်လက်စွဲဥပဒေကို ဖောက်ဖျက်တာ မဟုတ်ပါဘူး။ အာဏာပိုင်တွေက ဥပဒေဘောင်ထဲကပဲ ပါးပါးလေး ကစားသွားတာပါ။ အားလုံးအတွက် ရှဥ့်လည်းစွဲသာ ပျား လည်း လျှောက်သာပေါ့။ ကဲ မပိုင်ဘူးလား။
လူတွေကို ဒုက္ခပေးခဲ့သော
ဆေးမင်ကြောင် မုတ်ဆိတ်ရိတ်ဓားနှင့် ဆေးထိုးအပ်များ
၁၉၉၀ အင်းစိန်ထောင်ထဲကို ရောက်သွားတဲ့အချိန် မြင်လိုက်ရတဲ့ မြင်ကွင်းတွေက ခြေဖျား လက်ဖျားတွေ အေးစက် တုန်ခါသွားစေခဲ့ပါတယ်။ မြင်ရတဲ့ အခြေအနေက ၀ဋ်ဒုက္ခတွေကို ပေးဆပ် ဖို့ ကျိန်စာမိနေ တဲ့ ကမ္ဘာတစ်ခု ဖြစ်ပါတယ်။ လူတွေက အဖြူရောင်အထက်အောက် တူညီဝတ်စုံ တွေ ၀တ်ထားကြ တယ်။ မျက်နှာအားလုံးက "နုတ္ထိုရ်" တွေချည်းပဲ။ ခန္ဓာကိုယ်တွေမှာ ဆေးမင် ကြောင်ကို အပြည့်ထိုး ထားကြတယ်။ ရင်ဘတ်တွေ၊ လက်မောင်းတွေပေါ်မှာ တစ်သက်စာ ဖျက်မရတဲ့ စာတွေအပြီး ရေးထားကြတယ်။ စာတွေက ပြောင်မြောက်တယ်၊ "လူမိုက်က ကျွန်တော်၊ အဖောက် သေမင်း" "အမေ့ကျေးဇူးဆပ်ဖူးချင်တယ်"၊ "တာမွေကောင်စီ-ပဲ"၊ "အမေ့သတ္တိ" စသည်ဖြင့်ပေါ့။ သူတို့တက်တူးထိုးတာကို ထောင်က တရားဝင် ခွင့်မပြုမထားဘူး။ ဒါပေမဲ့ ထိထိရောက်ရောက်လည်း မတားမြစ်ဘူး။ မသိမသာ လွတ်ပေးထားတယ်။
ဒီတော့ ပန်းချီ လက်ရာကောင်းတဲ့ သူတွေက ထောင်ရဲ မိလ္လာကြီးထဲမှာ တက်တူးထိုးချင်တဲ့ သူတွေကို ပန်းချီ ရေးပေးတယ်။ ပန်းချီရေးပေးတဲ့သူအတွက် သတ်သတ်၊ စုတ်ထိုးပေးတဲ့ သူက သတ်သတ်ရေးခ ပေး ရတယ်။ ပေးတဲ့အခါမှာလည်း ထောင်ထဲမှာ ပိုက်ဆံ မကိုင်ရဘူးဆိုတော့ ပုံစံပုဆိုး ၂ထည်တို့၊ ဆေးလိပ်အလိပ် ၅၀တို့၊ အချိုမှုန့်အထုပ်ကြီး ၃ထုပ်တို့ ကြိုက်တာပေးလို့ရတယ်။ နေ့စဉ်နဲ့အမျှ တက်တူးထိုးချင်တဲ့ သူတွေက တန်းစီနေတာပဲ။ တချို့က ရင်ဘတ်တွေမှာ ရေးတယ်။ တချို့က လက်မှောင်းမှာ ရေးတယ်။ တချို့ က ပေါင်နှစ်ဘက်လုံးအပြည့်ထိုးတယ်။ ကာလာသွင်းကြတယ်။ လူတွေများပေမယ့် စုတ်က တစ်ချောင်းတည်း။ သူ့ကို ပေါက်ပေးလိုက်၊ နာရင် ရပ်ထားလိုက်၊ နောက်တစ်ယောက်ကိုပေါက်လိုက်နဲ့ သူ့သွေးကိုယ့်ပေ ကိုယ့်သွေး သူ့ပေနဲ့ အကြောက်အလန့် နည်းနည်းမှ မရှိကြဘူး။
ကျန်းမာရေးဗဟုသုတကလည်း မကြွယ်ဝတော့ သွေးကနေရောဂါကူးစက် နိုင်တယ်ဆိုတာ အကျဉ်းသားတွေက မသိကြဘူး။ ထောင်အာဏာပိုင်တွေနဲ့ ဆေးဝန်ထမ်းတွေ ကလည်း အသိပညာပေးတာမျိုး ထောင်ထဲမှာ မရှိဘူး။ ဆံပင်ညှပ်တာ၊ မုတ်ဆိတ်မွေးရိတ်တာက အစ အကျဉ်းသားအားလုံးလိုလို သင်တုန်းဓားတစ်ချောင်းတည်းနဲ့ လုပ်ကြတာတွေ ရှိ တယ်။
နိုင်ငံရေါ်မှု နဲ့ကျတဲ့ ကျောင်းသားတွေကလည်း အားကျမခံဆေးမင်ကြောင်တွေ တက်တူးတွေ ထိုးကြတယ်။ အများစု က ခွပ်ဒေါင်းပုံတွေ ထိုးကြတယ်။ တချို့ကတော့ ကိုယ့်ချစ်သူအမည်ကို ရေးထိုးကြတယ်။ ဒါပေမဲ့ အပ် ကတော့ တစ်ချောင်းတည်း။ အဲဒီအချိန်က အပ်တွေက တစ်ဆင့် ရောဂါတွေ ကူးစက်တတ်တယ် ဆိုတာ ထောင်သားတွေ ကလည်း သေသေချာချာ မသိဘူး။ ထောင်အုပ်ချုပ်ရေးပိုင်းကလည်း သတိမထား မိခဲ့ကြဘူး။ ထောင်ထဲကို အဲဒီအချိန်က အပ်တစ်ချောင်းသွင်းဖို့ဆိုတာကလည်း အလွန်ခက်ခဲ့တာကိုး။ အပြင်လောက မှာတော့ တက်တူး ထိုးတာတွေ လူတွေကိုတွေ့ရင် "ဒီကောင်ထောင်ထွက်ပဲ" လို့ ဝေဖန် မှတ်ချက် ပြုလေ့ ရှိတယ်။
နောက်ဖြစ်ရပ်တစ်ခုကတော့ ထောင်သားတွေဟာ တနင်္လာနေ့ ထောင်ပိုင်တန်းစီမတိုင်ခင်မှာ ဆံပင်ရှည်ရင် ဆံပင် ညှပ် ရတယ်။ မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးတွေ ရှည်ရင် ညှပ်ရတယ်။ ဒါမှ ထောင်ပိုင်ကြီး လှည့်လည် စစ်ဆေးရင် သပ်သပ်ရပ်ရပ် ဖြစ်မှာကိုး။ ဒါပေမဲ့ ထောင်သားတွေက မုတ်ဆိတ်ရိပ်ဓားတွေ ဘာတွေ မတတ်နိုင်ကြ ဘူး။ ဒါကြောင့် တနင်္ဂနွေနေ့မှာ လူတွေကို တန်းစီ ခိုင်ပြီး ဓားတစ်ချောင်းထဲနဲ့ မုတ်ဆိတ်ရိတ်ပေးတယ်။ နှုတ်ခမ်းမွေးရိတ်ပေးတယ်။ တန်းစီးနေတဲ့ လူက ၂၀၀ကျော်လောက် ရှည်တယ်။ ဓား ကတော့ တစ်ချောင်းတည်း။ ထုံးစံအတိုင်း ကြိုက်တဲ့ ရောဂါကြိုက်သလို ကူးစက်ခွင့် ရှိတယ်။ ဘီပိုးတွေ၊ စီပိုးတွေ၊ HIV တွေ၊ တီဘီရောဂါတွေ ဘာတွေ ပဲလာလာ အကျဉ်းသားတွေအတွက် တခြားရွေးချယ်ခွင့် မရှိ ပါဘူး။ ဘုရားသခင်အလိုတော်အတိုင်း ပါပဲ။
တစ်ခါတစ်ရံမှာလည်း ထောင်ဆိုတာ လူအများနဲ့နေရတာဆိုတော့ ကူးစက်ရောဂါကို သိပ်ကြောက် ရတယ်။ ထောင်မှာ ၀မ်းရောဂါဖြစ်ရင် သတိထားပေတော့။ ကြိုတင် ကာကွယ်မှုသာ ပြုလုပ် မထားရင် လူတွေအများကြီး သေသွားနိုင်တယ်။ ဒါကြောင့် မကြာခဏ ကာကွယ်ဆေးတွေ ထိုးကြ ရတယ်။ ကာကွယ်ဆေး သာထိုးကြရတာ ဆေးထိုးအပ်က တစ်ချောင်းတည်း။ ၅(ည)တွေက ကိုယ်ပိုင်အပ်တွေ ၀ယ်သုံးကြသလို ပိုက်ဆံချမ်းသာ တဲ့ အကျဉ်းသားတွေကလည်း ဆေးထိုးအပ်တို့ ဆေးတို့ ၀ယ်ကြပါတယ်။ ဒါပေမဲ့ ထောင်သား အများစုကတော့ မတတ်နိုင်ကြပါဘူး။ ဒီတော့ ဆေးထိုးအပ်တစ်ချောင်းတည်းကို မျှဝေသုံးစွဲကြတယ်။ Drip ချိတ်ရင်လည်း မျှဝေသုံးစွဲရတယ်။ ဒီတော့ အကျုးဆက်က ၁၉၉၀ တစ်ဝိုက်မှာ သိပ်မသိသာသေးပေမယ့် ၁၉၉၄ လောက်ရောက်တဲ့ အခါကျတော့ သိသာလာကြပါတယ်။
တီဘီတွေ အဖြစ်များလာကြတယ်။ HIV တွေအဖြစ် များလာ ကြတယ်။ ဆေးရုံကို ၀မ်းလျှောပြီး ရောက်လာတဲ့ လူနာတွေ များလာတယ်။ ဖြစ်ပြီး သိပ်မခံကြပါ ဘူး။ သေကြတာပါပဲ။ အဲဒီအချိန်က ART ဆေးလည်း ပေးစရာ မရှိဘူး။ အားလုံးဟာ ဂျပန်ခေတ် က မြင်ကွင်းနဲ့ တစ်ထေရာတည်း တူနေတယ်။ ကူးစက်ရောဂါတွေကြောင့် ဖြစ်တဲ့လူနာတွေက များလွန်းတော့ နောက်ခံအင်အား မရှိတဲ့ သူတွေ ဆိုရင် ဆေးရုံကြမ်းပြင်မှာချထားတယ်။ ကျွန်တော် တို့ ၅(ည)တွေ ဆေးရုံဆေးခန်းသွားပြတဲ့အခါ မျက်တွင်းဟောက်ပက် ကြုံလှီနေတဲ့ ခန္ဓာကိုယ်နဲ့ သူတွေကို တွေ့နေရတယ်။ သူတို့ရဲ့ ကူရာမယ့် ကယ်ရာ မယ့် ပြူးကျယ်ပြီး ထွက်ေနတဲ့ မျက်လုံး နှစ်လုံးက ကျွန်တော်တို့ဆီက အကူအညီရလိုရငြား စူးစိုက်ကြည့်နေ တယ်။ သူတို့ဟာ အကျဉ်းသား တစ်ယောက်ရဲ့ ရပိုင်ခွင့်တွေကိုလည်း မသိဘူး။ နိုင်ငံသားတစ်ယောက်ရဲ့ အခွင့်အရေး ဆိုတာကို လည်း နားမလည်ဘူး။
သူတို့ကို ထောင်ချလိုက်တဲ့သူတွေရဲ့ ကြမ်းတမ်းတဲ့နှလုံးသားကိုလည်း မြင်အောင်မကြည့်နိုင်ဘူး။ သူတို့ အတွက်ကတော့ ဖြစ်လာသမျှလည်စင်းခံဖို့ အသင့်ပြင်ထားတဲ့ သိုးငယ်တွေပါပဲ။ ကျွန်တော်တို့ကလည်း သူတို့ကို ကယ်တင်ဖို့၊ ကုသဖို့ ဘာမှ မတတ်စွမ်းနိုင်ဘူး။ အကျဉ်းသားချင်း အားပေးနှစ်သိမ့်တာပဲ တတ်နိုင်တယ်။ ဒါကြောင့် ရှင်းရှင်းပြောရရင် သူတို့ မျက်လုံးတွေနဲ့ မရင်ဆိုင်ရဲဘူး။ သူတို့ဘ၀တွေကို မသိချင်ဘူး။ သူတို့ ခံစားချက်ကို မကြားရဲဘူး။ ဆေးရုံရောက်ရင် သူတို့မျက်လုံးတွေကို လွဲဖယ်လို့၊ သူတို့ခန္ဓာကိုယ်တွေ ကို ကျော်ဖြတ်လို့၊ ဥပေက္ခာ ပြုပြန်ခဲ့ရတဲ့ ကျွန်တော်တို့ရဲ့ နှလုံးသားတွေဟာ ပြင်းပြင်းထန်ထန် နာကျင်နေတယ်။ လူ့ဘ၀ဟာ ရခဲလှ၏ ဆိုတဲ့စကားကို ကျွန်တော်တို့ကတော့ လှောင်ရယ်လိုက်ချင်တယ်။
ထောင်ပိုင် တစ်ယောက်က ပြောဖူးတယ်။ "ဒီကောင်တွေ သေရင် စာရွက် ၂ရွက်ပဲ ကုန်တယ်။ အသက်ရှင်နေသေး ရင် ပုံစံ လည်း ကုန်တယ်။ ငွေလည်း ကုန်တယ်" တဲ့။ ဒီလိုနဲ့ ထောင်ဆေးရုံနဲ့ ကြမ်းပြင်ပေါ် မှာ ကိုယ့်ရောဂါ က ဘာမှန်းမသိ။ ကိုယ့်အမှုက ဘာမှန်းမသိ။ ကိုယ့်ဘ၀က ဘာမှန်း မသိဘဲ အသက်ဆုံးရှုံး သွားတဲ့ အကျဉ်းသားတွေ ရာထောင် ချီပြီး ရှိခဲ့ပါတယ်။ ကဲ ... ဒီလိုဆိုရင် ထောင်ထဲက လူ့အသက်တစ်ချောင်းရဲ့ အဓိပ္ပာယ် ကို လူကြီးမင်းတို့ ဘယ်လိုဖွင့်ဆိုပါမည်လဲ။
ဆက်ရန်
.

3 comments:
ထောင်ထဲကအတွေ့အကြုံလေးတွေဖတ်ပြီး
တခါကဦးလေးကြီးတစ်ယောက်ပြောခဲ့ဖူးတာ
အမှတ်ရလိုက်တယ် အဲဒီဦးလေးကြီးကမြန်မာပြည်မှာ မကြာခဏ ဆေးမှု့နဲ့ထောင်ကြဖူးတယ်တဲ့ မလေးရှားမှာလဲထောင်ကျတယ်
မြန်မာပြည်ထောင်မှာနေလာတဲ့ကောင်ပဲကွာ မလေးထောင်လောက်တော့သနားတယ် ဘယ်လောက်ကျကျနေနိုင်တယ်တဲ့.......
အလုပ်ကြမ်းလဲမရှိဘူးတဲ့ မွေ့ယာနဲ့စောင်နဲ့ဝင်တာနဲ့တန်းပေးတယ်တဲ့
အမရွှေစင်ရေ.....ထောင်ထဲမှာရှိတဲ့လူတိုင်းလဲ
လူဆိုးမဖြစ်နိုင်သလို အပြင်မှာနေတဲ့လူတိုင်းလဲ
လူကောင်းမဟုတ်ပါဘူးနော်အဲတာကိုထောင်မှုးတွေထောင်ပိုင်တွေ မသိသလိုလုပ်နေကြတာလဲ အံ့သြမိတယ်....
ကိုယ့်တိုင်းပြည်နဲ့ပတ်သက်တဲ့ ဗဟုသုတတွေအများကြီးသိရတယ်...ထောင်ပိုင်တွေရဲ့
စိတ်လေးကိုလဲ မြင်တွေ့လိုက်ရတယ်
ခင်မင်တဲ့ jas
အဲဒါကြောင့် ထောင်ပိုင်တို့ ထောင်ဝန်ထမ်းတို့တွေ ၀ဋ်တွေလည်ကြတာကိုး...
သနားဖို့ကောင်းလိုက်တာ...
ထောင်သားတွေဘဝ။
ဖတ်နေရင်း စုတ်သတ်မိတယ်။
ညီမ
so bad prison life ..
thnx 4 sharing...
hope gonna be fine oneday sis.
.best regds..
Anne
Post a Comment