Saturday, November 17, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၉)


ဆရာဝန်စိတ်ဆိုတာ ...

(၁)
တောင်ချောက်ကြား၌ ရောက်နေသော ဆူးကို အသူ ထက်စိမ့်ချွန်သနည်း။
မိမိ အလိုလိုသာလျှင် ထက်ပချေ၏ရှင့်။
သမင်တို့ ၏ မျက်စိ၌ အသူမျက်စဉ်းခတ်၍ ကြည်သနည်း။ မိမိအလိုလိုသာလျှင် ကြည်ပချေ၏ရှင့်။
ညွှန်၌ကြာ ကို အသူအနံ့ကောင်း ထည့်ပချေသနည်း။ မိမိအလိုလိုသာလျှင် အနံ့ကောင်းတုံ၏ရှင့်။
အမျိုးကောင်းသား၏ သဘောသည် အသူပြု၍ ဖြစ်သနည်း။ မိမိအလိုလိုသာလျှင် ဖြစ်ပချေ၏ရှင့်။
လောကနီတိ၊ ၁၉

(၂)
တတိယနှစ်ဆေးကျော်းသားဘ၀ဖျားနာရုံမှာ ၅ လနီးပါး လက်တွေ့လေ့ကျင့်သင်ကြားရတယ်။ လူနာ ရာဇ၀င် မေးမြန်းတတ်ဖို့၊ လူနာရဲ့ ရောဂါဖြစ်နေတဲ့ အင်္ဂါစုကို စမ်းသပ်တတ် အဖြေရှာတတ်ဖို့။ ကျွန်တော် တို့ ခေတ်တုန်းက ကျောင်းသားက သိပ်မများလှသေးတော့ ဆရာတစ်ဦးတစ်ဦးမှာ ကျောင်းသား ကတစ်ဒါဇင်ကျော်ကျော်သာ။ လူနာခုတင်ဘေး ၀ိုင်းဖွဲ့ထိုင်။ ဆရာက ကျောင်းသားတွေကိ ရောဂါ ရာဇ၀င်မေးခိုင်း။ ပြန်တင်ပြခိုင်း။ ကျောင်းသားတင်ပြတာ မပြည့်စုံတဲ့နေရာမျာ ၀င်ထောက်၊ တည့်မတ် အကြံ ပေး။ မေးခွန်းကို ဒီလိုမေးရတယ်။ ဒီလိုနေရာမှာ ခဏစောင့်ပြီး ချော့ခေါ်ရတယ်။ ဒီအသုံးအနငန်းက လူနာ နားလည်မယ် မထင်ဘူး။ ဒီမေးခွန်းမျိုးက လူနာကို စောကားသလို ဖြစ်တတ်တယ်စသဖြင့်။ လက်ထပ် သင် တာ။ ပါးစပ်ကသင်ရင်း လက်က ထက်ကြပ် ပါလာတတ်သေးတာ။ ကျောင်းသားတစ်ဦးစီ အများရှေ့ထွက်ပြီး လူနာစမ်းခိုင်းတယ်။ နောက်က ခပ်ကွယ်ကွယ်နေတဲ့ ကျောင်းသားတွေ မဲပေါက်ကြတာ။ ဆရာ က ကျော်ားးစမ်းသပ်နေတာကို အဆင့်လိုက် စောင့်ကြည့်ပြီး လိုတဲ့နေရာကို ပြုပြင်ထည့်မတ်ပေး။ လက် အနေအထား၊ ကိုယ်အနေအထား၊ နာားကပ်ကိုင်တာ၊ တူ (Hammer) ခေါက်တာကအစ။

မျက်စိကြည့်တာ နားကြည့်တာကအစ။ သေချာလေ့ကျင့်မထားတဲ့ ကျောင်းသားကတော့ သေပေရော့ပဲ။ လူနာရှေ့ သူင်ချင်းတွေရှေ့ မျက်နှာပျက်ကရောပဲ။ ဆရာရဲ့ စူးရှလှတဲ့အာကည့် တင်းတင်းအောက်မှာ စမ်းသပ်ရ၊ မေးမြန်းရတော့ ကျောင်းသားခမျာ အနေကျဉ်းကျပ်လှပေါ့။ ဖိစီးမှုများလှပေါ့။ ဆေးကုသတဲ့ လုပ်ငန်း ဆိုတာ ဖိစီးမငတွေ ကျဉ်းကျပ်မှုတွေနဲ့ စုံလင်ပြည့်ဝလှသမို့ စကတည်းက ယဉ်သလို လေ့ကျင့် ပုံစံသွင်း ထားရတယ် ဆိုသကိုး။

၅ လ လေ့ကျင့်သင်ကြားပြီးရင် Completion Test ဖြစ်ရတယ်။ စာတွေ့လက်တွေ့ နှစ်မျိုးလုံး။ ဆေးပညာ ဌာန မှာ ကျွန်တော်တို့ လက်တွေ့ဖြေရတဲ့ အချိန်က ဆောင်းတွင်းကြီး။ ကျွန်တော့်အလှည့်မှာ စမ်းသပ်ရတဲ့ လူနာက အသက် ၂၀ ၀န်းကျင်။ ကျွန်တော်နဲ့ သက်တူရွယ်မျှ။ နှလုံးရောဂါ ရှိ မရှိ စမ်းသပ်အဖြေထုတ်ရမှာ။ ကျွန်တော်က လူနာကို စမ်းသပ်ခွင့်တောင်းပြီး စမ်းသပ်မှုကို စလိုက်တယ်။ ဆရာမကြီးက ဘေးကရပ်စောင့်လို့။ ခပ်သွက်သွက် ခပ်မြန်မြန် စမ်းသပ်ပြီး ဆရာမကြီးဘက်လှည့်လိုက်တော့ " မင်းစမ်း သပ်တာ ပြီးပြီလား" တဲ့။ "ဟုတ်ကဲ့" ပေါ့။ " ကဲ ... ပြောတော့ " ဆိုတာနဲ့ ကျွန်တော့်နှုတ်က စက်သေနတ် ပစ်သလို စကားလုံးတွေ အတွဲလိုက် အတွဲလိုက် တရစပ် ပြေးထွက်သွားခဲ့။

အဲဒီအချိန်မှာ လူနာ က စွပ်ကျယ်လက်ပြတ်ကလေးနဲ့ ခုတင်ပေါ် ငုတ်တုတ်ထိုင်လျက်သား။ တုန်တုန်ခိုက် ခိုက်။ တံခါးကလည်း ပွင့်နေလေတော့ ၀င်လာတဲ့ ဆောင်းလေပြင်း မွေ့လိုက်တာနဲ့ သူ့ခမျာ ချမ်းတုန်ချမ်း ဖြစ်နေရှာ။ ဒါကို မြင်ဖြစ်အောင် မြင် လိုက်တဲ့ ဆရာမကြီးက စာမေးပွဲစစ်ဆေးနေတာကို ဗြုန်းစားကြီး ရပ် လိုက်ပြီး ကျွန်တော့် ကို ရေရေလည်လည် ဆူတော့တာ။ ကျွန်တော့်မှာလည်း လူနာကို သွက်သွက်ကြီး တောင်းပန်၊ အပြုံးတွေ တစ်သီကြီး ဖြန့်ကြဲလိုက်ပြီး အင်္ကျီဝတ်ပေးရ၊ စောင်ခြုံပေးရပေါ။ လူနာကတော့ ချက် ချင်းလိုလိုပဲ စိတ်ပြေသွား ပုံ ရပြီး ကျွန်တော့်ကို ပြုံးပြပါတယ်။ မပြေနိုင်သူက ကျွန်တော့် ဆရာမကြီးရယ်ပါ။ "မင်းတို့က ကိုယ့်လိုအင်ပဲ သိတယ်။ ကိုယ်စမ်းသပ်ပြီး "ပြီးကပစ်"ထားတယ်။ လူနာ ဘာဖြစ်နေနေ လှည့်မ ကြည့်ဘူး။ 

ဒီလို ကိုယ်တော်မြတ် တွေ ဆရာဝန် မဖြစ်ထိုက်ဘူး " ဘာဘာညာညာ တွေတွေ့လေ။ ကျွန်တော် လည်း နောင်တ ရတဲ့ စိတ်ကလေး ခေါင်းတော်တော်ပြူနေတာ ပြန်ဝင်ချင်သလို ဖြစ်သွားရ။ တကယ်တော့လည်း ဆရာမကြီး ဆူတာ ဆူထိုက်ပါတယ်။ ကျွန်တော်ကလည်း ကျွန်တော်ပေပဲကိုး။ တကယ်က ဆရာမကြီးကို ကြောက်ောကာက်လန့်လန့် ဖြစ်မိတာနဲ့ လူနာကိုမေ့သွားတာ။ ထားပါတော့။ ကျွန်တော် မှားမိ အပြစ် ရှိပေါ့။ ဒါပေတဲ့ ဆရာမကြီးက ရှည်လျားထွေပြား ပေများစွာ ဆူနေလေတော့ ကျွန်တော်လည်း ဘာလုပ်ရမှန်း မသိတော့။ ဒါနဲ့ ဆရာမကြီးကို ခပ်ပေပေ ပြန်ကြည့်နေလိုက်မိတယ်။ ဆရာ မကြီးလည်း ရုတ်တရက် ကိုယ်ရှိန် သတ်ပြီး "ကဲ ... ပြောတော့ " ဆိုမှ ကျွန်တော်လည်း ကိုယ့်တွေ့ရှိ ချက် တွေ ကို အေးအေးသက်သာ ပြန်တင်ပြခဲ့။
အောင်စာရင်းကပ်တော့ ကျွန်တော် ဂရိတ်ဖိုး (Grae-4)ရတယ်။ ကျောင်းသား ကို စိတ်တိုတာနဲ့ အမှတ်ပေး တာ တခြားစီ စည်းသတ်သတ်ခြားထားတဲ့ မြင့်မြတ်လှတဲ့ အိုမိခင် ...။ ရင်ထဲ နွေးခနဲ။

(၃)
ကျွန်တော့်ထက် ၅ နှစ် စီနီယာကျတဲ့ ဆေးကျောင်းသားအစ်ကိုကြီး တတိယနှစ်မှာ ပြုခဲ့တဲ့ ကောင်းမှုကလေး ကလည်း ကြည်နူးစရာ။ သူ စမ်းသပ်ဖို့ ကျတဲ့ လူနာက အသက် ၆၀ ကျော်အဘိုးကြီး။ ညာဘက်အဆု အမြှေးပါးထဲ အရည်တွေနဲ့ပြည့်နေတာ။ (Pleural effusion)။ သူ့ရှေ့မှာ ကျောင်းသား ၂ ဦး ၃ ဦး စမ်းသပ်လို့ ပြီးသွားပြီ။ ဘကြီးကြည့်ရတာ ခပ်ဖြောက်ဖြောက်။ အဆုတ်တစ်ဖက်က ရေ၀င်၊ ကျန်တဲ့ တစ်ဖက်က ပွနေတော့ လူက မောတောတော ဟိုက်တိုက်တိုက်။ သူ့အရင် ရှေ့ကကျောင်းသားတွေ ပယ် ပယ်နယ်နယ် ကိုင်တွယ် စမ်းသပ် သွားတော့ ရောဂါထုထောင်းတာရော၊ ဆေးကျောင်းသား ထုထောင်းတာ ရော လူနာမှာ ခပ်မြော့မြော့။ သူက လူနာ ရဲ့ အခြေအနေကို ကြည့်လိုက်ပြီး မစမ်းသပ်တော့ဘူးလို့ ဆုံးဖြတ် လိုက်တယ်။ လူနာကို ရောဂါရာဇ၀င်အကျဉ်း မေးလိုက်တယ်။ အဆုတ်အမြှေးပါးထဲ ရေ၀င်လို့ ဖောက်ထုတ် ထားတာ ၂ ခါရှိပြီ။ စုပ်ထုတ်ရတဲ့ အရည်က အရောင်ရင့်ရင့်။ သွေးရောင် လို။ ညာဘက်နံဘေး အရေပြားမှာ လည်း အပ်စုပ်ထား တဲ့ အရာနဲ့ ဆေးပလတ်စတာ ကပ်ထားတာတွေ့ရတယ်။ လေရှူပြွန် (Windpipe)ကို လည်ပင်းမှာ စမ်းကြည့်တော့ ဘယ်ဘက်ရွေ့နေတယ်။ ဒါဆို သေချာပြီ။ ညာဘက်ရင်ဘတ်ထဲ အရည်ထု က နေရာယူထားတော့ ရင်ခေါင်း ထဲက ကလီစာတွေ ဘယ်ဘက်တွန်းပို့ခံလိုက်ရတာ။

ဆရာမကြီး ရောက်လာတော့ ထုံးစံအတိုင်း စစ်ဆေးမေးမြန်းပေါ့။ ကျောင်းသားက အဆုတ်အမြှေးပါး ထဲ ရေ၀င်နေကြောင်း ဖြေလိုက်တယ်။ အသေးစိတ်အဆင့်လိုက် စစ်ဆေးစမ်းသပ်မှုတော့ မလုပ်လိုက်တဲ့ အကြောင်း၊ လူနာက သိပ်မောနေသိပ်အနေခက်နေလေတော့ အသေးစိတ် ကိုင်တွယ်စမ်းသပ်ဖို့ မသင့်ဟု ထင်မြင်ကြောင်း၊ အကြမ်းဖျင်း စမ်းသပ်ပြီး ရောဂါအဖြေ ထုတ်လိုက်နိုင်ကြောင်း စသဖြင့် တင်ပြပါတယ်။
ဆရာမကြီးက ကျောင်းသားငယ်ကို ချီးကျူးပြီး ထိုက်ထိုက်တန်တန် အမှတ်တွေပေး လိုက်ပါသ တဲ့။ ဘေးက စောင့်ကြည့်နေတဲ့ ဆရာငယ်တွေကတော့ ကျောင်းသား စမ်းသပ်ထားတာ မပြည့်စုံလို့ မိုးမီးလောင်တော့ မယ် ထင် ထားကြတာ။
အနှီကျောင်းသား ပဲ ယူကေမှာ သမားတော်ဘွဲ့ သွားဖြေတုန်း ကြုံခဲ့တာ ဖောက်သည်ချရဦးမယ်။ Long case လို့ခေါ် တဲ့ လူနာဆီက ရောဂါရာဇ၀င်နှိုက်၊ ခန္ဓာကိုယ်ကိုစမ်းသပ် ရောဂါအဖြေထုတ်၊ လူနာကို ဘယ်လို စောင့်ရှောက် ကုသရမယ်ဆိုတာ တင်ပြ၊ လူနာရဲ့ ရှေ့အလားအလာကို တွက်ဆပြရတဲ့ပွဲမှာ သူကြုံ ရတာပါ။ အားလုံး တစ်နာရီ ပဲ အချိန်ရတယ်။ ပြီးရင် စာစစ်သူရှေ့မှောက် အစစ်ဆေးခံဖို့ ရောက်ရတာ။ တစ် နာရီ အတွင်း အချိန်လုမေးမြန်း၊ စမ်း၊ စဉ်းစားရတာ။ အပြေးအလွှား။

သူဖြေရတဲ့နေ့က ဖြစ်ချင်တော့ လူနာက ခုတင်ပေါ်မရှိဘူး။ စာမေးပွဲက စနေပြီ။ ဓာတ်မှန်သွားရိုက်သတဲ့။ စာမေးပွဲ အမီ လူနာ ကို တွန်းလှည်းနဲ့ အမြန်တွန်းပြီး ခေါ်လာကြတာ မြင်လိုက်ရတယ်။ သို့သော်လည်း လူနာက အသက် ၈၀ ကျာ်။ မိန်းမ၀၀ကြီး။ နှလုံးရောဂါနဲ့ဆိုတော့ တွန်းလှည်းပေါ်ကနေ ခုတင်ပေါ်ရောက်ဖို့ တစ်ကမ္ဘာပေါ့။ သူ စိတ်ရှည်လက်ရှည် စောင့်တယ်။ မြန်မြန်လုပ်ကြပါ။ အချိန်တွေ ပုပ်ကုန်တော့မှာပဲ တစ်ခွန်း ၀င်မပြောဘူး။ မတုန်မလှုပ်။ စမ်းသပ်မေးမြန်းဖို့ လူနာအဆင်သင့်ဖြစ်ကာမှ ထုံးစံအတိုင်း စမ်းသပ် စစ်မေး။ အချိန်စေ့တော့ သူရလိုက်တာက ရောဂါရာဇ၀င်က တစ်ပိုင်းတစ်စ။ စမ်းသပ်လို့ရလိုက်တဲ့ အချက် အလက်တွေ ကလည်း တစ်ပိုင်းတစ်စ။ စာစစ်ပုဂ္ဂိုလ်က ခပ်ရွယ်ရွယ်။ ပညာမာန်နဲ့ တက်ကြွပြင်းထန်နေသူ။ ဒီစာမေးပွဲမှာ သူ ကျတယ်။

နောက်တစ်ကြိမ်ဖြေရတဲ့ စာမေးပွဲမှာလည်း ဒီ Long case မှာပဲ "ကြုံသေးတယ် ကုန်ဆွေးဗျာထုကြွယ်" ဖြစ် ရပြန်။ လူနာက စိတ်ကျရောဂါ၊ ပန်းနာရင်ကျပ် ဝေဒနာသည်။ ရောဂါရာဇ၀င် စမေးပြီး မကြာမတင်မှာပဲ ရင်ကျပ် အမောဖောက် ပါလေရော။ ခက်ပြီ။ ဒါနဲ့ ဆရာတွေပြေးခေါ်၊ ရင်ကျပ်ပြေဆေးကို စက်နဲ့မှုတ်သွင်း။ လူနာဆေးရှူနေရ တာကိုက ၁၀ မိနစ်တိတိ။ ပြင်တာဆင်တာနဲ့ဆိုရင် ၁၅ မိနစ် မိနစ် ၂၀ ချောပြီ။ သူဘာမှ မတောင်းဆို ဘူး။ လူနာ အမောပြေကာမှ သူ စမ်းသပ်မှုကို စလိုက်တယ်။ ဒီကြားထဲ လူနာက ဘာတွေတွေး ပြီး ၀မ်းနည်းတယ် မသိ။ တအိအိ ထငိုသေးတာ။ ဒုက္ခော။ သူ့မှာ လူနာမျက်ရည်သုတ်ဖို့ နှပ်ညှစ်ဖို့ တစ်သျှူး ဘူးပြေးယူရ။ ချော့ရပေါ့။ ဒီပွဲမှာလည်း ရင်တထိတ်ထိတ် စောင့်စားရပြန်။ ဒီတစ်ချီ သူအောင်ပြီ။

(၄)
ခွဲစိတ်ပါရဂူဘွဲ့ သွားယူခဲ့တဲ့ ဆရာတစ်ဦး ကြုံရတာလည်း မှတ်သားဖွယ်။ သူက Short case လို့ခေါ် တဲ့ ရောဂါလက္ခဏာ စမ်းသပ်ပြရတဲ့ပွဲမှာ ကြုံရတာ။ လူနာကို ရောဂါရာဇ၀င် မေးခွင့်မရှိ။ စမ်းသပ်စစ်ဆေးဖို့ အချိန်ပေးထားတာက ၅ မိနစ်။ သူ လူနာကို ခပ်သွက်သွက်ကလေး စမ်းလိုက်တယ်။ စမ်းလို့ ၂ မိနစ် ကျော် ကျော်မှာပဲ လူနာက ဆီးသွားချင်လှသတဲ့။ ဟိုက် ... ဒုက္ခပါပဲ။ ဘာလုပ်ရပါ့။ တတ်နိုင်ချေဘူး။ သွားပေါက် လဟ။ လူနာ ဆီးသွားရာက ပြန်ရောက်တော့ အချိန်ကစေ့နေပြီ။ ဆရာတွေစစ်မေးတော့ သူကြိုးစားပြီး ရသ လောက်ဖြေဆိုခဲ့။ ကံအားလျော်စွာ သူအောင်တယ်။
ဒီအကြောင်း တခြား စာဖြေသူတွေနဲ့ စကားစပ်မိတော့ ကုလားဆရာဝန်တစ်ဦးက သူလည်း ဒီပြဿနာမျိုး ကြုံရ သတဲ့။ သူကတော့ သူ့မှာ အချိန်သိပ်မရတော့ လူနာကို သေးပေါက်ဖို့ ခွင့်မပြုလိုက်ဘူးတဲ့။ အောင်စာ ရင်း ထွက်တော့ အဲဒီဆရာဝန်နာမည် ပါမလာဘူး။

တကယ်က လူနာ ကို စာစစ်တဲ့ ဆရာတွေက သင်ထားတာ။ တကယ်သေးပေါက်ချင်လို့ မဟုတ်ဘူး။ ဖြေဆို တဲ့ ကျောင်းသားတွေ ရဲ့ ဆရာဝန်စိတ်ဓာတ်ကို စမ်းသပ်လိုက်တာ။ တကယ့် နေ့စဉ်ဘ၀မှာ လူနာကို စမ်းသပ်နေ တုန်း လူနာက ဆီးသွားချင် ၀မ်းသွားချင်တယ်ဆိုရင် ဆက်စမ်းနေမှာပဲလား။ အပေါ့အလေး သွားဖို့ ခွင့်မပြုတော့ဘူးလား။ စိတ်ဓာတ်စမ်းသပ်ပွဲ။ ကျွန်တော့် သူငယ်ချင်း ခွဲစိတ်ဆရာဝန်ဒီပွဲအောင်တယ်။

(၅)
ဆရာဝန်စိတ် မရှိကြတော့ဘူးလို့ ကျယ်ကျယ်လောင်လောင် သူ့ထက်ငါ ဗွေးဒုတ်ယိမ်းကနေကြပေါ့။ ဒီဆရာဝန် စိတ်ဆိုသဟာက ဆရာဝန်ဖြစ်လာမှ အလိုလို ပေါ်လာတာလား။ တကယ်က ဒီစိတ် က ဆေးကျောင်းသားဘ၀ကတည်းက ဖြစ်တည် ရုပ်လုံးသွင်းခဲ့ရတာ။ ပုံကြမ်းရေးခဲ့ရတာ။ တကယ့်တကယ်က အထက်တန်း အလယ်တန်း မူလတန်း ကျောင်းသားဘ၀ကတည်းက ကလလရည်ကြည်ကိန်းခဲ့ရတာ။ ဆရာဝန် ဖားဖားကြီး ဖြစ်လာကာမှ ၀ုန်းဒိုင်း ချက်ချင်းလက်ငင်းမြေကြီးကို ထိုးခွဲလိုက်သလို ပေါ်လာတာ မဟုတ်ချေဘူး။ ရှည်လျားသောအတိတ်အတီတေကာလကတည်းက ပျိုးခဲ့ရ ပြုစုခဲ့ရ ထိန်းကျောင်းခဲ့ ရ ရေလောင်းပေါင်းသင် ခဲ့ရတာ။ ဒီလို ဆရာဝန်စိတ်ဓာတ်က ဒီနေ့ခေတ် ဆေးကျောင်းသားတွေမှာ ခေါင်းပါး ကြုံလှီနေပြီလား။

နောက်ဆုံးနှစ် အပိုင်း(ခ)ကျောင်းထွက်စာမေးပွဲ စစ်ဆေးတုန်းက ကြုံခဲ့ရတဲ့ ဖြူစပ်စပ်ကျောင်းသူတစ်ဦးကို မှတ်မှတ်ရရဖြစ်မိသည်။ လူနာက ဘယ်ဘက်ခြမ်း လေဖြတ်ခံထားရသည့် ဝေဒနာသည် လမ်းလျှောက်ရင် ယိုင်ထိုး ယိုင်ထိုးထော့နင်းထော့နင်း။ စာမေးပွဲမှာ ၅ ရက်လုံးလုံး ထည့်သုံးတော့ ကြည်ကြည်ဖြူဖြူ လာကူရှာ သည်။ သူ့အိမ်က ဆေးရုံကြီးတစ်ဝိုက်မှာ။ အိမ်က ဆိုင်ကယ်နှင့် ကြိုပို့လုပ်ရတာ။ ကျွန်တော်တို့က မုန့်ဖိုးငွေ မတောက်တခေါက်လေးပေးရုံ။ ပထမနေ့ကတည်းက ပုဆိုးနှင့်ဆိုလျှင် ကျောင်းသားတွေ စမ်းသပ် ရတာ ကသီ မှာ စိုးရတယ်။ ဒါကြောင့် ဘောင်းဘီတိုတို ၀တ်လာမယ်ပြောပြီး နောက်နေ့တွေမှာ သူ ဘောင်းဘီတိုနှင့် လာသည်။ ခြေထောက်ကိုမြှောက်ပြီး စမ်းကြည့်ရင် မတော်တာပေါ်မှာ စိုးသော်ကြောင့် ဘောင်းဘီတို အနားစကို မျှော့ကြိုးတပ်ထားလိုက်သေးသည်။ အိုဘယ့်လူနာ ...။

ကျောင်းသူလေးက အရပ်ခပ်ပျပ်ပျပ်၊ မျက်နှာဝိုင်းဝိုင်း၊ လူနာကို ပြုံးရွှင်ချိုမြစွာ နှုတ်ဆက်။ ဟန်လုပ်မထားတဲ့ အပြုံးလဲ့လဲ့ နဲ့။ ကျောင်းသားအများစုကတော့ ဧည့်ကြိုတွေ လေယာဉ်မယ်တွေသုံးတဲ့ လုပ်ထားတဲ့အပြုံးနဲ့ လူနာတွေကို မိတ်ဆက်ပြီး စမ်းသပ်ဖို့ ခွင့်တောင်းတတ်ကြတာ။ သူကတော့ လူနာ ကို ပြုရိုးပြုစဉ် နှုတ်ဆက် သလို မျိုး။ စမ်းသပ်ရာမှာလည်း လှလှပပ သပ်သပ်ရပ်ရပ်။ လူနာစမ်းသပ်ရာမှာ လှပသေသပ်ရင် အနုပညာမြောက် သွားတတ်တာ ခင်ဗျားတို့ မကြုံဖူးတော့ ယုံမည်မထင်။
သူကလေး လူနာကိုစမ်းသပ်အပြီး ကျွန်တော်တို့ စစ်မေးလိုက်တော့ ဖြေဆိုပုံက ပိုင်ပိုင်နိုင်နိုင် ထိထိမိမိ။ သို့သော်လည်း တော်သောထက်မြက်သော ကျောင်းသား၊ ကျောင်းသူတွေမှာ တွေ့ရမြဲ မာန်တင်းမှုက သူ့မှာ ကပ်ငြိ မနေ။ သူက နောက်ဆုံးအစစ်ခံရ တဲ့ ကျောင်းသူဆိုတော့ သူ့ကိုစစ်ပြီး တစ်နေ့တာ စခန်းသိမ်း ရသည်။ ဒါကြောင့် နောက်ဆက်တွဲ ဖြစ်ရပ်ကလေးကို ကျွန်တော်တို့ မသိမ်ြမင်လိုက်ရ။ နောက်တစ်နေ့ လူနာ နှင့် စကားကြုံကြိုက် လို့ ပြောမှသိရသည်။

စာမေးပွဲအပြီး ကျောင်းသူကလေးက လူနာကို ထူမပေး၊ အင်္ကျီဝတ်ပေးသတဲ့။ ဒါ့အပြင် ဦးလေးရောဂါ အမြန် ပျောက်ကင်း ပါစေလို့ ဆုတောင်းသတဲ့။ ဆေးဖိုးငွေလည်း ကန်တော့သွားသေးသတဲ့။ ဆရာ့ထက် တပည့်လက်စောင်းထက်ချက် ကတော့။
ဆရာဝန်စိတ် ရှိကြသေးရဲ့လားလို့ မေးသံအော်သံ သရော်သံတွကြားထ ရှိပါသေးတယ်ဗျို့လို့ ရွှေနိုင်ငံကြီး လှုပ်ခတ်ချောက်ချား သွားအောင် အော်လိုက်ချင်စမ်းလှသည်။
ဒီကလေးမလေးပေ ပဲ။ တစ်ခါက ရုံထဲလူနာနှင့် လက်တွေ့သင်ကြားရာမှာ ဆရာက တပည့်တွေ ကို မေးလိုရာ မေးကြ လို့ ဖွင့်ပေးလိုက်တော့ သူက -
" ကျွန်မ တစ်ခုမေးချင်ပါတယ်။ ဟိုဝရန်တာမှာထား တဲ့ လူနာ က ခုတင်မရှိဘူး။ ကြမ်းပြင်ပေါ်မှာ။ အစောင့် လည်း မတွေ့ ရဘူး။ အဲဒါ ဘာကြောင့်ပါလဲ" တဲ့။

ဆရာမှာ သက်ပြင်းတစ်ချက် ခိုးရှိုက်လိုက်ပြီးမှ -
" လူနာက သတိသိပ်မကောင်းဘဲ ရုန်းကန်နေလို့ ခုတင်ပေါ်မထားဘဲ ကြမ်းပြင်ပေါ် ချထားတာပါ။ အစောင့် ကလည်း မရှိတော့ ခုတင်ပေါ်က လိမ့်ကျရင် ထိခိုက်ဒဏ်ရာ ရမှာစိုးလို့ပါ။ သတိပြန်လည်လာရင် ခုတင်ပေါ် ထားမှာပါ" လို့ ဖြေလိုက်ရသတဲ့။
စာသင်လို့အပြီး မှာ သူကလေးက အဲဒီလူနာဘေး သွားထိုင်ချလိုက်ပြီး ယပ်ခတ်ပေးနေလေသတဲ့။ သူ တတ်နိုင်တာလေး တစ်နိုင် လုပ်ပေးရှာတာ။

(၆)
ဆေးကျောင်းသား ဆေးကျောင်းသူဘ၀မှာ ဖြစ်တည်ခဲ့ ပုံကြမ်းလောင်းခဲ့တဲ့ ဆရာဝန်စိတ်ဟာ ဘယ်အချိန်ထိ ခံမှာပါလိမ့်။ ဘယ်အချိန်မှာ လွင့်ပါးပျောက်ကွယ်သွားမှာပါလိမ့်။
ဘယ်လိုအခြေအနေတွေ၊ ဘယ်လိုတိုက်ခိုက်မှုတွေ၊ ဘယ်လို သွေးဆောင်ဖြားယောင်မှုတွေ။ ဘယ်လို မက်လုံးတွေက ဒီစိတ်ဓာတ်ကို ခြောက်သွေ့ အရောင်လွင့် မှေးမှိန်စေခဲ့ပါသလဲ။ ဒီအဖြူရောင် ပန်းပွင့်တစ် ပွင့်ကို ဘယ်သူတွေက အရေးတယူ ရေလောင်းပေါင်းသင်ပေးခဲ့ပါသဲ။ ဘယ်အမှောင့်ပယောဂတွေ ပူးကပ်ပြီး ညစ်နွမ်းစေခဲ့ ပါသလဲ။
တူးကြည့်ကြပါ။ ပြဿနာကို အပေါ်ယံ ဖွမကြည့်စတမ်း။ မေတ္တာ စေတနာ ကရုဏာကို ပညာအနားသတ် လို့။ ပွင့်လင်းကြည်သာစွာ။ ကျယ်ပြောစွာ။
အခုအခံစိတ် ကပ်ငြိနှောင်ဖွဲကခြငး ကင်းကင်းနှင့် သင်ဆက်တူးခဲ့ရင် ဟိုး ... အောက် မှာ ရေကြည် တစ်ပေါက် တွေ့လိမ့်မည်။

Biweekly Eleven, No. 47, Vol 2၊ ဖေဖော်ဝါရီလ၊ ၂၀၁၀

No comments: