မျက်ရည်ပင်လယ်ဝေခဲ့ တဲ့ မိခင်တိုင်းအတွက်....
အုတ်တံတိုင်း နောက်ကွယ် မှ ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့တဲ့ အကျဉ်းသားတိုင်းအတွက်
လင်းပွင့်အိပ်မက်နိုင်ငံတော် အတွက်.....
ဇော်သက်ထွေး
မကွေးတိုင်း၊ မင်းဘူးမြို့တွင် ၁၉၆၆ ခုနှစ်၊ အောက်တိုဘာ(၂၂)ရက်နေ့၌ အဖ ဦးကိုလေး၊ အမိ ဒေါ်သောင်းသောင်း တို့မှ မွေးဖွားသည်။ မင်းဘူးမြို့ အထက(၁)မှ(၁၀)တန်း အောင်မြင်ခဲ့ပြီး ဓာတုဗေဒ အထူးပြု ဘာသာရပ်ဖြင့် တက္ကသိုလ်တွင် ပညာသင်ကြားခဲ့သည်။ ၁၉၈၈ ဒီမိုကရေစီ အရေးတော်ပုံ တွင် ရေနံမြေ အလုပ်သမားများနှင့် ပူးပေါင်းသပိတ်မှောက်ခဲ့ပြီး မြေလတ်ကျောင်းသားများ ညီညွှတ်ရေး တပ်ပေါင်းစု ကို ဖွဲ့စည်းရာတွင် ဦးဆောင်ပါဝင်ခဲ့သည်။ ၁၉၈၉ တွင် လူ့ဘောင်သစ် ဒီမိုကရက်တစ် ပါတီ နိုင်ငံလုံး ဆိုင်ရာညီလာခံ မှ ပါတီဌာနချုပ် အထွေထွေ အတွင်းရေးမှူး အဖြစ် ရွေးချယ်ခံရသည်။ ၁၉၉၀ တွင် နယ်စပ်မှ ကျောင်းသားများနှင့် ဆက်သွယ်သည့် စွဲချက်ဖြင့် စစ်ခုံရုံး မှ ထောင်ဒဏ် ၆နှစ် အပြစ်ပေးခဲ့သည်။
၁၉၉၅တွင် ပြန်လည်လွတ်မြောက်ခဲ့ပြီးဓာတုဗေဒဘာသာရပ်ဖြင့် ဘွဲ့ရရှိခဲ့သည်။ ၁၉၉၈တွင် ရုပ်ရှင်ဗီဒီယို ဇာတ်ညွှန်း များရေးသား၍ အသက်မွေးဝမ်းကျောင်းပြုခဲ့ပြီး ၂၀၀၀ခုနှစ်တွင် First Eleven အားကစားဂျာနယ် အယ်ဒီတာချုပ် အဖြစ် တာဝန်ယူခဲ့သည်။ ၂၀၀၃ခုနှစ် ဇူလိုင်လတွင် စစ်ထောက်လှမ်းရေး၏ မတရားအမှုဆင် ဖမ်းဆီးခြင်း ခံခဲ့ ရကာ နိုင်ငံတော်အား စစ်မက်ဖက်ပြိုင်ရန် ကြံစည်မှု၁၂၂(၁)ဖြင့် သေဒဏ်အပြစ်ပေးခြင်း ခံခဲ့ရသည်။ သို့သော် နိုင်ငံတကာ ဖိအားများကြောင့် ၂၀၀၅ခုနှစ်တွင် မဆီလျော်သောအမှုအဖြစ် သတ်မှတ်ပြီး ထောင်မှပြန်လည်လွှတ်ပေးခဲ့သည်။ ၂၀၀၇ခုနှစ် ရွှေဝါရောင်တော်လှန်ရေးတွင် ဇာဂနာ၊ ကျော်သူ၊ အောင်ဝေးတို့နှင့်အတူ လှုပ်ရှား ဆောင်ရွက်ခဲ့ပြီး ဇာဂနာ ဖမ်းဆီးခံရချိန်တွင် ခေတ္တတိမ်းရှောင်ခဲ့သည်။၂၀၀၈ခုနှစ် မေလ၌ တိုက်ခတ် သော နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း မှ ပြည်သူများဒုက္ခရောက်ခဲ့ရာတွင် စာပေသမားများ၊ အနုပညာရှင်များကို စုစည်း၍ ကူညီ ကယ်ဆယ်ရေးလုပ်ငန်း များကို ဆောင်ရွက်ခဲ့သည်။
သို့သော် နာဂစ်နှင့်ပတ်သက်၍ နိုင်ငံတကာသို့ မှားယွင်းသောသတင်းများပေးပို့ပြီး မြန်မာနိုင်ငံကို သိက္ခာကျစေ ရန် ကြိုးပမ်းအားထုတ်သည်ဟုဆိုကာ ရန်ကုန်အနောက်ပိုင်းခရိုင် တရားရုံးမှ အက်ဥပဒေ ၃၃(က)၊ ၅၀၅(ခ)၊ ၂၉၅(က)တို့ဖြင့် ထောင်ဒဏ် ၁၉နှစ်အဖြစ် ပေးခဲ့သည်။ ၂၀၁၂ခုနှစ် ဇန်နဝါရီ တွင် တောင်ကြီးထောင် မှ ပြန်လည်လွတ်မြောက်လာခဲ့ပြီး အမေရိကန်နိုင်ငံအခြေစိုက် လူ့ အခွင့်အရေး စောင့်ကြည့်လေ့လာ သည့် Human Rights Watch အဖွဲ့မှ ချီးမြှင့်သည့် Hellman / Hemnett Grant Award 2012 ကိုရရှိခဲ့သည်။ ယခုအခါ မြန်မာနိုင်ငံစာနယ်ဇင်းသမဂ္ဂတွင် ဦးဆောင်အဖွဲ့ဝင်အဖြစ် လည်းကောင်း၊ မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ(ယာယီ) ၏ အဖွဲ့ဝင်အဖြစ်လည်းကောင်း၊ Home (House of Media & Entertainment) တွင် ဒါရိုက်တာ အဖြစ်လည်းကောင်း ဆောင်ရွက်လျက်ရှိသည်။ ၂၀၀၂ ခုနှစ်တွင် ခိုင်ချိုဇော်ဝင်းတင်(Living Colour Media)နှင့် လက်ထပ်ခဲ့ပြီး သမီးမြခေတ်ဇော်ကို ၂၀၀၇ ခုနှစ်တွင် မွေးဖွားသည်။ ယခုအခါ အမှတ်(၁၅)၊ အနောက်မြင်းပြိုင်ကွင်းလမ်း ဗိုလ်စိန်မှန်ရပ်ကွက်၊ ဗဟန်းမြို့နယ်တွင် နေထိုင်လျှက်ရှိသည်။
အလုပ်မရှိ
ကြောင်ရေချိုးခြင်း
ကျွန်တော်တို့ထောင်တွင်းနေထိုင်ရစဉ် အရေးအကြီးဆုံး သတိထားရသည့်အချက်မှာ ကျန်းမာရေး ပင် ဖြစ် သည်။ ရောဂါအသေးအဖွဲလောက်ဆိုလျှင် ပြဿနာမရှိ။ သို့သော် Serious Case တစ်ခုခုဖြစ် လျှင် ထောင်ထဲ၌မလွယ်။ အပြင်ဆေးရုံထွက်၍ ကုသရမည့်အမှု ဆိုလျှင်ပိုဆိုးတော့သည်။ အဆင့်ဆင့် သတင်းပို့၊ ခွင့်ပြုချက်တောင်းခံ လူနာ က အသက်လုရမည့် အခြေအနေမျိုးဆိုလျှင်တော့ ဘုရား တရားကိုသာ တပေတော့။ အကျဉ်းထောင်ဆိုတော့လည်း လုပ်ထုံးလုပ်နည်းတွေက တိကျတင်းကျပ် စမြဲ။ လူတစ်ယောက်ထောင်ပြင် ထုတ်ပြီးကုသဖို့ဆိုသည်မှာ လွယ်ကူသည့် ကိစ္စမဟုတ်။ အကျဉ်း ထောင်တာဝန်ခံ အရာရှိ သဘောတစ်ခုတည်းနှင့်မပြီး။
ညွှန်ကြားရေးမှူးမှ တစ်ဆင့် ညွှန်ချုပ်၊ ညွှန်ချုပ်မှတစ်ဆင့် ဝန်ကြီး၊ ဝန်ကြီးမှတစ်ဆင့် ဝန်ကြီးချုပ်လုပ်ငန်းတွေက အဆင့်ဆင့် ဆီးကြိုလျက်ရှိသည်။ ဒါကို ကျွန်တော်တို့ကနားလည်သည်။ ထို့ကြောင့် မိမိကျန်းမာရေးကို မိမိ ဂရုစိုက်ရသည်။ ၂၀၀၀ ခုနှစ် နောက်ပိုင်းတွင် အကျဉ်းထောင် ကျန်းမာရေးစောင့်ရှောက်မှု အခြေအနေမှာ ICRC ကျေးဇူးကြောင့် ပိုမိုတိုးတက်လာသည်။ တိုက်ခန်းထဲတွင် အအေးမမိစေရန် သစ်သား ကွပ်ပျစ် ခင်းပေးသည်။ အကျဉ်းသားတစ်ယောက်လျှင် စောင်နှစ်ထည် လုံလုံလောက်လောက် ထုတ်ပေးသည်။ အကျဉ်းသား အားလုံးဆပ်ပြာ လုံလုံလောက်လောက် ရလာသည်။ စာဖတ်ခွင့်နှင့် ခြင်းခတ်ခွင့် ရလာသည်။ လှုပ်လှုပ် ရှားရှား လုပ်ရသည့် အတွက် ကျန်းမာရေးပိုမို ကောင်းမွန်လာသည်။
သို့သော် ဆေးရုံမှလူပေါင်းစုံကို တစ်နေရာတည်းတွင် စုထည့်ထားသည့်အတွက် ကူးစက် ရောဂါတွေကို အမြဲ သတိ ထားရသည်။ အဆောင်တစ်ခုတွင် တစ်ယောက်ဝမ်းလျှောလျှင် အားလုံးလိုက် ဝမ်းလျှောသည်။ တစ်ယောက်မျက်စိ နာလျှင် လိုက်နာကြသည်။ အထူးသဖြင့် အဆိုးဆုံးကူးစက် ရောဂါမှာ ဝဲ၊ ပွေး၊ ဂျွတ်၊ ယားနာတို့ဖြစ်သည်။ အဆောင်တစ်ဆောင်တွင် ထားနိုင်မည့် အကျဉ်းသားအရေအတွက်ထက် အမြဲ ၂ ဆနီးပါးရှိနေသည်။ လူတစ်ယောက် အိပ်ရန်အကျယ် ၂ ထွာသာရသည်။ လူးသာလွန့်သာမရှိ။ထပ်အိပ်ရသည်။ ကျပ်ညပ်နေသည်။ သီးသန့်အကျဉ်းသား (political of Conscience) တွေက တိုက်တွေမှာ တစ်ခန်း တစ်ယောက်နေတာ ဆိုတော့ အကြောင်းမဟုတ်။
ရိုးရိုးအကျဉ်းသားတွေက လူများတော့ အိပ်သည့်နေရာတွင် ဒုက္ခရောက်တော့ သည်။ ညဘက် မိမိအိပ်ရာမှထ၍ အလေးအပေါ့သွားပြီးပြန်လာလျှင် အိပ်ရာပျောက်သွားပြီ။ ဒီမှာ ပြဿနာက စတက်သည်။ တန်းစီ (အခန်းလူကြီး)၊ ဗာယာ (ကင်းသမား) တွေက ခဏခဏ ဖြေရှင်းပေးရသည်။ အိပ်ယာလုပွဲတွေ၊ ရန်ပွဲတွေဖြစ်လျှင် မနက်မိုးလင်းလင်းချင်း ရုံးရောက်ရသည်။ အရေးယူအပြစ်ပေးခြင်းတွေ ခံရသည်။ အထူးသဖြင့်တော့ မည်သို့သော ပြဿနာပဲတက်တက် လက်တွေခြေတွေ အငြိမ်မနေရဘဲ ကုတ်နေရခြင်းဖြစ်သည်။ ကုတ်ရင်း စကားပြော၊ ကုတ်ရင်း ထမင်းစား၊ ကုတ်ရင်းအိပ်၊ ယားနာ ရှိသူတစ်ယောက်ဘေး အိပ်မိသူသည် ဘယ်လောက်ပဲ တစ်ကိုယ်ရေ သန့်ရှင်း ပါစေ နောက်တစ်နေ့ မှာ ရောဂါကူးပြီ။ ထို့ကြောင့် အကျဉ်းထောင်တာဝန်ရှိသူတို့မှာ ဝဲကိစ္စကို အမြဲဖြေရှင်းရသည်။
ဝဲသြဃစစ်ဆင်ရေး
ကျွန်တော်ရောက်သွားသော အကျဉ်းထောင်တစ်ခုတွင် ဝဲယားနာ ပြဿနာကို စစ်ဆင်ရေး အသွင်ဖြင့် ဖြေရှင်းသည် ကိုလည်း အံ့သြဖွယ်တွေ့ရှိခဲ့ရသည်။ အများသုံး ရေကန်ဘေးတွင် ယားနာဖြစ်နေသော လူတွေ ကို အဝတ်အစားအားလုံးချွတ်ပြီး တန်းစီခိုင်းထားသည်။ လူတန်း၏ ထိပ်ဘက်တွင် စဥ့်အိုးကြီး တစ်လုံးချထားသည်။ စဥ့်အိုးထဲတွင် Calamine တို့ Diphenhydramine hydrochloride တို့ ပါဝင်သော အရည် ခပ်ကျဲကျဲကို အပြည့်ဖျော်ပြီး ထည့်ထားသည်။ ထိုစဉ် အိုးကို ဆေးတပ်သားဝန်ထမ်းတစ်ယောက်က အိမ်သုံး တံမျက်စည်းတစ်ချောင်းနှင့် မွှေပေးနေသည်။သူ့ရှေ့သို့ အကျဉ်းသားတစ်ယောက်ချင်းလာ တန်းစီရသည်။ သူက တိုင်ကို ထုံးသုတ် သလို ထိုအကျဉ်းသား၏ တစ်ကိုယ်လုံးကို ဆေးရည်စိမ်တံမြက်စည်းဖြင့် သုတ်လိမ်းပေး လိုက်သည်။ ပြီးလျှင် ထိုအကျဉ်းသားက နေပူထဲသွားရပ်ပြီး အခြောက်ခံရသည်။ သည်လိုနှင့် တစ်ယောက်ပြီး တစ်ယောက် ဆေးလိမ်းပြီးနေ ပူထဲမှာ ကိုယ်တုံးလုံးရပ်နေရသည်။ ထောင်ကတော့ ယားနာဖြစ်နေသော လူတန်းကြီး တစ်တန်းလုံး ကို ဤသို့ ဤပုံဆေးလိမ်းပေးလိုက်သည်။
သူတို့၏ အဝတ်အစားတွေကိုတော့ အဝတ်လျှော်ဘုတ်ကယူပြီး သန့်ရှင်းသွားအောင် လျှော်ပေးသည်။ ဒါမှသာ ယားနာ၊ပွေး၊ ဝဲတို့ကို ထိန်းချုပ်နိုင်မည်။ တတ်နိုင်သူတွေကတော့ အုန်းဆီနှင့် ဆာလဖာ ကို ရောစပ်ပြီးလိမ်းကြသည်။ ထောင်မှာက မတတ်နိုင်သူ အများစု။ သို့သော် မည်မျှကောင်းသော ယားနာ လိမ်းဆေး ပဲရှိပါစေ၊ အဆောင်နေရသူတစ်ယောက်အဖို့ ဝဲမပေါက်ဖူးဆိုတာမရှိ။ ကူးတတ် တာကိုး။ ဒီတော့ ဒီဝဲ က ဝဲသြဃ လိုထောင်ထဲမှာ တစ်ဝဲဝဲလည်နေသည်။
သန်းကြီးမရှာဖွေရေးအသင်း
ထောင်ထဲတွင် အိပ်ယာတွေ၊ အကျီင်္တွေကြားထဲ ခိုအောင်းပေါက်ဖွား ရှင်သန်နေသော သန်းကြီးမတွေကို ရှာဖွေ သုတ်သင်ရသော ဘုတ်တစ်ဘုတ်လည်း တွေ့ဖူးသည်။ ယင်းအလုပ်ဘုတ်ကို များသောအားဖြင့် သက်ကြီးရွယ်အို များ၊ ဂိများ(ချိနဲ့နေသူများ)၊ ကျန်းမာရေးချို့တဲ့သူများကို တာဝန်ပေးလေ့ရှိကြသည်။ ဒီအလုပ်က ပင်ပင်ပန်းပန်း လုပ်ရတာမဟုတ်။ သို့သော်မျက်စိရှင်ဖို့တော့ သည်။ ကျွန်တော်တွေ့ခဲ့သော သန်းကြီးမရှာဖွေရေးအသင်းက လူတွေ ကတော့ အသက်အရွယ်ကြီးရင့် နေပေမယ့် လက်တွေကမြန်သည်။ သွက်သည်။ စောင်ချုပ်ရိုးကြား၊ အနွေးထည်အကျီင်္ကော်လံကြား ပုန်းအောင်းခိုနားရန် ကြံရွယ်နေသော သန်းတွေဆို တစ်ကောင်မှမလွတ်။ ဘုတ်ကိုင်(အလုပ်တာဝန်ခံ) ကလည်း လူတစ်ယောက် အနည်းဆုံးသန်းကြီးမ ဘယ်နှစ်ကောင်ဖမ်းရမယ်ဆိုပြီး သတ်မှတ် ပေးထားသည်။ သတ်မှတ်အရေအတွက်အတိုင်း ရှာဖွေသုတ်သင်ပေးရသည်။
သူတို့ရှေ့ တွင် နေပူထုတ်လှန်းထားသော အိပ်ရာတွေက အများအပြား၊ အိပ်ရာတစ်ခုပြီးတစ်ခု ရှင်းလင်းပေး ရ သည်။ ကြာလာတော့ သူတို့လည်း သန်းတွေ၏ အမူအကျင့်တွေကို သိလာကြသည်။ သန်းအမျိုးအစားတွေကို ခွဲခြား တတ်လာသည်။ ဘယ်ဟာသန်းမကြီး၊ ဘယ်ဟာက ကြောင်သန်း၊ ဘယ်ဟာကဖြုတ်။
သီးသန့်အကျဉ်းသားတွေကတော့ ဤဒဏ်ကို ကင်းလွတ်သည်ဆိုပေမယ့်လည်း တစ်ကိုယ်ရေနေမှု ထိုင်မှု ညစ်ပတ်လျှင် အနည်းအကျဉ်းတော့ သန်းတွယ်စမြဲဖြစ် သည်။ ကြောင်တွေမွေးထား သည့် နိုင်ငံရေးသမား အတွက်လည်း ကြောင်သန်း က တစ်ဒုက္ခ။ ကြောင်ရှိလျှင် သန်း သည်။ ကြောင်တွေက လူအိပ်ရာပေါ် တက် အိပ်တော့ ကြောင်သန်းက အိပ်ရာပေါ်ကျန်ရစ်သည်။ ပြီးတော့ လူကိုကိုက် သည်။ ကြောင်သန်း ကိုက်လျှင် လည်း အဖုအပိန့်ထွက်လာ ပြီး တော်ရုံနှင့် မပျောက်။ တော်တော်ခံစား ရသည်။ ပြီးတော့ ကြောင်သန်း က ဖမ်းရ အခက်ဆုံးဖြစ်သည်။ သူက မပြေးဘဲခုန်ပြီး သွားတတ်သော ကပ်ပါးကောင်။ ဒီတော့ ကြောင်သန်း ကို နှိမ်နင်းဖို့ အတွက် ကြောင်ကို သန့်ရှင်းပေးရသည်။ ကြောင်ကို ရေချိုးပေးရတာကလည်း မလွယ်။ အနည်းဆုံး လူသုံးယောက်လိုသည်။
တစ်ယောက်က ရေနွေးနှင့် ရေအေးစပ်ရသည်။ တစ်ယောက်က ကြောင်ကို မရုန်းနိုင်အောင် ချုပ်ကိုင် ထား ရသည်။ တစ်ယောက်က သန်းပျောက်သည့်ဆေးရည်ကို ကြောင်ပေါ်လောင်းချဖို့ အသင့်စောင့်နေ ရသည်။ ကြောင် ကို ရေချိုးပြီးသည့်နောက် အအေးမမိစေရန် တစ်ဘက်ဖြင့် ကျကျနန ပွတ်တိုက်ပေးရသည်။ ဒီကြားထဲ ကြောင်က ကြောင်ပြီး ရုန်းလျှင် ခြေသည်းဖြင့် ခုတ်လျှင် လက်တွေ၊ မျက်နှာတွေမှာ ဒဏ်ရာတွေ မကြာခဏရတတ်သည်။ တောင်ကြီးထောင်တွင် ဗကသ ကျောင်းသားကျော်ကိုကို က ကြောင်တွေ မွေး သည်။ ကြောင်သန်း အကိုက်မခံနိုင်၍ ဂျင်မီနှင့် ကျွန်တော် က ကြောင် ကို ရေချိုးပေးရ လေ့ရှိ သည်။ ရေမချိုး သည့် ရက်များ တွင် နိုင်ငံရေးအကျဉ်းသားများက ကြောင်ကို ရင်ခွင်ထဲထည့်ကာ သန်းရှာပေးရ သည်။ ကြောင်တွေ ကလည်း နောက်ပိုင်းအထာသိသွားတော့ လူ့ရင်ခွင်ထဲတွင် မျက်စိမှိတ်ပြီး ဇိမ်ခံတတ်နေပြီ။
ပတ်ဝန်းကျင် ကတော့ အလုပ်မရှိ ကြောင်ရေချိုးသူတွေ ဟု အပြောခံရသည်။ ဟုတ်လည်း ဟုတ်နေသည်။ ကျွန်တော်တို့ က ထောင်ထဲမှာ အလုပ်မှမရှိတာ......။
ယင်အို၊ ယင်ဟောင်း၊ ယင်ပျက်၊
လိုင်စင်မဲ့ယင်
ထောင်တွင်းနေထိုင်ရစဉ် ကာလတစ်လျှောက် လူအင်အားသုံး၍ နှိမ်နင်းရသော အရာများထဲတွင် ယင်သည် နံပါတ်(၁) အဖြစ် နေရာယူထားသည်။ ယင်ပေါက်ဖွားမှုနှုန်းမှာ ကြောက်ခမန်းလိလိဖြစ်ပြီး အဆိုးဝါးဆုံးနေရာမှာ စားဖိုဆောင်ဖြစ်သည်။ စားဖိုဆောင်တွင် ယင်များအုပ်လိုက် ပျံသန်းနေသည့် အသံကို အလွယ်တကူကြားနိုင်ပြီး စားဖိုဆောင် တာဝန်ကျ အကျဉ်းသားများမှာ ယင် အုပ်ကြားတွင် နေ့စဉ်ပြုလုပ်နေကျ အလုပ်များ လုပ်ကိုင်ရာ တွင် အခက်အခဲများ ကြုံတွေ့လာရသည်။ ထို့ကြောင့် ထောင်၏စီမံခန့်ခွဲမှုကို အဓိက တာဝန်ယူရသည့် (Main Jail)မှ ယင်နှိမ်နင်းရေး အတွက် ယင်ဖမ်းဘုတ်များ ဖွဲ့ပေးရတော့သည်။ ယင်းအဖွဲ့ငယ်လေးများသည် ယင်အများဆုံးရှိနိုင်သည့် စားဖိုဆောင်၊ အမှိုက်ကျင်း၊ မိလ္လာစသည့်နေရာများသို့ တာဝန်အသီးသီးခွဲယူပြီး ယင်ဖမ်း ရသည်။ ဘုတ်ကိုင်က လူတစ်ယောက်လျှင် ယင်အကောင် ၅၀၀ (သို့မဟုတ်) ၁၀၀၀ စသည်ဖြင့် သတ်မှတ်ပေး သည်။ သတ်မှတ်ယင်ကောင်ရေ ဖမ်းမမိပါက အပြစ်ပေးတာခံယူရသည်။ ယင်ဖမ်း ဘုတ်တွင် ပါဝင် သည့် တချို့ပိုက်ဆံရှိ အကျဉ်းသားများကတော့ ညစ်ပတ်နံစော်လှသည့်ယင်များကို ဒုက္ခခံပြီး မဖမ်းချင်။ ထိုအခါ လူအစား လိုက်၍ ယင်ဖမ်းပေးသော သူများပေါ်လာသည်။ ဤသို့ဖြင့် ထောင်တွင်း ယင် မှောင်ခိုဈေးကွက် ဟူ၍ ဖြစ်ပေါ်လာသည်။
ယင်အို
ထောင်တွင်း မှာ အသက်အရွယ်ကြီးရင့်နေပြီး အိမ်မှ ထောင်ဝင်စာ မလာနိုင်သော အဘိုးအိုများရှိသည်။ ယင်းလူကြီး များကို ထောင်မှ ကာယအားသုံးရပြီး ပင်ပန်းသောအလုပ်များကို မခိုင်း။ ထောင်တွင်း ဘာသာရေး ကိစ္စများဖြစ်သည့် တရားပွဲများ၊ ဓမ္မစင်္ကြာဝတ်ရွတ်ခြင်း၊ ဘုရားစာ တိုင်ပေးခြင်း ကိစ္စများကိုသာ တာဝန်ပေး သည်။ ယင်ဖမ်းဘုတ်မှာလည်း ဘူတစ်ပါးအသက် သတ်ရခြင်းဖြစ်သည့် အတွက်ကြောင့် သူတို့ကို မထည့်ပေးပါ။ သို့သော် အဘိုးအို တချို့မှာ သမုဒ္ဒရာဝမ်းတစ်ထွာအလို့ငှာ ယင်ဖမ်းအငှားလိုက်ကြသည်။ ယင်အကောင်တစ်ရာ လျှင် ကော်ဖီမစ်တစ်ထုပ် ဆိုတော့လည်း လုပ်ရတော့မည်ပေါ့။ ကော်ဖီမစ်နှစ်ထုပ်ရှိလျှင် မီးဖိုထဲမှ အမဲသားတစ်တုံး ပါသော ဟင်းတစ်ခွက်နှင့် လှဲလှယ်၍ ရသည်။ ဖော်ပြပါ အသက်အရွယ်ကြီးသူများ၊ အဘိုးကြီးများ တုန်တုန်ချိချိ ဖမ်းပေးသော ယင်များကို ယင်အိုဟု ခေါ်သည်။
ယင်ဟောင်း
ထောင်ဟူသည်မှာ မတစ်ရာသားများ နေထိုင်ရသည့်အတွက် ပြဿနာများ၊ အပေးအယူများ၊ လိမ်လှည် လှည့်ဖျားမှု များ၊ အနိုင်ကျင့်ဗိုလ်ကျမှုများ ရှိပါသည်။ တည်ငြိမ်အေးချမ်းသာယာ နေသည် ဟူ၍တော့ မထင်မှတ်စေ လိုပါ။ တစ်ဦးနှင့်တစ်ဦးကြားတွင် အလိမ်အညာ အလှည့်အကောက် သာရာစားများ ရှိစမြဲဖြစ်သည်။ မည်သူမျှ လက်ထဲပလတ်စတစ်အိတ်ကိုင်ပြီး တစ်နေကုန် တကုပ်ကုပ်ဖြင့် ညောင်းညာ ကိုက်ခဲနေအောင် ယင် မဖမ်းချင်ကြပါ။ ထို့ကြောင့် အကြံအဖန်များ ပေါ်လာသည်။ ယင်ဖမ်းပြီးသူများက ယင်အသေများ ကို ယင်ဖမ်းဘုတ် တွင် အပ်ရသည်။ နှစ်ကြီးအကျဉ်းသားများ ဦးစီးသော ယင် ဖမ်းဘုတ်ကိုင်တွေ က ယင် ကိုသေချာရေတွက်ပြီး လက်ခံရယူသည်။ သူတို့ထံတွင် တစ်ထောင်လုံးမှ ယင်တွေ အများကြီး။ ထိုအခါ ယင်ဖမ်းရာတွင် သတ်မှတ်ကောင်ရေမပြည့်သေးသော သူများဆီသို့ ဘုတ်ကိုင် တပည့် များက ဈေးကွက်မြှင့်တင်ရေး (Promotion) စနည်းနာထွက်ရသည်။ အလုပ်မြန်မြန်သိမ်းချင်လျှင် ထိုအကျဉ်းသားများ ဆီမှ ယင်များကို ကိုယ့်ထံတွင်ရှိသည့် ကော်ဖီမစ်နှင့် ဝယ်ပေတော့။ အပေးအယူ တည့်သွားလျှင် ယင်များလာပေးသည်။ ထိုသို့ ဝယ်ရသောယင်များကို ယင်ဟောင်းဟု ခေါ်သည်။
ယင်ပျက်
တချို့မဝယ်နိုင်သောဆင်းရဲသည့် အကျဉ်းသားများလည်း ရှိပါသည်။ တစ်နေကုန် ယင်ဖမ်းရန် အတွက် လည်း လက်ကြော မတင်း။ ထိုအခါ အကြံအဖန်များလုပ်လာသည်။ ယင်ဖမ်းသည့် ပလတ်စတစ်ထုပ်ထဲတွင် ထမင်းလုံးနှင့် ဖွဲရောနယ်ထားသော အလုံးလေးများကို ယင် အစစ်များနှင့် ရောပြီးထည့်လိုက်သည်။ အမှတ်တမဲ့ ကြည့်လိုက်လျှင်တော့ ယင် အသေလေးတွေပါပဲ။ သို့သော် သေချာကြည့်မှ ဖွဲလူးထားသော ထမင်းလုံး များဆိုတာ သိနိုင်သည်။ ယင်ဖမ်းဘုတ်ကလည်း တစ်ထောင်လုံးမှ ယင်များကို လက်ခံရသည့် အတွက် သေချာ စစ်မနေ အားပါ။ လက်ခံရေတွက် ရယူရာတွင် ပါသွားသည်။ သို့သော် ပြင်ပယင်မှောင်ခိုဈေးကွက်မှာတော့ ဤသို့လာရိုက်၍ မရ။ ယင်အရောင်းအဝယ် လုပ်ရာတွင် သေချာကြည့်ပြီးဝယ်သည်။ တချို့က မြင်ရုံနှင့် ဘယ်ဟာယင်၊ ဘယ်ဟာထမင်းလုံးဆိုတာ ခွဲခြားနိုင်သည်။ ထိုသို့ အမျိုးအစားများကို ထောင်တွင်းရှိ ယင်ပွဲစားများ က ယင်ပျက်ဟု ခေါ်ကြသည်။ အရောင်းအဝယ်လုပ်သော ထိုနေရာကို ယင်ပွဲစားတန်းဟု အများ က သညာပြုကြသည်။
လိုင်စင်မဲ့ယင်
မိဘမှပိုက်ဆံချမ်းသာပြီး မူးယစ်ဆေးဝါးသုံးစွဲ၍ ထောင်ထဲရောက်လာသော အလိုလိုက်ခြင်း ခံထားရသည့် သူဌေးလေးများမှာလည်း ထောင်၏ လုပ်ထုံးလုပ်နည်းအရ ယင်ဖမ်းဘုတ်သို့ လေဘာအလုပ်ကျလာတတ်သည်။ သူဌေးလေးများ ကတော့ ရွံရှာစရာကောင်းသည့် ယင်များကို ဘယ်မှာ ကိုယ်တိုင်ဖမ်းလိမ့်မလဲ။ သက်သက် သာသာနေပြီး သတ်မှတ်ယင်ကောင်ရေရရှိရန် နည်းလမ်းရှာရတာပေါ့။ ဒီနေရာမှာလည်း ထောင်က ကိုင်တွယ် အုပ်ချုပ်ရာတွင် ပညာသားပါသည်။ အလုပ်ခေါင်းအလုပ်ကြပ်များက ယင်ဖမ်းဘုတ်ကျသည့် တစ်ရက်နှစ်ရက် တွင် သူဌေးသားအကျဉ်းသား များကို အလွတ်မပေး။ ယင်ဖမ်း မဖမ်း ကြည့်သည်။ စိတ်ဆင်းရဲအောင် တစ်ချိန်လုံး လုပ်ထားသည်။ မနားမနေ မောင်းသည်။ ကြာလာတော့ သူဌေးသားက ငိုချင်လောက်အောင် စိတ်ပျက် လာသည်။ ဒီနေရာတွင် သက်တောင့်သက်သာနေရဖို့အတွက် ဈေးကကြီးသည်။
သူဌေးသားလေး များကလည်း စိတ်ညစ်စိတ်ပင်ပန်းမှုကို မခံနိုင်။ ဘယ်လောက်ကုန်ကုန် ဒီဒုက္ခက ကင်းလွတ်ချင်သည်။ ထိုအခြေအနေရောက်ဖို့ ထောင်က ဖန်တီးထားပြီးသား ဖြစ်သည်။ အားလုံးမျှော်လင့် ထားသည့် အတိုင်း တစ်ထောင်လုံး၏ ယင်ဖမ်းဘုတ်ကိုင် ရောက်လာသည်။ သူဌေးသား သက်တောင့် သက်သာနှင့် ယင်ဖမ်းဘုတ်တွင် အေးအေးဆေးဆေးနေနိုင်ရန် သူတို့ ဆွေးနွေးသည်။ ငွေပေးငွေယူကိစ္စကို အသေးစိတ် ညှိနှိုင်းကြသည်။ သူဌေးသား ငွေဘယ်လောက် အကုန်ခံနိုင်သလဲ။ ငွေကိုလည်း ဘုတ်ကိုင် တစ်ယောက်တည်းးက ရတာမဟုတ်ဘဲ သူ့အထက်က ထောင်မှူးနှင့် ရုံးအဖွဲ့ပါ ဝေမျှယူရတာမျိုးရှိသည်။ သို့သော် ပြဿနာ မဖြစ်စေရန်အတွက် ထောင်ဝန်ထမ်းများကတော့ ထိုကိစ္စမျိုးတွင် ပါဝင်လေ့မရှိပါ။ ကြားခံရင်း ရမည့် လူတစ်ယောက်ကတော့ ထောင်တွင်ရှိစမြဲ။ အားလုံးအခေါ် ပွန်းလေးတစ်ကောင်ပေါ့။
အကျဉ်းသား ဘုတ်ကိုင်တွေက ခုမှထောင်ထဲရောက်လာသည့် ကျသစ်တွေကို “နည်းလမ်းသိပါ... စည်းကမ်းရှိပါ” ဟုဆိုသည်။ နောက်ဆုံးတွင် ယင် ဖမ်းဘုတ်မှ သူဌေးသားမှာ နည်းလမ်းသိသွားသည်။ အနှီနည်းလမ်းကြောင့် ပါဏာတိပါတာ သူတစ်ပါး အသက်လည်း မသတ်ရ။ ရွံရှာစရာကောင်းသည့် ယင်မဲရိုင်းများ ကိုလည်း မကိုင်ရ။ တစ်နေကုန်လည်း တဘုတ်ဘုတ်နှင့် ယင်မသတ်ရတော့။ ညနေစောင်းတွင့် သူ့ အမည်ဖြင့် ဖမ်းဆီးထားသော ယင်သတ်မှတ်ကောင်ရေ အထုပ်တစ်ထုပ် ရောက်လာသည်။ ထိုအထုပ်ကို ဘုတ်ကိုင် လက်ထဲ အပ်လိုက်ရုံ ပဲ ဖြစ်သည်။ယင်းအထုပ်ထဲမှ ယင်များကို လိုင်စင်မဲ့ ယင် ဟုခေါ်ပါသည်။

ဆက်ရန်
.
4 comments:
အပြင်မှာယင်ကောင်တွေကိုသုတေသနလုပ်ရင်တောင်ဒီလို
သိချင်မှ သိရမှာအမရွှေစင်ရေ
နည်းလမ်းသိပါ....စည်းကမ်းရှိပါ
ဘယ်နေရာမဆို နည်းလမ်းမသိလဲဒုက္ခ
စည်းကမ်းမရှိလို့လဲ မဖြစ်ပေါ့နော်
ခင်မင်တဲ့ jas
ယင် တောင် without ရှိသေးတယ်နော် ကျေးဇူးအစ်မကြီး
မိုးနတ်တော့ ......
ယင်ပေါင်းအဲလောက်စုံအောင်ရှိမှန်းမသိခဲ့ဘူးရှင်...
ဟိ...ဟုတ်ပါ့....မဂျီးဂျက်ပြောသလို ယင်တောင်
အမျိုးမျိုးရှိမှန်း ခုမှတိတော့ဒယ်.....
ဗဟုသုတတွေ ရလိုက်တာ....
ကျေးဇူးပါ အန်တီရွှေစင်ရေ...
အမ..လိုင်စင်မဲ့ယင် တကောင်လောက်ဖလိုချင်ပါတယ်..
မြတ်နိုး
Post a Comment