Thursday, November 8, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၂)

ဓလေ့၌ ကျွမ်းဝင်လိမ္မာခြင်း

ကျွန်တော် ဆေးကျောင်းရှေ့က ဖြတ်ပြီး အိမ်ပြန်တဲ့ နွေဦး တစ်ညနေမှာ ဆေးကျောင်းသား၊ ဆေးကျောင်းသူ တစ်စု ကျောင်းရှေ့က ဆိုင်းဘုတ်ခုံနား တစ်ဝိုက် စုစု စုစု တွေ့လိုက်ရသည်။ " ဘယ်အတန်းကတုံး၊ ဘာကိစ္စ စုဝေး ညီလာခံနေတာတုံး " မေးကြည့်တော့ နောက်ဆုံးနှစ် အပိုင်း (က) ကျောင်းသားတွေတဲ့။ သုံးပတ် တိတိ ပြည့်သူ့ဘ၀ ကွင်းဆင်းလေ့လာဖို့၊ ကျန်းမာရေး စစ်တမ်းကောက်ယူဖို့ စုရုံးနေကြတာတဲ့။ အခုဟာက ကွင်း မဆင်းခင် ကျောင်းရှေ့မှာ မှတ်တမ်းတင်ဓာတ်ပုံရိုက်နေကြတာတဲ့။ ဒီခေတ်မှာ ဘာလုပ် လုပ် မလုပ်ခင်၊ လုပ်တုန်း၊ လုပ်ပြီး အဆင့်တိုင်းမှာ ဓာတ်ပုံရိုက်မှတ်တမ်းတင်ရတာက ထုံးစံကြီးပေ။ အလုပ်လုပ်ရတာထက် လူအများ သိအောင် လုပ်ရတာကလည်း အလုပ်ကြီးတစ်ခုလေ။ 

ဓာတ်ပုံ ရိုက်ကြမှာဆိုတော့ ဂိုက်နဲ့ဆိုက်နဲ့ ရှိုးနဲု့မိုးနဲ့ပေါ့။ ဆေးကျောင်းသား၊ ကျောင်းသူတွေ အ၀တ်အစားဖိုး ကုန် ရတာ ၂ ချိန်ရှိတယ်။ တစ်ချိန်က အခုလို ပြည့်သူ့ဘ၀ ကွင်းဆင်းလေ့လာချိန်။ တစ်ချိန်က ဘွဲ့နှင်း သဘင် တက်ရောက် ချိန်။ ပြည်သူ့ဘ၀ လေ့လာဖိုပ ပြင်ရဆင်ရ အင်္ကျီ ဘောင်းဘီဝယ်ရ၊ ဂျူတီကုတ်ချုပ်ရ တာကိုက သိန်းဂဏန်း နီးနီးကျသတဲ့။ ကိုယ့်လူတွေက ကျောင်းရှေ့မှာ လတ်လျားလတ်လျား ဟန်ရေးပြနေ ကြတာ။ ဘောင်းဘီလက်ရှည် နဲ့။ ကြောင်လျှာသီး တန်းလန်းနဲ့။ ရှပ်အင်္ကျီအဖြူလက်ရှည်နဲ့။ အသား သပိတ်ရောင် လက်လက် နဲ့။ မိန်းကလေးတွေက စကပ်မတိုမရှည်နဲ့။ တချို့ထဘီစကပ်နဲ့။ ဆံပင်ပြောင်းဖူးမွေးရောင် နဲ့။

သူ့ခေတ် ကိုယ့်ခေတ်ပေါ့ကွယ်လို့ ပေါ့ပေါ့ပါးပါး မှတ်ချက်ချပြီး အိမ်အပြန်လမ်းမှာ အတွေးဆက်ခဲ့တယ်။ ဒီကလေးတွေ ဒီလောက် ပူလောင်အိုက်စပ်နေတဲ့ရာသီမှာ ဒီလို အ၀တ်အစားတွေနဲ့ ပြည်သူတွဆီ ဖုတ် တထောင်းထောင်း ချီတက်ကြမှာလား။ ဒီလို ၀တ်ပုံစားပုံ ဆင်ယင်ပုံတွေက ဗီဒီယိုယဉ်ကျေးမှုနဲ့ မစိမ်းလှ တဲ့ ကျေးလက်လူငယ်တွေအဖို့ မျက်စိစပါးမွေးစူးစရာ မရှိသော်လည်း သက်ကြီးရွယ်အို ရပ်ရွာလူထုက သူတို့နဲ့ မကျွမ်းဝင် မရင်းနှီးလှတဲ့ ဒီလိုဝတ်စားဆင်ယင်မှုကို လွယ်လင့်တကူ လက်သင့်ခံကြပါမည်လား။ အနည်းဆုံး သူတို့တစ်တွေရဲ့ စိတ်ထဲမှာ တို့နဲ့သူစိမ်းတွေပဲလို့ မြင်သွားရင် မြင်ခဲ့ရင် သူတို့နဲ့ ကျွန်တော်တို့ ကလေးတွေ တစ်သားတည်း နေဖို့ထိုင်ဖို့ လွတ်လွတ်လပ်လပ် ပြောဆိုဖို့ ဖြစ်နိုင်ပါမည်လား။

အဖျင်းဆုံးဗျာ ... ဒီဘောင်းဘီရှည်ကြီးတွေနဲ့ အပေါ့အပါးသွားဖို့ လွယ်ကူပါ့မလား။ မတ်တတ်ရပ် သေး ပေါက် တာ ကျေးလက်လူထုရဲ့ အမြင်မှာ ဘယ်လိုရှိမလဲ။ ရိုင်းပျနေမလား။ ကျွန်တော်တော့ ဆရာမောင် သင် ရေး ဖူးတာ သွားသတိရလိုက်မိ။ ဘောင်းဘီဝတ်ရတာ မကောင်းတဲ့အချက်က သေးစိုရင် ပုဆိုးလို လှည့်ဝတ်လို့ မရ တာတဲ့။ တွေ့တယ် မဟုတ်လား အ၀တ်အစား ပြဿနာ။
ချင်းပြည်နယ်၊ ဖလမ်းပြည်သူ့ဆေးရုံမှာ တာဝန်ကျတုန်းက လူနာတွေ နဲ့ တွေ့ဆုံပြောဆို ရာမှာ၊ ရောဂါရာဇ၀င်မေးပြီး စမ်းသပ်စစ်ဆေးရုံကတော့ မခက်လှပါဘး။ ဒါပေမဲ့ ရောဂါအပေါ် လူနာရဲ့အမြင်၊ ခံယူချက် (Patient's perception upon his/her illness) ကို သိဖို့ နှိုက်နှိုက်နှဲနှဲ တူးဖော်မေးမြန်ုးဖို့ကျတော့ ခက်ကရောဗျ။ သူတို့တွေရဲ့ ဘ၀နေထိုင်မှုတွေကိုလည်း အသေးစိတ်မသိရတော့ ဥပမာ ဥပမေယျတွေသုံး ပြီး ရာဂါအကြောင်း ရှင်းလင်းပြဖို့ကလည်း ခက်ပြန်ပါလေရော။ ၁၉၈၉ တစ်ဝိုက်က သမားတော်ကြီး ပါမောက္ခ ဒေါက်တာ ဦးဖေ၀င်း နဲ့အတူ ကြုံရတဲ့ အဖြစ်အပျက်တစ်ခုကို သတိရလိုက်မိ။

လူနာက အသက် (၈၀)နီးပါး တရုတ်အမျိုးသမီးကြီး။ ဆေးရုံ တင်ရတဲ့အကြောင်းက မိမိကိုယ်ကို သေကြောင်း ကြံခြင်း။ ဆွဲကြိုးချဖို့ ကြိုးစားတာမအောင်မြင်ဘဲ လည်ပင်းတစ်ဝိုက် ပွန်းပဲ့ဒဏ်ရာ နဲ့ ဆေးရုံ ရောက် လာခြင်း။ ရောဂါရာဇ၀င် တူးဆွလိုက်တော့ လွန်ခဲ့တဲ့ (၆)လနီးပါးက ဆရာကြီး ဦးဖေ၀င်း နဲ့ ပြဖူးသတဲ့။ ဒါနဲ့ လူနာ ရဲ့ ရှိသမျှရောဂါမှတ်တမ်းတွ မြေလှန်ကြည့်လိုက်တော့ ဟုတ်သဗျ။ ဆရာကြီး လက်ရေး နဲ့ ရောဂါမှတ်တမ်း စာအုပ် သွားတွေ့တယ်။ ဒါပေမဲ့ ဘာမှ မည်မည်ရရ မပါဘူး။ ဆရာကြီး တစ်ချက်လောက် တွေ ခနဲ ဖြစ် သွားပြီး -
" ကျွန်တော် တော်တော်ညံ့တာဗျ။ အဲဒီတုန်းကတည်းက ဒီအဘွားကြီး စိတ်ကျရောဂါ ရနေတာဖြစ်မှာ။ ဒါကို ကျွန်တော် လွတ် (Miss ဖြစ်) သွားခဲ့တာပဲ "
လို့ ပြော လိုက်တယ်။ ကျွန်တော်က -
" ဆရာကြီးကလည်းဗျာ။ သူက မြန်မာစကား တစ်လုံးမှ မတတ်တာ။ သူ့ရဲ့ စိတ်အခြေအနေပေါ်အောင် ဆရာ ဘယ်လိုမေး မတုံး။ ဆရာ့အပြစ် မဟုတ်ပါဘူး "
လို့ ဘယ်လိုပင် ပြောသော်လည်း ဆရာကြီးကတော့ လက်မခံ။ သူညံ့လို့ ဖြစ်ရတာပဲတဲ့။ သိတယ် မဟုတ်လား ... တပည့် ဆိုတာ ဆရာလုပ်သမျှကို အဓိပ္ပာယ်ရှိကြောင်း၊ လုပ်သင့် လုပ်ထိုက် တာဖြစ်ကြောင်း၊ ကြောင်းကျိုး ဆီလျော်အောင် Justification ရှာကြံပေးရတာ။ သို့ပေတဲ့ ဆရာပီသလှတဲ့ ကျွန်တော့် ဆရာက ဘယ်လိမှ လက်မခံ ဘူးဗျ။ ဟော ... တွေ့တယ် မဟုတ်လား။ လူနာ ဆေးကုရာမှာ ဘာသာစကား ပြဿနာ။

အနှီဆရာကြီး နဲ့ပဲ တစ်ရက် လူနာသွားကြည့်တယ်။ ဆရာဝန်တစ်ဦးရဲ့ ဖခင် အသက် (၇၀)ကျော်အဘိုးကြီး ကားမောင်း ရင်း လေဖြတ်သလိုဖြစ်သွားလို့ သူ့အိမ်မှာ သွားကြည့်ရတာ။ သား ဆရာဝန်ကြီးက အဝေးမှာ။ ဆရာကြီး ကျွန်တော့် ကို လူနာ စမ်းခိုင်းတယ်။ လေဖြတ်တဲ့လူနာဆိုတော့ ခေါင်းတစ်ဝိုက် ပယ်ပယ်နယ်နယ် ကိုင်တွယ်ပြီး စမ်းသပ်မှုတွေ လုပ်ရတော့တာပေါ့။ အဘိုးကြီးက သတိက ရှိတော့ရှိတယ်။ ခပ်ဝါးဝါးပဲ။ ကျွန်တော် လည်း ခပ်သွက်သွက် စမ်းသပ်လိုက်ပြီး ဆရာကြီးကို ကိုယ်တွေ့တာ အစီရင်ခံလိုက်တယ်။ ဆရာ ကြီးက ကျွန်တော့်တွေ့ ရှိချက်ကို အတည်ပြုဖို့ သူကိုယ်တိုင် ၀င်စမ်းတယ်။ ဦးနှောက်အတွင်း သွေးယိုပြီး ဦးနှောက် အမြှေးပါးတစ်ဝိုက် သွေးစိမ့်ခဲ့ရင် လည်ပင်းခိုင်နေတတ်သမို့ လူနာရဲကခေါင်းကို ကိုင်လိုက်ပြီး လည်ပင်းစမ်း ဖို့ ပြင်တယ်။ ခေါင်းမကိုင်ခင် လူနာအဘိုးကြီးကို - " အဘ ခေါင်း ကိုင်ဦးမယ်နော် " တဲ့ ။

ဟောဗျာ။ ယောင်တောင်တောင် ၀ိုးတိုးဝါးတားဖြစ်နေတဲ့ အဘိုးကြီးကို ပင်လျှင် ခေါင်းကိုင်ပါမယ့်အရေး ခွင့်တောင်းနေလိုက်ချေသေး။ ဒါကြောင့်မို့ လည်း ဦးဖေ၀င်းဖြစ်ရတာ။ ကျွန်တော် တုန်လှုပ်သွားရပုံများ၊ ကျွန်တော် က မြန်မာဗုဒ္ဓဘာသာ။ လူနာက ကျွန်တော့် အဖေအရွယ်။ ဆရာက ဘာသာခြား၊ ကပြား။ လူနာ အဘိုးကြီး နဲ့ အသက် သိပ်မကွာလှသူ။ ဆရာက ခေါင်းကိုင်ဖို့အရေး ခွင့်တောင်းတယ်။ ကျွန်တော်က ခွင့် မတောင်းဘူး။ ဦးခေါင်းဆိုတာ မြန်မာ တို့ရဲ့ အထွတ်အမြတ်။ ဘုရ်ကို မြန်မာ့ဦးစွန်း ခေါ်တာသာကြည့်။
အနောက် နိုင်ငံသားတွေ အတွက်က ဦးခေါင်းသက်သက်က ဒီလောက်အလေးဂရုပြုစရာမဟုတ်။ (သူတို့ အတွက် ဦးထုပ် က အရေးကြီးတာ) ကြည့်လေ။ ပရီမီယာလိဂ် ဘောပွဲတွေမှာ တစ်ဦးနှင့်တစ်ဦး တိုက်မိ ခိုက်မိ လို့ လဲကွဲကျပြီး တစ်ဦးကတစ်ဦးကို ထူပေးပြီးရင် တစ်ဦးခေါင်းကို တစ်ဦးက လက်နဲ့ ပုတ်လိုက်တာပဲ။ ဒါက သူတို့ရဲ့ ခွင့်လွှတ်တဲ့ ဓလေ့၊ အပြုအမူ၊ တွေ့တယ် မဟုတ်လား။ တစ်ဦးနှင့်တစ်ဦး ထိတွေ့ရာမှာ ကိုယ် လက် အနေအထား ဘာသာစကားရဲ့ပြဿနာ။

ဒီလို လူတစ်ဦး နဲ့ တစ်ဦး ဆက်ဆံရာမှာ တစ်ဦးရဲ့ ဓလေ့စရိုက် Culture ကိုတစ်ဦးက ကျွမ်းဝင်လိမ္မာခြင်း Competence, Competency မရှိခဲ့ရင် ရည်ရွယ်တာမဟုတ်ဘဲနဲ့ စော်ကားသလိုမျိုး၊ နားလည်မှု အပြည့် အ၀ မရတတ်တာ မျိုး၊ အထင်အမြင် လွဲမှားတတ်တာမျိုးတွေ ဖြစ်တတ်တယ်။ မိမိကူညီတာ တစ်ဖက်လူ ဆီ ပြည့်ပြည့်၀၀ မရောက်တာ ဖြစ်တတ်တယ်။ အထူးသဖြင့် ကျွန်တော်တို့လို ကျန်းမာရေး ၀န်ထမ်းတွေ နောက်ခ့အရောင်အသွေးစုံ လူမျိုးစုံ လူနာတွေနဲ့ နေ့စဉ် တွ့ထိ ဆက်ဆံ ပြောဆိုကိုင်တွယ် ဖြေရှင်းနေရ သူတွေမှာ ဒီ Cultural Competence ဆိုတဲ့  Skillက ပိုလို့ ပိုလို့ ရေးကြီးလာတယ်ဆိုတာ သိသိမှတ်မှတ်ကြီး ဖြစ်လာရလေ။ အနောက်နိုင်ငံ ဆေးကျောင်းတွေ၊ သူနာပြုကျောင်းတွေ မှာ ဒါကို အရေးကြီးတဲ့ ဘာသာရပ် တစ်ခုအဖြစ် သင်ကြားပို့ချနေပြီတဲ့။ ဒီဘာသာရပ် သင်ရိုးညွှန်းတမ်း မှာ မပါခဲ့ရင် အဲဒီကျောင်းတွေကို သက် ဆိုင်ရာ အာဏာပိုင်အဖွဲ့တွေက အသိအမှတ်ပြုခြင်း (Accreditation) မလုပ်ဘူးတဲ့ဗျ။

(၂)

ဒီ Cultural Competence (or) Competency ဆိုတဲ့ လှုပ်ရှားမှုကြီးက ထုံးစံအတိုင်း အမေရိကန်က စတာဗျ။ ဒီနေ့ကမ္ဘာ မှာ ကောင်းတာရော ဆိုးတာရော စွန့်ဦးတီထွင်တဲ့ ရေခံမြေခံကို ကြည့်လိုက်ရင် " အမေ ရိကန် ကိုရုပ်ဆိုး" ပဲ။ သူက သူကြွေးကြော်သလို ရောသမကျိုတဲ့ နိုင်ငံကြီး (Melting Pot) လေ။ ရောသမကျိုမှတော့ အရောင်အသွေး စုံချေလှပေါ့။ အဖြူရောင်က အများစု၊ ကျန်တက လူနည်းမျိုးနွယ်စု (Ethnic Minority) ခေါ်တဲ့ အမည်းရောင် အမေရိကန်ဖွားတွေ၊ အညိုေ၇ာင် လက်တင်အမေရိကန်နွယ်ဖွား တွေ၊ အနီရောင် အမေရိကန် တိုင်းရင်းသားတွေ၊ အ၀ါအရောင်အာရှသားတွေ၊ စုံမှစုံ၊ လွန်ခဲ့တဲ့ နှစ် (၂၀-၂၅) အတွင်းမှာ အရောင် အချိုးအစား ပြောင်းလဲလာမှုကလည်း စိတ်ဝင်စားစရာ သတိမူစရာအချက် ဖြစ်လာ တယ်။ အဖြူဦးရေက ၁၀ ရာခိုင်နှုန်း ပဲတိုးပြီး အာဖရိကန်ဖွားက ၃၀ ရာိုင်နှုန်း၊ အမေရိကန် တိုင်းရင်းသားက ၅၈ ရာခိုင်နှုန်းနဲ့ လက်တင် အမေရိကန်ဖွား က ၂၅ ရာခိုင်နှုန်းထိ တိုးလာသတဲ့။ ဒီအတိုင်းသွားရင် သိပ်မဝေးတော့တဲ့ ကာလမှာ အမေရိကန် မှာ လူနည်းမျိုးနွယ်စု က လူများမျိုးနွယ်စု Ethnic Majority ဖြစ်လာတာ့မတဲ့။ ဒါဆိုရင် ဘာပြဿနာတွေ့ကြုံရဖို့ မျှော်လင့်ထားရပြင်ဆင်ထားရမတုံး။

ဒီမျိုးနွယ်စုဝင်လူတွေရဲ့ ယဉ်ကျေးမှု၊ ဓလေ့၊ ဘာသာစကား၊ ကိုးကွယ်မှု၊ ဘ၀ဒဿနတွေကို ထဲထဲဝင်ဝင် ပိုင်ပိုင်နိုင်နိုင် မသိဘဲ သူတို့တစ်တွေကို ဆေးကုလို့ မရချေတော့ပါတဲ့။
ဥပမာဗျာ။ အမေရိကန်ရောက် "လော" တောင်ပေါ်သား မိသားစုတွေထဲက ကလေးငယ်တစ်ဦး အတက် ရောဂါဖြစ်တယ်။ အနောက်တိုင်း ဆေးပညာနဲ့ ဆေးကုသမှုခံယူဖို့ မကြိုးစားဘူး။ သူတို့ရဲ့အမြင်အရ ဒါ နတ်ဆိုး ဖမ်းစားတာ။ မကောင်းဆိုးဝါး ၀င်ပူးတာ။ ဒီလိုနဲ့ ကလေးက သေပါလေရော။ " လော " မိသားစု အဖေနဲ့ အမေ က ရုံးတော်မှာ အပြစ်မရှိကြောင်း ထုချေတယ်။ သူတို့နိုင်ငံမှာ မလိုပါတဲ့။ သူတို့နည်းနဲ့ သူတိ့ ကုတာပဲ လက်ခံတယ် တဲ့။ ကဲ ... ဒီကိစ္စဘယ်လို ဆုံးဖြတ်ကြမတုံး။

အမေရိကန်တိုင်းရင်းသားတွေ နဲ့ အာဖရိကန်ဖွားတွေရဲ့ ပျမ်းမျှသက်တမ်းက ၆၅-၇၀ ၀န်းကျင်ပဲရှိပြီး အမေရိကန် လူဖြူတွေ ကတော့ ၇၇ ၀န်းကျင်ထိ နေကြရသတ့။ ဒါက တိုင်းရင်းသားတွေနဲ့ လူမည်းတွေရဲ့ ကျန်းမာရေး စောင့်ရှောက်မှု အားနည်းတာကို ပြခြင်းဖြစ်သတဲ့။ လူဖြူဆရာဝန်တွေ၊ လူဖြူကျန်းမာရေး ၀န်ထမ်းတွေ က ဒီမျိုးနွယ်စုဝင်လူနာတွေကို ပြောဆိုဆက်ဆံရာမှာ၊ ကုသရာမှာ၊ ရောဂါအကြောင်း ပညာပေး ရာမှာ ထိထိရောက်ရောက် မရှိခြင်းက အရေးကြီးတဲ့ အကြောင်းတရားတစ်ပါးဖြစ်သတဲ့။ သတ္တု ချကြည့် လိုက်တော့ ဓလေ့မကျွမ်းဝင်မလိမ္မာလို့ ဖြစ်ရခြင်းတဲ့။ ဆရာဝန်တွေဟာ လူမည်းလူနာတွေခမျာ " စိတ်ရောဂါသည်" တွေ လို "တံဆိပ်ကပ်"ခံရဖို့ အခွင့်အလမ်း ပိုများသတဲ့။ နားလည်မှုလွဲတော့ နားလည်ရ ခက်တော့ လူနာကို ကယောင်တောင်တောင်လို့ လွယ်လင့်တကူ ကင်ပွန်းတပ်လိုက်တာ။ သေခါနီး လူနာကို ပြုစောင့်ရှောက်မှု ပေးရာမှာလည်း လူမျိုးခြားဘာသာခြားတွေကို ပြုစုစောင့်ရှောက်ရတာနဲ့ လူဖြူခရစ်ယာန်တွေ ကို ပြုစုစောင့်ရှောက်ရတာက ကမ္ဘာခြမ်းလှပေါ့။
ဥပမာ ဟိန္ဒူဘာသာဝင်တွေ က သေခါနီးလူနာကို ခုတင်ပေါ် မထားချင်ဘူး။ ကြမ်းခင်း ဖျာပေါ်ထားပြီး ဘေးက ၀ိုင်းကြ ၀န်းကြ ရွတ်ဖတ်သရဇ္ဈာယ်ချင်ကြတာ။ အနောက်တိုင်း ဆေးရုံတွေ မှာ ဒါက လုပ်လို့မရ။

တချို့သော ဘာသာဝင်တွေက သူတို့ ကိုယ်ခန္ဓာထဲ တစ်ပါးသူရဲ့သွေး၊ ကလီစာသွင်းတာ၊ ထည့်တာ လက်မခံ ဘူး။ ဒါကလည်း အနောက်တိုင်း ဆေးပညာရဲ့ လုပ်ရိုးလုပ်စဉ်နဲ့ ဆန့်ကျင် ဖီလာ။ ရောဂါဖြစ်ကြောင်း နဲ့ ရောဂါအတ္ထုပ၌တ္တိအပေါ် ခံယူတာ ကျင့်သုံးတာမှာလည်း တစ်ဦးနဲ့ တစ်ဦး "မိုင်ပေါင်း ကုဋေ"။
ဒီမှာတင် Cross-cultural communication, Multiculturalism, Cultural awareness, Cultural sensitivity လို့ အမျိုးမျိုး နားလည်ခေးဝေါ်တဲ့ Cultural Competence အပေါ် စိတ်ဝင်စားမှုက ဟုန်းခနဲ ထထောက် လာချေပေါ့။ ပြောခဲ့သလို ကျန်းမာရေးဝန်ထမ်းတွေ လေ့ကျင့်သင်ကြားပေးရာမှာ ဒီကိစ္စကို တခုတ်တရ သီးသီးသန့်သန့် သင်ကြားလေ့ကျင့်ရပေါ့။ နည်းပေါင်းစုံနဲ့ ဖြေရှင်းဖို့ ကူညီဖို့ ကြိုးစားကြပေါ့။ ဖြေရှင်းဖို့ ကြိုးစားကြရာ မှာ စိတ်ဝင်စားဖွယ် အကြံပေးချက်တစ်ခုက အဲဒီမျိုးနွယ်စု ဓလေ့ဘာသာတူတွေထဲက ဆာဝန်တွေ၊ ကျန်းမာရေး ၀န်ထမ်းတွေ ပိုလို့မွေးထုတ်ပေးလိုက်ပေါ့တဲ့။ ဒီကိစ္စကို သူတို့ဆီမှာ အလေးအနက်ထား စဉ်းစားနေရပြီ။ ကျွန်တော်တို့ဆီမှာကော ဒီလိုပြဿနာမျိုးတွေ ရှိသလား။ ရှိရင်ကော ဘယ်လို ဖြေရှင်းကြမတုံး။

(၃)

ကဲ ... ဘာသာစကားက စရအောင်။ ပြောခဲ့သလို ဘာသာစကားချင်း မတူခဲ့ရင် ဘာသာစကား မကျွမ်းဝင်ခဲ့ရင် ဘယ်လို လုပ် ဆေးကုကြမတုံး။ လူနာရဲ့ မျက်မှောက်မှာ ဆရာဝန်တွေအချင်းချင်း လူနာနဲ့ လူနာ ရဲ့ရောဂါအကြောင်း ဆွေးနွေးခဲ့ရင် ဘယ်ဘာသာစကားသုံးရပါ့။ ကျွန်တော်တို့ ဆေးကျောင်းသားဘ၀ ဆရာဝန်ပေါက်စန ဘ၀မှာ လေ့ကျင့်သင်ကြားခံခဲ့ရတာက လူနာ နားမလည်တဲ့ အင်္ဂလိပ် ဘာသာစကားနဲ့ ပြောဆိုဆွေးနွေးရမတဲ့။ မြန်မာလို မပြောရပါတဲ့။ လူနာ သိသွားနားလည်သွားရင် မကောင်းပါ တဲ့။ ဒါကော မှန်ကန်သင့်မြတ်ပါရဲ့လား။
တကယ်တော့ လူနာရှေ့မှာ လူနာ မသိအပ်သေးတာကို ဘာမှမပြောရ မဆွေးနွေးရဘူး။ အင်္ဂလိပ် လိုရော၊ မြန်မာလိုရော၊ တရုတ်လိုရော၊ ရှမ်းလိုရော။ ဒါမှ လူနာကို လေးစားရာကျမှာ။ လူနာရှေ့မှာ သူ့ကို ငုတ်တုတ် ကြီးထားပြီး ကွိကွိကွကွရော ရွှတ်ရွှတ်ရှက်ရှက်ရော မျိုးကွဲဘာသာစကားနဲ့ ပြောတာက တကယ်တော့  စော်ကားမှုကြီးပဲ။

တစ်ခါက ဒီဘာသာစကားကိစ္စကြောင့် ကြေကွဲစရာတစ်ခု ကြုံခဲ့ရတယ်။ ဆရာဝန်ကြီးတစ်ဦး ရဲ့ မိခင်။ သူက ပုံခပ်ရိုးရိုး တိုင်းရင်းသူ။ ဒါပေမဲ့ အင်္ဂလိပ်စာ ကောင်းကောင်းကျွမ်းတယ်။ သူက အဆုတ်ကင်ဆာဖြစ်ရာက ဦးနှောက်ထိ ပျံ့နှံ့စွဲကပ် လို့ သတိမေ့ပြီး ဆေးရုံရောက်လာရတာ။ ဆေးရုံမှာ သတိပြန်လည်လာတော့ သူ့မှာ ဆရာဝန်တွေ ကို ကျေးဇူးတင်ရ ၀မ်းသာလိုက်ရတာ။ သူက သူ့ကိုယ်သူ သေပြီ မှတ်ထားတာကိုး။

သူ့ဝမ်းသာမှု က တာရှည်မခံလိုက်ပါဘူး။ နံနက်ခင်း ဆရာဝန်ကြီး "ရောင်း" လှည့်လာတော့ ဒီ Case အကြောင်း ဆရာမကြီး က တပည့်တွေနဲ့ ဆွေးနွေးတိုင်ပင်တယ်။ ဒီလူနာက နောက်ဆုံးအဆင့် (Terminal illness) ရောက် ရှိနေကြောင်း၊ ဦးနှောက်ထဲထိ ကင်ဆာဆဲလ်တွေက ၀င်ရောက်ဖျက်ဆီးနေပြီဖြစ်ကြောင်း စသည်ဖြင့်၊ စသည်ဖြင့်။ ဘိုလို အားရပါးရပြောပြီး ဆွေးနွေးလိုက်တာ။ ဒီအမေကြီး မသိလောက်ပါဘူးပေါ့။ လူနာ က ပြောသမျှ တစ်လုံးမကျန် လုံးစေ့ပတ်စေ့ နားလည်နေတာ။ ဒါနဲ့ပဲ အစက ပီတိတွေနဲ့ လျှံနေတဲ့ လူနာ အမေကြီး ဟာ ချက်ချင်း စိတ်ဓာတ်ထိုးဆင်း ကျသွား။ သားဆရာဝန် ရောက်လာတော့ -
 
" သားရေ၊ အမိုး ဆေးရုံ က ဆင်းတော့မယ်။ ဆရာမကြီးက အမိုး ရောဂါက ကျွမ်းနေပြီတဲ့ " လို့ပြောပြီး ဆေးရုံ က ဇွတ်ဆင်းချသွားတယ်။ အိမ်ရောက်ပြီး ရက်အနည်းငယ်အကြာမှာ ဆုံးရှာသတဲ့။ မျှော်လင့်ချက် ကုန်ခန်း သွားမှတော့ လူ့ဘ၀မှာ ဆက်လက် အသက်ရှင်စရာ ဘာအကြောင်း ရှိသေးသတုံး။ ဇာတ်ကြောင်းပြန်တဲ့ ဆရာဝန်ကြီးခမျာ မျက်တောင်ပုတ်ခတ်ပုတ်ခတ်နဲ့။ မန္တလေးမှာ နေ့စဉ် ကြည့်ရှုကုသ နေရတဲ့ လူနာတွေထဲ စိနတိုင်းရင်းသားတွေ က သုံးပုံတစ်ပုံလောက် ပါဝင်နေလေတော့ ကျွန်တော်တို့ တစ်တွေလည်း " ဘာသာမျိုးခြား စာစကား၊ သင်ကြားသင့်သည်မှတ် " လုပ်ရလေမလား။
သူ့နေရာ သူ့ဒေသ သူ့ဓလေ့နဲ့အညီ  ၀တ်စားဆင်ယင်ခြင်းကလည်း ဓလေ့ကျွမ်းဝင်ခြင်း တစ်မျိုးပပ။ သူငယ်ချင်း ဆရာဝန် တစ်ဦး အင်္ဂလန်က ပြန်လာပြီး ဆေးခန်းတွေထိုင်ရာမှာ နွေနွေမိုးမိုး ဆောင်းဆောင်း ဘောင်းဘီရှည်နဲ့။ လည်စည်း အရောင် ကြောင်ကျားနဲ့။ ဟိုတုန်းက ပင်နီတိုက်ပုံ ကိုယ်ပေါ်က မချခဲ့တဲ့လူ။ ခုတော့ အိမ်မှာတောင် ပုဆိုးဝတ်တဲ့ ပုံ မပေါ်တော့ဘူး။ အဲ ... အဲ ... ဘောင်းဘီရှည်နဲ့ပေါ့ဗျာ။ လူက ထောင် ထောင်မောင်းမောင်း ကြည့်လို့ ကကောင်း။ ဆ၇ာဝန်ကြီးပေါ့ဗျာ။ နိုင်ငံခြားပြန် ဆရာဝန်ကြီးပေါ့ဗျာ။ အထူးကု ဆရာဝန်ကြီးပေါ့ဗျာ။

ပြဿနာက ဟိုး ဆင်ကလိန်ခန္ဒီးက၊ ဟို ပုံတောင်ပုံညာက၊ ဟိုး ကသာရွှေလီက၊ ဟိုး ရေစကြိုတောနယ်က မန္တလေးရွှေမြို့တော် တက်ရောက် ဆေးကုသမှု ခံယူဖို့လာကြတဲ့ ရွာငယ်ဇနပုဒ် မီးလေးမှိတ်တုတ်က တောင်သူ မိလက္ခူတွေခမျာ ဒီဆရာဝန်ကြီးန့ ဆေးကုသရမှာ မ၀ံ့မရဲတဲ့ဗျ။ တော်လို့ ကျော်လို့ ပြချင်ကြ သော်လည်း ဆရာကြီး နဲ့ ရင်ဆိုင်ရမှာ လန့်သတဲ့ဗျာ။ ဆရာကြီးရဲ့ အဆင်အပြင် အဆောင်အယောင် ခမ်းခမ်း နားနားကို လန့် တာရော။ ဆရာကြီးရဲ့ "လေ"ကို လန့်တာရော။ ဆရာကြီးက လူနာကိုတော့ သေသေ ချာချာစမ်းသတဲ့။ ပြီးတော့မှ သေသေချာချာ ငေါက်ငမ်းသမှုပြုသတဲ့။ ဒီ "လေ" ကလည်း အင်္ဂလန် က လိုင်စင်ဆွဲခဲ့လေသလား မသိပေါင်။ လူနာနဲ့ ဆရာဝန်ကြား အတားအဆီးတစ်ခု။ အကွာအဝေးတစ်ခု မသိမသာ တည်ဆောက် လိုက်မိခြင်း။
ဆေးရုံ မှာ တချို့ အလုပ်သင်ဆရာဝန်ငယ်တွေက ဂျင်းဘောင်ဘီနဲ့။ ဆံပင်ရောင်စုံနဲ့။ နားသန်သီးလေးတွေ တခါခါ နဲ့။ ဒါနဲ့ " သည်းခံကြပါ မောင်တို့ရာ။ ဆရာဝန်ဖြစ်ပြီး ဖြူဖြူကျော်သိန်းလုပ်မှ၊ ဟန်ထူးလွင်လုပ်မှ စင်ပေါ်မှာ ဒီလို အပြင်အဆင် နဲ့ ပွဲထွက်ကြပါ။ တို့ရုံထဲမှာတော့ "ရိုးရိုးလေးသာ ၀တ်ခဲ့ပါ၊ အေးမြတယ်" ပဲ လုပ်ကြပါကွယ်တို့" လို့ မေတ္တာရပ်ခံရတယ်။

ဒီလို အဆင်အယင်တွေ က ဆရာဝန်ရဲ့ တည်ကြည်မှုနဲ့ ဥပဓိရုပ်ကို ပျက်ယွင်းစေတယ်။ လူနာတွေ အားကိုး လောက်တဲ့ ဆရာဝန်ကျက်သရေ ကို လျော့ပါးစေတယ်လို့လည်း ဆုံးမရတယ်။ ကလေးတွေ သာ ပြောနေ ရတာ မှတ်တယ်။ လူကြီးဆရာဝန်ကြီးတချို့ ရဲ့ လုပ်ပေါက်လည်းဆိုးပါ့။ " ရောင်း" လှည့်ရင်း လူနာ စမ်းသပ် ရင်း ကွမ်းတဗျစ်ဗျစ်ဝါးလို့။ ဒီလို အဆင်အယင်နဲ့ ပါးစပ်တစ်ဝိုက် ကွမ်းသွေးနီတာရဲနဲ့ ဆရာဝန်ကြီး ငယ်တွေ ကို လူနာတွေက သူတို့ဘ၀ဇာတ်ောကာင်းနဲ့ ရောဂါရာဇ၀င်ကို ယုံယုံကြည်ကြည် ပြည့်ပြည့်၀၀ တိုင်ပင် ဖွင့် ဟလေမည်လား။
ရောဂါဖြစ်စဉ် နဲ့ ကုထုံးအပေါ်၊ ရောဂါရဲ့ ဇာစ်မြစ်အပေါ် လူနာတွေရဲ့သဘောထားနဲ့ နှလုံးသွင်းပုံကို သိဖို့က လည်း လူနာပြုစုစောင့်ရှောက်ရေးမှာ အရေးပါသဗျ။

တစ်ခါက တီဘီရောဂါဝေဒနာသည် အသက် ၃၀ နီးပါး မိန်းမတစ်ဦးလာပြတယ်။ သမားတော်ဆီ မဟုတ် ဘူး။ သားဖွားမီးယပ် ဆရာဝန်ကြီးဆီကို။ ပြဿနာက ရာသီငုပ်တာက စသတဲ့။ အဲဒီနောက်ပိုင်း တငွေ့ငွေ့ ဖျား လာသတဲ့။ ချောင်းဆိုးသတဲ့။ မောသတဲ့။ ပိန်သွားသတဲ့။ အစားအသောက်ပျက်သတဲ့။ ရာသီသွေး က အောက်မဆင်းဘဲ သွေးပုပ်တွေအဖြစ် အောင်းနေလို့ဖြစ်ရသတဲ့။ သွေးပုပ်တွေက သွေးစလေးတွေပါ သတဲ့။ ကြည့်လေ၊ ချောင်းဆိုတဲ့အခါ သလိပ်ထဲ သွေးစလေးတွေပါနေတာ။ ဒါ သူ့ရဲ့ Disease Model။
ကလေးအဖေတစ်ဦး က သူ့ကလေးကို ဆရာဝန်ပေးတဲ့ဆေးတွေ မတိုက်ဖြစ်ဘူးတဲ့။ ဆရာ့ဆေးတွေက "ဆေးပူ" တေါတဲ့။ ကလေးအမေတစ်ဦးကလည်း သူ့ကလေးဝမ်းလျှောတာ "အပူဝမ်း" တဲ့။ ဓာတ်ဆားရည် တိုက် ခိုင်းတော့ ဆား က "အပူဝမ်း" နဲ့ မတည့်လို့ မတိုက်ဘူးတဲ့။ တချို့တောကျေးလက်က လူနာတွေကျ တော့ အင်္ဂလိပ်ဆေးတွေ က ဓာတ်ဆေးတွေဆိုတော့ ပြင်းသတဲ့။ ဒါကြောင့် ကိုယ့်ဘာသာ ကိုယ် လျှော့ သောက် လိုက်သတဲ့။ ကြည့်လိုက်တော့ တီဘီဆေးတွေ။ ဘုရား ... ဘုရား ...

မြန်မာပြည် မြောက်ပိုင်းက တိုင်းရင်းသားမိတ်ဆွေတွေက ခေါင်းကိုက်ဇက်ထိုးတာကအစ ငှက်ဖျားပိုး ဦးနှောက် ထဲ ဝင် တဲ့ ကိစ္စအဆုံး ရှိရှိသမျှရောဂါဘုစုခရု ကုသရာမှာ "ရှားခြစ်ခြင်း"က မလုပ်မနေရ ကိစ္စ ဘဲဗျ။ တချို့ ခွေးကိုက် ခံရဖူးတဲ့လူတွေက ဘယ်တော့မှ အသုဘရှု ကြွလေ့မရှိဘူး။ ခွေးရူးရောဂါ ပြန်ကြွမှာ စိုးလို့ တဲ့လေ။
သူငယ်ချင်း နိုင်ငံခြားပြန် သင်္ချာပါရဂူတစ်ဦး လက်နှစ်ဖက်လုံးမှာ လက်သန်းလေးတွေပိုနေတာ။ သူစာရေး တိုင်း အဲဒီ လက်ပွားလေးတွေ က တုန်တုန်ခါခါ ဖြစ်နေတာမြင်ရတဲ့ ကျွန်တော့်မှာ ရင်ထဲကျလိကျလိ။ သူက တော့ ခပ်အေးအေး။

" ခင်ဗျားဗျာ ဒါလေးတွေ ဖြတ်ပစ်လိုက်ရောပေါ့ " လို့ သင်္ချာ ဆရာအပေါ် ဆရာလုပ်လိုက်တော့ သူက ကျွန်တော့် ကို သူချေချွတ်ဖို့ ဖြစ်တည်လာတဲ့ သနားစရာ သတ္တ၀ါပါလားဆိုတဲ့ အကြည့်နဲ့။
" ဟေ့လူ ဒါက လာဘ်ကောင်းတယ်ဗျ။ ဒါကြောင့် ကျွန်တော် တမင် ဖြတ် မပစ်ဘဲထားတာ" တဲ့။ သင်္ချာပါရဂူရဲ့ Fuzzy Logic ပေလား။ ကိုယ်ကသာ အင်္ဂါအစုံလွန်လွန်းတယ် ထင်နေတာ။ သူကတော့ "ဘုရာားပေးတဲ့ဆု"တဲ့။
တချို့ လူနာရှင်တွေက သေကောင်ပေါင်းလဲဖြစ်နေတဲ့ လူနာရဲ့ ကိုယ်ပေါ်မှာ အဆောင်တွေ လက်ဖွဲ့တွေ တန်းစီ ပြီး သီထားကြချေသေး။ ဒါတွေရဲ့ ရောဂါကိုတားဖို့ ကြိုးစားတယ်။ "ဘုရားကု" ကုတယ်ပေါ့။ ဆရာဝန်ကြီး တစ်ဦး က ဒါတွေကို မျက်စိနောက်တယ်ထင့်။ အကုန်ဖြုတ်ခိုင်း ချွတ်ခိုင်းတယ်။ ဒါကကော ဓလေ့၌ ကျွမ်းဝင် လိမ္မာခြင်းပေလား။

(၄)

ကျွန်တော်တို့ ကျန်းမာရေးဝန်ထမ်းဆွေ ဓလေ့၌ ကျွမ်းဝင်လိမ္မာအောင် ဘယ်သို့ပြုရပေချိမ့်။ ပညာရှင်တစ်ဦး အကြံပြု ထားတာက -
- သူ့ရောဂါအပေါ် သူ့ရဲ့ အမြင်ကို ပြည့်ပြည့်၀၀ သိရအောင် လူနာရာဇ၀င်ကို စိတ်ရှည်စွာ၊ စာနာစွာ၊ နားလည်မှု ရှိစွာ နားထောင်ပးပါ။
- ဆရာဝန်တွေ ရဲ့ လူနာရောဂါအပေါ် အမြင်၊ သုံးသပ်ချက်န့ ပေးမယ့် ကုထုံးကို လူနာနားလည်တဲ့ ဘာသာဗေဒ နဲ့ ရှင်းပြ ပါ။
- ဒီအမြင်နှစ်ခုကြား တူတာရှိသလို ကွဲပြားခြားနားတာလည်း ရှိတယိုတာ သိမှတ်လိုက်ပါ။ အပြု သဘော ဆွေးနွေး ပါ။ လူနာရဲ့ အမြင်ကို လုံးခြေပြီး အမှိုက်ခြင်းထဲ လွှင့်မပစ်လိုက်ပါနဲ့။ " တောသွားပြော" မလုပ် လိုက် ပါနဲ့ ။
- လူနာရဲ့ ဓလေ့ဘာသာစရိုက် အလေ့အလာတွေကို အစဉ်နှလုံးပိုက်ပြီး လူနာကုထုံးကို "လိုင်း" ချပါ။

- လူနာနဲ့ တောက်လျှောက် ညှိနှိုင်းနေပါ။ တန်းတူရည်တူ ဆွေးနွေး ပါ။ နှီးနှော ပါ။ ရောဂါဇစ်မြစ် နဲ့ ရောဂါ ဖြစ်စဉ် အပေါ် လူနာရဲ့ အမြင်သဘောထားကို မပြတ်စေ့ငုနေပါ။ ခင်ဗျားရဲ့ ကုထုံးဟာ လူနာရဲ့ ဓလေ့ထုံးတမ်း ယဉ်ကျေးမှုဘောင် ထဲမှာ ချပ်ချပ်ရပ်ရပ် ရှိပါစေ။ အစွန်းမထွက်ပါစေနဲ့။
ကဲ ... တွေ့တယ် မဟုတ်လား။ ဆရာဝန်သက်သက် လုပ်စားဖို့ဟာ မလွယ်လိုက်တာမှ မလွယ်လိုက်တာ။ CME တဲ့။ CPD (Continuing professional Development) တဲ့။ EBM (Evidence-based Medicine) တဲ့။ ဟိုဟာတဲ့၊ ဒီဟာတဲ့။ လေ့လာစရာတွေ များမှများ။ ဆည်းပူးစရာငြင်းခုံစရာတွေ များမှများ။ တွေးတာ ဆင်ခြင် စရာတွေ၊ လက်တွေ့ကျင့်သုံးစရာတွေ များမှများ။
ဆရာဝန်သက်သက် လုပ်စားရတာ မလွယ်ရတဲ့ကြားထဲ " ဆရာဝန် စာရေးဆရာ" တဲ့။ " ဆရာဝန်ဂျာနယ် လစ်"တဲ့၊ " ဆရာဝန် အဆိုကျော်" တဲ့။ " ဆရာဝန်တေးရေးဆရာ" တဲ့။ " ဆရာဝန် ရုပ်ရှင်မင်းသား" တဲ့။ "ဆရာဝန် ဒါရိုက်တာ" တဲ့။ " ဆရာဝန် ပတ်ဝန်းကျင်ဝါဒီ" တဲ့။

မောင်မင်းကြီး၊ မယ်မင်းကြီးများ၊ ဆရာဝန် ကျော်စွာကြီးများ တော်ကြပါပေတယ်။ ကျွန်တော်တို့မှာ ဆရာဝန် သက်သက် လုပ်စား ဖို့တောင် ဒီလောက် မအားမလပ် ကျပ်ကျပ်သပ်သပ် လေ့လာဆည်းပူးနေရတာ။ Time Management မနည်းကြီး လုပ်နေရတာ။
ကျွန်တော် ကတော့ ခုချိန်ထိ ဆရာဝန် လူဇော် လည်း မဖြစ်ချင်။ ဆရာဝန် ပေါက်ကျော်၊ ဆရာဝန် ရောကျော် လည်း မလုပ်လို။ ဆရာဝန် သက်သက်အဖြစ်နဲ့ပဲ ဘ၀ကို အလိုက်သင့် ဖြတ်သန်းဖို့ ဆုံးဖြတ်ထားပါကြောင်း။

(ကွယ်လွန်သူ ဆရာကြီး ဦးဖေ၀င်းသို့)
ရွက်နုဝေ၊ အောက်တိုဘာလ၊ ၂၀၀၇
.

2 comments:

Anonymous said...

very good. can easily see what he want to say.

Anonymous said...

thnx 4 sharng good posts...
all the best 2 u
:)
Anne