ရေတမာပင်အောက်မှ အတိတ်တစ္ဆေ
'ပုံစံ'
အော်သံအဆုံးမှာ အင်းစိန်ထောင် ၄ တိုက်တစ်ခုလုံး တိတ်ဆိတ်ငြိမ်သက်သွားပါတယ်။ အချိန်ကာလကတော့ ၁၉၉၁ ခုနှစ်ဆောင်းဦးနံနက်ဖြစ်ပါတယ်။ မကြာခင်မှာပဲ တိုက်တံခါးဖွင့်သံ နဲ့အတူ အကျဉ်းဦးစီး ဌာနက ၀န်ထမ်းတွေ ရဲ့ စစ်ဖိနပ်သံတွေကို ကြားလိုက်ရပါတယ်။ ၀န်ထမ်း (ထောင်အခေါ် ၀ါဒါ) ၂၀ လောက်ဟာ ၄ရှည်လို့ခေါ် တဲ့ ၄ တိုက်ညာဘက်ခြမ်းကို ၀ိုင်းရံထားလိုက် ကြပါတယ်။ ၄ တိုက်က ၄ တိုနဲ့ ၄ ရှည်ဆိုပြီး ခွဲခြားထား ပါတယ်။ ၄ တိုမှာ အခန်း (၁၂) ခန်းရှိပြီး ၄ ရှည်မှာ အခန်း (၂၃) ခန်းရှိပါတယ်။ သူတို့ရောက် လာကြ တာကတော့ အကျဉ်းထောင်ထဲမှာ လုပ်ရိုး လုပ်စဉ်ဖြစ်တဲ့ 'တလာစီ' လို့ခေါ်တဲ့ ထောင်လုံခြုံရေးအတွက် ပုံမှန် ရှာဖွေရေး ပြုနလုပ်ဖို့ပါပဲ။ ဒီလို ရှာဖွေရေးလုပ်တဲ့အခါမှာ တစ်ထောင်လုံးကို မရှာဘဲ တစ်ဆောင်စီကို ၁ လတစ်ခါလောက် ရှာလေ့ ရှိပါတယ်။ ဒီကြားထဲမှာ ထူးခြားသတင်း ရရင်တော့ ရသလို ပိုက်စိတ်တိုက် ရှာဖွေပါတော့တယ်။ အခု ကတော့ ၄ ရှည်ကို ပုံမှန်ရှာဖွေရေးဝင်တာ ဖြစ်ပါတယ်။
အခန်းအများစုက သူတို့ရှာလေ့ရှာထရှိတဲ့ အ၀တ်လှန်းကြိုးတွေ၊ ဘရိတ်ဓားတွေ၊ ပုလင်းခွံတွေ၊ လောင်စာ ပစ္စည်းတွေ ကို တတ်နိုင်သမျှ သိမ်းတဲ့ထဲပါမသွားအောင် ၀ှက်လေ့ရှိပါတယ်။ တချို့အခန်းတွေမှာလည်း ပိုက်ဆံ တို့၊ ရေနွေးကြိုတဲ့ ဂေါက်တို့ရှိတယ်။ ဒါတွေတွေ့ရင်တော့ အခန်းက လူတွေကို ပြဿနာမရှာဘဲ ပစ္စည်းတွေကိုပဲ သိမ်းယူ သွားလေ့ရှိပါတယ်။ ဒါပေမဲ့ အခန်း ထဲမှာ စာရွက်စာတမ်းတို့၊ သတင်းစာတို့၊ ဘောပင်တို့ တွေ့ရင်တော့ မချောင်ဘူးမှတ်။ စနစ်တကျ မှတ်တမ်းတင်ပြီး တိုက်ထောင်မှူးကြီးရုံးကိုတင် လေ့ရှိပါတယ်။ ဒါကြောင့် နိုင်ငံရေး အကျဉ်းသား တွေဟာ သတင်းစာအပိုင်းအစ၊ ဘောပင်စတာတွေကို အမြဲသတိထားပြီး ကိုင်တွယ်လေ့ရှိပါတယ်။ ခက်တာက နိုင်ငံရေး နဲ့ ပြစ်ဒဏ်ကျခံရသူတွေဆိုတော့ စာမဖတ်ပဲလည်း မနေနိုင်ကြဘူး။ ကဗျာလေးတွေ၊ ဆောင်းပါးလေးတွေကိုလည်း ခိုးပြီးရေးချင်ကြတယ်။ ဒီတော့ ဘောပင်ဆိုတာ လိုလာပြီ။
ဒီပစ္စည်းတွေဟာ ထောင်သားတစ်ယောက်အတွက် အရမ်းအန္တရာယ်ကြီးတယ်ဆိုတာ သိပေမယ့် ဒီလိုပဲ စွန့်စားပြီး ကိုင်ကြရတာပဲ။ ဘောပင်ဆိုရင် အခွံကို ဖျက်ဆီးပြီး မှင်ချောင်းလေးကို ပဲ သစ်ကိုင်းခြောက်မှာ သရေကွင်း နဲ့ ပတ်ပြီးရေးကြရတယ်။ မဂ္ဂဇင်းတွေ၊ သတင်းစာတွေဖတ်ချင် ရင်လည်း ထောင်ထဲကို တာဝန်ယူပြီး ခိုးသွင်း တဲ့ လူက စာအုပ် ကို ပုံဖျက်ပစ်ရပါတယ်။ မဂ္ဂဇင်းဆိုရင် ကဗျာတစ်ပုဒ်၊ ၀တ္ထုတိုဆို တစ်ပုဒ်ချင်း၊ အောင်းပါး ဆိုတစ်ပုဒ်ချင်း ဆွဲဖြုတ်ပြီး ဖတ်ကြရပါတယ်။ ဒါမှ ၀ှက်လို့လွယ်မှာကိုး။ ပြီးတော့မှ အခန်း ထဲမှာ အားလုံး စုမထာဘဲ တစ်ခန်းတစ်ပုဒ်စီဖြန့်ဝေပေးလိုက်ပါတယ်။ ကိုယ့်အခန်းက စာမူ ကိုယ့်ဖာသာ တာဝန် ယူပြီး သိမ်းပေရော့။
ခုလည်း ၄ ဆောင်တိုက်မှာ ဒါမျိုးလေးတွေတော့ရှိတယ်။ ဒါပေမဲ့ အတွေ့အကြုံရှိတဲ့သူတွေချည်းမို့ ရှာဖွေရေး အဖွဲ့ဝင်လာပေမယ့် သိမ်ခြောက်ခြောက်ခြားခြား မဖြစ်ကြဘူး။ တိုက်ခန်းအားလုံးကရတဲ့ အချိန်လေးမှာ ကိုယ့်အခန်း က ပစ္စည်းတွေ ကိုယ်ဘာသာ နည်းလမ်းအသီးသီးနဲ့ ၀ှက်ထားလိုက်ကြ ပြီ။ ဖြစ်ချင်တော့ ၄ ရှည်အခန်း (၁၉) မှာ ဦးလှကြည် (စက်မှု-၁)၊ ကြည့်မြင့်တိုင်က ကိုအာဂျစ်ဟိန်း၊ ဦးသိန်းနိုင် (ပုဂံ)၊ ကိုသိန်းထွန်း နဲ့ ကိုထင်အောင်တို့နေကြတယ်။ သူတို့အခန်းက ယူထားတဲ့ စာမူက ဆရာဒဂုန်တာရာရဲ့ ပျော့ပျောင်းခြင်း အနုပညာဆိုတဲ့ ဆောင်းပါးလား၊ သိပ်တော့မမှတ်မိ ဘူး။ ဒီဆောင်းပါးက ပြင်းထန်ဖိနှိပ်တဲ့ အခြေအနေ အခိုက်အတန့် မှာ ပုံစံခွက်ထဲပျော့ပျောင်းပြီး နေနိုင်ဖို့နဲ့ ဒီပျော့ပျောင်း မှု က လိုအပ်ရင် ခွန်အားဖြစ်သွားစေတဲ့ အကြောင်းလေးကိုင်း ဥပမာပေးပြီး ရေးထား တဲ့ ဆောင်းပါး လို့ထင်ပါတယ်။ သူတို့က ဒီဆောင်းပါးကို မိလ္လာခွက်အောက် မှာ အသာအယာ ဖွက်ထား လိုက်တယ်။
ဝါဒါတွေက မိလ္လာဆိုရင် အသေးစိတ်မရှာချင်တာကို အခွင့်အရေးတစ်ခုအဖြစ် အသုံးချထားရတာပေါ့။ ဒါပေမဲ့အဲဒီနေ့က အခန်း ၁၉ ကံဆိုးရှာပါတယ်။ သတို့အခန်းကိုရှာတဲ့ ၀ါဒါနှစ်ယောက်က စာအုပ်ကြီးသမားတွေ၊ သူတို့ခန္ဓာကိုယ် ကို စေ့စေ့ စပ်စပ် ရှာဖွေတယ်။ သူတို့ကိုရှာပြီးတော့ အခန်းကိုလည်း နှံ့နှံ့စပ်စပ်ရှာတယ်။ ကံမကောင်း အကြောင်း မလှချင်တော့ မိလ္လာပုံးအောက်က ဆရာဒဂုန်တာရာ ရဲ့ ဆောင်းပါး ကိုတွေ့သွားကြတယ်။ ဒု-တပ် ကြပ်က ဆောင်းပါးကိုဖတ်ကြည့်ပြီး Political issue အကြီးကြီးလို့ ထင်သွားပုံရ တယ်။ ချက်ချင်းပဲ တိုက်ထောင်မှူးကြီးဆီသတင်းပို့ပြီး ဆောင်းပါးကို အပ် တယ်။ ထောင်မှူးကြီး ကလည်း ဆောင်းပါး ကို ဖတ်ကြည့်ပြီး ဒါဟာ ထောင်တွင်းလှုပ်ရှားမှုတစ်စုံတစ်ရာလုပ်ဖို့ တွန်းအားပေးတဲ့ စာလို့ထင်ရောက်သွားပြီး ဒီကိစ္စကို သူကိုယ်တိုင်ကိုင်တွယ် ဖြေရှင်းဖို့ ဆုံးဖြတ်လိုက်ပုံရတယ်။
တိုင်ခန်းအားလုံးက အကျဉ်းသားတွေကို တန်းဖြုတ်ပေးလိုက်ပေမယ့် အခန်း (၁၉) ကလူတွေကို ခေါင်းစွပ်စွပ်ပြီး ရုံးခန်းခေါ်သွားကြတယ်။
အခန်း ၁၉ က ဦးလှကြည်အပါအ၀င် ၅ ဦးကို တိုက်ရုံးခန်းရှေ့မှာ ပုံစံထိုင်ခိုင်းထားပါတယ်။ ပြီးတော့မှ ရုံးခန်းထဲ ကို တစ်ယောက်ချင်းခေါ်ယူစစ်ဆေးပါတယ်။ အားလုံးက စာမဖတ်ရတာကြာ ပြီဖြစ်တဲ့အတွက် တစ်ခါတစ်ရံမှာ မဂ္ဂဇင်းတစ်အုပ်တစ်လေကို အကျဉ်းဦးစီးဌာန၀န်ထမ်းနဲ့ ညှိပြီး တိုက်ထဲသွားပြီး ဖတ်ရကြောင်း ပွင့်ပွင့်လင်းလင်း ဖွင့်ပြောပါတယ်။ ဒီမိထား တဲ့ ဆရာဒဂုန်တာရာ ဆောင်းပါးဟာလည်း စာပေစိစစ်ရေးဌာနက ခွင့်ပြုပြီးဖြစ်လို့ မဂ္ဂဇင်း က ပုံနှိပ်ထုတ်ဝေတာ ဖြစ်ကြောင်း၊ ဒါဟာ နိုင်ငံတော်ကို (သို့မဟုတ်) အကျဉ်းထောင်ကို ပုန်ကုန်ဖို့ လှုံ့ဆော်ရေးသား ထားတာမဟုတ်ကြောင်း အကျေအလည်ရှင်းပြပါတယ်။ ဒါပေမဲ့ ထောင်မှူးကြီးက လက်မခံ ပါဘူး။
ဒီဆောင်းပါး ကို အကြောင်းပြုပြီး အကျဉ်းထောင်ထဲမှာ နိုင်ငံရေးအကျဉ်းသားတွေ စိတ်ဓာတ် ခွန်အားတွေ အားကောင်းသန်မာနေတာကို လုံးဝသဘောမကျဘူး။ ဒါကြောင့် အန်ကယ်ကြီး ဦးလှကြည်အပါအ၀င် ဒီ (၅)ယောက်ကို တိုက်မှာ ကျန်ခဲတဲ့အကျဉ်းသားတွေ စံပြဖြစ်အောင် သင်ခန်းစာပေးဖို့ ဆုံးဖြတ်လိုက်တယ်။ သူတို့ ၅ယောက် ကို နံနက် ရနာရီလောက်မှာ ၆တိုက်ရှေ့ က ရေတမာပင်တွေမှာ တစ်ယောက်ချင်း ကြိုးနဲ့တုပ်ပြီး ချည်းထားလိုက်တယ်။ မျက်နှာကိုလည်း ခေါင်းစွပ်စွပ်ထားတယ်။ ထောင်တန်းဖွင့်သံချောင်း ခေါက်ပြီး တိုက်အပြင် ထွက်ရတဲ့ သူတွေ အားလုံး ဦးလှကြည်တို့ အဖြစ်အပျက်ကို တွေ့မြင်နေကြရတယ်။ ဘာတွေဆက်ဖြစ်ဦးမလဲဆိုပြီး အားလုံးလည်း စိတ်မကောင်း ဖြစ်နေကြတယ်။ အခြေအနေက မကောင်းဘူး။ ဒီဖြစ်ရပ်ကို ထောင်မှူးကြီးက ထောင်ပိုင်ဆီသွားပြီး အစီရင်ခံနေပြီ။ သစ်ပင်မှာ ကြိုးချည်ခံထားရတဲ့သူတွေခမျာ လည်း အချိန်က တဖြေးဖြေး ကြာလာပြီ။ နံနက် ၁၀နာရီကျော်တဲ့အထိ သူတို့ကို ဘယ်လိုအရေးယူ မယ်ဆိုတဲ့ ဆုံးဖြတ်ချက် က မလာသေးဘူး။ မလာမချင်း သူတို့ကို ရေတမာပင်တွေမှာ ကြိုးချည် ထားတယ်။ ထောင်ဝင်စာ ထွက်တဲ့သူတွေက တွေ့မြင်နေရပေမယ့် သူတို့ အနားကပ်ခွင့် မရဘူး။ အနားမှာ ၀န်ထမ်း တယောက် စောင့်ကြပ်ထားတယ်။
နေ့လယ် ၁၁နာရီလောက်မှာတော့ ထောင်ပိုင်ဆီက အမိန့်ကျလာတယ်။ သူတို့ (၅)ယောက်လုံးကို ထောင်ဝင်စာ ၁လပိတ်လိုက် တယ်တဲ့။ အဲဒီတော့မှ ၀န်ထမ်းက သူတို့တွေကို ခေါင်းစွပ်ချွတ်ပေးပြီး ကြိုးဖြည်ပေးတယ်။ ပြီးတော့ ထောင်မှူးကြီးက အမျိုးမျိုးကြိမ်းမောင်းပြီး ၄ရှည်တိုက်ကို ပြန်ပို့လိုက် တယ်။ ဒီတော့မှ အားလုံး ရယ်နိုင် ပြုံးနိုင်ကြတော့ တယ်။ ဒီအဖြစ်ကြောင့် တစ်တိုက်လုံး သတိအနေ အထားနဲ့ ပြန်နေကြရဦးမယ်။ သူတို့ ၅ယောက် လုံး ၁လတိတိ ထောင်ဝင်စာအပိတ်ခံရပါဦးမယ်။ ဒါပေမဲ့ ကိစ္စ မရှိပါဘူး။ ကျန်တဲ့ အခန်းအားလုံးက စားစရာတွေ ကိုမျှဝေပြီး ဒီတစ်လလုံး သူတို့ကို ကျွေးမွေးထားမှာပါ။ တစ်တိုက်လုံးလည်း ဒီတစ်လတော့ စာဖတ်ကြ ရဦးမှာ မဟုတ်ပါဘူး။ သူတို့ အားလုံး ဖိနှိပ်ထားတဲ့ အခြေအနေ တစ်ရပ်မှာ ပျော့ပျော့ပျောင်းပျောင်း နေတတ်ပြီး ခွန်အားရှိတဲ့ လေးကိုင်းရဲ့သဘောသဘာဝကို ကောင်းကောင်း နားလည် သွားကြပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ ဆရာဒဂုန်တာရာရဲ့ ဆောင်းပါးကို ထောင်က ရှာဖွေရေးမှာ သိမ်းဆည်း သွားပြီး ဆိုပေမယ့် ၄တိုက် တစ်တိုက်လုံး လက်ဆင့်ကမ်းဖတ်ပြီးသွားတာကြောင့်ပါ။ ဆရာဒဂုန်တာရာ ကို ကျေးဇူးတင်ပါတယ်။ ဆရာ အသက်ရာကျော် ကျန်းမာပါစေ။
ထောင်နံရံကို လက်သီးနဲ့ ထိုးပြီးနောက်
အင်းစိန်ထောင်ထဲက တိုက်(၅)အကြောင်း ရေးလိုက်တဲ့အခါ သူငယ်ချင်းတွေက ဖုန်းတွေဆက်၊ E-mail တွေ ပို့ပြီး (၅)တိုက် ဇာတ်လမ်းတွေ အများကြီး ကျန်သေးတယ်ဆိုပြီး အကြောင်းကြားလာ ပါတယ်။ တကယ်တော့ လည်း အနာဂတ်အိပ်မက်တွေ ပျောက်ဆုံးခဲ့ရတဲ့ လူငယ်တစ်စုအတွက် တော့ ထောင်ဟာမေ့မရတဲ့ နာကျင်စရာကောင်း တဲ့ အရာတစ်ခုလည်း ဖြစ်ခဲ့ပါတယ်။ ဒီအဖြစ် အပျက်တွေထဲက ခါးသက်တဲ့ အိပ်မက်တစ်ခု အကြောင်း ပြောပြချင်ပါတယ်။
အရင်တစ်ပတ်က ကျွန်တော် ရေးခဲ့တဲ့ (၅)တိုက် လူစာရင်းထဲမှာ စက်မှု တက္ကသိုလ်ကျောင်းသား ဇော်မျိုးအောင် ဆိုတာ ပါပါတယ်။ ဒါပေမဲ့ တက္ကသိုလ်လောက မှာရော၊ နိုင်ငံရေးလောက မှာရော သူ့ကို ချီးပေအဖြစ် လူသိ များကြပါတယ်။ ဒီလိုအမည်တွင် သွားရတာ ကလည်း အကြောင်း ရှိပါ တယ်။ သူက စက်မှုတက္ကသိုလ်ဘောလုံးလက်ရွေးစင် တစ်ဦးလည်း ဖြစ်ပါတယ်။ တက္ကသိုလ် ပေါင်းစုံ ယှဉ်ပြိုင်တဲ့ပြိုင်ပွဲ မှာ ဘောလုံးကွင်းထဲက နောက်ချေးပုံကို နင်းမိသွားတဲ့နောက် ဘောလုံး ပရိသတ်တွေ က "ချီးပေ" "ချီးပေ" လို့ သံပြိုင် ဟစ်အော် အားပေးရင်း ဒီနာမည်တွင် သွားခြင်းပါပဲ။ သူက ဒိုးဒိုးအမည်နဲ့ စီးရီးတစ်ခွေလည်း ထုတ်ဖူးပါတယ်။ အနုပညာရော၊ အားကစားရော ၀ါသနာပါ တဲ့ ကိုဇော်မျိုးအောင်ဟာ နိုင်ငံရေးဆိုတဲ့ နယ်ပယ်တစ်ခုကို ထပ်မံတိုးချဲ့ရာကနေ ထောင်(၁၂)နှစ် ကျသွားပါတော့တယ်။
ထောင်ကျပြီးတော့ (၅)တိုက်ကို သူရောက်လာပါတယ်။ သူ့အိမ်က ရေနံချောင်းမှာဆိုတော့ ထောင်ဝင်စာ လာတွေ့ရတာ ဝေးလွန်းပါတယ်။ ဒါပေမဲ့ အင်ဂျင်နီယာ မဖြစ်သေးဘဲ ထောင်ထဲ ရောက်သွားတဲ့ သားလေးကို သူ့မိဘတွေ က တော်တော်ချစ်ပြီး တော်တော် ဂရုစိုက်ကြပါတယ်။ ထောင်ထဲကနေ ပူဆာသမျှ အကုန် လုပ်ပေးတယ်။ သူကလည်း ထောင်ထဲက ပြဿနာမှန်သမျှ ၀င်ပါတယ်။ ဒိုင်ခံ ရန် ဖြစ်တယ်။ ထောင်ပိုင်တွေ၊ ထောင်မှူးတွေနဲ့ ထိပ်တိုက်ရင်ဆိုင်တယ်။ ဒီတော့ ထောင်အုပ်ချုပ်ရေးအပိုင်းက သူ့ကို Black List သွင်းထားတယ်။ သူကဘာကိုမှ သိပ်ဂရုမစိုက်ဘူး။ ထောင်ထဲမှာ ဟင်းခိုး ချက်တယ်။ ဘောလုံးကန် တယ်။ စာခိုး ဖတ်တယ်။ (၅)တိုက်က ကျောင်းသား တွေအားလုံးကို တိုက်ထောင်မှူးကြီး က လုံးဝမကြည်ဘူး။ ပြဿနာကောင်တွေလို့ပဲ မြင်ထားတယ်။ ဒါကြောင့် စည်းကမ်းတွေကို တစ်မျိုးပြိး တစ်မျိုး ထုတ်တယ်။ ပျော်ပျော်ရွှင်ရွှင်နေလို့ မရဘူး။
အစစ အရာရာ လိုက်ကြပ်နေတယ်။ ကြာလာတော့ (၅)တိုက်တစ်တိုက်လုံး စိတ်ညစ်လာရာ။ ထောင်မှူး ကြီးကလည်း တစ်ခြားတိုက်တွေဆို ဒီလောက် မဟုတ်ဘူး။ (၅)တိုက်တစ်ခုတည်းကိုပဲ ရည်ရွယ် ချက်ရှိရှိ လိုက်ကြပ်နေ တာ။ တစ်နေ့မှာ (၅)တိုက်ကို လိုက်စစ်ဆေးတယ်။ ထုံးစံအတိုင်း ကိုဇော်မျိုးအောင် အခန်းက ပစ္စည်းတွေများတော့ ရှုပ်ပွနေတာပေါ့။ ဒါတွေကို မသိမ်းရကောင်းလား ဆိုပြီး ဆဲဆိုကြိမ်းမောင်းတယ်။ အခန်း ထဲက အ၀တ်လှန်းကြိုးတွေကအစ တရားမ၀င်တာတွေ အားလုံး သိမ်းခိုင်းတယ်။ ဒါမျိုးက သက်သက်ရစ်တာ မှန်း သိပ်သိသာ ပါတယ်။ ဒီမှာ ကိုဇော်မျိုးအောင်နဲ့ တွေ့ပါလေရော။
ထောင်မှူးကြီး နဲ့ အပြန်အလှန် စကားတွေများရင်း ကိုဇော်မျိုးအောင်က စိတ်အားတိုပြီး နံရံကို လက်သီးနဲ့ ထိုး လိုက်တယ်။ "ဒုံး" ခနဲ မြည်သွားပြီး ကိုချီးပေလက်ချောင်းတွေ ကျိုးသွားတယ်။ ထောင်မှူးကြီး မျက်နှာကွက်ခနဲ ပျက်သွားတယ်။ ဒါပေမဲ့ မသိချင်ယောင်ဆောင်ပြီး ဆူစရာရှိတာ ကို ဆက်ဆူနေတယ်။ ပြီးတော့မှ ဒဏ်ရာကို မသိကျိုးကြင်ပြုကာ ထွက်သွားတော့တယ်။ တိုက်မှာ ရှိတဲ့ လူတွေအားလုံး ချီးပေလက်ကို လာကြည့်ကြတယ်။ လက်ကျိုးသွား တာ သေချာနေပြီ။ လက်ကြီးက ချက်ချင်းယောင်ကိုင်းလာပါတယ်။ အထိမခံနိုင်တော့ဘူး။ ဒီတော့ ချက်ချင်း သတင်း ပို့ တယ်။ Action မလာဘူး။ ဘာကုသမှုမှ မလာဘူး။ ဘယ်လာမလဲ။ Report က တိုက် ထောင်မှူးကြီးဆီကပဲ သွားရတဲ့ကိစ္စ။ သူမလုပ်ရင် ထောင်ဆေးရုံတွေ၊ ထောင်ပိုင်တွေ ဘယ်သူမှ မသိနိုင်ဘူး။ အခြေအနေအားလုံးကို ရိပ်စားမိတဲ့အခါ (၅)တိုက်ကသူအားလုံး ကိုဇော်မျိုးအောင် လက်ကို ကိုယ့်ဟာကိုယ် ကုသ ဖို့ စီစဉ်ကြရတယ်။ လက်ကိုဆေးတွေ လိမ်းပေးတယ်။ ပြီးတော့ ကျပ်စီးထားလိုက်တယ်။ လက်ကတစ်ညလုံး ကိုက်နေတော့ သူလည်း အော်နေရတာပေါ့။
နောက်တစ်နေ့မှာ ဆေးခန်းပြတယ်။ ကံဆိုးချင်တော့ ထောင်ဆေးရုံအုပ်ကြီးက မရှိဘူး။ ကျိုးနေတဲ့ လက်ကို ထောင်ကချက်ချင်း ကုသမှုမပေးနိုင်ဘူး။ ဒါကြောင့် ဒီအတိုင်းပြန်လာခဲ့ရတယ်။ ဒီမှာ တစ်တိုက်လုံးက ပေါက်ကွဲပြီ။ ဒါတမင်ညစ်တာလို့ ထင်လာပြီ။ ကိုဇော်မျိုးအောင်ကလည်း ဒီလိုပွဲ မျိုး စောင့်နေ တာ။ ဘယ်ငြိမ်မခံမလဲ။ တိုကပိတ်ချိန်မှာ အခန်းထဲမ၀င်ဘဲ ဆန္ဒပြတယ်။ ဒီတော့မှ ပြဿနာ က ထောင်ပိုင်ကြီးဆီ ရောက်သွားတယ်။ ညမမှောင်ခင် ထောင်ဆရာဝန်ချက်ချင်း ရောက် လာပါတယ်။ လက်ကို ဓာတ်မှန်ရိုက်၊ ကျပ်စည်းပေးတယ်။ ဒါပေမဲ့လက် ပြန်မတည့်တော့ဘူး။ စောင်းသွားပြီ။ ဒီအတွက် (၅)တိုက် နဲ့ ထောင်အုပ်ချုပ်ရေးပိုင်းနဲ့ကြားမှာ အခုအခံတွေ ရှိသွားတယ်။ ဆက်ဆံရေး က အေးစက် တင်းမာသွားတယ်။ ထောင်ကလည်း ကိုဇော်မျိုးအောင်ကို စောင့်ကြည့် နေတယ်။ အဓိက ရည်ရွယ်ချက်ကတော့ (၅)တိုက် က လူတွေကို လူစုခွဲပစ်ဖို့ပါပဲ။ ဒါပေမဲ့ ပြဿနာ မဖြစ်ဘဲ ရွှေ့မယ် ပြောင်းမယ်ဆိုရင် သိပ်အရုပ်ဆိုး သွားမယ်။ ဒီတော့ အကွက်ချောင်းနေတယ်။ ချီးပေကလည်း ချီးပေပဲ။ သူ့ဘက်က Counter လုပ်နိုင် ဖို့ စောင့်နေတယ်။
ဖြစ်ချင်တော့ တိုက်ထဲမှာ ပထမဆုံး Black List ဖြစ်နေတဲ့ စိုးသိန်း ခေါ် စစ်ကိုနိုင်ကို စရွှေ့သွား တယ်။ ဒါကို ကျန်တဲ့သူ အားလုံးက မကျေနပ်ဘူး။ အပြစ်မရှိဘဲ ရွှေ့တယ်ဆိုပြီး ဆန္ဒပြဖို့ စီစဉ် တယ်။ ဒီကိစ္စကို ထောင်ပိုင်က ကြားတော့ စိတ်ပူသွားတယ်။ စစ်ကိုနိုင်ကို တိုက်ထဲပြန်ခေါ်ပြီး သူကိုယ်တိုင် ပြောင်းချင်လို့ ပြောင်းတာပါဆိုပြီး ရှင်းပြခိုင်းတယ်။ ဒီတော့မှ ဆန္ဒပြမဲ့ အစီအစဉ် ရပ်သွားတယ်။ ပြဿနာကို မီးမွှေးတဲ့ သူတွေထဲမှာ ချီးပေပါတယ်ဆိုပြီး ထောင်က မကျေနပ်ဘူး။ သေသေချာချာ စောင့်ကြည့်နေတယ်။ ကိုဇော်မျိုးအောင်ကလည်း ကြိုက်တာလုပ်ဆိုပြီး ဂရုမစိုက် ဘူး။ တစ်ရက်မှာ ဦးဒါဝတ်ဂျင်းဂါးလား အခန်းသွားပြီး မီးခြစ်သွားယူတဲ့ဟာကို မိသွားတယ်။ ဒါကြောင့်သူ့ကို ချက်ချင်း အဆောင်ပြောင်း ပစ်လိုက်တယ်။ ဒီတစ်ခါတော့ သူတို့ ခွင်ထဲ ၀င်သွားတဲ့ အတွက် ဘာမှပြန်ပြောလို့ မရတော့ဘူး။
အဆောင်ရောက်တော့ သူ့လက်က ကောင်းကောင်းမပျောက်သေးဘူး။။ အဆောင်ဆိုတာက လူထောင်ချီပြီးနေကြတာ ဆိုတော့ အများစုအတွက် ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို လိုက်နာရ တယ်။ တိုက်ထဲမှာ လို စိတ်ကြိုက်နေလို့ မရဘူး။ ထောင်အ၀တ်အစား၊ ထောင်ပုံစံကိုပဲ ၀တ်ရတယ်။ ပုံစံပန်းကန်နဲ့ ထမင်းစားရတယ်။ ပုံစံပန်းကန်နဲ့ ရေချိုးရတယ်။ ဒီမှာ ကိုချီးပေ ပြဿနာစရှာပြီ။ သူက အဆောင်ထောင်မှူးကို သူ့လက်က ဒဏ်ရာမပျောက်သေးတဲ့အတွက် ရေချိုးရင် ပုံစံပန်းကန် ပြားနဲ့ ချိုးမရဘူးဆိုတာ တင်ပြတယ်။ ထောင်မှူးကလည်း ကိုဇော်မျိုးအောင် တစ်ယောက်တည်း အတွက် ခွင့်မပြုနိုင် ဘူး ဖြစ်နေတယ်။ ရေချိုးတဲ့ သူတွေအားလုံး တစ်ယောက်တစ်ပေါက် ခွက်တွေ ယူလာပြီး ချိုးရင် ခတ်ကုန် မယ် တဲ့။ ခွက်သေးတဲ့သူက ခွက်ကြီးတဲ့သူကို ပြဿနာရှာမယ်။ ရေများများ ချိုးချင်တဲ့သူတွေကလည်း ခွက်ကြီးကြီးနဲ့ ချိုးမယ်။
ဒီမှာ ပြဿနာက အဖြေမထွက်ဘူး။ အချေအတင် ဆွေးနွေးကြရတယ်။ နောက်ဆုံး ကိုဇော်မျိုးအောင် ကို ထောင်မှူးက ပလတ်စတစ် ခွက်နဲ့ ချိုးချင်ရင် လူတွေအားလုံးအတွက် ပေးမှရမယ်လို့ဆိုတယ်။ အဆောင် ကတော့ ရေချိုးတဲ့ ခွက်အတွက် ၀ယ်ဖို့ ပိုက်ဆံမရှိဘူး။ ဒီအခြေအနေ၊ ဒီအခွင့်အရေးကို ကိုဇော်မျိုးအောင်က အမိအရ ဖမ်းယူလိုက်တယ်။ တစ်ဆောင်လုံးအတွက် ရေခွက်တွေ သူမှာပေးမယ်လို့ အာမခံ လိုက်တယ်။ ရေနံချောင်းက မိခင်လာတော့ ရေချိုးခွက်တွေမှာ လိုက်တယ်။ ထောင်မှူးလည်း သူ့စကားနဲ့သူမို့ မတတ်သာ ဘဲ သွင်းခွင့်ပေးလိုက်ရတယ်။
အဲဒီနောက် အဆောင်မှာ ထောင်သားတွေ ပုစံပန်းကန်ပြားနဲ့ ရေချိုးရတဲ့စနစ် ပျောက်သွားတယ်။ ကိုဇော်မျိုးအောင် ကိုလည်း အဆောင်သားတွေက ကျေးဇူးတင်သွားတယ်။ စည်းရုံးရေးအရလည်း ၅(ည)တွေက ရိုးရိုးအကျဉ်းသားတွေအပေါ် အောင်မြင်သွားတယ်။
အဆောင်မှာ နေရထိုင်ရတာ တွေလည်း အရင်ကထက် ချောင်ချိသွားတယ်။ အကျဉ်းထောင်နဲ့ အကျဉ်းသားတွေ ကတော့ အမြဲအားစမ်းပြီး ကစားကွက် ရွှေ့နေကြရတာပါပဲ။ ဒီသဘောထားတွေ ကို ထောင်ထဲ မှာ နှစ်ကြာကြာ နေရတဲ့ ကျောင်းသားတွေက သိပ်ပိုင်တယ်။ ကိုဇော်မျိုးအောင်ကလည်း ဒီလူတွေထဲက တစ်ယောက် အပါအ၀င်ပါပဲ။
သူ့လက် ကတော့ အကောင်းအတိုင်း ပြန်မဖြစ်ခဲ့တော့ပါဘူး။ သူ့လက်ချောင်းတွေက ဒီနေ့အချိန် ထိ စောင်းနေ တယ်။ ထောင်နံရံကို လက်သီးနဲ့ထိုးမိတဲ့ အကျိုးပါပဲ။ ဒါပေမဲ့ သူက သူ့လက်ကိစ္စကို ၀မ်းမနည်းဘူး။ သူ့လက်ကျိုးသွား လို့ ရေချိုးတဲ့ အကျဉ်းသားအားလုံး ပုံစံဒန်ပန်းကန်ပြားနဲ့ မချိုးရ တော့ဘဲ ပလတ်စတစ်ရေခွက် နဲ့ ချိုးရတဲ့ အခွင့်အရေး ရသွားတယ်ဆိုပြီး ဂုဏ်ယူနေတယ်။ တကယ်လည်း ကျွန်တော်တို့အားလုံး ထောင်ထဲက လွတ်မြောက်တဲ့ အထိ ပလတ်စတစ်ခွက်နဲ့ တောက်လျှောက် ရေချိုးခဲ့ရတယ်။ ဒါပေမဲ့ ကိုဇော်မျိုးအောင်ကြောင့် ရခဲ့တဲ့အခွင့်အရေး ဆိုတာကို တော့ နိုင်ငံရေးအကျဉ်းသားတိုင်း သိပ်မသိကြတော့ပါဘူး။ အပြင်မှာ သူ့လက်ချောင်းတွေ ကို မြင်ရတိုင်း ထောင်ထဲက သူ့ရဲ့အဖြစ်အပျက်ကို ကျွန်တော် ကတော့ ပြန် သတိရတတ် ပါတယ်။
သတင်းစာဆရာမောင်ဝံသ ခုံဖွဲ့ အစစ်ခံရခြင်း
၁၉၉၀ နှစ်ကာလများ တစ်ဝိုက်ထောင်တွင်း နေထိုင်ရတဲ့ ၅(ည)တွေရဲ့ ဘ၀ဟာ စစ်ဖိနပ်အောက် မှာ ပြားပြားဝပ် နေထိုင်ခဲ့ကြရပါတယ်။ ထောင်ထဲမှာ နိုင်ငံရေးစကား လုံးဝ မပြောရဘူး။ ၅(ည) အချင်းချင်း လည်း မစုဝေးရဘူး။ နိုင်ငံရေး အထိမ်းအမှတ်ပွဲလမ်းတွေ မလုပ်ရဘူး။ စာရွက်စာတမ်း ဘောပင် လုံးဝ မကိုင်ရဘူး။ သတင်းစာ၊ မဂ္ဂဇင်း၊ ၀တ္ထု၊ ဘာသာရေးစာအုပ် ဘာတစ်ခုမှ မဖတ်ရ ဘူး။ လက်တစ်ဝါးလောက်ရှိတဲ့ စက္ကူလေးကိုတောင် ကိုယ့်အိပ်ယာမှာ မထားရဘူး။ ဒီတော့ ကျောင်းသားတွေက တစ်ခန်းနဲ့ တစ်ခန်းဆက်သွယ်ဖို့ နည်းလမ်းသစ်တစ်ခု စီစဉ်လိုက်တယ်။ အဲဒီ နည်းသစ်ကတော့ ဘီစကစ်မုန့်ထုပ်တဲ့ ပလတ်စတစ်ကို ထောင်နံရံမှာ ကပ်ပြီး အပေါ်ကနေ သံချောင်း ဒါမှမဟုတ် တုတ်ချောင်းနဲ့ ရေးတယ်။ ပြီးတော့ သရေကွင်းနဲ့ စီးပြီး တစ်ခန်းနဲ့တစ်ခန်း ပစ်ပေးပြီး ဆက်သွယ်ကြတယ်။ အဲဒီအချိန်က တိုက်ထဲမှာ NLD အမတ်တွေနဲ့ ကျောင်းသားတွေ အပြည့် ရှိပါတယ်။ ဒီတော့ထောင်က ပိုပြီး ကြပ်မတ်ထားတာပေါ့။
အကျဉ်းထောင်ဗူးဝထဲ မှာ ထောင်ထဲတွင် သတိထားရမည့် နေ့ရက်များ ဆိုပြီး အတိအလင်း စာကပ် ထားတယ်။ အဲဒီနေ့ရက်တွေ ထဲမှာ မတ်လ(၁၃)ဖုန်းမော်နေ့၊ မေလ(၂၇)ရက် ရွေးကောက်ပွဲနေ့၊ ဇွန်လ(၆)ရက် မြေနီကုန်းအရေးအခင်း၊ ဆဲဗင်းဇူလိုင်ကျောင်းသားသမဂ္ဂအဆောက်အဦ ဗုံးခွဲခံရ တဲ့နေ့၊ သြဂုတ်(၈)ရက် ရှစ်လေးလုံး နှစ်ပတ်လည် စက်တင်ဘာ ၁၈ တပ်မတော် အာဏာသိမ်းတဲ့ နေ့ စသည်ဖြင့် အများကြီး ပါပဲ။ အဲဒီလို နေ့ရက်တွေမှာ ထောင်ပိုင်ကြီးက အကျဉ်းဦးစီးဝန်ထမ်း အားလုံးကို စုစည်းစေပြီး လုံခြုံရေး အစီအမံတွေကို မြွက်ကြားတယ်။ ထောင်ထဲလုံခြုံရေးအင်အား ကို ၂ဆ တိုးပြီး ချထားတယ်။ အဲဒီလိုနေ့တွေ မှာ တိုက်ခန်းထဲမှာရှိတဲ့ တိုက်တွေအားလုံးပြိုင်တူ မဖွင့်တော့ဘဲ လေးခန်းတစ်တွဲ၊ သုံးခန်းတစ်တွဲ ပဲ ချပေးတော့တယ်။ အခန်းဖွင့်ပေးတဲ့ အချိန်ကို လျှော့ချလိုက်ပြီး ပေးတဲ့အချိန်အတွင်း ရေချိုး၊ အ၀တ်လျှော်၊ လမ်းလျှောက်စတာတွေ လုပ်ပေ တော့။
ပြီးတော့ တိုက်ထဲမှာ ထမင်းပို့တာ၊ မိလ္လာချတာတွေအတွက် လုပ်ကိုင်ဖို့ "အမြဲဆင်း" ဆိုပြီး စစ်တပ်က ထွက်ပြေးလာ တဲ့ လူငယ်လေးတွေကို အလုပ်ချပေးတယ်။ သူတို့က တရားဝင်ခိုင်းတဲ့ အလုပ်တင် လုပ်ရတာ မဟုတ်ပါဘူး။ လွှတ်တော်ကိုယ်စားလှယ်တွေ၊ ကျောင်းသားတွေ ဘာလှုပ်ရှားမှုလုပ်သလဲ။ ဘာတွေ ပြောဆိုဆွေးနွေးတိုင်ပင်ကြသလဲဆိုတာပါ စုံစမ်းပြီး ထောင်မှူးကြီးတို့၊ ထောင်မှူးတို့ကို အစီရင်ခံ ရပါတယ်။ သူတို့တွေကို နိုင်ငံရေးအကျဉ်းသားတွေက "Informer" လို့ ခေါ်ကြတယ်။ မြန်မာလိုတော့ "သတင်းပေး" ပေါ့။ အချင်းချင်း ပြောဆို ဆွေးနွေး နေတဲ့ အချိန်သတင်းပေးတစ်ယောက်ယောက်က မလည်မ၀ယ် နဲ့ ရောက်လာရင် စကား လမ်းကြောင်းလွှဲပစ်ရတယ်။ တစ်ခါတလေ ပေါက်တတ်ကရတွေ ပြောပစ်လိုက်တယ်။ အမြဲဆင်းလဲ ခိုး နားထောင်ပြီး ပေါက်ကရ သတင်းတွေကို ဘယ်သွားမိရင် ထောင်မှူးရဲ့ နရင်းအုပ်တာခံရတယ်။
အမြဲဆင်းကလည်း သင်ခန်းစာပြန်ပေးတာတွေ ရှိတယ်။ သူသိပ်ကြည့်မရတဲ့ ၅(ည)ဆိုရင် မဟုတ်က ဟုတ်ကသတင်းတွေ အာဏာပိုင်သွားပေးပြီး "ချွန်" လေ့ ရှိတယ်။ အဲဒီအခါ သူ "အချွန်" ခံရတဲ့ ၅(ည)တော့ နာပြီသာ မှတ်ပေတော့။ ထောင်အာဏာပိုငတွေက ထောင်တည်ငြိမ်ရေး အတွက် ထိခိုက်တယ်လို့ ထင်မြင် ယူဆရင် ချက်ချင်း အရေးယူတယ်။ ညဘက်တိုက် အခန်းတံခါး ဖွင့်ပြီး လူတွေကို ခေါင်းစွပ်ပြီး စစ်ခွေးတိုက်ပို့တာတွေလည်း ရှိတယ်။ တိုက်ပြောင်းလိုက်တာတွေ လည်း ရှိတယ်။ နယ်ထောင်တွေ ပို့လိုက်တာတွေလည်း ရှိတယ်။ တစ်ခါတရံ ထောင်ကခေါ်သွားတဲ့ သူ ဘယ်ရောက်နေမှန်းလေး ငါးရက်ကြာတဲ့အထိ ဘယ်သူမှ မသိကြဘူး။ အကျဉ်းသား တစ်ယောက်ရဲ့ ဘ၀ကတော့ ထောင်ရဲ့လက်ထဲမှာ ၁၀၀ ရာခိုင်နှုန်း ရှိပါတယ်။ ဒါကြောင့် ကျွန်တော်တို့အားလုံးဟာ ဘာပဲလုပ်လုပ် အမြဲသတိထားရတယ်။ Timeတို့၊ News Week တို့ ဖတ်ချင်ရင်အိမ်က ငပိကြော်၊ ဘာလချောင်ကြော် ထုတ်လာတဲ့အခါ မပြဲအောင် အသာလှယ်ပြီး ဆပ်ပြာနဲ့တိုက်၊ နေပူလှမ်းပြီး အချင်းချင်း ဝေငှဖတ်လေ့ ရှိကြတယ်။ ဒါလည်းမိသွားရင် မချောင် ဘူး။
စစ်ခွေးတိုက်လား၊ အဆောင်ပြောင်းလားတစ်ခုခုပဲ။ ညဘက်တစ်ခန်းခန်းကနေ တံခါးသော့ ခလောက်ဖွင့်တဲ့ အသံကြား ရင် ရင်တွေ တဒုန်းဒုန်းခုန်နေရပြီ။ ညဘက် ဘာလုပ်ကြတာလဲ ဆိုပြီး အားလုံးချောက်ခြား ရတယ်။ သွေးပျက်ကုန်တယ်။ ကိုယ့်အနာဂတ် ကိုယ်မပိုင်တဲ့ ၅(ည) အကျဉ်းသားဘ၀လို့ ပြောရင်ရပါတယ်။
တစ်ခါက အဖြစ်အပျက်တစ်ခုကိုလည်း ပြောပြချင်ပါသေးတယ်။ ၁၉၉၀ ရွေးကောက်ပွဲမှာ ပြည်သူ လူထု ရွေးချယ်ခြင်းခံရတဲ့ NLD အမတ်တော် များများဟာ နိုင်ငံရေးအခြေအနေ တင်းမာလာတာနဲ့ အမျှ ထောင်ထဲ ကို တစ်ဖွဲဖွဲ ရောက်လာကြပါတယ်။

ဒီအမတ်တွေထဲမှာ စာရေးဆရာတွေ၊ ဆရာဝန် တွေ၊ ရှေ့နေတွေ၊ နာမည်ကျော်ကြားတဲ့သူတွေ အများကြီး ပါပါတယ်။ ထောင်ထဲကို ရောက်လာတဲ့ စာရေးဆရာတွေလည်း အများကြီးပါပဲ။ ဆရာဟံသာဝတီ ဦးဝင်းတင်၊ ဆရာမောင်သော်က၊ ဆရာမောင်မိုးသူ၊ ဆရာမင်းသိင်္ခ၊ မောင်လင်းယုန်(ရှမ်းပြည်)၊ ဆရာမင်းလူ၊ စံဇာဏီဘို၊ ဆရာမျိုးမြင့်ညိမ်း၊ မသီတာ(စမ်းချောင်း)တို့သာမက အမတ်တွေထဲမှာလည်း ဆရာမောင်ဝံသ၊ ဦးအုန်းကြိုင်၊ ဗိသုကာကျော်မင်း၊ ဒေါ်ရွှေကူမေနှင်းတို့လည်း ရှိနေကြပါတယ်။ သူတို့တွေကိုလည်း ထောင်က သနားညှာတာ မပေးပါဘူး။ တကယ့်ကို တင်းတင်းကျပ်ကျပ် အုပ်ချုပ်တာပါ။ အစား အသောက်တွေကလည်း ဆင်းရဲပါတယ်။ ဒါကြောင့် ရောဂါပေါင်းစုံ လည်း ဖြစ်ကြပါတယ်။ သွေးတိုး၊ နှလုံး၊ ဆီးချို၊ ၀မ်းကိုက်ရောဂါတွေ က ထောင်ထဲမှာ ဖြစ်လေ့ ရှိတဲ့ ရောဂါတွေပါပဲ။
ဆရာမောင်သော်ကတို့၊ ဆရာခင်မောင်မြင့်တို့၊ ဆရာဦးစိန်ဝင်း(ခရမ်း)တို့၊ ဦးတင်မောင်ဝင်းတို့၊ ဦးညိုဝင်း တို့ကတော့ ဒီရောဂါတွေနဲ့ပဲ ထောင်ထဲမှာ ဆုံးပါးသွးရရှာတာပါ။ ကျန်တဲ့သူတွေလည်း အထဲမှာ ရောဂါတွေ ရကြပါတယ်။ ဆရာမောင်ဝံသအဖြစ်ကိုလည်း ကျွန်တော် မှတ်မိနေပါတယ်။ ဆရာမောင်ဝံသက တခြားသူတွေ လို မဟုတ်ဘဲ မျက်စိဖြစ်တာပါ။ မျက်စိဆရာဝန်ကလည်း တောထဲမှာ မူးလို့ရှူစရာ မရှိပါဘူး။ အထွေထွေရောဂါကု ဆရာဝန်ကိုပဲ အားကိုးနေကြရပါတယ်။ ဆရာမောင်ဝံသလည်း မျက်စိရောဂါဖြစ်တော့ ဆေးခန်းပြရပါတယ်။ ဆေးခန်းက မျက်လုံးကို သေချာ စစ်ဆေးပြီး မျက်စဉ်း ခပ်ရမယ့် ဆေးတစ်မျိုးကို ဆေးစာရေးပေးလိုက်ပါတယ်။ ထောင်မှာ တော့ အဲဒီလောက် ဆေးပေါပေါများများ မရှိပါဘူး။ ဆေးစာကို ထောင်ဝင်စာနဲ့ ထုတ်ပေးပြီး အများစုက အိမ်ကိုမှာကြရတာပါ။ ဆရာမောင်ဝံသလည်း အိမ်ကို မျက်စဉ်းဆေးမှာရတာပေါ့။ နောက်တစ်ပတ်ထောင်ဝင်စာမှာ ဆေးဘူး ရောက်လာပါတယ်။ ဒီဆေးတွေက သက်ဆိုင်သူ အကျဉ်းသားဆီ တိုက်ရိုက်ပေးလေ့ မရှိပါ ဘူး။ ဆေးရုံ ကိုပဲ ပေးလိုက်တာပါ။ ဆေးရုံက စစ်ဆေး ကြည့်ပြီးမှ သက်ဆိုင်တဲ့လူနာကို ပေးပါတယ်။
ဆရာမောင်ဝံသဆေးကိုလည်း စစ်ဆေးပြီးတဲ့နောက် ပြန်ပေးလိုက်ပါတယ်။ ဆရာဝန်ကလည်း မောင်ဝံသကို နာမည်ကျော် သတင်းစာဆရာမှန်းသိလို့ ဆေးဗူးထဲက ဆေးအညွှန်းအတိုင်း သောက်ပါဆိုပြီး အညွှန်းစာရွက် ကို ပေးလိုက်ပါတယ်။ ဆရာကလည်း ဆေးစာထဲကအတိုင်း ဖတ်ကြည့်ပြီး သူ့မျက်လုံးကို ခတ်ရပါတယ်။ တစ်နေ့တော့ မထင်မှတ် ဘဲ ဆရာမောင်ဝံသတို့ တိုက်ကို "တလာစီ" ပါတယ်။ ထောင်အခေါ် တလာစီတယ်ဆိုတာ ရှာဖွေရေးဝင်တာကို ခေါ်တာပါ။ ရှာဖွေရေးလုပ်တော့ ဘာမှ ရှာမတွေ့ ပါဘူး။ ပြောစရာ ဆိုလို့ ဆရာမောင်ဝံသခေါင်းအုံးအောက်က မျက်စဉ်းဆေးအညွှန်း စာရွက်ကို တွေ့သွားပါတယ်။ ဒါဟာ အင်္ဂလိပ်လို ရေးထားတဲ့အတွက် မသင်္ကာစရာ စာရွက်ဆိုပြီး ထောင်မှူးက ယူသွားပါတယ်။ မောင်ဝံသက သေချာ ရှင်းပြပေးမယ့် မရပါဘူး။ ပြဿနာက နေရင်းထိုင်ရင်း ကြီးသွားပါပြီ။ ဒီဆေးစာရွက် က ထောင်ရဲ့ရာထူးအဆင့်ဆင့် ဆီ ဖြတ်သန်းဝင်ရောက်သွားတယ်။ အားလုံးကလည်း အနက် မဖော်နိုင်ကြဘူးထင်ပါရဲ့။ အဲဒီအချိန် နိုင်ငံရေးမိုးလေ၀သကလည်း မဲမှောင်နေတာကိုး။
နောက်ဆုံး ဒီစာရွက် အကြောင်းပြုပြီး မောင်ဝံသကို ခုံဖွဲ့စစ်ဆေးဖို့ ဆုံးဖတ်ြလိုက်ကြတယ်။ ခုံအဖွဲ့ ကတော့ ထောင်ပိုင်ကြီးတွေ၊ ထောင်ပိုင်တွေပါလာကြတယ်။ မောင်ဝံသကိုခေါ်ပြီး ဒီစာရွက် ရရှိပုံ အသေးစိတ် ကို မေးမြန်း တယ်။ ဆရာမောင်ဝံသကလည်း အမှန်အတိုင်း ရှင်းပြတယ်။ နောက်ဆုံး စစ်ဆေးတွေ့ရှိချက် ကို ရေးပြီး အထက်ကို အစီရင်ခံစာ တင်ရပါတယ်။ ဒီစာက အင်းစိန်ထောင် ကနေ ရန်ကုန်ထောင်အုပ်စု ညွှန်ကြားရေးမှူးရုံး၊ အဲဒီကမှတစ်ဆင့် အကျဉ်းဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးရုံး၊ အဲဒီက တစ်ဆင့် ညွှန်ကြားရေးမှူးချုပ်ရုံး အထိ ရောက်မယ် ထင်ပါတယ်။ ပြည်ထဲရေးဝန်ကြီးကတော့ အလုပ်သိပ် များ လို့ ရောက်မရောက် မသေချာဘူးပေါ့ခင်ဗျာ။
ဘယ်လိုပဲဖြစ်ဖြစ် ဆရာမောင်ဝံသတစ်ယောက်ကတော့ မျက်စဉ်းဆေးညွှန်းကို သိမ်းထားမိလို့ ခုံဖွဲ့ အစစ်ခံရတဲ့ အဖြစ်အပျက်ကတော့ မှတ်မှတ်ရရပါပဲ။ အကယ်၍များ တလာစီတဲ့အချိန်မှာ သတင်းစာဖြတ်ပိုင်းတစ်ခု ဒါမှမဟုတ် အိမ်သူရေးတဲ့စာတစ်စောင် လောက်မိသွားလို့ကတော့ ကိုယ့်ဘ၀ကိုယ်တောင် ရဲရဲမတွေးရဲတဲ့ အခြေအနေတစ်ရပ် ကို ကျွန်တော်တို့ ရင်ဆိုင် ဖြတ်သန်း ခဲ့ကြရပါတယ်။
ဆက်ရန်
.

No comments:
Post a Comment