Sunday, November 25, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၁၆)

တစ်ကိုယ်ရေတည်းနော် ငြီးငွေ့သလိုလို ...

(၁)
အားလုံး မှိုင်းမှုန်နေ။ ပတ်ကုံးဝန်းကျင်တစ်ခွင်လုံး။ မှိုင်းအုံ့ပျပျ။ ရီလျက် မလင်း။ မြဟန်ရောင်ချိပ်။ မှိုင်းတည့် ရိပ်။ နေခြည်က မထွန်း။ မိုးတိမ်တောင်တွေ တလိပ်လိပ်တက်လာ။ ထူထဲမှိုင်းပျစ်။ အပြာရောင် ခဲရောင် နီညိုရောင် တိမ်စိုင်ခဲတွေ။ မှိုင်းမှုန်ပြာဝေ တိမ်မည်းညိုလိပ်တွေ။ ၀န်းကျင်အလံး မှိုင်းမိနေသလို။ မိုးအောက် မြေပြင် တစ်ခွင် အရာဝတ္ထုအားလုံး အမှောင်ထုအောက်မှာ ပိပြားပါးလှပ်။
ထိုအခိုက် ငွေရည်စီးကြောင်း သွယ်သွယ်ပြောင်းက အမှောင်ထုသိပ်သိပ်ထဲ ထိုးဖောက်ဖြတ်ဆင်းသွား။ အံ့ဖွယ်ထွေလာ။ လေက တရှူးရှူး တရှဲရှဲ။ မိုးက ခြိမ့်ခြိမ့်သံပေး ရင့်ရှုကြွေး။
သို့စဉ်ကြိုက် အဖြူရောင်လွလွ နူးညံ့စူးရဲ ပန်းတစ်ပွင့်ကို မြင်လိုက်ရ။ လှပပြေပြစ်တဲ့အရာဟာ တစ်သက် တာပျော်စရာ။ စဉ်းစားလိုက်တိုင်း ပီတိလှိုင်းတွေ တဝှေ့ဝှေ့ တိုးတိုက်မြဲ။ ရင်ထဲ တုန်တုန်ခတ်ခတ် ဖြတ် သန်းသွားမြဲ။
ဒီ အဖြူရောင်ပန်းတစ်ပွင့်ဟာ ဘာပန်းပါလိမ့်။ လာခြင်းကောင်းလေသလား။ ဘ၀ပုံရိပ် ပန်းပုံရိပ်။

(၂)
ဆရာဇော်ဇော်အောင် ဖွင့်ဆိုခံစားပြသည့် နတ်ရှင်နောင်၏ “ဆွတ်ပျံ့ဖွယ်အောင်” ဖတ်ရသည်။ ယခင်က သည်ရတု ကို ကျွန်တော် ဖတ်ဖူးသော်လည်း ပြည့်ပြည့်၀၀ နားမလည်ခဲ့။ သို့သော် ရတုဘုရင်၏ စကားလုံး ယဉ်နွဲ့မူ့ က ကျွန်တော့်ကို ညှို့ငယ်ဖမ်းစားနေလေသည်။ ဆရာဇော့်စာ ဖတ်ရတော့မှ ရတုကို ပြည့်ပြည့်၀၀ နားလည် သွားသည် (ထင်ရသည်။) အရင်ကထက် အများကြီး ပိုနားလည်လာတာတော့ သေချာသည်။
နားလည် လာတော့ ရတုကို ပိုခံစားလို့ရမှာပေါ့ဟု ဆိုစရာရှိပါသည်။ မှန်လိုက်လေ။ ကျွန်တော့်မှာ ယခုမှ ရတု ဖတ်ပြီး ပို၍ပို၍ “ခံစား” နေရပါလေသည်။ ရတုဘုရင်၏ ကဗျာပညာကတော့ ထိတ်လန့်စရာ။ “ပညာပြ” ထား တယ်တောင် ထင်ချင်စရာ။ တစ်ဖက်ကလည်း ယခုမှ ရတုနောက်ခံကိုသိရပြီး ကျွန်တော့်ဘက်က ဆုံးရှုံးသွားတာတွေ ရှိပါသည်။
ရတုဒုတိယပိုဒ် နှင့် တတိယပိုဒ်တွေက နတ်ရှင်နောင်၏ ထီးဆောင်းမင်း ဘ၀အိပ်မက်တွေကို ဖွဲ့ဆိုထားတာ ဖြစ်သည် တဲ့။ သူ့ဖြူရော်လွပန်း မွှေးတုကင်း၊ ပန်းထွက်ချာက မင်း၏ ထီးဖြူတော်ကို လှမ်းရိပ်နေ တာဖြစ်သတဲ့။ ပထမပိုဒ်နှင့် ဒုတိယပိုဒ် တစ်ဝက်ကျော်ကျော် သယ်လာခဲ့သည်။ အလွမ်းပုံရိပ် အဆွေး အုံ့ပျပျ တွေက ၀ုန်းခန ဖျတ်ခနဲ အငွေ့ပြန် အရည်ပျော်သွားသလို။
ကျွန်တော် တို့မှာ အတွင်းကြေ။ ပုဂ္ဂိုလ်ရေး အသပြင်းပြမှုနှင့် ရွှေရောင်ဘ၀ အိပ်မက်ကို ရတုထဲမှာ သိမ်မွေ့ လှပစွာ ထည့်သွင်း စီရင်ခဲ့လေသလား ... အိုဘယ့် ... တောင်ငူဘုရင်။

(၃)
ဆရာဇော်ဇော်အောင် စာအုပ်ဖတ်ရတော့ ဆရာ့ရင်တွင်း ပဋိပက္ခနှစ်ခုကို တွေ့လိုက်ရသည်။ တစ်ခုက ကဗျာ တစ်ပုဒ် စာတစ်ပုဒ် ကို ဖွင့်ဆိုရာမှာ အတွင်းစာသားကိုပဲ အားကိုးအားထားပြုသင့်သည်။ ပြင်ပအခြင်း အရာ အချက်အလက်တွေ က ကိုးစားလောက်အောင် မခိုင်မာပါဟု အတန်တန် ပြောခဲ့သော်လည်း ဆွတ်ပျံ့ဖွယ်အောင် ၏ အရေးအကြီးဆုံး ခက်ခဲလိမ်ကျစ်နေသည့် ပြဿနာကို ရှင်းလင်းရာမှာ သူ သိပ်နှစ် သက်ပုံ မရသည့် ပြင်ပ “ထင်မြင်မှန်းဆချက်” တွေကို အားပြုလိုက်ရတာပဲဖြစ်သည်။ ဒီကိစ္စက ပညာရှင် မဟုတ်သူ ကျွန်တော်လိုလူမျိုးအတွက် သိပ်ပြဿနာ ဖြစ်စရာမရှိ။ စာတစ်ပုဒ် ကဗျာတစ်ပုဒ် ဆန်းစစ်ရာ မျာ In text ရော Outside-text ပါသုံးပြီး အကဲဖြတ်လိုက်မှာပါပဲ။ ပြီးပြီ။ ဒါကို ပြဿနာဟုပင် မမြင်မိ။

တစ်ခါက ရပ်ကွက်ထဲ လူနာအိမ်ကလာပင့်လို့ အိမ်လိုက်လူနာကြည့် ရသည်။ ရောက်ရောက်ချင်း လူနာကို စမ်းသပ်ကြည့်လိုက်ရာ လူနာသေနေတာ တွေ့လိုက်ရတော့ ဘေးက မျှော်လင့်ချက်တွေ ဝေစည်နေသည့် လူနာရှင်မျက်နှာ တွေကြည့်ပြီး ကျွန်တော့်မှာ ဒီသတင်းဆိုးကြီးကို ဘယ်လို ပြန်ကြားရပါ့ဟု တရစပ် စဉ်းစး ခန်း ၀င်ပုံကို “သေတာလွယ်မှတ်လို့” မှာ ကျွန်တော် ရေးဖူးသည်။ အဲဒီမှာ “အညို ကို ဘယ်လိုပြောရပါ့”ဟု စာတစ်ကြောင်း ရေးထည့်လိုက်သည်။ စာပေ ဝေဖန်ရေးတွေ ရေးနေသည့် ခေတ်ပြိုင်စာရေးဆရာ သူငယ်ချင်းက အဲဒါ ဘာကို ဆိုလိုတာပါလတဲ့။ ကျွန်တော် နှစ်သက်စွဲလမ်းသည့် စာအုပ်တွေ၊ စာရေးဆရာ တွေကို မသိလျှင် ဒါကို ဘယ်လို အဓိပ္ပာယ်ဖော်မလဲ။

ကျွန်တော် ငယ်စဉ်က နှစ်ခြိုက်စွဲလမ်းခဲ့သော ဆရာမောင်သင်၏ “အညိုကို ဘယ်လိုပြောရပါ့” ၀တ္ထုရှည် ခေါင်းစဉ် ကို ယူလိုက်တာ။ ရှေ့တန်းက ပြန်လာသည့် စစ်ဗိုလ်ဆရာဝန်တစ်ဦး၏အတွေး။ သူနှင့် သူ့ဇနီးတို့ ငယ်စဉ်က နေထိုင်ကြီးပြင်းခဲ့သည့် ရွာတစ်ဝိုက် တပ်မတော်က စစ်ဆင်ရေးလုပ်တော့ ဆရာဝန်က ဗော်လံ တီယာလုပ်၍ လိုက်သွားသည်။ သူ့ယောက္ခမ အဘိုးကြီး က သောင်းကျန်းသူ ခေါင်းဆောင်ဖြစ်နေတာသူမသိ။ သူတို့မိသားစုနှစ်စုက ရွာမှာ တစောင်းဆေးနှင့် မျက်ချေး။ သူတို့ချစ်သူ နှစ်ဦးမှာ နှစ်ဖက်သော မိဘတွေက ၀ိုင်းဝန်းကန့်ကွက် သဘောမတူသည့်ကြားက ခိုးယူပေါင်းသင်းခဲ့ရတာ။ စစ်ဆင်ရေးအတွင်းမှာ သောင်းကျန်းသူ ခေါင်းဆောင်အဘိုးကြီး သူတို့ထောင်သည့်မိုင်း သူတို့နင်းမိရင်း ဒဏ်ရာအနာတရနှင့် ဖမ်းမိလာသည်။ လူနာက သွေးထွက်လွန်နေပြီ။ ကယောင်ကတမ်း။ သူ့လက်ထဲ ယောက္ခမကြီးသေသည်။ မသေခင် သတိခဏရခိုက် သမက်တော် ဆရာဝန်ကို အခဲမကြေစွာ ကြိမ်းမောင်း ရေရွတ်သွားသေးသည်။ စစ်ဆင်ရေးအပြန်လမ်းမှာ ကားပျက်တော့ ဆရာဝန် အနားရသည်။ စိတ်ထဲမှာတော့ “အညို ကို ဘယ်လိုပြောရပါ့ ... ဘယ်လိုပြောရပါ့”။ ဒီလို စာသားအပြင်က အကြောင်းတွေ ကို မသိရင် ရေးသူစာကို ဘယ်လို အကဲဖြတ်မလဲ။ ဘယ်လို အရသာခံမလဲ။ စာတစ်ကြောင်း၏ နောက်ကွယ် မှာ ဇာတ်လမ်းတွေက များစွာ။

(၄)
ဆရာ ဇော်ဇော်အောင် ၏ နောက် ရင်တွင်းပဋိပက္ခတစ်ခုက ဇက်ရဲလက်ရဲ သတ်ရဲဖြတ်ရဲ တိုက်ရဲသေရဲ သည့် တောင်ငူဘုရင်ကို အပြစ်မတင်ရက်တာ။ အထောက်အထားတွေက အခိုင်အမာ။ ဒါတွေကို ကျော်ပြီး လျစ်လျူရှူလိုက်တာ။ ဂန္ထ၀င် ရှေးကဗျာရဲ့ ရတနာတစ်ပါး ထုတ်လုပ်ခဲ့သူဟာ ဒီလိုလူမျိုး ဟုတ်လေရဲ့လား။ “အပြစ်တင်ဖို့ စဉ်းစားတိုင်း အပြစ်တင်လိုတဲ့စိတ်ဟာ ဝေ့၀ဲတုံ့ဆိုင်းပြီး ပျက်ပြယ်သွားရတယ်”တဲ့။ အလှပဆုံး အနူးညံ့ဆုံး ကဗျာဖန်တီးထုတ်လုပ်သူက တစ်ချိန်တည်းမှာ ကြမ်းတမ်းခက်တရော်သူ၊ စိတ်နှလုံးမယဉ်ကျေး သူဖြစ်ပါ့မလား။ ခေတ်အဆက်ဆက် သမိုင်းအစောင်စောင်မှာ ဒီလို အဖြစ်တွေက တစ်ပုံတစ်ပင်။ ကဗျာဆရာ အက်ဇရာပေါင်းဟာ ဖက်ဆစ်ဝါဒကို နှစ်နှစ်နှဲနှဲယုံကြည် ကိုးကွယ်သူ။ ဆက်ဒမ်ဟူစိန် ပင်လျှင် နောက်ဆုံးအချိန် မှာ သေနတ်နဲ့ ကိုရန်ကျမ်းကို အဖော်ပြုရင်း ကဗျာနဲ့ မွေ့လျော်ခဲ့သေးတာ။

အနုပညာ မြတ်နိုးခုံမင်တဲ့လူတွေခမျာ ဖန်တီးရှင်တွေကို လိုသည်ထက်ပိုပိုမိုမို တန်ဖိုးထား ကိုးကွယ်လေ သလား။ သူတို့ဖန်တီး ထုတ်လုပ်လိုက်တဲ့ အနုပညာပစ္စည်းနဲ့ တစ်ဖက်ကပြစ်မှုတွေကို ဆေးကြောသန့်စင် ခ၀ါချချင်လေ သလား။ လူကြမ်းမင်းသားရုပ်ကို ပြည်ဖုံးကားချ။ ပါရမီရှ်ဘ၀ကိုကွက် မီးမောင်းထိုးပြပြီး ဒါ သူတို့ ဘ၀ ပဲလို့ ဆိုမလား။ ပါရမီရှင် ဖြစ်ပလေ့စေ၊ လောကီလူသားဆိုတာ ထွေပြားတဲ့စိတ်ဖွဲ့စည်းမှုပိုင်ရှင်။ ပုဂ္ဂလိက ဘ၀က ထွေထွေပြားပြား။ အခြေအနေပေါ် တည်ပြီး ပြောင်းလဲနေ။ အပြောင်းအလဲ အရွေ့က မြန်လွန်းလှ။ တွက်ချက် မှန်းဆရ ခက်လှ။ Multiple Identities။
ကဗျာရေးဖော်နှင့်တွေ့ ရင် ကဗျာရည်သောက်။ သေဖော်သေဖက်နှင့် တွေ့ရင် တစ်ခွက်တစ်ဖလား။ သြဇာအာဏာ သမားနှင့်တွေ့တော့ အတူ ဓားသွေး။ ငါ့သွေး ငါ့ဓား၊ ငါ့ဧရာဝတီ။ ငယ်ဆရာနှင့်တွေ့တော့ တပည့်အလိမ္မာ။ ပြိုင်ဘက်နှင့်တွေ့ရင် စိန်ခေါ်တိမ်ပေါ်တက်။ ဆရာဘုန်းကြီးရှေ့မှောက်ရောက်တော့ ပီဘိ ယုန်သူငယ်။ ဒေါသလောင်မြိုက်တော့ ကြမ်းတမ်းခက်တရော်သွား။ တပ်မက်မှုဖမ်းစားခံရတော့ ပြင်းပြ တုန်လှုပ်။ ဒီကြားထဲ နူးညံ့ပန်းတစ်ပွင့် က တစ်ထောင့်တစ်နေရာက ပေါ်လာတတ်သေး။ မြတ်နိုးထိုးစိုက် မောင့်အသည်း၌ ...။

တစ်ကိုယ်ရေတည်း ငြီးငွေ့လို့ ကိုယ်ပွားတွေ ဘ၀ပွားတွေ (Cones) ဖန်တီးထုတ်လုပ်ခဲ့တဲ့ လူသား။ ကဏ္ဍ အမျိုးမျိုး ခွင်အမျိုးမျိုး က ပြခဲ့။ ဇာတ်ကွက် အဖုံဖုံမှာ ဇာတ်ရုပ်အစုံစုံ မျက်နှာဖုံးရောင်စုံနဲ့ ဆက်တင်မျိုးစုံနဲ့ တင်ဆက်ခဲ့။ တစ်ကိုယ်ရေတည်း မဟုတ်တဲ့သူကို တစ်ကိုယ်ရေလို့ထင်ခဲ့မိတာ ကာလတောင်တာ။ ကြိုတင်အကွက်ချ တွက်ဆမရတဲ့ ဇာတ်ရုပ်အမယ်များစွာ ပေါင်းစပ်ရောမွှေ အသားကျနေသူကို ကိုယ်မြင် ချင်သလို ကိုယ်ဖြစ်စေချင်သလို အကဲဖြတ်လိုက်ခြင်းဟာ ဆွတ်ပျံ့ဖွယ်အောင် ပထမပိုဒ်က ဖော်ကျူးတဲ့ မှုန်ပြာရီမှောင် ဝေမှိုင်းထဲမှာ တစ်ယောက်တည်း ... တစ်ယောက်တည်း ...။

စာညွှန်း ။   ဇော်ဇော်အောင် ၂၀၀၉၊ နတ်ရှင်နောင်၏ ဆွတ်ပျံ့ဖွယ်အောင်။
ပန်းအလင်္ကာ၊ မတ်လ၊ ၂၀၁၀

နာရီလူ

(၁)
ကျွန်တော်တို့ ငယ်စဉ်က အထက်တန်းကျောင်းသားကြီးတွေပင် နာရီပတ်လေ့ပတ်ထ မရှိကြ။ ကျွန်တော် ကိုယ်တိုင် လည်း အထက်တန်းကျောင်းသားကြီးဘ၀မှာ စာမေးပွဲဖြေချိန်ကျကာမှ အဖေ့နာရီ ငှားပြီး ပတ် သွားရ သည်။ နာရီ က ဇိမ်ခံပစ္စည်းတစ်မျိုးဟု ယူဆထားကြချိန်။ တစ်ခါက ကျောင်းသားဘောလုံးပွဲ တစ်ပွဲ သွားကြည့် မိသည်။ ဘောလုံးပွဲအပြီးမှာ သူငယ်ချင်းတစ်ဦးက ပုဆိုးပုံအောက်မှ သူ့နာရီကိုထုတ်ပြီး ပတ်လိုက်ရာ အားလုံး က အထူးအဆန်း ၀ိုင်းကြည့်ကြရသည်။ နာရီလေး က ရွှေရောင်လေး။ လှလိုက်တာ။ တစ်ဦးက မနေနိုင် မထိုင်နိုင် နာရီလေးပတ်ကြည့်ချင်လို့ပါပြော၍ ကာယကံရှင်က ကြည်ကြည်ဖြူဖြူ ပေး ပတ်ပါသည်။ နာရီစမ်း ပတ်ကြည့် သည့် သူငယ်ချင်းက နာရီကို ညာဘက်လက်ကောက်ဝတ်မှာ ပတ်ကြည့် လိုက်သည်။ အားလုံးက အမှုမဲ့ အမှတ်မဲ့။ နာရီ ဆိုတာ ဘယ်လက်မှာ ပတ်ရတာဆိုတာလည်း အားလုံးလိုလိုက မသိကြ။ မသိကြတော့ တစ်ဦး ကို တစ်ဦး ထူးပြီး လှောင်စရာမလို။

သို့သော် နာရီပိုင်ရှင် သူငယ်ချင်းက -
“နာရီ က ဘယ်လက်မှာ ပတ်ရတာကွ။ မင်းက ညာလက်မှာပတ်လိုက်တော့ ရုပ်ရှင်မင်းသား ၀င်းဦးနဲ့ တူသွား တာပေါ့”
ပြောလိုက်ရာ နှုတ်ခမ်းမွေးစစနှင့် လူပျိုပေါက် သူငယ်ချင်းခမျာ ၀မ်းသာအယ်လဲဖြစ်သွားတာ သတိရမိတော့ သည်။ သြော် ... နာရီက ဘယ်လက်မှာ ပတ်ရတာကိုးဟု သိခွင့်ရလိုက်သည်။

(၂)
ကျွန်တော့် အဖေနာရီက ရှေးနာရီလေး။ ဆွစ်ဇာလန်နိုင်ငံလုပ်။ ဟိုတုန်းက နာရီဆိုရင် ဆွစ်ဇာလန်မှ စိတ်ချ ရသည်တဲ့။ နာရီလေးက ဟောင်းနွမ်းပြီး အရောင်အသွေးက မွဲခြောက်ခြောက်။ ဒိုင်ခွက်လဲဖို့ လိုနေပြီ။ ကျွန်တော် ဆေးကျောင်း တက်ရတော့ အဖေက သူ့နာရီကို ပေးလိုက်သည်။ သူက ပင်စင်ယူပြီးလို့ နာရီ မလိုတော့ ဘူး။ သားပဲ ယူသွားတော့ပြောပြီး သူ နှစ်ပေါင်းများစွာ မြတ်မြတ်နိုးနိုး ပတ်ခဲ့သည့်နာရီကို ကျွန်တော့် ကို အမွေပေးလိုက်ပါသည်။ အမွေရလိုက်သည့် ကျွန်တော့်မှာ အဖေ့နာရီပတ်ရမှာ အင်တင်တင်။ အဲဒီအချိန်မှာ ဂျပန်နာရီတွေ က ခေတ်စားနေပြီ။ အရောင်အသွေးလှလှ ဒီဇိုင်းမျိုးစုံနှင့် ဂျပန်နာရီတွေက မြန်မာ့ဈေးကွက်ကို ထိုးဖောက်နေပြီ။ ဂျပန်နာရီလို့သာ ပြောရတာ နာရီက တကယ့် ဂျပန်ဖြစ်လား။ နယ်စပ် အိမ်တွင်းစက်ရုံဖြစ်လား။ “မိတ်အင်ဒီတင်” တွေလား။ ဘယ်သူမှ မပြောနိုင်။

အဖေ့နာရီ အားတက်သရော လက်မခံခဲ့သည့် အကျိုးဆက်ကြောင့်ပေလား။ ဆေးကျောင်း ပထမနှစ်မှာပဲ ကျွန်တော့်နာရီ ခြေရာဖျောက်သွားသည်။ ထိုအချိန်က အဆောင်မှာ ဂဏန်းပေါင်းပြိုင်ပွဲတွေ မြိုင်မြိုင်ဆိုင် ဆိုင်ကြီး ကျင်းပနေချိန်။ အဖေ့နာရီပျောက်သွားတော့ အဖေ ဘယ်လိုခံစားရလေသည် မသိ။ ကျွန်တော် ကတော့ တိတ်တခိုး စိတ်သက်သာရာရသလို။ ၀မ်းသာရသလို။ နာရီအဟောင်းပျောက်ရင် နာရီအသစ် ရတော့ မှာ။
အဒေါ် တက္ကသိုလ်ဆရာမက သူ့တပည့်တစ်ဦးထံမှ ဂျပန်နာရီတွေ ယူလာပြီး ပြရာ ဒိုင်ခွက်အစိမ်းရောင်နှင့် နာရီကို ကျွန်တော် ရွေးလိုက်သည်။ နာရီက နည်းနည်းကြီးလေတော့ ပိန်သွယ်သွယ် ကျွန်တော့် လက် ကောက်ဝတ် အတွက် “ကြီးကျယ်” နေလေသည်။ နာရီအသစ်က ပြောင်လက်လက်ဆိုတော့ နာရီကြည့်လိုက် တိုင်း ကျွန်တော့် ကို ပြောင်ပြနေသလိုလို။ ဒီနာရီကိုလည်း ကျွန်တော် သိပ်မပတ်ဖြစ်ခဲ့။ နာရီ မပါလို့လည်း ဘာမှ ဖြစ်မသွား။ အချိန်ကိုက်လုပ်စရာ တိတိကျကျ လုပ်စရာ ကျွန်တော့်မှာ ဘာတာဝန် ကြီးကြီးမားမားမှ မရှိ။ အစည်းအဝေးလည်း တက်စရာ မလို။ ဒီတော့ စာမေးပွဲဖြေချိန်မှာပဲ နာရီက မဖြစ်မနေ မေ့မရ သည့် ပစ္စည်းတစ်ခုဖြစ်သွားသည်။

ဒီနာရီ ကလည်း ပြဿနာ။ လက်ပတ်ကြိုးက ရှည်လွန်း၍ ဖြတ်ထားရသည့်တိုင် နာရီက ချောင်ချောင်ကျပြီး လက်ကောက်ဝတ် အဆုံး ထိ ဆင်းဆင်းလာတတ်သည်။ နာရီလှုပ်နေမှ စက်သွားတာက နောက်ပြဿနာ တစ်ခု။ နာရီ မပတ်ဘဲ ပစ်ထားလိုက်ရင် စက်က ခဏခဏ ရပ်တတ်၍ နာရီကို ကောက်ကောက်ကိုင်ပြီး လှုပ်လှုပ်ပေးရ သည်။ ဤလည်းတစ်ဒုက္ခ။
ဦးပုည က နွားတစ်ကောင်လုံး အသုံးချနည်းတဲ့။ ကျွန်တော့်အဖြစ်ကတော့ နာရီတစ်လုံးက ကျွန်တော့် ဘ၀အချိန် တော်တော်များများ ကို ဖဲ့ယူအသုံးချသွားပုံ။

(၃)
ထိုအချိန်မှစ၍ နာရီကို တခုတ်တရ ပတ်မနေတော့။ အချိန်သိချင်ရင် နီးရာသူငယ်ချင်းလက် ဖမ်းဆွဲပြီး ကြည့် လိုက်ရုံ။ လူတိုင်းလိုလိုမှာ နာရီတွေကိုယ်စီနဲ့။ လူမှန်ရင် နာရီတစ်လုံးတော့ ရှိရမလိုလို။ နာရီကလည်း “မောင်ကိုနှင့် ညီများ” ခေတ်မဟုတ်တော့။ ကျွန်တော်တို့ငယ်စဉ်က နာရီဝယ်ရင် “မောင်ကိုနှင့် ညီများမှာ စိတ်ချ ရတယ်” ဆိုသည့် ကြော်ငြာလေးက မှတ်မှတ်ရရ။
“မောင်ကိုနှင့်ညီများ”ကို သတိရစရာတစ်ခုက ကာတွန်းအောင်ရှိန် နုစဉ်ဘ၀တုန်းက “မောင်ကိုနှင့်ညီများ” မှာ နာရီ အရောင်းစားရေး လုပ်ဖူးသတဲ့။ ကာတွန်းအောင်ရှန် ဆိုလိုက်ရင် အိမ်မြှောင်လေးနှင့်အတူ “မောင် ကိုနှင့် ညီများ”ကို တွဲမှတ်မိနေတာ ကျွန်တော် မှတ်ဥာဏ်ကောင်းတာလား၊ ရူးသွပ်တာလားမသိ။

နာရီက ကျွန်တော့် အတွက်တော့ စာမေးပွဲတွေမှာ မရှိမဖြစ်လိုအပ်သည့် ကိရိယာတစ်ခုမျှသာပဲ ဖြစ်သွား သည်။ ယူကေ ပညာသင်သွားတော့ နာရီတစ်လုံး ဆောင်သွားရတာ ပြောစရာလိုမည်မထင်။ ဟိုမှာလည်း စာမေးပွဲတွေ က စောင့်လို့ ကြိုနေပေသကိုး။ နာရီက သံပတ်ပေးရသည့်နာရီ။ သံပတ်ပေးရတိုင်း အဖေ့ တိုင်ကပ်နာရီကို သတိရမိသည်။ အဖေက နာရီသံပတ်ပေးရတဲ့နေ့ကိုပါ မှတ်ထားတာ။ ၁၀ ရက်တစ်ကြိမ် သံပတ်ပေးသည်။ သံပတ်ပေး ရင် သော့တံကို သော့ပေါက်ထဲထိုးပြီး ၁၅ ပတ် လှည့်၇သည်။ ဒါပဲ။ သံပတ် ပိုလည်း မပေးနဲ့။ လျော့လည်းမပေးနဲ့။ သံပတ်တင်းရင် ပြတ်လိမ့်မည်။ လျှော့ရင် အချိန်မတိုင်မီ စက်ရပ်သွား လိမ့်မည်။ နာရီ ဒေါင်ဒင်မြည်သံကို နားစွင့်ပြီး သံပတ်လျော့နေပြီထင်တယ်။ သံပတ်ပေးထားတာ ဘယ်နှ ရက်ရှိပြီလဲဟု တွက်ချက်တတ် သည့် အဖေ။ နာရီဒေါင်ဒင်ကြားရင်၊ နာရီသံပတ်ပေးရရင် အဖေ့ကို မကြာ မကြာ သတိရမိသည်။

ဟိုနိုင်ငံမှာ အလုပ်လုပ်ရတော့ နာရီတွေက ကျွန်တော့်ဘ၀ကို ပြန်လည် စိုးမိုးလာပြန်သည်။ အားလုံး အချိန်ကိုက် ကွက်တိလှုပ်ရှားရ၊ ပြေးလွှားရ၊ နံနက်အိပ်ရာထကတည်းက နာရီရဲ့ အမိန့်သံ နာခံရတော့တာ။ ဆေးရုံမှာလည်း နာရီတွေက သြဇာကြီးမှကြီး။ သွေးဖောက်ရချိန်၊ ဆေးတိုက်ဆေးထိုးရချိန်။ လူနာ လှည့် ကြည့်ရချိန်။ လူနာရှင်တွေနျင့် တွေ့ဆုံရှင်းလင်း စကားပြောရချိန်။ လူနာ ဟောင်းတွေ ပြန်ကြည့်ချိန်။ လူနာနှလုံးရပ်သွားလို့ စက်တွေအားကိုးနှင့် ပြန်နှိုးရင်လည်း အချိန်က နာရီက အလွန့်အလွန် အရေးပါလှ သည်။ သတ်မှတ်ထားသည့် အချိန်အတွင်းမှာ သွေးး...ဆေးသွင်းရ။ နှလုံးကို “ရှော့(ခ)”တိုက်ရ။ သတ် မှတ်ထားသည့် အချိန် အတွင်း နှလုံးပြန်မနှိုးခဲ့သော် ကုသမှုအားလုံး တိခနဲ ရပ်လိုက်ရသည်။ မိနစ်ပင် မစွန်း လိုက်ရ။ လူနာ က သွေးကျဲဆေးသောက်ထားလို့ ဆေးအာနိသင် ထိရောက်မှုရှိ၊ မရှိ သိချင်ရင် သွေးဖောက် စစ်ဆေးပေး ရသည်။ သွေးဖောက်ချိန်က တိတိကျကျ။ နာရီစွန်း၍ မရ။ နာရီအရေးပါပုံ၊ လူတွင်ကျယ်လုပ် ပုံများ။ ကျွန်တော့် မှာ နာရီကို မိမိ ခန္ဓာကိုယ်၏ အင်္ဂါပစ္စည်းတစ်ခုသဖွယ် ရိုရိုသေသေ ဆက်ဆံနေရလေ သည်။

ယူကေရောက် သူငယ်ချင်းတစ်ဦးက နာရီရူး။ အားရင် နှစ်ဦးသား Window Shopping ခေါ် ဆိုင်မျက်နှာ စာမှာ ခင်းကျင်းထား သည့် ပစ္စည်းတွေကို မျက်စိနဲ့ လိုက်ဝယ်ကြတာ။ နာရီဆန်းဆန်း ပုံကောင်းကောင်း ဈေးကြီးကြီးတွေ့ ရင် သူက ကျွန်တော့် ကို ခေါ်ခေါ်ပြတတ်သည်။ ဒီနာရီမှ မကြည့်လိုက်ရရင် ကျွန်တော့် ဘ၀တစ်ခုလုံး နစ်နာဆုံးရှုံးသွားရတော့မလို။ နာရီကလှလှ၊ ဘူးကလှလှ၊ ဈေးကလည်း လှလှ ပါပဲ။ ပေါင် ငါးသောင်းကျော်ကျော် တန်သတဲ့။
“နေပါဦးဗျ၊ အဲဒါကြီးဝယ်ပြီး ဘာလုပ်ရမှာလဲ။ လက်မှာ ပတ်ရမှာလား။ ဘုရားစင်မှာ တင်ထားပြီး တစ်နေ့ ဦးသုံးကြိမ် ချရမှာလား”
ပြောလိုက်တော့ သူ့မျက်နှာ ရဲခနဲ။ သူ့အသားက ဖြူစပ်စပ်ဆိုတော့။

“ဒါကြောင့် ခင်ဗျားကို မပြချင်တာ။ ဒါကြောင့် ခင်ဗျားနဲ့ မတန်တာ” တဲ့။
“နေပါဦး၊ ခင်ဗျားနဲ့ကော တန်ရဲ့လား”
ပြန်ပက်လိုက်တော့ သူက -
“ကျွန်တော့်စိတ်ကူး က ကြီးကျယ်ခမ်းနားလွန်းလှတော့ အဲဒါနဲ့ကို တန်နေပြီဗျ” တဲ့။
တစ်ခါက သူရယ် သူငယ်ချင်းတစ်ဦးရယ် ကျွန်တော်ရယ် ဂလပ်စဂို ပြတိုက်တစ်ခု သွားကြည့်ဖူးသည်။ ဟိုရောက်တော့ သူက တစ်ယောက် တည်း လှည့်ကြည့်၊ ကျွန်တော်တို့နှစ်ယောက်က တစ်တွဲ။ သူ့ကြည့် လိုက်တော့ ပျင်းရိခြောက်ကပ်နေပုံ။ တ၀ါးဝါးသမ်းနေလိုက်တာ။

“နေပါဦးဗျ။ ခင်ဗျားတို့ ဒီမီးကျိုးမောင်းပျက် လက်နက်ဟောင်းတွေ၊ ပစ္စည်းအိုအိုမင်းမင်း အဟောင်းကြီးတွေ စိတ်ဝင် တစား ကြည့်နေကြတာ ဘာအဓိပ္ပာယ်လဲဗျ”
လို့ ပြောလိုက်တော့ ကျွန်တော်တို့နှစ်ဦးသား အငိုက်မိ အရှိုက်ထိသွားရသည်။ သူနှင့် ကျွန်တော် ဆက်ဆံ ရေးက ဒီလို တစ်ဦးနှင့် တစ်ဦး မျှဝေခံစားတန်ဖိုးထားတတ်ကြတာ။ ပြတိုက်ကြည့်အပြီး ဆူပါမားကက်ထဲ ၀င်လိုက်မှ ကိုယ့်လူ နာရီဆရာ ပြုံးပျော် တတ်ကြွသွားတာ သတိထားမိသည်။ သြော် ... နာရီလူ။

ယူကေ မှာ မှတ်မှတ်ရရ ဖြစ်စရာ နောက်တစ်ခုက မတ် ၂၁ နှင့် စက်တင်ဘာလ ၂၃ ရက် တစ်ဝိုက်မှာ ဖြစ်တာ။ သည်အချိန်က နေ့တာညတာ တိတိကျကျ ညီမျှချိန်။ နေက အီကွေတာပေါ် ဖြတ်ချိန်။ နာရီ ကို ရှေ့တစ်နာရီ နောက်တစ်နာရီ ရွှေ့ရချိန်။ ရောက်စက ဒါကို သတိမထားမိ။ မတ်လအတွင်း အလုပ်အင်တာ ဗျူးဖြေဖို့ ခရီးသွားရသည်။ အက်ဒင်ဗရာမှ လန်ဒန်အနီး ချမ်း(မ) (စ)ဖို့(ဒ)ခရီး။ ဘူတာရောက်လို့ နာရီ ကြည့်တိုက်တော့ ဟာ ... နာရီအချိန်တွေက ကျွှန်တော့်နာရီအချိန်နှင့် တစ်နာရီတိတိ အလွဲကြီး လွဲနေ ချေသည် တကား။
ဒီစကော့တွေ ကလည်း ညံ့ပါ့ကွာ။ နာရီတောင် လွဲတိုက်ထားသေးတယ်။ လွဲတာမှ နာရီတစ်လုံးတည်းမကဘူး။ အားလုံး အတူတူလွဲနေလိုက်တာ။ တကယ့် အလွဲကောင်း။ စုံစမ်းကြည့်လိုက် တော့မှ လွဲတာက ဖုန်းမောင် တစ်ယောက်တည်းရယ်။ နာရီက တစ်နာရီ ရှေ့ရွှေ့ထားတာကိုး။ ကျွန်တော် စီးရမယ့် ရထားက ထွက်သွားပြီ။ ရထားတွေက နာရီဝက်တစ်စင်း ထွက်နေတော့ နောင်ကြုံတဲ့ရထား တက်စီးသွားရုံ။ ပြဿနာ သိပ်ကြီးကြီး ကျယ်ကျယ် မဖြစ်လိုက်တာ သတိရမိသည်။

လန်ဒါန်ရောက်တော့ သူငယ်ချင်းတစ်ဦးက ဂရင်းနစ်ရွာ လိုက်ပို့သည်။ သုညဒီဂရီ လောင်ဂျီကျု့မျဉ်းပေါ် ခွရပ်ပြီး ဓာတ်ပုံ ရိုက်ခဲ့သေးသည်။ ကမ္ဘာ့အရှေ့နှင့် အနောက် ထက်ပိုင်းခြားထားသည့်မျဉ်း။ ဂရင်းနစ်စံတော် ချိန် မွေးဖွားရာ မျဉ်း။ ကျွန်တော်ကတော့ အချိန်နာရီကို တဒင်္ဂ ပဟာန်ပဲဖြစ်ဖြစ် စိုးမိုးလိုက်ချင်သေးသည်။

(၄)
နာရီ ကို တကယ်စိုးမိုးနိုင်သူတစ်ဦးအကြောင်း ပြောပြချင်သေးသည်။ အငြိမ်းစား ဆရာဝန်ကြီးတစ်ဦး။ သူ ရာထူး ဌာနန္တရတွေနှင့် ကြီးပွားကောင်းစားနေချိန်။ သူ့ အဖေ့ရုံးမှာ စာရေးကြီး လုပ်ခဲ့ဖူးသူတစ်ဦး သူ့ထံ လာ တွေ့သည်။ သူ့မှာ ၀မ်းသာအားရ။ မတွေ့ရတာကြာလှပြီ။ သူတို့ငယ်ငယ်က လူကြီးကြီးဟု ထင်ခဲ့ရသူ။ ယခုတော့ သူက လူကြီးကြီး။ စာရေးကြီးက ညိုးနွမ်းမှိန်ဖျော့နေ။ စာရေးကြီးကို မြင်ရတော့ သူ့ငယ်ဘ၀ကို သတိရမိသည်။ ကွယ်လွန်သွား သည့် အဖေကိုလည်း သတိရမိသည်။ အားလုံး လွမ်းတစရာတွေ။ စာရေး ကြီး က အငြိမ်းစား ယူထားတာ ကြာလှပြီ။ သားသမီးအထောက်အပံ့နှင့် နေနေရသည်တဲ့။

ငွေစကြေးစနှင့် အ၀တ်အစားနှင့် ကန်တော့အပြီး -
“အဘ ဘာ လိုချင်သလဲ” မေးတော့ -
“နာရီ တစ်လုံးတော့ လိုချင်သား” ပြောပါသတဲ့။
ဆရာကြီး ဟာ လက်မှာပတ်ထားသည့် နာရီကို ချက်ချင်းချွတ်ပြီး ကန်တော့လိုက်သည်။ ဒီနာရီက လွန်ခဲ့တဲ့ လ အနည်းငယ်ကမှ ၀ယ်ထားတာ။ အသစ်ကျပ်ချွတ်နီးပါး။ Day, Date ပါသည့် နာရီ။ “ဆီကို” စစ်စစ်။ ဈေးကကြီးကြီး။ အဲဒီခေတ်တုန်း က တော်တော့်ကို ရှားရှားပါးပါး။
ဆရာကြီးရဲ့ဇနီး က “ဒက်ဒီရေ ... ဒက်ဒီ့နာရီတစ်လုံး ရှိသေးတယ်လေ။ အဲဒါ ပေးလိုက်ပါလား” ပြောသော် လည်း ဆရာကြီး က အင်းမလှုပ် အဲမလှုပ်။ စာရေးကြီးမှာ ကျေးဇူးတင်ပြီး ရင်းတင်ရင်း နာရီ အသစ်ကျပ်ချွတ် လေးယူပြီး ထွက်သွားပါလေသည်။

ဆရာကတော်ပြောသည့် နာရီကလည်း ခပ်လတ်လတ်ရှိသေးသည့် နာရီ။ နေနှင့်ရက်တော့မပါ။ အငြိမ်းစား ယူပြီး စာရေးကြီး အဖို့ နေ့။ ရက်ပါသည့် နာရီရလို့လည်း ဘာမှ အကြောင်းထူးသည်မဟုတ်။ ဆရာကြီးလို တာဝန်ကြီးကြီး ယူ ထားသည့် လူအဖို့ ဒီလိုနာရီမျိုးက ပိုလို့ အသုံးတည့်လိမ့်မည်။ ဒါကြောင့် ဆရာကတော်က သို့ကလို အကြံပေးလိုက်တာ။
ဆရာကြီး တုံ့ပြန်ပုံကို ကြည့်ပါဦး။

“သူနဲ့ကိုယ်နဲ့ နောင်တွေ့စရာ အခွင့်အလမ်း မရှိတော့သလောက်ပဲ။ ဒါကြောင့် သူဝမ်းသာသွားအောင် ကိုယ့် မှာရှိတဲ့ ထဲက အကောင်းဆုံးဟာ ကို ပေးလိုက်တာ”တဲ့။
ပြီးပြီ။ ပွဲပြီးသွားပြီ။ ဇနီးသည်ခမျာ သူအကြံပေးလိုက်မိတာကို ရင်ထဲက တနုံ့နုံ့။ ငါ့နှယ် ... ပြောမှပြောမိပလေ။ ဆရာ့ဇနီး မမက သူ့အတွေးပြင်လိုက်ပုံကို ပြောပြသည်။

“မမက အစကတော့ နှမြောမိလိုလိုပေါ့။ စာရေးကြီးအတွက် ဒီနာရီမျိုးက သိပ်အသုံးဝင်မှာ မဟုတ်ဘဲကိုး။ ဒါပေမဲ့ ဆရာကြီး ဒီလိုပြောလိုက်တော့လည်း ဟုတ်ပေသားပဲလို့ အတွေးဝင်လာတယ်။ ထပ်စဉ်းစားမိတာက ဒီစာရေးကြီး ကြည့် ရတာ နွမ်းပါးနေပုံပဲ။ အကယ်၍ သူ့ခမျာ စီးပွားရေး မပြေလည်လို့ ဒီနာရီကို ချရောင်းဖို့ ကြုံလာခဲ့ရင် နာရီက အကောင်းစားလည်းဖြစ် အသစ်လည်းဖြစ်တေ့ ဈေးပိုရရှာမှာ တွေးမိပြီး စိတ်ပြေသွား တယ်”တဲ့။
အဖြူထဲက အဖြူ၊ အဖြူထဲ အဖြူ ပျော်ဝင်သွားခြင်း။

(၅)
လူမှုရေးလုပ်ငန်းတွေ တရစပ်လုပ်နေသော သူငယ်ချင်းဆရာဝန်တစ်ဦး နာရီမပတ်တာ သတိထားမိသည်။ သူ့မေးကြည့်တော့ “နာရီမပတ်တကြာပြီ”တဲ့။ ကျွန်တော်နဲ့ တူလိုက်တာ။
ကျွန်တော့် အဒေါ် တက္ကသိုလ်ဆရာမကြီးက-
“မင်း ဘယ်နာရီမျိုး လိုချင်သလဲ။ မင်းကို ငါ နာရီလက်ဆောင်ပေးချင်လို့”
ပြောဖူးသည်။
“ဒေါ်လေး ကျွန်တော် နာရီမပတ်ဘူးဗျ”
ပြန်ဖြေတော့ ဒေါ်လေးမျက်နှာမကောင်း။

“ဒေါ်လေးပေးရင်တော့ ပတ်မှာပေါ့”
ပြောကာမှ သူ့မျက်နှာ ချိုကြည်သွားသည်။ အဒေါ့်လက်ဆောင် နာရီလေးကို ယခုထိ ကျွန်တော် မြတ်မြတ် နိုးနိုးသိမ်း ထားဆဲ။ ခရီးဝေးသွားရင် ကိုယ်နဲ့မကွာ ဆောင်ယူသွားဆဲ။ လက်မှာတော့ နာရီ မပတ်တာကြာပြီ။ နာရီရဲ့ စိုးမိုးသြဇာပေးမှုကို မခံချင်လို့။ မိမိဘ၀ နာရီကို နာရီက စည်းချပိုင်းဖြတ်ပေးတာ မကြိုက်လို့။
သို့သော်ငြား နာရီ၏ စိုးမိုးမှုကို တကယ်တွန်းလှန်နိုင်သည့် “မယ့်လင်သူမြတ်၊ ယောက်ျားထွဋ်ကား” ကျွန်တော်လည်း မဟုတ်။ သူငယ်ချင်း ဆရာဝန်လည်းမဟ်ုတ်။ ကျွန်တော်တို့နှစ်ဦးလုံး၏ ဆရာ ဆရာကြီးပဲ ဖြစ်လိမ့်မည်။
Biweekly Eleven, No. 25, Vol 2? စက်တင်ဘာလ၊ ၂၀၀၉

လမ်းလျှောက်ခြင်းပုံပြင်

၁၉၉၇ တစ်ဝိုက် ချင်းပြည်နယ် ဖလမ်းဆေးရုံမှာ တာဝန်ကျတုန်းကပါ။ တစ်ရက် မန္တလေးပြန်ဖို့ ဖလမ်းမှ ကလေးသို့ ကားနှင့်ဆင်း။ ကလေးမှ မန္တလေးဝေဟင်ခရီး။ ကလေးလေယာဉ်ကွင်းက မြို့လယ်ကောင်တည့် တည့်မှာ။ လေယာဉ်ကွင်း မှာ စောင့်ဆိင်းနေဆဲ မျှော်နေတဲ့ လေယာဉ်ပေါ်လာပြီး မကြာမတင် မျက်စိရှေ့ ဘွားခနဲ မြေပြင်ပေါ် ဆင်းသက်လာသည်။
လေယာဉ်ပေါ်မှ ဆင်းလာသော လူအုပ်တွေကြားထဲ ဌာန၀တ်စုံနှင့် ထောင်ထောင်မောင်းမောင်း ခံ့ခံ့ညား ညားယောက်ျား တစ်ဦး။ သူ့ဘေးမှာ သူ့လို အရပ်ရှည်ရှည် တောင့်တင်းပြေပြစ်လှတဲ့ အမျိုးသမီးတစ်ဦး လှဉ်တွဲလျှောက် လာတာ သတိထားမိသည်။ သူတို့နှစ်ဦးလုံးက လူအုပ်ကြားထဲ ထင်းနေတာ။ လေယာဉ်ရုံး ဘက်လျှောက်လှမ်း လာပုံက ခမ်းနားသိမ်မွေ့လှသည်။
ဒီလို လမ်းလျှောက်ပုံလှတာ တစ်ခါမှ မမြင်စဖူး။ တိမ်လွှာမို့မို့လွင် ရုပ်ရှင်ထဲမှာ စစ်တွေ ပင်လယ်ကမ်းစပ် သဲသောင်ပြင်ပေါ် ၀င်းဦး ရေကောင်းအရာရှိ ၀တ်စုံနဲ့ လမ်းလျှောက်လာတာ ပြေးသတိရမိ။ လမ်းလျှောက်တာ လှအောင် လျှောက် လို့ ရပေသကိုး။

(၂)
ကျွန်တော်တို့က ငယ်ကတည်းက ကိုယ့်ခြေကိုယ်ကိုး လမ်းလျှောက်ခဲ့ရသူတွေ။ အိမ်နဲ့ကျောင်း။ ကျောင်းနဲ့ အိမ်။ ဟိုနားဒီနား။ နည်းနည်းလေးမှ စက်ဘီးစီးကြတဲ့ခေတ်။ ၉ တန်းမှာ ကျောင်းပြောင်းရတော့ ကျောင်းက အိမ်နှင့် နည်းနည်း ဝေးသွားသည်။ ကျွန်တော့် ကျောင်းသွားဖော် သူငယ်ချင်းက ကုလားတင်ဦး။ သူက အရပ် ရှည်ရှည် ခြေတံရှည်ရှည် ကိုယ်ခပ်ကိုင်းကိုင်း။ သူ လမ်းလျှောက်တကလည်း မြန်မှမြန်။ သူနှင့် ရင် ပေါင်တန်း ဖို့က သူ့ဘေးမှ အပြေးကလေးလိုက်မှ တော်ရုံကျသည်။ သူက လမ်းလျှောက်ရင် ဘေးဘီဝဲယာ ဘာမှ မကြည့်။ မြေကြီးပဲ စိုက်ကြည့်ပြီး ငိုက်ငိုက်ငိုက်ငိုက် လျှောက်တတ်သည်။
မကြာမီ သူ့အကျင့် ကျွန်တော့် ကူးစက်ခံရ။ ကျွန်တော်လည်း သူ့လို စိုက်စိုက်ငိုက်ငိုက်။ သွက်သွက်မြန်မြန်။ ပန်းတိုင် က ကျောင်းအချိန်မီရောက်ရေး။ ဒါပဲ။ ဆယ်တန်းမဖြေမီ တင်ဦး အိန္ဒိယပြန်သွားတော့ ကျွန်တော် တစ်ဦးတည်း ဘက်ပဲ့ကျန်ရစ်သည်။ တစ်ဦးတည်း ဆက်လက်ချီတက်။

ဆေးကျောင်းရောက်တော့လမ်းလျှောက်တာ သိသိသာသာ နှေးကွေးသွားတာ မိမိကိုယ်မိမိ သတိပြုမိ သည်။ ကျောင်းက အဆောင်နှင့် ကပ်နေတော့ ဘာမှ သုတ်သုတ် လုပ်စရာ လောဆော်စရာ မလို။ ဆေးကျောင်းရောက်စ စာတွေက မပိသေး။ လူက အေးဆေးသွား။ လမ်းလျှောက်တာ လည်း နှေးကွေး သွား။ အတူလျှောက်သူတွေက ကိုယ့်ထက်နှေးသူချည်း။ ကိုယ်က မြန်မြန်လျှောက်ခဲ့ရင် “ဟေ့ကောင် ... မင်းက ဘာအရင်လိုနေတာတုံး”ဟု အဟောက်ခံရသေးသည်။ အားလုံးက သက်သောင့်သက်သာ။

လမ်းလျှောက် ရင်း ငေးချင်ရာငေး။ တွေးချင်ရာတွေး။ နားချင်ရာနား။ ထိုင်ချင်ရာထိုင်။
ဟိုတုန်းက “မရှိ လို့ လုပ်စားတာပဲ၊ ဖြည်းဖြည်းပေါ့” ဆိုတဲ့ အသုံးအနှုန်းခေတ်စားလိုက်သေးသည်။ ကျွန်တော့် ဖခင်က အဲဒီလိုပြောတာ လုံးဝမကြိုက်လေ။ ကျက်သရေမရှိလိုက်တာဟု မှတ်ချက်ချဖူးသည်။
ဆေးကျောင်းမောင်မယ်သစ်လွင်ဘ၀မှာ အထက်တန်းကျောင်းသားအထိ တင်ထားခဲ့ တင်ထားခဲ့တာတွေ မသိမသာ ပြိုဆင်းလို့သွားပြီ။ ခင်လျော့လျော့ ခပ်ချောင်ချောင် နေတတ်စားတတ် လမ်းလျှောက်တတ်လာပြီ။ အစကတော့ လူ့ဘ၀ဆိုတာ အရာအားလုံး လေးနက်စရာတွေချည်းဟု မြင်ခဲ့ သည်။ အခုတော့ သိပ်လေးနက်နေစရာမလိုပါဘူး။ ဘ၀ဆိုတာ တစ်ခါတစ်ရံ ဖြေလျှော့ဖို့။ သက်သောင့် သက်သာနေဖို့ဆိုတဲ့ အတွေးက ၀င်လာသည်။

ရေခြားမြေခြားမှာ ပညာသင် အလုပ်သင်သွားရတော့ လမ်းလျှောက်တာကို ပြန်“တင်”ရသည်။ အလုပ် အရေးကြီးတာရော အချိန်နှင့် အပြေးပြိုင်ရတရော အားလုံးပေါင်းလိုက်တေ့ အပြေးလမ်းလျှောက်ဖြစ်သွား သည်။ မိမိအတွက် ဒါက ဘာမှ အဆန်းတကြယ်မဟုတ်။ တစ်သက်လုံး လမ်းလျှောက်ခဲ့ရတာ။ မြေပြင်ပေါ် မျာ၊ နေပူစပ်ခါး မှာ၊ မှောင်နေတဲ့ မိုးသည်းသည်းထဲမှာ။ ဟိုမှာက ဆေးရုံကြီးတွေက အကြီးကြီး အကျယ်ကြီး တွေ။ ကော်ရစ်ဒါလျှောက်လမ်းတွေက တစ်မျှော်တစ်ခေါ်။ အရေးပေါ်အချက်ပြ ကိရိယာမြည်လို့ ကတော့ ပြေးပေရော့။
ဒက်ဒင်ဗရာ တက္ကသိုလ်ဝင်းကြီးထဲက ကွင်းပြင်ကျယ်ကြီးတွေဖြတ်ပြီး ဖောက်ထားတဲ့လမ်းတွေက လမ်းလျှောက် လို့ကောင်း လှသည်။ လမ်းနာမည်တစ်ခုက Coronation Walk တဲ့။ ဒီလမ်းကို ကျွန်တော် အကြိမ်ကြိမ် အခါခါ လျှောက်သည်။ နှုတ်ကလည်း စာမေးပွဲအောင်စေကြောင်း တတွတ်တွတ် ရွတ်ဖတ် လျက်။ Coronation ဆိုတာ နိမိတ်ကောင်း ပဲ။ နန်းသိမ်းပွဲ ခံဖို့ပဲ။ ဒီလို မိမိဘာသာ အဓိပ္ပာယ်လိုရာဆွဲပြီး လျှောက်ခဲ့တာ။

ဟိုမှာ နေတုန်းက သူငယ်ချင်းတွေ အိတ်ထောင်ထဲကြည့်လိုက်ရင် ဘုရားပုံတော်တစ်ပုံ၊ ဆရာတော်ကြီး တစ်ပါးပါးရဲ့ ပုံတော်ကတစ်ပုံ။ ပုံတော်နှစ်ပုံ အမြဲဆော်ထားတာ တွေ့ရမြဲ။ ဘုရားအချိန်မှန် ၀တ်ပြုကြ၊ ဆွမ်းကပ်သောက်တော်ရေကပ်ကြ၊ မေတ္တာပို့ ပုတီးစိပ်ကြ။ ရတနာသုံးပါး ယုံကြည်ဆည်းကပ် ကိုးကွယ်ကြ ပုံများ။ (စကားချပ်၊ စာမေးပွဲ မအောင်ခင် အထိပါ။)
ကျွန်တော့်မှာလည်း Coronation Walk လျှောက်လိုက်ရတာ ဖိနပ်ပေါက်လုမတတ်။ စကော့တလန်က မြို့နယ်တစ်ခု မှာ စာမေးပွဲဖြေဖို့လာတဲ့ သူငယ်ချင်းတစ်ယောက်ကို ဒီအကြောင်းပြောပြတော့ အဲဒီလမ်းကို သူလည်း လျှောက်ချင်လှချေရဲ့ပေါ့။ ဟုတ်တာပေါ့။ သူလည်း အောင်ချင်ရှာမှာ။ ဒီလမ်းကို အကြိမ်ပေါင်း များစွာ လျှောက်ထား တဲ့ ကျွန်တော်တစ်ယောက်တည်း ကွက်အောင်သွားမှာလည်း တွေးပူမိဟန်တူရဲ့။

အဲဒါနဲ့ အနှီ ချစ်သူငယ်ချင်း စာမေးပွဲဖြေဖို့ သူ့စာစစ်မြို့လေး မသွားမီ အဲဒီလမ်းလျှောက်ဖို့ အချိန်လုပြီး အပြေးအဖြန်း လိုက်ပို့ ရလေသေးသည်။ လျှောက်လဟဲ့ ... နန်းတက်ပွဲလမ်း။
ကျွန်တော်နေသည့် အဆောင်မှာ မြန်မာဆရာဝန် သုံးဦးရှိသည်။ နှစ်ဦးက သမားတော်စာမေးပွဲဖြေဖို့။ အကြင်လင်မယား။ တစ်ဦးက ခွဲစိတ်ဆရာဝန်ဘွဲအတွက် လာတာ။ သမားတော်ယောက်ျားကို လမ်းလျှောက်ဖို့ အဖော်စပ်ရသည်။ တစ်ယောက်တည်းလျှောက်ရမှာ ခြောက်ကပ်ကပ် နိုင်လွန်းတော့။ သူငယ်ချင်းက စိတ်လို လက်ရ လိုက်လာသည်။
သို့သော်လည်း သူက လမ်းချည်းပဲ သဲမဲ၍ လျှောက်သည်။ စကား နည်းနည်းပါးပါး ပဲ ပြောသည်။ လျှောက်လိုက်တာကလည်း တအားမြန်။ လမ်းလျှောက်ခြင်း အမှုကြီးကို စာကျက်သလို။ တာဝန်တစ်ခု ကို ထမ်းဆောင်နေရသလို သဘောထားပြီး လျှောက်နေတဲ့ပုံ။ လမ်းမှာ ဟိုငေးဒီငေး ဟိုနားဒီနား မရှိ။ တရစပ် လျှောက်သည်။ သူသတ်မှတ်ထားတဲ့ အချိန်စေ့တော့ ပြန်ကြစို့ဗျာ ပြောပြီး ရုတ်ခြည်း လှည့်ပြန် သည်။ ကျွန်တော့် မှာ ဟောဟဲလိုက်လို့။

အပြန်လမ်းမှာလည်း ဒီနှုန်းပဲ။ ခပ်သုတ်သုတ်။ ခြေလှမ်းအစိပ်အကျဲ အနှေးအမြန် ဘာမှပြောင်းမှုမရှိ။ ပုံသေ။ နေမြဲ။ သံပတ်ပေးထား တဲ့ စက်ရုပ်ပမာ။ ဒီသူငယ်ချင်း နိုင်ငံရပ်ခြားက ပြန်လာပြီး ဆေးခန်းထိုင်တော့ ညသန်းခေါင်သန်းလွှဲ ထိ လူနာကြည့်သတဲ့။ ဆေးခန်းထိုင်ချိန်ကလည်း မှန်မှမှန်တဲ့။ တစ်ရက်မပျက်ပါတဲ့။ “တို့ကတော့ ဆက်လျှောက်နေဆဲ” ဆိုတဲ့ ဗဒင်ရဲ့ သီချင်းကို သတိရမိသည်။
သမားတော် နဲ့ လမ်းလျှောက်ရတာ သိပ်ကီးမကိုက်လေတော့ ခွဲစိတ်ဆရာဝန်ကို ချဉ်းကပ်ပြီး လမ်းလျှောက် ဖို့ သွေးဆောင်ကြည့်မိသည်။ ဒီဆရာက အခန်းအောင်းပုဂ္ဂိုလ်။ တစ်ချိန်လုံး တစာစာနှင့် စာနေသူ။ တစ်ရက် သူ့အခန်း သွားလည်ပြီး လမ်းလျှောက်ဖို့ခေါ်တော့ ခွဲစိတ်ဆရာဝန်က သို့ကလို တုံ့ပြန် ပါလေသည်။

“မဖြစ်ဘူးဗျ။ ကျွန်တော် ဒီမှာ စာမေးပွဲဖြေဖို့လာတာ။ ဒီလိုလာနိုင်အောင်လို့ မိန်းမက နောက်က ပံ့ပိုးနေရ တာ။ သူက သြစတေးလျ မှာ ကျန်ခဲ့တယ်။ ကျွန်တော်က ဒီမှာ လတ်လျားလတ်လျား လျှောက်သွားနေရင် သူ့အပေါ် စော်ကားရာ ကျမှာပေါ့။ အပြစ်ပြုရာကျမှာပေါ့။ ကျွန်တော် ခင်ဗျားနဲ့ လမ်းလျှောက်ဖို့ စိတ်မသန့် ဘူး”တဲ့။
အောင်မယ်လေး ... ဗိုလ်ဆန်နေလိုက်တာ။ အခန်းထဲက စားပွဲကြီးပေါ်မှာလည်း ဘုရားပုံတော်ရော၊ ဆရာတော်ကြီးတွေ ရဲ့ ပုံရော၊ စုံလို့။ ပြုံးနေတဲ့ ဗုဒ္ဓပါ ပါသေး။ ဟ ... ဆိုင်းဘာဘာလည်းပါသဟ။ ဟော ... ယေရှု ခရစ်တော်ပုံပါမကျန်ပါကလား။ ကျွန်တော် မျက်စိလည်းလည် ခေါင်းလည်း လည်ထွက်သွား။

“နေပါဦးဗျ။ ခင်ဗျား ဘယ်ဘာသာ ကိုးကွယ်တာလဲ”
“ဗုဒ္ဓဘာသာပေါ့ဗျာ”
“ဒါဖြင့် ယေရှုခရစ်တော်ပုံက ဘာကြောင့် တင်တားတာတုံး”
“ခင်ဗျား ဘာသိ လို့လဲ။ ကျွန်တော် အရင်တစ်ခေါက် စာမေးပွဲဖြေဖို့ ပြင်ဆင်နေတန်းက သူ့မျက်နှာညှိုးနေတယ် ဗျ။ ကျွန်တော်ကျမှာ ကြိုသိပုံရတယ်။ ဒါကြောင့် ဘုရားစင်ပေါ်တင်ပြီး ကိုးကွယ်ထား တာပါ”တဲ့။
သွားပြီ။ လုံးလုံးကြီးသွားပြီ။ သရဏဂုံ ရေစုန်မျောတဲ့ပွဲ။ ဒီလူတော့ လမ်းလျှောက်ဖော်လုပ်ဖို့ မသင့်ချေပေ ဘူးရယ် လို့ နှလုံးသွင်းပြီးသကာလ အောင်မြင်စွာ ဆုတ်ခွာခဲ့ရသည်။ ဒါနဲပဲ ကျွန်တော်တစ်ယောက် “ခင်မောင်ရင် တစ်ကိုယ်တည်းမှာ” သီချင်း ညည်းရင်း လမ်းလျှောက်ခြင်းအမှုကို ကစားအားထုတ်ကျင့်ကြံ ရချေလေသည် တမုံ့။

လမ်းလျှောက်ရင် ကျွန်တော်က မြို့ကြီးတစ်ဝိုက်ထက် တောင်ကုန်းတွေ၊ တောအုပ်တွေထက် ရွေးလျှောက်လေ့ ရှိသည်။ မျက်စိအေး နားအေး။ တချို့အဘိုးကြီး၊ အဘွားကြီးတွေ လည်း တောလမ်းခရီး မှာ အေးအေးလူလူ လျှောက်နေကြတာ တွေ့ရသည်။ တချို့က ခွေးအဖော်နဲ့။ ခွေးလည်း အညောင်းပြေ။ လူလည်း အညောင်း ပြေ။ မျက်စိအလင်း ချွတ်ယွင်းနေသည့် အဘိုးအဘွားတွေကတော့ အင်္ကျီစိမ်းစိမ်းဝါ၀ါ ရဲတောက်တောက်ကြီး တွေဝတ်၊ ခွေးနဲ့၊ တုတ်ကောက်နဲ့ လမ်းလျှောက်ကြတာ။ တုတ်ကောက် ကလည်း မြေကြီးကို ရိုက်ရင် အသံ မြည်အောင် ထိပ်မှာ သံစွပ်တပ်ထားသည်။ သူတို့လမ်းလျှောက်လာရင် အဝေး က ထင်သာမြင်သာ ကြားသာ။

ကျွန်တော် လမ်းလျှောက်ရင်း အက်ဒင်ဗရာမြို့ဘက် ၀င်လာသည့် မီးရထား လမ်းကလေးတစ်ခု သွားတွေ့ သည်။ လမ်းဟောင်းကလေး၊ မသုံးတာကြာလှပေါ့။ အနီးအနားမြို့လေးတစ်မြို့မှ မြို့တော် ဆီ ကျောက်မီး သွေးပို့ဖို့ ဖောက်ထားတာ ဖြစ်သတဲ့။ တချို့နေရာတွေ တောင်ကုန်းဖြတ်ပြီး ဥမင် လိုဏ်ခေါင်း ဖောက်ထား တာတွေ့ရ။ Innocent Railway ခေါ်သတဲ့။ အပြစ်ကင်းတဲ့ မီးရထားလမ်းကလေးပေါ့။ ရထားတိမ်းမှောက်တာ၊ လူထိခိုက်ဒဏ်ရာရတာ တစ်ခါမှမဖြစ်ဖူးလို့ ဒီနာမည်တွင်သတဲ့။
ဒီမီးရထားလမ်းအကြောင်း ပင်စင်စား စကော့လူမျိုးဆရာဝန်ကြီးကို ပြောပြတော့ သူတစ်ခါမှ မကြားဖူးဘူး တဲ့။ သူက စာအုပ်စာတမ်းတွေမှာ ရှာဖတ်ကြည့်တော့ “မင်းပြောတာ ဟုတ်သကွ။ ဒီကိစ္စ ငါမသိဘူး” တဲ့။ လမ်းလျှောက်ကောင်းလို့ ဆရာဝန်ကြီးရဲ့ အထင်ကြီးမှု ခံလိုက်ရပုံ။ စာတော်လို့ ဆေးကုတော်လို့ မဟုတ်ချေဘူး။

အင်္ဂလန်ကအပြန် ဒီမှာ အလုပ်စ၀င်တော့ ဟိုမှာလမ်းလျှောက်ခဲ့တာ အမှတ်ရပြီး ဒီမှာလည်း အိမ် ကနေ ဆေးရုံထိ လမ်းလျှောက်လိုက်မဟဲ့လို့ စိတ်ကူးယဉ်ကြသည့် ဆရာဝန်တချို့ ရှိသည်။ သို့သော်လည်း စိတ်ကူး ဟာ စိတ်ကူးဘ၀မှာ စုတေခဲ့ပေါ့ စိတ်ကူးလို့ ဆိုနေမှပဲ။
ဆရာ ဦးသံစစ်ကတော့ စိတ်ကူးကို အမြဲလိုလို စမ်းသပ်ကြည့်တတ်သူ။ သူ့အလုံအိမ်ကနေ ရန်ကုန်ဆေးရုံကြီးထိ ခြေကျင်ကြိတ်ကြည့်သည်။ တစ်ခါထက်တော့ မပို။
“မဖြစ်ဘူးဗျ။ နေကပူပူ၊ ပလက်ဖောင်းကလည်း သိပ်မကျယ်လှတော့ လမ်းလျှောက်ရတာ မနိမ့်ဘူးဗျ။ ဆေးရုံလည်းရောက်ရော လူက လျှာထွက်၊ ချွေးတွေနဲ့ နစ်နေပြီ”တဲ့။
စမ်းသပ်မှု ကို ပထမအကြိမ်မှာ ပဲ အောင်အောင်မြင်မြင် ရပ်ဆိုင်းလိုက်ရသည်။ ကျန်တဲ့လူတွေကတော့ ဆရာ့နမူနာနဲ့တင် လုံလောက်နေပါပြီ။ အခုတော့ အားလုံးကားပေါ်မှာ။

(၄)
အလုပ်နှင့် တာဝန်နှင့် ပိလာတော့ လမ်းလျှောက်ဖို့ အချိန်ပါးရှား ဆင်းရဲလာသည်။ ဒီတစ်ခါ လျှောက်တာ ကလည်း ကျန်းမာရေးအတွက်တဲ့။ ကျောင်းမီဖို့ မဟုတ်။ ရုံးမီဖို့မဟုတ်။ လူနာကြည့်ဖို့ မဟုတ်။ ကျေင်းမီ ရုံးမီ လူနာကြည့်ချိန် မီချင်ရင် ကားနှင့်သွားလိုက်ရုံ။ လူနေမှုစတိုင် ပြောင်းရေးတဲ့။ လူနေမှု စတိုင်ကြောင့်ဖြစ်ရတဲ့ သွေးတိုး၊ နှလုံး၊ ဆီးချိုရောဂါဆိုးကြီးတွေကို လမ်းလျှောက်ပြီး တားဆီးရေးတဲ့။ အပြော ကတော့ လွယ်ပါ။ နာရီဝက်ထက်နည်း လျှောက်ပါတဲ့။ နှလုံးခုန်နှုန်းသိသိသာသာမြင့်တက်လာမှ လမ်းလျှောက် တာ အရာ မြောက်သတဲ့။ ဖြစ်နိုင်ရင် အပြေးကလေး လျှောက်ပါတဲ့။
ဖိနပ် က ဘယ်လို၊ အင်္ကျီကဘယ်လို၊ ဘောင်းဘီကဘယ်လို။ လက်ကဘယ်လိုထား။ ကိုယ်နေကိုယ်ထား ကဘယ်လို။ အသက်ကို ဘယ်လိုရှူ ဘယ်လိုထုတ်။ လမ်းလျှောက်ဖို့အရေး စိတ်မအေးဖွယ်ပါလား။ တစ် သက်လုံး လမ်းလျှောက်လာတာ ခုမှ ပြန်သင်ရမယ်ပုံ။

ရန်ကုန်မှာ အစည်းအဝေးတစ်ခု တက်ဖို့သွားတုန်းက လမ်းလျှောက်သွားတုန်း ကြုံခဲ့ရတာ ပြောရဦးမည်။
ရန်ကုန်ရောက်၊ အချိန်တွေက ပိုနေ၊ လူက အားနေလေတော့ တည်းခိုခန်းမှ အစည်းအဝေးကျင်းပရာ ဦးစီးဌာန သို့ လမ်းလျှောက် သွားလိုက်တာ များသည်။ သူငယ်ချင်းနှင့် စကား တွတ် ထိုးရင်း အေးဆေးစွာ လျှောက်သွားလိုက်ရုံ။ မန္တလေးမှာလို ဖုန်းတွေကမမြည်။ လူက လွတ်လပ်ပေါ့ပါးနေ။ ငယ်မူငယ်သွေး ၀င် လာပြီး သူငယ်ချင်းကို ပခုံးစောင်းနဲ့တိုက်လိုက်။ သူက ပြန်တိုက်လိုက်။ တစ်ယောက် ပခုံးတစ်ယောက် ဖက်ပြီး ဟိုယိုင်ဒီယိုင် လျှောက်သွားကြတာ။

ကားတစ်စီးက ကျွန်တော်တို့ကို ကျော်တက်သွားပြီး မနီးမဝေးမှာ ရပ်လိုက်သည်။ ကားပေါ်မှ ကျွန်တော်တို့ ငယ်ကြောက် ဆရာမကြီး ဆင်းချလာပြီး ကျွန်တော်တို့ နှစ်ယောက်ကို လက်ယပ်ခေါ်သည်။ ကျွန်တော် တို့ နှစ်ဦးသား အပြေးအလွှား။ ဆရာမကြီးရဲ့ အကြည့်တင်းတင်းအောက်မှာ ကျွန်တော်တို့ ကျောင်းသား သူငယ်ပြန်ဖြစ်သွား။
“ဒီမယ် ... မင်းတို့နှစ်ယောက် လူကြီးဖြစ်နေပြီ။ လမ်းလျှောက်တာ ကလေးကလား။ ဣနြေ္ဒမရ ဘာမရ နဲ့။ လျှောက်ပါလား ကွ လူကြီးဆန်ဆန်၊ ခပ်သွက်သွက်၊ ခုတော့ ငါမပြောလိုက်ချင်ဘူး”
လို့ ပြောပြီး ကားပေါ် ပြန်တက်မောင်းထွက်သွားခဲ့။ မပြောချင်လို့ပေပဲ။ ကလေးကလား လျှောက်နည်းနဲ့ တိုး လျှောက်ခဲ့ တာပါကလား သိလိုက်ရတော့ ၀မ်းနည်းရမလို၊ ၀မ်းသာရမလို။ လူကြီးဖြစ်သွားရင် လူကြီးလို လျှောက်တတ်သွားကြတဲ့အထဲ ကျွန်တော်တို့က “ကလေးလျှောက်” လုပ်တတ်သေးတာကိုက ဂုဏ်ယူရ မလိုလို။

တံခါးကို ဂျိုင်းခနဲပိတ်လို့ ပေါ်လီယာနာကလေးကို သူ့အဒေါ်ဆူတော့ -
“ဒေါ်လေး ... တံခါးကို ဂျိုင်းခနနေအောင် ပိတ်ချင်တဲ့စိတ် တစ်ခါမှ မ၀င်ဖူးဘူးလား”
လို့မေးတာ သတိရလိုက်မိ။
ဦးနှောက်အာရုံကြော၊ ကြွက်သား၊ အဆစ် အရိုးရောဂါရှိသူတွေခမျာ လမ်းလျှောက်ရတာ တကယ့်ပြဿနာ။ ခြေကြွခြေငင် ခြေကျ ခြေချပုံကျကျ စည်းဝါးမိမိ ခက်လှချည့်။
လေဖြတ်သူတွေမှာ ဒူးကတန်းနေလေတော့ ခြေထိပ် မြေကြီးလွတ်အောင် ၀ိုက်လျှောက်ရ၊ ပန်းလျှောက် ရတာ။ လေဖြတ်တဲ့ဘက် လဲကျမှာ စိုးလို့ ကိုယ်က တစ်ဖက်ယိမ်းပြီး မဲတင်းထားရသေးတာ။
ပါကင်ဆန်ရောဂါ Parkinson's disease ဖြစ်တဲ့ လူတွေမှာလည်း ခြေလှမ်းက စိပ်သထက်စိပ်သွား။ လူက ရှေ့ဟပ်ထိုးလဲလု။ ကြွက်သားက တင်းတောင့်နေတော့ ခြေကမကြွနိုင်။ မြေပြင်လျှပ်လျှောက်ရ။ (shuffling gait) လက်လွှဲတာ ယမ်းတာမရှိတော့။ စက်ရုပ်ကြီးလို။

ဆစ်ဖလစ်ပိုး ကျောရိးအာရုံကောမကြီး တိုက်ခိုက်ခံရတဲ့ လူနာခမျာ ခြေအသိမ်းအကြွအချမှာ မချိန် ဆတတ်လေတော့ ခြေကို အပေါ်မြင့်မြင့်ထိ မတင်လိုက်ပြီး မြေကြီးပေါ် ကြမ်းပြင်ပေါ် ဆန်အိတ်ကြီးပျစ်ချ လိုက်သလို ပစ်ချလိုက်တာ။ သူတို့ တစ်တွေ လမ်းလျှောက်လာရင် အဝေးက ကြားရသည်တဲ့။ တဒုန်းဒုန်း တဒိုင်းဒိုင်း။ ကမ္ဘာကျော်ရောဂါဗေဒ၊ ခန္ဓာဗေဒပညာရှင် ဂျွန်ဟန်တား (Hohn Hunter) မှာ ဒီရောဂါရှိသည် တဲ့။ ဆစ်ဖလစ်ပိုး မိမိကိုယ်ထဲ ထိုးသွင်းပြီး စမ်းသပ်မှုလုပ်ရင်း ရောဂါကူးသွားရှာတာ။ ဆေးပညာရဲ့ မဟာ သူရဲကောင်း။

(၅)
ဗီယက်နမ်စစ်ပြန် အမေရိကန်တချို့ ၀ိပဿနာစခန်းတစ်ခု ၀င်ရာမှာ လမ်းလျှောက်တဲ့ အခါ ပြဿနာတစ်ခု တွေ့ရသတဲ့။ ဒီစစ်ပြန်တွေက လမ်းလျှောက်ရင် သူတို့ ပခုံးကျော်ကျော်ပြီး နောက်လှည့် လှည့်ကြည့်လေ ရှိသတဲ့။ ပိုဆိုးတာက စခန်းမှာ ဗီယက်နမ်လူမျိုး ဘုန်းတော်ကြီးတွေ ပါနေတာကိုး။ သူတို့နောက်ကျော မလုံ သလိုခံစားရသတဲ့။ နောင်တော့ ဆရာတော်တွေက နားချ မေတ္တာပို့ကာမှ သူတို့တွေ ရဲ့ နောက်လှည့်လှည့် ကြည့်တဲ့ အကျင့်ပျောက်သွားကြသတဲ့။ လူများစုအဖို့ မိမိလျှောက်နေတဲ့ လမ်းပေါ် အေးချမ်း သိမ်မွေ့စွာ ကျောလုံစွာ လျှောက်လှမ်းဖို့က သိပ်လွယ်သည့်ကိစ္စ ဟုတ်ဟန်မတူ။

အေးချမ်းကျယ်သရေရှိစွာ လမ်းလျှောက်တတ်ချင်စမ်းလှသည်။ ကျက်သရေရှိစွာ သပ်ရပ်လုံခြုံစွာ လျှောက် လှမ်းတတ် သူတွေကြောင့် လောကမှာ အပြောင်းအလဲကြီးတွေ ဖြစ်ခဲ့ဖူးသည်ဆိုပါက သင် ငြင်းခုံလေမလား။
ရော့ဘင်းကျွန်းပေါ် အတူနေရဲဘော်တွေက နယ်လဆင်မင်ဒဲလား လမ်းလျှောက်တာ တခုတ်တရ ပြောကြ သည်။ သင်္ဘောကမ်းကပ်ပြီး ရော့ဘင်ကျွန်းစတက်တော့ အကျဉ်းဌာနအရာရှိက မင်းဒဲလားကို အပြေး ကလေး တက်ဖို့ အမိန့်ပေးသတဲ့။ မင်ဒဲလားက အဲဒီပုဂ္ဂိုလ်ရဲ့ မျက်နှာကို စူးစူးစိုက်စိုက် ကြည့်လိုက်ပြီး အေး ဆေးစွာ လမ်းလျှောက် တက်သွားသတဲ့။ အကျဉ်းစခန်းမှာ အနေအစားဆင်းရဲရင်၊ စိတ်ဓာတ်ကျစရာကြုံရရင် သူ့ ရဲဘော်တွေ က မင်ဒဲလား လမ်းလျှောက်တာကြည့်ပြီး အားမွေးရသတဲ့။ သူ လမ်းလျှောက်တာ ခမ်းနား လွန်းလှ သတဲ့။

ဗုဒ္ဓစာပေမှာ ရှင်အဿဇိနျင့် ရှင်သာရိပုတ္တရာ တွေ့ဆုံခန်း။ နိတြေဓ သာမဏေနှင့် အသောကမင်းကြီး တွေ့ ဆုံခန်းတွေ က စိတ်ဝင်စားဖွယ်ကောင်းလှသည်။
သာမဏသာရုပ္ပရှိသော ရဟန်းသာမဏေတို့၏ ယဉ်ကျေးဖွယ်ရာ လျှောက်လှမ်းလာတာကြည့်ပြီး တရားထူး တရားမြတ် ရှိမည့် ကျင့်သုံးမည့် ပုဂ္ဂိုလ်မြတ်တွေပဲလို့ မြင်သူက စိတ်တုံးတုံးချလိုက်နိုင်တာ။ မိမိကိုယ် အမူ အရာ ကို သပ်သပ်ရပ်ရပ် သိမ်းဆည်းနိုင်တာ။ ကျစ်ကျစ်လျစ်လျစ် နေတတ်တာ။ လမ်းလျှောက်တတ် သူ တွေကြောင့် လောကကြီး ပြောင်းလဲ သွားခဲ့တဲ့ သက်သေတွေ အထင်အရှား။

(၆)
အလုပ်ကိစ္စအတွက် လမ်းလျှောက်တာ မဖြစ်ချင်။ ကျန်းမာရေးကိစ္စ သက်သက်အတွက် လမ်းလျှောက်တာ လည်း မဖြစ်ချင်။ ခေါင်းကြည့်ဖို့၊ လေကောင်းလေသန့်ရှူဖို့ လမ်းလျှောက်တာလည်း မဖြစ်ချင်။ ပန်းတိုင်တစ် ခုခု ဦးတည်ပြီး လမ်းလျှောက်တာလည်း မဖြစ်လို။ လမ်းလျှောက်ဖို့ သက်သက်အတွက် လမ်းလျှောက်တာ ပဲဖြစ်ချင် သည်။
လမ်းကြီး က ဖြူးဖြောင့်လို့။ လျှောက်လိုက်ရုံ။

ပိတောက်ပွင့်သစ်၊ ဖေဖော်ဝါရီလ၊ ၂၀၁၀
.

2 comments:

Anonymous said...

အားလုံးကို နှစ်သက်ပါတယ် အရမ်းကောင်းပါတယ်

Thu said...

Post by post, more closer to Saya Aung Gyi, a person of ridgid, straight, outspoken and sensible to nature.