ပြန်မရေးချင်သော နှစ်ကာလများ
တိုက်ကြီးရဲစခန်း အချုပ်ခန်းရှေ့သို့ ကိုသက်ဦး၏ မိခင်ဒေါ်လှမြင့်၊ ဇနီးသည်နှင့် သမီးတို့ မောကြီး ပန်းကြီး ရောက်လာကြသည်။ ကိုသက်ဦး ငေးကြောင်ပြီး ကြည့်နေစဉ်မှာပင် မိခင်ကြီးက ချုံးပွဲချ ငိုပါ လေတော့ သည်။
"နင်အဖေ့ဆုံးပြီ ဟဲ့ သက်ဦးရဲ့"
ကိုသက်ဦး မယုံကြည်နိုင် စွာ သံတိုင်တွေကို တင်းတင်းကျပ်ကျပ် ဆုပ်ကိုင်ထားသည်။ အဖေ ဆုံးပြီတဲ့။ မနေ့ကပဲ ရဲစခန်း လာပြီး သူ့သားကြိုက်တတ်သည့် လက်ဖက်ရည်ပေါ့ကျနှင့် မုန်တွေလာပို့ခဲ့သေးသည်။ စကားတွေ ဖောင်လောက်အောင် ပြောပြီး အားပေးသွားလေသည်။ အဖေ ဘာရောဂါနဲ့ ဆုံးတာလဲ။ အဖေက ကျန်းမာရေး ကောင်း သည်။ အဝေးပြေး ကားမောင်းရသူမို့ အညောင်းမိတာမျိုးလောက်ပဲ ရှိ သည်။ ဖြစ်ရလေ အဖေ ရယ်။ ကိုသက်ဦး ပါးပြင်ပေါ် မျက်ရည်များ စီးကျလာသည်။
"ဘယ်လိုဖြစ်ရတာလဲအမေ ဘာရောဂါလဲ ဘာနဲ့ ဆုံးတာလဲ"
ကိုသက်ဦး ၏ အမေကို မိခင်ဖြစ်သူ ဒေါ်စန်းမြင့်က ချက်ချင်း မဖြေနိုင်။ ရင်ဝတွင် တစ်ဆို့နေ၍ နှုတ်ခမ်း သား လှုပ်လာပြိး အသံမထွက်။ ပြီးတော့မှ မျက်ရည်တွေ သုတ်ရင်း သားကို ကြေကွဲစွာ ပြောပြနေ သည်။
"ချွဲဆို့ပြီးသေတာ အသက်ရှူလမ်းကြောင်မှာ ချွဲတစ်သွားတော့ စကားတောင် မပြောနိုင်တော့ဘဲ ဆုံးတာ"
ကိုသက်ဦး သူ့ကံကြမ္မာသူ မယုံကြည်နိုင်အောင် ဖြစ်နေသည်။ သူသည် တိုကကြီးမြို့နယ်မှာ နေထိုင် သော လူငယ် တစ်ယောက်ပီပီ လွတ်လပ်ပေါ့ပါး ပျော်ရွှင်စွာဘ၀ကို ဖြတ်သန်းခဲ့သည်။ သို့သော် ကံကြမ္မာ အပြောင်းအလဲက ၁၉၈၈ ခုနှစ် သြဂုတ်လ ၈ရက်နေ့တွင် စတင်ခဲ့သည်။ အရေးအခင်းကာလ ဖြစ်၍ ရပ်ကွက်ထဲ မှ ကလေးများ ဆန်ဈေးတက်၍ ထမင်းမစားရသည် ကို စိတ်ထိခိုက်ခဲ့ပြီး သူငယ်ချင်း ၁၁ယောက်နှင့် ဆန်ရရှိရန် တိုင်ပင်ဆွေးနွေး ခဲ့သည်။ အကြံမရတော့သည့် နောက်ဆုံး ရန်ကုန်ပြည် ပြေးဆွဲနေသော ရထားကို တိုက်ကြီး ဘူတာ၌ ရပ်တန့်စေ ပြီး ဆန် အလှူခံခဲ့သည်။ စုစုပေါင်း ဆန်၂အိတ် ရရှိခဲ့ပြိး အားလုံးကို ရပ်ကွက်ရှိ ဆင်းရဲသော မိသားစုတွေ ကို ဝေငှခဲ့သည်။
ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တက်လာတော့ ကိုသက်ဦးတို့အားလုံး အဖမ်းခံရသည်။ သို့သော် သတိပေး ဆုံးမပြီး ၂၀.၈.၈၈ တွင် ပဲခူးတိုင်းတရားသူကြီးက လက်မှတ်ထိုးပြီး ပြန်လွှတ်ပေး ခဲ့သည်။ ပြဿနာ တွေအားလုံး အေးအေးဆေးဆေး ပြီးဆုံးသွားပြီဟု ထင်မြင်ခဲ့သည်။ ကိုသက်ဦးလည်း တိုက်ကြီး NLD ပါတီ လူငယ်တာဝန်ခံအဖြစ် ၀င်ရောက်လုပ်ကိုင်ခဲ့သည်။ ထိုအချိန်ရောက်မှ အာဏာပိုင်တွေက ဆန်ကိစ္စကို ပြန်အစဖော်သည်။ ၁၉၈၉ ခုနှစ် ဧပြီလ ၂၀ရက်နေ့တွင် ကိုသက်ဦး၊ ကိုမောင်မြင့် (သံလမ်း လုပ်သား)၊ ကိုလှတင် (ဘူတာဈေးသည်)၊ ကိုနွယ်ဝင်း (သံလမ်းလုပ်သား)၊ ကိုရှဘူး (ပေါင်မုန့်ရောင်း)၊ ကိုပေါက်စ (မုန့်ဟင်းခါးရောင်း)၊ ကိုသံတိုင် (ဘူတာကွမ်းယာရောင်း)၊ ကိုအေးဝင်း (ဆိုက်ကားနင်း)၊ ကိုလှမြင့် (ဈေးသည်)၊ ကိုမော်စီ (ဆီထမင်း၊ ကြက်ကြော်ရောင်း)၊ ကိုတင်လှ (ရေနွေးရောင်း)၊ စုစုပေါင်း (၁၁)ဦး ကို ပြန်လည် ဖမ်းဆီးခဲ့သည်။
ထို့နောက် ပုဒ်မ ၅ (ည)နှင့် တရားစွဲကာ အင်းစိန် ထောင်ထဲ ပို့လိုက်သည်။ ၂လ ကြာမှ တိုက်ကြီးတရားရုံးသို့ ရုံး ထုတ်သည်။
ကိုသက်ဦး က အူကျရောဂါဖြစ်နေ၍ တိုက်ကြီးဆေးရုံတင်ရသည်။ ဆေးရုံတွင် ခွဲစိတ်ကုသမှု အောင်မြင် ပြီးနောက် ထောင်ပြန်မပို့တော့ဘဲ တိုက်ကြီးအချုပ်မှာ ပို့ထားသည်။ ထို့ကြောင့် မိသားစုများနှင့် တွေ့ခွင့်ရသည်။ ဤကာလ အတွင်း ဖခင်ဖြစ်သူက အချုပ်သို့ တစ်နေ့တစ်ခေါက် လာကြည့်လေ့ ရှိသည်။ ကောင်းတာ လုပ်ခဲ့သည့် အတွက် သူ့သား ဒုက္ခမရောက်နိုင်ဟု ယုံကြည်နေသည်။ သို့သော် နောက်ဆုံး လက်ဖက်ရည် ပေါ့ကျ လာပို့သွားပြီးနောက် ရုတ်တရက် ဆုံးပါးသွားရခြင်း ဖြစ်သည်။ ဖခင် ကို နောက်ဆုံး ကန်တော့ခြင်းဖြင့် ကန်တော့ဖို့ အသုဘလိုက်ပို့ရန် ကိုသက်ဦးက မြို့နယ်ရဲမှူးထံကို တင်ပြ သည်။ သက်ဆိုင်ရာ က ပုဒ်မ ၅ (ည) ဖြစ်နေ၍ ခွင့်မပြုနိုင်ဟုဆိုသည်။
ကိုသက်ဦး စိတ်ဓာတ်ကျသွား သည်။ သူ့မိခင်က မြို့နယ် မ.၀.တ ဥက္ကဋ္ဌထံ သုံးကြိမ် သုံးခါ သွားပြီး တောင်းပန် အသနားခံသည်။ တိကျရှင်းလင်းသော အဖြေမရခဲ့။ ဖခင်အလောင်းကို နောက်ဆုံးမတွေ့ရတော့ဘူးလားဆိုပြီး စိုးရိမ် ပူပန်နေရသည်။ ဒီလိုကိစ္စမျိုးတွေကို မည်သူမျှ ခေါင်းမခံလိုကြ။ သနားစရာရှိလျှင် စိတ်ထဲကသာ သနားကြ မည်။ မိမိအကျိုးစီးပွားကို ထိခိုက်လာမည်ဆိုလျှင် မည်သည့်ကိစ္စမဆို လျစ်လျူရှုထားလိုက် မည်ဆိုသည့် လူအမျိုးအစားက များနေသော အချိန်ကာလ ဖြစ်သည်။ အသုဘချမည့်နေ့သို့ ရောက် လာသည်။ ရဲစခန်းက မည်သည့်အမိန့် မှ မလာဟု ပြောသည်။ ကိုသက်ဦး အချုပ်ခန်းထောင့်တွင် နွမ်းလျစွာ ထိုင်နေလိုက်စဉ် မြို့နယ်ဥက္ကဋ္ဌ ရောက်လာသည်။ သူက ကိုသက်ဦးကို သနား၍ ဖခင် အသုဘချစဉ် လမ်းတစ်ဖက်မှ ကန်တော့နိုင် ရန် နာရီဝက်အချိန်ပေးမည်ဟု ပြောသည်။
ကိုသက်ဦး အချိန်မဆိုင်းတော့ဘဲ ကပျာကယာ အ၀တ်အစားလဲပြီး ရဲသား ၄ယောက် ရဲအရာရှိတစ်ယောက် လိုက် ပါလာသော ဟိုင်းလပ်ကားပေါ်တက်ခဲ့ရသည်။
ဖခင်အသုဘ ချလာမည့် တိုက်ကြီး-ရန်ကုန်ကားလမ်း ခုလတ်တွင် သူတို့ကားရပ်စောင့်နေသည်။ ရဲအရာရှိက လမ်း တစ်ဖက်ခြမ်းကို ကူးခွင့်မရှိကြောင်း ကိုသက်ဦးကို အထပ်ထပ်မှာသည်။ လမ်းတစ်ဖက်မှသာ ကန်တော့ခွင့် ရမည်။ မိနစ် အနည်းငယ်အကြာတွင် ဖခင်အသုဘချလာသည်ကို တွေ့ရသည်။ မြို့မိမြို့ဖ များ၊ ကျောင်းသား၊ ကျောင်းသူများ၊ NLD ပါတီဝင်များ လိုက်ပါပို့ဆောင်သည် ကို တွေ့ရသည်။ ကိုသက်ဦး ၀မ်းနည်း စိတ်ထိခိုက်ခြင်းကို ထိန်းချုပ်ထား၍မရ။ ကားလမ်းဘေးမှနေ၍ ကန်တော့ရန် ပြင်ဆင်လိုက်သည်။ မျက်ရည်တွေ က တသွင်သွင် စီးကျနေသည်။ စိတ်ထဲမှ ကျိတ်ပြီး ဆုတောင်းသည်။
"ဘ၀ဆက်တိုင်း ဒီလိုကံကြမ္မာမျိုးနဲ့ မကြုံပါရစေနဲ့ အဖေရယ်"
အလောင်းထမ်းလာသော လှည်းကို ကိုသက်ဦး ဦးခိုက်ကန်တော့လိုက်သည်။ လမ်းတစ်ဖက်မှ မိခင်က ကိုသက်ဦး ကို လှမ်းမြင်သွားသည်။ မိခင်က နေအပူရှိန်ကြောင့် တံလှပ်တွေထပြီး ကတ္တရာတွေ အရည်ပျော်နေ သည့် လမ်းကို ခြေဗလာဖြင့် ဖြတ်ကူးလာသည်။ ကိုသက်ဦးကို ဖက်ငိုသည်။ ထုရိုက် သည်။
"အများ အတွက် မိုက်ချင်တဲ့ကောင် ခုတော့ အဖေ အသုဘတောင် လိုက်ပို့လို့ မရတော့ဘူးဟဲ့ အများအတွက် လုပ်ချင်ဦး လူမိုက်ကြီး ရဲ့"
ကိုသက်ဦး မိခင်ကို နှစ်သိမ့်စကားပြန်ရန် စကားလုံးများ ရှာမရ။ သူ့ရင်ထဲတွင် ဆို့နစ်ကြေကွဲနေသည်။ မိခင်က သူ့ကို တိုင်တည်အော်ဟစ်ရင်း လမ်းတစ်ဖက် ဖခင်အလောင်းရှိရာသို့ ပြေးသွားပြန်ပါသည်။ မျက်ရည်ပြည့်နေသော မျက်လုံးအိမ်မှ မိခင်အဖြစ်ကို ၀ိုးတ၀ါး မြင်တွေ့နေရသည်။ ဒေါ်လှမြင့်က ခင်ပွန်းအလောင်း ကို ကြည့်ပြီး တတွတ်တွတ်ပြောဆိုကာ ကိုသက်ဦးထံ ပြေးလာပြန်ပါသည်။
ထောင်ကျတော့မည့်သားနှင့် ကွယ်လွန်သွားသည့် ခင်ပွန်းကြားတွင် ဗျာများနေသည့် မိန်းမသားတစ်ဦး ထိုမိန်းမ ကို အသုဘလိုက်ပို့သော လူအုပ်ကြီးက သနားစာနာစွာဖြင့် ရပ်ကြည့်နေသည်။ ဒေါ်လှမြင့်မှာ စိတ် ထိခိုက်ပြီး နောက်ဆုံးကတ္တရာ လမ်းပေါ်လဲကျ သတိလစ်သွားတော့သည်။ ကိုသက်ဦး မိခင် ထံ ပြေးသွားမည်ပြုခိုက်တွင် တာဝန်ရှိ ရဲသားနှစ်ဦးကို ပုခုံးတစ်ဖက်တစ်ချက်မှ ကိုင်ပြီးကားပေါ်တင်လိုက် သည်။ အခြေအနေ က ရုတ်ရုတ်သဲသဲ ဖြစ်လာနိုင်သည်။ အသုဘပို့သည့်သူများက ရပ်နေကြသည်။ အသုဘလှည်းက ဆက် မသွားတော့။ အရာရှိက ရဲသားတွေကို မျက်နှာရိပ် မျက်နှာကဲ ပြလိုက်သည် ကားဆရာက ကားစက်ကို ချက်ချင်းနှိုး သည်။ ဖခင်၏ အလောင်းစင်ရှိရာသို့ ကိုသက်ဦး နောက်ဆုံး တစ်ချက်လှည့်ကြည့်လိုက်သည်။ ထို့နောက် ကား သည် ရဲစခန်းဝင်းထဲရှိ အချုပ်ခန်းသို့ ဦးတည် မောင်းထွက်သွားတော့သည်။
အချုပ်ခန်း ပြန်ရောက်တော့ ကိုသက်ဦး ခြေကုန်လက်ပန်းကျပြီး ဘာမှမစားနိုင်။ ကြမ်းပြင်ပေါ် မလှုပ်မယှက် လှဲနေ သည်။ အဖေသည် အိမ်မက်ဆန်ဆန် လူ့လောကထဲမှ ထွက်ခွာသွားခြင်း ဖြစ် သည်။ သူ့သား၏ ကံကြမ္မာကိုလည်း သိခွင့်မရတော့။ ကိုသက်ဦးတို့ အမှုကို နောက်တစ်နေ့တွင် တိုက်ကြီးတရားရုံးသို့ ရုံး ထုတ်သည်။ သို့သော် လက်ဖက်ရည်ပေါ့ကျလာပို့ပေးမည့်သူ မရှိတော့။ အင်းစိန်ထောင်သို့ မပြောင်းရွှေ့ခင် ၁၉၉၀ ဧပြီလ ၂ရက်နေ့၌ ကိုသက်ဦးနှင့် အပေါင်းအပါ ၁၁ဦးအား တိုက်ကြီးမြို့နယ် တရားရုံးမှ အရေးပေါ် စီမံချက်အက်ဥပဒေ ၅(ည)ဖြင့် ထောင်ဒဏ် ၃နှစ်စီ အပြစ်ပေး အရေးယူခဲ့ပါသည်။ ကိုသက်ဦးကိုလည်း အင်းစိန်ထောင်၊ သရက်ထောင်များတွင် အချိန်ကုန်ဆုံး ကျခံ စေခဲ့သည်။ ၁၉၉၁ ခုနှစ်၊ စက်တင်ဘာလ တွင် ပြန်လည် လွတ်မြောက်ခဲ့ပါသည်။ နှစ်တွေကတော့ ကြာမြင်ခဲ့ပါပြီ။ သို့သော် ကိုသက်ဦး စိတ်ထဲတွင် အဝေးပြေးကားမောင်းသမားကြီးဖြစ်သူ ဖခင်နှင့် ကြေကွဲစွာ ခွဲခွာရပုံကို ယနေ့အချိန်ထိ မနေ့တစ်နေ့ကလို မှတ်မိနေ ဆဲ ဖြစ်ပါသည်။ နှလုံးသားတွေ လည်း နာကျင်နေဆဲ ဖြစ်သည်။ သူနှင့်အတူ ထောင်ဒဏ်အသီးသိး ကျခံခဲ့ရသော တိုက်ကြီးမြို့မှ သူငယ်ချင်းများအနက် ၂ဦးကွယ်လွန်ခဲ့ပြီး ဖြစ်ပါသည်။ ၉ဦးသာ ကျန်ရှိတော့သည်။ သူတို့ ကတော့ ဘူတာရုံမှာကျင်လည်ပြီး ဘ၀ကို ရုန်းကန်နေရဆဲ ဖြစ်သည်။
ဆန်တစ်ပြည် ၁၀ကျပ် ဆိုတာလည်း အခုကာလတွင် ဟာသ ဖြစ်သွားပါပြီ။
တိုက်ကြီးကိုသက်ဦး ကတော့ လက်ဖက်ရည်ပေါ့ကျတစ်ခွက်သောက်ရင်း မြို့ရဲ့ ပရဟိတ္တအလုပ်တွေကို မမောနိုင် မပမ်းနိုင် လုပ်ကိုင်နေ ဆဲ ဖြစ်ပါသည်။
ငါတို့ပြန်မှ ရွာပါမိုး
၁၉၈၈ ဒီမိုကရေစီ လှုပ်ရှားမှု လှိုင်းလုံးကြီးထဲမှာ လူပေါင်းစုံ အဖွဲ့အစည်းပေါင်းစုံ ပါဝင်ခဲ့ကြပေမယ့် အဓိက ဦးဆောင် လှုပ်ရှားခဲ့တဲ့ သူတွေကတော့ ကျောင်းတော်သားတွေပါပဲ။ ကျောင်းသားတွေဟာ လွတ်လပ်ကောင်းမွန် တဲ့ ခေတ်တစ်ခေတ် ကို ရရှိဖို့ ကြိုးစားတဲ့နေရာမှာတော့ အဖွဲ့အစည်းတွေ အမျိုးမျိုး ကွဲပြားခဲ့ပါတယ်။ ဒီအဖွဲ့တွေထဲက ထင်ရှားတဲ့အဖွဲ့တွေကို ရေးပြရရင် ဗမာနိုင်ငံလုံး ဆိုင်ရာ ကျောင်းသားသမဂ္ဂ (ဗ က သ) တွေ ဖြစ်ပါတယ်။ သူတို့တွေက အစိုးရရဲ့ ဥပဒေစည်းမျဉ်း တွေကို အဓိက စိန်ခေါ်သူတွေ ဖြစ်လာကြတော့ အတော်များများ ထောင်ထဲကို ရောက်လာကြ တယ်။ အပြင်မှာ အဖွဲ့တွေ ဘယ်လိုပဲ ကွဲခဲ့ကွဲခဲ့ ထောင်ထဲရောက်တော့ တစ်ယောက်နဲ့ တစ်ယောက် ကျောချင်းကပ်၊ ရင်ချင်းအပ်ထားတဲ့ ရဲဘော်ရဲဘက်တွေ ဖြစ်လာကြပါတယ်။ ဒီထဲမှာ ဥမမယ်စာမမြောက် ကလေးတွေလည်း ပါပါတယ်။ သူတို့တွေအများစုကတော့ (အကသ) လို့ခေါ် တဲ့ အခြေခံကျောင်းသားသမဂ္ဂ ဖြစ်ကြပါတယ်။
ရှစ်တန်း၊ ကိုးတန်း၊ ဆယ်တန်းသမားတွေ ဖြစ်တဲ့ ဒီလူငယ်တွေဟာ တရားမ၀င်အဖွဲ့အစည်း ဖွဲ့စည်းမှုကြောင့် ပြစ်ဒဏ်တွေ ချမှတ်ခံခဲ့ရပါတယ်။ ဒီအဖွဲ့ထဲက ထင်ရှားတဲ့ သူတွေကို ပြောရရင် မင်းဇင်၊ ရဲမော်ထူး၊ ရဲကျော်စွာ၊ အောင်သွင်၊ ထင်ရာဇာကျော်ကျော်တိတ်၊ သိန်းထွန်းဦး၊ စီအောင်နဲ့ လှထွန်း တို့ ဖြစ်ပါတယ်။ ဒီကောင်တွေ ထောင်ထဲရောက်လာတော့ နောင်တော် ကျောင်းသားကြီးတွေက မိဘတွေကို အစစ အရာရာ စောင့်ရှောက်ခဲ့ကြရတာပါ။ ဒီ အ.က.သ အုပ်စုထဲမှာ ဟိုစပ်ဟပ် ဒီစပ်စပ် အပါဆုံး ကတော့ တစ်ချိန် က နာမည်ကျော်မူခင်းဆရာဝန်ကြီး ဒေါက်တာမောင်မောင်တိတ်ရဲ့ မြေး ထက်ရာဇာကျော်ကျော်တိတ် ပါပဲ။ သူ့ကို VOA ရောက်နေ တဲ့ ကိုကျော်ကျော်သိန်းတို့၊ ကိုဝင်းနိုင်ဦးတို့က ၄ဆောင်မှာ ထိန်းရသလို ရဲကျော်စွာ တို့၊ လှထွန်းတို့ကိုလည်း စက်မှုတက္ကသိုလ်ကျောင်းသား၊ စည်သူထွဋ်တို့၊ ကြည့်မြင်တိုင်က အေးသန်းတို့က ၅ဆောင် မှာ စောင့်ရှောက်ကြရပါတယ်။
သူတို့တွေကတော့ အင်းစိန်ထောင်ရောက်လာတာကို ကြောက်ရွံ့တဲ့ပုံမပြဘဲ အဆောင်ရောက်နေ သလို ပျော်ရွှင်အူမြူး နေကြတယ်။ သူတို့မသိသေးဘဲ နိုင်ငံရေးအကြောင်းအရာတွေကို စုံစမ်းမေးမြန်း ကြတယ်။ လေ့လာ မှတ်သားကြတယ်။ တချို့က အင်္ဂလိပ်စာ ကို ခိုးပြီးသင်ကြရတယ်။ တစ်ခုခု အပြစ်လုပ်မိလို့ မိသွား ရင် လည်း ထောင်ဝါဒါရဲ့ နံပါတ်တုတ် နဲ့ မကြာခဏ မိတ်ဆက်ရတာပဲ။ ဒါပေမဲ့ အစ်ကိုတွေ၊ နောင်တော်တွေ ရဲ့ အဆုံးအမတွေကြောင့် အ.က.သတွေ ထောင်ထဲမှာ တဖြည်းဖြည်း ထုသား ပေသား ကျလာတယ်။ အတွေးအခေါ်၊ အပြောအဆိုတွေကလည်း ရင့်ကျက်လာတယ်။ အများ အတွက် လှုပ်ရှား တဲ့ ဘယ်ကိစ္စမှာ မဆို ရှေ့တန်းကပါကြတယ်။ ဒါကြောင့်လည်း စစ်ခွေးတိုက်အပို့ခံ ရတာ တို့၊ ထောင်ဝင်စာ ပိတ်တာတို့ အပြစ်ပေးတာခံရတယ်။
၅(ည)နဲ့ ဖမ်းထား တဲ့ သူတွေက အဲဒီအချိန်က တော်တော်များပါတယ်။ အဆောင် ၅ဆောင် ရှိတာ မှာ တစ်ဆောင် ကို နိုင်ငံရေးအကျဉ်းသားက လူ ၂၀၀ လောက် ရှိပါတယ်။ တိုက် ၆တိုက်မှာလည်း အပြည့်ပဲ။ အဆောင်မှာနေ တဲ့ သူတွေထဲမှာ ဆရာတော်ကြီးတေ၊ွ နိုင်ငံရေးသမားအိုကြီးတွေ၊ ကျန်းမာရေးချူချာတဲ့သူတွေနဲ့ လူငယ်တွေကို အဆောင်ရဲ့ အုတ်ရိုးတန်းလို့ခေါ်တဲ့ ဘေးတန်မှာ အိပ်စေတယ်။ အုတ်ရိုးတန်း က လေ၀င်လေထွက် ကောင်းတယ်။ အလယ်တန်းထက် ပိုပြီးသန့်ပြန့် ပါတယ်။ ရိုးရိုးအကျဉ်းသားတစ်ယောက် အုတ်ရိုးတန်းအိပ်ချင်ရင် သိပ်မလွယ်ပါဘူး။ ထောင်ရဲ့ တာဝန်ရှိသူအဆင့်ဆင့်ထံမှာ လိုင်းဝင်မှ ရပါတယ်။ ထောင်အခေါ် "ဘောက်ချာ" တွေပေါ့။ ရဲကျော်စွာတို့လို စီအောင်တို့လို အ.က.သ တွေကိုလည်း အုတ်ရိုးတန်းမှာ အိပ်စေပါတယ်။ အဲဒီလိုနဲ့ ရာသီက နွေအကုန် မိုးတစ်ပြိုက်နှစ်ပြိုက်ရွာပြီး စ အချိန် ကို ရောက်လာပါတယ်။
ထောင်ဟာ တစ်ကယ်တော့ လုံခြုံရေးက အရေးကြီးဆုံးဖြစ်တဲ့အတွက် မီးပျက်လို့ မရတဲ့ အထဲမှာ ပါပါတယ်။ ထောင်တို့၊ ဆေးရုံတို့၊ ရဲစခန်းတို့ဟာ ဦးစားပေးရမယ့် VIP တွေ ဖြစ်ပါတယ်။ ဒီတော့ အင်းစိန်ထောင်ကလည်း ၁၉၈၉ လောက်က မီးပျက်လေ့ သိပ်မရှိပါဘူး။ တစ်ရက်မှာတော့ ညနေစောင်း မိုးဖွဲဖွဲလေး ရွာ သွားတယ်။ ညကျတော့ လူတွေ မတန်တဆ ပြွတ်သိပ်ထည့်ထားတဲ့ အခန်းဆိုတော့ အားလုံးချွေးပြိုက်ပြိုက် ကျပြီး အိုက်နေကြတယ်။ လူ ၁၀၀ လောက် အိပ်ရမယ့် အခန်းမှာ လူ ၂၂၀ လောက် ထည့်ထားတော့ အတော်များများက အင်္ကျီချွတ်ထားကြတယ်။ ဒီဒုက္ခ လောက်ကိုတော့ ထောင်သားတွေ စာ မဖွဲ့ပါဘူး။
စကားပြောရင်း ဆေးလိပ်သောက်ရင်း၊ ရီရင်း၊ မောရင်း ညကို ကျော်ဖြတ်လေ့ ရှိကြပါတယ်။ အားလုံးအေးဆေးပေါ့။ ဒါပေမဲ့ ည ၈နာရီလောက် ရောက်တဲ့အခါ အခန်းထဲကို မြေအောင်းသတ္တ၀ါတွေဖြစ်တဲ့ ပလူတွေ၊ နှံကောင်တွေ၊ ပုရစ်တွေ ၀င်လာကြတယ်။ အခန်းလူကြီးက မီးချောင်းဘေးမှာ သစ်ကိုင်းလေးတွေ တက်ချိတ်တယ်။ မရပါ ဘူး။ အကောင်တွေက များတော့ တချို့က အင်္ကျီကို ခေါင်းမှပတ်ပြီး အိပ်ကြတယ်။ ည ၁၀နာရီ လောက် ကျမှ အခန်းထဲမှ အကောင်တွေ တော်တော်နည်းသွားသည်။ အားလုံးအိပ်မောကျစပြုနေ ပြီ။ ဒီအချိန် မှာ ငယ်သံပါအောင် အောလိုက်တဲ့ အသံတစ်ခုကို ကြားလိုက်ရတယ်။ အလန့်တကြားနဲ့ ထကြည့် လိုက်တော့ အ.က.သ က လှထွန်း က နားကို လက်နဲ့ အုပ်ပြီးအော်နေတယ်။ တချို့က သူ့အနားပြေး သွားကြတယ်။ လုံခြုံရေးတာဝန်ကျနေတဲ့ ထောင်အမှုထမ်းလည်း ရောက်လာတယ်။ အဖြစ်ကတော့ လှထွန်းနား ထဲ ပုရစ် တစ်ကောင် ၀င်သွားခြင်းပါ။
ကျောင်းသားကြီးတွေက လှထွန်း နားထဲက ပုရစ်ကို ဆွဲထုတ်ပေးကြတယ်။ ဒါပေမဲ့ ပုရစ် ကလည်း ကြောက်အား လန့်အားနဲ့ နားအတွင်းသား ကို ကိုက်ထားတော့ ဆွဲထုတ်လို့ မရဘူး။ ခြေထောက်တွေလက်တွေပဲ ကျိုးပဲ့ပြီး ထွက် လာပါတယ်။ ခေါင်းမာတဲ့ ပုရစ်က လုံးဝမလှုပ်ဘူး။ ထောင်ဝါဒါကတစ်ဆင့် ဆေးရုံက တာဝန်ကျဆေးမှူး ကို သွားခေါ်ခိုင်းတယ်။ ရောက် မလာဘူး။ လှထွန်းကတော့ နာလွန်းလို့ အသံကုန်ဟစ်ပြီး အော်နေတယ်။ ညနက်လေ လှထွန်း အသံက ပိုပြီး ကျယ်လေပဲ။
ဒီအချိန်မှာပဲ ပုသိမ်စိုးနိုင် က အကြံတစ်ခု ပေးတယ်။ သူ့အကြံက အလွယ်တကူရတဲ့ ယိုးဒယား နှာရှူဆေးဘူး အဖုံးကို ဖြတ်ထုတ်ပြီး ဆေးရည်တွေနားထဲ လောင်းထည့်ခိုင်းတယ်။ ပုရစ်က ပရုပ်ပါ တဲ့အရည်ကြောင့် မွန်သွားအောင် လုပ်တာတဲ့။ ဒါကြောင့် လှထွန်းနားထဲကို နှာရှူဘူးထဲက အရည်တွေကိုလောင်းထည့်တယ်။
စိုးနိုင်ပြောတာ မှန်ပါတယ်။ ပုရစ်က လန့်ပြီးပါးစပ်နဲ့ ကိုက်တာ ကို လွှတ်လိုက်မှ နားထဲက ဆွဲထုတ်လို့ရ သွားတယ်။ လှထွန်း လည်း အအော်ရပ်သွားတယ်။ မျက်နှာ မှာတော့ မျက်ရည်စတွေနဲ့ တကယ့် ကလေးလေး တစ်ယောက်လိုပါ။ လှထွန်း က စမ်းချောင်း အ.ကသ ကနေ ထောင်ကျလာတာ ဖြစ်ပါတယ်။ ပြစ်ဒဏ်ကတော့ ၃နှစ် ဖြစ်ပြီး စစ်ခုံရုံး က ချမှတ် လိုက်တာပါ။ အဲဒီအချိန်ကာလ နားထဲကို ပရုပ်ရည်တွေ လောင်းထည့်ရင် အန္တရာယ် ဖြစ် တာတွေ မဖြစ်တာတွေ ဘာမှမသိကြဘူး။ လတ်တလော နားကို ဒုက္ခပေးနေ တဲ့ ပြဿနာကို ပြေလည် အောင် ဖြေရှင်းခဲ့ကြတာပဲ ဖြစ်ပါတယ်။ ထောင်မှာက အရေးအကြောင်းဆို အရေးပေါ် ဘယ်လောက်အော်အော် ဆေးမှူးတွေက လာကြတာ မဟုတ်ပါဘူး။ စိုးနိုင်ကလည်း သူအကြံပေး ခဲ့တာ မှန် မမှန် ဒီနေ့အချိန်အထိတောင် အဖြေမပေးနိုင်သေးဘူး။ သူ့အကြံမှန်သလား၊ မှားသလား ခုထိ မဝေခွဲနိုင်ဘူး။ လတ်တလော မှာ လှထွန်းနားထဲ ပုရစ်ဝင်တာ သက်သာသွားပေမယ့် ထောင်ကလွတ်ပြီး အပြင်ပြန်ရောက်တော့ လှထွန်း ခမျာ တစ်ခြားရောဂါနဲ့ ဆုံးပါးသွားတယ်။
သူ့သူငယ်ချင်းတွေဖြစ်တဲ့ မင်းဇင်နဲ့ ထက်ရာဇာ အမေရိကားမှာ။ အောင်သွင်က အင်္ဂလန်မှာ အလုပ်လုပ်နေပြီ။ သူတို့တွေလည်း လူလတ်ပိုင်းအရွယ်တွေ ဖြစ်ကုန်ကြပြီ။ လွန်ခဲ့တဲ့ ၂၃နှစ်တာ ကာလတုန်းကတော့ ကျွန်တော်တို့ဟာ တိုင်းပြည်ကံကြမ္မာကောင်းမွန်လာဖို့ ဆုတောင်းတာပဲ တတ်နိုင်ခဲ့ကြတယ်။ ပြီးတော့ လူငယ်တွေ ရဲ့ နားထဲ ပုရစ်မ၀င်အောင်လည်း "ငါတို့ ပြန်မှာရွာပါမိုး" လို့ ခပ်တိုးတိုးဆုတောင်း ဖြစ်ခဲ့ကြတယ်။
အစိမ်းရောင် တော်လှန်ရေး
ကျွန်တော်တို့ပုဒ်မ ၅ (ည) တွေကို အင်းစိန်ထောင်ထဲမှာ အများနဲ့ရောမထားဘဲ တိုက်တွေထဲမှာ သီးခြားထားလေ့ရှိပါတယ်။ ဒါပေမဲ့ ဖမ်းဆီးထောင်ချထားတဲ့ လူအရေအတွက်များတော့ တိုက်ခန်းတွေ မှာ လူတွေအပြည့်ပါပဲ။ ၁၀ ပေ ပတ်လည် အခန်းတစ်ခန်းမှာ လူ ၅ ယောက်လောက်နေရတော့ လူး သာလွန့်သာတောင် မရှိပါဘူး။ အဆိုးဝါးဆုံးကတော့ ထမင်းစားလည်း ဒီနေရာ၊ မိလ္လာတက်လည်း ဒီနေရာဖြစ်နေတဲ့ ကိစ္စပါ။ တစ်နေ့လုံးကို ရေချိုးချိန်နဲ့ လမ်းလျှောက်ချိန် ၁ နာရီလောက်သာ တိုက်ခန်း အပြင်ဘက်ကို ဆင်းလို့ရပါတယ်။ ကျန်တဲ့အချိန်တွေမှာတော့ ၁၀ ပေ ပတ်လည် အခန်း ကျဉ်းကျဉ်း လေးထဲ မှာ နေပေတော့။ လူတစ်ယောက် အိမ်သာတက်နေရင် ဖျာလိပ်ထောင်ထားပြီး ကျန်တဲ့သူက အခန်းရှေ့က သံတိုင်တွေ ကို မျက်နှာအပ်ထားပြီး အနံ့ဆိုးတွေကို ရှောင်ကျဉ်လေ့ရှိပါတယ်။ အိမ်သာ တက်ပြီးသွားရင် တစ်ယောက်ယောက် က ပုဆိုးတစ်ထည်နဲ့ တိုက်ခန်းထဲက လေကို ခပ်ထုတ်ရပါ တယ်။ ဒါမှ လေထု သန့်ရှင်းသွားပြီး အားလုံးနေလို့ ထိုင်လို့ရပါတယ်။
ထောင်က ကျွေးတာကတော့ မနက် ပဲဟင်း၊ ညနေတာလဘောပေါ့။ လုံးတီးဆန်တွေထဲမှာ ပါတဲ့ ခဲလုံးတွေကို အလှည့်ကျ တစ် ယောက်စီက ဒိုင်ခံရွေးရပါတယ်။ ခဲလုံးရွေးချိန် မိနစ် ၃၀ လောက်အပြီးမှာ ထမင်းစားကြရ ပါတယ်။ အများစုက ထောင်ဝင်စာမလာနိုင်ကြပါဘူး။ လာတဲ့သူအနည်းငယ်ရဲ့ငပိကြော်၊ ဘာလချောင်ကြော်၊ သရက်သီးသနပ်၊ သံပုရာသီးသနပ် စာတာတွေကို တစ်ယောက်ကိုသာ နည်းနည်းစီနဲ့ ထမင်းတစ်ပန်း ကန်ကို ကုန်အောင်လွေးကြ ရတာပါ။ တိုက်ထဲမှာဆိုတော့ ဟင်းသီးဟင်းရွက်ကလည်း မရှိဘူး၊ ရှိတဲ့ စိုက်ခင်းတွေ ဆီကလည်း ခူးယူခွင့်မပြုပါဘူး။ သူ့တောင်ယာနဲ့သူ အကျဉ်းသားဘုတ်ကိုင်တွေရှိပါတယ်။ ဒီတောင်ယာတွေ ကနေ အလှည့်ကျခူးဆွတ်ပြီး ဖိုကြီးကို ပေးသွင်းရတာ ဖြစ်ပါတယ်။
တစ်ခါတလေကျတော့ ၅ (ည) တွေဆိုတာကလည်း လူသားတွေပဲမဟုတ်လား။ ငပိကြော်နဲ့ ချည်းစားရ တော့ စိမ်းစိမ်းစိုစိုလေးတွေ ကိုတောင် တမိကြတယ်။ ဒီတော့ ရေချိုးချရင် လမ်းလျှောက်သလိုလိုနဲ့ စိုက် ခင်းနားကပ်ပြီး ခရမ်းသီးလေးတွေ၊ ဆလပ်ရွက်လေးတွေကို လူအလစ်ခူးဆွတ်တတ်ကြတ်။ ပြီးမှ တိုက် ခန်းထဲရောက် ရင် ရေစင်စင်ဆေးပြီး အစိမ်းလိုက်တို့စားကြတာပဲ။ ခိုးခူးတုန်း ဝန်ထမ်းနဲ့ မိသွား ရင် ရေချိုးတစ်ရက်၊ နှစ်ရက် ပိတ်ပြီးပြစ် ဒဏ်ပေးလေ့ရှိတယ်။ ဒါပေမဲ့ စိမ်းစိမ်းစိုစိုစားချင်တော့ ဒီလိုပဲ စွန့်စားကြရတာပဲ။
တချို့ကတော့ ဒီထက်ပိုပြီး စွန့်စားတယ်။ တောင်ယာဘုတ်ကိုင်တွေကို ဆေးလိပ်ပေးလိုက်၊ ပုံစံအင်္ကျီ ပေးလိုက်၊ သွားတိုက်ဆေးပေး လိုက်နဲ့ စည်းရုံးတယ်။ အပေးအယူတည့်ရင် ချဉ်ပေါင်ရွက်တွေ၊ မုန်လာဥ တွေရတတ်တယ်။ ရတဲ့အခါမျိုး မှာ ဝမ်းတွေသာလွန်းလို့ မစားရက်၊ မတို့ရက်ဘဲ ဒီအတိုင်းကြည့်နေကြ တာမျိုးတောင် ရှိတယ်။ ဒါပေမဲ့ တိုက်ခန်း ထဲမှာ မီးမရှိတဲ့အတွက် ဒါတွေကို ချက်ပြုတ်ဖို့ဆိုတာ တော် တော်ခက်ပါတယ်။ ဒီလိုခက်တဲ့ကြား က ချဉ်ပေါင်ဟင်းသောက်လို့ရအောင် ကြံဖန်တတ်တဲ့လူက ရှိသေး တယ်။
ချဉ်ပေါင်ရွက်တွေ ကို ဆားနဲ့နယ်ပြီး ကြွပ်ကြွပ်အိတ်ထဲမှာ တင်းတင်းကျပ်ကျပ် ချည်လိုက်တယ်။ ပြီးတော့ အဲဒီချဉ်ပေါင်ထုပ် ကို ကြိုးတစ်ကြိုးနဲ့ထိပ်မှာချည်ပြီး ရေချိုးခန်းခေါင်မိုးသွပ်ပေါ်ကို ပစ်တင်ထား လိုက်တယ်။ အဲဒီလို တစ်နေ့လုံးလှမ်းထားပြီး ညနေရောက်မှ ခေါင်မိုးပေါ်က အထုပ်ကို ကြိုးနဲ့ဆွဲချ လိုက် တယ်။ ကြွပ်ကြွပ်အိတ် ကိုဖြည်လိုက်တော့ ချဉ်ပေါင်ရွက်တွေက နွမ်းပြီး အရည်တွေတောင် ထွက် နေပြီ။ အဲဒီအခြေအနေရောက် မှ ပုဂံထဲထည့် အချိုမှုန့်နည်းနည်းခပ်ပြီး ရေနွေးရောလိုက်တော့ ချဉ် ပေါင်ဟင်းရည် တစ်ခွက်ဖြစ်သွားရော၊ အဲဒီလိုမျိုး နေ့ရက်တွေ ဆို ထမင်းတော်တော်မြိန်ကြတယ်။
တချို့ ၅ (ည) တွေက အခြေအနေပေးရင် ပေးသလို ဒီထက်စွန့်စားကြပြန်ရော။ ကန်စွန်းရွက်တို့ ချဉ် ပေါင်ရွက် တို့ ရခဲ့ရင် ပလတ်စတစ်သောက်ရေခွက်တွေ၊ ရေချိုးခွက်အဟောင်းတွေကို ချိုးဖဲ့ပြီး လောင်စာ လုပ်ကြတယ်။ ဒန်နဲ့လုပ်ထား တဲ့ ပုံစံပန်းကန်ပြားထဲကို ဆီထည့်ပြီး စုထားတဲ့ ပလတ်စတစ်လောင်စာ တွေနဲ့ တိုက်ခန်းထဲမှာ ကန်စွန်းရွက်တွေ ကြော်တော့တာပဲ။
ကြော်တဲ့နေရာမှာလည်း ကျွမ်းကျင် ဖို့ လို တယ်။ တိုက်ခန်းအပြင်ကို မီးခိုးမတွက်စေရ။ ကန်စွန်းရွက်ကြော် အနံ့ မထွက်စေရ။ ဒီလိုကျွမ်းကျင်ပါ လျက်နဲ့ တစ်ခါတစ်ရံ ဝန်ထမ်းနဲ့မိပြီး တစ်တိုက်လုံး ၁ လလောက် မီးခိုးတိတ် သွားရတာတွေလည်း ရှိ သေးတယ်။ ထောင်အခေါ် တလာစီ (ရုတ်တရက် စစ်ဆေးခြင်း)လုပ်လို့ နိုင်ငံရေး စာရွက် စာတမ်း၊ ဘောပင်တို့၊ သတင်းစာတို့မိပြီဆိုရင်တော့ အားလုံးရင်ဆိုင်နိုင်အောင် အသင့်သာပြင် ထားကြပေတော့။ မိတဲ့ ကာယကံရှင်တွေကို စစ်ခွေးပို့ရုံမကဘဲ တိုက်မှကျန်နေခဲ့တဲ့ လူတွေ ကိုလည်း ထောင်ဝင်စာ ပိတ်တာ တွေ၊ ရေချိုးမချတာတွေ လုပ်တတ်ပါတယ်။ ဒီလိုပြစ်ဒဏ်မျိုး ကြာရှည်သွားရင် လူတွေက စိမ်းစိမ်းစိုစို တွေကို ပြန်လည်တောင့်တလာကြပြန်ပါပြီ။ အဲဒီလိုအခါမျိုးမှာ အကြံအဖန်မျိုးစံ လုပ်ရတော့ တာပဲ။ မြောက်ဥက္ကလာက ကျီးကန်းတို့ ရေနံချောင်းက ချီးပေတို့၊ ကြည့်မြင်တိုင် က တော်ကီလှိုင် တို့ဆို ဒါမျိုး သိပ်ပိုင်ပါတယ်။
တစ်ခါက အမှုအကြီးကြီးတစ်ခုဖြစ်လို့ တိုက်တစ်ခုလုံးကို စည်းကမ်းတင်းတင်းကျပ်ကျပ်နဲ့ အုပ်ချုပ်နေ ချိန်မှာ ကျွန်တော် တို့က အရွက်စိမ်းစိမ်းစိုစိုတွေကို တောင့်တတယ်။ ဒါပေမဲ့ ဘယ်တောင်ယာဘုတ်ကိုင် မှ တိုက်ခန်းနား မကပ်ရဲဘူး။ ဒီလိုအချိန်မျိုးမှာ ထူးထူးခြားခြား တော်ကီလှိုင်က အခန်းသားတွေကို သူ အသုပ် တစ်ပွဲသုပ်ကျွေးမယ် လို့ အာမခံတယ်။ အားလုံးက မယုံရဲပေမယ့် တော်ကီလှိုင်ကို မလှောင်ရဲ ဘူး။ တော်ကြာ စိတ်ဆိုး သွားရင်း မစားရဘဲ ဖြစ်သွားလိမ့်မယ်။ ရေချိုးချပြီး သိပ်မကြာပါဘူး။ တော်ကီ လှိုင်ပုဆိုးထဲမှာ အရွက်နုလေးတွေ၊ အညွန့်လေးတွေ ပါ လာတယ်။ ဘာအရွက်လဲမေးတော့ သူက စိတ် ဆိုးတယ်။ မကြိုက်တဲ့သူ မစားနဲ့ တဲ့။ ဒါကြောင့် ဘယ်သူမှ စောဒက မတက်တော့ဘူး။ သူမြေပဲဆံတွေ ထောင်းပြီး ဆီနဲ့သုတ်နေတာ ကိုပဲ ငေးကြည့်နေကြတယ်။ ထမင်းနဲ့စားတော့လည်း အဲဒီအသုပ် က တော်တော်ကောင်းတာပဲ။ စားပြီးတော့ မှ တော်ကီလှိုင်က ဟင်းအမည် ကို ကြေညာတယ်။ ဗန်ဒါရွက်နု သုပ်တဲ့။
မဆိုးပါဘူး။ တကယ်ငတ်ပြတ်နေတော့လည်း စားလို့ကောင်းတာပါပဲ။ နောက်ပိုင်းကျတော့ သူ့ ကို အားပေးထောက်ခံ သူတွေများ လာတော့ တော်ကီလှိုင်တို့ ပိုပြီးရောင့်တက်လာတယ်။ အိုးနဲ့အလှ စိုက်ထားတဲ့ ရွက်လှပင်တွေ ရဲ့အညွန့်တွေကို ခူးပြီးတို့တယ်။ သံမနိုင် ကျောက်မနိုင်အပင်က အရွက် တွေ ကို နေပူလှန်းပြီး ရေနွေးနဲ့ခပ်သောက်တယ်။ သရက်ရွက်အနုတွေကိုခူးပြီး တို့စားတယ်။ သူငယ် ချင်းတွေကလည်း မငြင်း ပါဘူး။ အားပေးကြတာပါပဲ။ ထောင်ထဲမှာက အားလုံးငတ်ပြတ်နေကြတာ။ ဒီလိုရှားပါးတဲ့ အခြေအနေမျိုးမှာ လူငယ်တွေအတွက်မထောင်းတာပေမယ့် လူကြီးတွေကတော့ တော် တော့်ကို သနားဖို့ကောင်း ပါတယ်။ လူငယ်တွေကလည်း လူကြီးတွေ ထမင်းစားလို့ကောင်းအောင်ရှိတဲ့ ပစ္စည်းလေးတွေနဲ့ ကြံဖန်ပြီး လုပ်ပေးတာတွေ ရှိတယ်။
တချို့က မုန်လာရွက်တွေ၊ မုန်လာဥတွေရလာ ရင် အချဉ်တည်ကြတယ်။ တချို့က ကန်စွန်းကြီးရွက်၊ (ကန်စွန်းဥ အတွက် စိုက်ပျိုးထားခြင်း) တွေကို ခူးပြီး အချဉ်တည်ကြတယ်။ အဲဒီလက်လုပ်ချဉ်တွေနဲ့ ငပိရည်လေးတွေဖျော်ပြီး စားရ တဲ့ ရက်တွေကများ တယ်။ အသက် ၆၀ ကျော်၊ ၇၀ ကျော် လူကြီးတွေလည်း စားစရာပြတ်တော့ ဒါနဲ့ နှစ်ပါးသွားရတာပါပဲ။ ဒီတော့ ဝမ်းလျှောတာတွေ၊ ဝမ်းကိုက်တာတွေ အဖြစ်များ လာတယ်။ သွေးတိုးရောဂါ၊ နှလုံးရောဂါတွေ အဖြစ်များလာတယ်။ ဒီဟင်းသီးဟင်းရွက်တွေဆိုတာကလည်း တစ်ထောင်လုံး က မိလ္လာတွေဖျန်းပြီး စိုက်ပျိုးထားတာတွေ၊ ဒီတော့ ရောဂါပိုးတွေက ဘယ်သေမလဲ။ ဒီဟင်းရွက်တွေ မှာပဲ ကပ်ငြိပေါက်ဖွား ရှင်သန်နေတာလေ။
ကျွန်တော်တို့နေထိုင်ခဲ့တဲ့ နှစ်ကာလတွေအတွင်း၊ အင်းစိန်ထောင်ထဲမှာ နိုင်ငံရေးသမားကြီးတွေဖြစ်တဲ့ ဦးခင်မောင်မြင့်၊ ဦးတင်မောင်ဝင်း၊ ဦးမောင်ကို၊ ဦးညိုဝင်း၊ မောင်သော်က၊ မုံရွာ ဦးတင်ရွှေ၊ ဦးစိန်ဝင်း၊ ဦးမင်းသူ စတဲ့ သူတွေ ကွယ်လွန်သွားကြတယ်။ အကြောင်းအမျိုးမျိုး ရောဂါအမျိုးမျိုးနဲ့ ကွယ်လွန်သွား ကြတာဖြစ်ပေမယ့် အဲဒီထဲ မှာ အများစုက ဝမ်းကိုက်ဝမ်းလျှောနဲ့ သေဆုံးကြတာများတယ်။ ထောင်ဆေး ရုံမှာက ဆေးဆိုရင်လည်း မက်ထရို တစ်မျိုးပဲရှိတယ်။ ခုခေတ်လို ဆေးဝါးကလည်း မပေါများဘူး၊ ထောင်ထဲမှာလည်း မရှိဘူး။ အထူးသဖြင့် တမံသလင်းပေါ် မှာ ဖျာခင်းအိပ်ကြရတော့ တခြားရောဂါတွေ လည်း ဝင်လာတော့တာပေါ့။ ဒါပေမဲ့ ကျွန်တော်တို့ အတွက် ရှောင်လွှဲစရာ လမ်းလုံးဝမရှိဘူး။ အမှား တွေကို ထောက်ပြရင်၊ အမှန်တွေ ကို ဖော်ထုတ်မယ်ဆိုရင် ကျောနဲ့ရင် ကို ရင်းရမယ်။ အခန့်မသင့်ရင် စစ်ခွေးတိုက်မှာ စစ်ခွေးတွေနဲ့ အတူတူ ပူးနေ ရမယ်။ ဒီထက်ကံဆိုးရင် ပုံစံကြီးထိုင်ရမယ်။ ကော်ရည် စားရမယ်။
အဆိုးဝါးဆုံးကတော့ တိုက်အပြင်ထုတ်ပြီး ရိုက်တာပဲ။ တစ်ခါတစ်လေမှာ ခေါင်းကို အဝတ် စွပ်ပြီး ဝိုင်းရိုက်တော့ ဘယ်သူ ဘယ်ဝါ က ဘယ်လိုရိုက်တယ်ဆိုတာလည်း မမှတ်မိနိုင်တော့ပါဘူး။ နိုင်ငံတစ်ခုကို ချစ်မြတ်နိုးမိလို့ ကျွဲလို့ နွား လို့အရိုက်ခံခဲ့ရတာတွေကို တွေးမိတော့ ကြေကွဲရပါတယ်။ ခုတော့ ဒီပုံရပ်တွေက နှစ်ပေါင်း ၂၀ ကျော် ကြာ ခဲ့ပါပြီ။ "ပြုသူအသစ် ဖြစ်သူအဟောင်း" ဆိုပေမယ့် နာကျင်ရပါတယ်။ ခွင့်လွတ်လို့ရပေမယ့် မေ့လို့တော့ မရနိုင်ခဲ့ ပါဘူး။ ထောင်ကို ကျောခိုင်းခဲ့ပေမယ့် နှလုံးသားမှာတော့ ကပ်ပါလာပါတယ်။ ဘယ်သူတွေ သာသည်ဖြစ်စေ၊ နာသည်ဖြစ်စေ အစိမ်းရောင် တော်လှန်ရေးက ဗိုင်းရပ်စ်ပိုးတွေကြောင့် မြန်မာနိုင်ငံရေး သမိုင်းမှာ အထင်ကရ ရှိခဲ့တဲ့ ပုဂ္ဂိုလ်တွေ ကျဆုံးသွားခဲ့ပုံကတော့ဖြင့် ရုပ်ရှင်အနှေးပြကွက်တွေလို အသည်းထဲမှာ စွဲထင် ကျန်ရစ်နေခဲ့ပါတော့ တယ်။
ဆက်ရန်
.

No comments:
Post a Comment