Saturday, November 24, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၈)

နေသူနိုင် အတွက် ထာဝရစီးဆင်းနေသော ချစ်ခြင်းမေတ္တာ

ကြည့်မြင်တိုင် စံပြငါးဈေးအနီးမှာ နေထိုင်တဲ့ နေသူနိုင် ကို မသိတဲ့သူ မရှိပါဘူး။ သူရဲ့ထူးခြားတဲ့ဝါသနာ က စွန်လွှတ်ခြင်းပါပဲ၊ ဘာမှမစားမသောက်ဘဲ တစ်နေကုန် စွန်လွှတ်ရမယ်ဆိုလည်း သူက ရတယ်။ မိဘကလည်း ချမ်းသာတယ်။ ဖတဆိုးလေးမို့ မိခင်က အလိုလိုက်တယ်။ ကမ်းနားဈေးမှာ လဘက်ဖက် ရည်ဆိုင် ဖွင့်ထားသည်။ သူ့ကို အစ်ကိုတွေ အစ်မတွေကချစ်ကြတယ်။ ဒီတော့ နေသူနိုင်က နည်းနည်း ဆိုးချင်တယ်။ ဘယ်နေရာ မဆို ထစ်ခနဲရှိ ရန်ဖြစ်ချင်တယ်။ ဇက သိပ်မသေးဘူး၊ ဒါပေမဲ့ တစ်ခု ကောင်း သွားတာက ၁၉၈၈ အရေးအခင်း ကို နဖူးတွေ့ ဒူးတွေ့ ကြုံလိုက်ရတာပဲ။ ကြည့်မြင်တိုင် အခြေခံ ကျောင်းသားသမဂ္ဂက မြို့တော်ခန်းမရှေ့မှာ ချီတက်ဆန္ဒပြတော့ နေသူနိုင်ရှေ့က သူ့သူငယ်ချင်းဖြစ်တဲ့ ဝင်းမော်ဦး သေနတ် မှန်ပြီး နေရာမှာ ကျဆုံး သွားတာကိုလည်း သူ့နှလုံးသားထဲမှာ မေ့ဖျောက်မရအောင် စွဲထင်နေမိတယ်။

ဒီတော့ ပေါ့ပေါ့နေ ပေါ့ပေါ့စား ခပ်ဆိုးဆိုး နေသူနိုင်တစ်ယောက် တရားမှုနဲ့ မတရား မှု၊ အင်အားကြီးသူနဲ့ အင်အားနည်း သူ၊ အမှန်နဲ့ အမှားတွေကို ခွဲခြားစိတ်ဖြာသိရှိသွာတယ်။ ဒီတော့ မြို့ နယ် နိုင်ငံရေး လှုပ်ရှားမှုတွေ ထဲမှာ ဝင်ပါတယ်။ ၁၉၉၀ မှာ တည်ဆဲအမိန့်တွေ ကို ချိုးဖောက်မှုနဲ့ ထောင် ၄ နှစ်ကျသွားတယ်။ စွန်လွှတ်သူ ကနေ ဘဝပြောင်းသွားပြီး စွန့်လွှတ်သူဖြစ်သွားတယ်။ အတွေးအခေါ် အယူအဆတွေလည်း ထောင်ကပေးတဲ့ အတွေ့အကြုံတွေကြောင့် ပြောင်းသွားတယ်။ သူ့အမေက တော့ မျက်ရည်လည်ရွဲနဲ့ပေါ့။

ဒီလိုနဲ့ ထောင်ကပြန်ထွက်လာတော့ သူ့ကို နိုင်ငံရေး မလုပ်ရင် ပြီးရောဆိုပြီး တစ်မိသားစုလုံးက အလို လိုက် ထားကြတယ်။ ဒါပေမဲ့ နေသူနိုင် သူငယ်ချင်းအပေါင်းအသင်းတွေက ထောင်ထွက်နဲ့ နိုင်ငံရေး သမားတွေချည်း ပဲ။ ထောင်နှုတ်ခမ်း နင်းနေကြသူတွေချည်းပဲ ဆိုပါတော့။ ၁၉၉၆ ဒီဇင်ဘာလ မှာတော့ ဒေါ်အောင်ဆန်းစုကြည် နိုဗယ် ဆုချီးမြှင့်ခံရတာနဲ့ပတ်သက်ပြီး နိုင်ငံရေးလှုပ်ရှားမှုတွေ လုပ်ကြတယ်။ လမ်းလျှောက်ကြ တယ်။ အဲဒီထဲ မှာ နေသူနိုင် ပါသွားတယ်။ လမ်းလျှောက်ဆန္ဒပြတဲ့သူတွေကို ဓာတ်ပုံ ရိုက်ပြီး ညဘက် မှာ လိုက်ဖမ်းတယ်။ နေသူနိုင်ကိုလည်း ညဘက်လာခေါ်တာပေါ့။ သူအမေတွေ အစ်မ တွေအားလုံး ငိုယိုပြီး ပွက်ပွက်ဆူ ကုန်တယ်။ ဒီကောင်ကတော့ ခပ်တည်တည်ပဲ။ တာဝန်ရှိတဲ့သူတွေက ဘာလုပ်ချင်သေး လဲမေးတော့ အမေ့ကို ကန်တော့ချင်တယ်လို့ ဖြေတယ်။ အားလုံးဝိုင်းကြည့်နေတဲ့အ ချိန်မှာ နေသူနိုင် သူ့အမေ ကိုကန်တော့တယ်။ "အမေ ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါတဲ့"။ သူအမေ က အံကြိတ်မျက်နှာတင်းထားပြီး တစ်ဖက် ကို မျက်နှာ လွှဲထားတယ်။ ဒီလိုနဲ့ နေသူနိုင် အင်းစိန်တောရကို ထွက်ခွာသွားတော့တယ်။

ထောင်ရောက်တော့ သူတို့အမှုတွဲတွေအားလုံးကို စစ်ခွေးတိုက်ပို့ထားတယ်။ သူတို့က သိပ်စိတ်မညစ် တတ်ဘူး။ အခက်အခဲ ဒုက္ခသုက္ခတွေ ကို ပျော်ပျော်ပဲ ရင်ဆိုင်ကြတယ်။ အိမ်နဲ့တွေ့ခွင့်မရကြပေမယ့် ပါဆယ်တော့ ပေးလို့ ရတယ်။ နေသူနိုင် သူငယ်ချင်းတွေ ရဲ့အိမ်တွေက ပါဆယ်အသီးသီးရောက်လာကြ ပေမယ့် သူ့အိမ် ကတော့ ရောက် မလာဘူး။ နေသူနိုင် ဆိုရင် တုန်အောင်ချစ်တဲ့ အမေက ဘာဖြစ်နေပါ လိမ့်ဆိုပြီး သူတို့တွေးကြ တယ်။ ဒီကောင်လည်း မျက်နှာတော့ နည်းနည်းပျက်ချင်တယ်။ ဒါပေမဲ့ အကြောက ခပ်မာမာ၊ သိတယ် မဟုတ်လား။ ဝမ်းနည်းစရာတွေဆိုရင် နေသူနိုင်က သိပ်ထုတ်ဖော်လေ့ ရှိတာ မဟုတ်ဘူး။

တစ်ရက် မှာ နေသူနိုင် ဝမ်းဗိုက်မှာ အဖုသေးသေးလေး တစ်လုံးပေါက်တယ်။ ဒီအဖုက ယားနေတော့ မနေတတ်တော့ ဘူး။ စစ်ခွေးတိုက်မှာ ဘာဆေးမှလည်း မရှိဘူး။ တချို့က သူ့အနာကို ဂျုံအုံဖို့ အကြံ ပေးတယ်။ ဒါပေမယ့် ဂျုံမှ မရှိတာ။ ဒီတော့ ပါဆယ် ထဲက ပေါင်မုန့်ကို ရေစိမ်ပြီး အနာပေါ်အုံထားလိုက် တယ်။ အယားတော့ သက်သာ သွားပေမယ့် နောက်တစ်နေ့ကျတော့ အပေါ်ယံအသားတွေ စား သွားပြီး ဟောင်းလောင်းပေါက်ဖြစ်သွားတယ်။ ဒီအနာက တောက်လျှောက်ကိုက်နေပြီး မသက်သာတော့ ဘူး၊ ထောင်ဆရာဝန်က စစ်ဆေးပြီး နေသူနိုင်ကို ထောင်ဆေးရုံတင်လိုက်တယ်။ ထောင်ဆေးရုံမှာလည်း အနာက သက်သာ မလာဘူး။ ပိုဆိုးလာလို့ အပေါ်ယံအသားတွေလှီးပြီး ဗိုက်ခွဲရမယ့် အခြေအနေ ကို ရောက် သွားတယ်။ ပိုး ဝင်သွားတယ်လို့ ပြောတာပဲ။ နောက်ဆုံး သူ့ကို ထောင်အပြင်ဆေးရုံဖြစ်တဲ့ အင်းစိန်ဆေးရုံကို တင် လိုက်ကြတယ်။

အင်းစိန်ဆေးရုံ မှာ အကျဉ်းသားတွေ၊ အချုပ်သားတွေအတွက် သီးခြားအခန်းတွေရှိတယ်။ လုံခြုံရေး အတွက် သံတိုင်တွေနဲ့ ရဲအစောင့်တွေနဲ့ စီစဉ်ထားတာပါ။ နေသူနိုင်ကို အခန်းတစ်ခန်းထဲမှာထားပြီး ခွဲဖို့ ပြင်ဆင် တယ်။ နေသူနိုင် သူ့အိမ် ကို ဆေးရုံကနေ အကြောင်းကြားခိုင်းတယ်။ သူ့အမေ မလာလို့ စိတ် လည်း တော်တော်နာနေ တယ်။ သူ့ကို မခွဲခင် အနာသက်သာအောင် ဆေးတွေထိုးပေးလို့ ခေါင်းတွေ လည်း မူးဝေနေ တယ်။ နေသူနိုင် အိပ်ရာ ထဲမှာ ခွေရင်း အိပ်တစ်ဝက် နိုးတစ်ဝက်နဲ့ မိန်းမောနေတယ်။ ဒီ အချိန်မှာပဲ "သားလေးရေ" "သားလေးရေ" ဆိုပြီး လိုက်ခေါ်နေတဲ့ အသံတစ်သံကို ကြားရတယ်။ သူ့ စိတ်ထဲမှာ စိမ့်ခနဲဖြစ် သွားတယ်၊ ဒါ သူ့အမေရဲ့အသံပဲ။ သူ ကုတင်ပေါ်ကနေ တဖြည်းဖြည်း ထထိုင် လိုက်တယ်။ ပြီးတော့ ရှိသမျှ အားအကုန်ညှစ်ပြီး "အမေ သား ဒီမှာ" လို့ ပြန်အော်လိုက်တယ်။ သူထင် ထားတဲ့အတိုင်းပဲ သူ့အမေရယ် အစ်မ ရယ် စားစရာခြင်းတောင်းကြီး နဲ့ ရောက်လာတယ်။ နေသူနိုင် သူ့အမေကို တွေ့လိုက်ရလို့ ဝမ်းနည်းလာတယ်။ ဒါပေမဲ့ သူ့အမေ ကလည်း သူ့သားမျက်နှာကိုမကြည့် ဘဲ အလုပ်များချင်ယောင် ဆောင်နေတယ်။ ဟင်းချိုင့်တွေ တစ်ခုပြီး တစ်ခု ထုတ်နေတယ်။ ငါးဈေးနား မှာနေတာ ဆိုတော့ ပုစွန်ထုပ်၊ ငါး၊ ဝက်သား၊ ကြက်သားဟင်း အများကြီး လုပ် လာတယ်။ နေသူနိုင် ဟင်းတွေကို မချိမတင်ကဲကြည့်လိုက်ပြီး သူ့အမေကို ဟောက်လိုက်တယ်။

"အမေ ခု မစားနိုင်တော့ မှ ရွဲ့ပြီး လာပေးရသလားဗျ၊ အင်းစိန်မှာတုန်းကတော့ မပို့ပေးဘဲနဲ့၊ ဒီက ကောင် တွေ က ထောင်ထဲမှာ ငတ်နေကြတာ"
သူ့အမေ မျက်လုံးထဲ မှာ မျက်ရည်တွေ အိုင်ထွန်းလာတယ်။ ဒါပေမဲ့ မျက်ရည်မကျအောင် ထိန်းရင်း တစ်ခွန်းပြော တယ်။
"ငါ နင့်ကို စိတ်ဆိုးလွန်း လို့ ပါဆယ် ပို့မပေးတာ"
"ဗျာ ဘာစိတ်ဆိုးစရာရှိလို့လဲ"
သူ့အမေ က နေသူနိုင်မျက်နှာကို တည့်တည်စိုက်ကြည့်လိုက်တယ်။ ပြီးတော့ ခုထိ စိတ်ဆိုးမပြေသေး တဲ့ပုံနဲ့ ခပ်မာမာ ပြန်ပြော တယ်။

"ဟဲ့ စိတ်မာပါတယ်ဆို တဲ့ နင်က အိမ်ကိုလာဖမ်းတဲ့ကောင်တွေရှေ့မှာ အမေ့ကို ပြောမှားဆိုမှားရှိရင် ခွင့်လွှတ်ပါ ဆိုပြီး ကန်တော့စရာလား။ အဲဒီအချိန်တုန်းက နင့်ရဲ့တယူသန် တဇောက်ကန်းစိတ်တွေ ဘယ်ရောက်သွား လဲဟင်"
"အမေကလည်း ကျွန်တော် အိမ်ကို ဘယ်အချိန်မှ ပြန်ရောက်မယ်မှန်း မသိလို့ ကန်တော့တာလေ။ ဒါ သားအပြစ် လား"
"မလိုဘူး၊ သူတို့နဲ့ပတ်သက်လာရင် စိတ်ကိုမာမာပြတ်ပြတ်ထားစမ်း။ နင်က ငါ့အတွက် အမြဲမှန်တယ်။ သူတို့ရှေ့မှာ ကန်တော့စရာမလိုဘူး။ သူတို့က နင့်ကိုအထင်သေးသွားရင် ဘယ်လိုလုပ်မလဲ လူအရဲ့"
"ဟုတ်ပါတယ် အမေ။ ကျွန်တော်ကလည်း အမေ့ပေါ် ဆိုးရင်ဆိုးမယ်။ မိသားစုအပေါ် ဆိုးချင်ဆိုးမယ်၊ ဒါပေမဲ့ ကျွန်တော် လူယုတ်မာတော့ အဖြစ်မခံနိုင်ဘူး"
အဲဒီနေ့က နေသူနိုင်တို့ သားအမိနှစ်ယောက် ဖက်ငိုကြတယ်။ မိခင်နဲ့ သားရဲ့ချစ်ခြင်း မေတ္တာဘွဲ့အသစ် ကို ကျွန်တော် တို့ တွေ့လိုက်ကြရတယ်။ ဒီဇာတ်လမ်းမှာ နေသူနိုင် ဗိုက်ခွဲကုသတာအောင်မြင်ပေမယ့် ထောင် ၇ နှစ် ကျသွားတယ်။ ဒီ ၇ နှစ်လုံး သူ့အမေ ဒေါ်ခင်သန်းက ထောင်ဝင်စာ တစ်ပတ်တောင် မပျက်ကွက် ခဲ့ပါဘူး။ နောက်ဆုံး သူ ထောင်က လွတ်မြောက်ပြီး သုံးနှစ်လောက်ကြာ မှ သူ့အမေ ဒေါ်ခင်သန်း ဆုံးသွား တယ်။
ခု ကြည့်မြင်တိုင် ဘူတာနားမှာ စွန်လွှတ်နေတဲ့ လူလတ်ပိုင်းတစ်ယောက်ကို တွေ့မိရင် သူဟာ နေသူနိုင် ပါပဲ။


စိုင်းသီဟအတွက် ကျည်တစ်တောင့်နှင့် မေတ္တာတရား
စက်တင်ဘာ ၁၉ ရက်နေ့က မြောက်ဥက္ကလာကိုရောက်တော့ တံခွန်အလွတ် ပညာသင်ကျောင်းနဲ့ ဆရာ စိုင်းသီဟ ရဲ့ကြော်ငြာဘုတ်တွေ ကို ဖျတ်ခနဲ တွေ့လိုက်ရပါတယ်။ အဲဒီနေ့က တိုက်တိုက်ဆိုင် ဆိုင် ၁၉၈၈ က ဒီမိုကရေစီ အရေးတော်ပုံရဲ့ ပုံရိပ်တွေဟာ ၂၄ နှစ်တင်းတင်း ပြည့်ခဲ့ပါပြီ။ လွန်ခဲ့တဲ့ ၂၄ နှစ်က ကျည်ဆံတစ်တောင့် ဟာ ဆရာစိုင်းသီဟရဲ့ညာဘက်လက်ကို မမှန်ဘဲ ရင်ဝတည့်တည့်ကိုသာ မှန်ခဲ့ရင် အခု ဆရာစိုင်းသီဟ ကိုလည်း တွေ့ရမှာ မဟုတ်သလို တံခွန်ပညာသင်ကျောင်းကိုလည်း မြင် ကြရမှာ မဟုတ်ပါဘူး။

လွန်ခဲ့တဲ့ ၂၄ နှစ်က စီးပွားရေးတက္ကသိုလ် စာရင်းအင်းက စိုင်းသီဟလို့ နာမည် ကြီးလာ မယ့် နောက်ဆုံးနှစ် ကျောင်းသား ဝင်းအောင်လွင် ဟာ မြောက်ဥက္ကလာက သပိတ်အဖွဲ့မှာ ပါဝင် ပြီး မြောက်ဥက္ကလာ မြို့နယ် လူငယ်အဖွဲ့ချုပ် (N.Y.O) မှာ လှုပ်ရှားခဲ့ပါတယ်။ အဲဒီတုန်းက မြောက်ဥက္က လာဆေးရုံကြီး မှာ အခြေစိုက်ပြီး တစ်ပါတီစနစ် ဖျက်သိမ်းရေိးကု တောင်းဆိုဆန္ဒပြခဲ့တာဖြစ်ပါတယ်။ ဆန္ဒပြတဲ့ အချိန်ကာလ က ရက်ပိုင်းကနေ လပိုင်းကူးထားပြီး တောင်းဆိုမှုတွေလည်း တဖြည်းဖြည်း အရှိန်မြင့်လာပါတယ်။ ဒါကြေင့် စက်တင်ဘာ ၁၈ ရက်နေ့ မှာ တပ်မတော်က ပါဝင်တဲ့ မြောက်ဥက္ကလာ သပိတ်တပ်ဖွဲ့က ဆေးရုံမှာ အစာငတ်ခံ ဆန္ဒပြနေကြပါတယ်။

လူအင်အားက ၃၀၀ လောက်ရှိပြီး စစ်တပ်က အာဏာသိမ်းပေမယ့် သပိတ်စခန်းကို ဆက်လက် ဖွင့်လှစ် ထားပါတယ်။ စက်တင်ဘာ ၁၉ ရက်နေ့ ရောက်လာတော့ သပိတ်စခန်းက ခေါင်းဆောင်တွေက ရန်ကုန်ဆေးရုံကြီး ကို ချီတက်ပြီး စစ်တပ်ကို ဆက်လက်ဆန္ဒပြမယ့် အဖွဲ့တွေ ပူးပေါင်းဖို့ စီစဉ်ကြပါတယ်။ လမ်းတစ်လျှောက် မှာ စစ်တပ် နဲ့ရင်ဆိုင်ရမှာဖြစ်လို့ တချို့က သဘောမတူပေမယ်က လူငယ်တွေ၊ ကျောင်းသားတွေ ကတော့ မကြောက်မရွံ့ဘဲ ချီတက်ဖို့ စိတ်အားထက်သန်နေကြပါတယ်။ လူတွေ ကလည်း လိုက်ပါချီတက်ဖို့ စာရင်းပေးကြတယ်။ နောက်ဆုံး ရန်ကုန်ဆေးရုံကြီးကို ချီတက် ဖို့ မြောက်ဥက္ကလာဆေးရုံကြီး ကနေ ရန်ကုန်မြို့ထဲကို စတင်ချီတက်ကြပါတယ်။ လူကြီးတွေကတော့ မသွား ဖို့ ဖျောင်းဖျကြတယ်။ ဆိုးကျိုး တွေကို တွက်ပြတယ်။ ဒါပေမဲ့ တက်ကြွနေတဲ့ လူအုပ်စုကြီးကို သြဇာ မလွှမ်းနိုင်တော့ ပါဘူး။

မြောက်ဥက္ကလာ သပိတ်တပ်ဖွဲ့ဟာ ရဲရဲတောက်အနီရောင်အလံတွေကို ကိုင်ဆောင်ပြီး ချီတက်လာတဲ့ အခါ မြောက်ဥက္ကလာအဝိုင်းအထိ ကြီးကြီးမားမား အနှောက်အယှက် မရှိခဲ့ပါဘူး။ ဒါပေမယ့် မြောက်ဥက္ကလာ အဝိုင်းအနီး က ပလတ်စတစ်စက်ရုံမှာတော့ တပ်မ (၂၂) ရဲ့လက်အောက်ခံတပ်ရင်း ၂၀၈ ရဲ့တပ်ခွဲ တစ်ခုက နေရာယူထားပါတယ်။ သူတို့ရဲ့အဓိကတာဝန်ကတော့ မြို့နယ်တွေကနေ ရန်ကုန်မြို့ထဲ ချီတက်မယ့် သပိတ် အင်အားစုတွေ ကို ပူးပေါင်းနိုင်ခြင်းမရှိအောင် တားဆီးသွားမယ့်ပုံပါ ပဲ။ ဒါကြောင့်လည်း မြောက်ဥက္ကလာ အဝိုင်းမှာ တပ်သားတွေက အသင့်နေရာယူထားကြပါတယ်။ သပိတ်စစ်ကြောင်းကတော့ လုံးဝ တွန့်ဆုတ်သွားခြင်းမရှိဘဲ ကြွေးကြော်သံတွေ သံပြိုင်ဟစ်ကြွေးရင်း ရှေ့ကိုတိုးလာပါတယ်။ စစ်သားတွေကလည်း လက်နက်တွေကို ပစ်ခတ်ဖို့အတွက် အသင့်ပြင်ပြီး နေရာယူထားလိုက်ပါတယ်။ သပိတ်တပ်ဖွဲ့ ရဲ့ရှေ့ဆုံးမှာတော့ အခြေခံပညာကျောင်းသားသမဂ္ဂက ကျောင်းသားတွေက နေရာယူ ချီတက် လာပါတယ်။

နောက်ဆုံး အဝိုင်းကိုကျော်လာတာနဲ့ တပ်ကစတင် ပစ်ခတ်ပါတော့တယ်။ စစ်ကြောင်းရှေ့ဆုံး က ကျောင်းသား တချို့ သေနတ်ထိမှန်ပြီး လဲပြိုကျသွားပါတယ်။ ၉ တန်းကျောင်းသားကျော်ဘုန်းဇော် က တော့ နေရာ မှာပဲ သေနတ်ထိမှန်ပြီး ကျဆုံးသွားပါတယ်။ သပိတ်စစ်ကြောင်း တစ်ခုလုံး ဖရိုဖရဲဖြစ်သွား ပြီ။ လူတွေလဲ သွေးပျက်တုန်လှုပ်သွားကြပါတယ်။ ကျယ်ကွယ်ရှာသူ၊ နောက်ပြန်ပြေးသူ၊ လဲပြိုသူတွေ နဲ့ မြောက်ဥက္ကလာလမ်းမကြီးဟာ ငရဲတမျှ ဆူညံပွတ်လောရိုက်သွားပါတယ်။ သေနတ်သံတွေက ပိုပြီး ပြင်းထန် လာပါတယ်။ ရဲဘော်တွေက ပစ်တက်လာကြတယ်။ ဒီလိုရှုပ်ထွေးပွေလီနေတဲ့အချိန်မှာ ကျည် ဆံတစ်တောင့်က ဝင်းအောင်လွင် ညာဘက်လက်မောင်း ကို လာမှန်ပါတယ်။ ထိထိချင်း ပူခနဲဖြစ်သွား တာကလွဲပြီး သိပ် မနာဘူး။ နောက်မှ သွေးတွေက ဒလဟော စီးကျလာတယ်။

ဝင်းအောင်လွင် က ဒဏ်ရာကို လက်နဲ့အုပ်ထားရင်း ကျည်ဆံတွေကို ရှောင်နေရတယ်။ ကျည်ဆံတွေ က ခေါင်းပေါ်ကနေ ရွှီခနဲ ရွီခနဲ ဖြတ်နေတုန်းပဲ။ သူ့အခြေအနေက နောက်ကိုပြန်ပြေးဖို့ဆိုတာလည်း မဖြစ်နိုင်တော့ ဘူး။ ဒီတော့ လမ်းမပေါ်မှာပဲ ဒီအတိုင်းနေပြီး ရှေ့ကတက်လာတဲ့ စစ်သားတွေကို ရင်ဆိုင် လိုက်တယ်။ လက်တစ်ကမ်းအကွာ ကို ရဲဘော်တွေ ရောက်လာကြပြီ။ ဝင်းအောင်လွင် အသက်ဝဝရှူပြီး အသင့် ပြင် ထားလိုက်တယ်။ သူမျှော်လင့်ထားတာက သူ့ရင်ဝကို နောက်ထပ်ကျည်တစ်တောင့် ဒါမှမဟုတ် လှံ စွပ် တစ်ခု ဖြစ်ပါတယ်။ ဒါပေမဲ့ သူ့ဘေးနားကိုရောက်လာတဲ့ အရာခံဗိုလ် က ဝင်းအောင်လွင် လက် မောင်း က ဒဏ်ရာ ကို သေချာကြည့်ပါတယ်။

ပြီးတော့ သေနတ်မှန်ထားတာလားလို့ မေးတယ်။ ဝင်း အောင်လွင်က ခေါင်းညိတ်ပြတော့ သူက ဘတ်စ်ကားဂိတ် ကို ညွှန်ပြပြီး ဂိတ်ထဲ သွားလှဲနေဖို့ ပြော တယ်။ ပြီးတော့ ရှေ့ကို ရှင်းလင်းဖို့ ချီတက် သွားကြတယ်။ ဝင်းအောင်လွင် လည်း ဘတ်စ်ကားဂိတ်ကို သွားပြီး လှဲနေလိုက်တယ်။ ဒဏ်ရာ ကတော့ သွေးတွေ ဆက် ထွက်နေဆဲဖြစ်ပါတယ်။ မိနစ်အနည်းငယ် ကြာ စစ်သားတွေ ပြန်ဆုတ်လာတယ်။ ခုနကမေး တဲ့ အရာခံဗိုလ်က ဝင်းအောင်လွင်ရှိတဲ့ ဘတ်စ်ကား ဂိတ်ကို ပြေးလာပါတယ်။ ဒဏ်ရာအခြေအနေကို ကြည့်ပြီး "သတိထားကောင်းလေး ကြက်ခြေနီတွေ လာတော့မယ်" လို့ အားပေးပြီး ဆက်ထွက်သွားတယ်။ သူတို့ ထွက်ခွာ သွားပြီး မကြာခင်ကြက်ခြေနီ အလံနဲ့ အဖွဲ့တွေ ရောက်လာတယ်။ လူသေလောင်းတွေ ကို ကောက်တယ်။ ဒဏ်ရာရသူတွေ ကို ဆေးကုပေးတယ်။

ဝင်းအောင်လွင် ကိုလည်း လက်မောင်းက သေနတ်ဒဏ်ရာကို ဆေးထည့်ပြီး ပတ်တီးစည်းပေးတယ်။ ပြီးတော့ မှ မြောက်ဥက္ကလာဆေးရုံ ကို ခေါ်လာကြတယ်။ ဆေးရုံရောက်တော့ လူအုပ်ကြီးက ရပ်စောင့် နေကြတယ်။ တစ်ယောက် တစ်ပေါက် မေးကြမြန်းကြတယ်။ ဝင်းအောင်လွင်ကတော့ သွေးထွက်များတဲ့ အတွက် ခေါင်းတွေ ရီဝေပြီး မူးနေပြီ။ ဒီအခြေအနေမှာ လူအုပ်ထဲက အသံတစ်သံကို ကြားလိုက်တယ်။  "သားရေမကြောက်နဲ့ အမေရှိတယ် တဲ့" ဝင်းအောင်လွင်  လှမ်းကြည့်လိုက်တော့ မိခင် က အားပေးနေ တာတွေ့ရတယ်။ အမေ့ကြည့် ရတာ သားအဖြစ်ကြောင့် စိုးရိမ်ပူပန်ပြီး ပျာယာခတ် မနေဘဲတည်ငြိမ် အေးဆေးနေတာ  တွေ့ရတယ်။ အမေ့ကြည့်ရတာ သားစိတ်မပူအောင် ထိန်းထိန်းသိမ်းသိမ်း ကြိုးစား နေပုံပါ။ ဝင်းအောင်လွင်က သားသမီး ဆယ်ယောက်အနက် အဋ္ဌမသား၊ စာတော်တယ်။ ဘောလုံးပွဲ ဝါသနာပါတယ်။ ကျောင်းစာကို ကြိုးစားပြီး တစ်နှစ် တစ်တန်းမှန်မှန်အောင်တယ်။

ဝင်းအောင်လွင်ဟာ ၁၉၈၈ မှာ B.E com (statistics) နဲ့ နောက်ဆုံးနှစ်ကျောင်းသားဖြစ်နေပြီး သူ့အမေ က သူ့သား ကို အရမ်းချစ်တယ်။ စားသောက်နေထိုင်တာကို ခြိုးခြံပြီး ချွေတာပြီး ပညာရေးအတွက် ပံ့ပိုးပေးတယ်။ ကံကောင်းထောက်မစွာ နဲ့ပဲ ဝင်းအောင်လွင် သွေးတွေသွင်းပြီး ကုသပေးလို့ သုံးလေး ရက်နဲ့ အသက် ကယ်လိုက်နိုင်တယ်။ ဒါကြောင့် ၁၉၉၀ စက်တင်ဘာလ (၅) ရက်နေ့ မှာ အဖမ်းခံရပြီး စစ်ခုံရုံးက ထောင်ဒဏ် (၅)နှစ် အပြစ်ပေးခြင်း ခံရပါတယ်။ ထောင်တွေပြောင်းတော့ တောင်ငူထောင် ကိုပါလာတယ်။ ဝင်းအောင်လွင်ရဲ့ ထူးခြားချက် က အနုပညာခံစားမှု အရမ်းကြီးတယ်။ သူများမမြင်တဲ့ ရှု့ထောင့်ကနေ သူက မြင်တတ် တယ်။ တွေးတတ်တယ်။ သူထောင်က ၁၉၉၄ မှာ ပြန်လွတ် မြောက် လာပါတယ်။ ပုဂ္ဂလိကအလွတ် ပညာသင်ကျောင်း မှာ အင်္ဂလိပ်စာ ကျူရှင်ပြတယ်။ စီးပွားရေး တက္ကသိုလ် နောက်ဆုံးနှစ်ကို ပြန်ဖြေတယ်။ ဂုဏ်ထူးတွေ အမြောက်အမြား နဲ့ အောင်တယ်။

ဒါပေမဲ့ သူက ကျူရှင်လောကမှာ အောင်မြင်နေပြီ။ သူ ဂုစ်ထူးတန်းကို ဆက်မတက်ဖို့ ဆုံးဖြတ်လိုက်တယ်။
နှစ်အနည်းငယ်အတွင်းမှာပဲ မြောက်ဥက္ကလာမှာ တံခွန်အလွတ်ပညာသင်ကျောင်းနဲ့ ဆရာစိုင်းသီဟ ဆိုတာ နာမည်ကြီး လာပါတယ်။ ၆ ဘာသာဂုဏ်ထူးရှင်တွေလည်း အမြောက်အမြား မွေးထုတ်ပေးနိုင် ခဲ့တယ်။ သူက ကလေးတွေ ကို စာပဲ သင်ရုံ သင်တာမဟုတ်ဘဲ အနုပညာ၊ ရသ၊ ဂုဏ်သိက္ခာ နဲ့ ဘဝ  အဓိပ္ပာယ်ကိုပါ သင်ကြားပေးနိုင် ခဲ့ပါတယ်။ သူဘဝကတော့ ကြီးကြီးမားမား အပြောင်းအလဲမရှိပါဘူး။ ၂၀၁၁မှာ မိခင်ကြီး ကွယ်လွန် သွားတဲ့ အတွက် စိတ်ထိခိုက်ခဲ့တာက လွဲပြီး သူက လူပျိုကြီး တစ်ကိုယ် တည်းဘဝနဲ့ စာသင်ခန်းတွေ ကို ဖြတ်သန်းနေဆဲပဲ  ဖြစ်ပါတယ်။ မြောက်ဥက္ကလာမှာ မကြာခဏ လုပ်လေ့ရှိတဲ့ နိုင်ငံရေးလှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်နေဆဲပါပဲ။ သူ့မြို့နယ်မှာ စာကြည့်တိုက်တွေ ဖွင့်လှစ်ဖို့ အကူအညီပေးတယ်။ ရိုးရာ သင်္ကြန်းပွဲတွေ လုပ် တယ်။ နှစ်ပတ်လည်ပွဲတွေလည်း လုပ်လေ့ ရှိပါတယ်။

ဒါပေမဲ့ ၂၄ နှစ်တင်းတင်း ပြည့်မြောက်ပြီဖြစ်တဲ့ ၈ လေးလုံး အာဏာသိမ်းတဲ့ စက်တင်ဘာ ၁၈ ရက်နဲ့ သူသေနတ်မှန် ခဲ့တဲ့ အဖြစ်အပျက်ကိုတော့ ပြန်မပြောသလို ဘာအခမ်းအနားမှလည်း မကျင်းပ ခဲ့ဘူး။ မြောက်ဥက္ကလာ ကို ဖြတ်သွားရင်း သူ့ကျောင်းဆိုင်းဘုတ်တွေ့တော့ သူကို "နှစ်ပတ်လည် လုပ်မလုပ် " ဖုန်း ဆက်လှမ်းမေးဖြစ်ပါတယ်။ သူက ရီပြီး တစ်ခွန်းပြန်ပြောပါတယ်။ "သူ့ လက်ကို သေနတ်မှန်တဲ့ ကျည်တစ်ထောင့်နောက် က လူသားချင်း ကိုယ်ချင်းစာတတ်တဲ့ စစ်တပ်က အရာခံဗိုလ် တစ်ယောက် ရဲ့ မေတ္တာတရားကို အောက်မေ့သတိရပြီး မလုပ်ဖြစ်တော့ပါဘူး"လို့ ဖြေလိုက်တော့ အနာဂတ်အမျိုးသား  ရင်ကြားစေ့ရေး မျှော်လင့်ချက်တွေ ကျွန်တော့် ရင်မှာ ပီတိနဲ့ လင်းလက်သွားပါတယ်။


အရိုင်းတစ်ယောက် ထောင်ထဲမှာ ဆေးထိုးမှားခြင်း
၁၉၉၁ ခုနှစ်က အင်းစိန်ထောင်ရဲ့ ၅တိုက်မှာ ဖြစ်ပျက်ခဲ့တဲ့ ဖြစ်ရပ်တစ်ခုရှိခဲ့ပါတယ်။ ဒီကိစ္စကို လူသိရှင် ကြားရေးသားခဲ့ခြင်းလည်း မရှိသေးပါဘူ။ အကြောင်းအရာကတော့ လူရွှင်တော် အရိုင်း တစ်ယောက် ဆေးထိုးမှား ခဲ့လို့ ခုချိန်ထိ လက်မောင်းမှာ အမှတ်တရ ဒဏ်ရာတစ်ခု ကျန်ရစ် ခဲ့တဲ့ ဖြစ်ရပ် တစ်ခုပါပဲ။ အဲဒီအချိန်က ၅တိုက်မှာ လူတော်တော်စုံပါတယ်။ ဗ-က-သက ကိုအောင်ဒင်၊ တာရာမင်းဝေ ဖြစ်လာ မယ့် ရွှေဘုန်းလူ၊ ကိုတင့်ဆန်း၊ အောင်သူ၊ ဂျင်မီ၊ ကိုမြအေး၊ စက်မှုတက္ကသိုလ်က ချီးပေလို့ လူသိများတဲ့ ကိုဇော်မျိုးအောင်၊ ဆေးတက္ကသိုလ်က ရန်မျိုးသိမ်း၊ Hawk အဖွဲ့က အောင်ကျော်မြင့် စသည်ဖြင့် တက္ကသိုလ်ကျောင်းသားတွေ တော်တော်များပါတယ်။ လူကြီးတွေထဲမှာ ကျွန်တော်တို့အားလုံးက "တော်တော်" လို့ခေါ် တဲ့ တော်ဘုရားလေးဦးအောင်ဇေ၊ လယ်ဝေးသခင်ကြည်ရှိန်တို့ ရှိကြပါတယ်။ ကိုအရိုင်းကတော့ ကိုဇာဂနာ နဲ့ အမှုတွဲ ဖြစ်ပေမယ့် အထူးဝင်းထဲမှာ နေရတာ ပျင်းလို့ ထောင်ပိုင်ကို တင်ပြပြီး ၅တိုက် ကို ပြောင်း လာတာ ဖြစ်ပါတယ်။ ကိုအရိုင်းထောင်ကျခဲ့တဲ့ အမှုကတော့ ၁၉၉၀ ရွေးကောက်ပွဲမဲဆွယ်စည်းရုံးဟောပြောခဲ့တဲ့ အစီအစဉ်တစ်ခု မှာ အစိုးရကို အကြည်ညို ပျက်အောင် ဟောပြော လို့ တရားစွဲခံရပြီး ထောင်ကျ လာတာ ဖြစ်ပါတယ်။

၅တိုက် မှာ လူငယ်တွေများတော့ အားလုံးက အဆောင်ရောက်နေကြသလိုပဲ နေထိုင်ကြတယ်။ ရေချိုးမချခင်မှာ ပလတ်စတစ်တွေ၊ အ၀တ်စုတ်တွေကို လုံးပြီး ဘောလုံးလုပ်ကန်ကြတယ်။ ကိုမြအေးတို့၊ ကိုအရိုင်း တို့က ဘောလုံးကန်မယ် ဆိုရင် အတက်ကြွဆုံးသူတွေပဲ။ အသင်းတွေ ခွဲကြ တယ်။ ထောင်ပိုင်တွေ ထောင်မှူးတွေ မသိအောင် တိတ်တိတ်လေး ကြိတ်ပြီး ပြိုင်ပွဲ လုပ်တယ်။ ပထမ ရတဲ့ အသင်း ကို ဆေးလိပ် ဘယ်လောက်၊ ဒုတိယ ရတဲ့ အသင်း ဆေးလိပ် ဘယ်လောက်ဆိုပြီး ဆုတွေ ဘာတွေ စီစဉ်ကြ တယ်။ ဒီတော့ ပြိုင်ပွဲ အပေါ်အားလုံးက အာရုံစိုက် အလေးထားပြီး ကစားကြတယ်။ မလျှော့တမ်း ကစားကြတာ ဒဏ်ရာတွေ ရကုန်တဲ့ အထိပဲ။ ထောင်ဝင်စာနဲ့ ပရုတ်ဆီတွေ၊ တေဇောဘမ်းတွေ မှာရတယ်။ ပတ်တီး မရှိတော့ ပုံစံပုဆိုး ကို စုတ်ပြီး ပတ်တီးလုပ်ရတယ်။ တိုက်ကို တာဝန်ကျတဲ့ ၀န်ထမ်း ကိုလည်း စိတ် မငြိုငြင်အောင် ထားရတယ်။ သူမကြည်သာလို့ ဒီနေ့ပွဲနားပါဆိုရင် နားရတယ်။ သူ့အတွက် ကော်ဖီ၊ ဆေးလိပ်၊ စားစရာ အားလုံး အသင့်လုပ်ပေးထားရတယ်။ အိမ်ပြန်ရင်လည်း သူ့ကလေးတွေ အတွက် ပေးလိုက်ရသေး တယ်။ ဒါမှ ဘောလုံးပြိုင်ပွဲ က အနှောက်အယှက် ကင်းမှာကိုး။

လူတွေအားလုံးကတော့ အကျဉ်းအကျပ်ထဲမှာ ပေါ့ပါးအောင် နေထိုင်ကြတယ်။ ပျော်စရာတွေကို ကြံဖန် ရှာဖွေကြသည်။ ညဘက် ဆိုရင်လည်း ၉နာရီ မထိုးမချင်း တစ်ခန်းချင်းစီရဲ့ ဂီတသံစဉ်ကို နားဆင်ကြပေရော့။ ၅တိုက် မှာ သီချင်းဆိုကောင်းတဲ့ လူကတော့ သိပ်မရှိဘူး။ ကိုအောင်ဒင်တို့၊ ရွှေဘုန်းတို့ကလည်း ကဗျာသာ လှအောင် ရေးတတ်ကြတာ၊ သီချင်းကျ ဟုတ်တိပတ်တိ မဆိုတတ် ဘူး။ ဒါပေမဲ့ သီချင်းနဲ့ ပတ်သက်ပြီး "ဇ" ရှိ တဲ့သူ သုံးလေးယောက် ရှိတယ်။ သူတို့ကတော့ စက်မှု တက္ကသိုလ်က ကိုဇော်မျိုးအောင်၊ ရန်ကုန်တက္ကသိုလ်က ကိုအောင်သူ နဲ့ ကိုအရိုင်း၊ ကိုမြအေး တို့ ဖြစ်ပါတယ်။ ကိုဇော်မျိုးအောင် ဆိုရင် ဒိုးဒိုးအမည်နဲ့ စီးရီးအခွေတောင် ထွက်ဖူးသေး တယ်။ ဒီတော့ ညစဉ် ဖျော်ဖြေရေးဆိုရင် သူတို့သုံးယောက်က ပင်တိုင်ပေါ့။ တိုက်ရဲ့ဓလေ့ထုံးစံ ကတော့ ညဘက် သီချင်း ဆိုရင် တစ်ခန်းပြီး တစ်ခန်းဆိုပြရတယ်။ ကိုယ့်အခန်းအလှည့်ရောက်ရင် ဆိုတတ်တဲ့သူ  ဦးစားပေးလေ့ ရှိပါတယ်။

တစ်ခါတစ်လေကျတော့လည်း သီချင်းဆိုတာ ရိုးအီသွားပြီဆိုရင် ကဗျာ ရွတ်ကြပြန်ရော။ ကဗျာရွတ်ရင်တော့ ကိုအောင်ဒင် တို့၊ ရွှေဘုန်းလူတို့ပွဲပေါ့။ အဲဒီအချိန်က ရွှေဘုန်းလူရဲ့ပွဲ တောင်းအခံရဆုံးကဗျာက "ကျောင်းဖွင့်ချိန်" ကဗျာ ပါ။ နောက်တစ်ပုဒ်ကတော့ "ကမ္ဘာရဲ့ထိပ်ထား"။ ဂျင်မီ ကလည်း အသံအောင်တော့ ကဗျာရွတ် တာ ကောင်းတယ်။ ညစဉ် ၉နာရီ အိပ်ချိန် မပေးမချင်းတော့ တိုက်တစ်တိုက်လုံး ဆူညံနေကြတာပါပဲ။ ၉နာရီ အိပ်ချိန်ပေး မှ တစ်တိုက်လုံး တိတ်ဆိတ်သွားတော့တယ်။
ဒါပေမဲ့ တစ်ခါတစ်ရံ မှာတော့ ထူးခြားဖြစ်စဉ်တွေ ရှိပါတယ်။ ကိုအရိုင်း ဆိုရင် အခန်း၁၇မှာ လယ်ဝေး သခင်ကြည်ရှိန် နဲ့ အတူတူနေရတယ်။ သခင်ကြည်ရှိန် က ညဘက်ဆိုရင် ဘုရားရှိခိုးတတ်တယ်။ အဲဒီလိုမျိုး အချိန် အခန်း၁၇ သီချင်း ဆိုဖို့ အလှည့်ရောက်ရင် တစ်တိုက်လုံးက ၀ိုင်းအော်တယ်။
"ကိုအရိုင်း ဆိုပါဗျို့" "ကိုအရိုင်း သံလွင်စစ်တောင်းသီချင်းဆိုပါ" ဆိုတာတွေ၊ တောင်းသံတွေ သောသောညံနေ တယ်။ အငြိမ့်ကလာတဲ့ ကိုအရိုင်း ကလည်း ဖိုးညိုမြဆိုတာ့ တစ်ခါတည်း သံတိုင် နားကပ်ပြီး အသံကုန် ဟဲတော့တာပဲ။

"နေ၀င်းနီ ×× ပေါ်ထွက်လာချေပြီ ×× ဘ၀တက္ကသိုလ်ဆီ ××× ဘ၀တက္ကသိုလ်ဆီ ××× ရွှေဝါ လျှမ်းတောက် ××× ဒေါင်းအလံအောက်က ××× လူငယ်တပ်ဦးတွင် ××× ရန်သူကို တွန်းလှန် အစဉ် ××× ပြည်သူရဲ့သားတွေပင် ××× ဘ၀တက္ကသိုလ်မှာ ××× တွေ့ဆုံစဉ် ××× ခင်ခင် မင်မင် ×× တို့ရဲဘော်တွေပင်"
အဲဒီလိုဆိုလို့ကောင်းနေတဲ့အချိန်မှာ သခင်ကြည်ရှိန်ရဲ့ အသံပေါ်ထွက်လာပါတယ်။
"အရိုင်း ... အဘ ... ဘုရားရှိခိုးနေတယ်ကွ"
ဒီအသံ ထွက်လာရင် ကိုအရိုင်း သီချင်း ရပ်ရပါတယ်။ ပြီးတော့ ကိုအရိုင်းရဲ့ တစ်တိုက်လုံး ကို တောင်းပန်တဲ့ အသံကြီး ပေါ် ထွက်လာပါတယ်။
"ကျွန်တော် တို့ သခင်ကြီးကြည်ရှိန် ဘုရားရှိခိုးနေတဲ့အတွက် ကျွန်တော့်ရဲ့ သီဆိုဖျော်ဖြေမှုကို အဆုံးသတ်လိုက် ပါတယ် ခင်ဗျား"
တစ်တိုက်လုံး က မချင့်မရဲတွေ ဖြစ်ကုန်တယ်။ ဒါပေမဲ့ ဘုရားရှိခိုးနေတာဆိုတော့ ဘာတတ်နိုင်မှာ လဲ။ နောက် အခန်းတွေ ဆက်ဆိုကြပေါ့။ အဲဒီလိုနဲ့ အကျဉ်းထောင်ထဲမှာ ငိုတစ်လှည့်၊ ရီတလှည့် ခရီး ဆက်နေကြသူတွေ ချည်းပါပဲ။ အားလုံး မရှိရှိတာကို ဝေမျှစားသောက်ကြတယ်။ အချင်းချင်း ဂရုစိုက်ကြတယ်။ အရေးအကြီးဆုံး ကတော့ ကျန်းမာရေး ပဲ ဖြစ်ပါတယ်။ ထောင်ထဲမှာ ၀မ်းကိုက် တာနဲ့ ၀ဲကတော့ ဘယ်သူမှ ရှောင်လွှဲလို့ မရပါဘူး။ လူတိုင်း ၀ဲပေါက်ကြတယ်။ အသီးအရွက်တွေ က မသန့်စင်တော့ လူတိုင်း ၀မ်းကိုက်ပိုး ရှိကြတယ်။

ကိုအရိုင်း ဆိုရင်လည်း တစ်ကိုယ်လုံး ၀ဲတွေပေါက်နေတယ်။ ညဆိုရင် လက်နှစ်ဘက်လုံး အငြိမ် မနေဘဲ ကုတ်နေ ရပြီ။ လိမ်းဆေးတွေ လည်း အိမ်မှာပြီး လိမ်းတယ်။ စားဆေးတွေလည်း မျိုးစုံ အောင်စားတယ်။ ဒါပေမယ့် ၀ဲ ကတော့ ပျောက်မသွားဘူး။ ပိုပြီးတော့တောင် များလာသေး တယ်။ နောက်ဆုံး မခံနိုင်တော့ ထောင်ဆေးရုံ က ဆရာဝန်ကြီးကို တင်ပြတယ်။ စားဆေး၊ လိမ်းဆေးစုံပေ မယ့် ရောဂါ မပျောက်တဲ့ အတွက် ဘာဆက်လုပ်ရမလဲပေါ့။ နောက်ဆုံး ဆရာဝန်ကြီးက cevit Injection ထိုးရမယ့်လို့ ညွှန်ကြား သွားပါတယ်။ ဒါနဲ့ကို အရိုင်းကလည်း အိမ်ထောင်ဝင်စာကနေ cevit ထိုးဆေးတွေ မှာလိုက်ပါတယ်။ ၀ဲတွေ ကိုလည်း ကြိမ်းထားတယ်။ "မင်းတို့ ဒီတစ်ခါ အ၀ယားထားကြကွာ" တဲ့။ ဒီလိုနဲ့ သူ့ထိုးဆေးတွေတိုက် ကို ရောက်လာတယ်။ ဆေးတပ်သား လည်း ပါလာတယ်။
ဒါပေမဲ့ ဆေးထိုးခါနီး ကျမှ ပြဿနာတက်တော့တာပဲ။ ဆေးတပ်သားက အကြောဆေးထိုးတဲ့ အပ်မပါလာဘူး။ ကိုအရိုင်းဆေး က အကြောဆေး ဖြစ်နေတယ်။ ဆေးတပ်သားက အသားထိုးတဲ့ အပ်ကိုထောင်ပြတယ်။ ပြီးတော့ ဒါနဲ့ ထိုးလည်း ရတယ်လို့ ပြောတယ်။ အဲဒီအချိန်မှာ ကိုအရိုင်းက လက်နှစ်ဖက်လုံးမအားဘဲ ကုတ်နေရ တယ်။ သူဒေါသ လည်း အတော်ထွက်နေပြီ။ ဒီတော့ ဆေးတပ်သားကို "ရရင်ထိုးကွာ" ဆိုပြီး ပြောလိုက်တယ်။ ဆေးတပ်သား က ကိုအရိုင်းလက်ဖျံ က အကြောကို ရှာပြီး အသားထိုးတဲ့ အပ်နဲ့ ထိုးပေး လိုက်တယ်။ အဲဒီလိုလည်း ထိုးပြီးရော ကိုအရိုင်း ၀ဲတွေပျောက်မပျောက်တော့ မသိဘူး။ သူ့လက်ဖျံမှာ ဖုလုံးကြီး ပေါ် လာတယ်။ အဲဒီဖုလုံးကြီး က တစ်ရက် လည်း မပျောက်၊ နှစ်ရက်လည်း မပျောက်နဲ့ ကျန်ရစ်ခဲ့တော့ တယ်။

ခုဆိုနှစ်ပေါင်း ၂၀ကျော် သွားခဲ့ပါပြီ။ ကိုအရိုင်း တစ်ယောက် မယားတွဲလောင်း၊ သမီးတွဲလောင်း လည်း ရနေပြီ။ သူ့ရဲ့ ၀ဲတွေလည်း ပြန်မပေါက်တော့တာ ကြာပါပြီ။ သူ့ရဲ့လက်ဖျံမှာတော့ ဖောင်းနေတဲ့ ဘုလုံးကြီး ကို တွေ့နေရတုန်းပါပဲ။ သူ့ကိုမေးကြည့်တော့ ဒီဘုကို အမှတ်တရထား ထားတာတဲ့။ ဘာလို့လဲဆိုတော့ အင်းစိန် လို ဗဟိုအကျဉ်းထောင်ကြီးမှာ အကြောထိုးတဲ့ အပ်ရှားပါး ခဲ့တယ်ဆိုတာ သက်သေပြလို့ ရအောင်တဲ့။ သူက ရီစရာလုပ်ပြီး ပြောပေမယ့် ကျွန်တော့်ရင်ထဲမှာ ကျင်ခနဲ ဖြစ်ခဲ့ရပါတယ်။ အမှန်တကယ်လည်း အဲဒီအချိန် ကာလ က အကျဉ်းထောင်ထဲမှာ ဆေးဝါးနဲ့ ပစ္စည်းကိရိယာတွေ အလွန်ရှားပါးခဲ့တာပါ။ ပစ္စည်းပစ္စယ မစုံလင်လို့ မဖြစ်သင့် တဲ့ ကွယ်လွန် တိမ်းပါးသွားခဲ့ရတဲ့ သူငယ်ချင်းတွေ၊ ရဲဘော်တွေလည်း အများကြီးပါပဲ။ ဒါကြောင့် အကျဉ်းထောင် ဆေးရုံတွေ မှာ ဆေးပစ္စည်းတွေ၊ ကုသတဲ့ကိရိယာတွေ ပေါပေါများများလှူမယ့် အလှူရှင်တွေ အများကြီးပေါ်ပေါက် လာရင် ကောင်းမှာပဲလို့ တွေးမိပြီး အမြန်ပေါ်ပေါက်လာပါစေလို့ ဆုတောင်း လိုက်ပါတယ်။

ဆက်ရန်
.

2 comments:

Anonymous said...

so bad situaton myanmar prison.
wht the hell..

Anonymous said...

so bad situaton myanmar prison.
wht the hell..