Friday, November 23, 2012

ဇော်သက်ထွေး ၏ ကြမ်းတမ်းသောစစ်ပွဲ နှင့် နူးညံသော နှလုံးသား, အပိုင်း (၇)

ကြမ်းတမ်းသော စစ်ပွဲနှင့် နူးညံ့သော နှလုံးသား

၁၉၈၈ ခုနှစ်၊ သြဂုတ်လ (၈)ရက်နေ့မှာ မြန်မာနိုင်ငံရဲ့ အုပ်ချုပ်မှုစနစ်ကို ပြည်သူတွေက မလိုလား ကြောင်း ဆန္ဒထုတ်ဖော်ပြသခဲ့ပါတယ်။ ဒါ့ကြောင့် မြန်မာ့နိုင်ငံရေးအခြေအနေဟာ ပြောင်းလဲ သွားခဲ့ပါ တယ်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်နဲ့ အုပ်ချုပ်နေရာကနေ လူနေမှုအဆင့်အတန်း နိမ့်ကျ ယိုယွင်းလာလို့ ဦးနေ၀င်းခေါင်းဆောင် တဲ့ အစိုးရပြုတ် ကျသွားခဲ့ပြီး ဗိုလ်ချုပ်ကြီးစောမောင်ဦး ဆောင်တဲ့ စစ်အုပ်ချုပ်ရေးစနစ် အစားထိုး လိုက်ပါတယ်။ စစ်အုပ်ချုပ်ရေးကြောင့် ရန်ကုန်မြို့ ကျူးကျော်ရပ်ကွက်တွေ၊ ပျံကျရပ်ကွက်တွေ တရားမ၀င် လုပ်ငန်းတွေနဲ့ စီးပွားရှာနေတဲ့ ရပ်ကွက် တွေ အဖျက်ခ့ခဲ့ရသလို ဘိန်းသမား၊ ဆေးခြောက်သမား၊ ခေါင်းတွေ၊ မိန်းမရွှင်တွေ၊ ခိုးဆိုးနှိုက်နဲ့ လူရှုပ်လူပွေ အားလုံး လိုလို ထောင်ထဲ ရောက်လာကြပါတယ်။ တစ်နည်းပြောရရင်တော့ ထောင်ထဲ မှာ လူဆိုးလူမိုက်တွေ စုပြီး ထားလိုက်သလို ဖြစ်သွားခဲ့ပါတယ်။

တစ်ဖက်မှာလည်း စစ်အုပ်ချုပ်ရေးကို မကျေနပ်တဲ့ ဒီမိုကရေစီတောင်းဆို လှုပ်ရှားမှုတွေ ပေါ်ပေါက် ခဲ့ပြီး အဖမ်းဆီးခံရ တဲ့ လူငယ်ကျောင်းသားတွေလည်း အင်းစိန်ထောင်ထဲကို ရောက်လာကြပါ တယ်။ လူငယ်ကျောင်းသားတွေ ကလည်း အမျိုးအစား စုံလင်လှပါတယ်။ တက္ကသိုလ်ကျောင်းသား၊ ဂုဏ်ထူး တန်းကျောင်းသား၊ အင်ဂျင်နီယာလောင်း၊ ဆရာဝန်လောင်းတွေကစပြီး ၈တန်း ၉တန်း ကျောင်းသားတွေအထိ ပါဝင်ကြ ပါတယ်။ ဒီလိုလူဆိုးတွေနဲ့ ကျောင်းသားတွေအုပ်စုနှစ်စုဟာ ထောင်ထဲမှာ ဆိုးတူကောင်းဖက် အတူတူ နေထိုင်ကြရပါတယ်။ ဒီလို နေထိုင်ရတဲ့အတွက် လူဆိုး တွေနဲ့ ကြမ်းတမ်းတဲ့ စရိုက်သဘာဝ အချို့ဟာ အတွေ့အကြုံ အားနည်းတဲ့ ကျောင်းသားတချို့ထံ ကို ကူးစက်ခဲ့သလို လူငယ်ကျောင်းသားတွေရဲ့ ကိုယ်ကျိုးစွန့် အနစ်နာခံတတ်ပုံတွေကိုလည်း လူဆိုးတွေ နားလည်သိရှိခဲ့ကြပါတယ်။ ဒါပေမဲ့ လုံးဝ မတူခြားနားနေတဲ့ အုပ်စုနှစ်ခု ရှင်သန်နေထိုင် ခြင်းပါပဲ။ လူဆိုးတွေကလည်း ထောင်ထဲမှာ အနေချောင်၊ အစားချောင်အောင် သူတို့အချင်းချင်း စုစည်းပြီး ဂိုဏ်းတွေ ဖွဲ့ထားသလို ၅(ည)တွေကလည်း အချင်းချင်း ကျောချင်းကပ်ထားပြီး တစ်ယောက်ထိရင် အားလုံးမခံလို့ "ကျီးကန်း" တွေဆိုပြီး ထောင်မှာ ပြောလေ့ ရှိကြပါတယ်။

ထောင်ထဲမှာ လူမိုက်ဂိုဏ်းကြီးတွေကလည်း မဟုတ်တာမှန်သမျှ အကုန်လုပ်ကြပါတယ်။ တင်းကျပ်တဲ့ အကျဉ်းထောင်စည်းမျဉ်းစည်းကမ်းတွေနောက်မှာ ရင်းပြီး သူတို့ လှုပ်ရှားကြတယ်။ ထောင်ထဲမှာ အကျဉ်းသားတွေကို ဘိန်းဖြူ ရောင်းတယ်။ ဘိန်းစားတွေကလည်း အိမ်က ငွေမှာပြီး ထောင်ထဲမှာ အကျဉ်းသားတွေ ကို ဘိန်းဖြူထိုးတယ်။ ထောင်ဝင်စာကနေ မူးယစ်စေတဲ့ ဆေးတွေ ခိုးပြီး သွင်းတယ်။ ထောင်ထဲမှာ မဟုတ်တာ မှန်သမျှ ရအောင်သွင်းတယ်။ သူတို့စတည်းချတဲ့ နေရာက အဆောင်ရဲ့ ဘုတ်တိုက် နဲ့ မိလ္လာကြီးပဲ။ ဘုတ်တိုက်ဆိုတာက အဆောင်ရဲ့ ထောင်သား တွေ စိုက်ပျိုးဖို့အတွက် သုံးတဲ့ ပေါက်ပြား၊ ပေါက်တူး၊ ထွန်ခြစ်၊ ကိရိယာတန်ဆာပလာတွေကို သိမ်းဆည်းတဲ့နေရာ ဖြစ်ပါတယ်။

အဆောင်ရဲ့စတိုပေါ့။ လူတစ်ထောင်စာအတွက် ပုံစံပန်းကန်ပြား တွေ ဘိလပ်မြေ၊ သဲကအစ ဘုတ်တိုက်ထဲ ထည့်ကြ တာပါပဲ။ မိလ္လာကြီးကတော့ နေ့ဘက်ဆို အများသုံးအိမ်သာပေါ့။ ဒါပေမဲ့ ရေဆေးသန့်ရှင်းထားပြီး ဖျာတွေအကျအန ခင်းထားတယ်။ မိလ္လာကြီးဘုတ်ကိုင်နဲ့ သူ့အဖွဲ့တွေက ဖျာပေါ်မှာ နင်းနှိမ့်ပြီး အကျအနက ဇိမ်ခံကြတာပေါ့။ နားကလော်တဲ့သူ၊ ဆံပင်ဖြူနှုတ်တဲ့သူ၊ ၀က်ခြံညှစ်တဲ့သူ၊ တက်တူးထိုးတဲ့ သူရှိတယ်။ လိင်တူ ဆက်ဆံတဲ့သူ ရှိတယ်။ ဆေးခြောက်ချတဲ့သူ ရှိတယ်။ ဒါတွေကို အကျဉ်းသားတစ်ယောက်ယောက် က သွားကြည့်ပြီး စပ်စုရင် အန္တရာယ် ရှိတယ်။ သူ့အသက်ကိုပါ စိုးရိမ်ရတယ်။ သူတို့ရဲ့ လက်တံက ထောင်ထဲမှာ ရှည်လျား တယ်။ ထောင်အာဏာပိုင်တွေကလည်း ဒီကိစ္စတွေကို မသိဘဲနေတာ မဟုတ်ပါဘူး။ သိသိကြီး နဲ့ နှာစေးနေကြတာပဲ။ ဒီဂိုဏ်းတွေက ထောင်ကို ငွေရှာဖွေပေးနေတဲ့ ဂိုဏ်းတွေပဲ။ ဒီတော့ ပြဿနာရှင်းမယ် ဆိုရင် ဂျာအေးသူ့အမေရိုက် ဖြစ်နေတယ်။ ဘယ်လိုမှ အမြစ်ကနေ ရှင်းပစ်လို့ မရဘူး။ ထောင်က ခန့်ထားတဲ့ တန်းစီးတွေ၊ ဗာယာတွေ၊ စည်းကမ်းထိန်း တွေ၊ ဘုတ်ကိုင်တွေ ကိုယ်တိုင် လည်း ဆေးရှူကြ ထိုးကြတယ်။ ရောင်းလဲရောင်းကြတယ်။ ဒီလိုမျိုး အခွင့်အရေးရဖို့ ထောင်မှူးတွေကိုလည်း အိပ်ကပ်ထဲ ထည့်ထားနိုင်တဲ့ အထိ သြဇာကြီးမားကြတယ်။ အဲဒီအခါ ပြဿနာတစ်ခု ပေါ်ပေါက်လာတယ်။

အဲဒီပြဿနာက ဆေးပဲထိုးထိုး၊ တက်တူးပဲထိုးထိုး၊ အပ်တစ်ချောင်းနဲ့ လူတွေအကုန်လုံး သုံးကြတဲ့ ကိစ္စ ဖြစ်ပါတယ်။ ဒီတော့ သူတို့တွေကြားမှာ HIV ပိုးကူးစက်မှုမြင့်တက်လာပါတယ်။ ဆေးရုံမှာ လူတွေ အများကြီး ထွက်လာကြတယ်။ အဲဒီအချိန်က ART ဆေးလည်း မပေါ်သေးတော့ အားလုံး AIDS နဲ့ သေကြတာ များပါတယ်။ ဒီလို ပြဿနာတွေကြောင့် နိုင်ငံရေးအကျဉ်းသားတွေက စားသောက်နေထိုင်မှုမှာ တခြား အကျဉ်းသားတွေနဲ့ မရောထွေးဘဲ သီးခြားပုံစံပြုလုပ်ထားတယ်။ ထမင်းဝိုင်းတွေကိုလည်း ကိုယ့်အချင်းချင်းပဲ ဖွဲ့စည်း ထားကြတယ်။ ဖွဲ့စည်းတဲ့အခါမှာတော့ ထောင်ဝင်စာပုံမှန် လာတဲ့သူနဲ့မလာတဲ့ သူတွေမျှပြီး တွဲကြတာပါ။ လူ ၆ယောက် ရှိတဲ့ ထမင်းဝိုင်း တစ်ခုဖွဲ့ရင် နှစ်ပတ်တစ်ကြိမ် ပုံမှန်ထောင်ဝင်စာလာတဲ့ လူက နှစ်ယောက်၊ နှစ်လတစ်ကြိမ်၊ တစ်လတစ်ကြိမ်လောက်လာနိုင်တဲ့သူက နှစ်ယောက်နဲ့ လုံးဝမလာ တဲ့ သူနှစ်ယောက် ဖွဲ့ထားပြီး စားသောက်ကြရပါတယ်။

ထောင်ဝင်စာလာတဲ့သူချည်းပဲ စုပြီး ထမင်းဝိုင်း မဖွဲ့ကြပါဘူး။ ဘာဖြစ်လို့ လည်းဆိုတော့ တိုင်းပြည်ကို ကောင်းစေချင်လို့ ကိုယ်ကျိုးစွန့်ပြီး နိုင်ငံရေးလုပ်တဲ့အတွက် ထောင်ကျလာတဲ့သူတွေချည်းပဲမို့ အချင်းချင်း နားလည် စာနာ ရိုင်းပင်းကြပါတယ်။ ရှိတာကို မျှဝေ စားသောက် ကြ ပါတယ်။ သေချာတာကတော့ နိုင်ငံရေးအကျဉ်းသားတွေဟာ အယူအဆတွေ ဘယ်လောက်ပဲ ကွဲကွဲ အချင်းချင်း ကြားမှာတော့ အရမ်းစည်းလုံးညီညွှတ်ကြပါတယ်။ တပ်မတော် အရာရှိကြီးတစ်ဦးနဲ့ကို ကိုးကျွန်းပြန် ကွန်မြူနစ်နိုင်ငံရေးသမားကြီးနဲ့ ထမင်းတစ်ဝိုင်းတည်း အတူစားလည်း ဖြစ်တယ်။ ၀န်ကြီးချုပ်ဟောင်းဦးနုရဲ့ ဒီငြိမ်းပါတီဝင်တစ်ယောက်နဲ့ NLD လွတ်တော်အမတ်တစ်ယောက်နဲ့လည်း ဘေးချင်းကပ်ရက် အိပ်ကြတယ်။ မကသကျောင်းသား ခေါင်းဆောင် နဲ့ ဗကသကျောင်းသားခေါင်းဆောင် အချင်းချင်း ပူးပေါင်း ပြီး ထောင်အာဏာပိုင် ကို အရေးဆိုရတာတွေလည်း ရှိခဲ့တယ်။

ဒါကြောင့် လူ ၁၀၀၀ ကျော် ရှိတဲ့ အဆောင်တစ်ဆောင်မှာ ကြီးမားတဲ့ အုပ်စုအသွင်ဆောင်တာ ကတော အုပ်စုနှစ်စုပဲ ရှိပါတယ်။ ဒီအုပ်စုနှစ်စုကတော့ လူမိုက်ဂိုဏ်းနဲ့ ၅(ည) ဂိုဏ်း။ ဒီအဖွဲ့ နှစ်ဖွဲ့ မှာ ထောင်အာဏာပိုင်တွေ နဲ့ အမြဲတမ်းထိတွေ့ ဆက်ဆံနေရတာက လူမိုက်ဂိုဏ်း။ သူတို့က ၅(ည)တွေ ဘာလုပ်တယ်၊ ဘာကိုင်တယ်ဆိုတာ အမြဲတမ်း သတင်းပို့ရတာ ကိုး။ ထောင်ပိုင် ထောင်မှူးတွေ က ကျောင်းသားတွေ ထောင်ထဲမှာ နိုင်ငံရေးဆူပူမှုတွေ မဖြစ်အောင် ထိန်းထားချင် တယ်။ ဒီအတွက် သတင်းရဖို့ လူမိုက်ဂိုဏ်း ကို အားကိုးရတယ်။ လူမိုက်တွေကလည်း ဒါကို အခွင့် အကောင်း ယူပြီး ထောင်စည်းမျဉ်း စည်းကမ်းနဲ့ မညီညွတ်တာတွေကို လုပ်ကြတယ်။ ထောင်နဲ့ လူမိုက်တွေအတွက်တော့ Win Win Solution ပေါ့။ ကြားထဲ က ခံရတာကတော့ ၅(ည)တွေပဲ ဖြစ်ပါတယ်။
အဖြစ်အပျက် တစ်ခုကို ပြောရရင် ၄ဆောင်မှာ ဘိန်းထိုးနေတဲ့ လူတွေကို ကျွန်တော်တွေ့တော့ ထောင်ထဲကို ဘိန်းတွေ ဘယ်လို ရောက်လာသလဲလို့ ပါးစပ်ဆော့မိပါတယ်။ ဒီလို ပြောတာကို ကြားသွားတဲ့ လူဆိုး တစ်ယောက် တန်းစီးဖြစ်တဲ့ စိုးမြတ်ကို သွားတိုင်လို့ လူမိုက်ဂိုဏ်းက ကျွန်တော့် ကို သတ်မယ်ဖြတ်မယ် လုပ်လာတယ်။

ကျွန်တော် တို့ ၅(ည)တွေကလည်း အဆောင်မှာ လူ ၂၀၀ လောက် ရှိတယ် ဒီကိစ္စကြောင့် ပဋိပက္ခစ ဖြစ် လာတယ်။ ကျွန်တော်တို့ အုပ်စုရဲ့ ခေါင်းဆောင်တွေ က အခု အမေရိက ရောက်နေတဲ့ ကိုဝင်းနိုင်ဦး တို့၊ ကိုအောင်ဒင် (Bruma Campaign USA)၊ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂ တွဲဘက်အတွင်းရေးမှူး ကိုဇော်မျိုးအောင်တို့ စတဲ့ စက်မှုတက္ကသိုလ်ကျောင်းသားကြီးတွေပါ။ သူတို့ကည တစ်ဖက်အုပ်စု ရဲ့ ခေါင်းဆောင်စိုးမြတ်နဲ့ သွားဆွေးနွေးတယ်။ ပြသာနာစဖြစ်ရင် ၅ (ည) တွေက မခံဘူးဆိုတာ အတိအလင်းပြောပြ တယ်။ မထိန်းနိုင်ရင် အဆောင်မှာ အုပ်စုနှစ်စုတိုက်ပွဲဖြစ်မယ်။ လူတွေသေမယ်။ ဒါကို တားဆီးမလား၊ ရင်ဆိုင်ကြ မလား ဆွေးနွေးကြတယ်၊ နောက်ဆုံးလူမိုက်အုပ်စုခေါင်းဆောင်စိုးမြတ်ကြီးက နောက် ဆုတ်လက်ရှောင် သွားတယ်။ သူတို့ကတကယ်တော့ ၅ (ည)တွေနဲ့  ပြသာနာမဖြစ်ချင်ကြဘူး။

သူတို့ထောင်ထဲမှာ ကောင်းကောင်းနေ ကောင်းကောင်းစားရတဲ့ဘဝကိုလည်း ဘာနဲ့မှ မလဲနိုင်ဘူး။ တကယ်လို့ ပြသာနာဖြစ်ရင် ဘဝပျက်မယ်၊ စစ်ခွေးရောက်မယ်၊ အဆုံးစွန်ပြောရရင် ထောင်ပြေးခံရ မယ်။ ဒါတွေကို သူတို့ကြောက်တယ်၊ ဒီတော့ ပြေလည်ရာပြေလည်ကြောင်းညှိတယ်၊ ကျွန်တော် တို့တွေကလည်း ထောင်ထဲဝင်လာကြရတာ။ ရန်လည်းသိပ်ဖြစ်ဘူးတာ မဟုတ်သလို တစ်ဖက်သား ကိုလည်း နာကျင်အောင် မလုပ်တတ်ဘူး။ နှလုံးရည်အားကိုးနဲ့ပဲထောင်ထဲမှာ နေထိုင်ကြရတယ်။ နိဂုံးချုပ်ပြောရ ရင်တော့ ကျောင်းသားတွေ နဲ့ လူဆိုးတွေ သွေးချောင်းစီးမယ့် ပဋိပက္ခကြီး ကို ရှောင်လွှဲ လိုက်နိုင်တယ်။ ထောင်အာဏာပိုင်တွေက နောက်ဆုံးမှာသိသွားကြတယ်။ သူတို့ခေါင်း အရမ်းကြီးသွားတယ်။

ပြသာနာတွေသာဖြစ်ခဲ့ရင် ညောင်မြစ်တူး ပုတ်သင်ဥပေါ်မှာပဲ။ ဒါဆိုရင် ထောက်အာဏာပိုင်တွေနဲ့ လူဆိုးတွေကြားထဲက အပေးအယူကိစ္စတွေဘူးပေါ်သလို ပေါ်သွားနိုင်တယ်။ ဒါကြောင့် သိသိချင်းအားလုံး လူစုခွဲပြီး ထောင်ပြေးလိုက်ကြတယ်။ နှစ်ဖက်အုပ်စုနှစ်ခုလုံး ရောမွှေပြီး မြန်မာနိုင်ငံက ထောင်၃၆ ထောင်ကိုရွေ့လိုက်တယ်။ သူတို့ရဲ့ ခြေရာလက်ရာတွေကတော့ လက်တလော သဲလွန်စပျောက်သွားတာပေါ့။ ပြောင်းရွေ့ခံခဲ့ရတဲ့ အကျဉ်းသားတွေ လည်း အတွေးအခေါ် အယူအဆ မတူပေမယ့် တစ်ခရီးတည်း သွားတော့ နောက်ဆုံး ရဲဘော်ရဲဘက်တွေဖြစ်သွားကြတာပဲ။ တစ်ချိန်က မာန်မာနတွေမရှိကြတော့ဘူး လေး ဘက်လေးတန် ကာရံထား တဲ့ အုတ်တံတိုင်းတွေအောက်မှာ သူတို့အားလုံး ဘဝပေးအခြေအနေ အရ ပေါင်းစည်းသွားကြတယ်။ တကယ်တော့ နူးညံ့တဲ့ နှလုံးသားပိုင်ရှင်တွေဟာ ကြမ်းတမ်းတဲ့ စစ်ပွဲတစ်ပွဲရဲ့ အလယ်ဗဟို ကို ရောက်ရှိသွားခဲ့တာဖြစ်ပါတယ်။


ဦးလင်းယုန်နှင့် ဆေးပြင်းလိပ်

    ၁၉၉၁ ခုနှစ် ဆောင်းညတစ်ညဟာ ကျွန်တော်တို့ အကျဉ်းသားတွေအတွက် ထိတ်လန့်တုန်လှုပ်ဖွယ်ရာ ညတစ်ည ပါပဲ။ ညနှစ်နာရီထိုးမှာ ယုံကြည်ချက် အကျဉ်းသားနာမည် တွေကို ဖခင်အမည်နဲ့ တကွ ခေါ်ပြီးနယ်ထောင် အသီးသီးကို ပြောင်းရွှေ့တဲ့ အစီအစဉ် စတင်လိုက် လို့ဖြစ်ပါတယ်။ အဆောင်အသီးသီး က ထုတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားတွေကို အင်းစိန်ထောင် က လုံခြုံရေးယူပြီး လိုက်ပို့ပေး မယ့် စစ်တပ်လက်ထဲကို အပ်ပါတယ်။ ပြောင်းရွေ့မယ့် အကျဉ်းသား တွေကို လုံခြုံရေး တာဝန်ခံဗိုလ်မှူး က လူရေတွက်ကြည့်လိုက်တော့ ၉၉ယောက်ပဲရှိလို့ နောက်တစ်ယောက် ထပ်ခေါ်ခိုင်းပါတယ်။ ဒါကြောင့် ၁၀၀မြောက် အကျဉ်းသားအဖြစ်တောင် ဥက္ကလာက ၁၀တန်းကျောင်းသားအောင်သွင်ကို ၄ဆောင် က ခေါ်ထုတ်လာပါတယ်။

ကျွန်တော်တို့ အကျဉ်းသား တစ်ရာထဲမှာ အမှတ်တရအဖြစ်ပြောရရင် အသက်အကြီးဆုံး အကျဉ်းသားက ငုယင်ဗန်ထရွိုင်းစာအုပ် ကို ဘာသာပြန်ဆိုခဲ့တဲ့ စာရေးဆရာကြီး မောင်လင်းယုန်(ရှမ်းပြည်)ဖြစ်ပြီး အသက်အငယ် ဆုံး အကျဉ်းသားကတော့ အောင်သွင်ဖြစ်နေပါတယ်။ ဆရာကြီးမောင်လင်းယုန် ဟာ ရုရှသံရုံး မှာ သာသာပြန်အရာရှိအဖြစ်လုပ်ကိုင်နေရင်း ဗကသကျောင်းသားတွေနဲ့ စစ်အစိုးရ ဆန့်ကျင်ရေး လှုပ်ရှားမှုတွေတိတ်တဆိတ် ဆောင်ရွက်ခဲ့လို့ ထောင်ဒဏ် ၅နှစ် အပြစ်ပေးခြင်း ခံခဲ့ရပါ တယ်။ အောင်ကြီးခေါ် အောင်သွင်ကတော့ သူတို့တောင်ဥက္ကလာ အထက်တန်းကျောင်းမှာ ချိတ်ဆွဲထားတဲ့ ဒို့အရေး သုံးပါး ဆိုင်းဘုတ် ကို ဖြုတ်ချခဲ့တဲ့အတွက် စစ်ခုံရုံးက ထောင်ဒဏ် ၃နှစ် အပြစ်ပေး လိုက်ပါတယ်။ ထောင်ကျတော့ အသက် ၁၆နှစ်ပဲ ရှိပါသေးတယ်။ ထောင်က တိုက်တိုက်ဆိုင်ဆိုင် သူတို့နှစ်ယောက် ကို အတူတူခြေကျင်း တွဲခတ်လိုက်ပါတယ်။

    နှစ်ယောက်တစ်တွဲခတ်ထားတဲ့ အတွဲ ၅၀ကို အလုံပိတ်အချုပ်ကားထဲထည့်ပြီး ညအမှောင်ထုထဲမှာ လုံခြုံရေးကားတွေ နဲ့ အင်းစိန်ဗူးဝကနေ တိတ်တဆိတ် မောင်းထွက်ခဲ့ပါတယ်။ ဘယ်ထောင်ကို ပို့မယ်ဆိုတာ ကျွန်တော်တို့အားလုံး ဘယ်သူမှသိခွင့်မရှိပါဘူး လုံခြုံရေး အတွက်ကြောင့် သူတို့က ဆိုပါတယ်။ အကျဉ်းသားတွေတွေကတော့ အချုပ်ကားသံလိုင်း အတွက်ကြောင့်လို့ သူတို့က ဆိုပါတယ်။ အကျဉ်းသားတွေ ကတော့ အချုပ်ကားသံတိုင်ပေါက် ကနေ အပြင်ကတွေ့တဲ့လူတွေကို ပါးစပ်နဲ့အော်ပြီး သတင်း လှမ်းပေးကြပါတယ်။ "ကျွန်တော်တို့ နိုင်ငံရေးအကျဉ်းသားတွေပါ။ ကျွန်တော်တို့ကို ထောင်ပြောင်းနေပါတယ်" စသဖြင့် သတင်း စကားပါးကြတာပါ။ နိုင်ငံရေးအကျဉ်းသား ၁၀၀ ကို ရန်ကုန်-မန္တလေးလူစီးတွဲရဲ့ နောက်ဆုံးမှာ ချိတ်ထား တဲ့ အလုံပိတ်တွဲကြီးထဲ ကို ပို့လိုက်ပါတယ်။ ဒီတွဲက အကျဉ်းသားတွေ ရွှေ့ပြောင်းတဲ့ နေရာမှာ အသုံးပြုတဲ့ တွဲပါ။

ရန်ကုန်ဘူတာကြီးထဲက ရန်ကုန်-မန္တလေးရထားပေါ်ရောက်မှ အားလုံး ကို တောင်ငူထောင်ပို့မယ်ဆိုတာ သိကြရ ပါတယ်။ အားလုံးအလုံပိတ်ရထားတွဲထဲမှာ အသက်ရှူ လို့မ၀ရတဲ့အထဲ ပစ္စည်းတွေ၊ အိပ်ယာလိပ်တွေ၊ စားစရာခြင်းတောင်းတွေ နဲ့ မနိုင်မနင်းတို့လို့ တွဲလောင်းပေါ့။ ဒီလိုဗရုတ်သုခ အခြေအနေမှာပဲ ဆရာကြီးဦးလင်းယုန် က ခံတွင်းချဉ် လာလို့ ဆိုပြီး ဆေးလိပ်တောင်းပါတယ်။ ရထားတွဲပေါ်က လူ အားလုံး ဆေးလိပ် မရှိတော့ ဆရာကြိးကို ချက်ခြင်း မပေးနိုင်ဘူး။ အောင်သွင်ကတော့ ဆရာကြီး ကို ဆေးလိပ်ရှာပေးမယ်ဆိုပြီး နှစ်သိမ့်နေပါတယ်။ ဒါပေမယ့် ဘူတာကြီးထဲက ဆေးလိပ်ရောင်းတဲ့ ဆိုင်တွေဆီ ကို သွားဝယ်ဖို့ စစ်သားတွေက ခွင့်မပြု ပါဘူး။ ဆရာကြီးကတော့ ဆေးလိပ်မသောက်ရလို့ ပူညံပူညံနဲ့ပေါ့။ သူက ထောင်ပြောင်းတာတွေ ရွှေ့တာတွေကို စိတ်လည်း မလှုပ်ရှားဘူး။ စိတ်လည်း မ၀င်စားဘူး။ ပျော်ပျော်ပဲ၊ လောကဓံကို ပြုံးပြုံးလေးနဲ့ ရင်ဆိုင်တတ်တဲ့ဆရာကြီးပါ။

နောက်ဆုံး တစ်ညလုံး ခုတ်မောင်းနေရတဲ့ ရထားဟာ ညဘက်တောင်ငူဘူတာကို ၀င်သွား တယ်။ တောင်ငူဘူတာကနေ တောင်ငူထောင်ကို လုံခြုံရေးအထပ်ထပ်နဲ့ ၀င်ရတယ်။ တောင်ငူထောင် ထဲ ရောက်တော့ လူတစ်ယောက်ချင်းကို စစ်ဆေးတယ်။ ဗူးတံခါးထဲရောက်တာနဲ့ အချိုးမကျ တဲ့ သူကတော့ ချက်ခြင်း အရိုက်ခံရတာပဲ။ ၀င်ဝင်ခြင်း အပိုးကျိုးအောင်ချိုးလိုက်တဲ့ သဘောမျိုးပါပဲ။ ပြီးတော့ အကျဉ်းသား မှတ်ပုံတင်တယ်။ အကျဉ်းသားတစ်ယောက်ရဲ့ဘ၀မှာ ထောင်ဝင်နံပါတ်က အရေးအကြီးဆုံးပဲ။ စစ်ဆေးမှတ်ပုံတင်ပေးတဲ့ လူတွေကလည်း တောင်ငူဒေသရဲ့ လက်ရွေးစင် လူမိုက်တွေချည်းပဲ။ အဲဒီထဲမှ မီးရထား သံလမ်းတွေ ဖြုတ်ယူပြီး ရောင်းစားလို့ ထောင်ကျနေတဲ့ လူမိုက်ကုလားကြီးတစ်ယောက်ပါတယ်။ သူက မျက်လုံး ကို မှေးစင်းပြီး ဆေးပြင်း လိပ်ခဲလို့ ဟန်ပါပါနဲ့ ရန်ကုန်က ပြောင်းလာတဲ့ လူတွေ ကို လေ့လာအကဲခတ်နေတယ်။ ကြွစောင်းစောင်းလို့ သူထင်တဲ့သူတွေကို တအုန်းအုန်းနဲ့ ရိုက်တော့တာပဲ။

ဒီမှာ ဦးလင်းယုန်နဲ့ တွေ့ကြပြီ။ ဦးလင်းယုန်က အဲဒီလူမိုက်ကြီးကို မမိုတ်မသုန် စိုက်ကြည့်နေ တယ်။ လူမိုက်ကြီးမျက်လုံးတွေက ဦးလင်းယုန်ဆီမှာ ရပ်တန့်သွားတယ်။ မျက်လုံးနှစ်လုံးချင်းဆိုင် ပြီး စူးစူး လက်လက် တောက်တောက်ပပကို ကြည့်နေကြတယ်။ လူမိုက်ကြီးက တွေဝေသွားတယ်။ ဦးခေါင်းဖြူဖြူနှင့် အဖိုးကြီး က ဘာအထာလဲပေါ့။ ဒေါသလည်း ဖြစ်သွားပုံပေါ်တယ်။ လက်တပြင်ပြင်နဲ့ လွှားခနဲခုန်ပြီး ဦးလင်းယုန်ကြီးရှေ့ ရောက်သွားတယ်။
"အဖိုးကြီး ကျုပ်ကို ကြည့်နေတာလား"
"ဟုတ်တယ်"
ဦးလင်းယုန်ကလည်း ခပ်တည်တည်ပဲ ပြန်ပြောတယ်။ လုံးဝတုန်လှုပ်ခြင်း မရှိဘူး။ လူမိုက်ကြီး ရှူးရှူး ရှဲရှဲ ဖြစ်သွားတယ်။ ဦးလင်းယုန် မျက်နှာနားသေချာကပ်ပြီး လေသံအေးအေးနဲ့ မေးလိုက် တယ်။
"ဘာဖြစ်ချင် လို့လဲ။ ခင်ဗျားက အသက်ကြီးမှ အသားနာချင်လို့လား"
ဦးလင်းယုန်က ကုလားကြီးလက်ထဲက ဆေးပြင်းလိပ်ကို လက်ညှိုးထိုးပြတယ်။

"ဆေးပြင်းလိပ်မသောက်ရတာ ၁နှစ်လောက် ရှိပြီကွ။ ဆေးပြင်းလိပ်ကို ကိုင်ထားရင်း လူတွေကို တအုန်းအုန်း နဲ့ မောင်ရင်ဘယ်လို ရိုက်နေတာလဲလို့ ကြည့်နေတာ။ ကျုပ်က ဆေးပြင်လိပ်သမား ဆိုတော့ မောင်ရင်ဆေးပြင်လိပ် ဖွာနေတာကိုလဲ အရသာခံပြီး စိုက်ကြည့်နေတာပေါ့ကွ ရှင်းပြီလား"
လူမိုက်ကြီး သဘောပေါက် သွားတယ်။ ဆေးပြင်းလိပ်သမားချင်း ကိုယ်ချင်းစာနာသွားတယ် ထင်ပါ တယ်။ ဦးလင်းယုန် ကို ဆေးပြင်းလိပ်သောက်ဖို့ တစ်လိပ်ပေးလိုက်တယ်။ နောက်တော့ သူတို့ အချင်းချင်း ဆေးပြင်းလိပ် ဒစ်ပလိုမေစီရသွားတယ်။ တောင်ငူထောင်မှာ အနေကြာလာတော့ တောင်ငူဒေသခံ အကျဉ်းသားတွေ နဲ့ ရန်ကုန်က ပြောင်းလာတဲ့သူတွေအချင်းချင်း ခင်မင်သွားကြ တယ်။ ရန်ကုန်သားတွေရဲ့ မိသားစုတွေ တောင်ငူလာရင် ဒေသခံတွေရဲ့ အိမ်တွေမှာ တည်းကြ တယ်။ အားလုံးမိသားစုတွေ လို ဖြစ်သွားကြတယ်။ တောင်ငူသားကုလားကြီး က နေ့တိုင်း ဆရာကြီး ကို ဆေးပြင်းလိပ်တစ်လိပ်ပေးတယ်။ ဆရာကြီး က ဆေးပြင်းလိပ်ခဲပြီး ကျွန်တော်တို့ကို အင်္ဂလိပ် စာသင်ပေးတာပေါ့။ ခုဆို ဘ၀တက္ကသိုလ် အင်္ဂလိပ်စာသင်တန်းက လူငယ်တွေ ကြီးပွား အောင်မြင်နေတာလည်း ၀မ်းသာစရာ တွေ့ရပါတယ်။ ဒီလိုနဲ့ တောင်ငူမှာ နေထိုင်ခဲ့ရတဲ့ လေးနှစ်အတါင်း ဆရာကြီးဦးလင်းယုန် ဟာ ဆေးပြင်းလိပ် မပြတ်ခဲ့ပါဘူး။ လောကဓံကို မမှုတဲ့ သူ့အတွက် ကံကြမ္မာက ပြန်ပြီး မျက်နှာသာပေးခဲ့ပါတယ်။

၁၉၉၃ မှာ ဆရာကြီးလည်း လွတ်ငြိမ်းချမ်းသာနဲ့ လွတ်မြောက်သွားပါတယ်။ တောင်ငူထောင်က လွတ်မြောက်လာ တဲ့ ဆရာကြီးရဲ့ အင်္ဂလိပ်စာ တပည့်တွေကလည်း ဆရာကြီးကို ဂရုစိုက်ကြပါ တယ်။ ထောင်က ထွက်ပြီး ဆရာကြီးကတော့ စာပေတိုက်တွေ၊ စာရေးဆရာတွေဆီ လှည့်လည် သွားလာရင်း နဲ့ ရှေးဟောင်းနှောင်းဖြစ်တွေ ပြန်ပြောရင်း ပျော်ပျော်ရွှင်ရွှင်ပါပဲ။ ခုတော့ ဆရာကြီး လည်း အသက်အရွယ် အတော်ရလာပါပြီ။ နှစ်ပေါင်း ၂၀ ကြာခဲ့ပြီကိုး။ ၂၀၀၈ လောက်က ဆရာကြီး လေတစ်ခါ ဖြတ်သွားလို့ အခုဆို အိမ် ကလည်း ဘယ်မှပေးမသွားတော့ပါဘူး။ ဆရာဝန်ကိုပြကြည့် တော့လည်း ဆေးလိပ်ဖြတ်ရမတဲ့။ ခုတော့ ကျန်းမာရေး အတွက် ဆရာကြီးဦးလင်းယုန် ဟာ ဆေးပြင်လိပ်ကို အိမ်မှာသောက်ဖို့ မပြောနဲ့။ မျက်လုံးနဲ့တောင် ရဲရဲမကြည့် ရတော့ဘူး။

တစ်ချိန်တုန်းက မိုက်တကာ့ထိပ်ခေါင်လူဆိုးတွေဆိုတဲ့ လူတွေရဲ့ ဆေးပြင်လိပ်ပူဇော်ပသခြင်း ခံခဲ့ရတဲ့ ဆရာကြီးဟာ ခုတော့ မိသားစုရဲ့ တစ်ချက်လွှတ်ဥပဒေအောက်မှာ ဆေးပြင်းလိပ်နဲ့ ဝေးခဲ့ရှာပေါ့။
ဒါပေမဲ့ ကျွန်တော် တို့အားလုံး ဆရာကြီးဦးလင်းယုန်နဲ့ ဆေးပြင်းလိပ်ကို ခုချိန်ထိ အမှတ်ရနေတုန်း ပါပဲ။ အင်္ဂလန်ရောက်နေတဲ့ အချိန်က ဆရာကြိးရဲ့ ခြေချင်းခတ်ဖော်ခတ်ဖက်အောင်သွင် ပို့ပေး လိုက်တဲ့ ဟာဗားနားဆေးပြင်းလိပ်တွေ ဟာ လည်း ခုတော့ ဆရာကြီးအတွက် အဟောသိကံ ဖြစ်သွားခဲ့ပါပြိ။

ဆက်ရန်
.

2 comments:

စံပယ်ချို said...

စိတ်ဝင်စားစရာကောင်းတဲ့
ဆရာကြီး ဦးလင်းယုန်နှင့် ဆေးပြင်းလိပ်လေးလဲဖတ်ခဲ့ပါတယ်
ဖတ်ရတာအရသာရှိနေတာပဲအမရွှေစင်ရေ
ကြားထဲကလွှတ်နေတဲ့အပိုင်းလေးတွေလဲ ဒီနေ့ဖြစ်ဖြစ်တယ်
အမရွှေစင်ချမ်းမြေ့ပါစေ

Anonymous said...

thnx 4 sharing sis.
every post is precious 4 me

love

Anne