Saturday, November 24, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၁၅)

  သွေးကင်ဆာပုံပြင်

(၁)
၁၉၈၈ ခု၊ မတ်လ နံနက်ခင်း။ အရောင်တွေနဲ့တောက်ပ။ နွေဦး၏ ကတိက၀တ်တွေ မျှော်လင့် ချက်တွေ နဲ့ ပျော်ဝင်လို့။ ကယ်လီဖိုးနီးယားပြည်နယ်မြို့နယ် လေးတစ်မြို့မှာ နေထိုင်သည့် မက္ကဆီကန်နွယ်ဖွား မိသား စုအတွင်း မှာ ပျော်ရွှင်ခြင်းတွေ စီးဆင်းလို့နေ။ အဘီနှင့် မေရီအယာလာမိသားစု။ သားကြီး အေရွန်က ၁၇ နှစ်။ သမီးအနစ္စဆက ယနေ့(၁၆)နှစ်တင်းတင်းပြည့်ပြီ။ သူ့မွေးနေ့ပါတီပွဲ။ လွန်ခဲ့သော ၄ နှစ် သူ ၁၂ နှစ် သမီးအရွယ် က ကျောရိုးစောင်းရောဂါ (Scoliosis)ကြောင့် ခွဲစိတ်မှုကြီးကြီးတစ်ခု လုပ်ခဲ့ရသည်။ ယခု ကျန်းမာသန်စွမ်းပြီး ငယ်သွေး ငယ်မာန်တွေနှင့် တောက်ပနေသော သမီးလေးကို မြင်ရတိုင်း မိဘနှစ်ပါးလုံး က ဘုရားသခင် ၏ ကျေးဇူးတော် ကို အောက်မေ့သတိရမြဲ။ သမီးက ကျန်းမာခြင်း ၏ ပြယုဂ်တစ်ခု ပင်။ ကျောင်း အမျိုးသမီးဘောလုံး အသင်း လက်ရွေးစင် တစ်ဦးဖြစ်သော သမီးအတွက် ၀မ်းသာဂုဏ်ယူရသည်။

မွေးနေ့မတိုင် မီ တစ်လလောက်ကတည်းက သူ့ဘယ်ဘက်နံကြားက အောင့်အောင့်နေတာ အနစစဆာ သတိထား မိသည်။ ကိုယ်ခန္ဓာ ဟိုနားဒီနား အညိုအမည်းကွက်တွေ ပေါ်ပေါ်နေတကလည်း ပြဿနာ။ သို့သော် လည်း ထိုအကြောင်းမည်သူ့ကိုမျှ ထုတ်မပြောခဲ့။ အညိုကွက် အနီကွက်တွေ စပေါ်တာက တင်ပါး တစ်ဝိုက် မှာပါ။ နောက်ပိုင်း ခြေထောက်တွေ မှာ ပေါ်လာသည်။ ဘောလုံးကစားရင်း ထိမိခိုက်မိရင်ပဲ အလွယ်တကူ သွေးခြည်ဥ တာ တွေ့လာရသည်။ မွေးနေ့ပွဲအပီး တစ်ပတ်အကြာမှာ မိခင်ကို ဖွင့်ပြော ရတော့သည်။ အစားအသောက် ပျက်လာတာ ဗိုက်ပြင်တစ်ဝိုက် ပြင်းပြင်းထန်ထန် စူးစူးရှရှနာလာ တာ၊ သက်လုံ ကျလာတာ၊ သွေးခြည်ဥတာ၊ အညိုအမည်းစွဲတာ ... သည်လိုနှင့် နောက်ဆုံး ဆရာဝန်ဆီ ရောက်ရသည်။

ဆရာဝန် က အနစ္စဆာ ရောဂါရာဇ၀င် ခင်းပြတာကို သေသေချာချာ နားစိုက်သည်။ စမ်းသပ်ကြည့်တော့ တစ်ကိုယ်လုံး အနှံ့ သွေးခြည်ဥနေတာတွေ့ရ။ ၀မ်းဗိုက်စမ်းကြည့်လိုက်တော့ ဘေလုံးက ကြီးထွားနေ။ သွေး ကင်ဆာ တစ်မျိုးမျိုးဆိုတာ သေချာသွားပြီ။ သွေးစစ်ကြည့်တော့ သွေးဖြူဥက သုံးသိန်းကျော်နေ။ ခြင်ဆီဖောက် စမ်းသပ် ကည့်ရာ နာတာရှည်သွေးကင်ဆာ (Chronic Myeloid Leukemia) ဆိုတာ သေချာ သွားသည်။ ကင်ဆာဆေး (ခီမို)နှင့် ကုမလား။ ခြင်ဆီအစားထိုးကုငမလား။ ကင်ဆာဆေးနှင့် ကုတာက သက်သာရုံ။ ခြင်ဆီ အစားထိုး ကုသမှု အောင်မြင်ခဲ့ရင် ရောဂါအမြစ်ပြတ်နိုင်သည်။ သောက်ဆေး စားဆေး နှင့် ကုသနေရာ သူ့ရောဂါ က တစ်စထက်တစ်စ ပိုပိုဆိုးဝါးလာ။ ဆရာဝန်က ခြင်ဆီအားထိုးကုသမှုနှင့် စွန့်စား ကြည့်ဖို့ ဆုံးဖြတ်လိုက်သည်။
ခြင်ဆီ အစားထိုးဖို့ စဉ်းစားရင် အလှူရှင်နှင့် လူနာ သွေးချင်းတူဖို့၊ ဗီဇဓာတ်ချင်းတည့်ဖို့ နီးစပ်ဖို့လိုသည်။ သို့မှသာ လှူလိုက်သည့် သွေးခြင်ဆီတွေ လူနာရဲ့ ကိုယ်ထဲမှာစွဲနေပြီး သူ့အတွက် သန်စွမ်းသည့် သွေးဥ တွေ ထုတ်ပေး လိမ့်မည်။ သို့မဟုတ်က အလှူပစ္စည်းတွေကို လူနာ၏ ကိုယ်တွင်း ခုခံမှုစနစ်က တိုက်ထုတ် ပစ် လိမ့်မည်။

ထို့ကြောင့် အနစ္စဆ၏အစ်ကို အေရွန်၏သွေးကို စစ်ကြည့်သည်။ မောင်နှမ အရင်း ဆိုတော့ သွေးချင်း နီးစပ်လေ မလား။ ကံမကောင်းချင်တော့ မောင်နှမနှစ်ဦး၏ သွေးဗီဇဓာတ်ချင်း အဆင်မတူ။ ဆွေမျိုးထဲက စစ်ကြည့်တော့ လည်း တစ်ဦးတစ်ယောက်နှင့်မျှ မတိုက်ဆိုင်။
စေတနာ့ ၀န်ထမ်း အလှူရှင်တွေ လိုက်ရှာကြည့်တော့လည်း အဖြေက အားရစရာမရှိ။ ခြင်ဆီအလှူရှင်က အမေရိကန် တစ်ပြည်လုံး မှာ (ထိုစဉ်က) စာရင်းအရ (၁၇၀၀၀)ပဲရှိသည်။ တကယ်တော့ ခြင်ဆီအစားထိုး ကုသမှု လုပ်ဖို့ ဆုံးဖြတ်ခြင်းက တကယ့်စွန့်စားမှုကြီးဖြစ်သည်။ ထိုကာလက အမေရိကန် တစ်နိုင်ငံလုံး မှာ ရောဂါအမျိုးမျိုးအတွက် ခြင်ဆီအစားထိုးကုတာ တစ်နှစ်လုံးမှာ (၅၀၀)၀န်းကျင်ပဲရှိသည်။ စွန့်ဦးစမ်းသပ်ဆဲ ကာလ။

အယာလာမိသားစု ဘာဆက်လုပ်ကြမလဲ။ ခြင်ဆီအလှူရှင်က ပုံမှန်ရှာလို့ မရနိုင်တော့ပြီ။ သမီးရောဂါ ကလည်း နေ့ရွှေ့ညရွှေ့ လုပ်လို့မရတော့သည့် အခြေအနေ။ ရောဂါက တောမီးလို တစ်စတစ်စ လောင်ကျွမ်း လို့လာနေပြီ။ သူတို့ဇနီးမောင်နှံ ကလေးထပ်ယူရမလား။ အဲဒီကလေးနဲ့ သမီးကြီးနဲ့ ဗီဇ ဓာတ်ချင်း နီးစပ်ခဲ့ရင် ...။ ပြဿနာက အဘီအယာလာက သားကြောဖြတ်ပြီး ဖြစ်နေတာ။ မေရိကလည်း အသက် ၄၁ နှစ်ရှိနေပြီ။ ကိုယ်ဝန်ဆောင်နိုင် ပါဦးမလား။ မသေချာ။ ဘုန်းတော်ကြီးတွေနှင့် တွေ့။ ဖြေသိမ့်မှု ရှာရ။ မိတ်ဆွေ သူငယ်ချင်းတွေနှင့်တွေ့ အကြံဥာဏတောင်း။ နောက်ဆုံး သူတို့မိသားစု စွန့်စားဖို့၊ မရောက် ဖူးတဲ့နယ်မြေ ကို ဖြတ်သန်း ဖို့ ဆုံးဖြတ်ချက် ချလိုက်ကြသည်။

အဘီအယာလာ ၏ ဖြတ်ထားသော သားကြောကို ပြန်ဆက်ဖို့ ခွဲစိတ်မှု လုပ်ရသည်။ ၁၉၈၉ မတ်လ၊ ၄ လ အကြာ ဇူလိုင်လ မှာ မေရီ ကိုယ်ဝန်ရှိောကာင်း သိရ၍ မိသားစုအားလုံး ပျော်ရွှင်ရသည်။ ဘုရားသခင် ကျေးဇူးတော်ပေ ပဲ။ အရာခပ်သိမ်း အချိန်နှင့် အပြေးပြိုင်နေရသလို။ ကလေးလေးမွေး၊ ခြင်ဆီ ထုတ်ယူ ပြီး သူ့ ကို အစားထိုး ခံဖို့ထိ အနစ္စဆာရဲ့ရောဂါက စောင့်နိုင်ပါ့မလား။
ကိုယ်ဝန် လေးလ ရလာတော့ သန္ဓေသားရဲ့ ကလာပ်စည်းတချို့ကို သန္ဓေသားရဲ့ ရေအိတ်ထဲက စုပ်ယူ ဓာတ်ခွဲကြည့် သည်။ ကလေး က မိန်းကလေး။ ကံကောင်းထောက်မစွာ ကလေးရဲ့ ဗီဇဓာတ်နှင့် သူ့အစ်မ ဗီဇ ဓာတ် တည့်တာ တွေ့ရသည်။ ချက်ကြိုးမှ သွေးတချို့စုပ်ယူပြီး ကလေးရဲ့ပင်မဆလ် (Stem cells)တွေ ကို အေးခဲပြီး သိမ်းဆည်းထားလိုက်သည်။ နောင် ခြင်ဆီအစားထိုးရင် ဒီဆဲလ်တွေကို ထည့်ပေးရဦးမည်။ ဒါက နောက်ဆုံးတွေ့ ထားတဲ့ ကုထုံးအသစ်။

သတင်းသမားတွေက ဒီအကြောင်းသိတော့ သတင်းအနှံ့ခံကြ။ သတင်းမုဆိုးလုပ်ကြတော့သည်။ မိသားစု ၀င်တစ်ဦး ရဲ့ ရောဂါကို ကုသဖို့ ခြင်ဆီ အလှူလိုချင်လို့ ကလေးကို စီမံကိန်းချမွေးဖွားတာ လူ့ကျင့်ဝတ်နဲ့ ညီ ရဲ့လား။ ကလေးက သူ့ခန္ဓာကိုယ် အစိတ်အပိုင်းကို လှူ၊ မလှူ မဆုံးဖြတ်နိုင်သေးခင် မိဘတွေက ပိုင်စိုး ပိုင်နင်း ၀င်ဆုံးဖြတ်တာ တရားမျှတမှုရှိရဲကလား။ လူ့ကျင့်ဝတ်ဆိုင်ရာ မေးခွန်းတွေက တစ်သီကြီးပေါ်လာ သည်။ အယာလာမိသားစု ခမျာ အကျဉ်းအကျပ်ထဲ နောက်ဆုတ်မရတော့။ ရှေ့ဆက်တိုးရုံသာ။

၁၉၉၀ ဧပြီလဆန်း မှာ မေရီ ကိုယ်ဝန်လစေ့၍ ဗိုက်ခွဲမေးရသည်။ ကလေးက ၆ ပေါင် ၄ အောင်စ။ အရပ် တစ်ပေခွဲ။ နာမည်က မရစ္စဆာအိ(ဗ)။မေရီနှင့် အနစ္စဆာ နာမည်နှစ်ခုစပ်ထားတာ။ အိ(ဗ)က ပထမုံး လူသား မိန်းမ။ အသက်ပေးလှူသူ (Giver of life)။ ၁၉၉၁ ဖေဖော်ဝါရီလ စိန့်ဗလင်တိုင်းနေ့ (ချစ်သူများနေ့) မှာ အနစ္စဆာ သူ့ချစ်သူနှင့် စေ့စပ်ပွဲ ကျင်းပလိုက်သေးသည်။ မေလအကုန် မရစ္စဆာ ၁၄လသားအရွယ် ၁၆ ပေါင် အရမှာ သူကလေးရဲ့ အရိုးမှ ရိုးတွင်းခြင်ဆီ ဖောက်ယူဖို့ အဆင်သင့်ဖြစ်ပြီဟု ဆရာဝန်တွေက ဆုံးဖြတ်သည်။

အစ်မဖြစ်သူ အနစ္စဆာကိုလည်း ဆေးရုံတင်ရသည်။ ဓာတ်ရောင်ခြည်ကုထုံးခီမိုကုထုံးတွေ သုံးပြီး သူ့ခန္ဒာကိုယ် ခုခံမှုစနစ် ကို ချေမှုန်းရသည်။ သို့မဟုတ်ပါက အစားထိုးထည့်လိုက်သော ညီမငယ်၏ ခြင်ဆီအသစ်တွေကို သူ့ရဲ့ခန္ဓာကိုယ် က ငြင်းပယ်တွန်းထုတ်ဥိးမည်။ ပြဿနာက ခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ်ကို ခေတ္တဖျက်ဆီးလိုက်လို့ ပျက်စီးသွားချိန် မှာ ရောဂါပိုးအမျိုးမျိုး ၀င်ရောက်စွဲကပ်ဖို့ အခွင့်အလမ်းများလှခြင်း။ ခန္ဓာကိုယ်၏ ပြင်ပပိုးရော၊ ကိုယ်တွင်းပိုး ပါ ခုခံနိုင်ရည် သုညနီးပါးထိ ကျဆင်းသွားသည်။ သွေးဖြူဥတွေ ဆက်တိုက် ကျဆင်း၊ သွေးအား နည်းရောဂါ ၀င်ရောက်လာ၊ ပျို့အန်၊ ဆံပင်ကျွတ်၊ ပါးစပ်အနာတွေ တင်းကျမ်းပေါက်။ အကြောမှ အစာ အာဟာရတွေ သွေးအစားထိုး ဖြည့်တာတွေ လုပ်ရသည်။ ပြင်ပလူတွေနှင့် လုံးဝတွေ့ခွင့်မရတော့။ သီးသန့် ကျပ်မတ်ကုသခန်းထဲမှာ။

ဇွန်လဆန်းမှာ မရစ္စဆာကို ဆေးရုံတင်သည်။ မေ့ဆေးပေးပြီး တင်ပါးရိုးမှ ခြင်ဆီများကို တစ်လက်မအရှည်ရှိ အပ်တွေနှင့် စုပ် ယူသည်။ စုစုပေါင်း မိနစ် ၃၀ ပဲကြာသည်။ ထိုခြင်ဆီများနှင့်အတူ ချက်ကြိုးမှစုပ်ထားသော ပင်မဆဲလ် များပေါင်း ၍ အနစ္စဆကိုယ်တွင်းသို့ သွေးကြောမှတစ်ဆင့် ပြန်ထည့် သည်။ ခြင်ဆီအစားထိုးပြီး ၃ ပတ် တာကာလ အနစ္စဆာအတွက် ခြောက်အိပ်မက်ရှည်ကြီး။ ရောဂါပေါင်းစုံ၊ ပြဿနာပေါင်းစုံ။ ခြင်ဆီသစ်ကို သူ့ခန္ဓာကိုယ်က လက်ခံပါ့မလား။ ၀င်သွားတဲ့ ခြင်ဆီထဲက သွေးဖြူဥတွေက သူ့ခန္ဓာကိုယ်ကို အကျိုးမပြုဘဲ တိုက်ခိုက်နှောင့်ယှက်လေမလား။
စေ့စပ်ထားတဲ့ချစ်သူက အနီးဆုံးလူအဖြစ် အနီးကပ်စောင့်ရှောက်ရအားပေးရသည်။ မိသားစုအားလုံးက လည်း မျှော်လင့်ချက်ကြီးစွာ၊ စိုးရိမ်သောကကြီးစွာ။ ၃ ပတ်ကျော်လာမှ သီးသန့်ခန်းမှ ထွက် ရသည်။ သွေးဖြူဥ ပြန်တက်လာပြီ။ ခန္ဓာကိုယ်ရဲ့ ခုခံမှုစနစ် အလုပ်ပြန်လုပ်နေပြီဆိုတဲ့ သက်သေ။ ဇူလိုင် ပထမပတ် မှာ အနစ္စဆာဆေးရုံမှ  ဆင်းခွင့်ရပြီ။ ခန္ဓာကိုယ်ထဲ ပိုးဝင်စွဲမှာ။ ရောဂါပြန်ပေါ်လာမှာ၊ ခြင်ဆီကို လက်မခံ ပြန် ကန်ထုတ်မှာဆိုတ့ အရိပ်မည်းကြီးတွေက သူ့ခေါင်းပေါ်မိုးလျက်သား။

ပထမရက်ပေါင်း (၁၀၀)က အနစ္စဆာအတွက် အရေးကြီးဆုံး။ အဲဒီရက်ကျော်ရင် အန္တရာယ်လိုင်းကျော်ပြီ။ မီးနီကျော်ပြီ။ ဒီရက် (၁၀၀)ကို အနစ္စဆာတစ်ယောက် ညီမငယ် မရစ္စဆာကို အဖော်လုပ် ဖြတ်သန်းရသည်။
ဒီလိုနဲ့ ရက် (၁၀၀၀ကို အောင်အောင်မြင်မြင် ဖြတ်သန်း။ ခြင်ဆီအစားထိုး ကုသမှုအပြီး တစ်နှစ်အကြာမှာ ချစ်သူနှင့် လက်ထပ်သည်။ အမေရိကန် ကြက်ခြေနီအသင်းတွင် အချိန်ပြည့် တာဝန်ယူရင်း ခြင်ဆီအလှူ ရှင်စုဆောင်းမှု့ များ အားတက်သရော ပါဝင်လှုပ်ရှားနေလေသည်။ ဒါက ရေခြားမြေခြားက သွေးကင်ဆာ လူနာ ရဲ့ ဇာတ်ကြောင်း။

(၂)
ကျွန်တော့် ဇာတ်လိုက်ကျော် က မိုးလွင်။ မုံရွာ ဘုတလင်တစ်ဝိုက် ရွာငယ် ဇနပုဒ်က။ မိဘရှိသော်လည်း ငယ်စဉ် ကတည်း က ကြီးတော်လက်ပေါ် ကြီးခဲ့လို့ ကြီးတော်ကိုပဲ အမေလုပ်နေ သူ။ မောမောနေလို့ ဆိုပြီး ဆေးခန်းလာပြတာ။ ကြည့်လိုက်တော့ အသားရေက ခပ်ဖျော့ဖျော့်။ ဗိုက်ကပူပူ။ မျက်နှာက ပြုံးချိုချို။ စမ်း ကြည့် လိုက်တော့ သွေးအားနည်းရောဂါ ရှိ။ ဘေလုံးက အဆမတန် ကြီးထွားပြီး ချက်အောက်ပိုင်း ထိရောက် နေ။ ဘေလုံး ဒီလောက်ကြီး တာ နာတာရှည် ငှက်ဖျားရောဂါကြောင့်လား။ အသည်းခြောက်ရောဂါကြောင့် လား။ နာတာရှည် သွေးကင်ဆာ (Chronic Myeloid Leukemia) ကြောင့် လား။ ရောဂါ ရှာကြည့်တော့ သွေး ကင်ဆာ ဖြစ်နေတာ တွေ့ရသည်။

အဲဒီတုန်းက Busulphan ဆိုတဲ့ ဆေးတစ်မျိုးတည်းနှင့် ကုသကြသည့်ခေတ်။ ယင်းဆေးက ရုံထဲမှာ လွယ် လင့်တကူ ရှိနေရာ ဒီဆေး နဲ့ ခီမိုကုထုံးစလိုက်သည်။ ဒီဆေးတွေက ဆေးနှင့် တစ်ခါမျှ မထိတွေ့ဖူးသော လူနာတွေ အတွက် တကယ့် ဆေးစွမ်းကောင်း တစ်လက်။ ဘေလုံးကြီးက ရက်ပိုင်းအတွင်း တဖြည်းဖြည်း ကျုံ့ဝင်သေးငယ် သွားသည်။ လူနာရော လူနာရှင် ကြီးတော်ပါ ပျော်တပြုံးပြုံး။ ဘိုက် က သိပ်မတင်းတော့၍ အစားသောက်လေး ဘာလေး ၀င်လာပြီ။ နေရတာပေါ့ပါးပြီး ဟိုဟိုဒီဒီ သွားချင်လာချင်ရှိလာပြီ။ သိပ်မပျော် သိပ် မပြုံးနိုင် တာက ကုသမှုပေးနေတဲ့ ကျွန်တော်တို့ ဆရာဝန်တစ်တွေ။ ရောဂါရင့်လာရင် ဒီဆေးနဲ့ တိုးတော့ မည် မဟုတ် ဆိုတာ ကြိုသိနေလို့ သူများပျော်လို့ မပျော်နိုင်သူတွေ။

သို့သော်ည်း မိုးလွင်နဲ့ သူ့ကြီးတော်ရဲ့ အပျော်က ကျွန်တော့်ကို ကူးစက်လာတာကို ကျွန်တော် မခုခံ မကာ ကွယ်နိုင်။ သူတို့အမြင်မှာ ကျွန်တော်ဟာ သူတို့ရဲ့ ကျေးဇူးရှင်ကြီး။ ကယ်တင်ရှင်ကြီး။ ဆေးရုံကဆင်း ရွာပြန်ခါ နီးတော့ မိုးလွင် ကျွန်တော့်ကို ထိုင်ကန်တော့သည်။ သူမကြာမတင် ပြန်လာရဦးမှာ ပဲ။ လအနည်း ငယ်အကြာမှာ တူဝရီး သားအမိ ပြန်လာသည်။ ဆေးရုံမတက်မီ ကျွန်တော့်အိမ် လာကန်တော့သည်။ သူ့ အဒေါ်က တောင်းကြီးခေါင်းရွက်လျက်။ ဆေးပေါ့လိပ်တို မီးသေက နှုတ်ခမ်းမှာ တွဲလွဲခို လျက်။ တောင်းကြီး အောက်ချ လိုက်တော့ တောလက်ဆောင်တွေ။ ခရမ်းသီး၊ ဘူးသီး၊ သံပရာသီး၊ ခရမ်းချဉ်သီး၊ စိတ် ကူး တည့်ရာ တော သီးတောနှံလေးတွေ။

အဖေပြောပြောနေတဲ့ -
“မင်းကတော့ ဘူးသီး၊ ခရီမ်းသီး ဆရာဝန်ဖြစ်မှာပဲ”
ဆိုတာ သတိရစရာ။ အဖေ ငယ်စဉ်ပြည်မှာ အစိုးရ၀န်ထမ်းဘ၀တုန်းက ကြုံခဲ့ရတဲ့ ကုလားဆရာဝန်ကြီး တစ်ဦး အကြောင်း မကြာခဏ ပြန်ပြောင်းပြောပြတာ သတိရလိုက်မိ။ အနှီဆရာဝန်ကြီးက တောသူတောင် သား ဆင်းရဲသားလူနာတွေ ကို ဆေးဖိုးဝါးခမယူတော့ လူနာတွေက ဘူးသီး၊ ခရမ်းသီးတွေ လာပို့ကြ၊ လာ ကန်တော့ကြတာ အိမ်ထဲ ကြမ်းပြင်ပေါ်အပြည့်ပဲတဲ့။ သူ့ကို ပြည်ကလူတွေက ဘူးသီးခရမ်းသီး ဆရာဝန်လို့ ချစ်စနိုးခေါ် သတဲ့။ အဖေသာ ရှိသေးရင် သူ့သားအဖြစ်ကို ၀မ်းသာရှာမှာ ။ ဒီလိုနဲ့ ဆေးရုံ တက်လိုက်။ ပြန် ဆင်းလိုက်။ ရောဂါ က တဖြည်းဖြည်းသည်းလာ။ လူက တစ်စထက်တစ်စ ဖြူဖျော့ လာ။ ကြီးတော်နှုတ်ခမ်း မှာ ဆေးလိပ်တို အမြဲတွဲလွဲချိတ်ထား သလို မိုးလွင်နှုတ်ခမ်းမှာလည်း မပွင့်တပွင့်အပြုံးက အမြဲ တွဲလွဲ ချိတ် လျက်သား။

တစ်ခါ ဆေးရုံတက်ရစဉ် သူ့တင်ပါး ဆေးထိုးဒဏ်ရာမျ သွေးမတိတ်၍ စုခဲ လာသော သွေးတွေ က ခြေထောက် ထောက်ပံ့တဲ့အာရုံကြောကို ဖိမိသွားသည်။ ညာခြေ ဆာတာတာဖြစ်သွားသည်။ ခြေဖမိုးကို ပင့်၍ မရတော့။ ဖိနပ်စီးရင် မကျွတ်ရလေအောင် ဖိနပ်အနှောင့်ကို ကြိုးစည်း၍ ခြေထောက်တွင် သိုင်းပြီး လမ်းလျှောက် ရသည်။ မျက်နှာ ကတော့ အပြုံးမပျက်။ အရေးအခင်းကာလ (၁၉၈၈)မှာလည်း ခရီးလမ်းပန်း သာတာ နဲ့ ဆေးရုံ အပြေးကလေး လာတက်မြဲ။ နောက်ပိုင်းတော့ ဆေးရုံမှ ထောက်ပံ့စရာဆေးတွေက ကုန်သွားပြီ။ အပြင် မှာလည်း ၀ယ်၍မရတဲ့ ဆေးတွေ။ ဒါနဲ့ ကုထုံးလမ်းကြောင်း ပြောင်းရသည်။ လိုရင်သွေး သွင်း၊ ကြီးထွား လာနေတဲ့ ဘေလုံးကြီးကို ဓာတ်ရောင်ခြည်နဲ့ကုသ။ လူနာကို ဖျားနာဆောင်တင်၍ မရတော့ ပြီ။ ကင်ဆာ ရုံ ပြောင်း တင်ပြီးကုသ။ သူ့ရုံနှင့် သူ့ကုထုံးနှင့်။ ကင်ဆာရုံတက်ရတော့လည်း သူတို့တူဝရီးက အိမ် လာနှုတ်ဆက် ကန်တော့တဲ့ဝတ် ကိုပြုမြဲ။

ကျွန်တော်တို့ဇနီးမောင်နှံ ကင်ဆာရုံ လိုက်၍ မိုးလွင်ကို သွားကြည့်ရ အားပေးရသည်။ ရွာပြန်ရင် ဆရာ့ကို သိပ်သတိရ တယ်။ အလွမ်းပြေကြည့်ချင်လို့ ဓာတ်ပုံပေးပါဦးတောင်းလို့ ပတ်(စ)ပို့ဓာတ်ပုံ တစ်ပုံ ပေး လိုက်ရ သေး သည်။ ရင်ထဲမှာပီတိရော ၀မ်းနည်းတာရော လှိုင်းခတ်လျက်။
အဲဒါ သူတို့ တူဝရီးနဲ့ ကျွန်တော် နောက်ဆုံးတွေ့ရတာပဲဖြစ်သည်။ အဲဒီနောက် မိုးလွင် ပေါ်မလာတော့။ ကျွန်တော့် ဇာတ်ကောင် က တစ်ဖက်က နုံချာစုတ်ပြတ်သလောက် တစ်ဖက်က အလျှံပယ် ကြွယ်ဝပါပေ သည်။

(၃)
သွေးကင်ဆာပုံပြင်က နိဂုံးချုပ်မရသေး။ လွန်ခဲ့တဲ့ တစ်နှစ်ကျော်က ရွှေကူမြို့အနီးဆေးရုံမှ ဆရာဝန်လေး တစ်ဦး က သူ့လူနာတစ်ဦး ကို မန္တလေး ကျွန်တော့် ထံ ပို့လိုက်သည်။ လွှဲစာက စာအိတ်နှင့် သပ်သပ်ရပ်ရပ်။ အကျိုးအကြောင်း အစုံအလင် ကို အင်္ဂလိပ်လိုရေး ကွန်ပျူတာစာစီပြီး ပို့လိုက်တာ။ လူနာ က သွေးအားနည်း ဝေဒနာသည်။ ဘေလုံးကြီးနှင့်။ Chronic Myeloid Leukemia ထင်ကြောင်း၊ ဆရာ ဆက်လက် ရောဂါရှာ ကုသပေးစေ လိုကြောင်း စသဖြင့်။ ပိုလို့အံ့သြစရာကောင်းတာက လူနာရဲ့ လက်ဖျား ထိပ် သွေးဖောက်၊ မှန် ချပ်ပေါ် ဖလင်ဆွဲ၊ ဆေးဆိုးပြီး မိုက်ခရိုစကုပ်အောက် ချိန်ထားပုံကို ဓာတ်ပုံရိုက် ၍ ဆေးရောင်စုံ ပုံ ရိုက်ထုတ် ပေးလိုက်သေးသည်။ ရောဂါက လည်း သူ့ခန့်မှန်းသလို ကွက်တိ။ သူတင်ပြ လိုက်သောပုံကလည်း ရောဂါ အဆုံးအဖြတ်ပေးရာမှာ အခရာကျလှသည့်ပုံ။

ရွှေကူ နဲ့ ၁၀ မိုင်လောက်ဝေးတဲ့ တိုက်နယ်ဆေးရုံ ပေါက်စနလေး က ဆရာဝန်ပိစိကလေး လွှဲလိုက်တဲ့ အဆင့်မြင့် လွှဲစာ နဲ့ အဆင့်မြင့် သက်သေ အထောက်အထားတွေကိုကြည်ပြီး ကျွန်တော့်ရင် ကတုန်ကယင်။ ၂၀၀၁ က ဘွဲ့ ရခဲ့တဲ့ ဆရာဝန်လေး ရဲ့  ရိုက်ချက်က ပြင်းမှပြင်း။ သူရေးတဲ့ အင်္ဂလိပ်စာက သပ်သပ်ရပ်ရပ်။ သဒ္ဒါ အထားအသို အသုံးအနှုန်း ကလည်း ချောလို့။ ရောဂါမှန်းတာကလည်း ကွက်တိ။ သက်သေက အစုံ အလင်။

ကျွန်တော့် ဘွဲ့လွန်ကျောင်းသားတွေ ကို ကုပ်ဆွဲ၍ ပြလိုက်ချင်စမ်းလှသည်။ ဒီကလေးတွေ စာရေးရင် သတ်ပုံ မှား၊ သဒ္ဒါမှား၊ အသုံးအနှုန်း ကတလွဲ။ အင်္ဂလိပ်စာ မို့လို့ ဒီလိုရေးသလား ထင်ရတယ်။ မြန်မာလို ရေးတော့လည်း ထပ်တူ ဆိုးတာပဲ။ ကွန်ပျူတာ မကျွမ်းလို့၊ မီးမလာလို့၊ နေပူလို့၊ မိုးရွာလို့၊ ချမ်းလို့၊ ပူလို့၊ ညက ပရီမီယာ လိပ် ဘောလုံးပွဲ ကြည့် ရလို့။ သူငယ်ချင်းနဲ့ စကားကောင်းနေလို့။ ဆင်ခြေတွေကို တန်းစီ ဇယားထိုး မှတ်ထားပုံရသည်။
ကျွန်တော် ကတော့ ကိုယ့်တပည့်တွေ အားမရလေလေ၊ နယ်ဆရာဝန်လေးကို ကြည်ညိုလေး စားလေလေ၊ ဇော်ဝမ်း တို့၊ ဆွေဇင်ထိုက် တို့ရဲ့ “စေလိုရာစေ” ဇာတ်ကား ထွက်လာတုန်းက ရုပ်ရှင်မင်းသားကြီး ၀င်းဦး ရဲ့ ဆုတောင်းစာလေးကို သတိရလိုက်မိ။
“မင်းတို့တစ်တွေ တော်ကြ ကျော်ကြပါစေကွာ”တဲ့။

(၄)
ပထမ သွေးကင်ဆာပုံပြင်က အခက်အခဲပေါင်းစုံကြားထဲက ရုန်းထကြရသော မိသားစုတစ်စုရဲ့ သန္နိဋ္ဌာန်၊ ပိုင်းဖြတ်မှုနှင့် သတ္တိကို မြင်ရသည်။ ဒုတိယပုံပြင်က မေတ္တာ၊ နွေးထွေးမှု၊ ယုံကြည်ကိုးစားမှု ပုံသက်သေ။ တတိယ ပုံပြင်က ရသမျှအခြေအနေ ကျဉ်းကျဉ်းကျပ်ကျပ်လေးထဲမှာ မိမိကိုယ်ကိုယ် ဆောက်တည်ရင်း ပျိုး ထောင် ရင်း မိမိဝန်းကျင်က လူတွေကို ကူညီစောင့်ရှောက်ခြင်း၊ ရိုသေခြင်း။
ပုံပြင် သုံးပုဒ် စလုံး သူ့နည်းသူ့ဟန်နှင့် လှပရဲရင့်နေလေသည်။

ရည်ညွှန်း။   RD, Jan: 1998. A healing Birth. Lawrence Elliott) (မိုးလွင်နှင့် ထက်အောင်သို့)
ပန်းအလင်္ကာ၊ ဖေဖော်ဝါရီလ၊ ၂၀၁၀

To
    Prof. Dr. Aung Gyi
    Professor and head of medical Department
    Mandalay General Hospital
Date:  January 29, 2008
Dear Sayagyi,
    I have been one of your students and I would like to refer this patient to you.
    Naing Lin Tun, Age 21 yr, male residing at Kyauk Kyi village, Shwegu Township was suffering from breathlessness for 2 yr. There was also loss of weight and vague ill health within 2 yr.
    Physical examination reveals huge hepato-splenomegaly and pallor. There is no lymphadenopathy and no bleeding tendency.
    Blood film stained with Leishman's stain shows very much increased white cell count and numerous immature blast cells (? myeloblasts).
    My provisional diagnosis is chronic myeloid leukemia.
    May I respectfully refer this patient for your expert opinion and management please.
    (The photo of blood film is attached with this letter.)

with much respect

Dr. Htet Aung (Sama 16515)
SMO, Station Hospital
Bokone village
Shwegu Township

ကျွမ်းဝင်ခြင်းကြောင့်

(၁)
အကျွမ်းတ၀င်ဖြစ်မှုက အရိုအသေတန်စေသည်။
အင်္ဂလိပ်စကားပုံ

(၂)
ကျွန်တော့်အဖေ လေနာရောဂါရှိမှန်း ကျွန်တော်တို့ငယ်ကတည်းက သတိထားမိသည်။ အဖေက သူ့ရောဂါ ကြောင့် အချိန်မှန် အိပ် အချိန်မှန် စားသည်။ လေဆေးတွေ (ရိုတာ၊ ဘယ်လာညူထရွန်၊ ကရင်းအော့မက်နီးရှား၊ ဂျဲလမက်) မပြတ်ဆောင်ထားရသည်။ အဖ လေနာထပြီဆိုလျှင် တစ်အိမ်လုံး ငြိမ်ကုပ်နေ ရ သည်။ အဖေက စိတ်ကခပ်ထက်ထက်၊ ဒေါသကခပ်ကြီးကြီး။ သူ့အစ်မ အရင်းပင်လဆင် သူ့ကို ခပ်ရှိန်ရှိန်။ ဗိုက်သိပ်နာပြီ ဆိုလျှင် ရေနွေးအိတ် ဗိုက်ကပ်၊ အိပ်ရာထဲငြိမ်ငြိမ်လဲလျောင်းအနားယူ၊ ဆေးသောက်ရင် သက်သာသွားတာများပါသည်။ လေဆေးတွေက စုံသလားမမေးနှင့်။ ဟိုလူပြောဒီလူပြော အစုံ စမ်းပြီးပြီ။ ဆေးတစ်ခု က နောက်ဆေး တစ်ခုထက် ဘာကမှ ပိုထူးသည်မဟုတ်။ သူ့ရောဂါ တစ်ခုက နာတာရှည် ခါးနာခြင်း။

ဒါကလည်း ရာဇ၀င် နဲ့ သမိုင်းနဲ့။ ဂျပန်ခေတ် မီးရထားနှင့် ခရီးသွားရင်း ဖြစ်ရတား လေကြောင်းရန်ကြောင့် မီးရထားလမ်း က တောထဲတောင်ထဲ ဖြတ်ဖောက်ထားရတဲ့ကာလ။ သူ့မြို့အင်း တော်အပြန်ခရီးမဲဇာအနီးမှာ မီးရထား အပေါ်မှ အောက်သို့လိမ့်ကျသည်။ ဖြစ်ပုံက မီးရထားခေါင်မိုးပေါ် တက်အိပ်လိုက်လာတာ။ ညမှောင်မှောင် မှာ ရထားလမ်းပေါ်ကိုင်းကျနေတ့ သစ်ကိုင်းက ရိုက်ချလိုက်တာ။ ခါးနာရောဂါ ပြင်းထန်လှသမို့ လမ်းကောင်းကောင်း မလျှောက်နိုင်တော့။ မဲဇာ မှ ဦးမှီဆိုသည့် ပုဂ္ဂိုလ်ကြီးက အဖေ့ကို သူ့အိမ် မှာ ခေါ်ယူစောင့်လျှောက်ဆေးကုပေး ရသည်။ ထိုစဉ်ကတည်းက ဦးမှီမိသားစုနှင့် ကျွန်တော့် အဖေ မိတ်ဆွေ ရင်းချာ ဖြစ်သွား ခဲ့ရာ ကျွန်တော်တို့ လူလားမြောက်ချိန်ကျတော့ ဆွေမျိုးလို ဖြစ်နေပြီ။

အဖေ့ ဗိုက်နာရောဂါအကြောင်း ပြန်ကောက်ရဦးမည်။ ကျွန်တော် ဆေးကျောင်း တတိယနှစ်မှာ အဖေ ဗိုက် အကြီးအကျယ် နာသည်။ တတိယနှစ်ဆိုတော့ ဆေးရုံမှာ လူနာတွေနှင့် နဖူးတွေ့ဒူးတွေ့ မေးမြန်းစမ်းသပ် ဖူးပြီ။ တချို့သော ရောဂါတွေ ကို အမည်ဖော်မှန်းဆတတ်နေပြီဟု မိမိကိုယ်ကိုယ် ထင်တစ်လုံးဖြစ်နေချိန်။ နှမငယ်က ဒုတိယနှစ်ဆေးကျောင်းသူ။ ဆေးသိပ္ပံအခြေခံပညာရပ်ဖြစ်တဲ့ ဇီဝကမ္မဗေဒ၊ ဇီဝဓာတုဗေဒ၊ ခန္ဓာ ဗေဒတို့ကို စာတွေ့ လက်တွေ့ ဆည်းပူးနေချိန်။ လူနာနှင့် လက်တွေ့မျက်တွေ့ ရင်မဆိုင်ရသေးသူ။ ဒီတစ် ခေါက် အဖေ ဗိုက် နာပြီး အိပ်ရာထဲ နားနေဖို့ ၀င်သွားတော့ ကျွန်တော်က ဘာသိဘာသာ ပဲ နေလိုက်မိ သည်။ နှမငယ်က ကြောင့်ကြမဲ့ မနေ။ အဖေ့အခန်းထဲ စပ်စပ်စုစု ၀င်လိုက်သွားတာ တွေ့ရသည်။ တစ်အောင့် အကြာ နှမငယ် ပြန် ထွက်လာတာ့ မျက်နှာ က တွေးတွေးဆဆ။

“ကိုလေးရေ ... အဖေ ဒီတစ်ခါ ဗိုက်နာတာ လေနာထ လို့ မဟုတ်ဘူး ထင်တယ်။ ဖြူ စမ်းကြည့်တော့ အူအတက်နေရာ ဗိုက်ပြင် က နာပြီးတင်းနေတယ်။ အူအတက်ရောင်တာလား မသိဘူး”
ပြောမှ ထင်တစ်လုံး ကျွန်တော် အိပ်ရာမှ လန့်နိုးတော့သည်။ သွားစမ်းကြည့်လိုက်တော့ ဟုတ်တယ်။ အူအတက်ရောင်တာပဲ။ ဒါနဲ့ ဦးလေးနှင့်အဒေါ် အကြောင်းကြားပြီး သူတို့ကားနှင့် ဆေးရုံအမြန်ပို့။ ဆရာဝန်ကြီးနဲ့ ဆက်သွယ်။ အရေးပေါ်ခွဲစိတ်ဖို့ ပြင်ဆင်ရသည်။
ဆေးရုံရောက်ပြီး နာရီပိုင်း အတွင်း အဖေ့အူအတက် ခွဲစိတ်မှု အောင်အောင်မြင်မြင် ပြီးဆုံးသွားသည်။ ခွဲစိတ် ဆရာဝန် ဆရာကြီး ဒေါက်တာ ဦးဟန်စော က “အူအတက်က အတော်ကြီး ရောင်နေပြီ။ ပေါက်ခါနီးပဲ” တဲ့။ အမယ်လေးလေး ... ကံကြီးပေ လို့။ ကျွန်တော့် နှမငယ်သာ အချိန်မီ ရောဂါမတွေ့ခဲ့ရင် ...။ လေနာရောဂါ အခံရှိနေလေတော့ အဖေ ဗိုက် နာတိုင်း လေနာပြတ်ထတာ အစာအိမ်ရောဂါပြန်ကြွတာပဲမှတ်ယူပြီး ခပ်အေးအေးနေ လိုက်မိတာ။ ရောဂါဟောင်းနှင့် ကျွမ်းဝင်နေတာကိုက ပြဿနာ။ လူနာနှင့် ထဲဝင်ရင်းနှီးနေ တာ ကိုက ပြဿနာ။

(၃)
တစ်လောက ရုံထဲက သူနာပြုဆရာမကြီးတစ်ဦး၏ သားငယ် ဆေးရုံလာတက်သည်။ ဒုတိယနှစ်ကျောင်း သား။ စာသင်ခန်းက အထွက် မူးလဲကျသွားလို့ ဆေးရုံလာတင်တာ။ စမ်းသပ်ကြည့်လိုက်တော့ သွေးအားနည်းရောဂါ။ ကလေး က အစာအိမ်ရောဂါအခံရှိသူ။ သွေးစစ်ကြည့်လိုက်တော့ သွေးအားပြ ဟီမိုဂလိုဘင်က ၁၂ ၀န်းကျင် ရှိရမည့်အစား ၅ ပဲရှိတာ တွေ့ရသည်။ သွေးအား အတော်နည်းနေတာ။
“ခင်ဗျားနှယ် ဗျာ ... သူနာပြုဆရာမကြီးလုံးလုံး လုပ်နေပြီး သား သွေးအားဒီလောက်နည်းနေတာ နည်းနည်းမှ မရိပ် မိဘူးလား”
လို့ ကိုယ်နိုင် တဲ့ ဆရာမ ဖိထောင်းရ။ အနှီဆရာမကြီးက ကျွန်တော် လက်ထောက် ဆာဝန်ဘ၀ကတည်းက ရင်းနှီးပြီးသား။ သူ့အဖေ က မန္တလေးဆေးရုံကြီး ပြင်ပလူနာဌာနမှာ နှစ်ပေါင်းများစွာ ကွန်ပေါင်ဒါလုပ်ခဲ့သူ။ လူတိုင်းနှင့် ရင်းနှီးခင်မင်စွာ ဆက်ဆံတတ်သည်။ ဆရာမကြီးက ခပ်အေးအေးပဲ။

“ ဟုတ်တယ်ဆရာ၊ သူကလည်း သူ့ကျောင်းစာနဲ့သူ။ ကျွန်မကလည်း ကိုယ့်အလုပ်နဲ့ကိုယ် ဂျင်ခြေလည်နေ တော့ သူ့ ကို သတိမပြုလိုက်မိဘူးဆရာ”တဲ့။
သားငယ် ကို သွေးသွင်းရ။ ရောဂါရှာရ။ နောက်ဆံး သတ္တုချလိုက်တော့ အစားမမှန်၍ အစာအိမ်ရောဂါပြန်ကြွ။ သွေးယို။ တစ်စတစ်စ သွေးအားနည်းရောဂါ မသိမသာ စွဲကပ်လာခြင်း။ ကလေးက အဝေး က လှမ်းကြည့်ရုံနှင့် ဖြူဖွေးဖျော့တော့နေတ သိသာလွန်းလှသည်။ မိခင်ဆရာမခမျာ နီးလွန်းတော့ မမြင်သာ။

ဆရာမ ကို အပြစ်တင်စောခဲ့တဲ့ ကျွန်တော်ကရော။ ကျွန်တော် ဆေးကျောင်းသားဘ၀မှာ အလားတူအဖြစ် မျိုးကြုံဖူးသည်။ လူနာက အဒေါ်အရင်း။ မျက်စိအားနည်းတယ်ဆိုပြီး မျက်စိပါရဂူနှင့် သွားပြသည်။ မျက်စိ ဆရာဝန်ကြီး က အဒေါ် ဖြူဖျော့နွမ်းဖတ်နေသော သတိပြုမိပြီး စစ်ဆေးကြည့် လိုက်တေ့ သွေးအားနည်း ရောဂါ ပါပဲ။ သွေးစစ်လိုက်တော့ ဟီမိုဂလိုဘင်က ၄ ကျော်ကျော်မျှသာ။
“ခင်ဗျား ဒီလောက်ထိ နေစိမ့်တယ်ဗျာ။ ဘာကြောင့် မိသားစုဆရာဝန်နဲ့ အထူးကုနဲ့ စောစောစီးစီး မပြတာလဲ”
လို့ ဆရာဝန်ကြီး က ကရုဏာဒေါသောနှင့် ဖိဆူပါလေသည်။ ဆူလည်း ဆူချင်စရာ။ အဒေါ်က မန္တလေး တက္ကသိုလ် က ကထိက။ မိတ်ဆွေ ဆရာဝန်တွေ ပေါမှပေါ။ အထွေထွေကုရော၊ အထူးကု ပါမကျန်။ သူ့တူနှင့် တူမ ကျွန်တော် တို့ မောင်နှမကလည်း ဆရာဝန်လောင်းတွေ။

ဒီလိုဝန်းကျင် မှာ ဟီမိုဂလိုဘင် ၄ ထိ ကျအောင် စောင့်နေတာကိုက ...။ အဒေါ်က နဂိုကတည်း က ဖြူဖြူဖွေးဖွေးကြီး မို့ ထူးပြီး ဖြူဖျော့လာတာကို ကျွန်တော်တို့ သတိမထားမိတာ ဖြစ်မည်။ (ကိုယ့်ဘက် ကျတော့ ဆင်ခြေက အဆင့်သင့်)။ သွေးအားနည်းတဲ့ အကြောင်းရင်း စေ့ငုကြည့်တော့ မီးယပ်သွေး လွန်နေခြင်း။ သွေးဆင်းတာ ခါတိုင်းထက် ပိုပိုများလာတာ သတိပြုမိသော် လည်း သွေးဆုံး ခါနီး သွေးကစား တာ ဖြစ်မှာပါလို့ မိမိဘာသာ အလွယ်တကူ ကောက်ချက် ချလိုက်ပြီး ပြဿနာကို ဖျာအောက်ထိုးထည့်ခဲ့မိခြင်း။ မိမိနှင့် အရင်းဆုံး အကျွမ်းဝင်ဆုံး ကိုယ်ခန္ဓာ ရဲ့ လှည့် စားချက်ကို မသိမသာခံလိုက်ရခြင်း။

(၄)
ဖျားနာရုံ (၃) မှာ လက်ထောက်ဆရာဝန်ဘ၀ ကြုံခဲ့ရတာကလည်း မှတ်လောက်စရာ။ လူနာက အသက် ၈၀ နီးပါး အဘိုးကြီး။ နှလုံးရောဂါနဲ့ ဆေးရုံတက်။ ဆေးရုံက ဆင်းသွားပြီး အပြင်လူနာအဖြစ် မှန်မှန်လာပြနေတာ။ တစ်လခွဲ တစ်ကြိမ်။ နှလုံးသွေးကြောကျဉ်းရောဂါဆိုပြီး ကုသမှုခံယူနေတာကြာပေါ့။ နှလုံးခုန်ချက်ကလည်း စည်းလွတ် ၀ါးလွတ်။ ကျွန်တော် လည်း ဒီဘကြီးကို ကြည့်ဖူး တယ်။ သွေးခုန်နှုန်း တိုင်း၊ သွေးပေါင်ချိန် တိုင်း၊ နှလုံးပန်း တဲ့ လက္ခဏာ (Heart failure) ရှိ၊ မရှိကြည့်။ ပြီးရင် သောက်လက်စဆေးတွေ ဆက်သောက်ဖို့ (Repeat) ရေးပေးလိုက်ရုံ။ ဘာမှ ထူးထွေပြီး စမ်းသပ် မနေ ပါဘူး။

တစ်ခါတော့ စိတ်ကူးပေါက်ပြီး လူနာ ရဲ့ ဆေးမှတ်တမ်းကို အစအဆုံးပြန်ကြည့်မိသည်။ မှတ်တမ်းတစ်နေရာ မှာ ရုံ ထဲက လက်ထောက် ဆရာဝန်တစ်ဦး၏ မှတ်ချက် ထူးထူးခြားခြားကို တွေ့ရသည်။ ထူးထူးခြားခြား လို့ ပြော ရတာက သူက လူနာရဲ့နှလုံးကို အစအဆုံး ပြန်လည်စမ်းသပ်စစ်ဆေးပြီး လူနာ့ရောဂါ က နှလုံးသွေး ကြောကျဉ်းရောဂါနှင့် မတူကြောင်း၊ နှလုံးပေါက်ကျဉ်း (Mitral Stenosis) နှင့်တူကြောင်း မှတ်ချက်ပြုထား လို့ပေါ့။
ဟောဗျာ ... ကျွန်တော်တို့အားလုံး (အထူးကုကြီးတွေ အပါအ၀င်)က အရင့်အရင် အဆက်ဆက်သော ဆရာတွေ ရေးခဲ့ အတည်ပြုခဲ့သလို နှလုံးသွေးကြောကျဉ်းရောဂါ လို့ပဲ ရမ်းကြိတ်ခဲ့တာ။ အရွယ် ကလည်း နှလုံးသွေးကြောကျဉ်းဖြစ်တဲ့ အရွယ်။ နှလုံးပေါက်ကျဉ်းရောဂါ က ဒီအရွယ်ကြီးမှာ တွေ့ရလေ့မရှိ။ ငယ်ရွယ်သူတွေ နဲ့ လူလတ်ပိုင်းတွေ မှာသာ တွေ့ရတတ်တာ။ သို့သော်လည်းပေါ့လေ ...ရှေ့က လူတွေ ဘာရေးရေး ဘာမှတ်ချက် ချချ မိမိ ကြည့်ရသည့်လူနာကို မိမိဘာသာ တာဝန်ယူရမည်ပင်။ မည်သူ့ကိုမျှ အပြစ်ပုံချစရာ မလို။

ဆရာဝန်တွေ ဘယ်လိုတွေးသလဲ (How Doctors Think) စာအုပ် ဖတ်ရတော့မှ ဒီအဖြစ်မျိုးကို Diagnosis momentum ခေါ်ကြောင်း သိရသည်။ ရောဂါအမည် အရှိန်စီးခြင်းပေါ့။ တကယ်က သူများ တပ်ထားတဲ့ ရောဂါအမည် ကို မိမိက ကျွမ်းဝင်ရင်းနှီးဖြစ်နေလေတော့ အဲဒီရောဂါ အဟုန်စီး နောက်ကမှိန်းပြီး လိုက် သွား ခြင်းပေတကား။

(၅)
ပုသိမ်ဆေးရုံကြီးမှာ တာဝန်ထမ်းဆောင်ခဲ့တဲ့ ကျွန်တော့်ဆရာ ဆရာဝန်ကြီးတစ်ဦးရဲ့ အတွေ့အကြုံကလည်း ရင်ထဲ နင့်ခနဲ တိုးတိုက်စရာ။ သူ့ရုံက အပြာဝတ်ဆရာမကြီးရဲ့ ယောက်ျားက သူတို့ရုံရဲ့ ဖောက်သည်လူနာ။ တစ်လ တစ်ကြိမ် အတွင်းလူနာအဖြစ် မှန်မှန်တက်ရမြဲ။ ဒီကရင်ကြီးက သဘောဖြူ အူစင်း။ အပေါင်းအသင်းတွေ နဲ့ လခထုတ်ချိန် တိုင်း ၀ိုင်းဖွဲ့လေ့ ရှိသည်။ သူ့ ကိုယ်တိုက်လိုက်၊ ကိုယ့် သူတိုက်လိုက်နဲ့ အပြန်အလှန် သောက်လိုက်ကြတာ နောက်ဆုံး အားလုံးမှောက်မှ အသောက်ရပ် တော့သတဲ့။ ဆေးရုံရောက်၊ အားဆေးသွင်း၊ ကောင်းတော့ပြန်ဆင်း။ ဆေးရုံမှာ တစ်ရက်နှစ်ရက်နေ။ ဒီတစ် ခါ လကုန်ရက်မှာလည်း သူ့လောက် မမူး တဲ့ မိတ်ဆွေတွေက သူ့ကို ဆေးရုံပို့ရပြန်ပြီ။

“ကရင်ကြီးကတော့ကွာ၊ အချိန်မှန်နေတာပဲ”
လို့ ဆရာကြီး က မှတ်ချက်ပြုရင်း ထံစံအတိုင်း လိုအပ်တဲ့ကုသမှုတွေပေးဖို့ ညွှန်ကြားရသည်။
ဒီတစ်ကြိမ် ထူးခြားတာက လူနာက ဒုတိယနေ့ ထိ သတိကပြန်လည်မလာသေး။ ဆရာ၊ ဆရာမတွေက -
“ဒီတစ်ချီ ရေချိန်တော်တော်လွန်သွားတယ်ထင်တယ်။ ခုထိ မနိုးသေးဘူး”
ဟု ရယ်ရယ်မောမောပြော ရင်း အမှုမဲ့အမှတ်မဲ့ ။ တတိယနေ့ထိ သတိလည်မလာတော့ အားလုံး မျက်လုံးပြူး မျက်ဆန်ပြူး။ ဟ ... လုပ်ကြပါဦး ဟ။ ခေါင်းလည်း သေသေချာချာ စမ်းကြပါဦး။ ခေါင်းထိခိုက်ဒဏ်ရာများ ရှိလေ မလား။ ဆံပင်ထူထူထဲထဲကြား ခေါင်းဒဏ်ရာ ရှာကြည့်တော့လည်း ဘာမှ ထူးခြားတာမတွေ့ရပြန်။ ဆရာကြီးက လူနာ ကို ခေါင်းတုံးရိတ် ခိုင်း လိုက်သည်။ ဒီအခါကျမှ ခေါင်းဒဏ်ရာက ပေါ်လာသည်။ မူးပြီးလဲ အကျ အမာခံ ပစ္စည်းတစ်ခုခုနှင့် အရှိန်ပြင်းစွာ ရိုက်မိခြင်း။ နောက်တစ်နေ့ လူနာဆုံးရှာသည်။ အလောင်း ခွဲစိတ် စစ်ဆေးကြည့်လိုက်တော့ မျှော်လင့်ထားသလို ဦးနှောက်အတွင်း သွေးစိမ့်ယိုခြင်း။ ဆရာကြီးရော လုပ်ဖော် ကိုင်ဖက်တွေ ပါ အားလုံး စိတ်မကောင်းဖြစ်ကြရ။ ဇနီးဖြစ်သူမှာ ဖြေမဆည်နိုင်ရှာ။

ဒီကတည်းက ဆရာကြီးက အရက်မူး လူနာ သတိမေ့ပြီး ဆေးရုံလာတက်ရင် ခေါင်းကို သေသေချာချာ စမ်း သပ်စေသည့် အပြင် မသင်္ကာ ပါက ခေါင်းကို ပြောင်စင်အောင် ရိတ်ခိုင်းလိုက်ပြီး အထပ်ထပ် စစ်ဆေးစေ သည်။ အရက်နံ့ ရတိုင်း အရက် ကို တရားခံမလုပ်ဖို့။ အရက်ကို ပုံမချဖို့။ အရက်ရဲ့ဟိုဘက်ကို ကျော်ကြည့်ဖို့။ ဒီအဖြစ် ကလည်း ရင်းနှီးကျွမ်းဝင်ခြင်း၏ မာယာနှင့် ထောင်ချောက် ကို ၀င်တိုးမိခြင်း။
ဒီဆရာကြီး ပြောပြသည့် နောက်ပုံပြင်တစ်ပုဒ်ကလည်း “ရင်ထဲ တိုးဝှေ့ဆဲပါခိုင်” လို့ ဆိုရမလို။

တစ်ခါက မိန်းမ လူနာတစ်ဦး ချောင်းဆိုးတာ သွေးစလေးတွေ ပါလာလို့ ဆရာဝန်နှင့်ပြသဖို့ တိုင်ပင်ကြသတဲ့။ ဘယ်ဆရာဝန် နဲ့ ပြရမလဲ။ လူနာတွေကို ဆေးခန်းလိုက်ပို့နေကျ ဆိုက်ကားဆရာကြီးက မီးယပ်ဆရာဝန်နဲ့ပြဖို့ အကြံပေး သတဲ့။ မိန်းမဆိုတော့ မီးယပ်နေမှာပဲ။ ဒါနဲ့ မီးယပ်ဆရာဝန်မကြီးထံ လူနာ ခေါ်သွားတော့ ဆရာမကြီး က ဘာဖြစ်လို့ သူ့ဆီ ဒီချောင်းဆိုးသွေးပါလူနာ ခေါ်လာရတာတုံး။ (ချောင်းဆိုး သွေးပါရင်တော့ သူနဲ့ဆိုင်တယ်။ Stress Incontinence) ဒါက သမားတော်ပြရမှာ။ လူနာက ခပ်ဖျောက် ဖျောက်ဆိုတော့ အဆုတ်တီဘီနဲ့ တူ တာပဲ။ အဆုတ်ရောဂါ က ချောင်းဆိုးရင် သွေးပါတတ်တာ မသိဘူး လား။ ဘာလားညာလားနဲ့ ယဉ်ကျေးစွာ “ပညာပေး”လေ သတဲ့။ ဆိုက်ကားဆရာကြီး လူနာကို ပြန်ခေါ်ပြီး တပ်ခေါက်ခဲ့ရ။ ဆရာမကြီး အကြံပြုသလို သမားတော်ကြီး ထံပြသပြီး ရောဂါ ဆက်လက် ရှာဖွေရသည်ပေါ့။

ဟုတ်တယ်။ အဆုတ်ဓာတ်မှန် မှာ အနာတွေ ဟိုတစ်ကွက် ဒီတစ်ကွက်တွေ့ရ။ ဒါပေမဲ့ တီဘီနဲ့ မတူပြန်ဘူး။ ကင်ဆာရောဂါ နဲ့ တူတယ်။ အဆုတ်ကင်ဆာတော့ ဟုတ်ပုံမရ။ တစ်နေရာကနေ ပျံ့နှံ့လာတဲ့ ကင်ဆာဖြစ် ဖို့ များတယ်။ ဇာတ်ပေါင်းလိုက်တော့ လူနာ့ရောဂါက သားအိမ်တွင်း ကင်ဆာတစ်မျိုး (Choriocarcinoma)။ အဆုတ်မှာ တွေ့တာက Secondaries (ရောဂါပျံ့နေတာ) တွေ။ ဒါကြောင့် ချောင်းဆိုးရင် သွေးစလေးတွေ ပါနေတာ။
ဒီလိုနဲ့ နောက်ဆုံး ရောဂါရာဇ၀င် တစ်ပတ်တိတိလည်ပြီးသကာလ လူနာမိန်းမကို မီးယပ်ဆရာဝန်မကြီးထံ ဆိုက်ကားဆရာကြီး ပဲ ဆိုက်ဆိုက်မြိုက်မြိုက် လိုက်ပို့လိုက်ရပြန်ပါသတဲ့။
အဲဒီနေ့က ဆိုက်ကားဆရာကြီး နဲ့ မီးယပ်ဆရာဝန်မကြီး နှစ်ဦးသား ဘယ်လိုမျက်နှာထားနဲ့ တစ်ဦးကိုတစ်ဦး ရင်ဆိုင်ကြမလဲ ဆိုတာ ကျွန်တော့်အတွက် ဒီနေ့ထိ တွေးလို့ကောင်းတုန်း။ ချောင်းဆိုးသွေးပါ အဆုတ်တီဘီ နာဆို တဲ့ ကျွမ်းဝင်ခြင်း က ဒီဇာတ်မှာ ဇာတ်ညွှန်းရေးသွားတာ။

(၆)
ရင်းနှီးကျွမ်းဝင်ခြင်း က အရိုသေတန်စေသည်။ ရင်းနှီးပျော်ဝင်နေသည့် လူတွေ၊ အဖြစ်အပျက်၊ သဘောထား၊ အယူအတွေးတွေ ကို ကျွန်တော်တို့ အပေါ်ယံ ဆက်ဆံတတ် သဘောထားမိတတ်သည်။ အနိစ္စ ဒုက္ခ အနတ္တ ဆိုတာ မွေးကတည်းက ကြားဖူးနေ၍ ဒီစကားလုံးတွေက ကျွန်တော်တို့အတွက် အဓိပ္ပာယ် ထူးထူးခြားခြား သယ်ဆောင်မလာတော့။ ဒါတွေကို နှိုက်နှိုက်နှဲနှဲ တူးဆွဖို့၊ ရေဆုံးရေဖျားထိ လိုက်ဖို့ ကျွန်တော်တို့ စိတ်ကူးထဲ ယောင်လို့တောင် ထည့်လေ့မရှိ။ ဒါဆိုရင် ဒီရင်းနှီးကျွမ်းဝင်နေတဲ့အရာ တွေကို အရိုအသေပြုတတ်ဖို့၊ အလေးအမြတ်ပြုတတ်ဖို့ ဘယ်လိုလုပ်ရမလဲ။

တစ်ခါက “သံဝေဂ”ကို Urgency ပြန်ထားတာ တွေ့လိုက်ရတော့ ရင်ထဲ လင်းခနဲ။ သံဝေဂရတယ်ဆိုတ မိမိအမှား အတွက် နောင်တရသလိုလိုမျိုး ထင်မှားနေမိတာ။ တကယ်က အမှန်တရားရှာဖိ့။ ကောင်းတာ လုပ်ဖို့ နိုးထခြင်းမျိုး။ အချိန်မဆိုင်းဘဲ ထထကြွကြွလုပ်ခြင်း။ မရင်းနှီးသေးတဲ့ စိမ်းနေသေးတဲ့ စကားလုံး ဝေါဟာရတွေနဲ့ ရင်းနှီးပြီးသားအရာတွေကို တည်ဆောက်ကြည့်၊ အဓိပ္ပာယ် ဖော်ကြည့်ရင် ...။ မိမိနှင့် အရင်းနှီးဆုံး အကျွမ်းဝင်ဆုံး မိမိရုပ်ခန္ဓာ၊ စိတ်ခန္ဓာကို အရိုအသေတန်ခြင်းမှ လွတ်ကင်းအောင် မည်သို့ လုပ် ရပေချိမ့်။ ဒီနှစ်ခုလုံးဟာ အဟောင်းအမြင်းတွေ လက်ဆင့်ကမ်းသယ်လာပြီး လည်ပတ်တည်တံ့နေတာ ပဲလို့ မြင်ခြင်း က ပြဿနာရဲ့အခရာ။

တကယ်က မိမိသည် နေ့တိုင်း နာရီတိုင်း မိနစ်မဆိုင်း စက္ကန့်မဆိုင်း အသစ်သော အသစ်သော ဖြစ်တည်မှု၊ ဖွဲ့စည်းမှုတွေ အဖန်ဖန် မရပ်မနား သဲသဲလှုပ်ဖြစ်ထွန်းနေတဲ့ ခန္ဓာအိမ်။ ကျွန်တော်တို့နဲ့ သူစိမ်းပြင်ပြင်။ တူးဆွစရာ စူးစမ်းစရာ ခရီးဆန့်စရာ မဟာပုစ္ဆာ။ မဟာပဟေဠိ။ မိမိတို့ လျှော့်တွက်နေကျ ဖြစ်သော်ငြား အရိုအသေ အလေးအမြတ် အပြုထိုက်ဆုံး။ နီးသော်လည်း အဝေးဆုံး။

ပိတောက်ပွင့်သစ်၊ နိုဝင်ဘာလ၊ ၂၀၀၉
.

No comments: