Thursday, November 22, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၁၄)

နားကြပ်ရဲ့အခြားတစ်ဖက်မှာ
(၁)
“ဆရာဝန်တိုင်း ဟာ သူတို့ရဲ့ နာမည်ဆိုင်းဘုတ်အောက်မှာ “ငါလည်းသေမျိုးပဲ”လို့ ရေးထိုးထားသင့်တယ်”
ေ၈ျာ့ဘားနတ်ရှော
“သမားတော် ... မိမိကိုယ်ကို အရင်ကုပါဦး”
“ဆရာဝန်တစ်ဦးဟာ မိမိကိုယ်မိမိ ဆေးကုသမယ် ဆုံးဖြတ်လိုက်တာနဲ့ တစ်ပြိုင်နက် လူနာဆရာဝန်ခမျာ ခပ်ညံ့ညံ့ ကုသမှုရပြီ မှတ်လိုက်ပေတော့။ ဆရာဝန်တစ်ဦးဟာ ဒီထက်ပို အရည်အသွေးကောင်းတဲ့ ကုသမှု မျိုးမရသင့်ပေဘူးလား ”
“အမျိုးထဲမှာ ဆရာဝန်တစ်ယောက်လောက်ရှိတော့ အရေးရယ်အကြောင်းရယ် ဖြစ်လာရင် အားကိုး ရတာ ပေါ့ဆရာရယ်။ ဒါကြောင့် သားလေးကို ဆေးကျောင်း တတ်ခိုင်းလိုက်ရတာ။ သူကတော့ စိတ်ပါတယ် မဟုတ်၊ စိတ်မပါဘူးလည်း မဟုတ်ပါဘူး”

(၂)
ဘဏ္ဍာရေး၊ စီးပွားရေး ကျွမ်းကျင်လိမ္မာသူတွေ ဒေ၀ါလီခံရတာ၊ ရှေ့နေတွေ တရားခံဖြစ်သွားတာ မဆန်းသလို ဆရာဝန်တွေ လူနာဖြစ်သွားတာ မဆန်းပါဘူးနော်။ ဗေဒင်ဆရာတောင် နွားပျောက်ရသေးတာ။ ဆရာဝန်တွေ၊ ဆရာမတွေ နားကြပ်ရဲ့ အခြားတစ်ဖက်မှာ ရောက်ခဲ့ရင် ဘယ်လို ပြုမူတုံ့ပြန်ကြသလဲဆိုတာ အတော် စိတ်ဝင်စားစရာ ကောင်းတဲ့ကိစ္စပါ။ ဆရာဝန်၊ လူနာစည်းရိုးကြီး ခြားထား ရာမှာ စည်းရိုးဟိုဘက်ရောက်ခဲ့ရင် ဆရာဝန်တွေ ဘယ်သို့ပြုပေချမ့်။ ဆရာဝန် တစ်ဖြစ်လဲ လူနာဟာ လူနာ ကောင်းလား။ လူနာဆိုးလား။ ဆို ဆုံးမရလွယ်တဲ့ ပေါ့ပါးတဲ့ လူနာလား။ ဆိုဆုံးမခဲကတ်တဲ့ နွားရိုင်းတစ် ကောင်လို လူနာ လား။ သေချာတာကတော့ ဆရာဝန်တစ်ဖြစ်လဲ လူနာကို ပြုစုကုသရတာ တကယ့်စိန်ခေါ် မှုကြီး တစ်ရပ် ဖြစ်လေသတဲ့။

ကျွန်တော်တို့ ဆရာမကြီးတစ်ဦး အသက်(၈၀)ကျော်။ ရောဂါပေါင်းစုံ။ သွေးတိုး၊ ပန်းနာရင်ကျပ်၊ အဆစ် ရောင်ရောဂါ၊ လည်ပင်းကျီးပေါင်းတက်၊ အရေပြားသွေးကွက်ထ၊ ခြေထောက်ရောင်၊ ဆီးချို၊ ဆီးချိုက အင်ဆူလင် ထိုးနေရတဲ့အဆင့်။ ကိုယ့်ဘာသာ ပြန်ထိုးတာ။ ဒါပေမဲ့ ကြည့်လိုက်ရင် တက်တက်ကြွကြွ။ အလုပ် လုပ်ရင် အားကြိုး မာန်တက်။ ဆူလိုက်ပူလိုက် အော်လိုက်ဟစ်လိုက်။ သူ့ကျန်းမာရေးတော့ ဂရုစိုက် တယ်။ အင်္ဂလန် သွားပြီး ဆေးစစ်တယ်။ လိုအပ်တဲ့ ကုသမှုယူတယ်။ ဆရာဝန်ပြောတာကို အတိအကျလိုက် နာတယ်။ အစားအသောက် အနေအထိုင် ထိန်းထိန်းသိမ်းသိမ်း ရှိတယ်။ တကယ့်ပီဘိ လူမမာတစ် ယောက်လို။ ဒီလိုနေတဲ့ ကြားက ချောင်းက တော်တော်ဆိုးလာ။ လူက ပိန်လိုက်လာ။ အစားပျက်သွား။ စစ်ကြည့်လိုက်တော့ အဆုတ် တီဘီ။ ဆီးချို ရဲ့ မိတ်ဖက်ရောဂါ။ တီဘီရောဂါ ပါရဂူဖြစ်တဲ့ တပည့်တစ်ဦးနဲ့ ပြသတိုင်ပင်။ ကုသမှုယူ။ တပည့် ဆရာဝန် စီစဉ်ညွှန်ကြားတာကို တစ်သဝေမတိမ်းလိုက်နာ။ (၆)လကြာ ဆေးစားရ။ စဖြစ်တုန်းက အဆုတ် တစ်ခုလုံး မွစာကြဲအောင် တိုက်ခိုက်ခံထားရတာ။ ကုသမှုလစေ့လို့ ပြန်စစ်ကြည့်လိုက်တော့ အဆုတ်တီဘီက မယုံ နိုင်စရာ ကောင်းလောက်အောင် လုံးဝကင်းစင်ပပျောက်သွား။ အရင်ကလို ပြန်အော်နိုင် ပြန်ဆူနိုင်ပြီ။ “ငါက လူနာကောင်း ကွဲ့” လို့ ဂုဏ်ယူလိုက်သေး။ တကယ်တော့ ဒါကရှားပါးပစ္စည်း။

ဆရာဝန်ကြီးတစ်ဦး ကတော့ ဆီးချိုနဲ့ နှလုံးရောဂါသည်။ ဆီးချိုက ကြာလှပေါ့။ ဒါပေမဲ့ ဆရာကြီးက သူ့ရောဂါ လူ မသိစေချင်ဘူး။ ဖုံးဖုံးဖိဖိ။ တစ်ခါက ညစာစားပွဲတစ်ခုမှာ အားလုံးစစားကြချိန် ဆရာက မစားသေးဘူး။ ဘာကြောင့် ပါလိမ့်လို့ ကျွန်တော်က မသိမသာ စောင်းငဲ့ကြည့်လိုက်တော့ ... လား ... လား ...  ဆရာက စားပွဲအောက် လက်ထည့်ပြီး ဆေးကတ်ထဲ က ဆေးထုတ်နေတာ။ ပြီးတော့မှ ဆေးကို မသိမသာယူလိုက်ပြီး လူတွေအလစ် မှာ ရေနဲ့မျှောချလိုက်တာ။ ဟောဗျာ ဆေးသောက်တာတောင် ခိုးကြောင်ခိုးဝှက်။ လူမိ မှာ ကြောက်နေရှာ။

ဧည့်ခံပွဲတစ်ခု မှာ အချိုရည်ပုလင်းတွေ တင်ထားသော သောက်ကြတော့လို့။ ကျွန်တော်က ဆရာကြီး ဆီးချို ရောဂါရှိမှန်းသိလို့ “ဆရာ ... ကျွန်တော် Diet Coke ယူပေးမယ်”လို့ ပြောမိတယ်။ ဆရာက ကျွန်တော့် အဆိုပြုချက်ကို နှစ်လိုဟန်မပြဘူး။ Diet Coke ကို စိတ်မပါ့တပါ လှမ်းယူပြီး မကြည်မလင် သောက်နေလိုက် တာ။ ကျွန်တော် ကလည်း အဲသလို အလိုက်ကန်းဆိုး မသိတာ။
သွေးစစ်ဖို့ Check up လုပ်ဖို့ပြောရင် ဆရာ မအားသေးပါဘူးကွာ နဲ့ပဲ ပြီးရ။ ဘယ်တော့မှ Full Check up မလုပ် ဘူး။ နောက်ပိုင်းကျတော့ ဆီးချိုရောဂါ နောက်ဆက်တွဲ ရောဂါတွေတစ်သီကြီး လှိမ့်ဝင်တော့တာ။ မခေါ်ပင့်ချေ ရောက်လာကြတဲ့ သူတွေ။ မကြိုချင်လည်းကြိုရ၊ ဧည့်ဝတ်မပြုချင်လည်း ပြုရ။ ဒီဧည့်သည်တွေ က အိမ်မှာ ဇောက်ချနေတော့မယ့် သူတွေ။ ဆရာဝန်ကောင်း ဖြစ်သော်ငြား လူနာကောင်းလက္ခဏာနဲ့ မပြည့်စုံရှာတဲ့ ဆရာ။

ဆရာဝန်၊ ပါမောက္ခကြီးတစ်ဦးကလည်း ထူးမှထူးဗျ။ သူက သွေးကြောကျုံ့ နှလုံးရောဂါဖြစ်စေတဲ့ အထောက်အပံ့တွေ အကြောင်း တပည့်တွေနဲ့ ဆွေးနွေးတိုင်း စာသင်တိုင်း ဆေးလိပ်သောက်ခြင်းဟာ ကြီးမား တဲ့ Risk Factor ဖြစ်ကြောင်း ထည့်ပြောရင် မကြိုက်ဘူး။ ဆရာကြီးက စိတ်ကမြန်မြန်၊ အသံကကျယ်ကျယ်။ သူ့ Memory မှာ ဆေးလိပ်သောက်တာ ကို Delete လုပ်ထားသလို။ ဘွဲ့လွန်တက်စ အူလည်လည်ကျောင်းသား ကများ နှလုံးရောဂါ အကြောင်း ဆွေးနွေးရာ မှာ ဆေးလိပ်အကြောင်း ထည့်ပြော မိလို့ကတော့ မိုးမီးလောင်ပြီ။ သူ့အသံဝါကြီး နဲ့ မိုးခြိမ်းတော့တာ။ သူက စီးကရက် ကို မက်မက်စက်စက် သောက်တဲ့သူ။ Medical Check up  မလုပ်ဘူး။ ဆရာဝန်မို့ လို့ ရောဂါက ရှောင်လေသေးပေါ့ လုပ်မယ် လို့ ယိုးမှားလေသလား။
မိုးမသောက် မှောင်မိုက်အရိပ်မပြေးမီ တစ်ရက်မှာ ဆရာကြီး အိပ်ရာမှာ ဆုံးနေတာတွေ့ရ။ နှလုံးသွေးကြော မကြီး ပိတ် ဆို့ပြီး နှလုံး ရုတ်တရက် ရပ်သွားခြင်း။ မသေမီည ထိ စီးကရက် သောက်သွားခဲ့သေးသည်တဲ့။

၂၀၀၈ နိုဝင်ဘာမှာ နောက်ဆုံးနှစ် ဆေးကျောင်းသားတွေ စာမေးပွဲစစ်တုန်း တန်းလန်း ကျွန်တော် ညည ရင်ကျပ် လို့ ထထထိုင်ရတယ်။ ည ၁ နာရီ၊ နံနက် ၄ နာရီ အချိန်မှန်မှန်။ ချောင်းစဆိုး။ လေရှူသံက တရွှီရွှီ လိုက်လာ။ ချောင်းကအခြောက်။ ချွဲကမပါ။ တစ်ခါတစ်ရံ ချောင်းဆိုးလွန်လွန်းလို့ ညက စားထားတဲ့ အစာတောင် ပြန် အန်ထွက်။ တိတ်ဆိတ်ည ငြိမ်သက်ညမှာ ဖုန်းမောင် တစ်ယောက်တည်းရယ်။ ညရဲ့ တိတ် ဆိတ်မှု က ကြီးစိုးခြိမ်းခြောက်။ ကျွန်တော်က အသက်၀၀ရှူဖို့အရေး တစ်ကိုယ်တော် တိုက်ပွဲဝင်နေ။ တစ်ခါ တစ်ရံ ချွေးသီးချွေးပေါက် ကျ။ ဇနီးသည်က ကျွန်တော် နိုးတိုင်း ထလာပြီးပြုစု။ ရင်ဘတ်ဆေး လူးပေး၊ ဆေးယူပေး၊ ရေနွေးယူပေး။ တစ်ခါတစ်ရံ သူ မနိုးတဲ့အခါ ကျွန်တော် သူ့ကို မနှိုးရက်။ အိပ်ပလေ့စေ။ သူ့ခမျာ တစ်နေကုန် ပင်ပန်းရှာ။
ညနေဆေးခန်းထိုင် ရင် လူနာနဲ့ စကားဖြောင့်ဖြောင့်မပြောနိုင်။ ချောင်းမဆိုးအောင် အတင်းမျိုသိပ် ဖိနှိပ်ထားရ။ ဗိုက်ကြောတွေ နာ လာတဲ့အဆုံး လက်လျှော့ပြီး ချောင်းဆိုးချလိုက်ရပြန်။ အချစ်နဲ့ချောင်းဆိုး အောင့် မရဘူး ဆိုသကိုး။

တစ်ညမှာတော့ ချောင်းကဆိုး၊ ရင်က တအားကျပ်လာ။ ဒီထက်ရင်ကျပ်လာရင် ဘာလုပ် ရမလဲ။ ဆေးရုံ ပြေးရမလား။ အပြင်ဆေးခန်း ပြေးရမလား။ အောက်စီဂျင်ရှူဖို့။ ရင်ကျပ်ပျောက်ဆေးကို စက်နဲ့ ရှူဖို့။ အကြောက် က ဖိစီးလွှမ်းမိုးလာလိုက်တာ လူက ဆောက်တည်ရာမရ။ နတ်ပူးသလို တုန်တုန်ခိုက်ခိုက်။ ရင်ကျပ် ရှူဆေးတွေ ကလည်း လူကို ချောက်ချားစေ၊ ရင်ကို တုန်စေ။ မိမိဘာသာ စိတ်ကို ဖျောင်းဖျရ ဆုံးမရ။
“မင်း ဘာကြောင့် ဒီလောက် စိတ်ကူးယဉ်နေ ရတာလဲ။ အသက်ရှူ၊ သတိနဲ့ရှူ။ ဒီလောက် ဆေးတွေသောက် နေ၊ ရှူနေတာပဲ။ တဖြည်းဖြည်း ကောင်းလာရမှာပေါ့။ လူနာတွေကျတော့ စိတ်ရှည် ပါဆို။ အလှည့်ကျရင် မနွဲ့ရဘူးကွ”
ပလုံစီထနေတဲ့ စိတ်ကလေး ခေတ္တငြိမ်းအေးသက်သာရာရခဲ့။ ဆရာဝန် သော်ငြားလည်း လူနာဖြစ်ခဲ့ရင် လူနာ လိုပဲ တွေးခေါ်ပြုမှု ကျင့်ကြံခံစားလေသည် တကား။

ကျွန်တော် သောက်နေတဲ့ဆေးတွေ ပြန်သုံးသပ် (Review)လုပ်။ ပုံမှန်သောက်နေ တဲ့ ဆေးထဲ မှာ သွေးကျ ဆေးတစ်မျိုးပါတယ်။ အဲဒီဆေးက ရင်ကျပ်ရောဂါ ပိုဆိုးစေတတ်သမို့ ဒီဆေး ခဏဖြတ်ထား ရင် ကောင်းမယ်။ ကိုယ့်ဘာသာကိုယ် ဆုံးဖြတ်ပြီး တိခနဲ ဖြတ်ချလိုက်။ ဒီအချိန်မှာ သူငယ်ချင်း သမားတော် က “လာနာမေး” လာတယ်။ ကျွန်တော်က သူ့ကို ရောဂါဖြစ်စဉ် အကြမ်းဖျင်း နဲ့ သောက်လက်စဆေးတွေ အကြောင်း ပြောပြလိုက်တယ်။ ဒါပဲ။ ကျွန်တော်က သူ့ဆီက ဘာအကြံမှမတောင်း။ သူက ဘာမှမဝေဖန်။ သူလည်း “လူနာမေး” မေးပြီး ပြန်သွား ခဲ့။ သောက်လက်စ သွေးကျဆေးဖြတ် ပြီး နောက် ဆေးတစ် မျိုးပြောင်းသောက်။ ဆေးဖြတ်ပြီး (၂)ရက်၊ (၃)ရက်အကြာမှာ ရင်က သိသိသာသာ ခုန်လာ။ သွေးခုန်နှုန်း ကလည်းမြန်နေ။ လူကလည်း တစ်ခုခု စိုးရွှံ့နေသလိုလို။ ဘာဖြစ်တော့ မလို၊ ညာဖြစ်တော့မလို ယီးတီး ယားတား။

တစ်ရက် ဆရာမကြီးတစ်ဦးအိမ် သွားလည်သခိုက် ဆရာမကြီးပြောတာ နားထောင်နေတုန်း ရင်က တအားဆောင့်တိုး ပြီး ခုန်လာ။ ရင်ထဲ မြင်းရိုင်းတွေ ၀ရုန်းသုန်းကား ဦးတည်ရာမဲ့ ခုန်ပေါက်နေသလို။ လူက  ဣနြေ္ဒမပျက် ထိုင်နေရသော် လည်း စိတ်က ဟိုဟိုဒီဒီ ကဆုန်စိုင်းနေ။ အိမ်အရောက် ကားကို ကြိုးစားမောင်း ပြန် ခဲ့ရ။ အခြေအနေအရပ်ရပ်ကို သုံးသပ်လိုက်တော့မှ တရားခံ ဘွား ခနဲပေါ်လာ။ သောက်လက်စ သွေးကျ ဆေး ကို ရုတ်တရက် ဖြတ်လိုက်ခြင်း။ အနှီသွေးကျဆေးက ရုတ်ခြည်း တိခနဲဖြတ်ပစ် ဖို့ မသင့်တဲ့ဆေး။ ဒီဆေး ကို လူနာတွေ ရုတ်ခြည်းဖြတ်ပစ်ခဲ့ရင် ကျွန်တော်က ငေါက်ငမ်းနေကျ။ ကိုယ်တွေ့ ကြုံတော့ သက်လုံ မကောင်းလိုက်လေ။
ဒါန့ ဆေးဟောင်း ကို ဆေးသစ်နဲ့ ပြန်တွဲသောက်ပြီး တဖြည်းဖြည်း မျှဉ်းဖြတ်လိုက်ရတယ်။ အဲဒီအချိန်မှာပဲ ရင် ကျပ်ရောဂါ က တဖြည်းဖြည်း နောက်ဆုတ်သွား။ စာမေးပွဲကလည်း အောင်အောင်မြင်မြင်ပြီးဆုံး။ ရန်ကုန် ဆင်း ဘွဲ့လွန်စာမေးပွဲစစ်။ မန္တလေးကျောင်း က ဖြေသမျှမောင် အကုန်အောင်။ ရင်ကျပ်က ပိုလို့သိသိသာသာ သက်သာ သွား။ တပည့်တွေ ပျော်တာမြင်ရတာနဲ့ ဆရာ့ဝေဒနာတွေ လျော့ပါးသွားလေ သတဲ့။ ဘ၀ဆို တာ နေပျော်စရာပေပဲလို့ ပြန်ထင်လာမိ။ ရင်မကျပ်တော့ဘူး။ စားချင်ရာ စားလို့ရပြီ ကိုမိုးဒီရေ့။

(၄)
ဆရာဝန်၊ ဆရာမတွေ နာမကျန်းခဲ့ရင် မိမိဘာသာ ကုသခွင့်ရှိသလား။ မိသားစုဝင်တစ်ဦးဦး ဖျားနာခဲ့ရင်ကော မိမိက ကုသခွင့်ရှိ သတဲ့လား။ ယူကေဆေးကောင်စီက ထုတ်တဲ့ "Good Medical Practice (GMP)" အလို အရတော့ “မိမိကိုယ်ကိုယ်ရော၊ မိမိ မိသားစုဝင်ကိုရော ဆေးမကုရ။ ဆေးပေးခွင့်မရှိ”တဲ့။ မိသားစုနဲ့ မပတ် သက်တ့ ပြင်ပဆရာဝန်တစ်ဦးဦးနဲ့ တိုင်ပင်ကုသရမတဲ့။ မိမိကိုယ်ကိုယ် မိသားစုဝင်ကို ဆေးကုသတာ ဥာဏ်ယှဉ်တဲ့ အလုပ် မဟုတ်ပါတဲ့။ ဒါ့အပြင် ဒီလို ကုသခြင်းဟာ “တရားမ၀င်၊ ဥပဒေနဲ့မညီ”တဲ့ အမှု လည်း ဖြစ်သတဲ့။
(Illegal) ဓမ္မဓိဋ္ဌာန်ကျကျ ယထာဘူတကျကျ ချဉ်းကပ်ခြင်း (Objectivity) ပြဿနကို စဉ်းစားရာ မှာ နောက်ခံကားချပ် နဲ့ယှဉ်ပြီး ခြုံငုံဖြန့်ကျက်ကြည့်ခြင်း (Perspective0 စတာတွေက ဆေးကုသရေးမှာ မှန်ကန် တဲ့ ဆုံးဖြတ်ချက်ရဖို့ အဓိကတွန်းအားတွေလေ။ မိမိ နဲ့ မိသားစုဝင်တွေကို ဆေးကုသရာမှာ အဲဒါတွေ တစ်ခုမှ ပါမလာတော့။

ငါ့ရောဂါက သိပ်မဆိုးလောက်ပါဘူး။ ငါက သူများတွေကို ဒီလောက်စေတနာထား ကုပေးနေတဲ့ဥစ္စာ။ ငါ့ကို ကံကြမ္မာ က (ဘုရားသခင်က) ဒီလောက် တော့မျက်နှာသာပေးမှာပါ။ ငါ့အပေါ် မလုပ်ရက်လောက်ပါဘူးနော်။ ရင်ဘတ် က အောင့်တောင့်တောင့်နဲ့။ လေထတာနေမှာ ပါလေ။ မနေ့ညက စားတာများသွားတာ ကိုး။ ခေါင်းက နောက်တောက်တောက်နဲ့။ သွေးတက်နေသလားမသိ။ အိပ်ရေးပျက် လို့ နေမှာပါ။ သွေးတိုင်း မနေတော့ပါဘူး။ သွေးတိုင်းထားတာ သိပ်မကြာသေးဘူး။ (တကယ်တော့ လွန်ခဲ့တဲ့ နှစ်နှစ်ကျော်ကျော်)။ ညာဘက်ခြမ်း က လေးသလိုလို။ ညက ကားစီးခဲ့တာ ဒီဘက်ဖိအိပ်တာ များသွားလို့ ထင်ပါရဲ့။ လေဖြတ်တာ များလား။ မဟုတ်လောက်ပါဘူး။ မျိုးရိုးထဲ လေဖြတ်သေတာမှ မရှိတာ။ ဦးနှောက် ပါရဂူပြကြည့် ရင် ကောင်းမလား။ သြော် ... နေပလေ့စေ။ သူလည်း ငါ့လို အလုပ်က ခပ်များများ။ အားနာပါတယ်။ နားလိုက် ရင် ပြန်ကောင်းသွားမှာပါ။ ငါ့သားလေး ဖျားနေတာ နှစ်ရက်သုံးရက်ရှိပြီ။ သွေးလွန်တုပ်ကွေးများ ဖြစ်နေမလား။ တုပ်ကွေးရိုးရိုးနေ မှာပါ။ သူ့ကြည့်ရတာ အေးအေးဆေးဆေးပဲ။ ကလေးဆရာဝန် ပြကြည့် ရမလား။ စောင့်ကြည့်သေး တာပေါ့လေ။
ဒါကြောင့် ပြောကြတာ။ “ဆရာဝန်တစ်ဦး မိမိကိုယ်မိမိ ကုသခြင်းဟာလူနာတစ်ဦးအဖို့ ဖျင်းအတဲ့ ဆေးဆရာ တစ်ဦး ရခြင်း မည်သတဲ့” (A physician who treats himself has a fool for a patient)

(၅)
ဆရာဝန်တွေ နာမကျန်းတဲ့အခါ ဆရာဝန်ကနေ လူနာဖြစ်သွားတဲ့အခါ အတော်နေရခက်ပေါ့။ မခံချိ မခံသာ ဖြစ် ရပေါ့။ မျက်နှာပူရပေါ့။ ဆရာဝန် လူနာ ရောဂါနယ်ပယ်မှာ မိမိက အုပ်စီးသူဘ၀ကနေ တစ်ပြန်အအုပ် စီးခံ ဖြစ် ရပေါ့။ ထိန်းချုပ်သူဘ၀ကနေ အထိန်းချုပ်ခံဘ၀ ရောက်ရပေါ့။ (Role Reversal) တခြားလူတွလိုပဲ ဆရာဝန် ဆရာမတွေ မှာ ဖြစ်စရာရောဂါတွေ တစ်ပုံတစ်ပင်။ ဒီအထဲမှာ အသည်းရောဂါဖြစ်နှုန်း၊ မိမိကိုယ်ကိုယ် သက်သေ တဲ့နှုန်း၊ ပင်ခရိယ ကင်ဆာဖြစ်နှုန်း၊ စိတ်ကျရောဂါဖြစ်နှုန်းတွေက တခြားသူတွေ ထက် ပိုသတဲ့။ ရောဂါသုံးခု (3 Ds Drug, Drink, Depression)(ဆေးစွဲ၊ အရက်စွဲ၊ စိတ်ကျရောဂါ) ကတော့ ဒီအုပ်စုမှာ ပိုလို့ ထင်ရှား စွာ တွေ့ရသတဲ့။

သို့ပေတဲ့ ဆရာဝန်တော်တော်များများဟာ ရောဂါရင့်ကာမှ၊ ဘယ်လိုမှ ဆက်ပြီး အလုပ် မလုပ်နိုင်တော့ မှ ဆေးရုံဆေးခန်း လာပြကြတော့တာ။ ဆေးရုံတက်ဖို့ စတင် စဉ်းစားကြ၊ ပြင်ဆင်ကြတော့တာ။ ဘာကြောင့် နောက်ဆုံး မိနစ်ကျမှ လာပြကြတာတုံး။ သူတို့ဌာန သူတို့ဆေးရုံမှာ ငါမရှိရင် မဖြစ်ချေဘူး။ ငါကယ် မှ ဖြစ်တော့ မကိုးဆိုတဲ့ပုံ။ လိုတာထက်ပိုပြီး တာဝန်သိတတ်လွန်လွန်းတာ (Exaggerated sense of duty) လည်း ပါရဲ့။ မိမိရောဂါ ကို လျှော့လျှော့ပေါ့ပေါ့ သာသာထိုးထိုး တွက်ကြတာလည်းပါရဲ့။
ကိုယ်က ဆရာဝန်လေ။ ဆရာဝန်မှ ဆရာဝန်ကြီးလေ။ ဆရာဝန်တွေ မေ့နေတာက သူတို့ဟာ အမြဲတစေ ဆရာဝန်ဖြစ်နေတာ (Doctors are always doctors) မဟုတ်ဘူးဆိုတာပါပဲ။ သူတို့ဟာ လူတွေ။ သွေးနဲ့ ကိုယ် သားနဲ့ ကိုယ်။ သူလိုကိုယ်လို မောင်ဝဏ္ဏတွေ။ ဆရာဝန်အလုပ်ကို အချိန်ပိုင်း အလုပ်တစ်ခုအဖြစ် လုပ်နေရတဲ့ လူတွေ။ (People working as doctors)။ ဒီအချက်ကို မေ့နေတာ။ တစ်နည်းမေ့ကွက်ကိုရှာ နေတာ။

“မေ့ကြေး”ကတော့ မသေးလှပေဘူးဗျို့။ ကြေးကြီးတယ်။ အသက်နဲ့ထပ်ရ၊ ဘ၀နဲ့ထပ်ရ။ အသက်ကလည်း စပယ်ယာပတ်(စ) ကမပါ။ ဆရာဝန်အချင်းချင်း အမြင်မှာလည်း ဆရာဝန်တစ်ဦးဦး ကိုယ်မကျန်း စိတ်မကျန်း ဖြစ် ခဲ့ရင် ဒီလူက တယ်နုတာကိုး။ တယ်ပျော့တာကိုး။ ကိုယ်တို့တုန်းက ဘယ်လောက်လုပ်ခဲ့ရတာ။ ဒီလောက် လုပ်ရတာလေး ကို လာစာဖွဲ့နေရသလား။ ကိုယ်တို့ နေမကောင်းရက်နဲ့ အလုပ်ဆင်းခဲ့တာပဲ။ ခွင့်မယူပါဘူး။ ဒါကြောင့် အချင်းချင်းအမြင်မှာ ကျန်းမာသူ စွမ်းဆောင်နိုင်သူလို့ ထင်ရလေအောင် ကျန်းမာ ပြနေ ရတာ။ ဆေးကုရင်တောင် လူသိမခံကြတာ။ ဆရာဝန်ကြီးတစ်ဦးဆိုရင် မိမိကိုယ်နှိုက်က ကင်ဆာရောဂါ ခံစားနေ ရချိန်။ ဌာနအကြီးအကဲတစ်ဦးရဲ့ သမီး မီးဖွားလာတာ ၀င်ပြီးခွဲစိတ်ကုသပေးလိုက် သေး။ ခွဲစိတ်မှုက ရိုးရိုး ရှင်းရှင်း လုပ်နေကျခွဲစိတ်မှု။ သူ ၀င်ပါစရာမလို။
ဆရာဝန် အများစု ဟာ နေမကောင်းခဲ့ရင် ဆရာဝန်တစ်ဦးဦးဆီမှာ လူနာအဖြစ် စနစ်တကျ သွားရောက်ပြသ တာမလုပ် ဘဲ လမ်းမှာကြုံတုန်းလေး ဘာဆေးသောက်ရင် ကောင်းမလဲမေးကြတာ။ Corridor consultation လို့ခေါ်သတဲ့။ ဆီးချိုရောဂါဖြစ်နေတဲ့ ဆရာဝန်မကြီးတစ်ဦးဆိုရင် ကျွန်တော့်ကို တစ်လ တစ်ကြိမ် ရောဂါ အကြောင်း၊ ဆေးအကြောင်း မေးမြန်းနေကျ။ တစ်လတစ်ကြိမ်လုပ်တဲ့ကျောင်းက ဌာနမှူး အစည်းအဝေး မှာဆုံရင် မေးတာ။ မဆုံရင် မမေးဘူး။ ရောဂါကုရာမှာ ဒီလောက် အားထည့်တာ။

မိမိကိုယ်မိမိ ကုသခြင်းဟာ၊ ကြုံတုန်း သွားရင်းဟန်လွှဲ ဆေးကုသခြင်းဟာ ဆရာဝန်တွေကို အဆင့်မြင့် ဆေးကုသမှု နဲ့ ကင်းဝေးစေခြင်းတဲ့။ တစ်နည်း ကွာလတီကဲ (Quality care) မှ ငြင်းပယ်ခံရခြင်းတဲ့။ ဒါဟာ ဆေးလောက ရဲ့ ရှေ့နောက်မညီ ကမောက်ကမ ဖြစ်စဉ်တစ်ခုပဲတဲ့။ လူနာတွေကို အဆင့်ီ ဆေးကုမှုရစေဖို့ တိုက်တိုက်တွန်းတွန်းလုပ်နေတ့ ဆရာဝန်ခမျာ သူ့အလှည့်ကျကာမှ အဆင့်နိမ့် အဆင့်လျှော့ လမ်းပေါ် က ကုသမှု ခံယူနေရတာ သနားစရာ။
ဒါတွေကို ဘယ်လိုလုပ်ကြမတုံး။ ဘယ်လိုပြုပြင်ကြမတုံး။ ဖျားနေတဲ့ နာနေတဲ့ ဆရာဝန်တွေရဲ့ ကျန်းမာရေး ကို ဘယ်လိုစောင့်ရှောက် ကြမတုံး။ အထူးသဖြင့် စိတ်ဓာတ်ကျဆင်း ထိခိုက်ဒဏ်အနာတရ ရနေတဲ့။ မနိုင် ၀န်ထမ်းနေရ လို့ စိတ်တိုစိတ်ပျက် စိတ်ကုန် (Burnout) နေတဲ့ ဆရာဝန်တွေကို ဘယ်လို ကိုင်တွယ်ဖေးမကြမတုံး။ 

“နာမကျန်းသည် အိုနှင်းဆီ”တွေ

နိုင်ငံကြီးတချို့မှာ ဆရာဝန်တွေရဲ့ ကိုယ်စိတ်ကျန်းမာရေးကို အလေးဂရုပြုပြီး စဉ်းစားဆောင်ရွက်နေကြ တာ တွေ့ရ။ အထူး သဖြင့် သြစတေးလျ။ ဆရာဝန်တွေရဲ့ ကျန်းမာရေးပြဿနာတွေက ဆရာဝန်တွေ ရဲ့ ဆေးကု သတဲ့လုပ်ငန်းမှာ၊ လူနာနဲ့ ပတ်သက်ပြီး စဉ်းစားဆုံးဖြတ်ရာမှာ ဘယ်လောက်ထိ ထိခိုက်စေသလဲ။ ဆရာဝန်တွေ နာမကျန်းရင် ဘယ်လိုတုံ့ပြန်ပြုမူကြသလဲ။ (Health seeking behaviour of doctors)။ ဒါတွေကို စေ့ငုသုတေသနလုပ်နေကြတာ။
ဒီပြဿနတွေကို ဘယ်လိုဖြေရှင်းကြမလဲ။ အရက်၊ ဆေးစွဲနေတဲ့ ဆရာဝန်တွေ၊ စိတ်ကျရောဂါ ခံစားနေရတဲ့ ဆရာဝန်တွေ (Impaired doctors)ကို ဘယ်လို ပြန်လည်ပျိုးထောင်ကြမလဲ။ လဲနေသူတွေကို ဘယ်လို ထူမကြမလဲ။ စိတ်ဓာတ်ရေးရာ၊ ခန္ဓာကိုယ်ရေးရာ၊ ၀ိညာဉ်ရေးရာ။ လိုအပ်ရင် သက်ဆိုင်ရာပါရဂူတွေဆီ ဆက်လွှဲ ရဦးမှာ။ အထူးသဖြင့် စိတအထူးကုဆရာဝန်နဲ့ ပြဖို့လိုမလား။ လူသူမသိဘဲ၊ အုတ်အော်သောင်း တင်းမဖြစ်ဘဲ ပြလို့ရတဲ့စနစ် ရှိသလား။ အဲဒီစနစ် ဘယ်လိုထူထောင်ရမလဲ။

ကျွန်တော်တောင် တစ်ခါတလေ စိတ်ကျဉ်းကျပ်လွန်းလာရင် စိတ်အထူးကု ဆရာဝန် နဲ့ ပြသတိုင်ပင် ဆွေးနွေးကြည့် ရင် ကောင်း မလား တွေး မိသေး။ တော် ကြာ ဒေါက်တာအောင်ကြီး ဂေါက်နေပြီဟေ့ လို့ တစ်နေရာရာက ပေါက်ကြားခဲ့ရင် ငါတော့ မဖြစ်ချေဘူးရယ် လို့ တွေးမိပြီး ကိုယ်ရှိန် သတ်လိုက်ရ။ ဒါမျိုးက လက်တို့ပြောချင်တဲ့ ဇော်လန်တီယာတွေ တစ်ပုံတစ်ပင်။
စိတ်ပန်း လက်ပန်းကျနေတဲ့၊ စိတ်အစာမကြေတဲ့၊ စိတ်ခြောက်ကပ်နေတဲ့ ဆရာဝန်တွေ စိတ်ဖိစီးမှုကို လိမ္မာစွာ ကိုင်တွယ် တတ်အောင်၊ ဖိစီးမှုနဲ့ နေသားတကျ နေတတ်အောင် ဘယ်လိုသင်တန်းတွေ ပေးရမလဲ။ ဂေါက် ခါနီး ဆရာဝန်အချင်းချင်း Networking တွေလုပ်။ Social/Moral Support တွေပေး။ စီမံခန့်ခွဲတတ်ရေး သင်တန်းတွေ၊ အလုပ်ရုံ လေ့ကျင့်ခန်းတွေနဲ့ ဆရာဝန်တွေကို အားသစ်စေ။

အသက်မှန်မှန်ရှူတတ်အောင် သင်ပေးခြင်းဖြင့် ဖိစီးမှုကို ပြေလျော့စေ။ သူတို့ဆီမှာ Doctors' Doctor ပရိုဂရမ်တွေ။ "DOCS-4-DOCS" ပရိုဂရမ်တွေ ရှိသလေ။ အချိန်မရွေး မိမိရင်ထဲက ဝေဒနာကို စိတ်ချလက်ချ စိတ်ရှိလက်ရှိ ဖွင့်ချအန်ထုတ် လို့ရတဲ့ Line ပေ။ ကျွန်တော်တို့ဆီမှာကော။ ဘယ်တော့ ...
ကျွန်တော် ဥာဏ်မီ သလောက်လေး ထပ်ပြောပါရစေဦး။ ဆရာဝန်တွေဟာ လူသာမန်တွေလိုပဲ ရောဂါစွဲကပ် နိုင်၊ နာတာရှည်ရောဂါဖြစ်နိုင်၊ သေနိုင်တယ်ဆိုတာ မပြတ်နှလုံးသွင်းဖို့။ “သမားတော် ... မိမိကိုယ်ကိုယ် အရင်ကုပါဦး” ဆိုတာ အလွဲမကောက်ဖို့။ တကယ်က မိမိရောဂါကို တခြားသူ ကုခိုင်းရမှာ။ မိမိကိုယ်ကိုယ် “ဆရာဝန်မလုပ်”မိဖို့။ ဆေးသမား သားသေရတာက ကိုယ့်သား ကိုယ်ပြန်ကုမိလို့။ အမျိုးထဲ ဆရာဝန်ရှိနေရင် မိမိတို့ကို ဆေးကုသပေးဖို့ထက် Guide သဖွယ် အကြံပေးလမ်းညွှန်သူအဖြစ်သာ အသုံးချဖို့။ “နာလေသရောတည်း” မဖြစ်မီကတည်းက လိုအပ်တဲ့ ဆေးစစ်မှုတွေ၊ ကြိုတင်ကာကွယ်မှုတွေ လုပ်ကြဖို့။
“ဆရာဝန်တွေ လူနာဖြစ်တော့ ရယ်တာပေါ့။ ရယ်တာပေါ့” မဖြစ်ရလေအောင် ကျွန်တော်တို့ ဆရာဝန်တစ်သင်း အနာညှဉ်း ခံရသော် လူနာကောင်း လူနာမွန်ပီသစွာ ကျင့်ကြံပြုမူ စိတ်ထားတတ်ကြစေကြောင်း ...

စစ်တုရင်လူ

(၁)
ကျွန်တော်တို့ ဆေးကျောင်းသားဘ၀ ၀ါသနာဘာဂီ ဆက်တိုင်းမီကြရာမှာ သူငယ်ချင်းဘီရော်က တစ်ဘာသာ။ သူ့ဝါသနာ က စစ်တုရင်ထိုးခြင်း။ စစ်တုရင်ပွဲတွေ သဲသဲမဲမဲ လိုက်ကြည့်၊ လိုက်လေ့လာ၊ လိုက်ပြိုင်၊ စစ်တုရင် စာအုပ်တွေ ရသရွေ့စုဆောင်း။ ၀ါသနာက တစ်စထက်တစ်စ ကြီးထွားဖွံ့ဖြိုးလာလိုက် တာ နောက်ဆုံးကျတော့ မန္တလေးတိုင်း လက်ရွေးစင်အဆင့်ရောက်တယ်။ ပြိုင်ပွဲတွေမှာ ဆုတွေရ။ သူက ကျွန်တော့်ကို စစ်တုရင်ထိုးဖို့ သွေးဆောင်တယ်။ ကျွန်တော်သူ့ဆီ တပည့်ခံရသပေါ့။ ကျောင်းစာမှာ ကျွန်တော်က သူ့ဆရာ။ သူ့ရဲ့တပည့်အဖြစ် ရက်အနည်းငယ်အကြာမှာ ကျွန်တော် ဆုံးဖြတ်လိုက်တယ်။ "Chess မထိုးတော့ ဘူး။ ဘေးက ပွဲကြည့်ပရိသတ်ပဲ လုပ်တော့မယ်။ ကျွန်တ်ေက ရွှ့ရမယ့်အကွက်တွေကို အကြာကြီး စိမ်ပီး စဉ်းစားခန်း ၀င်မနေချင်ဘူး။ ဘီရော်က “ခင်ဗျားလက်စလက်န ရှိပါတယ်ဗျ” လို့ ဘယ်လို ပင် ပြောသော်လည်း ကိုယ့်ကိုယ်ကိုယ် ဒီဘက်မှာ မဖြစ်ထွန်းဘူးဆိုတာ သိနေမင့်ဟာ။ ဒါကလည်း စစ်တု ရင်လောက ကို စောစီးစွာ စွန့်ခွာခဲ့ရတဲ့ အကြောင်းတွေထဲက တစ်ကြောင်းပေါ့။ ကျွန်တော်က ကိုယ်မဖြစ် ထွန်းမယ့်နေရာ၊ ဧရိယာကို ကြိုသိတယ်။ အဲသလို နေရာတွေမှာ အချိန်ကုန်မခံချင်ဘူး။ ဒါနဲ့ သူနဲ့ကျွန်တော် “ကတ္တီပါလမ်းခွဲ”ကနေ တစ်ယောက်တစ်လမ်းစီ။

တစ်ခါတော့ စာအုပ်ပြပွဲတစ်ခု သွားကြည့်ရာမှာ ”How to beat Bobby Fischer" ဆိုတဲ့ စာအုပ်တစ်အုပ် သွားတွေ့ တယ်။ ဘော်ဘီဖစ်ရှားကို ဘယ်လို အနိုင်ယူမလဲဆိုတဲ့ စာအုပ်ပါ။ အဲဒီခေတ်က ဘော်ဘီဖစ်ရှားက ကမ္ဘာ့ စစ်တုရင် လောကကို စိုးမိုးချောက်ချားနေချိန်။ စာအုပ်ပြပွဲ ဒုတိယနေ့မှာ အဲဒီ စာအုပ်က သူ့ထားနေကျစင် မှာ မတွေ့မိတော့ဘူး။ နောက်တစ်နေ့ကျောင်းမှာ ဘီရော်နဲ့ ဆုံမိတော့ အဲဒီ စာအုပ် ပျောက်သွားပုံ စကားစပ်ရင်း အရပ် ရှည်ရှည် မျက်မှန်နဲ့ ကုလားလိုလို လူတစ်ဦး (ခိုး)ယူသွားတယ် သတင်းရကြောင်း၊ ရဲက လိုက်လံ စုံစမ်းနေကြောင်း ခပ်တည်တည် ပြောလိုက်တယ်။ အဲဒီလူ ပုံပန်းဖော်ပြရာမှာ သူနဲ့တူနေကြောင်း ထပ်ရွှီး လိုက်တယ်။

ဘာပြောကောင်း မလဲ။ ဘသားချော မျက်နှာအပျက်ပျက် တုန်တုန်ယင်ယင် ဖြစ်သွားခဲ့။ အဲဒီစာအုပ် သူသဘောကျ လွန်လွန်းလို့ “တို” လာမိကြောင်း ချက်ချင်းဖြောင့်ချက်ပေးတယ်။ ရိုက်တောင် မစစ်ရသေးဘူး။ မင်း ဘယ်လို သုတ်လာတာတုံးမေးတော့ တိုက်ပုံအင်္ကျီ အတွင်းအိတ်ထဲ ထည့်ယူလာတဲ့ အကြောင်း ဇာတ်စုံခင်း တယ်။
အဲဒီကျကာမှ -
“ငါ ရမ်းတုတ်လိုက်တာကွ။ မင်းကို တန်းထိတာပဲ”
ပြောလိုက်တော့ ဒီကောင် ကျွန်တော့်ကို ဆဲပါတယ်။ မျက်နှာက ခုမှ စိတ်သက်သာရာရသွားပုံ ပြုံးဖြီးဖြီး။ စစ်တုရင် ခရေဇီဖြစ်လိုက်တာ ရဲ နဲ့ လက်ထိတ်တောင် မမြင်နိုင်တော့လောက်တဲ့ သာဓကပေပ။

(၂)
ကျွန်တော် အလုပ်သင်ဆရာဝန်ဘ၀ရော်တော့ စစ်တုရင်ရူးတွေနဲ့ မလွတ်ပြန်ဘူး။ ဒီတစ်ခါက မေ့ဆေးဆရာ ၀န်ကြီးတွေ။ မေ့ဆေးပေးပြီး အားလို့နားနားနေနေ အချိန်လေးတွေကိုလုပြီး စစ်တုရင်ပွဲ နွှဲကြတာ။ တစ်ခါက မေ့ဆေးဆရာဝန်ကြီး တစ်ဦးနဲ့ သူ့တပည့် မေ့ဆေးဆရာဝန်ငယ်တစ်ဦး စစ်တုရင်ထိုးကြတာ ဘေးက ပွဲကြည့်ပရိသတ် က ကျွန်တော် တစ်ဦးတည်း။ ကျွန်တော် ထိုင်ကြည့်နေမိတာက ဘာရယ်မဟုတ်ဘူး။ အားနေတာ တစ်ကြောင်း၊ မေ့ဆေးဆရာဝန်ကြီးတွေနဲ့ ရင်းနှီးခင်မင် မျက်နှာလုပ်ချင်တာက တစ်ကြောင်း ကြောင့် ပါ။ သူတို့နဲ့ ခင်မင်ပအပေးအယူမျှကာမှ ခွဲစိတ်ခန်းမှာ ပံ့သကူကြုံရတ့ အသေးစား ခွဲစိတ် မှုလေးတွေ ကို ကျွန်တော် တို့ ဆရာဝန်လက်သင်ပေါက်စနတွေ လုပ်ခွင့်ရတာ။ ရုံထဲက ခွဲစိတ် ဆရာဝန်ကြီးတွေ ရဲ့ မင်းလုပ်လိုက်ဆိုတဲ့ သဘောတူခွင့်ပြုချက်ထက် အနှီမေ့ဆေးဆရာဝန်ကြီးတွေရဲ့ မီးစိမ်းပြမှုက ပိုလို့ အရေး ပါသဗျ။ ခွဲစိတ်ခန်း က သူတို့နယ်မြေ (Domain) လေ။

စစ်တုရင် ကစား ရင် ဆရာဝန်ကြီးက တစ်ကွက်ရွှေ့လိုက်တယ်။ တော်တော် လှတဲ့အကွက် ထင်ပါရဲ့။ ကျွန်တော် က ၀တ္တရားကျေ ကြည့်နေတာ ဆိုတော့ ဘယ်လို လှမှန်းမသိလိုက်ပါဘူး။ ဆရာဝန်ငယ်ချော အတော် အကျပ် အတည်း တွေ့သွားပုံ ရတယ်။ တွေသွားတယ်။ ဒါကို ဆရာဝန်ကြီးက ၀မ်းသာကျေနပ် ပြုံးကြီးန့ ကျွန်တော့် ကို လှမ်းကြည့်တယ်။ “မင့်ဆရာ ခံနေရပြီပေါ့” ဆိုတဲ့အပြုံး။ ကျွန်တော် ဆိုတဲ့ကောင် ကလည်း ဘာရ မလဲ။ ရောယောင်ချော်လဲ ပြုံးပြလိုက်မိ။ ဒါကို ဆတ်ခနဲ ခေါင်းထောင်ကြည့်လိုက်တ့ ဆရာဝန်ငယ် က မြင်သွားပုံရတယ်။
“ဒီမှာ ဘာမှ ပြုံးပြမနေနဲ့။ အဲဒီ အောင်ကြီး ဆိုတဲ့ကောင်က Chess အကြောင်း ဘာမှသိတာ မဟုတ်ဘူး”
လို့ သူ့ဆရာ ကို ပက်လိုက်တယ်။
“တော်ပြီ ... ဆက်မကစားတော့ဘူး”
လို့ပြောပြီး ဘောက်ဆက်ဆက် ထထွက်သွားတယ်။ စိတ်ကောက်သွားတာ။ ဆရာကြီး ခမျာ မနေသာ။ တပည့်နောက် အပြေးကလေး လိုက်သွားပြီး ချော့နေတာကို ကျွန်တော်က ထိုင်မြဲနေရာကပဲ ထိုင်ကြည့် နေလိုက် ပါတော့တယ်။

(၃)
ကျွန်တော် ဖျားနာရုံ(၃)မှာ ပထမလက်ထောက်ဆရာဝန်ဘ၀ ရောက်တော့လည်း ဒီစစ်တုရင်ရူးတွေနဲ့ မလွတ် မကင်းဖြစ် ရပြန်။ ဒီတစ်ခါရူးတာက ကိုယ့်ဆရာကြီး။ ဆရာကြီးဦးထွန်းသင်။ ဆရာကြီးက အဲဒီတုန်း က ဆေးတက္ကသိုလ် ပါမောက္ခချုပ် ဖြစ်နေပါပြီ။ သို့ပေတဲ့ သမားတော်ကြီးဘ၀ကို ခုံမင်တုန်း။ အားတဲ့ အချိန် ဆေးရုံ လာ။ ဖျားနာရုံ (၃)၀င်နား။ ဆေးလိပ်သောက်၊ ဟိုပြောဒီပြော တော အကြောင်း တောင်အကြောင်း။

တစ်ခါတုန်းက ဆရာကြီး ရောက်လာချိန် ကျွန်တော်တို့တစ်တွေ အလုပ်များနေတော့ ဆရာနဲ့ထိုင်ပြီး အလာပသလ္လာပ မပြောနိုင်။ ဒီအချိန်မှာ ရုံထဲ အလုပ်သင်ဆရာဝန်မ ချောချောလေးကို လာလာရစ်နေတဲ့ တခြားရုံ က အလုပ်သင် ဆရာဝန်လေး ရောက်လာ။ ဒါနဲ့ -
“မင်း စစ်တုရင် ထိုးတတ်လား။ ထိုးတတ်ရင် ဆရာကြီးနဲ့ အပျင်းပြေထိုင်ထိုးပေးပါလား”
ပြောပြီး ဆရာကြီးကို အလုပ်သင်ဆရာဝန်လေးလက်ထဲဝကွက်အပ်လိုက်ပါတယ်။ ကျွန်တော်တို့တစ်တွေက အလုပ်တွေ ဆက်လုပ်နေ။ ၅ မိနစ်လောက်ကြာတော့ အခြေအနေ အကဲခတ်ရအောင် ဆရာကြီးနားနေတဲ့ အခန်း ၀င် လိုက်တော့ ဆရာကြီး က မျက်နှာစူပုပ်ပုပ်နဲ့။ စစ်တုရင်ခုံ နဲ့ အရုပ်တွေကို သူ့နေရာမှာ ထားလိုက်ပြီး ဘောက်ဆက်ဆက် ထွက်သွားတာ မြင်လိုက်ရတယ်။ ဟောဗျာ ... ဘယ်လိုဖြစ်တာပါလိမ့်။

အလုပ်သင်ဆရာဝန်လေး ကို အကျိုးအကြောင်း မေးကြည့်တော့ -
“ဆရာက ထိုးဆိုလို့ ထိုး လိုက်တာပဲ၊ သူ့လက်လည်းမသိတော့ ထိုးချလိုက်တာ ၅ နိနစ်နဲ့ပွဲပြတ်သွားတာ”တဲ့။
ဒီကောင် က အတော်လက်ကောင်းတဲ့ပုံ။ ပွဲစလို့မှ မကြာမတင် ပွဲကပြီးနေပြီ။ ရှုံးလို့ စိတ်ကောက်ပြီး ဆရာကြီး ထထွက် သွားတာ။
“မင်းကလည်းကွာ ... စောင့်စောင့်ပြီး ခပ်ချော့ချော့လေး ခေါ်ကစားမှပေါ့”
လို့ ကျွန်တော် ဘယ်လိုပြောသော်ငြား ပွဲကပြီးနေပြီ။ ဆရာကြီးက ထွက်သွားပြီ။
ဆရာကြီး နဲ့ စစ်တုရင် ထိုးဖက်တွေထဲမှာ နီလာချစ် ဆိုတဲ့ ဆရာဝန်လေး ကို ဆရာကြီး ချစ်ဟန်တူတယ်။ ခြင် ကိုက်လွန်း လို့ အပြင်မှာ စစ်တုရင်ထိုးမဖြစ်ရင် ခြင်ထောင်ထဲ ၀င် ဖယောင်းတိုင်ထွန်းပြီး စစ်တုရင်ထိုးကြတဲ့ ဆရာတပည့် ကို မြင်ယောင်မိသေး။

နီလာချစ် က ဆရာကြီးအထာကို ကောင်းကောင်းသိတယ်။ တစ်ခါတလေ အလျှော့ပေးလိုက်၊ တစ်ခါတစ်ရံ ပြိုင်ပြေး လိုက်၊ တစ်ခါတလေ နှိပ်ကွပ်လိုက်နဲ့ ခေါ်ခေါ်ကစားတတ်တာ။ ပွဲပြီးခါနီး အကြိတ်အနယ်ဖြစ်အောင် ကစားကွက် ဆင်ပြီးကာ မှ ကပ်အရှုံးပေးလိုက်တာ။ “ဟာ ... ဆရာကြီးရယ်၊ ဒီအကွက်လေး ကျွန်တော် မမြင်လိုက်ဘူး ဗျာ” ဘာညာသာရကာပေါ့။ စုပ်တသပ်သပ်နဲ့ပေါ့။ ဆရာကြီးကတော့ မြိန့်မြိန့်ကြီးပြုံးလို့။ ဆရာကြီး ပါဆိုမှ။ မင်း နောက်ထပ် ဆယ်နှစ်ဆယ်မိုး သင်ယူလေ့ကျင့်ဦးပေါ့ တပည့်ကြီးရာဆိုတဲ့ အချိုးနဲ့။ ဆရာကြီးနဲ့ စစ်တုရင် ကစားရင် ဒီလိုကစားရတာ။ ဒီလို သေနင်္ဂဗျူဟာ နည်းဗျူဟာ ဆင်ရတာ။ နီလာချစ်က ဗျူဟာကျွမ်း သူ။ ဟို အလုပ်သင် ဆရာဝန် ငပေါကတော့ ...

(၄)
စစ်တုရင်ပုံပြင် က စုံမှစုံ။ ဆရာကြီးတစ်ဦးဆိုရင် စစ်တုရင်ကစားရင်း စိတ်ပါလာပြီဆိုမှဖြင့် တိုက်ပုံအင်္ကျီ ကြီး ထချွတ်၊ ကုလားထိုင်ပေါ် ဆောင့်ကြောင့်ထိုင်ချလိုက်ပြီးသကာလ သဲသဲမဲမဲ ကစားတော့တာ။ တစ်ဖက် ပြိုင် ဘက်ပေါ် အနိုင်မရမချင်း ကစားပွဲက မထတော့ဘူး။ Best of Three ကနေ Best of five, Best of seven ... တိုးတိုးသွား လိုက်တာ။
ကျွန်တော့်တပည့်တစ်ဦး ကတော့ စစ်တုရင်ခုံရှေ့ တစ်ယောက်တည်း ထိုင်ပြီး အနုလုံပဋိလုံ သုံးသပ်နေတော့ တာ။ အော်မကြား၊ ခေါ်မကြား။ ဟိုဘက်ဒီဘက် တစ်ယောက်တည်း ရွှေ့လိုက်။ ကျေနပ်ပြုံး ပြုံးလိုက်။ စိတ်ပျက် အားလျှော့လိုက်။ တစ်ယောက်တည်းပဲ။ ဒါပေမဲ့ ခြင်္သေ့တော့ ဟုတ်ဟန် မတူဘူး။ သူ့ကြည့်လိုက်ရင် တစ်ခုခု စဉ်းစားနေ သလိုလို။ တစ်စုံတစ်ခု ကို ရွံ့နေသလိုလို။ နောက်ဆုံးတော့ စိတ်အထူးကု ဆရာဝန်နဲ့ပြသပြီး ကုသမှု ခံယူလိုက်ရသတဲ့။ စစ်တုရင်ရူး ရောဂါပျောက်လေ၊ မပျောက်လေတော့ ကျွန်တော် မသိလေ။

သူငယ်ချင်းဆရာဝန်တစ်ဦးက သူကိုယ်တိုင်က စစ်တုရင်ဝါသနာမပါ။ သားက စစ်တုရင်ရူး။ သား က ဆေးကျောင်း သား။ ကျောင်းစာ ဘက် အားမစိုက်တော့ စာမေးပွဲတွေ တဖုန်းဖုန်းကျ။ သူငယ်ချင်း ကို မိတ်ဆွေကောင်း ပီသစွာ သူ့သားအကြောင်း ပြောပြ သတိပေးရတာ။
ဒီအခါ မှာ ဖခင်ဖြစ်သူက သူ့သား ညံ့တယ်ပြောရပါ့မလားလို့ စိတ်ဆိုးပြီး -
“မင်း တို့တွေ ငါ့သား နဲ့ စစ်တုရင်ပြိုင်ထိုးရဲ့လား”
လို့ စိန်ခေါ်ပါတော့တယ်။ စစ်တုရင်ကွက်ပေါ် က အရုပ်တွေကို စနစ်တကျ စစ်ဆင် စစ်တက်လုပ်တတ်တဲ့ သူ့သား ဟာ ခေသူမဟုတ်လို့ ပြောချင်တာပလေ။

မွေးရာပါ ဥာဏ်အမျိုးမျိုးရှိကြောင်း။ တချို့သောဥာဏ်က တချို့သော ဥာဏ်နဲ့ နှီးနွယ်ဆက်စပ်မှုရှိသော်လည်း တစ်နေရာမှာ နယ်ပယ်တစ်ခုမှာ ကျွမ်းကျင်လိမ္မာကာမျှနဲ့ အခြားနေရာနဲ့ နယ်ပယ်တစ်ခုမှာ လိမ္မာတတ်ပွန်မယ် အတပ်ပြော ၍ မရကြောင်း။ Howard Gardner က ဒါကို Multiple Intelligences (ကိုရင်တာက “ဥာဏ်များခြင်း”တဲ့) လို့ ခေါ်ကြောင်း၊ ကျွန်တော့်ကတော့ ဥာဏ်အပြားပြား ရှိခြင်းလို့ အဓိပ္ပာယ်ရတဲ့ ဥာဏ်ပြားခြင်း လို့ ၀ိဂြိုလ်ပြုလိုကြောင်း စသည် စသည်တို့ကို ကျွန်တော့် သူငယ်ချင်း အပိန်းစားကြီး မသိလေ။
အလားတူဖြစ်ရပ်မျိုး ကြုံဖူးတယ်။ တစ်ခါက ဆေးကျောင်းကပွဲတစ်ခုမှာ ကျောင်းသား၊ ကျောင်းသူ အငြိမ့်ခွင် တစ်ခုပါတယ်။ လူပြက်လုပ်တ့ ကျောင်းသားတစ်ဦးက အင်မတန် အာဝဇ္ဇန်းကောင်း၊ တင်္ခဏုပ္ပတ္တိ ဥာဏ်ကောင်း။ ကျရာ လိုက်ပြီး ပြက်လုံးကောက်ထုတ်သွားတာ လာကြည့်သူတွေထဲမှာပါတဲ့ ဆေးပညာ ပါမောက္ခကြီးတစ်ဦးက ဒီကျောင်းသား ကို မှတ်မှတ်ရရ သတိပြုမိသွားတယ်။ ဒီကျောင်းသားက တကယ်က သူ့ရုံမှာ လက်တွေ့ဆင်းနေ ရတာ။ ဒီကျောင်းသားကို ပါမောက္ခကြီးက ခေါ်တွေ့စကားပြော။ သူ့ပညာရည် မှတ်တမ်းတွေ တောင်း ကြည့်တော့ ပါမောက္ခကြီး ပက်လက်လှဲမလိုဖြစ်ရ။ သူထင်ထားတာက ဒီကလေး ဒီလောက်ဥာဏ်ကောင်း တာ ကျောင်းစာမှာ လည်း တော်မယ်ထင်ထားတာကိုး။ ခုတော့ မှန်းချက်နဲ့ နှမ်းထွက် တခြားစီ။ ဆရာမကြီးခမျာ စုပ်သပ်လို မ့ပြီးတော့။

“မင်းနှယ်ကွယ် ... ဒီလောက် ဥာဏ်ကောင်းရက်နဲ့ ကျောင်းစာကျမှ ဘာကြောင့် လာညံ့နေရသတုံး”။
သင်တဲ့ ဆရာတွေ ပဲ တာဝန်မကျေသလိုလို။ ဆရာမကြီးက စကားစပ်မိတိုင်း ဒီကျောင်းသားအကြောင်း ထည့်ထည့်ပြောလေ့ ရှိတယ်။ တကယ်က ဥာဏ်ပြားခြင်း (MI)ကို သတိမမူမိလို့ ဒီလိုဖြစ်ရတာ။ ဒီလိုအဖြစ် မျိုးရှိ တယ်ပေါ့။
အနုပညာရှင် အဖြစ် အသက်မွေးနေတဲ့ ဆရာဝန်အမည်ခံတစ်ဦးက သူတို့သာ ကျောင်းစာတွေမှာ စိုက်လိုက် မတ်တတ် စူးစိုက် ခဲ့ရင် အထူးကုဆရာဝန်ကြီးတွေ၊ ပါမောက္ခကြီးတွေ ဖြစ်မှာပဲလို့ ရင်ဖွင့်ဖူးတယ်။ တို့မလုပ် ချင်လို့ မင်းတို့တစ်တွေ နေရာရနေတာပါကွာလို့များ ဆိုလေသလား။

ကျောင်းစာ ကို “စိုက်လိုက်မတ်တတ်” လေ့လာလိုက်စားတာကိုက ပါရမီတစ်မျိုး။ မွေးရာပါဥာဏ် (ညာဉ်)တစ်မျိုး လို့ ကျွန်တော် ရိုးရိုးလေးမြင်မိတယ်။ ကျွန်တော်တို့ကလည်း ငါတို့သာ ဂီတအနုပညာလိုက်စားခဲ့ရင် မင်းတို့ တစ်တွေ ထမင်းငတ် ကုန်မှာပေါ့လို့ ကလေး လို ပြန်ရန်တွေ့ရမလား။
အဲသလို မပြောရဲပေါင်ဗျာ။ ကျွန်တော်တို့က ပါရမီနဲ့သူတွေ ဆိုကိုး။ ဘယ်နေရာမှ မစွမ်းလို့ စာကျက်ပြီး ဆရာ ဖြစ်ရတယ် ဆိုကိုး။

(၅)
စစ်တုရင်ခုံပေါ်က နယ်ရုပ်လေးတွေ၊ မြင်းရုပ်၊ ရထားရုပ်လေးတွေကို ရွှေ့ဖို့ စဉ်းစားနေတဲ့၊ ရွှေ့နေကြတဲ့ ကျွန်တော် တို့ဟာ စိုးမိုးသူတွေပေါ့။ ရွှေ့နေသူတွေပေါ့။ ကျွန်တော်တို့ကိုယ်တိုင်ကော တစ်ခါတစ်ရံ နယ်ရုပ် လေးတွေ၊ မြင်းရုပ်၊ ရထားရုပ်လေးတွေ ဖြစ်မသွားပေဘူးလား။ တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ အရွှေ့ခံ။ တစ်ခါတစ်ရံ ကျွန်တော်တို့ဟာ ရွှေ့သူ။
ကျွန်တော် တို့ကို ရွှေ့နေတာ ဘယ်သူလဲ။ မမြင်ရတဲ့လက်ဟာ ဘယ်သူ့လက်လဲ။ လက်ပိုင်ရှင်ကို မြင်လိုက် ရတော့ ရင်ထဲ အလင်းစီးကြောင်းတစ်ခု ဖောက်ထွင်းဖြတ်ဝင်သွား။ အရုပ်တွေ အစုံအလင်နဲ့ စစ်တုရင်ခုံကြီး ဟာ မျက်စိရှေ့မှာ ပဲ ထင်းထင်းကြီး ပျောက်ကွယ်သွားခဲ့။ စစ်တုရင် ကစားသူကိုယ်နှိုက်ကလည်း အရိပ်လိုလို အယောင် လိုလို။ စစ်တုရင်ကစားခြင်းအမှုပဲ မြင်သာ ထင်သာစွာကျန်ခဲ့ပြီ။

ပိတောက်ပွင့်သစ်၊ အောက်တိုဘာလ၊ ၂၀၀၉
.

1 comment:

Thu said...

History Prof. Dr.Than Tun is also a chess crazy.
He ordered his fellows that to drop his luggage and left him alone to fight Myanmar chess with a Thagyi (headman) during Mandalay Univ. research field to a village.
After he won, all students went home peacefully.
Thagyi was like as Dr.Nilar Chit, a clever headman.