Tuesday, November 6, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၁၇)

ဆလိုကမ်
ဖို့ဒ်ဘရက်
(၁၄-ရက်မြောက်နေ့)


တယ်လီဖုန်းမြည်လာတော့ ကျုပ် က ရေးချိုးခန်းထဲမှာ။ ဖြစ်လိုက်ရင် သည်အတိုင်းချည်းပဲ။ ဒါကြောင့် လိုင်းခွဲတွေ အများကြီး ဆွဲထားပြီး ရေချိုးခန်း မှာလည်း တစ်လုံးတပ်ထားတယ်။ မနေ့က စ ပြီးတစ်မျိုးဖြစ် သွား တာ။
အရေးကြီး တဲ့ အချိန်ဖြစ်လို့ သေတ္တာအမည်းကလေးတစ်လုံး နဲ့ လာလဲပေးသွားတယ်။ လိုင်းခွဲ ဆွဲလို့မရ။ ခလုတ်ကလေး ကို နှိပ်လိုက်ရင် ပြောနေသူ နှစ်ယောက်ကလွဲပြီး ဘယ်သူမှ ဖြတ်နား ထောင်လို့မရတော့ဘူး၊ မျက်နှာသုတ်ပ၀ါ ကောက်ပတ်ပြီး စာကြည့်ခန်းဆီသို့ ပြေးထွက်ခဲ့တယ်။
ကွမ်လိုစီ ရဲ့ဖုန်း၊ ကျုပ်ဒေါကန်ကန်နဲ့...
"ကျုပ်ရေချိုးခန်းထဲက ခုန်ထွက်လာရတာဗျ"
"ဆောရီးပွဲ...ဆိုက်လက်စ်၊ ခင်ဗျား ခလုတ်နှိပ်ထားပြီလား"
"အင်း...နှိပ်ထားပြီးပြီ"
"ဟုတ်ပြီ... ဆုံးဖြတ်ချက် ကျသွားပြီ၊ အဆိပ်ခတ်တဲ့ကိစ္စ မအောင်မြင်ရင် ကယ်ဆယ်ရေးတပ်ဖွဲ့ အမြန်ဆုံးသွား မယ်၊ ခင်ဗျား နဲ့ ခင်ဗျားအဖွဲ့ ကို ရွေးလိုက်ပြီးပြီ"
ရင်ထဲက အလုံးကြီး ကျသွားတယ်။ တစ်ပြိုင်တည်းတွင် စိုးရိမ်စိတ်တွေလဲ အလိပ်လိုက်တက်လာ တယ်။

"ဘယ်တော့ သိရမလဲ"
"လေးဆယ့်ရှစ်နာရီ အတွင်း သူတို့လုပ်လိုက်တာ၊ နောက်တစ်ရက်ဆိုရင် သိရမယ်"
"ခွေးကမွေးတဲ့ ခွေးသားတွေ"
"ဟုတ်တယ်၊ ခင်ဗျားဘယ်တော့ အဆင်သင့်ဖြစ်မလဲ"
"လွန်ခဲ့တဲ့ သုံးနာရီလောက် က အဆင်သင့်ဖြစ်သွားတယ်"
"ဆယ့်နှစ်ရက် ပဲ ရှိသေးတယ်လေ၊ လေ့ကျင့်ချိန် သုံးပတ်လိုတယ်ဆို"
"ကျုပ်က အလွန်အကျွံတွက်ပြီး ပြောတာ၊ ကျုပ်လူတွေက ဓာတ်ဆီမပါဘဲနဲ့တောင် မီးခြစ်ခြစ် တတ် တဲ့ကောင်တွေ"
"အဆင်သင့်ဖြစ်တာ သေချာရဲ့လား ဆိုက်လက်စ်"
"ဒီမယ်... မိုက်၊ ခင်ဗျား ဒီနေရာကို လွန်ခဲ့တဲ့ ငါးရက်ကရောက်ခဲ့တယ်၊ အဲဒီနောက်ပိုင်းမှာ ကျုပ်တို့ ဆယ့်ငါးကြိမ် တိုက်ပွဲ ဆင်ပြီးပြီ၊ အားလုံးကွက်တိဝင်တယ်၊ စစ်ဆိုတာ ဘောလုံးကစားသလိုပါပဲ ဗျာ၊၊ လေ့ကျင့်မှုအပေါ်မှာ မူတည် တာပါပဲ၊ အရမ်းမောင်းရင်လဲ ခြေကျပြီး မကစားနိုင်ဖြစ်တတ် တယ်လေ၊ ကျုပ်တို့သွေးစုပ် ဖုတ်ကောင်တွေ လွန် ခဲ့ တဲ့ သုံးနာရီက နောက်ဆုံးပွဲ နွှဲပြီးပြီ၊ အချိန်ရော နေရာရော ကွက်တိပဲ"

"ကောင်းပြီ... ဆိုက်လက်စ်၊ သိရတာနဲ့ တစ်ပြိုင်နက် ဗိုလ်ချုပ် ဆိုင်မွန်က ခင်ဗျားတို့ကို နစ်မစ်ဇ် ပေါ်ပို့ပေး လိမ့်မယ်"
"ဗိုလ်ချုပ်ဆိုင်မွန်...ဟုတ်လား"
"ဟုတ်တယ်၊ ဗိုလ်ချုပ်ဆိုင်မွန်ဖြစ်သွားပြီ၊ ပွဲကြီးပွဲကောင်းပဲဗျို့၊ ခင်ဗျားနဲ့ ခင်ဗျားလူတွေကို ရွေး လိုက်တဲ့အတွက် ဗိုလ်ချုပ် တော်တော်များများ ဖခင်ကြားခဲခု ဖြစ်နေကြတယ်၊ သမ္မတက ဆိုင်မွန် ကိုကြယ်တစ်ပွင့် တိုးပေးလိုက် တယ်"
ကျွန်တော်က အရမ်းအံ့သြသွားတယ်၊ တိုက်ပွဲမပြီးခင် သည်လိုပေးရိုးထုံးစံမရှိခဲ့ဘူးလေ၊ တယ်လီ ဖုန်ုးထဲမှ ရယ်သံ သဲ့သဲ့ကြားရပြီး....
"ခင်ဗျား ဆိုင်မွန် နဲ့ စကားတော်တော် ပြောဖူးသလား"
"အလုပ်နဲ့ပတ်သက်တာလောက်ပဲဖြောဖူးတာပါ၊ လိုတာလှမ်းတောင်းတယ်၊ သူကစီစဉ်ပေးတယ်၊ ဒါလောက် ပါပဲ" "ခင်ဗျားသိပ်ကံကောင်းတာပေါ့၊ သူ့အကြောင်းသိတယ် မဟုတ်လား"
"ရေတပ် ကိုမှအထင်ကြီးတဲ့ ပုဂ္ဂိုလ်မဟုတ်လား"
သူရယ်ပြန်သည်။ မူးနေပြီထင်၏။

"ဒီမယ် ဆိုက်လက်စ်၊ ဆိုင်မွန်က သူကျဉ်းထဲကျပ်ထဲရောက်ရင် ကျွန်တော့်ကိုခေါ်တယ်၊ ကျွန်တော် ကသူ့ အထက်လူကြီးတွေ ဆီ ၀င်ရတယ်၊ ဗိုလ်ချုပ်တွေက ကျွန်တော့်ကို ၀ိုင်းတွယ်တယ်၊ လွန်ခဲ့တဲ့ နှစ်ရက်က သမ္မတရှေ့ မှာ ကျွန်တော်ဖွင့်ချတယ်၊ နောက် သူနဲ့တိုက်ရိုက်ဆက်သွယ် ပါလို့ဆိုင်မွန် ကိုပြောတယ်၊ သူတို့နှစ်ယောက် က အရမ်းအလွမ်းသင့်တယ်လေ၊ ဒီနေ့မနက် သမ္မတရုံးခန်းထဲ မှာကျွန်တော်ရှိနေတုန်း သူရောက် လာတယ်၊ ကြယ်နှစ်ပွင့် ဗိုလ်ချုပ်တစ်ယောက် သူ့နောက်ကျော ဓားနဲ့ထိုးတဲ့အကြောင်း တိုင်တယ်၊ ကျွန်တော် တို့ သမ္မတဘာလုပ်တယ်အောက်မေ့လဲ၊ မနာလို မရှိနဲ့နော်၊ ဗိုလ်ချုပ်ကြီးဂရန်ကို ချက်ချင်း ဖုန်းကောက် ဆက်တယ်၊ တိုတိုပဲဗျာ၊ ဗိုလ်မူးချုပ်အယ်လ်ဆိုင်မွန် ကို ဗိုလ်ချုပ်ရာထူး တိုးပေးလိုက်ပြီ၊ ဆက်လုပ် တဲ့"
"ကောင်းတာပေါ့ဗျာ၊ အဆိပ်ခတ်မယ့်ကောင်တွေ ကို လှမ်းတားလို့ မရတော့ဘူးလား"
"မရတော့ဘူး၊ အသင့်ပြင်ထားပေတော့၊ စပြီဆိုရင်လဲ အောင်မြင်အောင်သာ လုပ်ပေတော့၊ မဟုတ်ရင် အားလုံးခွေးကျ ကျ ကုန် လိမ့်မယ်"

"ခင်ဗျားကကော မိုက်"
"ခင်ဗျားနဲ့ အတူတူပဲပေါ့၊ သဘောပေါက်လား"
"ပေါတယ် မိုက်"
"ကျွန်တော် အဆက်အသွယ်ထပ်လုပ်မယ်"
သူ့ဘက်က ဖုန်းချလိုက်မှ ကျွန်တော်ချလိုက်တယ်၊ ခလုတ်ကလေးကို ပြန်နှိပ်ပြီး ရေချိုးခန်းထဲ ပြန်ဝင်ခဲ့ တယ်၊ ကန်ထဲ ကရေ အေးနေလို့ ရေပူဘုံပိုင်ခေါင်းကို ဖွင့်ချလိုက်ပြီး ကန်ထဲပြန်ဆင်းခဲ့ တယ်၊ ရေချိုးနေရင်း ၀ါဆော စာချုပ် ၀င် နိုင်ငံများအကြောင်း ခေါင်းထဲဝင်လာတယ်
ပြီး ဒီအရေး ကို ခေါင်းထဲကထုတ်ပြီး ချက်ချင်းလုပ်ရမယ့် ကိစ္စကို အာရုံပြောင်းလိုက်တယ်၊ သူတို့ ပီယာဘိုဒီကို သတ်လိုက်ပြီ ဆိုရင်တော့ ကျွန်တော်တို့ စစ်ဆင်ရေးလုပ်ဖြစ်မှာ မဟုတ်တော့ဘူး၊ ဒီတော့ သူမသေအောင် ကျုပ်လုပ် ရမယ်။

မေးစေ့ ကို ရေမျက်နှာပြင်နဲ့ အညီထားရင်း ထောင်ထားတဲ့ ဒူးနှစ်လုံးကို စိုက်ကြည့်ပြီး ကျုပ် ကျိန်စာဆိုတယ်၊ ပီယာဘိုဒီ ကိုသတ်မယ့်လူတွေကို အာရုံပြုပြီးလုပ်နေတာလေ၊ ဒီလိုကျိန်စာဆို ရင်တစ်ဖက်ရန်သူရဲ့ အစီအမံတွေ လွဲချော် ပျက်စီးကုန်တတ်တယ်။
အဲဒါက ကျုပ် အဘိုးသင်ပေးလိုက်တဲ့ပညာ၊ ကျုပ်အဘိုးကိုသူ့အဘိုးက သင်ပေးတာတဲ့၊ အဲဒီအဘိုး ရဲ့အဘိုးက အာဖရိက ကနေ ကျွန်သင်္ဘော နဲ့ ပါလာတာ။
တစ်ခါတုန်းက ကျုပ်အဘိုးက ချက်ပလက်ကားတစ်စီး လူတစ်ယောက်ကို ရောင်းဖူးတယ်။ အဲဒီလူ ကပိုက်ဆံ အကြွေးမပေး ဘဲ ညစ်ထားတယ်၊ ဒီတော့ အဘိုးက သူ့ကား ကိုကျိန်စာ တိုက်တယ်။ ကားအကောင်းကြီးက တစ်လ အတွင်း တစ်မျိုးတစ်မျိုး ဒုက္ခပေးတော့တာပဲ၊ ပထမ ပန့်အလုပ်မ လုပ်တော့ ဘူး။ နောက် ကလပ်ငြိ။ ပြီးတော့ ဆလင်ဒါ။ နောက်တံခါးရွက်ကြီးပြုတ်ကျ။ နောက်ဆုံး အဲဒီလူ ကားစုတ်ကြီးကို ကားသင်္ချိုင်း ပို့လိုက်ရတယ်တဲ့။ ကားကိုကျိန်စာတိုက်ရတာ ခက်တယ်။ လူကပိုလွယ်တယ်။

သူ့ရုပ်ပုံလွှာ ကို အာရုံ မှာမြင်အောင်ရှုရတယ်။ ပြီးတော့သူ့တစ်ကိုယ်လုံး ဆံပင်တွေ ပေါက်လာခိုင်း ရတယ်။ တစ်ကိုယ်လုံးနော်။ အသားလပ်နေရာမရှိစေရဘူး။ ပေါက်တဲ့ဆံပင်က ပျော့ပျော့ပျောင်း ပျောင်းမဟုတ်ဘူး။ ဆူးတွေ လို ဖြောင့်စင်းနေရမယ်။ ခြေဆံ လက်ဆံပါမကျန် ပေါက်နေရမှာနော်။ အဲဒီလို အမွေးတွေပြည့်လာပြီ ဆိုရင် သူ့ကို စိတ်နဲ့လုံးပစ်လိုက်။ အဲဒီအခါ ဆံပင်အလုံးကြီး ဖြစ်သွားရော။ လူတစ်ယောက်ဟာ အဲဒီ ပုံသဏ္ဌာန် ကို ရောက်သွားပြီဆိုရင် ဘာမှလုပ်လို့မရတော့ဘူး။
စီအိုင်အေ ဒါရိုက်တာ ဒေါက်ကလပ်စ်ဘေကာ၏ပုံကို သတင်းစာထဲမျာ ကျုပ် အမြဲတွေ့နေရတော့ သူ့ပုံ ဖော်ဖို့ သိပ်မခက် ဘူး။ နှာခေါင်းကြီးကြီး၊ နားရွက်ကားကား၊ သူ့ဝိညာဉ်ကို ကျုပ် ခေါ်ယူလိုက်တယ်။ သူ့ ပုံ ပီပီပြင်ပြင်ပေါ် လာတယ်။ ဆံပင်တွေ ရှည်လာအောင် ခဏတော့ စောင့်ရတယ်၊ ဆံပင်တွေ တဖြည်း ဖြည်း ရှည်ထွက်နေတုန်း မှာ ကျုပ်အလုပ်ကို ကျုပ် စဉ်းစားတယ်။
စီအိုင်အေ ဒါရိုက်တာရဲ့ပုံဟာ တစ်ကိုယ်လုံး ဆံပင်တွေဖုံးပြီး ကျုပ် မြင်ကွင်းမှာ ပေါ်လာတယ်။ သူ့ ဆံပင်ရောင်တွေ က နီကြောင်ကြောင်၊ လုံးဝ ကျက်သရေမရှိတဲ့မြင်ကွင်း သူ့ခန္ဓာကိုယ်ဟာ တဖြည်း ဖြည်း ဆံခြည်ထွေးကြီးဖြစ်သွားတယ်။
ပီယာဘိုဒီ ရဲ့ဓာတ်ပုံကိုလည်း ကျွန်တော် မြင်ဖူးတယ်။ သူ့ဝိညာဉ်ကို အာရုံပြုလိုက်ပြီး ကျုပ် စိတ်ထဲမှ တိုးတိုးပြောတယ်။ ဘာမှမပူ နဲ့ သူငယ်ချင်း။ စီအိုင်အေကောင်ကို ကိုယ် ချုပ်ကိုင်ထားလိုက်ပြီ။

ဂျော်ဂျီ
စန်ကာလို
(ဆယ့်ငါးရက်မြောက်နေ့)

ဓာတ်ပုံကလေးကို ကြည့်ပြီး ကျွန်တော် စဉ်းစားသည်။ သည်မိန်းကလေးသည် ဘယ်မိန်းကလေးမျိုးလဲ။ သိပ် မခက်ခဲပါ။ ကျွန်တော် သုံးနေကျ သေနင်္ဂဗျူဟာကိုပဲ သုံးရမည်။ သိပ်တိကျဖို့တော့ လိုသည်။ သာမန် အခြေအနေ မျိုး ဆိုလျှင် ကျွန်တော် လိုချင်တာ ရနေလောက်ပြီ။ သူ အဆင်သင့်ဖြစ်နေပြီဟု ကျွန်တော် ယုံကြည်နေ၏။ သို့သော် အခြေအနေက သာမန်မဟုတ်တော့။ ကျွန်တော်ကိုယ်ပိုင် ပုံမှန် အနေအထားမှာ မရှိ။ ဆောက်တည်ရာမရ ဖြစ်နေ၏။
သူ့ကို ကျွန်တော် နားလည်အောင်လုပ်နိုင်ဖို့ လိုသည်။ သူ့ကို ထိခိုက်နာကျင်စေမှ ကျွန်တော့်ကို အား ကိုးမည် မဟုတ်လား။ ဒါပေမယ့် သည်နည်းကို ကျွန်တော် မသုံးချင်တော့၊ သည်နည်းကို သုံးလျှင်လည်း အတိုင်းအတာ တစ်ခုထိ ကျွန်တော် လိမ်ရညာရတော့မည်။ သည့်အတွက် ပြဿနာမရှိဟု တွက်နိုင်ပါ ၏။ သို့သော် ပြဿနာ ရှိနေမည် ဖြစ်ပါသည်။

လွန်ခဲ့သည့်ရက်တွေက ကျွန်တော် အမှန်ပြောတိုင်း သူ ယုံကြည်သည်။ သူ တကယ်ယုံကြည်ကြောင်း ကို ကျွန်တော် စိတ်ထဲက သိနေ၏။ ဆက်ပြီး အကောင်းဆုံး ကြိုးစားရမည်။ ကျူဘီလက်စ်ကို စစ်တုန်း ကထက် ပညာသားပါဖို့၊ အများကြီးလိုသည်။ ကျူဘီလက်စ် က  ကျွန်တော် မုန်းတီးစက်ဆုပ်သူ။ ထို့ ကြောင့် ကျွန်တော် ထောက်ညှာစရာ ဘာမှမရှိ။ ပီယာဘိုဒီက တစ်မျိုးလေ။
တံခါးဖွင့်သံ ကြားသဖြင့် ဓာတ်ပုံ ကို ဖိုင်တွဲထဲ ပြန်ထည့်လိုက်သည်။ အင်းနက်ဇ် အခန်းထဲ ဝင်လာသည်။ မျက်နှာ က ပြုံးချိုကြည်လင်လို့။ လောကကြီးတစ်ခုလုံးကို ကျေနပ်နှစ်သိမ့်နေဟန်၊ ကျွန်တော့်ကို ငုံ့ပြီး နမ်းသည်။ ကမြင်းမ ရေချိုး လာဖို့တောင် သတိမရ။ ဟိုကောင့်ရေမွှေးနံ သူ့မှာစွဲပါလာသည်။
"သိပ်ပျော်စရာကောင်းတာပဲ ဂျော်ဂျီရယ်၊ လိုက်ခဲ့ဖို့ကောင်းတယ်၊ ပရိဘောဂတွက အားလုံး စပိန်ဖြစ် တွေချည်းပဲ၊ တံခါးလက်ကိုင် က အစ ရှင်ရေ"
ကျွန်တော့်နှုတ်မှ လွှတ်ခနဲ ထွက်သွားသည်။

"အိပ်ရာတွေ ခုတင်တွေလဲ စပိန်ဖြစ်တွေချည်း မဟုတ်လား"
သူ ပြုံးသည်။ လှပသော နှုတ်ခမ်းအောက်မှ သွားပုလဲတန်းကလေး ဖွေးခနဲ ပေါ်သွား၏။
"ဂျော်ဂျီ က သိပ်သိတာပဲ၊ ဟုတ်တယ်... ဆယ့်ရှစ်ရာစု ခုတင်ကြီး၊ ဘုရင်မကြီး အဲလစ်ဇဘက်တေလာ အိပ်တဲ့ ခုတင်တဲ့" ဒေါသတွေ လှိုင်းထလာသော်လည်း မျက်နှာတွင် မပေါ်အောင် ကျွန်တော် ထိန်းထားနိုင်ခဲ့သည်။ ကျွန်တော့် သိက္ခာချဖို့ သူ ကြိုးစားနေကြောင်း သိနေပြီလေ။
ကျွန်တော် မနေ့ကပြန်လာတော့ သူ အိပ်ချင်ယောင်ဆောင်နေသည်။ မျက်ခွံကလေး နှစ်ခုက လိပ်ပြာ တောင်ပံ လို တဖျပ်ဖျပ် လှုပ်ရှားနေ၏။ စိတ်ကို အနိုင်နိုင်ထိန်းပြီး နကမ္ပတိနေလိုက်၏။ သူက ကျွန်တော် ဒေါသူပုန် ထလိမ့်မည်ဟု တွက်ထားမည် မုချ
"ကော်ဖီခြံကြီး ကလဲ ဧကငါးထောင်တဲ့ကွယ်၊ ရှုခင်းတွေကလဲ အရမ်းလှတာပဲ"

ကျွန်တော်က အသံ ကို တည်ငြိမ်အောင် ထားပြီး...
"ဒါဆို ဘာမျူဒက်ဇ်က တစ်သက်လုံး အငတ်ငတ် အပြတ်ပြတ်နဲ့ လုပ်လာတဲ့ အလုပ်သမား လယ်သမားတွေ ကို ဝေပေးတော့မယ်ပေါ့၊ ဟုတ်လား"
သူက ဆံပင်တွေ ဝဲသွားသည်အထိ ခေါင်းယမ်းပြီး...
"ဟင့်အင်း၊ ရောဘတ်တို က အဲဒီမြေတွေနဲ့ နန်းတော်ကြီးကို ပြည်သူ့ဧည့်ဂေဟာ လုပ်ထားမယ်တဲ့"
ကျွန်တော် ခါးသီးစွာ ရယ်လိုက်ပြီး...
" ရှင်းပါတယ်၊ တော်လှန်ရေး ခေါင်းဆောင်ကြီး အတွက်ပဲ ဖြစ်ရမှာပေါ့၊ သူပဲ နေမှာပေါ့"
ပြတင်းပေါက်ဆီ ကို လျှောက်သွားပြီးမှ ကျွန်တော့်ကို သမင်လည်ပြန် ကြည့်သည်။
"သူတို့ အတွက် မရသင့်ဘူးလား၊ ရောဘတ်တိုဟာ အသက်စွန့်ပြီး တော်လှန်ရေးကို နှစ်ပေါင်းများစွာ လုပ်လာ တဲ့ သူရဲကောင်းပဲ၊ ပြည်သူတွေကို လွတ်လပ်ရေးယူပေးခဲ့ပြီပဲ၊ ပြည်သူတွေက သူ့ကို နန်းတော် တစ်ခုလောက်တော့ ကြည်ကြည်ဖြူဖြူ လက်ဆောင်ပေး ရမှာပေါ့"
ကျွန်တော် သူ့ကို နားလည်အောင် ပြောပြချင်ပါသည်။ သို့မှသာ မင်းသားခေါင်းဆောင်းထားသည့် ဘီလူး တစ်ကောင် အကြောင်း သူ သိမည်။ သို့သော် ပြော၍ နားဝင်မည်မဟုတ်။သည်နေ့မှ သူ့ဆီက ပြန် လာသည် မဟုတ်လား။

"ဒီမယ်... အင်းနက်ဇ်၊ လွတ်လပ်ရေးဆိုတာ သာတူညီမျှ ခွဲဝေခံစားရေးပဲ၊ ဒီတိုင်းပြည်က တို့နိုင်ငံလိုပဲ ဖိနှိပ်မှုအောက်မှာ ပြည်သူတွေ နှစ်ရှည်လများ အလူးအလဲခံခဲ့ကြရတယ်၊ ဘာမျူဒက်ဇ်က အဲဒီခေတ်ကို တော်လှန်ပစ်တဲ့လူ၊ ဒါပေမယ့် မယုံရင်ကြည့်နေ၊ နာမည်တစ်မျိုးနဲ့ အဲဒီခေတ်ကို သူ ပြန်သွားမှာပဲ၊ အဲဒါ က ဖြစ်ရိုးဖြစ်စဉ်လို ဖြစ်နေပြီ၊ တိုင်းပြည်ရဲ့သူရဲကောင်းတွေဟာ နောက်ပိုင်းမှာ အာဏာရှင်တွေ ဖြစ် သွားကြတာချည်းပဲ၊ ကိုယ် ရုရှားကို ရောက်တယ်၊ အဲဒီမှာ လူနှစ်မျိုးရှိတယ်၊ တစ်မျိုးက အာဏာရှိတဲ့ အသိုင်းအဝိုင်းထဲမှာ၊ တစ်မျိုးက အဲဒီအပြင်ဘက်မှာ၊ ညီမျှခြင်းဆိုတာ မရှိဘူး၊ ဝိုင်းထဲကလူတွေမှာ ကားရှိတယ်၊ ရောင်စုံတီဗွီရှိတယ်၊ အထူးဆိုင်တွေမှာ ဝယ်ဖို့ ကူပွန်တွေရှိတယ်၊ အဲဒီအတွက် သူတို့ ဂုဏ်ယူနေကြတယ်။ ဒါဟာ တစ်နည်းအားဖြင့် ခြစားတာပဲ၊ ဝိုင်းပြင်ကလူတွေကျတော့ အသားတစ်တုံး ရဖို့ တစ်နေကုန် တန်းစီရတယ်..."
"ဘာမျူဒက်ဇ် ဒီလမ်း ကို လိုက်မှာပါ၊ ကိုယ် ကြိုမြင်နေပြီးသားပါ၊ တို့တိုင်းပြည်ကို ပြန်ကြည့်လေ၊ ဖီဒယ်လ် က တော်လှန်ရေးတစ်ရပ် ဆင်နွှဲခဲ့တယ်၊ သူ နန်းတော်မှာသွားနေသလား၊ မနေဘူး၊ သူ့တိုက် ခန်းကလေး မှာပဲ နေတယ်၊ သူ ပိုင်မြေ ဆိုလို့ တစ်လက်မတောင် မရှိဘူး၊ ရှေးဟောင်း ပရိဘောဂ တစ်ခု မှလဲ သူ မပိုင် ဘူး။ တော်လှန်ရေး ပြီးတော့ တစ်နေ့ကို ခြောက်နာရီအလုပ်လုပ်တယ်၊ ကျူးဘားအတွက် တော်လှန်ရေးအတွက် လုပ်တယ်..."

"ဘာမျူဒက်ဇ် က ရက်ပေါင်းနှစ်ဆယ်ပဲ ရှိသေးတယ်၊ ခွေးသေကောင်ကို လင်းတကြည့်တဲ့ မျက်လုံးတွေ နဲ့ ကြည့်နေပြီ၊ အမေရိကန်ဆီ က ဒေါ်လာ သန်းတစ်ထောင် လိုချင်တယ်တဲ့၊ အဲဒါကို ပြည်သူတွေ မသိ ဘူး"
သူက ပြန်လှည့်လာပြီး ခုတင်ပေါ်မှာ တင်ပျဉ်ခွေ ထိုင်သည်။ မျက်လုံးအစုံက အလိုမကျသည့်ပုံ။
"ရှင် သူ့ကို မနာလိုဖြစ်နေတာ၊ ရှင့်ကိုယ်ရှင် သိပ်တော်တယ် ထင်နေတာ၊ဒါပေမယ့် ရှင် သူ့လောက် မတော်ဘူး၊ ရှင်တို့ နှစ်ယောက် ရွယ်တူပဲ၊ ဒါပေမယ့် သူ တိုင်းပြည်တစ်ပြည်ကို သိမ်းပိုက်ထားနိုင်ပြီး တိုင်းပြည်တစ်ပြည် ရဲ့ခေါင်းဆောင် ဖြစ်နေပြီ၊ အဲဒါ ရှင့်ထက် တော်လို့ပေါ့ ဂျော်ဂျီ၊ ဗိုလ်ချုပ် ခရုဇ်ရဲ့တပ် တွေ နောက်ကို ဗိုလ်ချုပ် လာကေး ကို လိုက်တိုက်ခိုင်းတာ ရှင်သိလား၊ လာကေးက သူ့သူပုန်တပ်ခွဲက တပ်ခွဲမှူးလောက်ပဲ သဘောထား တယ်လေ၊ လာကေးကို သူ ကတိပေးလိုက်တယ်၊ ပြန်လာရင် သမ္မတ ရွေးကောက်ပွဲမှာ ထည့်ပေးမယ်တဲ့၊ ဟို... ငပေါကြီး က တကယ်ယုံတယ်တော့၊ လူငယ်တွေ ရာထူးတွေ တိုးပေးလိုက်တာ ဆွမ်းကြီးလောင်းပဲ၊ မကြာခင် လူကြီးပိုင်း နဲ့ ပဋိပက္ခဖြစ်လာမယ်၊ ဒါတွေကို သူ အားလုံး ကြိုမြင်တယ်၊ ရောဘတ်တိုဟာ အဲဒီလောက် အမြော်အမြင်ကြီး တယ်" "အဲဒါတွေ မင်းကို သူ အားလုံး ပြောတယ်၊ ဟုတ်လား"

"ဒါပေါ့"
"သောက်ရူးပဲ"
သူ့မျက်လုံးတွေ မီးဝင်းဝင်း တောက်လာသည်။
"သောက်ရူး ဟုတ်လား၊ ရှင်ကကော ဆယ့်နှစ်ရက်လုံးလုံး ရှင် ဘာလုပ်နေလဲ၊ ပြောလေ... ဘာလုပ်နေ လဲ၊ ရှင် အမေရိကန် ဆီက စကားတစ်ခွန်း ရသလား၊ နာမည်တခုရသလား၊ မရဘူး မဟုတ်လား၊ ရော ဘတ်တို က ပြောတယ်၊ ရက်နှစ်ဆယ်ြုပည့်လို့မှ မရရင် သူကိုယ်တိုင် ကိုင်မယ်တဲ့၊ ဖီဒယ်လ်ရဲ့ကျေးဇူး တွေ သူ့မှာရှိတယ် တဲ့"
"မင်း ဘာတွေ သောက်အဓိပ္ပာယ်မရှိ ပြောနေတာ"
ကျွန်တော် ဒေါပွနေတာကို ကြည့်ပြီး...
"ဒီလိုလေ... ရှင် ပျော့လွန်း လို့ ခုထိ ကိစ္စမပြတ်တာလို့ ဘတ်တိုက ထင်တယ်၊ ဘာလို့ ရက်နှစ်ဆယ် ကြာ ရမှာလဲ"
"ရက်နှစ်ဆယ်အကြောင်း မင်း ပြောလိုက်သလား"
"ဒါပေါ့၊ ဘာဖြစ်လို့ မပြောရမှာလဲ၊ ဒါ လျှို့ဝှက်ကိစ္စမှ မဟုတ်တာ၊ ရှင်လိုချင်တာကို သူလဲ လိုချင်နေ တယ်၊ ရှင် ဘာလုပ်နေတယ် ဆိုတာ သူ အတိအကျ သိတယ်၊ သူ့ဆီကို တစ်နိုင်ငံလုံးက သတင်းတွေ ရောက်နေတယ် ဆိုတာ ရှင် မသိဘူးလား"

"သြော်... အဲဒါကိုလဲ မင်းကို သူ ပြောတယ် ဟုတ်လား၊ အရက်နှစ်ဆယ် နောက်ပိုင်းမှာ သူ ဆက်လုပ် မယ်တဲ့၊ ဟုတ်လား၊ ဘယ်လို လုပ်မှာတဲ့လဲ"
အနီရင့်ရောင် ဆိုးထားတဲ့ သူ့လက်သည်းလှလှလေးတွေကို ငုံ့ကြည့်ရင်း သူ့အရည်အချင်းကို သူ ဂုဏ် ယူကျေနပ်နေပုံ ရသည်။ ကျွန်တော် ထပ်မေးလိုက်သည်။
"ပြောစမ်းပါဦး၊ ဘယ်လိုလုပ်မှာတဲ့လဲ"
"သူက သိပ်ကွက်ကျော် မြင်တယ်လေ၊ အမေရိကန်ရဲ့မဟာမိတ်နိုင်ငံတွေက မကြာခင် အကူအညီတွေ လှိမ့်ဝင် လာမယ်၊ ဒီအရေးအခင်း မကြာခင် ပြီးသွားတော့မယ်လို့ လူတိုင်းပြောနေကြပြီပဲ၊ ပီယာဘိုဒီကို သူ ညှင်းဆဲ ရင် ပြဿနာ ပိုကြီးလာမယ်၊ ဒါပေမယ့် အဲဒီနည်းနဲ့မလုပ်ရင် လိုချင်တဲ့သတင်း မရဘူးဆို တာ သူ သိနေတယ်၊ ဒါကြောင့် သူ လုပ်ကို လုပ်မှာပဲ၊ သူ ကိုယ်တိုင်လုပ်ဖို့ မလိုဘူးလေ၊ ဖမ်ဘိုနာ က လုပ်မှာ..."
"ဒါပေမယ့် ပီယာဘိုဒီ ရဲ့ကိုယ်ပေါ်မှာ ဘာဒဏ်ရာမှ ရှိမှာမဟုတ်ဘူး၊ ဗားဂက်စ် သုံးနေကျဆေးနဲ့ ထိုး ထည့် လိုက်မှာ၊ အဲဒီဆေးကလဲ အမေရိကန်တွေဆီက ရတာ၊ ရိုးရိုးနှလုံးရောဂါနဲ့ သေပုံအတိုင်း သေ သွားလိမ့်မယ်၊ ဘယ်လောက်တော် တဲ့ ဆရာဝန်ဖြစ်ဖြစ် လုပ်ကြံမှုကို မသိနိုင်ဘူး၊ အလွန့်အလွန် စိတ် မကောင်းဖြစ်ရပါကြောင်း သဝဏ်လွှာ နဲ့အတူ အလောင်းကို ပြန်အပ်လိုက်မယ်၊ ဖီဒယ်လ် ဘယ်လောက် ကျေးဇူးတင်မယ် ဆိုတာ ရောဘတ်တို သိတယ်လေ"

ကျွန်တော့်ခေါင်းထဲတွင် မြင်ကွင်းတွေ ရိပ်ခနဲ ရိပ်ခနဲ ဖြတ်ပြေးနေသည်။ ရှုထောင့်အမျိုးမျိုးမှ ကျွန်တော် လိုက်ကြည့် သည်။ ဖီဒယ်လ် မည်သို့တုံ့ပြန်မည်လဲ၊ သည်နာမည်ကို သူ အသေအလဲ လိုချင် နေသည်။ အမေရိကန် တို့သည် သူ့အသက်ကို လုပ်ကြံဖို့ အကြိမ်တစ်ဒါဇင်မက ကြိုးစားခဲ့ပြီးပြီ၊ ထို့ ကြောင့် သည်ကိစ္စတွင် သူ့အနေဖြင့် သိမ်မွေ့နူးညံ့ လိမ့်မည် မဟုတ်။
မည်သို့ဖြစ်စေ သည်ကိစ္စတွင် သူ ကိုယ်တိုင်ပတ်သက်ခြင်းမရှိ၊ တပည့်တပန်းများက ဆောင်ကြဉ်းပေး သည့် အတွက် သူ့အနေဖြင့် အနေသာချည်းဖြစ်သည်။ သူ့အတွက်မထင်ဘဲ ရရှိလာသည့် အမြတ်အစွန်း တစ်ခုပင်။ သူ့အနား တွင် ကျွန်တော် ရှိနေလျှင် အဖြစ်မှန်တွေကို သူ သိရမည်ဖြစ်ပါ၏။ ယခုမှ ကျွန်တော်သည် ဆွံ့အနေသူ လို ဖြစ်နေချေပြီ။ ရေဒီယိုအဆက်အသွယ် လုပ်ခွင့်ရလျှင်လည်း စီအိုင်အေက ဖမ်းမိနိုင်မည့်လိုင်းတွေကိုသာ ကျွန်တော့် ကို ဖွင့်ပေးမည် မုချ။

ကျွန်တော်တို့နှင့် သဟဇာတဖြစ်သည့် သံရုံးလည်း တစ်ခုမျှမရှိ။ ကျွန်တော် ပီယာဘိုဒီလိုပင် အထီး ကျန် တစ်ကိုယ်တော်ဖြစ်နေလေပြီ။ လေးရက်အတွင်း လိုချင်သည့်နာမည်ကို သူ့ဆီမှ အရယူမည်။ အင်းနက်ဇ်၏ စကား ကို ကျွန်တော် လုံးဝမယုံ။ ဘာမျူဒက်ဇ်က ပြောသည့်အတိုင်း လုပ်မည့်ကောင်၊ အောင်မြင်မှုတွင် မိုးမမြင် လေမမြင် ယစ်မူးနေသူ၊ ကျွန်တော့်ပစ္စည်းဖြစ်သည့် အင်းနက်ဇ် ပါသွားသည် ကို ကြည့်လေ။ အရာတိုင်း သည် သူ့ခြေရင်းတွင် ဝပ်စင်းရတော့မည်။
သည်လို သစ္စာဖောက်တို့၏သွားရာလမ်းကို ကျွန်တော် ပြင်နေပြီဖြစ်ပါ၏။ ကျွန်တော် မီယာဘိုဒီ အကြောင်း ကို ပြောပြ လိုက် သည်။
"ပီယာဘိုဒီ လို ပုဂ္ဂိုလ်က နှိပ်စက်လို့ အဖြေထွက်တဲ့လူမျိုး မဟုတ်ဘူး"
"ဖမ္ဘိုနာ ကေတာ့ အဲဒီလို မျမင္ဘူး"
"အဲဒီကောင်က သောက်ရူးပဲ၊ သူ့ဆရာလဲ ဘာထူးလဲ"
"ဒါပေမယ့် ရောဘတ်တို က သူလိုတာရအောင် ယူတတ်တယ်၊ ရှင့်ထက်သာလို့ ကျွန်မ ပါသွားတာပေါ့"
ကျားလှောင်အိမ် ထဲတွင် ဘာလက်နက်မှမပါဘဲ ရောက်နေသည့် ကျွန်တော့်ဘဝ။ ဒါကို အင်းနက်ဇ်က သိနေပုံ။ စိတ် ကို အတတ်နိုင်ဆုံး ထိန်းလိုက်ရပြန်သည်။
"ဒါဆို မင်း ဘာလို့ ဒီကို ပြန်လာတာလဲ"
အိပ်ရာပေါ်မှ ခုန်ဆင်းလိုက်သည်။ ကျွန်တော်နှင့် အသားချင်း ထိလုမတတ် ကပ်ပြီး ရပ်လာသည်။

"ဒီမယ် ဂျော်ဂျီ၊ ရှင် သွားပြီ၊ လုံးဝ ကျဆုံးသွားပြီ၊ ကျွန်မ က ခွန်အားကို သဘောကျတာ၊ အားနည်းတဲ့ ဘက် ကနေပြီး အားကြီးတဲ့ ဘက်ကို ပြောင်းတာ၊ ရှင့်မှာ တစ်ခုခုလိုနေတယ်၊ ဒီရက်ပိုင်းအတွင်းမှာ ရှင် တစ်မျိုးဖြစ် သွားတာ၊ ဘာရယ်လို့တော့ ကျွန်မ မသိဘူး၊ အဲဒီအမေရိကန်နဲ့တွေ့လို့ ဒီလိုဖြစ်သွားတာ လား မသိ ဘူး၊ ရောဘတ်တို ကပြောတော့ အမေရိကန်က ရှင့်ကို လွှမ်းမိုးထားတယ်တဲ့၊ ကျွန်မ ဘာလို့ ပြန်လာလဲ သိလား၊ အဝတ်အစားတွေ ယူရအောင် ပြန်လာတာ ရှင်ရေ့၊ အောက်မှာ ကားစောင့်နေ တယ်၊ ရှင်ဟာ တကယ့်ကို ရွံ့စရာကောင်းတဲ့ လူ"
ပြောပြောဆိုဆို ကျွန်တော့်မျက်နှာကို သူ တံတွေးနဲ့ ပက်ခနဲ ထွေးလိုက်သည်။
သတိသမ္ပဇဉ် တို့ ခေါင်းထဲမှ လွင့်စဉ်ထွက်ပြေးသွားလေပြီ။ စက္ကန့်ပိုင်းအတွင်း သူ့အော်သံကို ကျွန်တော် ကြား လိုက်၏။ ကျွန်တော့်လက်ချောင်းများကြားမှ သူ့လည်ပင်းကိုင်ပြီး ကျွန်တော် ဘာမှမသိ။ ဘာမှ မမြင်။ သူ့တို့အော်သံ များကိုလည်း ကျွန်တော် မကြား။ ကျွန်တော့်လက်ကို ဆွဲဖယ်နေကြသည့် သူတို့ ကိုလည်း ကျွန်တော် မမြင်။ တဖြည်းဖြည်း နီရဲပြာနှမ်းလာသည့် သူ့မျက်နှာကိုသာ ကျွန်တော် သတိထားမိသည်။

သေကောင်ပေါင်းလဲ ခံစားနေရသည့်ကြားမှ သူ့မျက်လုံးများက အောင်ပွဲခံသူတစ်ယောက်ပမာ တောက်ပနေဆဲ၊ လက်တစ်ဘက် ကို ကျွန်တော် အတင်းဆွဲဖယ်ပြီး ချိုးပစ်လိုက်သည်။ တစ်ပြိုင်တည်းတွင် ခေါင်းကို တစ်စုံ တစ်ခုဖြင့် အရိုက်ခံလိုက်ရမှန်း သိလိုက်သည်။ သူ ကျွန်တော့်လက်မှ လွတ်ထွက်သွား ပြီး ကော်ဇောပေါ်သို့ ကျွန်တော် လဲကျ သွားသည်။ အင်းနက်ဇ် ၏ တဟားဟား အော်ရယ်သံကို ကျွန်တော် ကြားနေရသည်။ ကျွန်တော့် သက်တော်စောင့် က ဆွဲထူပေး သည်။ သူတို့အားလုံး ကျွန်တော့်ကို ဝိုင်းတောင်းပန်နေကြသည်။ သူ့ကို ကျွန်တော် အသေသတ်မိမည် စိုး၍ သူတို့ ဝင်ကူရခြင်းဖြစ်ကြောင်း အကြိမ်ကြိမ် ရှင်းပြကြသည်။

သူ ကြမ်းပြင်ပေါ်တွင် ထိုင်နေ၏။ ခုတင်တိုင်ကို ကျောမှီလျက် မြင်သူငေးလောက်သည့် အလှသခင် သည် ရှုချင့်စဖွယ် မရှိတော့၊ နှာခေါင်းမှာ တစ်ဖက်သို့ ရွဲ့စောင်းနေပြီး သွေးက တစက်စက် ကျနေ သည်။ သွေးစက် တို့သည် အတားအဆီးမရှိ မေးစေ့အပေါ် မှ အင်္ကျီပေါ်သို့ စီးကျနေ၏။
သို့သော် အောင်မြင်သူ တစ်ယောက်ကဲ့သို့ ပြုံးရယ်နေ၏။ ကျွန်တော့်ခေါင်းမှ မခံမရပ်နိုင်လောင်အောင် နာ လာသည်။ စားပွဲဆီသို့ ဒယီးဒယိုင် လျှောက်သွားပြီး ဖိုင်တွဲတွေကို အိတ်ထဲသို့ ထည့်သည်။ စိတ်ထဲ တွင် ကမ္ဘာချီ၍ ကြာသည်ထင်၏။
သက်တော်စောင့် တစ်ယောက်က ကျွန်တော့်ကို လာကူသည်။ သူ့ကို ဆွဲထိုးပစ်လိုက်သည်။ ကျွန်တော် ထွက် သွားတော့ သူတို့နှစ်ယောက် မလှမ်းမကမ်းမှ လိုက်လာသည်။ သူ့ကို ကျွန်တော် ငုံ့မကြည့်ဘဲ ထွက်လာခဲ့ခြင်းဖြစ်၏။ သို့သော် စုန်းမ၏ အသံသည် ကျွန်တော့်နားထဲတွင် ကြာမြင့်စွာ ပဲ့တင်ထပ်နေသည်။

X X X

ရိက္ခာကားပေါ်တွင် မက်စ်တီဇို ကပြားကလေးနှင့် ဆုံပြန်သည်။ ကျွန်တော့်ကို တစ်ချက် ကြည့်ပြီး မျက်နှာ လွှဲသွားသည်။ ကျွန်တော့် လက်တွေတုန်နေဆဲ၊ ဦးနှောက်တွေ ဆူးဝေနေဆဲ၊ ရှက်စိတ် ကြောင့် အူထဲ အသည်း ထဲထိ ဘလောင်ဆူနေ၏။ လူတစ်ကိုယ်လုံး နွမ်းခွေနေပြီ။ ကိုယ့်ကိုယ်ကို မထိန်းနိုင်တော့။
ပီယာဘိုဒီရှေ့ရောက်လျှင် သူ ရိပ်မိမည် မုချ။ ကျွန်တော် ခံခဲ့ရပြီကို သူ တန်းသိမည်ဧကန်၊ ကျွန်တော့်ကို အထင်သေး သွားတော့မည်။ ယုံကြည်မှု လျော့ပါးသွားတော့မည်။ ဒါဆိုလျှင် ကျွန်တော် ပျိုးခဲ့သမျှ နိဒါန်းတို့ သဲထဲရေသွန် ဖြစ်ရတော့မည်။
သံရုံးဝင်း ထဲ ကားထိုးဆိုက်တော့ ကျွန်တော် ပို၍ လှုပ်လှုပ်ရှားရှား ဖြစ်သွား၏။ သို့သော် သူနှင့် မျက်နှာချင်း မဆိုင်အောင်တော့ မဟုတ်၊ သူ့အိမ်သို့ တန်းသွားသည်။ ချက်ချင်း ရေချိုးသည်။ ရေချိုး ရင်း စဉ်းစားသည်။

သူ ကျွန်တော့် ကို မစင်နှင့်ပက်တုန်းက ကျွန်တော် သည်းခံ ခွင့်လွှတ်သည်။ အင်းနက်ဇ် ဆိုသည့် ကဝေမက ကျွန်တော့် ကို စကားလုံးတွေနှင့် ပစ်ပေါက်ခြင်းကို ကျွန်တော် မခံနိုင်ခဲ့ခြင်းပါကလား၊ ရေချိုးပြီးတော့ ဧည့်ခန်းထဲ သွားထိုင် သည်။ နံရံတွင် အရက်ဗီရိုကလေးတစ်လုံး ကပ်ထားသည်။ ရွိုင်ရယ်စလို ၀ီစကီတစ်လုံး တွေ့သည်။ သူ အကြိုက်ဆုံး ၀ီစကီ၊ သူက အရက်ကို နည်းနည်း သောက်သူ၊ သို့သော် သူ့ထုံးစံအတိုင်း သူသောက်ဖို့ အရက်သည် အကောင်းဆုံး ဖြစ်ရမည်။
နည်းနည်းငှဲ့ပြီး မြည်းလိုက်သည်။ အမူးသောက်ပစ်လိုက်ချင်၏။ သို့သော် မဖြစ်သေး၊ အားနည်းချက်ကို ပြလို့ မဖြစ်သေး၊ လုပ်စရာ ရှိတာ ဆက်လုပ်ရဦးမည်။ သူ့ကို လွှမ်းမိုးနိုင်ဖို့က အရေးအကြီးဆုံး၊ နာမည်တစ်ခုရဖို့က အဓိက။ သူ ပေး ကို ပေးရမည်။ ဘာမျူဒက်ဇ်က စောင့်နေ သည်။ ကဝေမကလည်း စောင့်နေသည်။ ဖီဒယ်လ် ကလည်း စောင့်နေသည်။
သည်တစ်ပွဲ မှာ ကျွန်တော့် မအောင်မြင်လျှင် သွားပြီ။ ဘာမျူဒက်ဇ် သူရဲကောင်း ဖြစ်သွားတော့ မည်။ ကျွန်တော် တစ်သက်လုံး နာလည်ထူမည် မဟုတ်တော့။

ဝီစကီလက်ကျန်နည်းနည်း မော့လိုက်ပြီး အောင်ပွဲခံရမည်ဟု အဓိဋ္ဌာန်ပြုလိုက်သည်။ အိတ်ကို ခပ်သွက်သွက် ကောက် ယူပြီး လုံခြုံရေးရုံးခန်းဆီသို့ သုတ်ခြေတင်ခဲ့၏။
အိပ်ငိုက်နေ သည့် အစောင့်ကို သွားခွင့်ပြုလိုက်ပြီး တံခါး ဖွင့်လိုက်သည်။ ဖိုင်တွဲကို ထုတ်ယူလိုက် ၏။ ကျွန်တော့် စားပွဲရှေ့ တွင် လာရပ်တော့ ကျွန်တော် ဖိုင်တွဲကို ဖွင့်ဖတ်နေသည်။
သူ့ကို မော်ကြည့်လိုက်သည်။ မောင်းတင်ထား အလကား ဖြစ်သွားချေပြီဟု သိလိုက်၏။ သူက ကျွန်တော်ကို သိ လိုက်၏။ သူ့မျက်လုံးများထဲ စိတ်ပူသွားသည့် အရိပ်အယောင်များ တွေ့ရ၏။ ကျွန်တော့်အတွက် သူ စိတ်ပူ သည်တဲ့၊ ထိုတဒင်္ဂတွင် သူ့အပေါ် ကျွန်တော့် သဘောထားကို သိလိုက်၏။ လေးစားခြင်းထက်ပိုသော တွယ်တာမှု တစ်မျိုး၊ အဘိုး ကို ချစ်သည့်စိတ်ထက်ပိုသော ခံစားမှုတစ်မျိုး။
သည် အမေရိကန်၊ သည် အရင်းရှင်သည် ဘယ်သူနှင့်မှ မတူအောင် ကျွန်တော်နှင့် နီးကပ်နေပါပြီ လား၊ အမေက လွဲလျှင် အတွယ်တာဆုံး လို့ ပြောရမည်လား၊ ချစ်ခင်ခြင်းလည်း မဟုတ်။ ကျွန်တော့် ခံစားမှု ကို ပြောမပြတတ်တော့ ပြောလည်း မပြောချင်တော့။

"ဘာဖြစ်လာတာလဲ ဂျော်ဂျီ"
ကျွန်တော့်နာမည် ကို ပထမဆုံးသူခေါ်ခြင်း၊ မယုံနိုင်အောင် ဖြစ်သွား၏။ သူနှင့် ပို၍ပို၍ နီးစပ် သွားသလို ခံစား လိုက်ရ၏။
"သူ့ကို ကျွန်တော်သတ်ဖို့ ကြိုးစားခဲ့တယ်"
သူက ကျွန်တော့်ကို စိုက်ကြည့်နေဆဲမှ ခပ်ဖြည်းဖြည်း ၀င်ထိုင်သည်။
"မင်းကို သူဘာလုပ်သလဲ"
"မမျှော်လင့်တဲ့အဖြစ်တော့ မဟုတ်ပါဘူး၊ ကျွန်တော့်ကို ထားခဲ့ပြီး ဘာမျူဒက်ဇ်ဆီ ပါသွားပြီလေ၊ အဲဒါ သူ့အကျင့် ပါပဲ၊ သိလျက်နဲ့ ကျွန်တော်ခံရတာပါ၊ သူ့ကို သတ်မယ့်ဆဲဆဲမှာ ကျွန်တော့်ကို ၀ိုင်းဆွဲကြ တယ်၊ ကောင်မ က ပျော်လို့လေ"
သူ ခဏစဉ်းစားပြီးမှ မှတ်ချက်ချသည်။

"ပထမနေ့မှာ ဖမ်ဘိုနာ မင်းကို ပစ်မယ့်ဆဲဆဲ အခြေအနေမှာ နောက်ဆုတ်သွားတုန်းက မင်း ပျော်သလို နေမှာပေါ့"
သည်လူကြီး ကား လူ့စရိုက်ကို ထဲထဲဝင်ဝင် သိမြင် နားလည်သူကြီးပါကလား၊ ကျွန်တော့်လို၊ အင်းနက်ဇ်လို လူစားမျိုးတွေ ကိုလည်း သူ နားလည်နိုင်သည်ပဲ။ စိတ်ထဲမှာ သူ့ကို လက်မြှောက် လိုက်၏။
"အင်း ... အဲဒီ သဘောပါပဲ"
"အဲဒီလို လူမျိုးနှစ်ယောက် အဲဒီလိုဖြစ်ရင် တစ်ယောက်က ရှုံးပြီး တစ်ယောက်က နိုင်စမြဲပဲလေ"
"ဟုတ်တယ်"
"မင်း က သူ့ကို ချစ်နေတော့ မင်းရှုံးတာပေါ့"
စကားလုံး နည်းနည်းကလေးဖြင့် ပုံပေါ်သွားအောင် ပြောနိုင်သူပဲ။ သူ့ရုပ်ပုံလွှာကို စုတ်ချက် ဖြည့်လိုက်မိသည်။
"ဒါဟာ မင်း ရဲ့ ပထမဆုံး အရေးနိမ့်တဲ့ပွဲ မဟုတ်လား၊ မင်းက တိုက်တိုင်းအောင် ဆိုတော့ ဒီအဖြစ်မျိုးကို လုံးဝ မမျှော်လင့် ဘူး မဟုတ်လား၊ မင်းကိုယ်မင်းသာ မှန်တယ် မြင့်တဲ့ လူလို့ တွက်ထားတယ် မဟုတ်လား"
ငှက်ပျောသီး အခွံနွှာသလို တစ်လွှာချင်း ခွာချပြနေ၏။ ကျွန်တော် မလှုပ်နိုင်တော့၊ တဖြည်းဖြည်း သူ့အသံ နူးညံပျော့ပျောင်း လာ၏။

ကျွန်တော်သည် အလိုလို နေရင်း ကလေးလေး ဖြစ်သွား၏။
"ဒီမယ် ဂျော်ဂျီ၊ ဘုရား သိကြားမ တာပဲ အောက်မေ့တော့ သိလား၊ မင်းဘ၀ဟာ ဒီအတိုင်း ဆက်သွားနေရင် စက်ရုပ်ဖြစ် သွားလိမ့်မယ်၊ ငါ့လိုပဲလေ၊ အဲဒီစုန်းမက မင်းရဲ့ အတ္တကို နင်းခြေ ဖျက်ဆီးပစ်လိုက်တယ်၊ အဲဒီအကြောင်း ကိုလဲ မင်းသိအောင် သူ လုပ်လိုက်တယ်ဆိုရင် မင်း သူ့ကို ကျေးဇူးတင်ရမှာ၊ သူဟာ မင်းရဲ့ ဆပ် မကုန်နိုင်တဲ့ ကျေးဇူးရှင်ပဲ၊ ဘာဖြစ်လို့လဲ သိလား၊ သူ့ကြောင့် ကျောက်ဆစ်ရုပ်ကနေ မင်း လူပြန်ဖြစ်လာတာ"
ကျွန်တော် လုံးဝ မတွေးမိသည့် ရှုထောင့်မှ သူရှုမြင် သုံးသပ်နေခြင်း ဖြစ်၏။ သူပြောသမျှကို သံသယ ဖြစ်စရာ မရှိပါ။ သူနှင့် စကားတွေ ဆက်ပြောချင်သည်။ သူ ပြောသမျှ နားထောင်ချင် သည်။ ဘယ်တုန်းကမှ မမြင်ဖူးသည့် အလင်းတန်း များ တွေ့လာနိုင်သည် မဟုတ်လား။
တိရစ္ဆာန်နှင့် တူသော လူမ တစ်ယောက်ကို ချစ်ရသည်ထက် ပို၍ မြင့်မြတ်သည့် သန့်ရှင်းသော အချစ်မျိုးကို သူညွန်ကောင်း ညွှန်နိုင်မည်၊ အကောင်းဆုံးဟု ထင်သော အရာတိုင်း အကောင်းဆုံး ဖြစ်မလာနိုင်ကြောင်း နားလည်အောင် သူ ပြောကောင်း ပြောနိုင်လိမ့်မည်။

သို့သော် အခြေအနေရ ကျွန်တော် သည်အဖြစ်မျိုးအရောက် မခံနိုင်သေးပါ။ သူ့ဘက် ကို မြားဦး ပြန်လှည့်ရပါဦးမယ်။
ကြိုးစားပြီး အသံကို အေးစက်စက်ဖြစ်အာင် လုပ်လိုက်တယ်။
မစ္စတာ ပီယာဘိုဒီ၊ ကျွန်တော့ကိစ္စက အရေးမကြီးပါဘူး။ ဘေးဖယ် ထားလိုက်ကြရအောင်ပါ၊ ကျွန်တော် တို့ နှစ်ယောက်စလုံး စိတ်လှုပ်ရှား ဘေးချော်ထွက်သွားကြတယ်။ အခြေအနေတွေ တစ်မျိုး ပြောင်းသွားပြီ၊ အဲဒီနာမည် ခင်ဗျားပေးဖို့က ခင်ဗျားအတွက်ရော ကျွန်တော့်အတွက်ပါ သေရေး ရှင်ရေး အရေးကြီးလာပြီ"
အလွန့်အလွန် တည်ငြိမ်စွာဖြင့် အခိုင်အမာ သူပြန်ပြောသည်။
ဘယ်လို အခြေအနေမျိုးမှာ ဘာကြီးဖြစ်ဖြစ်၊ အဲဒါတော့ ငါမလုပ်နိုင်ဘူး"
သူ့ကို မကြည့်ရက်သလို ဖြစ်လာသည်။ ဖိုင်တွဲကို သူနှင့် ကျွန်တော်၏ ရှေ့တည့်တည့်တွင် ချထား လိုက်သည်။

"ဒီမယ် ... မစ္စတာပီယာဘိုဒီ၊ ခင်ဗျား သူ့နာမည်သိတယ်၊ တခြား နာမည်တွေကိုလဲ သိတယ်၊ ဘာဖြစ်လို့လဲ ဆိုတော့ စီအိုင်အေက ခင်ဗျား ညွှန်ကြားချက်အတိုင်း လုပ်နေတယ် မဟုတ်လား၊ ခင်ဗျား ကျွန်တော်တို့နိုင်ငံနဲ့ ကျွန်တော်တို့ ခေါင်းဆောင် ကို မုန်းတီးနေတာ ဆယ်နှစ်ကျော်ပြီ။ အဲဒီ မုန်းတီးစိတ်ဟာ အဖြစ်အပျက် တစ်ခုကြောင့် ပေါ်လာရတာ အဲဒီ အဖြစ်အပျက်ဟာ တကယ့် တကယ် ဘယ်တုန်းကမှ မသိခဲ့ဘူး"
ကျွန်တော် သူ့ ကို အကဲခတ်သည်။ သူ ရှုပ်ထွေးသွားပုံရ၏။
"ဘယ်တုန်းကမှ မဖြစ်ခဲ့ဘူး၊ ဟုတ်လား"
"ဟုတ်တယ်၊ အင်ပါရိုဖလာရက်စ်ဆိုတဲ့ ကောင်မလေးဟာ လွန်ခဲ့တဲ့ အနှစ်နှစ်ဆယ်လောက် က ထောင်ထဲ မှာ သေဆုံးသွားတယ်ဆိုတာ မဟုတ်ဘူး၊ မနှစ်ကမှ အကောင်းဆုံး ကျူးဘား ဆေးရုံ တစ်ရုံမှာ ကွယ်လွန် သွားတာ၊ သူ့ရောဂါအကြောင်း ကျွန်တော် ပြောရမလား၊ သာမန် တွေးတွေးမြော်မြင်မှုထက် လွန်ကဲတဲ့ အခါ ဖြစ်တတ် တဲ့ ဦးနှောက်ကြောပိတ် ရောဂါပဲ"
အခန်းထဲတွင် ရုတ်ခြည်းတိတ်ဆိတ် ငြိမ်သက်သွားသဖြင့် အခြေအနေအားလုံး တဒင်္ဂ အတွင်း ပြောင်းလဲ သွားခြင်းဖြစ်၏။ ကျွန်တော်တို့နှစ်ယောက်၏ ဆက်ဆံရေးသည် ရုတ်ခြည်း ပြိုကျပျက်စီး သွားသည်။ နောက်ဆုံး သူ့အသံကို ကျွန်တော်ကြားလိုက်၏။

"အဲဒါ လိမ်တာ၊ သောက်သုံးမကျတဲ့နည်းနဲ့ လိမ်တာသည်နေရာတွင် မဆိုသလောက် မုသားလေး ထည့်ဖို့တော့ လိုအပ်လာသည်။ သူ လွယ်လွယ်နှင့်တော့ ယုံမည်မဟုတ်။ အတိတ်၏အရိပ်က လိမ်တာညာတာဟု ဆူညံစွာအော်ဟစ်နေ လိမ့်မည်။ သို့သော် ကျွန်တော် ရှေ့တစ်လှမ်း တိုးစရာ ရှိသေးသည်။ သည်တစ်လှမ်းက အဖြေမှန် ရမယ့် ခြေလှမ်း။
တကယ့်ကို စိတ်မကောင်းသည့် လေသံဖြင့် ကျွန်တော်သူ့ကို ပြောလိုက်သည်။

"ဟာဗာနာတက္ကသိုလ်ကို သူရောက်ပြီး တစ်လအကြာမှာ အင်ပါရို ကျေကျေပွန်ပွန် ထမ်းဆောင်နိုင် ခဲ့တယ်၊ သူ့ကို ဒုတိယအကြိမ် ပေးတဲ့တာဝန်က ဘာလဲခင်ဗျား သိလား၊ အမေရိကန် သံရုံး က နိုင်ငံရေးစစ်သံမှူး ကို နောက်ထပ် သွေးဆောင်ပြီး တော်လှန်ရေး အတွက် သတင်းတွေယူဖို့ပဲ"
သူခေါင်းယမ်းသည်။ သူ့မျက်လုံးများတွင် နားမလည်ခြင်းနှင့် စိတ်ရှုတ်ထွေးခြင်းများကို တွေ့ရ သည်။ ကျွန်တော် ပစ်လိုက်သည့် မြားကြောင့် သူဆောက်တည်ရာမရ ဖြစ်သွားသည့် ပုံစံမျိုး။ စင်စစ် ကျွန်တော့်မုသားကြောင့်သာ သူ လှုပ်လှုပ်ရှားရှား ဖြစ်သွားခြင်း။ သူနှင့်ကျွန်တော်သည် နှစ်ကိုယ့် တစ်စိတ် ဖြစ်နေပြီ။ သည်လောက် အောက်တန်း ကျသည့် ခပ်လွယ်လွယ် အကွက်ဆင်မှုမျိုးအား မည်သို့ ကျွန်တော်တည်ဆောက် သည်ကို သူမေးခွန်း ထုတ် ရမည်။ သူတုံမိဘာဝေ နေသည့်အခါ ကျွန်တော်က လေးနက်စွာ စဉ်းစားနေဟန်ဖြင့် ဖိုင်တွဲ ကို လက်နဲ့ပုတ်ပြီး .....
"အဲဒီမှာ ခင်ဗျားဟာ ကျူးဘားနိုင်ငံအတွက် ရေကန်အသင့် ကြာအသင့် ဖြစ်လာတယ်၊ အဲဒီမိန်း ကလေးကို ခင်ဗျား နှစ်နှစ်ကာကာ ချစ်သွားတယ်"
ကျွန်တော့် လက်ချောင်းကလေးများက ဖိုင်တွဲကို ဆက်ခေါက်နေသည်။

"အမေရိကန် နိုင်ငံခြားရေးဝါဒကို အင်ပါရို ခင်ဗျားဆီက အများကြီး ရသွားတယ်၊ ခင်ဗျားဆီက ချူစရာတွေ ရှိနေသေးတော့ သူက ခင်ဗျားကို လက်ထပ်မယ်လို့ ကတိပေးလိုက်တယ်၊ ရုတ်တရက် ကတ်စထရိုရဲ့ လက်ထဲကို အာဏာကျသွားတော့ အင်ပါရိုဘ၀ဟာ လှောင်အိမ်ကလွှတ်တဲ့ ငှက်မ လးတစ်ကောင်လို လွတ်လပ် သွားတယ်၊ ဒါပေမယ့် ကတ်စထရိုရဲ့ အစီအစဉ်က ခင်ဗျားတို့ဇာတ် လမ်းကို မဆုံးစေချင်ဘူး၊ တိုင်းပြည်အတွက် တာဝန်ကို ဆက်ယူဖို့ မိန်းကလေးကို ကတ်စရို စည်းရုံးတယ်၊ နောက်ဆုံးခင်ဗျားကို လက်ထပ်ဖို့အထိ သူတိုက်တွန်းတယ်၊ ခင်ဗျားဆီက သတင်း တွေရဖို့က သူ့အတွက်က အဓိကလေ၊ အဲဒီတာဝန်ကိုလဲ သူ တစ်လလောက် ဆက်ယူတယ်...

 "သူ့အတွက် သိပ်ပြီး အန္တရာယ်များလာတဲ့ အချိန်မှာရောလ်ကိုမက်ဇ်နဲ့ သူတွေ့တယ်၊ ရောလ်က ကတ်စထရိုနဲ့ အတူ လိုက်လာတဲ့ တော်လှန်ရေးရဲဘော်လေ၊ သူတို့နှစ်ယောက်ချစ်သွားကြတယ်၊ သူ့နာမည်ကို ခင်ဗျား ကြားဖူးမှာပါ၊ အခုစိုက်ပျိုးရေးဒု-ုဝန်ကြီးလေ၊ အဲဒီမှာ အင်ပါရိုကို တော်လှန် ရေး သစ္စာဖောက်အဖြစ်နဲ့ ဖမ်းလိုက်ပြီ လို့ ကြေညာတယ်၊ ပြီးတော့ ထောင် ထဲမှာ သေသွားပြီိလို့ နောက်ထပ်ကြေညာတယ်၊ အမှန်က သူ့နာမည်နဲ့ သူ့မှတ်ပုံတင် ကို လုံးဝပြောင်းပစ်တာ၊ သူနဲ့ ကိုမက်ဇ် လူမသိသူမသိ လကိထပ်လိုက်ကြတယ်၊ အဲဒီကာလတွေ မှာ ခင်ဗျား ရူးမတတ် ခံစား မယ်ဆိုတာ တွေးကြည့်လို့ ရတယ်လေ၊ တစ်ပြိုင်တည်းမှာ ခင်ဗျားကို အမေရိကန် ပြန်ခေါ် လိုက်ကြ တယ်"
ပီယာဘိုဒီ သည် မုတ်ဆိတ်ရှည်နှင့် ကျောက်ဆစ်ရုပ်တစ်ခုလို ကုလားထိုင်တွင် အရုပ်ကြိုးပြတ် ထိုင်နေသည်။ ကျွန်တော် က ခဏနားပြီး သူ့တုံ့ပြန်မှုကို စောင့်ကြည့်နေသည်။ သူ့အတွက် အချိန်ပေးရမည် မဟုတ်လား။ ဇဝေဇ၀ါပုံစံဖြင့် သူတုံ့ပြန်သည်။

"မင်းအဲဒါတွေ ငါ့ကို ပြောဖို့မသင့်ဘူး၊ အထူးသဖြင့် မင်းအနေနဲ့ မပြောရဘူး၊ တော်တော့"
အတတ်ပညာပိုင်း အရ ကျွန်တော့ဦးနှောက်က သုံးစရာအနည်းငယ် ကျန်နေသေးသည်။ ကျန်တာ တွေ ထုတ်ပြောဖို့ ကတော့ ရင်နာစရာ ကောင်းလှသည်။ ဖိုင်တွဲကို လက်နှင့်ခေါက်ရင်း အမှန်တရား အချို့ ကို ထုတ်ပြော မိ၏။
"ကျောင်းတစ်ကျောင်း မှာ သူကျောင်းဆရာမ ၀င်လုပ်တယ်၊ ၆၃ခုနှစ်မှာ သားတစ်ယောက် မွေးတယ်၊ သူ့ကို ကျွန်တော် ကောင်းကောင်း သိလိုက်တယ်၊ ၆၆-ခုနှစ်မှာ သမီးတစ်ယောက် ထပ်ရ တယ်၊ နာမည်က ပီလာတဲ့၊ သူကကျောင်းဆရာမ ပဲ၊ ကျွန်တော် ကောင်းကောင်းမှတ်မိတယ်"
သူသည် ပါးစပ်ဟလိုက်၊ စေ့လိုက်နှင့် အသက်ကို အနိုင်နိုင်ရှုနေရသည်။ ပြီးမှ ခေါင်းယမ်းသည်။

"မင်းဘာဖြစ်လို့ အဓိပ္ပာယ်မရှိတာတွေ လျှောက်ပြောနေတာလဲ ဂျော်ဂျီ၊ အကြောင်းထူးလာမယ် ထင်လို့လား သူ့ကို ဘာဖြစ် လို့ မင်းကိစ္စထဲ ဆွဲထည့်လာတာလဲ၊ မင်းလိုချင်တဲ့ ကိစ္စနဲ့ သူနဲ့ မတန်ဘူး"
ကျွန်တော်စောင့်နေ သည့် အချိန်ကို နောက်ဆုံးတော့ရောက်လာပြီ။ တစ်ပါးတည်း ၀တ်ရုံနက်နှင့် မိစ္ဆာ၀ိညာဉ် များ ကပ်ပါလာဘိသို့ရှိ၏။ ဖိုင်တွဲကိုလှန်ပြီး ရှစ်ျလက်မ၊ ဆယ်လက်မအရွယ် ဓာတ်ပုံ တစ်ထပ်ထုတ်ယူ လိုက်သည်။ ပထမတစ်ပုံကို သူ့ရှေ့သို့ ထိုးပေးလိုက်၏။ အင်ပါဖလောရက်စ်၊ အသက် နှစ်ဆယ့်ခုနှစ်နှစ် အရွယ်က ပုံကုလားထိုင်တွင်ထိုင်ပြီး ကင်မရာကိုကြည့်ပြီး ပြုံးနေသည်။ ကုလားထိုင်နံဘေးတွင် သုံးနှစ်အရွယ် ကလေးတစ်ယောက်လိုက်ပြီး သူ့လက်မောင်းကို ကိုင်ထား သည်။ ဓာတ်ပုံ ထပ်ထုတ် ပေးလိုက်သည်။ အသက် သုံးဆယ့်ကိုးနှစ်အရွယ် က အင်ပါရိုဖလော ရက်စ်၏ လူပျိုပေါက်အရွယ် သားဖြစ်သူကို ဂုစ်ယူစွာပြုံးကြည့်နေ သည့်ပုံ၊ သားဖြစ်သူက ဆုရထား သည့် ငွေဖလားကိုကိုင်လျက်။

သူကြက်သေသေပြီး ငိုင်နေသည်။ သို့သော် သူ့ဝေဒနာကို အပြင်ကပင် မြင်နေရ၏။ နောက်ဆုံးပုံကို ခပ်ဖြည်းဖြည်း ကလေး သူ့ရှေ့ချလိုက်သည်။ အသက် လေးဆယ့်ငါးနှစ်အရွယ်က  အင်ပါရိုဖလောရက်စ်ပုံ၊ စားသောက် ဆိုင် တစ်ဆိုင် တွင် အဖြူရောင်ဝတ်စုံကိုဝတ်ပြီး ထိုင်နေသည်။ ဆံထုံးကို မြင့်မြင့်ထုံးလျက် ထူးထူးခြားခြား လှနေ ဆဲ၊ မိန်းမကျက် သရေဖြင့် တင့်တယ်နေဆဲ။
ခင်ပွန်းဖြစ်သူ ရောလ်ကိုမက်ဇ်က သူ့ဘယ်ဘက်တွင် ရပ်လျက်။ ညာဘက်မှ ဖီဒယ်လ် ကတ်စထရို က သူ့ကို အမြတ်တနိုး ငေးကြည့်နေ၏။
ယခုထိ သူ့နှုတ်မှ စကားတစ်ခွန်းမှ မထွက်သေး။ ကျွန်တော် စောင့်စားနေသည့် အချိန်သို့ ရောက်ပြီ ထင်၏။ သူ့ကြည့်ရသည် မှာ အသက်ရှိလျက်နှင့် သေနေသူနှင့် တူနေ၏။ သေနေသူ မဟုတ်လျှင် လှုပ်လှုပ် ရှားရှား ဆောက်တည်ရာ မရ ဖြစ်နေရမည့်အချိန်။
သူ၏ တိတ်ဆိတ်မှု တံတိုင်း ကို ကျွန်တော် ဖြိုချရမည်။ အသံကို အနိမ့်ဆုံးထားပြီး ကျွန်တော် စကားစသည်။

"အဲဒီပုံတွေဟာ တစ်ခုမှ အကြံအဖန် မပါဘူး၊ အားလုံး အစစ်တွေပဲ ဂျာဆင်"
သူ့ရှေ့ နာမည်ကို ခေါ်ပြီး ကျွန်တော် တရင်းတနှီး ပြေးလိုက်သည်။
"သူ့မျက်နှာ နဲ့ အမူအရာကို ဘယ်ဓာတ်ပုံပညာနဲ့မှ ထုတ်လို့ မရနိုင်ပါဘူးဗျာ၊ ကဲ ... ကျွန်တော်တို့ သူ့ကို မသတ်ဘူး ဆိုတာ ရှင်းပြီလား၊ ဒါဆို ခင်ဗျားရဲ့ အယူအဆတွေဟာ မမှန်တဲ့ အခြေခံပေါ်မှာ တည်ဆောက် ခဲ့တာပေါ့၊ မဟုတ်ဘူးလား"
ယခုထိ သူ့မျက်နှာတွင် လှုပ်ရှားမှု မရှိသေး၊ သို့သော် မျက်လုံးအစုံက ဓာတ်ပုံတွေပေါ်တွင် စိုက်လျက်၊ တစ်သက် တွင် တစ်ခါသာ ဖြစ်ပေါ်ဖူးသည့် အချစ်မျိုးဖြင့် ချစ်ခဲ့သည့် မိန်းကလေး။ သည်မိန်းကလေးအတွက် တစ်ချိန်လုံး မငိုသော ရှိုက်သံဖြင့် ငိုကြွေးခဲ့ရ၏။ သောက ရောက်ခဲ့ရ၏။
အလွန် စိုးရိမ်စရာ ကောင်းသည့် တိတ်ဆိတ်ခြင်းမျိုးဖြင့် တိတ်ဆိတ်နေသည့်တဒင်္ဂ ကျွန်တော် အသက်မရှူရဲ။ စကားတစ်ခွန်း မှ မဟရဲ၊ ရှိုက်သံတစ်ချက် ကြားလိုက်သည်။ ပြီးတော့ နောက်တစ်ချက်၊ ပြီးမှ ဖြည်းဖြည်းချင်း ပခုံးနှစ်ဖက် လှုပ်ရှား လာသည်။ ဓာတ်ပုံပေါ်သို့ မျက်ရည် တပေါက်ပေါက် ကျလာသည်။

ခေါင်းငိုက်စိုက် ကျသွား၏။ နောက်ဆုံးတွင်မှ ရှိုက်ကြီးတငင် ငိုချလိုက်သည်။ ကျွန်တော် နိုင်ပြီ၊ ကျွန်တော် ပြောသမျှ အားလုံး ကို သူ ယုံယုံကြည်ကြည် လက်ခံသွားပြီ။ နှစ်ပေါင်းများစွာ မျက်ရည် ခန်းခြောက်နေ သည့် ပုဂ္ဂိုလ်၊ နှစ်ပေါင်းများစွာ ခံစားမှု တံခါးကို အသေပိတ်ထာသူ ခုတော့ ရေကာတာ ကျိုး သလို ပေါက်ကွဲလေပြီ။
သည့်အတွက် တက်ကြွခြင်းမရှိဘဲ ရင်ထဲတွင် ပေါ့သွားသလို ခံစားရ၏။ သူ့ကို ကျွန်တော် ဖေးမရ တော့မည်။ အကူအညီ ပေးရတော့ မည်။
သူ့ဝေဒနာ ကို သက်သာရာ သက်သာကြောင်း ကျွန်တော် လုပ်ပေးရမည်။ သို့သော် ဒါကို ကျွန်တော် မကြည့်နိုင်သေး၊ ကျွန်တော့်ကိစ္စ ကျွန်တော် ဦးစားပေးပြီး အပြတ်လုပ်မည်။ သူ အငို တိတ်သွားပြိ။ ဓာတ်ပုံပေါ် တွင် ပါးအပ်ကာ ဦးခေါင်းပေါ်ကို လက်တစ်ဖက် တင်ထား၏။
ကျွန်တော် ထပ်ပြောလိုကသ်ည။

"ဂျာဆင်၊ ခင်ဗျားဟာ မမှန်တဲ့ အခြေခံပေါ်မှာ ရပ်ပြီး ကောက်ချက်တွေဆွဲခဲ့တာပဲ၊ ဒါကြောင့် ခင်ဗျားရဲ့ ယုတ္တိဗေဒ အဖြေတွေမှာ အမုန်းတရားတွေ ဖုံးလွှမ်းနေခဲ့တယ်၊ ပြီးသွားပြီ။ အဖြစ်မှန်ကို ခင်ဗျားသိသွားပြီ၊ ခင်ဗျားအဖြစ်ဆို ကြည့်ပြီး ကျွန်တော် အရမ်းတုန်လှုပ်သွားတယ်၊ ခင်ဗျားဟာ ကာလရှည်ကြီး တစ်လျှောက်လုံး မှားယွင်းတဲ့ အတွေး ကမ္ဘာထဲမှာ နစ်နေခဲ့တယ်၊ အဲဒီကာလ ခုမှ ဆုံးသွားတာ သူ့တံတောင်ဆစ်ကို ကျွန်တော် ကိုင် လိုက်သည်။
"အမှန်တရား ကို ခင်ဗျားတွေ့ပြီးတဲ့နောက် ခင်ဗျားဘ၀မှန်ထဲကို ပြန်ရောက်လာပြီပေါ့၊ ဂျာဆင်၊ လွန်ခဲ့တဲ့ နှစ်ပေါင်းသုံးဆယ်သုံးလုံး ခင်ဗျား ဘာဖြစ်နေခဲ့တယ်၊ ဘာတွေလုပ်တော့ ကြိုးစားခဲ့တယ် ဆိုတာတွေ ပြန် စဉ်းစားပေါ့ဗျာ၊ ကျွန်တော့်ကို အဲဒီနာမည်ကို ပေးပါတော့ဗျာ၊ အန်ထုတ်လိုက်ပါ တော့"
သူ ခေါင်းမော့ လာသည်။ မုတ်ဆိတ်ရှည်ကြီးနှင့် အရိုးပဒေသာကို ငုံ့ကြည့်နေ၏။ ကျူဘီလက်စ် တုန်းကလည်း သည့် အတိုင်းပင်။ နောက်ဆုံး ကျွန်တော့်ရှေ့တွင် ထုတ်ဖော် ၀န်ခံရသည်သာ။ တုန်တုန်ယင်ယင်နှင့် ထွက်လာ မည့် အသံကိုသာ ကျွန်တော် စောင့်နေသည်။

ခပ်တိုးတိုးကလေး သူ့အသံ ထွက်လာသည်။ သို့သော် တုန်တုန်ယင်ယင် မဟုတ်။ တည်ငြိမ်စွာဖြင့် ...
"ဂျော်ဂျီ၊ ငါ့အတွေးအခေါ်တွေ ဘယ်လောက်မှားနေ မှားနေ၊ ငါဘာတွေ လုပ်ခဲ့လုပ်ခဲ့ အဲဒီနာမည် ကို ဘယ်တော့မှ မပေးဘူး၊ နာမည်တွေ အားလုံး သိတယ်၊ ဒါပေမယ့် သူတို့ ငါ့ကြောင့် ဒုက္ခ မရောက်စေရဘူး၊ ကိုယ့်တိုင်းပြည် ကိုလဲ ကိုယ်သစ္စာ မဖောက်ဘူး၊ အမှားပေါ်မှာ ရပ်တည်ပြီး မှားခဲ့တာတွေ ရှိမယ်။ ကိုယ့်တိုင်းပြည် အနေ နဲ့လဲ မှားတာတွေ ရှိချင်ရှိမယ်၊ ဒါပေမယ့် အမေရိကန် လျှောက်တဲ့ လမ်းဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး လမ်းပဲ၊ ဒါကြောင့် ဘယ်တော့မှ ကိုယ့်တိုင်းပြည် ကို သစ္စာမဖောက်ဘူး၊ စိတ်ချ အံ့သြစရာ ကောင်းလှသည်။ ဆောက်တည်ရာမရ ခံစားနေရသည့် လူတစ်ယောက်ဆီမှ ထွက်လာသည့် စကားလုံး များ၊ ဘယ်လောက်ခိုင်မာ ပြတ်သားလိုက်ပါသလဲ၊ ကျွန်တော်သည် သည်းခံနိုင်စွမ်း ကုန်ဆုံးသွားဘိ သို့ ရှိ၏။ အရိုးခေါင်းနှင့် တူနေသည့် သူ့မျက်နှာ တည့်တည့်ကို ကျွန်တော် အော်ထည့်လိုက်သည်။

"ခင်ဗျားဟာ တော်တော်တုံးတဲ့လူပဲ၊ တော်တော်အတဲ့လူပဲ၊ ဘာမှ အသုံးမကျတဲ့ အမေရိကန်"
ကျွန်တော် ဒေါသထန်နေသလောက် သူက တည်ငြိမ်နေ၏။
"အဘိဓာန်တစ်ခု ထဲမှာ အ သည်ဆိုတဲ့ ကြိယာကို ဆွံ့အခြင်း၊ ဆိတ်ငြိမ်ခြင်းလို့ အဓိပ္ပာယ်ဖွင့် ထားတယ်၊ ဒါကြောင့် ကိုယ့်တိုင်းပြည် အတွက် ကိုယ် အ နေမယ်၊ အဲဒီအတွက်လဲ ကိုယ် ဂုဏ်ယူ တယ်"

ဆက်ရန်
.

1 comment:

Anonymous said...

နေ့တိုင်း စောင့်ဖတ်နေတယ် အမရေ
ကျေးဇူးပါ