Wednesday, November 14, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၂၄) ဇာတ်သိမ်း

"အုပ်စု အားလုံးနားထောင်၊ ရဟတ်ယာဉ်ဆင်းမယ့်နေရာကို မီးကျည်ထွန်းတော့၊ ဗိုလ်ကြီး မွန်ကာဒါ၊ တို့လူတွေ ကို အဆင်သင့်ဖြစ်အောင်လုပ်ထား၊ ရဟတ်ယာဉ်ဆင်းတာနဲ့ အပြင်ကိုခေါ်ထုတ်၊ အမျိုးသမီး တွေ ပထမ တက်ပစေ၊ ဒုတိယအမျိုးသားတွေ၊ တတိယ သံရုံးရဲဘော်တွေ၊ သွေးစုပ် ဖုတ်ကောင်တွေ အားလုံး အသင့်အနေအထား နဲ့ နေရာယူထား၊ သံအမတ်ကြီး ကို ငါကိုယ်တိုင် ယူခဲ့မယ်၊ လုံးဝသတိ မလစ်စေနဲ့၊ နစ်မစ်ဇ်ပေါ် ကိုရောက် မှ အိမ်ပြန်ရောက်တယ်လို့ မှတ်ကြ"
ရေဒီယိုခလုတ် ပိတ်လိုက်တယ်။ ခုမှ သက်ပြင်းချနိုင်တော့တယ်လေ၊ ကျုပ် လူဆီ အမြန်လစ်မှ။
ကို ဆက်ဖတ်ရန် .. ..

ပီယာဘိုဒီ
စန်ကာလို
(၂၀-ရက်မြောက်နေ့ည)


ကျွန်တော့်မျက်နှာပေါ်တွင် ဧရာမ မျက်နှာမည်းမည်းကြီးတစ်ခု ပြန်ပေါ်လာပြန်သည်။ ချွေးတွေနှင့် မည်းပြောင် လျက် နောက်ထပ် အိပ်မက်တစ်ခုလား၊ တကယ့်အဖြစ်အပျက်လား ကျွန်တော် သတိမရ တစ်ချက်၊ ရ တစ်ချက် ဖြစ်နေ၏။ မိုးထဲလေထဲ မုန်တိုင်းထဲတွင် အိပ်ပျော်နေသည့်အလား သူ စကားစ ပြောသည်။
"ကျွန်တော် တောင်းပန်ပါတယ် သံအမတ်ကြီး ခင်ဗျား၊ ထင်တာထက် ပိုကြာသွားတယ်၊ ကျန်တဲ့သုံ့ပန်း တွေ အကုန်နေကောင်း ကြတယ် ခင်ဗျ၊ ကျွန်တော် သံအမတ်ကြီးကို ခေါ်ရအောင် လာတာ"
သူ့ တစ်ကိုယ်လုံး မည်းနေသည်။ ဘာကြောင့် သည်လောက်မည်းတာပါလိမ့်၊ ဦးထုပ်အမည်း၊ အဝတ် အမည်း၊ ထူးထူးဆန်းဆန်း ပုံသဏ္ဌာန်ရှိတဲ့ မျက်မှန်ကလည်း အမည်း။ ထိုစဉ် နောက်ဘက်မှ အသံတစ် သံ ကြားလိုက် သည်။

"ရဟတ်ယာဉ်ရောက်လာပါပြီ ဗိုလ်မှူးကြီးခင်ဗျား၊ အမျိုးသမီးတွေ တက်နေပါပြီ"
အမျိုးသမီးတွေ တက်နေသည်ဆိုပါလား၊ ဒါဆို တကယ့် အဖြစ်အပျက်ပေါ့။
"သံအမတ်ကြီး ခင်ဗျား၊ ကျွန်တော့်ကို ပွေ့ယူခွင့်ပြုပါ၊ နည်းနည်းနာရင် သည်းခံပါ၊ မိနစ်ပိုင်းအတွင်း နစ်မစ်ဇ်ပေါ် ကို ရောက်မှာပါ၊ ဟိုရောက်ရင် အားလုံး အဆင်ပြေသွားမှာပါ"
အား... နစ်မစ်ဇ် ဆိုပါလား၊ နာမည်ကျော် နစ်မစ်ဇ် အကောင်းဆုံးသင်္ဘောကြီး။
သူ ကျွန်တော့် ကို ပွေ့ယူသည်။
သူ ပြောသည့်အတိုင်း နာသည်။ သို့သော် ချိုမြိန်သော နာကျင်ခြင်းမျိုး။
နာကျင်ခြင်း အကြောင်းကို ကျွန်တော် ကောင်းကောင်းသိပြီ။ သူ့ရင်ခွင်ထဲတွင် ကလေးတစ်ယောက်လို ကျွန်တော်ပါ သွားသည်။ သူ့ပခုံးကို ခေါင်းမှီထားလိုက်သည်။
စကားပြော ဖို့ ကျွန်တော် ကြိုးစားသည်။ သို့သော် အသံတော်တော်နှင့် ထွက်မလာ၊ သူ့နားရွက် မည်း မည်းကြီး ကျွန်တော့် မျက်နှာနား ကပ်လာသည်။

"မင်းနာမည် ဘယ်သူလဲ"
"ဆလိုကမ် ပါ၊ အမေရိကန် ပြည်ထောင်စု လေတပ်မတော်က ဗိုလ်မှူးကြီး ဆိုက်လက်စ် ဆလိုကမ်ပါ"
အလွန့်အလွန် ညင်သာစွာဖြင့် သူ ကျွန်တော့်ကို ပွေ့ချီသည်။ ကျွန်တော် တစ်ခုခုပြောချင်သေးသည်။ လည်ချောင်း က မခံမရပ်နိုင်အောင် နာကျင်နေ၏။ သို့သော် ကျွန်တော် မပြောဘဲ မနေနိုင်။
"ဗိုလ်မှူးကြီး"
မျက်နှာနားကပ်ပြီး သူ နားစွင့်ပြန်၏။
"ကျွန်တော့် ကို မထား... မထားခဲ့ပါနဲ့၊ ကျွန်တော်နဲ့ နေပါ"
အသံတွေ ဆူညံနေသည်။ စကားပြောသံတွေ၊ ရဟတ်ယာဉ်စက်သံတွေ၊ သူ့အသံကို သဲသဲကလေး ကြား ရသည်။ မျက်နှာများစွာ တို့ ကျွန်တော့်ကို ငုံ့ကြည့်နေကြ၏။
"စိတ်ချပါ သံအမတ်ကြီး ခင်ဗျား၊ ခင်ဗျားဟာ ကျွန်တော့်သူငယ်ချင်းပါ၊ မထားခဲ့ပါဘူး"
ရင်ထဲ တွင် အေးသွား၏။ ငြိမ်းချမ်းစွာ ကျွန်တော် သတိလစ်သွားလေသည်။

ကျွန်တော် ပြန်သတိရလာသည်။ ဝတ်ရုံဖြူ၊ နားကြပ်နှင့် ဆေးထိုးအပ်ကို ကျွန်တော် မြင်လိုက်သည်။ လည်ချောင်း ကွဲမတတ် အော်သံကို ကျွန်တော် ပြန်ကြားလိုက်၏။ မျက်နှာတစ်ခု အလန့် တကြား နောက်ပြန်ဆုတ် သွားသည်။ ဒေါသတကြီး အသံတစ်သံ ကြားလိုက်၏။
"ဟာ... သေတော့မှာပဲ၊ မင်း ငတုံးပဲ၊ ခဏနေဦး"
လူမည်းကြီး ဆလိုကမ်သည် ကျွန်တော့်ကိုယ်ပေါ်သို့ ကိုင်းလာပြန်သည်။ အကြင်နာမျက်လုံးများဖြင့် ကျွန်တော့် လက်တွေ ကို အညင်အသာ ဆုပ်ယူလိုက်သည်။
"သံအမတ်ကြီး ခင်ဗျား၊ သူက တစ်ယောက်ပါ။ နစ်မစ်ဇ်ပေါ်က ဆရာဝန်ပါ၊ ဟိုကောင်သေပြီလေ သေ ပြီ၊ ကျွန်တော် ကိုယ်တိုင် သတ်လိုက်တာလေ၊ ဒါက ကျွန်တော်တို့ဆရာဝန်။ သံအမတ်ကြီးကို ဆေးထိုး ပေးမလို့၊ ဒါမှ နေကောင်းလာမှာလေ"
သူ တစ်ဖက်သို့ လှည့်ပြီး တစ်စုံတစ်ခု ပြောသည်။ ကျွန်တော် ခပ်သဲ့သဲ့ကြားနေရ၏။

"မင်း အဲဒီအင်္ကျီအဖြူ ကို ချွတ်ပစ်လိုက်၊ မင်းတို့အားလုံး ချွတ်၊ ဒီနားကို အင်္ကျီဖြူနဲ့ ဘယ်သူမှမလာရဘူး လို့၊ ဒီနား ကို ဝတ်စုံဖြူနဲ့လာရင် အဲဒီခွေးသားကို ငါကိုယ်တိုင် သတ်ပစ်မယ်"
ကျွန်တော့်ဘက် သို့ လှည့်လာတော့ သူ့မျက်နှာ ပြုံးလျက်...
"ကျွန်တော် တို့ သံအမတ်ကြီးကို ဝါရှင်တန်ခေါ်သွားတော့မလို့ ခင်ဗျ၊ ဝေါလ်တာရိဒ်ဆေးရုံမှာ သံအမတ် ကြီး အနားယူ ရမယ်၊ ဒါပေမယ့် ခုတော့ ဒီဆေးလေး ထိုးသွားလိုက်ပါနော်"
ကျွန်တော် ခေါင်းညိတ်ပြ လိုက်သည်။ သူ ဖြည်းဖြည်းကလေး နေရာရွှေ့ပေးသည်။ သို့သော် ကျွန်တော့် လက်ကို မလွှတ်၊ လူတစ်ယောက် ပေါ် လာသည်။ အနက်ရောင်ဝတ်စုံဖြင့် တိုးတိုးလေးနှင့် ညင်ညင် သာသာ ပြောသည်။
"တစ်စက္ကန့်တောင် မကြာပါဘူး ခင်ဗျာ"
လက်မောင်းတစ်နေရာ တွင် အေးခနဲဖြစ်သွားပြီးတော့ စစ်ခနဲ နာသွားသည်။ တစ်ခဏချင်း သူ ပျောက် သွားသည်။ ဆလိုကမ်က ပြုံးပြီး...
"ခဏနေရင် အိပ်ချင်လာလိမ့်မယ်၊ တစ်ရေးနိုးတာနဲ့ သံအမတ်ကြီး အိမ်ပြန်ရောက်ပါပြီ"
"မင်းကော လိုက်မှာလားဟင်"
"လိုက်မှာပေါ့ဗျ၊ ကျွန်တော် တောက်လျှောက်လိုက်မှာပါ"
သူ့မျက်နှာ တဖြည်းဖြည်း ဝါးသွားသည်။ တစ်ခါ မေ့မြောသွားပြန်၏။

အခန်းမှာ အလင်းရောင်များပြီး လေဝင်သည်။ နေရောင်ခြည်က လိုက်ကာများကို ဖောက်ထွင်းဝင် ရောက်နေ၏။ တဝကြီး အိပ်ပျော်သွားရာ မှ ကျွန်တော် နိုးလာသည်။ ဘယ်လောက်ကြာအောင် အိပ် ပျော်နေသည်ကို မမှတ်မိ၊ နေ့ပေါင်း များစွာလား၊ လပေါင်းများစွာလား၊ နှစ်ပေါင်းများစွာလား ကျွန်တော် မသိ၊ မကြုံစဖူး စိတ်လက်တွေ ကြည်လင်နေ ၏။ အံ့သြစရာပါတကား၊ အဖြူရောင်မျက်နှာကြက်ကို မော့ကြည့်နေရာမှ တစ်ဖက် သို့ ငှဲ့လိုက်သည်။ လူမည်းကြီး ဆလိုကမ်ကို လှမ်းမြင်လိုက်၏။ ကျွန်တော် မအံ့သြတော့၊ ဆိုဖာပေါ် တွင် ခေါင်းကိုနောက်မှီပြီး အိပ်ပျော်နေသည်။ ပါးစပ်ကိုဟကာ တခေါခေါ ဟောက်နေ၏။ ခေါင်းကို တခြားတစ်ဖက် သို့ ငဲ့ပစ်လိုက်ပြန်သည်။ ကျွန်တော့် ညာဘက်လက်ကောက် ဝတ်တွင် ပတ်တီးစည်းထား၏။ ပုလင်းထဲ မှ ပိုက်တစ်ချောင်းပတ်တီးအောက်တွင် ပျောက်သွားသည်။
ကျွန်တော့်ဘဝ တွင် အဖျားအနာကင်းခဲ့သည်။ တစ်ခါမှ ဆေးရုံမတက်ဖူးခဲ့၊ ထို့ကြောင့် ပုလင်းထဲမှ  ကျွန်တော့်ကိုယ်တွင်း သို့ တပေါက်ပေါက်စီးဆင်းနေသော အရာကို ကျွန်တော် ဘာမှန်းမသိရ၊ ရေငတ် ပြီး ဗိုက်ဆာနေ သည်။ တံတွေးမျိုချတော့ လည်ချောင်းတွေ နာနေဆဲ၊ ခေါင်းထောင်ပြီး ရေတောင်းဖို့ ကြည့်သည်။ ဘယ်သူမှ မတွေ့သဖြင့် သူ့ကို တိုးတိုးကလေး နှိုးလိုက်သည်။
"ဆလိုကမ်"
သူ ဝုန်းခနဲ ထရပ်သည်။ မျက်လုံးပြူးလျက်က တအားပြုံးလိုက်ပြီး ကျွန်တော့်ဆီ ပြေးလာသည်။

"ဘုရား... ဘုရား၊ နိုးလာပြီနော်၊ ကျွန်တော်က မနိုးတော့ဘူး ထင်နေတာ"
"ဘယ်လောက်ကြာ သွားသလဲ"
"ကျွန်တော်တို့ နစ်မစ်ဇ်ကထွက်လာတာ ခြောက်ရက်လောက်ရှိနေပြီ"
ကျွန်တော် မအံ့သြတော့ပါ၊ စိတ်ထဲ မှာ တစ်ဘဝလောက် အိပ်ခဲ့ပြီဟု ထင်နေသည် မဟုတ်လား။
"သောက်ရေနည်းနည်းပေး ပါလား"
"ဟုတ်ကဲ့... ရပါတယ်၊ ဒါပေမယ့် ဆရာမကြီးကို ကျွန်တော် အကြောင်းကြားရဦးမယ်"
ခုတင်ဘေး က ခလုတ်ကို သူ နှိပ်လိုက်သည်။

"ဆရာမကို နောက်မှခေါ်ပါလားကွာ"
သူ ပြုံးပြီး ခေါင်းယမ်းသည်။
"သံအမတ်ကြီး နိုးနိုးချင်း သူ့ကို အကြောင်းကြားရမယ် ပြောထားလို့ပါခင်ဗျာ၊ အဲဒီဆရာမကြီးက ဆရာ ဝန်တွေ ထက်တောင် ကြောက်စရာကောင်းသေးတယ်ဗျ၊ စိတ်ဆိုးနေတဲ့ ကျွဲမကြီးလိုပဲ"
သူ  ကျွန်တော့်ကို လေးနက်သည့်လေသံဖြင့် ပြောသည်။
"မင်း ငါ့ကို ဂျာဆန် လို့ပဲ ခေါ်ပါလားကွာ"
သူက ပြုံးပြီး...
"ကောင်းပြီ ဂျာဆန်၊ ကျွန်တော့်ကိုလဲ ဆိုက်လက်စ်ပဲ ခေါ်ပါ"
"ငါ့ကို တစ်ခုပြောပါလား ဆိုက်လက်စ်၊ ငါ့နေရာမှာ မင်းဆိုရင် မင်းလိုလူ ကို ဘယ်လိုကျေးဇူးတုံ့ပြန် မလဲ"
သူက ခေါင်းကို သွက်သွက်ယမ်းပြီး...
"ကျွန်တော်သာဆို လုံးဝဂရုမစိုက်ဘူး၊ ကျွန်တော်က စစ်သားပဲ၊ ကျွန်တော့်အလုပ် ကျွန်တော် လုပ်တာ ပဲ၊ ကျွန်တော့် ကို မှတ်မိနေတယ်ဆိုရင် ကျေနပ်ပါပြီ၊ တခြားဘာမှမလိုပါဘူး"
ကျွန်တော် စဉ်းစားနေတုန်း အခန်းတံခါးပွင့်လာသည်။ ပြည့်ပြည့်ဖြိုးဖြိုး ရွှေရောင်ဆံပင်နှင့် အရွယ်ခပ် လတ်လတ် အမျိုးသမီး တစ်ယောက် ဝင်လာသည်။

"ဗိုလ်မှူးကြီး ဖယ်ပေးပါ"
သူ ခုတင်ခြေရင်းသို့ ဆုတ်သွားသည်။ ဆရာမကြီးက ခုတင်ပေါ်သို့ ခါးကိုင်းပြီး...
"ဘယ်လိုနေသေးလဲ"
"ကောင်းပါတယ်၊ အားနည်းနေတာလောက်ပါပဲ၊ ရေသောက်ချင်တယ်"
အမျိုးသမီး က မကျေနပ်သလို နှုတ်ခမ်းကို တင်းတင်းစေ့လိုက်သည်။ ပြီးတော့ လူခေါ်ခလုတ် ကို နှစ်ချက်ဆင့်နှိပ်လိုက်သည်။
"ဗိုလ်မှူးကာလ်ပါ လာပါလိမ့်မယ်"
"ဗိုလ်မှူးကာလ်ပါ ဟုတ်လား"
"ဟုတ်တယ်၊ သံအမတ်ကြီးရဲ့ဆရာဝန်လေ"
စစ်ဆေးရုံ ရောက်နေသည်ကို ကျွန်တော် မေ့နေသည်။ ဆရာမက ဆလိုကမ်ကို မလိုတမာကြည့်ပြီး...
"ရှင် သွားနိုင်ပြီ ဗိုလ်မှူးကြီး"
"ဟာဗျာ၊ ဆရာမ ကလဲ"
"ဒီမယ် ဗိုလ်မှူးကြီးဆလိုကမ်၊ ရှင့်ကတိ ရှင် တည်ရမှာပေါ့၊ သံအမတ်ကြီး သတိရရင် ရှင် ဒီအခန်းထဲ က ထွက်ပေး ပါ့မယ် ဆို၊ ရှင့်မှာ တခြားလုပ်စရာတွေ ရှိဦးမှာပေါ့"
သူ စိတ်ပျက်လက်ပျက်ပုံစံဖြင့် ခေါင်းညိတ်သည်။

"ကောင်းပါပြီ ဆရာမ၊ ကျွန်တော် ညနေမှလာတော့မယ်၊ ဂျာဆန် ဘာလိုသေးလဲ"
ကျွန်တော် ခေါင်းညိတ် လိုက်သည်။ ဒီလူ့ကို ကျွန်တော် ဘာပြောနိုင်မှာလဲ၊ ခပ်တိုးတိုး ပြန်ပြောလိုက် သည်။
"ကျေးဇူးပဲ ဆိုက်လက်စ်၊ အားလုံးအတွက် ကျေးဇူးပါ"
ဆရာမ ချောချောလေးတစ်ယောက် တံခါးလာဖွင့်သည်။ ဆရာမကြီးက သံပြတ်ဖြင့်...
"ရေယူခဲ့"
တစ်မိနစ်အတွင်း ရေဘူးနှင့် ဖန်ခွက်ကိုကိုင်ပြီး ဆရာမလေး ပြန်ရောက်လာသည်။ သူကြည့်ပုံ က နောက်မှ စကားလာပြောမည်ဟူသည့် အကြည့်မျိုး၊ သူ့အကြည့်ကြောင့် ကျွန်တော် အနေရအထိုင်ရ ကျပ်သွားသည်။ ကျွန်တော် သည် ဘယ်တုန်းကမှ သူရဲကောင်းကိုးကွယ်မှုကို အားပေးသည့် လူစားမျိုး မဟုတ်ခဲ့၊ ဆရာမလေးနောက် မှ ဆလိုကမ် ထွက်လိုက်သွားသည်။ ဆရာမကြီးက အိပ်ရာခင်းတွေ ဆွဲ ဖြန့်နေတုန်း ကျွန်တော် မေးလိုက်သည်။

"သူ တစ်ချိန်လုံး ဒီမှာ ရှိနေတာလား"
ဆရာမကြီးက သက်ပြင်းချပြီး...
"ဆေးရုံကားနဲ့ ရောက်လာပြီးကတည်းက ဘယ်လိုမှ ပြန်ခိုင်းလို့မရဘူးလေ၊ ကျွန်မလုပ်သက် နှစ်သုံး ဆယ်ရှိပြီ၊ ဒီလိုလူမျိုး တစ်ခါ မှ မတွေ့ဖူးဘူး"
အမျိုးသမီး၏ မာကျောကျောမျက်နှာသည် ရုတ်ခြည်းပျော့ပျောင်းသွားသည်။ တဖြည်းဖြည်း ပြုံးလာပြီး...
"ဆရာဝန်တွေ ကို ပြောသေးတယ်၊ သံအမတ်ကြီး သေသွားရင် ဆေးရုံတစ်ခုလုံး စက်သေနတ်နဲ့ လာ ပစ်သတ်မယ် တဲ့၊ တချို့က အဟုတ်ထင်ပြီး တကယ် ကြောက်နေကြတယ်၊ ရောက်ခါစက အခြေအနေ တော်တော် ဆိုးတာ၊ အဆုတ်ကလဲ အအေးမိနေတယ်၊ အထူးအရေးပေါ်အခန်းထဲထိ လိုက်ပါမယ် လုပ် လို့ ဗိုလ်မှူးကာလ်ပါ က ရောဂါပိုးတွေအကြောင်းပြောပြီး မနည်းဖျောင်းဖျယူရတယ်၊ လွန်ခဲ့တဲ့နှစ်ရက်က မှ သံအမတ်ကြီး ကို ဒီအခန်းထဲ ပြန်ရွှေ့လာတာ၊ သူ့ကို ဘယ်သူမှ မောင်းထုတ်လို့မရဘူး၊ ဆေးရုံအုပ် ကြီး ဗိုလ်ချုပ် မာလိုဒီ က သမ္မတကြီးအထိ လှမ်းတိုင်တယ်ကြားတယ်၊ သမ္မတက ဗိုလ်မှူးကြီးဆလိုကမ် ကို ဘာမှ အမိန့်မပေးချင်ဘူး လို့ ပြန်ပြောသတဲ့"
ကျွန်တော် မအံ့သြပါ။

"ဗိုလ်မှူးကြီး ဆလိုကမ်ဟာ နာမည်ကျော်သူရဲကောင်းကြီး ဖြစ်သွားပြီ"
"သူ တစ်ယောက်တည်း မဟုတ်ပါဘူး၊ သံအမတ်ကြီးလဲ အတူတူပါပဲ"
ဒီအခြေအနေနဲ့ ကျွန်တော် ဘယ်လိုဆက်လက်လှုပ်ရှားရပါမည်လဲဟု စဉ်းစားနေစဉ် တံခါးပွင့်လာပြီး ခပ်ရွှင်ရွှင်မျက်နှာ နဲ့ ဗိုလ်မှူးတစ်ယောက် ဝင်လာသည်။ ဆရာမကြီးက...
"အဲဒါ ဗိုလ်မှူးကာလ်ပါပါ သံအမတ်ကြီး"
သူ ကျွန်တော့်ကို လက်ဆွဲနှုတ်ဆက်သည်။
"အိပ်ပျော်နေတဲ့ သံအမတ်ကြီး နိုးလာပြီပေါ့၊ မင်းသမီးကလေးက လာနမ်းပြီး နှိုးလို့လား"
"မဟုတ်ပါဘူး ဗိုလ်မှူး၊ ဖားတစ်ကောင်တောင် လာနမ်းဖော် မရပါဘူးဗျာ"
"ဘယ်လိုနေသေးလဲ"
"နေကောင်းပါတယ်၊ အားနည်းနေတာ တစ်ခုပါပဲ၊ တော်တော့်ကို ကောင်းနေပါပြီ"
သူ ခေါင်းညိတ်ပြီး...
"ကျွန်တော်တို့ အားလုံး သံအမတ်ကြီးကိုဝိုင်းပြီး အံ့သြနေကြတယ်၊ အထူးခန်းထဲမှာ လေးရက်ကြာ တယ်၊ ပထမနှစ်ရက် မှာ စိတ်အနေ လုံးဝမမှန်ဘူး၊ မသိစိတ်က တိမ်းတိမ်းပွေ့ပွေ့ဖြစ်နေတယ်၊ ပြီး တော့ ရုတ်တရက် နှစ်နှစ်ခြိုက်ခြိုက်ကြီး အိပ်ပျော်သွားတယ်၊ အဆုတ်အအေးမိတာကို ကျွန်တော်တို့ ချက်ချင်း ထိန်းနိုင် တယ်၊ စိုးရိမ်စရာအဆင့်ကို လွန်သွားတော့ ကျွန်တော့်တို့ သိပ်ဝမ်းသာသွားကြတယ်၊ ဒါပေမယ့် လေးရက်လုံးလုံး ဆက် အိပ်နေတော့ ကျွန်တော်တို့ စိတ်ပူကြပြန်တယ်"

ကျွန်တော့် တစ်ကိုယ်လုံးကို စမ်းသပ်ရင်း သူ ပြောနေခြင်းဖြစ်သည်။ နောက်မှ ခါးဆန့်ပြီး...
"ကျွန်တော် တစ်ခုပြောပါရစေ သံအမတ်ကြီး ခင်ဗျား၊ သံအမတ်ကြီးရဲ့နှလုံးကို ကျွန်တော် နားထောင်ရ ပါလိမ့်မယ်၊ အဲဒါကြောင့် အိတ်ထဲ က နားကြပ်ကို ထုတ်ရပါလိမ့်မယ်"
ကျွန်တော် ပြုံးမိသည်။
နစ်မစ်ဇ်ပေါ်မှာတုန်း က ဆလိုကမ် ဒေါသူပုန်ထခဲ့သည်ကို သတိရလာ၏။
"ရပါတယ် ဗိုလ်မှူး၊ ဝတ်ရုံဖြူတွေ လဲ ကျွန်တော့်အတွက် ပြဿနာမရှိတော့ပါဘူး"
သူ ပြန်ပြုံးပြပြီး...
"တော်သေးတာပေါ့ဗျာ၊ မနေ့က အကြောင်းမသိတဲ့ ဆေးကျောင်းသားတစ်ယောက် ဝတ်ရုံဖြူနဲ့ ဒီအခန်းထဲ ဝင်လာလို့ ဗိုလ်မှူးကြီး က အခန်းအပြင် ဆွဲထုတ်သွားပြီး အင်္ကျီကို တစ်စစီ ဆွဲဖြဲချွတ်ပစ် တယ်လေ"
သူ ကျွန်တော့် နှလုံးခုန်သံ ကို နားထောင်ပြီး ကျေနပ်စွာ ခေါင်းညိတ်သည်၊ သူ မေးခွန်းထုတ်သည်။
"ဘယ်လောက် ကြာကြာ နှိပ်စက်ခံခဲ့ ရသလဲ၊ သံအမတ်ကြီး မှတ်မိပါသလား"
"သူတို့ ကျုပ် ကို လာခေါ်တာ ဘယ်အချိန်လဲ"
"သန်းခေါင်ကျော်အချိန်ပေါ့"

"ဒါဆိုရင်တော့ စုစုပေါင်း ခံခဲ့ရတဲ့အချိန်ဟာ ဆယ့်နှစ်နာရီလောက် ရှိတယ်"
ဗိုလ်မှူးဆရာဝန်၏မျက်နှာ သည် ညှိုမှိုင်းသွားပြီး...
"ခွေးတိရစ္ဆာန်တွေ"
သူ ချက်ချင်း ဣနြေ္ဒဆည်လိုက်သည်။
"ဒီလောက် မြန်မြန် ကျန်းမာလာတာ အံ့သြစရာပဲ၊ ကျွန်တော်တို့ ဆေးပညာသဘောအရ မယုံကြည်နိုင် အောင်ဖြစ်နေ ကြတယ်၊ ဒီလိုနည်းနဲ့ နှိပ်စက်ခံကြရတဲ့လူတိုင်းဟာ စိတ်ပိုင်းဆိုင်ရာကို ထိသွားကြ တာ ချည်းပဲ၊ အချို့က ပုံမှန်ကိုတော့ ပြန်ရောက်ပါရဲ့၊ ဒါပေမယ့် အချိန်အကြာကြီးယူရတယ်၊ မနက်ဖြန် ဗိုလ်မှူးကြီး အဲလ်ယော့ ကို ကြည့်ခိုင်းပေးပါ့မယ်၊ သူက ကျွန်တော်တို့ရဲ့ အကြီးတန်း စိတ်ကုဆရာဝန် လေ"
ကျွန်တော် ခေါင်းကို သွက်သွက်ယမ်းလိုက်သည်။

"ကျေးဇူးတင်ပါတယ် ဗိုလ်မှူး၊ ဒါပေမယ့် မလိုပါဘူး"
သူ့ကို ကျွန်တော် ပြရမှာက ခုချိန်မဟုတ်ဘူး၊ ဟိုး... လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာက ပြရမှာ၊ ကျွန်တော့် စိတ်ပိုင်းဆိုင်ရာ ကို သူတို့ နှိပ်စက်လိုက်တာ ကျွန်တော့်အတွက် အများကြီး အကျိုးရှိတယ်ဟု စိတ်ထဲ က ပြော လိုက်မိ၏။
ဗိုလ်မှူးဆရာဝန်ကို ပြုံးပြီး ကျွန်တော် စကားဆက်သည်။
"စိတ္တဇဆေးရုံတွေ မှာ စိတ်ဝေဒနာသည်တွေကို လျှပ်စစ်နဲ့ ရှော့ခ်ရိုက်ကုသလို့ ကောင်းသွားတဲ့လူတွေ အများကြီးလေ၊ ကျွန်တော့်ကိုယ် ကျွန်တော် အဲဒီလိုဖြစ်သွားတယ် ထင်တယ်"
သူ တော်တော် ဦးနှောက်ခြောက်သွားပုံရသည်။ ပခုံးတွန့်ပြီး...
"ဟုတ်ကဲ့ ခင်ဗျာ၊ ဒါဆိုလဲ ကျွန်တော် မကြိုးစားတော့ပါဘူး၊ ဒါပေမယ့် ဘယ်အခါဖြစ်ဖြစ် တစ်ခုခုဖြစ်ရင် ကျွန်တော် တို့ကို အမြန်ဆုံးအကြောင်းကြားပါ"
"ကောင်းပါပြီ ဗိုလ်မှူး၊ ကျွန်တော် တစ်ခုခု စားလို့ရမလား"
"အိုး... ရတာပေါ့"
ဆရာမကြီးဘက်သို့လှည့်ပြီး သူ စကားဆက်သည်။

"အစာပျော့ပျော့ကျွေး လို့ရတယ် ဆရာမ၊ မနက်ဖြန်အထိ ဘယ်ဧည့်သည်မှ အဝင်မခံနဲ့"
"ဟုတ်ကဲ့ ဆရာ၊ ဒါပေမယ့် ဗိုလ်မှူးကြီး ဆလိုကမ် က ဒီညနေလာမယ် ပြောသွားတယ်"
ဗိုလ်မှူးဆရာဝန်က ပခုံးတွန့်ပြီး...
"သူကိုတော့ ဧည့်သည်လို့ သဘောမထားနဲ့ပေါ့ဗျာ"
ကျွန်တော်က ဆင်းရမည့်ရက် ကို သိချင်သဖြင့်...
"ကျွန်တော် ဒီမှာ ဘယ်လောက်ကြာကြာ နေရဦးမှာလဲ ဗိုလ်မှူး"
သူက နှုတ်ခမ်းကို တင်းတင်းစေ့ပြီး စဉ်းစားသည်။
"ကျွန်တော် တစ်ပတ်လောက်တော့ စောင့်ကြည့်ချင်သေးတယ်၊ အားလဲမွေးရဦးမယ် မဟုတ်လား၊ ဒီမှာ နေတာ အကောင်းဆုံး ပါပဲ၊ အပြင်မှာဆိုရင် သတင်းထောက်တွေကို ဖြေနေရတာနဲ့ သံအမတ်ကြီး နား ချိန်ရမှာ မဟုတ်ဘူး၊ ကျွန်တော် ညနေ လာကြည့်ပါဦးမယ်"

သူ ထွက်သွားတော့ ဆရာမကြီးက...
"ကြက်သားစွပ်ပြုတ် ရယ်၊ အမဲစဉ်းကောနဲ့ ဟင်းရွက်စုံ ရယ် ကျွန်မ ပို့လိုက်မယ်၊ တခြား ဘာများစားချင် သေးလဲ" ဗိုလ်မှူး သတင်းထောက်တွေ အကြောင်း ပြောမှ သတင်းစာကို သတိရသည်။
"ကျွန်တော် သတင်းစာ ဖတ်ချင်တယ် ဆရာမ၊ အပြင်လောကကြီးကို ကျွန်တော် အမီလိုက်ရဦးမယ် လေ"
"ဟုတ်ကဲ့၊ သံအမတ်ကြီး အတွက် ဝါရှင်တန်ပို့စ် ခြောက်ရက်စာ စုထားပါတယ်"

အစားစားရင်း ကျွန်တော် သတင်းစာတွေကို အစဉ်လိုက်ဖတ်သည်။ ပထမတစ်စောင်တွင် ကယ်ဆယ်မှု စစ်ဆင်ရေး သတင်းများ၊ နောက် ကျွန်တော့်ကိုနှိပ်စက်သဖြင့် ဒေါသအမျက် ခြောင်းခြောင်းထွက်နေ သည့် သတင်း များ၊ ကယ်ဆယ်ရေးတပ်ဖွဲ့ထဲမှ ကျဆုံးမှု သတင်းများကို ဖတ်ရတော့ ကျွန်တော် စိတ် မကောင်းဖြစ် ရသည်။ ဆလိုကမ် လဲ နံဘေးတွင် ဒဏ်ရာရသွားကြောင်း ခုမှ ကျွန်တော် သိရသည်။
ကျည်ဆန်တစ်တောင့် က သူ့နံဘေးသားကို ဖဲ့ယူသွားသည်ဆို၏။ ကျွန်တော့်အခြေအနေက စိုးရိမ်စရာ အဖြစ်ရေး သားထားသည်။ အယ်ဒီတာ့အာဘော် ခေါင်းကြီးကမူ စန်ကာလိုကို အမြန်ဆုံးချေမှုန်းရေး အတွက် တောင်းဆို ထား၏။ ဒုတိယသတင်းစာတွင်လည်း ကျွန်တော့်အခြေအနေမှာ စိုးရိမ်စရာ ကောင်းနေဆဲ ပင်။ ဆလိုကမ် ကို သတင်းထောက်တွေ အမဲလိုက်သလို လိုက်နေကြသည်။
ဝေါလ်တာရိဒ် စစ်ဆေးရုံက ဗိုလ်မှူးကြီး ဒဏ်ရာပြင်းထန်စွာရ၍ ကုသနေရကြောင်း ထုတ်ပြပေးထား သည်။ သတင်းစာခေါင်းကြီးက စန်ကာလို ကို ချေမှုန်းဖို့ ဆက်လက် တိုက်တွန်းထားသည်။
တတိယနေ့ သတင်းစာတွင် စန်ကာလိုသိမ်းတိုက်ပွဲသတင်းမှာ မျက်နှာဖုံးသတင်းဖြစ်သည်။

တိုက်ပွဲမှာ မကြာလိုက်သော်လည်း အကျအဆုံးများသည်။ စန်ကာလို ကျသည်နှင့် သူပုန်တွေ တောင်ပေါ်သို့ ပြန် ဆုတ်သွားကြ သည်။ ယာယီအစိုးရ ဖွဲ့ပြီး လွတ်လပ်၍ တရားမျှတသော ရွေးကောက်ပွဲ ကျင်းပမည်။
ကျွန်တော့် ကျန်းမာရေး အခြေအနေ တိုးတက်လာကြောင်း ဗိုလ်မှူးဆလိုကမ်၏ဒဏ်ရာ မသက်သာ သေးကြောင်းနှင့် သမ္မတက ဆလိုကမ်အား အမြင့်ဆုံး သူရဲကောင်း ဘွဲ့ပေးမည် ဟု ကြေညာကြောင်း၊ သူ့ရဲဘော်အားလုံးကိုလည်း ဘွဲ့ထူးဂုဏ်ထူးတွေ ချီးမြှင့်မည်ဖြစ်ကြောင်း ကြေညာခြင်း များ ကို သတင်း ပေး ရေးသားထားသည်။
လောလောဆယ်တွင် နိုင်ငံခြားရေးဌာနက ကျူးဘားကို အပြင်းအထန် ကန့်ကွက်ထားကြောင်း၊ ကျွန်တော့်ကို ကျူးဘား အဆင့်မြင့် ထောက်လှမ်းရေးတစ်ယောက်က စစ်ဆေးသည့် အကြောင်း လည်း ဖော်ထုတ်ရေး သား ထားသည်။ ကျွန်တော့် ကျန်းမာရေး အခြေအနေ တိုးတက်ကောင်းမွန်လာကြောင်း လည်း ပါ၏။ အခြားသတင်းစာတွေ ကို ဘေးဖယ်ထားလိုက်သည်။ မျက်ခွံတွေ လေးလာပြီ၊ အိပ်စက် ခြင်းသည် ကျွန်တော် ၏နွေးထွေးသော အဖော်မွန်ဖြစ်နေချေပြီ။

တံခါးဖွင့်သံကြောင့် ကျွန်တော် နိုးလာသည်။ အထုပ်တွေ တစ်ပွေ့ကြီးနှင့် သူ ဝင်လာသည်။ နှုတ်ခမ်း တွင် လက်ညှိုး ကပ်ပြီး တိတ်တိတ်နေဖို့ အချက်ပြ သည်။ အထုပ်တွေကို ခုံတန်းပေါ်တင်ခဲ့ပြီး အခန်းဝ ဆီ ပြန် သွားသည်။ အပြင်ကို ချောင်းကြည့်သည်။ တံခါးကို သတိကြီးစွာပိတ်ပြီး ကျွန်တော့်ကို လျှို့ဝှက် သော အပြုံးဖြင့် ကြည့်သည်။
"ကျွန်တော် ခိုးဝင်လာတာ၊ ဆရာမကြီးရဲ့သူလျှို့ဆရာမတွေ မတွေ့အောင် မနည်းရှောင်လာရတာ"
သူ အထုပ်တွေ တစ်ခု ချင်းဖောက်သည်။ အကြော်အလှော်မျိုးစုံ၊ အသင့်စားနိုင်သည့် အစားအစာမျိုးစုံ၊ ပြီးတော့ ဂျော်နီလမ်းလျှောက် အနက်ပတ် တစ်လုံး၊ ရေသန့်ဘူးတစ်ဘူး၊ ဆာလောင်နေသည့် ကျောင်း သားလေးတစ်ယောက် လို ကျွန်တော် သွားရည်ကျနေပြီ။ ဝီစကီ နှစ်ခွက်ထည့်ပြီး ရေနည်းနည်း စွက် လိုက် သည်။ သုံးပတ်အတွက် ပထမဆုံးသောက် ရသည့် ဝီစကီ၊ ပိုပြီး အရသာရှိနေ၏။ ချိုမြိန်နေ၏။

 တစ်ခု ကို သွားသတိရသဖြင့် ကျွန်တော်က ဖန်ခွက်မြှောက်လိုက်ပြီး...
"ကဲ... ဆိုက်လက်စ်၊ မင်းရမယ့် သူရဲကောင်းဘွဲ့ အတွက် တို့ သောက်ကြရအောင်"
သူက ခုတင်စွန်းမှ တင်ပါးလွှဲထိုင်လျက် ဝီစကီတစ်ကျိုက်စုပ်ပြီး...
"ကျွန်တော် က အဖွဲ့ခေါင်းဆောင်မို့လို့ ရတာပါဗျာ၊ ကျွန်တော့်လူတွေအားလုံး ကျွန်တော်နဲ့တစ်တန်း တည်း မရတာ ဝမ်းနည်းစရာပဲ"
အကျအဆုံး သတင်းတွေကို ကျွန်တော် သွားသတိရသည်။ စိတ်လက်ရွှင်လန်း ပေါ့ပါးနေရာမှ ကျွန်တော် ငိုင် သွားသည်။ ကိုယ့်ကိုယ်ကို အပြစ်ရှိသူတစ်ယောက်လို သတ်မှတ်လိုက်သည့်အကြောင်း သူ့ကို ဖွင့်ပြော လိုက်တော့ သူက ခေါင်းကို သွက်သွက်ယမ်းပြီး...
"ပြန်စဉ်းစားကြည့်လေ ဂျာဆင်၊ ကျွန်တော်တို့ကံကောင်းတယ်ဆိုရမှာပေါ့၊ သံရုံးဝင်းထဲမှာ တစ်ယောက် ပဲ ကျဆုံး တယ်၊ ဒဏ်ရာရတဲ့ ကောင်တွေအားလုံး သက်သာနေပြီ၊ ဘယ်သူမှ ဒုက္ခိဘဝ မရောက်ဘူး၊ သူတို့ အားလုံး ဒီဆေးရုံမှာ ချည်းပဲ၊ ခင်ဗျား လမ်းလျှောက်နိုင်တာနဲ့ သူတို့ဆီသွားလည်မယ်၊ သူတို့ သိပ် ဝမ်းသာကြ မှာ..."

"နှစ်ယောက်က အတက်မှာတင် ဒဏ်ရာရတယ်၊ တစ်ယောက်က ဆင်းတောင် သွားပြီ၊ နောက်တစ် ယောက် က ခြေပွတ်တိုင် လည်သွားတာလောက်ပါ၊ ဆယ့်တစ်ယောက် က ပင်လယ်ထဲ ကျကုန်တာ လေ၊ ရှစ်ယောက် ကို ရေတပ်အဖွဲ့က စွန့်စွန့်စားစား ကယ်နိုင်ခဲ့တယ်၊ သုံးယောက် ရေနစ်သေဆုံးတယ်၊ အားလုံး လေးယောက် ဆုံးရှုံး တာပေါ့၊ မှန်းထားတာ ထက် အပုံကြီး အောင်မြင်တာပေါ့"
ကျွန်တော် က ခပ်တိုးတိုး သူ့ကို ပြောလိုက်သည်။
"ဒါလဲ ကိုယ့်အတွက် လူလေးယောက် သေပေးတာပဲ၊ သိပ် စိတ်မကောင်းဖြစ်တယ်ကွာ"
သူက မတ်တတ်ရပ်ပြီး ကျွန်တော့် ကို သေသေချာချာကြည့်တယ်။

"ကျွန်တော် သူ့တို့ အကြောင်း ကောင်းကောင်းသိတယ်၊ ကျွန်တော် ပြောပြမယ်၊ သူတို့က စစ်ထဲကို စစ် တိုက်ချင် လို့ ဝင်ခဲ့တဲ့ကောင်တွေ၊ သူတို့အားလုံး စစ်ပြန်တွေချည်းပဲ၊ အားလုံး စစ်ရည်ဝနေတဲ့ကောင် တွေ၊ စစ်ဆင်ရေး ဟာ သေလမ်း ဘယ်လောက်နီးတယ်ဆိုတာ သိတဲ့ကောင်တွေချည်းပဲ၊ ဒီအထဲက သူတို့ဟာ စေတနာ့ဝန်ထမ်း အဖြစ်နဲ့ အပျော်တမ်းတပ်ဖွဲ့ဖြစ်ခဲ့ကြတာလေ၊ ခင်ဗျားကို အပြစ်တင်မယ့် လူတစ်ယောက်မှမရှိဘူး၊ သူတို့တစ်တွေ ဟာ အလကားနေပြီး အသက်ကြီးသွားရမှာထက် တိုက်ပွဲဝင် ရင်း သေတာကို လိုလားတဲ့ကောင်တွေ၊ ကျွန်တော် ပြောတာ မယုံ မရှိနဲ့"
ကျွန်တော် ယုံ ပါသည်။ သူက ရိုးသားစွာနဲ့ သစ္စာရှိစွာ ပြောနေမှန်း ကျွန်တော် သိပါသည်။ သည်တစ်ခါ ဝီစကီကို ဖန်ခွက်နှစ်ခွက်ထဲ သို့ ကျွန်တော်က ငှဲ့လိုက်ပြီး မေးလိုက်သည်။
"ဘယ်တော့ သူတို့ အခမ်းအနားလုပ်မှာလဲ"
သူက မျက်နှာရှုံ့မဲ့ပြီး...
"မနက်ဖြန် တဲ့၊ ကျွန်တော့်အဖွဲ့တွေပါ အားလုံး အိမ်ဖြူတော်ကို ချီတက်ရမယ်တဲ့၊ ရုပ်သံလဲ ရိုက်မယ်၊ သောက် လုပ်ရှုပ်ဦး မှာပေါ့ဗျာ"
သူ ဟန်ဆောင်နေခြင်းမဟုတ်ကြောင်း ကျွန်တော် နားလည်ပါသည်။ သူက ဒီလို အဆောင်အယောင် တွေကို ဝါသနာ မပါမှန်း ကျွန်တော် သိသည်။

"အမေရိကန် လေတပ်သမိုင်းမှာ မောင်ရင်ဟာ အမြင့်ဆုံး လူမည်းစစ်ဗိုလ်ဖြစ်သွားပြီပေါ့"
သူက ဝီစကီ ကို မော့လိုက်ပြီး...
"အဲဒီလိုဘဝ မျိုး ကျွန်တော် ရချင်သလား၊ မလိုချင်ဘူးလားဆိုတာ မသေချာပါဘူးဗျာ၊ ကျွန်တော် တပ် က နားဖို့ ဆုံးဖြတ်ပြီး သားလေ"
"နားမယ်... ဟုတ်လား"
"ဟုတ်တယ်၊ ဝူမင်း မှာ ကျွန်တော် မွေးမြူရေးခြံဝယ်ထားပြီးသား၊ ဒီမယ် ဂျာဆင်၊ ကျုပ် ခန္ဓာကိုယ်ကြီး ကို သယ်နိုင် မယ့် မြင်းရှိပါ့မလား လို့ တော့ မနောက်နဲ့နော်၊ ကျုပ်  စိတ်ဆိုးမှာ"
"မွေးမြူရေးခြံ... ဟုတ်လား"
သူက ပြုံးပြီး...
"ဟုတ်တယ်၊ ကျွန်တော် စီးဖို့မြင်းတောင် ရှာလို့ရချင် မှ ရမှာ၊ အနောက်ပိုင်းမှာ နွားအုပ်ကို စွန်နဲ့လိုက် ထိန်းမယ့် ပထမဆုံး ကောင်းဘွိုင် လုပ်မယ်လေ"
"အဲဒီ အကြောင်း ပြောစမ်းပါဦးကွ"
သူ ပြောပြပါသည်။ မကြာခင် ဝီစကီ ထပ်ငှဲ့သည်။

"ဆရာဝန်တွေ ဆေးကုနေတုန်း အရက်မသောက်နဲ့လို့ ပြောထားတယ်မဟုတ်လား၊ ကျွန်တော် ခင်ဗျား ကို လျှို့ဝှက် တစ်ခုပြောမယ်၊ ပဋိဇီဝဆေးတွေကျွေးထားတုန်းသူတို့ က အရက်ကိုတားတယ်၊ ဘာမှ မဖြစ်ဘူး ဗျ၊ ဆေး အာနိသင် ကျသွားတာပဲ ရှိတယ်၊ အဲဒီတော့ ဘာလုပ်ရမလဲ သိလား၊ ဆေးကို စားနေ ကျ အရေအတွက် ထက် နှစ်ဆတိုးစားလိုက်၊ ဆရာမကို ကျွန်တော် ပြောတယ်လို့ သွားမပြောနဲ့နော်။ ဓားတုံးတုံးနဲ့ ကျွန်တော့် ကို ထိုးသတ်မှာ"
ဖန်ခွက် နှစ်ခွက် ကို သူ ထပ်ထည့်ပြန်သည်။ ပြီးတော့ ပုလင်းကို ကျွန်တော့် ခေါင်းအုံးအောက်တွင် သူ ဝှက်ထား လိုက်သည်။ အခန်းထဲသို့ လေသန့်ဆေးဘူးဖြင့် လျှောက်မှုတ်သည်။ ဘူးခွံတွေကို အိမ်သာထဲ က ပုံးထဲတွင် သွားထည့်သည်။ ပြီးမှ ခုတင်စွန်း တွင် ပြန်ထိုင်ပြီး သူ့အစီအစဉ်ကို ပြောပြသည်။

ပြောရင်း သူ စိတ်အားထက်သန်လာသည်။ ဘဝသစ်ကို စရတော့မည့်အတွက် သူ အရမ်းစိတ်လှုပ်ရှား နေသည်။ ကျွန်တော် ပါ နားထောင်ရင်း တက်ကြွလာ၏။ ကျွန်တော်လည်း သူ့လိုစရမည်မို့ မေးခွန်းတွေ မေးသည်။ သူက ဒိုးဒိုးဒေါက်ဒေါက်ဖြေသည်။ မေးသည့်အထဲတွင် ကိုယ်ရေးကိုယ်တာ မေးခွန်းတွေလဲ ပါလာ၏။ သူနှင့် ကျွန်တော့်ကြား တွင် ရင်းနှီးမှုသည် ပို၍နက်ရှိုင်းလာနေပြီ။
သူက သူ့ဘဝ ကို အိတ်သွန်ဖာမှောက် ဖွင့်ပြသည်။ အိမ်ထောင်ပျက်ရပုံ၊ ခပ်ရိုင်းရိုင်းဘဝကို သူ တည် ဆောက် ခဲ့ပုံ၊ ကျွန်တော် သူ့အတွင်းစိတ်ကို နားလည်လာသည်။ ကျွန်တော်နှင့် ပုံသဏ္ဌာန် ခပ်ဆင်ဆင် မို့ ပို၍ ခံစားလို့ရသည်။ သူက ရှေ့ကိုင်းလာပြီး အားတက်သရော ပြောသည်
"ဒီလို လုပ်ပါလား ဂျာဆင်၊ ဝူမင်းကို ကျွန်တော်နဲ့ လိုက်လည်ပါလား၊ ခင်ဗျား တကယ်ပျော်မှာ၊ နားလန် ထူဖို့ အားမွေး လို့လဲ ကောင်းတယ်လေ၊ လေကောင်းလေသန့်ရမယ်၊ အဲ... ဒါပေမယ့်"
သူ အမူအရာ ချက်ချင်း ပြောင်းသွားသည်။ စိတ်ပျက်လက်ပျက် ဖြစ်သွားပုံ။

"ဒါပေမယ့် ကျွန်တော့် မှာ ဘာမှပြည့်ပြည့်စုံစုံတော့ မရှိဘူး၊ ထင်းရှူးသစ်လုံးအိမ် တစ်လုံးရယ်၊ အဲ... အိမ်သာတစ်လုံး ရယ်၊ ဟာ... ခင်ဗျားနဲ့ မဖြစ်ပါဘူး"
ကျွန်တော် က ခပ်သွက်သွက် ဖြတ်ပြောလိုက်သည်။
"ဒီမယ် ဆိုက်လက်စ်၊ မောင်ရင် ကိုယ့်ကိုဖိတ်တယ်မဟုတ်လား၊ ကိုယ် လာမှာပေါ့၊ မောင်ရင်က ဘဝ သစ် ကို ခြေလှမ်းစဖို့ ပြောနေတာ၊ ကိုယ်ကလဲ လမ်းကြောင်းပြောင်းတော့မယ့် ဆဲဆဲလေ၊ ဟိုတုန်းက တော့ ဟုတ် ပါတယ်၊ ကိုယ်ဟာ ကောင်းကောင်းနေပြီး ကောင်းကောင်းစားခဲ့ သောက်ခဲ့တယ်၊ ဒါတွေ ခု မမက်မောတော့ဘူး၊ ခပ်ကြမ်းကြမ်းနေ ဖို့ ကိုယ် ဝန်မလေးတော့ဘူး၊ လေ့ကျင့်ယူမယ်၊ ဘယ်လောက် ပျော်စရာကောင်းလိုက်မလဲ"
သူ ပြုံးသည်။
"ကျွန်တော် လေတံခွန်စီးတာ သင်ပေး မယ်၊ နှစ်ယောက်သား လေထဲက နွားကျောင်းကြတာပေါ့"
"ဟာ... ကိုယ့်အသက်အရွယ်ကြီး နဲ့ ဖြစ်ပါ့မလား"
"ဘာလို့မဖြစ်ရမှာလဲ ဗျ၊ လွယ်လွယ်ကလေးပဲဟာ၊ ဆယ်မိုင်လောက်ပိုပြီး လေမတိုက်ရင် မျက်ကန်း တောင် စီး လို့ဖြစ်တယ်"
ကျွန်တော့် မျက်ခွံတွေလေးလာပြန်ပြီ၊ ခဏ စကားပြတ်သွားသည်နှင့် အိပ်ပျော်သွားတော့၏။

ဘယ်လောက်ကြာကြာ အိပ်ပျော်သွားသည်မသိ၊ တစ်နာရီလေက်ရှိမည်ထင်၏။ မျက်လုံးဖွင့်ကြည့် တော့ ခုတင်ပေါ် တွင် သူ ထိုင်နေဆဲ၊  ဝီစကီကို တစိမ့်စိမ့်စုပ်လျက်၊ သူ့မျက်လုံးအစုံက ဟိုးအဝေးကြီး ကို ငေးကြည့်နေ၏။
"ဘာတွေ စဉ်းစားနေလဲ ဆိုက်လက်စ်"
သူ ဖျတ်ခနဲ လန့်နိုးသလို ဖြစ်သွားပြီး အညောင်းဆန့်သည်။
"ကျွန်တော် လူတစ်ယောက် နဲ့ ပြောဖူးတဲ့အကြောင်း ပြန်စဉ်းစားနေတာ၊ စကားမပြောဘဲနဲ့ တစ်ယောက်နဲ့ တစ်ယောက် ရံခါမှာ ဆက်သွယ်လို့ရတယ်ဆိုတဲ့ ကိစ္စဗျ"
သူပြောသည့် အကြောင်းအရာ ဟုတ် မဟုတ်တော့မသိ၊ သို့သော် စိတ်ချမ်းမြေ့စရာ ကောင်းပါသည်။ ကျွန်တော် အိပ်ပျော် သွားပြန်၏။

မိုးလင်းသည်နှင့် ပြဿနာစပါတော့သည်။ ဆရာမကြီးဝင်လာပြီး အခန်းထဲတွင် လေကိုရှူရင်း...
"ဟင်... သံပရာနံ့၊ လေသန့်ဆေးဘူး ဖျန်း ထားပါလား၊ သံအမတ်ကြီး အဲဒါ ဆေးရုံဥပဒေအရ မလုပ်ရ ပါဘူး"
မကြာ ပါချေ၊ အိမ်သာထဲ က ဘူးခွံတွေကို တွေ့သွားပြန်၏။ ငုံ့ပြီး အနံ့ခံသည်။
"ဘုရား... ဘုရား၊ ကြက်သွန်၊ ငရုတ်ဆီနဲ့ စုံလို့ပါလား၊ ဟမ်ဘာဂါတွေလဲ စားတယ် ဟုတ်လား"
ဖန်ခွက်ကို ကောက်နမ်းကြည့်သည်။ သည်တော့မှ ထမဆေးမိသည့်အတွက် ကိုယ့်ကိုယ်ကို ကျိန်ဆဲ လိုက်မိ သည်။
"ဟင်... ဝီစကီနံ့ ပါလား"
ဆိုက်လက်စ်၊ မင်းလုပ်ပုံကြောင့် ငါ ပြဿနာတက်နေပြီ၊ အပြစ်ကျူးလွန်ထားသည့် ကျောင်းသားလေး တစ်ယောက် ဆရာမရှေ့ တွင် ရောက်ရှိသလို ကျွန်တော် ဘာပြောရမှန်း မသိဖြစ်နေ၏။ တော်ပါသေး သည်။ ဆရာမမြားဦး တစ်ခြားဘက်လှည့်သွားသည်။

"ဟို... ခွေးမသား ဗိုလ်မှူးကြီးဖြစ်မှာပဲ၊ ကျွန်မတို့ဆေးရုံဟာ ကမ္ဘာပေါ်မှာ အကောင်းဆုံး၊ စည်းကမ်း အကြီးဆုံး ဆေးရုံ၊ သူ ရောက်လာ တဲ့ တစ်ပတ်အတွင်း အရက်ဆိုင်ဖြစ်သွားပြီ"
အခန်းထဲ တွင် လမ်းလျှောက်ရင်း ပွမ်နေသည့်အမျိုးသမီးကို ကျွန်တော် ကြောင်ကြည့်နေမိသည်။ အချိုး အဆက် ပြေပြစ်၏။ အပေါက်ဆိုးသော် လည်း သိက္ခာရှိ၏။  ကျွန်တော့်ဘက် ပြန်လှည့်လာပြန်သည်။
"သံအမတ်ကြီး လို လူတစ်ယောက် ဒီလိုလုပ်တယ်ဆိုတာ ကျွန်မ သိပ်အံ့သြတာပဲ၊ ဆေးရုံအုပ်ကြီးကို ပြောပြီး အခန်းဝ မှာ အစောင့်ချထားပေးရမလား"
သူ့ လက်ချောင်းကလေးတစ်ခုပေါ်က လက်စွပ်ကို ကျွန်တော် လှမ်းမြင်လိုက်သည်။ ခုခံစစ်ပွဲ ဆင်နွှဲရ တော့မည်။
"ဆရာမယောက်ျား နဲ့ ပြောရင်ကော အဲဒီလေသံနဲ့ ပြောတာပဲလား"
"ကျွန်မယောက်ျား လွန်ခဲ့တဲ့ ငါးနှစ် က ဆုံးသွားပြီ"
ကျွန်တော် စိတ်ပျက်သွားသည်။

"စိတ်မကောင်းပါဘူး ဆရာမရယ်၊ ဆောရီးဗျာ"
"ကျွန်မလဲ ဘယ်စိတ်ကောင်းပါ့မလဲ၊ ဒါပေမယ့် ဒီလိုပဲပေါ့လေ၊ အချိန်က ကုစားသွားတာပါပဲ၊ ဘဝလမ်း ကိုတော့ ဆက်လျှောက် ရမှာပေါ့"
အမျိုးသမီး က သက်ပြင်းချသည်။ နောက် စွဲချက်တစ်ခု မလာမီ ကျွန်တော်က အခန်းထောင့်မှ ရုပ်မြင် သံကြားစက် ကို လက်ညှိုးထိုးပြလိုက်သည်။ အာရုံပြောင်းမှဖြစ်တော့မည်။
"ခုချိန်ဆို သူ အိမ်ဖြူတော်မှာ ရောက်နေလောက်ပြီ၊ ကြည့်ရအောင်လား ဆရာမ"
မကျေသေး သည့် လေသံဖြင့်...
"ဘောင်းဘီအိတ်ထဲ မှာ ပုလင်းပြားထည့်သွားမှာ သေချာတယ်"
သို့သော်လည်း ရုပ်မြင်သံကြား စက်ခလုတ်ကိုတော့ ဖွင့်ပေးရှာပါသည်။ ပြီးတော့ ကုလားထိုင်တစ်လုံး တွင် ဝင်ထိုင် သည်။

အလွန် စိတ်လှုပ်ရှားစရာကောင်းသည့် အခမ်းအနားဖြစ်ပါသည်။ သမ္မတ၏ပင်ကိုရွှင်ပျ နှစ်လိုဖွယ် မျက်နှာတွင် စိတ် လှုပ်ရှားနေပုံပေါ်လွင်နေ၏။ ပထမ ဆလိုကမ်၏အဖွဲ့သားများကို အရင် ရွှေတံဆိပ် ရပ်ထိုးတွေ သူ ကိုယ်တိုင် ရင်ဘတ်မှာ ကပ်ပေးသည်။
ဘုရား... ဘုရား၊ သူတို့မျက်နှာတွေက ကြောက်စရာတွေချည်းပါလား၊ နောက်ဆုံး ဆလိုကမ်၏ အလှည့် ရောက် လာသည်။ သမ္မတ က ဖဲပြားအပြာနဲ့ ရွှေတံဆိပ်ကို ချိတ်ပေးဖို့ သူ ခေါင်းငုံ့ပေးလိုက် သည်။ နေထား တကျဖြစ်အောင် သေသေချာချာ ပြုပြင်ပေးသေးသည်။
နိုင်ငံတော်၏ အမြင့်ဆုံးတံဆိပ်ကြီးသည် မီးမောင်းများတွင် တလက်လက်၊ ပြီးတော့ တံဆိပ်ကို အနီး ကပ် ဆွဲရိုက်ပြ သည်။ သူ့မျက်နှာကြီးနှင့် ပခုံးတစ်ဝိုက် တီဗွီဖန်သားပြင်တွင် အပြည့်ပေါ်လာ၏။ မျက်နှာ တွင် ချွေးသီးချွေးပေါက်တွေဥ လျက် အတော် အနေရကျပ်နေပုံရသည်။

ကျွန်တော် သနားသွားသည်။ ဝူမင်း ကို သူ ထွက်ပြေးချင်နေလောက်ပြီ၊ သမ္မတက မိန့်ခွန်းကို တိုတို တုတ်တုတ်ပြော သည်။ သို့သော် အလွန် ရင်ခုန်စရာကောင်းသည့် မိန့်ခွန်းဖြစ်သည်။
သူက တိုင်းပြည် လွတ်လပ်ရေးအကြောင်း၊ တပ်မတော်သားများ၏ အသက်ပေးစွန့်စားခဲ့ပုံအကြောင်း ပြောပြီး ကျွန်တော့် ကျန်းမာလာစေ ရန် တစ်နိုင်ငံလုံးက ဝိုင်းဝန်းဆုတောင်းကြစေလို့ကြောင်း နိဂုံးချုပ် လိုက်သည်။
ဆရာမ က ကျွန်တော့်ကို တလေးတစား လှမ်းကြည့်သည်။ ကျွန်တော်က သူ့ကို မျက်နှာချင်း မဆိုင်ရဲ သေး၊ ခေါင်းအုံးအောက် တွင် ဝီစကီတစ်ပိုင်း ရှိနေသေးသည်မဟုတ်လား၊ သတင်းက သမ္မတအိမ်တော် မှ တိုက်ရိုက် လွှင့်နေခြင်းဖြစ်၏။ ပြီးခါနီးတွင် အစီအစဉ်ကမောက်ကမဖြစ်သွားသည်။

ဆလိုကမ်က ကျေးဇူးတုံ့ပြန်သည့်စကား ပြောရမည်ဖြစ်၏။ သို့သော် သူက အပြတ်ငြင်းလိုက်သဖြင့် တီဗွီ သတင်းသမားတွေ ပျာယာ ခတ်သွားသည်။ စကားပြောခွက် သူ့နှုတ်ခမ်းနားအရောက်တွင်ကား ပြတ်သွားသည်။ ဆရာမ က ခလုတ်ပိတ်လိုက်ပြီး...
"သူဟာ တကယ့်အထီးကျန်ဘဝသမားပဲ"
"ဘယ်သူလဲ ဆရာမ"
"ဗိုလ်မှူးကြီး ဆလိုကမ်လေ"
"ခင်ဗျား အဲလိုထင်တယ် ဟုတ်လား"
"ဟုတ်တယ်"
ပုံစံကျ ဆရာမကြီး ပြန်ဖြစ်သွားပြန်သည်။ အိပ်ရာခင်းကို လိုက်ဆွဲဆန့်နေ၏။ ကျွန်တော်က ခေါင်းအုံး ကို ခပ်နာနာ ဖိအုံး ထားလိုက်၏။

"ဒီဆေးရုံမှာ သူတို့လို လူမျိုးတွေ ကျွန်မ တွေ့ဖူးတယ်၊ သူတို့ကိုကြည့်ရင် ကျွဲပခုံးလို မာကျောပြီး သူတို့ အတွင်းစိတ်က အထီးကျန်ဝေဒနာကို အလူးအလဲ ခံနေရတာ သိပ်နူးညံ့တာ၊ ကျွန်မက သူ တို့ကို ကောင်း ကောင်းဆူ တယ်၊ အဲဒါကို သူတို့ ကျေနပ်နေတာ၊ မာကျောတယ်၊ ရိုင်းစိုင်းတယ် ဆိုတာကို သူတို့ မသိ စိတ်က အမြဲတမ်း လက်ခံနေတာ မဟုတ်ဘူး၊ သူတို့ ကျွန်မကို ကြောက်ချင်ဟန်ဆောင်နေကြတယ်၊ အဲဒါဟာ သူတို့ ရဲ့အထီးကျန်ဘဝကို တစ်နည်းတစ်ဖုံ သက်သာစေလို့ပဲ၊ ဗိုလ်မှူးကြီး ဆလိုကမ်ဟာ အဲလို လူစား"
အမျိုးသမီး က ခုတင်ကို ကိုင်ပြီး မတ်တတ်ရပ်နေသည်။ သူ့မျက်နှာက ဆွေးမြည့်ကြေကွဲနေဟန်။ ဘာ့ ကြောင့် ဒီကိစ္စ ကို အလေးအနက်ထားပြီး သူ ပြောနေတာပါလိမ့်။ ကျွန်တော် နားမလည်နိုင်လောက် အောင် ဖြစ် သွားသည်။
"သံအမတ်ကြီး ကို ကယ်တာ သူ ဖြစ်တဲ့အတွက် ကျွန်မ အရမ်းဝမ်းသာသွားတယ်။ သူလိုလူမို့ လဲ အောင်မြင် တာပဲ၊ အခုလဲကြည့်လေ၊ တစ်ချက် မှ မင်္ဂလာမယူဘူး၊ သူ့နေရာမှာ တခြားတစ်ယောက်ဆို ရင် ခြေထောက် နဲ့ မြေကြီးတောင် ထိမယ် မထင်ဘူး၊ ဘယ်လောက်လေးစားစရာ ကောင်းလိုက်တဲ့ ပုဂ္ဂိုလ်လဲ"

ဗိုလ်ချုပ် မယ်လိုဒီ အခန်းထဲဝင်လာတော့ ညနေစောင်းနေပြီ၊ သူက ပုပုဝဝနှင့် စိတ်ပူတတ်သည့် မျက်နှာမျိုး၊ သူနှင့် ကျွန်တော် အပြန်အလှန် ပဋိသန္ဓာရ စကားများ ဆိုကြပြီး သူက...
"ကျွန်တော့် ဆီ အိမ်ဖြူတော်က ဖုန်းဝင်လာတယ်၊ ဒီည ခုနစ်နာရီမှာ ခင်ဗျားကို သမ္မတက လာကြည့် လိမ့်မယ်"
ချက်ချင်း ကျွန်တော် လှုပ်လှုပ်ရှားရှား ဖြစ်သွားသည်။ သူနှင့် ကျွန်တော့်ကြား တွင် ထိပ်တိုက်တွေ့စရာ ရှိသည်လေ၊ ပြောဖို့စကားလုံးတွေ ကြိုတင်ရွေးချယ်ရမည်။
"ရပါတယ် ဗိုလ်ချုပ်၊ ဒါပေမယ့် သတင်းထောက်တွေ မလာပါစေနဲ့"
သူ ခေါင်းညိတ်ပြီး...
"သမ္မတကြီး ကလဲ အဲဒီအတိုင်း ပြောထားပါတယ်၊ ကျွန်တော်တို့ ကော်ဖီတိုက်ပါ့မယ်"
ကျွန်တော် စဉ်းစားဖို့အချိန် တစ်နာရီရသည်။ စကားလုံးတွေ ကျွန်တော် ရွေးထားသည်။ သို့သော် တံခါး ခေါက်သံကြားချိန်တွင် ကျွန်တော့်စိတ်တွေ ဝေဝါးသွား၏။ မြင်ကွင်းက ပြဇာတ်ဆန်သည်။ ဗိုလ်ချုပ် မယ်လိုဒီ က အခန်းထဲ ဝင်လာပြီး နံဘေးသို့ တစ်လှမ်းဆုတ်ကာ သံနေသံထားဖြင့်...
"သံအမတ်ကြီး ခင်ဗျား၊ ပြည်ထောင်စု အမေရိကန်နိုင်ငံ သမ္မတကြီး ကြွလာပါပြီ"
စိတ်ထဲတွင် ပို၍ အောင့်သက်သက်ဖြစ်သွား၏။ သမ္မတက ပြုံးပြုံးကြီး လှမ်းဝင်လာသည်။

"ဟဲလို... ဂျာဆင်၊ နေကောင်းရဲ့လား"
ကျွန်တော် ပြောမည့် စကားတွေကို ခေါင်းထဲတွင် တန်းစီထားပြီးသား၊ စိတ်လှုပ်ရှားခြင်းလည်း မဖြစ် တော့၊ ခေါင်းအုံး သုံးလေးလုံးဆင့်ကာ မတ်မတ်ထိုင်လိုက်သည်။ ကမ်းပေးလာသော သူ့လက်ကို တင်း တင်းဆုပ် လိုက်သည်။ ဆေးရုံအုပ်လုပ်သူ ဗိုလ်ချုပ်က ကုလားထိုင်တစ်လုံး ထိုးပေးသည်ကို သမ္မတက ငြင်းပြီး ခုတင်ခြေရင်း တွင် ဝင်ထိုင်သည်။ ဆေးရုံအုပ် ထွက်သွားပြီး တံခါးပိတ်သံကြားမှ သမ္မတက...
"သူတို့ ဂရုစိုက်ကြရဲ့လား"
ဝတ်ကျေဝတ်တန်း မေးသည့်မေးခွန်းမျိုး။ သို့သော် သူ့မျက်လုံးများက လေးနက်မှုကို ပြနေ၏။ ကျွန်တော် က ခေါင်းညိတ်ပြီး "လိုလေသေး မရှိပါဘူး သမ္မတကြီး၊ ကျေးဇူးတင်ပါတယ် ခင်ဗျာ"
သူက လက်ထဲမှ  စက္ကူအိတ်ကလေးကို အိပ်ရာနံဘေး စားပွဲပေး လှမ်းတင်ရင်း...
"စပျစ်သီးတွေ ဗျ၊ ဘာရယ်လို့တော့ မဟုတ်ဘူး၊ ဆေးရုံလူနာလာမေးရင် စပျစ်သီးတွေ ပါပါလာတတ် လို့၊ ကျွန်တော် ဒီဆေးရုံ က ဆင်းတုန်းကဆိုရင် စပျစ်သီးတွေမှ ဝိုင်ချက်လို့တောင်ရတယ်"
နှစ်ယောက်စလုံး ပြုံးလိုက်ကြသည်။ ရင်ထဲမှ အစိုင်အခဲကို ထွက်မလာအောင် ကျွန်တော် မျိုချထားနိုင် ဆဲ။ ထိုစဉ် တံခါးခေါက်သံနှင့် အတူ ဆရာမကြီး ဝင်လာသည်။ ဗန်းထဲတွင် ပန်းကန်နှစ်လုံးနှင့် ကော်ဖီ ချိုင့်ပါလာ၏။ သူက ကော်ဖီ ငှဲ့ပေး၏။ သူ့အမူအရာမှာ ခါတိုင်းလိုပင်။ ပြီးမှ  ကျွန်တော့်ဧည့်သည်ကို ပွမ် ပြန်သည်။

"တစ်နေ့လုံး ပင်ပန်းနေတာ မဟုတ်လား၊ အလုပ်တွေ လျှော့လုပ်ဦးလေ သမ္မတကြီး၊ ဒေးဗစ် စခန်း မှာ ဖြစ်ဖြစ်၊ မွေးမြူရေးခြံမှာဖြစ်ဖြစ် တစ်ပတ်လောက် သွားနားဖို့ကောင်းတယ်"
သမ္မတကြီး က ပြုံးပြီး...
"မပူပါနဲ့ မေရီရာ၊ အချိန်လဲ သိပ်မလိုတော့ပါဘူး"
ကော်ဖီခွက်ထဲ သို့ သကြားနှစ်ဇွန်းထည့်မွှေပြီး သမ္မတ ကို လှမ်ေးပးရင်း...
"နာရီဝက် ထက် မပိုပါစေနဲ့နော်၊ ကျွန်မလူနာအပင်ပန်းမခံနိုင်ဘူး"
သမ္မတကြီး က ခေါင်းညိတ် ကတိပေးလိုက်သည်။ သူ့မျက်လုံးတွေ အရောင်တဖျပ်ဖျပ် တောက်နေ၏။
အမျိုးသမီး ထွက်သွားတော့မှ ကော်ဖီတစ်ကျိုက်သောက်ပြီး...
"တကယ်တော်တဲ့ အမျိုးသမီးဗျ"

"ဟုတ်တယ် ခင်ဗျ၊ သိပ်ကို တော်ပါတယ်"
နှစ်ယောက်သား စကားပြတ်သွားပြီး တင်းမာမှု တက်လာသည်။ အကြောင်းအရာကို ကျွန်တော် ဖွင့် မချမီ သူက စသည်။
"စန်ကာလို က စီအိုင်အေတွေ ခင်ဗျား ကို သတ်ဖို့ ကြိုးစားတာ သိတယ်နော် ဂျာဆင်"
"သိပါတယ်"
ကော်ဖီခွက်ကို သူ ငုံ့ကြည့်နေသည်။ အညိုရောင် ကော်ဖီရည်ထဲတွင် အဖြေရှာနေသည့်အလား၊ အတန်ကြာမှ ခပ်ပြတ်ပြတ်လေသံဖြင့် ပြောသည်။
"ကျုပ် အဲဒီအတွက် တောင်းပန်နေတာ မဟုတ်ဘူးနော်၊ ရှင်းပြနေတာ၊ တစ်ခါ တစ်ခါ ကျုပ် မျက်စိ မှိတ် နေလိုက် ရတာတွေ ရှိတယ်၊ ဒါမျိုးဟာ လောကနီတိနဲ့ လုံးဝမညီညွတ်တဲ့ အဖြစ်မျိုး၊ ဒါပေမယ့် တစ်ခါ တစ်ခါကျတော့ ကမ္ဘာမီးလောင် သားကောင်ချနင်းရ တဲ့ အခါမျိုးတွေရှိတယ်၊ လောကနီတိကို ဘေးချိတ် ရတဲ့ အဖြစ်မျိုးတွေ ရှိတယ်၊ အဲဒီတုန်းက ခင်ဗျားနဲ့ တိုင်းပြည်လုံခြုံရေးနဲ့က ဆက်စပ်နေတာကိုး"
သူ တင်ပြပုံကြောင့် ကျွန်တော့် ရင်ထဲ ပေါ့သွားသည်။ အရင်တုန်းက သူ့ကို လေးစားရုံ လေးစားခဲ့သည်။ ခုတော့ ထိုပုဂ္ဂိုလ် ကို ကျွန်တော် ချစ်ခင်သွားပြီ၊ ကျွန်တော့်ရင်ထဲမှ ဒေါသတို့ အရည်ပျော်သွားပြီ၊ သို့ သော် ကျွန်တော့်ယုံကြည်ချက် ကိုတော့ တင်ပြဖြစ်အောင် တင်ပြလိုက်သေးသည်။

"သမ္မတကြီးခင်ဗျား၊ ကျွန်တော်တို့ရဲ့ အစိုးရလက်အောက်ခံ အဖွဲ့အစည်းတစ်ခုဟာ လူသတ်မှုအထိ တော့ မကျူးလွန်သင့်ဘူး ထင်ပါတယ်၊ မီးစဉ်ကြည့်ကရတဲ့ အခြေအနေမျိုးတိုင်းမှာ လောကနီတိကို မပစ်ပယ်သင့်ဘူး လို့ ကျွန်တော် ထင်ပါတယ်"
သူက အလေးအနက် ခေါင်းညိတ်ပြီး...
"ခင်ဗျား ပြောတာ မှန်ပါတယ် ဂျာဆင်၊ ခင်ဗျားကိစ္စကြောင့် စီအိုင်အေရဲ့မူဝါဒကို ကျွန်တော်တို့ ပြန်စဉ်း စားဖို့ လုပ်နေ ပါပြီ"
မပြောဘဲ မနေနိုင်သဖြင့်  ကျွန်တော့်နှုတ်မှ အလိုလိုထွက်သွားသည်။
"ကျွန်တော့် ကို သူတို့လုပ်တာ မထိရောက်လို့လား သမ္မတကြီး"
သူက နှစ်လိုဖွယ်ပြုံးလိုက်သည်။

"အဲဒီလိုမဟုတ်ပါဘူးဗျာ၊ ခင်ဗျားကို လေ့လာတဲ့ ကျုပ်တို့ စိတ်ကုဆရာဝန်တွေဟာ ခင်ဗျား ဖော်မှာပဲလို့ ဆုံးဖြတ်ကြ တယ်၊ သီအိုရီတွေပေါ်မှာ သိပ်အခြေခံလွန်းတာဟာ ကျုပ်တို့အမှားပဲ၊ ခင်ဗျား လုံးဝမဖော် ဘူး၊ အဲဒါကြောင့် စန်ကာလို ကိုလဲ သူပုန်တွေလက်ထဲက ကျုပ်တို့ ပြန်ကယ်နိုင်ခဲ့တယ်၊ ခု ကျုပ် လာတာ တောင်းပန်ဖို့ မဟုတ်ဘူးနော်၊ ခင်ဗျားရဲ့သူရသတ္တိ ပြောင်မြောက်မှုအတွက် ဂုဏ်ထူးဆောင်ဘွဲ့ပေးဖို့ ကျုပ် ကွန်ဂရက်ကို တင်တော့မယ်"
ကျွန်တော်က ခပ်ဖြည်းဖြည်း ခေါင်းယမ်းလိုက်သည်။ သူ့မျက်လုံးများကို ကျွန်တော် လှမ်းကြည့်လိုက် ၏။ သူ နားလည်ပုံ ရသည်။
"လက်မခံဘူးပေါ့၊ ဟုတ်လား၊ ဒါဖြင့် ကျုပ် ဘာလုပ်ပေးရမလဲ"
"ကျွန်တော့်ကို အနားယူခွင့်ပေးဖို့ပါပဲ"
သူ သက်ပြင်းချသည်။ ကော်ဖီခွက်ကိုချပြီး ပြတင်းပေါက်ဆီသို့ လျှောက်သွားသည်။ မြို့ကို ငုံကြည့်နေ ၏။ အခန်းထဲ တွင် အကြာကြီး တိတ်ဆိတ်သွားသည်။ ပြန်လှည့်လာတော့ သူ့မျက်နှာက တစ်မျိုး၊ တစ်စုံ တစ်ခုကို ဆုံးဖြတ်ချက် ချလိုက်ပုံ၊ ပင်ပန်းနွမ်းနယ်ခြင်း မျိုး လုံးဝမရှိ၊ အခန်းတံခါးဝကို လျှောက်သွားပြီး အမိန့်ပေးသည်။

"ဒီအခန်းကို ဗိုလ်မှူးဆလိုကမ် အမြန်ဆုံး သတင်းပို့ရမယ်လို့ အကြောင်းကြားလိုက်"
ပြီးတော့ ပြတင်းပေါက်ဘက်ကို ပြန်လျှောက်သွားသည်။ မားမားမတ်မတ် သူ့ကိုယ်နေဟန်ကို ကျွန်တော် နောက်ကျောမှ မြင်နေရသည်။ သူ နောက်လှည့်မကြည့်ဘဲ...
"ခင်ဗျား နဲ့ ဆလိုကမ် တော်တော်ရင်းနှီးသွားကြတယ်လို့ ကျွန်တော် သိတယ်၊ ခင်ဗျားတို့နှစ်ယောက်ကို လွန်ခဲ့တဲ့တစ်ပတ်အတွင်း မှာ ကျုပ် အရမ်းသဘောကျသွားတယ်၊ တစ်နိုင်ငံလုံးပါပဲလေ၊ ဒဏ်ရာရလာ တဲ့ သူ့လူတွေ ကိုကြည့်ဖို့ သူနဲ့ ကျုပ် ချိန်းထားတယ်၊ သူ မကြာခင် ဒီကိုရောက်လာလိမ့်မယ်"
အကြာကြီး ငြိမ်သွားပြန်သည်။ သူ ဘာဆက်လုပ်မှာပါလိမ့်၊ သူ့စိတ်ထဲတွင် တစ်ခုခုကို မျိုသိပ်ထားပုံရ ၏။ အောင့်သက်သက် ဖြစ်နေပုံလည်း ရ၏။ တံခါးခေါက်သံကြားတော့ သူ ချာခနဲ လှည့်ကြည့်သည်။
ဗိုလ်မှူးကြီး ဆလိုကမ် ယူနီဖောင်း အပြည့်အစုံဖြင့် ဝင်လာသည်။ ပြီးတော့ ပုံစံကျကျ အလေးပြုသည်။ သမ္မတ က ကုလားထိုင်တစ်လုံးတွင် ဝင်ထိုင်ခိုင်းသည်။

"ထိုင်ပါ ဗိုလ်မှူးကြီး၊ ပြီးခဲ့တဲ့လကတည်းက ကျွန်တော့်ရုံးခန်းမှာ ခင်ဗျား လမ်းလျှောက်ရင်း လက်ချာ ပေးခဲ့တာ ကို ကျုပ် နားထောင်ခဲ့ရတယ်၊ ခုတစ်ခါ ခင်ဗျားအလှည့်"
ဆလိုကမ်က  ကျွန်တော့်ကို လှမ်းကြည့်သည်။ အူကြောင်ကြောင် ဖြစ်နေပုံ၊ ပြီးမှ မရွံ့မရဲနှင့် ကုလား ထိုင်တွင် ဝင်ထိုင် သည်။ အခန်းထဲတွင် သမ္မတက ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်နေသည်။
"ဗိုလ်မှူးကြီး ဆလိုကမ်၊ ဒီမနက်က ဝူမင်းက မွေးမြူရေးခြံ လုပ်မယ့်အကြောင်းနဲ့ အနားယူခွင့်ပေးဖို့ အကြောင်း ခင်ဗျား ကျုပ်ဆီ မှာ ခွင့်တောင်းတယ်၊ ကျုပ်က စဉ်းစားပေးမယ်လို့ ပြောခဲ့တယ်၊ ခု ကျုပ် စဉ်းစားပြီးပြီ၊ အဖြေ ကတော့ မပေးနိုင်ဘူး၊ ခင်ဗျားရဲ့လက်ချာနဲ့ ခင်ဗျားရဲ့နောက်ဆုံး လုပ်နည်းလုပ်ဟန် ကြေင့် အမေရိကန် လက်နက်ကိုင် အဖွဲ့အစည်းတွေ ကို ပြန်လည်သုံးသပ်ဖို့ လိုလာပြီလို့ ကျုပ် သဘောပေါက်လာတယ်..."

"အဲဒီကိစ္စမှာ ခင်ဗျား ပါနေပြီ၊ ခင်ဗျားနဲ့ ဆက်လုပ်မှဖြစ်မှာ၊ ဒီတော့ ကျုပ် အမိန့်ထုတ်မယ် နားထောင်၊ ခွင့်တစ်လပေး လိုက်မယ်၊ ပြန်လာတာ နဲ့ ဗိုလ်ချုပ်ရာထူး တိုးမြှင့်ပေးမယ်၊ ပြီးတာနဲ့ တပ်မတစ်ခု ထပ်ဖွဲ့ မယ်၊ အဲဒီ တပ်မဟာ အရေးကြီးဆုံးတပ်မ ဖြစ်ရမယ်၊ အဲဒီတပ်မကို ခင်ဗျားကိုယ်တိုင် ပို့ချရမယ်၊ မဟာ ဗျူဟာ နည်းဗျူဟာတွေ ကိုလဲ ခင်ဗျားကိုယ်တိုင် သင်ပေးရမယ်၊ အဲဒီတာဝန်ကို လေးနှစ်ထမ်းပြီးရင် ခင်ဗျား မွေးမြူရေးခြံ မှာ သွားပြီး အနားယူနိုင်ပြီ၊ အဲဒီအချိန်ဆို ကျုပ်လဲ အနားယူပြီးနေပြီပေါ့၊ ကျုပ်ကို ဖိတ်ရင် လာလည် မယ်၊ ခင်ဗျား ကို နွားမတွေအကြောင်း သင်ပေးမယ်၊ ဟုတ်ပြီလား ဗိုလ်မှူးကြီး"
"ဟုတ်ကဲ့... ခင်ဗျာ"
သမ္မတကြီး က လမ်းလျှောက်ရပ်လိုက်ပြီး ဆလိုကမ်ကို စိုက်ကြည့်နေသည်။ သူ့အကြည့်က သံမဏိပြား ကိုတောင် ဖောက်ထွင်းသွားနိုင်သည် ထင်ရ၏။ ပြီးမှ ကျွန်တော့်ဘက်လှည့်လာသည်။
"သံအမတ်ကြီး၊ ခင်ဗျားဟာ နိုင်ငံခြားရေးဌာနမှာ အတွေ့အကြုံတွေ တစ်ပုံတစ်ခေါင်းကြီးရှိခဲ့တဲ့ ပုဂ္ဂိုလ် တစ်ယောက်ဖြစ် တယ်၊ ကျုပ်တို့ပါရဂူတွေက ခင်ဗျား အနှိပ်စက်ခံရရင် ခင်ဗျား နိုင်ငံတော် လျှို့ဝှက်ချက် တွေ ကို ဖော်မှာပဲလို့ ယုံကြည်ခဲ့ကြတယ်၊ ဒါပေမယ့် ခင်ဗျား မဖော်ခဲ့ဘူး၊ ခင်ဗျားရဲ့ခန္ဓာကိုယ်တစ်ခုလုံး သေလုမြောပါး သူတို့ နှိပ်စက်တော့ လဲ ခင်ဗျား မဖော်ဘူး၊ ဒါကြောင့် ခင်ဗျားဟာ သာမန်လူမဟုတ် တော့ဘူး၊ ခင်ဗျားကလဲ အနားယူ ဖို့ ကျုပ်ကိုပြောထားတယ်၊ ခင်ဗျားအတွက် အမိန့်ထုတ်မယ်၊ နားထောင်..."

"အနားယူဖို့ နဲ့ အားမွေးဖို့ ခွင့်တစ်လပေးလိုက်မယ်၊ ခွင့်စေ့တာနဲ့ ဂျော့တောင်းတက္ကသိုလ်မှာ ဌာနေ သံအမတ် အဖြစ်နဲ့ သတင်းပို့ရမယ်၊ ခင်ဗျား သိတဲ့အတိုင်း ဒီရာထူးဟာ သမ္မတက တိုက်ရိုက်ခန့်တဲ့ အထူးသံတမန်ဆိုင်ရာ ပညာရပ်ပိုင်း အတွက် ရာထူးဖြစ်လို့ ခင်ဗျားနဲ့ အသင့်တော်ဆုံးပဲ၊ ရွှေတံဆိပ်ကို ခင်ဗျား ငြင်းချင်ငြင်းလို့ရမယ်။ ဒီရာထူး ကိုတော့ မငြင်းရဘူး၊ တစ်ပြိုင်တည်းမှာ လက်တင် အမေရိက ရေးရာ အတိုင်ပင်ခံအဖြစ်လဲ ကျုပ် သမ္မတသက်တမ်း ကုန်တဲ့အထိ ခင်ဗျား ပူးတွဲတာဝန်ယူရမယ်၊ အဲဒီ နောက်ပိုင်းမှာ ခင်ဗျား အနားယူနိုင်ပြီး၊ အဲဒါ ခင်ဗျား အတွက် ပြန်တမ်းပဲ"
လည်ချောင်းထဲ မှ စကားလုံးတွေ အလိုလိုခုန်ထွက်သွားကြ၏။
"ဟုတ်ကဲ့ပါ၊ သမ္မတကြီး ခင်ဗျား"
သူ ကျေနပ်စွာ ခေါင်းညိတ်ပြီး ဆလိုကမ်ဘက်သို့ လှည့်လိုက်သည်။
"ကဲ... ဗိုလ်မှူးကြီး၊ ခင်ဗျား လူတွေ သွားကြည့်ကြရအောင်"
တံခါးဝရောက်မှ သူက ပြန်လှည့်ကြည့်ပြီး ပြုံးရင်း...
"သူရဲကောင်း ဆိုတဲ့ လူမျိုးတွေကို ကိုင်ဖို့ တစ်နည်းပဲရှိတယ်ဗျ၊ တင်ပါးကို ဆတ်ဆတ်ကလေး ကန်ပြီးမှ လိုချင်တာ ခိုင်းရတယ်"

စပျစ်သီးစားရင်း ကျွန်တော့်ကိုပေးသည့် တာဝန်အကြောင်း စဉ်းစားနေမိတယ်၊ သဘောကျစရာ ပါပဲ၊ ဂျော့တောင်းတက္ကသိုလ် လိုနေရာမှာ တာဝန်ပေးခံရခြင်းသည် တာဝန်အရ လျော့သွားပြီး ဂုဏ်သိက္ခာ ပိုင်းမှာ အပုံကြီး တက်လာခြင်းဖြစ်၏။ ကျွန်တော် ကျွမ်းကျင်သည့် ဝါသနာပါသည့် ဘာသာရပ်ကို ပို့ချရ တော့ မည်။ လူငယ်တွေနှင့် ရောထွေး ယှက်တင်နေရတော့မည်။
တစ်ခုတော့ ကျွန်တော် သဘောပေါက်လိုက်သည်။ ကျွန်တော်တို့သည် ကျွန်တော်တို့ ချစ်သူများထံမှ တစ်စစီ ဖဲ့ယူပြီး ဘဝကို ဖြည်းဆည်းနေခြင်းဖြစ်ပါကလား။ အင်ပါရိုဆီက ယူခဲ့သည်များရှိသည်။ ဂျော်ဂျီ ဆီက အများကြီး ယူသည်။ နောက်ဆုံး ဆလိုကမ် ဆီကလည်း ယူရသည်။

ကျောင်းဆရာတစ်ယောက် ဖြစ်လာတော့မည်။ ကျွန်တော့်တွင် သင်ကြားစရာတွေ ရင်ထဲမှာ ရှိနေပြီး သားဟု ထင်ပါ၏။ သမ္မတ၏အစီအစဉ် ကို ကျွန်တော် အရမ်းသဘောကျသွားသည်။ ဆုံးဖြတ်ချက်တစ် ခုချလိုက် ၏။ ဆေးရုံက ဆင်းသည်နှင့် ဆရာမ ကိုခေါ်ပြီး ညစာကျွေးမည်။ အတွဲလေးဘာလေးနှင့် ပြန် နေဖို့ အချိန်ဟု ကျွန်တော် ယုံကြည် လိုက်၏။ ကျေကျေနပ်နပ်ကြီး အိပ်ပျော်သည့်ည။

နောက်တစ်နေ့ အတော်နေစောင်းမှ  ကျွန်တော် အိပ်ရာကနိုးသည်။ တံခါးပွင့်လာပြီး ဆလိုကမ် ဝင်လာ သည်။ သူ့ကို ဘယ်တုန်း ကမှ မရှိခဲ့ဖူးသည့် ညီတစ်ယောက်လို ကျွန်တော် တွယ်တာနေပြီ၊ သူ စာအိတ် ထူထူကြီး တစ်လုံးကို အိပ်ရာဘေး စားပွဲပေါ်တွင်တင်ပြီး ခုတင်ခြေရင်းတွင် ဝင်ထိုင်ရင်း...
"ခင်ဗျား အတွက် သမ္မတထုတ်သွားတဲ့ ပြန်တမ်း ကို ဘယ်လိုသဘောရသလဲ ဂျာဆင်"
"သဘောကျပါတယ်၊ ဗိုလ်ချုပ်ကကော"
သူက သွားတွေအဖွေးသားပေါ်အောင် ရယ်ပြီး...
"ကျွန်တော်လဲ သဘောကျပါတယ်၊ လုပ်ချင်တာ လုပ်ခွင့်ရတဲ့ အလုပ်မျိုးပဲ၊ နွားတွေက စောင့်နိုင်ပါ တယ်၊ ကျွန်တော့်တပ်ရင်း ကို တစ်ရက်နှစ်ရက် ပြန်မယ်၊ ပြီးတော့ ဝူမင်းကို လစ်တော့မယ်၊ ခွင့်ကုန်တဲ့ အထိ ဟိုမှာနေမယ်"
"ကောင်းတာပေါ့၊ ခုနကဟာက ဘာစာအိတ်လဲ"
သူ ရယ်ပြန်သည်။

"ကျွန်တော့်ဝူမင်း လိပ်စာနဲ့ ဖုန်းနံပါတ်လေ၊ ပြီးတော့ လေယာဉ်ပျံအချိန်စာရင်း၊ ပြီးတော့ ခင်ဗျား အတွက် လက်ဆောင်"
သူက မတ်တတ်ရပ်ပြီး လက်ကမ်းပေးသည်။ ကျွန်တော် တအားဆုပ်ထားလိုက်၏။ ကျွန်တော် ဘာပြော ရမှန်း မသိအောင် ဆွံ့နေသည်။ သူက ကျွန်တော့်ကိုပြန်ပြီး လက်ဆောင်ပေးသေးသတဲ့လေ။
သူက လေသံခပ်ပြင်းပြင်းနှင့်...
"ဆယ်ရက်အတွင်း မှာ ခင်ဗျားဆီက ဘာသတင်းမှမကြားရင်  တပ်ရင်းကို ကျွန်တော် ဖုန်းဆက်လိုက် မယ်၊ သူတို့ ခင်ဗျား ဆီ ပြေးလာကြလိမ့်မယ်"
"သတင်းကြားရပါစေ့မယ် ဆိုက်လက်စ်၊ လောင်းကြေးစားကြေး လုပ်မလား"
သူ တံခါးပိတ်ပြီးတွက်မည့် ဆဲဆဲတွင် ကျွန်တော် ထပ်ပြောလိုက်သေးသည်။

"လောင်းကြေးစားကြေးနော်"
ကျွန်တော် ခဏ အိပ်ငိုက်သွားစဉ် ဆရာမလေးတစ်ယောက် ညစာလှည်းတွန်းယူလာသည်။ နောက်မှ ဆရာမကြီး ကပ် ပါလာ၏။ လက်သုတ်ပဝါ၊ ဓား၊ ခက်ရင်း အထားအသို မမှန်သဖြင့် ဗျစ်တောက်ဗျစ် တောက် လုပ်ပြီး လိုက်လာ၏။ ခုမှ စာအိတ်ကို သတိရသဖြင့် ယူပြီး ဖောက်လိုက် သည်။ တော်တော် လေး ပါလား၊ လေယာဉ် အချိန်ဇယားတစ်ခု ထွက်ကျလာ၏။ ပြီးတော့ ကတ္တီပါသေတ္တာကလေး တစ်ခု၊ ကျွန်တော် ဖွင့်ကြည့်နေသည် ကို ဆရာမကြီးက စောင့်ကြည့်နေ၏။
သေတ္တာလေး  ပွင့်သွားတော့ ကျွန်တော် အသက်ရှူဖို့ မေ့သွားသည်။ ဖဲပြားအပြာထိပ်တွင် တဖိတ်ဖိတ် တောက်နေ သည့် ဖောင်းကြွ ရွှေတံဆိပ်ကြီး။
အမျိုးသမီး က တိုးတိုးလေး ပြောသည်။

"ဟယ်... နိုင်ငံ့ဂုဏ်ရည် တံဆိပ်ကြီးပါလား၊ သူက သံအမတ်ကြီးကို ပေးသွားတယ် ဟုတ်လား၊ ဘုရား... ဘုရား"
ပြီးတော့ ခပ်စောင်းစောင်း လက်ရေးဖြင့် ရေးထားသည့် ကတ်ပြားလေးတစ်ခု။

ကျွန်တော့် မှာ တံဆိပ်တွေ အများကြီးပဲ၊ ရင်ဘတ်မှာ နေရာမရှိတော့ဘူး၊ ပြီးတော့ ခင်ဗျားနဲ့ ပိုပြီး ထိုက်တန်တယ် ထင် လို့ ကျွန်တော် ပေးခဲ့ပါတယ်။
ဆိုက်လက်စ်

ကျွန်တော် ဘာပြောရမှန်းမသိ ဖြစ်သွားသည်။ ပြီးမှ နှုတ်မှ အလိုလို ထွက်သွားသည်။
"ကျွန်တော် ပြန်ပို့ ခိုင်းလိုက်မှာပါ"
အမျိုးသမီး က ခေါင်းညိတ်ပြီး...
"ဒါပေါ့၊ ဒီလိုစစ်သားမျိုးကတော့ ရှားပါ့ရှင်"
ကျွန်တော် က သေတ္တာလေးကိုပိတ်ပြီး သူ့ကို မော်ကြည့်လိုက်သည်။

"ပြန်မပို့တော့ဘူး"
"ဟင်... ဘာဖြစ်လို့"
"တကယ် ပြန်မပို့ဘူး၊ ကျွန်တော် ကိုယ်တိုင် သူ့ဆီ ယူသွားမယ်လေ"

ပြီး၏။
တင်မောင်မြင့်
.

3 comments:

Anonymous said...

ကျေးဇူးပါ
တကယ် ကျေးဇူးတင်ပါတယ်

Anonymous said...

thnx alot ss..really nice post..
hope new one soon!
lots of love
Anne
<3

AMK said...

သိပ်ကြိုက်တယ် အစ်မကြီးဒိအထဲမှာ ယူတတ်ရင် ရစရာတွေ အများကြီးပါ။ ကျေးဇူး များကြီးတင်ပါတယ်ဗျာ