Monday, November 26, 2012

ဒေါက်တာအောင်ကြီး ၏ အဆွေးလူ၊ အတွေးလူ၊ သိမ့်မွေ့လူ, အပိုင်း (၁၇)

အစိုးရသော၊ ယဉ်ကျေးသော၊ အလုံးစုံ ပြီးပြေစေသော ...
(၁)
မင်္ဂလာဈေး အရှေ့မြောက်ထောင့် ဆိုက်ကားဂိတ် တွင် ဦးစိုး ဆိုသော ဆိုက်ကားသမား တစ်ဦး ဂိတ်ထိုး လေ့ရှိသည်။ အသားက မည်းမည်းပြောင်ပြောင်၊ သွားကဖွေးဖွေး၊ အစဉ်ချိုပြုံးသော မျက်နှာပိုင်ရှင်။ သူ့ကိုယ်ပိုင် အမှတ်တံဆိပ် တစ်ခုက စွပ်ကျယ်လက်ရှည် ဖြူဖြူစင်စင်နှင့် အစဉ်တွေ့ရခြင်းပင်။ တောင့်တင်း ကြံ့ခိုင် ကျစ်လျစ်သော ခန္ဓာကိုယ် စွပ်ကျယ်ဖြူဖွေးကို ထောက်ကန်ထားသလို။
ကျွန်တော်က စက်ဘီးတစ်စီးနဲ့ ဟိုဟိုဒီဒီ သွားတတ်ရာ ဆိုက်ကားစီးဖို့ အခွင့်ကြုံခဲ့ရသည်။ တစ်ခါတစ်ရံ ဆိုက်ကားစီး ဖို့ ကြုံလျှင်တော့ သူ့ဆိုက်ကားပဲ စီးတတ်သည်။ သူက ကွမ်းမစား၊ အရက်မသောက်၍ သူ့ကိုယ်နံ့ကခံသာသည်။ ဒါ့အပြင် သူက မျက်နှာ အစဉ်အလိုလို ချိုပြုံးနေတာကတစ်ကြောင်း၊ လူက တောင့်တောင့်တင်းတင်း သန်သန်မာမာဆိုတော့ ကုန်းတက်ကုန်းဆင်းဆိုလျှင် အားနာစရာမလိုတာက တစ်ကြောင်းကြောင့် လည်း သူ့ဆိုက်ကားကို ရွေးစီးမိတာဖြစ်မည်။

ဟိုတုန်းက ခရီးတိုဆိုလျှင် ဆိုက်ကားခ ၃ ကျပ်၊ ၄ ကျပ်ပဲ ပေးရသည်။ တစ်ခါက သူ့ဆိုက်ကားဖြင့် ခရီးတို တစ်ခုသွားပြီ ၅ ကျပ်တန်တစ်ရွက် ပေးလိုက်တော့ သူက ၂ ကျပ်ပြန်အမ်းရန်ပြင်သည်။ ကျွန်တော်က လက်ကာပြလိုက်ပြီး မအမ်းပါနဲ့တော့ဗျာဟု ပြောသော်လည်း သူက " ဟာ ဆရာကလည်း ဒီခရီးက ၃ ကျပ် တန်တာ။ ၂ ကျပ် ပြန်အမ်းရမှာပေါ့" ဟုဆိုတာ ပိုက်ဆံ ၂ ကျပ်ကို အမ်းဖြစ်အောင် အမ်းလိုက်သေးသည်။ ကျွန်တော် တော်တော်ဖြုံသွားသည်။
အဲဒီ အချိန် ကျွန်တော်က ဆရာဝန်ပေါက်စ။ ဆေးတစ်ချောင်းထိုးရင် ၆ ကျပ်၊ ၇ ကျပ်ယူနေကြသည့်ခေတ်။ တစ်ခါတစ်ရံ လူနာ က တစ်ဆယ်ကျပ်တန်ပေးလိုက်ပြီး ပြန်အမ်းမနေပါနဲ့တော့ ဆရာရယ်ပြောလိုက်ရင် ကျွန်တော်က ပြန်အမ်း ဖို့ တကူးတက အားမထုတ်တော့ဘဲ ၀မ်းပန်းတသာ ယူထားလိုက်မြဲဖြစ်သည်။ ယခု ဆိုက်ကား ဆရာ က ၂ ကျပ်တိတိ ပြန်အမ်းနေပြီ။ ကျွန်တော် ဘယ်လို မျက်နှာထားရမည် မသိတော့။ သူက သူ့အင်္ကျီအရောင် လို ဖြူဖြူစင်စင် ပြံးပြနေလေရာ ကျွန်တော့်မှာ ပိုလို့အနေကျပ်သွားသည်။

ကျွန်တော် တို့ အစ်ကိုကြီးသဖွယ် လေးစားချစ်ခင်ရသော ဆရာဝန်လတ်တစ်ဦးပြောဖူးတာ ဖျတ်ခနဲ ခေါင်းထဲပေါ် လာသည်။  လူနာတစ်ဦးကြည့် ဆေးထိုး၊ ဆေးပေးပြီး ၆ ကျပ်ယူရသည့်ခေတ်က အစ်ကိုကြီးက ၁၀ ကျပ်ယူသည်။ သူက လူပျိုကြီး။ ဘာသာရေးကိုင်းရှိုင်းလှသူဟူ နာမည်ကြီးသည်။ တည်ကြည် ဖြောင့်မတ် သည်။ ကျွန်တော် တို့ လူငယ်တွေအတွက် ROLE MODELတစ်ဦး။ သူက -
" ကိုယ်က တစ်ဦး ကို တစ်ဆယ်ယူတယ်။ ဒါက Filter လုပ်လိုက်တဲ့ သဘောပဲ။ တတ်နိုင်တဲ့လူ လာပစေပေါ့။ မတတ်နိုင်တဲ့ သူတွေ တခြားဆေးခန်းတွေ သွားပြလိမ့်မယ်" တဲ့။
ဟာ ... ကျွန်တော် လန့်ဖျပ်တုန်လှုပ်သွားခဲ့ရ။ ဦးစိုး။ ဦးစိုး။ ခင်ဗျားဟာ နာမည်နဲ့လူနဲ့ လိုက်ဖက်ပေတာပဲ။ သူ့လောဘ ကို၊ သူ့စိတ် ကို ကျွန်တော် တို့ ပညာတတ် ဆရာဝန်တွေထက် ပိုလို့ စိုးမိုးနိုင်ချေသည်တကား။


(၂)
သူငယ်ချင်းဆရာဝန်တစ်ဦး က သမားတော်ကြီး။ ကျွန်တော်နှင့် ရင်းနှီးလှသော လုပ်ဖော်ကိုင်ဖက်တစ်ဦး။ ကျွန်တော့် ထက် ၃ နှစ်ခန့်ငယ်သည်။ သူ့ထူးခြားချက်က ဘာလုပ်လုပ် အင်မတန် သပ်သပ်ရပ်ရပ် စနစ်တကျ လုပ်လေ့ရှိသည်။ ၀တ်တာစားတာ၊ ပြောတာဆိုတာ၊ နေတာထိုင်တာ စတိုင်ကလေးနှင့်။ သူနှင့် ဆက်ဆံရသူ တိုင်းက သူ့ကို လေးစား အထင်ကြီးကြသည်။ အင်္ဂလန်သို့ ဘွဲ့လွန်သွားတတ်ကြတော့လည်း အတူတူ။ ဆေးကျောင်းနောက်ဆုံးနှစ် တုန်းကမှတ်စုတွေ ကို ဟိုအထိယူလာပြီး သူကျက်မှတ်လေ့လာနေ တာ တွေ့ရတော့ ထူးဆန်း သလိုဖြစ်မိသည်။
" ကျွန်တော်က ကျွန်တော့်လက်ရေးနဲ့ ရေးထားတဲ့ စာကိုဖတ်ရမှ စိတ်ထဲစွဲတာဗျ။ အသစ်အဆန်းတွေ ထပ်တွေ့ ရင် ဘေးကနေ ထပ်ဖြည့်လိုက်တာပေါ့ ဗျာ" ဟုပြောဖူးသည်။
လွန်လေပြီးသော ၁၂ နှစ်တာကာလက မျတ်စုစာအုပ်တွေ ကို ယခုထိ မပျောက်မရှ ထိန်းသိမ်းထားနိုင်တာလည်း ကျွန်တော့် အတွက် အဆန်းတကြယ်။ ကျွန်တော့်စာအုပ်တွေ ဆို ဘယ်ရပ်ဌာနီ စံလေသည်မှန်း ဖြစ်ကုန်ပြီ။ ကျွန်တော် ပြန်လာပြီး တစ်နှစ်အကြာ မှာ သူ မြန်မာပြည် ပြန်ရောက်လာသည်။ ရှမ်းပြည်နယ်မှာ တာဝန်ကျ သည်။

သူဖိတ်ကြားလို့ ရှမ်းပြည်နယ် တောင်ကြီးမြို့တွင် ကျင်းပသော ဆရာဝန်ညီလာခံသို့ နှစ်တိုင်းလိုလို ကျွန်တော် မပျက်မကွက် တက်ရောက်သည်။ ၂၀၀၈ ဖေဖော်ဝါရီလအတွင်း ကျင်းပမည့် ညီလာခံတတ်ဖို့ ကျွန်တော် ဆုံးဖြတ် ပြီးပြီ။ ဒီအချိန်မှာ သူကိုယ်တိုင်က မန္တလေးသို့ ပြောင်းရွှေ့တာဝန်ထမ်းဆောင်နေပြီ။ ထို့ကြောင့် သူနှင့် အတူ မန္တလေးမှ တောင်ကြီးတက်ကြမည်။ အဖော်တစ်ဦးက သူနှင့်အတန်းတူ သူငယ်ချင်း၊ ကလေးဆေးပညာ ပါမောက္ခ။ ကလေးမျက်နှာလို အစဉ်ချိုပြုံးနေသော မျက်နှာပိုင်ရှင်။ လူကတော့ ခပ်ဖိုင့်ဖိုင့်။
သူငယ်ချင်း သုံးဦး မန္တလေးမှ တောင်ကြီး ကားနှင့် အသွားအပြန် လုပ်ဖို့ ဆုံးဖြတ်ကြသည်။ လမ်းမှာ ရပ်ချင်ရာ ရပ်မည်။ စားချင်တာစားမည်။ နားချင်ရာ နားမည်။ ရွာငံလမ်းက တက်ကြမည်။ ခရီးလမ်းပန်း သာယာသည်။

ဖေဖော်ဝါရီလ ကောင်းကင် က ကြည်စင်ပြာလဲ့နေ၊ တောတောင်စိမ်းစိမ်း၊ မြေကရဲရဲ။ တောင်ယာမီးခိုးက တလူလူ။ ရွာငံ ရှိ စိမ်းရောင်စို စားတော်ဆက်ကလည်း ကျွန်တော်တို့ ဖောက်သည်ဆိုင်။ လမ်းတစ်လျှောက် လုံး စကားတပြောပြော။ မန္တလေးမှာ နီးလျက်မဆုံဖြစ်သူများ။ ဆုံဖြစ်ရင်လည်း တစ်ဦးနှင့်တစ်ဦး သိပ်ကြာကြာ စကားမပြောရသူ များ။ ကိုယ်ကလည်းမအား။ သူတို့ကလည်း အပြေးအလွှား။ ဒါကြောင့် ခရီးကို ကားနှင့်သွားဖို့ ဆုံးဖြတ်တာဖြစ်သည်။ လေယာဉ်ခရီးက မိနစ် (၃၀)ပဲကြာမည်။ စကားပြောလို့မ၀ခင် ခရီးက ဆုံးနှင့်ပြီ။ စကားတပြောပြော တသောသော သွားကြတာ တောင်ကြီးရောက်တော့ ညနေ ၄ နာရီ ခွဲနေပြီ။ ဆရာဝန် ညီလာခံ ကျင်းပရာ စပ်စံထွန်း ဆေးရုံကြီးဝင်၊ မိတ်ဆွေ ဆရာဝန်တွေကို နှုတ်ဆက်၊ တည်းခိုရ မည့် တောင်ကြီး ဟိုတယ် သွားနားကြသည်။
နောက်တစ်နေ့ နံနက် ကလေးဆေးပညာပါမောက္ခ ဟောပြောပို့ချ။

ညနေပိုင်း ကျွန်တော်တို့ သမားတော် နှစ်ဦးအလှည့်၊ ပို့ချတာထက် ဆွေးနွေးတင်ပြတာဆိုရင် ပိုမှန်ပါလိမ့်မည်။ ဆရာဝန်လားမြောက်ပြီး သူတွေ ကို ဟောပြောပို့ချစရာမလို။ အပြန်အလှန် ဆွေးနွေးတာ ညှိနှိုင်းတာ အတွေ့အကြုံ အတွေးအမြင် ဖလှယ်စရာပဲလိုမည်။ ကျွန်တော့်တို့အဖွဲ့က နှစ်စဉ်လိုလို ရောက်နေတော့ ပရိသတ်နှင့် အပေးအယူမျှနေပြီ။ ညစာစားပွဲကို ရှမ်းပြည်နယ် စာပေနှင့် ယဉ်ကျေးမှု အသင်းတိုက်မှာ ကျင်းပသည်။ တောင်ကြီး မြန်မာနိုင်ငံ ဆရာဝန်အသင်းဥက္ကဋ္ဌ၏ ညစာစားပွဲ။ အအေးဓာတ်ဖြင့် ထွေးပိုက် ထားသောည။ မိတ်ဆွေတွေနှင့် တွေ့ရတော့ သွေးပူနွေးထွေးလာသည်။
ဒီဘက်ခေတ် ညစာစားပွဲတွေ ထုံးစံ တက်ရောက်လာသူ ဆရာဝန်ထဲက ဂီတသူရဲကောင်းတွေ အလျှိုလျှို ထွက်လာပြီး သီချင်းသံနှင့် ဂီတသံနှင့် အေးခဲညကို ဖောက်ခွဲလိုက်ကြသည်။ သီခ်ျးသံ ဂီတသံကို နားထောင် ရတာ ကျွန်တော် နှစ်ခြိုက်ပါသည်။ သို့ရာတွင် အခန်း သိပ်မကျဉ်းမကျယ်မှာ လူထူထူ ကျပ်ကျပ် ထဲမှာ သီချင်းသံဂီတသံ က ကျည်လောင်ပြင်းပြလူထဲစွာ နေရာယူစိုးမိုးလာတာကိုတော့ ကျွန်တော် မနှစ်မြို့ချင်။

သို့သော် ကျွန်တော်ကကော ဘာများ တတ်နိုင်ပါဦးမည်နည်း။ ဒါက အရှိန်ပြင်းလှတဲ့ ခေတ်ရေစီးကြောင်း တစ်ခု။ "သီချင်းလူ" တွေ။ သေချာတာက စကားဖြောင့်ဖြောင့် ပြော၍မရတော့။ နားလေးသူကို နားမကြား သူက အော်ပြောရသလိုမျိုး အော်ပြောနေကြရချေတော့။ အဓိပ္ပာယ်ရှိသော တွေးတွေးဆဆ စဉ်းစားရပြောဆို ရမည့် ကိစ္စတွေကို ဘေးချိတ်ထားရသည်။ သီချင်းတစ်ပုဒ်ပြီးဆုံးရင်တော့ တာဝန်ကျေစွာ လက်ခုပ်တီးပေးရ သည်ပဲပေါ့။
ထို့ကြောင့် ည ၈ နာရီ ကျော်ကျော်မှာ တည်းခိုခန်းပြန်ရန် အပြင်ထွက်ခဲ့ကြသည်။ သူငယ်ချင်းသမားတော် ကတော့ သူ့မိတ်ဆွေဟောင်းတစ်စုနှင့် စကားပြောကျန်ရစ်သည်။
အပြင်မှာ လူတွေ ရုတ်ရုတ်သဲသဲဖြစ်နေတာတွေ့ရသည်။ ဘာဖြစ်ပါလိမ့်။ လမ်းဘေးကပ်ရပ်ထားတဲ့ ဆလွန်းကား တစ်စီး ကို ဆိုင်ကယ်တစ်စီးက ၀င်အောင်းလိုက်လို့တဲ့။ ကား ၃ စီးရှေ့နောက် ယှဉ်ရပ်ထားတာ အလယ်ကကား ကို ၀င်တိုက်မိတာတဲ့။ ကားရှေ့ဖုံးကျွတ်ပြီး လန်သွားတာကလွဲလို့ ကားကတော့ ဘာမှဆိုးဆိုး ရွားရွား မထိခိုက် ပါတဲ့။ ဆိုင်ကယ်သမား က မူးနေသတဲ့။ ဆေးရုံပို့လိုက်ပြီ။

 ခုထိ သတိမရသေး ပါတဲ့။ ခေါင်း ထိခိုက်သွားတယ် ယူဆရသတဲ့။ ကားက ဘယ်သူ့ကားမှန်းမသိ။ မိတ်ဆွေတစ်ဦး က ပြေးလာပြီး မန္တလေးက ငှားလာတဲ့ကားဖြစ်ကြောင်း ပြောပြလို့ လိုက်ကြည့်တော့ အတိုက်ခံရသည့် ကားက ကျွန်တော်တို့ကား ဖြစ်နေလေသည်။ ကျွန်တော် တို့ ပျာပျာ ပျာပျာ ဖြစ်သွားရပြီ။
ဟ လုပ်ကြပါဦး ဟ။ မနက်ဖြန် မနက်အစောကြီး တောင်ကြီးက ထွက်ဖို့ စီစဉ်ထားတာ ရပါ့မလား။ ကားကကော မန္တလေး ထိ ပြန်မောင်းနိုင်အောင် ကောင်းသေးရဲ့လား။ ယာဉ်ထိန်းရဲနဲ့ ရှင်းရပြောရဦးမလား။ ကားများ တောင်ကြီး မှာ သိမ်းထားဦးမလား။ တောင်ကြီးကနေ မန္တလေးကို On Foot ဂိုးနေရဦးမည်။
ဒီအချိန် မှာပဲ သူငယ်ချင်းသမားတော် ထွက်လိုက်လာသည်။ ဖြစ်ပျက်ပုံ အားလုံးကို နားထောင်ပြီး တောင်ကြီးဆေးရုံ ကို ချက်ချင်းဖုန်းဆက်၍ လူနာအခြေအနေမေးသည်။ တာဝန်ကျ ဆရာဝန် ကိုလည်း လူနာ ကို ဂရုစိုက်ကြည့်ပေးဖို့ မှာသည်။ ကျွန်တော်တို့ တည်းခိုရိပ်သာသို့ စိတ်လေးလေးနှင့် လမ်းလျှောက် ပြန်ခဲ့ကြသည်။

နောက်တစ်နေ့ နံနက်စောစော တောင်ကြီးမှ ကျွန်တော်တို့ ထွက်ဖြစ်သည်။ အဲဒီကားနဲ့ပဲ။ တောင်ကြီးက မိတ်ဆွေတွေ ၀ိုင်းဝန်းကြ လို့ အေးအေးဆေးဆေး ပြန်ခွင့်ရတာ။ ကားသမားလေးက ကျွန်တော်တို့ စိတ် အနှောင့်အယှက် ဖြစ်ရလို့ ဆိုကာ အားတုံ့အားနာ ဖြစ်နေသေးသည်။ ကျွန်တော်တို့ကလည်း သူ့ကား ဒဏ်ရာ အနာတရဖြစ်သွားရတာ စိတ်မကောင်းဖြစ်ရ။
တောင်ကြီးမှာ နံနက်စာစားပြီး ထွက်လာကြသည်။ ကား စထွက်ထွက်ချင်းလိုပဲ သမားတော် က တောင်ကြီး ဆေး၇ုံ လှမ်း ဖုန်းဆက်ပြီး ညက လူနာအခြေအနေကို မေးပြန်သည်။ ဂရုတစိုက် ကြည့်ပေးဖို့၊ လူနာ အခြေ အနေပြန်ဖုန်းဆက်အသိပေး ဖို့ မှာနေသည်။ အောင်ပန်းရောက်တော့ ခဏနားကြ သည်။ ခြေဆန့်လက်ဆန့်။ နားရင်းပြုရင်း လူနာအခြေအနေ အကြောင်း ထပ်ဖုန်းဆက်ပြန်သည်။

အပြန်ကျတော့ ယင်းမာပင်၊ သာစည်လမ်းက ပြန်ကြသည်။ လမ်းမှာ ကလော ၀င်ချင်လို့။ “ကလော အလွန် တစ်ဘူတာဝယ်၊ တွေ့ခဲ့ကြရတယ်“ပေါ့။ စစ်ဦးစီးတက္ကသိုလ် သွားကြည့်ကြသည်။ သစ်ပင်တွေကြား တောင်ကုန်းတွေကြား က လှပခမ်းနားသောတက္ကသိုလ်။ ယင်းမာပင်ရောက်တော့ နေ့လယ်စာ စားကြ သည်။ ယင်းမာပင် မရောက်ခင်လမ်းမှာ တတိယမ္ပိ တောင်ကြီးဆေးရုံကို သမားတော်က လှမ်းဖုန်းဆက် လိုက်သေး သည်။ လူနာအခြေအနေသိချင်လို့။
ကျွန်တော် တို့က ကျွန်တော့်ကားကိစ္စ၊ မန္တလေးပြန်ဖို့ ကိစ္စတွေနှင့် ခေါင်းပူနေချိန်မှာ သူငယ်ချင်းက ကိုယ်နှင့် မပတ်သက်ချင် ဘဲ ပတ်သက်လာရသော အမူးသမား ဆိုင်ကယ်သမား လူနာကို ကြောင့်ကြစိုက်နေပူပန်နေပုံက ...။ စိတ်ယဉ်ကျေးခြင်း ဆိုတာ ဒါပဲလို့ ကျွန်တော် နားလည်လိုက်ရသည်။

(၃)
သူ့ကို “မင်းသားကြီး”ဟု ခေါ်ကြသည်။ နာမည်ရင်းက ကျော်ဝင်း။ ရေနံချောင်းသား။ မန္တလေးဆေးကျောင်း ကို ၁၉၇၀ တွင် တက်သည်။ ကျွန်တော် တို့နှင့်အတူတူ ပထမနှစ်ဆေးကောင်းသား။ သူက ဆယ်တန်းကို (၄)ကြိမ်တိတိ ဖြေဆိုပြီးမှ ဆေးကောင်းဝင်လာတာ။ နောက်နောင်ပြောင်ပြောင် နေတတ်သည်။ သူ့ကို နောက်ရင် လည်း စိတ်မဆိုးတတ်။
”မင်းသားကြီး”ဖြစ်ရတာက သူက ရုပ်ရှင်မင်းသား မင်းသားစိန်မြင့်နှင့် “တူတူရေ၀ါး” ရိုက်ပြီး ခါစ။ မြန်မာရုပ်ရှင် ကောင်စီ က ရွေးချယ်သော မင်းသား(၃)ဦး ထဲ က တစ်ဦး။ ကျန်နှစ်ဦးက ယနေ့ နာမည်ကျော် ကျော်ဟိန်းနှင့် မောင်မောင်လွင်။ မောင်မောင်လွင်က “အားနွဲ့တဲ့သူပါရှင်”မှာ ဗီလိန်လုပ်ရသူ။ ရုပ်ရှင် မင်းသား ဆိုတော့ ကျောင်ဲး့ပွဲတွေမှာ ထိပ်ကပါရသပေါ့။ ပထမနှစ် ကျောင်းသား/သူတွေကို ကျွန်တော်တို့ အတန်းက ကြိုဆိုရတဲ့ပွဲမှာ သူက ဇော်ဝမ်း၏ နာမည်ကျော် “ကျောက်ခဲ”သီချင်းဆိုသည်။ တစ်ကိုယ်လုံး တုန်ခါ လှုပ်ယမ်း၍ဆိုတာ ကျွန်တော် စတွေ့ဖူးရသည်။ ကျွန်တော်တို့ တောမြို့မှာ သီချင်းဆိုကြရင် မတ်မတ်ရပ်လျက် ငြိမ်ငြိမ်ပဲ ဆိုကြတာ။

ဒီလိုပွဲတွေမှာတော့ သူက နေရာတကာ “ဆရာကြီး” ဖြစ်နေသည်။ ပြဇာတ်တစ်ပုဒ် ကကြတော့ ကျွန်တော်ပါ သူ့တပည့်ဖြစ်သွားသည်။ တောရွာက စပါးအ၀ယ်ဒိုင်တစ်ခုမှာ စပါးလာရောင်းသည့် လှည်းတွေ ကို စောင့်ရသည့်အခန်း။ ဒိုင်မှူးကို သူ့လက်ထောက်က “ဆရာ ဆရာ၊ ဟိုမှာ နွားလှည်းတွေ လာနေတယ်” ဟု ပြောရသည်။ “နွားလှည်း”ဟု ဟထိုးသံမပါဘဲ “နွားလည်း”ဟု ကသာလေသံနှင့် ပြော လိုက် တော့ အောက်က ၀ါးခနဲရယ်ကြသည်။ ဒိုင်မှူးက မင်းသားကြီး။ လက်ထောက်က ကျွန်တော်။ ဘာကို ရယ်မှန်း ပင် မသိလိုက်။ လူက ထူပူနေတော့။ ထိုစဉ်ကတည်းက ဇာတ်စင်နှင့် ကျွန်တော် လမိုင်းမကပ်တော့တာ ယခုထိပင်။

တစ်ညမှာ သူခေါ်၍ နန်းရှေ့ခြံကြီးတစ်ခြံမှာ ရုပ်ရှင်ရိုက်တာသွားကြည့်ကြသည်။ သူကတော့ ၀တ်နေကျ ကတ္တီပါအ၀ါ ဘောင်းဘီရှည်နှင့်။ ရုပ်ရှင်ရိုက်တာ ပထမဆုံးအကြိမ် နီးနီးကပ်ကပ်ကြည့်ဖူးခြင်း။ ရုပ်ရှင်က “ယောဆရာကြီး”။ ဒါရိုက်တာက ဇာတ်ဆရာကြီး ချစ်စိန် (ရှုမ၀)။ မင်းသားက စိန်မြင့်၊ ၀င်းညွန့်၊ မင်းသမီး က နွဲ့နွဲ့မူ။ ဆွေဇင်ထိုက် က ကိုယ်ဝန်အရင့်အမာကြီးနှင့်။ လင်သည် နောက်လိုက်တာ။ “ကိုကို့ကို ကျွန်မက ခိုးတာပါ” ခေတ်စားနေချိန်။
အပြန်လမ်းမှာ စက်ဘီးကိုယ်စီနှင့် တစ်ယောက်တစ်ပေါက်ပြောပြီး ပြန်လာကြသည်။ ကျွန်တော်က ရုပ်ရှင် ရိုက်ရင်း သောက်စားနေကြတာ မြင်ရတော့ စိတ်မကောင်း။ ဒါရိုက်တာကလည်းမူး။ မင်းသားတွေလည်း မူးနေ။ ရင်ထဲက တစ်ခုခု ဆုံးရှုံးသွားသလို။ အနေအထိုင်တွေက တစ်မျိုးပဲဗျာဟုပြောတော့ မင်းသားကြီးက သူတို့ လောကသားတွေ ဘက်က နာသွားပုံရသည်။
“ဒါက လုပ်ငန်းသဘာဝက။ လုပ်ငန်းသဘောအရ ဒီလိုနေကြရတာပဲ” ဟုချေပသည်။

မင်းသားကြီးက ဘတ်စ်ကက်ဘော ကောင်းကောင်း ကစားတတ်သည်။ အားလုံးနှင့် ခင်ခင်မင်မင်။ အတန်းကြီးငယ် မဟူ သူ့မသိသူ မရှိသလောက်ပင်။ ရင်းနှီးသူတွေက “ခွေးပု”ဟုခေါ်ကြသည်။ “မင်း ဘယ် Batch ကလဲ”လို့ အမေးခံရရင် “မင်းသားကြီးတို့ Batchကပါ”ဟု ဖြေလိုက်တာနှင့် ကိစ္စပြီးသည်။ သူ့ကို Reference Point လုပ်လို့ ရသည်။ ဒုတိယနှစ်မှာ ရန်ကုန်ဆေး (၁)ပြောင်းသွားတော့ ကျွန်တော်တို့အတန်း မှာ သူ့နေရာ ကွက်လပ်ဖြစ်ကျန်ရစ်သည်။
ရန်ကုန်ဆေး (၁)မှာတက်ရင်း တပိန်ပိန်တလိမ်လိမ်နှင့် နောက်ဆုံး ဆရာဝန်ဘွဲ့ရသည်။
“ခင်ဗျားက အတန်းစုံနေဖူးတော့ Gathering တို့ Reunionတို့လုပ်ရင် ခဏခဏ ပါရတာပေါ့ ”ဟု စကြ သည်။
သူက ကျွန်တော်တို့နောက် လေးတန်း (Four Batches)ထိ ရှေ့မီနောက်မီ။ ဒီကြားထဲ “ချစ်သမျှ” ပြေးရိုက် လိုက်သေးသည်။ ဆရာကြီး ဦးသုခရဲ့ကား။ ဇော်လင်း၊ ချိုပြုံး .. ခင်ယုမေတို့နှင့်။ သူက ဗီလိန်ခန်းက ပါရတာ။ နောက်ပိုင်း ရုပ်ရှင်နယ်မှ စွန့်ခွာပြီးရေနံချောင်းပြန် ဆေးခန်းဖွင့်သည်။ မန္တလေးကို တစ်ခါတစ်ခါ လာတတ် သည်။ ကျွန်တော်နှင့် တစ်ကြိမ်ပဲ ဆုံလိုက်ရသည်။

“အောင်ကြီးရ။ ငါ့ဆေးခန်း က သိပ်အောင်မြင်တယ်ကွ။ ဟောဒီမှာ တွေ့လား ပိုက်ဆံတွေ”ဟု ဆိုကာ စွပ်ကျယ်အင်္ကျီနှင့် ဗိုက်ခေါက်ကြား ထိုးထည့်ထားသော ပိုက်ဆံထုပ်ကြီးကို ပုတ်ပြသည်။
“ငါ (Therapeutics) စာအုပ်ကောင်းကောင်း ၀ယ်ချင်တယ်” ပြော၍ လိုက်ဝယ်ပေးရသေးသည်။ ကျွန်တော်က အဲဒီအချိန် က ဆေးကျောင်းမှာ သရုပ်ပြဆရာ။ သူက ခုထိ လူပျိုကြီးတဲ့။ ဗိုက်ရွှဲစပြုနေပြီ။ ဟိုတုန်းကလို ကျစ်လျစ် သန်မာသော ကိုကျော်ဝင်း မဟုတ်တော့ပြီ။
နောက်တော့ သူအိမ်ထောင်ကျသွားကြောင်း။ သူ့မိန်းမက သူ့ထက် တော်တော်ငယ်ကြောင်း။ မကွေး မှာ ဆေးခန်းဖွင့်နေတာ အဆင်ပြေကြောင်း ကြားရသည်။ တစ်ခါက သူငယ်ချင်းဆရာဝန်တစ်ဦး သူ့သား မကွေး ဆေးကျောင်းတက် ဖို့ လိုက်ပို့တာ သူ့ဆေးခန်းတွေလို့ ၀င်မိသတဲ့။ သူ အိမ်သာတက်နေလို့ ခဏ စောင့် နေရ သတဲ့။ ဆေးခန်းထဲဝင်လာလာ ချင်း သူက လူကို သေချာမကြည့်ဘဲ -
“ကဲ - ဆေးထိုး ရအောင် ခုတင်ပေါ်တက်” ဟုပြောသည်။

သူငယ်ချင်းက -
“ဆရာ - ကျွန်တော် ၀မ်းလျှောနေလို့ပါ။ ဆေးမထိုးချင်ဘူး။ ဆေးပဲသောက်ပါရစေ”ဆိုတော့ -
“ ဟ ၀မ်းလျှော တာ ဆေးထိုးရမှာပေါ့။ ဆရာလည်း အခု ၀မ်းလျှောနေတာ၊ ကိုယ့်ဘာသာကိုယ် ပြန်ထိုး ရဦးမှာ။ ကဲကဲ လျှာရှည်မနေ နဲ့။ ခုတင်ပေါ်တက်၊ ဆေးထိုးရအောင်”လို့ ထပ်ပြောသတဲ့။
ဒီတော့မှ သူငယ်ချင်းက -
“ဟေ့လူ မင်းသားကြီး။ ကျုပ်ကို သေသေချာချာ ကြည့်ပါဦးဗျ” ပြောတော့မှ -
“ဟေ့ကောင် ဒေးပိုင် ခွေးကောင် နောက်စရာရှားလို့ကွာ”
လို့ ပြုံးပြုံးကြီး ပြန်ပြောသတဲ့။ ၂၀၀၇ မတ်လ မကွေးဆေးရုံကြီးမှာ ဆေးပညာဟောပြောပွဲလုပ်တော့ ကျွန်တော် သွားပြီး အဆီကျဆေး သုံးစွဲပုံ အကြောင်းတင်ပြဆွေးနွေးသည်။ သူ လာတက်သည်။ မကွေး ဆေးပညာ ပါမောက္ခ က ကျွန်တော့်ကို သူနှင့် မိတ်ဆက်ပေးသည်။

 “ဒါ မကွေးက GP ဆရာကြီး ဒေါက်တာ ဦးကျော်ဝင်းပါ ”
လို့ ပြောလိုက်တော့ သူ့ကို ကျွန်တော် ရုတ်တရက် မမှတ်မိ။ ဆံပင်တွေက ဖြူဖွေးနှင့်။ သွားတွေက ကျိုးကျဲ နေတော့ ပါးက ခပ်ချိုင့်ချိုင့်။ ရောဂါပေါင်းစုံ နှိပ်စက်ထားတော့ လူကရွှဲနေပြီ။ ကျွန်တော် ကြောင် ကြည့်နေတော့ -
“ ဟေ့ကောင် အောင်ကြီး၊ ငါလေကွာ၊ မင်းသားကြီး ကျော်ဝင်းပါ”
လို့ပြောတော့ မှ ကျွန်တော် ပျာပျာသလဲ တောင်းပန်ရသည်။ ၂၀၀၇ နိုဝင်ဘာလကုန်မှာ မကွေးဆေးတက္ကသိုလ် နောက်ဆုံးနှစ် ဆေးပညာစာမေးပွဲစစ်ဆေးဖို့ ကျွန်တော် မကွေးရောက်ရပြန်သည်။ သူ့ကို ဆေးရုံကြီး အတွင်း လူနာအဖြစ် တွေ့ရသည်။

ရန်ကုန်မှာ ဆေးကုပြီးပြန်လာတာ သိပ်မကြာသေးပါတဲ့။ နှလုံးသွေးကောပိတ်ရောဂါ။ ဆီးချိုရောဂါ။ ယခု မကွေးဆေးရုံ တက်ရပြန်ပြီ။ လူနာ သွားမေးတော့ လူနာက ခုတင်မှာမရှိ။ အောက်ဆင်းပြီး ဂျာနယ် သွားဝယ် နေသတဲ့။ ခဏနေမှ ပြန်ရောက်လာသည်။ ဒီတစ်ချီ ဆေးရုံတက်ရတာက သည်းခြေ လမ်းကြောင်း ရောင် ၇မ်းလို့တဲ့။ ဗိုက်နာ တယ်၊ မောတယ်၊ စကားစမြည်ပြော၇င်း ကျွန်တော်က ကျောင်းတုန်းက သူ အသေအလဲ ပိုးပန်းခဲ့ဖူးသည့် အမျိုးသမီးအကြောင်း စကားစကြည့်တော့ သူက -
“ငါ့မိန်းမက ငယ်သေးတယ်မောင်” ဟုပြောသည်။
“ဒီအရွယ်ကျမှ အဲဒါ ဘာလုပ်ရမှာတုံးဗျ”
ဟုပြောတော့ သူ ကျွန်တော့်ကို တွေကြည့်နေလေသည်။ ရန်ကုန်မှာ သူငယ်ချင်း နှလုံးအထူးကု ဆရာဝန်နှင့် ပြသည့်အကြောင်း စမိတော့ -
“ခင်ဗျား ကို သူ ကောင်းကောင်း ကြည့်ပေးရဲလားဗျ” ဟု ကျွန်တော်က မေးလိုက်သည်။

“တစ်မိနစ် ပိုပိုသာသာတော့ ကြည့်မှာပေါ့လေ”ပြောတော့ -
“ငါ့ကို အချိန်ပေးပြီး သေသေချာချာ ကြည့်တယ်ကွ” ဟု သူက ခိုင်ခိုင်မာမာပြန်ပြောသည်။
“ခင်ဗျား ကိုတော့ သူငယ်ချင်း အချင်းချင်းမို့ သေချာကြည့်တာနေမှာပေါ့။ တခြားလူနာတွေကိုတော့ အချိန်ပေးကြည့် မယ် မထင်ပါဘူး ”
ဟု ကျွန်တော်က ဆက်ဆွလိုက်သည်။ နှလုံးဆရာဝန် က တစ်ရက်ကို လူနာ ၁၀၀ ကျော် ၂၀၀ နီးပါး ကြည့်ရှုသူ ဟု နာမည်ထွက်သည်။ လူနာများလွန်းလှ လို့ တစ်ဦးတစ်ဦးကို မျက်တောင်သုံးလေးခတ်သာသာပဲ ကြည့်ချိန်ရသည် ဟု အများသူငါ ပြောကြသည်။

သူက ဒီတစ်ချီ ကျွန်တော့်ကို မျက်နှာထိ မျက်နှာထားနှင့် စိုက်ကြည့်လိုက်ပြီး -
“ဟေ့ကောင် အဲလိုမပြောနဲ့ကွ၊ တခြားလူနာတွေကိုလည်း အချိန်ပေးပြီး ကြည့်တယ်ကွ၊ ငါသိတယ်”
ဟုပြောသည်။ ကျွန်တော် ကိုယ်ရှိန်သတ်လိုက်ရသည်။ သူ့သူငယ်ချင်း ကို ထိပါးလို့ မင်းသားကြီး စိတ်တို နေပြီ။ တကယ်တော့ နှလုံးဆရာဝန် က ကျွန်တော်နှင့် အင်္ဂလန်သွားဖက်။
ဒီသူငယ်ချင်း ကို လူတချို့က (ဆရာဝန်တွေအပါအ၀င်) အမနာပပြောကြတာ သူ သိပြီးကြားပြီးဖြစ်ပါလိမ့်မည်။ အဖြစ်မှန်ရော။ မိမိတို့ လိုရာ သာသာထိုးထိုး ဖြည့်စွက်လုပ်ကြံ ဖန်တီးထားတာ တွေရော။ တကယ်က လူ တစ်ဦး အောင်မြင်သည်ကို မရှုစိမ့်သောရောဂါ။ လူသားပေါ်စကတည်းက အတူယှဉ်တွဲပါလာသည့်ရောဂါ။ ဒါကြောင့် မင်းသားကြီး က သူ့သူငယ်ချင်းဘက်က ခုခံနေတာ။ ကာကွယ် နေတာ၊ တုံ့ပြန်နေတာ။

ကျွန်တော်က “လမ်းပေါ်ကလူ” လေသံတုပပြီး သူငယ်ချင်း၏ဂုဏ်သိက္ခကို ထိပါးသလို စကားတွေ ဆိုတာ၊ နောက်ပြောင် သလို ပြောတာကိုပင် သူလက်မခံ။
သူငယ်ချင်းကောင်း ဆိုတာ အများသူငါရှေ့မှာ မိမိသူငယ်ချင်းဂုဏ်ကို မြှင့်ရတာ။ အနည်းဆုံး မညှိုးနွမ်းစေ ရတာ။ သူများတွေ အပုပ်ချ ရင်တောင် ၀င်တားရတာ။ မိမိသည် သိမ်ဖျင်းသူ မသိမသာ ဖြစ်နေပါပကော။
သူငယ်ချင်းဖြစ် သူ မဟုတ်တရုတ် လုပ်တာတွေ့ခဲ့ရင် နှစ်ကိုယ်ချင်း ရင်ဆိုင်ပြီး ပြောဆိုရ သတိပေးရမှာ။ ဆဲရမှာ။ နားရင်းအုပ်သင့် က အုပ်ရမှာ။ သို့ပေတဲ့ အများသူငါ ရှေ့မှာတော့ သူငယ်ချင်းကို ရောယောင်သံပြာ အပုပ်ချ သလို မလုပ်ရ။ မလုပ်သင့်။ ဒါက ရဲဘော်ရဲဘက်စိတ်။ ကလျာဧမိတ္တတွေ စောင့်စည်းရ ရမည့်တရား။
ပေါင်းသင်း ခဲ့သရွေ့ တစ်လျှောက်လုံး ကျွန်တော် အထင်မကြီးခဲ့သော ကိုကျော်ဝင်း။ ကျွန်တော် ချစ်သော် လည်း မလေးစား ခဲ့သော ကိုကျော်ဝင်း။ ဖြစ်သလို ဆေးကုစားနေတာ၊ ဘာအတွေးအခေါ်မှ လေးလေးပင် ပင်မရှိ ဟု ကျွန်တော် ထင်ထားခဲ့သော ကိုကျော်ဝင်း။

သူနှင့် ကျွန်တော်တွေ့ရတာ ဒီတစ်ကြိမ် နောက်ဆုံးဖြစ်မှန်း ကျွန်တော် မသိခဲ့။ ကျွန်တော်တို့အဖွဲ့ မကွေး ကပြန်လာပြီး တစ်ပတ် အကြာ မင်းသားကြီး ဆုံးရှာသည်။ နှလုံးရပ်သွားတာ။ ဆေးရုံ အမြန်သယ်လာသော် လည်း အသက် က ပါမလာတော့။
မင်းသားကြီး မရှိတော့ပြီ။ သို့ပေမဲ့ သူ ရှိနေသေးသည် ကို ကျွန်တော် ကတော့ အသေအချာ သိနေသည်။

(ကိုကျော်ဝင်းသို့ အမှတ်တရ)
ရွက်နုဝေ၊ စက်တင်ဘာလ၊ ၂၀၀၈


မတော်သော်လည်း မရှော်တဲ့တပည့်တွေ
(၁)
ယခုတစ်လော စာမေးပွဲတွေ ထပ်လို့နေသည်။ တတိယနှစ် စာမေးပွဲ၊ နောက်ဆုံးနှစ် စာမေးပွဲ၊ ဆေးပညာ မဟာသိပ္ပံ စာမေးပွဲ၊ တတိယနှစ် စာမေးပွဲက အဦးဆုံးစစ်ရသည့် စာမေးပွဲ၊ တတိယနှစ် မှာ ဆေးကျောင်းသား၊ ဆေးကျောင်းသူတွေ ဆေးရုံမှာ လက်တွေ့သင်တန်းဆင်းရသည်။ ဆေးပညာဌာနမှာ ၆ လနီးပါး။ ခွဲစိတ်ပညာဌာနမှာ ၆ လနီးပါး။ ဆေးပညာဌာနမှာ Posting ကျရင် ဌာနလက်အောက်ရှိ ဖျားနာ ဆောင်တွေ မှာ ရောဂါရာဇ၀င် မေးမြန်းနည်း၊ လူနာ ရောဂါလက္ခဏာ ရှာဖွေစမ်းသပ် ဖော်ထုတ်နည်းတွေ သင်ယူလေ့ကျင့် ရသည်။ လူနာခုတင်ဘေးမှာ လူနာနှင့် ဆရာနှင့်။ (Bed-Side Teaching)ဟုခေါ်သည်။ Posting ပြီးခါနီးမှာ ကျောင်းသား၊ ကျောင်းသူအားလုံး ဆရာ၊ ဆရာမတွေ၏ စမ်းသပ်အကဲဖြတ်ချက်ခံယူရ သည်။ ရောဂါရာဇ၀င် မေးမြန်းတတ်ရဲ့လား။ လူနာကို ကိုင်တွယ်စမ်းသပ်တတ်ရဲ့လား။ ဒီကလေးတွေ ကို လေ့ကျင့်သင်ကြားပေးခဲ့သူ ဆရာ၊ ဆရာမ အားလုံးလိုလို ယင်းဆန်းစစ်မှုတွင် ပါဝင်ရသည်။ သို့မှသာ မိမိတို့ သင်ကြားမှု၊ တပည့်တို့ သင်ယူမှု မည်မျှ ထိရောက်မှု ရှိ၊ မရှိ သိရသည်။ အကောင်းဆုံး Feed back ပင်။

ကျွန်တော် စစ်ရသည့် တတိယနှစ်ကျောင်းသူလေးက ကျွန်တော်တို့ နယ်ဘက်က ဖြစ်နေသည်။ စကတည်းက ယဉ် သကို ဆိုရမလို။ လူနာရောဂါ ရာဇ၀င်တင်ပြတော့ သူကလေး က လူနာဟာ “ဟက်ဒါချီ” ရောဂါ ခံစားနေရသည် ဟုပြောသည်။ “ဟ ဘာရောဂါကြီးလဲကွ”
လို့မေးတော့ - “ခေါင်းကိုက်ရောဂါလေ ဆရာကြီးရဲ့ ”
ဟု သူက မဆိုင်းမတွ တုံ့ပြန်သည်။ “ဆရာက ဒါလေးတောင် မသိဘူးလား” ဆိုသည့်လေသံနှင့်။ သြော် သိပြီ၊ သိပြီ။ Headache “ဟက်အေ့(ခ)”ကို သူက ”ဟက်ခါချီ” လို့ အသံထွက်ပေသကိုး။ ဒါလည်း အံ့ဖွယ် သုတ တစ်ပါးပေပေါ့။ လူနာရဲ့ အလုပ်အကိုင်အကြောင်းကို တင်ပြရာမှာ ရေလုပ်ငန်းလုပ်သတဲ့။

“ရေလုပ်ငန်းဆိုတာ ဘာကိုဆိုလိုတာလဲ ”မေးတော့ -
“ရေနံတူး တဲ့ လုပ်ငန်းပါဆရာ”တဲ့။
ဒါနဲ့ -
“သမီးရေ၊ ရေ လုပ်ငန်းဆိုတာ ဆရာ နားလည်တာကတော့ တံငါ ငါးဖမ်းသမားလုပ်ငန်းကို ပြောတာပါကွဲ့”
ပြောတော့ -
“ကျွန်မတို့ နယ်ဘက်မှာ တံငါလုပ်ငန်း နဲ့ ရေနံတူးတဲ့လုပ်ငန်းကို ရေလုပ်ငန်းလို့ပဲ ပေါင်းခေါ်လိုက်တာပဲ ဆရာ” တဲ့။
ကျွန်တော် ကိုယ်တိုင် သူတို့နယ်သားဆိုတာ ဒီကလေးမ သိဟန်မတူ။ လူနာနှင့် လူနာရှင်ကို တိုက်ရိုက် မေးကြည့်တော့ မြစ်ထဲချောင်းထဲ ပိုက်ချစား တဲ့ တံငါသည်တွေပါတဲ့။ လူနာက ငန်းဇွန်နယ်က။ စဥ့်ကူး ဘက် လာပြီး တံငါလုပ်ရာက တကောင်းဘက်မှာ ၀ါးခုတ်လုပ်ငန်း အဆင်ပြေတယ်ကြားလို့ တကောင်းဘက် တက် ပြီး ၀ါးလိုက်ခုတ်တာ။ ၀ါးခုတ်ရင်း တောထဲတောင်ထဲမှာ ငှက်ဖျားမိလာတာ။ ဒါနဲ့ တကောင်းဆိုတာ ဘယ်နား ရှိ သလဲ မေးကြည့်တော့ မသိဘူးဆရာတဲ့။ မြန်မာစကားနဲ့စာပေမှာ တကောင်းနဲ့ ပတ်သက်ပြီး ဘယ်လို အဆိုအမိန့်ကြားဖူးသလဲ မေးကြည့်ပြန်တော့လည်း တကောင်းဆိုတဲ့ နာမည်ကိုပင်လျှင် မကြားဘူး ပါတဲ့။ ဒါနဲ့ ကျွန်တော် စိတ်လျှော့လိုက်ရသည်။

ငါ့တာဝန်က ဆေးပညာ ဘာသာရပ် စစ်ဆေးဖို့ ပေကပဲ၊ အတ့လူတွေ သမိုင်းမသိတာ ငါနဲ့မဆိုင်လေ။
လူနာရောဂါ ရာဇ၀င်ပြီးတော့ အကြင်ကျောင်းသူ လူနာကို ကိုင်တွယ်စမ်းသပ်ပြီး ရောဂါ လက္ခဏာ ဖော်ထုတ် နိုင်စွမ်း ရှိ မရှိ ဆက်စစ်ရသည်။ လူနာခန္ဓာကိုယ်ကို ကိုင်တွယ်စမ်းသပ်ရာ မှာ နှလုံးသွေးကြော စနစ်၊ အသက်ရှူ မှုစနစ်၊ အစာအိမ်/အူလမ်းကြောင်းစနစ်၊ ဦးနှောက်၊ အာရုံကြောစနစ် စသဖြင့် ခွဲထားရာ အစာအိမ်/အူလမ်းကြောင်းစနစ်က နည်းနည်းလွယ်သမို့ ယင်းစနစ်ကို အနှီကျောင်းသူလေး ကျွမ်းကျွမ်းကျင် ကျင် စမ်းတတ်၊ မစမ်းတတ် စစ်ဆေးရန်ဆုံးဖြတ်လိုက်သည်။
“ကဲကဲ ဒီလူနာရဲ့ အသည်းကို စမ်းပြစမ်းကွယ်”
ပြောလိုက်တော့ သူကလေးက ဆိုးဆိုးဆတ်ဆတ် ထစမ်းပြပါလေတော့သည်။ အင်းအင်း မဆိုးလှဘူးပေါ့ ထင်နေ တုန်း ကလေးမက လူနာရဲ့ ညာဘက်နံအောက် စမ်းရမည့်အစား ဘယ်ဘက်နံကြားထဲ လက် ထည့်စမ်း နေတာ မြင်လိုက်ရတော့ ကျွန်တော် ဘာဆက်ပြောရမည်မသိ။

“ဟဲ့ဟဲ့ အဲဒါ အသည်းနေရာ ဟုတ်ရဲ့လားကွဲ့”
ထောက်လိုက်တော့ သူငယ် မက ဟက်ခနဲ ရယ်လိုက်ပြီး -
“သမီးက အသည်း နဲ့ သရက်ရွက်နေရာ ရောနေတယ် ဆရာ”တဲ့။
“ဒါဖြင့်ရင် အသည်း က ဘယ်နားမှာရှိလကွဲ” မေးပြန်တော့ -
“ညာဘက်နံအောက်နား ထင်တာပဲဆရာ”တဲ့။
ထင်တုန်းပဲလား တပည့်ရယ်။
“ဒုတိယနှစ်မှာ ခန္ဓာဗေဒ ဘယ်လို အောင်ခဲ့သတုံး ”
“ကျွန်မ ခန္ဓာဗေဒကျ လို့ ပြန်ဖြေရတယ်ဆရာ”တဲ့။
နန္ဒိယရော၊ နန္ဒိယ အဖေပါ သေသင့်သည့်ပွဲ။ နှလုံးကလည်း ဘယ်နားမှာ ရှိသတုံးလို့ ဆက်မေးမယ်ကြံပြီးကာမှ ကိုယ်ရှိန် သတ်လိုက်သည်။ တော်ကြာ နှလုံးက ချက်နားမှာရှိတယ် ဆိုလိုက်မှဖြင့်။ ဆရာကြီး တစ်ဦး၏ ဖြစ်ရပ် ကလည်း ကျွန်တော့်ကို ဆက်မမေးဖို့ သတိပေးနေလေသည်။

လွန်လေပြီးသော နှစ်ပေါင်း ၄၀ ကျော်က ရောဂါဗေဒ ဆရာဝန်ကြီးတစ်ဦး ကြုံတွေ့လိုက်ရသည့်အဖြစ်။ ဆရာကြီး က စာသင်ရာမှာ သူ အထင်ကြီးသော ကျောင်းသားတစ်ယောက်ကိုပဲ မဲပြီး စာမေးလေ့ စာသင်လေ့ ရှိသည်။ ဘုန်းကြီးတွေ တရားဟောရင် တရားထောက်ထားသလိုမျိုး။
ထိုနေ့က သူ အထင်တကြီး ရွေးလိုက်သောကျောင်းသားက စာတော်ကျောင်းသားစာရင်းမ၀င်။ ဆရာကြီးက အဆင့်မြင့်မြင့် မေးခွန်းတွေမေး၊ စာဆက်သင်။ ကျောင်းသားက ဘာတစ်ခွန်းမှ ပိုင်ပိုင်နိုင်နိုင် မဖြေတတ်။ မဖြေနိုင်။ ဒါနဲ့ ဆရာကြီး က တစ်ဆင့်လျှော့ချလိုက်ပြီး မလွယ်မခက် မေးခွန်းတွေမေး၊ စာဆက်သင်။ ဒီမေးခွန်းတွေ ကိုလည်း အမောင်ကျောင်းသားက မဖြေနိုင်ပြန်။ ဆရာကြီးနည်းနည်း ဇဝေဇ၀ါဖြစ်လာပြီ။ စာသင် ခဏ ရပ်လိုက်ပြီး -
“နေပါဦး မောင်ကျောင်းသားရဲ့။ တစ်ခု စဉ်းစဉ်းစားစား ဖြေစမ်းကွယ်။ နှလုံးမှာ အခန်း (Chamber) ဘယ်နှခန်း ပါသလဲကွဲ့”
မေးလိုက်တော့ ကျောင်းသားက တွေခနဲ ခေတ္တ စဉ်းစားလိုက်သည်။ ပြီးမှ အောင်အောင်မြင်မြင် အသံဝါကြီး နှင့် -
“သုံးခန်းပါ ဆရာကြီး ”တဲ့။

ဆရာကြီး မိမိကိုယ်ကို မလဲမပြိုအောင် အနိုင်နိုင်ထိန်းပြီးမှ လေအေးကလေးနှင့် ပြောလိုက်သတဲ့။
“တပည့်ရေ၊ ဆရာတောင်းပန်ပါတယ်။ ခုနင်က မေးခွန်းတွကို ဆရာပြန်ရုပ်သိမ်းပါတယ်။ တကယ်တော့ မင်းကို မေးမိတာ ကိုက ငါ့အမှား ငါ့အမှား”
လို့ ပြောရှာ သတဲ့။ ဒါကြောင့် ကျွန်တော် တစ်ကွက်ချန်ခဲ့တာ။ တော်ကြာ ကျွန်တော်လည်း ဆရာကြီးလို “ငါ့အမှား ငါ့အမှား” လို့ အော်နေရမှာစိုးလို့။
နှလုံးသွေးကြောစနစ် စမ်းသပ် ဖို့ အပိုင်းရောက်တော့ ကျွန်တော်က ကလေးမကို လူနာ၏ လက်ကောက်ဝတ် သွေးကြော စမ်းခိုင်းသည်။ သူ သွေးကြောစမ်းနေတာကို ကျွန်တော် စိတ်ရှည် လက်ရှည် စောင့်ကြည့်သည်။ ပြီးပြီဆိုမှ -
“သမီးရေ၊ လူနာ သွေးခုန်နှုန်း ဘယ်လာက်ရှိသလဲကွဲ့” မေးလိုက်သည်။

“များတယ် ဆရာကြီး၊ တစ်မိနစ် ကို ၂၅ ကြိမ်တောင်ခုန်နေတယ်”တဲ့။
“ဟ နေပါဦးဟ၊ လူတစ်ဦးရဲ့ ပုံမှန်သွေးခုန်နှုန်းက ဘယ်လောက်လဲကွဲ” မေးတော့ -
“၁၄ ကြိမ်နဲ့ ၁၈ ကြိမ် ကြားပါဆရာ”တဲ့။
ဒီတစ်ခါ မိမိကိုယ် ကို မပြိုမလဲအောင် ထိန်းသိမ်းထားလိုက်ရသူက ကျွန်တော်ကိုယ်တိုင်ပင်။
“ကဲကဲ သမီးရေ၊ သမီးရဲ့ လက်ကောက်ဝတ် သွေးခုန်နှုန်းတစ်မိနစ်တိတိ စမ်းစမ်းကွယ်”
ပြောတော့ သူကလေး က တစ်မိနစ်တိတိ အချိန်ယူပြီး စမ်းသပ်ပါလေသည်။
“ကျွန်မ သွေးခုန်နှုန်း ကလည်း မြန်နေတယ်ဆရာ။ ၂၂ တောင်ရှိတယ်”တဲ့။

မိမိဘေးဘီမှာ မိမိကိုကယ်မည့်သူ တစ်စုံတစ်ဦး ရှိလိုရှိငြား စောင်းငဲ့ကြည့်လိုက်တော့ မိမိလိုပင် တပည့်တွေ နှိပ်စက် ညှဉ်းပန်းခံနေရသည့် ဘ၀တူဆရာတွေကိုပဲ တွေ့ရနေတော့ လူ့ကံ ၀ကံလို့ပဲ သဘောထား လိုက် ရသည်။ ကြံရာမရတဲ့ အဆုံး လူနာ၏ခင်ပွန်းတောသားလေးကို -
“မင်းလက်ကောက်ဝတ် သွေးခုန်နှုန်းစမ်းပြစမ်းကွယ်”
ပြောပြီး တစ်မိနစ်တိတိ ဆရာတပည့်နှစ်ဦး သား ထိုင်စောင့်ကြည့်သည်။
ကောင်လေးက -
“ကျွန်တော့် သွေးခုန်နှုန်းက ၉၀ ရှိတယ်ဆရာ”တဲ့။
ကျွန်တော့် မှာ ဒီကလေးကိုပဲထပြီး ကျောသပ်ရတော့မလို။ ကိုယ့်တပည့်မကိုပဲနားရင်း ထအုပ်ရတော့ မလို။ နောက်ဆုံးတော့လည်း ဒီကလေးမလေးကို လေ့ကျင့်သင်ကြားတဲ့ ဆရာတွေထဲငါလည်းပါနေတာပဲ။ ငါ့တာဝန် လည်း မကင်းဘူးဟု စိတ်ဖြေလိုက်ရသည်။ အားလုံးကို မျိုချလိုက်ပြီး စာမေးပွဲကို ပြီးအောင် ဆက် စစ်လိုက် သည်။ စိတ်ထဲတော့ တနုံ့နုံ့။

(၂)
ဒီကလေးတွေ တတိယနှစ်အောင်ပြီး စတုတ္တနျစ် တက်ကြဦး မည်။ နောက်ဆုံးနှစ် အပိုင်း(က)ပြီး ရင် နောက်ဆုံးနှစ်အပိုင်း(ခ)တန်း။ ဆေးကျောင်းနောက်ဆုံးနှစ်။ ဒီအတန်းမှာ၊ ဆေးပညာ၊ ခွဲစိတ်ပညာ၊ သားဖွား မီးယပ်ပညာ၊ ကလေးကျန်းမာပညာ အဓိက လေးဘာသာ သင်ရသည်။ ဌာနတစ်ခုတွင် ၃ လစီ။ ဒီအတန်းက ကျောင်းသူ၊ ကျောင်းသားများကို လေ့ကျင့်သင်ကြားပေးရာမှာလည်း ကျွန်တော်တို့ ပါဝင်ရတာပါပဲ။ တတိယနှစ်၊ စတုတ္တနှစ်အတန်းတွေမှာ စာမကျေခဲ့သော တပည့်တွေ ဒီအတန်းမှာ ဒုက္ခ ရောက်ရပြန်သည်။ လူနာရောဂါရာဇ၀င် မမေးတတ်သေး၊ လူနာရောဂါလကခဏာတွေကို မစမ်းသပ်တတ် မဖော်ထုတ်တတ်သေး။ သူတို့ကလေးတွေကို ကျွန်တော်တို့တစ်တွေ ဆက်လက်လေ့ကျင့်သင်ကြားရ၊ “မောင်း”ရပြန်သည်။ ရောဂါ အစီအစဉ်၊ ကုထုံး၊ ဆေးချက်၊ ရောဂါ၏ ရှေ့အလားအလာတွေပါ ဖြည့်ဆည်း သင်ကြားပေးရသည်။

ဒီကလေးတွေကို ဂရုပြုကြည့်လိုက်တော့ အသားက ညိုမှိုင်းမှိုင်း၊ မျက်လုံးက ၀ိုင်းဝိုင်း။ စာမေးလိုက် ရင် ခေါင်းကလေးတွေ ငုံ့ကာငုံ့ကာ ရှက်သလို ရွံ့သလို၊ မျက်လုံးတွေကလည်း အရောင်အသွေး သိပ်တောက် တောက် ပပ မရှိ။ သို့သော်လည်း ဆရာတွေအပေါ် ခံတန်တန် အမူအရာတော့မရှိ။ ဆရာနဲ့တွေ့ ရင် ခါးကလေးကိုင်း၊ ကိုယ်လေးကို ညွှတ်ကာညွှတ်ကာ။ စာမေးလိုက်ရင် ပါးစပ်ကို တင်းတင်းစေ့ထားပြီး သွား ကြားလေသံ မ မထွက်အောင် ထိန်းသိမ်းစောင့်စည်း နိုင်ကြသူလေးတွေ။ တပည့်တစ်ဦးပြောတာ သတိရ မိ သေးတော့။
“ကျွန်တော် စာသင်ရတဲ့ အုပ်စုထဲက ဖြူစပ်စပ် ကောင်မလေးတွေ ပါလာရင် စာသင်ရ တာ တော်တော် ကောင်း တယ်”တဲ့။
ကျွန်တော့် ညိုမည်းမည်း အုပ်စုကတော့ စာမေးပွဲဖြေရင် တစ်ခါမအောင်၊ နှစ်ခါမအောင်နှင့် နောက်ဆုံး သုံးကြိမ်မြောက် မှ အကျွတ်အလွတ် ဆရာဝန်တွေ ဖြစ်ကြရသည်။ ကံကြီးလို့။ ကံကြီးအောင်လည်း ကျွန်တော် တို့အားလုံး က ၀ိုင်းဝန်းရဖေးမရသေးသည်။

(၃)
ဒီကလေးတွေ နောက်ဆုံးနှစ်အောင်ပြီးတော့ အလုပ်သင် ဆရာဝန်အဖြစ် တစ်နှစ် ၀င်လုပ်ရသည်။ တစ်နှစ် တိတိ သင်ကြားလေ့ကျင့် ပြီးကာမှ ဘွဲ့နှင်းသဘင် တက်ခွင့်ရသည်။ အလုပ်သင်ဆရာဝန် တစ်နှစ်ကာလမှာ တချို့က ကြိုးစား ပမ်းစား တက်တက်ကြွကြွ လုပ်ကြသည်။ အလွန်ကြိုးစားသူ မြော်မြင်သူတစ်စုက တော့ TOFEL တွေ၊ ELTS တွေဖြေဖို့ ပြင်ဆင်ကြပြီ။ စကားပြောသင်တန်းတွေ တက်ကြပြီ။ သြစတေးလျအမျိုးတွေဆီ လှမ်းချိတ်နေကြ ပြီ။ အင်တာနက်မှ တစ်ဆင့်လမ်းကြောင်းတွေ ရှာနေကြပြီ။ ကျွန်တော်တို့ ညိုတိုတို အုပ်စု ကတော့ နေမြဲ။ ရုံထဲမှာ လူနာနဲ့ပတ်သက်လို့ စာမေးလိုက်ရင် လည်း ခေါင်းကလေး ငုံထားမြဲ။ နှစ်ကိုယ်ကြား လေသံလေးနှင့် ပြောမြဲ။ သူတို့တတ်သလောက် မှတ်သလော် ကြိုးစားပြီး လုပ်ရှာတာ ကိုပဲ ကျွန်တော် တို့က ကျေးဇူးတင်ရမလို။ ကျွန်တော်တို့ ခေတ်ပေတံနှင့် တိုင်းကြည့် လိုက်တော့ လူနာအပေါ် စိတ်ဝင်စားမှု က ပေမမီဟုခံစားရသည်။ သိချင်တတ်ချင် စူးစမ်းချင်စိတ်ကလည်း လျော့ရဲရဲအားမပါသလို။

မေလဆန်း နာရစ်မုန်တိုင်း ဧရာဝတီ၊ ရန်ကုန်နှင့် ဒေသအချို့ကို ၀င်ဆောင့်တော့ မုန်တိုင်းနှင့်ဝေးရာ အထက် မြန်မာပြည်လည်း ခပ်ကြမ်းကြမ်း ကိုင်လှုပ်ခံလိုက်ရသည်။ ငါတို့ဘယ်လိုကူရမလဲ၊ ဘာတွေ လုပ်ပေးနိုင် မလဲ။ ကျွန်တော့်တပည့် ညိုတိုတိုတွေ လှုပ်ရှားကြတာ ကျွန်တော်တို့ ဆရာတွေကိုပင် ကျော် သွားသည်။ ပစ္စည်း၊ ငွေအလှူ ကောကခံရာမှာ၊ ဆေးအဖွဲ့နှင့်လိုက်ဖို့ စာရင်းပေးရာမှာ။
မြစ်ဝကျွန်းပေါ် မှာ တစ်ပတ်ဆယ်ရက် ပင်ပင်ပန်းပန်း လုပ်အားပေးပြီး ပြန်လာသော တပည့်လေးတွေ ကျွန်တော် တို့ကို လာတွေ့သည်။ သူတို့မျက်နှာညိုညိုလေးတွေ ၀င်းလက်တောက်ပနေသည်။ သိမ်မွေ့သည့် အလင်း က ကျွန်တော်တို့ အပေါ်သို့ပင် ဖိတ်စဉ်လို့နေသည်။ လျှံကျလာသည့် ထိုအလင်းကို ကျွန်တော် ထုတ်မပစ်ရက်။

(၄)
ကျွ်တော့် တပည့်လေးတွေ အာရှအဆင့်မီ၊ နိုင်ငံတကာအဆင့်မီ ဆရာဝန်တွေဖြစ်လာ၊ မဖြစ်လာ ကျွန်တော် အာမ မခံ နိုင်။ သူတို့ တော်မလား၊ ကျော်မလား၊ ကျွန်တော် ယတိပြတ် မပြောနိုင်။
သို့ပေတဲ့ ဒီကလေးတွေ လိမ္မာရေးခြားရှိသော ဆရာဝန်ကောင်းတွေ ဖြစ်လိမ့်မည်။ အနစ်နာခံတတ်သော ဆရာဝန်လေးတွေ ဖြစ်လိမ့်မည်။ ကိုယ်ကျိုးစွန့်တတ်သော ဆရာဝန်လေးတွေဖြစ်လိမ့်မည်။
ရွှေဘိုဘက် မှလာသော မြန်မာစစ်စစ် မည်းမည်းသည်းသည်း ခပ်ကြမ်းကြမ်း တောင်သူဦးကြီးတွေ တွေ့ရ တိုင်း ကျွန်တော် အားရှိ သလို ခံစားရသည်။ ယခုလည်း မုန်တိုင်းခရီးပြန် တပည့်လေးတွေ မျက်နှာကို မြင်ရ တော့ အလားတူ ခံစားမှုမျိုး မိမိကိုယ်မှာ ပြန်လည်နိုးထလာတာ ကျွန်တော် သိသိမှတ်မှတ် ဖြစ်နေမိသည်။

ရွက်နုဝေ၊ အောက်တိုဘာလ၊ ၂၀၀၈

ဆက်ရန်
.

1 comment:

Thu said...

All are remakable essays with beautiful rhythms of materials and compostions.
Dear Saya Aung Gyi, please kindly accept my gratitude via courtesy of Ma Shwe Zin.