Thursday, November 1, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၁၂)

ချက်ရပြုတ်ရလူ့ဘဝ

မီးဖိုဘေး တွင် မိန်းမတစ်ဦးထိုင်၍ ငရုတ်သီးထောင်း၊ ကြက်သွန်လှီး၊ မီးပြောင်းမှုတ်လုပ်နေပါက မည်သို့မျှ မဆန်းပြား သည့် မြင်ကွင်းသာဖြစ်သည်။ ထိုအရာများကို ယောက်ျားကြီး တစ်ဦးပြုလုပ်နေလျှင်ကား ထိုရှုခင်း သည် မည်သို့မျှ ကျက်သရေမရှိတော့။ ထိုအကျည်းတန်သောမြင်ကွင်းကို နေ့စဉ် ဖန်တီးနေသူကတော့ ဦးဂင်ရန်လီဖြစ် ၏။
သူသည် ချက်ပြုတ်ရသည့်အပြင် ဈေးခြင်းဆွဲ၍ မိန်းမကြီးတစ်ဦးပမာ ဈေးဝယ်ထွက်ရသေးသည်။

ဤမြစ်ဝကျွန်းပေါ်ဒေသ သည် ငါးပုစွန်ထွက်ရာ အရပ်ဖြစ်၍ ငါးပြီး ငါး၊ ပုစွန်ပြီး ပုစွန် စားလာရာကြာလာ တော့ အသွေးအသား ပါသည့် ကုန်းသတ္တ၀ါသား၊ ဟင်းလျာကို စားရန် ခန္ဓာကိုယ်က တောင်းဆိုလာသည်။ ထို့ကြောင့် ယနေ့ အမဲခုံတန်း သို့ထွက်လာ၏။ အမဲသားသည်က အရိုးအဆစ်များကို ဓားမကြီးဖြင့် အပိုင်း ပိုင်းခုတ်နေ၏။ အမဲရိုးများသည် ဓားသွားအောက်မှ အပိုင်းအစကလေးများအဖြစ် ခုန်ထွက်နေသည်။ ဦးဂင်၇န်လီသည် အရိုးစပုံ အား လက်ညှိုးထိုး၍ "အစိတ်သာပေးပါ" ဟု ကျပ်တန်တစ်ရွက် ကမ်းလိုက်ရာ (ထိုစဉ်ကဈေး) "မရောင်းဘူး ခင်ဗျ၊ ဖောက်သည်ပေးတာ" ဟု အရိုးခုတ်သူက တုံ့ပြန်၏။

" ရောင်းပါဗျာ၊ ကျုပ်ပြုတ်သောက်မလို့" ဟု ဦးဂင်ရန်လီက အတင်းဝယ်မှ အမဲရိုးသည်က ဂင်ရန်လီ ၏ မျက်နှာကို အတန်ငယ် စိုက်ကြည့်ပြီး အစိတ်သားခန့် ကို ကြာဖက်နှင့် ထုပ်ပေးလိုက်သည်။
ထိုမှ ဦးဂင်ရန်လီ သည် တစ်ဆိုင် တည်းသော ၀က်သားခုံ သို့ ဆက်လျှောက်ပြန်သည်။ ၀က်သားခုံပေါက်ဝ တွင် လူများ စုပြုံ တိုးဝှေ့နေကြ၏။ ၀က်ခုံပေါ်တွင်ကား တောင်းကြီးတောင်းငယ် စီတန်းနေသည်။ လူအုပ်သည် ကလီစာပေးပါ။ ငါးဆယ်သားချိန်ပါ။ ပေါင်သားတစ်ပိဿာ စသည်ဖြင့် ငွေစက္ကူများ ဝှေ့ရမ်းပြ၍ အလုအယက် ပြောဆိုနေကြ၏။ ၀က်သားခုတ်သူက အိနြေ္ဒကြီးစွာဖြင့် သူ ခုတ်ချင်ရာ ခုတ်ပြီး တန်းစီ ချထား သော ခြင်းတောင်းများ ထဲတွင်သာ ထည့်နေ၏။

ဈေးဝယ်သူပရိသတ်ကြီးအား မျက်စိစွေစောင်း၍မျှ မကည့်။ အသားထဲ တွင် ရေထိုးထား ၍ ဖြူဖက်ဖြူရော်ဖြစ်နေ သည့် ၀က်သားမှာ ဓားနှင့် ပိုင်းလိုက်တိုင်း ပျစ်ချွဲချွဲ အရည်များ လွင့်စင်နေသည်။ ၀က်သားထဲ ရေမထိုးရန် ဦးဂင်ရန်လီ အကြံပြုဘူးသည်။ ၀က်သားထဲ ရေထိုးပုံမှာ ဿို့ဖြစ်သည်။ ၀က်ကို အမွေးချွတ်ပြီး စပါရှယ်ပြုလုပ် ထားသော လက်ကောက်ဝတ်ခန့်ရှိ ၀ါးပြောင်းဆေးထိုး ပြွန်ကြီးနှင့် ၀က် တစ်ကောင် ရေလေးထာင့် သံပုံးတစ်လုံးနှုန်း ထိုးသွင်းသည့်နည်းဖြစ်၏။ ထိုစပါရှယ်အသားတိုး ပိုက်ကြီး ကို သိမ်း ရန် ဂင်ရန်လီ ကြိုးပမ်းဖူး၏။ သို့သော် မအောင်မြင်။ ၄င်းတို့၏ ဆင် ခြေမှာ ဤဒေသမှ လူများ သည် သွေးသံရဲရဲ ၀က်သား မ၀ယ်စားဝံ့ကြ။ ဖြူဖက်ဖြူရော် ကိုသာ ကြိုက်ကြသည် ဟူ၍ဖြစ်၏။ ထို့ကြောင့် ရေထိုး ရ၏။ ဦးဂင်ရန်လီတို့ဒေသတွင် ၀က်သား ရေထိုး မရောင်း ပါ။ ဈေးမြင့်လျှင်သာ မြင့် မည်။ ရေထိုးထားသော ၀က်သားသည် အစိတ်သားချက်လျှင် တစ်ဆယ်သားသာ ကျန်တော့ သည်။ အရသာလည်းပေါ့ပျက်၏။

ဦးဂင်ရန်လီ သည် မသတီစရာဝက်သားနှင့် လူအုပ်ကြီးကို စိတ်ပျက်မိ၍ အမဲရုံအပြင်ဘက် တစ်ဆင့်ရောင်း သော အမဲသားသည် မများ တန်းစီရောင်းချရာသို့သွား၏။ အမဲသားသည်မလေးက -
" ဘာချက်မလဲ ဦးလေး၊ အသားကောင်းရှိတယ်" ဟု အသားတစ်တစ်ခုကို ပြ၏။ ဦးဂင်ရန်လီက အစိတ်သား ချိန်ခိုင်း သည်။ အမဲသားသည် က ချိန်ခွင်လျှာ မငြိမ်ခင်အသားတုံးကို လျင်မြန်စွာယူ၍ ကြာဖက်နှင့်ထုပ် ရန် ပြင်၏။ အလေး မပြည့်မှန်း ဦးဂင်ရန်လီသိသည်။

" ဒါလေး အဆစ်ပေးနော် " ဟု ခြေမလောက် အသားတုံးကို လက်ညှိုးထိုးပြ၏။ " မလုပ်ပါနဲ့ ဦးလေး၊ ဒါကြီး ယူသွား ၇င် လူပါလိုက်ရလိမ့်မယ်" အမဲသည်မလေးက ပြော၏။ " နင်လိုက်မယ် ဆိုရင် အတော်ပဲပေါ့။ ငါ့မှာ တစ်ယောက်တည်း ရယ် ချက်ပြုတ်မယ့်လူရတာပေါ့ " ဒီက တကယ်လိုက်မှာနော်ဟွန်း " အမဲသား သည်မလေး က ပြော၏။ " ကျုပ်လည်း တကယ်ပြောတာ၊ ကဲ ကြာတယ် ပစ္စည်းသိမ်းသွားမယ်" ဟု ပြောလိုက်ရာ အပျိုပေါက် မလေး သူမျှော်လင့် မထားသော စကားကိုကြားရ၍ ကြောင်အမ်းအမ်းဖြစ်သွားရှာ ပြီး " ကဲ ကဲ တစ်ဝက်လှီးပေး မယ်၊ နောက်လည်း လာဝယ်ဦးနော်" ဟု ဆိုကာ အသားတစ်ကို ကောက် ကိုင်လိုက်၏။

" ဟိုး ဟိုး ငါ အလကားစတာပါ၊ ငါက တစ်ယောက်တည်းရယ် ဒါတောင် ပိုနေပြီ  ပေး ငါ့အထုပ် " ဟု ဆိုကာ အမဲသားထုပ် ကို တောင်းယူလိုက်၏။
ဦးဂင်ရန်လီ ဈေးဂိတ်ပေါက်ဝသို့ ထွက်လာ၏။ အင်း ဈေးဝယ်ရတာ တစ်ခါတစ်လေတော့လည်း ရယ်ရွှင် စရာ စကား ဆိုရသေးတာပဲဟုတွေး၍ အိမ်သို့ အသော့နှင်လာသည်။ ချက်ရဦးမည်။
အိမ်ရောက်တေ့ အမဲရိုး ကို ကုလားပဲ လက်တစ်ဆုပ်ခန့်ထည့်၍ ပြုတ်၏။ မီးရှိန်က ပြင်း၍ ခဏကြာတော့ ကုလားပဲစေ့များနှင့် အရိုးတုံးများ ဟင်းအိုးထဲတွင် လုံးထွေးသတ်ပုတ်နေကြပြီ။ ဒီတော့ အိုးက ဂစ်ဂစ်ဂစ်နှင့် အသံပေးနေတော့ သည်။
ဦးဂင်ရန်လီ သည် ဆူပွက်နေသည့် ဟင်းအိုးကို အဓိပ္ပာယ်မ့စွာ စိုက်ကြည့်နေ၏။ ပြီးတော့ မိမိလျှောက်လှမ်း ခဲ့ရသည့် ဘ၀အစိတ်အပိုင်းများ ကို စစ်တမ်းထုတ်ကြည့်သည်။ ခုလို ကိုယ်စားမယ့် ထမင်းဟင်း ကိုယ်တိုင် ချက်ပြုတ် စားသောက်ရတာ နှစ်တွေ လတွေ ဘယ်လောက်ကြာပြီလဲ၊ ဘယ်အခါစခဲ့သလဲ၊ နှစ်ဟောင်းတွေ ကို လှန်လှော် စစ်ကြောကြည့်၏။ ကြာခဲ့ပါပြီ။

၁၉၅၈ ခုနှစ်၊ ဆွမ်ပရာဘွမ်မြို့၊ ဆွမ်ပရာဘွမ်မြို့ဟု ဆိုလျှင် မရောက်ဖူးကြသော်လည်း ကြားဖူးသူများပါ သည်။ ဆွမ်ပရာဘွမ် သီချင်းကရှိနေသည်။ ထိုသီချင်းနှင့်ပတ်သက် ၍ ဖြစ်ရပ်တစ်ခုလည်း ရှိသေး ၏။ အောက် ပြည်အောက်ရွာမှ တာဝန်ထမ်းဆောင်ရန်လာသော အမျိုးသမီးနှစ်ယောက်သည် ဆွမ်ပရာဘွမ်မြို့ သို့ တာဝန်ကျသည်ဆို၍ ၀မ်းသာလုံးဆို့နေကြသည်ဆို၏။ ဆွမ်ပရာဘွမ်သီချင်းကို အလွတ်ရအောင်ကျက် ၍ မြူးနေကြသည်။ ဖြည်းဖြည်းပေါ့ ဆိုလည်းမရ၊ ခုချက်ချင်း ပို့ပေးပါဟု ဆိုင်ရာများကို အရေးဆိုကြသည်။ ဆို၏။ တောင်ယာခင်း ထဲတွင် မီးဖိုးတလူလူထွက်နေပုံ၊ သွေးချင်းတို့ မနောကနေ ပုံ၊ ခေါင်ရေသောက် ၍ မြူး နေပုံတို့သည် သူတို့၏ စိတ်ကူးကမ္ဘာတွင် အပြည့်။ သို့သော် ဆွမ်ပရာဘွမ်မြို့သို့ တကယ်တမ်း ရောက် ပြန်တော့ ချုံးချ ၍ ငိုကြသည်ဆို၏။ သီချင်းဆိုသည့် အဆိုတော်ကို လည်း နုပ်နုပ်စဉ်း ပစ်ချင်ကြသည် ဆို၏။ အဖြစ်ကတော့ မနှစ်ကနှင့်မတူသည့်အချိန် သူတို့ ရောက်နေရပြီ။

လူသတ္တ၀ါချင်း သဘောထားမတိုက်ဆိုင်၍ ပဋိပက္ခပြင်းထန်သည့်အထဲ ကြွက်တည်းဟူသော အဟိတ် တိရစ္ဆာန်တွေကြောင့် မနုဿ များ ပြေးပြီ။ ကြွက်ကြောင့် လူပြေးသည်ဆိုလျှင် ရယ်ရွှင်ဖွယ်ဟာသတစ်ပုဒ် ထင်ကောင်း ထင်နိုင်ပါသည်။ သို့သော် ကြွက်ခေါပဏီ တပ်မကြီးများ ဦးတည်ဖြတ်သန်း စတည်းချခဲ့ သည့် နေရာများတွင် မည်သည့်စားသုံးပင်မျှ မကျန်တော့။ ထို့ကြောင့် မီးခိုးတလူလူ တောင်ယာတဲများမရှိ။ မနော ကနေသော သွေးချင်းများ လည်း မတွေ့ရတော့။ ပတ်ဝန်းကျင်တစ်ခွင်တွင် ယိုယွင်းပျက်သုဉ်းခြင်း၏ အရိပ် မည်း လွှမ်းခြုံနေ သည်ကိုသာ သူတို့ တွေ့ခဲ့ရပြီ။
ထိုဆွမ်ပရာဘွမ်မြို့ တွင် ဂင်ရန်လီ မိမိစားမည့် ထမင်းစချက်ခဲ့သည်။

ဆွမ်ပရာဘွမ်မြို့ သည် ထိုအချိန် ထိုအခါက သူပအတိုင်းအတာနှင့်သူ စည်ကားခဲ့၏။ ပူတာအိုမြို့ပင် ဆွမ်ပရာဘွမ်မြို့လောက် မဖွံ့ဖြိုးသေး။ အလယ်တန်းကျောင်းရှိ၏။ ထို့ကြောင့် ပူတာအို နောင်မွန်း ဘက်မှ ကျောင်းသားများပင် ကျောင်းလာတက် ကြ၏။ ထိုအလယ်တန်းကျောင်းသို့ အောက်ပြည်မှ ဆရာဘို ရောက် လာ၏။ ဆရာဘိုသည် မိသားစုမပါလာ၍ ကျောင်းသားကြီးမောင်တန်နှင့် ဂင်ရန်လီ ကိုခေါ်နေ၏။ ဂင်ရန်လီ ကို ကျောင်းသားကြီး မောင်တန်ထံ အချက်အပြုတ် တပည့်ခံစေသည်။ မောင်တန် ခုနှစ်တန်းအောင် ၍ ဆရာဖြစ်သင်တန်း တက်သွားသောအခါ ချက်ရေးပြုတ်ရေးတာဝန်ကို ဂင်ရန်လီ အမွေခံ လိုက်ရ၏။ ဤတွင် ဂင်ရန်လီ၏ ချက် ရေးပြုတ်ရေး ဘ၀စတင်ပါတော့သတည်း။ ဆရာဘို၏ ဇနီး သည် ကျောင်းဆရာမဖြစ်ရာ မြစ်ကြီးနားတွင် တာဝန်ကျ၏။ နွေရာသီကျောင်းပိတ်ရက်မျာွးင်သာ ဆရာဘိုထံ လာနေပြီး ဂင်ရန်လီ အား ချက်ပြုတ်ရေး ပညာသင်ပေးပါတော့သည်။

ထိုအချိန်က ၀က်သားတစ်ပိဿာ သုံးကျပ်၊ ဆီတစ်ပိဿာသုံးကျပ်ခွဲ၊ ကြက်ဥ တစ်ဆယ့်နှစ်လုံး တစ်ကျပ် ဖြစ်၏။ သို့သော် ဆရာမ က ချင့်ချိန်ချွေတာရေးစနစ်ကို စနစ်တကျ သင်ပေးသည်။ ဥပမာ ဆီကို ပုလင်းမှ သည်အတိုင်း လောင်းမထည့်ရ။ ထမင်းစားဇွန်းနှင့် ချိန်ရမည်။ အသားအလေအလွင့် အပိုအဆာ မရှိစေရ။ ကွက်တိ လှီးဖြတ်တတ်ရမည်။ ဥပမာ ကြက်တစ်ကောင် သတ်စားကသည် ဆိုကြပါစို့။ အသည်းအမြစ်။ တောင်ပံ လည်ချောင်း၊ ဦးခေါင်း ရင်အုပ်တစ်ခြမ်း၊ ဆီပြန်ချက်။ ကျောရိုး၊ ခြေနှစ်ချောင်း။ ဟင်းချို အိုး ထဲထည့်။ ပေါင်နှစ်ဘက် ရင်အုပ်တစ်ခြမ်း ကို ဆား နနွင်းကြာညိုနှင့်နယ်၍ ဆီထည့်။ ရိုစ့်လုပ်ထား ရမည်။ နောက်နေ့များ တွင် ပေါင်တစ်ဖက် အာလူးနှင့်ချက်။ ရင်အုပ်တစ်ခြမ်းဆန်လှော်ဟင်း လုပ် စသည်ဖြင့် ဇယား ချ ကွပ်ကဲပညာပေး၏။ ထို့ကြောင့် ဂင်ရန်လီ ချွေတာရေးတွင်လည်း အိတ်စ်ပတ်ဖြစ်လာ၏။

ဆွမ်ပရာဘွမ်မြို့မှ ပညာကုန်၍ မြစ်ကြီးနားသို့ ဆင်းခဲ့ပြီး ဘော်ဒါဆောင်တွင်နေ၏။ ဤတွင် သူ၏ ချက်ပြုတ် ရေး တစ်ခန်း ရပ်သွားသည်။ တက္ကသိုလ်ဝင်တန်းအောင်၍ သူငယ်ချင်းများ တက္ကသိုလ်ပြည်သို့ ခရီးဆက် ကြ၏။ မောင်ဂင်ရန်လီ သည် ရုံးတစ်ရုံး၏ စားပွဲတစ်လုံးနှင့် ကုလားထိုင်ကားတွင် ညှပ်၍ ကျန်ရစ်ခဲ့၏။ သူ၏ ပျိုမျစ်သော အရွယ်နှစ်ပေါင်းများစွာ တို့သည် ထိုစားပွဲကုလားထိုင်ကြားတွင်ပင် ကုန်လွန်ခဲ့၏။
နှစ်တွေကြာ၍ အချိန်တန်သောအခါ ဂင်ရန်လီ မိန်းမရ၏။ သူရသော မိန်းမသည် ထမင်းချက်သောမိန်းမ မဟုတ်ပြန်။ မြန်မပြည် ၏ ချက်ပြုတ်ချိန်ဖြစ်သော နံနက်ခင်းနှင့် ညနေပိုင်းတွင် လုပ်ငန်းဝတ်စုံဝတ်၍ ထွက် ထွက် သွားရာ အဘယ် မှာလျှင် ထမင်းချက်ကျွေးသော မိန်းမဖြစ်လာမည်နည်း။ ဂင်ရန်လီ မည်သို့မျှ မတတ် နိုင်၊ ထမင်းချက်တာ များ ခက်တာမှတ်လို့၊ ငါ့မိန်းမ ငါချက်ကျွေးတာဘာဖြစ်လဲ၊ ကမ္ဘာကျော်စားဖိုမှူးကြီးတွေ ဟာ ယောက်ျားတွေပဲ ဟု မိမိဘာသာ ဂုဏ်ရှိန်မြှင့်ယူ၏။

သူ့တွင် စီမံကိန်း စီမံချက်ရေးဆွဲ၍ ဘ၀ခရီးသွားသည့် အကျင့်တစ်ခုရှိ၏။ သို့သော် သူ၏ဘ၀သည် စီမံကိန်း စီမံချက် မည်မျှပင် ရေးဆွဲအကောင်အထည်ဖော်စေကာမူ တိုးတက်နှုန်း နှေးကွေးလွန်းလှ၏။ ရံဖန်ရံခါ အနှုတ် လက္ခဏပင်ပြသေး၏။ ဆရာဘိုသည် ကာလအတန်ကြာသော် အငြိမ်းစားယူသွား၏။ ထိုအချိန်တွင် ဂင်ရန်လီ၏ ဘ၀ သည် ထူးမခြားနား စားပွဲကုလားထိုင်ကြား ညှပ်ပိနေဆဲရှိ၏။ တစ်နေ့သောအခါ ဆရာဘို သည် သူ၏ အငြိမ်းစား ကိစ္စနှင့် ပတ်သက်၍ ဂင်ရန်လီထံ ရောက်လာ၏။ ဂင်ရန်လီတစ်သက်လုံး မမေ့နိုင် သည့် စကားတစ်ခွန်း ကို မိန့်ဆိုသွား၏။
" မင်းတို့ဟာ စားပွဲတစ်ခုနဲ့ တစ်ခုကြားမှာ အားကြီးကြာတယ်" သူ၏ ပင်စင်စာရွက်ကို ညွှန်းဆိုခြင်းဖြစ် သည်။ ပင်စင်လစာ ဆိုသည်မှာ သေမင်းနှင့် ခရီးမထွက်မီ ဘ၀ဆည်းဆာချိန်၏ အသုံးစရိတ်မျှသာဖြစ်ရာ ချစ်သူရည်းစား ၏ အချိန်ဆွဲ၍ ဆွဲ၍ထားသော အဖြေစကားကဲ့သို့ မည်သူစောင့်စားသည်းခံနိုင်မည်နည်းဟု ဂင်ရန်လီ ကိုယ်ချင်း စာမိသည်။

ဦးဂင်ရန်လီ ၏ ဘ၀သည်လည်း စားပွဲတစ်ခုတွင် အားကြီးကြာခဲ့၏။ ဆယ်စုနှစ်တစ်ခုပင်ကျော်၍ နောက် တစ်ခု ထက်ဝက်ပင် လွန်ခဲ့မှ စားပွဲတစ်ခုသို့ ကူးခဲ့ရ၏။ ယခင်က ကျေးရွာတစ်ခုမျှသာ ဖြစ်သော်လည်း ယခု မြို့နယ် တစ်ခုမြို့အဖြစ် ဖွဲ့စည်းထားသော မြို့သစ်သို့ ဂင်ရန်လီ ရောက်ရှိလာသည်။ အသစ်တည်ထောင် သော မြို့ဖြစ်၍ အစစ အရာရာချို့တဲ့၏။ လျှပ်စစ်မီးမရှိ။ ရုပ်ရှင်နတ္တိ၊ ဘာရှိရှိ မရှိရှိ ဂင်၇န်လီ၏ အလုပ်က ထိုမြို့တွင်ရှနေ၏။ ထိုမြို့ တွင် အိမ်တစ်လုံး သူ့အတွက် ရှိ၏။ ဒီတော့ တစ်ကိုယ်တည်းချက်ပြုတ်စားရပြန် သည်။ မိသားစု ကတော့ မြစ်ကြီးနာွးင် ကျန်နေသေးသည်။
တစ်နေ့ တွင် တစ်ယောက်မှ နှစ်ယောက် ဖြစ်ရန် ဖန်လာ၏။ အသစ်ပြောင်းလာသော ဌာနတစ်ခုမှ ဘ၀တူ ၀န်ထမ်း တစ်ဦးနေစရာ မရှိ၍ ဂင်ရန်လီနှင့် လာေ၇ာက်ပူးပေါင်း၏။ သူ၏နာမည်မှာ ဦးတူးဖြစ်၏။ သူလည်း အချက်အပြုတ် ဇာတာပါသူဖြစ်သည်။ သူတွင် ကျောင်းဆရာမဇနီးနှင့် သားပျို သမီးပျိုများရှိ၏။

သို့သော် တစ်နေရာတွင် ထားခဲ့ရသည်။ သူက အလုပ်စုံသူဖြစ်၏။ ပုလိပ်သားမှ စတင်သည် ထိုမှ တောင်အုပ်၊ ထိုမှ လက်ထောက်မြို့ပိုင် စသည်ဖြင့် အဆင့်ဆင့် တိုးတက်လာရာ ယခု တရားရေးဘက်သို့ လမ်းခွဲသွား၏။ ဦးတူးနှင့် ဂင်ရန်လီ တို့သည် ရှယ်ယာအညီအမျှ ဖက်စပ်၍ ချက်ပြုတ်စားသောက်ကြသည်။ အစ၌ ဟုတ်သလိုလို ရှိ၏။ သူချက်ကိုယ်ချက်၊ စားလိုက်သောက်လိုက်နှင့် ပျော်စရာပင်ကောင်းတော့သည်။ သောက်စားသည်မှာ အပြစ် မဟုတ်။ မူးယစ်ရမ်းကားခြင်းသာအပြစ် ဟု ခံယူထားကာ အားလပ်ချိန်တွင် ပုလင်းထောင်သည်ကို မည်သူမျှ မကဲ့ရဲ့။ ဤဒေသ သူထောင် ကိုယ်ထောင်ပါပဲ။

သူတို့သည် အိမ်သူများနှင့်ဝေးကြသည်မို့ စားသောက်ခြင်းဖြင့် အာရုံပြောင်းပစ်ကြ၏။ စားရင်းသောက်ရင်း သူ့ အတွေ့အကြုံ ကိုယ့်အတွေ့အကြုံ ဖလှယ်ကြသည်။ ဦးတူး ခံတွင်းအတွေ့ဆုံးမှာ ဆန့်ကျင်ဘက်လိင် ပုံပြင် များသာဖြစ်၏။ သူ့ဘ၀တစ်လျှောက်လုံး အခြေအနေပေးချက်အရလည်းကောင်း၊ ၀ါသနာအရ လည်း ကောင်း တွေ့ကြုံခံစားရသည်များကို တွေးတမြည့်မြည့် အရသာခံ၍ ပြောတတ်သည်။ သူ့တွင် နေ သာသော နေ့များတွင် ထုတ်၍ ထုတ်၍ လှမ်းသော အိပ်ရာလိပ်တစ်ခုလည်းရှိ၏။ မိန်းမ အ၀တ်အစား များလည်းပါ သည်။ " ငါ့ညီ ခုနေများ ကျုပ်ပြောင်းရရင် ဒိအိပ်ရာလိပ်ကြီးကို ဘယ်မှာ ထားရမလဲ မသိဘူး အဟီး" ဟု ညည်းပြ၏။ ထိုအိပ်ရာမှာ တစ်ချိန်က မြို့တစ်မြို့တွင် ခေတ္တပေါင်းသင်းခဲ့သော မိန်းမတစ်ဦး၏ ပစ္စည်းများ ဟု သူက ပြောပြ၏။
" အိမ်ရောက်ရင် ကျွန်တော့် မရီး ကို အပ်လိုက်ပါလားဗျ" ဟု ဂင်ရန်လီက အကြံပြု၏ " အင်း၊ ဒီလိုသာလုပ် ရင် ဒီအိပ်ရာလိပ် က ပိတ်စလေးတွေအဖြစ် ဘ၀ပြောင်းသွားမှာ သေချာတယ် ဟီဟီ" ဟု ဦးတူးက စိတ် မသက်မသာနှင့် ပြောရှာ၏။ ရိုးစင်းလှသော်လည်း "မုန့်သာဝေစားမည်" ဆိုသည့် သူ့ဇနီးကိုတော့ ကြောက် တတ်၏။

တစ်ညနေခင်းတွင် ဂင်ရန်လီနှင့် ဦးတူးတို့သည် ထမင်းစားပြီး၍ ၀ရံတာတွင် ရေနွေးကြမ်းသောက်ကာ ဘ၀ အတွေ့အကြုံအဟောင်းအဆွေးများကို ပြန်နူးနေကြသည်။ ထိုစဉ် ငါးကိုက်မျှသာဝေးသော လမ်းမကြီးပေါ် တွင် အိမ်နီးချင်း အပျိုဆောင်မှ အပျိုစာရေးမများ လမ်းလျှောက်ထွက်လာကြ၏။ သူတို့သည် ဦးတူးနှင့် ဂင်ရန်လီ ကို ပြောဆိုနှုတ်ဆက်ပြီး မြို့သို ဆက်သွားကြ၏။ ဦးတူးသည် သူတို့၏ လှုပ်လီလှုပ်ရမ်းအရာများကို ၀ိုးတ၀ါးမြင်ရသည် အထိ လိုက်ကြည့်ပြီး " ကောင်မလေးတွေ ငါ့ရှေ့မှာ သိပ်ပြီး အလှမပြကြနဲ့ မင်းတို့ကို ငါ ကြိုက်ချင် လာပြီ" ဟု နှုတ်မှ ရွတ်ဆိုလိုက်၏။ သူ၏ မျက်လုံးများမှာ ထူးခြားစွာ တောက်ပလျက်ရှိရာ ဂင်ရန် လီက " အစ်ကိုကြီး သတိထားပါဦး" ဟု သတိပေးမှ သူ၏ နီကြင်ကြင်သွားများကို ဖြဲပြ၍ ရယ်ကျဲကျဲ လုပ် နေတော့ သည်။

ကြာလာတော့ စုပေါင်း ချက်ပြုတ်စားသောကခြင်းသည် ပုဂ္ဂလိက အခွင့်အရေးကို ထိပါးလာသည်ဟု ဂင်ရန်လီ ခံစား မိ၏။ ဦးတူး တွင် ဂင်ရန်လီ မနှစ်မြို့နိုင်သော ညာဉ်တစ်ခုရှိသည်။ သူသည် အားသည် မအား သည်၊ အစီအစဉ် ရှိသည်မရှိသည်။ အချိန်အခါ မဟုတ်သည် ဟုတ်သည်ကို ဂရုမစိုက်၊ စိတ်ကူးပေါက် သလို ပြုမူ တတ်၏။ အစီအစဉ်မရှိဘဲ တွေ့သည့်လူနှင့် တစ်နေကုန်တတ်သူဖြစ်သည်။
" ငါ့ညီ ထမင်းချက်ထား အစ်ကိုကြီး ဈေးသွားမယ်" ဟုဆိုကာ ဈေးခြင်းဆွဲ၍ ထွက်သွားပြီး ရုံးချိန်ထိ ပေါ် မလာသည် မှာ မနည်းတော့။ တစ်ကြိမ်တွင်လည်း " ငါ့ညီ ထမင်းခူးထားနှင့် အစ်ကိုကြီး အရည်သွားဆွဲမယ် " ဟု ပုလင်းပြား ခါးကြား ထိုး၍ ထွက်သွား၏။ ဦးတူးသည် ပုလင်းပြားကို ခါးကြားထိုးရန် ၀န်လေးသူမဟုတ်။

ဂင်ရန်လီ က ထိုမျှ သတ္တိမရှိ။ ဦးတူးသည် အရက်ကို ကြိုက်၍ သောက်သူဖြစ်၏။ မူးယစ်သတိလက်လွတ်ခြင်း အလျဉ်း မရှိ။ အရက်ကို ဆေးမြစ်စိမ်၍ သောက်တတ်ရာ တစ်ခါတစ်ရံ အရက် ပြတ်သည့်အခါ ပုလင်း ထဲရေနွေးလောင်းပြီးလှုပ်ခါ၍ ဆေးမြစ်ထဲမှ အရက်များကို ညှစ်သောက်သည်။ ဤမျှ အရက်ကြိုက်သူဖြစ်သည်။ ဂင်ရန်လီ ထမင်းခူးပြီးပြီ။ တစ်မိနစ်၊ နှစ်မိနစ်၊ မိနစ်သုံးဆယ်ပေါ်မလာတော့။ ဦးထူး အရည်သွားဆွဲသည့်နေရာမှာ အသွားအပြန် ငါးမိနစ်ခရီးမျှသာ။ ဂင်ရန်လီ စိတ်မရှည်တော့၍ လိုက် ကြည့်၏။ ဟော တွေ့ပါပြီ။ ငနဲသားက အပေါင်းအသင်း တစ်ယောက်နှင့် အမဲအသဲကို စို့ထိုးကင်၍ ဇိမ်ကျ နေသည်။ ပုလင်းပြားတွင် ဖင်ကပ်သာ ကျန်တော့၏။ ဂင်ရန်လီကိုမြင်တော့ နီကြင်ကြင်သွားကိုဖြဲပြပြီး" လာ လာ ငါ့ညီ အစ်ကိုကြီး သူငယ်ချင်း နဲ့ တွေ့လို့ နည်းနည်းကြာသွားတယ်။ ရော့ ရော့ ငါ့ညီလည်း ချပါဦး " လက်ကျန်ကို ဖန်ခွက် ထဲ လောင်းချ၍ လောကွတ်ပြုလိုက်သေး၏။

ဤသို့ ကြိမ်ဖန်များလာတော့ ဂင်ရန်လီ သည်းမခံနိုင်တော့။ ကိုယ့်မိန်းမလည်းမဟုတ် သူ့ကို အဆာခံပြီး ထမင်းစား မစောင့်နိုင်။ သို့နှင့် ဂင်ရန်လီ မီးဖိုတစ်ခု ဖန်တီးပေးလိုက်၏။ သူချက် ကိုယ်ချက် သီးခြားချက်ကြမည်။ ကြုံလျှင် အတူစား။ မကြုံလျှင် ကိုယ့်အစီအစဉ်နှင့် ကိုယ်စားကြ၏။ ဒါမှ လူ့အခွင့်အရေးအစစ်။
ဂင်ရန်လီ သည် သူကြိုက်တာချက်၏။ ဦးတူးကလည်း သူကြိုက်တာချက်သည်။ ဦးတူးက အချက်အပြုတ် ညံ့သူ မဟုတ်။ အိုး တစ်လုံးတည်းနှင့် ဟင်းနှစ်မျိုး တစ်ပြိုင်တည်းကျက်အောင် ချက်နိုင်သူဖြစ်သည်။ ချက်ပုံ ကားဤသို့ -
ဦးတူးတွင် ဟန်းကောတစ်လုံးရှိသည်။ ဟန်းကောထဲတွင် ဟင်းချိုရည်အတွက် အစုံထည့်၍ အဖုံးပိတ်လိုက် ၏။ အံတွင် ဟင်းအတွက် အသား၊ ငရုတ်၊ ကြက်သွန်၊ ဆီဆားအမွှေးအကြိုက် အကုန်ထည့်၍ အဖုံးပိတ်ကာ မီးဖိုပေါ် တင်လိုက် ရုံနှင့် ကိစ္စပြတ်၏။ သူသည် စဉ်းတီတုံးရှိသော်လည်း မသုံး။ အသားကို မခုတ်၊ လှီးဖြတ်၏။

" အစ်ကိုကြီး စဉ်းတီးတုံးနဲ့ ခုတ်ပါလား" ဂင်ရန်လီ အကြံပေးကြည့်သည်။
" မလိုပါဘူးကွာ ရိုးရာနည်းပဲ ကောင်းပါတယ်" သူက ပြော၏။
ဦးတူး ၏ ရိုးရာနည်းမှာ ဓားရှည်အဖျားကို ကြမ်းခင်းပေါ်ထောက်ပြီး၊ ဓားရိုးနောက်ပိတ်ကို ၀မ်းပိုက်ဖြင့် တွန်းဖိ ထားကာ ကိုယ်ကို ကုန်းကုန်းကွကွလုပ်။ ပြီးလျှင် အသားကို လက်နှစ်ဖက်နှင့် ကိုင်၍ လှီးဖြတ်သော နည်းဖြစ်၏။ ဦးတူးနှင့် ဂင်ရန်လီ တို့သည် ကိုယ့်နည်းကိုယ့်ဟန်၊ ကိုယ့်အကြိုက်လိုက်၍ ပျော်ရွှင်စွာ အတူ ယှဉ်တွဲနေထိုင်ကြလေ သည်။
နှစ်တွေ လွန်မြောက်သွားသောအခါ ဂင်ရန်လီသည် မြန်မာပြည်မြောက်ဖျားရှိ ခေါ်ဘူဒဲမြို့သို့ ပြောင်းရွှေ့ ရ၏။ ထိုဒေသ တွင် လူသားတို့၏ အားမာန်ကို ဂင်ရန်လီ တွေ့ခဲ့ရသည်။ အိပ်မက်ထဲတွင်ပင် မမြင်ဖူးသည့် မယုံကြည်နိုင်လောက်အောင် မတ်စောက် လှသည့် တောင်ကမ်းပါးတွင် တည်ဆောက်ထားသည့် ကျေးရွာ များ၊ ၄င်းနှင့်ယှဉ် ၍ တည်ရှိသည့် လှေကားထစ်လယ်များ၊ တောင်ယာခင်းများ၊ ပြောင်းခင်းများ၊ အောက်သို့ ငုံ့ကြည့်ရန် ပင် မ၀ံ့မရဲ နက်ရှိုင်းလှသည့်ချောက်ကမ်းပါးများကို ပေါင်းကူးတည်ဆောက်ထားသည့် ကြိုးတံ တားများ၊ တောင်ပေါ်သားပင် အံ့သြရပါတကား။

မြို့၏ အနေအထားမှာလည်း တမူထူးခြားလှသည်။ မြို့၏ လမ်းမပေါ်တွင် လျှောက်လှမ်းမည်ဆိုပါက လူနှင့် လမ်း သည် ဒေါင့်မှန်ကျလိမ့်မည် မဟုတ်။ လူသည် အနည်းဆုံး ၃၀ ဒီဂရီ တိမ်းစောင်းနေပေလိမ့်မည်။ အသွားလမ်း သည် အတက်ဖြစ်ပါက အပြန်လမ်းသည် အဆင်းသာလျှင်ဖြစ်သည်။ အိမ်တို့ကို မျက်နှာချင်း ဆိုင်တွေ့ရမည် မဟုတ်။ အထက်နှင့်အောက်သာတွေ့ရမည်။
ဂင်ရန်လီသည် ထိုမြို့၌ သူ၏ဇနီးနှင့်ပြန်ပေါင်းထုပ်မိသည်။ သူ့ဇနီးရာထူးတက်သည်ဆို၍ တကယ့် အထက်သို့ တက် သွားသည်မှာ အတန်ကြာပြီ။ ထိုမြို့တွင် ဂင်ရန်လီ၏ ချက်ပြုတ်ရေးသည် ခေတ္တပြတ် တောက်သွား၏။ ဇနီးသည် က ချက်ကျွေးတာကို လက်ဆေးစားရုံပင်။ ထိုမြို့တွင် နံနက်စော၍ ဂျူတီဝင်ရန် မလို။ ညတာဝန်မရှိ။ ဂင်ရန်လီ ၏ ဇနီးသည် ချက်ပြုတ်ရသည်ဆိုသော်လည်း အလွန်သက်သာရာရ၏။ သား ငါး ၀ယ်ခြမ်းခုတ်တစ်ရန် မလို။ ဈေးလည်းမရှိ။ ရောင်းသူနတ္တိ။ သူသည် ဇနီးကို အကြောင်းပြု၍ ဆေးရုံပိုင် တန်းလျားတွင်နေရ၏။ ထိုတန်းလျား တွင် အုပ်စု သုံးခုရှိသည်။ ဂင်ရန်လီနှင့်ဇနီးတစ်တွဲ၊ သူနာပြုဆရာမနှင့် ညီမများကတစ်စု၊ ဆရာဝန်နှင့် သူ့လူများက တစ်ဖွဲကဖြစ်သည်။

ထိုမြို့ တွင် ၁၂ လရာသီ မိုးရွာသည်။ တိမ်သလ္လာကြောင့် နေခြည်မဖြာနိုင်၍ အစဉ်အေးစိမ့်နေ၏။ လနှင့်ချီ ၍ နေလုံးပျောက်ကွယ်တတ်သည်။ နေသာသောနေ့များတွင် ကားထိုမြို့သည် အလွန်ပင် လွမ်းမောဖွယ် ကောင်းလှပါ၏။ ဟိုအဝေးဆီမှ အိမ်စုများ၊ ရွာများ၊ အရစ်ရစ်နှင့် လှေကားထစ် လယ်ယာများ၊ တောင်စွယ် တောင်တန်းများ၊ မိုးထိထိုးထောင်နေ သည့် တောင်ထိပ်တောင်ချွန်များ၊ ကမ်းပါးယံ များ၊ ရေတံခွန် များ၊ စိမ်း မြကောက်ကွေ့စွာ စီးဆင်းနေသည့် "အင်မိုင်ခ" မြစ်နှင့် ကျောက်ဆောင်များစသည်ဖြင့် ရှုမငြီးဖွယ်ရှုခင်း များ တွေ့ရသည်။
ထိုမြို့မှ တောင်ဘက်ယွန်းယွန်း ဟိုအဝေးတစ်နေရာကို စူးစိုက်ကြည့်ပါက မြို့ တစ်ခုတည်းသော ထွက်ပေါက်၊ ၀င်ပေါက်ဖြစ် သည့် "ရှိန်းလုပ်ခက်" ခေါ် တောင်ကြားပေါက်ကလေးကို မိုးထိတောင်တန်း တစ်နေရာတွင် ခွက်ခွက် ကလေးမြင်ရ၏။ ရဲအရာရှိ ဦးမောင်မောင်က ထိုခွက်ခွက်နေရာကို "ဗူးဝ" ဟုမှည့် ခေါ်ထားသည်။ ထိုတောင်ကြားခွက် ကို မြူတိမ်များ အစဉ် ဖုံးအုပ်ထားလေ့ရှိရာ မြူတိမ်ကင်းစင်သောနေ့များတွင် ၀န်ထမ်း တိုင်း မျှော်ကြည့်နေ ရသော နေရာဖြစ်၏။ ထိုတောင်ကြားကလေး၏ ဟိုမှာဘက်တွင် မိမိတို့၏ အိမ်သား များ၊ ဆွေမျိုးများ၊ မြို့ရွာများရှိသည်ကို ၀န်ထမ်းတိုင်း အမှတ်ရနေ၍ ဖြစ်ပေသည်။

မိုးရေချိန် လက်မ ၂၀၀ ကျော် ၍ အအေးလွန်ကဲသော ထိုမြို့တွင် မီးသည်သာလျှင် အကောင်းဆုံးအဖော် မွန်ဖြစ် ၏။ ထို့ကြောင့် ၀န်ထမ်းများသည် အားလပ်သည့် အချိန်များတွင် မီးဖိုပတ်လည် ၀ိုင်းဖွဲ့ချက်ပြုတ် စား သောက်ကာ အချိန်ကုန်စေ၏။ ချက်ပြုတ်စားသောက်သည်ဆိုသော်လည်း ဖွယ်ဖွယ်ရာရာ ချက်ပြုတ်ရန်ရှိ သည် မဟုတ်။ ငါးပုစွန် ဆိုသည့် စကားမှာ ထိုဒေသအတွက် မလိုအပ်သော အပိုဝေါဟာရများသာဖြစ်၏။

သို့သော် ဘုရားသခင် သည် မျှတစွာ ကောင်းချီးပေးပါ၏။ မြန်မာပြည်တွင် အကြီးဆုံးကြက်သွန်ဖြူဥ ထိုမြို့ တွင် ရှိ၏။ လက်ဖက်ရည် အချိုခွက်နီးနီး ရှိ၍ အတက်တစ်ခုတစ်ခု သည် လက်မလောက်ကြီး၏။ အလွန်အရ သာရှိပြီး မီးဖုတ်စား၍ ပင်ရသော မျှစ်များလည်းရှိ၏။ ပြုတ်ပြီး အခြောက်လှန်းထားပါက တစ်နှစ်ပတ်လုံး စား နိုင်သေး၏။ ဤ၀ါးပင်များ သည် သစ်ပင်ကဲ့သို့ တစ်ပင်စီပေါက်သည်။ စနစ်တကျစိုက်ပျိုး၍ သိပ္ပံနည်းကျ အခြောက် လုပ်ပါက နိုင်ငံခြားဝင်ငွေပင်ရနိုင်ဖွယ်ရှိသည် ဟု ဂင်ရန်လီတွေးမိ၏။ ယခုသော်ကား မျှစ်ပေါက် ရာသီ တွင် နေရောင်ခြည် မထွန်းပေါက်နိုင်၍ ကြပ်တိုက်ခြင်းဖြင့်သာ အခြောက်လုပ်ရာ မီးခိုစွဲ၍ ညစ်ထေး နေတော့၏။

တောတောင်တွေ ပတ်လည်ဝိုင်းသော ထိုမြို့တွင် ထင်းခက်သည်ဆိုက ကြုံဖူးမှ ယုံနိုင်ဖွယ်ဖြစ်သည်။ ဆယ့် နှစ်လ ရာသီ မိုးရွာရကား ထင်းခြောက်ချိန်မရှိ။ ဒီတော့ အသားကို တ်ြတင်အခြောက်လှန်းသကဲ့သို့ ထင်းကို လည်း ကြတ်တိုက် အခြောက်လုပ်ရ၏။ မီးမွှေးရာတွင် မရှိမဖြစ်သော ကိရိယာတစ်ခုမှ မီးမှုတ် ၀ါးပြောင်းဖြစ်၏။ နှုတ်ခမ်းသားနှစ်ခု နှုတ်သီးဖြစ်သည်အထိ မှုတ်နိုင်ပါမှ မီးညွတ့်ကလေးတက်လာ တတ်၏။ ၀ါးပြောင်း အကြီးသေး အတိုအရှည် ကို လိုက်၍ အသံမျိုးစုံထွက်၏။ ဒီတော့ မီးဖိုသုံးခုမှ အပြိုင် အဆိုင် ထွက်ပေါ်လာသော မီးပြောင်းမှုတ်သံများမှာ သင်္ကေတမှတ်၍ မရသောတူရိယာသံများဖြစ်လာ၏။
ဤမြို့တွင် ကျောင်းဆရာ လည်း ချက်၏။ စာရေးကြီးလည်းချက်၏။ အရာရှိလည်းချက်၏။ အရာမရှိသူလည်း ချက်ရမည် သာဖြစ်သည်။
တစ်နေ့သော အားလပ်ရက်တွင် ဂင်ရန်လီသည် ဒေါက်တာရွေ ထံ အလည်သွား၏။ ကျဉ်းမြောင်းသော အခန်း တစ်ခု ရှိ ၀ါးခုတင်တွင် ဒေါက်တာရွှေ ထိုင်နေသည်ကိုတွေ့ရသည်။ သူသည် ခုတင်ခေါင်းရင်းဘက် တွင်ထိုင်၍ ဓားမြောင် ကလေးတစ်လက်ဖြင့် ထမင်းစားတူများလုပ်နေ၏။

"ကျွန်တော် ဘာမှလုပ်စရာမရှိ။ လုပ်လည်း မလုပ်တတ်တော့ ဒါပဲ လုပ်နေရတယ်ဗျာ"ဟုညည်း၏။ အင်း ဆရာဝန် ပျင်းတော့ လည်း မလွယ်ပါလားဟု ဂင်ရန်လီတွေးမိသည်။ သူ့ရွေ့တည့်တည့်တွင်တော့ ဖြစ်သလို စီမံ ထားသည့် ထင်းမီးဖိုတစ်ခုရှိ၏။ မီးဖိုပေါ်တွင်တော့ ဟန်းကောတစ်လုံး။ မီးဖိုနှင့် ကုတင်မှာ နှစ်ပေမျှသာ ကွာလေ ရာ ပြာမှုန့် တို့သည် အိပ်ရာထဲတွင် ဟိုတစ်ပွင့် ဒီတစ်ပွင့် ပြန့်ကြဲနေသည်။ သူ၏ ဆံပင်တွင်လည်း ပြာမှုန်ဖွေးလို့။
" ဆရာ ဘာချက်သလဲ" ဟု ဂင်ရန်လီကမေး၏။ " ဆန်ပြုတ်ပြုတ်နေတယ်ဗျာ၊ ကျွန်တော်က ထမင်းလည်း မချက် တတ်။ ပြီးတော့ အစာအိမ်ရောဂါ ကလည်း ရှိပြန်ဆိုတော့ " ဒေါက်တာရွေညည်း၏။
" ဆန်ပြုတ် ထဲ ဘာထည့်ပြုတ်သေးလဲ "
" ဆန်ချည်းသက်သက်ပါ ကျက်ရင် သကြားလေး ခတ်သောက်မလားလို့ " သူ၏ ရည်ရွယ်ချက်ကို ပြောရှာ၏။

" ကျွန်တော်ဗျာ ထမင်းဟင်းတစ်သက်တစ်ခါမျ မချက်ဖူဘူး၊ ခုတော့ ဒုက္ခလှလှကြီးရောက်နေပြီဟု ညည်း လေ ၏။
သူသည် ချောပြီးသားတူ ကိုပင် ဓားမြောင်ဖြင့် ထပ်ခါ တစ်လဲလဲ သပ်၍ သပ်၍နေ၏။ ထိုတူဖြင့် ဆန်ပြုတ် ညှပ်သောက် မည်ထင့်။
" ဆရာ ဒီလောက်တောင် အခက်အခဲရှိနေရင် ဟိုဘက်ခန်းက ဆရာမညီအစ်မ တို့နဲ့ ပေါင်း ချက်စား ပါလား၊ ဒေါက်တာကျော် ကလည်း သူ့တပည့်မတွေနဲ့ ပေါင်းချက်စားခဲ့တာပဲ" ဂင်ရန်လီကအကြံပေး၏။
" အေးဗျာ ကျွန်တော် ဘယ်လိုလုပ်ရမှန်းတောင် မသိတော့ဘူး "
ဟု တကယ်ပင် စိတ်ပျက်အားငယ်စွာဖြင့် ညည်းပြလိုက်၏။ အင်း ဒေါက်တာရွှေ တယ်သနားစရာကောင်းတာပဲ။ သူ့ခမျာ ဆရာဝန်ပေမယ့် အစာအိမ်ရောဂါကလည်း မွေးထားသေး၊ အချက် အပြုတ်ကလည်းမတတ်ပြန်ဟု ဂင်ရန်လီ က သနားတွေးကလေး တွေးပေးလိုက်၏။ ဒေါက်တာရွှေသည် သူ၏ ညားခါစအသစ်စက်စက် ဆယ့်ကိုးနှစ် အရွယ် ဇနီးအကြောင်းပြော ၍ ငိုမဲ့ငိုမဲ့ လွမ်းတသသ ဖြစ်နေ တတ်သည်။

ဒေါက်တာရွှေသည် ပြောင်းရွှေ့သွားသူ ဒေါက်တာ ကျော်အစား ရောက်လာသူဖြစ်သည်။ ဒေါက်တာကျော်၊ ဒေါက်တာရွှေ နှစ်ဦးစလု့း ဆရာဝန်ဆွေဖြစ်ကြ၏။ ဆေးအတတ်ပညာအရာ၌ ကျွမ်းကျင်ကြသည်။ သို့သော် အရေးမကြီး၊ မလိုအပ်ဟု အများ က ဥပက္ခာပြုထားသော်လည်း လူ့ဘ၀တွင် အရေးကြီးဆုံး၊ အလိုအပ်ဆုံး၊ ချက်ပြုတ်ပညာရပ်တွင်မူကား ...
အမှန်တော့ ချက်ပြုတ်စားသောက်ခြင်းသည် လူသတ္တ၀ါတို့၏ အဓိကအကျဆုံး ဘ၀အစိတ်အပိုင်းတစ်ခု ဖြစ်၏။ လူသည် မီး ကို မတွေ့ရှိမီ အစိမ်းစားခဲ့သည်ဟု ဆိုပေရာ၊ ဤချက်ပြုတ်စားသောက်ခြင်းသည် လူနှင့် တိရစ္ဆာန် တို့၏ ပထမလမ်းခွဲဖြစ်ပေလိမ့်မည်။

ဂင်ရန်လီ၏ ဘ၀သည် တည်တည်ငြိမ်ငြိမ်မရှိ။ စုန်ဆန်နေ၏။ ယခုတစ်ကြိမ်တွင် တောင်ထိပ်ဖျားဆီမှ လွင် ပြင်ဒေသဆီ သို့ မိုင်ပေါင်း တစ်ထောင် လိမ့်ဆင်းသွား၏။ ယခု သူရောက်ရှိသည့် နေရာမှာ မလိခခေါ် ဧရာ ၀တီမြစ်ဆုံးရာဒေသညောင်တုန်းမြို့ဖြစ် သည်။
" ကိုဂင်၇န်လီ ဘာချက်သလဲ" တစ်ဘက်ခန်းမှ ဒေါ်ချိုက တံခါးဝတွင် မတ်တတ်ရပ်၍ မေးလာ၏။ " အမဲရိုး ပြုတ်တယ်ဗျာ" ဂင်ရန်လီ ကဖြေ၏။
" ကောင်းတယ် ကောင်းတယ် ကျွန်မတော့ ပုစွန်ထုပ်ချက်တယ်" ဒေါ်ချိုက ပြောပြောဆိုဆို ထွက်သွား၏။ စားကောင်းသောက်ကောင်း ၍ထင်၏။ သူ့ကိုယ်လုံးသည် ပုစွန်ထုပ်ကြီးကဲ့သို့ လုံးတုတ်နေ၏။ သူတို့ မိသားစု ပြောင်းမိန့် ကျပြီဖြစ်၍ ပြင်ဆင်နေပြီ။

ဤတွင် မဆီမဆိုင် ဒေါက်တာရွှေ ကို ဂင်ရန်လီ သတိရမိ၏။ ဟိုတစ်ခါက ဒေါက်တာရွှေတစ်ယောက် သူ့အိပ် ခန်းထဲ တွင် တစ်ယောက်တည်းချက်ပြုတ်နေခိုက် ဂင်ရန်လီက -
" ဆရာ ဘာချက်သလဲ" ဟုမေးဖူး၏။ " ဆန်ပြုတ်ပြုတ်နေတယ်ဗျာ" ဟု သူကဖြေ၏။ ယခု သူသည်လည်း အိပ်ခန်းထဲ တွင် ချက်ပြုတ်နေခိုက် အမေးခံရပြီ။
" အမဲရိုးပြုတ်တယ်ဗျာ" ဟု သူက ဖြေရပြီ။
ဒေါက်တာရွှေ သည် ထိုအခန်းတွင် အိပ်၍ ထိုအခန်းတွင်ပင် ချက်ရ၏။ ယခု ဂင်ရန်လီသည် ထိုနည်းတူပင်။ အိပ်ခန်း တွင် ချက်ပြုတ်စားသောက်နေရပြီ။ မီးဖိုခန်းတွင် ဒေါ်ချိုတို့ မိသားစု ချက်ပြုတ်နေသေး၏။

အမဲရိုးဟင်း က နူးပြီဖြစ်၍၊ အမဲသားချက်ရန် ပြင်ဆင်တော့၏။ အသားတုံးကို ရေဆေးလိုက်၏။ ခုတ်မည် ထစ်မည် လုပ်တော့ စဉ်းတီတုံးက မရှိ။ ခက်ပြီ မည်သို့ လုပ်ရပါအံ့။ ဤတွင် ဗြုန်းခနဲ ဦးတူးကို သတိရမိ၏။
" စဉ်းတီတုံး မလိုပါဘူး ရိုးရာနည်းပဲ ကောင်းပါတယ် " တဲ့။ အင်း ဟုတ်ပြီ။ သူသည် ဦးတူးနည်းအတိုင်း ဓါးရှည် ကို ကြမ်းပေါ်ထောက်၍ ကုန်းကုန်းကွကွလုပ်ကာ အသားတုံးကို တိခနဲ တိခနဲ လှီးဖြတ်တော့သည်။ လက်ချောင်းထိပ်ဖျားကလေးများ ပါမသွားအောင်တော့ သတိထားရ၏။ အသားတုံးကလေးများကို အနီးရှိ ပန်းကန်လုံးထဲပစ်၍ ပစ်၍ ပုံထားလိုက်သည်။ အင်း ဦးတူးနည်းလည်း မဆိုးဘူး၊ ဟန်ကျတာပဲဟု သူ့ဟာသူ သဘောကျပြီး ပြုံးနေမိသည်။

ထိုစဉ် ဤအိမ်မှ ၀န်ထမ်း မိသားစု အဆက်ဆက်နှင့် နေလာသောကြောင်အိုကြီးသည် " ညောင် ညောင်" ဟု အသံပြုကာ အစာတောင်းနေ၏။ ဂင်ရန်လီသည် စုပုံထားသည့် အသားတစ်တုံးကို ပစ်ပေးလိုက်ရာ ကြောင် ကြီး သည် ခဏချင်း ကိုက်စားဝါးမျိုလိုက်၏။
အသားဝါးမျိုပြီး လျှာဖြင့် နှုတ်ခမ်းသပ်နေသောကြောင်ကြီးအား ဂင်ရန်လီ စိုက်ကြည့်ပြီး -
" အေး၊ မင်းတော့ မချက်မပြုတ် ဘဲ ၀ါးမျိုလိုက်ပြီပေါ့၊ ငါ့မှာတော့ လူဖြစ်နေလို့ ချက်ရပြုတ်ရဦးမယ် အဟိတ် တိရစ္ဆာန်ကြီး ရယ်ဟု ရေရွတ်လိုက်လေသတည်း။

ဆက်ရန်
.

No comments: