Tuesday, October 9, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၇)

ကုန်တိုက်မှာပစ္စည်းခိုးမှုဖြင့်အဖမ်းခံရသည့်ကျွန်တော်

ကျွန်တော်သည် သင်္ဘောသားတွေ စားသောက်ရေးအတွက် ရိက္ခာဝယ်သည့်အလုပ်ကို လုပ်ရသည်။ သင်္ဘောသားတစ်ယောက်လျှင် စားစရိတ်တစ်နေ့ကို ငါးဒေါ်လာရသည့်အတွက် တစ်လမှာ ဒေါ်လာ ၁၅၀ ရသည်။ သင်္ဘောမှာ ကပ္ပတိန်မှ စားပွဲထိုးအထိ လူဦးရေ ၂၅ ယောက်ရှိ သည့်အတွက် လစဉ်ရိက္ခာငွေ ဒေါ်လာ ၃၇၅၀ ရသည်။ ဘယ်လိုစားစား၊ အ၀အပြဲစားတာတောင် ဒေါ်လာသုံးထောင်မကုန်သည့်အတွက် ရိက္ခာငွေ အမြဲပိုလျှံနေ ပါသည်။

ဆင်းရဲသည့် နိုင်ငံတွေနှင့် အမေရိကန်နိုင်ငံမှာ အစားအသောက်၊ ဟင်းသီးဟင်းရွက်၊ သားငါးဝယ် လျှင် ဈေးသက်သာ သည်။ ရှက်ရှန်ဒလာ လို့ခေါ်သည့် ဈေးရောင်းသူတွေက ကျွန်တော့်ကို လဘ် ထိုးသည့် အနေဖြင့် ကော်မရှင်ပေးပါသည်။ ကျွန်တော် ဈေးတစ်ခါဝယ်လျှင် ဒေါ်လာရှစ်ထောင်နှင့် တစ်သောင်းကြားမှာ တန်ဖိုး ရှိသည့် အစားအသောက်တွေ ကို ၀ယ်ရပါသည်။ အဲဒီလိုအခါမျိုးမှာ ဈေးရောင်းသူက ကျွန်တော့် ကို ဒေါ်လာတစ်ရာဘောက်ဆူးပေး ပါသည်။

အဲဒီပိုက်ဆံ ကို ကျွန်တော် တစ်ယောက်တည်း မသုံးဘဲ သင်္ဘောသား အားလုံးအတွက် စုထားပါ သည်။ စုလို့ ရထားသည့် ပိုက်ဆံအရေအတွက် ကို ကပ္ပတိန်ကို တင်ပြထားပါသည်။ ကပ္ပတိန်က လို အပ်သည့်နေရာမှာ သုံးရန် အမိန့်ပေး ပါသည်။ သင်္ကြန်အခါမျိုး၊ ခရစ္စမတ်နေ့မျိုးမှာ သောက်ကြ၊ စားကြရန်နှင့် ကံစမ်းမဲ ဖောက်ပေးရန် အတွက် စုဆောင်းထားခြင်းဖြစ်သည်။
" ခရစ်စမတ်နေ့ မှာ ကြက်ဆင်သားအမြည်း လုပ်ပေးပါ။ ကံစမ်းမဲ ဖောက်ပွဲလုပ်ပါ၊ ဗလာမပါစေနဲ့၊ ဘီယာအရက် လို သလောက် ထုတ်ပေးပါ "
ကပ္ပတိန်အမိန့်ဖြစ်သည်။ ဈေးရောင်းသူ ကို ကြက်ဆင်နှစ်ကောင်ပို့ရန် စာရင်းပေးလိုက်သည်။ အမေရိကန် ကိုရောက်ရန် ငါးရက်သာ လိုတော့သည်။ အမေရိကန်ဆိပ်ကမ်းမှာရှိနေစဉ် ခရစ္စမတ် နှင့် နှစ်သစ်ကူး ပွဲကြုံရမှာသေချာ သွားသည်။

သင်္ဘောကြီး ဆိပ်ကမ်းကပ်ပြီးသောအခါ ဈေးရောင်းသူ သင်္ဘောပေါ်တက်လာသည်။ ကျွန်တော် ပို့လိုက်သည့် ပစ္စည်းစာရင်း ကြေးနန်း ကို ရကြောင်းလာပြောသည်။ ကြက်ဆင်နှစ်ကောင်ကို ခရစ္စမတ်လက်ဆောင်အဖြစ် သူကပေးပါမည် ဟု ပြောသည်။ ကျန်ပစ္စည်းတွေ ကို မနက်ဖြန်ပို့ရန် အသင့်ဖြစ်နေပြီဟု လာပြောသည်။
ခရစ္စမတ်သောက်ပွဲ၊ စားပွဲ အတွက် ကြက်ဆင် ၂ ကောင် အလကားရပြီဖြစ်လို့ မဲဖောက်မည့်ပစ္စည်း ၀ယ်ရန်သာ ကျန်တော့သည်။ ပစ္စည်းကူသယ်မည့် သင်္ဘောသားနှစ်ယောက်ကို ခေါ်ပြီး မြို့ထဲသွား သည်။ မဟာဈေးကြီး (ဟိုက်ပါမားကက်)ဖြစ်သည့် ဂျေစီပင်နီ ရှော့ပင်းစင်တာကြီးမှာ ဈေးဝယ်ကြ သည်။ ကျွန်တော်တို့ သုံးယောက် သည် လက်တွန်းလှည်း တစ်ယောက်တစ်စီးဖြင့် ဈေးကြီးအတွင်း လှည့်ပြီးဝယ်ကြသည်။

ပစ္စည်းအမယ် ကလည်း စုံသည်။ အင်္ကျီ၊ ဘောင်းဘီ၊ ၀ပ်ကင်းရှူး၊ ဂျာကင်၊ ပေါင်ဒါ၊ ရေမွှေး၊ ကက်ဆက်၊ ဒီဗီဒီပလေယာ အသေး စသည်ဖြင့် စုပါသည်။ ခရစ္စမတ်ရာသီဖြစ်လို့ ပစ္စည်းတွေကို ဈေးချ (အော့်ဖ်ဆေး) ရောင်းနေ သည်။ ဒေါ်လာတစ်ရာဖိုးဝယ် လျှင် ပစ္စည်းမျိုးစုံ တစ်ပုံကြီးရသည်။
ဂျေစီပင်နီ မဟာဈေးကြီး ကလည်း ကွင်းပြင်ကျယ်ကြီးထဲမှာ ဆောက်ထားတာဖြစ်လို့ ရပ်ကွက် တစ်ကွက်လောက်ကြီး သည်။ ကျွန်တော်တို့ သုံးယောက်၏ လှည်းသုံးစီးလုံးမှာ ပစ္စည်းတွေ ပြည့်လျှံ ဖြိုးမောက်နေ သည်။ ဘယ်ပစ္စည်းကို ဘယ်နေရာက ဆွဲထည့်လာခဲ့သည်ကို မမှတ်မိနိုင်ဖြစ်နေ သည်။ လှည်းတွန်း ရင်း လျှောက်ရလွန်း လို့ မောနေကြသည်။ ဈေးကြီးထဲက စားသောက်ဆိုင်မှာ ခဏနားကြ သည်။ ကော်ဖီ၊ ကိုလာ၊ ဆင်းဒွက်ခ်ျ၊ ဟမ်ဘာဂါ၊ ကြိုက်တာ မှာစားကြသည်။ ပစ္စည်း တွေက ငွေမရှင်းရသေးလို့ ဘယ်လောက်ဖိုး ဆိုတာ မသိရသေး။ ဒေါ်လာ ၅၀၀ ကျော်မှာ သေချာ သည်။ မဟာဈေးကြီးထဲက အစောင့်ရဲတွေနှင့် ရုပ်မြင်သံကြား ကင်မရာတွေက ကျွန်တော်တို့ သုံးယောက် ကို စောင့်ကြည့်နေကြမှာသေချာ သည်။

ကျွန်တော်တို့သုံးယောက်သည် စားသောက်ပြီးလို့ နောက်ထပ် လိုချင်တာတွေ ထပ်ဝယ်ပြီးသော အခါ နီးစပ်ရာ ငွေရှင်းကောင်တာတစ်ခု ကို ၀င်လိုက်ကြသည်။ ငွေသိမ်းကောင်တာတွေအနက်က အရှေ့တိုင်းသူလို့ ယူဆရ သည့် ဖြူဖြူချောချော ကောင်မလေး၏ ငွေသိမ်းကောင်တာကို ၀င်လိုက် ကြသည်။ ကလေးမသည် ကျွန်တော် တို့ လှည်းသုံးစီးပေါ်က ပစ္စည်းတွေကို ကြည့်ပြီး စိတ်ပျက် သွားသည့် လက္ခဏာ တွေ့လိုက် ရသည်။ ငွေရှင်းတာ နာရီဝက်လောက် ကြာနိုင်သည်ဟု တွေးမိ တာ ဖြစ်ပေလိမ့်မည်။ ပိုဆိုးတာက ကျွန်တော်တို့ သုံးယောက် ၏ ခေါ်တောမျက်လုံး ခြောက်လုံးက ကိလေသာအရောင်အခိုးတွေ ထွက်နေတာကို ကြည့်ပြီး ခြေတုန် လက်တုန်ဖြစ်နေ သည်။ အလုပ် ၀င်တာ သိပ်မကြာသေးလို့ ယူဆရသည်။ အလုပ်လုပ်တာ သိပ်ပြီး မကျွမ်းတာတွေ့ရသည်။
ကလေးမ သည် ပစ္စည်းအမယ်ပေါင်း တစ်ရာလောက်က အီလက်ထရောနစ် လျှို့ဝှက်သင်္ကေတ တွေကို သံလိုက်ဖြင့် ဖျက်ဆီးပစ်ရာ မှာ ပျက်တာပျက်၊ မပျက်တာမပျက်ဖြစ်နေသည်ဟု ယူဆရ သည်။ တချို့ပစ္စည်းတွေ ကို လျှို့ဝှက်အမှတ်အသားတွေ ကို လေဆာရောင်ခြည်ဖြင့် ဖျက်ရာတွင် မပျက်လို့ နှစ်ခါ၊ သုံးခါ ဖျက်နေတာ တွေ့ ရသည်။ ဒီကြားထဲမှာ ကျွန်တော်တို့က နှောက်ယှက်ဖို့ အာရုံနောက်တာလည်းပါသည်။

" ဒီက ညီမလေးက အရှေ့တိုင်းသူ ဟုတ်ပါတယ်နော် "
" ဟုတ်ပါတယ် ရှင် "
" ချောပုံ၊ လှပုံထောက်တော့၊ ထိုင်းနိုင်ငံက ချင်းမိုင်သူဖြစ်ရမယ် "
" မဟုတ်ဘူးရှင့်၊ ကျွန်မ ဗီယက်နမ်သူပါ "
" ကျွန်တော် တို့ အရှေ့တိုင်းသူတွေဟာ ဘယ်နိုင်ငံသူဖြစ်ဖြစ်၊ ချောကြပါတယ် "
" ရှင်တို့က ဘယ်နိုင်ငံကလဲ "
" မြန်မာနိုင်ငံ ကပါ "
" မြန်မာအမျိုးသမီးတွေလည်း ချောပါတယ် "
" ဟောဒီက ညီမလေးလောက်တော့ မချောပါဘူး "
" အို ကျေးဇူးတင်ပါတယ်ရှင် "

ကလေးမသည် ကျွန်တော်တို့ကို လက်ခံစကားပြောနေလျက်မှ သူ့အလုပ်ကိုသူ အမြန်လုပ်နေ သည်။ အားလုံးပြီးသွားသော အခါ ဒေါ်လာ ၆၀၀ ရှင်းလိုက်ရသည်။ ကိစ္စပြီးပြီဖြစ်လို့ အချောအလှကို နှုတ်ဆက်ပြီး တွန်းလှည်း ကို တွန်းထွက်လာခဲ့ကြသည်။

မဟာဈေးကြီး၏ အထွက်ပေါက်က ထွက်လိုက်ကြသည်နှင့် ဈေးကြီးတစ်ခုလုံးမှာရှိသည့် အချက်ပေး လျှပ်စစ်ခေါင်းလောင်းတွေ အဆက်မပြတ် မြည်ကြတော့သည်။ ရုပ်မြင်သံကြားတစ်ခု မှာလည်း ကျွန်တော်တို့ သုံးယောက်၏ ပုံကို ရိုက်ပြထားတော့သည်။ ဈေးကြီးထဲက ရဲတွေ ပြေးလာ ကြပြီး ကျွန်တော်တို့ သုံးယောက်ကို ဖမ်းလိုက်တော့ သည်။ လက်ထိပ်မခတ်ဘဲ လက်မောင်းကို ဆွဲခေါ်သွားသည်။ ဘယ်ကို ခေါ်သွားသည်မသိ။ ကျွန်တော် တို့ သုံးယောက်ကို ရဲဆွဲလာတာ မြင် တော့မှ ဗီယက်နမ် ကလေးမသည် သူ့အရောင်းကောင်တာ က ပြေးထွက်လာပြီး ရဲတွေကို တစ်စုံ တစ်ခုပြောသည်။ အမေရိကန်လေသံဖြင့်ပြော ၍ ကောင်းစွာနားမလည်ဖြစ်နေသည်။ သူတို့မှာ အပြစ်မရှိပါဘူး၊ ကျွန်မ ဖျက်တာမစင် လို့ ဖြစ်ရတာပါ လို့ ပြောနေတာဖြစ်မည်။ တော်ပါသေးရဲ့ဟု တွေးမိသည်။ သူ့ကို လှတယ် လို့ ပြောသည့် ကျေးဇူး ကို ပြန်ဆပ်တာဖြစ်မည်။ ဒီတော့မှ ရဲတွေက ကျွန်တော်တို့ကို ပြန်လွှတ်ပေးလိုက်သည်။

" အိုကေ ဆောရီးနော် "
" ကျေးဇူးတင်ပါတယ် ခင်ဗျာ "
ကံကောင်း လို့ အမေရိကန်နိုင်ငံက အချုပ်ခန်းကို ရောက်တော့မလို့၊ ဗီယက်နမ်သူကလေး ကို ကျေးဇူးတင်နေ မိသည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ပိုက်ဆံလည်းဆုံး၊ ပါးလည်း အရိုက်ခံရ၊ အဖမ်းလည်း ခံရသည့်သင်္ဘောသား

စင်္ကာပူနိုင်ငံ က ရဲသားတွေသည် ဖလစ်ပိုင်လူမျိုး သင်္ဘောသားတစ်ယောက်ကို ဖမ်းဆီးပြီး ရဲစခန်း ကို ခေါ်ယူလာ သည်။ ရဲအချုပ် ကို မထည့်မီ လက်ထိပ်ခတ်ထားတာကို ဖြုတ်ပြီး တာဝန်ကျအရာရှိ ရုံးခန်း ကို ခေါ်ယူသွားသည်။ အရာရှိစားပွဲရှေ့က ကုလားထိုင်မှာ ထိုင်စေသည်။ ရဲအရာရှိသည် လိုအပ်သည်များ ကို မေးစမ်းပြီး ပုံစံစာရွက်မှာ ရေးဖြည့်သည်။ ရေးဖြည့်ပြီးသောအခါ စတင်စစ်ဆေးမေးမြန်းသည်။
" လူကြီးမင်း၊ စင်္ကာပူနိုင်ငံသား တစ်ယောက်ကို ဆွဲထိုးတယ်ဆိုတာ မှန်သလား "
" မှန်ပါတယ် "
" ဘာကြောင့် ထိုးပါသလဲ "
" ကျွန်တော့်ကို ပါးရိုက်လို့၊ ကျွန်တော်က သူ့ကို ပြန်ထိုးတာပါ "
" သူက လူကြီးမင်း ကို ဘာကြောင့် ပါးရိုက်တာလဲ "
" သူ့ကို မဆက်ဆံတော့ဘူးဆိုပြီး ပိုက်ဆံပြန်တောင်းလို့ ကျွန်တော့်ကို ပါးရိုက်တာပါ "
" ခင်ဗျား သူ့ကို ကြိုက်လို့ခေါ်ပြီး၊ ပိုက်ဆံပေးပြီးမှ ဘာကြောင့် မဆက်ဆံတော့တာလဲ "

" မိန်းမ မဟုတ်လို့ "
" ခင်ဗျားသူ့ကို ခေါ်တုန်းက၊ မိန်းမ မဟုတ်ဘူးဆိုတာကို ခင်ဗျား မသိဘူးလား "
" မသိဘူး ခင်ဗျာ "
" ခင်ဗျား စင်္ကာပူ ကို ဘယ်တုန်းက ရောက်တာလဲ "
" မကြာခဏရောက်ပါတယ်၊ ပြည့်တန်ဆာတန်း ကိုတော့ ဒါဟာ ပထမဆုံး အခေါက်ပါပဲ "
" စင်္ကာပူ က ပြည့်တန်ဆာလုပ်ငန်း မှာ မိန်းမအတန်းနဲ့ ယောက်ျားအတန်း ရှိတယ်ဆိုတာ မသိဘူးလား "
" မသိဘူး ခင်ဗျာ "
ရဲအရာရှိက ပြုံးသည်။ တကယ်မသိလို့ ပြစ်မှုကျူးလွန်လျက်သားဖြစ်လာခဲ့ပြီဆိုတာကို သိလိုက် သည်။ ဒီ အဖြစ်မျိုး ယခင် ကလည်း ဖြစ်ဖူးသည်။ ရဲအရာရှိက စဉ်းစားရတော့သည်။
စင်္ကာပူနိုင်ငံမှာ ပြည့်တန်ဆာတန်းကို တရားဝင် ဖွင့်လှစ်ပေးထားသည်။ လွတ်လပ်စွာ စီးပွား ရှာခွင့် ပေးထားခြင်းဖြစ် သည်။ ပြည့်တန်ဆာလုပ်ငန်းကို လွတ်လပ်စွာ လုပ်ခွင့်ပြုထားသည်ဆိုသော်လည်း မိမိဆန္ဒ အလျောက်သာဖြစ်ရမည်။ တစ်စုံတစ်ယောက်က ဖိအားပေး၊ အကြပ်ကိုင်၊ အနိုင်ကျင့်ပြီး ခိုင်းစေ လို့ ကြောက်ပြီး လုပ်နေရတာ မျိုး မဖြစ်စေရဆိုသည့် ဥပဒေရှိသည်။ ပြည့်တန်ဆာလုပ်စား သူသည် ရောဂါ ကင်းရှင်းကြောင်း၊ ဆေးစစ်ခံထားသည့် ဆရာဝန်ထောက်ခံချက်၊ ဆေးလက်မှတ်ရှိ ရမည်။ ဆေးလက်မှတ် သက်တမ်းသည် ခြောက်လ သာဖြစ်သည်။ ဆေးလက်မှတ် ကို သက်တမ်း မတိုးပါက လုပ်စားခွင့်မရှိဟု သိရ သည်။

ခေတ်မီဖွံ့ဖြိုးတိုးတက်သည့် နိုင်ငံကြီးတွေမှာ တရားဝင်ဖွင့်လှစ်ထားသည့် ပြည့်တန်ဆာတန်းတွေ ရှိသည်။ နိုင်ငံတကာ မှာ ပြည့်တန်ဆာတန်း သည် အစည်ကားဆုံးနေရာဖြစ်သည်။ ပြည့်တန်ဆာလုပ်ငန်းနှင့် လိင်ဆန္ဒဖြေဖျောက် ချင်သူတို့၏ လူ့အခွင့်အရေးတို့နှင့် ဆက်စပ်ထား သည့်အတွက် ဥပဒေထုတ်ပြီး တရားဝင် ဖွင့်လှစ်ပေးရခြင်းဖြစ်သည်။ ဥပဒေအရ၊ တိကျစွာ လိုက်နာရမည့် စည်းကမ်းက မိမိဆန္ဒ အလျောက်သာဖြစ်ရမည်ဆိုသည့် အမိန့်ဖြစ်သည်။ ပြည့်တန် ဆာကို ရိုက်နှက်ခြင်း၊ အကြပ်ကိုင်ခြင်း၊ ခြိမ်းခြောက်ခြင်း၊ နာကျင်အောင် ပြုလုပ်ခြင်း မပြုရဟု တားမြစ်ထားသည်။ ပြည့်တန်ဆာမ၏ ဆန္ဒမပါပဲ ကာမကို ရယူခြင်း မပြုရ ဟု ဆိုတာအထိ ပါသည်။
မြန်မာနိုင်ငံမှာတောင် လွတ်လပ်ရေး မရမီက ဒေါက်တာဘမော် လက်ထက်မှာ ပြည့်တန်ဆာ ဥပဒေကို လူမျိုးစု လွှတ်တော်မှာ အဆိုတင်သွင်းရာ ၀ိုင်းဝန်းကန့်ကွက်လို့ပျက်သွားသည်ဟု ဓာတ်ဆီ ဓာတ်ဆံ ပြက်လုံးထဲမှာ ကြား ဖူးသည်။

ကျွန်တော့်အတွေ့အကြုံအရ နိုင်ငံတကာ ဗဟုသုတတွေကို ပြောပြရမည်ဆိုလျှင် ခေတ်မီတိုးတက်ပြီး လူ့အခွင့်အရေး ကို အလေးထားသည့် နိုင်ငံတိုင်းမှာ တရားဝင် ဖွင့်လှစ်ပေး ထားသည့် ပြည့်တန်ဆာတန်းတွေ ရှိသည်။ အာရှနိုင်ငံတွေဖြစ်သည့် အိန္ဒိယ၊ ထိုင်း၊ စင်္ကာပူ၊ ဟောင်ကောင်၊ မူစလင်ဘာသာ ကိုးကွယ်သည့် အင်ဒိုနီးရှားနိုင်ငံ မှာတောင် ပြည့်တန်ဆာတန်းကို တရားဝင် ဖွင့်လှစ်ပေးထားသည်။

ဥရောပနှင့် အမေရိကန်ကိုတော့ မပြောတော့ပါ၊ ညစ်ညမ်းရုပ်ရှင်တွေကို အများပြည်သူ ကြည့်နိုင်အောင် ရုံတင်ပြသနေကြ သည်။ ကန့်သတ်တားမြစ်ထားတာတော့ရှိသည်။ အသက် ၁၈ နှစ်အောက် လူငယ်နှင့် ကလေး မကြည့်ရ ဆိုသည့် တားမြစ်ချက်ဖြစ်သည်။ အီတလီကတော့ နိုင်ငံ ပိုင် ရုပ်မြင်သံကြားက ညစ်ညမ်း ရုပ်ရှင်ကားတွေ ကို ပြသည်။ သို့သော် ကလေးတွေ အိပ်ချိန်ဖြစ် သည့် ညသန်းခေါင်အချိန် (လူကြီးတွေ မအိပ်သေးချိန်) မှာသာ ပြသသည်။ လူသားတို့၏ သဘာဝ အရ၊ တရားဝင်ရပိုင်ခွင့်ရှိသည့် လိင်ဆန္ဒကို ထုတ်ဖော် ခွင့်ပြုသည့် လူ့အခွင့်အရေး ဆိုင်ရာဖြည့်စွက် ချက်တွေဖြစ်သည်။
အဲဒီနိုင်ငံတွေ မှာ မုဒိမ်းမှု ဆိုတာ မရှိသလောက်နည်းသည်။ ရှိလျှင်လည်း ကျူးလွန်သူတွေသည် စိတ်မမှန် သူတွေဖြစ်နေတတ်သည်။ အရွယ်မရောက်သူ၊ သက်ကြီးရွယ်အိုနှင့် လင်ရှိအမျိုးသမီးတွေ ကို ကျူးလွန်ကြသည်။ ဘာသာ ကိုးကွယ်မှုအရ မတရားထိန်းချုပ်တားမြစ်ထားသော နိုင်ငံတွေက လူကြီးလူကောင်းတွေသည် ထိုင်းနိုင်ငံ က ပြည့်တန်ဆာတန်းမှာ နေ့စဉ် မြင်တွေ့နေရသည်။

ယခု စင်ကာပူနိုင်ငံ က ပြည့်တန်ဆာတန်းမှာ ဖိလစ်ပိုင်သင်္ဘောသား အမှုဖြစ်ရသည့်ကိစ္စက အစို တန်းနှင့် အခြောက်တန်း ကို ခွဲခြားပြီး မသိလို့ ဖြစ်ရတာဖြစ်သည်။ စင်္ကာပူကို ရောက်ခိုက်၊ ပျော် လိုက်ဦးမယ် ဆိုပြီး ပြည့်တန်ဆာတန်း ကိုသွားသည်။ အာရပ်လမ်းမကြီးနှင့် ဘူဂျစ်လမ်းမကြီးက ပြည့် တန်ဆာတွေ ကို လျှောက်ကြည့်သည်။ စိတ်ကြိုက်မတွေ့လို့ လျှောက်ကြည့်သည်။
ဘူဂျစ်လမ်းမကြီး က အိမ်တစ်အိမ်မှာ ထိုင်နေသည့် ကောင်မလေးကို သဘောကျပြီး အိမ်ထဲကို ၀င် သွားလိုက် သည်။ ကောင်မလေးတောင်း သည့် ကြေးကို ပေးပြီး အခန်းတွင်း ၀င်ခဲ့ကြသည်။ ပျော်ပါး မလို့ အ၀တ်အစားတွေ ချွတ် လိုက်တော့မှ မိန်းကလေးမဟုတ်ဘဲ မိန်းမလျာ ဖြစ်နေလို့ပိုက်ဆံပြန် တောင်းရာမှ အမှုဖြစ်ခဲ့ ရတာဖြစ်သည်။
မိန်းမလျာကောင်လေး သည် မိန်းကလေး လို ချောသည်။ ဟိုမုန်းဆေးထိုးထားလို့ ရင်သားကြီးထွား နေသည်။ ဖိလစ်ပိုင် သင်္ဘောသားသည် မိန်းမပြည့်တန်ဆာအတန်းနှင့် မိန်းမလျာ ပြည့်တန်ဆာ အတန်းကို ခွဲခြားပြီး မသိလို့ ၀င်ခဲ့ မိတာဖြစ်သည်။

ရဲအရာရှိက အမှုလေ့လာပြီးသောအခါ ဆုံးဖြတ်ချက်ချလိုက်သည်။ သင်္ဘောသားသည် မသိ လို့ ခေါ် မိတာဖြစ်သည်။ အမျိုးသမီး မဟုတ်လို့၊ ဆန္ဒမရှိသည့်အတွက် သူ့ပိုက်ဆံကို ပြန်တောင်းသည်။ မိန်းမလျာ က စိတ်ဆိုးပြီး ပါးကိုရိုက်သည်။ သူက ပြန်ထိုးသော်လည်း မိန်းမလျာကောင်လေးက လက်ဖြင့်ကာလိုက်လို့ မျက်နှာ ကိုမထိဘဲ လက်ကိုပဲထိသည်။ ပိုက်ဆံကို ပြန်မပေးသည့်အပြင် အထိုးခံရတာသိပ်ပြီး မနာသည့်အတွက် အမှုမလုပ် လိုပါဟု ဆိုသည်။
စင်္ကာပူနိုင်ငံသား ကို ကိုယ်ထိလက်ရောက် ကျူးလွန်မှုဖြင့် ရဲက အမှုစွဲဆိုမှုကိုလည်း မလုပ်တော့ဘဲ ကွင်းလုံးကျွတ် လွှတ်ပေးလိုက်သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

သမ္မတအိမ်တော်ကို ဓာတ်ပုံရိုက်ယူလို့ နားရင်းအုပ်ခံရသည့်သင်္ဘောသား

ကျွန်တော်တို့သင်္ဘောသည် ဂါနာနိုင်ငံ၏ တီးမားဆိုသည့် ဆိပ်ကမ်းကို ဆိုက်ရောက်သွားသည်။ ပိုလန်နိုင်ငံက တင်ယူလာ သည့် ဘိလပ်မြေအိတ်တွေကို ချမည်ဖြစ်သည်။ ဂါနာနိုင်ငံသည် အာဖရိက အနောက်ဘက်ခြမ်းမှာ ရှိသည်။
ဂါနာနိုင်ငံ ကို ကျွန်တော်စိတ်ဝင်စားသည်။ အင်္ဂလိပ်ကိုလိုနီဘ၀ဖြင့် နှစ်ပေါင်းရာနှင့်ချီပြီးနေခဲ့ရ သည့်အတွက် လူတိုင်းလောက် နီးပါး အင်္ဂလိပ်စကားပြောနိုင်ကြသည်။ လွတ်လပ်ရေးရပြီးနောက် ပါတီနိုင်ငံရေး သမားတွေ အချင်းချင်း မညီညွတ်သည့် အတွက် စစ်တပ်က အာဏာသိမ်းပြီး အုပ်ချုပ်နေခိုက်ဖြစ်သည်။ ကျွန်တော် တို့ ရောက်သွားသည့်အချိန် မှာ ကုလသမဂ္ဂ အတွင်းရေးမှူး ချုပ် ကိုဖီအာနန် သည် ဂါနာနိုင်ငံသားဖြစ်သည်။ ဂါနာနိုင်ငံ ၏ နိုင်ငံရေးဖြစ်စဉ်သည် ကျွန်တော်တို့ နိုင်ငံနှင့် တူလွန်းလို့ ကျွန်တော်စိတ်ဝင်စားသည်။

ကျွန်တော် သည် နိုင်ငံတစ်နိုင်ငံကို ရောက်ပြီဆိုပါက ဖြစ်နိုင်လျှင် အဲဒီနိုင်ငံ၏ မြို့တော်ကို သွား လည်လေ့ရှိ သည်။ အမေရိကန်နိုင်ငံ၏ ဆိပ်ကမ်းမြို့ဖြစ်သည့် ဘာတီမိုးကို ရောက်သောအခါ မိုင် ၆၀ မျှသာဝေးသော ၀ါရှင်တန်ဒီစီ ကို သွားလည်ခဲ့သည်။ အင်္ဂလန်နိုင်ငံ လီဗာပူးကို ရောက်သောအခါ မိုင် ၂၀၀ မျှသာဝေးသော လန်ဒန် ကို သွားလည်ရန် ဆန္ဒရှိသော်လည်း ဂရိလူမျိုး ကပ္ပတိန်နှင့် အဆင်မပြေသည့်အတွက် မသွား ဘဲ နေလိုက်ရသည်။
ယခု ဂါနာနိုင်ငံ ကို ရောက်သောအခါ တီးမားမြို့ဆိပ်ကမ်းနှင့် ၇မိုင်မျှသာဝေးသော မြို့တော် အက္ခ ရာကို သွားလည်မည် ဟု ဆုံးဖြတ်လိုက်သည်။ ကျွန်တော်တို့ အရက်ဝယ်သောက်နေသည့် ဘား ဆိုင်ပိုင်ရှင် အမျိုးသမီး က သူ့ဂျစ်ကားကို ယူသွားပါဟု ပြောသည်။

" မနက်သွား၊ ဟိုမှာ တစ်နေကုန်နေ၊ ညနေမှပြန်လာ။ ဒရိုင်ဘာ ထည့်ပေးလိုက်မယ်၊ ကားခကြည့် ပေးပေါ့ "
ကားခ ဒေါ်လာနှစ်ဆယ်လောက် ပေးလိုက်လျှင်ရသည်။ နောက်နေ့ မနက်မှာ သင်္ဘောသား သုံးယာက်နှင့်အတူ မြို့တော် အက္ခရာသို့ သွားကြသည်။ ဘားဆိုင်ပိုင်ရှင်က လမ်းပြကောင်လေးတစ် ယောက်ထည့်ပေးလိုက်သည်။ သူမ၏ ကား ကိုလည်း သုံးခွင့်ပြုလိုက်သည်။
တီးမားဆိပ်ကမ်းမြိုကမှ မြို့တော် အက္ခရာကိုသွားသည့်လမ်း ကောင်းပါသည်။ တစ်နာရီ မျှ မောင်းလိုက်သောအခါ မြို့တော်ကို ရောက်သွားကြပါသည်။ မြို့တော်၏ ပင်လယ်ကမ်းခြေ ရေချိုးဆိပ် ကို ရောက်သွားကြသည်။

ပင်လယ်စပ်မှာ တောင်ကုန်းပြေပြေတစ်ခုသည် တဖြေးဖြေးမြင့်တက်သွားပြီး အမြင့်ဆုံးနေရာ မှာ ရှေးခေတ် ဥရောပလက်ရာ ရဲတိုက်ကြီး ကြီးကြီး မားမား ရှိနေတာကို တွေ့ရသည်။ ရှေးခေတ်က အင်္ဂလိပ်ဘုရင်ခံနေ သွားသည့် အိမ်တော်ဖြစ်လိမ့်မည်ဟု တွေးမိသည်။ ရဲတိုက်ကြီးသည် စားပင်၊ သီးပင်နှင့် အပွင့်လှ၊ အရွက်လှ ပန်းဥယျာဉ် တို့ဖြင့် ၀ိုင်းရံထားတာ တွေ့ရသည်။ ဂရုတစိုက် ထိန်း သိမ်းရှောက်ထားသည့် အဆောက်အဦကြီး ဖြစ် လိမ့်မည်ဟု တွေးမိသည်။
ကျွန်တော် တို့သည် အဲဒီရဲတိုက်ကြီးကို နေရာအမျိုးမျိုး၊ ရှုဒေါင့်အမျိုးမျိုးမှ ဓာတ်ယူရိုက်ယူကြ သည်။ ရဲတိုက်ကြီးနောက်ခံဖြင့် ဓာတ်ပုံအရိုက်ခံကြသည်။ ဓာတ်ပုံရိုက်နေကြစဉ်မှာ ဆက်နှစ် အရွယ်ကလေး တစ်ယောက် က ဒီနေရာမှာ ဓာတ်ပုံမရိုက်ရလို့ လာပြောသည်။ ကလေးစကားဖြစ် လို့ ဂရုမစိုက်ဘဲ အဲဒီနေရာက ထွက်ခွာ လာခဲ့ကြသည်။

ကျွန်တော်တို့အုပ်စု ကားမစီးဘဲ လမ်းလျှောက် သွားကြစဉ်မှာ ကျွန်တော်တို့နောက်မှာ စစ်သား တစ်ယောက် ပြေး လိုက်လာပြီး ကျွန်တော်တို့ရှေ့က ပိတ်ရပ်လိုက်ပါသည်။ စစ်သားနှင့်အတူ စော စောက ဓာတ်ပုံမရိုက်ရ လို့ ပြောသည့်ကလေးလည်းပါလာသည်။ ဒီကလေးက ကျွန်တော်တို့ ဓာတ် ပုံရိုက် ယူသွားသည့် အကြောင်း ကို သွားတိုင်လိုက်တာဖြစ်သည်။
" ခင်ဗျားတို့ ရဲတိုက်ကြီးကို ဓာတ်ပုံရိုက်တယ်ဆို "
" ဟုတ်တယ် "
" ကင်မရာပေးပါ "
စစ်သား သည် ပစ္စတိုသေနတ်ကို ခါးမှာထိုးထားသည်။ မှန်ပြောင်းကို လည်ပင်းမှာ ဆွဲထားသည်။ ကျွန်တော့် လက်ထဲ က ကင်မရာကို ဆွဲယူသွားသည်။ မကြာမီ လင့်ရိုဘာအမျိုးအစား ကားတစ်စီး ရောက်လာပြီး ကားပေါ်က အရပ်ဝတ်ဖြင့် ဦးထုပ်ဆောင်းထားသူတစ်ယောက် ခုန်ဆင်းလာသည်။ ကျွန်တော့်ကို ကြည့်ပြီးမေး သည်။

" ဓာတ်ပုံရိုက်တာ ဘယ်သူလဲ "
" ကျွန်တော်ပဲ "
ကားပေါ် မှ ဆင်းလာသူသည် ကျွန်တော့်ကို နားရင်းပိတ်အုပ်တော့သည်။ ကျွန်တော်က ငါနိုင်ငံခြား သားပါကွ လို့ပြောတော့၊ နင့်အမေ ကလွှားနိုင်ငံခြားသားလားဆိုပြီး တီးပြန်တော့သည်။ ကျွန်တော် တို့ကို လမ်းပေါ်မှာ နားရင်းပိတ် အုပ်နေတော့ လူတွေက ၀ိုင်းအုံကြည့်နေကြသည်။ လူတွေ ကြည့် နေလေ ပိုပြီး အုပ်ပြလေဖြစ်နေသည်။ နိုင်ငံခြားသားကိုတောင် ဒီလိုအုပ်တယ်၊ နင်တို့ဆိုရင် ပိုအုပ် နိုင်တယ်ဆိုတဲ့ပုံ လုပ်ပြနေတာဖြစ် သည်။
ကျွန်တော် တို့ကို ကားပေါ်တက်ခိုင်းပြီး ရဲတိုက်ကြီးရှိရာ တောင်ကုန်းပေါ်ကို မောင်းတက်သွားသည်။ ရဲတိုက်ကြီး အနီးက အဆောက်အဦး တစ်ခုအတွင်းကို တွန်းသွင်းပြီး ထိုင် ခိုင်းထားသည်။ လမ်းပြကောင်လေး ကိုတော့ သေလုမျောပါးဖြစ်အောင် တွယ်တော့သည်။ မကြာမီ လူကြီး တစ်ယောက်ရောက်လာပြီး စစ်ဆေး သည်။

" နင်တို့ ဘာကောင်တွေလဲ၊ စီအိုင်အေလား "
" စီအိုင်အေ၊ ဗွီအိုအေ၊ အာအက်ဖ်အေဆိုတာ ကြားသာကြားဖူးတယ် ဘာတွေမှန်းမသိပါဘူး "
" ဒီနေရာဟာ ဘာလဲသိလား "
" အသိပါဘူး "
" မသိတာကောင်းတယ် "
ဘာမန်းညာမျန်းမသိ၊ ရူးကြောင်မူးကြောင် သင်္ဘောသား တွေဆိုတာ သိသွားလို့ ပြန်လွှတ်ပေးလိုက် ပါတယ်။ ကြောက်ပြီး မလည်ရဲတော့လို့ ရောက်ရာနေရာကနေ လှည့်ပြန်လာခဲ့ ကြသည်။ တီးမားမြို့ကို ရောက်တော့ ဘားဆိုင်ပိုင်ရှင် အမျိုးသမီးက ဘာကြောင့် အစောကြီး ပြန် လာတာလဲလို့မေးသည်။ အကြောင်းစုံကို ပြောပြလိုက်သည်။ အကြောက်မပြေသေးလို့ သွေးပူသွား အောင် ၀ီစကီသုံးပက်ကို ရေမရေဘဲ မောချလိုက်သည်။ ဘားဆိုင်ပိုင်ရှင် အမျိုးသမီးက တအံ့ တသြမေးသည်။

" ဟယ်၊ ရှင်တို့ အဲဒီရဲတိုက်ကြီးထဲ ရောက်သွားခဲ့တယ် ဟုတ်လား၊ မဟာကံထူးရှင်တွေပါလား၊ အဲဒီ ရဲတိုက်ကြီးကို သာမန်လူတွေ အ၀င်ပဲရှိတယ်၊ အထွက်မရှိဘူး "
" အဲဒါ ဘာကြီးလဲ "
" အဲဒါ သမ္မတအိမ်တော်လေ "
" ပေး ပေး၊ ပုလင်းလိုက်သာပေးပါတော့ "
အကြီးအကျယ်ကြောက်သွားပြီး သောက်လိုက်ကြတာ ဂါနာပေါင် ၇၀၀၀ ဖိုး ကုန်သွားသည်။ အမေရိကန်ဒေါ်လာ ၆၀ ဖိုးခန့်ရှိသည်။ နိုင်ငံတကာ လျှောက်သွားနေကြသည့် သင်္ဘောသားများ သတိထားစရာကိစ္စဖြစ်သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဆက်ရန်
.

No comments: