Wednesday, October 10, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၈))

မာလိန်းမှူးကတောင် ဦးညွှတ်ရသည့်သူခိုး

သင်္ဘောသားလောကမှာ ဖြစ်ပွားတတ်သည့် ရာဇ၀တ်မှုခင်းတွေသည် ပုံစံ အမျိုးမျိုး ဖြစ် တတ် သည်။ ကြောက်စရာကောင်းသည်။ ရင်နာစရာကောင်းသည်။ သနားစရာကောင်းသည်။ ရယ်စရာကောင်း တာ တောင်ပါသည်။
သင်္ဘောသားအချင်းချင်း ဓားဖြင့် ထိုးသတ်သည့် ရာဇ၀တ်မှုမျိုးရှိလို့ ကြောက်စရာကောင်းသည်။ သင်္ဘော ၀မ်းခေါင်း ထဲ လိမ့်ကျသည့် ကုန်တင်ကုန်ချ အလုပ်သမား သတိလစ်ပြီး လဲကျနေတာကို ဘယ်သူမှ မသိလို့ အလုပ်သမားသေ ရသည့် အမှုမျိုးဖြစ်ဖူးသည်။ သင်္ဘောပေါ်တက်ခိုးသည့် သူခိုးက မယားနှင့် ကလေး ကိုပါ ခေါ်လာပြီးခိုးသည်။ ရည်ရွယ်ချက်က ဖမ်းလို့ မမိလျှင် ခိုးရာပါပစ္စည်း များများရအောင် လူအင်အား များများ ခေါ်လာတာဖြစ်သည်။ ဖမ်းလို့မိသွားလျှင် အသနားခံ၊ အရိုက်အနှက်ခံပြီး စားစရာ တစ်ခုခု တောင်းစား မည် ဆိုသည့် ရည်ရွယ်ချက်ဖြစ်သည်။

ကျွန်တော်တို့ သင်္ဘောသည် အာဖရိကနိုင်ငံ တစ်နိုင်ငံ၏ ဆိပ်ကမ်းမှာ ကျောက်ချရပ်နားထားစဉ် ကြံရသည့် ခိုးမှု ကတော့ ရယ်စရာ ဖြစ်ခဲ့သည်။
ကျွန်တော် တို့ ရောက်ရှိနေသည့် နိုင်ငံဆိပ်ကမ်းသည် အလွန်သူခိုးပေါသော ဆိပ်ကမ်းဖြစ်သည်။ သင်္ဘော ပေးတက်ပြီး ရတာ ကို ယူသည်။ ကျွန်တော်တို့သင်္ဘော၏ မာလိန်မှူးသည် အတွေ့အကြုံ အလွန် များသော လုပ်သက် ရင့် ဂရိလူမျိုး ကပ္ပတိန်ဖြစ်သည်။ သင်္ဘောသားတွေကို သတိပေးစကားပြောသည်။
" ဒီနိုင်ငံဟာ ဆင်းရဲတယ်၊ သင်္ဘောပေါ်တက်ပြီး ခိုးလိမ့်မယ်၊ သူခိုးတက်တာတွေ့လျှင် အချက်ပေး လျှပ်စစ် ခေါင်းလောင်း ကို အဆက်မပြတ်တီး၊ အသံချဲ့စက်နဲ့အော်ပြော၊ ငါကိုယ်တိုင် ထွက်လာပြီး သူခိုးကို ဖမ်းမယ်"
ကပ္ပတိန်၏ သတိပေးချက်အရ စတိုတံခါးတွေ အားလုံးသော့ခတ်သည်။ သင်္ဘောသားအိပ်ခန်းတွေကို အမြဲသော့ခတ်ထား ရမည်။ တံခါးလာခေါက်ပါက မသိသူကို တံခါးမဖွင့်ပေးရဆိုသည့် အမိန့်ပါ ထုတ်ထား သည်။ သင်္ဘောပေါ် မှာလည်း နေ့ရောညပါ အစောင့်နှစ်ယောက်စီ ချထားသည်။ အစောင့် သင်္ဘော သား နှစ် ယောက် သည် သင်္ဘောဦးနှင့်ပဲ့ကို ခေါက်တုံ့ခေါက်ပြန် လမ်းလျှောက်ပြီး ကင်းလှည့်နေရသည်။

ကုန်တင်ကုန်ချရန် အတွက် စောင့်နေရတာ တစ်ပတ် ဆယ်ရက်ကြာနေသည်။ သင်္ဘောပေါ်ကိုလည်း သူခိုး မတက် သည့် အတွက် အစောင့်တွေ အနည်းငယ်ပေါ့လျော့လာသည်။ ကင်းမလှည့်ဘဲ ထမင်းစားခန်း မှာ ကော်ဖီ၊ လက်ဖက်ရည်ဝင်သောက်ရင်း ရုပ်မြင်သံကြား ထိုင်ကြည့်နေတာမျိုးတွေ လုပ်လာကြသည်။ အထူး သဖြင့် ညဘက် မှာ တာဝန်ကျသည့် သင်္ဘောသားသည် အိပ်ငိုက်သည့်အတွက် တာဝန်ကျအရာရှိမသိ အောင် ခိုး အိပ်ကြ သည်။ တစ်ယောက်က အိပ်နေလျှင် တစ်ယောက်က မအိပ်ဘဲစောင့်ပြီး တစ်ယောက် တစ်လှည့်စီ အိပ်တာ မျိုး လည်း လုပ်လာကြသည်။
တစ်နေ့ မှာတော့ တစ်ယောက်က ထမင်းစားခန်း ခုံတန်းလျားမှာ လှဲချပြီး အိပ်နေသည်။ တစ်ယောက်က ၀တ်ကျေ တန်းကျေ တစ်ပတ်လှည့်ပြီး ထမင်းစားခန်းမှာပဲ ကော်ဖီသောက်ရင်း ရုပ်မြင်သံ ကြားကြည့်နေသည်။ ကြည့် ရင်း အိပ်ငိုက်လာ လို့ ခဏမျှ မျက်စိမှိတ်ပြီး မှိန်းလိုက်မိသည်။

သတိဖြင့် မှိန်းသူဖြစ်လို့ ချက်ချင်းပြန်နိုးလာသည်။ ပြန်နိုးလာသည့် အခိုက်မှာ ထမင်းစားခန်း၏ မှန်ပြတင်းကို အပြင်ဘက် က လူတစ်ယောက် ချောင်းကြည့်နေသည်။ မျက်နှာတစ်ခုကို မြင်လိုက်သလိုလို စိတ်က ထင်လိုက် မိသည်။ ပိုပြီး သေချာအောင် အပြင်ကို ထွက်ပြီး လှည့်ပတ်ကြည့်သည်။ သင်္ဘောဦးပိုင်းက ကုန်းပတ်ပေါ်မှာ အခုပင် ကျထားသည့် ရေစက်တွေနှင့် အလွန်ကြီးမားသည့် ခြေရာကြီး တွေ ထင်နေတာကို တွေကလိုက်သည်။ သင်္ဘောပေါ် ကို သူခိုးတစ်ယောက် ရောက်နေပြီဆိုတာကို ချက်ချင်း သိလိုက်သည်။
သင်္ဘောပေါ် ကို သူခိုးရောက်နေလျှင် မိမိတစ်ယောက်တည်း ရင်မဆိုင်ရဲသည့်အတွက် အိပ်နေသူကို နိုး သည်။ နှစ်ယောက်ပေါင်းပြီး သူခိုးရှာသည်။ သင်္ဘောဦးပိုင်းက ကျောက်ရစ်သည့် မော်တာကြီးအနီးမှာ အရာရှိ ထမင်းစားခန်း ထဲက ရုပ်မြင်သံကြား အပေါ်စက် အောက်စက်တစ်စုံရောက်ရှိနေတာ တွေ့လိုက်ရ သည်။ သူခိုး က ခိုး ယူလာပြီး ခေတ္တချထားတာဖြစ်သည်။

ဒီတော့မှ အစောင့်သင်္ဘောသားနှစ်ယောက်သည် ထမင်းစားခန်းအပြင်ဘက်ကို ပြန်ပြေးလာကြပြီး လျှပ်စစ် ခေါင်းလောင်း ကို အဆက်မပြတ် တီးသည်။ အသံချဲ့စက်မှ သူခိုး သူခိုး၊ သင်္ဘောပေါ်ကို သူခိုး တက်နေပြီ လာကြပါ ဟု အင်္ဂလိပ်မြန်မာ နှစ်ဘာသာဖြင့်အော်သည်။
" သိဖ် သိဖ်" အွန်ဘုတ်၊ အဲဗရီးဘော်ဒီ ကမ်းအောက် "
အကာလ ညအခါမှာ လျှပ်စစ်ခေါင်းလောင်းသံ ဆူညံနေသည့်အပြင် သူခိုး တက်နေပြီဆိုသည့်အသံကြောင့် သင်္ဘောသားတွေနှင့် အတူ ဘောင်းဘီတိုဝတ်ထားသည့် ဂရိကပ္ပတိန်ပါ ကုန်းပတ်ပေါ်ကို ပြေးဆင်းလာ သည်။ အားလုံး ပင် တုန်း၊ ဓား၊ လက်နက်တွေ ကိုင်ဆောင်ထားကြသည်။ ကပ္ပတိန်က ဦးဆောင်ပြီး သင်္ဘောဦးပိုင်းကို ချီတက် သွားကြ သည်။

လက်နက် မျိုးစုံ ကိုင်ဆောင်ထားသည့် သင်္ဘောသားအုပ်စုကြီး လာနေတာမြင်သွားသည့် သူခိုးသည် အရာရှိ ထမင်းစားခန်း ထဲမှ သယ်ယူထားသည့် အပေါ်စက်နှင့် အောက်စက်ကို ပခုံးမှာ ထမ်းပြီး သင်္ဘောဦး ပိုင်းကို ပြေးသည်။ သူခိုးသည် ဗလကောင်းကောင်း၊ ထောင်ထောင် မောင်းမောင်းကြီးဖြစ်သည်။ အရပ် ခြောက်ပေလောက်မြင့် သည်။ အသားမည်းမည်းဖြစ်လို့ ကျွဲထီးကြီးလောက် အကောင်ကြီး သည်။ ဘောင်းဘီ တို ကို ၀တ်ထားသည်။ အင်္ကျီမပါလို့ ကျောပြောင်ပြောင်မည်းမည်းကြီးကို မီးရောင်ဖြင့် မြင် ရ သည်။
အပေါ်စက်နှင့် အောက်စက်ကို ထပ်ပြီးထမ်းထားသည်။ သူ ရေထဲကို ဘယ်လိုဆင်းမလဲဆိုတာကို သိချင်လို့ ကပ္ပတိန် က ရပ်ကြည့်နေသည်။ သင်္ဘောသားတွေ လိုက်ဖမ်းလျှင် သူခိုးကို မိနိုင်သည်။ ကပ္ပတိန်က လက်ကာပြ သဖြင့် သူနှင့် အတူ ရပ်ပြီး သူခိုးကို ကြည့်နေကြသည်။

သူခိုးကြီး သည် ထမ်းထားသည့် အပေါ်စက်နှင့် အောက်စက်ကို လေထဲသို့ မြောက်တင်လိုက်ပြီး လူက ရေထဲကို စွပ်က နဲခုန်ချလိုက်သည်။ ပြန်ကျလာသည့် အပေါ်စက်နှင့် အောက်စက်ကို ရေထဲမှ စောင့်ဖမ်းပြီး ပခုံးပေါ် ပြန်တင် လိုက်သည်။ ပခုံးဖြင့် ထမ်းလျက် မတ်တပ်ရေကူးပြီး ပြေးနေသည်။ ကပ္ပတိန်ကစပြီး သြဘာ လက်ခုပ် တီးလိုက်သည်။
" ဘရာဘို ၀မ်းဒါးဖူး၊ ၀မ်းဒါးဖူး၊ ၀မ်းဒါးဖူး၊ ရီးယဲလီး ၀မ်းဒါးဖူး "
" မိုက်တယ်ကွာ။ အံ့သြစရာပဲ၊ တကယ့် အံ့ဖွယ်သုတပဲ" ဆိုပြီး ကပ္ပတိန်က သူခိုးကို ချီးကျူးသည့် သြဘာ လက်ခုပ် တီးသဖြင့် သင်္ဘောသားတွေကပါ လိုက်တီးကြရသည်။ သူခိုးသည် အပေါ်စက်နှင့် အောက် စက်ကို ထမ်းပြီး ကမ်းဘေက်ရောက်အောင် ကူးသွားတာ မဖြစ်နိုင်။ သင်္ဘောကြီး ကျောက်ချရပ်နားထား သည့် နေရာနှင့် ကမ်း သည် ၅ ဖာလုံ လောက်ဝေးသည်။ တစ်ယောက်က လှေသမ္ဗာန်ဖြင့် တစ်နေရာက စောင့်နေတာဖြစ်မည်။ သူခိုးကြီး သည် သင်္ဘောနှင့် ဝေးသွားပြီဖြစ်သည့်အပြင် အမှောင်ထဲမှာ ပျောက်ကွယ် သွားပြီဖြစ်သည်။ သူ့ အတွက် စားဝတ်နေရေး အတော် ဖူလုံသွားပြီဖြစ်သည်။

သူခိုးကို မိအောင် ဖမ်းမည်ဆိုလျှင် ဖမ်းလို့ရနိုင်ပါလျက် သူ ဘယ်လိုလုပ်မလဲဆိုတာ သိချင်လို့ တမင် လွှတ်ပေး လိုက်တာဖြစ်သည်။ ရေထဲရောက်မှတောင် ဖမ်းချင်ရင် အသက်ကယ်လှေကို ချပြီး လိုက်ဖမ်းလျှင် မီနိုင်ပါသေး သည်။ ကပ္ပတိန်က မဖမ်းသည့်အပြင် သူခိုးကို တော်တယ်ဆိုပြီးဦးညွှတ်အလေးပြုသေးသည်။ သင်္ဘောသား လောက မှုခင်းတွေထဲမှာ အဲဒီလို ရယ်စရာလည်းကြုံရသည်။
    မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

သင်္ဘောပေါ်မှာ တွေ့ရသည့် လူသေအလောင်း

မြန်မာပြည်မှာ ထင်ရှားသည့် ၁၉၈၈ ခုနှစ် အရေးအခင်း မဖြစ်မီက ရန်ကုန်မြို့ဆိပ်ကမ်းမှာ ဖြစ်ခဲ့သည့် လူသေမှုဖြစ် သည်။ သေသူသည် ဆိပ်ကမ်းကုန်တင်ကုန်ချအလုပ်သမားဖြစ်သည်။ သင်္ဘောကြီး၏ ကုန်ပေါက်ထဲ မှာ သေနေတာဖြစ်သည်။
ဒီအကြောင်း ကို ကြယ်ငါးပွင့်သင်္ဘောလိုင်း၏ အရာရှိတစ်ယောက်က ပြန်ပြောပြလို့ ကျွန်တော်သိရသည်။ ကြယ်ငါးပွင့် လိုင်းက အကျင့်စာရိတ္တ ကောင်းပြီး အလုပ်ကြိုးစားသည့် အရာရှိတွေကို ဆုပေးသည့် အနေဖြင့် နိုင်ငံခြားသင်္ဘောကြီးတွေမှာ တစ်နှစ်တာဝန် ထမ်းဆောင်ခွင့်ပြုသော စနစ်အရ ကျွန်တော့် သင်္ဘော ကို ရောက်လာ သည့် ကြယ်ငါးပွင့်အရာရှိက ပြောပြလို့ သိရသည့် လူသေမှုအကြောင်းဖြစ်သည်။

၁၉၈၈ ခုနှစ်။ အရေးအခင်းကြီး မဖြစ်မီ မြန်မာ့ဆိုရှယ်လစ် လမ်းစဉ်ပါတီခေတ်မှာ မြန်မာပြည်သူတွေနှင့် အတူ ဆိပ်ကမ်း အလုပ်သမားတွေလည်း ဆင်းရဲကြသည်။ ဆိပ်ကမ်းအလုပ်သမားတွေသည် နိုင်ငံခြား သင်္ဘောကြီးတွေပေါ် က အရက်ပုလင်းခွံ၊ ဘီယာဘူးခွံကအစ ရတာကို ကောက်ယူပြီး ပြန်ရောင်းစားနေ ကြ သည်။
ဆိပ်ကမ်းအလုပ်သမားတွေ သည် နိုင်ငံခြား သင်္ဘောကြီးပေါ်ကို အလုပ်လုပ်ဖို့ တက်ကြရတော့မည်ဆိုလျှင် သင်္ဘောပေါ် ကို သူ့ထက်ငါ အလျင်ဦးအောင် ပြေးတက်သွားကြသည်။ ဒါမှသာ သင်္ဘောသားတွေ စွန့်ပစ် ထား သည့် ပုလင်းခွံ၊ ဗူးခွံတွေကို လက်ဦးမှု ရနိုင်မည်ဖြစ်သည်။

သင်္ဘောကြီးပေး ရောက်တာနဲ့ ပစ္စည်းမျိုးစုံ စွန့်ပစ်ထားသည့် အမှိုက်ပုံးကို ပြေးဖွင့်ကြည့်သည်။ ရောင်းလို့ ရနိုင်တာ မှန်သမျှ အကုန်ယူသည်။ အမှိုက်ပုံးကို ရှာဖွေပြီးလျှင် သင်္ဘောကြီးပေါ်က သွားလို့ရသည့် နေရာတွေ အကုန်လုံး ကို ပြေးသွားကြည့်ရှုသည်။ ကြွက်အစာရှာသလို ချောင်ကြိုချောင်ကြားပါ မကျန် အောင် ၀င်ထွက် လိုက် ရှာသည်။ ရသမျှကို လက်ဆွဲ တာပေါ်လင်အိတ်ထဲကို ထည့်သည်။ ညနေအလုပ်က အိမ်ကို ပြန်လျှင် ဘော်တယ်ကုလားဆိုင်ကို ၀င်ရောင်းပြီး ဆန်ဖိုး၊ ဆီဖိုးရှာမည်ဖြစ်သည်။

နိုင်ငံခြားသင်္ဘောကြီးတွေ၏ ကုန်ထည့်ပေါက်ကြီးတွေသည် သင်္ဘောကြီး၏ အရွယ်အစားကို လိုက်၍ ပေ ၂၀ မှ ပေ ၄၀ ပတ်လည်မျှ ကျယ်ပြီး ကြမ်းခင်းမှ အပေါ်ကုန်းပတ်အထိ အမြင့်ပေ ၆၀ မှ ၁၀၀ အထိမြင့်ကြ သည်။ ကုန်ထည့်ပေါက်ကြီးတွေသည် တွင်ဒက်လို့ခေါ်သည့် ကုန်းပတ်အထပ်တွေ ပြုလုပ်ထားသဖြင့် အတွင်းမှ လှေကားတွေဖြင့် အောက်ကို ဆင်းသွားရသည်။
ကုန်ထည့်ပေါက်ကြီးတွေ ၏ အတွင်းပိုင်းအထပ်တွေမှာ စင်္ကြန်ပတ်လမ်းကြီး ပုံစံသာဖြစ်ပြီး နှုတ်ခမ်းသတ် အကာအရံ လက်ရန်းမရှီသဖြင့် သတိမထားပါက အောက်ထပ်ကို အားလွန်ပြီး ကျသွားနိုင်သည်။ ကျသွား လို့ကတော့ မတွေးဝံ့ စရာဖြစ်သည်။ အောက်ကြမ်းခင်းအထိ ပေ ၅၀/၆၀ လောက် အမြင့်က ကျသါားတာဖြစ်လို့ ကျသွားသူ သည် အသက်ရှင်ဖို့ မလွယ်သည့်အမြင့် ဖြစ်သည်။ ပွဲချင်းပြီး သေမည်ဖြစ် သည်။

ရန်ကုန်မြို့ ဆိပ်ကမ်းမှ ဆန်အိတ်တွေ အပြည့်တင်ပြီး ထွက်ခွာသွားသည့် သင်္ဘောကြီးသည် သီရိလင်္ကာ နိုင်ငံ ကိုလံဘိုမြိုကဆိပ်ကမ်းမှာ ဆိုက်ကပ်ပြီး ဆန်အိတ်တွေကို ချသည်။ ကုန်ပေါက် နံပါတ် ၅ မှာ ကုန်ချနေသည့် အလုပ်သမားတွေ သည် ကုန်တစ်ဝက်လောက် ချပြီးတယ်ဆိုရင်ပဲ အပုပ်နံ့ကို ရနေကြ သည်။ သင်္ဘောဝမ်းခေါင်း ထဲမှာ ကုန်နည်းလာလေ အပုပ်နံ့က မခံမရပ်နိုင်အောင် နံလာလေဖြစ်နေသည်။
" သင်္ဘောဝမ်းခေါင်းထဲမှာ ကြွက်တွေသေနေတယ် ထင်တယ် "
" ပုပ်စော်နံတယ်၊ မခံနိုင်တော့ဘူး "
" ကြွက်သေလို့ ပုပ်တဲ့အနံ့မဟုတ်ဘူး၊ ခွေးသေကောင်၊ လူသေကောင်ပုပ်တဲ့ အနံ့ပဲ "
သင်္ဘောဝမ်းခေါင်းထဲ မှာ အလုပ်လုပ်နေသည့် အလုပ်သမားတွေသည် အသက်ရှူလို့ မရသည့်အတွက် ကုန်းပတ်ပေါ် ကို ပြေးတက်လာကြသည်။
ဆိပ်ကမ်း ကုန်တင်ကုန်ချ အလုပ်သမားရုံးက တာဝန်ရှသူတွေ လာရောက်ပြီး စစ်ဆေးသည်။ အနံ့ရှူကြည့် သည့် ဆန်တွေ ကို အကုန်ချနိုင်ရေးအတွက် အသက်ရှူကိရိယာအကူအညီဖြင့် အလုပ်လုပ်ကြသည်။

သင်္ဘောဝမ်းခေါင်းထဲမှာ ဆန်အိတ်တွေကုန်အောင် ချလိုက်သောအခါ ကြမ်းခင်းမှာ ပြားကပ်ပြီး ပုပ်ပွနေ သော လူသေ အလောင်းတစ်လောင်း ကို တွေ့ကြရသည်။ ဆန်အိတ်ပိထားလို့ ဦးခေါင်းခွံတောင် ပြားချပ်နေ သည်။ သေသူ ၀တ်ထား သည့် ၀တ်စုံအပြာနှင့် ရင်ဘတ်က အလုပ်သမား နံပါတ် အထောက်အထား တို့ ကြောင့် မြန်မာဆိပ်ကမ်း အလုပ်သမားဆိုတာကို သိလိုက်ကြသည်။ ဘာကြောင့် သေရသည်ကိုတော့ သီရိလင်္ကာ ဆိပ်ကမ်းဌာနက မသိနိုင် ဖြစ်နေသည်။
သေသူ၏ အနိး မှာ တာပေါ်လင် လက်ဆွဲအိတ်ကလေးနှင့်အတူတွေ့ရသည့် ပုလင်းခွံ၊ ဘီယာဘူးခွံတို့ ကြောင့် လိမ့် ကျပြီးသေသည့် မြန်မာအလုပ်သမားဆိုတာကို မြန်မာသင်္ဘောသားတွေက သိနေကြသည်။

မြန်မာပြည်က သာကေတမြို့မှာလည်း ဆိပ်ကမ်းအလုပ်သမား မိသားစုက သူတို့၏ အိမ်ထောင်ဦးစီး အလုပ်သါားရာမျ ပြန်မလာလို့ သက်ဆိုင်ရာကို တိုင်ကြားထားသည်။ အလုပ်ကိုလည်း မရောက်၊ အိမ် ကိုလည်း ပြန်မလာသည့်အတွက် အမျိုးမျိုး တွေးတောနေကြသည်။ ပျောက်ဆုံးနေသူသည် ခေတ်နှင့်စနစ်ကို မကျေနပ် သူဖြစ်သည်။ အလုပ်လုပ်နေပါလျက် မိသားစု ထမင်းဝအောင် မစားရလို့ ခံပြင်း နေသူဖြစ်သည်။ အတွေးအခေါ်နှင့် ခံယူချက် အရောင်အသွေးရှိသူဖြစ်နေသည်။ ရုတ်တရက် ပျောက်ဆုံး သွားပုံအပေါ်မှာ သို့လော သို့လော တွေးတောနေကြရတော့သည်။ သူ့ဇနိးက ပြောသည်။
" ဗေဒင် က ဟောထားတယ်၊ နိုင်ငံခြားကို သွားရမယ်တဲ့ "
အဲဒါ ဆိုလျှင်တော့ ဟုတ်ပါပြီ။ ယုံကြည်ချက်ကို ကိုင်စွဲပြီး ဆက်လက်တိုက်ပွဲဝင်ဖို့ ထွက်ခွာသွားတာဖြစ်ရ မည်လို့ ယုံကြည် လိုက်ကြသည်။ ဟိုမှာ အခြေအနေကောင်းနေတယ်ဆိုရင် မိသားစုပါ လိုက်ပါသွားကြရန် ရည်ရွယ် ထားသည်။

သီရိလင်္ကာ နိုင်ငံ၏ အကြောင်းကြားချက်နှင့်အတူ ဓာတ်ပုံ အထောက်အထားတွေ အရ သေဆုံး သူမှာ ပျောက်ဆုံးနေသည့် ဆိပ်ကမ်း အလုပ်သမား၊ သာကေတမြို့သားတစ်ကြောင်း အတည်ပြုနိုင်ခဲ့ကြသည်။ သင်္ဘောဝမ်းခေါင်း ထဲမှာ ပြန်ရောင်းစားလို့ရနိုင်သည့် ပစ္စည်းတစ်ခုတစ်လေများ ရနိုင်မလားဆိုတဲ့ မျှော် လင့်ချက်ဖြင့် ကြွက်ရြှာသလို ရှာဖွေရင်း ကုန်ထည့်ပေါက်ကြီးထဲကို လိမ့်ကျသွားခဲ့တာဖြစ်သည်။
လိမ့်ကျပြီး ပွဲချင်းပြီး သေသွားတာဖြစ်နိုင်သလို၊ မူးမေ့ပြီး သတိလစ်နေတာလည်းဖြစ်နိုင်သည်။ ဒါကို မသိသည့် အလုပ်သမားတွေ က ဆန်အိတ်တွေကို ကရိန်းဖြင့် သယ်ယူလာပြီး ဖို့သတ်လိုက်သကဲ့သို့ ဖြစ်နိုင် သည်။ ကုန်ပေါက်ကြီး တစ်ခုအတွင်းမှာပင် ဆန်တန်ချိန်တစ်ထောင်ခန့်ထည့်နိုင်သည့် အတွက် ဖိသတ် သလို ဖြစ်ခဲ့ရ သည်။
သေသူ၏ ရုပ်အလောင်းသည် ဆန်အိတ်တွေအောက်မှာ ပိပြီးပါသွားသည့်အတွက် သီရိလင်္ကာနိုင်ငံ၊ ကိုလံဘိုမြို့ ကို ပါသွားခဲ့တာဖြစ်သည်။ သူတို့ရပ်ကွက်ထဲက လူတွေနှင့် သူ့မိသားစုကတော့ ပြောနေကြ သည်။

" ဗေဒင်ကတော့ မှန်သားပဲ "
ဗေဒင်က နိုင်ငံခြားကို သွား၇မည်လို့ ဟောထားတာကို သတိရလို့ ပြောကြတာဖြစ်သည်။ ဒီအမှု၏ တရားခံ ဟာ ဘယ်သူ ဆိုတာ ပြောရမှ သိပ်ခက်သည်ဟုတွေးနေကြသည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ခိုးလိုက်လာသူကို ရေထဲကန်ချသည့်ကပ္ပတိန်

သင်္ဘောသားလောက မှာ စတိုးဝေးဆိုသော စကားကို သင်္ဘောသားတိုင်း သိကြသည်။ စတိုးဝေးဆိုတာ မိမိနိုင်ငံ မှာ မနေချင်လို့ တစ်ခြားနိုင်ငံ (အထူးသဖြင့်) အမေရိကန်နိုင်ငံကို သွားချင်လို့ သင်္ဘောပေါ်မှာ ခိုးလိုက်လာသူကို ခေါ်သည့် သင်္ဘောသားလောကစကားဖြစ်သည်။
မိမိနိုင်ငံမှာ မနေချင်လို့ နိုင်ငံခြားသင်္ဘောကြီးတွေပေးတက်ပြီး ခိုးလိုက်သူ (စတိုးဝေး)အများဆုံး လိုက် သည့် နိုင်ငံတွေသည် အာဖရိက နိုင်ငံတွေဖြစ်သည်။ နိုင်ငံခြားသင်္ဘောကြီးများသည် အာဖရိကနိုင်ငံတွေ က ပြန်ထွက်ပြီ ဆိုလျှင် မိမိတို့ သင်္ဘောပေါ်မှာ စတိုးဝေး ပါမပါသိရအောင် သင်္ဘောပေါ်မှာ ချောင်ကြိုချောင် ကြား ပါ မကျန်အောင် ရှာဖွေစစ်ဆေးကြရသည်။
ဒီလို ဂရုတစိုက်ရှာဖွေစစ်ဆေးပြီးမှ သင်္ဘောထွက်ခွာသည့်ကြားကပင် ခိုးလိုက်သူ စတိုးဝေးတွေကတော့ ပါလာတတ်သေး သည်။ စတိုးဝေးတွေကလည်း ပါးနပ်သည်။ သင်္ဘောမထွက်ခွာမီ ရှာမည်ဆိုတာကို သိလို့ မထင်မှတ် သည့်နေရာမျိုးမှာ ပုန်းနေတတ်ကြသည်။

ဥပမာ သဘော်ကြီး၏ ခေါင်းတိုင်အတွင်း ထဲ ၀င်ပုန်း လိုက်လာတတ်ကြသည်။ သင်္ဘောထွက်ခွာပြီး ခေါင်းတိုင်၏ အပူရှိန်ကြောင့် မခံနိုင်တော့မှ ထွက်လာပြီး သင့်တော်ရာတစ်နေရာမှာ ဆက်ပုန်း၍သော်လည်းကောင်း၊ ဖမ်းမိသွား ၍သော်လည်းကောင်း၊ အစာပြတ်၊ ရေငတ်၍သော်လည်းကောင်း၊ တမင် အဖမ်းခံပြီး ပြဿနာဖြစ်ကြ ရသည်။ ဒီအချိန်မှာ သင်္ဘောကြီးသည် ပင်လယ်ပြင်ကို ရောက်နေပြီဖြစ်လို့ ဘာမှမတတ်နိုင်ဘဲ သူတို့ကို ထမင်းကျွေးပြီး ခေါ်သွားရတော့သည်။
နိုင်ငံခြား သင်္ဘောကြီးတွေပေါ်မှာ စတိုးဝေးပါလာသည့် ကိစ္စသည် သင်္ဘောက ကပ္ပတိန်အတွက် အတော် ခေါင်းခဲ သည့်ကိစ္စဖြစ်သည်။ နောက်ဆက်တွဲဖြစ်လာမည့် ပြဿနာတွေသည် အကုန်အကျများသည်။ သင်္ဘောပိုင်ရှင် က စိုက်ထုတ်လျော်ပေးရတော့သည်။ အဲဒီအခါ သင်္ဘောပိုင်ရှင်သည် ကပ္ပတိန်ကို အလုပ် ဖြုတ်ဖို့ စဉ်းစားတော့သည်။ သင်္ဘောမထွက်ခွာခင် မစစ်ဆေးဘူးလား၊ ဒါလောက်တောင် ပေါ့လျော့ရသလားဆိုပြီး အပြစ်ဖို့တော့သည်။

နိုင်ငံတစ်နိုင်ငံကို ၀င်လာသည့် သင်္ဘောပေါ်မှာ ခိုးလိုက်လာသူ(စတိုးဝေး) ပါလာပြီဆိုလျှင်သင်္ဘောဆိုက် ကပ်မည့် နိုင်ငံ ၏ ဆိပ်ကမ်းအာဏာပိုင်က လွှဲပြောင်းလက်ခံယူရန် စီစဉ်ရသည်။ ရဲအစောင့်အရှောက် ခေါ်ရ သည်။ အချုပ်ခန်း စီစဉ်ရသည်။ တရားရုံးတင်ရန် ဆောင်ရွက်ရသည်။ ထောင်ချလျှင် ပြစ်ဒစ်ကာလအတွက် စားစရိတ် ကို တွက်ချက်ရသည်။ ထောင်ကလွှတ်ပါက သူ့မိခင်နိုင်ငံကို ပြန်ပို့ပေးရမည်။ အဲဒိစရိတ်စက ကုန်ကျငွေတွေ ကို သင်္ဘောပိုင်ရှင်က ပေးချေရသည်။ သက်ဆိုင်ရာနိုင်ငံလည်း ကုန်ကျငွေကို အမှန်တကယ် ကုန်ကျတာ ထက် ပိုပိုသာသာတောင်းဆိုတတ်သည်။
ဒီပြဿနာမျိုးဖြစ်လာပြီ ဆိုလျှင် သင်္ဘောပိုင်ရှင်သည် သင်္ဘောကပ္ပတိန်ကို ငြိုငြင်တော့သည်။ ကပ္ပတိန်ကို အလုပ်ဖြုတ်သည် အထိ အပြစ်ပေးအရေးယူဖို့ ဆုံးဖြတ်တော့သည်။ ဒါမှ နောက်လူတွေ မှတ် သွားမည် ဖြစ်သည်။ ဒီပြဿနာမျိုး မကြာခဏဖြစ်လာလျှင် သင်္ဘော ကုမ္ပဏီေ၀၀ါလိ ခံရလိမ့်မည် ဟု တွေးကြတာဖြစ် သည်။

လွန်ခဲ့သည့် နှစ်ပေါင်းသုံးဆယ်လောက်က အာဖရိကနိုင်ငံ တစ်နိုင်ငံက ထွက်ခွာလာသည့် သင်္ဘော တစ်စီး ပေါ်မှာ အာဖရိလူမျိုး စတိုးဝေးနှစ်ယောက် ပုန်းပြီးလိုက်ပါလာခဲ့သည်။ သင်္ဘောကြီးသည် အမေရိကန် နိုင်ငံ၏ ဆိပ်ကမ်းမြို့ တစ်မြို့ကို ဦးတည်ခုတ်မောင်းနေတာဖြစ်သည်။
ခိုးလိုက်လာသူနှစ်ဦး သည် သူတို့နိုင်ငံက ထွက်ခွာကြတော့မည်ဆိုသည့်အခါ စနစ်တကျဖြင့် စီမံကိန်းချပြီး နိုင်ငံခြား သင်္ဘောကြီးပေါ်ကို တက်ခဲ့ကြတာဖြစ်သည်။
သင်္ဘောကြီးသည် အတ္တလန္တိတ်သမုဒ္ဒရာကြီးကို ဖြတ်တာ ဆယ်ရက်ခန့်ကြာပေလိမ့်မည်။ အာဖရိကမှ အမေရိကန် ကို ရောက်သည်အထိ ဆယ်ရက်၊ သို့မဟုတ် ၁၅ ရက်ကြာမည့် ကာလအတွက် သောက်ရေနျင့် ရိက္ခာခြောက်တွေ အလုံအလောက် ထည့်ယူပြီး ညအခါမှာ သင်္ဘောကြီးပေါ်ကို တက်ရောက်ပုန်းအာင်းနေခဲ့ ကြ တာဖြစ်သည်။
အမေရိကန်ကမ်းခြေနှင့် အနီးဆုံးနေရာကိုရောက်လျှင် သင်္ဘောပေါ်မှ ရေထဲကို ခုန်ချပြီး ကမ်း ကိုရောက် အောင် ရေကူး သွားမည်ဟု ရည်ရွယ်ထားသည်။ ဒါဆို ဘယ်သူမှ မသိလိုက်ဘဲ အမေရိကန်နိုင်ငံ ကို ရောက် သွားမည်ဖြစ်သည်။

ကံဆိုးချင်တော့ သဘောင်္ကြီးက စက်မကြီး ချို့ယွင်းလို့ ပင်လယ်ပြင်မှာ မကြာခဏ ရပ်ပြီးပြုပြင်နေရသည်။ လှိုင်းလေကလည်း ပြင်းလို့ အမြန်နှုန်း မရဘဲ ရက်တွေကြာသွားသည်။ ခိုးလိုက်လာသူ နှစ်ယောက်မှာ ရိက္ခာနှင့် သောက်ရေ ပြတ်ပြီး မနေနိုင်တော့လို့ ပုန်းနေရာမှ ထွက်လာပြီး အဖမ်းခံလိုက်ရတော့သည်။ သင်္ဘောကပ္ပတိန် သည် စိတ်ဆိုးမာန်ဆိုးဖြင့် ခိုးလိုက်လာသူတွေကို သတ်ပစ်ပြီးပင်လယ် ထဲ မျှောရန်အထိ စဉ်းစားလိုက်သေးသည်။

နိုင်ငံတကာ ပြဌာန်းထားသည့် ခိုးလိုက်သူများဆိုင်ရာ လိုက်နာကျင့်သုံး ရမည့် ဥပဒေနှင့် သင်္ဘောကပ္ပတိန် တို့၏ ကျင့်ဝတ်သိက္ခာ ကို သတိရ ပြီးစိတ်လျော့လိုက်ရသည်။ ဒီကစ္စဟာ မိမိ အလုပ်ပြုတ်တော့မည့် ကိစ္စဆိုတာကိုတော့ သ၏တိရနေသည်။

ဘယ်လိုလုပ်ကြရင် ကောင်းမလဲ
ထုံးစံအတိုင်း လုပ်ရတော့မှာပေါ့ ဆရာ
ထုံးစံအတိုင်း ဆိုတာ သင်္ဘောပေါ်မှာ ခိုးလိုက်လာသူ (စတိုးဝေး) နှစ်ယောက်ပါလာကြောင်း အမေရိကန်နိုင်ငံ၏ ဆိပ်ကမ်းကို အကြောင်းကြားရန် ဖြစ်သည်။

ထုံးစံအတိုင်းလုပ်ရင် ကျွန်တော် အလုပ်ပြုတ်ပြီပေါ့ဗျာ
ဆိပ်ကမ်းရောက်ခါနီးမှာေ၇ထဲကန်ချ လိုက်မယ် ဆရာ
အိုကေ ဒီအကြံကောင်းတယ်

အမေရိကန် ရောက်ရန် တရက်ခန့်သာ လိုတော့သည်။ ကမ်းခြေ နှင့် ရေမိုင် နှစ်ရာပင် မဝေးတော့သည့် ပင်လယ်ပြင်မှာ ရေထဲ ကန်ချပစ်ရန် ဆုံးဖြတ်ကြသည်။
 
" အသက်ကယ်အင်္ကျီတွေ ၀တ်ပေးလိုက် "
ခိုးလိုက်လာသူ နှစ်ယောက်ကို အသက်ကယ်အင်္ကျီတွေ ၀တ်ခိုင်းပြီး ရေထဲခုန်ဆင်းခိုင်းလိုက်သည်။ ကမ်းမ မြင်လမ်းမမြင်သည့် ပင်လယ်ပြင်မှာ ခုန်ဆင်းရမှာမို့ မဆင်းပါရစေနဲ့လို့ ရှိခိုးတောင်းပန်သေးသည်။ အတွင်း တွန်းချပစ်ခဲ့သည်။ သင်္ဘောသားတွေအားလုံးကိုလည်း နှုတ်လုံကြရန် ညွှတ်ကြားထားလိုက်သည်။
အမေရိကန်နိုင်ငံ၏ဆိပ်ကမ်းမှာ ကုန်ချပြီးလို့ ပြန်လည်ထွက်ခွာလာသည်အထိ ဘာပြဿနာမှ မဖြစ်ခဲ့လို့ ကိစ္စပြီးသွားပြီလို့ ထင်ခဲ့မိသည်။
နောက်ရောက်ရှိသွားသော တောင်အမေရိကဆိပ်ကမ်းမှာ သင်္ဘောဆိုက်ကပ်လိုက်သည်နှင့် ဒေသခံရဲတွေ တက်လာပြီး ကပ္ပတိန်နှင့် ကုန်းပတ်ပထမအရာရှိတို့ကို လက်ထိပ်ခတ်ပြီး ဖမ်းသွားလေတော့သည်။

ရေထဲကန်ချခံရသည့် ကပ္ပလီနှစ်ယောက်ကို အမေရိကန် ကမ်းခြေစောင့် ရေတပ်သင်္ဘောက တွေ့ရှိသွားပြီး သယ်ယူသွားခဲ့သည်။ ကပ္ပလီနှစ်ယောက်၏ ထွက်ဆိုချက်ကို ကပ္ပတိန် ငြင်းလို့မရသည့်အချက်က သက်ကယ် အင်္ကျီ မှာ ရေးထိုးထားသည့် သင်္ဘောနာမည်တွေကြောင့်ဖြစ်သည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဆက်ရန်
.

No comments: