Monday, October 22, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၃)

ပီယာဘိုဒီ
စန်ကာလို


အဆင့်မြင့်ပါ၏။ ခေတ်မီပါ၏။ သို့သော် ကျွန်တော့် စိတ်ထဲတွင်တော့ ထောင်သွင်း အကျဉ်းချခံထား ရသလိုပင်။ ကျွန်တော့် စာကြည့်ခန်း ပြတင်းပေါက်မှ သံရုံးဝန်ထမ်း အိမ်ရာများဆီသို့ လှမ်းကြည့် လိုက်သည်။ နံရံ အမြင့်ကြီးတွေနှင့်။
မီးမောင်းကြီးများ၏ အလင်းရောင်တွင် အုတ်နံရံပေါ်မှ သံဆူးကြိုးများက ငွေရောင် တလက်လက်။ အုတ်နံရံထောင့်တိုင်း တွင် တီဗွီကင်မရာများ တပ်ဆင်ထားသည်။ လုံခြုံရေး ရုံးခန်းတွင် တာဝန်ကျ အရာရှိ တစ်ယောက် ကင်မရာ ခလုတ်တွေ၊ ၀ါယာကြိုးတွေနှင့် အချိန်ပြည့် အလုပ်ရှုပ်နေလိမ့်မည်။ သို့မှမဟုတ် အိပ်ပျော် ချင် ပျော်နေလိမ့်မည်။ ဒါမှမဟုတ် အခန်းကို ပစ်ထားပြီး ပိုကာဝိုင်း တစ်ခုခု တွင် ရောက်ချင် ရောက်နေလိမ့်မည်။

သွားပြီး လျှပ်တစ်ပြက်စစ်ဖို့ စိတ်ကူး လိုက်သေးသည်။ သို့သော် သည်ည မသွားနိုင်တော့။ စိတ်ထဲ တွင် သံရုံး အသိုင်းအ၀ိုင်း ကို တကယ်ပင် ထောင်လို့ ထင်လာသည်။
သည်ဝင်းထဲ တွင် လူပေါင်း ငါးဆယ့်နှစ်ယောက် အကျဉ်းကျနေ၏။ ကျွန်တော့် ရှေ့တည့်တည့်က မှန်ကအစ ကျည် မဖောက်နိုင်သည့် မှန်။ ပြတင်းပေါက်တွေက အသေ။ ဖွင့်မရသည့် အပေါက်မျိုး တွေချည်း။ ရှူစရာလေကို စက်ဖြင့် မောင်းပေး ထားရ၏။ အပြင်ထွက်သွားပြီး သစ်ပင်ကလေးတွေ စီတန်းနေသည့် ကာရီဘီယံ ပင်လယ်ကမ်းခြေလေ ကို ရှူလိုက်ရလျှင် ဘယ်လောက် အရသာ ရှိလိုက်မည်လဲ။

ကိုယ်ပိုင်လုံခြုံရေး တစ်ဒါဇင်လောက်နှင့် အစိုးရ တပ်သား ကားတစ်စီးတိုက်လောက် မပါလျှင် ဘယ်ကိုမှ မသွားရဲ ပါ။ ဒါတောင် လုံခြုံရေးတာဝန်ခံ ဖလင်းမင်းကိုယ်တိုင်ပါမှ။
လွတ်လွတ် လပ်လပ် လမ်းလျှောက်ခဲ့ရသည့် အချိန်များကို ကျွန်တော် လွမ်းနေသည်။ ခုတော့ ကျွန်တော့်ဘ၀က သံအမတ် ဆိုသော်လည်း အကျဉ်းသားနှင့် ဘာမျှမခြား။ ပြီးတော့ သရဲစီးနေ သည့် ကွန်မြူနစ်တို့၏ ပစ်မှတ် ဖြစ်နေ၏။ သူပုန်တွေ က စန်ကာလိုသမ္မတနှင့် ကျွန်တော့်ကို တစ်တန်းတည်း ထားကြသည်တဲ့။
အလုပ် ကို အမြန်ဆုံး လုပ်ရမည်။ နောက်ထပ်လာမည့် အကူအညီတွေနှင့် သင်တန်းပေးထားသည့် လူတစ်တွေ ထုတ် သုံးပြီး ကျွန်တော်တို့ လူတွေပါ ၀င်လိုက်လျှင် သူပုန်လက်တစ်ဆုပ်စာကို မှုစရာ မရှိပါ။ ရွေးကောက်ပွဲ ပြန်လုပ်ပေး။ လက်ရှိသမ္မတ ပြန်အရွေးခံ။ သူ့တွင် ပိုက်ဆံတွေ အများကြီး ရှိသဖြင့် သူပဲနိုင် မည်။ ပြီးတော့ လက်ယာအစိုးရပွဲ။ တိုင်းပြည်ကို ငြိမ်းချမ်းစွာ ပြန်လည် တည်ဆောက်။
ဘုရားရှိခိုးကျောင်း မျှော်စင်ဆီက ထွက်လာသည့် နာရီထိုးသံကို ပြတင်းပေါက်မှန် အထူကြီးထဲမှ နေပြီး တစ်ချက် သဲ့သဲ့ ကြားရ၏။

သည်တော့မှ ဘယ်လောက် ပင်ပန်းနေပြီကို သတိရ၏။ ဘယ်ဘက်ခြေချောင်းကလေးတွေ အဆစ် အမြစ် ရောဂါကြောင့် နာနေသည် ကိုလည်း ခုမှ သတိရ၏။
အိပ်ခန်း ထဲမှ ရေချိုးခန်းဆီသို့ နာကျင်စွာ လျှောက်လာခဲ့သည်။ အိပ်ရာနံဘေး စားပွဲခုံကလေးပေါ် တွင် သောက်ရေ သန့်နှင့် ဖန်ခွက်တစ်လုံး ထားခဲ့သဖြင့် အိမ်ဖော် အမျိုးသမီးကို ကျေးဇူးတင်ရ သေးသည်။
ကျွန်တော် ရောက်ပြီးကတည်းက အိမ်ဝန်ထမ်းများကို သင်ကြားနေရသည့် အချိန်က အများကြီး ယူသွားသည်။ အခြေခံ က စ သင်ပေးနေရ၏။ ကျန်းမာရေး၊ သန့်ရှင်းရေး၊ စနစ်ကျရေး၊ စသည် ... စသည်။
ကျွန်တော့် ရှေ့မှ သံအမတ်ကာလ်ပါ က ဖြစ်သလိုနေသွားပုံရ၏။ လုပ်ငန်းခွင် တွင်လည်း ဖြတ်ကတတ်ဆန်း သမား။ သူ့ဆိုးမွေတွေ ကို ကျွန်တော် ဆက်ခံထားရခြင်း  ဖြစ်သည်။
ရေချိုးခန်းထဲ မှ မှန်တွေက ဖုန်အထပ်ထပ်နှင့်။ ရေနှင့် ပက်ပြီး ဆပ်ပြာမှုန့်နှင့် ဆေးပစ်လိုက်သည်။ ပြီးမှ ပုလင်း ထဲက ဆေးနှစ်လုံး ယူသောက်လိုက်သည်။ ပြီးတော့ သွားတိုက်သည်။ ပြီးမှ အာခံတွင်း ထဲသို့ ဆေးဖျန်းသည်။ ၀င်စတန် ချာချီ လည်း အာခံတွင်းဖျန်းဆေး သုံးသည်ဟု ကျွန်တော် ဖတ်ဖူးသည်။

အိမ်ဖော်အမျိုးသမီး က အိပ်ရာခင်း အသစ် လဲထားသည်။ အိပ်ရာခင်းနှင့် ည၀တ်အင်္ကျီကို နေ့တိုင်း လဲ ဖို့ ပြောတော့ သူက ကျွန်တော့်ကို အထူးအဆန်းသဖွယ် ကြည့်နေ၏။
ဟိုသတ္တ၀ါ ဘယ်လိုနေသွားသည် ကို စဉ်းစားကြည့်နိုင်ပါ၏။ တစ်အိမ်လုံး ဆေးလိပ်နံ့ နံနေ သဖြင့် လေအေးစက် မှ လေစစ်တွေကိုပါ ဖြုတ်ဆေးခိုင်းရသည်။
ကတ္တီပါ ည၀တ်အင်္ကျီ ကို ကျွန်တော် လဲဝတ်လိုက်သည်။ လွန်ခဲ့သည့် နှစ်ပေါင်းလေးဆယ်က အမေ ပေးသည့် လက်ဆောင်။
အိပ်ရာ ၀င်ပြီး ဟင်နရီဝက်ဘာ ရေးသည့် "ဆင်ဒီနစ်စ် တော်လှန်ရေး" စာအုပ်ကို ကောက်ကိုင် သည်။ ကိုယ့်ကိုယ် ကို လေ့ကျင့်ထားခြင်း ဖြစ်၏။ ဘယ်လောက် ပင်ပန်း ပင်ပန်း မအိပ်ခင် နာရီ ၀က်တော့ စာဖတ် သည်။ စာမျက်နှာ နှစ်ဆယ်လောက်တော့ ဖတ်ဖြစ်၏။ အကြမ်းဖျင်းအားဖြင့် တစ်နှစ်စာအုပ်သုံးဆယ်တော့ ဖတ်ဖြစ် သည်။

သည်ည ဖတ်ရသည့်အကြောင်းက စိတ်ချမ်းမြေ့စရာမရှိ။ သူပုန်သူကန် ကိစ္စတွေ။ နာရီဝက်စေ့ သည်နှင့် စိတ် ထဲပေါ့ သွားသည်။ မီးပိတ်ပြီး ခေါင်းအုံးတွေကို ပြန်စီသည်။ ငှက်မွေးခေါင်းအုံးတွေ ၀ါရှင်တန်မှ ကျွန်တော် သယ် လာခြင်း ဖြစ်သည်။ ခရီးသွားရဖန်များခြင်းကြောင့် ရသည့်ပညာ ဖြစ် ပါသည်။ ယနေ့ခေတ် ခေါင်းအုံး များ မှာ ရေမြှုပ်ခေါင်းအုံးများ ဖြစ်၍ အိစက်သော်လည်း ပူလောင် သည်။
အဲလစ်ဇဘက် ဘုရင်မကြီး ခရီးထွက်လျှင် ကိုယ်ပိုင်ခေါင်းအုံးတွေ ယူသွားတတ်သည်ဟု ဖတ်ဖူး သည်။

ကျွန်တော်က ဘုရင်မကြီးထက်စောပြီး သည်အကျင့် ရနေခြင်း ဖြစ်ပါသည်။ ကျွန်တော့်တွင် အိပ်မပျော် သည့်ရောဂါမျိုး ဘယ်တုန်းကမှ မရှိဖူးပါ။ နာရီဝက်စာ ဖတ်ပြီးလျှင် အလိုအလျောက် အိပ်ပျော်သွားသည်သာ။ သည်ည လည်း နှစ်နှစ်ခြိုက်ခြိုက် အိပ်မောကျပါ၏။ သို့သော် ဖုန်းမည် လာသဖြင့် နိုးလာသည်။ ကျွန်တော့် လုံခြုံရေးမှူး ဂေ့ခ်ျ ဖြစ်ပါသည်။ သူ့အသံက တုန်တုန်ယင်ယင်။ ညဥ့်နက်သန်းခေါင် ကျွန်တော့်ကို နှိုးရ၍ လန့်နေခြင်း ဖြစ်မည်။ တောင်းပန်တိုးလျှိုးသံဖြင့် သူ ပြော၏။
စီအိုင်အေ မှ ရသည့်သတင်းကို ကျွန်တော်ဆီ ဆက်ပို့ခြင်း ဖြစ်သည်။ လွန်ခဲ့သည့် ညက ဧရာမ သူပုန်တပ်ဖွဲ့ကြီး ပါရက်စ်ရွာ ကို ဖြတ်ပြီး ချီတက်သွားကြသည်တဲ့၊ စန်ကာလိုမြို့တော်နှင့် မိုင်နှစ်ဆယ်သာ ဝေးတော့သည်တဲ့။

သည်လောက်အထိ သူတို့ ဘယ်တုန်းကမှ ၀ံ့ဝံ့စားစား မရှိခဲ့ဖူးသဖြင့် ကျွန်တော့်ကို နှိုးပြီး သတင်း ပို့ရခြင်း ဖြစ်ကြောင်း ဂေ့ခ်ျ က တောင်းတောင်းပန်ပန် ပြောသည်။
"လေင်းမင်း ကို မင်းမဆက်ဘူးလား"
"ဆက်ပါတယ် ခင်ဗျ၊ အာဂျင်တီးနားသံရုံး ဧည့်ခံပွဲသွားနေတယ်လို့ ပြောပါတယ်၊ ကျွန်တော် အဲဒီကိုလဲ လှမ်းဆက် ပါသေးတယ်၊ သူ ပြန်သွားတာ တစ်နာရီလောက် ရှိပြီတဲ့"
ကယ်လ်ပါ ကို ကျွန်တော် ကျိန်ဆဲမိပြန်သည်။ သံရုံးဝန်ထမ်းတွေကိုလည်း ဘယ်လို အုပ်ချုပ်သွား သည်မသိ။ တင်းကျပ် သည့် စည်းကမ်းများရှိလျက်နှင့် ပေါ့ပြက်ပြက် လုပ်နေကြခြင်း ဖြစ်၏။ ညမထွက်ရ အမိန့်က နံနက်တစ်နာရီ အထိ ဖြစ်သည်။ နေ၀င်ချိန်မှစပြီး နံနက် တစ်နာရီအထိ အပြင် ထွက်သူတိုင်း တစ်နာရီတစ်ကြိမ် သံရုံး တာဝန်မှူးဆီ သတင်းပို့ရမည် ဖြစ်ညသ်။ သူတို့ သံရုံး ပြင်သစ်မှာ ရှိနေတယ်များ ထင်နေကြသလား မသိ။

စိတ်လှုပ်ရှားနေသည့် ဂေ့ခ်ျ၏အသံ ထပ်ပေါ်လာသည်။
"ကျွန်တော် စစ်ရုံး ကို လှမ်းပြီး သတင်းပို့တယ်ခင်ဗျ၊ သူတို့ လက်မခံဘူး၊ အဓိပ္ပာယ်မရှိတဲ့ သတင်းတဲ့၊ မဖြစ်နိုင်ဘူး တဲ့၊ အဲဒီရွာမှာ သူတို့ တပ်ရင်း ရှိတယ်တဲ့၊ ဒါ့ကြောင့် သံအမတ်ကြီးကို သတင်းပို့ရတာပါ"
"မင်းဆက်တာ မှန်တယ်ဂေ့ခ်ျ၊ စစ်တပ်နဲ့ရော စီအိုင်အေနဲ့ရော အဆက်အသွယ် မပြတ်စေနဲ့ ကြားလား၊ တစ်ခုခု ထူးခြား ရင် ငါ့ဆီထပ်ဆက်၊ မနက်ရှစ်နာရီတိတိမှာ ငါ့ရုံးကို ဖလင်းမင်း သတင်း ပို့ရမယ်၊ ရှစ်နာရီတိတိနော်"
ဖုန်းချ လိုက်သည်။ ခေါင်းအုံးတွေ ပြန်စီပြီး အိပ်ဖို့ ကြိုးစားသည်၊ မရတော့။ ကျွန်တော် ရသည့် သတင်းကြောင့် အိပ်မပျော်ခြင်း မဟုတ်၊ ကျွန်တော့် သံရုံး ဖြစ်ချင်တိုင်း ဖြစ်နေပုံကို တနုံ့နုံ့ဖြစ်နေ၍ အိပ်မရခြင်း ဖြစ်ပါ၏။
စည်းကမ်း ကိုင်ဖို့ ရက်ပေါင်းများစွာ ကြာဦးမည်၊ လူလဲသင့် လဲပစ်ရမည်။ ဖလင်းမင်းနှင့် ဘိုးမင်းကစ လဲရ မည်။ ဂေ့ခ်ျကတော့ သိပ်မဆိုး။ သူက ကျွန်တော်နှင့်အတူတူ ရောက်သည့်လူသစ်ကိုး။ သတ္တိ လည်း ကောင်းပုံ ရ၏။

အတန်ကြာအောင် ကျွန်တော် စိတ်ကူးဖြင့် အကြီးတန်း အရာရှိတွေကို အရွှေ့အပြောင်း လုပ်ကြည့် နေ သည်။ ဒေါသတွေ ပြေသွားသလို ရှိ၏။
စစ်သံမှူး ဗိုလ်မှူးကြီးဆမ်နားကိုတော့ ဆက်ထားရမည်။ နံနက်က သူ့စီမံချက်ကို နားထောင်ရ သည်။ ရှင်းသည်၊ ပြတ်သည်၊ လူက ခပ်ဆတ်ဆတ်။ သို့သော် လူတော်တစ်ယောက် ဖြစ်၏။ နံနက် ပိုင်းက သူတင်ပြပုံ ကို ပြန်စဉ်းစားနေမိ၏။ ရုတ်တရက် ဓာတ်လိုက်သလို ကျွန်တော် တောင့်ခနဲ ဖြစ်သွား၏။ တစ်စုံတစ်ခု ကို ပြေးသတိရလိုက်၍ ဖြစ်၏။
ဝုန်းခနဲထထိုင်ပြီး ဂေ့ခ်ျကို ပြန်ခေါ်သည်။ ဗိုလ်မှူးကြီး ဆမ်နားကို ချက်ချင်းနှိုးပြီး ဆယ့်ငါးမိနစ် အတွင်း ကျွန်တော့်ဆီ အရောက် လာဖို့နဲ့ ဖလင်းမင်း ပြန်လာရင်လည်း ချက်ချင်း လွှတ်လိုက်ဖို့ အမိန့်ပေးလိုက်သည်။

ဆယ့်ငါးမိနစ်အတွင်း ဆမ်နား ရောက်လာသည်။ အိပ်ချင်မူးတူး ဖြစ်နေသေးသော်လည်း သေသေ သပ်သပ် ၀တ်လာ ၏။ မီးပူတိုက်ပြီးသား ၀တ်စုံနှင့် လည်စည်းနှင့်။ ကျွန်တော် သဘောကျသွား သည်။
နံရံတွင် ချိတ်ထားသည့် ဧရာမမြေပုံကြီးတွင် ကျွန်တော် ရပ်စောင့်နေသည်။ ပါရက်စ်ရွာကို အလံနီ ကလေး စိုက်ထားလိုက်၏။
"အချိန်မတော်ကြီးမှာ အိပ်ရာက နှိုးရတဲ့အတွက် ဆောရီးပဲ ဗိုလ်မှူးကြီး၊ ကိုယ် ကော်ဖီမှာ ထားတယ်"
မြေပုံ ကို လက်နှင့်ထောက်ပြီး ...
"အတည်မပြုရသေးတဲ့ သတင်းတစ်ခု ရတယ်၊ ခမာရစ္စတာ သူပုန်တွေ ဒီရွာကို ဖြတ်ပြီး မြို့တော်ကို ချီတက် လာနေတယ် တဲ့"
သူက လက်ဖနောင့်နှင့် မျက်လုံးတွေကို ပွတ်ပြီး ...
"ဟုတ်ကဲ့၊ ကျွန်တော့ကို ဂေ့ခ်ျ ပြောပြပါတယ်၊ စစ်တပ်က ဒီသတင်းကို ဂရုမစိုက်နိုင်ဘူးလို့လဲ ပြောပါတယ်၊ ရွာက အင်မတန် မတ်စောက်တဲ့ တောင်ခြေရင်းမှာ ရှိပြီး အဲဒီရွာမှာ စစ်တပ်အင်အား လဲ အပြည့်တဲ့ခင်ဗျ၊ အဲဒီစစ်တပ် ကို မဖြတ်ဘဲ သူပုန်များများစားစား ဘယ်လိုမှ ဖြတ်လို့ မရဘူးလို့ လဲ ပြောတယ်တဲ့"

"သူတို့ဟာ ရိုးရိုးသူပုန်တွေ မဟုတ်ဘူး၊ အင်မတန် ရက်စက်တဲ့ အကြမ်းဖက်သမားတွေ"
ကျွန်တော် သူ့ကို မချင့်မရဲ ဖြစ်ပြီး သတိပေးစကား ပြောသည်။ တစ်ဆက်တည်း မေးခွန်း ထုတ်လိုက်၏။
"စစ်တပ် က သူတို့ကို တွေ့သွားရင်ကော"
ကျွန်တော်တို့ နှစ်ယောက်စလုံး အိပ်ချင်နေကြပြီး နှစ်ယောက်စလုံး စိတ်ရှုပ်ထွေးနေကြသည်။
"သံအမတ်ကြီးခင်ဗျား၊ ဒါပေမယ့် ..."
ထိုစဉ် တံခါးခေါက်သံ ကြားရသည်။ တစ်ပြိုင်တည်း တံခါးပွင့်သွားပြီး မက်စ်တီဇီုကပြား စားပွဲထိုး ချာတိတ်ကော်ဖီ ဗန်းနှင့် ၀င်လာသည်။ ဗန်းထဲတွင် အငွေ့တထောင်းထောင်းနှင့် ကော်ဖီမတ်ခွက် ကြီးနှစ်ခွက်။

ဗန်းကို စားပွဲပေါ်တင်ပြီး ချာတိတန်ပြန် ထွက်သွားသည်။ ကျွန်တော်က သူ့ကို ကော်ဖီ သောက်ဖို့ အမူအရာဖြင့် ပြ သည်။ သူက ကော်ဖီသောက်ရင်း စဉ်းစဉ်းစားစား မေးသည်။
"စစ်တပ် က တွေ့တယ်၊ ဒါပေမယ့် လွှတ်ပေးလိုက်တယ်၊ စစ်တပ်နဲ့ သူပုန် ပူးပေါင်းတယ်လို့ ဆိုချင် တာပါလား ခင်ဗျာ"
"ဖြစ်နိုင်ခြေ ရှိတယ်လ၊ အဲဒီတပ်ဟာ လာကေး ရဲ့ တပ်မက တပ်ဖြစ်ချင်မှာပေါ့"
သူ အိပ်ချင်ပြေသွားသည့် ပုံ ရသည်။ ခေါင်းညိတ်ပြီး မြေပုံကို လှမ်းကြည့်သည်။ ကျွန်တော် စကား ဆက်သည်။
"ဒီမနက် ဗိုလ်မှူးကြီး ရဲ့ တင်ပြချက်ထဲမှာ ဗိုလ်ချုပ်ခရုဇ်နဲ့ ဗိုလ်ချုပ်လာကေး အကြောင်းပါတယ်၊ မကြာသေးခင်က ဗိုလ်ချုပ်ခရုဇ် ဟာ လာကေးနဲ့ခွာပြီး ဗားဂတ်စ်နဲ့ လုံးနေတယ်လို့ ဆိုတယ်နော်၊ အမေရိကန်ကျောင်းဆင်း စစ်ဗိုလ်တွေ ကို ခရုဇ်ရဲ့ တပ်မကို အားလုံးပို့ပစ်တာနဲ့ ပတ်သက်ပြီး လာကေးအတော် မကျေမနပ် ဖြစ်နေတယ်လို့လဲ ပါတယ်၊ ဟုတ်တယ်နော်၊ နောက်တစ်ချက်က ပြီးခဲ့တဲ့ လကတည်းက စီအိုင်အေ လျှို့ဝှက် အစီရင်ခံစာ တစ်စောင်ထဲမှာ ဗားဂက်စ်ကို ဖြုတ်ချပြီး စစ်တပ်က အာဏာသိမ်းပွဲတစ်ခု လုပ်ဖို့ အမေရိကန် က စဉ်းစားရင် လာကေးကို စဉ်းစားဖို့ အလား အလာ ပိုကောင်းတယ်လို့ ပါတယ်"

ဗိုလ်မှူးကြီး ဆမ်နား တွေပြီး စဉ်းစားနေသည်။ ကော်ဖီတစ်ကျိုက် မော့ရင်း ...
"ကျွန်တော်တို့ တစ်ဆင့်ချင်း စဉ်းစားကြရအောင်လား ခင်ဗျာ၊ ပထမအချက်က သူပုန်တွေ လာနေပြီဆိုတဲ့ မရေမရာ သတင်း၊ သူပုန်နဲ့ စစ်တပ် ပူးပေါင်းလိုက်ပြီဆိုတဲ့ အပေါ်မှာ အခြေခံပြီး ကျွန်တော်တို့ စဉ်းစား သလို ဖြစ်နေတယ် ခင်ဗျ၊ သူပုန်တွေလက်ထဲ အာဏာရောက်သွားရင် သူတို့ အားလုံး အသတ်ခံရမယ် ဆိုတာ ဒီက ဗိုလ်ချုပ်တွေအားလုံး သိထားတယ် ခင်ဗျ၊ မိကျောင်းစီးပြီး မြစ်ကူးသလိုနေမှာ၊ လမ်းတစ်ဝက်မှာတင် အစားခံရမှာပဲ"
"ကဲ ... ဒါဆို ၀င်လာတဲ့ သတင်းက ဘာသတင်းမျိုးလဲ"
သူက ပခုံးတွန့်ပြီး ...
"ဒီလိုပဲ၊ အခြေအမြစ် မရှိတဲ့ သတင်းတွေ ဒီမှာ ခဏခဏ ထွက်တယ် ခင်ဗျ၊ တစ်ခါတစ်လေ လံကြုတ် သတင်းတွေ ပါ လာတတ်သေးတယ်၊ ကျွန်တော် ဒီရောက်လာတာ နှစ်နှစ်ကျော်ပြီ၊ အကြိမ်ကြိမ် ဆန်ခါချပြီးယူရင် သတင်းအမှန် က ဘာမှမကျန်တော့သလောက်ပဲ"

သူက ယုံယုံကြည်ကြည်နှင့် သူ့အတွေ့အကြုံကို အခြေခံပြီး ပြောနေခြင်း ဖြစ်သည်။ ကျွန်တော် မည်သူ့ကို စစ်ကူ တောင်း ရပါမည်လဲ။
"ရတဲ့သတင်းက တို့လူတွေဆီက ရတာ"
ကျွန်တော် တယ်လီဖုန်း ကို လက်ညှိုးထိုးပြီး ...
"တက်စလာကိုခေါ်၊ ဘယ်ကရတဲ့ သတင်းလဲ အတိအကျ မေးရအောင်"
သူ ဖုန်းကောက်ကိုင်သည်။ မျှခံဖို့ အဖော်ရပြီဟူသည့် သဘောမျိုးဖြင့် သူ ပျော်သွားပုံရသည်။ တက်စလာက မိနစ် အနည်းငယ်ကြာမှ ရောက်လာသည်။ အိပ်ရာထဲက ထလာသည့် ပုံစံ။ အ၀တ်အစားတွေ ကြေမွ တွန့်လိမ် လျက်။ ပြီးတော့ သိပ်ကြည်ပုံမရ။ ကျွန်တော် ဂရုမစိုက်ပါ။ သူက ထောက်လှမ်းရေး အကြီးအကဲ ဖြစ်နေလို့၊ သူ့အဖေ က အထက်ကို ပေါက်ရောက်သူ တစ်ယောက် ဖြစ်နေလို့ ဆိုသည့်အချက်များကို ကျွန်တော် ထည့် မတွက်ပါ။ သည်သံရုံးတွင် ကျွန်တော် အကြီးဆုံး ဖြစ်ပါသည်။ သူ့ကို ကော်ဖီ မှာမပေးဘဲ သတင်း ဘယ်က ရသည်ကိုပဲ စစ်ဆေး ဖို့ ကျွန်တော် အမိန့်ပေးလိုက်သည်။
ဆယ်မိနစ်ကျော် တယ်လီဖုန်းနှင့် သူ အလုပ်ရှုပ်နေသည်။ ပြီးမှ သက်ပြင်းချပြီး ...

"ရွာ တော်တော်များများ မှာ ကျွန်တော်တို့အတွက် သတင်းပေးတွေ ရှိပါတယ်။ သူတို့တစ်တွေဟာ သိပ်အဆင့် မရှိ ပါဘူး၊ ထောက်ပံ့ငွေလေး မဖြစ်စလောက်ပဲ ရတဲ့သူ တွေပါ။ သူတို့ဆီကရတဲ့ သတင်း အချက်အလက် ကလေးတွေ သုံး လို့ရရင် ဆုကြေးလေးဘာလေး ရကြပါတယ်။ အခု သတင်းပေးတဲ့ ပုဂ္ဂိုလ်က ဆုကြေးမရတာ တစ်နှစ်ကျော် ပြီ၊ ဒါကြောင့် ရလိုရငြား ဒီသတင်းပို့တာ ထင်ပါတယ်၊ အစဉ်အလာအရဆိုရင်တော့ ဖိုင်တွဲထားရ မယ့် သတင်းမျိုးပဲ၊ ဘာမှ သုံးမရတဲ့ သတင်းမျိုးလေ၊ ခမာရစ္စတာ သူပုန်တွေ မြို့တော်ကို လာရင်လဲ ဒီလမ်းက ဘယ် လာမလဲ၊ ပြီးတော့ အလုံးအရင်းနဲ့ ဘယ်လာမလဲ၊ သူတို့က ပြောက်ကျားတွေပဲဟာ"

အောင့်သက်သက်နှင့် စကားပြောနေရပုံရ၏။ လူငယ်ပီပီ ကိုယ့်ကိုယ်ကို ယုံကြည်မှုများလွန်းပြီး အထက်လူကြီး ကို ရိုသေကိုင်းရှိုင်းဖို့ မေ့နေသည့် ပုံစံမျိုး၊ ဆမ်နားကို ငဲ့ကြည့်လိုက်သည်၊ မြေပုံကြီး ကို ငေးကြည့်နေ၏။
သူတို့နှစ်ယောက်စလုံး ၏ အတွင်းစိတ်ကို ကျွန်တော် အလွတ်ရလိုက်ပါပြီ။ ရောက်တာမှ ဆယ်ရက် ရှိသေး၊ ကြောက်ချေး ပါနေပြီဟု ထင်နေကြခြင်း ဖြစ်သည်။ ပြီးတော့ ၀န်ထမ်းတွေ ပြန်ပို့မည့်ကိစ္စနှင့် ပတ်သက်ပြီး သံတမန် အသိုင်းအ၀ိုင်း တွင် ကျွန်တော် ခေါင်းမဖော်ရဲအောင် ဖြစ်နေပြီဟုလည်း သူတို့ ထင်နေကြ သည်။
အကြောက်လွန် ၍ သူတို့ကို ညကြီးသန်းခေါင် နှိုးပြီး အနားခေါ် ထိုင်းခိုင်းထားသည်ပေါ့။ ကျွန်တော် တစ်ခုခု ပြောမည့် ဟန် ပြင်နေစဉ် တက်စလာက လက်ချာဆက်ပေးသည်။

"စဉ်းစားကြည့်ပါ သံအမတ်ကြီး ခင်ဗျား၊ သူပုန်တွေရဲ့ ဖွဲ့စည်းပုံက ပြောက်ကျားစနစ်နဲ့ ဖွဲ့စည်းပုံမျိုး ပါ၊ သူတို့ အင်အားခြောက်တောင်လောက် ရှိပါမယ်၊ လာပစ်ပြီး ထွက်ပြေးရုံလောက်ပဲ သူတို့ တတ်နိုင်မှာပါ၊ လွန်ခဲ့ တဲ့ လေးရက်က စန်ပီအိုကို သူတို့ ၀င်သိမ်းတယ်၊ အမေရိကန်ကျောင်းဆင်း တွေနဲ့ အားဖြည့်ထားတဲ့ ဗိုလ်ချုပ်ခရုဇ် ရဲ့ မာရဇွန်တပ်တွေက ချက်ချင်း မောင်းထုတ်နိုင်ခဲ့တယ်၊ နောက်က လိုက်တိုက်တော့ တောင်ပေါ် ကို ပြန်ပြေးကြပါတယ်၊ ခု လာကေးရဲ့ တပ်မ အင်အား ရှစ်ထောင်လောက်ဟာ မြို့တော် ပတ်ဝန်းကျင်မှာ ချထားတယ်၊ သမ္မတကိုယ်ရံတော် တပ်ရင်းတွေ မပါသေးဘူး"
သူက စကားတပြောပြောနှင့် စီးကရက်ဘူး ထုတ်ပြီး တစ်လိပ်ညှိသည်။ မထီမဲ့မြင်လုပ်ခြင်း ဖြစ်၏။ စည်းကမ်း ချက် အသစ် ထုတ်ထားသည်ကို သိသည်။ တမင်လုပ်ခြင်း ဖြစ်သည်။
နှစ်ယောက်စလုံး ကို မောင်းထုတ်မည့်ဆဲဆဲတွင် တယ်လီဖုန်း မြည်လာသည်။ ဆမ်နား ကောက်ပြီး နားထောင်သည်။ တစ်မိနစ် စကားပြောပြီး ...
"နောက်ထပ်ထူးရင် ချက်ချင်းပြန်ဆက်" ဟု ပြောရင်း ဖုန်းချပြီး မြေပုံဘက် လှည့်ကြည့်ပြောသည်။

"တီကက်စ် မြစ်ကူးတံတားနှစ်ခု ဗုံးခွဲပစ်လိုက်ပြီတဲ့"
တက်စလာက အလေးမထားသည့် လေသံဖြင့် ...
"ဒါက မဆန်းပါဘူးဗျာ၊ အမြဲ ခွဲနေကျပဲဟာ"
ဆမ်နား က တိတ်တိတ်နေဖို့ လက်ပြသည်။ တက်စလာက စီးကရက်မီးခိုးငွေ့တွေ မှုတ်ထုတ်နေ၏။
ကျွန်တော်တို့အားလုံး မြေပုံကို သေသေချာချာ လေ့လာကြသည်။ ဗိုလ်မှူးကြီး ဆမ်နားက စပြီး ဆွေးနွေးသည်။ သူ့အသံ က တဖြည်းဖြည်းနှင့် စစ်ဗိုလ်သံ ပေါက်လာသည်။
"စစ်ရေးအရ သိပ်အရေးကြီးတဲ့ တံတားတွေ၊ လုံခြုံရေးအင်အား အပြည့်ချထားတဲ့ တံတားသုံးခု၊ လုံခြုံရေး အင်အား အပြည့်ချထား တဲ့ တံတားတွေ၊ သူပုန်တွေ အကျအဆုံးများစွာနဲ့ သုံးကြိမ် လာတိုက်တယ်၊ မိုးတွင်းကြီး မြစ်ရေပြည့်လျှံနေချိန် မော်တော်ယာဉ်တွေ ဖြတ်လို့ မရတော့ဘူး၊ မာရဇွန်တပ်မဟာ ကိုယ်ရံတော် တပ်မ တစ်ဝက်၊ တောင်ပိုင်းကို တိုက်ထုတ်ပြီး တံတားတွေ ပြန်သိမ်း၊ ပြန်ပြီး အနည်းဆုံး တစ်ပတ်မှာ ငါးရက်၊ လေကြောင်းက ပစ္စည်းများများ မပို့နိုင်"

စားပွဲဆီ ပြန်လာပြီး ဖုန်းကောက်ကိုင်သည်။ နံပါတ်တစ်ခုကို လှည့်နေရင်း ကျွန်တော့်ကို မော့ကြည့် ပြီး ...
"ကျွန်တော်တို့ ရဲ့ စစ်ရေးအကြံပေး ဗိုလ်မှူး ပေါလ်အင်ဒါဆင်ဆီက ကျွန်တော့ဆီ ဖုန်းလာထားတာ ရှိတယ်၊ အဲဒါ ပြန်မေးမလို့"
ကျွန်တော် အောင့်သက်သက် ဖြစ်သွားပြန်သည်။ အင်ဒါဆင်ကို ဘယ်သူဘယ်ဝါ စီဂြိုဟ်ပြု ပြနေစရာ မလိုပါ။ ကျွန်တော့်ဒေါသ တက်စလာဘက် လှည့်သွားသည်။
"တစ်ဆိတ် ... မောင်ရင့် ဆေးလိပ်တို ကို မီးငြိမ်းလိုက်ပါ"
 သူက ပြာခွက်ထဲမှ ဆေးလိပ်တို ကို ထိုးခြေပြီး မီးသတ်သည်။ မနက်ဖြန် အမိန့်တစ်ခု ထုတ်ရဦး မည်။ အဆောက်အအုံထဲ တွင် ဆေးလိပ်ပြာခွက် လုံးဝမထားရ။
ဆမ်နား ခပ်လောလော ပြောနေ၏။

"ဒီမယ် ... ပေါလ်၊ ဗားဂက်စ် ဘာလုပ်နေသလဲ"
သူက မြေပုံကို ဖျတ်ခနဲ ပြန်ကြည့်သည်။
"သေရောကွာ ... ကိုယ် သတိထားမိဖို့ ကောင်းတာပေါ့၊ ဒီမယ် ... မင်း သူ့ကို အဲဒီကိစ္စ ပြောပြလို့ ရမလား၊ ဘာလို့လဲ ဆိုတော့ အဲဒါ ထောင်ချောက်ဆင်တာ ဖြစ်နိုင်လို့ပေါ့၊ မဟုတ်ဘူး ... မြေပုံကို ကြည့်ပါလားကွ၊ ဆန်ပီအို ကို သိမ်းတာဟာ ခရုဇ်ရဲ့ မာရဇွန် တပ်မဟာကို တောင်ပေါ်ဘက် မျှားခေါ်ချင်လို့၊ ပြီးတော့ ... တံတားတွေ ကို ချိုးပစ်လိုက်တယ်၊ မာရဇွန်တပ်တွေ မြို့တော်ဘက်ကို တော်တော်နဲ့ ပြန်မလာနိုင်တော့ဘူး၊ ဗားဂက်စ် က တံတားမှာချထားတဲ့ လာကေးရဲ့ တပ်တွေ ပြန်ရုပ်ဖို့ အမိန့်ပေးတယ်၊ လာကေး လာပို့ထားတဲ့ တပ်အင်အား က အများကြီး၊ လိုတာထက် မတရား ပိုပို့ထားတယ်၊ ဘာ ... ကောင်းပြီ၊ ဟုတ်ပါတယ် ... မှန်းဆချက် ပါပဲ၊ ဒါပေမယ့် အောက်ခြေကလာတဲ့ သတင်းတစ်ခု ရှိသေးတယ်၊ ခမာရစ္စတာတွေ ညက ပါရက်စ် ကို ဖြတ်သွား ကြတယ်တဲ့၊ ဟုတ်တယ် ... မိတ်ဆွေများဆီကပေါ့၊ မင်း မရဘူး ... ဟုတ်လား၊ အေး ... ငါပြောတာ တွေ ပြန်စဉ်းစား၊ လောလောဆယ် ဗားဂက်စ်ရဲ့ တပ်တွေ စန်ကာလိုကို အမြန်ဆုံး ပြန်လာဖို့ မင်း သူ့ကို နားဝင်အောင်ပြော၊ ခရုဇ်ကို ခဏထားလိုက်ပေါ့၊ လာကေးကို အပြစ်မတင်နဲ့၊ တိုက်ဆိုင် တာ ဖြစ်ချင်လဲ ဖြစ်မယ်၊ ဗားဂက်စ်ကိုသာ သေနင်္ဂဗျူဟာ လုံးဝ မှားနေတဲ့အကြောင်း မင်းပြောပြ၊ အေး ... ငါ့ဆီ ပြန်ဆက်နော်"

သူ ဖုန်းချလိုက်သည်။ တက်စလာက အံ့သြမဆုံးသည့် အမူအရာဖြင့် ...
"သေတော့မှာပဲ၊ ဒီမယ် ... ရော့စ်ဆမ်နား၊ လာကေး ဖောက်သွားပြီးလို့ ပြောချင်တာလား"
ဆမ်နား သက်ပြင်းချသည်။
"မဟုတ်ဘူး ... အဆိုးဆုံး အခြေအနေအထိ တွက်ရတယ်ကွ၊ လောလောဆယ် သူ့အခြေအနေ မကောင်းဘူး၊ သူ သိထားတာတွေ အများကြီးရယ်၊ မနှစ်က မက်စ်တီဇို အစုံလိုက် အပြုံလိုက် သတ်မှုအတွက် သူက ဗားဂက်စ်မှာ တာဝန် ရှိတယ်လို့ ဝေဖန်တယ်တဲ့၊ အဲဒီမှာတင် ဗားဂက်စ်က အမေရိကန် သင်တန်းဆင်း အားလုံး ကို သူ့မပေးတော့ဘဲ ခရုဇ်ကို ပေးလိုက်တာပဲ၊ ပြီးတော့ ခရုဇ်က သူ့ကို အလစ်မပေးဘဲ စောင့်ကြည့်နေတယ်တဲ့၊ အဲဒီမှာတင် ဖြစ်နိုင်ခြေ ... ဖြစ်နိုင်တာကို ပြောတာ နော်၊ ဘာမျူဒက်စ်က လာကေးကို စည်းရုံးမှာပေါ့"
ကျွန်တော် တစ်ခုခု ထပ်ပြောမလို့ လုပ်နေတုန်း တက်စလာက မလိုတမာ ရယ်ပြီး ...

"ဒီမယ် ... ရော့စ်၊ လာကေးဟာ သူတို့အားလုံးအတိုင်း စားနေ ၀ါးနေတာပဲ၊ ပြီးတော့ သူက ကိုယ်တို့ မွေးထားတဲ့ လူပဲ၊ ဘယ်လိုလုပ်ပြီး သူပုန်ဘက် ပါနိုင်မှာလဲ၊ သူဝတ်တဲ့ အတွင်းခံ ဘောင်းဘီတံဆိပ်က စပြီး သူနောက်ဆုံး တွဲနေတဲ့ ကောင်မရဲ့ အတိုင်းအထွာအထိ ကိုယ်တို့ သိပြီး သားပဲ၊ ကိုယ်တို့ မသိဘဲနဲ့ ဘယ်လိုလုပ်ပြီး ဘာမျူဒက်စ် နဲ့ ဆက်သွယ်နိုင်မှာလဲ"
ကျွန်တော် သူ့ကို စိတ်ပျက်လာပြီ။
"တက်စလာ ... မင်းတော်တော့"
သည်အခန်းထဲတွင် ကျွန်တော် ရှိနေသည်ကို အခုမှ သတိရသွားဟန် တူ၏။ ကျွန်တော် ဟောက်တော့ သူ လန့်သွားသည်။
"ကဲ ... ဗိုလ်မှူးကြီး၊ အဲဒီ အဆိုးဆုံး အခြေအနေ ရောက်လာရင် နောက်တစ်ဆင့် ဘာလုပ်ကြမလဲ"
သူက မြေပုံကို ထောက်ပြပြီး ...
"မြို့ကို ကာကွယ်ဖို့ လာကေးရဲ့ အင်အား သိပ်နည်းနေပါတယ်၊ တံတားဆီကို လွှတ်ထားတဲ့ တပ်အင်အားက လိုတာထက် အများကြီး ပိုသွားလို့ပါပဲ၊ အဲဒီအထဲမှာ သူ့အပေါ် သစ္စာခံယူမှု နည်းတဲ့ တပ်မှူးတွေ အများကြီးပါမှာ သေချာပါတယ်၊ အဲ ... သူ့လူယုံတော်တွေကျတော့ လေဆိပ်နဲ့ သမ္မတ အိမ်တော် လို နေရာမျိုးတွေမှာ ပို့ထားမယ်၊ သူအားအကိုးဆုံး သူ့ရဲ့ ကိုယ်ပိုင် တပ်ရင်းကိုတော့ သမ္မတအိမ်တော်မှာ ချထားမယ်၊ သူပုန်တွေ ၀င်လာရင် ..."

တက်စလာက မယုံနိုင်သလို ခေါင်းယမ်းနေသည်။ ကျွန်တော့်အဖို့ နောက်တစ်ဆင့် လုပ်စရာက ရှင်းနေပါသည်။ ကျွန်တော် အမိန့်ပေးသည့်ဆဲဆဲတွင် ဆမ်နားက ဦးအောင် အကြံပေးလိုက်၏။
"မြို့ထဲမှာ တပ်တွေရဲ့ လှုပ်ရှားမှုအားလုံးကို ကျွန်တော်တို့ စောင့်ကြည့်ရမယ်"
ကျွန်တော် သဘောတူလိုက်သည်။ ဗိုလ်မှူးကြီးဆမ်နားက တယ်လီဖုန်း ကောက်မကိုင်မီ ဖုန်းမြည် လာသည်။ အသံ ပိုကျယ်နေသည် ထင်ရ၏။
"ဝေါလ် ...၊ အင်း ... ပြော"
သူ တစ်မိနစ်ခန့် နားထောင်သည်။ ထိုင်နေသည့် ခုံပေါ်တွင် ခါးညွှတ်ကျသွားသည်။

"ခဏလေး ... သူဒီမှာ ရှိတယ်"
ဖုန်းခွက် ကို လက်ဝါးနှင့် အုပ်ပြီး တုန်တုန်ယင်ယင် ပြောသည်။
"ပြဿနာတက်ပြီ ... သံအမတ်ကြီး၊ လာကေးရဲ့ တပ်တွေ လေဆိပ်နဲ့ သမ္မတအိမ်တော်ကို ချီတက် နေပြီတဲ့၊ ပြီးတော့ ... အသံလွှင့်ရုံ နဲ့ ရဲဌာနကိုလဲ ၀ိုင်းထားပြီတဲ့၊ မြို့ရဲ့ အနောက်မြောက်ဘက်က သေနတ်သံတွေ ကြားနေရတယ်တဲ့၊ အဲဒီမှာ သမ္မတ ကိုယ်ရံတော်တပ်တချို့ စောင့်နေတဲ့ ဗားဂက်စ်ရဲ့ စံနန်းတော်ကြီး ရှိတယ်လေ"

ဆက်ရန်
.

No comments: