Monday, October 22, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၃)

 ဦးဝိ၏အာရုံသည် ထိုအချိန်မှစ၍ တောင်ယာခင်းနှင့် ဘေးပတ်ဝန်းကျင်၏ ကြည်နူးဖွယ်ရာ ရှုခင်းဆီ မှ ရွှေဆို သည့် သတ္တုဝါ၀ါဆိ ပြောင်းရွှေ့သွားပါတော့သည်။ တစ်ချိန်တည်းတွင် ဤဒေသသို့ သွားခါနီး တွင် ကလေး တို့ အမေအား  " ငါ ခုသွားရမယ့်ဒေသက ရွှေအများကြီးထွက်တယ်လို့ ကြားတယ်၊ ငါပြန်လာရင် မင်း အဖို့ ရွှေ အများကြီး ယူခဲ့မယ်။ ရွှေဆွဲကြိုးကြီး၊ ရွှေလက်ကောက်ကြီး ၀တ်ဖို့သာပြင်ထား " ဟု ပြောခဲ့သည်။ ယခု ထို ကတိစကား၏ ပဲ့တင်သံသည် သူ့နှလုံးအိမ်ဆီမှ လျှံထွက်လာ သည်။ ထိုစကား ဖောက်ဖျက်၍ မဖြစ်။ ဒီတော့ ရွှေရရှိရေး တစ်နည်း ကြံဖန်ရဦးမည် သူသည် ယာခင်းရှင် ဦးယုံခအား "ဒီမှာ ဦးယုံခ၊ ခင်ဗျား ရွှေထွက် တဲ့ ချောင်းမြောင်းများ မသိဘူး လား၊ မကြားမိဘူးလား " ဟု မေးလေ၏။ ဦးယု့ခက " ဒီကနေ ၂ မိုင်လောက် ဝေးတဲ့ ချောင်း ထဲ မှာတော့ ရွှေအများကြီးထွက်တယ်လို့ ကြားဖူးတယ်။ ဘယ်လောက်တောင် ရွှေ ထွက်သလဲ ဆိုရင်၊ အဲဒီအချိန် က ရွှေကျင်တဲ့လီဆူတွေဟာ ရွှေကို ဟန်းကောဖုံးနဲ့ ချိန်စက် ခွဲဝေ ယူကြသတဲ့ "ဟုပြောပြလေ သည်။ ကို ဆက်ဖတ်ရန်.......

ဦးဝိ သည် အိနြေ္ဒပင်မဆည်နိုင်ဘဲ ဦးယုံခထ့ တိုးကပ်ထိုင်ကာ " ဆက်ပြောပြစမ်းပါဦး၊ ဦးယုံခ ရဲ့ ကျုပ်အလွန်ပဲ စိတ်ဝင်စားလာပြီ အလွန်ပဲ သိချင်ပါတယ် "ဟု အလောတကြီး မေးလေ၏။ ဦးယုံခ က ဆက်၍ " နောက်တော့ ရွှေထွက် လွန်းအားကြီးလို့ ရွှေကျင်တဲ့ လိဆူတွေ သွေးလန့်သွားကြသတဲ့၊ သူတို့ကို ရွှေပေးတဲ့ နတ်ဒေ၀ါများ ကိုလည်း ပသချင်စိတ် ပေါ်လာကြသတဲ့။ ဒါနဲ့ သဲသောင်ခုံကို မျက်နှာပြင် ညှိပြီး၊ ခြင်းကြားကြီး တစ်ခု နဲ့ အုပ်ထားပါသတဲ့။ ခြင်းနဲ့အုပ်ပြီး ဘာလုပ်ကြသလဲဆိုတော့ ကတိက၀တ်တိုင်တည်ကြပါသတဲ့။ ငါ တို့ကို ရွှေပေးသော တောစောင့်နတ်၊ တောင်စောင့်နတ်၊ နတ်ဒေ၀ါ အပေါင်းတို့၊ ငါတို့အား ဤ မျှသော ရွှေများကို ပေးသနားတဲ့ အတွက် ကျေးဇူးဆပ်လိုပါ၏။ ယခု ငါတို့ အုပ် ထားသော သဲပြင်ပေါ်တွင် နတ်မြတ် တို့အလိုရှိသော သတ္တ၀ါတစ်မျိုးမျိုး၏ ခြေရာကို ထင်ရှားစေတော်မူပါ။ ထိုခြေရာကိုကြည့်ပြီး ကျွဲခြေရာဖြစ် က ကျွဲ၊ ၀က်ခြေရာဖြစ်က ၀က်ဖြင့် ပူဇော်ပါမည်" ဟု ကျိန်ဆိုပြီး ညအိပ် ရာဝင်ကြပါသတဲ့။ နံနက် မိုးလင်းလင်းချင်း ခြင်းကြားကြီးကို ဖွင့်ကြည့်တော့ လားလား လူခြေရာနှစ်ခုတွေ့ ရသကတဲ့။

ဒါနဲ့ သူတို့ဟာ ငါတို့ထဲက တစ်ယောက်ယောက်ကို တော့ဖြင့် ပသရတော့မယ်လို့ အဓိပ္ပာယ်ကောက်ယူပြီး သူ့ထက် ငါ ဦးအောင်အထုပ် ဆွဲပြီး ထွက်ပြေးကြပါသတဲ့။ နောက်ပိုင်း သွေးလန့်ဂရောင် ချောက်ချားဖြစ်ကာ တစ်ယောက် ပြီး တစ်ယောက် ဖျားနာသေကုန်ကြတာ၊ နောက်ဆုံး တစ်ယောက်သာ အသက်ရှင်ကျန်သတဲ့။ သူလည်း ဒီဒေသ မှာ မနေရဲလို့ ဖားကန့်လုံးခင်းဘက်ဆီ ခြေရာဖျောက်ခဲ့တယ်လို့ နောက်ဆုံးကြားရတယ်" ဟု ရှည်လျား စွာ ပြောပြလေသည်။
 ထိုအချိန်တွင် ဦးယုံခ၏ သမီးချော မအားခူသည် ပြောင်းဖူးမီးဖုတ်များကို ဟန်းကောဖုံးတွင် ထည့်၍ ယူလာ ၏။ ဦးဝိ သည် မအားခူ၏ မျက်နှာလှလှကိုလည်း မကြည့်အား၊ ပြောင်းဖူးနုနု ပူပူနွေးနွေးဟုလည်း မမြင်၊ ဟန် ကောဖုံး အပြည့် ရွှေ အဖြစ်သာမြင်နေမိသည်။

" ဒါဆိုရင် ဒီလိုလုပ်ဗျာ၊ ခင်ဗျား စပါးရိတ်ပြီးရင်၊ အဖော်တစ်ယောက်ရှာပါ၊ ပြီးတော့ အဲဒီနေရာကို သွားပြီး လက်နဲ့ သုံးလေး ကွက်လောက် စမ်းကျင်ပါ၊ ပြီးတော့ အခြေအနေ ကျုပ်ကို လာပြောပါ။ အခြေအနေ ကောင်းရင် စက်နဲ့ ကျင် မယ်။ ခု ခရီးစဉ်နဲ့ ရိက္ခာအတွက် ကျုပ်ထောက်ပံ့မယ် " ဟုပြောရာ ဦးယုံခက သဘောတူ လက်ခံလေ သည်။
နောက် တစ်လခန့် ကြာသောအခါ ဦးယုံခ သည် ဦးဝိ ထံ သို့ လောပန်းတစ်ယောက်နှင့် ရောက်လာ၏။ ထိုလောပန်း သည် ရွှေ ကို ဟန်ကောဖုံးနှင့် ချိန်စက်၍ ဝေယူကြသည်ဆိုသော ပုံပြင်ကို လုံးဝဥဿုံယုံကြည် လိုက်ပြီး၊ စမ်းသပ်မှု ကိုပင်မပြုဘဲ မှုန်စုပ်စက်နှစ်လုံးနှင့် အများတကာထက်ဦးအောင် ရောက်လာခြင်းဖြစ် သည်။

ဦးယုံခ က ထိုလောပန်းနှင့် မိတ်ဆက်ပေးလေ၏။ လောပန်းက ဦးဝိအား စပ်တူလုပ်ရန်၊ လုပ်သား ရှာရန်၊ ရွှေထွက်ရာ သို့ အတူတကွသွား၍ လုပ်ကွက်ဖွင့်ဆုတောင်းပွဲပြုရန် ဖိတ်မန္တကပြုလေသည်။ ဦးဝိက " ကျွန်တော် ကိုယ်တိုင် က လိုက်သွားလို့ မဖြစ်သေးဘူး၊ ဒီတော့ ဦးယုံခ ကိုပဲ ကျွန်တော့်လူအနေနဲ့ ထည့်ပေး ပါ" ဟုပြောရာ လောပန်း က သဘောတူ လက်ခံလေသည်။ ဦးယုံခအား " ဦးယုံခ၊ မနက်ဖြန် ကျုပ်ဆီ ထပ်လာ ပါ။ ကြက်ခြင်း တစ်ခုလည်း ယူခဲ့ဟု မှာကြားလေသည်။ နောက်နေ့ ဦးဝိသည် ဦးယုံခအား၊ ရွှေလုပ် ကွက်ဖွင့် ဆုတောင်းပွဲ အတွက်၊ ကြက်နှစ်ကောင်၊ ရွှေဝါဆပ်ပြာ၊ ဆန်၊ ဆီ၊ ဆား၊ ဖယောင်းတိုင်၊ နို့ဆိ၊ သကြားနှင့် လိုအပ်မည့် စားနပ်ရိက္ခာ ကို ပေးလိုက်၏။ လုပ်ငန်းအတွက်တော့ နောက်မှ ညှိနှိုင်းမည်။

ဦးဝိသည် ဦးယုံခ အား ထိုပစ္စည်းများ ပေးအပ်ပြီးနောက် ပီတိနှင့်ပြီးသော စိတ်ကူးယဉ် ရေယာဉ်ကြောတွင် စိမ်ပြေနပြေ ကူးခတ်နေတော့ သည်။ " ရွှေထွက်မှာတော့သေချာတယ်။ ယခင်က လက်နဲ့ကျင်တာတောင် ဟန်းကောဖုံး နဲ့ ချိန်စက်ရတယ်ဆိုတော့ ခုစက်နှစ်လုံးအားနဲ့ဆိုတော့ အင်း ... ကျုပ်ရဲ့ ခွဲတမ်းတော့ တစ်ရွေး မှ မရောင်း ဘူး၊ အားလုံး အိမ်က ကလေးတို့အမေဖို့ ယူသွားမယ်" ဟု စိတ်ထဲတွင် ရွတ်ဆိုနေ၏။ တစ်ချိန် တည်း တွင် ရွှေလက်ကောက်ကြီး ရွှေဆွဲကြိုးကြီး၊ ရွှေလက်စွပ်တ၀င်းဝင်းနဲ့ မိမိရှေ့တွင် လမ်းသလားနေ သည့် ကလေးတို့ အမေ ကို မြင်ယောင်နေ၏။
နှစ်ပတ်ခန့်ကြာသောအခါ လောပန်းရောက်လာပြန်၏။ စက်နှစ်လုံးကို ရွှေလုပ်ကွက်ဒေသသို့ လူ (၁၀)ယောက်နှင့် ခကခက်ခဲခဲ ပင်ပင်ပန်းပန်း သယ်သွားရပုံ။ တောခုတ်တံတားဆောက်၍ တစ်လက်မ ချင်း ရွှေ့ယူပုံ၊ တစ်ချို့နေရာ အလွန်မတ်စောက်၍ ကြိုးနှင့်တုပ်ကာ ဖြည်းဖြည်းချင်း လျှောချရယူရပုံ ရောက်သွား ပြီဖြစ်ကြောင်း၊ စက်မဆင်ရသေးသော်လည်း ချောင်းစပ်တွင် လက်နှင့်ကျင်ရာ ရွှေတစ်ရွေးစ နှစ်ရွေးစ တွေ့ ရှိရပြီဖြစ်ကြောင်း၊ လပ်ငန်း စတင်တော့မည်ဖြစ်ကြောင်းနှင့် ရိက္ခာအတွက် ထည့်ဝင်ရန် ဆွေးနွေးပြော ဆိုလေသည်။

ထိုစကား ကို ကြားသောအခါ ဥိးဝိသည် ပို၍ အားတက်လာကာ ပီတိပိုးဝင်၍ တစ်ကိုယ်လုံး ရွစိရွစိဖြစ်နေ တော့ ၏။ စိတ်ထဲတွင်လည်း " အင်း ... စားရကံ ကြုံတော့လည်း ပါးစပ်ထဲ လာခွံ့နေပါလား " ဟု ရေရွတ် ကာ၊ လောကကြီး ကိုလည်း အကျေနပ်ကြီး ကျေနပ်နေတော့သည်။
ရက် သတ္တပတ် သုံးပတ်ခန့်ကြာသောအခါ လောပန်းနှင့် သူ့လက်ထောက် သူ့ဆီလာနေသည်ကို ဦးဝိ အဝေး ကပင်မြင် ရ၏။ ဦးဝိက မိမိအား ရွှေခွဲတမ်းလာပေးနေပြီဟု ၀မ်းသာကြည်နူးစွာထွက်၍ ကြိုလေသည်။ သို့သော် သူနှင့် နီးကပ် လာသောအခါ လောပန်း၏ မျက်နှာသည် မှုန်မှိုင်း၍ ညှိုးငယ်နေသည်ကို တွေ့ရသည်။

လောပန်းနှင့် သူ့လက်ထောက်အား အိမ်ထဲ ဖိတ်ခေါ်၍ ရေနွေးကြမ်းနှင့် ဧည့်ခံလေသည်။ လောပန်းသည် အတော်ကြာ သည့် တိုင် စကားမပြောဘဲနေပြီးမှ အခြေအနေကို ရွတ်ဆိုပြလေသည်။
လုပ်ငန်းသိမ်းနေပြီဖြစ်ကြောင်း၊ ရွှေတစ်မတ်သားမျှ မရကြောင်း၊ စက်နှစ်လုံးကိုလည်း တောထဲ တွင် ပစ်ထား ခဲ့ကြောင်း၊ ပြန်သယ် ယူ၍ မရတော့ကြောင်း၊ ရေတံခွန်ရှိကြောင်း၊ ဒဏ္ဍာရီပုံပြင်ကို မစူးစမ်းဘဲ မိုက်မဲစွာ ယုံ မှတ်ခဲ့၍ နောင်တကြီးစွာ ရမိကြောင်း၊ ယခုတော့ အားလုံး ဆုံးရှုံးပြီဖြစ်ကြောင်း ဆွေးမြေ့စွာ ပြောလေသည်။
ထိုစကား ကို ကြားသောအခါ ဂိုးလ် ရပ်ဦးဝိသည်လည်း လည်လိမ်ရောဂါမိသည့် ကြက်ဖကဲ့သို့ မှိုင်ကျသွား၏။ သူ၏ ရွှေရရှိရေးနည်းလမ်း လည်း ကျရှုံးသွားသည့်အပြင် ရွှေအိပ်မက်သည်လည်း ပျက်ပြယ် သွားလေတော့ သည်။

ရွှေတစ်မူး

ဇော်ထူးသည် ယနေ့မနက် အဖိုးအခရ၍ ပျော်မြူးနေ၏၊ တစ်လောကလုံး လှပနေသည်ဟုရှုမြင်သည်။ ခါတိုင်းနေ့များ ဆိုလျှင် ဆွမ်ပရာဘွမ်မြို့၏ နံနက်လေရူးသည် မျက်နှာပေါ် ရိုက်ခတ်လာလျှင် အပ်ဖျားပေါင်း ဒါဇင်ချီ ၍ တစ်ပြိုင်တည်း စူးဝင်လာသည်ဟု ခံစားရသည်။ ယနေ့မနက်မှာတော့ အေးမြလှသည့် နံနက်ခင်း ၏ ဆောင်းလေ ပါးပြင်ပေါ် ရိုက်ခတ်လာသည်ကိုပင် နံ့သာရေမွှေး ပက်ဖြန်းခံရသည်ဟု ခံစားမိ၏။

သူတစ်ပါးမှာတော့ အလုပ်တစ်ခု ပြီးမြောက်မှသာ အဖိုးအခရကြသည်။ ဇော်ထူးအတွက်တော့ ထိုသို့မဟုတ်။ အလုပ် မလုပ်ရသေး၊ လုပ်အားခရနေပြီ၊ အလုပ်ရှင်က အဖိုးအခကြိုတင်ထုတ်ပေးလေပြီ။ ဇော်ထူးကဲ့သို့ ကံထူးသူ ဤလောက ၌ များများစားစား အဘယ်မှာ ရှိမည်နည်း။ ဇော်ထူးကတော့ ကံထူးသူပါ။
လုပ်အားခ ထုတ်ယူသည် မှာလည်း စက္ကန့်ပိုင်းမျှသာကြာသည်။ လုပ်ငန်းရှင်က နှမြောတွန့်တို မနေ လှစ်ခနဲ ရှင်းပေး သည်။ ရွှတ်၊ ရွှတ်ဤမျှသာ ကြာသည်။ ဇော်ထူး ထုတ်ယူသော အဖိုးအခမှာ ငွေကြေးအသပြာတော့ မဟုတ်ပါ။ လက်ဖ၀ါးဖြန့်၍ ခံယူခြင်းလည်းမဟုတ်၊ နှင်းဆီပွင့်ရောင် နှုတ်ခမ်းအစုံ မိမိပါးသိုင်းမွေး ကျိုးတိုး ကျဲတဲပေါ်နှစ်ချက် မျှ ကျရောက်ပွတ်တိုက်သွားခြင်းမျှသာဖြစ်သည်။ ဤမျှဆိုလျှင် ဇော်ထူး ဘာမဆိုလုပ်ဖို့ အသင့်ဖြစ်နေပြီ။ ပထမဆုံး အကြိမ် အဖိုးအခ ရယူစဉ်က ၀မ်းသာပီတိဖြစ်လွန်း၍ လူကွယ်ရာတွင် ရင်ဘတ် ထဲ ၀မ်းသာလုံး ဆို့လာ၍ လက်သီးဆုပ်ဖြင့် အသာထုလိုက်ရာ " ဒုတ်ဒုတ်" ဟု မည်လေသည်။ ဟုတ်ပါပြီ၊ ငါ့ရဲ့ ရင်ခေါင်းနှလုံးသား မှာ သူမ ၀င်ရောက်အခြေချနေပြီ "ဟိဟိ" ဟု ကြိတ်ရယ်ရင်း မှတ်ချက်ပြုလေ၏။

ယနေ့ နံနက်လုပ်အားခရရှိပြီး ဇော်ထူးသည် ဘောလုံးကွင်းနားက အများပြည်သူ သုံး ရေဘုံပိုင် ရှိရာသို့ ရေခပ်ရင်း အ၀တ်လျှော်ရန် အလွန်လန်းဆန်းသောစိတ်။ သွက်လက်သော ခန္ဓာကိုယ်တို့ဖြင့် ကြွမြန်းလေ သည်။
သွပ်ပိုက်မှလာသော ရေသည် နံနက်ခင်းဆိုလျှင် အရည်ပျော်နေသော ရေခဲရေတမျှ အေး၏။ အလွန် သတ္တိ ကောင်းသူများ၊ ရေမချိုးလျှင်မဖြစ်သည့် နပုလ္လိင်များသာနံနက်ခင်း၌ ရေချိုးတတ်ကြသည်။
ဇော်ထူး သည် ရေချိုးရန် သွားခြင်းတော့ မဟုတ်။ အ၀တ်လျှော်ရန်နှင့် ရေခပ်ရန်ဖြစ်သည်။ သူ၏ စိတ်ထဲ တွင် ရေဘုံပိုင် မှာ လူရှင်းပါစေဟု ဆုတောင်းနေ၏။ သူသည် စိုးရိမ်ကြီးစွာနှင့် ရေဘုံပိုင်ရှိရာသို့ လှမ်းကြည့်သည်။ ကံကောင်းပေစွ၊ မည်သူမျှမရှိ။
ရေဘုံပိုင်ရောက်သည်ဆိုလျှင် ရေဖွင့်ပြီး ကျောက်ပြားပေါ်တွင်ပါလာသည့် အ၀တ်များကို စိမ်ပြေနပြေ စိတ်ရှိ လက်ရှိ လျှော်ဖွတ်လေ၏။ သူသည် အ၀တ်စ၏ ဖောင်းအိအိနေရာကို အတွင်းအပြင် လှန်၍ တရုတ် ပြည်မှ လာသော ၀ါးဘရပ်ကြီးနှင့် အားရပါးရ တိုက်လေ၏။

" ကိုဇော်ထူး" အသံကြား၍ ဆောင့်ကြောင့် ထိုင်လျှော်ဖွတ်ရာမှ နောက်သို့ လှန်ကျမတတ် လန့်ဖြန့်သွား၏။ ဘယ်အချိန် ရောက်လာမှန်းမသိသော သူ၏ မိတ်ဆွေကြီး ဇော်မိုင်၏အသံဖြစ်သည်။ သူသည် လျှပ်တစ်ပြတ် အတွင်း သူပွတ်တိုက်နေသော ဖောင်းအိအိအရာကို အနားရှိသူ့စွပ်ကျယ်အင်္ကျီနှင့်အုပ်လိုက် ၏။
ပြီးမှ " ဟဲဟဲဟဲ"အသံပြု ရယ်လေသည်။ သူသည် စကားနည်းသူဖြစ်၍ ဤမျှလောက်နှင့် အဖြေဖြစ်ပြီ။ မျက်နှာတော့ အနည်းငယ် ပျက်သွား၏။ မည်မျှပျက်သွားသနည်းဟုမူ အလစ်တွင် ဟင်းခိုးစားသည်ကို မိခင် မိ ထားသော ကလေးငယ်၏ မျက်နှာမျိုးဖြစ်သည်။

ခက်သည်က အများပြည်သူသုံး ရေဘုံပိုင်ဆိုတော့ ထိုနေရာတွင် တစ်ယောက်တည်း အကြာကြီးရှိခိုးဖို့ မဖြစ်နိုင်။ ဦးဇော်မိုင်သည် သူ့မိတ်ဆွေကြီး ဇော်ထူး၏ အကြောင်းကြားပြီး၊ သိပြီးဖြစ်သည်။ သူသည် မည်သည့် အရာကိုမျှ မမြင်မတွေ့မိသလို ပုံမှန်မျက်နှာဖြစ်အောင် သရုပ်ဆောင်လေ၏။ သူတို့နှစ်ယောက် စကားစမည် အပြန်အလှန် အနည်းငယ် ပြောပြီးသောအခါ ဇော်မိုင်၏ ပလတ်စတစ်ရေပုံးပြည့်သွား၍ သယ် သွားလေသည်။
ဇော်ထူးသည် တစ်ယောက်တည်း ကျန်နေပြန်၏။ ယခုတစ်ကြိမ်တော့ စိမ်ပြေနပြေ မလျှော်တော့။ ထိုအရာ ကို သူ၏အင်္ကျီများနှင့် ရောထွေးပြီး ကျီးကန်းတောင်းမှောက် ဟိုကြည့်၊ ဒီကြည့်နှင့် ဖွတ်လျှော်ပါလေတော့ သည်။

ဇော်ထူးသည် အသက်အားဖြင့် လေးဆယ်ကျော်ပြီ။ ယခင်က မိန်းမရဖူးသည်ဟု ဆိုကြ၏။ သေသွား သလား တော့မည်သူမျှ သေချာမသိ။ သိကြသူများရှိလဆင်လည်း အကြောင်းမရှိ၍ ပြန်မပြောကြ။ မဆိုကြ။
ယခု ဤမြို့ သို့ ရောက်ရှိသည့်အခါမှာတော့ တစ်ကိုယ်ရေသမားဖြစ်နေသည်။ သူ၏မျက်နှာသည် ခပ်သွယ် သွယ်ရှိပြီး ပါးသိုင်းမွေးပါးပါး ပေါက်နေ၏။ အရပ်အမောင်းမှာလည်း ထိုဒေသပျမ်းမျှအရပ်အမြင့်ထက် သာ၏။ ထို့ကြောင့် ယခင်က ကောင်းဘွိုင်ခေါ် နွားကျောင်းသားရုပ်ရှင်ကြည့်သူများက သူ့ကို ကလင့်အိးစ၀ုဒ်ဟုပင် နောက်ပြောင်ခေါ်ဆိုကြသည်။ အကယ်၍ သားသားနားနား ၀တ်စားမည်ဆိုလျှင် ကလင့်အိးစ၀ုဒ် ကို မမှီသည့်တိုင် နွားကျောင်းသားများနှင့် နီးစပ်နိုင်ပါသည်။
ယခုတော့ သူသည် ပစ်စလက်ခတ်နေ၏။ နိုင်ငံ ၀န်ထမ်းဖြစ်သည့်တိုင် ဖိနပ်စီးချင်မှ စီးသည်။ ဤအခြေ တွင် ရွှေတစ်မူးနှင့် မည်သို့ ဆက်စပ်သွားပါသနည်း။ ရွှေတစ်မူးမှာ ထိုမြို့၏ ကွမ်းတောင်ကိုင်ဟု မသတ်မှတ် သည့်တိုင် အသားဖြူဖြူ မျက်နှာဝိုင်းဝိုင်းနှင့် မိန်းကလေးပျိုများတွင် ရှိသင့်ရှိထိုက်သည့် အရာများကို အချိုး ကျကျ ပိုင်ဆိုင်ထားသူဖြစ်သည်။ တစ်ခုတော့ ရှိသည် သူမသည် စာပေကျောင်းပညာအရာတွင်တော့ ရှိသင့် ရှိထိုက်သည့် အဆင့်၌ မရှိချေ။

ဥာဏ်ထိုင်း၍တော့ ဟုတ်ဟန်မတူ၊ အကြောင်းတစ်ခုခုတော့ရှိမည်။ သူမ၏ဖခင်သည် တောပုန်းကြီးလုပ်နေ သည်။ သူခိုးဓားပြတော့ မဟုတ်။ သို့ရာတွင် တစ်နှစ်လျှင် ရက်အနည်းငယ်သာ မြို့အိမ်တွင်နေပြီး သူ၏ တောင်ယာခင်းတွင်သာ နေလေသည်။ တစ်ချို့က ဟိုလိုလို ပြောကြသည်။ သူ့၌ လူသိ၍မဖြစ်သော အသီးအနှံ တစ်မျိုးစိုက်ထားသည်ဟုလည်း တိုးတိုးပြောကြသည်။
ဤတွင် မြို့ပေါ်ရှိ သူ့အိမ်တွင် မားမားမတ်မတ် ရပ်ပေးမည့် ယောက်ျားဘသားတစ်ဦး ရှိရန် လိုလာသည်။ ဇော်ထူးနှင့် ရှေးယခင်ကတည်းကပင် သိကျွမ်းခဲ့သည်။ ဆွေမျိုးစပ်တော့ သားမတ်မျိုးတော်စပ်နေ သည်။ သို့ နှင့် ရွှေတစ်မူး၏ ဖခင် ဆင်ဝါးနော်နှင့် ဇော်ထူး တို့သည် နှစ်ဦး သဘောတူ နှုတ် ကတိက၀တ်ပြုကြသည်။ ဇော်ထူးသည် ဆင်ဝါးနော်၏ အိမ်ကို ဦးစီး၍ လိုအပ်သည်များ၊ ရပ်ရွာရေးကစ အိမ်မိုး အိမ်ပြင်၊ ထင်းခွေ၊ တောင်ယာလုပ်ငန်းအဆုံးလုပ်ပေး၇မည်။ အဖိုးအခအဖြစ် သမီးကြီး ရွှေတစ်မူးနှင့် ပေးစား မည်ဟူ၍။

သို့နှင့် ဇော်ထူးသည် ဆင်းဝါးနော်၏ အိမ်သို့ ပြောင်းရွှေ့၍ အခြေချနေထိုင်ပါတော့သည်။ အိမ်တွင် လိုအပ်သမျှ မငြီးမငြူ ဆောင်ရွက်သည်။ တောင်ယာခုတ်၊ ထင်းခွေ၊ ရေခပ်လုပ်ငန်းအကြီးအသေး ရွေး မနေတော့၊ တစ်နေ့သော အခါ ရွှေတစ်မူးနှင့် ...။ ဤစိတ်ကူးအိပ်မက်ကြောင့် မည်မျှပင်ပန်းသည့် အလုပ် ဖြစ်ပါစေ။ ဇော်ထူးအဖို့ အသေးအဖွဲမျှသာ။
အမှန်ပင် ရွှေတစ်မူးသည် ဇော်ထူးကို တိမ်းညွတ်လာသည့် အရိပ်အရောင် ပြသလေ၏။ ဇော်ထူးအလုပ် လုပ်သည့် နေရာမနီးမဝေးတွင် ရစ်ဝဲနေတတ်၏။ တစ်ခါတလေ ပွတ်သီးပွတ်သပ်လုပ်တတ်သေးသည်။ ထင်းခွေ၊ တောင်ယာ အတူသွား အတူလာ တွေ့ရတတ်သည်။ ဇော်ထူးသည် ၀န်ထမ်းဆိုပေမယ့် မိခင်ဌာန တွင် သူ့ အလုပ် ရံဖန်ရံခါမှသာ ရှိသည်။ ခရီးသွား ခရီးလာတော့ ရှိတတ်သည်။ တစ်ခါတလေ အဖွဲ့နှင့် တစ်ခါတစ်ရံ တစ်ယောက်တည်း။

အတူစား အတူလာနှင့် ရွှေတစ်မူးသည် ဇော်ထူးအား သူ၏ ပျိုပျစ်သောအရွယ်၊ ချိုမြသော စကားလုံးများဖြင့် ဖမ်းစား ထား၏။ သို့နှင့် "ကိုဇော်ထူး ရှင်ေ၇ချိုးသွားရင် ကျွန်မ ဘော်လီပါ လျှော်ခဲ့ပါ" ဟု ပြောပြီး ဇော်ထူး၏ ပါးနှစ်ဖက်ကို သူ၏ နှုတ်ခမ်းအစုံဖြင့် တစ်ချက်စီပေါက်၍ ဆုချတတ်သည်။
တစ်နေ့သော် ရွှေတစ်မူး ၏ ဖခင်သည် သူ၏ လျှို့ဝှက်ကမ္ဘာမှ မြို့ပေါ်၇ှိ သူ၏နေအိမ်သို့ ပြန်လာ၏။ သူပြန် လာပြီး နှစ်ရက် အကြာ ညဘက်တွင် ရှပ်လစ် (Shat Lit) ခေါ် စားသောက်ဖွယ်ပါသည့် နောက်လွယ်နှင့် လူကြီးများ ၀င်လာကြ၏။ ဇော်ထူး၏ စိတ်တွင် ရှုတ်ထွေးသွား၏။ မတွေးတတ်အောင်ဖြစ်သွား၏။ ဤသို့ " ရှပ်လစ် " ခေါ် နောက်လွယ်နှင့် လာသည်မှာ မိန်းမလာတောင်းခြင်းဖြစ်သည်။ (မှတ်ချက်။ "ရှပ်လစ်" ဆိုသည် မှာ ကောက်ညှင်းပေါင်း၊ ကြက်ဥပြုတ်၊ ကြက်အကောင်လိုက်ပြုတ်၊ အရက်(သို့မဟုတ်) ဆီ ၊ကော်ဖီ သကြားများ ပါသည်။)

ဤအိမ်၌ အရွယ်ရောက်ပြီး မိန်းကလေးဆို၍ "ရွှေတစ်မူး" သာရှိသည်။ ရွှေတစ်မူးကိုလည်း သူ့အားပေးစား မည်ဟု နှုတ်ကတိပြုထားပြီးးဖြစ်သည်။ ယခုဘာအတွက် လာကြပါသနည်း။ အဘယ်သူကို များ တောင်း၇မ်း မည်နည်း။ ဇော်ထူး၏ စိတ်ထဲရှုပ်ထွေးသွား၏။ သိပ်မကြာပါ အဖြေပေါ်ပြီ၊ "ရွှေတစ်မူး" ကို တောင်းလာပါသတဲ့။ ရွှေတစ်မူးကလည်း သဘောတူပါသတဲ့။ ကွမ်းဖိုးများပင် တင်ကြပြီး၊ ဈေးဆစ်ကြ၊ နေ့ ရက် သတ်မှတ်ကြလုပ်နေပြီ။
ဤတွင် ဇော်ထူး၏ ရင်ခေါင်း ထဲ ဂျက်လေယာဉ်ကြီးပျံဝဲနေပြီ။ သို့သော် စိတ်ကို ချုပ်တီးကာ ရွှေတစ်မူး၏ ဖခင်ထံ ချဉ်းကပ်၍ ရွှေတစ်မူးကို သူ့အား ပေးစားမည်ဟု နှုတ်ကတိရှိကြောင်း သတိပေးပြောဆိုလေသည်။ ရင်ညွှန့် တည့်တည့်တွင် ဖနောင့်နှင့် အပေါက်ခံရသည်ထက်ပင် ပြင်းထန်သည့် ဝေဒနာ ခံစားသွားလေသည်။

" ကိုဇော်ထူး မင်းကို ငါ့သမီး ရွှေတစ်မူး ပေးစားမယ်လို့ ငါမပြောခဲ့ဘူး၊ ရွှေတစ်မူးသားပေးမယ်လို့သာပြောခဲ့ တယ်" ဟု ပြောလေသည်။
ဆင်ဝါးနောင် သည် ဒေသထုံးတမ်းအရ သူတို့သမီး အပ်နှင်းပွဲပြုလုပ်၏။ ဇော်ထူးသည် သံပတ်ပေးထား သော အရုပ်တစ်ခု ပမာ လှုပ်ရှား၍ ၀ိုင်းဝန်းကူညီပေးရှာ၏။ သူ၏မျက်နှာသည် မည်သည့်ခံစားချက်မှမရှိ သည့် ကျောက်ဆစ်ရုပ်မျက်နှာမျိုးဖြစ်နေသည်။ မပြုံးမရယ်၊ စကားမပြော၊ ရင်ထဲပျံဝဲနေသော ဂျက်လေယာဉ်သံ ကိုလည်း သူမှတစ်ပါး မည်သူမျှ မကြားနိုင်။
နောက်နေ့တွင် ရွှေတစ်မူးသည် ဂျစ်ကားရှေ့ခန်းကား ဆရာ၏ အနားတွင် အခန့်သားထိုင်၍ ထွက်ခွာ သွားပါ တော့သည်။ ချက်ချင်းပင် ဇော်ထူးသည် ပလတ်စတစ်ရေပုံးတစ်ခုကိုင်ပြီး သူသွားနေကျ အများပြည်သူသုံး ရေဘုံပိုင် ဆီသို့ သွားလေ၏။ ထိုနေရာမှ တောင်ဘက်ကို ကြည့်လိုက် လျှင် မြစ်ကြီးနားသို့သွားသည့် ကား လမ်းကို မြင်ရသည်။ တောင်ကုန်းများကို ကွေ့ပတ်ဖောက်ထားသော လမ်းကို ဟိုအဝေးနေရာ အထိမြင်ရ သည်။ အမှန်တော့ ဇော်ထူးသည် ရွှေတစ်မူးပါသွားသော ထိုဂျစ်ကား ကို နောက်ဆုံးအနေနှင့် သွားကြည့်ခြင်း ဖြစ်သည်။

ဂျစ်ကားသည် ကွေ့ပတ်ထားသော ကားလမ်းအတိုင်း ပြေးလွှားနေသည်။ ကားလမ်း သည် တောင်ကုန်း လျှို မြှောင်များကို ကွေ့ပတ်ဖောက်ထားသည်ဖြစ်၍ ဂျစ်ကား သည် ပျောက်ကွယ် သွားလိုက် ပေါ်လာ လိုက်နှင့် တောင်ဘက်အရပ်ဆီသို့ ဦးတည်ပြေးလွှားနေပြီး နောက်ဆုံးအကွေ့ ကို ကျော်ဖြတ် ကာ ပျောက်ကွယ်သွားပါ တော့သည်။
ဇော်ထူးသည် ရွှေတစ်မူးကို တကယ်ပင် ချစ်မြတ်နိုးခဲ့သည်။ တစ်နေ့နေ့ တစ်ချိန်ချိန်ဟူသော မျှော်လင့် ချက်ဖြင့် ခိုင်း သမျှ လိုအပ်သမျှ၊ မမောနိုင်မပန်းနိုင် လှုပ်ရှားခဲ့သည်။ ယခုတော့ ပါသွားပြီးပေါ့။ သူ၏ ပါးသိုင်း မွှေးပေါ် မှ နှင်းပေါက်နှစ်ခု လှိမ့်ဆင်းလာပြီး မြေကြီးနှင့် ထိတွေ့ပေါက်ကွဲကာ ပျောက်ကွယ်သွားသည်။ သူသည် ၀မ်းနည်းကြေကွဲစွာဖြင့် ရင်ဘတ်ကို လက်သီးဆုပ်နှင့် ထုလေ၏။ " ဒေါင် ဒေါင်"။
ဟိုက် ငါ့ရင်ဘတ် ဟောင်းလောင်းသံကြီးပါလား။ ဟုတ်ပြီ ရွှေတစ်မူးငါ့ရင်ခေါင်းထဲက အပြီးအပိုင် ထွက်ခွာ သွားပါပြီ ဟီး။ သူသည် တစ်ကိုယ်တည်း စိတ်အစဉ်ထဲမှ ရွတ်ဆိုငိုကြွေးခြင်းဖြစ်သော်လည်း နောက်ဆုံး ဟီး ... အသံမှာ နှုတ်ခမ်းနှစ်ခုကို တွန်းဖယ်၍ အပြင်သို့ လွှင့်ထွက်သွားတော့သည်။

ရွှေတစ်မူးသည် ချစ်သူ နောင်ဘား၏ ဂျစ်ကားရှေ့ခန်းတွင်ထိုင်၍ ဘ၀စိတ်ကူးဖြင့် ရူးကာ မစေ့သော နှုတ် ခမ်းအစုံဖြင့် ချစ်သူအိမသို့ လိုက်ပါသွား၏။ ဟိုရောက်တော့ အမေကြီး တစ်ယောက်နှင့် သူ့အရွယ် မိန်းမပျို တစ်ဦး တွေ့ရသည်။ နောင်ဘားက အမေ့ထံသွား၍ " ဒါ အမေ့ချွေးမ" ဟု မိတ်ဆက်ပေးသောအခါ၊ ထို အမေကြီးနှင့် မိန်းမရွယ်တို့၏ မျက်နှာများသည် ထိကရုန်းရွက်အတို့ခံရသကဲ့သို့ တစ်ပြိုင်တည်း ညှိုးကျ သွား၏။ နောက်နေ့ နံနက် ထိုအမျိုးသမီးကို မတွေ့ရတော့ချေ။

နောင်ဘားနှင့် သူ့အမေသည် အမေတစ်ခု သားတစ်ခု ဖြစ်ကြသည်။ နောင်ဘားသည် ဂျစ်ကားတစ်စီးနှင့် မြို့ရွာအနှံ့ သွား၍ ကုန်တင်သည်။ ပါဆင်ဂျာပို့သည်။ အငှားလိုက်သည်။ အရွယ်ရောက်သော်လည်း မိန်းမ မယူ လူပျိုကြီး လုပ်နေသည်။ သူ့အမေသည် တစ်နေ့တခြား အိုမင်းလာ၍ အိမ်တွင် တစ်ကိုယ်တည်းနေရန် အခက်တွေ့လာ၏။ စားရေးသောက်ရေး မပူပင်ရသော်လည်း မိမိမကျန်းမမာ ဖြစ်လာသည့်အခါတွင် အဖော်လို ပြီ၊ အထူးသဖြင့် ချွေးမလိုချင်ပြီ။ သို့နှင့် သားတော် နောင်ဘားအား မိန်းမယူရန် မကြာခဏ နားချ သည်။ သို့သော် အကောင်အထည်ဖော်မလာ။ နှစ်နှစ်သုံးနှစ် ကြာသွားသည်။

တစ်နေ့သောအခါ နောင်ဘား၏ ကားရှေကခန်းတွင် ခတ်ရွှင်ရွှင်ချောချောလှလှ မိန်းကလေးတစ်ယောက်ပါ လာ၏။ နောင်ဘားက " ဒါ အမေ့ချွေးမ" ဟု မိတ်ဆက်ပေးလေသည်။ သူ့အမေ၀မ်းသာလွန်း၍ မျက်ရည်ပင် ကျရှာ ၏။ ချွေးမကို သူမ၏ လက်ကိုဆွဲ၍ အိမ်ထဲခေါ်သွားသည်။ ဤသို့ဖြင့် နောင်ဘား၏ အမေ သည် ချွေးမ ချောချော ရ၍ ဆန္ဒပြည့်ဝသွားလေတော့သည်။
သို့သော် ခြောက်လခန့်ကြာသောအခါ ဂျစ်ကားရှေ့ခန်းတွင် မိန်းကလေးချောချော တစ်ယောက် ပါလာပြန် ၏။ နောင်ဘားက ခပ်တည်တည်နှင့် " ဒါအမေ့ချွေးမ" ဟု မိတ်ဆက်ပေးပြန်လေသည်။ ဤတွင် နောင်ဘား အမေနှင့် ချွေးမတို့၏ မျက်နှာသည် မုန်တိုင်းကျတော့မည့် မိုးကောင်းကင်ကဲ့သို့ အုံ့မှိုင်းသွား၏။ နောင်ဘား၏ မိန်းမဖြစ်သူ က မျက်လုံးအစုံမှ ရဲရဲနီ၍ စူးရှသော အလင်းတန်းလွှတ်၍ အကဲခတ်၏။ ယခုပါလာသည့် မိန်းကလေး သည် မျက်နှာတစ်ချက်မပင်မပျက်။ အိတ်ဆွဲ၍ အိမ်ထဲသို့ပင် ရဲရဲတင်းတင်း -၀င်လာ၏။

နောင်ဘား၏ မိခင်နှင့် ယခင်ချွေးမတို့သည် ယခုဝင်လာသည့် မိန်းမပျိုအား နှုတ်ဖြင့် ပူးပေါင်း တိုက်ခိုက်ကြ၏။ နောင်ဘားသည် ခက်မဆိတ်နေ၏။ မိန်းကလေးက နှုတ်ခွန်းမလှန်။ နောင်ဘားဘေးတွင် ခပ်တည်တည် ပူးကပ်နေ၏။ သို့နှင့် ယခင်ချွေးမသည် အခြေအနေအရပ်ရပ်ကို မည်သို့မျှ တွန်းလှန်ဖယ် ရှားမှု မပြုနိုင် ဘဲ သူသာလျှင် လှန်ကျသွားတော့သည်။ နောင်ဘား၏ အမေသည်လည်း နောက်ရောက်လာ သည့် မိန်းကလေး ကိုသာ ချွေးမတော်ရတော့သည်။ နောက်ပိုင်းတွင်တော့ အမေ့ချွေးမ သစ်ရောက်လာ လျှင် ချွေးမဟောင်းသည် သဘောပေါက်စွာဖြင့် အသာတကြည် ထိုအိမ်မှ ထွက်သွားကြပါသတဲ့။ သူကလည်း ရှိပြီး ချွေးမနေရာ အစားဝင်လာသည်မဟုတ်ပါလား။

ဤသို့ပင် ရွှေတစ်မူး ရောက်လာသည့်အခါ နောက်နေ့တွင်ရှိပြီး ချွေးမဟောင်း ထွက်ခွာသွားရ၏။ ဤသို့ဆို လျှင် ရွှေတစ်မူးအလှည့်မှာကော မည်သို့ တတ်နိုင်မည်နည်း။ စလယ်ဝင်အိုးဖင်မမည်းခင် တစ်နေ့ " ဒါ အမေ့ချွေးမ" ဟု အသစ်တစ်ယောက်အား မိတ်ဆက်ပေးသည့်နောက်နေ့တွင် ရွှေတစ်မူးသည်လည်း ကားကြုံစီး ၍ မိမိရပ်ဌာနေသို့လစ်ရပြိ။
ဇော်ထူးသည် ရွှေတစ်မူးမရှိသော်လည်း ဆင်းဝါနောင်၏အိမ်တွင် နေမြဲနေ၏။ ရွှေတစ်မူးအိပ်သောနေရာ။ ထိုင်သော ခုံ၊ ကိုင်နေကျ စားအိုးစားခွက်များတွင် ရွှေတစ်မူး၏ အငွေ့အသက် ကျန်နေသေးသည်ဟု ကြံဖန် တွေးတောပြီး ခံစားနေတော့ သည်။

တစ်ညနေတွင် ကလေးတစ်ဦး ရေးကြီးသုတ်ပြာနှင့် ဇော်ထူးထံရောက်လာပြီး သတင်း တစ်ခု ပြာကြားလေ ၏။ ဇော်ထူး သူ့နားကိုပင် သူမယုံနိုင်။
" ရွှေတစ်မူး ကားဂိတ်ရောက်နေသည် လာကြိုပါတဲ့ "။ သူသည် ဖိနပ်ပင်မစီးအား၊ သုံးပေမျှသာမြင့်သော အိမ်မှ လှေကားထစ် များအတိုင်း မဆင်း။ ခုန်ချ၍ ကသောကမျော ပြေးသွားလေသည်။ လမ်းတွင် မညီ မညာ ငေါထွက်နေသော ကျောက်ခဲစွန်းတစ်ခုကို ခြေမဖြင့် တိုက်မိသေး၏။ ခြေမကွဲ၍ သွေးထွက်ပြီထင်ပါရဲ့။ ကွဲပါစေ၊ သွေးထွက်ပါစေ၊ ဇော်ထူးငုံ့၍ပင် မကြည့်အား။ ကားဂိတ်သို့သာ အသော့နှင်လေတော့သည်။

ကားဂိတ်ရောက်တော့ ရွှေတစ်မူးမှ ရွှေတစ်မူးအစစ်။ သူ့ကို ပြုံးချိုသော မျက်နှာနှင့် ဆီးကြိုနေ၏။ ဇော်ထူး သည် ရွှေတစ်မူး၏ ထဘီပါသော သံသေတ္တကို ပုခုံးပေါ်ထမ်း။ ခြင်းကြီးတစ်ခုကို ဘယ်လက်ဖြင့်ဆွဲ၍ အိမ်ရှိရာသို့ သယ်သွားလေ သည်။ ရွှေတစ်မူးကတော့ ခေါက်ထီးတစ်လက်ကိုင်ကာ ဇော်ထူးနောက်မှ လိုက် လာ၏။ အိမ်ရောက် ပစ္စည်းချတော့ ရွှေတစ်မူးက " ကိုဇော်ထူး ကျွန်မ ပြန်လာပြီရွှတ်ရွှတ်" ဤအကြိမ် တွင် တော့ သေတ္တကြီးထမ်းပြီးမှ ရတဲ့အဖိုးအခပါ။
ဇော်ထူး အကျေနပ်ကြီး ကျေနပ်နေ၏။ ၀မ်းသာကြည်နူးမှုဝေဒနာတစ်ရပ်ကို ရင်ထဲမှာ တလှပ်လှပ်ခံစား နေ၏။ " ရွှေတစ်မူး ရယ် မင်းပြန်လာလို့ ငါ ဘယ်လောက် ၀မ်းသာနေတယ်ဆိုတာ မင်းသိမှာပါ။ ငါ မင်း အဖေပေး မယ့် ရွှေအစိတ်သား၊ တစ်ပိဿာမလိုချင်ပါဘူး။ ငါလိုချင်တာက ရွှေတစ်မူးဆိုတဲ့ ငါ့ရဲ့ သည်းခြေစိုက် မင်း ... ရွှေတစ်မူးလေးပါ" ဟု စိတ်ထဲ တွင် ရေရွတ်နေပါတော့သည်။

ဆက်ရန်
.

No comments: