Tuesday, October 2, 2012

ကြူးနစ် ၏ ကွန်ဒိုကြွက်

ကွန်ဒိုကြွက်

ဤအဖြစ်အပျက်တွင် မူလ ဇစ်မြစ် လက်ရင်းတာဝန်ရှိသူမှာ ကျွန်တော်ကိုယ်တိုင်ပဲဖြစ်နေပါသည်။ တစ် တရားခံ ကျွန်တော်၊ အဓိက ဗီလိန် ကျွန်တော် အမှုရှာသူဂြိုဟ်ကောင် ကျွန်တော်ဟု ပြောလိုက ပြောကြပါ။ ကိုယ့်အပြစ်ကို ယ်မရှောင်လွှဲ၊ မတိမ်းဖယ်လိုတော့၊ ထမင်းပူလာ လျှာမလွဲလိုတော့ပါ။ မပြေးသော်လည်း ကန်ရာက ရှိနေခဲ့ပါပြီ။ ထိုဗီဒီယိုခွေကို ကျွန်တော် ရှာဖွေဝယ်ယူလာခဲ့ပါသည်။ ဂျာမနီနိုင်ငံမှ ရုပ်ရှင်အနုပညာသမားတစ်စု ဖန်တီး ထုတ်လုပ် ခဲ့ကြသော ဆေးသိပ္ပံ နယ်ပယ်နောက်ခံ လျှို့ဝှက်သည်းဖိုဇာတ်လမ်းစီဒီခွေဖြစ်ပါသည်။ စီဒီခွေရောင်း ချသူ ဆိုင်ရှင် တရုတ်ကြီးက " မိသားစုဖျော်ဖြေ ရေးဇာတ်လမ်း"ဟု အာမခံချက်ပေးခဲ့သည်။ စီးဒီခွေပေါ် မှ ကဒ်ထူကာဘာကလည်း စိတ်ဝင်စားစရာကောင်း သည်။ ဓာတ်ခွဲခန်းဝတ်စုံဝတ် လူထွားကြီး တစ်ဦးက လက်ဆွဲသေတ္တာ တစ်လုံးကို ဘယ်ဘက်လက်ဖြင့် ကိုင်ထားပြီး ညာလက်ထဲ မှာတော့ သွေးတွေစက်စက်ကျနေကြသည့် ရဲတင်းကြီးတစ်လက်ဆွဲကိုင်ထား သည်။ လူပြိန်းကြိုက် သရုပ်ဖော်ကြော်ငြာ ပဲ မဟုတ်ပါလော။ ကျွန်တော်ကလည်း လူ့အဖွဲ့အစည်းထဲမှာ များရာစုဖြစ်ကြသော လူပြိန်း အုပ်စုကြီး ထဲမှ မထင်မရှားလူပြိန်းတစ်ယောက်မျှသာ ဖြစ်ပါသည်။

လူပြိန်းဖြစ်သော ကျွန်တော်လည်း ၁၀ ထပ်မြင့်သော ကွန်ဒိုအခန်းတွဲတိုက်အိမ်ကြီးတစ်လုံးမှ အဋ္ဌမမြောက် အခန်းတစ်ခန်း မှာ နေထိုင်လျက်ရှိပါသည်။ မိသားစုနှင့်အတူ နေထိုင်ခြင်းဖြစ်သည်။ ဇနီးနှင့် သားသမီးနှစ်ယောက် ရှိသည်။ သမီးကြီးက အသက် ၁၂ နှစ်အရွယ်ရှိပြီး သားငယ်က ၅ နှစ်သား အရွယ်ဖြစ် သည်။ ယခုအဖြစ်အပျက်ထဲမှာ သားငယ် ဒီဒီကလည်း ပဓာနဇာတ်ကောင်အဖြစ် ပါဝင်နေသည်။ ကျွန်တော်တို့ မိသားစုနေထိုင် ကြသော သက်တမ်းနု သစ်လွင်တောက်ပ လှသည့် ဤ " ကွန်ဒို " condominium တိုက်ခန်းတွဲ ဧရာမ အဆောက်အအုံကြီး ကလည်း ယခု အဖြစ်အပျက်ထဲမှာ ဇာတ်ပို့တစ် နေရာက ပါဝင်နေပြန်သည်။ ဤ "ကွန်ဒို " ဇာတ်ပို့ကြီး ၏ အရေးပါသော ၀ိသေသအချို့ကို ကျွန်တော် ပြေပြ ရဦးမည်။

ကွန်ဒိုရှိ တိုက်ခန်းအသီးသီးကို လူပုဂ္ဂိုလ်အသီးသီးက ပိုင်ဆိုင်ထားကြသော်လည်း ကွန်ဒို၏ စည်းကမ်း ပဋိညာဉ်များ ကို တိတိကျကျ လိုက်နာကြရသည်။ အရေးတကြီး လိုက်နာရသော စည်းကမ်းတစ်ခုမှာ အမှိုက် သရိုက်နှင့် စားကြွင်းစားကျန် များကို သတ်မှတ်ထားသော အမှိုက်ပုံးများမှာ ထည့်သွင်းထားကြရပြီး သတ်မှတ် ထားသောအချိန်တွင် အမှိုက်သိမ်းကားရှိအမှိုက်ခန်းထဲသို့ သွားရောက်စွန့်ပစ်ကြရခြင်းဖြစ်သည်။ ကွန်ဒို အုပ်ချုပ်စီမံခန့်ခွဲရေး ဘုတ်အဖွဲ့မှ တာဝန်ရှိသူတစ်ဦးသည် သန့်ရှင်းရေးဆောင်ရွက် မှုများကိုအချိန် မရွေးကြည့်ရှု စစ်ဆေးခွင့်ရှိပြီး စည်းကမ်းဖောက်ဖျက်မှုတစ်ခုအတွက် တာဝန်ရှိသူအခန်းရှင်ကို ဒဏ်ရိုက်ခွင့်ရှိသည်။ ဒဏ်ရိုက်ခွင့် များထဲတွင် လျှပ်စီးမီးလျှော့ချဖြတ်တောက်ခြင်း လည်းပါဝင်ပါသည်။

" လူတစ်ယောက် ကျန်းမာရေး ကြံ့ခိုင်တောင့်တင်းဖို့ တစ်ကိုယ်ရည် သန့်ရှင်းမှုက အဓိကကျသလို ကျုပ်တို့ရဲ့ ကွန်ဒို အိမ်ရာကြီးရဲ့ လှပတင့်တယ်မှုအပါအ၀င် ကွန်ဒိုအိမ်ရာကြီးမှာ မှီတင်းနေထိုင်ကြတဲ့ ဂုဏသရေရှိ လူကြီးမင်း မိသားစုအားလုံးရဲ့ နေထိုင်မှုစတိုင်မှာလည်းပဲ သန့်ရှင်းသပ်ရပ်မှုဟာ ပဓာနဖြစ်ပါတယ်။ ဒီအချက်ကို အားလုံး သဘောပေါက်ကြမှာပါခင်ဗျာ။
ဘုတ်အဖွဲ့ဝင် ပုဂ္ဂိုလ်ကြီးက ဆက်ပြောပြန်သည်။ " ကျုပ်တို့ရဲ့ ကွန်ဒိုဟာ အများအတုယူစရာ စံပြ ကွန်ဒိုဖြစ်စေ ရမယ်။ စံပြကွန်ဒိုဖြစ်ဖို့ လူတွေကလည်း စံပြဖြစ်ကြရမှာပေါ့။ ကျုပ်ပြောလိုတာက သန့်ရှင်းမှ ကျန်းမာ မယ်။ ကျန်းမာမှ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာမယ်။ ကျန်းမာမှ ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြမယ်။ ဒါကြောင့် သန့်ရှင်းသပ်ရပ်မှု၊ ရောဂါဘယတွေ မကျရောက်အောင် ကြိုတင်ကာကွယ်နိုင်မှု။ အစစ အရာရာ ကျန်းမာရေး သတိရှိကြ ဖို့ ဒီနေရာကနေ ကျုပ် လေးလေးနက်နက် နှိုးဆော်လိုက်ပါတယ်ခင်ဗျား"
သူက ယေဘုယျ သဘောမျိုး ပြောခဲ့သော်လည်း ကျွန်တော်တို့က အသေးစိတ် တိတိကျကျ နားလည် လိုက်ကြ ပါသည်။

ကွန်ဒို ၏ အခားစည်းကမ်းတစ်ချက်မှာ အိမ်မွေးတိရစ္ဆန်များ (ခွေး၊ ကြောင်စသည်များ)ကို မိမိတို့က်ခန်းတွင်း၌ သာ သွားလာနေထိုင်ကြစေရန်နှင့် အပြင်သို့ ခေါ်ထုတ်လာလျှင် စနစ်တကျ ချည်နှောင် ထိန်းကွပ် ထားကြဖို့ဖြစ်သည်။ မိမိတို့၏ တိရစ္ဆာန်က ဒာတ်လှေခါး၌ဖြစ်စေ၊ ရိုးရိုးလှေခါး၌ဖြစ်စေ အညစ်အကြေးစွန့်ပါက မိမိဘာသာ သန့်စင်ရှင်းလင်းပေးရန် လိုက်နာရသည်။ မလိုက်နာပါက ဒဏ်ငွေ ချမှတ်မည်။
ဤသို့သော တင်းကျပ်သည့် စည်းကမ်းကြောင့် ကွန်ဒိုမှာ နေသူများထဲတွင် ခွေး၊ ကြောင် မွေးဖြူသူ အလွန် နည်းပါး သလားတော့မသိပါ။ အချို့ကတော့ တန်ဖိုးကြီး " တယ်ရီယာ" ခွေးကလေးများ"၊ " စိန်ဘားနတ်" အမဲလိုက်ခွေး များ၊ "ဒိုဘာမင်" ခွေးသမင်များ မွေးမြူထားကြသည်။ ထိုခွေးများကို တိုက်ခန်းအပြင်အပ ၌ တွေ့ရခဲပါသည်။ ကြောင်မွေးသူ အရေအတွက်က ခွေးမွေးသူထက် အဆများစွာပိုသည်။ သို့သော် ကြောင် များ ကိုလည်း ခွေးများနည်းသူ တိုက်ခန်းအပြင်မှာ တွေ့ရဖို့ ခဲယဉ်းလှပါသည်။

ဤသို့သော အခြေအနေများကြောင့် ကွန်ဒိုမှာ မွေးဖွားလာခဲ့ရသော ကျွန်တော်တို့၏သားငယ် "ဒီဒီ"သည် အသက် ၅ နှစ် ထဲ ၀င်သည်အထိ "ကြွက်" ဆိုသော သတ္တ၀ါကို ရုပ်မြင်သံကြား ဖန်သားပြင်နှင့် စာအုပ်များ ထဲက လွဲ၍ ပြင်ပ တွင် ပကတိအတိုင်း မျက်ဝါးထင်ထင် မတွေ့မမြင်ဖူးခဲ့ပေ။ ကြွက်သည် လူနှင့် အနီးစပ် ဆုံး နို့တိုက် သတ္တ၀ါများထဲတွင် လူကို ဒုက္ခ၊ အန္တရာယ်အပေးဆုံး ကြောက်မက်ဖွယ်အကောင်းဆုံး မိစ္ဆာတိရစ္ဆာန်ဖြစ်ကြောင်း လည်း သူ့ခမျာ မသိနိုင်ရှာပေ။

ကြွက်နှင့်ပတ်သက် ၍ ဒီဒီက ကျွန်တော်တို့ကို မေးမြန်းစပ်စုခြင်းမျိုးလည်း မရှိခဲ့ပေ။
ကျွန်တော် ၀ယ်ယူလာခဲ့သော ဂျာမန်အနုပညာဗီဒီယိုအခွေ ကြည့်ရတော့မှပင် ဒီဒီ၏ စိတ်အာရုံ သည် ကြွက်သတ္တ၀ါ ဆီသို့ စုပြုံစူးစိုက်သွားခဲ့ရခြင်းဖြစ်သည်။ ဘာကြောင့်ရယ်တော့မသိ။
ဗီဒီယို ဇာတ်လမ်း ထဲက ကြွက်များမှာ ကျွန်တော်တို့အနီးမှာ တွေ့နေ မြင်နေကျအိမ်ကြွက်တွေ မဟုတ်ကြ။ တောကြွက်တွေ ဘ၀မှ အိမ်ကြွက်တွေဘ၀သို့ ကူးပြောင်းလာကြသော Rat  ခေါ်ကြွက်မည်း ၊ ကြွက်ညိုတွေ မဟုတ်ကြ၊ အလွန် ရှားတောင့်ရှားပါး တကူးတကန့် သီးသန့်မွေးမြူ သားဖောက်ပေး ရ သည့် ကြွက်ဖြူကလေးတွေဖြစ်ကြသည်။ စမ်းသပ်ခန်းကြွက် Laboratory Rat ဟု လည်းခေါ်ကြ သည်။ ချစ်စရာ့ကြွက်ဖြူလေး များပေတကား။

ဗီဒီယိုဇာတ်လမ်းပြကွက်များထဲတွင် ရူးကြောင်ကြောင် စိတ္တဇဆရာဝန်ကြီး သည် ဆေးသိပ္ပံ စမ်းသပ်မှု များ ပြုလုပ်ရာ ၌ ကြွက်ဝမ်းဖြူကလေးများကို အသုံးချပုံကို အသေးစိတ်တင်ဆက်ထားသည်။ ထိုကြွက်ဖြူတွေ ကြောင့် ကျွန်တော် တို့ ဇနီးမေင်နှံခေါင်းကိုက်စရာ ကြုံလာကြရတော့သည်။ "ဘေဘေ အဲဒါ ဘာအကောင် လဲ" ဟု ဗီဒီယိုဇာတ်လမ်းထဲမှ ကြွက်ဖြူကလေးတွေကို ကြည့်ရင်း ဒီဒီက မေးလိုက်သည်။
" ကြွက် လို့ ခေါ်တယ် သားရဲ့ "
ကျွန်တော်က ဖြေသည်။ ထို အချိန်ထိ သားကလေးဒီဒီမှာ ကျရောက်စွဲကပ်တော့မည် ဥပါဒါန်ကို ကျွန်တော် တို့ မည်သို့မျှ မရိပ်စားမိနိုင်ကြသေး။

ဆရာဝန်သည် ကြွက်ဖြူကလေးတစ်ကောင်ကို မှန်လှောင်အိမ်ထဲမှ အသာကလေးဖမ်းယူပြီး အ၀ကျယ် ပုလင်းဖြူဖြူ ရှည်ရှည် တစ်လုံးထဲသို့ အသာအယာ ထည့်သွင်းလိုက်၏။ ကြွက်ဖြူကလေးသည် ပုလင်း၏ အတွင်းနံရံ ကို ကုပ်တွယ်တက်ရန် ကြိုးစားနေသည်။ မအောင်မြင်ပါ။
" ဘေဘေ သားကို အဲဒီလိုမျိုး ကြွက်ကလေး ၀ယ်ပေး "ဟု ဒီဒီက ဖန်သားပြင်ထဲမှ ကြွက်ဖြူကလေးကို လက်ညျိုး ထိုးကာ သူ့ဝသီအတိုင်း ချွဲနွဲ့သံကလေးဖြင့် တောင်းဆိုသည်။ ဒီဒီ တောင်းဆိုလျှင် ကျွန်တော်က အလိုလို အလွယ်တကူ လိုက်လျောချင်စိတ် နိုးကြားလာတတ်၏။

" အေးအေး ၀ယ်ပေးမယ် " ဟု ကျွန်တော်က ဗီဒီယိုဇာတ်လမ်းဆီမှ အာရုံမလွင့်ပါးအောင် ခပ်တိုတို၊ ခပ်တိုးတိုး ပဲပြောသည်။ ဤကဲ့သို့သော ကိစ္စမျိုးမှာ ဇနီးဖြစ်သူက ကျွန်တော့်လို အညှာမလွယ်တတ်။
" အဲဒီကြွက်က ၀ယ်လို့မရဘူး သားရဲ့၊ ပြီးတော့ မေမေတို့ တိုင်းပြည်မှာလည်း မရှိဘူး။ ဒါက နိုင်ငံခြား ဗီဒီယိုလေးကြွက်ဖြူတွေက နိုင်ငံခြားမှာပဲ နေကြထာ။ ဒါက နိုင်ငံခြားမှာ လူတွေက အသားဖြူကြသလို ကြွက်တွေ ကလည်း အသားဖြူကြတာပေါ့ သားရဲ့ "
ကြွက်ဖြူ ကလေး လိုချင်တယ် ၀ယ်ပေးပေါ့။
ဒီဒီ ငိုသံပါလာသောအခါ ကျွန်တော်တို့ပြိုင်တူပင့်သက်ရှိုက်မိကြသည်။

ဒီဒီ(ခေါ်) မောင်တက်နေ၀န်းသည် ကျွန်တော်တို့ မိဘနှစ်ပါး၏ အသက်ဗူးပမာဖြစ်သည်။ "သားရွှေဥ၊ မျက်ရှု ကြေးမုံ" ဆိုသော အလင်္ကာစကားလုံးများသည် ဒီဒီအတွက် တည်ရှိနေကြသည်သို့ ထင်ရပါသည်။ ဒီဒီ အတွက် ကျွန်တော်တို့ မောင်နှံကြီးလှစွာသော ပေးဆပ်မှုများ၊ စွန့်စားမှုများ၊ စိတ်သောကများ၊ မျှော်လင့် ချက်များနှင့် အတူ ရုန်းကန်လှုပ်ရှားခဲ့ကြရပါသည်။ ဇနီးဖြစ်သူမှာ ကျန်းမာရေး မကောင်းသည့်ကြားမှ ဒီဒီ့ကို ဗိုက် ခွဲ၍ မွေးထုတ်ခဲ့ ရပြီးနောက် အရွယ်မတိုင်သေးပါပဲ သားကြောဖြတ်လိုက်ရ၏။ ဒီဒီသည် လူစဉ်မမီလှဘဲ ချူချူ ချာချာနှင့်ပင် ကြီးပြင်းလာရင်း ဖြည်းဖြည်းချင်း ကျန်းမာကြံ့ခိုင်လာခဲ့ပါသည်။ တစ်ချိန်တည်း ၌ ခေါင်းမာ အတ္တကြီးသော ကလေးဆိုးတစ်ယောက်ဘ၀သို့ ရောက်လာသည်။ ဤသည်ပင်လည်း ဒီဒီ့ကို ကျွန်တော်တို့က အသက်ဗူး ပမာ မှတ်ယူလာစေရသော အရင်းခံအကြောင်းများ ဖြစ်နေမလားမသိ။ ကျွန်တော်တို့သည် ဒီဒီ၏ ကျန်းမာရေး နောက်ကြောင်းလှည့်သွားမှာ အစိုးရိမ်အလိုလိုက်၍ အမိုက်စော်ကား မှသာ စော်ကားကြပေရော့။ ဒီဒီ စိတ်ပျော်ရွှင်ချမ်းသာစွာ ရှင်သန်ဖို့သာ လိုရင်းဟု ခံယူလိုက်ကြ၏။

" ကဲ မငိုနဲ့ကွာ၊ ငါ ကြက်ဖြူကလေးဝယ်ပေးမယ်၊ မင်းငိုရင်တော့ ၀ယ်မပေးဘူး။ ဘယ်လိုလဲ မင်းအငိုတိတ် မလား" ဒီဒီ အငိုတိတ်အောင် ကျွန်တော် စည်းရုံးနိုင်ခဲ့ပါသည်။
ဒီဒီ့ကို  ယာယီစည်းရုံးထိန်းသိမ်းလိုက်ရသည်မှာ လွယ်ကူသလောက်၊ သူ၏ ဇွတ်တရွတ်အလိုဆန္ဒကို ဖြည့် ဆည်းနိုင်အောင် ကြိုးပမ်းရသည့် အလုပ်ကတော့ လွယ်လင့်တကူမရှိလှ၊ "ပူး"ဟုလည်း ခေါ်ကြသော ကြွက် ဖြူကလေးများသည် ရှားပါးမျိုးနွယ်ဝင်၊ နို့တိုက်သတ္တ၀ါမျိုးစိပ်တစ်ခုဖြစ်သည်။ ထိုကြွက်ဖြူ ကလေးများကို ဆေးသိပ္ပံဆိုင်ရာ ဓာတ်ခွဲခန်းများမှာ တွေ့မြင်ရလေ့ရှိကြသော်လည်း အိမ်ကြွက်ခေါ် ကြွက်ညို၊ ကြွက်မည်း တွေလို နေရာတကာမှာ တွေ့ရမည်မဟုတ်။ ကြွက်ဖြူကလေးများသည် ကြွက်မည်းတွေမှ ဆင်းသက် ပေါက်ဖွားလာကြသော်လည်း ကြွက်မည်းတွေနှင့် စရိုက်မတူ။ အတူလည်း နေထိုင်ခြင်း မပြုတတ်။ ထို့ကြောင့် သူတို့ကို ကြွက်မည်းတွေလို အစာနှင့်မျှား၍ ထောင်ချောက်ဆင်ဖမ်းဆီးခြင်းလည်းမပြုနိုင်။ သူတို့ကို သီးသန့်နေရာ မှာ သီးသန့်မွေးမြူသားဖောက်ရသည်။ ထို့ကြောင့် ရှာမှ ရှားသော ဆေးသိပ္ပံ ပညာ နယ်ပယ်အတွက် အဖိုးမဖြတ်နိုင်သော အထက်တန်းစား ကြွက်မျိုး ဟုပင် ခေါ်နိုင် ပါလိမ့်မည်။

" သူငယ်ချင်း လိုချင်တဲ့ ကြွက်ဖြူကလေးတွေကို တာမွေ၊ ကျောက်မြောင်းဘက်က အိမ်မွေး တိရစ္ဆာန်အ ရောင်းဆိုင်တွေမှာ ရနိုင်ပါလိမ့်မယ်" ဟု မိတ်ဆွေတစ်ဦးက အကြံပြုသဖြင့် တာမွေ၊ ကျောက်မြောင်း ရပ်ကွက်ဘက်ရှိ Pet-Shop ဟုလူသိများသော တိရစ္ဆာန်ကျေးငှက် အရောင်းဆိုင်များ ဆီသို့ ကျွန်တော် အပြေး အလွှား သွားရောက်ခဲ့သည်။
" ခုတလော ကျွန်တော်တို့ဆီမှာ အဲဒီကြွက်ဖြူကလေးတွေ ရောင်းစရာပြတ်နေတယ် မိတ်ဆွေ၊ စိတ်မပျက်ပါနဲ့၊ ရှစ်မိုင်ဘက်က အင်ဂလိုအင်ဒီးယန်းမကြီး အန်တီမေစီ့ဆီမှာတော့ ကြွက်ဖြူတွေ အုပ်လိုက်မွေးထားတာ။ သူက ကြွက်ဖြူတွေနဲ့ စီးပွားဖြစ်နေတာ။ သူ့ဆီကို သွားပါ။ ဟောဒီမှာ လိပ်စာ "
ရှစ်မိုင်ဘက်သို့ ကျွန်တော် အူရားဖားရား ပြေးရပြန်သည်။ ပြေးရကျိုးနပ်ပါသည်။ အင်ဂလိုအင်ဒီယန်းအဘွားကြီး အန်တီမေ့စီထံမှာ စီးပွားဖြစ်ရောင်းချဖို့ ကျန်းမာဝဖြိုးသည့် ကြွက်ဖြူကလေးတွေ ရှိနေကြသည်။ ဈေးနှုန်းကတော့ အကောင် အရွယ်အစားနှင့် မမျှအောင် မြင့်သည်။ သို့သော် သားကလေးဒီဒီအတွက် ကျွန်တော်၏ တစ်လ၀င်ငွေအပြုတ်ခံရဲပါသည်။

" မင်းက ဆရာဝန်လား " ဟု အဘွားကြီးကမေးသည်။
" မဟုတ်ပါဘူးခင်ဗျား၊ ကားပစ္စည်းပွဲစားပါ "
" အော ... "
သံနှင့် သံမဏိအပါအ၀င် သတ္တုမျိုးစုံနှင့်သာ ပတ်သက်သူက ကြွက်ဖြူကလေးတစ်ကောင်ကို အငမ်းမရ ပုံစံဖြင့် ၀ယ်ယူနေသော ကျွန်တော့် ကို အဘွားကြီး နားလည်သဘောပေါက်ပုံမရပါ။
" ကျွန်တော့် သားကလေးအတွက် မွေ့နေ့လက်ဆောင်ပါ ခင်ဗျာ "
" အိုး ကောင်းတယ်၊ ကောင်းတယ်၊ အရမ်းဂရုစိုက်ဖို့တော့ လိုတယ်နော၊ ပိုးမွေးသလို မွေးရတယ်ဆိုတဲ့ စကားကို မင်း ကြားဖူး မှာပါ "
အဘွားကြီး က ကျွေးမွေးပြုစုနည်းများ ရောဂါကာကွယ်နည်းများကို အသေးစိတ်ရှင်းပြသည်။ ကြွက်ဖြူ ကလေး ၏ ကျန်းမာရေးအတွက် လိုအပ်လျှင် သူ့ထံဖုန်းဆက်အကြံတောင်းရန်လည်း သတိပေးသည်။ မပေါ်လွင် မထင်ရှားသော လူသားအကျိုးပြုလုပ်ငန်းရှင် မိန်းမကြီးတစ်ဦးကို ကျွန်တော် တွေ့ဆုံနေရပါ သည်။ ဆေးသိပ္ပံပညာရှင်အချို့သည် အန်တီမေစီ၏ ကြွက်ဖြူကလေးများကို "ကြားခံ" ပြု၍ လူသားတို့အတွက် ထက်မြက်ကောင်းမွန်သော ဆေးဝါးတွေ စမ်းသပ်ဖော်ထုတ်နေကြသည်။ ထိုဆေးဝါးများဖြင့် လူသားတို့ကို ကယ်တင်နေကြသည်။ ဘာသာရေးအယူသီးသမားအချို့ကတော့ ဘယ်လို ထင်ကြမည်မသိပါ။

မှန်အကြည် လှောင်အိမ်ကလေးကိုပိုက်၍ အိမ်ထဲသို့ ၀င်လာသော ကျွန်တော့်ကို တွေ့ကြသည်နှင့် ဇနီးနှင့် ဒီဒီတို့ နှစ်ယောက် ကျွန်တော့်ထံ ပြေးလာကြသည်။ ရတနာ သိုက် ရွှေပုံငွေပုံကြီး ကို တွေ့သော လောဘသား ပင်လယ်ဓားပြ များ၏ မြူးတူးရွှင်ပျဟန်မျိုးဖြင့် ဖြစ်သည်။
" ဟေး သားသား လိုချင်တာ ရပြီဟေ့" ဟု ဇနီးက ဟစ်ကြွေးသလို၊ ဒီဒီကလည်း " ကြွက်ဖြူကလေး ကြွက်ဖြူကလေး" ဟုခုန်ပေါက်အော်ဟစ်နေသည်။ လှောင်အိမ်ထဲမှ မျက်လုံးနီနီနှင့် ကြွက်ဖြူ ကလေးကမူ ကမ္ဘာ သစ်တစ်ခုကဲ့သို့ ရောက်လာခြင်းကြောင့် အနည်းငယ်စိုးရွံ့ထိတ်လန့်နေဟန်မျိုးဖြင့် ကုပ်ချောင်းချောင်းကလေး ငြိမ်သက်နေသည်။
" သူ့နာမည် မီကီတဲ့၊ မီကီလို့ခေါ်နော် သား"

ကျွန်တော် က နို့နှစ်လိုဖြူဆွတ်သော (နို့နှစ်ရောင်) Milky ဟု ကင်ပွန်းတပ်လိုက်ပါသည်။ ကန့်ကွက်မည့်သူ မရှိပါ။ သူတို့မှာ ကန့်ကွက်ခြင်း၊ စဉ်းစားခြင်း၊ ရွေးချယ်ခြင်း စသည်များ ကို စဉ်းစားတွေးတောချိန် မရအောင် ပျော်ရွှင်မြူးတူး ၀မ်းသာလုံးဆို့နေကြပုံရပါသည်။
" မီကီ ... မီကီ ... ဟေ့ မီကီ "ဟု ဒီဒီက မှန်လှောင်အိမ်ထဲမှာ ၀ပ်နေသော ကြွက်ဖြူကလေးအနီးသို့ မျက်နှာကို တိုး ကပ်ကာ တယုတယ ကြင်နာသံကလေးဖြင့် ခေါ်နေသည်။ ကြွက်ဖြူကလေးက လှောင်အိမ် ထဲမှာ ဟိုပြေး သည်ပြေးရွေ့လျားနေသော အခါ ဒီဒီ သဘောကျသည်။

ကျွန်တော် က ဇနီးကို မီကီ အတွက် ပြုစုစောင့်ရှောက်နည်းများ ကျွေးမွေးသုတ်သင်နည်းများကို တစ်ဆင့်ပြန် လည်ပို့ချနေ ပါသည်။ ဇနီးကလည်း စိတ်ဝင်တစား မှတ်သားနေပါသည်။
" လှောင်အိမ် ထဲမှာနေရတော့ သူအညောင်းမိပြီး ကျန်းမာရေးနဲ့ ညီညွတ်ပါ့မလား" ဟု ဇနီးက စိုးရိမ်သံသဲ့သဲ့နှင့် ဆိုသည်။ ကျွန်တော်က စိတ်ရှည်လက်ရှည် ရှင်းပြရပါသည်။
" ဒီကြွက်မျိုးက သုတေသန ကြွက်မျိုးဆိုတော့ တခြားကြွက်တွေလို ဂျလေဘီ မဟုတ်ဘူး ကွ၊ လှောင်အိမ်ထဲမှာပဲထားထား။ သေတ္တာထဲမှာပဲထားထား အေးအေးဆေးဆေး နေတတ်ကြတယ်။ အဲဒါ သူတို့ရဲ့ သဘောဝပဲ၊ လူနဲ့လည်း တရင်းတနှီးယဉ်ပါးပြီးနေတတ်ကြတယ်။ ဘယ်လိုခေါ်မလဲ။ ကြွက် ယဉ် ကလေးတွေ လို့ ခေါ်ရမယ်ထင်ပါရဲ့။

" ဘယ်တိရစ္ဆာန်ပဲဖြစ်ဖြစ် လှောင်အိမ်ထဲမှာ ထားတာမျိုးကို ကျွန်မ သိပ်ပြီးသဘောမကျဘူး၊ သူ့ သဘာဝအတိုင်း လွတ်လွတ် လပ်လပ် နေတာပဲကြိုက်တယ်။ တိရစ္ဆာန်ရုံမှာ တွေ့ရတဲ့ ကျားကြီး တစ်ကောင် လှောင်အိမ်ထဲရောက်နေတော့ သနားစရာအကောင်ကြီးလို့ ထင်ရတယ် "
ကျွန်တော် မရယ်ချင်ဘဲ ရယ်မိသည်။ ကျွန်တော့်ဇနီးသည် ခေတ်ပညာတတ်၊ မြို့ပြနေ အမျိုးသမီး တစ်ဦး လောကီစည်းစိမ်အရသာမက်မောသော လူသားတစ်ဦးဖြစ်သည့်တိုင် သူတော်စင်လောကီ တစ်ယောက် လို တွေးတောခံစားနေပုံရပါသည်။

" ဒီမယ်ကွာ၊ အားလုံး လှောင်အိမ်ထဲ ရောက်နေကြတာပါပဲ။ ငါတို့လည်း ကွန်ဒို ဆိုတဲ့ လှောင်အိမ်ကြီးထဲ ရောက်နေကြတယ်။ အဲဒီ ကွန်ဒို ကရော လွတ်လပ်လို့လား။ မဟာ ရန်ကုန် လှောင်အိမ်ကြီးထဲမှာ ပိတ်မိနေ တယ်။ အို ... ကွာငါတို့ တစ်ကမ္ဘာလုံး နေစကြာဝဠာထဲမှာ အကျဉ်းကျနေ တာပဲ။ ကဲ မင်းဘာပြောဦးမလဲ " ဟု ကျွန်တော်က ပြောလိုက်သည့်အခါ ဇနီးသည် သဘောကျနှစ်ခြိုက်သလို ဟက်ဟက်ပက်ပက် ရယ်မော ပါတော့သည်။

ဒီဒီ့ အလိုဆန္ဒကို ဖြည့်ဆည်းပေးနိုင်ခဲ့ကြသည့်အတွက် ကျွန်တော်တို့ ကြည်နူးကျေနပ်ခဲ့ကြသည်။ ထူးခြား သည်မှာ ကျွန်တော် တို့၏ သမီးကြီးက "မီကီ"ကို စိတ်မ၀င်စားခြင်းဖြစ်သည်။ ကြွက်ဖြူကလေးမှာ သမီးကြီး အတွက် အထူးအဆန်း မဟုတ်သကဲ့သို့ ထင်ရသည်။ ကောင်းပါသည်။ ဒီဒီကလည်း ကြွက်ဖြူကလေးကို သူ တစ်ဦးတည်း ပိုင် ဖြစ်လိုဟန်ရှိသည်။ မီကီ၏ လှောင်အိမ်အနီးမှာ သူက ရဲမက်ကြီးတစ်ဦးလို ခပ်တည်တည် ကြီး စောင့်နေတတ် သည်။ လှောင်အိမ်နားသို့ ဘယ်သူကပင် လာခြင်းကိုမျှ သူ မကြိုက်ချေ။ ညဘက် တွင် ကြွက်လှောင်အိမ်ကလေးကို ဒီဒီ၏ အိပ်ရာအနီးသို့ ရွှေ့ထားပေးရပါသေးသည်။

ကျွန်တော် တို့ မိဘများ၏ အမြင်ကတော့ မကြာမီ ဒီဒီသည် မီကီအပေါ် စိတ်ဝင်စားမှုလျော့နည်းသွားလိမ့် မည်ဟု ဖြစ်သည်။ ရှင်းရှင်းပြောရလျှင် ဂရုလည်းစိုက်ရ၊ ကရိကထလည်းလည်းများသော အိမ်မွေး တိရစ္ဆာန်တစ်ကောင်အတွက် ကျွန်တော်တို့ ကြောင့်ကြမစိုက်ချင်ကြပါ။ မလိုလားအပ်သော မိုးမွှားတွေ ခိုကပ် မနေနိုင်အောင် အထူးစီစဉ်ထားသည့် ကွန်ဒိုတိုက်ခန်းတွင် ကြွက်ဖြူတစ်ကောင်မွေးထားရ သည်မှာ သွားကို အထူးဂရုစိုက်သူ တစ်ဦးအသားဟင်းစားရင်း သွားကြားညပ်သလို ခို့လို့ ခုလုခံစားရပါသည်။ သို့သော် သားလှရွှေသွေး နှလုံးအေးမြရွှင်ပျကြည်လင်နေခြင်းကိုကြည့်၍ တစ်ဘက်ကနေ ကျွန်တော် တို့ မောင်နှံ စိတ်ချမ်းသာခွင့် ရခဲ့ကြပါသည်။

ကြွက်ဖြူများသည် ကြွက်မည်းတွေနှင့် ဗီဇစရိုက်ချင်းများစွာကွဲပြားသည်။ ကြွက်မည်းတွေက ဣ္တေ္ဒွမရ၊ လှုပ်လှုပ် ရွရွနေတတ်ကြ၏။ ကြွက်ဖြူတွေက လှုပ်လှုပ်ရှားရှားရှိနေတတ်ကြသည့်တိုင် သိမ်မွေ့ကြသည်။ ထို့ကြောင့် လည်း ကြွက်ဖြူတွေကို အလှမွေးမြူကြခြင်းဖြစ်ပါသည်။
မီကီ့ကို ရောင်းချလိုက်သော အင်ဂလိုအင်ဒီးယန်းအဘွားကြီး အန်တီမေစီ၏ မှာကြားလမ်းညွှတ်ချက်အတိုင်း ၃/၄ ရက်ကြာသောအခါ မီကီ၏ လှောင်အိမ်တံခါးကိုဟ၍ အစာပန်းကန်ကို တံခါးအဟနားမှာ ချပေးလိုက် ပါသည်။ မီကီက တံခါးအဟကလေးမှ ခေါင်းကလေးပြူ၍ အစာစားသည်။ နောက် ၃/၄ ရက်ကြာတော့ တံခါးကို အပြည့် ဖွင့်ပေးကာ အစာပန်းကန်ကို လှောင်အိမ်နှင့် တစ်ပေအကွာမှာ ချပေးသည်။ မီကီသည် လှောင်အိမ်ထဲမှ မရဲတရဲထွက်လာပြီး အစာစားသည်။ ကျွန်တော်က ကောက်ကိုင်ပြီး ညင်သာစွာ ပွတ်သပ်ပေးခြင်းကိုလည်း ငြိမ်ငြိမ် သက်သက် ကလေးနေ၍ တုံ့ပြန်သည်။ နောက်တစ်ပတ်ကြာသောအခါ၌မူကား မီကီသည် ဒီဒီ၏ လက်မောင်းများကြား မှာ ပွေ့ပိုက်ထားခြင်းကိုပင် သိမ်မွေ့အေျးေဆးစွာ ခံယူလာနိုင်သည်။

နောက်ပိုင်းတွင် ဒီဒီက အခန်းနီးချင်းကစားဖော်ကလေးများကို ခေါ်ယူ၍ သူ၏မီကီကို ပြသသည်။ သို့သော် ဘယ်သူ့ကို မျှ ကိုင်တွယ်ထိတွေ့ခွင့်မပေး။
" မီကီ့ကို ဘယ်သူမျှ ကိုင်လို့မရဘူးကွလ ဟု ဒီဒီက ကြွားဝါမောက်မာသံဖြင့် ကြေညာသည်။
" မင်းကြွက်ဖြူကလေး ကို တစ်ခါကိုင်ရင် ပိုက်ဆံတစ်ထောင်ပေးမယ်ကွာ" ဟု ဒီဒီနှင့် ရင်းနှီးသော ကစားဖော်တစ်ဦး က ဆိုသည်။ ထိုကလေး၏မိဘများမှာ ကျောက်မျက်ရတနာဆိုင်ပိုင်ရှင်များဖြစ်ကြသည်။
" မင်း ပိုက်ဆံဘယ်လောက်ပေး ပေး မီကီ့ကို မကိုင်ရဘူး" ဟု ဒီဒီက မာနရှင် လူကြီး တစ်ယောက်၏ မျက်နှာ ထားဖြင့် ပြောသည်။ မှန်ပါသည်။ နောက်ပိုင်းမှာ မီကီ့ကို ကျွန်တော်တို့ ကိုင်လျှင်တောင် ဒီဒီက မလိုလား ခွင့်မပြုတော့ ပါ။

ကြွက်ဖြူကလေးမီကီ ရောက်ရှိလာခြင်းကြောင့် ကျွန်တော်တို့ ကြုံတွေ့ကြ ရသော ပြဿနာတွေ အနက် ခေါင်းရှုပ်ရင်ကျပ်စရာ အကောင်းဆုံးမှာ ဒီဒီ့ကို မူကြိုကျောင်းသို့ ပိုပရေး၊ မပို့ရေး အခက်အခဲဖြစ်သည်။ ဒီဒီက မီကီ မပါဘဲ ကျောင်းသို့မသွားဟု ပြတ်သားစွာ အရေးဆိုသည်။ မူကြိုကျောင်းကလည်း ကြွက်ဖြူ က လေးတစ်ကောင် ပါရှိသော မှန်လှောင်အိမ်ကလေးကို ကလေးတွေကြားမှာ ထားခွင့်ပြုမှာ မဟုတ်။
သည်တော့ အသင့်တော်ဆုံးနည်းနှင့်သာ ဖြေရှင်းရတော့သည်။ ကျွန်တော်တို့သည် အိမ်မှာ လာရောက် စာသင်ပေးနိုင်မည့် အရည်အချင်းပြည့်မီသော ဆရာမ တစ်ယောက်ကို ရှာဖွေကြရသည်။ ဆရာမ တစ်ယောက် မှာ အရည်အချင်းပြည့်မီပြီး ကလေးချစ်တတ်သူဖြစ်သော်လည်း ကြွက်ကိုတော့ မချစ် တတ်။ မချစ်တတ်ရုံ သာမက ကြွက်ဆိုလျှင် ဖြူဖြူမည်းမည်း အသည်းတုန်အောင် ကြောက်ရွံ့တတ်သူ ဖြစ်နေရှာလေ၏။ အချိန်ကုန်၊ ငွေကုန်၊ လူပန်းဖြစ်ပြီး ကာမှ ဒီဒီ့အတွက် ဆရာမတစ်ဦးကို အခကြေးငွေ ကြီးစွာပေး၍ ငှားရမ်း ရရှိခဲ့ပါသည်။

" ကျွန်မကတော့ ကြွက်မပြောနဲ့၊ ကျားလည်း မကြောက်ဘူးရှင့်၊ ပရိယေသန ၀မ်းစာရေးအတွက် သမ္မာအာဇီဝ နည်းနဲ့ လုပ်ရမယ့်အလုပ်ဆိုရင် ငရဲပြည်တောင် သွားဖို့ ၀န်မလေးဘူး" ဟု ထိုဆရာမက ရယ်ရွှန်းပြက်ရွှန်း ပင် ပြောလိုက်ပါသေးသည်။ ထိုဆရာမသည် သားသမီးသုံးယောက်၏ မိခင်ဖြစ်၍ ဒီဒီ့အပေါ်မှာလည်း ချစ်ခင်ကြင်နာစိတ်ရှိကြောင်း ကျွန်တော်တို့ သံသယကင်းစွာ ယုံကြည်သည်။ ပြောစရာမှာ ထိုဆရာမကိုယ်တိုင် "ကြွက်ဖြူချစ်သူ" တစ်ယောက်ဖြစ်နေခြင်းပင်။ ဒီဒီကလည်း သူ့ဆရာမကို မီတီအား ကိုင်တွယ် ယုယခွင့်ပေး ပါသည်။
အားလုံး အဆင်ပြေချောမွေ့သွားပြီဖြစ်၏။ ကျွန်တော်တို့၏ စိတ်နှလုံးပေါ့ပါးလန်းဆန်းသွားကြသည်။ ဒီဒီ လည်း ပျော်ပျော်ရွှင်ရွှင် သင်ယူသည်။ ဆရာမကလည်း စိတ်ရှည်လက်ရှည် ချိုချိုသာသာ သင်ကြားပေး သည်။ မီကီ ကလည်း လှောင်အိမ်အနီးက ဧည့်ခန်းထဲမှာ လှည့်ပတ်သွားလာရင်း သူ့ကို ဒီဒီက ပွေ့ချီမည့် အချိန် ကို စောင့်မျှော်နေဟန်ရှိသည်။ မီကီသည် ဖြည်းဖြည်းချင်း ၀ဖြိုးကြီးထွားလာကာ မျက်လုံးနီနီတွေက ပိုမိုတောက်ပ လာကြပုံရသည်။

ဤသို့နှင့်ပင် တစ်ညမှာ မီကီလျှောက်သွားသည်။ ကျွန်တော်တို့ လင်မယား ဒေါင်းတောက်အောင် ရှာဖွေကြ သည်။ ဒီဒီ က တက်မတတ်၊ ချက်မတတ် လူးလှိမ့်ငိုကြွေးသည်။ ကွန်ဒိုမှ တာဝန်ရှိလုံခြုံရေးဝန်ထမ်းများကို အကြောင်းကြား ကာ အခန်းတိုင်းမှာ ရှာဖွေကြသည်။ ကွန်ဒိုဝန်းကျင်မြက်ခင်းပြင်၊ ပန်းခြံများ၊ ရေမြောင်းများ မှာလည်း ရှာဖွေကြသည်။ ခြေရာလည်းပျောက်၊ ရေလည်းနောက် ဆိုသကဲ့သို့ ဖြစ်ရပါပြီ။ မီကီ သည် လေလိုပင် ပျောက်ကွယ်သွားခဲ့ပါသည်။ ဒီဒီက စာသင်ရန် ငြင်းဆိုသဖြင့် ဆရာမလည်း အလုပ်မှ ထွက်ခွာ သွားခဲ့ပြီ။ ကျွန်တော့်ဇနီးလည်း စိတ်ထောင်းကိုယ်ကျေဖြစ်ကာ ဘုံးဘုံးလဲကျတော့မလို မျက်တွင်းဟောက် ပက်နှင့် လူမမာတစ်ပိုင်းဘ၀ရောက်ခဲ့ရပါပြီ။

" မီကီကို မေ့လိုက်တော့ဟေ့၊ မီကီလို ကြွက်ဖြူကလေးတစ်ကောင် ငါ ထပ်ဝယ်ပေးမယ် " ဟု ကျွန်တော် က အော်ပြောရင်း အန်တီမေစီထံသို့ ဖုန်းဆက်ရန် တယ်လီဖုန်းကို ကောက်ယူလိုက်ပါသည်။
ထိုစဉ် ဒီဒီ တို့သားအမိ ပြိုင်တူ အော်ဟစ်လိုက်ကြသဖြင့် ကျွန်တော် တုန်လှုပ်သွားသည်။ မှန်လှောင်အိမ်ထဲ မှာ မီကီပြန်ရောက်နေ ပါ သည်။ သို့သော် မီကီတစ်ကိုယ်လုံး၊ မျက်လုံးနီနီတွေကလွဲ၍ မည်းနက် တောက်ပြောင်သော အမွေးတွေ ဖုံး လွှ့မ်း လျက် ပါ ကကား။    ။

ကြူးနှစ်
.

No comments: