သွပ်မိုးပေါ် မှ ခဲကျသကဲ့သို့ တင်းမာသော အသံမျိုးဖြင့် အံကြိတ်၍ ထပ်မံဟောက်လိုက်ပြန်၏။ ကိုတင့် ကြီးအား အရပ်ကူပါဟူသော မျက်နှာမျိုးဖြင့် ကြည့်လိုက်ရာ ကိုတင့်ကြီးမှာလည်း "မတတ်နိုင်ဘူး။ သူ ခိုင်းတာ လုပ်မှဖြစ်မယ်" ဟူသော အဓိပ္ပာယ်ပါသည့် မျက်လုံးတို့ဖြင့် ပြန်ကြည့်နေသောကြောင့် ကျွန်တော် မှာ မတတ်နိုင်တော့ ဘဲ၊ မှန်ကပ်ထားရာ တိုင်ရှေ့သို့ အူကြောင်ကြောင်နှင့် ထသွားရပါ သည်။ ကို ဆက်ဖတ်ရန်.........
မှန်ရှေ့ရောက်သောအခါ "ကဲ... နင့်ရုပ် နင် သေသေချာချာကြည့်စမ်း" ဟု ကိုယ်တော်ကြီး၏အော်ဒါ သံ ပေါ်လာပြန် ပါသည်။
ကျွန်တော်မှာ သူ့အမိန့်အတိုင်းပင် ကိုယ်လုံးပေါ်မှန်ကြီးရှေ့၌ ကိုယ့်ကိုယ်ကိုယ် ကြည့်လိုက်ရာ၊ အတွင်းခံဘောင်းဘီတို ညစ်ထပ်ထပ်၊ စပို့ရှပ် စုတ်ပြတ်ပြတ်သာရှိသော ကျွန်တော့်ကိုယ်တွင် ဟိုယခင် သက္ကရာဇ် များစွာကပင် ဆည်းပူးခဲ့သည့် မြွေပွေးကွက်နှင့်တူသော ဆစ်ဖလစ်အနာရွတ်ကွက်များ၊ ပုလဲ ညိုလုံး ကလေးများနှင့်တူလှစွာ လည်ပင်းတွင် ဖျောက်ဆိတ်ကြည်ကဲ့သို့ စုပြုံနေသော ကြပ်လုံးကလေး များမှတစ်ပါး အခြား ဘာမှထူးထူးခြားခြားမတွေ့ရချေ။ အနည်းငယ်ပြောင်းလဲသည်ကား လည်ပင်း လက်ယာ ဘက်စောင်း တွင် အကင်းမသေသေးသော ကြပ်ကလေးတစ်လုံးမှာ ကိုယ်တော်ကြီး၏လက် ချက်ကြောင့် သွေး၊ ပြည် တစ်စက်နှစ်စက် ယိုစွက်နေခြင်းပင်ဖြစ်ပါ၏။
ဤသို့ မှန်ရှေ့တွင် ကိုယ့်ရုပ်ကိုကြည့်ရင်း အပြစ်ဒဏ်ပေးခြင်းခံရသော ကျောင်းသားကဲ့သို့ အူကြောင် ကြောင် ရပ်နေစဉ်-
"ကဲ... နင့်ရုပ်ဟာ ဘာနဲ့တူသလဲ..." ဟု ကိုယ်တော်ကြီး၏တင်းမာသော မေးခွန်းပေါ်ထွက်လာသဖြင့် ကျွန်တော်မှာ ပညာအုပ် မေးခွန်းထုတ်ခြင်းခံရသော ကျောင်းသားကလေးကဲ့သို့ သူ့အမေးကို မဖြေ မပြီးသည်နှင့်...
"သေခါနီး လူနာကလေးနှင့် တူပါတယ် ဘုရား" ဟု သူ စိတ်ကျေနပ်မည်အထင်နဲ့ ကိုယ့်ကိုယ်ကိုယ် တတ်နိုင် သမျှ ရှုတ်ချကာ လျှောက်လိုက်ပါသည်။ အမှန်မှာလည်း ကျွန်တော်၏ခန္ဓာကိုယ်သည် ဤအခါ ၌ "မောင်သေနာ"ရွေးပွဲ လုပ်ပါက ရှူးဝါးတစ် သေချာလှပါသည်။ သို့သော် ကိုယ်တော်ကြီးမှာ ဤအဖြေ မှာ လုံးဝ မကျေနပ်ဘဲ...
"ဘာပြောတယ်... ဒါ ငါလိုချင်တဲ့အဖြေ မဟုတ်သေးဘူး... အချိန်အခါ အခြေအနေကိုကြည့်ပြီး စဉ်းစဉ်း စားစားဖြေစမ်း"ဟု ထပ်မံအမိန့်ပေးလိုက်ပြန်၏။
ကျွန်တော်မှာ စာမေးပွဲကို အကြိမ်ပေါင်းများစွာ ဖြေခဲ့ဖူး၍ အဖန်ဖန်အလီလီကို ရှုံးခဲ့ဖူးသည် မှန်သော် လည်း ဤမျှ ကြောက်ရွံ့ ထိတ်လန့်ဖွယ်ရာ ခက်ရာခက်ဆစ်မေးခွန်းကို တစ်ခါမျှ မကြုံဖူးခဲ့သေးပါ။ သူဟာ ဘာလို၍ ဘာဆိုချင် သည် ကို မတွေးတောမိသဖြင့် ရင်တထိတ်ထိတ်ဖြင့် ငိုင်နေမိရာ...
"တယ်... ဉာဏ်ထိုင်းတဲ့...အကောင်...၊ ကိုယ့်ရုပ်ကို သေသေချာချာ မြင်လို့မှ ဘာနဲ့တူမှန်းမသိဘူး...၊ သူတောင်းစား နဲ့ တူတယ်ဟ... သူတောင်းစားနဲ့တူတယ်..." ဟု ကြောက်မက်ဖွယ်ရာ ဝမ်းခေါင်း သံကြီး နှင့် အော် လိုက်လေမှ... ကျွန်တော်မှာ အသက်ပြန်ဝင်လာကာ "ဟုတ်ပါသ ဘုရား... ဟုတ်ပါသ ဘုရား" ဟု ဘုမသိ ဘမသိ သူ့စိတ်ကြိုက်လျှောက်လိုက်ပါသည်။
"အေး... ဒါဖြင့် အခုည ထမင်းစားရအောင် လုပ်ဖို့နည်းလမ်းကို သိကရောပေါ့" ဟု စိတ်ကျေနပ်သော အသံမျိုးဖြင့် မိန့်တော်မူ လိုက်လေ၏။
ဤသို့တိုင်အောင် သူ ဘာကိုဆိုလိုသည်ကို မရိပ်မိသေးသဖြင့် ကျွန်တော်မှာ ငိုင် တိုင်တိုင် ကြောင် တောင်တောင်ဖြစ်နေရာ ကိုယ်တော်ကြီးက "တယ် ဒီကောင် ဖျင်းတဲ့ အတဲ့ အကောင် ဘယ် အရပ်သား ပါလိမ့်၊ ဟိုမှာ ကြည့်စမ်း..." ဟု ဆိုကာ ဇရပ်ထောင့်ရှိ ဒန်ချိုင့်အဟောင်းတစ်ခုကို ညွှန်ပြပြီး...
"အဲဒီ ဒန်ချိုင့်ခွက် ယူပြီး လူများတွေ ထမင်းစားသောက်ပြီးတဲ့အချိန်မှာ ထမင်းကျန် ဟင်းကျန်ကလေး များရှိ ပေးပါ ခင်ဗျား... လို့သာ လိုက်တောင်းပေတော့၊ မင်း ဝေးဝေးမလျှောက်ရပါဘူး။ ဘုရားပေါ်က ဇရပ်တွေမှာ ပဲ ရနိုင်တယ်...၊ အဲဒါပဲ ငါလည်း ဆာလှပြီ...၊ ခု အောင့်နေရတာ...၊ ဒီလိုမှ ထမင်းစားရ အောင် ရှာမပေးနိုင်ရင်တော့ မင်း ငါအသတ်ပဲ...၊ ခုနတောင် ဒကာတင့် သူငယ်ချင်းဆိုတာနဲ့ ချမ်းသာ ပေးလိုက်တာ၊ ကဲ... ငါ ရေချိုးသွားဦးမယ်" ဟု ဆိုကာ သင်းပိုင်ဟောင်းတစ်ခုကို လည်ပင်းပတ်ပြီး ဇရပ်ပေါ်မှ ဆင်းသွားလေ၏။
ကျွန်တော်မှာ မကြံကောင်း မစည်ရာ ကိုယ်တော်ကြီး ချမှတ်သွားခဲ့သော အမိန့်ကို နာခံပြီး ရယ်ရမလို ငိုရအခက်နှင့် ကိုတင့်ကြီး ကို လှည့်ကြည့်လိုက်ရာ... သူလည်း မျက်နှာသေကလေးနှင့် ရှိနေသဖြင့်...
"ဘယ့်နှယ် ကိုတင့်ကြီး ရဲ့...၊ ခင်ဗျာ့ကိုယ်တော်ကြီးက ဘာကိုယ်တော်ကြီးလဲ"
"စိတ် က ရူးကြောင်ကြောင်နဲ့၊ သင်္ကန်းဝတ်နေတဲ့ ကိုရင်ကြီးဗျာ့၊ မနက်လျှောက် ဆွမ်းခံတယ်၊ ညစာစား ဖို့ပါ ချန် ထားတယ်၊ သူ မစားဘဲ မနေနိုင်ဘူး...၊ ဆွမ်းခံသွားတဲ့အခါမှာလည်း... သူ့မလောင်းရင် ဆဲတာ ဗျ၊ ကျွန်တော် လည်း သူ့ချော့မြှောက်ပြီး သူ နေတဲ့ ဇရပ် လာနေရတာ၊ ကောင်းချင်တော့ သိပ်ကောင်း တယ်၊ အဲ... ခုလို သူ စိတ်ဆိုး တယ် ဆိုရင် တကယ်လုပ်တယ်ဗျ၊ တစ်လောကလည်း ကောင်လေးတစ် ယောက် သူ့နောက်မိတာနဲ့ လည်ပင်းဖျစ်တာ သေလုသေခင်မှာ လူတွေ တွေ့လို့ပေါ့ဗျ"
ကျွန်တော် မှာ ကြက်သီးမွေးညင်းထသွားကာ...
"ဟင်... ဒါဖြင့် ခုန သူ ခိုင်းတဲ့အတိုင်း ထမင်းလျှောက်တောင်း မပေးရင် သူ တကယ်လုပ်မှာလား"
"အို... ဒါကတော့... သေချာတယ် စိတ်ချ" ဟု အားရှိစရာ ပြန်ပြောသဖြင့် ကျွန်တော်မှာ မိမိ မချစ်မနှစ် သက်သော ယောက်ျားနှင့် ပေးစားရန် အတင်းတိုက်တွန်းခြင်းခံရသော မိန်းကလေးကဲ့သို့ ဆွေ့ဆွေ့ ခုန်မျှ အကြံရ ကျပ်ကာ...
"ဟင်... ဒါဖြင့် ဘယ့်နှယ်လုပ်ရပါ့၊ တစ်နေရာရာ ရှောင်နေမှ ထင်ပါရဲ့" ဟု အားကိုးသော မျက်နှာသေ ကလေးနှင့် အကြံတောင်းသလို ပြောလိုက်ရာ...
"ခင်ဗျား ဘယ်သွားရှောင်မလဲ၊ အခု မှောင်စလည်း ပြုနေပြီ၊ အခု ခင်ဗျားအချိုးအစားအတိုင်း ကိုရင်ကြီး ပြော သလို... အားလည်းနာပါရဲ့၊ သူတောင်းစားရုပ်နဲ့ဆိုရင် ဘယ်သူမှလက်ခံမှာ မဟုတ်ဘူး၊ ဂျပိုး (ကြမ်းပိုး) သူခိုး ဆိုပြီး မောင်းထုတ်ပစ်ကြမှာပဲ၊ တကယ်လို့ ခင်ဗျား ရှောင်သွားလည်း ကိုရင်ကြီးက ကျွန်တော့် ရန်ရှာဦးမှာပဲ"
ဤအတိုင်းဖြစ်သော မိတ်ဆွေကောင်း ကိုတင့်ကြီး၏စကားကို ထောက်ရှုခြင်းအားဖြင့် အားမတန်သော ကိုရင်ရူးကြီး၏ရန်စက်ကွင်းမှ လွတ်ကင်းရန် ကျွန်တော် အဘယ်ကဲ့သို့ ပြုလုပ်ပါအံ့နည်း။ သူခိုင်းတာ လိုက်နာသည်မှတစ်ပါး အခြားနည်းလမ်းရှိပါသေး၏လော။ ကျွန်တော့်မှာ အားအင်ချည့်နဲ့ အဖြစ်လည်း တိုး၍ မထူးတော့ ပါဘူးဟူသော စိတ်ကူးကလည်း ရှိနေပါသည်။
"အသက်နဲ့ လူလုပ်တာ မဟုတ်ဘူး၊ အရှက်နဲ့ လူလုပ်တာကွ" ဟူသော စကားမှာ ၉၉ ရာခိုင်နှုန်းလူများ စု၏ဒေါသ အလျောက် မိမိကိုယ်မိမိ လှည့်စားသော စကား (ဝါ) တစ်ယောက်အပေါ် တစ်ယောက် အချောင် သက်သက် ကြွားဝါသောစကားမျှသာ ဖြစ်သည်ကို စဉ်းစားဉာဏ်ရှိသူတိုင်း ဝန်ခံပေလိမ့်မည် ဟု မျှော်လင့်ပါ၏။
စင်စစ် ကျွန်တော်မှာ "တစ်ရာ တစ်ယောက်" လူတန်းစားမျိုးထဲကမဟုတ်၊ ၉၉ ယောက်၏နောက်ဆွယ် မှ ယဉ်ယဉ်ကလေး ကပ်ပါလာသူဖြစ်ပေရကား သူ ခိုင်းသည့်အတိုင်း မလုပ်လျှင် အဟုတ်တကယ် ထမင်း ဆာဆာနှင့် အသေဆော်တော့မည့် ကိုရင်ရူးကြီး၏စနက်ကြောင့် ဒန်ချိုင့်ကို ဆွဲကိုင်ကာ ညီအစ် ကိုမသိတိ လင်မယားချင်း သာသိသော အချိန်တွင် ဇရပ်ထဲမှ ထွက်ခဲ့ရလေ၏။
မရွှေည သည် သူမ၏ပြိုးတိုးပြောက်တောက် ပိုးထိုးပေါက်သော မွမွကျဲနေသော မဲနက်ပြာညဥ့်လွှာရုံကို အတောမသတ် သည့် လောကဓာတ်ကြီးအား ချမ်းတုန်တုန်နှင့် လွှမ်းခြုံထားပြီးဖြစ်၍ ကျွန်တော်လည်း မိမိ အရှက်အကြောက် တို့ကို သူမ၏စောင်မည်းမည်းနှင့် ထွေးလုံးရစ်ပတ်ကာ သဏ္ဌာန်လုပ် သရုပ်နှင့် တူအောင် တုတ်တစ်ချောင်းဖြင့် ကုပ်ချောင်းချောင်းကလေး လျှောက်ရင်း မီးရောင်လင်းသော အဆောက်အဦး အနီး သို့ ရောက်လျှင် ကိုယ်တော်ကြီး သင်လိုက်သည့်အတိုင်း...
"ထမင်းကျန်... ဟင်းကျန်ကလေးများရှိ၊ ပေးကြပါ ခင်ဗျား" ဟု သူတောင်းစားသံနှင့် အော်လိုက်ရ၏။
ထိုအချိန် ထိုအခါ၌ ရန်ကုန် ဗုံးချစဖြစ်၍ တောအရပ်သို့ မသွားနိုင်သေး၍လည်းကောင်း၊ သွားရောက် နေထိုင်ရန် ဆွေးမျိုးညာတိ မဆက်သွယ်မိ၍လည်းကောင်း၊ များစွာသော အိမ်ထောင်သည်တို့မှာ ဘုရားကြီးပေါ် သို့ လာရောက်ခိုလှုံ့နေကြကုန်၏။
သို့လျှင် များစွာသော လူနေအိုးအိမ်တို့ ရှိလင့်ကစား၊ ကျွန်တော်မှာ မျက်နှာမြင် သောက်မြင်ကပ်ပါစေ ဟူသော ဆုထူးနှင့် ပြည့်စုံသကဲ့သို့ အသံကြားရုံနှင့် အော့နှလုံးနာကြလေရော့မသိ၊ ဇရပ်ကြိုဇရပ်ကြား လျှောက်ကာ...
"ထမင်းကျန် ဟင်းကျန်ကလေးများရှိ ပေးကြပါ ခင်ဗျာ" ဟု ဆယ်ခွန်းကျော်မျှ အော်သည့်တိုင် မည်သည့် ဇရပ်တန်ဆောင်းကမျှ ပင့်ဖိတ်ခေါ်ငင်ခြင်း မပြုသဖြင့် ကျွန်တော်မှာ သူတောင်းစားတို့၏ဘာ သာဘာဝ ဒေါသစိတ် ကလေးများ ရုတ်တရက် တက်ကြွလာသောကြောင့် အသံခပ်ဆောင့်ဆောင့် ကလေးပင်...
"ထာ... မင်းဂျန်... ဟင်းဂျန်ကလေးများရှိ... ပေးကြပါ... ခင်ဗျို့" ဟု ဒွါဒဿမ အကြိမ်မြောက် အော် ငေါက် လိုက်လေ၏။
ဤတွင်မှ မှောင်ကျကျ ဇရပ်တစ်ဆောင်မှ "ဒီကိုလာခဲ့..." ဟု ကြေးဆည်းလည်းသံနှင့်တူစွာ (ငွေဆည်း လည်းသံ ကို ကျွန်တော် မကြားဖူးသေး) စူးရှမာချဉ်သော မိန်းမပျိုသံကလေးတစ်သံ ထွက်ပေါ်လာလေ ၏။
သို့သော် ကိုယ်အလိုရှိနေသော ခေါ်ငင်သံကို ကြားရလင့်ကစား အဘယ်ကြောင့်မသိ၊ ကျွန်တော့်ရင်ထဲ တွင် ဒိတ်ခနဲ... ဖြစ်ပြီး အဝင်ကြမ်းသော ကချင်အရက်ကို ရေမရောဘဲ သောက်လိုက်ရသကဲ့သို့ ဝမ်း ခေါင်းအတွင်း၌ ရှိန်းခနဲ ပူသွားလျက် ရုတ်တရက် ခြေလှမ်းများပင် ရပ်တန့်သွားမိလေ၏။ နောက်မှ ရန်သူတော် ကိုရင်ကြီး၏မျက်နှာကို ကွင်းကွင်းကွက်ကွက် ထင်မြင်လာသဖြင့် "လင်ယူမိမှဖြင့် ဟိုဒင်း... အင်း... ထမင်းချက် ရမှာ မကြောက်တော့ပါဘူးလေ" ဟု ကိုယ့်စိတ်ကိုယ် ပိုင်းဖြတ်ကာ ထိုဇရပ်ကို လျှောက်ခဲ့ပြီး ဇရပ်လှေခါးရင်းတွင် ခွက်ကလေး ကိုချ၍ ခပ်ကုပ်ကုပ်ကလေး ထိုင်လိုက်လေ၏။
"ဒေါ်ဒေါ်... သူ လာလိမ့်မယ် မထင်ပါဘူး။ ထမင်းဟင်းတွေ အများကြီးပဲ နှမြေစရာ... အကုန်လုံးပေး လိုက် မယ်နော်" ဟု မိန်းမပျိုသံ ပေါ်ထွက်လာပြီး မိန်းမကြီးတစ်ယောက်က...
"အေးကွယ်... ဟိုမအေပေးတွေက မျက်ခြေပြတ်တယ်မှ မရှိဘဲ၊ လာမယ် မထင်ပါဘူး... အလကားဖြစ် မယ့် အတူတူ မရှိနွမ်းပါးတဲ့ လူ စားပါစေတော့" ဟု ပြောသံကြားပြီးနောက် မိန်းမပျိုတစ်ယောက်သည် ဇလုံတစ်ဖက် မီးခွက်တစ်ဖက်နှင့် ပေါ်လာလေ၏။
မိန်းမပျိုမှာ အသက် ၂၀ ခန့်၊ အတော်ပင် ချောမောလှပသူဖြစ်၍ သူ၏မီးခွက်ရောင်ကလေးနှင့် သူ့မျက် နှာပပဝင်း ကလေးကို မြင်လျှင်မြင်ချင်း အဂေါ်ဝါသနာပြင်းထန်ခဲ့သူ ကျွန်တော်မှာ ရုတ်တရက် မိမိ၏ သူ တောင်းစား အဖြစ်ကို မေ့လျော့ကာ ဂေါ်မျက်လုံးဖြင့် တအားကြုံး၍ ကြည့်မိလေ၏။
မိန်းမပျို သည် ပျိုရွယ်သော သူတောင်းစားလုလင်အား တစ်ချက်မျှ မျက်လုံးပြူးကြီး ဝင့်ကြည့်လိုက်ပြီး လျှင်၊ ကျွန်တော်၏ရှေ့လှေခါးအောက်ဆုံးထစ်ပေါ်၌ အိပဲ့ပဲ့ကြီး ထိုင်ချလိုက်ကာ ကျွန်တော့်လက်ထဲက သူတောင်းစားခွက်ကလေးကိုကြည့်ပြီး...
"ဟင်... သူ့ခွက် ကလေးကလည်း ငယ်ငယ်လေး... ဒီက ထမင်းဟင်းတွေက အများကြီး" ဟု ချစ်စရာ အသံ ကလေးနှင့် ပြောလိုက်၏။
"အို... ဒါဖြင့် ဒီမှာပဲ စားသွားပါစေလားကွယ်" ဟု အဒေါ်ကြီး၏စေတနာသံ ပေါ်ထွက်လာသည်တွင် မိန်းမပျို က...
""
"အင်း... ဟုတ်သားပဲ၊ ဒီမှာပဲ တစ်ခါတည်း စားသွားနော်... ဟုတ်လား" ဟု ကရုဏာသံကလေးနှင့် ပြောရင်း ကျွန်တော်၏ သနားစရာ မျက်နှာကလေးကို မျက်လုံးရွှဲကြီးနှင့် တစ်ချက်ဝင့်၍ ကြည့်လိုက်ပြန် ၏။
မိန်းမပျို၏နှစ်ချက်မျှ မျက်လုံးဝင့်ကြည်ခြင်းကို ခံရသေးသည်။ အရေးပေါ်သူတောင်းစားမောင်၏ခန္ဓာ ကိုယ်တွင် ပုရိသစိတ် များ တဖွားဖွားပေါ်ပေါက်လာ၍ နေမထိ ထိုင်မသာဖြစ်လာပြီး နောက်တစ်ခန်းမှာ ရန်သူတော် ကိုရင်ကြီး၏ ကြောက်စရာမျက်နှာတော်ကို ထင်မြင်လာသဖြင့် ရုတ်တရက် ကိုယ့်အဖြစ် ကိုယ် သတိရလာကာ ရှက်ကြောက်သော မျက်နှာကလေးနှင့် ငုံ့လိုက်ပြီး...
"ကျွန်... ကျွန်... ကျွန်တော်စားဖို့က သိပ်အရေးမကြီးပါဘူး။ ဟိုက တစ်ယောက်အတွက်"
ကျွန်တော်၏ စကားမဆုံးမီ ချစ်စရာသူငယ်မက...
"အို... ကိစ္စမရှိပါဘူး။ ထမင်းဟင်းတွေ အများကြီးရှိပါတယ်...။ ရှင်က ဒီမှာစားပြီးတော့ ဟိုတစ်ယောက် ဖို့ ယူသွား တာပါ့..." ဟု သဒ္ဓါဒေးယျ နူးညံ့စွာ ပြောလိုက်သည်တွင် ကျွန်တော်မှာ နေ့လယ်ကပင် ထမင်းဝစါာ မစားလိုက်ရသည် ကတစ်ကြောင်း၊ မိန်းမပျိုနားတွင် ခေတ္တမျှ ကပ်ရသည်တွင် အခွင့်ရတုန်း ရသေ့ စိတ်ဖြေ ဂေါ်ချင်သည်ကတစ်ကြောင်း၊ ဤနှစ်ကြောင်းကြောင့် သူ ပြောသည်ကို ကောင်းစွာ သဘောတူ လိုက်လေ၏။
ဤအမျိုးအမည် မထင်ရှားသော မိန်းမပျိုသူငယ်မသည် စက်ခန်းဆောင် ပေါင်ဒါနံ့သင်းပျံ့ပျံ့နှင့် ကျွန်တော့် မျက်နှာ ရှေ့တည့်တည့် တစ်တောင်ခန့်အကွာ၊ လှေခါးထစ်ပေါ်တွင် ကားဖောင်းဖောင်း အိစက်စက်ကြီး ဆောင့်ကြောင့် ထိုင်လျက် ဖယောင်းတိုင်နှင့်တူသော ပြည့်ဖောင်းဖောင်းလက်ချောင်း ကလေး များဖြင့် သူ၏ဇလုံထဲမှ ထမင်းဟင်းများကို ကျွန်တော်၏သူတောင်းစားခွက်ထဲသို့ ယက်၍ ထည့် ကာထည့်ကာ မဟာကရုဏာနှင့် ကျွေးမွေးနေစဉ်၊ ကျွန်တော် အရေးပေါ်သူတောင်းစားခမျာ မြိန်ယှက် စွာ စားရင်း "လူနေ သူတောင်းစား၊ စိတ်နေ ဘယ်အနား" ရောက်နေမည်ကို အထူးတလည် ဖော်မပြ တော့ပြီ။ မိတ်ဆွေဂေါ် ရဲဘော်များပင် တွေးကြည့်ပါတော့။
ခေတ္တမျှအကြာတွင် သူငယ်သည် ထိုင်ရာမှထသွားပြီး ခြေ ၄-၅ လှမ်းမျှ ရောက်သည်တွင်...
"ဒေါ်ဒေါ်ရေ... ဒီသူတောင်းစားလေး မျက်နှာက ကိုကို့မျက်နှာနဲ့ တူ တူသေးတော့" ဟု ပြောသံကြား လိုက်ရာ အဒေါ်ကြီးက...
"မြကလည်းအေ... မပြောကောင်း... ပြောကောင်း ပြောရော့မယ်"
"ဘာ မပြောကောင်း ပြောကောင်းလဲ ဒေါ်ဒေါ်ရယ်၊ လူလူချင်း အတူတူပဲ ယူဆရမယ်လို့ ကိုကိုက ပြော ထားတယ် မဟုတ်လား။ အဟုတ် တူတာ ဒေါ်ဒေါ်ရဲ့။ လည်ပင်းမှာ ကိုကို့လိုပဲ အနာရွတ်ကလေးတွေနဲ့ မယုံလာကြည့်စမ်း..." ဟု လုံမပျို၏ပြောသံကြားရသဖြင့် ကျွန်တော့်မျာ ကိုယ့်လည်ပင်းကိုယ်စမ်းမိပြီး "အလဲ့... ငါ့ကြပ်ကလေးတွေ က ဟန်ကျနေပြန်ပြီ။ သူ့ကိုကိုနဲ့တူသဟဲ့ ဘာကိုကိုလဲတော့ မသိဘူး။ သိကြားမင်းဘုရား မ'လို့ မောင်နှကိုကို ဖြစ်ပါစေဗျာ..." ဟု စိတ်ထဲ မှ ရေရွတ် ဆုတောင်းနေစဉ် ခြေသံ နှစ်ယောက်တွဲ လျှောက်လာသံကို ကြားရသဖြင့် ခေါင်းမော်၍ ကြည့်လိုက် ရာ စေတနာရှင်မိန်းမပျို ကလေးနှင့် အသက် ၄၀ ကျော်ခန့် ဝဝဖိုင့်ဖိုင့် မိန်းမကြီး တစ်ယောက် လှေခါးဝ သို့ ရောက်လာပြီး ကျွန်တော့်ကို ရှုစားကြလေ၏။
၎င်းနောက် ဇရပ်ထဲသို့ နှစ်ယောက်သား ပြန်ဝင်သွားကြလေ၏။
ခေတ္တမျှအကြာတွင် ကျွန်တော်မှာ ထမင်းစားသောက်ပြီး၍ မိန်းမပျိုသည် ထမင်းဟင်းများကို ထပ်မံယူ လာကာ ကျွန်တော့် ခွက်ထဲ သို့ ထည့်ပေးရင်း သာယာသောအသံကလေးဖြင့်...
"ရှင်... ဘယ်စောင်းတန်း ကလဲ" ဟု သူတောင်းစား၏နေရာဌာနကို ထုံးစံအတိုင်း မေးလိုက်၏။
ကျွန်တော် မှာ ရုတ်တရက် မဖြေတတ် မပြောတတ် အူကြောင်ကြောင်ဖြစ်သွားပြီးမှ... "အေး... အ... အဝှာ... ကျွန်တော် တောင်ဘက်စောင်းတန်းကပါ..." ဟု ပါးစပ်ထဲ တွေ့ရာဖြေလိုက်ပါသည်။
"ခါတိုင်းတော့ ဘယ်မှာတောင်းနေတာလဲ၊ ဒီမှာ တစ်ခါမှ မမြင်ဖူးဘူး..." ဟု ထပ်ဆင့်လာပြန်သဖြင့်...
"အာ... အာ... ခါတိုင်းတော့ တခြားဘက်မှာ တောင်းပါတယ်" ဟု ရောက်မိရောက်ရာ ဖြေလိုက်ရပြန် သဖြင့်...
"နို့ နက်ဖန် မနက်စာရော ဘယ်မှာ လျှောက်တောင်းမလဲ" ဟု ထပ်ဆင့်လာပြန်သဖြင့် ကျွန်တော်မှာ ရုတ်တရက် မူ ဘာကိုမျှ ပြန်မပြောတတ်ဘဲ အူကြောင်ကြောင် ဖြစ်နေပြီးမှ...
"မ... မ... မနက်စာ မတောင်းဘူး ခင်ဗျာ" ဟု လွှတ်ခနဲ ပြန်ပြောလိုက်မိပါသည်။
"ဒါဖြင့် ညစာတောင်းစားတာပေါ့... နက်ဖန်ညတော့ ဒီကိုတစ်ခါတည်း တန်းလာခဲ့နော်... လမ်း မှာ အော်မနေနဲ့တော့။ ရှင်တို့နှစ်ယောက် စာ ဒီမှာရမယ်သိလား" ဟု ပြောသဖြင့် ကျွန်တော်မှာ ရုတ်တရက် ဘာကို ပြန်ပြောရမှန်း မသိဘဲ...
"ဟုတ် ဟုတ်ကဲ့"ဟု ပါးစပ်ထဲက ထွက်မိထွက်ရာ အာမဘန္တေ ခံလိုက်မိပါသည်။
ဤတွင် ကလေးမသည် ထိုင်ရာမှ ထ၍ ကြီးမားသော တင်ပါးဆုံကြီးကို ကျွန်တော့်ရှေ့သို့ ကားခနဲ လှည့်ကာ ဇရပ်ထဲ သို့ ဝင်သွားပါတော့သည်။
သူတောင်းစား ထမင်းဝလျှင် ဘာဖြစ်သည် ညာဖြစ်သည်ဟု ပြောကြသည်။ ကျွန်တော်သည် ဗိုက်လေး လေးနှင့်ထလာခဲ့၍ ကိုရင်ကြီးအတွက် ဒန်ချိုင့်ခွက်ကိုကိုင်ကာ ဇရပ်ဆီ သို့ ပြန်လျှောက် ရင်း စေတနာရှင် မကလေး၏ ပုံပန်းသဏ္ဌာန်ကို မျက်စိထဲ၌ ထင်မြင်လျက် ဟို့နှယ်သည့်နှယ် စိတ်ကူးမိပါသည်။
"အင်း... သူ့ဟိုဒင်း ဒီဒင်းတွေ ကြည့်ရတော့ အအို ဟုတ်ဟန်မတူသေးပါဘူး... နို့ပြီး သူ့ကိုကိုနဲ့တူသ တဲ့၊ ဘာကိုကိုများပါလိမ့်၊ သိကြား... ဘုရားရော... ခိုဒါအရှင်ရော၊ ထာဝရသခင်ရော၊ ကျစ်ဆံနတ်ကြီး ရော မလို့ဗျာ၊ မောင်နှမကိုကိုဖြစ်ပါစေ၊ ရုပ်ကလေးကလည်း ချောလိုက်တာ၊ နို့ပြီး ငါ့မြင်မြင်ချင်း စေတ နာ ကလည်း ကောင်းလိုက်တာ၊ နောက်ညပါ တခြားမှာ မတောင်းဘဲ သူ့ဆီ ဒါရိုက်လာယူပါတဲ့၊ ဟင်း ဒီ လိုချည်း သူတောင်းစား အဖြစ်နဲ့ သုံးလေးရက်လောက် သွားတောင်းနေပြီးမှ ကိုယ့်အဖြစ်အပျက်ကို မဟုတ်တာတွေရော ဟုတ်တာတွေရော သနားစရာကောင်းအောင် ပြောပြီး တကယ့်သူတောင်းစား မဟုတ်တဲ့အကြောင်း နှမ မျက်နှာမြင်ချင်လွန်း လို့ နှမချက်တဲ့ ထမင်းဟင်းကလေး စားကောင်းလွန်း လို့... နောင် ထာဝရစဉ်းစားနေချင်လို့" ဤသို့ စိတ်ကူးနှင့် ရူး၍လာစဉ်...
"ဟိတ်ကောင်... ကြာလှချေလား..." ဟူသော ကိုရင်ကြီး၏သေမင်းငင်သံကြီးသည် ကျွန်တော့် စိတ်ကူး ရေယဉ်ကြောကို ဒိုင်းနမိုက်ဖြင့် ဖောက်ခွဲလိုက်ပါသည်။
ကျွန်တော်သည် သူ့အသံကို ကြားရလျှင် ကြားရချင်း မစင်ပုံတက်နင်းမိသလို ဆွေ့ခနဲ ခုန်မိပြီး ခေါင်း မော့ လိုက်သည်တွင် ဖယောင်းတိုင်မီးရောင်ကိုကျောပေး၍ ဇရပ်အဝတွင် ကျွန်တော့်ကို မျှော်နေသော ကိုရင်ကြီးက...
"ရခဲ့ရဲ့လားကွ..." ကျွန်တော်မှာ သူ့အသံကြားရုံနှင့်ပင် ကြက်သီးမွေးညင်းထနေသည်ဖြစ်၍...
"ရ... ရ... ရခဲ့ပါသ ဘုရား"ဟု ဆိုကာ သူ့လက်ထဲသို့ ခွက်ကမ်းလိုက်ပါသည်။
"အေး... ဟေ့... ဟန်ကျသဟေ့၊ ဟင်းတွေရော ထမင်းတွေရော အကျပဲ၊ ငါ ဘုန်းကြီး အရင်စားမယ် နော်၊ မင်းက နောက်မှ စား သိလား..." ဆိုကာ လက်မဆေး ဘာမဆေးနှင့် ပလုတ်ပလောင်း ဘုဉ်းပေး တော် မူပါသည်။
ကိုတင့်ကြီးမူကား သူ့အိပ်ရာထဲတွင် တစောင်းခွေကာ ကျွန်တော့်အဖြစ်ကို သနားသော မျက်နှာနှင့် ကြည့်နေ ပါသည်။
သူ ကမူးရှူးထိုးစား၍ ထမင်းဟင်းများ တစ်ဝက်လောက်ကျကာမှ အဆာပြေသွားသဖြင့် သင်္ကန်းဝတ် များ စတိုင် အတိုင်းဟန်နှင့်ပန်နှင့် စားကာ...
"ဟေ့... ဟေ့... မင့်နာမယ် ဘယ်လိုခေါ်သလဲကွ" ဟု ကျွန်တော့်ကို မျက်လုံးကြီးလှန်ကြည့်ရင်း မေးပါ သည်။
"မောင်ကျော်စံကေး ခေါ်ပါတယ်ဘုရား"
"မင့်အမေ ဗိုက်ပေါ် မြွေကျော်လို့ မွေးရော့လားကွာ.. မင်းနာမည်ကလည်း ရှည်လိုက်တာ၊ မင်းနာမည် ရှည် သလောက် ငါလေကုန်မခံနိုင်ဘူး၊ ဒကာကေးလို့ပဲခေါ်မယ် ဟုတ်လား"
ကျွန်တော်မှာ သူ့အကြိုက်လိုက်၍ လက်အုပ်ချီကာ...
"တင်ပါ့ဘုရား"
ကိုရင်ကြီး၏ မျက်နှာမှာ ညနေကကဲ့သို့ ခက်ထန်ကြမ်းကြုတ်ဟတ် မရှိတော့ဘဲ အတော်နူးညံ့ သိမ်မွေ့၍ လာပါ သည်။ သူ စားသောက်ပြီးသောအခါ၌ အလွန်ကောင်းမွန်သော အကြံတစ်ခုကို ရုတ်တရက် စိတ်ပေါက်လာဟန်ဖြင့်...
"ဟေ့.. ဒကာကေး"
"ဘုရား"
"မင်း မပြန်ခင် ဒီမှာနေဦးမယ် မဟုတ်လား"
"တင်ပါ့ဘုရား"
"ငါ အကြံတစ်ခုရတယ်ဟေ့"
"မိန့်တော်မူပါဘုရား"
"ဒီလိုကွာ... မင်းနဲ့ငါနဲ့ အတူနေတုန်းမှာ မနက်စာအတွက် ငါက ဆွမ်းခံထွက်ပြီး အတူတူ စားမယ်.. ညစာ အတွက်တော့ မင်းက ခုလိုပဲ လိုက်တောင်း၊ မကောင်းဘူးလားဟေ့"
"ကောင်းပါသဘုရား"
သူနှင့် ဆန့်ကျင်ဘက်ဖြစ်ပြီး စိတ်ဆိုးမည်ကို ကြောက်လှ၍ သူ့ အကြိုက်လိုက်ပြောလိုက်ရပါ သည်။
တစ်ဖန်... တုံးလုံးလှဲနေသော ကိုတင့်ကြီးဘက် လှမ်းကြည့်ပြန်၍..
"ဘယ့်နှယ်လဲဟေ့.. ဒကာတင့်ရော ငါ့အကြံ မကောင်းဘူးလားကွ" ဟု မေးပြန်သဖြင့် ကိုတင့်ကြီးလည်း ကျွန်တော့် ကဲ့သို့ပင် သူ့အကြိုက်လိုက်ကာ..
"ကောင်းပါသဘုရား"ဟု လျှောက်၏။
"အေး.. ဒါဖြင့် နှစ်ဦးနှစ်ဖက် သဘောတူကြပြီကွာ.. ဒကာတင့်ရော ဒို့ပါတီထဲ ဝင်ပါလားကွ၊ မင်း အဝေးကြီး အလုပ် သွားရင်း စားစားနေရတာ ပင်ပန်းလှတယ်" "တပည့်တော်အလုပ်က မသွားမဖြစ်ဘူးဘုရာ့"
"လူ့ပြည်နေပြီး ထမင်းနှစ်နပ်စားရဖို့ လုပ်ရသွားရတာ ပင်ပန်းလှသကွာ... အေးအေးသက်သာ နေပြီး... အလှူခံစား.. တောင်းစားနေတာ အကောင်းဆုံးကွ၊ ဒီအလုပ်မျိုးက တစ်ခါစမ်းလုပ် ကြည့်မိရင် နောက်ထပ် ပင်ပင် ပန်းပန်းအလုပ် မလုပ်ချင်တော့ဘူ..။ အခု ဒကာကေး ကြည့် စမ်း... စစချင်း တောင်းလာလိုက်တာ ဟင်းတွေ ထမင်းတွေ ကောင်းကောင်းမွန်မွန်နဲ့ ဟန်ကျပန်ကျ သူဒီအလုပ်နဲ့ အကျိုးပေးဖို့ ပါရမီ ပါဟန်တူသကွ" ဟု ကျွန်တော်၏ ပါရမီထူးကို ချီးကျူးလိုက်သဖြင့် ကိုတင့်ကြီးမှာ ပြုံး၍ ကျွန်တော့် ရင်ထဲ ၌ အောင့်ခနဲ ဖြစ်သွားပါသည်။ တစ် ဖန် ကိုရင်ရူးကြီးက ဆက်၍...
"မပြုံး နဲ့ ဒကာတင့်ရ၊ အဟုတ်ပြောတယ။ အခု ... ဒကာကေးကို ကြည့်စမ်း.. အကျင့်ပါသွားပြီ နောက် ဒီအလုပ် ကို ဖြတ်ခိုင်းလို့ မရဘဲနေမှာတောင် စိုးရသေးတယ်"ဟု ဗျာဒိတ်တော် ညျွန်းလိုက်ရာ တကယ်စင်စစ် ပင် ဖြစ်ရော့သလား ဟု နောက်တစ်နေ့ နံနက်ဝေလီဝေလင်း တွင် ကိုတင့်ကြီးမှာ အံ့အားသင့်လေတော့သည်။
အကြောင်းမူကား ညဦး၌ အထက်ဖော်ပြပါ စကားတို့နှင့် နောက်ထပ် ထွေရာလေးပါစကားတို့ ကို ပြောကြပြီးနောက် အိပ်ရာသို့ ဝင်ကြလေရာ၊ ကျွန်တော်မှာ သူတောင်းစားအဖြစ်နှင့် တွေ့ ခဲ့ရသော စေတနာရှင် မိန်းမပျို ကို တမ်းတစွဲလမ်းလျက် ကြည်နူးဖွယ်ရာ အိပ်မက်ပေါင်းများစွာ တို့ကို ဆက်ကာ ဆက်ကာ မက်နေစဉ်...
"ဟေ့... ကိုကျော်စံကေး၊ ထ ထ" ဟု ကိုတင့်ကြီး၏ နှိုးသံကို ကြားရလေ၏။
ကျွန်တော် သည် လန့်နိုး၍ မျက်လုံးကို ဖွင့်ကြည့်ကာ..
"ဟင်... မိုးမှမလင်းသေးတာ ကိုတင့်ကြီးရဲ့ ဘာပြုလို့လဲ"
"မိုးမလင်းခင် ထသွားမှဖြစ်မယ်"
"ဘယ်ကိုလဲ၊ ဘာဖြစ်လို့လဲ"
"ခင်ဗျားညက သူပြောတာ မမှတ်မိဘူးလား၊ မနက်စာကို သူက ဆွမ်းခံကျွေးမယ်.. ညစာကို ခင်ဗျားက သူတောင်းစား လုပ်တောင်းကျွေးမယ်ဆိုတာကို"
"အေးလေ.. မှတ်မိသားပဲ၊ ဒါဘာဖြစ်သလဲ"ဟု ကျွန်တော်က အေးဆေးစွာပင် ပြန်ပြောလိုက် ရာ ကိုတင့်ကြီးမှာ စိုးရိမ်ကြီး ဟန်နှင့်...
"အဲဒါ သူက တကယ်ပြောတာခင်ဗျ၊ ပေါ့ပေါ့ဆဆ မှတ်မနေနဲ့"
"သူ တကယ်ပြောတော့ ကျွန်တော်က တကယ်လုပ်မှာပေါ့ဗျာ"
"ဗျာ"
ကိုတင့်ကြီးသည် ရုတ်တရက် မျက်လုံးပြဲပြဲ ပါးစပ်ကိုဖြဲလျက် အကြီးအကျယ် အံ့သြဟန်နျင့် သူ့ထိပ်သူ လက်ဝါးနှင့် ရိုက်ရင်း တစ်ခွန်းတည်း အာမေဋိတ်သံဖြင့် ညည်းပြီးမှ...
"အံ့.. အံ့ပါရဲ့ဗျာ၊ ခင်ဗျားက သူတောင်းစားလုပ်ပြီး လျှောက်အော်တောင်းဖို့ သဘောကျ နေ တယ်ပေါ့၊ ညကများ "ထမင်းကျန်ဟင်းကျန်ကလေးများရှိ ပေးကြပါခင်ဗျာ"ဆိုတဲ့ ခင်ဗျားအသံ ကလေး ကြားရတော့ ခင်ဗျားကို ကျွန်တော် က သနားလွန်လွန်းလို့ ကြုံပလေ ဘုံပွေရယ်.. အခုတော့ ခင်ဗျာ့ဟာက ညက ကိုရင်ကြီးပြောတဲ့ သူတောင်းစား ပါရမီပါတယ် ဆိုတာ ဟုတ် နေရော့လားဗျာ"
"ဟုတ်တယ်ပဲ ထားပါတော့ဗျာ" ဟု အစချီကာ ညက စေတနာ့ရှင်ကလေးကို တွေ့ခဲ့ရပုံနှင့် မဟဝှာကလေး၏ မှာကြား လိုက်သော စကားတို့ကို ပြောပြီးနောက်...
"အဲဒါပဲ.... ကိုတင့်ကြီးရေ. အခုတော့ သူတောင်းစားအဖြစ်နဲ့ သနားစရာ လုပ်နေဦးမယ်၊ နောက်မှ အခြေ အနေကြည့်ပြီး ကျွန်တော့မူမှန်ကို ပိုပြီးသနားစရာ ကောင်းအောင် ပြောပြီး အတိအလင်းဂေါ်တော့မယ်... အဖြစ်ဆန်းကလေးနဲ့ အချစ်စခန်းဖွင့်ရမှာ... ဘယ်နှယ့်လဲ ကျွန်တော့်အကြံ အိုမကေ ဘူးလား" ဟု မောင်ပိုင်သံမျိုးဖြင့် အားရဝမ်းသာပြောလိုက်ရာ ကိုတင့် ကြီးသည် ပင့်သက်ရှူ၍ မဲ့ပြုံးပြုံးကာ...
"ဖြစ်... ဖြစ်တတ်လေဗျာ၊ ဘယ်လိုဟာမျိုးနဲ့များ တွေ့ခဲ့ပါလိမ့်"
"ဘယ်လိုဟာရမလဲဗျ၊ အင်မတန်ချောတာ.. ခင်ဗျားများ မြင်ရရင် သူတောင်းစားအဖြစ်နဲ့ မက ဘူး ကယ်ပါစန္ဒာလ အဖြစ်နဲ့တောင် ဂေါ်နေပါရစေ ဆုတောင်းမိဦးမယ်.. "
"အမယ်လေးဗျာ၊ ဒါလောက်ပဲ လှသလား"
ဤသို့ပြောနေကြစဉ် ကိုရင်ကြီးနိုးလာသဖြင့် ကျွန်တော်တို့ စကားကို ဖြတ်လိုက်ကြလေ၏။
သူရိယ မင်းသားကလေးသည် ကျွန်ုပ်တို့အား တစ်နေ့သော အသက်တာကို ပေးပြီးနောက် သူ၏ကြင်ရာတော် မယ်စန္ဒာနှင့် ပြာသိုဆောင် စက်ခန်းတွင် ညဉ့်ဝက်မျှ အတူစက်ရမည်ဖြစ် သောကြောင့် ခါတိုင်း ရာသီထက် ပင် စောစီးစွာ ဂေါယာတောင်စွယ် လိုက်ကာကွယ်သို့ ဝင် သွားလေပြီ။
ဤနှစ်အဖို့ ရှင်ပြာသို၏ လောကကြီးအား ဧည့်ခံသော တတိယမြောက် သီတင်းပတ်ဖြစ်၍ စန္ဒာမယ်၏ ခြွေရံငွေကြယ်ပျံတို့သည် သခင်မအလာနှောင်းရမလား ဟု ပြာမောင်းသော နှစ်ဝေ ဝေ ညီလာခံသဘင် တွင် ကြည်သာမရွှင် မှိတ်တုတ်မှိတ်တုတ်နှင့် စိတ်လုပ်၍ နေကြသည့် နှယ်။
ယင်းသည့် အချိန်တွင် အရေးပေါ် သူတောင်းစားကလေး ကျွန်တော်မောင်ကျော်စံကေးသည် အဖြစ် ဆန်းဆန်းနှင့် အချစ်စခန်းဖွင့်မည်ဟု အကြံယူကာ စေတနာရှင်မလေးဆီသို့ လာခဲ့လေ ၏။
သူတို့၏ ဇရပ်ရှေ့သို့ ရောက်လေလျှင်...
"လာပြီ ဒေါ်ဒေါ်ရေ"ဟု နောက်ဘက်သို့ လှည့်ပြောပြီး "လာ...လာ"ဟု ကျွန်တော့ကို ဖိတ်မန္တကပြုသော လုံမပျို ၏ ချစ်စရာ့အသံကလေးကို ကြားရလေသည်။
ကျွန်တော်ဝမ်းထဲ ဖိုးကျိုင်းတုတ်နှင့် ဇရပ်လှေခါးနားသို့ ချဉ်းကပ်သွားစဉ် အဒေါ်ကြီးက...
"မြရေ... အပေါ်ခေါ်လိုက်ပါလားကွယ်၊ အပေါ်မှာ ကောင်းကောင်းမွန်မွန် စားပါစေ" ဟု စေတနာပိုလိုက်သဖြင့် ကျွန်ော်မှာ ဇရပ်ပေါ်သို့ ရောက်သွားကာ ကောင်းမွန်စွာ စားသောက်ရ လေ၏။
ကျွန်တော့အား သူတောင်းစားဖြစ်လျက် အဘယ့်ကြောင့် ဤမျှစေတနာထားကြပါသလဲ၊ သူငယ်မ ၏ ပျောက်ဆုံးနေသော (၀ါ) သေသွားသော ကိုကိုနှင့်တူ၍ပင်လော....၊ ဤအတိုင်း မှန်လျှင်ကျွန်တော် ကြံနေသော ဖူးစာကံ သည် အမြန်ပင်ဆုံရန် နည်းလမ်းရှိပေသည်။ ထူးဆန်း စွာ စီမံပြီးသော ဖူးစာရေးနတ်အား ၇၅သိန်းလောက်ကုန်သော နတ်ကွန်းဗိမာန်ကြီးပင် ဆောက်ပေးဖို့ ကောင်းတော့သည်... စသည့်ဖြင့် ကိုယ်နှစ်သက်သော စိတ်ကူးများကိုသာ တွေးတောရင်း ထမင်းစားနေစဉ် သူတို့ တူဝရီးနှစ်ယောက်သည် ကျွန်တော့် အား မီးရောင် အောက်တွင် သေချာစွာ ကြည့်ရှုနေကြပြီးနောက် ကျွန်တော် စားသောက်ပြီးသော အခါ အဒေါ်ကြီးက...
"မောင်ရင်.... မောင့်ရင့်ဆီက အကူအညီတစ်ခု ဒေါ်ဒေါ်တို့ လိုချင်တယ်ကွယ်" ဟု စကား စလေရာ ကျွန်တော် မှာ အကြိုက်တွေ့သွား၍....
"ဘယ်လို အကူအညီလဲ ဒေါ်ဒေါ်၊ ကျွန်တော် တတ်နိုင်ရင် အသက်နဲ့လဲပြီး ကူညီပါ့မယ်... "
ဟု ဟီးရိုးတစ်ယောက်၏ အမူအရာမျိုးဖြင့် အာမခံလိုက်၏။
"တခြား ထွေထွေထူးထူးတော့ မဟုတ်ပါဘူးကွယ်.. ဒေါ်ဒေါ်တို့မှာ ယောက်ျားသနာ မရှိလေ တော့ ဒေါ်ဒေါ် တို့သွားချင်တဲ့ အရပ်ကို မသွားဝံ့ဘဲ ဖြစ်နေတယ်ကွဲ့၊ အဲဒါ မောင်ရင်လိုက်ပို့ ဖို့ပါပဲ"
"အို... ဒါလောက်တော့ ဘာခဲယဉ်းသလဲ ဒေါ်ဒေါ် ဘယ်လောက်ခက်ခဲတဲ့ ခရီးလမ်းဖြစ်ဖြစ် ကျွန်တော် လိုက်ပို့ပါ့မယ်"ဟု ရွှန်းပတဲ့ လုံမပျို၏မျက်နှာကို ကြည့်ရင်း ပြောလိုက်၏။
"အေးကွယ်... ကျေးဇူးတင်ပါတယ်။ မောင်က ဒီလိုဘဝမျိုးမှာ ဖြစ်နေပေမယ့် အသက်အရွယ် ကလေးနဲ့ ရိုးသားတဲ့ အမူအရာမြင်ကတည်းက ခင်မင်အားကိုတဲ့ စိတ်ရှိလို့... "
အဒေါ်ကြီး၏ စကားမဆုံးမီ ကျွန်တော်သည် ပြုံးရယ်လိုက်ကာ မိမ်၏ အဖြစ်မှန်ကို ထုတ်ဖော် ရန် သင့်လျော်ပြီဟု အောက်မေ့သည့်အတိုင်း...
"ဒေါ်ဒေါ်တို့ကတော့ ကျွန်တော့်ကို တကယ့်သူတောင်းစား မှတ်နေမှာပဲ၊ ဟဲ..ဟဲ..၊ ပြောရမှာ လည်း တကယ့် အဖြစ်ဆန်း.... "ဟု နိဒါန်းပျိုးကာ ရန်ကုန်သို့ လျှို့ဝှက်သောကိစ္စတစ်ခုနှင့် လာခဲ့စဉ် လမ်းတွင် လူဆိုးများ၏ တိုက်ခိုက်လုယူခြင်းကို ခံရ၍ အဝတ်အစားများပါ ချွတ်ယူ ခြင်း ခံရကြောင်းဖြင့် အပိုသက်သက် ဝါအလိုက်ပြီးမှ ဘုရားကြီးပေါ် သို့ ရောက်လာပုံ၊ မည်သို့ သူတောင်းစားဖြစ်ပုံတို့ကို ကိုရင်ရူးကြီးအား အပြစ်နာနာဖို့၍ အကြီး အကျယ် သနားစရာ ကောင်းအောင် ပြောပြလိုက်ပါသည်။
အဒေါ်ကြီးနှင့်မြ မှာ အံ့သြသော မျက်နှာ၊ ကြင်နာသော အမူအရာတို့ဖြင့် နားထောင်နေကြ၍ ကျွန်တော့် လုပ်ဇာတ် အဆုံးတွင်...
"
အဲဒီအတိုင်းပဲ.. ဒေါ်ဒေါ်ရေ့၊ မနေ့ညက သူတောင်းစားလုပ်လာရတာကတော့ ကျွန်တော် လည်း ဘယ် အလုပ်ဖြစ်ဖြစ် ကိုယ်မလုပ်ဖူးတဲ့ အလုပ်ကို စမ်းလုပ်ကြည့်ခင်ျတဲ့ ဝါသနာရှိတယ်၊ ဆရာပီမိုးနင်းလိုပေါ့၊ ၀တ္ထူတစ်ခုရေး ဖို့အတွက် သူတောင်းစားလုပ်ပြီး ကိုယ်တွေ့ဗဟုသုတ ရှာတာ၊ အခုညဆက်လာတာကတော့ တခြားကြောင့် မဟုတ်ဘူး၊ ဒေါ်ဒေါ်တို့က စေတနာ ကောင်း၊ဟောဒီမြကလည်း သေသေချာချာ ဖိတ်မန္တကပြုလိုက်တာနဲ့" ဟု ပြောကာ ကျွန်တော့် ရှေ့ သင်ဖြူးပေါ်တွင် ပုံ့ပုံ့ကလေးထိုင်နေသော မြအား ဘာဂလို တိုတို မျက်စိမျိုးဖြင့် ကြည့် လိုက်ပါသည်။
မြသည် အကြီးအကျယ် ချစ်စရာကောင်းအောင် ပြုံးရယ်လိုက်ကာ...
"ကြံကြံဖန်ဖန်... ဖြစ်မှ ဖြစ်ရပလေရှင်ရယ်"ဟု ကရုဏာသံကလေးနှင့် ပြောလိုက်ပါသည်။
ဤသည်တွင်မှ အဒေါ်ကြီးက..
"ဒါထက်.. မောင်ရင့်နာမည့် ဘယ်လိုခေါ်သလဲ"ဟု မေးရာ ကျွန်တော့်မှာ နာမည်ကို လိမ်ပြောမိသဖြင့် ပုနေအောင် ချောက်ကျခဲ့ဖူးပြီး ဖြစ်၍ မဝါမဝံ့တော့ဘဲ အမှန်အတိုင်းပင်..
"ကျွန်တော့်နာမည်က အဆန်းသားဗျ"ဟု စကားတိုင်ပြီးမှ...
"မောင်ကျော်စံကေး လို့ ခေါ်ပါတယ်"
မြက အနည်းငယ် ရယ်မောက...
"ဟင်... ရှင့်နာမည်ကလည်း တောကျလိုက်တာ"ဟု ချီးကျူးလိုက်သည်တွင် ကျွန်တော့်မှာ သူတောင်းစား စိတ် ပျောက်ပြီးရွှတ်နောက်ချင်စိတ်ကလေး ပေါက်လာသဖြင့်...
"ဒါ တောကျတဲ့နာမည် မဟုတ်ဘူးခင်ဗျဈ ပပ်ကြားကွဲကျတဲ့နာမည်"
မြသည် သူ့ပါးစပ်ကလေးကို လက်ဝါးကလေးဖြင့် ပိတ်ကာ မျက်နှာကလေးကို တစ်ဖက်သို့ လွှဲ၍ ရယ်မော လျက်..
"ရှင်ကလည်း... ညစ်ပတ်လိုက်တာ"
"ညစ်ပတ်တာ မဟုတ်ဘူး... မြရဲ့၊ ဟုတ်တာပြောတာ၊ ကျောစံကေးဆိုတာက နွေရာသီ ညအချိန်မှာ လယ်ပပ်ကြားကွဲ ထဲက ထွက်တဲ့ ဖားကလေးတွေကို ခေါ်တာ၊ ဒီက နာမည်က အဲဒီလယ်ပပ်ကြားထွက် ဖားကလေးတွေအမည် ကို ယူမှည့်ထားလို့ တောကျတာမဟုတ်ဘူး၊ ပပ်ကြားကွဲကျတယ် လို့ ပြောတာမြရဲ့၊"ဟု ပြောလိုက်သည်တွင် အဒေါ်ကြီးပါ နှစ်ယောက်သား ရောနှောရယ်မောကြလေ၏။
ခေတ္တမျှကြာ လျှင် အဒေါ်ကြီးသည် ခွေးကလေး အလိုလိုက် ပါးလျက်နားလျက်၊ ကြာလျှင် ရွှေ ရေး ပန်းကန်ပေါ် တက်တော့မည်ဟု စိုးရိမ်လာလေရောလား မသိ... "ကဲ မောင်ရင် မင့် ကိုရင်ရူးကြီးက ထမင်းဆာဆာ နဲ့ မျှော်လှရော့မယ်၊ သူဖို့ယူပြီး ပြန်တော့၊ နက်ဖန်မနက်ကျ လာခဲ့၊ မနက်စာထမင်းလည်း စားရင်း သွားဖို့ လာဖို့ လည်း အစီးအစဉ်လုပ် ရအောင်"ဟု ပြောသဖြင့် ကျွန်တော့်မှာ ဤတါင်မှ ဤမျှနှင့်ပင် အောင်မြင်စွာ ဆုတ်ခွာ ခဲ့ရ လေသည်။
ဆက်ရန်
.

No comments:
Post a Comment