Wednesday, October 3, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၁၂)

ခေတ္တမျှကြာ လျှင် အဒေါ်ကြီးသည် ခွေးကလေး အလိုလိုက် ပါးလျက်နားလျက်၊ ကြာလျှင် ရွှေ ရေး ပန်းကန်ပေါ် တက်တော့ မည်ဟု စိုးရိမ်လာလေရောလား မသိ... "ကဲ မောင်ရင် မင့် ကိုရင်ရူးကြီးက ထမင်းဆာဆာ နဲ့ မျှော်လှရော့မယ်၊ သူဖို့ယူပြီး ပြန်တော့၊ နက်ဖန်မနက်ကျ လာခဲ့၊ မနက်စာ ထမင်း လည်း စားရင်း သွားဖို့ လာဖို့ လည်း အစီးအစဉ်လုပ် ရအောင်"ဟု ပြောသဖြင့် ကျွန်တော့်မှာ ဤတါင်မှ ဤမျှနှင့်ပင် အောင်မြင်စွာ ဆုတ်ခွာ ခဲ့ရ လေသည်။ ကို ဆက်ဖတ် ရန်..............

နောက်တစ်နေ့၌ မြနှင့်ကျွန်တော်မှာ အတော်ပင် ရင်းနှီးယဉ်ပါးသည်ဟု ဆိုရပေမည်။ အဒေါ်ကြီးသည် ဗုံးမချမီ က ခရီးလွန်နေသော တူတစ်ယောက်၏ အဝတ်အစားများ ရှိသည်ဟု ဆိုပြီးလျှင် ကျွန်တော်အားလုံချည် အကျီ တို့ကို ထုတ်ပေးလေ၏။ ထိုအဝတ်အစားများမှာ ကျွန်တော်နှင့် တိုင်းချုပ်ထားဘိသကဲ့သို့ အကျအနဖြစ်နေသဖြင့် ကျွန်တော့် မှာ ဝတ်ကောင်း စားလှနှင့် အတော်ပင် စမတ်ကျ၍ နေပြန်လေ၏။
ထိုနေ့ နေ့ခင်း ၌ ရေမိုးချိုးပြီးကာ ကျွန်တော်၏ သူတောင်းစား အဝတ်အစားများကို ချွတ်၍ မြတို့ ပေးသော အကျီ လုံချည်များကို ဝတ်ဆင်လျက် မြ၏ လိပ်ခွံဘီးကလေးနှင့် ခေါင်းဖြီးနေစဉ် မြ ကိုယ်တိုင်မှာလည်း ရေချိုးပြီး၍ ထမီရင်ရှားနှင့် အလှပြင်လျက်ရှိလေ၏။

မြမှာ အသက် ၂၀ခန့် အသားညိုဝင်းကလေးနှင့် အချိုးအစား ကျနပြည့်ဖောင်းသော ကိုယ်လုံး ကိုယ်ပေါက် ရှိ၍ ယောက်ျားတစ်ယောက်၏ စိတ်ကို လွယ်ကူစွာ နူးညွှတ်အောင် ဆွဲငင်နိုင်ပါ ပေသည်။
မြသည် ဇရပ်ဧည့်ခန်းရှိ တိုင်ကပ်မှန်ကြီး၏ ရှေ့၌ အလှပြင်နေစဉ် ကျွန်တော်သည်ြုပတင်း ပေါက်တစ်ခုကို တစောင်းမှီ လျက် မြမြ၏အလှကျက်သရေကို မကြာခဏကြည့်ရှုကာ စိတ်ကူး နှင့် အူမြူးနေပေ၏။

မြသည် မျက်နှာတစ်ခုလုံးကို အမွှမ်းတင်ပြီးသောအခါ မီးခြစ်ဆံဖျားကလေးနှင့် ဆေးနက်စက် ကလေးတစ်ခုကို ညာဘက်ပါးပြင် တွင် တို့လိုက်ကာ စံပယ်တင်မှဲ့ကလေး ပြုလုပ်လိုက်ပြီး ပြုံး ရွှင်ကြည်လင်သော မျက်နှာ ကလေးဖြင့် ကျွန်တော့်ကို မျက်လုံးရွှဲကြီးနှင့် ဝင့်၍ ကြည့်လိုက်၏။ သွားရည်ယိုနေသော ကျွန်တော်နှင့် အကြည့်ချင်း ဆုံမိ၍ စတင်ရန် ကြံစည်နေသော ကျွန်တော် က...
"ဟင်း... မြက ဒီလိုစပယ်တင်မှဲ့ကလေးနဲ့ဆိုတော့ ပိုပြီးလှသွားတာပဲ" ဟု စကားစလိုက်ရာ မြ သည် ကြည်ရွှင်စွာပင်...
"တကယ်ပဲ... လှသလားရှင်ရဲ့"
"အိုလှတယ် သိလား သိပ်ကိုလှတာပဲ"

"ဒါဖြင့် မြ လိုလှအောင် ရှင်လည်း စံပယ်တင်မှဲ့ကလေး လုပ်ပါလား။ လာလေ... မြလုပ်ပေး မယ်"ဟု ဆေးနက် ကလေး တို့ထားသော မီးခြစ်ဆံကလေးကို ကမ်းလင့်ကာ ခေါ်နေသဖြင့် မြနှင့် နီးစပ်ရန်သာ စိတ်ကူးနေသော ကျွန်တော် သည် မရှက်တရှက် ပြုံးစိစိမျက်နှာကြီးနှင့် မြ အနီးသို့ ချဉ်းကပ်သွားကာ သခင်ချစ်သော ခွေးလိမ္မာ သဖွယ် မျက်နှာကို ခပ်လျော့လျော့ ကလေး မော့ပေးလိုက်၏။
တစ်ကိုယ်လုံး မွှေးကြိုင်နေသော မြသည် နူးညံ့လှစွာသော လက်ကလေးဖြင့် ကျွန်တော့်၏ ပါးပြင်ကို စံပယ်တင်မှဲ့ ကလေး တို့လိုက်ပြီးလျှင် ရွှင်ကြည်သော အသံကလေးဖြင့်...
"ကဲ... မလှဘူးလား၊ မှန်ထဲကြည့်ပါဦး"ဟု ပြုံးရယ်ရင်း ပြောလိုက်သည်တွင် ကျွန်တော့်မှာ တကယ် ပင် မှန်ထဲကြည့်လိုက်မိရာ...ကျွန်တော်၏ စုတ်ချွန်းချွန်း ရှုံ့တွတွမျက်နှာမှာ စံပယ်တင်မှဲ့နှင့် ဂေါ်ရခါးသီးပေါ် ကတ္တရာစေးစက် ပေ သလို ၇ှိနေပါသည်။

"ဟင်...မြကလည်း ဘယ်မှာလှလို့လဲ"ဟု ယောက်ျားတို့အမူဖြင့် အူတူတူပြောလိုက်ရာ မြသည် ကျွန်တော့် တစ်ကိုယ်လုံး သိမ့်ခနဲဖြစ်သွားအောင် ထူးဆန်းသော မိန်းမတို့၏ မူယာသံမျိုးဖြင့်...
"ဟင်း...မြ မျက်စိထဲမှာ လှတယ်သိလား၊ မြက လှအောင်လုပ်ပေးတာ ဖျက်ပစ်ရဘူးနော် ဟုတ်လား" ဟု နှုတ်ခမ်းစူသလိုလို ခြေဆောင့်တော့မလိုလို လုပ်ပြောလိုက်သည်တွင် ကျွန်တော့်မှာ ရုတ်တရက် ကိုယ့်နာမည် မှ မမှတ်မိလောက်အောင် ဖြစ်သွားကာ....
"ဖျက်ပါဘူးဗျာ...ဖျက်ပါဘူး...၊ မြသဘောတော်အတိုင်းပါပဲ"
"နို့ပြီး...သူ့နာမည်ကြီးလည်း ကိုကျော်စံကေးတဲ့၊ ကောင်းလည်းကောင်းဘူး၊ မြက နာမယ် အသစ် ပြောင်းပေးမယ်သိလား"
"အမယ်လေး.. .ပြောင်းပါဗျာ၊ မြ ကြိုက်သလိုခေါ်ပါ၊ ဘယ်လိုနာမည်များ ပြောင်းချင်လို့လဲ"

မြသည် သူ့လက်ညှိုးကလေးနှင့် ငေါ့တော့တော့ထိုးကာ...
"ဟော့ဒီ စံပယ်တင်မှဲ့ကလေးနဲ့လေ...မြမျက်စိထဲမှာ ကြည့်ကောင်းလို့ "ကိုမှဲ့တင်"လို့ ခေါ်မယ် သိလား"
"အမယ်လေး..ခေါ်ပါဗျား...ခေါ်ပါ...၊ မြကြိုက်သလို ခေါ်ပါ"
"ကိုမှဲ့တင် ခေါ်ရင်ထူးနော်"
"ထူးပါ့မယ်ဗျာ ထူးပါ့မယ်"
ဤသို့ ကျွန်တော်တို့နှစ်ယောက် ကြည်နူးနေကြစဉ် အဒေါ်ကြီး ရုတ်တရက်ပေါ်လာသဖြင့် မြက...
"ဒေါ်ဒေါ်ရေ..မြက သူမကောင်းတဲ့ နာမည်ကြီးကို ဖျက်ပြီး ကိုမှဲ့တင်ပြောင်းလိုက်တယ်၊ သူခေါ်ရင် ကိုမှဲ့တင် လို့ခေါ်နော်"
အဒေါ်ကြီးလည်း ကျွန်တော်တို့နှစ်ယောက်ကို စေ့စေ့ကြည့်ကာ....
"ငါ့တူမ သဘောအတိုင်း၊ ခေါ်ရတာပေါ့ကွယ်...ခေါ်ရတာပေါ့"

အဒေါ်ကြီးသည် သူတူမနွဲ့ဆိုးကြီးအပေါ်တွင် အတော်အလိုလိုက်ဟန်တူပါသည်။ မြ၏သွားလာနေ ထိုင်ပုံ ကိုယ်မူလက်ဟန်ကလေး မှာ အလွန်တရာ ပြေပြစ်ကြောင်းရှင်းလှသည်။ မြ၏ပြောဟန်၊ ဆိုဟန်၊ နွဲ့ဟန်၊ ခရာသံ ကလေးများမှာ အင်မတန်ချစ်ဖွယ်၊ နှစ်သက်ဖွယ် ကောင်းလှသည်။ ယခု အချိန်၌ ကျွန်တော် ၏စိတ်ထဲတွင် မြကလေး၏မျက်နှာသာ တစ်ကမ္ဘာထင်နေ၍ လွန်ခဲ့သော ဒုက္ခ တို့ကိုလည်းကောင်း၊ ပထမကြံရွယ် ခဲ့သော (စတယ်လာ) မယ်ကညာကိုလည်းကောင်း ဖုတ်လေ သည့်ငါးပိရှိသည်ဟူ၍ မအောက်မေ့တော့ ပါ။ လွန်ခဲ့သော ဒုက္ခတို့မှ လောကဓံသဘောတရားအရ ယခုလာမည့်သုခတို့၏ အခြေခံလှေကား ထစ်များသာဟု အောက်မေ့ပါသည်။ အမှန်စင်စစ်အချစ် စခန်းအတွက် အဖြစ်ဆန်းများ သာ ဟု တွေးထင်ပါသည်။

သဘောကောင်းသောအဒေါ်ကြီးသည် ကျွန်တော်နှင့်မြ နီးနီးကပ်ကပ်နေကြသည်ကို အပြစ်မှုအပြု၊ လျစ်လျူရှု ၍ နေပါသည်။ ဤမျှသာမက ထို့နေ့ ညနေခင်း၌ မြစ်ဝကျွန်းပေါ်အရပ်သို့ သွားကြရန် တိုင်ပင်သောအခါ ကျွန်တော် မှာ မည်မျှပီတီသောမနဿဖြစ်သနည်းဟုမူ ကြားရသောစကားများ.. ကိုယ့်နားပင် ကိုယ်မယုံသလို ဖြစ်မိပါတော့သည်။
အကြောင်းမူကား အလွန်ပင်အကြံဥာဏ် စိတ်ကူးစိတ်သန်ကောင်းလှသော အဒေါ်ကြီးက...
"ကဲ...သူ့နာမည် ဘယ်သူ၊ မြက ပေးထားတာ...အဲ မောင်မှဲ့တင်... ဒေါ်ဒေါ်တို့သွားရမယ့် ခရီးက.. လှေတစ်တန် လှည်းတစ်တန်နဲ့ တောအရပ်ခရီးဝေးကြီးသွားရမယ့် ဆိုတော့... လူဆိုး လူမသမာတွေကို မတွေ့ရဘူးလို့ မပြောနိုင်ဘူး၊ ဒီတော့ ပစ္စည်းပစ္စယထက် ဟောဒီတူမပျိုအတွက် က အရေးကြီး တယ်။ တူမကို စော်ကားမော်ကားလုပ်မျာ ဒေါ်ဒေါ်အစိုးရိမ်ဆုံးပဲ။

ဒီတော့သွားကြတဲ့ အခါလမ်းခရီးမှာ စကားစပ်လို့ရှိရင် ဘယ်သူကမေးမေး၊ ပြောရမှာလဲ ရှက်ပါရဲ့ကွယ်။ မောင်မှဲ့တင် နဲ့မြဟာ လင်မယားလို့ပြောနော် မောင်မှဲ့တင်...။ မြကလည်း မရှက်ပါနဲ့ကွယ်။ ကိုယ့်လင်သားရှိ တယ်ဆိုတော့ လူများစော်ကားမော်ကားမလုပ်ဝံ့ဘူးကွဲ...."
မြသည် ကျုံ့ကျုံ့ကလေး ထိုင်ကာရှက်ကြောက်သော အမူအရာနှင့် မျက်နှာကလေး ငုံ့၍ ဒေါ်ဒေါ်စီမံအတိုင်းပါပဲဟု ပြောသကဲ့သို့ ဆိတ်ငြိမ်စွာနေ၏။
ကျွန်တော် မူကား ဤစကားကို ကြားလိုက်ရသည်ဟု စက္ကန့်များအတွင်းမှ ကိုယ့်ကိုယ်ကိုယ်မျှ အကောင် အထည်နှင့် ရှိသည်ဟုပင် မထင်ရတော့ဘဲ၊ တစ်ကိုယ်လုံး ပျောက်ကွယ်ကြေးမှုန်းသည် ဟု ထင်လိုက်မိ ပါတော့၏။

ဟန်ဆောင်လင်မယားအဖြစ်မှ တကယ်ညားသွားကြသော ရုပ်ရှင်ဝတ္ထုတို့ကို ကြည့်ဖူးဖတ်ဖူးပါ သည်။ ယခုမြနှင့် ကျွန်တော်မှာ မြေကြီးလက်ခတ် တဗျတ်ဗျတ်နေကြတော့မည်။ ၀မ်းသာလိုက်ပုံ မှာပြောစရာမရှိ။ စတယ်လာနှင့် လွဲရသည် မှာ မြနှင့် ဖူစားဆုံချင်၍သာ ဖြစ်ပါလိမ့်မည်။ ထူးထူးဆန်း ဆန်းသူတောင်းစားဘ၀ကနေပြီး အကြောင်းတရား မျှရမယ့် မြ....မြ...မြ...
နောက်တစ်နေ့နံနက်ပင် ခရီးထွက်ကြမည်ဟု ပြောဆိုတိုင်ပင်ပြီး ၀တ္တရားမကင်းသေးသည့် ကိုရင်ရူးကြီးအတွက် ညစာထမင်း တို့ကို ယူငင်ကာဇရပ်သို့ ပြန်လာခဲ့ပါသည်။
ဝတ်ကောင်း စားလှနှင့် တစ်မျိုးတစ်မည်ဖြစ်လာသော ကျွန်တော့်အားကိုတင့်ကြီးက ဆီးကြိုမေးမြန်း သည်တွင် ပွပေါက်တိုးခဲ့ပုံ အလုံးစုံကိုပြောပြလျှင် လူပျိုဟိုင်းကြီး ကိုတင့်ပင် အားကျသွားရေယို မနာလို ဖြစ်နေမည် စိုးသောကြောင့် အနည်းအကျဉ်း အရိပ်အမြွက်ပြောပြီး နက်ဖြန်ကျွန်တော်တို့ ခရီးထွက်တော့မည် ဟူ၍သာ နှုတ်ဆက်လိုက်၏။

နောက်တစ်နေ့နံနက် စောစောပင် ကျွန်တော်တို့ ဇရပ်သို့ ရောက်ခဲ့၍သွားရန် အ၀တ်အစားများ ထုတ်ပိုးပြင်ဆင်ကြ၏။ အဒေါ်ကြီးသည် ဇရပ်တစ်ဘက်ဆောင်၌ အလုပ်များနေစဉ်၊ ကျွန်တော် သည်မြ ကို မသိမသာ ကလေးစောင်းမြောင်းကြည့်ရှုနေရာ၊ မကြာမီမြသည် ကျွန်တော့်ကို လက်ယပ် ခေါ်သဖြင့် မြအနီးသို့ ချဉ်းကပ် သွားရပါသည်။
မြသည် အသင့်ရှိနေသော ထားဝယ်လုံချည်လိမ္မော်ရင့်ရောင်နှင့် ပင်နီဖျင်တူ အပေါ်အင်္ကျီတစ်ထည် ကိုပေးပြီး...
"ကိုမှဲ့တင် ကလည်း...အ၀တ်အစားလဲလေ"ဟု ချစ်စရာကလေးပြောလိုက်၏။

ကျွန်တော် သည် ဤမျှချောမောလှပ၍ ဤဖော်ရွေးရင်းနှီးလှသော မြ၏မျက်နှာကလေးကို ၀မ်းသာ အားရကြည့်ရှုကာ...
"ကျေးဇူးတင်လိုက်တာ မြရယ်...မြက သိပ်အလိုက်သိတတ်တာပဲ"ဟု ပြောပြီး မြပေးသော အ၀တ် များကိုလဲလှယ်ပါသည်။
အပေါ်အင်္ကျီမှာ ကျွန်တော်နှင့် ကံအားလျောစွာ အဆင်သင့်ပင်ဖြစ်နေ၍ ကျွန်တော်ပင် သားသား နားနားရှိသွားပါသည်။ အ၀တ်အစားလဲပြီးသောအခါ၌ မြသည် ကျွန်တော့်အားသဘောကျသော မျက်နှာကလေးနှင့် သေသေချာချာကြည့်ပြီးမှ....
"ဟင်..သူ့လည်ပင်က အနာရွတ်တွေနဲ့ ကြည့်မကောင်းပါဘူးရော့ ဟောဒီမာဖလာကလေး ပတ်ထားပါ" ဟု ပြော၍သူ့သားရေ သေတ္တာထဲက သက္က္ကထဲက သက္ကလတ်နုမာဖလာကလေးကို ပေးပါသည်။ အစဉ်သဖြင့် ကြပ်ဖုံး မာဖလာသုံးခဲ့ရသော ကျွန်တော့်မှာ မြအားမည်မျှကျေးဇူးတင် လိုက်သည်မသိ၊ ထိုင်၍ရှိခိုးချင် စိတ်ပင် ပေါက်လာမိပါသည်။ အားရ၀မ်းသာစွာ မာဖလာကို လည်ပင်းတွင်ပတ်လိုက်၍ မိမိစိတ်မလုံနေသော ဖုချိုင့် အနာရွတ်တွေ ကို ဖုံးအုပ်လိုက်ရသဖြင့် ကျွန်တော့်မှာ မိမိကိုယ်ပေါ်မိမိ အတော်ပင် ခမ်းနားသွားသည်ဟု ထင်လိုက်ပါ၏။

သို့ရာတွင် ကလေးဆိုးကြီးနှင့်တူသော မြသည်ကျွန်တော့်ကိုစေ့စေ့ကြည့်ကာ အားမရနိုင်သော အမူအရာ မျိုးဖြင့်...
"ကြည့်ပါဦး...သူ့မာဖလာပတ်တာကြီးကလည်း ကြည့်မလှလိုက်တာ၊ မှန်းပါ..မြ ပြင်ပတ်ပေးပါ ဦးမယ်"ဟုဆိုကာ ဆတ်ကဲ့ လတ်ကဲ့မာဖလာကို ပြန်ဖြည်ပြီး သူသဘောကျ ပြန်ပတ်ပေးနေပါ သည်။ ကျွန်တော် ကား မြ၏ကိုယ်ရနံ့တို့ကို နီးစပ်စွာရှူရှိုက်ရင်းဝေဇယန္တာသို့ ရောက်နေသည်ဟု ထင်မိပါ၏။
မြသည် သူ့စိတ်တိုင်း ကျ ယုယုယယ ပတ်ပေးပြီးသောအခါ...
"ကဲ...မှန်ထဲကြည့်စမ်းပါဦး... မြလုပ်ပေးတာ မလှဘူးလားလို့..."

ကျွန်တော်သည် အကယ်ပင် မှန်ထဲကြည့်လိုက်ရာ မြပတ်ပေးပုံမှာ ကျွန်တော်ပတ်နေကျကဲ့သို့ ကြပ်အားလုံးတို့ မလုံ၊ လက်ယာဘက်မေးရိုးအောက်တွင် အနာရွတ်တစ်ခု ပေါ်နေပါသည်။ သို့သော် နွဲ့ချင်တိုင်းနွဲ့နေ လိုသော မြ၏ဆန္ဒကို ဆန့်ကျင်ဘက်မလုပ်လိုပါ။ ထို့ကြောင့်....
"လှပါတယ် မြရဲ့...လှပါတယ်..."ဟု ပြောကာ ပြုံးဖြီးဖြီးကြီးလုပ်နေစဉ် မြက....
"ဟင်..နေဦး...နေဦး၊ မနေ့က မြလုပ်ပေးလိုက်တဲ့ မှဲ့ကလေးသိပ်မထင်တော့ဘူး၊ ထပ်လုပ်ပေး ဦးမယ်၊ မှန်း...မှန်း"ဟုဆိုကာ အနီးရှိမီးခြစ်ဆံကလေးဖြင့် အသက့်ရှိသော ဆေးနက်ကလေးကို ထပ်၍တို့ပေးပြန်လေ၏။ ကျွန်တော် မှာ ဤသို့ မြ၏အပြုအစု အယုအယကို ခံနေရမည်ဆိုပါလျှင် မျက်နှာတွင် မှဲ့ကလေးတစ်စက်မက၊ ကတ္တရာစေး တစ်ပုံး လုံး လောင်းချသည့်တိုင်အောင် မငြင်းဆန်၊ ကျေနပ်နှစ်သိမ့်နေမည် ဖြစ်ပါသည်။

"ကဲ.... ပြီးပြီ၊ မြလုပ်ပေးတာ သဘောကျရဲ့လား"
"ကျပါတယ်ဗျာ၊ ကျပါတယ်"
"မြလုပ်ပေးတာတွေကို ပြင်ပြစ်နဲ့နော်"
"ပြင်ပါဘူးဗျာ၊ ပြင်ပါဘူး၊ မြဆန္ဒအတိုင်းဆို တစ်သက်လုံး ရေမချိုးဘဲတောင် နေပါ့မယ်။ ဟဲ...ဟဲ.. ဟဲ... တကယ်ပါ"
ဤသို့ ကျွန်တော်တို့နှစ်ယောက် ကြည်နူးနေကြစဉ်....
"ပြင်လို့ဆင်လို့ မပြီးကြသေးဘူးလားဟေ့၊ သွားဖို့အချိန်တော်ပြီ"ဟူသော အဒေါ်ကြီး၏အသံ ထွက်လာ၏။
"ပြီးပါပြီ ဒေါ်ဒေါ်...ပြီးပါပြီ"ဟု မြက ပြန်ပြောပြီး တစ်ဖန်ကျွန်တော့်ဘက်လှည့်၍...
"ကဲ..ကိုမှဲ့တင်၊ အ၀တ်သေတ္တာတွေ အပြင်ဘက်ထုတ်လိုက်ပါတော့"ဟုဆိုသဖြင့် ကျွန်တော် သည် လက်ဆွဲသားရေအိတ် တို့ကို ဇရပ်၀၇န်တာသို့ ဆွဲထုတ်ရသေး၏။

နံနက်ခင်း နေသစ်တန်းကျော်သည့်အချိန်တွင် အဒေါ်ကြီးသည် သံသေတ္တာတစ်လုံးကို ခေါင်းပေါ် ရွက်ကာ ထမင်းချိုင့်ကို လက်တစ်ဘက်က ဆွဲ၍လည်းကောင်း၊ ကြော့ရှင်းလှပသော မြသည် သားရေသေတ္တာတစ်လုံးကို ဘယ် တစ်လှည့် ညာတစ်လှည့်စီ ပြောင်းလဲဆွဲငင်၍ လည်းကောင်း၊ ယောက်ျားရင့်မကြီးဖြစ်သူ ကျွန်တော် သည် သေတ္တာနှစ်လုံးကို ဘယ်တစ်ဘက် ညာတစ်ဘက် မချိမဆံ့ဆွဲငင်၍ လည်းကောင်း ဘုရားကြီးပေါ်မှ ဆင်းခဲ့ကာ ညောင်ပင်လေးဆိပ်သို့ ခြေလျင် လျောက်ခဲ့ရလေ၏။
ကျွန်တော်၏ မသန်စွမ်းလှသော ကိုယ်ကာယမှာ တစ်သက်မှာ တစ်ခါမကြုံစဖူး၊ မချိမဆံ့ဝန်ကို ဆွဲဆောင် သွား ရသော်လည်း မြ၏ရနံ့ကို ခံကာခံကာ မောရပန်းရမှန်းမသိ လမ်းတွင် တစ်ထောက်ပြီးတစ်ထောက် ရပ်လိုက်နားနှင့် မကြာမီ သင်္ဘောဆိပ်သို့ ချဉ်းကပ်ခဲ့လေ၏။

သင်္ဘောဆိပ်ဂိတ်ဝင်သို့ ရောက်လေလျှင် ခြောက်လုံးပြူးကိုယ်စီထိုးထားသော ပန်ချာပီတစ် ယောက်၊ အင်္ဂလို အင်ဒီယန်းခေါ် မျက်နှာမဖြူမ၀ါတစ်ယောက်၊ ခေါ်တောမျက်စိရှိသော မြန်မာတစ် ယောက်သည် ကျွန်တော့်အား ကိုယ်နှင့်မတန်သော မြာနှင့်တွဲလာရမည်လောဟု မနာလိုဝန်တို မိစ္ဆာရှိကြလေသလားမသိ၊ သုံးယောက် သား သေသေချာချာ မြနှင့်ကျွန်တာ့်ကိုကြည့်ကြလေ၏။ ကျွန်တော်လည်း အဒေါ်ကြီး သင်ထားသည့်အတိုင်း ငါ့မယားဟူသော စတိုင်နှင့်မြ၏အနားသို့ တိုးကပ်လိုက်၍ မြကလည်းအားကိုးသော အမူအရာကလေးနှင့် ကျွန်တော်ကို တစ်လှည့်၊ သူကိုတစ်လှည့် ကြည့်နေပါသည်။
မျက်နှာမဖြူမ၀ါသည် စာအုပ်ကလေးတစ်အုပ်ကို သူ့ဘောင်းဘီအိတ်ထဲမှထုတ်၍ ကြည့်လိုက်ပြီး "ရက်(စ်)" ဟု မြည်တွန်လိုက်၏။

ဤတွင် မြန်မာအရာရှိက ကျွန်တော့်ကိုလှမ်းကြည့်လိုက်ကာ..
"ကဲ..မိတ်ဆွေ၊ ၀တ္တရားအတိုင်းပဲ"ဟု ဆိုလိုက်ရာ ကျွန်တော်မှာ အူကြောင်ကြောင်ဖြစ်နေစဉ် ချစ်သူ့အတွက် မခံမရပ်နိုင်သော မြကအရာရှိအား မျက်စောင်းထိုးကာ...
"ဘာဝတ္တရား အတိုင်းလဲရှင့်၊ ကျွန်မယောကျာ်းမှာ ဘာအပြစ်ရှိလို့လဲ"ဟု ကျွန်တော်အကြီးအကျယ် ၀မ်းမြောက်စရာ ကက်ကက်လန်အမူအရာနှင့် ရန်တွေ့လိုက်၏။
မျက်နှာဖြူ အရာရှိက မြကိုကြည့်ကာ မပီကလာပီကလာနှင့်....
"ခိုင်ဗျား နာမယ် မြားမြားအေးမဟုတ်လား"

"ဟုတ်တယ်လေ၊ ကျွန်မနာမယ်လေ မြမြအေး၊ ကျွန်မယောက်ျားနာမယ်က ကိုမှဲ့တင် အဲဒါဘာဖြစ် သလဲ"ဟု မိန်းကလေးဖြစ်သော် လည်း ရဲရင်စွာ ပြန်ပြောလိုက်သဖြင့် ကျွန်တော့်မှာ သဘောကျ၍ ဆိတ်ငြိမ်စွာနေ လိုက်ပါ၏။ အဒေါ်ကြီးက စိတ်မရှည်ဟန်လက္ခဏာနှင့်...
"ကဲကွယ်... ဘာနှောင့်ယှက်နေကြတာလဲ...နေမီရေမီ သွားရဦးမယ်"ဟု ပြောလိုက်သည် တွင် မြန်မာအရာရှိ သည်....
"မနှောင့်ယှက်ပါဘူး၊ အဒေါ်တို့ကော သွားနိုင်ပါတယ်။ ဟောဒီ ကိုမှဲ့တင်သာ ၀တ္တရားအတိုင်း"ဟု ပြောကာ ကျွန်တော်ကြောင်တက်တက်ဖြစ်နေစဉ် မှာပင် လျင်မြန်စွာ ကျွန်တော့်လက်နှစ်ချောင်းကို ဆွဲကိုင်ပြီး လက်ထိတ်ခတ် လိုက်လေ၏။

ကျွန်တော်မှာ ရုတ်တရက်လန့်ဖျပ်ကာ ဟင်....ဘယ့်နှယ်လုပ်တာလဲဟူသော အမူအရာဖြင့် မြကို လှည့်ကြည့် လိုက်ရာ မြက...
"အိုး...ဘာမှမကြောက်နဲ့၊ အပြစ်မရှိတဲ့လူ လွတ်လာမှာပဲ"ဟု ကျွန်တော့်ကိုစိတ်မကောင်းသော မျက်နှာလေးနှင့်ကြည့်ရင်း ပြောနေစဉ် မြန်မာအရာရှိနှင့် ပန်ချာပီသည် ကျွန်တော့်အား နှစ်ယောက် ညှပ်ဆွဲ ငင်ကာ ပလက်ဖောင်းနဘေးရှိ မော်တော်ကားဆီသို့ခေါ်သွားလေ၏။
မော်တော်ကား စက်နှိုး၍ အထွက်တွင် မြသည် ပြုံးရွှင်သော မျက်နှာကလေးနှင့် ကျွန်တော့်အား လက်ပြနှုတ်ဆက်လိုက်ပါသေးသည်။
ဤမျက်နှာကလေး ကို ကျွန်တော်ယနေ့တိုင် မေ့နိုင်လိမ့်မည် မဟုတ်ပါ။

လူ့ပြည်ရောက်ကတည်းက ယခုမှ ပထမအကြိမ်မြောက် ဈေးဦးပေါက် လက်ကောက်ဝတ်ရ၍ အမျိုးအနွယ် မသိရသေးသော မိန်းမတစ်ယောက်၏ ကလိန်ကျပုံကို တွေးတောမိကာ နယောင် နလည်မျက်နှာကလေးဖြင့် နံဘေးတွင် ထိုင်နေသော မြန်မာအရာရှိအား...
"ဘာမှုလဲဗျ"ဟု မေးလိုက်စရာ ထိုသတ္တ၀ါသည် သူ၏ဖုထစ်များသော မျက်နှာကို ကြောက်စရာ ကောင်းအောင် ရှုံ့မဲ့လိုက်၍....
"နောက်တော့ သိလိမ့်မပေါ့"ဟု မတိုးမကျယ် ကျွန်တော်ကြားရုံလောက် ပြောလိုက်ပါသည်။
ကျွန်တော့်မှာ နောက်ထပ်ပါးစပ်မဟ၀ံ့တော့ဘဲ ဘာမှုများပါလိမ့်၊ အနည်းဆုံး မုဒိမ်းမှုနှင့် လူသတ်မှု လောက်ဖြစ်နေရောလား...ဟု တွေးတောကာ မဟ၀ှာကြီးငယ်တို့ကို စိတ်ထဲမှာ ဆဲဆိုရေရွတ်ရင်း လိုက်ပါခဲ့ ၍ မကြာမီ လမ်းမတော်ဂါတ်သို့ ရောက်ခဲ့ပါတော့သည်။

ဂါတ်ထဲသို့ ၀င်မိလျှင် စားပွဲတွင် အခန့်သားထိုင်နေသော အရာရှိ မွတ္တားကြီးက ကျွန်တော့်ကို စိမ်းစိမ်း စားစားကြည့်ရှုကာ...
"သြ... တွေ့ခဲ့ကြပလား၊ ဟိုမအေပေးတွေက နေ့ဆက်ညဆက် သွားချောင်းနေကြပြီး ဘာတွေ များလုပ်နေကြ သလဲ မသိပါဘူး"ဟု ပြောပြီးအနီးရှိ အမှုထမ်းတစ်ယောက်ဘက်လှည့်၍...
"သွား...လှမောင်၊ ဟို...မသာကောင်တွေ အကုန်လုံး ပြန်ခေါ်ခဲ့တော့"ဟု အော်ဒါပေးလိုက်၏။
၎င်းနောက် တယ်လီဖုန်းကိုကိုင်ကာ ဟဲလိုတွေ၊ ရက်စ်တွေ လုပ်ပြန်၏။ ကျွန်တော်မှာ သူတို့ကိစ္စ မည်မျှအရေးကြီးသည်ကို နားမလည်၊ ဘုမသိဘမသိနှင့်ပင် အချုပ်ခန်းထဲ ရောက်ခဲ့ပါတော့သည်။ "အို...ကိစ္စမရှိပါဘူး...၊ အပြစ်မရှိတဲ့လူ လွတ်လိမ့်မပေါ့"ဟူသော ခွေန်းနာမ၏ စကားကိုကြား ယောင်လျက် ကိုယ့်ကိုယ်ကိုယ် "အို...ဒီလောက်တောင် မိန်းမမြင်ဂေါ်ချင်တဲ့ကောင် မသကာကြိုး စင်ပေါ့"ဟု တွေးတောကာ ကိုယ့်စိတ် ကိုယ်ဖြေနေရပါတော့သည်။

နှစ်နာရီခန့်ကြာလတ်သော် ကျွန်တော့်ကို အပြင်သို့ ထုတ်၍ဖမ်းလာသောအရာရှိသုံးယောက်နှင့် ဌာနအုပ်ဖက်တီး အပြင် ခရုသင်စွဲသလောက် အသားဖြူနေသော အခြားအရာရှိကြီး တစ်ယောက် ကို တွေ့ရလေ၏။
အသားဖြူကောင်ကြီး က ကျွန်တော့်ကို မြင်လျှင်မြင်ချင်း လင်ငယ်နောက်လိုက်သွားသော သူ့မယား ကိုပြန်တွေ့ရ သကဲ့ သို့ မျက်နှာကို အကြီးကျယ်ရှုံ့ကာ...
"ဟင်..ဘယ့်နှယ်...ပဉ္စမံတပ်သား၊ မရှောင်နိုင်တော့ဘူးလား"ဟု အံကြိတ်၍ အပေါက်ဆိုးမှုတ်လိုက် ရာကျွန်တော့် မှာ ရုတ်တရက်အံ့အားသင့်သွား၍...
"ဘာပဉ္စမံလဲ၊ ကျုပ်တို့မြန်မာလူမျိုးထဲမှာ ပဉ္စမံတစ်ယောက်မှ မရှိသေးဘူး"
"အိုး..မင်းတို့ အဖွဲ့ချုပ် မသိဘူးမှတ်သလား"

"ဘာအဖွဲ့လဲ...."
"ပဉ္စမံအဖွဲ့လေ...."
"ပဉ္စမံအဖွဲ့ရယ်လို့ ကျုပ်တို့မြန်မာလူမျိုးထဲမှာ မကြာသေးဘူး၊ ပဋ္ဌမံအဖွဲ့သာ ရှိတယ်..."
မျက်နှာဖြူကြီး အံ့အားသင့်သွားကာ...
"ပဋ္ဌမံအဖွဲ့"ဟု အာမေဋိတ်သံနှင့်ပြောလိုက်၏။
"ဟုတ်တယ်...၊ ကျုပ်သိတာပြောရတာ"
"လူဘယ်လောက်များသလဲ..."
"အိုး...အများကြီးရှိတာပဲ၊ ရှစ်သောင်းလေးတောင်လို့ ပြောကြတယ်"
"ခေါင်းဆောင် ဘယ်သူလဲ"
"ဘိုးဘိုးအောင်"

အင်္ဂလိပ်ကြီးသည် သူမသိရသေးသော အရေးတကြီးလူ၏နာမည်ကို ကြားရသဖြင့် အံ့အားသင့် နေစဉ် အနီးရှိမြန်မာ က ကျွန်တော့်ဆိုရင်းကို အင်္ဂလိပ်ဘာသာဖြင့် ရှင်းပြလိုက်သည်တွင် ကျွန်တော့် ကိုမဲ့ပြုံးပြုံး၍ကြည့်ကာ...
"ဟင်း....သခင်မှဲ့တင် ရူးချင်ယောင်ဆောင်သလား"
"ဘာ ရူးချင်ယောင်ဆောင်သလဲ၊ ကျုပ်သခင်မှဲ့တင်မဟုတ်ဘူး"
ဗိုလ်ကြီးသည် အနည်းငယ်ရယ်မောကာ...
"ကျုပ်ကိုညာလို့မရဘူး၊ ဒီမှာဓာတ်ပုံရှိတယ်"ဟု ပြောပြီးဓာတ်ပုံတစ်ခုကို ပြပါသည်။ ဓာတ်ပုံမှာ ကျွန်တော်နှင့် အတော်တူနေသဖြင့် အံ့အားသင့်နေစဉ် ဗိုလ်ကြီးသည် စာရွက်တစ်ခုကိုဖြန့်ပြီးလျှင် ကျွန်တော့်လည်ပင်းဆီသို့ လက်ညှိုး ထိုးကာ...

"ဟောဒီမှာ ညာဘက်မေးရိုးအောက်မှာ အနာရွတ်တစ်ခုရှိတယ်၊ ဘယ်ဘက်ပါးမှာ မှဲ့ ရှိတယ်၊ မောင်မင်းငြင်းနိုင်သေးသလား"ဟု ပြောလိုက်ရာ ကျွန်တော်မှာ ရုတ်တရက် မဟ၀ှာကလေး၏စီမံ ပုံကိုတွေးမိ ၍ ဟက်ဟက်ပက်ပက် ကျယ်လောင်စွာ ရယ်မောလိုက်ပါသည်။
ဗိုလ်ကြီးမှာ အံ့အားသင့်ပြန်၍....
"မောင်မင်း တကယ်များ ရူးသလား"
"မရူးပါဘူးဗျာ...မရူးပါဘူး၊ ဟောဒီလည်ပင်းမှာ အနာရွတ်တစ်ခု ရှိတယ်လို့ ဆိုတယ်မဟုတ်လား"
"ဟုတ်ကဲ့... ဟောဒီမှာ ကြည့်ဗျ၊ အနာရွတ်တစ်ခု မကဘူး၊ လည်ပင်းတစ်ခုလုံး ကြပ်အပြည့်ရှိ တယ်"ဟု ပြောကာ မဟ၀ှာ ယုယစွာစည်းပေးလိုက်သော ကြပ်ဖုံးမာဖလာကို ဆွဲဖြည်၍ပြလိုက်ပါ သည်။
အရာရှိ အားလုံး မျက်လှည့်ကြည့်သလို အံ့အားသင့်နေစဉ်ပင် ကျွန်တော်က ထပ်၍... "ဟောဒီမှာ.. မှဲ့ရှိတယ် ဆိုတယ်နော်... ကြည့်လိုက်ပါ"ဟု ဆိုကာ ရုတ်တရက် လက်ဝါးတံတွေးနှင့်ဆွတ်ပြီး မဟ၀ှာကလေး တို့ပေးလိုက်သော ဆေးနက်ကို သွေးထွက်လုနီးအောင် ပွတ်တိုက်ပြလိုက်ပါ သည်။

၇၅စက္ကန့်အတွင်း၌ သူတို့၏မျက်နှာများသည် အံ့သြရာမှ မျက်မှောင်များ ကုပ်လာကြကာ ကျွန်တော့်ကို ဖမ်းလာသော ပန်ချာမောင်က....
"မင်း ဒါဖြင့် ဟန်ဆောင်လာဒါပေါ့"ဟု ကုလားသံဖြင့် ဒေါမာန်ပါပါ ဟောက်လိုက်ပါသည်။
"အေး...ထင်မယ်ဆို ထင်စရာပဲ...ကျွန်တော်၏ စကားမဆုံးမီ ဗမာငနဲက...
"ဘာထင်မယ်ဆို... ထင်စရာလဲ၊ သခင်မမြမြအေးက..."

ကျွန်တော် အံ့အားသင့်ကာ...
"ဘယ်သခင်မမြမြအေးလဲ"
"အောင်မာ...ဘာအူကြောင်ကြောင် လုပ်တာလဲ၊ သင်္ဘောဆိပ်မှာ ဒိုနဲ့တွေ့တော့ မင်းကို ဒါကျွန်မ ယောက်ျား ကိုမှဲ့တင်လို့ ပြောတာ၊ မင်းကဘာစတိုင်ကြီးနဲ့ ငြိမ်နေရတာလဲ"
ကျွန်တော် မှာ ထောင်ကျမည့် လင်ငှားဖြစ်ခဲ့ရသည်ကို တွေးမိ၍ရှက်ရှက်နှင့် ရယ်ချင်စိတ်ပင် ပေါ်လာမိကာ...
"အဲဒါ ကျွန်တော့်ကို ညာခိုင်းပြီးတော့ ခင်ဗျားတို့ကို ကလိန်ကျတာဗျ...၊ ကျွန်တော့်နံမည်ရင်းက မှဲ့တင် မဟုတ်ဘူး ကျော်စံကေးဗျ"ဟု အစချီပြီး ကျွန်တော်၏ တဏှမက နှစ်ဏှာ သုံးဏှာ ၇၅ဏှာ လောက်ရူးမိသဖြင့်  ပတ်တီးချခံရပုံကို အစမှအဆုံးတိုင် ပြောပြလိုက်ပါသည်။

ဆက်ရန်
.

No comments: