Sunday, October 28, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၈)

မာရ်နတ်၏လက်မည်းကြီး

ဆွမ်ပရာဘွမ်မြို့ ၏ နံနက်ခင်းကောင်းကင် သည် မိုးတိမ်ကင်းစင်ပြီး ကြည်ပြာတောက်ပနေ သည်။ မျောက်လွဲ ကျော် များသည် အသစ်မွေး လာသည့် နေ့သစ်၏နံနက်ခင်းကို မြို့၏တောင်ဘက် "လုံဂျာဘွမ်တောင်" သစ် ပင်ထိပ်ဖျားဆီမှ ဆီးကြိုအော်မြည်နေသည်။
သူရိယနေမင်းသည် အရှေ့ဘက် မိုးကောင်းကင်နှင့် ထိစပ်နေသည့် တောင်ပြာတန်းကို ဖြတ်ကျော်ရန် အားယူနေဆဲ ရှိသည်။ ထိုစဉ်သူ၏ ရောင်ခြည်သည် တောင်တန်းနောက်ကွယ်မှ အထက်မိုးကောင်းကင်သို့ ဖျာ ထွက်နေရာ ပတ်ဝန်းကျင်တစ်ခွင်လုံး လင်းထိန်လျက်ရှိသည်။
မကြာမီမှာပင် နေမင်းကြီးသည် တောင်ပြာတန်း၏ ခပ်ခွက်ခွက်တစ်နေရာမှ ဖရဲသီးစိပ်သဏ္ဍာန်ပြူထွက်လာ သည်။ ခဏတွင်းချင်းမှာပင် နေမင်းကြီးသည် တောင်တန်း မျဉ်းကြောင်းပေါ်တွင် ၀ိုင်းစက်သော သဏ္ဍာန် ဖြင့် ရဲရဲနီလျက် စိုက်ထောင်နေပါတော့သည်။

ထိုအချိန်တွင် နေမင်းကြီးသည် သူ၏ လှပခန့်ညားသော အသွင်သဏ္ဍာန်ကို သတ္တ၀ါအပေါင်းအား ရှုစား ခွင့် ပြုနေသည်။ မိနစ်ပိုင်းအတွင်းမှာပင် နေမင်းကြီးသည် ကောင်းကင်ထက်ဆီသို့ တရွေ့ရွှေ့ မြင့်တက်သွား သည်။ သူ၏ တန်ခိုးရှိန်ဝါသည်လည်း တိုး၍ ကြီးထွားလာရာ သူ့အား စေ့စေ့ကြည့်ခွင့်မပြုတော့ပြီ။
ဂင်ရန်လီသည် နေမင်းကြီးဆီမှ မျက်နှာလွှဲဖယ်ပြီး အရှေ့တောင် အရပ်ဆီသို့ မျှော်ကြည့်သည်။ မညီညာ သောမြေပြင်ပေါ်တွင် တောင်တန်းတောင်ထွတ်များ ပြန့်ကျဲနေသည်။ တောင်တန်းတောင်ထွတ်များ၏ အောက်ခြေရင်းများကို ဖြူဆွတ်ဆွတ် မြူတိမ်များဖုံးအုပ်လျက်ရှိရာ ထိုတောင်တန်းတောင်ထွတ်များ သည် ပင်လယ်ပြင်မှ ကျွန်းများသဖွယ် အမြင်မှားနေရ သည်။ မြူတိမ် တို့သည် မြေပြင်ပေါ်တွင် ၀ပ်နေရာမှ သူတို့ အပေါ် နေခြည်ဖျာကျလာ၍ အထက်ကောင်းကင်သို့ ပျံတက်ရန် လူးလွန့်စပြုနေပြီ။ ဂင်ရန်လီ သည် ထိုရှုခင်း ၌ နစ်မျောနေမိသည်။

ထိုစဉ် " ဖူးဒူ၊ ဖူးဒူ" (အစ်ကိုကြီး)ဟု အသံကြားရာ၊ ဂင်ရန်လီသည် အသံလာရာသို့ လှည့်ကြည့်လိုက်ရာ ဂျာနူး ကို တွေ့ရသည်။ သူ၏လက်တွင် နှစ်ဆင့်စတီးချိုင့်ဆွဲကိုင်လျက် "ဖူးဒူး ကျွန်မ ကောက်ညှင်းပေါင်း လာတယ်" ဟု ဆိုကာ စတီးချိုင့်လေးကို မြှောက်ပြနေသည်။ " အားနာစရာတော့ ဖြစ်နေပြီ၊ ငါက ဘာမှ လည်းမပေးနိုင်ဘူး" ဟု စိတ်ထဲ ရှိသည့်အတိုင်းနှုတ်မှ ထွက်လာသည်။
ဂျာနူး သည် ထိုဒေသသူဖြစ်သည်။ အသက်သုံးဆယ်ပတ်ဝန်းကျင်ရှိမည်။ ချောတုန်းလှတုန်းအရွယ်ဖြစ်သည်။ ဌာနတစ်ခု တွင် ၀န်ထမ်း လုပ်နေသည်။ သူမသည် မကြာခဏ ဆိုသလို ဂင်ရန်လီအား စားစရာ လာပေးတတ်သည်။ ဟင်းရွက်လှော်၊ တောကောင်သားဟင်း၊ မှိုဟင်း စသည်ဖြင့် ...။

ဂင်ရန်လီ ဤမြို့သို့ေ၇ာက်သည်မှာ မကြာသေး၊ လွန်ခဲ့သည့် နှစ်လေးဆယ်ခန့်က ဤမြို့တွင် ကျောင်းနေခဲ့ သည်။ ယခု သူ ပြန်ရောက်တော့ အိုမင်းဟောင်းနွမ်းနေသော အဆောက်အအုံများကသာ သူ့အား ဆီးကြို နေ သည်။ သိကျွမ်းသူ ဟူ၍ သုံးယောက်သာ ရှိတော့သည်။ တစ်ရပ်တစ်ကျေး ပြောင်းကြပြီ။ တချို့ လူ့ပြည် လူ့ရွာ မှ အပြီးအပိုင်ထွက်ခွာသွားကြပြီ။
လူမျိုး ထုံးတမ်းစဉ်လာနှင့်အညီ ဆွေမျိုးစပ်တော့ ဂျာနူးသည် ညီအစ်ကိုမျိုးထဲကဖြစ်၍ ညီမတော်သည်။ ထို့ကြောင့် သူသည် ဂင်ရန်လီအား "ဖူးဒူ အစ်ကိုကြီး" ဟုခေါ်ဆိုခြင်းဖြစ်သည်။
သူမ အကြောင်း အနည်းငယ်သာ သိသည်။ အိမ်ထောင်ပြုဖူးသည်။ ကလေးတစ်ယောက် မွေးဖူးသည်။ ယခု တော့ လင်ယောက်ျား ဆုံး၍ ကလေးသေပြီ။ ထိုမြို့သေးသေးကလေးတွင် ၀န်ထမ်းတိုင်း သိကျွမ်းကြသည်။ ခင်မင်ကြ သည်။ ခု ဂင်ရန်လီနှင့် ဂျာနူး သိကြပြီ၊ ခင်ကြပြီ။

ဂျာနူး၏အိမ်နှင့် ဂင်ရန်လီ၏အိမ် သိပ်မဝေး။ ဂင်ရန်လီသည် တစ်ကိုယ်တော်ဖြစ်၍ စားသောက်ရေးခက် သည်ကို သူ သိသည်။ ထို့ကြောင့် ကိုယ်ချင်းစာနာ၍ အလိုက်သိစွာ ပေးကမ်းခြင်းဖြစ်သည်။ အမှန်တော့ ဂျာနူး ကိုယ်တိုင်လည်း အထီးကျန်ဖြစ်သည်။ မိခင် ဖခင် မရှိတော့ပြီ။ ညီအစ်ကို မောင်နှမများရှိကြသော် လည်း အိမ်ထောင် သီးခြားစွာရှိနေပြီ။ ယခု သူ့ညီမ ၏ သားတစ်ယောက်ကို မွေးစားပြီး။ ရွာမှ ကျောင်းသူ တစ်ဦးနှင့်နေ သည်။

လွန်ခဲ့သည့် ၁၀ နှစ်ခန့်က ပွင့်လင်းရာသီ၏ တစ်ညနေခင်းတွင် မြစ်ကြီးနားဘက်မှ ယာသ်တန်းဆွမ်ပရာဘွမ် မြို့ သို့ ၀င်လာသည်။ မြို့လူထုအနေဖြင့် ကားမမြင်ဖူးသည်မှာကြာပြီ။ ယမန်နှစ် မိုးဦးပိုင်းတွင် ဂျစ်ကားတစ်စင်း ဤမြို့ မှ ဆင်းသွားသည်ကို မြို့သူမြို့သားများ နောက်ဆုံးမြင်လိုက်ကြသည်။
ယခု ယာဉ်တန်းတွင် သူပါလာသည်။ ဂျာနူးသည် ယာဉ်တန်းဆိုက်လာသည့်နေရာသို့ ရည်ရွယ်ချက်မရှိ ဆင်းလာသည်။ ထိုစဉ်အသားဖြူဖြူ ဂျင်းဘောင်းဘီနှင့် သူ့အရွယ်ယောက်ျားပျိုတစ်ဦး ကားပေါ်မှဆင်းလာ ရာ အမှတ်မထင် မျက်လုံးချင်း ဆုံမိကြသည်။ ဂျာနူး၏ရင်ထဲ သိမ့်ခနဲ ရိုက်ခတ်သွားသည်။ ထိုလူရွယ်သည် ဂျာနူး အား တစ်ချက်ပြုံးပြသွားသည်။
" ဘယ်သူပါလိမ့်" ဂျာနူး ကိုယ့်ကိုယ်ကို မေးမိသည်။ ယောက်ျားပျိုတစ်ဦးကို တွေ့ရုံနှင့် တစ်ကြိမ်တစ်ခါမှ ယခုလို မခံစားဖူး။ သူမသည် ၂၀ ပတ်ဝန်းကျင်၊ ထိုမြို့၏ ကွမ်းတောင်ကိုင်ဆိုလည်း မမှား။ ထိုမြို့သို့ ရှား ရှား ပါးပါး ရောက်လာကြသည့် ၀န်ထမ်းများ၊ အရာရှိများ သူ့အား မိတ်ဆက်ကြသည်။ ချစ်ရေးဆိုကြသည်။ သို့သော် သူ ငြင်းဆန်ခဲ့သည်။ သူ၏ စိတ်တွင် စွဲမြဲသောဆုံးဖြတ်ချက်တစ်ခု ချထားသည်။ " အမျိုးတူ ဘာသာတူနှင့်သာ အိမ်ထောင်ပြုမည်" ဟူ၍။

ထိုယာဉ်တန်းသည် ဆွမ်ပရာဘွမ်မြို့တွင် သုံးရက်နားပြီး ပူတာအိုသို့ တက်သွားသည်။ "သူ" ကတော့ ဆွမ် ပရာဘွမ်မြို့တွင် ကျန်နေသည်။ ယာဉ်တန်းပြန်ဆင်းလာသည်အထိ ဆိုပါ၏။ သို့နှင့် ထိုမြို့ ကျဉ်းကျဉ်းကလေးတွင် ဂျာနူးနှင့် ထို သူ သိကျွမ်း ခင်မင်သွားကြ သည်။ ဆွေမျိုးစပ်တော့ ယောက္ခမ မျိုး တော်နေသည်။ နာမည် ကတော့ "ဇော်လီ"ဟုသိရပြီ။
ဇော်လီသည် အသားဖြူဖြူ အရပ် ၅၊.၆။ ခန့်ရှိသည်။ မြို့သားကြီးဇော်လီသည် သိကျွမ်းပြီး မကြာမီမှာပင် ဂျာနူး အား ချစ်ရေးဆိုလာသည်။ လက်ထပ်ယူမည်ဟု ပြောလာသည်။ ဂျာနူးအတော်ကြာအထိ စကားမပြန် သေး။ သို့သော် ဇော်လီ၏ မျိုးရိုးမိဘများကိုတော့ တခြားနည်းဖြင့် လေ့လာထားသည်။ ဂျာနူး ချစ်ရေးဆိုခံ ရသည်မှာ ယခုတစ်ကြိမ် ပထမဆုံး မဟုတ်။ ယခင်က ကြုံခဲ့ဖူးပြီ။ သို့သော် သူ၏စွဲမြဲသော ဆုံးဖြတ်ချက် မယိုင်မလဲ။

ဤဒေသလူမျိုးထုံးဓလေ့အရ သမက်မျိုးနှင့်ယူရသည်။ ဤသို့ဆိုလျင် ဤမြို့တွင် အသက်တူ ရွယ်တူ ၊ အမျိုးတူ မရှိပြီလော။ သားမက်မျိုးနွယ် မရှိတော့ပြီလော။ ရှိကြပါသည်။ မိမိ ခဲအိုအရင်းခေါက်ေ ခါက်၏ သားရှိကြပါသည်။ ဤထုံးတမ်းဓလေ့ အရ များစွာသော သမီးပျိုများသည် သမက်မျိုးနှင့် လင်တော်ကြပြီ။ ကြိုက်နှစ်သက် သည်ဖြစ်စေ၊ ချစ်မနှစ်သက် မမြင်ဖူးသည်ဖြစ်စေ လင်တော်ကြရပြီ။ လင်တော်၍ အိမ်ထောင် ပြုလိုက်လျှင် အချစ် ဆိုသော အရာသည် သံယောဇဉ်နှင့်အတူ ပေါက်ဖွားရစ်ပတ်လာပါသတဲ့။ ဤကား ဒေသ၏ ဓလေ့ထုံးစံဒေသ၏ ယုံကြည်ချက်ပေ တည်း။
သို့သော် ဂျာနူး ဤအယူအဆကို လက်မခံနိုင်။ ကြည့်ပါ။ လင်တော်ရမည့် ခဲအို၏သားသည် အရက်သမား၊ မည်သည့် အလုပ်အကိုင်မှ မည်မည်ရရ မလုပ်တတ်။ မြို့ကြီးသွား၍ ကျောင်းနေဖူးသော်လည်း ယခု မိဘ အိမ်၌ ကပ်စားနေသည်။ ထိုကဲ့သို့သော လူမျိုးနှင့်မည်သို့ လင်တော်ရမည်နည်း။ သို့ဖြစ်၍ ဂျာနူးသည် ရင်ထဲမှ ဘုရားသခင် ထံ ဆုတောင်းလျက်ရှိသည်။ " ကျွန်မနှင့် အမျိုးတူ၊ ဘာသာတူ ကျွန်မကို ဦးဆောင် နိုင်မည့် အိမ်ထောင်ဘက် ပေးသနားတော်မူပါ" ဟူ၍။

ဇော်လီနျင့် တွေ့ဖန်များတော့ ဂျာနူး၏ အသည်းရိုင်းလှုပ်ခါစပြုလာသည်။ သူမ၏ ရင်ထဲတွင် ကျွန်မ ဤအ ရွယ်ထိ စောင့်စားနေသော အိမ်ထောင်ဘက်သည် "သူ" များဖြစ်နေပြီလေဟု တွေးတတ်ပြီ။ သူ မလာသော ညနေများ တွင် သူလာရာအရပ်သို့ အလိုလိုမျှော်နေမိပြီ။ မည်သူမျှ ၀င်မလာသော ခြံစည်းရိုးတံခါးဝဆီသို့ မျက်စိ ခဏခဏ ရောက်နေပြီ။
တစ်ညနေ မှောင်ရီပျိုးစတွင် ဇော်လီ ရောက်လာသည်။ သူတို့သည် ၀၇န်တာနှင့် ကပ်လျက်လုပ်ထားသော ၀ါးကြမ်းခင်း ကွပ်ပျစ် တွင် ထိုင်ကြသည်။ နှစ်ယောက်စလုံး နှုတ်ဆိတ်ပြီး ကောင်းကင်ဟင်းလင်းပြင်သို့ မော့ ကြည့်နေကြ သည်။

ငွေကြယ်လေးများမှ အလင်းတန်းသည် မှောင်စပြုနေသော ကောင်းကင်ပေါ်မှ သူတို့ဆီ သို့ တစ်ပွင့်ပြီး တစ်ပွင့် ထိုးကျလင်းလက်လာသည်။ ထိုစဉ်မှာပင် တောင်ပံပါသည့် သေးသေးသတ္တ၀ါများသာ သူတို့၏ မျက်နှာရှေ့မှာ တစ်ကောင်ပြီး တစ်ကောင် ဖြတ်သွားဖြတ်လာ ပျံသန်း နေကြသည်ကို မှုန်ဝါးဝါး တွေ့မြင်နေရသည်။ မကြာမီမှာပင် ထိုသတ္တ၀ါလေးများ ဘယ်အရပ်က စတင်ပျံ သန်းပြီး ဘယ်အရပ်ကို ဦးတည် သွားနေသည်ဆိုသည့် လျှို့ဝှက်ဆန်းကြယ်ခြင်း၏ ဟိုမှာ ဘက်ဆီကို သုတို့ နှစ်ယောက်၏ စိတ်အလျဉ် နစ်မျောသွားသည်။ ထိုစဉ် အရှေ့ဘက် မိုးကောင်းကင်မှ ကြယ်တစ်ပွင့်အမြီးတန်း ရှည်ကြီးနှင့် ကမ္ဘာမြေပြင်ဆီ သို့ ကြွေကျနေသည်ကို သူတို့မြင်ကြသည်။
" အို လှလိုက်တာ " သူတို့နှစ်ဦး ပြိုင်တူပြောမိကြပြီး အချင်းချင်း မျက်နှာချင်းဆုံလိုက်ကြသည်။ ထိုည တွင် ဇော်လီက ဂျာနူးထံမှ သူအလိုရှိသော အဖြေကို ရရှိခဲ့သည်။ ဇော်လီ သည် ဂျာနူး၏ ပါးမို့မို့ကို တစ်ချက် နမ်းပြီး ထိုကွပ်ပျစ်မှ လန်းဆန်းတက်ကြွစွာ ထပြန်သွားတော့သည်။ ဂျာနူး၏ ရင်တုန်ခါသွားသည်။ သူမ၏ နီမြန်းနေသည့် မျက်နှာမှ အပြုံးပန်းတစ်ပွင့်ကိုတော့ အမှောင်ထုကွယ်နေ၍ ဇော်လီ မြင်မသွားပါ။

ဇော်လီ သည် မိကောင်းဖခင်သားဖြစ်သည်။ ဟော့ဟော့ရမ်းရမ်းမရှိသော်လည်း ရံဖန်ရံခါတော့ သောက်စား တတ်သည်။ စီးပွားရေး အတည်မကျ မရှိသေး၍ ကြုံရာအလုပ်လုပ်သည်။ တရုတ်ပြည်ဘက် မကြာခဏ သွား၍ သင့်ရာကုန် ကူးသည်။ ဖားကန့် ကျောက်အရောင်းအ၀ယ်လုပ်ဖူးသည်။ ယခု ဆွမ်ပရာဘွမ်ဘက် ကြိမ်ပေါသည် ဆို၍ လာရောက်လေ့လာခြင်းဖြစ်သည်။
ရွှေငွေ လိုက်ရှာသည် ယခု ကြင်ယာလောင်းတွေ့ပြီ။ နဖူးစာ ရွာလည်တောလည်၍ ဤဒေသတွင်မှ ကြင်ယာ တွေ့ခဲ့ သည်။ သူတို့အမျိုး ထုံးတမ်းစဉ်လာအ၇ ကွမ်းဖိုး ကိစ္စ ဆောင်ရွက်ပြီး မြစ်ကြီးနားမြို့ ဇော်လီ မိဘအိမ် တွင် လူမျိုးဓလေ့။ ဘာသာရေးနှင့်အညီ လက်ထပ်မင်္ဂလာပြုကြပြီး သာယာကြည်နူးဖွယ်ရာ ဘ၀တစ်ခု ကို  တည်ဆောက်ကြသည်။
ဇော်လီနှင့် ၈ျာနူး လက်ထပ်မင်္ဂလာပြုပြီး တစ်နှစ်အကြာတွင် သားယောက်ျားလေးတစ်ဦး မွေးသည်။ သုံးနှစ် အကြာ တွင်တော့ ဇော်လီ ယခင်နှင့် မတူတော့ပြီ။ ပိန်ကျလာသည်။ အစားပျက် အအိပ်ပျက်သည်။ ချောင်း ဆိုး လာသည်။ ရောဂါတစ်မျိုးပြီး တစ်မျိုးဝင်လာ၍ အိပ်ရာထက်တွင် အနေများလေသည်။ မည်သို့ပင် ကုသ ပါသော် လည်း ပြန်လည်မထူထောင်လာတော့ဘဲ တစ်နှစ်အကြာတွင် ကွယ်လွန်သွားတော့သည်။

ဂျာနူး၏ အိမ်မက်ကမ္ဘာလေး ပြိုလဲခဲ့ပြီ။ သို့သော် သူမသည် လောကဓံကိုကြံ့ကြံ့ခံကာ သားလေးနှင့် ဘ၀ ခရီး ဆက်လျှောက်ခဲ့သည်။ သို့သော် ကံဆိုးမသွား၇ာ မိုးလိုက်လို့ရွာနေပြီ။ သားလေးသည် မကြာခ ဖျား သည်။ ပါးစပ် မှာလည်း မက်ခရုတွေ မကြာခဏ ပေါက်တတ်သည်။ ဗိုက်ပူနံကားပြီး အစားမ၀င်ဖြစ်ကာ အရိုးပေါ် အရေတင် လာသည်။ ထိုကလေးသည် လောကအကြောင်း အဆိုးအကောင်း မည်သို့မျှ မခွဲခြား တတ်မီ အရွယ်နှင့် မမျှအောင် ဘ၀ငရဲကို ထွေးပိုက်ရင်း နှစ်နှစ်အရွယ်တွင် ဖခင်နောက်သို့ လိုက်သွားပါ တော့သည်။
ဤတွင် ၈ျာနူး သည်းထန်စွာ ငိုကြွေးခဲ့သည်။ လင်တော်မောင်နှင့် သားအတွက် ပေါင်းစပ်ကာ ငိုကြွေးခဲ့သည်မှာ ခန္ဓာကိုယ်တွင် မျက်၇ည်တစ်စက်ပင် မကျန်တော့ပြီ။ သို့သော် သူမ မျက်ရည်ခမ်းခြောက် ပြီးနောက် ရူးလောက်သော ဝေဒနာကို ကြံ့ကြံ့ခံ၍ အထီးကျန်ဘ၀မှ ရုန်းထွက်ရန် ကြိုးစားခဲ့၏။ ဘ၀သစ် တစ်ခု ထူထောင် လိုက်သည်။ သူသည် လောက၌ " ကျွန်မဘ၀ ဤသို့ ဖြစ်ကောင်းလား " ဟု ငိုကြွေးနေမည့် အစား ဘုရားသခင် ထံ ဆုတောင်း၍ ဘ၀ကို ရဲရဲရင်ဆိုင်လိုက်သည်။

တစ်ညနေခင်းတွင် ဂင်ရန်လီသည် သူ၏ ဂေဟာအနောက်ဘက်ခြမ်းတွင် စိုက်ထူထားသည့် နိုင်ငံတော် အလံတိုင် ခြေရင်း ကို လှပအောင် မည်သို့ပြုလုပ်လျှင် ကောင်းမည်နည်ုး ငေးငိုင်စဉ်းစားနေသည်။ "ဖူးဒူ"ဟု အသံကြား ၍လှည့်ကြည့်လိုက်တော့ ဂျာနူးကိုတွေ့ရသည်။ လက်ထဲမှာတော့ နှစ်ဆင့်ချိုင့်ကလေးနှင့် "ကျွန်မ မှိုနက်ဟင်း လာပို့တာ " ဟုဆို၏။ မှိုနက် ဆို သည်မှာ ဆောင်းဦးကာလတွင် တောထဲ၌ သစ်ရွက်ခြောက် တွေ ကြား ပေါက်တတ် သည့် အနက်ရောင်မှိုမျိုးဖြစ်သည်။ ကိုင်လိုက်လျှင် လက်တွေပင် အနက်ေ၇ာင် စွဲ ကျန် နေတတ်သည်။ စားနေကျမဟုတ်လျှင် မည်သူမျှ စားရဲမည်မဟုတ်၊ အဆိပ်အတောက်မှို ထင်ကြ မည်။ မည်သို့ရှိစေ ဂင်ရန်လီ ရာသီပေါ် မှိုနက်ဟင်းကြိုက်သည်။

" ကျေးဇူးပဲ ညီမရယ်၊ အစ်ကိုကြီး မှိုနက်ဟင်းမစားရတာ နှစ် ၄၀ ရှိပြီ" ဟု ကျေးဇူးတင် စကား ပြောဆို လေ၏။ဂျာနူးသည် ဂင်ရန်လီ အနားကပ်လာသော်လည်း ချိုင့်ကိုမူကိုင်မြဲ ကိုင်ထားသည်။ မီးဖိုချောင် မှာ သွားထားမယ်ပေါ့။ သူမ မျက်နှာအမူအရာသည် ချက်ချင်းညှိုးကျသွားသည်ဟု ထင်ရသည်။ သူမ သည် ဆွမ်ပရာဘွမ်မြို့၏ အနောက်ဘက်  ချိုင့်ဝှမ်းကလေးရှိ တောင်ကုန်းကလေးတစ်ခုကို လက်ညိုးညွှန်ပြီး
'' ဖူးဒူ'' အဲဒီ ကျွန်မ လက်ညှိုညွှန်တဲ့နေရာဟာ ကျွန်မ အမေတို့ ရွာဟောင်းလေး တစ်နေ့ကျရင် ကျွန်မ အဲဒီ ရွာဟောင်း မှာ အိမ်ဆောက်ပြီးနေမယ် '' ဟု ပြောလေသည်။ '' သြော် အဲဒီရွာဟာ ကျောင်းနေတုန်းက အဲဒီရွာ ရှိသေးတယ်။'' '' ဒါဆို အမေ့ ကို အစ်ကိုကြီးသိမှာပေါ့'' ဟု ဆိုကာ သူ့အမေ၏ နာမည်ကို ပြောပြလေ သည်။ ဂင်ရန်လီ မှတ်မိပြီ။ ရွယ်တူညီအစ်မနှစ်ယောက်ထဲက အငယ်မပေါ့။
ယခုတော့ ထိုရွာလေးနေရာတွင် သက်ငယ်ပင်များ၊ သစ်ပင်များ၊ နေရာယူထားကြပြီ။ တစ်ချိန်တစ်ခါက ရွာရှိခဲ့သည် ဟု အဝေးက ခန့်မှန်းသိရှိနိုင်သည့်အရာ မရှိပြီ။ ယခင်က ပြည်တော်သာ ရေတွင်းယခုတိုင်ရှိ သည် ဟု ဂျာနူးက ဆိုပါသည်။ '' တစ်နေ့ကျရင် အမေတို့ရွာဟောင်းမှာ အိမ်ဆောက်ပြီးနေမယ်'' ဆိုစကား ကိုကြားလျှင် ဂင်ရန်လီ၏ ရင်ထဲတွင် ဆို့နင့်သွားတော့၏ စိတ်ထဲတွင်လည်း ''သြော် ညီမ ဂျာနူးရယ်'' ဟု ရေရွတ် လိုက်သည်။

ဂင်ရန်လီ သည် ဂျာနူးအကြောင်း အတော်အတန် သိရှိထားပြီး ဖြစ်သည်။ တိုးတိုးနှင့် ပြောဆိုကြသည်ကို လည်း ကြားရပြီ။ သို့သော် ဂျာနူး သည် အမြဲတက်ကြွနေသည်ကိုသာ တွေ့ရ၏။ ရံဖန်ရံခါ သူ၏ခန္ဒာကိုယ် ပိန်လှီနေ တတ်သော်လည်း မျက်နှာမှာတော့ အပြုံးမပျက်၊ ကျန်းမာ နေသည့်အခါ မျိုးတွင် ဇရာအို ကညာပျို ဘောလုံးပွဲ ပင် နွှဲလိုက်သေးသည်။
ဘုရားရှိခိုးကျောင်း စင်မြင့်နှင့် သံစုံသီချင်းဝိုင်းမှာ သူ့ကိုတွေ့ရတတ်၏။ စတိတ်ရှိုးရှိလျှင် စင်မြင့်ပေါ် အစီအစဉ်ကြောညာသူဟာ ဂျာနူးပါ။ စင်မြင့်တက်၍ သီချင်း    ဆိုသေးသည်။ စတိတ်ရှိုးညဦးပိုင်းတွင် သူမ၏ ကြည်လင်ပြတ်သား ၍ နားဝင်ချိုဘွယ် စကားလုံးများ ကြားရသော်လည်း ညနက်သန်းကောင်ကျော်လျှင် သူမ၏အသံ သည် တိုးညှင်းပြီး ရံဖန်ရံခါ တိမ်ဝင်သွားတတ်သည်။ ထိုအခါမျိုးတွင် ဂင်လွက ''သြော် ငါ့ညီမ ဂျာနူး ရယ် '' ဟု စိတ်ထဲမှ နာကျင်စွာ ရွတ်နေတတ်သည်။

ဆွမ်ပရာဘွမ်မြို့သည် မြို့သေးကလေးဖြစ်သည့်ပြင် အခြားကမ္ဘာနှင့်အဆက်ပြတ်ကာ ထီးထီးရှိသည်။ သို့သော် မြို့လူထု သည် ထိုအထီးကျန်မှုအတွက် သိမ်ငယ်မှု ခံစားရပုံ မပေါ်။ ရံဖန်ရံခါ ရန်ပုံငွေပွဲအတွက် ''ဘန်ရူခန်းမ '' တွင် စတိတ်ရှိုးပွဲ ပြုလုပ်ကြသည်။
ဂျားနူး သည် ဂင်ရန်လီ၏အိမ်သို့ မကြာခဏ တစ်ခုခုလာပေးတတ်သည်။ ထိုအခါမျိုးတွင် သူ့အမေရွာဟောင်းကို ကွက်ကွက် ကွင်းကွင်းမြင်ရသည့် အနောက်ဘက်သို့သွားပြီးငေားကည့်နေတတ် သည်။ ပြီးလျှင် ထိုရွာဟောင်း အမေ့အိမ်နေရာတွင် အိမ်ဆောက်ပြီးနေမည်ဟု ဆိုတတ်သည်။ ထိုအခါမျိုး တွင် ဂင်ရန်လီ၏ရင် တွင် ကြေကွဲမှုဝေဒနာတစ်ရပ်ကို ခံစားရမြဲ။ အမှန်တော့ ထိုရွာဟောင်းသည် တစ်မိုင်ခရီး မရှိ။ ကျောင်းသွားကျောင်းပြန် ရုံးသွားရုံးပြန် သွားနိုင်သည့်နေရာဖြစ်သည်။

နောက်ပိုင်းတွင် ဂျာနူးသည် ပိန်ကျလာပြီး၊ မကြာခဏ ဖျားတတ်သည်။ ပါးစပ်မှာလည်း မက်ခရုကဲ့သို့သော အနာ များပေါက်သည်။ တစ်ချိန်တွင် ရေယုန်ဟုခေါ်သည့် အရည်ကြည်ဖုများ တစ်ကိုယ်လုံး ပတ်မိ မတတ် ဖြစ်ပွားသည်။ သို့သော် ဂျာနူးသည် ထိုဝေဒနာကို ကြံ့ကြံ့ခံကာ အကုသခ့သည်။ သူမတွင် လူချစ်လူခင် အလွန်ပေါ သည်။ ဆေးဆရာ များဆိုလျှင် အဖိုးအခမယူပဲ ကူသပေးကြသည်။ အားဆေးသွင်းပေးကြသည်။ တိုင်းရင်းဆေးဆရာ များကလည်း သူတို့ တတ်သမျှ မှတ်သမျှ ဆေးရွက်ဆေးမြစ်များပေးကြသည်။
တစ်ညနေ တွင် ဂျာနူး ဂင်ရန်လီ၏အိမ်သို့လာလည်သည်။ လက်ထဲတွင် စတီးချိုင့်ပါမလာ။ သူမသည် ယခင် ကထက် များစွာပိန်ချုံသွားသည်။
''ဖူးဒူ'' သူမ က စကားစဆိုသည်။ သူ့အသံက တိုးညှင်းလှသည်။ '' ကျွန်မ မနက်ဖြန် မြစ်ကြီးနား ဆင်းမယ်၊ အဲဒါ ဖူးဒူကို လာနှုတ်ဆက်တာ'' ဟု ပြောလေ၏။ '' ဘာကိစ္စလဲညီမ'' '' ကျွန်မ ရုံးကိစ္စလည်းရှိတယ်။ ပြီး တော့ ဆေးဝါးကုသဖို့ လည်းပါတယ်'' ဟု စကားရပ်လိုက်ပြီး ဂင်ရန်လီအား မကြည့်ဘဲ မျက်လွှာချ၍ သူမ ခြေ ချောင်းများကို ကြည့်နေသည်။ စကားမဆက်ဘဲ အတော်ကြာ တိတ်ဆိတ်နေသည်။ ခါတိုင်းနှင့်မတူ၊ အမေ့ ရွာ အကြောင်းမပြော။

''ဖူးဒူ'' သူစကားစလိုက်သည်။ '' ဘာလဲညီမ ပြောလေ ပြောစရာရှိတာပြောပါ'' '' ကျွန်မ၊ ကျွန်မလေ သတ္တိ မရှိခဲ့ဘူး '' ဟုပြောလေသည်။ '' ဘာကိစ္စလဲညီမရဲ့'' ဟု ဂင်ရန်လီဂျာနူးအား စေ့စေ့ကြည့်၍ မေးလေသည်။ '' ကျွန်မ ကျွန်မ မှာ ရောဂါရှိတယ်ဆိုတာ ကျွန်မ ရိပိခံစားတာကြာပြီ။ ဒါပေမယ့် ကျွန်မလေ၊ ၀န်မခံရဲ ၀န်ခံဖို့ သတ္တိ မရှိခဲ့ဘူး။ ခုတော့ ကျွန်မ ကိုယ်ကျွန်မ သိပါပြီ။ ပတ်ဝန်းကျင်ကိုလည်း ဂရုမစိုက်နိုင်တော့ဘူး'' သူ၏ မျက်လုံးအိမ် မှ မျက်ရည်လိမ့်ဆင်းလာ၏။ ဂင်ရန်လီသည် နဂိုကပင် ရိပ်မိထားပြီးဖြစ်၍ အံ့သြဟန်ဆောင်၍ မနေ၊ ဘာရောဂါဖြစ်နေသလဲ ဟု မမေး။ '' ဒါနဲ့ ညီမ ဆေးစစ်ခဲ့ပြီပေါ့ '' ဟုမေးချလိုက်သည်။ '' မစစ်လည်း ကျွန်မ သိပါပြီ။ သူများတွေ တိးတိုးတီးတိုးနဲ့ ပြောသံလည်း ကြားပါတယ်။ မကြားချင် မသိချင်ယောင်ဆောင် နေတာပါ။ ပြီးတော့ ကျွန်မရဲ့ ရောဂါလက္ခဏာများဟာလည်း စာအုပ်စာတမ်းများမှာ ဖတ်ဖူးတွေ့ဖူးတာနဲ့ ထပ်တူထပ်မျှ ရှိပါတယ် '' ဟုဆိုလေသည်။

ဆက်လက်၍ '' ကျွန်မ လူတွေရဲ့ မျက်လုံးကို ဖတ်တတ်ပါတယ်။ အထူးသဖြင့် ကျွန်မကို ကုသပေးတဲ့ ဆရာမတွေ၊ လာအားပေးတဲ့ ခေတ်ပညာတတ် မိတ်ဆွေတွေများရဲ့ မျက်လုံးတွေမှာ တစ်ခါတစ်ရံ အမှတ် မထင် တွေ့ရပါတယ်။ ကျွန်မမှာ ဒီရောဂါရှိတယ်ဆိုတဲ့ သံသယမျက်လုံးတွေပါ။ ဒါပေမယ့် အများအားဖြင့် တော့ သူတို့ ရိုးရိုးသာမန် လိုပဲ ကျွန်မကို ဆက်ဆံကြပါတယ်။ ထိဖို့ ကိုင်ဖို့ မရွံ့ကြပါဘူး။ ကျွန်မအကြောင်း သိလျက်နဲ့ ကျွန်မ ကို ၀ိုင်းမကျဉ်တဲ့အပြင် အနီးကပ် ပြုစုပေါင်းသင်းဆက်ဆံကြတဲ့ မိတ်ဆွေသူငယ်ချင်းတွေ ကို အံ့သြ၀မ်းသာမိပါတယ်'' ဟု ရင်ထဲမှ ခံစားသမျှကို ဖွင့်ချလေတော့သည်။
'' ဒါဆို အစ်ကိုကြီးရဲ့ မျက်လုံးများကိုလည်း ညီမ ဖတ်ခဲ့ပြီပေါ့ '' ဟု အရွှန်းဖောက်လိုက်ရာ သူမသည် မည်သို့မျှ တုံ့ပြန်စကားမဆိုဘဲ ပါးစပ်မပွင့်တပွင့် ပြုံးပြလေသည်။ ဂင်ရန်လီ အသေအချာ သိရပါပြီ။ အမေ့ ရွာအကြောင်း ပြောနေသည့် အချိန်များတွင် ဂင်ရန်လီ၏ မျက်လုံးအစုံ အခြေပျက်နေသည်ကို ဂျာနူး မဖတ်ရှု ဘဲ နေမည်မဟုတ်။

ဂင်ရန်လီသည် ဂျာနူးအား ပြောင်းဖူးမိတ် တစ်ထုပ်ဖျော်တိုက်လေသည်။ '' ညီမ ယခင်လိုပဲ ဘာမျမဖြစ်သလို ဆက်နေ ဖို့ ကြိုးစားပါ။ ခုခေတ်မှာ ဆေးဝါးတွေလည်း အစွမ်းထက်ပါတယ်။ ပြီးတော့ မြစ် ကြီးနားမြို့ ရှဒေါင်ကျေးရွာ မှာလည်း ဒါမျိုးရောဂါကို လက်ခံကုသပျောက်ကင်းစေတယ်လို့ ကြားရတယ်'' ဟု အားပေး စကားပြောဆိုလေသည်။ သူမက '' ကျွန်မလည်း အဲဒီ ရှဒေါင်ဆေးနဲ့လည်း ကုဖို့ရည်ရွယ်ပါတယ်။ ဒါပေမယ့် သူ့ဆေးက ဖြစ်စလောက် ကိုပဲ ကုသနိုင်တယ်လို့လည်း ကြားရတယ်။ အစိုးရဆေးဆိုတာကလည်း ခုထိ မပေါ်သေးဘူး လို့ ကြားရတာပဲ။ ဒါပေမယ့် ကျွန်မ ယုံကြည်ပါတယ်။ ကျွန်မသေဆုံးတဲ့နောက် နောင် တစ်နေ့နေ့ မှာ ဒီရောဂါကို အမြစ်ဖြတ်နိုင်မှာပါ။

ဘုရားသခင်ဟာ သူ ဖန်ဆင်းတဲ့ လသားတွေကို ဒီရောဂါ ဆိုးရဲ့ လက်က ကယ်တင်မယ်လို့ ကျွန်မ တကယ်ယုံကြည်တယ်'' ဟု မိမိမျှော်လင့်ချက် ယုံကြည်ချက်ကို ဖွင့်ဟနေသည်။ သူမ အတော်မောနေပြီ။ အမှန်တော့ ထိုရောဂါရနေပြီဆိုသည်ကို ဂျာနူး သားလေးဆုံး သည့်နောက်ပိုင်း သိနေပြီ။ ပတ်ဝန်းကျင်ကလည်း သံသယရှိနေပြီ။ သို့သော် မည်သူမျှဖွင့်ပြောနိုင်သည့် သတ္တမရှိကြ။ သတ္တိရှိ၍လည်း ဤမြို့လေးတွင် မည်သူက ဘာဆေးကို ညွှန်မည်နည်း။ ဒီတော့ မသိကျိုးကျွံ ပြု၍နေ၇န်မှတစ်ပါး အခြားမရှိပြီ။ မည်သို့မျှ မဖြစ်သကဲ့သို့။ မည်သည့် အရာကိုမျှ သိရှိမထားသကဲ့သို့ ပြုမူ ဆက်ဆံခြင်းကသာ ဆေးတစ်ပါးဟု လူတိုင်း မတိုင်ပင်ကြဘဲ သဘောတူထားကြပြီ။

ဂင်ရန်လီသည် အရဲစွန့်၍ မေးခွန်းတစ်ခုကို မေးချလိုက်သည်။ '' ဒါနဲ့ ငါ့ညီမ တစ်ခါတလေကျရင် ညီမ ခင်ပွန်း ဇော်လီကို အပြစ်မတင်မိဘူးလား သူ့ကြောင့် ဖြစ်တာလို့ '' ဟုမေးလေ၏။ '' တစ်ခါမှ ဒီလို မတွေးမိဘူး ကျွန်မ သူ့ကို ချစ်ပါတယ်။ ကျွန်မနဲ့တွေ့ခါစ သူ ဒီရောဂါရှိတယ်လို့ သိမှာ မဟုတ်ဘူးဆိုတာ ကျွန်မ ယုံကြည် တယ်။ အကယ်၍ သူ့ကြောင့် ဖြစ်ခဲ့ရတယ်လို့ တစ်နေ့ ကျွန်မ ခံစားလာမိရင်လည်း ကျွန်မ လုံးဝခွင့်လွှတ်မှာပါ'' ဟု သူ့ချစ်လင် ဇော်လီအား ကာကွယ်ပြောဆိုလေသည်။ ထို့နောက် ဂျာနူးသည် ဂင်ရန်လီအိမ်မှ ချည့်နဲ့ သော ခြေလှမ်းဖြင့် သူ့အိမ်ရှိရာဘက်သို့ ဆင်းသွား၏။ ဂင်ရန်လီသည် သူ့အိမ်ခြံဝအထိ လိုက်ပို့သည်။ သူမသည် သုံးထစ်သာ ရှိသော လှေခါးကို ခက်ခဲစွာလှမ်းတက်ရင်း အိမ်ထဲ ၀င်သွားရာ ဂင်ရန်လီသည်လည်း သူ့အိမ်သို့ ပြန်လေသည်။

ည သည် မှောင်စပြုလာပြီဖြစ်၍ ကောင်းကင်ဟင်းလင်းပြင်တွင် ငွေကြယ်ပွင့်များပင် ပြန့်ကြဲနေပြီ။ ဂင်ရန်လီ သည် ည၏ကောင်းကင်အလှကို မရှုစားနိုင်။ ဂျာနူးတည်းဟူသော ထိုမိန်းမသားထံသို့သာ သူ၏ အာရုံေ၇ာက်ရှိနေသည်။ သူမသည် ဤပုန်းကွယ်ရာမြို့ကလေးတွင် ပန်းရိုင်းတစ်ပွင့်အနေဖြင့် သန့်ရှင်း လတ်ဆတ်သော လေကိုရှူရှိုက်ကာ ပွင့်ဖူးခဲ့ပြီ။ သို့သော် မာရ်နတ်မင်း၏ လက်တံသည် ရှည်လွန်း လှသည်။ အာဖရိကမှ ဆန့်တန်း၍ သမုဒ္ဒရာ၊ အိန္ဒိယပြည်၊ မြန်မာပြည်ကို ကျော်ဖြတ်၍ ကချင်ပြည်နယ် မြောက်ဖျားမြို့ ကလေးမှ ပန်းရိုင်းပွင့်လေးကိုပင် မချန် သူ၏ လက်မည်းကြီးနှင့် ဆွတ်ချွေချေမွပစ်ခဲ့ပြီတကား။

ဂျာနူးသည် မြစ်ကြီးနားမြို့ရောက်၍ ဆေးကုသဖို့ ကြံရွယ်သော်လည်း စိတ်ကိုလျှော့ထားလိုက်ပြီ။ ဆွမ်ပရာ ဘွမ် မြို့ မှ မြစ်ကြီးနားထိ နှစ်ရက်ခရီးတွင် သူမ၏ ခန္ဓာကိုယ် အလေးချိန် များစွာလျော့ကျ သွားသည်။ ဆေးဝါးကုသခံပါသော်လည်း ရောဂါက ကျွမ်းပြီ။ နောက်ကျခဲ့ပြီ။ သူ့မှာ အချိန်မှီ ၀န်ခံဆေးစစ် ကုသခံဖို့ သတ္တိမရှိခဲ့။ ပတ်ဝန်းကျင် မိတ်ဆွေသူငယ်ချင်းများကို သူ မည်သို့ ရင်ဆိုင်နိုင် မည် နည်း။ ကြောက်ရွှံ့စိုးရိမ် ခြင်းကသာ သူ့ကို လွှမ်းမိုးခဲ့သည်။ ယခုတော့ အလှတရားဆိုသည့် အရာအားလုံး သူ့ထံမှ ထွက်ပြေးကုန်ကြ ပြီ။ အရိုးပေါ် အရေတင်သော သူမ၏ ခန္ဓာကိုယ်သည် အဘယ်မှာလျှင် ကျက်သရေ ရှိတော့မည်နည်း။

ဒီတော့ သတ္တိ၊ ပတ်ဝန်းကျင်မိတ်ဆွေ သူငယ်ချင်းဆိုသည့် အရာများသည်လည်း မလိုအပ်ပြီ။ ဤလောက၌ ဆက်လက်အသက်ရှင်သန်ဖို့လည်း မကြိုးစားဝံ့ပြီ။ ဤလောက၌ ဆက်လက်အသက်ရှင်သန်ဖို့လည်း မကြိုး စားဝံ့ပြီ။ ချစ်မြတ်နိုးသော ချစ်လင်ဇော်လီနှင့် အသည်းခိုက်သားလေးထံ လိုက်သွားလိုလှပြီ။ တစ်ခုတော့ရှိ သည်။ သူမ ဤလောက၌ အသက်ရှင်စဉ်ကာလအတွင်း စာရိတ္တမဏ္ဍိုင် ခိုင်မြဲခဲ့သည်ကိုတော့ လူတကာအား အသိပေးသွားချင်သည်။ သို့သော် ဤကိစ္စမည်သူက မောင်းခတ်ကြေညာပေးပါမည်နည်း။ ရှိပါစေတော့။ စိတ်လျှော့လိုက်သည်။

သူမသည် အိပ်ရာထက်တွင်လှဲနေရာမှ ကြိုးစားထကာ စာတစ်စောင် ရေးသားလေသည်။ '' ချစ်သော ကျွန်မ၏ ခင်ပွန်းဇော်လီ ကျွန်မ ရှင့်ကိုခွင့်လွှတ်ပါသည်။ ချစ်ပါသည်။ ရှင်နဲ့ တို့ရဲ့ သားလေးရှိရာ ကောင်း ကင်နိုင်ငံကို ကျွန်မ လိုက်ခဲ့ပါမည်။ ရှင်တို့ အဲဒီနိုင်ငံမှာ ဘုရားသခင်ရဲ့ ရင်ခွင်တော် ခိုလှုံပြီး ရှိနေကြတယ် ဆိုတာ ကျွန်မ တကယ် ယုံကြည်သည် ကျွန်မ၏ ရုပ်အလောင်းကို ရှင့်အုတ်ဂူဘေးမှာ ... '' စာဆုံးအောင် မရေးနိုင်တော့ပဲ အိပ်ရာထက် တွင် လှဲချလိုက်သည်။ နောက်နေ့နံနက်တွင် ဂျာနူးသည် မလှပတော့သည့် သူမ၏ ခန္ဓာကိုယ်ကို လူ့ပြည် ၌ ထားရစ်ခဲ့ပြီး အပြီးအပိုင် ထွက်ခွာသွားပါတော့သည်။ သူမအား မြစ်ကြီးနား မြို့ အစွန်နောင်နန်း ကျေးရွာရှိ နှစ်ခြင်းခရစ်ယာန် သင်္ချီုင်းတွင် ကောင်းစွာ ဂူသွင်းသဂြိုလ်ကြသည်။ အုတ်ဂူထိပ် ကျောက်ပြားပေါ် တွင် '' ဒေါ်ဂျာနူး အသက်(၃၂)နှစ်'' ဟု ကြွေပြားပေါ် အက္ခရာတင်ထားကြ သည်။ သူမ ၏ အုတ်ဂူနှင့်ကပ်လျက် ကြွေပြားပေါ်တွင်ကား -
'' ဦးဇော်လီ အသက် (၃၀)နှစ်'' ဟူ၍။

ပြီးပါပြီ
နောက်တပုဒ် ဆက်ရန်

.

No comments: