Wednesday, October 3, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ အပိုင်း (၁)

ပြည့်တန်ဆာကို ဒေါ်လာအတုပေးပြီး ပျော်ပါးသည့်သင်္ဘောသား

ကျွန်တော်သည် ရောကလေရာနိုင်ငံမှာ ၀ါသနာအရရော၊ ဗဟုသုတ အလို့ငှာပါ အဲဒီနိုင်ငံ၏ မြို့ထဲသို့ သွားပြီး လျှောက်လည်လေ့ရှိသည်။ နိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်းမြို့သို့ရောက်သွားသည်။ အဲဒီနိုင်ငံ သည်သူတို့ကိုးကွယ်သည့် ဘာသာတရားကို အလွန်ရိုသေကိုင်းရှိုင်းပြီး ပြည့်တန်ဆာလုပ်ငန်းကို တင်းကြပ် စွာ တားမြစ်ထားသောနိုင်ငံဖြစ်သည်။ ပြည့်တန်ဆာလုပ်သူနှင့် ပျော်ပါးသူကို မိပါက ကြီးလေးသော ပြစ်ဒဏ် စီရင်သည်။
အဲဒီလိုနိုင်ငံမျိုးကို ရောက်တော့လည်း ကျွန်တော်က သင်္ဘောမှာ မနေဘဲ မြို့ထဲကို လျှောက်လညသည်။ မရောက်ဖူးသည့်နိုင်ငံဖြစ်လို့ ဘေးအန္တရာယ် ကြုံတွေ့ရပါက ခုခံနိုင်အောင် အုပ်စုဖြင့် လျှောက်လည်သည်။ ဆိပ်ကမ်းအပြင် ကို ထွက်လိုက်သည်နှင့် ပြည့်တန်ဆာခေါင်း၊ မှောင်ခိုပစ္စည်းဝယ်ရောင်းနှင့် ဒေါ်လာဝယ်လို သူတွေ ၀ိုင်းအုံလာကြသည်။

" သူငယ်ချင်းတို့ အမှန်အကန်တွေရှိတယ်၊ အန္တရာယ်မရှိဘူး၊ လုံးဝတာဝန်ယူတယ်"
" ဘော်ဒါ တို့ ဘာရောင်းဖို့ပါလဲ၊ ရောင်းတာ အကုန်ဝယ်တယ် "
" မိတ်ဆွေတို့ သွားချင်တဲ့နေရာကို ဈေးနှုန်းသက်သာစွာဖြင့် ပို့ဆောင်ပေးမယ် "
ပြည့်တန်ဆာခေါင်း၊ မှောင်ခိုပစ္စည်းဝယ်ရောင်းနှင့် အငှားယာဉ်မောင်းသမားတွေ ၀ိုင်းအုံပြောဆိုနေကြတာ ဖြစ် သည်။ ဘယ်သူ့ကိုမှ မယုံလို့ ဘယ်သူနှင့်မျှ မပတ်သက်ဘဲ သန့်သန့်လေး လျှောက်နေ သည်။
" ဘာမှမလိုဘူး၊ ဘာမှမလုပ်ဘူး၊ ဘယ်ကိုမှမသွားဘူး၊ မရောက်ဖူးလို့ ခြေလျင်လျှောက်ကြည့်ဖို့ ထွက်လာ ကြတာ "
ကျွန်တော်တို့ လူအုပ်ကောင်းသည့်အတွက် လုဖို့ ယက်ဖို့လည်း မစိုးရိမ်ရ၊ တိုက်ခိုက်ခံရမှာလည်း မကြောက်သည့် အတွက် အေးအေးဆေးဆေး လျှောက်ကြည့်နေကြသည်။ ကျွန်တော်တို့နောက်ကို ၀ိုင်းအုံ လိုက်လာ သူတွေ စိတ်ပျက်ပြီး လှည့်ပြန်သွားကြသည်။

တစ်ယောက်ကတော့ လှည့်မပြန်ဘဲ ဆက်လိုက်နေပြီး ကမ်းလှမ်းမှုအသစ်ဖြင့် ထူးဆန်းသည့် စကား ကို ပြောသည်။
" သူငယ်ချင်း တို့ ဒေါ်လာအတုဝယ်ကြဦးမလား၊ ညကလပ်တွေက ကောင်မလေးတွေကို ဒေါ်လာအတုပေး ပြီး ပျော်လို့ ရတာပေါ့။ အတုတစ်ရာကို အစစ်နှစ်ဆယ်ပဲပေးပါ"
အရောင်းအ၀ယ် က ဆန်းသစ်နေလို့ စိတ်ဝင်စားသွားကြသည်။ ဒေါ်လာအစစ် နှစ်ဆယ်ပေးလျှင် အတု တစ်ရာရမည်ဟု ဆိုသည်။ နိုက်ကလပ်က ကောင်မလေးနှင့် တစ်ညအတူအိပ်မည်ဆိုလျှင် အနည်းဆုံး ဒေါ်လာနှစ်ဆယ်လောက်ကုန်သည်။ ဒေါ်လာတစ်ရာဆိုလျှင် ငါးညလောက် အိပ်လို့ရသည်။ ညမှောင်ကြီး ထဲမှာဖြစ်လို့ ကောင်မလေး သည် ဒေါ်လာအတုလား၊ အစစ်လား ခွဲခြားနိုင်မည် မဟုတ် လို့ ဒေါ်လာအတုတွေ ဆောင်ထားတာ မမှားဖူးလို့ အတွေးဝင်လာကြသည်။ ဒေါ်လာအတု ၀ယ်ရန် စိတ်ဝင်စား သွားကြသည်။

" ခင်ဗျား ဒေါ်လာအတုတွေ ပြစမ်းပါဦး၊ ကြည့်ရအောင် "
" ဟောဒီမှာ တစ်ရာတန်၊ ငါးဆယ်တန်၊ ထောင်မလဲ သဲကော်တွေချည်းပဲ "
ဟုတ်ပါ့၊ အစစ်နှင့် ခွဲမရအောင် တူသည့် အမေရိကန် ဒေါ်လာအတုတွေကို ထုတ်ပြသည်။ အင်ဒိုနီးရှား သင်္ဘောသားတွေ က ဒေါ်လာအတုတွေဝယ်ကြသည်။ ကျွန်တော့်ကို မ၀ယ်ဘူးလားလို့မေး သည်။
" မစ္စတာစိုး မ၀ယ်ဘူးလား "
" မ၀ယ်ပါဘူး သူငယ်ချင်းရာ၊ အန္တရာယ်များပါတယ် "
မည်သည့်နိုင်ငံမှာ မဆို ငွေကြေးအတု ကိုင်ဆောင်ခြင်းသည် ဥပဒေအရ ကြီးလေးသောပြစ်မှုကို ကျူးလွန်ခြင်းဖြစ် သည်။
အဲဒါထက်ပိုပြီး ကြီးလေးတာက ပြည့်တန်ဆာကို ဒေါ်လာအတု (ပိုက်ဆံအတု)ပေးပြီး ပျော်ပါးသည့်ပြစ်မှုက ပိုပြီး ကြီးလေး သည်။ ဆင်းရဲလို့ ကိုယ်ဖြင့်ရင်းပြီးရှာသည့် ပိုက်ဆံသည် အတုဖြစ်နေသည်ဆိုပါက အဲသည် မိန်းကလေး ဘက်က စဉ်းစားကြည့်ဖို့ကောင်းသည်။ လောကရော၊ သံသရာပါ ပြစ်ဒဏ်ကျခံရမည့် ပြစ်မှုကို ကျူးလွန် တာဖြစ်သည်။

ကျွန်တော်တို့ သင်္ဘောသည် အဲဒီနိုင်ငံဆိပ်ကမ်းက ပြန်လည်ထွက်ခွာခဲ့ကြပါသည်။ ကျွန်တော်နှင့်လုပ်ဖော် ကိုင်ဖက် အင်ဒိုနီးရှား သင်္ဘောသားတစ်ချို့ကတော့ ဒေါ်လာအတုတွေကို ၀ယ်ယူလာခဲ့ကြသည်။
နောက် သုံးလလောက်အကြမှာဖြစ်သည်။ ပျော်စရာအလွန်ပေါသည့်နိုင်ငံသို့ ရောက်သွားကြပြန်သည်။ ထုံးစံ အတိုင်း အပုပ်ချိန် မှာ အလွန်စည်ကားသည့်နေရာသို့ ရောက်သွားကြသည်။ ၂၄ နာရီဖွင့်ရောင်းသည့် ကုန် တိုက်ကြီးတွေ၊ စူပါမားကတ်တွေ၊ အရက်ဆိုင်တွေ၊ နိုက်ကလပ်တွေနှင့် ကောင်လေးတွေ ကိုယ်လုံးတီး ချွတ် ကနေ သည့် ဘားဆိုင်တွေရှိရာ လမ်းမကြီးကို ရောက်သွားကြသည်။ အစည်ကားဆုံးနှင့် ကောင်မချောချော တွေ ရှိသည့် နိုက်ကလပ် သို့ ၀င်လိုက်ကြသည်။

အတွဲကိုယ်စီဖြင့် သောက်ကြသည်။ ဒစ္စကိုတေးသွားအလိုက်ဖြင့် ထကကြသည်။ နိုက်ကလပ်ပိတ်ချိန်ဖြစ် သည့် ည ၂ နာရီမှာ မိမိနှင့်အတူအိပ်မည့် ကောင်မလေးအတွက် ငွေရှင်းရသည်။ တစ်ညလုံးအတွက် ဒေါ်လာ ၂၀ ဟု ဆိုသည်။ ဒေါ်လာအတုဆောင်ထားသည့် ကျွန်တော့် သင်္ဘောက သင်္ဘောသားတစ်ယောက်သည် သူ့ကောင်မလေး ကို ဒေါ်လာတစ်ရာတန်တစ်ရွက်ထုတ်ပေးသည်။
ကောင်မလေးက သူ့မှာ ပြန်အမ်းစရာ ပိုက်ဆံမရှိပါဟုဆိုသည်။ ပြန်အမ်းစရာမရှိလျှင် ဘားကောင်တာမှာ သွားလဲလိုက်ပါဟု ခိုင်းလိုက်သည်။ ရည်ရွယ်တာက အတုကြီးပေးလိုက်ပြီး ပြန်လမ်းငွေ အစစ်တွေ ရမည် ဆိုသည့် ရည်ရွယ်ချက်ဖြစ်သည်။ ကောင်မလေးက ဘားကောင်တာမှာ ပိုက်ဆံသွားလဲသည်။

ကောင်မလေးသွားတာကြာနေလို့ ကြည့်လိုက်တော့ နိုက်ကလပ်က လူမိုက်တွေက ကောင်မလေးကို ဒီပိုက်ဆံ ဘယ်က ရသလဲလို့ စစ်မေးနေတာမြင်လိုက်ရသည်။ ကောင်မလေးက သင်္ဘောသားကို လက်ညှိုးထိုးပြသည်။ သင်္ဘောသားသည် ထပြေးဖို့ အချိန်မရဖြစ်သွားသည်။ နိုက်ကလပ်က လူမိုက်နှစ် ယောက်လိုက်လာပြီး သင်္ဘောသား ကို ဆွဲခေါ်သွားလေတော့သည်။ နိုင်ကလပ်၏ အတွင်းခန်းကို ဆွဲသွင်း သွားတာ မြင်လိုက်ရသည်။
ဒေါ်လာ တစ်ရာတန်ကြီးလာလဲသည့် ကောင်မလေးကို မသင်္ကာလို့ နိုင်ကလပ်ဝန်ထမ်းက ဒေါ်လာအတုလား၊ အစစ် လား နည်းအမျိုးမျိုးဖြင့် စစ်ဆေးရာ အတုကြီးဆိုတာ သိသွားခြင်းဖြစ်သည်။ ကောင်မလေးကို ပေါင်ဖြဲပြီး အရေခွံ ဆုတ်မလို့ လုပ်သေးသည်။ သင်္ဘောသားဆီက ရတာပါဆိုသည့်အတွက် သင်္ဘောသားကို လာဆွဲခေါ်သွားခြင်းဖြစ် သည်။

နိုက်ကလပ်၏ နောက်ဘက်မှာရှိသည့် နှိပ်စက်ခန်းထဲကို သွင်းပြီး ပယ်ပယ်နယ်နယ် ထိုးကြိတ်ကြတော့သည်။ သိပ်လည်တယ်ပေါ့ဟုတ်လားဟု မေး မေးပြီး ထိုးကြိတ် နိုက်နှက်ကြတော့သည်။ သင်္ဘောသားကိုယ်တိုင် မသိလို့ ပေးမိပါတယ်ဟု ပြောပြီး ရှိခိုး တောင်းပန်သည်။ ကျွန်တော်တို့ကလည်း ၀ိုင်းဝန်းတောင်းပန် သည်၊ သောက်စားထားသည့်ကုန်ကျသမျှကို အစစ်ဖြင့် ပေးချေလိုက်သဖြင့် ချမ်းသာခွင့် ပေးလိုက်ပါသည်။ မဟုတ်တာ လုပ်သူသည် သံသရာ မကူးမီ၊ ပစ္စပ္ပုန်မှာပင် လောကငရဲကို ခံလိုက်ရတာ ဖြစ် သည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်သည်။

မြန်မာနိုင်ငံကူးလက်မှတ် ကိုင်ဆောင်ထားသည့် လူသတ်သမား

၁၉၈၂ ခုနှစ်ကဖြစ်သည်။ စင်္ကာပူနိုင်ငံက အလုပ်အကိုင် ရှာဖွေရေးပွဲစား မစ္စတာအန်းငှားပေးထားသည့် အိမ်မှာ နေထိုင်စဉ်ကာလမှာ ကြုံခဲ့ရတာဖြစ်သည်။ အလုပ်မရသေးလို့ စိတ်ဓာတ်ကျပြီး ပွဲစားထားပေးသည့် အိမ်မှာ သောကဖြင့် အိပ်မပျော်ဖြစ်နေခဲ့သည်။
ညတစ်ည အကာလသန်းခေါင်ယံအချိန်မှာ အိမ်တံခါးကို ခပ်ပြင်းပြင်းခေါက်ပြီး ဖွင့်ခိုင်းသည့်အသံကြောင့် အားလုံးနိုး ကုန်ကြသည်။ တံခါး၏ ချောင်းကြည့်ပေါက်မှကြည့်လိုက်ရာ တံခါးဖွင့်ခိုင်းနေသူတွေဟာ ရဲတွေ ဖြစ်နေ သည်။ တံခါးကို ပစ္စတိုသေနတ်ဒင်ဖြင့် ထုရိုက်ပြီး ဖွင့်ခိုင်းနေတာဖြစ်သည်။ ဒီတော့မှ အားလုံး ၀ရုန်းသုန်းကားဖြစ်ပြီး ပြေးကြလွှားကြဖြစ်ကုန်ကြသည်။

" ဟေ့ကောင်တွေ၊ ရဲတွေကွ၊ ရဲတွေ အိုသမားတွေ ပြေးကြနော် "
အိုသမားတွေဆိုတာ နေထိုင်ခွင့်သက်တမ်းကုန်နေသည့် အိုဗာစတေးတွေ ကိုပြောတာ ဖြစ် သည်။ ပြတင်းပေါက်တွေ ကို ဖွင့်ပြီး မိလ္လာပိုက်ကလျောဆင်းပြေးသူတွေ ရှိသည်။ ပြတင်းပေါက် ၏ရေကာဘောင် ကို နင်းပြီး ဟိုဘက်အခန်း က ပြတင်းပေါက် ရေကာမျက်တောင် ကို ရောက်အောင် စွန့်စားစွာ ခုန်ကူးသွားသူတွေရှိသည်။ ဟိုဘက်ခန်းမှာ အလှပြင်ဆိုင်လုပ်သား မိန်းမလျာတွေ နေ ထိုင်သည်။ အဲဒီ မိန်းမလျာတွေ က ကျွန်တော်တို့အခန်း ဆူညံလို့ဆိုပြီး ရဲကိုတိုင်ထားတာ မကြာသေး။ အခုတော့ အဲဒီအခန်း မှာ ပြေးဝင်ခိုလှုံကြသည်။
မိလ္ဘာပိုက်ကလည်း လျောမချရဲ၊ ဟိုဘက်ခန်းကိုလည်း ခုန်မကူးရဲသည့် ကျွန်တော်တို့ ဆယ်ယောက်ခနဲ့ အဖမ်းခံလိုက်ရသည်။ ဖမ်းမိသူအားလုံး မြန်မာတွေချည်းပဲလားဟုမေးသည်။ မြန်မာတွေချည်းပါ၊ ဒီအခန်းမှာ တစ်ခြားနိုင်ငံသားတွေ ကို မထားပါလို့ တာဝန်ရှိသူကဖြေသည်။ မြန်မာနိုင်ငံကူးလက်မှတ်တွေအားလုံးကို သိမ်းယူ သွားသည်။ လူကို မဖမ်းဘဲ နိုင်ငံကူးလက်မှတ်တွေကိုပဲ သိမ်းယူသွားခြင်းဖြစ်သည်။ နက်ဖြန် ရုံးချိန် မှာ လူဝင်မှု ကြီးကြပ်ရေးရုံးကြီးမှာ လာယူကြပါဟု ပြောသွားသည်။

ရဲတွေပြန်ထွက်သွားတော့မှ ပိုက်လုံးက လျောဆင်းပြေးသူတွေရော၊ မိန်းမလျာတွေအခန်းမှာ သွားရောက် ခိုလှုံသူတွေရော ပြန်ရောက် လာကြသည်။ ဘာဖြစ်တာလဲ၊ ဘာကိုစစ်တာလဲ၊ မေးကြသည်။ အဖြစ်ကို ပြော ပြတော့မှ အံ့သြနေကြသည်။ မိန်းမလျာတွေအခန်းမှာ သွားရောက် ခိုလှုံသူတွေ ကို မေးကြည့်ရသည်။
" မိန်းမလျာတွေနဲ့ အဆင်ပြေရဲ့လား၊ တရားလိုတွေက တရားခံတွေကို နွေးထွေးစွာ ကြိုဆိုကြရဲ့လား "
" ကြိုဆို ပါတယ်၊ မပြန်ပါနဲ့တော့တဲ့၊ ဒီည ဒီမှာပဲ အိပ်လိုက်ပါတော့တဲ့ "
မြန်မာ သင်္ဘောသားတွေ ဆူညံလွန်းလို့ သူတို့စိတ်အနှောက်အယှက်ဖြစ်ရပါသည်ဟု ရဲကိုတိုင်ပြီး အမှုဖွင့် ထားသူတွေဖြစ်သည်။ အခုတော့ ကြေအေးသွားပြီဟု သိရသည်။ ဆူဆူညံညံ လုပ်ချင်လျှင် သူတို့အခန်းမှာ လာလုပ်ပါ ဆိုသည့်သဘော ဖြစ်သည်။

နောက်နေ့ရုံးဖွင့်ချိန်မှာ လူဝင်မှု ကြီးကြပ်ရေးရုံးကြီးကို သွားကြရသည်။ အဲဒီမှာ စင်္ကာပူတစ်မြို့လုံး မှာ ရောက်ရှိနေကြသည့် မြန်မာလူမျိုးတွေကိုတွေ့ရတော့သည်။ သင်္ဘောသား အုပ်စုတွေထဲကဆိုလျှင် ကာတောင်း အုပ်စု၊ အစ်ကို့စ်အုပ်စု၊ ပါးလ်စင်တာအုပ်စု၊ ဂေလင်းအုပ်စုက ပွဲစားအိမ်တွေမှာနေကြသည့် သင်္ဘောသားတွေနှင့် လိုရောင်း ၃၇ က မာမီကြီးအိမ်မှာ အနားယူ စတည်းချသူတွေ အားလုံးကို တွေ့ရ သည်။
စင်္ကာပူနိုင်ငံ မှာ ရောက်ရှိနေထိုင်နေကြသည့် မြန်မာလူမျိုးအားလုံးရဲ့ ပတ်စ်ပို့ နိုင်ငံကူးလက်မှတ်တွေကို လိုက်သိမ်းပြီး စစ်ဆေးတာဟု သိရသည်။ လူစုံတွေ့တော့မှ အဖြစ်မှန်နှင့် အကြောင်းစုံကို သိရတော့သည်။
စင်္ကာပူနိုင်ငံ သည် သေးငယ်လွန်းသည့်အတွက် နိုင်ငံချဲ့သည့်အနေဖြင့် မလေးရှား ကမြေကြီးတွေ ၀ယ်ပြီး မြေဖို့နေ သည်။ သင်္ဘောအဟောင်းအစုတ်တွေကို ၀ယ်ပြီး ရေထဲကို မြှုပ်သည်။ သံတို သံစနှင့် ကျောက်တုံး၊ ကျောက်ခဲတွေ ကို ၀ယ်ယူ ရေထဲကို သယ်ယူပြီး ရေထဲမြှုပ်သည်။ အဲဒီ အပေါ်က မြေဖို့ပြီး နိုင်ငံကို ချဲ့နေ သည်။ အဲဒီလုပ်ငန်းခွင်မှာ အလုပ်လုပ်နေသည့် မြေသယ်သင်္ဘောတွေမှာ အမှုထမ်းနေကြ သည့် သင်္ဘော သားပေါင်းစုံထောင်ဂဏန်းခန့်ရှိသည်။

တစ်နေ့မှာတော့ မြေသယ်သင်္ဘောတစ်စီးပေါ်မှာ လူသတ်မှု ဖြစ်သည်။ သင်္ဘောသားအချင်းချင်း သတ်တာ ဖြစ် သည်။ သေသူသည် သူ၏ အိပ်ခန်းထဲမှာပင် ဓားဒဏ်ရာအချက်ပေါင်းများစွာဖြင့် လဲကျသေဆုံးနေ တာ ဖြစ်သည်။
ရဲကလာရောက်စစ်ဆေးသောအခါ သေသူ၏အနီးမှာ သွေးစွန်းနေသော မြန်မာနိုင်ငံကူးလက်မှတ်တစ် စောင်ကို တွေ့ရသည်။ သေသူဟာ ထိုင်းနိုင်ငံသားဖြစ်နေသည်။ ထိုင်းသင်္ဘောသားကို မြန်မာသင်္ဘောသား ကသတ်သွားသည်ကို သိလိုက်ကြ သည်။ သေသူ၏ ပိုင်ဆိုင်မှုတွေကို စစ်ဆေးသောအခါ စင်္ကာပူဒေါ်လာတစ်သောင်းကျော် စုဆောင်းထားသည့် ဘဏ်စာအုပ်နှင့် အ၀တ်အစားတွေကိုသာ တွေ့ရ သည်။ ပပိုက်ဆံကတော့ တစ်ပြားမှ မတွေ့ရဖြစ်နေသည်။ လူသတ်သမားသည် ပိုက်ဆံတွေကို လိုချင်လို့ သတ်တာဖြစ်သည်။ ပိုက်ဆံဘယ်လောက်ရသွားသည်ကို မသိရသေးဖြစ်နေသည်။ သတ်သွားသူဟာ မြန်မာသင်္ဘောသားလို့ စွဲချက်တင်လိုက်ကြသည်။

စင်္ကကာရဲအဖွဲ့သည် မြန်မာသံရုံးနှင့် ပူးပေါင်းစစ်ဆေးသောအခါ အမှုဖြစ်ပွားရာနေရာ က တွေ့ရှိခဲ့သည့် နိုင်ငံကူးလက်မှတ်သည် အတုဖြစ်နေကြောင်း စစ်ဆေးတွေ့ရှိရသည်။ ဒီတော့ လူသတ်သမား သည် မြန်မာသင်္ဘောသား မဖြစ်နိုင်ဟု ပြန်လည်သုံးသပ်ကြသည်။ သေသူမှာ ထိုင်းနိုင်ငံသားဖြစ်နေသည့်အပြင် သင်္ဘော မှာ အတူလုပ်ကိုင်နေကြသည့် သင်္ဘောသားတွေကလည်း ထိုင်းနိုင်ငံသားတွေပင်ဖြစ်နေသည်။ ထိုင်းနိုင်ငံသား အချင်းချင်းသတ်ပြီး မြန်မာသင်္ဘောသားက သတ်လေဟန် အကြံအဖန်လုပ်ထားတာဖြစ် မည် ဟု ကောက်ချက်ဆွဲကြသည်။
ဒီကိစ္စက ဒီမှာတင်မပြီးဘဲ မြန်မာနိုင်ငံကူးလက်မှတ် အတုရှိနေပြီဆိုတဲ့ ပြဿနာဖြင့် မြန်မာတွေဆီက ပတ်စ် ပို့တွေအားလုံးကို လိုက်သိမ်းပြီး စစ်ဆေးတော့သည်။ မြန်မာသံရုံးလည်း အတော် အလုပ် ရှုပ်သွားသည်။ မြန်မာတွေလည်း အတော် ဒုက္ခရောက်သွားကြသည်။ အထူးသဖြင့် သင်္ဘောသားတွေ အတော်ပြဿနာ တက် သွားကြသည်။

စင်္ကကာပူနိုင်ငံက ပွဲစားတွေအိမ်မှာ လာအိပ်သူတွေလည်း အလုပ်မရှိသူနှင့် နေထိုင်ခွင့်ရက်ွန် အိုဗာ စတေး တွေချည်း မဟုတ်ပါ။ အလုပ်အကိုင်ရှိပြီး ဒီအိမ်နှင့် ဒီနေရာလေးကို အလွမ်းပြေလာရောက် အနားယူနေ သူ တွေလည်း ပါသည်။ အဲဒီလို လူတွေရဲ့ နိုင်ငံကူး လက်မှတ်တွေကိုပါ သိမ်းဆည်းသွားသောအခါ နောက်နေ့ နံနက်စောစောမှာ သင်္ဘောကို အရောက်ပြန်ပြီး သင်္ဘောထွက်ရမည့် သင်္ဘောသားတွေ ဒုက္ခရောက်တော့ သည်။ တစ်ချို့ဆိုလျှင် ဥရောပနှင့် အမေရိကအထိ သွားမည့်သူတွေဖြစ်သည်။
ကျွန်တော်ကတော့ မှုခင်းနှင့်ပတ်သက်လာလျှင် သန့်သန့်လေးသမားဖြစ်လို့ နိုင်ငံကူးလက်မှတ်သွားယူပြီး ပွဲစားအိမ် မှာ ပြန်နှပ်နေလိုက်သည်။ ဟိုဘက်ခန်းက မိန်းမလျာတွေနှင့်လည်း ပြန်လည်ချစ်ကြည်ရင်းနှီးသွား ပြီဖြစ်လို့ အဆင်ပြေသွားသည်။
ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်၊ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။

ဆက်ရန်
.

1 comment:

yoroshii said...

ဆရာစိုးမိုးရဲ့ ..မှုခင်းဆောင်းပါးတွေကို..
မှုခင်းဂျာနယ်မဂ္ဂဇင်းတွေမှာ..ဖတ်ဖူးခဲ့ ပါတယ်...
အခုလို..တစုတစည်းထဲ..အွန်လိုင်းမှာ..အပင်ပန်းခံ
ပြန်တင်ပေးတဲ့ အတွက်..အရမ်းကျေးဇူးတင်ပါတယ်..