Thursday, October 4, 2012

သော်တာဆွေ ၏ ဖြတ်စ နှင့် ကျော်စံကေး, အပိုင်း (၁၃)

ကျွန်တော် မှာ ထောင်ကျမည့် လင်ငှားဖြစ်ခဲ့ရသည်ကို တွေးမိ၍ရှက်ရှက်နှင့် ရယ်ချင်စိတ် ပင် ပေါ်လာမိကာ...
"အဲဒါ ကျွန်တော့် ကို ညာခိုင်းပြီးတော့ ခင်ဗျားတို့ကို ကလိန်ကျတာဗျ...၊ ကျွန်တော့်နံမည်ရင်းက မှဲ့တင် မဟုတ်ဘူး ကျော်စံကေးဗျ"ဟု အစချီပြီး ကျွန်တော်၏ တဏှမက နှစ်ဏှာ သုံးဏှာ ၇၅ဏှာ လောက် ရူးမိသဖြင့်  ပတ်တီးချခံရပုံကို အစမှအဆုံးတိုင် ပြောပြလိုက်ပါသည်။
ကို ဆက်ဖတ်ရန် ............

"အဲ...ဒါပါပဲခင်ဗျာ၊ ကျွန်တော်သခင်လည်း မဟုတ်၊ ပဉ္စမံလည်းမဟုတ်၊ ဘိုးဘိုးအောင်အဖွဲ့ဝင် လည်းမဟုတ်၊ ဂျပန် လည်း သဘောမကျပါဘူး၊ ကျွန်တော့လို ရောဂါဟောင်း ခဏခဏထနေတဲ့ လူဟာအင်္ဂလိပ် လက်အောက် မှာ နေရမှာသာ အနောက်နိုင်ငံက ဆေးကောင်းဝါးကောင်းများ ရနိုင်ပြီး ထင်သလို ကမြင်းရမှာမို့လို့ အရှင် အင်္ဂလိပ်အစိုးရများသာ သဘောကျပါတယ်"ဟု ကျွန်တော် တတ်နိုင်သမျှ မျက်နှာသာရအောင် "ပရို-အင်္ဂလိပ် လုပ်၍ ပြောလိုက်ရပါသည်။"

အရာရှိကြီးများ မူကား ဤကျွန်တော် နောက်ပြောသော စကားကို စိတ်မ၀င်စားကြတော့ဘဲ သူတို့ အချင်းချင်း သာ ခွေးကလေးက ကြက်ကလေးနိုင်၊ ခွေးကလေးကို ခွေးကြီးက နိုင်ဖြင့် တစ်ယောက် တစ်ယောက် ဆူပူကြိမ်းမောင်းနေကြပြီး တစ်မိနစ်အတွင်းမှာပင် ကျွန်တော့်ကို ဂါတ်တဲအပြင် သို့ မောင်းထုတ်လိုက်ကြ ပါတော့သည်။
ဂါတ်တဲမှထွက်၍ ပင်ရင်းဌာန ဘုရားသို့ ပြန်လာရင်း၊ ဤတစ်ရက်နှစ်ရက်အတွင်း ကြုံတွေ့ရသည် တွင်ဖြစ်သမျှ အကြောင်း မှာ အကောင်းကို နှိုက်ထုတ်လိုက်ရာ ပထမ၌ လှပသောမဒီကလေးနှင့် ဟန်ဆောင် စိတ်ဖြင့် ဒု-သ-န-သော လိုက်ရခြင်း။ ဒုတိယခေတ္တမျှ မျက်လှည့်ပြလိုက် သည်နှင့်ပင် ကျွန်တော်အဖို့ အရေးကြီးလှသော ကြပ်ဖုံးမာဖလာ တစ်ထည်၊ ရှပ်တစ်ထည်၊ အပေးအင်္ကျီတစ်ထည်၊ ထားဝယ်လုံချည်တစ်ထည် အဖတ်တင် ကျန်ရစ်ခဲ့ခြင်းဖြင့် သူတောင်းစား အင်္ဂါရုပ်မှ လွတ်မြောက်သည်ကို တွေးတောကျေနပ်နေစဉ် ဂျူဘလီဟော ရှေ့ သို့ ရောက်အခါ နောက်မှ....
"ဟေ့... သူတောင်းစား နေဦး"ဟု ပြင်းထန်စွာ ဟောက်လိုက်သော အသံကိုကြားရသဖြင့် လှည့် ကြည့်လိုက်ရာ၊ ကျွန်တော့် ကို လာဖမ်းသည်တွင်ပါသော မြန်မာရာဇ၀တ်အုပ်နှင့် အခြားအမှုထမ်း တစ်ယောက်ကို မြင်ရသဖြင့်...

"ဒီကောင်တွေ ငါ့ပြန်ဖမ်းပြန်ပြီ ၊ ဒီတစ်ခါတော့ ပြန်လွှတ်မှာမဟုတ်ဘူးပြေးမှပဲ"ဟု စိတ်ကူးပေါက် ကာ ဘုရားကြီး ဆီသို့ တစ်ဟုန်တည်း သုတ်ခြေတင်ရပါတော့သည်။
သို့သော် ကျွန်တော်ကိုယ်၌ အနောက်နိုင်ငံမှလာသော အင်ဂျက်ရှင်းဝိတ်များ လေးနေသဖြင့် ဘုရားကြီးစောင်းတန်းလှေကားရင်း တွင် အမောဆို့၍ လဲလေရာ သူတို့နှစ်ယောက်မှာ အဆင်သင့် ပင်မီလာပြီး ဆွဲထူပေးကြ သဖြင့် ရုတ်တရက် သူတို့ကိုပင် ကျေးဇူးတင်လိုက်မိပါတော့သည်။

ကျွန်တော့်မျက်စိများမှာ ဘာကိုမျှ မမြင်ရအောင် ပြာလျက်၊ နားလည်းအူနေသဖြင့် သူတို့ပြောကြ သည်များ ကို ကောင်းစွာမကြားရပါ။ ကျွန်တော့်စိတ်အထင်တွင် ကျွန်တော်အမောဆို့နေသဖြင့် အ၀တ်များကို ချွတ်ပေးမှ သက်သာ မည်ဟု ပြောကြကာ လုံချည် အင်္ကျီများကို ချွတ်နေကြသည်ဟု အောက်မေ့ပါသည်။ အ၀တ်ချွတ်ပြီးကြသော အခါ ကျွန်တော့်ရင်ဘတ်ကို လက်ဝါးဖြင့် ဖိပေးလိုက် သည်ဟု ထင်ရပြီး လစ်ခနဲ သတိမေ့သွားပါသည်။

ပြန်၍ သတိရသောအခါ အနီး၌ တစ်စုံတစ်ယောက်ကိုမျှ မမြင်ရတော့ဘဲ ကျွန်တော့်ကိုယ်တွင် ချွတ်၍ မသင့်လျော်သော ကျွန်တော့်ကိုယ်ပိုင် အတွင်းခံဘောင်းဘီကလေးမှတစ်ပါး၊ အခြား ဘာဝတ်အစားမျှ မရှိတော့ ပါ။ ရင်ဘတ်နည်းနည်းလေးနေသဖြင့် ကိုယ့်ရင်ကိုယ် ငုံ့ကြည့်လိုက်ရာ ဘလာကျင်းနေသော အသားပေါ်၌ ဖိနပ်ရာ တစ်ခု ကိုမြင်ရသဖြင့် မိမိအမောဆို့နေသည်ကို သနား၍ ရင်အုံကို လက်ဝါးနှင့် ဖိပေးလိုက်သည် ဟု အောက်မေ့လိုက်ရခြင်းမှာ ဒိုဗမာရာဇ၀တ် အုပ်မောင်း၏ ဖနောင့်မေတ္တာ လက်ဆောင် နှုတ်ဆက် သွားခြင်းဖြစ်သည် ကို ရိပ်မိပါတော့သည်။

ချည့်ချည့်နဲနဲနှင့်ပင် ထထိုင်လိုက်ရာ ကျွန်တော့်ပေါင်ပေါ်တွင် အကြင်လင်မယားဟန်ဆောင်ခဲ့ရ သောက် ကမြင်းမ ကလေး၏ မေတ္တာစာကို တွေ့ရပါသည်။ သူ့စာမှာ..

"သူတောင်းစား လား...ကျောင်းသားလား ခွဲခြားမသိရတဲ့ ကိုကျော်စံကေး၊ အရေး ကြီး သော နိုင်ငံ ရေးခေါင်းဆောင် တစ်ယောက် ကို ပုလိပ်လက်မှ လွတ်အောင် ကူညီပေးသဖြင့် အထူးကျေးဇူး တင် ပါသည်။"
ထို့ကြောင့် ယခုလိုက်လာသူအား ကျွန်မဟန်ဆောင်၍ ၀တ်စေခဲ့သော ကျွန်မလင်၏ အ၀တ်အစား များကိုပြန်ပေး လိုက်ပါရှင့်။
အရေးတော်ပုံ အောင်ပါစေ။

သခင်မ မြမြအေး

အထက်ပါစာကို ဖတ်ပြီး တောက်တစ်ချက် ခေါက်လိုက်မိပါသည်။ ဤကိစ္စ၌ ကျွန်တော့်ဖမ်းသော ဗမာ ရာဇာဝတ်အုပ် ပါ ပါသည်ကို ရိပ်မိပါသည်။ သူပင် အ၀တ်အစားတွေကို ချွတ်ယူပြီး ကျွန်တော့် ကိုဖနောင့်နှင့်ပေါက် သွားသည်။ ဤစာကိုကိုင်၍ ဂေါက်သွားတိုင်လိုက်မည်ဟု စိတ်ကူးမိပါသည်။ သို့သော်စာ တွင် ၎င်း၏အမည်သေချာစွာ မပါ၊ လိုက်လာသည်ကို မျက်စိနှင့်မြင်ရပါသည်ဆိုက လည်းသက်သေပြစရာ မရှိ၊ အောင့်သက်သက်နှင့်ပင်ကိုတင့်ကြီးနေရာ ဇရပ်သို့ ပြန်ခဲ့ရပါသည်။
ကိုယ်တွင်း ရှိ ရင်းစွဲ စပို့ရှပ်ကလေးမျှ ပြန်ပါမလာတော့သည်ကို မြင်ရလျှင် ကိုတင့်ကြီးက "ဘယ့်နှယ် ကိုကျော်စံကေး... ဘယ်လို ဖြစ်လာခဲ့ပြန်တာလဲ၊ မနက်ကတော့ ခမ်းခမ်းနားနား ၀တ်စားသွားပြီး တော့၊ နို့ပြီး ခင်ဗျားအဆက်ကောဗျ"ဟု ဆီးကြိုမေးလိုက်သဖြင့် ကျွန်တော့်မှာ ပျော့ခွေခွေကလေး ထိုင်ချလိုက်ကာ...
"ဖြစ်ပုံတော့ မပြောပါနဲ့တော့ဗျာ"ဟု အစချီပြီး ကိုတင့်ကြီးအား ဖြစ်ကြောင်းရယ်တဲ့ကုန်စင်လိုက် ရပြန်ပါတော့ သည်။

ကိုတင့်ကြီးသည် ဟက်ဟက်ပက်ပက် ရယ်မောလိုက်ပြီး...
"ခင်ဗျား ဒီမှာ ဆက်မနေနဲ့တော့ ကြာရင်ဒီထက်ဒီဆိုးတာတွေ ဖြစ်နေဦးမယ်၊ အိမ်ကိုသာ ပြန်ပေတော့"
"ပြန်ပါမယ်ဗျာ... မနက်ဖြန်ခါကို ကျွန်တော့်ကို ရထားသာ လက်မှတ်စစ် နှင့်ပြောပြီး တင်ပေးလိုက် တော့ ရထား စရိတ် ပိုက်ဆံ လည်း မရှိဘူး..."
ကိုတင့်ကြီးသည် ထပ်မံရယ်မောကာ...
"ခင်ဗျား ကံကောင်းချင်တဲ့လူများတော့ ကြံဖန်ဖြစ်ရတာပဲ၊ နက်ဖန်ခရီးသည်စီးဖို့ ရထားမရှိတော့ ဘူးဗျ..... ပိတ် လိုက်ပြီ၊ စစ်ရထားတွေပဲ ရှိတော့တယ်၊ ပြောလို့လည်း မရဘူး၊ ပိုက်ဆံပေးလို့ လည်းမရဘူး..."
"အဲ...သောက်ခွ ပဲ၊ မော်တော်ကား ရရင်ရ၊ မရရင်ခြေလျင်သုတ်မှပဲ၊ ငွေလည်း ၄-၅စတော့ မစ လိုက်ပေတော့ဗျာ..."ဟု အသနားခံလိုက်၏။
ထိုနေ့၌ ကိုရင်ကြီးဆွမ်းခံ သွားစဉ် အလယ်ပစ္စယံ၌ မသာတစ်ခုကိုတွေ့၍ သပိတ်လျှံမျှ ပွပေါက်တိုး ခဲ့သဖြင့် ညစာ မှာ ကျွန်တော်သူတောင်းစားမလုပ်ရဘဲနှင့် ၀စွာစားလိုက်ရပါသည်။

နံနက်စောစော ဝေလီဝေလင်းအချိန်တွင် ကိုရင်ကြီး၏ရေသနုတ် သင်းပိုင်စုတ် ကလေး ကို ခြုံကာ သွေးဆေးကန်ဘက်မှ ဆင်း၍ခြေလျင် လျောက်ခဲ့ရာ၊ မြေနီးကုန်းလမ်းဆုံအနီး ပြည်လမ်းကုန်း အတက် တွင် အိမ်ထောင်ပစ္စည်းတွေ နင့်နေအောင် တင်ထားသော ကားတစ်စီးကို တွေ့ရသဖြင့် ကားနံဘေး၌ ထိုင်နေကြသော လူလေးယောက် အား ကိုတင့်ကြီးပေးသနားလိုက်သော ငွေ၅ကို ပြကာသွားသမျှ လိုက်ပါရန် အသနား ခံလိုက်ရာ အတော်စိတ်တိုဟန်တူသော သူက...
"ကိုယ်လူ...ပိုက်ဆံတွေ ဘာတွေပြမနေနဲ့၊ ကျုပ်တို့ကား စက်နှိုးရအောင် တွန်းပေးနိုင်ရင် လိုက်ရ မှာပဲ၊ ကျုပ် တို့ သရက်ချောင်း ကိုသွားမယ်"ဟု ပြောပြသဖြင့် နောက်တစ်မိနစ်တွင် သူတို့နှင့် အတူ ကားကို မချိမဆံ့တွန်းရပါတော့သည်။ ကံအားလျော်စွာပင် စက်နိုးသဖြင့် လိုက်ပါသွား၍ သရက် ချောင်းတာခွတွင် ဆင်းကာနေ၀င်ချိန်လောက် တွင် ရောက်နိုင်သော ကျွန်တော်၏ကျောင်းနေဘက် သူငယ်ချင်း ဘတိုး ရှိရာ တိုက်ကြီးမြို့ ကို ခြေလျင်လျောက်ခဲ့ပါသည်။

မှောင်စပြုလာသော အချိန်တွင် ထိုမြို့သို့ ရောက်ခဲ့၍ဘတိုး တို့အိမ်မှာ အိမ်ရှေ့ဘက်တွင် မီးများ ထိန်ထိန်လင်း လျက် လူစည်းကား လှသဖြင့် ကျွန်တော့်အသွင်အပြင်နှင့် အိမ်ရှေ့ဘက်မှ မ၀င်ရဲ ဘဲ နောက်ဖေးဘက်မှ ၀င်ပြီး ဘတိုး ကို တိုးတိုးကြိတ်ခေါ်မည်ဟု စိတ်ကူးကာ ပြန်ကွေ့ခဲ့ပါသည်။
ဘတိုး တို့အိမ်မှာ ကျွန်တော်လည်ဖူးပတ်ဖူးသဖြင့် မီးရထားလမ်းကျောခိုင်းလျက် အိမ်သာ နားက နောက်ဖေးခွေးတိုးပေါက်ကို ကျွန်တော်ကောင်းစွာ သိပါသည်။ ထို့ကြောင့် မှုန်ရီမင်မွှား အချိန် ကလေး မှာပင် ခွေးတိုးပေါက်မှ လေးဘက်ထောက်ဝင်ခဲ့၍ နောက်ဖေးလှေကားတက်နားရောက် သောအခါ မိုးဖိုဆောင်အောက်၌ "ဂိုးဂိုးဂတ်ဂတ်မြည်နေသော ဘဲခြံတစ်ခုကို တွေ့ရသဖြင့် ဘယ်လောက်များရှိသလဲဟု ငုံ့ကြည့်ကာ"အင်း... မအေပေးဘဲတွေအများကြီးပဲ....၊ တစ်နေ့တစ် ကောင်ပေါင်းခိုင်ပြီး ထန်းရည် နဲ့ ဘေဦးမှပဲဟု စိတ်ကူးနေစဉ် ကျွန်တော့်နောက်စေ့ကို လေးလံသော အရာတစ်ခုဝင်တိုးလိုက်သည်ဟု ငုံ့ကြည့်ကာ "အင်း..မအေပေးဘဲတွေ အများကြီး ပဲ...၊ တစ်နေ့တစ်ကောင် ပေါင်းခိုင်းပြီး ထန်းရည် နဲ့ ဘေးဦးမှာပဲ"ဟု စိတ်ကူးနေစဉ် ကျွန်တော့်နောက် စေ့ကိုလေးလံသော အရာတစ်ခုဝင်တိုးလိုက်သည်ဟု ထင်ရပြီး တစ်ခဏ၌ ကျွန်တော့်ကိုယ်မှာ လူတစ်ယေက်၏ရင်ခွင်တွင် ပက်လက်လန်လျက်...
"ကျော်စံကေး...ကျော်စံကေး"ဟူသော ဘတိုး ၏အသံနှင့်အတူ မျက်နှာပေါ်သို့ ရေများတောက် ဖျန်းနေသည် ကို သိရလေ၏။

ကျွန်တော်၏ဦးခေါင်း မှာ သွက်သွက်ခါမျှ မူးနေလျက်...မျက်လုံးကို တစ်ချက်မျှ ဖွင့်ကြည့်လိုက်ပြီး လူများ ပတ်ပတ်လည် ၀ိုင်းနေသည်ကို ရိုးတိုးရိပ်တိတ်မြင်ရသဖြင့် အနိုင်နိုင်အားယူကာ...
"ဟေ့... ဘတိုး၊ ငါဘာဖြစ်လို့လဲကွ"
"မင်းကို ငါရိုက်လိုက်တာကွ"
"ဟင်း...ရက်စက်လှချည်လား သူငယ်ချင်း"
"ရက်စက်တာ မဟုတ်ဘူးကွ လူမှားလို့"
"ဘယ်လိုမှားတာလဲကွာ"
"ဘိန်းစားကြင်ဟုတ် မှတ်လို့"
"ဘယ်လို...."
"ဒီလိုကွာ...၊ ဒို့အိမ်မှာ ဒီလိုရီတမှောင်အချိန်မှာချည်းပဲ၊ အိမ်ရှေ့ဧည့်သည်တွေနဲ့ စကားပြော နေတုန်းနောက်ဖေးပေါက် က ၀င်ဝင်ပြီး ဘဲတွေ အလစ်သုတ်သွားတာ သုံးကောင်ရှိပြီကွ၊ ဒါနဲ့ ဒီနေ့ ငါတုတ် ကိုင်ပြီးချောင်းနေတော့...မင်းက ဘောင်းဘီတိုကလေးနဲ့ အ၀တ်တစ်ခုခြုံပြီး၊ နောက်ဖေး ခွေးတိုးပေါက် က လေးဖက်ထောက်ဝင်လာပြီး အဲခြံတံခါးနား ငုံ့ချောင်းနေတော့ ငါကဘိန်းစား ကြင်ဟုတ်မှတ်ပြီး တအားဆော် လိုက်တာပေါ့ကွ၊ ချကောင်းလိုက်တာ မပြောနဲ့တော့၊ ဟိန်းသွား လိုက်တဲ့အသံ ဟိုဘက်အိမ်တွေကတောင် ကြားနေရသတဲ့" ဟု အားပါးတရပြောနေရာ ကျွန်တော့်က

"ငါတော့ ဘာသံမှ မကြားလိုက်ရပါကလားကွာ..."
"ဟ... ရိုက်ခံရတဲ့ လူက ကြားနိုင်ပါ့မလား၊ ထိထိချင်း အသံမဖမ်းနိုင်လောက်အောင် မေ့သွားတာကိုး၊ မင်းရုပ် ကလည်းကွာ၊ ဒီအဝတ်အစားနဲ့ ရီတမှောင်အချိန်မှာ တရုတ်ဘိန်းစားကြင်ဟုတ်နဲ့ သိပ်တူတာပဲ၊ နောက် ချသံကြား လို့ လူတွေဝိုင်းလာပြီး မေ့လဲနေတာ ဓာတ်မီးနဲ့ထိုးကြည့်လိုက်တော့မှ… လည်ပင်း ကြပ်ကလေးတွေ အစီအရီ နဲ့ မင်းဖြစ်နေတာ တွေ့ရတယ်၊ မင်းက ဘယ်လိုက ဘယ်လိုဖြစ်လာတာလဲ ကွ…၊ ပြောစမ်းပါဦး" ဟု ကွက်ရှင်ထုတ်လေရာ၊ ကျွန်တော့်အဖြစ်မှာ တိုတိုနှင့် ပြောမပြီးနိုင်သဖြင့်…
"ငါ ခေါင်းမူးလှတယ်ကွာ၊ နောက်မှပြောမယ်" ဟု ပြောပြီး အိပ်ရာသို့ ပွေ့တင်ခြင်းခံရပါသည်။

ဘတိုး ကျွန်တော့်ကို နှံလိုက်သော တုတ်ကြီးမျာ ကျွန်းသား ပုဆိန်ရိုးကြီးဖြစ်၍ ဦးခေါင်း မပေါက်သော် လည်း ဦးရေကြော တို့တွင် သွေးများလေးလံနေသဖြင့် ၃ ရက်မျှ အိပ်ရကြ မထနိုင်ဘဲ လဲနေပါသည်။
ဘတိုးနှင့် ကျွန်တော်မှာ ကျောင်းနေဘက် သူငယ်ချင်းဖြစ်ရုံမျှမကဘဲ လူကြီးမိဘများလည်း ခင်မင်ကြ သဖြင့် ကျွန်တော့်ကို ကောင်းမွန်စွာ ပြုစုကြပါသည်။
အထူးသဖြင့် ကျွန်တော် ပွပေါက်တိုးသည်ကား မကြာသေးမီကပင် အရွယ်ရောက်ဟန်တူသော ဘတိုး နှမ အပျိုသစ်ကလေး ခင်ခင်သီကပါ ကျွန်တော့်ကို ဂရုတစိုက် ပြုစုနေခြင်းဖြစ်၍ အပြင်းအထန်နှံလိုက် သော ဘတိုးကိုပင် ကျေးဇူးတင်မိပါတော့သည်။

အိပ်ရာမှ ထနိုင်သည့်တိုင်အောင် ရက်ပေါင်းများစွာ မူးဝေနေသဖြင့် ကိုယ့်ဆံပင်ပင် လေးလံသည်ဟု ထင်ကာ ဆေးဆရာတစ်ယောက်၏တိုက်တွန်းချက်အရ နှမြောလှစွာနှင့် ကတုံး (ခေါင်းတုံး) ရိတ်ပစ် လိုက်ရပါသည်။ ဆယ့်လေးငါးရက်ခန့်ကြာ၍ ခေါင်းမူးပျောက်သောအခါ ကိုယ့်ဆံပင်ကိုယ် အကြီး အကျယ် နှမြောမိပါတော့သည်။ ဂေါ်ပေါက်တိုးနေစဉ်၌ ကတုံး (ခေါင်းတုံး) ဖြစ်နေခြင်းကြောင့် စိတ် ပျက်ပျက်နှင့် တောက်တစ်ခေါက်ခေါက် ညည်းနေမိရာ တစ်နေ့သောအခါတွင် ဘတိုးက…
"ဟေ့ ကျော်စံကေး၊ ဒို့အိမ်မှာ ရှင်ပြုမယ်လို့ စီမံနေကြတာ မင်း သိတယ်မှုတ်လား"
"အေး… သိတယ်လေ၊ ဒါ ဘာဖြစ်သလဲ"

"မင်း… ကတုံးဖြစ်လက်စနဲ့ သင်္ကန်းဆီးကွာ"
"ဘာ… မင်းက ငါ့ မတော်မတရား တိုက်တွန်းတာလဲ…"
"မင်း သင်္ကန်းဆီးရင် ပွပေါက်တစ်ခု ရှိလို့ကွ"
"ဘယ်လိုတုံး၊ ငါ ချက်ချင်း မိန်းမရမှာလား"
"မင်းက ဒါလောက်ပဲ စိတ်ကူးနေ၊ ဒါကြောင့် မင်း ဒီလိုဖြစ်လာခဲ့တာ၊ ငါ ပြောတာ နားထောင်ဦး၊ ဒီလို ကွ… ငါ့တို့အဒေါ်ဝမ်းကွဲတစ်ယောက်က သူ့တူ လူပျိုပေါက်ကြီးတစ်ယောက်ကို ငါ့ညီကလေးတွေနဲ့ အတူ ရှင်ပြုမယ်ဆိုပြီး သင်္ကန်းပရိက္ခရာတွေ အစုံဝယ်ထားတယ်ကွ…၊ သူ့တူမောင်ကြီးက ပေါချာချာနဲ့ အစဦးတော့ ဟုတ်တိပတ်တိ သင်္ကန်းတောင်းတွေ ဘာတွေ ကျက်လို့။ ၃-၄ ရက်လောက်ကြာတော့ လူက အထစ်ထစ်နဲ့ကိုးကွ…၊ သင်္ကန်းတောင်း ကျက်ရတာဟာ မိန်းမယူတာလောက် မလွယ်ဘူးဆိုပြီး မိန်းမခိုးပြေးရောဟေ့"

"ဟယ်… ဟန်ကျလိုက်တာ"
"မင်းကလည်း ဒါလောက်ပဲ အားကျနေ၊ ငါ ပြောတာ နားထောင်ပါဦး၊ ဒီတော့ မင်းက သူ့အစား သင်္ကန်း ဝင်ဆီး"
"ဘာ… မင်းက ငါ သူ့နေရာဝင် သင်္ကန်းတောင်းကျက်တာနဲ့၊ သူ့လို မိန်းမရရောလား၊ ငါက မင်း ကြီး မောင်ကြီးလို အထစ်ထစ်မှ မဟုတ်တာ"
"မင်းကလည်း မိန်းမရဖို့လောက် စိတ်ကူးထည့်နေ၊ ဒါ ပြောတာ မဟုတ်ဘူးကွ၊ နားထောင်ဦး၊ အဲဒီ အဒေါ်ကြီးက ရန်ကုန်ဗုံးချပြီးလို့ တစ်ရက်ခြားနေ သူ့တူမတစ်ယောက် ခေါ်ရအောင် ရန်ကုန်သွား ရော…"
ကျွန်တော်က ဖြတ်၍…
"ရန်ကုန်ရောက်သွားတော့ သူ့တူမက ဗုံးချနေတုန်းမှာ လင်နောက်လိုက်ပြေးတယ်ဆိုတဲ့ သတင်းကြား ရောလား…"
"မင်းက နောက်မနေပါနဲ့ကွ၊ ငါက အကောင်းပြောနေတာ အဲဒီ ရန်ကုန်သွားတော့ သူ မီးရထားပေါ်မှာ နာရီတစ်လုံး အလကားရခဲ့တယ်ဟေ့…"
"ဟယ်… ဟန်ကျလိုက်တာ၊ မင့်အဒေါ်က အရွယ်ကောင်းတုန်းလား"

"မနောက်ပါနဲ့ဆိုနေ၊ ငါ ပြောတာ နားထောင်စမ်း… အဲဒီနာရီက ကျောင်းတုန်းက အပေါင်ဆိုင် ခဏ ခဏ ပို့တဲ့ နာရီနဲ့ သိပ်တူတာပဲ…"
ဤတွင် ကျွန်တော် ရန်ကုန်သွားစဉ်က ညမီးရထားပေါ်တွင် ကျွန်တော် နာရီ အချောင်ပေးရသည်ကို သတိရလာ၍ စိတ်ဝင်စားလာကာ…
"အေး… သူ နာရီရတာက ညမီးရထားပေါ်မှာ မဟုတ်လား"
"အေး၊ ဟုတ်တယ်"
"ဘယ်လိုက ဘယ်လိုရတာတဲ့လဲ"
"အဲ- ဒါတော့ ငါ မသိဘူးကွ၊ နာရီကတော့ အတော်ကောင်းတယ်၊ မင်းနာရီနဲ့ တစ်မျိုးတည်းပဲ"
"ကဲ… ဆက်စမ်းပါဦး၊ အဲဒါနဲ့ ငါ သင်္ကန်းဝတ်ရမှာနဲ့ ဘယ်လိုဆိုင်သလဲ"

"ဒီလိုကွ… အဒေါ်ကြီးက သူ သင်္ကန်းပရိက္ခရာတွေ အစုံဝယ်ပြီးမှ သူ့တူမောင်ကြီးက ဇယ်နဲ့လစ်ပြေး တော့ ခဲလေသမျှ သဲရေကျဖြစ်ပြီဆိုပြီး အကြီးအကျယ် ဆောဒီးဖြစ်နေတယ်ကွ။ အဲဒီတော့ သူ့တူအစား သင်္ကန်းဝင်ဆီးတဲ့လူကို အဲဒီနာရီပေးမတဲ့ကွ။ နာရီအတော်ကောင်းတော့ သူ စည်းချင် ငါ စည်းချင်ပဲ… ဒါပေမဲ့ ငါက မင်း ကတုံး(ခေါင်းတုံး) ဖြစ်လက်စနဲ့ ရချင်းရ မင်း ရပါစေဆိုပြီး အဒေါ်ကြီးကို၊ နေဦး… ကျွန်တော့်သူငယ်ချင်းကို ပြောကြည့်ဦးမယ်၊ ဒီ့ပြင်လူ ခွင့်မပြုလိုက်နဲ့ဦးလို့ ငါက တားထားတာကွ…၊ ငါ သာ မင့်လို ကတုံး (ခေါင်းတုံး) ဆိုရင် ဆီးတယ်ကွာ…၊ ဘာလဲကွ မင်း စည်းရ အလွန်ဆုံး ခုနစ်ရက်ပေါ့၊ ညစာထမင်း ခုနစ်ရက်ရှောင်ရတာနဲ့ ၇၀ိ၊ ၈၀ိရ တန်တဲ့ ပစ္စည်းရတယ်ဆို နည်းလား… မင်း ည မဆာရ ပါဘူးကွာ၊ ငါ လာလာပြီး ဖျော်ရည်နဲ့ ထန်းလျက်ပို့ပါ့မယ်… မင်း ကတုံး (ခေါင်းတုံး)ဖြစ်လက်စနဲ့ ဆီး သာ ဆီးကွာ… မင်းစိတ်ကူးမလွဲနဲ့၊ မင်း ကြာရှည်ဆီးနိုင်လေ ပွလေပဲ။ မှတ်ထား…၊ မင်း ကြာကြာဆီးနိုင် လေ ပွလေပဲ။ မှတ်ထား…။ ငါ့အဒေါ်က အပျိုကြီးကွ၊ ပိုက်ဆံအတော်ရှိတယ်… သူ ရှင်ပြုချင်နေတာ ကြာလှပြီ၊ မင်း ကြာကြာဆီးနိုင်ရင် သက္ကလတ် သင်္ကန်းတို့ ပိုးသင်္ကန်းတို့ အိုး… ကုန်ကုန်ပြောမယ် ကွာ… မင်း လိုချင်တာ အကုန်ရနိုင်တယ်"
"ဒါဖြင့် မင်းအဒေါ်ကြီး ငါ ကြည့်ချင်သေးတယ်ကွာ"

ဖိုးကတုံး ရုတ်တရက် မျက်လုံးပြူးသွားကာ…
"ဘာလဲကွ၊ မင်းက ငါ့အဒေါ် အပျိုကြီး ပိုက်ဆံရှိတယ် ဆိုတာနဲ့ ရုပ်ဖြောင့်ရင် အပိုင်စီးမလို့လား…"
ကျွန်တော် ရုတ်တရက် ပြုံးမိပါသည်။ ကျွန်တော် အမှတ်မဲ့ပြောလိုက်စကားမှာ ဘတိုး ထင်မယ်ဆို ထင် စရာပင်ဖြစ်နေပါသည်။ အမှန်စင်စစ် ဘတိုး နောက်ပြောသောစကားများကို စိတ်မဝင်စားဘဲ ညမီးရ ထားပေါ်က နာရီအလကားရလာတယ်ဆို၍သာ ကျွန်တော့် နာရီအပိုင်စီးသွားသော အဒေါ်ကြီး ဟုတ် မဟုတ် သိလို၍ ပြောလိုက်ခြင်းဖြစ်ပါသည်။
ကျွန်တော်က ဆက်၍…
"မဟုတ်ပါဘူးကွာ၊ ဒီလို သက်ကြီးဝါကြီး ငါ မကြံပါဘူး၊ ကိုယ့်သာသနာဘောင်သွင်းမယ်ဆိုတဲ့လူ ကိုယ့် ကြည့်ချင်သေးတာပေါ့ကွ"

"ကဲ… မင်း ကြည့်ချင်တယ်ဆိုရင်… ပြောတုန်းဆိုတုန်းပဲ လာနေပြီ…" ဟု ပြောပြီး အိမ်ရှေ့ဘက်ကို လှမ်း၍…
"လာ ဒေါ်ဒေါ်စိန်၊ ဒီဝင်ခဲ့ပါဦး" ဟု လမ်းလျှောက်သွားသော အဒေါ်ကြီးတစ်ယောက်ကို လှမ်းခေါ်လိုက် ၏။
အဒေါ်ကြီးသည် ရှေးအပျိုကြီးပီပီ ခပ်စွာစွာကလေးပင်…
"ဟ… ဘာတုံးဟ" ဟု ဆိုကာ ဝင်လာပါသည်။
သူ့အသံကြားလိုက်ရသည်နှင့်ပင် ကျွန်တော့်ရင်ထဲမှာ ဒိတ်ခနဲ ဖြစ်သွားပါသည်။

သူ့မျက်နှာ မြင်လိုက်ရသောအခါတွင်မူ ကျွန်တော် ရင်ကုန်သွားစဉ်က ညမီးရထားပေါ်၌ အိမ်သာထဲမှ မိန်းမဝတ်ကတ္တီပါကွက်အင်္ကျီလေး တစ်ထည်တွေ့၍ သခင် မပေါ်သဖြင့် ချမ်းလှသည်နှင့်  တိုနန့်နန့် ကလေး ဝတ်လျက်သား အိပ်ပျော်နေစဉ် လည်ကုပ်ကို ရုတ်တရက် ဆွဲထူလိုက်ပြီး ကျွန်တော့်ကို သူခိုး စွပ်စွဲကာ သူ့အင်္ကျီချက်ခြင်းချွတ်ပေးရမည်ဟု မျက်နှာပေါက်ဆိုးဆိုးနှင့် အပေါက်ဆိုးမှုတ်နေသည်ကို ရုတ်တရက် မြင်ယောင်လာလျက် ကြက်သီးဖြန်းခနဲ ထမိပါသည်။
"နင် သူခိုး၊ ခုချွတ်… ခုချွတ်" ဆိုသော အသံဆိုးကြီးကိုလည်း ကြားယောင်မိပါသည်။ အင်္ကျီချွတ်ပေး လိုက်သောအခါ၌လည်း အင်္ကျီအိတ်များထဲစမ်းကာ ငွေ ၅၀ိ ပျောက်သည်ဟုဆိုပြီး ကျွန်တော့်ကို ပုလိပ် လက်အပ်မည်ဟု ပြောသောကြောင့် ကျွန်တော်မှာ ကြံရာမရဘဲ ၉၇ ကျပ် ၈ ပဲ ပေးရသော နာရီအသစ် စက်စက်ကို အပ်လိုက်ရပါသည်။

ယခုမူကား သူ့နာရီတစ်လုံး ညရထားပေါ်က အလကားရခဲ့သည်ဟု ပြောနေပါသည်။
"ဟင်း… မအေပေး ကလိန်မကြီး၊ သူ့အင်္ကျီတိုနန့်နန့်ကလေး ချမ်းလို့ ဝတ်မိတာနဲ့ ငါ့နာရီလိမ်ယူသွား တယ်။ ခုတစ်ခါကျတော့ သူ့သင်္ကန်း ငါ ဝတ်ပြီး ငါ့နာရီ ပြန်ယူဦးမှာပဲ" ဟု စိတ်ကူးမိပါသည်။
အဒေါ်ကြီး အနီးသို့ရောက်သောအခါ ဘတိုးက…
"ဒေါ်ဒေါ်စိန်… ကျွန်တော် ပြောတာ သူပဲ" ဟု ကျွန်တော့်ကို ပခုံးကိုင်ပြပါသည်။
အဒေါ်ကြီးက ကျွန်တော့်ကိုကြည့်ကာ…
"မင်း တကယ် သင်္ကန်းဆီးမယ်လား"
"ဒေါ်ဒေါ် နာရီတစ်လုံးပေးမယ်ဆိုရင် ကျွန်တော် ဆီးမှာပေါ့…"
"ငါက မပေးဘဲရှိပါ့မလား…၊ ငါ ရထားပေါ်က ကြမ်းပိုးတစ်ကောင်ဆီက ဖရီးအပိုင်စီးလာခဲ့တာပဲ" ဟု ပြောလိုက်ရာ ကျွန်တော် အတော်ကလေး အောင့်၍ သွားပါသည်။
အဒေါ်ကြီးမူကား ယခု ကျွန်တော့်မှာ ခေါင်းတုံးလည်းဖြစ်ပြီး ဘတိုး၏ကြပ်ဖုံးမာဖလာကိုလည်း ပတ် ထားပြန်ဖြစ်သောကြောင့် ကျွန်တော့်ကို လုံးလုံး မမှတ်မိတော့ပါ။
"ခင်ဗျားကြီး အပိုင်စီး၊ ကျွန်တော်ကလည်း ပြန်အပိုင်စီးရတာပေါ့ဗျာ…" ဟု စိတ်ထဲရေရွတ်ကာ သင်္ကန်း ဆီးရန် ကောင်းစွာသဘောတူလိုက်ပါသည်။

ဤအတိုင်းပင် ကျွန်တော့်မှာ ထိုမြို့၌ ဘတိုး၏မဟာဒုတ်မဲပေါက်၍ သင်္ကန်းဝတ်လိုက်ရသည်။
ခုနစ်ရက်မြောက်၍ ကိုယ့်နာရီ ကိုယ်ပြန်ရသဖြင့် ထွက်မယ်ဆို ထွက်နိုင်ပါပြီ။ သို့သော် မနက်တစ်ကြိမ် ညတစ်ကြိမ် ဆွမ်းပို့ဖျော်ရည်ပို့လာနေသော ဘတိုးနှမ အပျိုအသစ်ကလေး ခင်ခင်သီကို အရေးပေါ် သင်္ကန်းဝတ်အဖြစ်နှင့် ဂေါ်ရခြင်း၊ ဒုတိယ ယခုကျွန်တော်၏ပစ္စည်းလေးပါး ဒါယိကာမကြီး ဘတိုးအဒေါ် အပျိုကြီးက ဘတိုးပြောစကားအရ ကြာကြာဝတ်နေလျှင် လိုချင်တာရမည်ဟု ဆိုထားခြင်း၊ တတိယ ယခု ကျွန်တော် သင်္ကန်းဆီးနေကြောင်းကို မွေးသဖခင်ထံ အကြောင်းကြားလိုက်ပြီဖြစ်၍ မွေးသဖခင် သည် ကျွန်တော် လုပ်သမျှတွေ အပြစ်လွှတ်ပြီး ကျွန်တော့်ထံ ဦးခိုက်လာမည်ဖြစ်ခြင်း၊ ဤအကြောင်း သုံးခုကြောင့် တစ်ချက်ခုတ် သုံးချက်ပြတ်သဘောနှင့်ဆက်၍ သင်္ကန်းဝတ်နေလိုက်ပါသည်။

သို့သော် ကျွန်တော်မှာ သာသနာ့ဘောင်၌ ကြာရှည်စွာ ပါရမီ မပါလေရကား သင်္ကန်းဝတ်၍ ကိုးရက်ခွဲ မျှ အကြာတွင် "ဘတိုးနှမ ခင်ခင်သီကလေး လင်နောက်လိုက်သွားပြီ" ဟူသော သတင်းဆိုးကို ကြားရ လေ၏။
ဤအရေးကြီးဆုံးသော မျှော်လင့်ချက်ကြီး ပျက်လျှင်ပျက်ခြင်း နောက်တစ်နေ့မှာပင် နှမလင်နောက် လိုက်သဖြင့် ရှက်ဒေါသဖြစ်နေသော ဘတိုးကို နောက်လိုက်ကျောင်းသားပြုကာ သင်္ကန်းဝတ်နှင့်ပင် ဒကာမကြီးထံ စရိတ်တောင်းပြီး ဇာတိချက်ကြွေ မွေးဌာနေသို့ ကြွခဲ့ပါတော့သည်။
သင်္ကန်းမချွတ်သေးသည်ကား သာသနာ့ဘောင်၌ ပျော်ပိုက်၍မဟုတ်ပါ။ ကျွန်တော့်အပေါ်၌ မွေးသ ဖခင် ပြုလုပ်မည့် ဒေါသတို့ကို သင်္ကန်းရောင်ဖြင့် ချေမှုန်းရန်ဖြစ်ပါသည်။

အိမ်သို့ပြန်ရောက်သောအခါ ကျွန်တော်တို့အိမ်မှာ ယခင်ကနှင့်မတူ ဧည့်သည်မိသားစုရောက်နေပြီး တစ်မျိုးတစ်ဖုံ စည်းကားပျော်ရွှင်ဖွယ်ကောင်းနေပါသည်။ အထူးသဖြင့် ကျွန်တော် သတိပြုမိသည်မှာ အလွန်တရာ ချောမောလှပသော မိန်းမပျိုတစ်ယောက်ပါရှိနေခြင်းဖြစ်ပါသည်။
ကျွန်တော်တို့ရောက်ကြသည်မှာ ညအချိန်ဖြစ်၍ ဤမာတုဂါမလေးကို မြင်လျှင်မြင်ချင်း ကျွန်တော့်မှာ  မိမိကိုယ်က သင်္ကန်းကို မေ့လျော့ကာ အပြင်းအထန် ဂေါ်ချင်စိတ်များ ပေါ်လာပါသည်။
သို့သော် ဆွေမျိုးသားရင်းချာလား၊ ခပ်ခွာခွာလား ခွဲခြားမသိရသေးသဖြင့် အသာဘရိတ်အုပ်၍ ထား လိုက်ရပါသည်။ တစ်အိမ်လုံးပင် ကျွန်တော်နှင့် ဘတိုးအား နိုင်ငံရေးအကြောင်း၊ မြို့ရွာ အကြောင်းများ ကို မေးမြန်းနေသဖြင့် ကျွန်တော့်မှာ ဆွေလားမျိုးလား၊ မေးမြန်းရန် အခွင့်မရတော့ဘဲ နေ၀င်ချိန်တွင် သင်္ကန်းဝတ်များစံရာ ကျောင်းဝိဟာသို့ မြန်းခဲ့ရ၍ ဘတိုးမှာမူ အိမ်၌ နေရစ်ခဲ့ပါ တော့သည်။
ကျွန်တော် သင်္ကန်းဝတ်နှင့် ပြန်ရောက်လာသည်ကို ကြားကြလေလျှင် ရွာသူရွာသားအပေါင်းတို့သည်  ကျော်စံကေးလို အကောင်က ဘယ်လိုအမြိုက်တရားများ တွေ့ခဲ့လို့ အကျွတ်တရားရပြီး သင်္ကန်းဝတ် လာပါလိမ့်၊ ဧကန္တ တရားထူး တရားမြတ် ရခဲ့ပြီ"ဟု ယူဆကြသော ကျွန်တော့်ထံသို့ ချဉ်းကပ်၍ စုံစမ်း မေးမြန်းကြကုန်၏။

ကျွန်တော်ကား မိမိအကျွတ်တရားရခဲ့သည်ကို လူတိုင်းအား မဟော။ နာသင့်နာထိုက်သူ ထန်းတက် ၀ိဇ္ဇာ ကိုမောင်ခို၊ ချက်အရက် တိတ်တိတ်ခိုး ရောင်းသူ ကိုထွန်းစိန်၊ ကြက်ခိုးကြက်လိုက် ကောင်းသူ ကိုဘိုးငွေ စသော သောက်ဖော်စားဘက် ပုဂ္ဂိုလ်ထူးများကိုသာ ရွေးချယ်ပြီး "ဟစ်လို့သာ ငိုလိုက်ချင် တော့" တရားထူးကြီးကို တိုးတိုးကြိတ်ဟောပါသည်။
သူတို့သည် ထိုအမြိုက်တရားကို ကြားနာပြီးသည်၏ အဆုံး၌ ရယ်မောရလွန်းသဖြင့် ရင်ချောင်ပြီး ခါတိုင်းနေ့များထက်ပင် ပိုမို၍သောက်နိုင်ကြသည်ဟူသတတ်။
သို့သော် သူတို့ ယခုကြားနာရသော ကျွန်တော်၏ "ဟစ်လို့သာ ငိုလိုက်ချင်တော့" တရားမှာ မဆုံးသေး။ ရှေ့တစ်ခန်းကျန်နေပါသေးသည်။

အကြောင်းမူကား ကျွန်တော်  ပြန်ရောက်လာကတည်းက သူ့လယ်ပေါင် လက်မှတ်များ ထည့်ထား သော သားရေအိတ်ကို ခိုးသွားသဖြင့် အပြင်းအထန် စိတ်ဆိုးနေသော ကျွန်တော်၏ မွေးသဖခင်မှာ သင်္ကန်းဝတ်နှင့် ပြန်လာသည့်တိုင်အောင် ဒေါသရှိန် မပြေးသေးဘဲ ရှိနေသောကြောင့် ကျွန်တော့်မှာ အိမ်နားသို့ မချဉ်းကပ်ဝံ့ရှိနေရာ ငါးရက်မြောက်နေ့တွင် ကျွန်တော်၏ ဦးရီးတော်သူ ဗိုက်ရွှဲ ဆရာချစ်ကြီး ဘုန်းကြီးကျောင်းသို့ ရောက်လာပြီး ကျွနတော် ထ၍ ခုန်မိသော သတင်းဆိုးကို ပြောပါတော့သည်။
"ကိုရင်ကြီး ဒီလိုသင်္ကန်းဝတ်နဲ့ပဲ အရိုးထုတ်တော့မလား" ဟု ရိုသေစွာ မေးသဖြင့် ကျွန်တော်က ဣနြေ္ဒ သိက္ခာ ၇၅ ပိဿာလောက်ဖြင့် ...
"ဒီလိုလဲ မပိုင်းဖြတ်ရသေးပါဘူးလေ ..."
"ကိုရင်ကြီးအတွက် အိမ်သားတွေက စိတ်မကောင်းကြဘူးဘုရား ..."
"ဘာကြောင့်တဲ့လဲ ... ဒကာကြီး၊ သာသနာဘောင်မှာ မွေ့လျော်နေတဲ့ဟာကို ..."
"ဒါတော့လည်း ဟုတ်ပါတယ်၊ ဒါပေမဲ့ သားကြီးတစ်ယောက်တည်းရယ်ဆိုတော့ လူ့ဘောင်မှာပဲ နေစေချင်တယ် ... ဘုရား"

ကျွန်တော် ရုတ်တရက် မျက်လုံးပြူးကာ ...
"အို ... ဟုတ်ရဲ့လား၊ အိမ်က ဟိုချောချောကောင်မလေးလား ..."
"မှန်ပါသဘုရား ..."
ဟန်ဆောင်သမျှ ဣနြေ္ဒသိက္ခာတွေ ပျောက်ပြီး ဧကသီ မ၍ ၀ုန်းခနဲ ထခုန်မိကာ ...
"အမယ်လေး ... ဒါစောစောက ဘာပြုလို့ မပြောကြတာတုံး။ ကျုပ် ဆွေးမျိုးမှတ်နေလို့၊ ရောက်ရောက် ချင်း ပြောရောပေါ့ ... ရောက်ရောက်ချင်း ပြောရောပေါ့"
"နို့ ... ကိုရင်ကြီးက သာသနာဘောင်မှာပဲ ခေါင်းချတော့မယ်ဆို ..."
"အမယ်လေး ... ဒါ ဘယ်သူပြောတာလဲ ... ဘယ်သူပြောတာလဲ" ဟု မိဖုရားကင်းကိုက် မေးလိုက်ပါ သည်။

"ကိုရင်ကြီးခေါ်လာတဲ့ ကျောင်းသားတပည့်လေ ..."
"အမယ်လေး ... ဘတိုးလား ... ဘတိုး ... ခွေးဘတိုး၊ ကြည့်စမ်း သူ တမင်သက်သက် လှည့်လိုက တာ…"
"ဟုတ်တယ်... သူပဲ ပြောတာ ...၊ ကျွန်တော့် သူငယ်ချင်း ကျော်စံကေးဟာ သိပ်အကျွတ်တရား ရပြီး တော့ ဘယ်နည်းနဲ့မှ လူဝတ်လဲမှ မဟုတ်တော့ဘူး ... ဘာညာနဲ့"
"ကြည့်စမ်း ... ကြည့်စမ်း ... ခွေးသား၊ ကျွန်တော်နဲ့ ပေးစားမှသိလို့ တမင်ဖျက်ပြီး သူ ကောင်မလေးကို ကြံနေပြီ ထင်တယ်..."
"ဒါတော့ မသိဘူး ... ဘုရား၊ သူနဲ့တော့ နှစ်ယောက်တွဲတွဲနေတာပဲ ..."

"ဘာ... ဟုတ်ရဲ့လား" ဟုသာ ပြောနိုင်တော့လျက် ဒကာဗိုက်ရွှဲကြီးကို မစောင့်နိုင်တော့ဘဲ ကိုယ်ရုံကို ဖိုသီဖတ်သီ ပတ်ပြီး သင်းပိုင်ကို ဟကွဲမကာ အိမ်သို့ ဒုန်းစိုင်းပြေးခဲ့ပါတော့သည်။
နောက်မှ ခွေးများ တစ်ပြုံတစ်ခေါင်းကြီး ဆူညံစါာ လိုက်လံ နှုတ်ဆက်ကြသော်လည်း သူတို့ကို ပြန် မကြည့်နိုင်သဖြင့် ကိုယ်ရုံကိုသာ လက်ဆောင်ပေးခဲ့ပြီး အိမ်ပေါက်ဝသို့ အရောက်တွင် ထန်းလက်နွား တစ်ရှဉ်း ဆွဲနေသော ကလေးတစ်ကောင် ၀င်တိုးမိ၍ သူငိုရန် ပါးစပ် မဟမီပင် ...
"ဟေ့ ကလေး မငိုနဲ့အုံး၊ ဘတိုး ဘယ်မလဲ ပြောစမ်းအရင်၊ မင်းနောက်ပြီးတော့မှ အေးအေး ဆေးဆေး ငိုနေ ..."

ကမူးရှူးထိုး အမိန့်ထုတ်လိုက်ရာ ကလေးက အလိုက်သိစွာပင် ...
"ဟိုတလင်းထဲမှာ မမနဲ့ ..." ဟု ပြောပြီးမှ သူ့လုပ်ငန်းစဉ်အတိုင်း ကျယ်လောင်စွာ ငိုလိုက်လေသည်။
သို့သော် ကျွန်တော့်မှာ သူ့ငိုသံ ဈေးဦးမပေါက်မီပင် တလင်းထဲသို့ ရောက်ခဲ့၍ သာသနာဖျက် ဘတိုး အား အလဲထိုးမည်ဟု ဆုံးဖြတ်ကာ သွက်လက်သော ခြေလှမ်းတို့ဖြင့် ဒီကောင်ကို အမြန်ရှာရာ လွယ် ကူစွာ မတွေ့။ နောက်ဆုံး တလင်းကျောဘက် လျှောက်သွားကာမှ မြင်မကောင်း ရှုမကောင်း ကောက် ရိုးပုံနောက် အုန်းနှဲပင်အောက်တွင် ခင်ထားမြင့်နှင့် နှစ်ယောက်သား ကြည်ကြည်နူးနူး ရက်ရက်ရောရော ပွေ့ဖက်နေကြသည်ကို မြင်ပါသတည်း။

ဆက်ရန်
.

No comments: