Sunday, October 21, 2012

တင်မောင်မြင့် ဘာသာပြန် မုန်တိုင်းထန်ကမ်းခြေ, အပိုင်း (၂)

(ဂျော်ဂျီ)
(ဟာဗာနာ)


အချိန်ကို ကျွန်တော်တလေးတစား မရှိချင်ပါ။ ကျွန်တော့်အဖေမျိုးရိုးသည် တောင်အာဖရိက တိုက်သား စစ်စစ်တွေ ဖြစ် ပါ၏။ အမေ့ဘက်က စကော့သွေးပါသည်။ ဒါကြောင့် ကျွန်တော် စိတ်မြန် လက်မြန် ဖြစ်နေခြင်းလား မသိ။
နာရီကို တစ်ခါကြည့်မိပြန်သည်။ နှစ်နာရီပြည့်ဖို့ ငါးမိနစ်သာလိုတော့သည်။ အမျိုးသမီးက ကျွန်တော့် ကို စောင့်ကြည့်နေ၏။ ပြီးတော့ အားနာပြုံး ပြုံးပြသည်။ နောက်နိုင်ငံခြား သတင်းစာတွေ ဆက်ဖတ်နေ၏။ ခဲတံ အမည်းကြီးဖြင့် စာပိုဒ်တွေကို လိုက်တားသည်။ သူကခေတ်ပညာတတ်၊ ဥရောပဘာသာ စကားများစွာ ကို ရေရေလည်လည် ပြောနိုင်သူ။
ညပိုင်း တွင် သူမှတ်သားသည့် စာပိုဒ်များကို ဖိဒယ်လ်အတွက် သာသာပြန်ရသည်။ ဖီဒယ်လ်ကတ်စထရိုက နံနက်စာ စားရင်း အားလုံးဖတ်သည်။

အမျိုးသမီး က ဆွဲဆောင်မှုမရှိပါ။ နဖူးကျယ်ကျယ်၊ နှာခေါင်းရှည်ရှည်၊ ပခုံးကလေး ထောင့်စပ်စပ်။ သို့သော်တော်တော့ တော် သည်။ အရမ်းထက်သည်။ သူ့ပညာနှင့် အလှအပ လဲမလားမေးလျှင် သူလဲမည် မထင်။ ဤသည် မှာ သဘာဝဖြစ်ပါ၏။ ညံ့ဖျင်းသူ တို့သည် သူတို့၏ ညံ့ဖျင်းမှုကို ဘယ်တော့မှ အသိအမှတ်မပြု။ လှပသူ တို့က အိပ်ပျော်နေချိန်မှလွဲ၍ သူတို့အလှအပကို သတိရတသနေတတ်၏။
လှပပြီး ပညာဥာဏ် ကြီးမည် ဆိုလျှင်တော့ အတိုင်းထက်အလွန်ပေါ့။ သို့သော်ရှိ တော့ရှိသည်။ ရှားပါးသည် အခန်းထောင့် တစ်နေရာတွင် ကျွန်တော့်လိုပင် စောင့်နေသည့် စိုက်ပျိုးရေးဌာနမှ ဂိုမက်ဇ်ကို ကျွန်တော် လှမ်းကြည့်သည်။ သူက မဂ္ဂဇင်းတစ်စောင် ကို အေးအေးဆေးဆေး ဖတ်နေသည်။

နာရီကြည့်မိပြန်သည်။ နှစ်နာရီရှိသွားပြီ။ ရုတ်တရက် ကျွန်တော်ထရပ်လိုက်တော့ အမျိုးသမီးက ကျွန်တော့် ကို မေးခွန်းထုတ်သည့် မျက်လုးံများဖြင့် မော်ကြည့်သည်။ ကျွန်တော့်မှာ လုပ်စရာတွေ တစ်ပုံကြီးဗျ၊ ကျွန်တော်ရုံးခန်း မှာပဲ ရှိမယ်လို့ ပြောလိုက်ဗျာ။ ကျွန်တော် တံခါးဝရောက်မှ အမျိုးသမီးက စိတ်လှုပ်ရှား သွားသည့် အမူအရာဖြင့် နေဦး..နေဦး။
ကျွန်တော် လှည့်မတော့။ အပြင်ဘက်မှာ အစောင့်စစ်သားကို တိုးဝှေ့ပြီး တံခါးပွင့်လျက် သား ရှိနေသည့် ဓာတ်လှေကား ထဲသို့ ဝင်ခဲ့သည်။
မြေညီ ထပ်ရောက်တော့ ကျွန်တော် လှမ်းထွက်လိုက်သည်။ လုံခြုံရေးစားပွဲမှ ဖုန်းမြည်နေ၏။ တာဝန်ကျလုံခြုံရေး ဖုန်းကောက် ကိုင်တော့ ကျွန်တော် ခြေလှမ်းတုံသွားသည်။ သူက ဖုန်းနားထောင်ရင်း ကျွန်တော်ကိုကြည့်နေ၏။ ဖုန်းပြန် မချမီ အပေါ်သို့ လက်ညှိုးထိုးပြီး ခုတွေ့မယ်တဲ့ဆီညော်ကယ်လ်ဒီရွန် အပေါ်ထပ်ပြန်တက်ရင်း ကျွန်တော့် အပြုအမူ ကို ပြန်စဉ်းစားလာ၏။ ကျွန်တော် လွန်များသွားပြီလား။ သူဒေါသူပုန်ထနေမည်လား။ အတွင်းခန်း တွင်လည်း စောင့်နေသူတွေအများကြီး။ သူတို့အထဲတွင် မွန်ကာဒါ၊ ပီရက်ဇ်၊ ဗဲလ်ဒက်ဇ် တို့လည်း ပါ၏။ သူတို့အားလုံး ကျွန်တော့်ကို တလေးတစား နှုတ်ဆက်ကြသည်။

အမျိုးသမီး က ပွင့်နေသော တံခါးကို လက်ညှိုးထိုးပြပြီး ကျွန်တော့်ကို စိုက်ကြည့်နေ သည်။ သူ့အကြည့်က ကျွန်တော့်ရှေ့ တွင် နမိတ်ဆိုး တစ်ခုခုစောင့်ကြိုနေဟန်။ ကျွန်တော်အခန်းထဲ တန်းဝင်သွားသည်။ ချက်ချင်း သိလိုက်၏။ ကျွန်တော့်လုပ်နည်းလုပ်ဟန် မှားသွားပြီ။
ဖီဒယ်လ်ကတ်စထရိုက် သည် ဧရာမ စားပွဲကြီးနောက်တွင် ထိုင်နေသည်။ ဆေးလိပ်ဖွာ နေပုံကိုကြည့်ပြီး အခြေအနေ ကို ကျွန်တော်သိလိုက်ပြီ ဒေါသကို အနိုင်နိုင် ထိန်းနေရပုံမျိုး။ ကယ်လ်ဒီရွန်၊ မင်းကိုငါစောင့်ခိုင်း ထားတယ်။ မဟုတ်လား ဘာလို့မစောင့်တာလဲ ဒါဟာ မလေးမစားလုပ်တာပဲ။

သူ့ အကြောင်း ကျွန်တော်ကောင်းကောင်းသိပါသည်။ ထို့ကြောင့် ထွက်ပေါက်ကိုလည်း သိထားပြီး ဖြစ်ပါသည်။ ရဲဘော်ဝန်ကြီးချုပ် ခင်ဗျား၊ ရဲဘော်က အရင်ကျွန်တော့်ကို အလေးမစားလုပ်တာပါ ကုလားထိုင်တွင် ထိုင်နေရာမှ သူတောင့်ခနဲဖြစ် သွားသည်။ ပြီးတော့စားပွဲပေါ်သို့ သူ့လက်သီးနှစ်လုံး တစ်ပြိုင်နက်ကျလာသည်။ အကြီး အကျယ်ပေါက်ကွဲ တော့မည်။ သည်လိုပေါက်ကွဲမှုမျိုး ကျွန်တော်အကြိမ်ကြိမ် မြင်ဖူးပြီ။ သို့သော် ကျွန်တော် စွန့်စားပုံ မျိုးတော့ ဘယ်သူမှမစွန့်စားရဲ။
တက္ကသိုလ် နောက်ဆုံးနှစ်စာမေးပွဲကို ပြေးသတိရသဖြင့် သည်လိုစွန့်စားခဲ့ခြင်း ဖြစ်ပါ၏။ ခေါင်းထဲသို့ လျှပ်စီး လက်သလို ဝင်လာခြင်းမျိုး။ ကျွန်တော်အကြောက်ဆုံးမေးခွန်း မဖြေရမီတည။ သူငယ်ချင်းတစ်ယောက် အင်ဂိုလာ မှ ဟာဗာနာသို့ ပြန်ရောက်လာသည်။ သူက အင်ဂိုလာတော်လှန်ရေးတွင် ပါဝင်ဆင်နွှဲ လာသူ။ နောက်တစ်နေ့ မနက်တွင် သူ့မိသားစုရှိရာ မြောက်ပိုင်းကိုသွားဖို့ စီစဉ်ထားပြီးသား။

ကျွန်တော်တို့နှစ်ယောက်သား ဘီယာသောက်ရင်း စကားပြောကြ သည်။ သောက်ရင်း သောက်ရင်း များသွား၏။ နောက်နေ့ စားမေးပွဲခန်း ထဲထိ အမူး မပြေသေး။ မေးခွန်း ကို နှစ် နာရီကျော်ကျော် ကြောင်ကြည့်နေ ၏။ အမူးပြေပြီး ကြည်ကြည်လင်လင် ဖြစ်လာသည့် အခါ တွင် ဖြေချိန် က နှစ်နာရီပဲ ကျန်တော့သည်။
ဘယ်လိုမှ အချိန်မလောက်တော့ မဖြေတော့ဘဲ စာတစ်စောင်ကောက်ရေးလိုက်သည်။ ဘာကြောင့် သည်လိုဖြစ် ရကြောင်း ညကပြန်ရောက်လာသည့် ကျွန်တော့်သူငယ်ချင်း မျိုးချစ်ပုဂ္ဂိုလ် အကြောင်းနှင့် ကျွန်တော်တို့ဆွေးနွေး သည့် အနာဂတ် ကျုးဘားနိုင်ငံအကြောင်း စသည်...စသည်။
ပြီးတော့ သူက အသက်စွန့်ပြီး တော်လှန်ရေးလုပ်နေချိန်တွင် ကျွန်တော်က ဥပဒေဘွဲ့ယူဖို့ ကြိုးစားနေခြင်း အတွက် လိပ်ပြာမသန့်ကြောင်း စသည်များ သည်စာရေးဖြစ် သည့်အတွက် ကျွန်တော်ဥပဒေဘွဲ့ရခဲ့သည်။

ယခုလည်း သည်နည်းကို သုံရတော့မည်။ ဖီဒယ်လ်ဆိုသည့်လူက ဥပဒေပညာရှင်။ လွယ်သည့်လူမဟုတ်။ သူ့ရှေ့ တွင် ဤသို့လျှင် ကျွန်တော်စကားစသည်။၁၉၆၉ခုနှစ်၊ ဇူလိုင်လ နှစ်ဆယ့်ခြေက်ရက်နေ့မှာ ကျွန်တော် အသက် ၁၃နှစ်ပဲ ရှိပါသေးတယ်၊ ဝန်ကြီးချုပ်ကို ကျွန်တော်ပထမဆုံး စတွေ့ဖူးတဲ့နေ့ပါပဲ၊ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်း ကလေးနာရီကြာပါတယ်။ အဲဒီကစပြီး ကျွန်တော် တော်လှန်ရေးထဲပါလာတာပဲ၊ ဝန်ကြီးချုပ်ရဲ့ မိန့်ခွန်း အနှစ်သာရက တော်လှန်ရေးဟာ ရပ်ထားလို့ မရဘူး ဆက်ပြီးဆင်နွှဲလှုပ်ရှားနေရမယ်၊ တချို့စကားလုံးတွေ ကျွန်တော် အလွတ်ရနေတုန်း ပဲ။
သူများတွေရဲ့ အမှားကို ကျွန်တော်တို့ သင်ခန်းစာယူရမယ်။ တခြားနိုင်ငံတွေရဲ့ တော်လှန်ရေးသင်ခန်းစာတွေကို ကျွန်တော် တို့ သင်ယူကြရမယ်။ ပြင်သစ်၊ တရုတ်၊ ရုရှားနိုင်ငံတွေရဲ့ အမှားမျိုးတွေကို ကျွန်တော်တို့ ရှောင်ရမယ်၊ သူတို့ရဲ့ အကြီးမှားဆုံးအမှားက ဘာလဲဆိုရင် ဗျူရိုကရေစီယန္တရားကို ဆက် ကိုးကွယ်ခွင့် ပေးထားတဲ့ ကိစ္စပဲ တော်လှန်ရေး ဆိုတာ ပြည်သူပဲ၊ တော်လှန်ရေးတစ်ရပ် ဆင်နွှဲရင် ပြည်သူတစ်ရပ်လုံး ပါဝင်ရ မယ်၊ ပြည်သူလူထု ဟာ ကျွန်တော်တို့ရဲ့ ဆရာတွေပဲ။

ဝန်ကြီးချုပ်ကို ကျွန်တော်အကဲခတ်လိုက် သည်။ ဒေါသဖြစ်နေပုံရရာမှ ဝေခွဲ မရ ဖြစ်သွားပုံ။ ကြောက်စိတ် မပြေသေး ဘဲ ကျွန်တော် စကားဆက်သည်။
နောက်လေးနှစ် အကြာ မှာ မိန့်ခွန်းတစ်ခု ထပ်ပြောသေးတယ်၊ နာရီတိုင်း မိနစ်တိုင်း၊ စက္ကန့်တိုင်း ဟာ သေရေးရှင်ရေး အရေးကြီးတယ်၊ တစ်စက္ကန့်အချိန်ဖြုန်းတာဟာ တော်လှန်ရေး ကို ဂုဏ်သိက္ခာကျစေတာပဲ"
ရေချိုးကန် ထဲကျလာသည့် ဖားပြုပ် တစ်ကောင်ကို ကြည့်သလို သူ ကျွန်တော့်ကို ကြည့်နေသည်။ ကျွန်တော် ရှေ့တက်ရတော့မည်။
"ကျွန်တော့် ရုံးခန်းဟာ ဒီကနေ ဆယ်မိနစ်လျှောက်ရင် ရောက်ပါတယ်။ ကျူဘီလက်စ် ကိစ္စနဲ့ ကျွန်တော် အရမ်း အလုပ် ရှုပ်နေတယ်ဆိုတာ ၀န်ကြီးချုပ် သိပါတယ်၊ ကျွန်တော့်ကို ခေါ်ခိုင်းတာ နှစ်နာရီ ရှိပါပြီ၊ စက္ကန့်ပေါင်း ခုနစ်ထောင့်နှစ်ရာ ကုန်ဆုံးသွားပါပြီ"
ကျွန်တော် က စားပွဲပေါ်မှာ စာရွက်ပုံကြီးကို ကြည့်ပြီး စကားဆက်သည်။

"ဆယ်မိနစ် အချိန်ပေးပြီး ကျွန်တော့်ကို ခေါ်ရင် ၀န်ကြီးချုပ်လဲ စက္ကန့်ခြောက်ရာ အလုပ်လုပ်ချိန် ပိုထွက် လာပါမယ်"
တံခါးဘက်ကို လက်ညှိုးထိုးပြီး ...
"ဂိုမက်ဇ်လဲ အပြင်မှာ စောင့်နေတာ တစ်နာရီကျော်ပြီ၊ သူလဲ တော်လှန်ရေးကိစ္စနဲ့ အရမ်း အလုပ်များနေတဲ့ လူပါ"
ဆေးပြင်းလိပ် ကို သူက တအားဖွာပြီး ကျွန်တော့်ဆီသို့ မီးခိုးတွေ မှုတ်ထုတ်လိုက်သည်။
"စောစောက မင်းပြောတဲ့ စကားလုံးတွေ ငါတကယ် ပြောခဲ့တာလား"
သူ့အသံက မိုးချုန်းသံလို ဟိန်းသွားသည်။

"ကျွန်တော် သိပ်တော့ မသေချာဘူး ခင်ဗျ၊ မပြောခဲ့ဘူးဆိုရင် လဲ ၀န်ကြီးချုပ် ပြောခဲ့ဖို့ ကောင်းတာ ပေါ့"
သည်တော့မှ သူရယ်သည်။ ကျွန်တော့် ရင်ထဲမှ အလုံးကြီး ကျသွား၏။
ဝင်ထိုင်ဖို့ ကုလားထိုင်တစ်လုံးကို လက်ညှိုးညွှန်ပြသည်။ ပြီးတော့ ကျွန်တော့်ကို မနှစ်မြို့သည့်ဟန် ဖြင့် စိုက်ကြည့်နေ ၏။ ကျွန်တော့် အ၀တ်အစားတွေကို ကြည့်သည်။ ဆံပင်ရှည်ကို ကြည့်သည်။ ပြီးတော့ ကျွန်တော့် မျက်နှာ၊ ကျွန်တော်ကလည်း စူးစူးရဲရဲ ပြန်ကြည့်ပြီး သူ့မျက်လုံးတွေနှင့် ရင်ဆိုင် လိုက်သည်။
မကြာမီ သူခြောက်ဆယ် ပြည့်တော့မည်။ သို့သော် ဆံပင်ဖြူတွေနှင့် မုတ်ဆိတ်ရှည်ကြီးကို ဖယ်ကြည့် လျှင် နူပျိုနေဆဲ။ မျက်လုံးတွေက မိန့်ခွန်း ပြောနေချိန်တွင်သာ အရောက်တောက်ပြီး ကျန်အချိန်များတွင် ပင်ပန်းနွမ်းနယ် သည့် အသွင်ကို ဆောင်နေကြသည်။

လူတကာကို လွှမ်းမိုးနိုင်သည့် သူ့လျှို့ဝှက်ချက်ကို ကျွန်တော် သိထားသည်။ သည်အားအင်မျိုး ကျွန်တော့် တွင်လည်း ရှိနေပြီ မဟုတ်လား။ ဖီဒယ်လ်ကက်စထရိုသည် ပထမတွင် စိတ်ကူးယဉ် သမား ဖြစ်၏။ ဒုတိယအဆင့် တွင် လက်တွေ့သမား ဖြစ်လာ၏။ တတိယအဆင့်မှ စွန့်စားရေး သမား ဖြစ်လာခြင်း ဖြစ်သည်။
သူ့အတွက် စွန့်စားခြင်းသည် ဘ၀ ဖြစ်သည်။ အိပ်မက်နှင့် လက်တွေ့ ရောထွေးပေါင်းစပ်ပြီး စွန့်စား ခန်းဖွင့်ရင်း ဘ၀အားမာန် ကို မွေးယူခဲ့သူ ဖြစ်သည်။ သူသည် မိန်းမ ယောက်ျားအားလုံးအတွက် သံတိုက်တုံး တစ်တုံး ဖြစ်သည်။ အထူးသဖြင့် မိန်းမတွေအတွက် သူ့ဆွဲဆောင်အားက ပိုပြင်းသည်။
ဒါကို လူတွေ က သူ့ ဥပဓိရုပ်ကြောင့်ဟု ပြောကြသည်။ ကျွန်တော်က တစ်မျိုးမြင်သည်။ "ဗီဇစိတ် ထက်မြက်မှု" ဟု နာမည်ပေး သည်။ ရှိတော့ ရှိသည် ရှားသည်ဟူသည့် လူစားမျိုး။
နောက်ဆုံးမှ သူ သက်ပြင်းချသည်။ ဆေးပြင်းလိပ်ပြာခြွေပြီး။

"ဂျော်ဂျီ၊ မင်းဟာ တော်လှန်ရေးသင်္ကေတတစ်ခုပဲ၊ လီနင့်ခေါင်းထဲမှာရှိတဲ့ တော်လှန်ရေး သတ္တ၀ါ မျိုး"
ကျွန်တော် ဘာမှမပြောနိုင်ခင် စားပွဲပေါ်မှ ခလုတ်တစ်ခုကို နှိပ်လိုက်သည်။
"မာရီယာ၊ ရဲဘော် ဂိုမက်ဇ် ကို ပြောလိုက်၊ ပြန်တော့လို့၊ ပြီးမှ ခေါ်မယ်လို့"
သူ သက်ပြင်းတစ်ချက်ချပြီး ဆက်ပြောသည်။
"စောင့်ခိုင်းထားတဲ့အတွက် ဆောရီးပဲလို့ ပြောလိုက်ကွာ"
မတ်တတ်ထပြီး အခန်းထဲတွင် လမ်းလျှောက်နေသည်။ ကျွန်တော့်ကိစ္စ မပြီးမချင်း မရပ်မနား လမ်းလျှောက်နေတော့ မည်။ ကုလားထိုင် ဆွဲလှည့်ပြီး သူနှင့်မျက်နှာချင်းဆိုင် လိုက်၏။
"ဒီမနက် မာနာဂွာကတစ်ဆင့် စန်ကာလိုကိစ္စ သတင်း ထပ်ရတယ်၊ ငါပို့လိုက်တဲ့ ဖိုင်တွဲ မင်း ဖတ်ပြီးပြီလား"
"ဟုတ်ကဲ့၊ ဖတ်ပြီးပါပြီ"
"မင်း ဘယ်လိုထင်သလဲ"
"ဘာမျူဒက်ဇ် ဟာ အရူးပဲ"
သူ ရယ်သည်။

"ထားပါလေ၊ ဒါပေမယ့် သူလဲ စဉ်းစားတော့ စဉ်းစားတယ်နော်၊ မင်းနဲ့ အသက်အတူတူပဲ၊ ဘာတစ်စတာ ကို ဖြုတ်ချတုန်းက ငါ့အရွယ်ထက်တောင် မင်းတို့ ငယ်ကြသေးတာပဲ"
တစ်စုံတစ်ခုကို တွေးနေဟန်ပြုပြီးမှ စကားဆက်သည်။
"သူတို့ တိုက်ပွဲအောင်ရင် ပီယာဘိုဒီကို တို့စစ်ဖို့ အခွင့်အလမ်း ပွင့်သွားမယ်၊ မင်း အဲဒီဖိုင်တွဲကို ဖတ်ပြီးပြီနော်"
"ဟုတ်ကဲ့၊ ဖတ်ပြီးပါပြီ"
လမ်းလျှောက်ရပ်ပြီး သူ ကျွန်တော့်ကို ကြည့်သည်။ မေးစေ့ကို မုတ်ဆိတ်ရှည်ကြီးကို ဖုံးထား၏။ မျက်လုံးတွေက စိတ်လှုပ်ရှားနေ ပုံ။ ကျွန်တော်က ခပ်ဆိုင့်ဆိုင့် ဆက်ပြောသည်။
"ဒါပေမယ့် အချိန် လုံလုံလောက်လောက် ရပါ့မလား မသိဘူး"

သူက ခေါင်းယမ်းပြီး ...
"မင်း ... အမေရိကန်တွေအကြောင်း မသိပါဘူး၊ အေးလေ မင်းက သိပ်မှမဆက်ဆံဖူးတာပဲ၊ မင်းဟာ အကင်း ပါးတယ်၊ လူ့စကား နားလည်တယ်၊ ဒါပေမယ့် အမေရိကန်တွေ အကြောင်း ငါ့လောက် မသိဘူး၊ သူတို့ ဘယ်တော့ မှ ချက်ချင်းမတုံ့ပြန်ဘူး၊ ရက်တွေ အများကြီးရမယ်၊ လတောင် ချီပြီး ကြာချင်ကြာမယ်"
စားပွဲ ဆီ ပြန်သွားပြီး ဆေးလိပ်တစ်လိပ် ထပ်ညှိသည်။ အားရပါးရ ဖွာပြီး ဆက်လျှောက်သည်။ ပြီးတော့ စကား ဆက်သည်။
"ငါတို့ ထောက်လှမ်းရေးဆီက သုံးချက် သိရတယ်၊ တို့ကို ဆော်မယ့် စစ်ဆင်ရေးနာမည်က "မြွေဟောက်စစ်ဆင်ရေး" တဲ့၊ အင်း ... စစ်ဆင်ရေးတွေ လုပ်ရပါများတော့ နာမည်ပေးစရာ မရှိတော့ဘူး ထင်ပါ ရဲ့၊ အသား ထဲက လောက်ထွက်တဲ့ အဖြစ်ကွ၊ အဲဒီမှာ တို့အထဲက သစ္စာဖောက် နှစ်ယောက်ပါနေတယ်တဲ့၊ ၀န်ကြီးအဆင့် တဲ့ဗျာ၊ စစ်တပ်ကလဲ နှစ်ယောက်သုံးယောက် ပါသေး တယ်တဲ့၊ သံအမတ်အဖြစ်နဲ့ စန်ကာလို မပို့ခင် ဒီစီမံချက် ပီယာဘိုဒီရေးတာ တဲ့၊ အဲဒါ တို့အတွံက် ဘုရားမတာပဲ"
"၀န်ကြီးချုပ် အနေနဲ့ ၀န်ကြီးအဖွဲ့ထဲမှာ မသင်္ကာတဲ့ လူများ ရှိသလား"

ပြတင်းပေါက်ဆီ လျှောက်သွားပြီး သူအပြင်သို့ ငေးနေသည်။ သူ့ဆေးလိပ်မီးခိုးတွေကို ဖြတ်သန်း ပြီး မွန်းလွဲ ပိုင်း နေရောင်ခြည်ကို ကျွန်တော် လမ်းကြည့်နေမိသည်။ ဆတ်ခနဲ လှည့်လာပြီး ...
"ဒီမယ် ... ဂျော်ဂျီ၊ ငါ မသေဘဲ ရှင်နေတာ ရာစုနှစ်တစ်ခုရဲ့ လေးပုံတစ်ပုံ ရှိခဲ့ပြီ၊ အကြိမ်ပေါင်း တစ်ဒါဇင်လောက် ငါ့ကို လုပ်ကြံဖို့ ကြိုးစားခဲ့ကြတယ်၊ အာဏာသိမ်း ဖို့က ခြောက်ကြိမ်"
မုတ်ဆိတ်ရှည်ကြီးအောက်မှ သွားတွေ ဖွေးခနဲ ပေါ်လာသည်အထိ သူပြုံးသည်။ သရော်ပြုံး။
"င့ါနေရာ မှာ တော်ရုံတန်ရုံ လူဆိုရင်တော့ တစ်သက် မသေတော့ဘူးတောင် အောက်မေ့နေမလား မသိဘူး"
လမ်း ဆက်လျှောက်ပြန်သည်။

"ဒါက လူဦးရေ စာရင်းအင်းနဲ့ ဆိုင်တယ်ကွ၊ တို့တိုင်းပြည်ရဲ့ လူဦးရေ တစ်ဝက်က ဘာတစ်စတာ ကို ဖြုတ်ချပြီး မှ မွေးလာကြတာ၊ တို့တိုက်ခဲ့ရတဲ့ တိုက်ပွဲတွေ အကြောင်း သူတို့ ၀ိုးတ၀ါးလောက်ပဲ သိကြတယ်၊ တော်လှန်ရေး ဆိုတာ နှစ်ရာချီပြီး ကြာနိုင်တယ် ဆိုတာ သူတို့ မသိဘူး၊ သူတို့ စိတ်မရှည်ကြဘူး၊ ဒါကြောင့် သိပ်အန္တရာယ်ကြီး တဲ့ အခြေအနေ မှာ တို့ရောက်နေတယ်၊ သစ္စာ ဖောက်တွေကို ရှာပြီး ချေမှုန်း ပစ်ရမယ်၊ ဘယ်သူတွေလဲ ဆိုတာ ဖော်ထုတ် ရမယ်"
သူက ဆေးပြင်းလိပ်တိုနှင့် ကျွန်တော့်ဘက် ထိုးရင်း ...
"ရော်လ်ကိုတော့ ငါယုံတယ်၊ ဒါက ငါ့သွေးမို့ယုံတာ၊ ညီအရင်းမို့ ယုံတာ၊ ဂျော်ဂျီကယ်လ်ဒီရွန်၊ မင်းကိုလဲ ငါ ယုံတယ်၊ မင်းဟာ ငါ့အတွက် မရှိမဖြစ် လူငယ်ပဲ၊ မင်းနဲ့ရောလ် နှစ်ယောက်ပဲ ငါ့ရည်ရွယ်ချက်ကို နားလည်တယ်၊ ငါရထား တဲ့ သတင်းက ခမာရစ္စတာ သူပုန်တွေ စန်ကာလိုကို အချိန်မရွေး ၀င်စီးမယ်တဲ့၊ သူတို့စီးပြီးတာနဲ့ တို့လူတွေ ပို့ ရမယ်၊ နီကာရာဂွာမှာ လုပ်တဲ့အတိုင်း လုပ်ရမယ်၊ ဆရာဝန်တွေ အင်ဂျင်နီယာတွေ ကျောင်း ဆရာတွေ အများကြီး ပို့ရမယ်၊ မင်းကတော့ ပထမဆုံးလေယာဉ်နဲ့ ပါသွားရမယ်၊ မာနာဂွာကို ဒီညပဲ မင်းလိုက်သွား ရင် ကောင်းမယ်"
"ကျူဘီလက်စ် ကိစ္စကကော၊ ဒါလဲ အရေးကြီးတာပဲ ၀န်ကြီးချုပ်"

သူက ခေါင်းယမ်းပြီး ...
"ဒါက ထားလို့ ရပါတယ်၊ မင်းဟာ ငါ့ရဲ့ အတော်ဆုံး ထောက်လှမ်းရေးပဲ၊ ဖရိုင်းယက်စ် ကို မင်းပေါ် အောင် စစ်နိုင်တယ်၊ ဂူဂျာနိုလို၊ ပါဇို့စ် လိုကောင်တွေ ရဲ့ ပါးစပ်ကိုလဲ မင်းပွင့်အောင် လုပ်နိုင်ခဲ့တယ်"
သူက ခေါင်းယမ်းပြီး ...
"ငါ အဲဒီတုန်းက ယုံတောင် မယုံဘူး၊ မင်းဟာ သောက်ရမ်းတော်တဲ့ ချာတိတ်ပဲ၊ မင်းရဲ့ အစွမ်းအစ တွေကို အသားကုန် ထုတ် သုံးရမယ့်အချိန် ရောက်ပြီ ဂျော်ဂျီ၊ အဲဒီနာမည်တွေ ငါလိုချင်တယ်၊ နာမည်တစ်ခုရရင် တော်ပြီ၊ သူ့ဆီက တခြားလူတွေရဲ့နာမည် ရမှာပဲ၊ ကဲ ... ရောလ်နဲ့ သွားတွေ့ လိုက်၊ သူ အသေးစိတ် စီစဉ်ပေးလိမ့်မယ်"
ကျွန်တော် ထိုင်ရာ မှ ထလိုက်သည်။

"မာနာဂွာမှာ သွားပြီး ကျွန်တော် ဒီအတိုင်း ထိုင်နေရမှာလား ၀န်ကြီးချုပ်၊ ဘာမျူဒက်ဇ် ဆိုတဲ့ ကောင် က သောက်ရမ်းသမား ခင်ဗျ"
သူက စဉ်းစဉ်းစားစား ဖြေသည်။
"ငါလဲ ဘာထူးလဲကွ၊ လူရှစ်ဆယ်တည်းနဲ့ တော်လှန်ရေး လုပ်ခဲ့တာပဲ၊ ဘာမျူဒက်ဇ်ရဲ့ အင်အားက ငါ့ထက်တောင် များသေးတယ်"
တံခါးဝရောက် မှ ကျွန်တော် ပြန်လှည့် ပြောလိုက်သည်။
"၀န်ကြီးချုပ်ပြောတာ မှန်ပါတယ် ခင်ဗျာ"
သူက ကျွန်တော့်ကို စောင့်ကြည့်နေသည်။ ခေါင်းကို တစ်ဖက်သို့ မသိမသာ ငဲ့လျက်။ အရေးကြီး သည့် မေးခွန်း တစ်ခု လာတော့မည်ဟု ကျွန်တော် သိလိုက်၏။
"ကောင်မလေး က ဘယ်သူလဲ"
ကျွန်တော် မဆိုင်းမတွ ဖြေလိုက်သည်။

"အင်းနက်ဇ်ကာဗာလို၊ ၀န်ကြီးချုပ် သိမယ် ထင်ပါတယ်"
"သူက ဘာလုပ်သလဲ"
"ကျွန်တော့် ကို ပြုစုနေတာပါ၊ ဒါထက် ဘာမှ မပိုပါဘူး၊ ၀န်ကြီးချုပ် သိမှာပါ"
သူ ခေါင်းညိတ်သည်။
"မိန်းမ နဲ့ ပတ်သက်ပြီး ငါ့ကို ဘယ်သူ သြဇာပေးတာမှ မကြိုက်ဘူး၊ ဒါကြောင့် ဘယ်သူ့ကိုမှ ငါသြဇာမပေးချင်ဘူး၊ ဒါပေမယ့် မင်ကို ငါပြောမယ်၊ အဲဒီတစ်ယောက်ကတော့ အန္တရာယ် များတယ် နော်၊ တော်တော် ရှုပ်တယ်၊ ကောင်းရင် လဲ သူ့အပြင် မရှိဘူး၊ ဆိုးရင်လဲ နှစ်ယောက်မရှိဘူး၊ ပြီးတော့ လှသလောက် တစ်ကိုယ်ကောင်း ဆန် တယ်၊ သိပ်ကြောက်ဖို့ ကောင်းတယ် ဂျော်ဂျီ"
"ကျွန်တော် သိထားပြီးသားပါ ၀န်ကြီးချုပ်"
ကျွန်တော် တို့ နှစ်ယောက်သား တစ်ယောက်ကို တစ်ယောက် အကြာကြီး စိုက်ကြည့်နေကြသည်။ အခန်းထဲတွင် အင်းနက်ဇ် ရှိနေသည့်အလား။ ဖီဒယ်လ်က လက်ချောင်းကလေးများဖြင့် ဝှေ့ပြီး ယမ်းလိုက်သည်။ သည်ကိစ္စ ဆက်ပြောစရာ မရှိတော့ဆိုသည့် အဓိပ္ပာယ်။

"ဟိုမှာ ဘာမှ လုပ်စရာ မရှိရင် ပျင်းစရာကြီး ဖြစ်နေမယ်၊ ကျွန်တော် သူ့ကို ခေါ်သွားမလား စိတ်ကူး တယ် ၀န်ကြီးချုပ်"
ပြောပြီး မှ ကျွန်တော် လွန်သွားပြန်ပြီလားဟု သတိရသည်။ အကြာကြီး ငြိမ်နေပြိးမှ စိတ်မရှည့် အမူအရာဖြင့် ထွက်သွား ဖို့ လက်ပြရင်း ...
"နာမည်တစ်ခု ရအောင်ယူခဲ့၊ ဒါပဲ"
ကျွန်တော် သူ့အခန်းထဲမှ ထွက်လာခဲ့သည်။ အပြင်ခန်းထဲတွင် အမျိုးသမီးက သတင်းဆောင်းပါး တစ်ပုဒ်ကို မျဉ်း သားနေ၏။ ၀ါရှင်တန်ပို့စ် သတင်းစာ။ ခေါင်းစီးကို ကျွန်တော် ငုံ့ဖတ်လိုက်သည်။
"ခမာရစ္စတာ သူပုန်များကို စန်ကာလို အစိုးရတပ်များက အပြတ်အသတ် ထိုးစစ်ဆင်နေခြင်း"

ဆက်ရန်
.

No comments: