ကွန်းခိုရာကမ္ဘာ
ဒေါ်လုဂျာသည် တောင်ယာတဲ အမိုးချင်းဝါးတွင် တွဲလောင်းချည်ထားသော ပုဆိုးဟောင်းပုခတ်တစ်ခုထဲမှ နီတျာတျာကလေးငယ် ကို ကောက်ချီ ရင်ခွင်ပိုက်ပြီး၊ လက်တစ်ဖက်ဖြင့် အခြားပုခတ်တစ်ခုကို အသာဆွဲ၍ လွှဲပေးနေသည်။ ပါးစပ်မှလည်း ကလေးချော့တေးကို တိုးညှင်းစွာ ညည်းပေးနေသည်။
ခဏအကြာ ပုခက်ထဲ မှ ကလေးငယ်အိပ်ပျော်သွား၏။ သူမသည် တောင်ယာတဲကြမ်းခင်းပေါ်တွင် အကျ အန နေရာယူပြီး ထိုင်ချကာ မိမိရင်ခွင်ထဲမှ ကလေးငယ်ကို နို့ချိုတိုက်ကျွေးပါတော့သည်။
ထိုစဉ် တောင်ယာခင်းထဲ တွင် စာကလေးများ၊ စာဝတီးနှင့် ကြက်တူရွေးများ အုပ်စုဖွဲ့ ပျံဝဲလာသည်ကို တွေ့ရ၍ ပါးစပ်မှ ''ရှိုး ဟေး'' ဟု အသံကုန် အော်ဟစ်မောင်းထုတ်လိုပါသော်လည်း ကလေးလန့်မည်ဆိုး၍ တဲရှေ့ထွက်၍ ၀ါးနှီးကြိုး ကို ဆွဲလိုက်သည်။ ထိုအခါ တောင်ယာခင်းထဲ မှ ၀ါးလက်ခုပ်သံ '' ဖျောင်းဖျောင်း'' မြည်လာပြီး ငှက်များ တောစပ်ဆီသို့ပျံသွားလေသည်။
ဤ၀ါးလက်ခုပ်များကို အထူးပြုလုပ်ကာ တောင်ယာခင်းအလယ်တွင် စိုက်ထောင်ထားရသည်။ ပြီးလျှင် ၀ါးနှီး ကြိုးဖြင့် ချည်ပြီး တဲအရောက် သွယ်တန်းကာ တိုင်တွင် ချည်ထားရသည်။ ထိုဝါးနှီးကြိုးကို ဆွဲလိုက် လွှတ်လိုက် လုပ်လျှင် ၀ါးလက်ခုပ်သံသည် '' ဖျောင်းဖျောင်း'' နှင့် မြည်လာပြီး ငှက်သတ္တ၀ါများ လန့်ဖျပ်ထွက် ပြေးကြသည်။ နားယသ်၍ ခေါင်းမာသော ငှက်များကိုတော့ လောက်စာလုံးများနှင့် မိတ်ဆက်ပေးရသည်။
လုဂျာသည် တောင်ယာခင်း၏ထိပ် မြို့ဘက်သွားရာလမ်းဆီသို့ မကြာခဏ လှမ်းကြည့်နေသည်။ ပါးစပ်မှ လည်း - '' ဆပ်ပြာဝယ် ဖို့ မနေ့ညနေကတည်းက မြို့တက်သွားတာ ခုထိပေါ်မလာသေးဘူး၊ နေတောင်အတော်မြင့် လာပြီ'' ဟု စိတ်မရှည်စွာ ညည်းတွားလေ၏။
ယခုအချိန် ဤတဲတွင် သူတို့ လင်မယားနှစ်ဦးစလုံးရှိရန် လိုသည်။ မွေးကင်းစကလေးက နှစ်ယောက်။ သူတို့ အထက် အငယ်မက (၅)နှစ်၊ အကြီးမက (၉)နှစ်။
ညကတော့ တောင်ယာနီးချင်း ဦးဝမ်ဘား၏ ဇနီးလာအိပ်ကူသည်။ ထိုစဉ် သူ့ယောက်ျား ဆင်ဝါးနော်သည် '' ရှိုးဟေး'' ဟု ငှက်ချောက်သံပေးကာ တောင်ယာထိပ်ပေါ်မှာ သူတို့တဲဆီသို့ ရှေ့ရှူလာနေ၏။ လုဂျာသည် အသံလာရာ သို့ ၀မ်းသာအားရ လှမ်းကြည့်လိုက်သည်။ ခဏအကြာ ဆင်ဝါးနော် ကြိမ်ခြင်းကြီးလွယ်၍ တဲထဲ ၀င်လာသည်။
'' အစ်ကို ကြာလိုက်တာ'' ဟုပြောပြီး စကားရပ်လိုက်သည်။ စကားဆက်ရန်ကြံကာမှ ဒီလေသံနှင့် အဆုံး သတ်လိုက် သည်။ ယခု သူရောက်နေပြီပဲ။ အပိုစကား မပြောလိုတော့။
'' ကြာဆို ဆေးရုံသွားပြီး ကလေးတွေဖို့ ဆေးတောင်းနေရတယ်။ သူတို့က ဆေးရုံအစောကြီး မဖွင့်ဘူးလေ။ ဆရာမကြီး က အားဆေးတွေ ပေးလိုက်တယ်။ ပြီးတော့ မြို့ပေါ်ပြောင်းလာပါတဲ့၊ အမြွာနှစ်ယောက် ကျန်းမာရေး အရေးကြီးသတဲ့ ''ဟုဆိုကာ ခြင်းထဲမှ လက်ဆောင်ရလာသည့် ဆပ်ပြာ၊ နို့ဆီ၊ သကြား အနှီး ပိတ်နှင့် ဆေးဝါး ထုတ်နေသည်။
လု၈ျာ သည် ပါလာသည့် ဆပ်ပြာနှင့် အနှီးပိတ်စကို ကြည့်ပြီး ၀မ်းသာနေသည်။ ကြည့်ပါ ယခု သူတို့မှာ ဘယ်အနှီးပိတ် ရှိလို့လဲ။ အဖေဖြစ်သူ၏ ဖင်ပေါက်ပုဆိုးအနွမ်းကို အပိုင်းပိုင်းဖြတ်၍ စီမံထားသည့် အ၀တ် စုတ်များ သာရှိသည်။ သူတို့၏ မွေးကင်းစကလေးကတော့ နှစ်ယောက်ကြီးများတောင်။
အမြွှာကလေးနှစ်ယောက်ကို ဤတောင်ယာတဲတွင်ပင် တောင်ယာနီးချင်း အရပ်လက်သည်နှင့် မွေးသည်။ သို့သော် ဤကလေးများ ကို ကြီးပြင်းလာအောင် ပြုစုပျိုးထောင်ဖို့ကား လွယ်ကူသည့် အလုပ်မဟုတ်။ အထက် အကြီးမနှစ်ယောက် ကလည်း လူမမယ်ကလေးများသာ။ ဤကလေးနှစ်ယောက်သည် ကျောင်းနေ ရမည့်အရွယ်၊ သို့သော် သူမတို့သည် ကျောင်းလှေကားပင် မနင်းဘူးသေး။ ဤတောတောင်ဒေသ ၏ တောင်ယာခင်းများတွင်သာ ဖရုံ၊ သခွားပင်ကြားမှာ ကြီးပြင်းလာကြသည်။ စာကလေး၊ ချိုး၊ ငှက်တွေနှင့် အဖော်ပြုနေ ရသည်။ ကလေးများအဖို့ ဤတောတောင်သည်သာ သူတို့၏ကမ္ဘာ၊ သစ်ပင်ဝါးပင်များသာ သူတို့၏ သူငယ်ချင်းများ။
ဖခင်ဖြစ်သူ ဆင်ဝါးနော်သည် ဤတောင်ယာခင်းတွေဆီမှ ရုန်းထွက်ပြီး ကျောင်းနေဖူးသည်။ သို့သော် စတုတ္ထ တန်းတက်နေဆဲ ကာလ ကံကြမ္မာသည် ဆင်ဝါးနော်အား တောင်ယာခင်းဆီသို့ ပြန်လည်တွန်းပို့ လိုက်သည်။ ယနေ့တိုင် နောက်တဖန် ရုန်းထွက်နိုင်ခြင်းမရှိတော့ပြီ။ ဆင်ဝါးနော် စတုတ္တတန်းနေသည့်နှစ် တွင် ဖခင်ဖြစ်သူ ရုတ်တရက် နာမကျန်းဖြစ်ကာ ဆုံးပါးသွားသည်။ သူ့တွင် အစ်ကိုတစ်ယောက်ရှိသော်လည်း ငယ်စဉ်ကပင် ဘကြီးဖြစ်သူနှင့် အောက်ပြည်အောက်ရွာသို့ လိုက်သွားရာ ယခုထိတိုင် အဆက်အသွယ်မရ တော့။ ယခု ဖခင် ဆုံးတော့ သူနှင့် မိခင်တစ်ဦးတည်းသာ။
သို့နှင့် ဆင်ဝါးနော်သည် တောင်ယာခင်းတွင် မိခင်နှင့် အတူရုန်းကန်၍ ဘ၀ခရီးလျှောက်နေတော့သည်။ ကံကြမ္မာတည်း ဟူသော နှောင်ကြိုးကြီးသည် ဆင်ဝါးနော်အား ဤတောတောင်တွင် ရစ်ပတ်ချည်တုပ်ထား လိုက်ပြီ။ အချိန်တန်အရွယ်ရောက်လာသောအခါ တောင်ယာနီးချင်း မလုဂျာနှင့် စပါးစိုက်ပေါင်းနှုတ်ရင် ခင်မင်ရင်းနှီးရာ မှ ယောက္ခမမျိုးလည်းတော် သည်ဖြစ်၍ အိမ်ထောင်တစ်ခု ထူထောင်လိုက်ကြသည်။ ဂျင်ပဲ့ ချင်းပေါက်ကြပြီပေါ့။
သူတို့သည် ငယ်ရွယ်နုပျိုအိမ်ထောင်သက်ကာလတွင် တစ်နေ့သောအခါ သူတို့သည်လည်း မြို့တက်၍ ဘ၀ တစ်ခု တည်ဆောက်၇န် ရည်မှန်းထားကြသည်။ မိမိရင်သွေးငယ်များ မိမိကဲ့သို့ မဖြစ်စေရ။ တောင်ယာခင်း တွင် ဘ၀ မဆုံးစေရ။ ဤသည်မှာ သူတို့၏ ဘ၀ရည်မှန်းချက်ဖြစ်သည်။
သို့သော် အိမ်ထောင်သက် ၁၀ နှစ်ကျော်လာသည့်အခါ ဘ၀ရည်မှန်းချက်သည်လည်း ပြောင်းလဲသွားတော့ သည်။ အကြီးမနှစ်ယောက် ကို ကျောင်းထားရန် ရည်မှန်းပါသော်လည်း လက်တွေ့ အကောင်အထည် မဖော်နိုင်။ တောင်ယာခင်းဆီမှ အပိုငွေကြေး သူတို့ မရှာဖွေနိုင်ကြ။ တစ်နှစ် လုပ်သည့် စပါး နောက်နှစ်စပါး ပေါ်ချိန်ထိ စားသုံးနိုင်ရေးသည်သာ သူတို့၏ ဘ၀ရည်မှန်းချက်ဖြစ်လာပြီ။ ဘ၀တစ်ခု အတွက် ရှည်ရှည် ဝေးဝေး မတွေးနိုင်။ ရှေ့တစ်နှစ်အတွက်သာ သူတို့ တွေးကြပြီ။
ဆင်ဝါးနော်နှင့် လုဂျာတို့ တည်ဆောက်ထားသောဘ၀သည် ၂၁ ရာစုမှ နောက်ကြောင်းပြန်၍ ထွက်ပြေး ပုန်းခိုနေ သကဲ့သို့ရှိသည်။ သူတို့ချည်းကားမဟုတ်။ အနီးအနားတွင် သူတို့လို အိမ်ထောင်စုများရှိကြသည်။ သူတို့ သည်လည်း ဘ၀ဆိုသည်ကို မသုံးသပ်ကြ။ အရှည်အဝေး မစပ်စုကြ။ ဘာသိဘာသာနေ၍ ဘ၀ခရီး လျှောက်ကြသည်။ နောင်(၁၀)နှစ်၊ အနှစ်(၂၀)ကာလအတွက် တွေးမပူကြ။ ဦးနှောက်အခြောက်ခံပြီး မစဉ်း စားကြ။ ယခုနှစ်၊ နောက်နှစ်၊ ဤမျှသာ။
အမှန်တော့ ပြောင်းရွှေ့တောင်ယာစနစ်သည် ယနေ့ခေတှ်င့် မသင့်လျော်တော့သော်လည်း ကရိကထနည်း သည်။ ကြီးကျယ်သော စကားလုံးများနှင့် ပြောရလျှင် ကုန်ထုတ်အရင်းအနှီးများများမလို။ ကုန်ထုတ် ကိရိ ယာကြီးကြီးမားမား မရှိ။ ဓားကောင်းတစ်လက်နှင့် ပေါက်ဆိန် တစ်လက်ရှိလျှင် လူတစ်ယောက်အဖို့ လုံ လောက် သည်။ ပညာတတ်ရန်မလို၊ ခွန်အားရှိရန်သာလိုသည်။ မီးကို ခိုင်းစားမည်။ မြေယာအတွက် မပူပင်ရ။ ယခုနှစ် ဤတောင်ကုန်း၊ နောင်နှစ် ထိုတောင်စောင်း။ ဘာတဲ့ သစ်တောဖြုန်းတီးသည်ဆိုသည့် စကား ကြားပင်မကြားဘူး၊ သူတို့သည် ရှေးပဝေသဏီဘိုးဘေးတို့၏ လုပ်ထုံးလုပ်နည်းကို အမွေခံခြင်းမျှ သာ။
ဆင်ဝါးနော်တို့၏ တဲသည် တောင်ယာခင်း တောင်ကုန်းထိပ်တွင် တည်ရှိနေ၏။ သူသည်မြို့မှ ပြန်ရောက်လာ ပြီး တဲရှေ့ကြမ်းခင်းတွင်ထိုင်ချပြီး ခြေနှစ်ချောင်းကို အောက်သို့ တွဲလောင်းချကာ လွှဲကစား နေသည်။ ပြီးလျှင် တောင်ယာခင်းဆီသို့ မျက်စိကစားလိုက်သည်။ စပါးမှည့်တော့မည်၊ ညိုမောင်းနေ ပြီ။ တောင်ယာတောစပ် မှ သစ်ပင်ထိပ်ဖျားများတွင် ချိုးငှက်များ၊ စာဝတီနှင့် ကြက်တူရွေးများ အလစ်ချောင်းနေ ကြသည် သူသည် စပါးခင်းကိုကြည့်ပြီး ယခုနှစ် ယမန်နှစ်ထက် စပါးပိုရမည်ဟု မှန်းကာ ပြုံးနေသည်။ စပါး ပင်များ သန်နေကြသည်မှာ လူတစ်ရပ်ရှိသည်။ စပါးနှံများသည်လည်း မိခင်မြေကြီးကို ဦးညွတ်ကန်တော့ လျက် ရှိကြပြီ။ တောင်ယာခင်း၏ လေးဘက်လေးတန် တဲကို ဗဟိုပြု၍ လမ်းဖောက်ထားရာ လမ်းဘေးဝဲယာ တစ်လျှောက် ပြောင်းပင်များ၊ တိုင်ထောင်တောင်ယာပဲပင်များ၊ ပီလောပီနံပင်များ။ ပိန်းပင် များ စီတန်းနေသည်။ သခွား။ ကြက်ဟင်းခါး၊ ခ၀ဲစသည့် နွယ်ပင်များ တောင်ယာခင်းထဲရှိ သစ်ငုတ်၊ ၀ါးရုံငုတ် များတွင် နွယ်တက် ပွင့်ဖူးနေကြပြီ။ ရွှေဖရုံ၊ ကျောက်ဖရုံများသည် တောင်ယာတောစပ် သစ်ကိုင်း ခြောက်များတွင် အဟိတ်တိရစ္ဆာန် ကာကွယ်ေ၇း ဒိုင်းလွှားအဖြစ် နေရာယူကြသည်။ တဲ၏ ပတ်ဝန်းကျင် တွင်ကား ခ၇မ်း။ ငရုတ်၊ ပိန်း၊ ပင်စိမ်း စသည်ဖြင့် ဟင်းရွက်ပဒေသာ စိုက်ခင်းဖြစ်နေပြီ။
သူတို့၏ ယောင်ယာနီးချင်းနယ်စပ်တွင် ချောင်းငယ်တစ်ခုစီးဆင်းနေသည်။ သူတို့သည် ရေခပ်။ ရေချိုး အဆင် ပြေ လွယ်ကူစေရန် ၀ါးေ၇တံလျှောက် လုပ်ထားကြသည်။ ဆင်းဝါးနော်၏ အမြင်အာရုံသည် အသံ လာရာလမ်း ဆီ ရောက်သွားပြန်၏။ သူ၏ သမီးကြီးသည် ကလေးအနှီးထုပ်ကို ခြင်းနှင့်လွယ်၍ ရေတံလျှောက် ရှိရာ သို့ တေးတကျော်ကျော်နှင့် သွားနေသည်။ သမီးကြီး၏ သေးသေးကွေးကွေးသဏ္ဍာန် သည် ပြောင်းပင်၊ ပဲပင်၊ ပီလောပီနံ၊ ပင်အုပ်ကြားတွင် မြုပ်ချီပေါ်ချီဖြစ်နေသည်။ သူ့နောက်မှာတော့ သမီးငယ်လေးက ၀ါးကျည်တောက် ပခုံးပေးထမ်းလို့။
ဆင်ဝါးနော်၏ နှလုံးသားထဲတွင် ကျင်ခနဲ ခံစားမိသည်။ ဤသမီးနှစ်ယောက်သည် ယခုအချိန် စာသင်ခန်း တွင် မိတ်ဆွေသူငယ်ချင်းများနှင့် စာသင်နေမည့်အချိန်။ ယခုအဘယ်ကြောင့်များ ဤနေရာတွင် အရွယ်နှင့် မလိုက်အောင် အလုပ်လုပ် ကလေးအနှီး လျှော်နေရပါသနည်း။ ရေထမ်းနေရပါသနည်း။ မိမိလျှောက်လှမ်း နေသော ဘ၀ခရီးသည် လမ်းကြောင်းလွဲနေပါသလား။ ဒီမေးခွန်းတွေနှင့် မျက်ရည်ပင်ဝဲ လာ၏။
'' အစ်ကို ထမင်းစားတော့လေ။ ကျွန်မ ဟင်းရွက်လည်း လှော်ထားပြီ''။ သူ့မိန်းမ၏ စကားကြောင့် အတွေး ရပ်သွား သည်။ သူသည် နေ့လည်စာစားရန် တဲထဲဝင်လာသည်။ ကလေးနှစ်ယောက်၏ ပုဆိုးစုတ် ပုခက် နှစ်ခုသည် ခေါင်းချင်းဆိုင်လျက် တဲအမိုး ချင်ဝါးများတွင် တွဲလောင်းကျခိုနေကြသည်။
ဆင်ဝါးနော် ယနေ့ ထမင်းစားမ၀င်။ သူမြို့မှ တောင်ယာသို့အပြန် သူ့သမီးအရွယ်ကလေးများ ကျောင်းစိမ်း ကိုယ်စီနှင့် ပျော်ရွှင်စွာ ကျောင်းသွားနေကြသည်ကို မြင်ခဲ့၇သည်။ ယခု သူ့သမီးများကတော့ ဤသီးခြား ကမ္ဘာ စပါးပင်တွေကြားမှာပါလား။ သူသည် စိတ်မသာမယာ ခံစားနေ၏။
'' မိန်းမရယ် နောက်နှစ်တော့ အကြီးမကို ကျောင်းထားရင် ကောင်းမယ်ထင်တယ်'' ဟု သူ့ မိန်းမအား သွေးတိုးစမ်းလေသည်။
မလုဂျာက -
'' မြို့မှာ ဘယ်သူနဲ့ ထားမလဲ၊ ဒီအရွယ် ဘ်သူက ခေါ်နေချင်ပါမလဲ၊ ခေါ်နေချင်ကြသည်ပဲထားဦး ဒီအမြွာ နှစ်ယောက် ကို ကျွန်မတစ်ယောက်တည်း မနိုင်ဘူး'' ဟု ပုခက်နှစ်ခုကို တစ်လှည့်စီလွှဲရင်း တုံ့ပြန်ပြောဆို လေ သည်။ ဆင်ဝါးနော်သည် စကားမဆက်တော့ဘဲ ဆိတ်ဆိတ်နေလေ၏။
အကယ်၍ ဆင်ဝါးနော်နှင့် လုဂျာ၏ ဘ၀သည် အရာစုနှစ်တွင်မဟုတ်ဘဲ လွန်ခဲ့သည့် အနှစ် ၀၀၀ က ဖြစ်ခဲ့ သည်ဆိုလျှင် ... ကြည့်ပါ သူတို့ ကမ္ဘာလေးတွင် ဂုဏ်တုဂုဏ်ပြိုင်မရှိ။ သူဌေး၊ သူဆင်းရဲ အနိမ့်အမြင့် မရှိ။ သူတို့ မှာလည်း တောင်ယာခင်း။ ကြက်ကလေး ၀က်လေးတွေနှင့်။ ကိုယ်မှာလည်း ထိုအရာများ ပိုင်ဆိုင် လျက်။ အမှန်တော့ တောင်ယာစနစ်သည် တစ်နှစ်စာ ဖူလုံေ၇းဖြစ်သည်။ စပါး၊ ပဲ၊ ပြောင်း၊ ငရုတ်၊ ပိန်းဥ။ ဖရုံ တစ်နှစ်စာ ဖူလုံသည်။ သားငါးအတွက် မပူပင်ရ။ ပတ်ဝန်းကျင် ချောင်းကြီး၊ ချောင်းငယ်တွေရှိသည်။ တောတောင်ထဲ ချေ၊ ဆတ်၊ ၀က်၊ တောကြက်တွေ ရှိသည်။ အိမ်ကြက်၊ အိမ်ဝက်များကို တဲအောက်မှာ မွေး ထားသေးသည်။
တစ်ခုတော့ရှိသည်။ ရာသီသတုဖောက်ပြန်၍ တောင်ယာမီးမရှို့နိုင်သောနှစ်။ ကြက်ကျ၍ သီးနှံ ဟူသမျှ ပြုတ် ပြုတ်ပြုန်းသည့်နှစ်များ။ ဤနှစ်များတွေတော့ သူတို့ငတ်ကြပြီ။ သည်တော့ မျောက်ဥတူး၊ မျှစ်ချိုး၊ အူ လိုင်ပင်ခုတ်၍ အသက်ဆက်ကြသည်။ သို့သော် သူတို့ သဘာဝဘေးဒဏ်ကို အငြိုးမထားနိုင်။ ထွက်ပြေး လွှတ်မြောက်ရန်လည်း မကြံစည်နိုင်ကြ။ တချို့တတ်နိုင်သူများ ထွက်ပြေးလွတ်မြောက်သူများရှိကြသည်။ တချို့မှာ ဖားကန့်ဘက်ကျောက်တူး၍ နေ့ချင်းညချင်းလောပန်းကြီးဖြစ်သွားသူများပင်ရှိကြသည်။ သို့သော် ဆင်ဝါးနော် တို့ကိုတော့ တောတောင်နှောင်ကြိုးက ခိုင်မြဲစွာ ရစ်ပတ်နေဆဲ။
ယခု ဆင်ဝါးနော်နှင့် လုဂျာတို့၏ ကမ္ဘာသည် မည်မျှပင် ပုန်းခို၍ သီးခြားရှိနေသည်ဆိုစေကာမူ လွန်ခဲ့သည့် နှစ် ၄၀၀၀ က မဟုတ်။ ၂၁ ရာစု၏ နှစ်ဦးပိုင်းဖြစ်နေသည်။ ဒီတော့ ပတ်ဝန်းကျင်၏ ဂယက်ရိုက်ခတ်မှုဒဏ်က မလွတ်နိုင်။ မြို့ပေါ်ရှိ မိတ်ဆွေသူငယ်ချင်းများက မြို့ပေါ်ပြောင်းလာရန် နားချကြ သည်။ အမြွာပူးကလေးများ၏ ကျန်းမာရေးအကြီးမနှစ်ယောက်၏ ပညာရေးစသည်ဖြင့်။
ထိုအချိန်တွင် သူ့တောင်ယာနီးချင်း ဦးဂမ်ဘားသည် သူတို့ကမ္ဘာလေးမှ (၁၀)မိုင်ခန့်သာဝေးသည့် မြို့ပေါ် အပြီးအပိုင်ပြောင်းရန် ပြင်ဆင်နေပြီ။ အိမ်ဆောက်ရန် သစ်ဝါးစုနေပြီ။ ဂမ်ဘားသည် ယခင်က အောက်ပြည် ရွာတွင် နှစ်အနည်းငယ်နေခဲ့ဖူးသော်လည်း ယခု သူနှင့်အတူ နှစ်ပေါင်းများစွာ ဤတောတောင်၊ တောင်ယာ ခင်းများ တွင် ဘ၀မြှုပ်နှံနေသူဖြစ်သည်။ တောတောင်ဘ၀ကို အလွန်ခုံမင်သည်။ တူမီးသေနတ် တစ်လက် နှင့် တောလည်ရင်းဘ၀၏ ပျော်ရွှင်မှုကို ဖန်တီးနေသူဖြစ်သည်။ ယခု မည်သူက မည်သို့ သွေးဆာင်၍ စိတ်ပြောင်း သွားပါသနည်း။ ဆင်ဝါးနော်ကို တိုင်ပင်ခြင်းမရှိခဲ့။
သို့နှင့် ဆင်ဝါးနော်သည် စိတ်လှုပ်ရှားလာကာ လု၈ျာနှင့် ဒူးတိုက်၊ နဖူးထိ၊ ညှိနိငင်းတိုင်ပင်လေတော့ သည်။ မြို့အစွန် ရပ်ကွက်တွင် သူတို့ မိဘဘိုးဘွားပိုင် အိမ်မြေကွက်ရှိသည်။ အကယ်၍ ပြောင်းလာမည် ဆိုလျှင် နေရာကအသင့်။ ထိုနေရာတွင် တဲတစ်လုံးဆောက်နေရုံသာ။ ဆင်ဝါးနော်သည် သူ့တစ်သက်တာတွင် တဲ ပေါင်းများ စွာ ဆောက်ဖူးပြီ။ ယခု သူတို့နေသည့် တောင်ယာတဲကို ပတ်ဝန်းကျင်၏ လုပ်အားအကူအညီ အနည်းငယ် ကိုသာယူ၍ ကိုယ်တိုင်ဆောက်သည်။ တောင်ယာတဲသာဆိုသည် မောင်းထောင်း၇န်နေရာ ထမင်းချက် ရန် မီးဖိုခန်း သူတို့ အိပ်ခန်းပါသည်။ တဲရေ့တွင် ၀ရံတာပင်ပါသေးသည်။ တဲအောက်တွင် ကြက်ခြံ၊ မလှမ်းမကမ်း တွင် ၀က်ခြံနှင့် အိမ်သာနှင့်။ မိန်းမဖြစ်သူ လုဂျာက -
'' ရှင့် သဘောပဲ၊ ကျွန်မ နဂိုကတည်းက မြို့ပေါ်နေချင်ပါတယ်။ တနင်္ဂနွေ ဘုရားကျောင်းသွားချင်တယ်။ သူများ လို ခရစ္စမတ်ပွဲ၊ နှစ်သစ်ကူးပွဲမှာ ပျော်ချင်ပါတယ်။ ဒါပေမဲ့ သူ့စကားဤတွင် ရပ်သွား၏။ ဆင်ဝါးနော် သည် သူ့မိန်းမ အား များစွာသနားသွား၏။
'' အဲပါကွာ ငါဆုံးဖြတ်လိုက်ပြီ၊ မင်းမြို့သူဖြစ်စေရမယ်'' ဟု နှစ်သိမ့်စကားဆိုလေသည်။
သို့နှင့် ဆင်ဝါးနော်နှင့် လုဂျာတို့သည် ကလေးတပြုံကြီးနှင့် သူတို့ကွန်းခိုရာ တောင်ယာတဲကို ထားရစ်ခဲ့ပြီး မြို့ရပ်ကွက် ဆိုသည့်နေရာသို့ ပြောင်းလာကြသည်။ မြို့သည် လူဦးရေ တစ်ထောင်ပင်မပြည့်သည့် တောင် စခန်းဖြစ်သော် လည်း ကျောင်းရှိသည်။ ဆေးရုံရှိသည်။ သူတို့ယာခင်းနှင့်ကားယှဉ်၍မရ။
မြို့ရပ်ကွက် သို့ ပြောင်းရွှေ့လာပြီးရက်သတ္တတစ်ပတ်အကြာတစ်ညနေတွင် ဦးဂမ်ဘားသည် သူတို့အိမ်သု့ အလည် အပတ်ရောက်လာသည်။ သူ့မျက်နှာသည် သိပ်မကောင်း၊ တစ်ခုခုဖြစ်နေသလားဟု ဆင်ဝါးနော် စိုး၇ိမ်စိတ် ၀င်လာသည်။ မိးဖိုဘေးတွင် ထိုင်ပြီး ဂမ်ဘားက -
'' ငါနောက်တပတ် မြစ်ကြီးနားဘက်ဆင်းသွားတော့မယ် အဲဒါ လာနှုတ်ဆက်တာ'' ဟု ပြောလေ၏။ ဆင်ဝါး နော်က -
'' တစ်ယောက်တည်း ပဲလား၊ ဘယ်နှစ်ရက်ကြာမလဲ'' ဟုမေးရာ -
'' မိသားစုအားလုံးပါမယ်၊ အပြီးအပိုင်ပြောင်းမှာ ... '' ဟု ပြောပြီး စကားမဆက်ပဲ ဆင်ဝါးနော်၏ မျက်နှာကို တချက် လှမ်းကြည့်လိုက်၏။ ဆင်ဝါးနော်သည် ထိုစကားကို ကြားသောအခါ၊ သူ၏နားကိုပင် မယုံနိုင်။ သူ၏ မျက်နှာ သည် ချက်ချင်းညှိုးကျသွား၏။ နှုတ်မှကား မည်သည့်အသံမှ ထွက်မလာ။ ဂမ်ဘားက ဆက်၍ -
'' ငါ့ယောက်ဖ က ဟိုမှာ လယ်ဝယ်ထားတယ်၊ ကျွဲ၊ နွားထွန်ထယ်အသင့်ရှိတယ်၊ အဲဒီမှာ လယ်လုပ်ဖို့တဲ့၊ ကလေးတွေကို ကျတော့ မြို့ပေါ်သူ့အိမ်မှာထားပြီး ကျောင်းထားပေးမယ်လို့ပြောတယ်။ ငါပထမတော့ ငြင်း ပါသေးတယ်။ ဒါပေမဲ့ မိန်းမနဲ့တိုင်ပင်ပြီး ကလေးတွေရဲ့ ပညာရေးကရှိနေလို့ပြောင်းဖို့ ဆုံးဖြတ်လိုက်တယ်'' ဟု ပြောလေ သည်။
ဆင်ဝါးနော် သည် နှလုံးသွေးကြောများ ပိတ်ဆို့သွား သလို ခံစားနေမိ၏။ ဂမ်ဘားသည် သူနှင့်ညီအစ်ကိုတော် သူမိတ်ဆွေသူငယ်ချင်း။ အစ်ကိုအရင်းပမာ အားကိုးရသူ။ ဘ၀တစ်လျှောက်တွင် တောင်ယာခုတ်မည့်နေရာ ရှာလည်း အတူတူ၊ တဲဆောက်အတူတူ။ ငါးဖမ်း အမဲလိုက် တစ်တွဲတွဲနှင့် နေလာခဲ့သည်။
ဂမ်ဘားသည် လယ်ယာနှင့်ထိတွေ့ဖူးသူဖြစ်၍ မနှစ်က သူ့တောင်ယာဟောင်းကို လှေကားထစ်လယ်ဖော် မည်ဟု စီ မံနေသေးသည်။ မြေအနေအထား ကောင်းသည်။ အထက်မြေမြင့်ပိုင်းတွင် ချောင်းငယ်စီးနေ သည်။ ဆင်ဝါးနော် ပင် သူ့အနား မြေယာရှာထားပြီ။ ယခု ဒါတွေပစ်ပြီး သွားတော့မယ်ဆိုပါလား။ သူ ကယ်တင်ရှင်နှင့်တွေ့ပြီပေါ့။ ဆင်ဝါးနော်သည် နှုတ်ဆိတ်၍သာနေမိ၏။ ဂမ်ဘားကဆက်၍ -
'' ညီလေး၊ အစ်ကို့တဲအိမ်နဲ့ မြေကွက်ကို ညီလေး လက်ထဲအပ်ပါတယ်။ လှေကားထစ်လယ်နေရာလည်း မင်းပဲ ယူပါ'' ဟု အမွေပေးလေသည်။ ဤစကားကြား၍ သူ ၀မ်းမသာနိုင်။ ပို့၍ပင် ၀မ်းနည်းမိသည်။ သူ တကယ်ပဲ အပြီး အပိုင် ထွက်ခွာသွားတော့မှာပါလား။ သူတို့သည် ရေနွေး တစ်အိုး ကုန်အောင် ရှေးဟောင်း နှောင်းဖြစ်တွေ ပြော ကြ ၏။ တောင်ယာခင်း အကြောင်း၊ အမဲလိုက်သည့် အကြောင်း၊ နောက်ဆုံး ကလေးတွေ ရဲ့ ပညာရေးအကြောင်း။
ထိုမှ ငါးရက်မြောက်နေ့တွင် ဂမ်ဘား၏ အိမ်ရှေ့တွင် ဒေါ့ဂျစ်ကားတစ်စီးဆိုက်လာသည်။ ဂမ်ဘား၏ မိသားစု အားလုံး ငါးယောက်ရှိသည်။ အကြီးမက (၆)တန်းကျောင်းသူကလေး။ ကျန်နှစ်ော်က တောင်ယာ ခင်း၏ သားသမီး များဖြစ်နေဆဲ။ သူတို့သည် ယူနိုင်သမျှ အိုးခွက်ကအစ၊ ကားပေါ်တင်ကြသည်။ မသယ် နိုင်သည့် ပစစည်းများ ကို ဆင်ဝါးနော်တို့ကိုပင် ပေးထားကြသည်။ ဆင်ဝါးနော်သည် နှုတ်ဆက်စကားမဆို တိတ်ဆိတ်၍ သာနေသည်။ ကားမထွက်မီဂမ်ဘားက ဆင်ဝါးနော်ထံ ချည်းကပ်လာပြီး '' ငါ့ညီ၊ ခုတော့ နေရစ်ပါ၊ နောင် အစ်ကိုကြီး အဆင်ပြေတဲ့နေ့မှာ မိသားစုအားလုံးကို ခေါ်မယ် ငါ ကတိပြုပါတယ်'' ဟုဆိုကာ ကားပေါ်တက် ထိုင်လေသည်။ အိမ်နီးချင်းများ၊ ဆင်ဝါးနော်၏ မိသားစုများ လမ်းဘေးတွင် ရပ်လျှက် ဝှေ့ရမ်းနှုတ်ဆက်ကြ သည်။ ဂမ်ဘား၏ မိသားစုသည် ဒေါ့ဂျစ်ကားခေါ် ဆောင်ရာကမ္ဘာသစ်ဆီသို့။
ဆင်ဝါးနော်နှင့် လုဂျာတို့၏ မြို့သားဘ၀သည် သည်နှစ်ပတ်ခန့်ကြာသည့်အခါ အဆင်မပြေမှုတွေနှင့် ကြုံရ တော့ သည်။ အထူးသဖြင့် မိုးရွာသည့်နေ့များတွင် မီးရေးထင်းရေးပြဿနာတတ်သည်။ ချက်ပြုတ်စား သောက်ရမည်။ ကလေးအနှီး ကင်ရမည်။
သူတို့နေသောနေရာ သည် မြို့စန်တောစပ်နားတွင် ဖြစ်သော်လည်း ထင်းက ရှားလှသည်။ တောထဲ တစ်မိုင် နှစ်မိုင် သွားပါမှ ယခု ဆိုက်နိုင်သည့် ထင်းမျိုးရသည်။
မြို့မှာနေရသည် ဆိုသော်လည်း မိမိမှာ ဘာမှ ပြည့်စုံသည်မဟုတ်။ ဆန် မ၀ယ်စားနိုင်။ ဟင်းဝယ်ဖို့ စိတ်ပင် မကူးရဲ။ ဒီတော့ တောင်ယာစပါး၊ တောင်ယာသီးနှံ များကိုသာ အားကိုးရသည်။ ထိုအရာများသည် တောင် ယာခင်းတဲ တွင်သာရှိသေးသည်။ ထို့ကြောင့် ဆင်ဝါးနော်သည် တောင်ယာခင်းသွားနေရသည်။ သားငါးရှာ ထွက်နေ ရသည်။ တစ်ခါတစ်ရံ တစ်ရက်၊ နှစ်ရက် ကြာတတ်သည်။ ထိုအချိန်မျိုးတွင် လုဂျာကောင်းကောင်း ဒုက္ခရောက်ပြီ။
အကြီးမနှစ်ယောက် က လူမမယ်ကလေးများသာ ဖြစ်ရာ မောင်းထောင်းဆန်ဖွပ်၊ ထင်းခွေ၊ မျှစ်ချိုး အားမကိုး နိုင်သေး။ ကိုယ်တိုင် ကမူ ဘယ်မှ ထသွား၍မဖြစ်။ အိမ်နီးချင်းတောင် သွားမလည်နိုင်။ အမြွာပူးနှစ်ယောက် ကို နို့ချိုတိုက်နေရသည်။ ထမင်းဟင်းချက်၊ ကလေးအနှီးမီးကင်ရသေးသည်။ ထို့ပြင် ရေစိမ်းမြေစိမ်းဖြစ်နေ ၍သာလားမသိ။ အကြီးမနှစ်ယောက် မကြာခဏကို ကိုယ်ပူ၍ ဖျားတတ်ကြသည်။ အအေးမိ ချောင်းဆိုးနေ တတ်သည်။
ဟုတ်ပါသည် တောင်ရာခင်းတွင် လေကောင်းလေသန့်ကြောင့်လားမသိ။ သူတို့နှစ်ယောက် တစ်ကြိမ် တစ်ခါမှ မဖျားဖူး။
တောင်ယာခင်း တွင် စားစရာမရှား။ ပိန်းဥ၊ ဖရုံ၊ သခွားသီး၊ ပဲ၊ ပြောင်းစုံလို့။ ကျောက်ဖရုံသီးဆိုလျှင် တောင် ယာတောစပ် သစ်ကိုင်းများတွင် ဖွေးဖွေးလှုပ်သီးနေကသည်ကို အဝေးကပင် မြင်နေရဆဲ။ ပီလောပီနံပင် ဆွဲနှုတ် လျှင် တစ်တောင်ခန့်ရှည်သည့်ဥများ အတွဲလိုက်ပါလာသည်။ တဲအောက်ဆင်းရုံနှင့် ထင်းရပြီ။ ဆင် ၀ါးနော် သည် တောကြက် အိပ်တန်းတက်ချိန် တူမီးသေနတ်ဆွဲ၍ တောင်ယာတောစပ်သို့ ၀င်သွားပြီဆိုလျှင် ညစာဟင်းလျာ အဖြစ် တောကြက်သားစားရပြီ။
နေ့ခင်းဘက်တွင်လည်း ဆင်ဝါးနော် ဝေးဝေးမသွား။ တောင်ယာအနီးအနားတွင် အမြဲရှိသည်။ မိမိမှာလည်း ကလေးများကို သိပ်ပြီး ခဏတဖြုတ် တဲအောက်ဆင်းပိန်းဥတူး၊ ငရုတ်၊ ခရမ်းသီးခးနိုင်သေးသည်။ '' ခုတော့ အင်း'' ဟု လုဂျာ မကြာခဏ ညည်းညူတတ်သည်။
မည်သို့ပင် ရှိစေ နောက်နှစ်အကြီးမကို ကျောင်းထားရမည်။ ဘ၀ကို အားမာန်တင်း၍ ရင်ဆိုင် သွားမည်။ ရှေ့ရေးကို ခင်ပွန်းဖြစ်သူ ဆင်ဝါးနော်နှင့် တိုင်ပင်ဖြေရှင်းသွားမည်ဟု အားတင်းထားလေသည်။ သို့နှင့်သူ တို့သည် မြို့စွန်ရပ်ကွက်တွင် ကြိတ်မှိတ်ရုန်းကန်လှုပ်ရှားနေသည်မှာ နှစ်ဝက်ကျော်ရှိပြီ။ သို့သော် အခြေ အနေ ကား ကောင်း၍မလာ။ တောင်ယာမှ ပြောင်းရွှေ့စဉ်က ကျောင်းဖွင့်ချိန်မမီ၍ ကလေးနှစ်ယောက်ကို ယခုပညာသင်နှစ် ကျောင်းမအပ်နိုင်သေး။ မြို့တက်နေသည်မှာ တောင်ယာနေဘ၀ထက် ပင်ပန်းလှသည်။
တစ်ညနေခင်းတွင် ဆင်ဝါးနော်သည် ဆားဝယ်၍ သူ့တဲအိမ်မှ မြို့ဈေးဆိုင်တန်းသို့သွားခဲ့သည်။ ထိုစဉ် မြစ်ကြီးနား မှ ကားနှစ်စီး ဆိုက်ရောက်လာသည်။ ကားတစ်စိး၏ပိုင်ရှင်မှာ ဇော်မိုင်ဖြစ်ပြီး ဆင်ဝါးနော်နှင့် ကျောင်းနေဘက်ဖြစ် ၍ အချင်းချင်း သိကျွမ်းနေကြသည်။
ဇော်မိုင် တွင် ဆင်ဝါးနော်အတွက် လက်ဆောင်ပစ္စည်းပါလာသည်။ ထိုမြို့မှ အပြီးအပိုင်ပြောင်းရွှေ့ သွားပြီဖြစ်သော ဂမ်ဘားပို့ပေးလိုက်ခြင်းဖြစ်သည်။ ဂမ်ဘားသည် ဆင်ဝါးနော်အတွက် ပစ္စည်းလက်ဆောင်အပြင် စကားလက်ဆောင် လည်း ပါးလိုက်သည်။ သူ အဆင်ပြေနေကြောင်း။ လယ်လုပ်ရကြောင်း။ ကလေးများကို မြို့ကျောင်းမှာ ထားကြောင်း။ အားလုံး ကျန်းမာကြောင်း၊ တော တောင်အလှနှင့် တောင်ယာဘ၀ကို သတိရကြောင်း စသည်ဖြင့်။
ဆင်ဝါးနော် သည် လက်ဆောင်ပစ္စည်းများနှင့်အတူ တဲအိမ်ပြန်၍ သူ့မိန်းမအား ဂမ်ဘားတို့အကြောင်း ပြောပြ၏။ တစ်ဆက်တည်းတွင် မိမိတို့၏ လက်ငင်းဘ၀ အခြေအရပ်ရပ်ကိုလည်း သုံးသပ်ကြ၏။ ရှေ့ဆက်၍ ဘ၀ခရီး မည်သို့ လျှောက်လှမ်းကြမည်ကို တိုင်ပင်ကြ၏။
နောက်နေ့တွင် ဆင်ဝါးနော်သည် ဇော်မိုင်ထံသွား၍ အားနာပါးနာနှင့် အကူအညီတောင်းသည်။ ဇော်မိုင်ထံမှ ကူညီပါမည် ဟူသော ကတိစကားရရှိခဲ့၏။ ထို့နောက်တွင်တော့ ဆင်ဝါးနော်နှင့် မလုဂျာတို့သည် ရှေ့ဘ၀ ခရီး အတွက် ရဲရဲဆုံးဖြတ်ချက်ချကြပါတော့သည်။
ကလေးအကြီးမနှစ်ယောက် သည်မနက်ဖြန်မော်တော်ကားစီးရမည်ဆို၍ တက်ကြွပျော်ရွှင်နေကြသည်။ သူတို့ တစ်သက် ကားမစီးဖူးသေး။ လက်နှင့်ပင် မထိတွေ့ဖူးသေး။ ဆင်ဝါးနော်ကတော့ တက်ကြွမှုမရှိ။ မျက်နှာမှာ မှုန်မှိုင်းနေ ၏။ သံပတ်ပေးထားသော အရုပ်ကဲ့သို့ လှုပ်ရှားနေသည်။ ဤတဲအိမ်၏ ကြမ်းခင်းတွင် ဖင်နွေးအောင်ပင် မထိုင်ရသေး။ ယခုစွန့်ပစ်ထားရတော့မည်။
နောက်နေ့ သူတို့၏ တဲအိမ် အထက်ကားလမ်းပေါ်တွင် ဒေါ့ဂျစ်ကား ထိုးရပ်လာသည်။ ကားဆရာဇော်မိုင် သည် ဟွန်း တစ်ချက်တီးပြီး ဆင်ဝါးနော်တို့အား အချက်ပေးလိုက်သည်။ ဆင်ဝါးနော်သည် ကားပေါ်တွင် ပစ္စည်းများ တင်လေ၏ အိမ်နီးနားချင်းများလည်း ၀ိုင်းကူကြသည်။ သူတို့မျက်နှာသည် ကြည်လင်ရွှင်ပျခြင်း မရှိကြ၊ သူတို့လာသည်မှာ မကြာသေး။ ယခု သွားကြပြန်ပြီ။ ဆင်ဝါးနော်၏ စိတ်သည် လေးလံနေ၏။ နှုတ် လည်း ဆွံ့အနေ သည်။ ကားရှေ့တွင် သူတို့ သားအမိသုံးယောက်နေရာယူကြသည်။ ကားနောက် သူ့ဘေး မှာတော့ သမီးကြီး၊ သူ့ကျောကုန်းမှာကား အမြွှာပူးကလေးတစ်ယောက်နေရာယူလျက်။ ကားဘီးသည် တစ်လှိမ့်ချင်း လှိမ့်ရာမှ တဖြည်းဖြည်း အရှိန်မြန်လာသည်။ သူတို့၏ တဲအိမ်သည် သူတို့နှင့်ဝေး၍ ဝေး၍ ကျန်ခဲ့ပြီ။ နေရစ်ပေတော့ တဲအိမ် ရယ်။
သို့သော် သို့သော် ဆင်ဝါးနော်တို့ ရှေ့ရှုသွားသည့် နေရာကား ဂမ်ဘားတို့ရှိရာ မြေပြန့်ဒေသဆီသို့မဟုတ်။ သူတို့၏ ကမ္ဘာဟောင်းမိသားစုကွန်းခိုရာ တောင်ယာတဲဆီသို့သာ။ သူတို့ထံ မည်သည့် ကယ်တင်ရှင် မှ ရောက်မလာပါ။
ဟုတ်ပါသည် ယခုသူတို့ထွက်ခွာလာသည့်နေရာသည် ဆွမ်ပရာဘွမ်မြို့ ''ကဘန်ခူး'' ရပ်ကွက်ဖြစ်ပြီး။ ထို '' ကဘန်ခူး'' ရပ်ကွက်မှ မလိခမြစ်အထိ (၁၆)မိုင်ခရီးကို ယမန်နှစ်က ရွှေကုမ္ပဏီတစ်ခုမှ ကားလမ်းဖောက်ခဲ့သည်။ ထိုရွှေကုမ္ပဏီကားလမ်း သည် ဆင်ဝါးနော်၏ တောင်ယာခင်းထိပ်တွင် ဖြတ်သန်း သွားသည်မဟုတ်ပါလော။ ဆင်ဝါးနော် သည် တဖန်ပြန်၍ ဤတောတောင်တွင် သားမွေးမယားကျွေး၍ တစ်တောရှင်း၊ တစ်တောင်ခုတ်ကာ ဘ၀ခရီး ဆက်လျှောက်နေရတော့မည်။
ပြီးပါပြီ
နောက်တပုဒ် ဆက်ရန်
.

No comments:
Post a Comment