Friday, October 26, 2012

ခါးရှားဒင်းအောင် ၏ ခရီးသွားဖော်, အပိုင်း (၆)

မြေပြင်ပေါ်ရှပ်တိုက်ပျံသန်းခြင်း
၁၉၈၃ ခုနှစ်။


ဆရာဂျိန်း၏ ခြေနှစ်ချောင်းသည် အိမ်အပြန်ခရီးမို့ သွက်လက်လှ၏။ သူ့ထက်ငါဦးအောင် အိမ်လှေကားထစ် နင်းမယ်ဟဲ့ဟု ခြေနှစ်ချောင်းအပြိုင်ချဲရာမှ သူ၏ခန္ဓာကိုယ်သည် ယိမ်းကာ၊ နွဲ့ကာ၊ မြှောက်ကာ ကြွကာ လိုက်ပါလာ၏။ ဤခရီးသည် ပန်းခင်းသောလမ်းမဟုတ်။ ဤလမ်းမျိုးကို ဆရာဂျိန်း တစ်ချက် မညည်းမတမ်း၊ နှစ်ဆင့်ကျော်သော ခြေလှမ်း။ နှစ်ဆမြန်သော အဟုန်ဖြင့် ချီတက်ခဲ့ရာ တောအထပ်ထပ် တောင်အသွယ် သွယ်တို့သည် နောက်ဘက်တွင် တရိပ်ရိပ်ကျန်ခဲ့၏။

သူသည် တာဝန်ကျရာ မြန်မာပြည်မြောက်ဖျားရှိ ခေါ်ဘူဒဲမှ အလယ်တန်းကျောင်းပိတ်၍ အိမ်ပြန်လာခြင်း ဖြစ်၏။ ဆရာ တို့ မည်သည်မှာ အခြားဝန်ထမ်းများနှင့်အတူ၊ သွားရင်း ဟန်လွှဲခဏတစ်ဖြုတ် အိမ်ပြန်၍ရ သည်မဟုတ်။ ခွင့်ရက်ယူ၍ လည်း မသင့်။ အထူးသဖြင့် သူကဲ့သို့သော ကျောင်းတာဝန်ခံသည် ကျောင်းတွင် အမြဲရှိနေရန် လိုအပ် သည်။ ထို့ကြောင့် ယခုကဲ့သို့ တိုတောင်းလှသော ကျောင်းပိတ်ရက်တွင်ဝေးကွာလှ သည့်နေရပ်ရှိ ဇနီးသားသမီး များထံ အပြေးအလွှားသွားနေခြင်းဖြစ်၏။
သူသည် မိုင်ပေါင်းတစ်ရာ့ရှစ်ဆယ်ကို ခြေနှစ်ချောင်းအားကိုးဖြင့် ခရီးပေါက်ခဲ့ပြီးနောက် မိုင်သုံးရာ ကိုဖြင့် လေဟုန်စီး၍ ငြိမ့်ငြိမ့်ကလေးသွားမည်ဟု တက်ကြွလျက်ရှိ၏။ တစ်ခုတော့ရှိ၏။ ဤခရီး၏ တစ်ခုတည်းသော ပို့ဆောင်ရေးမှာ လေယာဉ်ပျံသာဖြစ်ရာ မြို့နယ်လေးခုမှ ၀န်ထမ်းများ၊ ခရီးသွားများ သည် လေယာဉ်ကွင်း တွင် စုပုံသောင်တင်နေကြသည်မှာ ပွဲတော်ကလေးတမျှ စည်ကားနေဆဲ။

အကယ်၍များ လေယာဉ်မလာခဲ့သော်၊ လာသော်လည်း လေယာဉ်နေရာမရခဲ့သော်ဟူသော အတွေးဝင် လာ၍ သူ၏ တက်ကြွမှုကို ပူပန်ခြင်းက လွှမ်းမိုးသွား၏။
သူ့အိမ်သူသက်ထားနှင့် သတင်းစကားအဆက်အသွယ်မရသည်မှာကြာပြီ။ ချူချာလှသော သမီးကြီး နေ မှ ကောင်းရဲ့လား။ အရွယ်ရောက်ခါစ မိုက်သွေး တစ်စက်နှစ်စက် ၀င်နေသည့်သားကြီး ကျောင်းမှနေသေးရဲ့ လား။ ကျောင်းဆရာမ မျှသာဖြစ်သည့် ဇနီး၏ လစာနှင့် အိမ်သားများကို ထောက်ပံ့နိုင်ရဲ့လား။ ထိုထိုသော စိုး၇ိမ်ပူပန်မှုများ သည် သူ့အား များစွာ နွမ်းလျစေ၏။
သူသည် မျော်လင့်ချက် တစ်ခုကိုတော့ တင်းကျပ်စွာ ဆုပ်ကိုင်ထား ၏။ ကျောင်းဆရာ ဟူသောဂုဏ်ပုဒ်၊ ကျောင်းအုပ်ဆရာကြီး၊ မိုင်တစ်ရာကျာ်ဝေးသည့် အပ်ဒေသ မှ ခြေလျင်လျှောက် လာသူ။ ကျောင်းပိတ်ချိန် အချိန်လု၍ အိမ်ပြန်လာသူ။

ထိုထိုသော အကြောင်းအချက်များက သူ့အား လေယာဉ်ပေါ်သို့ တွန်းတင်နိုင်လိမ့်မည်ဟု ယုံကြည်ထား၏။
ထို့ကြောင့်ပင် ဤအချက်များကို အလေးပေး၍ ဆိုင်ရာပိုင်ရာများထ့ သတင်းပို့ထား၏။ အခိုင်အမာ တင်ပြ ထား၏။
နောက်နေ့ နံနက်စောစောကပင် လေယာဉ်ကွင်းဆီသို့ မျော်လင့်ကြီးစွာသွားခဲ့၏။ အပေါင်းအသင်း ကျောင်း ဆရာ များ၊ ၀န်ထမ်းများ၊ ခရီးသည်များရောက်နှင့်နေကြပြီ။ သူတို့မျက်နှာမှာ တက်ကြွမှု ကင်းစွာဖြင့် လင်းတ မှိုင်မှိုင်နေကြ သည်ကို ဆ၇ာဂျိန်းသတိပြုမိ၏။ တချို့က လေယာဉ်အပတ်ပေါင်းများစွာ ကျန်ရစ်နေသည် ဟု ပြောကြ၏။
မကြာမီ လေယာဉ်အမှုထမ်းများက ယနေ့ လယာဉ်စီးရမည့် ခရီးသည်များ ပစ္စည်းချိန်တွယ်၍ တစ်ဦးပြီးတစ် ဦး နာမည်ခေါ် ၏။ ဆရာဂျိန်းသည် မိမိနာမည်ခေါ်လင် မကြားမရှိရအောင် လည်ပင်းကြော ထောင်လာ သည်ထိ ခေါင်း ကို စောင့်းငဲ့၍ နားစွင့်၏။

နောက်တစ်ယောက်၊ နောက်တစ်ယောက်၊ ကိုယ့်အထုပ် ကိုယ်ဆွဲ၍ တံခါးပေါက်မှ ပစ္စည်းချိန်ရာ ကောင်တာ သို့ ထွက်ခွာသွားကြ၏။
ဆရာဂျိန်း တစ်ဦးပြီးတစ်ဦး လိုက်ကြည့်မိ၏။ ၀န်ထမ်းများ၊ အရပ်သားများ၊ အရေးဘကီးပုဂ္ဂိုလ်ဆိုသူများ၊ ခဏအကြာ လေယာဉ်အမှုထမ်းများသည် စာရွက်စာတမ်းများသိမ်း၍ အ၀င်တံခါးပေါက်ကိုပိတ်ကာ ထွက် ခွာသွားကြ ၏။
ဆရာဂျိန်း သည် မိမိအပယ်ခံရသည်မှာ သေချာပြီဖြစ်၍ စိတ်ဓာတ်ကျဆင်းခြင်းများစွာဖြင့် မိသားစုရှိမည် ထင်ရာ အရပ်မျက်နှာ ဆီသို့ လှမ်းမျှော်ကြည့်ပြီး ငူငူကြီးထိုင်နေ၏။ စိတ်ဓာတ်ကျဆင်းခြင်းနှင့်အတူ ခံပြင်း စိတ်ပူးဝင် လာ၍ ခေါင်းထဲ မိုက်ခနဲဖြစ်လာ၍ အံတစ်ချက်ကြိတ်လိုက်ရာ ပါးကြောများ တင်းလာ၏။

သူသည် ဘေးရှိ ကျောပိုးအိတ်ကို ဆစ်ခနဲဆွဲယူပြီး လေယာဉ်ကွင်းထဲဆီမှ လျှောခနဲ ထွက်သွား၏။ ပတ်ဝန်းကျင် အပေါင်းအသင်းများကိုပင် နှုတ်မဆက်မိ။ မည်သည့်အရာကိုမျှ သဲသဲကွဲကွဲ မမြင်ရတော့။
သူ့ခြေနှစ်ချောင်း သည် တောင်ပံသဖွယ် သူ့ခန္ဓာကိုယ်ကို အရှိန်အဟုန်ဖြင့် သယ်ဆောင်သွားတော့၏။ ဆရာ ဂျိန်း သည် ခြေနှစ်ချောင်းတောင်ပံပြု၍ မြေပြင်ပေါ် ရှပ်တိုက်ပျံသန်းလေပြီ။ မဟာအိမ်အပြန်ခရီး စပြီတည်း။

" ဆရာကြီး၊ ဆရာကြီး" ဟု ခေါ်သံလိုလို ကြားမိ၏။ သို့သော် လှည့်၍မကြည့်မိ။ တောစပ်သို့ အတန်ဝင်မိ သည့် အခါ ဂျစ်ကား တစ်စီး လိုက်လာသံလိုလိုလည်း ကြားမိ၏။ သို့သော် ရပ်တန့်၍ နားမစွင့်တော့။ သူ၏ ခြေနှစ်ချောင်း သည် အံ့သြဖွယ်ကောင်းလောက်အောင် သွက်လက်လှုပ်ရှားနေ၏။
ခဏ အကြာ သူ့ခေါင်းပေါ် တည့်တည့်တွင် လေယာဉ်ပျံကြီးက ဝေါခန ကျော်ဖြတ်သွား၏။ သူ့အား အပြိုင် ပြေး ၍ လှောင်ပြောင်သွားလေသလော။
ဆရာဂျိန်း မော့မကြည့်ပါ။
ဤခရီးစတင်ခြင်း သည် အရာရာစွန့်လွှတ်ခြင်း၏ နိဒါန်းဟု ဆရာဂျိန်းဆင်ခြင်မိလေ၏။

သို့သော် နောက်ဆုတ်ရန် စိတ်မကူးတော့။ အရာရာကို စွန့်လွှတ်ရန် ဆုံးဖြတ်လိုက်၏။ မိမိအသက်ကိုပင် စွန့်တော့ မည် ဆုံးဖြတ်လိုက်၏။ မိမိအသက်ကို လိုအပ်ပါက စွန့်လွှတ်တော့မည်ဟု စိတ်ပိုင်းဖြတ်မိသည့် ခဏ အတွင်း အံ့သြဖွယ် ခံစားမှုတစ်ရပ် ရုတ်ခြည်းပြေးဝင်လာကာ ဆရာဂျိန်း၏ ခန္ဓာကိုယ်တစ်ခုလုံး ပေါ့ပါး လန်းဆန်း သွား၏။
ဘ၀တဏှာ၊ သံယောဇသ်တွယ်တာမှုတွေကြောင့် ဖြစ်ပေါ်လာသော စိုးရိမ်ကြောင့်ကြမှု၊ ထိတ်လန့် တုန်လှုပ်မှု၊ တွေဝေ တွန့်ဆုတ်မှုများ ကွယ်ပျောက်ကုန်ပြီး ဖော်ပြနိုင်စွမ်းမရှိသည့် ပကတိတည် ငြိမ်ချမ်းမြေ့မှုများ အစားထိုး ပြေးဝင် လာ၏။ မိမိကိုယ်စိတ်နှစ်ပါးလုံး ပေါ့ပါးလန်းဆန်းပြီး မြေပြင်ထက်ဝယ် လွင့်မျောနေသည်ဟု ခံစား မိ၏။
မိမိ ယခုကဲ့ သို့ ရုတ်ခြည်းရရှိလိုက်သည့် ငြိမ်းအေးသော ခံစားချက်ကို အံ့သြနေမိတော့၏။

လူသားသည် အသက်ရှင်သန်လိုမှု၊ သံယောဇသ် တွယ်တာမှုတည်းဟူသော ဘ၀တဏှာကို အောင်နိုင်ပါက သူ့ မတူသော သတ္တိဗျတ္တိနှင့် ပြည့်စုံလာပြီး၊ ဤကဲ့သို့သော ပကတိလွတ်လပ်အေးချမ်းတည်ငြိမ်သည့် ချမ်း သာမှုကို ရနိုင်ပါ၏ တကားဟု ဆင်ခြင်မိတော့၏။
အမှန်တော့ အန္တရာယ်ရောပြွမ်းသော ဤခရီးစဉ်ကို စတင်မိခြင်းမှာ မိုက်မဲခြင်းနှင့် သေမင်းကို စိန်ခေးခြင်းနှင့်သာ တူတော့၏။ မိုင်အားဖြင့် နှစ်ရာကျော်မျှသာရှိ၍ စာမဖွဲ့လောက်ဟု ထင်မိသော်လည်း တကယ်တမ်းအားဖြင့် လူသွားလမ်း အူလမ်းကြောင်းမျှပင် မရှိတော့၍ လူတစ်ဦးအဖို့ တစ်ဦးတည်း မသွား အပ်မလာအပ်သည့် မရဏခရီးမျိုးသာဖြစ်၏။
တစ်ချိန်က ဂျစ်ကားများ၊ လှည်းတန်းရှည်များ သွားလာခဲ့ဖူးသော်လည်း ယခု ထိုအဖြစ်အပျက်များ၊ အတိတ်မှာ ကျန်ခဲ့ပြီ။ သဘာဝအတားအဆီးများနှင့် သားရဲတိရစ္ဆာန်အတိပြီးသော၊ ရံဖန်ရံခါ ဆန့်ကျင်ဘက် လက်နက်ကိုင် အဖွဲ့အစည်း များ၏ မှားယွင်းမှုောကာင့် တမလွန်လမ်းခွဲသို့ စက္ကန့်ပိုင်းအတွင်း ရောက်သွား နိုင်သော ခရီးလမ်း မျိုးဖြစ်၏။

ဆရာဂျိန်း ဤခရီးစဉ်အတွက် တစ်စုံတစ်ရာ ပြင်ဆင်ခဲ့သည်မဟုတ်။ လေယာဉ်ပျံစီးရန်သာ ပြင်ဆင်ထား၏။ သူ့တွင် ဓားမြှောင်တစ်ချောင်း၊ ဓားကိုတစ်လက်ပင်မပါ။ လှီးဖြတ်၍ ရသောအရာဟူ၍ ဘလိတ်ဓား တစ် ချောင်း သာပါ၏။ သို့သော် အဆောင်တစ်ခုတော့ သူ့ထံတွင်ရှိ၏။ ဖြူဆွတ်သောအင်္ကျီ။ သူသည် ရန်ပြုတတ် သူမဟုတ် ဟူသော သင်္ကေတအဖြစ် အဖြူဆွတ်ဆုံးသော အင်္ကျီကို ထုတ်ဝတ်ထား၏။
ကျောင်းဆရာတည်းဟူသော ဂုဏ်ပုဒ်သည် သူ့အား လေယာဉ်ပေါ်သို့ မတွန်းတင်နိုင်သော်လည်း ထိုခရီးစဉ် တစ်လျှောက် ဆရာဂုဏ်ပုဒ်က ကောင်းစွာ အကာအကွယ်ပေးသွားသည်ကို အံ့သြ၀မ်းမြောက်စွာ တွေ့ရှိခဲ့ ရ၏။

လေယာသ်ကွင်းမှထွက်၍ ပထမဆုံး အိပ်စက်နားရသည့် အိမ်ရှင်က "ကျောင်းဆရာ" ဟု သိရလေလျှင် ရိုသေ သမှုပြုပြီး ကောင်းစွာဧည့်ခံပြုစုခဲ့၏။ ခရီးစဉ်ဖျက်ရန် ဖျောင်းဖျခဲ့၏။ အသက်နှင့် ခန္ဓာမြဲ၍ မိသားစုနှင့် တွေ့မည် မထင်ကြောင်း။ အန္တရာယ်အသွယ်သွယ်ကို ရှင်းပြ၏။ ဆုံးဖြတ်ချက်ကု မချေဖျက်နိုင်တော့၍ ရိက္ခာဆန် အနည်းငယ်နှင့် ဓားတစ်လက်ရှာပေး၏။ ဆရာဂျိန်း ရိက္ခာကိုသာယူ၍ ဓားကို ငြင်းပယ်၏။ ဓား သည် လက်နက်ဖြစ် ၏။ လက်နက်သည် တန်ပြန်တတ်၏ဟု ဆရာဂျိန်း ခံယူထား၏။ ခြေနှစ်ချောင်းအရင်းပြု ကာ နား၊ မျက်စိ သုံး ၍ ချီတက်ရန် ဆရာဂျိန်းဆုံးဖြတ်၏။
ဤနည်းဖြင့် ရှည်လျားကြမ်းတမ်းလှသော ခရီးစဉ်တွင် တောတောင်များ၊ ချုံနွယ်ပိတ်ပေါင်းများ၊ စိမ့်စမ်း ရေတံခွန် များ စွာကို ဖြတ်ကျော်ခဲ့၏။ သစ်ပင်ခွကြားတွေနှင့် ကျောက်ဆောင်၊ ကျောက်ဖျာတို့သည် ဆရာဂျိန်း ၏ ဆရာဂျိန်း ၏ ပန်းမွေ့ရာများသာတည်း။

ဤသတ္တလောကတွင် မနုဿလူသားဟူ၍ မိမိတစ်ဦးတည်းသာ ကျန်တော့သလောဟု ခံစားမိလောက် အောင် အထီးကျန်နိုင် လှသည့် နေ့ရက်များစွာကို ကျော်လွှားခဲ့၏။
ဤအထီးကျန်နိုင်လှသော ခရီးတစ်လျှောက်တွင် ကြည်နူးလွမ်းမောဖွယ်ဘ၀ အိုအေစစ်တစ်ခုကိလည်း ကြုံခဲ့ရသေး ၏။ မြေပြင်ထက်တွင် ကုန်းထနေသည့် တောင်ကုန်းကလေးများပေါ်မှ တောင်ယာခင်းနှင့် တဲကလေး များ။ တောင်ယာခင်းလမ်း၏ ၀ဲယာတွင် ဆံမြိတ်ချကာ ကလေးကိုယ်စီပိုး၍ တန်းစီနှုတ်ဆက်နေ သော ပြောင်းပင်များ၊ နဖူးထိပ်တွင် ပုလဲလုံး ပန်ဆင်၍ လေအဝေ့တွင် မနောကနေသည့် ပိန်းရွက် ပျိုလေး များ။ လေလှိုင်းနှင့်အတူ ယိမ်းနွဲ့ဆော့ကစားနေသည့် မြစိမ်းရောင် စပါးပင်များ။ ပင်ပန်းနွမ်းဟိုက် ၍ ဆာ လောင်မွတ်သိပ်နေသည့် မိမိအား လက်ခုပ် လုပ်စေ ၍ ပြောင်းဖူးနုနုဖုတ် ၍ ခြွေကာခြွေကာ ထည့်ပေးကြ သည့်ယာခင်းရှင် မနုဿသမီးပျိုလေးများ။

သူတို့ရွာဆီ ရာသက်ပန်အလည်လိုက်ရန် ဖိတ်ခေါ်နေသည့် သူလေးများ၏ အကြင်နာ သွေးဆောင်သံများ။
ပြုံးပန်းဝေဆာ ၍ မိမိအား စိုက်ကြည့်နေကည့် သူလေးများ၏ အကြင်နာမျက်ဝန်းလေးများ။
ထိုထိုသော အရာများသည် သူ၏ အထီးကျန်မှုကို တဒင်္ဂမေ့ပျောက်စေခဲ့၏။ မိမိ၏ ၀န်လေးပင်ပန်း၍ အဆင် မပြေနိုင်သော ဘ၀ကို စက်ဆုပ်မိ၍ သူလေးများနောက်တကောက်ကောက် လိုက်ကာ ဘ၀ခြေရာ ဖျောက်ရန်ပင် စိတ်ကူး မိတော့၏။
သို့သော် ချစ်လှစွာသော မိသားစု၏ သံယောဇဉ်ကြီးတစ်မျှင်ကို မဖြတ်တောက်နိုင်၍ သူလေးများအား လေးလံလှစွာဖြင့် ညာလက်မောင်းကိုမြှောက် ကာ ဝှေ့ယမ်းနှုတ်ဆက် ၍ နှေးကွေးသော ခြေလှမ်းများဖြင့် ခရီးဆက်ခဲ့၏။

ထိုမှ လူသားကင်းမဲ့သော တောကြီးမျက်မည်းထဲတွင် တောရိုင်းတိရစ္ဆာန်တစ်ကောင်ပမာ လှုပ်ရှားလာခဲ့ရာ လူသားချင်း စကားပြောဆိုလိုမှု၊ တွေ့ထိဆက်ဆံလိုမှုစသည့် လူသား၏ ဇာတိပကတိ တဖွားဖွားပေါက်လာ သည် ကိုလည်း အံ့သြစွာ ခံစားမိတော့။
ဆရာဂျိန်း ပထမ လူသားအသိုက်အအုံမှ ထွက်ပြေးလာပြီး မိုင်ပေါင်းများစွာ ဖြတ်သန်းလာသည့်အခါ လူသား အသိုက်အအုံ တစ်ခုသို့ ရောက်ရှိလာ၏။ ထိုနေရာကား ဆွမ်ပရာဘွမ်မြို့တည်း။
ဆွမ်ပရာဘွမ်မြို့ ၏ မြောက်ဖျား တောစပ်ချုံပုတ်မှ ခုန်ထွက်၍ မြို့မြေကိုနင်းမိသည့်အချိန်တွင် ဖော်ပြနိုင်စွမ်း မရှိ သည့် ၀မ်းသာကြည်နူးမှု တစ်ရပ်ကို ခံစားမိလေတော့၏။
ဆွမ်ပရာဘွမ်မြို့ အား လွှမ်းခြုံထားသည့် စိမ်းစိမ်းစိုသော မြက်ခင်းပြင်တွင် ကျောပိုးအိတ်ကို ပစ်ချကာ လှဲချ လိုက်ပြီး မြို့ဘက် ဆီသို့ လှမ်းမျှော်ကြည့်လိုက်၏။
" သာယာလေခြင်း၊ လှပလေခြင်း" ဟု ရင့်ကျူး လိုက်၏။

တစ်သက်တွင် ဤမျှ သာယာလှပသည့် မြင်ကွင်းမျိုး ဆရာဂျိန်း တစ်ကြိမ် တစ်ခါမျှ မမြင်ဖူးဘူး။
အုတ်နံရံနှင့် မိုးကောင်းကင်တွင်ဆုံးသော မြို့ပြ၏ မြင်ကွင်းနှင့်မတူ။ လယ်ကွင်းပြင်နှင့် သစ်ပင်ထိပ်ဖျားတွင် ဆုံးသော မြေပြန့်ဒေသ၏ ရှုခင်းနှင့်လည်းမဆိုင်။ ကြည်ပြာသော မိုးကောင်းကင်၊ တောက်ပသော နေရောင် အောက်တွင် တစ်လောကလုံး သာယာလှပနေသည်ဟု ဆရာဂျိန်း ထင်မိ၏။
အထီးကျန်သောဘ၀မှ လွတ်မြောက်၍ ကြည်နူးဝမ်းသာမှုမှ ပေါက်ဖွားလာသော ခံစားချက် တစ်ရပ်ကြောင့် ဖြစ်ကောင်းဖြစ်မည်။ သို့သော်လည်း တကယ်ပင်လှပသည့် ရှုခင်းဟု ဆရာဂျိန်းမှတ်ချက်ချမိ၏။
ဆွမ်ပရာဘွမ်မြို့ ၏ အနေအထားမှာ တောင်ကုန်းတစ်နေရာတွင် တည်ရှိကာ မြောက်ဘက်မှ တောင်ဘက် သို့ တဖြည်းဖြည်း နိမ့်ဆင်းသွား၏။ ကွေ့ကောက်သော လမ်းမ၏ ၀ဲယာတွင် ချယ်ရီပင်များ စီတန်းနေ၏။ တစ်မြို့လုံး စိမ်းမြမြ မြက်ခင်းဖြင့် စိုစိုပြည်နေ၏။ ဆောက်လုပ်ရေး ဗိုလ်တဲရှိသည့် မြောက်ဘက်မြို့ထိပ်ဆီမှ ကြည့် လိုက်သော် ပြည်သူ့ဆေးရုံ၊ ဘောလုံးကွင်း။ အစိုးရရုံးများ၊ တောင်တန်း ၀န်ထောက်နေအိမ်၊ စာသင် ကျောင်း၊ လူနေ အိမ်ခြေများ၊ ဘုရားရှိခိုးကျောင်း စသည်ဖြင့် အစီအရီတွေ့ရ၏။

ထိုမှလွန်၍ တောင်ဘက်ဆီသို့ ကြည့်လိုက်လျှင် လုံဂျာ ဘွမ်တောင်ကို ကွေ့ပတ်ဖောက်ထားသော ဆွမ်ပရာ ဘွမ်-မြစ်ကြီးနား ကားလမ်းကို မြုပ်ချည်ပေါ်ချည် ပန်းချီကားကောက်ကြောင်းအလား တွေ့ရ၏။
အရှေ့တောင်ဘက် တွင်ကား လျှိုမြောင် ချိုင့်ဝှမ်းများ၊ တောင်စဉ်တောင်တန်းများ၊ တောင်ထိပ်တောင်စွယ် များ၊ စိမ်းညို့ညို့ သစ်ပင်ကြီးများ၊ ဟိုအဝေးမိုးကုပ်စက်ဝိုင်းရှိ တောင်ပြာတန်းကြီးများအထိ မိုင်ပေါင်းများစွာကို ရှုမငြီးဖွယ် ရာတွေ့ရ၏။
ကြည်ပြာသော မိုးကောင်းကင်ထက်တွင်ကား တိမ်မျှင် တိမ်လွှာများ ဟိုတစ်စု သည်တစ်စု လွင့်မျောနေ၏။
ဆရဂာဂျိန်း သည် မြင်ကွင်းတစ်ရပ်လုံးအား တ၀ကြည့်ပြီး အသံလာရာ ကောင်းကင်တစ်နေဆီသို့ စူးစိုက် နေမိ၏။ လေယာဉ်ပျံတစ်စင်းသည် သူ၏ အထက်တည့်တည့် မြင့်မားလှသည့် ဝေယံထက်တွင် ကြိုးကြာ ငှက်ကြီးနှယ် တရွေ့ရွေ့ လှုပ်ရှားပျံသန်းနေ၏။

ဤတစ်ကြိမ်တွင် ဆရာဂျိန်းသည် လေယာဉ်ပျံအား မျက်စိတစ်ဆုံး လိုက်ကြည့်မိသည်။
လေယာသ်ပျံ သည် မြင့်မားလှ၏။ ဆွေးမြည့်မြည့်အသံပြုနေသယောင် ဆရာဂျိန်း ခံစားမိ၏။ သူ့အား လိုရာ ခရီး ပို့ဆောင်ပေးရန် ပျက်ကွက်ခဲ့၍ တာင်းပန်နေလေသလော။
" အဲ  မင်းက တောင်ပံနဲ့ဆိုတော့ ခေါက်တုံ့ခေါက်ပြန် ငါ့ကို ကျော်သွားဦးပေါ့။ ငါ့မှာ ခြေနှစ်ချောင်း နဲ့ မြေပြင်ပေါ်မှာ ရှပ်တိုက်ပျံနေတာ မင်းကို ဘယ်မီပါ့မလဲကွာ" ဟု ရေရွတ်လိုက်၏။
ဆရာဂျိန်း သည် စိတ်ရှိလက်ရှိ အနားယူပြီး ကုန်းထကာ မြို့ဘက်ဆီသို့ မြင်းတစ်ကောင်အလား ကဆုန် ပေါက်ပြေးဆင်းသွား၏။
" ဟေး ... လူတွေ၊ လူတွေ "
ဆရာဂျိန်း ၀မ်းသာအားရ ရင့်ကျူးမိ၏။ လူတွေက သူ့အား ၀ိုင်းအုံမေးမြန်းကြ၏။ အံ့သြချီးကျူးကြ၏။ သူ ဘာတွေပြောပြ၍ ဘာတွေဖြေမိသည်ကို မသိတော့။ ၀မ်းသာပျော်ရွှင်မှုသည် သူ့အား ပေါ့ပါးသွက်လက် စေ၏။

စားစရာ ၀ယ်စား၏။ သောက်စရာလည်း ၀ယ်သောက်၏။ ရောင်းသမျှ ၀ယ်ချင်သည့်စိတ် ပေါ်လာ၍ သူနေ ထိုင်ရာ မြောက်ဖျားဒေသ၌ အလွန်ရှားပါးလှသည့် ဆီတစ်ပုလင်းကိုပင် အပြေးလွှားဝယ်မိသေး၏။ သူ့ခရီး စဉ်တွင် ဆီပုလင်းသည် အသုံးမတည့်ကြောင်း နောင်မှသတိရ၍ လက်ဆောင်ပေးထားခဲ့၏။ သူ့ခရီးစဉ်တွင် ဆီမလိုပါ။ ဆန်နို့ဆီဘူး တစ်လုံးနှစ်လုံးပါလျှင်ပင် လုံလောက်လေသည်။ ရှည်လျားလှစွာသော ခရီးကို ဆက်ရဦးမည်။

ဆရာဂျိန်း သည် တတိယပိုင်းခရီးကို ခြေနှစ်ချောင်းဖြင့် စတင်ပြန်သည်။
ပထမပိုင်း မိုင်တစ်ရာ့နှစ်ဆယ်ကို ခြေကျင်လျှောက်၍ ပူတာအိုလေယာဉ်ကွင်းရောက်၏။
ဒုတိယပိုင်း မိုင်ရှစ်ဆယ်ကျော် လျှောက်၍ ဆွမ်ပရာဘွမ်မြို့ရောက်၏။
တတိယပိုင်း မိုင်တစ်ရာနှစ်ဆယ် လျှောက်ရဦးမည်။

ဤခရီးသည် ပထမနှင့် ဒုတိယခရီးထက်စာလျှင် သက်သောင့်သက်သာရှိမည်ဟု ထင်ရ၏။ မြေပုံပေါ်တွင် ကားလမ်း အထင်အရှားရှိနေသည်မဟုတ်လော။ တကယ်တမ်းတွင်ကား ဤခရီးစဉ်သည် အခက်ခဆုံး၊ အကြမ်းတမ်းဆုံး၊ အန္တရာယ်အထူပြောဆုံးခရီးဖြစ်၏။ ကျားစာဖြစ်နိုင်သလို မြွေပေါက်၍လည်း ဇီဝိန်ချုပ်နိုင် ၏။ လူမှားခံရ၍လည်း မြေသြဇာဖြစ်နိုင်၏။ မရဏနိုင်ငံသွားရာလမ်းခွဲသည် နီးကပ်စွာ တည်ရှိနေသည်။
သူသည် သာမန်ထက် သုံးဆမြန်သော ခြေလှမ်းများဖြင့် ခရီးစခဲ့၏။ ခြောက်ပေရှိသော သူ၏ အရပ်ကလည်း လမ်းခရီး ကို အတန်ငယ် ကျုံ့သွားစေသယောင်ရှိ၏။ အသွားအလာမရှိသော လမ်း၏ ၀ဲယာချုံနွယ်များ၊ ကိုင်းမြေ များ၊ လမ်းလယ်တွင် ယှက်နေကြရာ ဆရာဂျိန်းသည် လက်မောင်းနှစ်ဖက်ကို ဒိုင်းလုပ်၍ ဒဏ်ရာ ရနေသော တိရစ္ဆာန်တစ်ကောင်ပမာ အတင်းတိုးဝှေ့၏။ တုံးတိုက်တိုက် ကျားကိုက်ကိုက် ဆိုသည့် စကားပုံမှာ ဆရာဂျိန်းအတွက် အထူးစပါယ်ရှယ်ဖွဲ့ဆိုထားလေသလော။

လမ်းတစ်လျှောက်လုံး တုံးတွေ ပြည့်နေ၏။ ကျားတွေ ရှိနေ၏။ တုံးတိုက်၍ လဲမည်ကိုလည်း မစိုးရိမ်၊ ကျားကိုက် မှာကိုလည်း မကြောက်၊ မြွေပေါက်မှာကိုလည်း မမှု။ ပါးစပ်နှင့်နှာခေါင်းကို အလွတ်မပေးတတ် သည့် ၀က်ဝံအန္တရာယ် ကိုလည်း ထည့်မတွက်အားတော့။
ရှေ့မှ ရှေ့သို့သာ။ ပိန်းပိန်းပိတ်တောနက်ထတွင် လမ်းမှား၍ မူလနေရာ ပြန်ရောက်သော အကြိမ်များမှာ လည်း မနည်းတော့။ အဆိုးဆုံးမှာ လမ်းရှိလျက်နှင့် ဆွမ်ပရာခါ် မြက်ပင်များ ဖုံးအုပ်၍ သွားလာမရခြင်းဖြစ် ၏။ သူသည် ဆွမ်ပရာမြက်များအား လက်နှစ်ဖက်ဖြင့် အတင်းဆွဲဖြဲ၍ ကိုယ်ကို ပစ်သွင်းသည့်နည်းဖြင့် သွားခဲ့၏။ ဤတတိယ ခရီးတွင် အိမ်ပျက်များ၊ ရွာပျက်များ စသည့် လူလောက၏ အနိဋ္ဌာရုံများကို ဆရာဂျိန်း များစွာ ကျော်ဖြတ်မိ ၍များစွာ စိတ်ညစ်ညူးဆင်းရဲခဲ့ရ၏။

ဤခရီးစဉ်တွင်လည်း ကျောင်းဆရာဟူသော ဂုဏ်ပုဒ်သည် သူ့အား များစွာ အကာအကွယ်ပြုခဲ့ကြောင်း ဆရာဂျိန်းတွေ့ရပြန်၏။
စားစရာပေးကြ၏။ အိပ်ရန်နေရာ၊ ခြုံရန်စောင်ပေးကြ၏။ လူသားတို့၏ အဆင့်အတန်း ခွဲခြားမှုနှင့် အတ္တသဘော ကို ပူတာအိုလေယာဉ်ကွင်းတွင် ဆရာဂျိန်းတွေ့ကြုံခံစား စက်ဆုပ်မိသော်လည်း လူသား တို့၏ ရိုင်းပင်း ကူညီလိုမှုနှင့် အကြင်နာတရားကို ဤခရီးစဉ်တွင် ဆရာဂျိန်းတွေ့ရှိခဲ့၏။
ခိုက်ခိုက်တုန်သော တစ်ညတွင် သစ်ပင်ရင်းတစ်နေရာ၌ သစ်မွှေးရှာသူနှစ်ဦးမှ တစ်ထည်တည်းသော စောင်ကို သူ့အား လွမ်းခြုံပေး၏။ သူတို့နှစ်ဦးမှာ တစ်ယောက်တစ်လှည့် မီးမွှေး၍ ငုတ်တုတ်ထိုင်ကာ မိုးစင် စင်လင်း၍ နေခြည်ဖြာသည်အထိ မိမိအား နွေးထွေးစေခဲ့၏။ ထို့ကြောင့်သာ ပေါင်နှစ်လုံးကြားလက်အစုံ လျှိုသွင်း၍ အိပ်ရာမည့်ဘ၀မှ လွတ်မြောက်ခဲ့ရသည်ကို ဆရာဂျိန်း တစ်သက်လုံး အမှတ်ရနေပေမည်။

တစ်စခန်း တစ်နေရာတွင် ဟန်းကောနှင့် ထမင်းချက် စားနေကြသော ရဲဘောများက ပဲဘူးလွတ်ဖြင့် ထမင်း ချက် စားသော မိမိအား လက်ဖျားခါချီးကျူး၍ ၄င်းတို့တွင် ရှိစုမဲ့စု ရိက္ခာမျှဝေ ကျွေးသည်ကိုလည်း ဆရာဂျိန်း မေ့ဖျောက်၍ မရနိုင်။ တစ်စခန်းတပ်ကြပ်ကြီးသည် ဆရာဂျိန်း၏ ခရီးသွား လက်မှတ်ပေါ်တွင် ခုချိန်မှ စ၍ သင်သွားလိုရာသို့ သွားနိုင်သည်" ဟု ရေးပြီး စခန်းမှူးဗိုလ်ကြီးအား လက်မှတ်ထိုးစေရာ ဗိုလ်ကြီးက လက် မှတ်ရေးထိုးပေးပြီး စာသားပြင်ရေးရန် အမိန့်ပေးလေသည်။ ဆရာဂျိန်းသည် ခရီးသွားလက်မှတ်ကို တပ် ကြပ်ကြီး လက်မှလုယူပြီး သူ၏အိပ်ထောင်ထဲသို့ ထည့်လေသည်။ နောင်မိမိအိမ်ရောက်သောအခါ ထိုခရီး သွားလက်မှတ် ကို သေတ္တာထဲ သေချာသိမ်းထားရန်၊ မိန်းမဖြစ်သူအား အမိန့်ပေးပြီး " ဒီလက်မှတ်ပျောက်ရင် မင်း နဲ့ ငါနဲ့တွေ့မယ် " သတိပေးစကားပြောဆိုလေသည်။

သွားဖန်များ ခရီးရောက်ဆိုသည့်အတိုင်း လ၀က်ကျော်သည့်အခါ ဆရာဂျိန်း မိုင်လေးရာ ခရီးပေါက် ၍ ရွှေမြို့ တော်မြစ်ကြီးနားသို့ ရောက်ခဲ့တော့၏။
မြစ်ကြီးနားသို့ ရောက်သောအခါ အံ့သြခြင်း၊ ၀မ်းသာခြင်း၊ ရောပြွန်းသောမျက်နှာများဖြင့် အပေါင်းအသင်း များက ဆီးကြိုကြ၏။
သူတို့က ပြောပြကြ၏။ လေယာသ်ကွင်းမြို့တွင် ပွက်လောရိုက်သွားတဲ့အကြောင်း၊ မိုက်ရူးရဲဟု ရှုတ်ချကြ သည့် အကြောင်း၊ တချို့က သတ္တိ၊ ဗျတ္တိအတွက် အံ့သြချီးမွမ်းသည့်အကြောင်း၊ ထိုသို့သော အတင်းအဖျင်း များတွင် တူညီသော အချက်တစ်ခုတော့ ရှိကြောင်း၊ ထိုအချက်မှာ ဆရာဂျိန်းတစ်ယောက် ရုပ်နှင့် နာမ်မြဲ၍ မြစ်ကြီးနား သို့ ရောက်လာမည်မထင်သည့်အကြောင်း။

မည်သူတွေ မည်သို့ပြောပါစေ၊ ဆရာဂျိန်းသည် ကျောင်းအုပ်ဆရာကြီး၏ နေအိမ်ဆိုသော၊ လေတိုက်လာလျှင် ပြိုလဲမည်စိုး၍ အပြင်တွင် ထွက်ထိုင်နေရသော ၀ါးတဲနဲ့နဲ့မှ ထွက်လာသည့် တစ်လနီးပါး အချိန်တွင် မိုင်လေးရာ ခရီး ကို ဖြတ်ကျော်လာပြီး မြစ်ကြီးနားမြို့သို့ ရောက်ခဲ့၏။ မိုက်ရူးရဲ၊ သတ္တိ၊ ဗျတ္တိနယ်ပင် အကျယ်အ၀န်းနှင့် နယ်ခြား မှတ်တိုင်ကို ဆရာဂျိန်းမှ မစစ်ဆေးလို။ အသက်နှင့် ရင်း၍ စတန့် ထွက်ထွင်ခြင်းလည်း မဟုတ်။ သူ၏ တစ်ခု တည်းသော ဦးတည်ချက်မှာ တိုတောင်းသောကာလအတွင်း မိသားစုနှင့် ပေါင်းဆုံရေးသား။ သဘာဝနှင့် လူ့ပယောဂ ပေါင်းစပ် သည့် အတားအဆီး ကို ခေါင်းငုံ့မခံလို သည့် မာနတရားပါကောင်းပါမည်ဖြစ်သော်လည်း အဓိက မှာ မိသားစု အရေးပင်ဖြစ်၏။

မည်သူက မည်သို့ဝေဖန်ပါစေ၊ ဆရာဂျိန်းမှာ ယနေ့အဖို့ အောင်နိုင်သူဖြစ်သည်ကို မည်သူမျှ မငြင်းနိုင်။
ပူတာအိုလေယာဉ်ကွင်း တွင် သူ၏ အပေါင်းအသင်းအချို့ ယနေ့တိုင် လင်းတမှိုင် မှိုင်နေကြ ဆဲ။ စောင့်ကြ ပေ ဦးပေါ့။

ခရီးကား မဆုံးသေး။ ဆက်ရဦးမည်။ ခရီးစဉ် စတုတ္ထပိုင်းသည် ခြေနှစ်ချောင်းလှုပ်ရှားရန် မလိုတော့။ တွဲထဲ ၀င်ထိုင်လိုက် လျှင် ရထားက လိုရာခရီးသို့ ဆွဲခေါ်သွားပေလိမ့်မည်။ ဤခရီးစဉ်တွင် ဆိုဖာနှင့် အထက်တန်း နေရာ ရှိသည်ကို ဆရာဂျိန်းသိပါ၏။ သို့သော် ထိုအရာများသည် သူကဲ့သို့ ကျောင်းဆရာနှင့် အက်စပ်လှ သည်မဟုတ်။ အရေးကြီး ပုဂ္ဂိုလ်များနှင့် ငွေ မတန်တဆရှိသူများ အတွက်သာဖြစ်သည် ကိုဆရာဂျိန်း သိပြီးဖြစ်၏။ ထိုနေရာကို ဆရာဂျိန်း မမက်မော ပါ။ ရထားသည် မဆံ့တော့ဘူး မရှိ၊ နောက်ဆုံး ပြူတင်းတံခါးဘောင်တွင် ထိုင်လိုက်ရလိုက်ရ ဆရာဂျိန်း ကတော့ ဆက်သွားမည်သာ။
ခရီးစဉ် ပဉ္စမပိုင်းကို ကားစီးရ၏။ ယခုတော့ ရောက်ခဲ့ပါပြီ။
ကသာမြို့။ မိသားစုရှိရာမြို့။

သူ ကားဂိတ်မှ ဆိုက်ကားပင် မစီးတော့ပဲ ကျောပိုးအိတ်ကို လွယ်ကာ အိမ်ရှိရာဘက်ဆီသို့ ပျော်ရွှင်လန်း ဆန်း တက်ကြွသော ခြေလှမ်းများဖြင့် လှုပ်ရှားလာခဲ့၏။ သူသည် အိမ်ခြံဝင်းထဲသို့ မပြေးရုံတစ်မည် လှမ်းဝင် လိုက်၏။
အိမ်တစ်ခု လုံး တိတ်ဆိတ်နေ၏။ ဘယ်များ သွားကြပါလိမ့်။ အိမ်ရှေ့တံခါးတော့ ပွင့်နေ၏။ အိမ်လှေကားကို နင်းလိုက်သည်နှင့် တစ်ခုခုတော့ ထူးခြားနေသလို ခံစားမိ၏။
သူ သည် လှေကားကို တစ်ထစ်ချင်းဖော့နင်း၍ တက်သွားကာ ဧည့်ခန်းဆီသို့ လှမ်းဝင်သွား၏။ သစ်လွင် တောက်ပနေသော ဆက်တီကုလားထိုင်များ တွေ့ရ၏။ ဟ ငါ့မိန်းမတယ်ဟုတ်ပါလားဟု စိတ်ထဲ မှ ရေရွတ် မိ၏။
နံရံဘက် သို့ ကြည့်လိုက်၏ ဟိုက်ဘယ်သူ့ပုံတွေပါလိမ့်။ ငါပုံတွေလည်းမဟုတ်ပါလားဟု အထိတ်တလန့် မျက်လုံးဖြင့် ဝေ့ကြည့် လိုက်၏။

ကျောပိုးအိတ်ကို စားပွဲပေါ်တွင်ပျစ်ချပြီး ကုလားထိုင်တစ်လုံးပေါ်တွင် ထိုင်ချလိုက်၏။
" သြ-ဧည့်သည်ရောက်နေတာတောင် မသိလိုက်ဘူး။ နေ့လည်ကားနဲ့ ပါလာတာထင်တယ် "
အသက်အစိတ်ခန့်ရှိ မိန်းမရွယ် တစ်ယောက် ထွက်လာပြီးပြော၏။
ဆရာဂျိန်း၏ မျက်လုံး အနည်းငယ် ပြူးကျယ်သွား၏။
" ဧည့်သည် မဟုတ်ပါဘူး။ ကျုပ် အိမ်ရှင်ပါ။ တူမကြီးက ဘယ်ကလဲ "
" ရှင် အိမ်မှားနေပြီ ထင်တယ်၊ ဒါ ကျွန်မဦးလေး ဦးဇော်ဂမ်ရဲ့အိမ်ပါ "
ဆရာဂျိန်း၏ ဒေါသ ထောင်းခနဲပွင့်ထွက်သွား၍ မျက်နှာနီမြန်းသွား၏။ မိန်းကလေး၏ မျက်နှာတွင်လည်း စိုးရိမ်ကြောက်ရွံ့မှု လက္ခဏာများပေါ်လာ၏။ အကူအညီတောင်းသည့်ပုံဖြင့် တံခါးပြူတင်းများဆီသို့ လှမ်း ကြည့်လိုက်၏။

" အိမ်မှားနေတယ်၊ ဟုတ်လား၊ ဒီအိမ်မှာ ကျုပ် အနှစ်သုံးဆယ်ကျော်နေခဲ့တယ်။ ဟိုအပေါ်က ၀ါးကပ်တွေ ဟာ ကျုပ်ရဲ့ ဒီလက်နှစ်ဖက်နဲ့ ဒီနွေမှာ ရက်လုပ်ခဲ့တာပေါ့ကွာ "
ဟု လက်နှစ်ဖက် မြှောက်ပြ၏။ မိန်းကလေးသည် စကားတစ်ခွန်းမျှ မပြောဘဲ ကြောင်အမ်းအမ်းဖြစ်နေရှာ၏။
" အဲ-ငါ အခု ကျောင်းပိတ်လို့ ငါ့မိန်းမနဲ့ တွေ့အောင်ုလို့လာတယ်။ ခု ငါ့မိန်းမကို မတွေ့ဘဲ မင်းကိုပဲ တွေ့ရ တယ်။ တူမကြီးဟာ ငါ့မိန်းမ မဟုတ်ဘူးဆိုတာတော့ သေချာတယ် "
ဆရာဂျိန်း သည် ပြောသင့်၊ မသင့် မစဉ်းစားနိုင်တော့။ စိတ်ညစ်ညစ် စိတ်ပေါက်ပေါက်နဲ့ ပါးစပ်မှ ထွက်ချင်ရာ ထွက်သွား၏။
တစ်လ နီးပါးသော ခရီးကို အသက်ဖကနှင့်ထုပ်၍ စွန့်စားကာ အိမ်ရောက်ခဲ့ပါပြီ။ သူ အနှစ်သုံးဆယ်ကျော် နေ ခဲ့သော သူကိုယ်တိုင် တိုင်ထူခဲ့သော အိမ်ကိုများ အိမ်မှားနေပြီတဲ့။
ဆရာဂျိန်း တော်တော် စတ်တို၏။ ထိုစဉ် အိမ်ရှေ့ပေါက်မှ လူကြီးတစ်ယောက် ၀င်လာ၏။ မိန်းမလေး၏ မျက်နှာသည် ၀င်းထိန်သွား၏။ စစ်ကူရောက်ပြီပေါ့။

" ဟာ-ဆရာဂျိန်း၊ ဘယ်တုန်းက ရောက်လာသလဲ၊ ကျွန်တော် ဆရာကို မြင်လိုက်တာနဲ့ လိုက်လာတာ "
" ခုပဲ ရောက်တယ် ဦးနော်တောင်" မိန်းကလေးသည် ဆရာဂျိန်းဆိုသူအား တစ်လှည့်၊ ဦးနော်တောင် ဆိုသူ အား တစ်လှည့် ကြည့်နေရှာ၏။ အမှန်တော့ သူမ နှစ်ဦးစလုံးကို မသိပါ။
" ဒီအိမ်ကို ဆရာမ ရောင်းလိုက်ပြီ၊ အဲဒါ ဆရာ မသိသေးဘူးနဲ့တူတယ်"
ဦးနော်တောင်က ရှင်းပြ၏။
" ဘာ-ရောင်းလိုက်တယ်၊ ဟုတ်လား "
ဆရာဂျိန်း၏ နှုတ်ခမ်းမှ အံ့သြမှုရောပြွမ်းသောစကားလုံးများ ခပ်ကျယ်ကျယ်ထွက်သွား၏။

" ဒါနဲ့ သူတို့ ဘယ်ေ၇ာက်ကုန်ပြီလဲ "
" သိပ်ဝေးပါဘူး၊ ဒီရပ်ကွက်ထတြင်ပါ။ ဆရာမက အိမ်တစ်လုံးဝယ်ထားတယ်။ လာလာ၊ ကျွန်တော် လိုက်ပို့ပေးမယ် "
ဆရာဂျိန်းသည် ဘ၀င်မကျသော အမူအရာဖြင့် ထလိုက်၏။
ဤအိမ်ကို သူ သံယောဇသ်ရှိ၏။ အနှစ်သုံးဆယ်ကျော်နေလာခဲ့ပြီးပြီ မဟုတ်လား။
" ဒီမိန်းမ ရူးသွားပြီထင်ပါတယ် "
ဟု တစ်ချက် ရေရွတ်လိုက်ပြီး မိန်းကလေးဘက်ဆီသို့ လှည့်ပြီး -
" တူမကြီး ဦးလေးပြောခဲ့တာတွေ စိတ်မရှိနဲ့နော်။ ဦးလေးက မောမောပန်းပန်းနဲ့မို့ ဘာတွေ ပြောမိ မှန်း တောင် မမှတ်မိတော့ပါဘူး "
" ကိစ္စမရှိပါဘူးရှင် "
မိန်းကလေးသည်လည်း အခုမှ ဇာတ်ရည်လည်သွား၏။

တကယ်တော့ သူမသည်လည်း ဒီအိမ်ရောက်လာတာ နှစ်ရက်သာရှိသေး၏။ ပတ်ဝန်းကျင် အသိအကျွမ်း လည်းမရှိသေး။ ယခု အိမ်ရှင်များ အပြင်ထွက်ကြ၍ အိမ်စောင့်ကျန်နေခြင်းဖြစ်၏။
ဆရာဂျိန်းသည် သူ၏ အိမ်သစ်ရှိသည်ဆိုသော နေရာသို့ စိတ်လက်မကြည်မသာနှင့် လိုက်ပါလာခဲ့၏။ အိမ် တစ်လုံး၏ ခြံဝင်းတံခါးကိုဖွင့်၍ ဦးနော်တောင် ၀င်သွားရာ သူလည်း လိုက်သွား၏။
" ဆရာမရေ၊ ဟေး ဆရာမ။ ဒီမှာ ဧည့်သည်ခေါ်လာတယ် "
ဟု ဦးနော်တောင် ခေါ်လိုက်၏။ အိမ်ရှေ့တံခါးဝဆီသို့ ဆရာဂျိန်း၏ သားထွေး ပြေးထွက်လာ၏။ သူ့သား နောက် မှာ တော့သူ၏ ချစ်လှစွာသောဆရာမ။
" ဘ်လိုလဲ မိန်းမရာ၊ ကျုပ် ဟိုအိမ်မှာဝင်ပြီး စကားများလာခဲ့တယ် "
သူသည် သူ၏ ကျောပိုးအိတ်ကို ကြမ်းပြင်ပေါ်သို့ ပစ်ချပြီး ကုလားထိုင်တစ်လုံးတွင် ထိုင်ချလိုက်၏။

" ကျွန်မ စာရေးလိုက်သေးတယ်၊ ရှင်မရဘူးလား၊ ကျွန်မ ဒီအိမ်ကို သဘောကျလို့ ကျွန်မတို့ အိမ်ရောင်းပြီး ၀ယ်လိုက် တယ်။ လျှပ်စစ်မီးပါတယ် အစ်ကိုရဲ့။ ပြီးတော့ ကျွန်မတို့အိမ်လောက်ပဲရှိတယ် "
ဆရာဂျိန်း တစ်အိမ်လုံးကို မျက်စိဝှေ့ယမ်း အကဲခတ်ကြည့်၏။ အိမ်ကားမဆိုးလှ။ သူအိမ်ထက် အနည်းငယ် ပင်မြင့်သေး ၏ လျှပ်စစ်မီးကြိုးတွေနှင့်။
" ရေတွင်းတော့ မရှိဘူး၊ ဒါပေမယ့် ကျွန်မတို့ခြံနဲ့ ကပ်ရက်အိမ်မှာ ရေတွင်းရှိတယ်။ ရေလည်း အဆင်ပြေ တယ် "
ဟုတ်ပါသည်။ အိမ်ဟောင်းတွင် ရေတွင်းရှိသော်လည်း လျှပ်စစ်မီတာမရှိ။ ယခုအိမ်တွင် ရေတွင်းမပါသော် လည်းရေ အတွက်မပူရဟု သိရ၏။
သူ၏ ဇနီး သည် ဆရာဂျိန်း၏ ကျောပိုးအိတ်ကို အိမ်ခန်းထဲသွင်းထားလိုက်ပြီး ရေတစ်ခွက်ခပ်ပေး၏။ ဦးနော် တောင် အား ရေနွေးဘူး ချပေး၏။

" ဒါနဲ့ ကလေးတွေကော "
ဆရာမ၏ မျက်နှာသည် ချက်ချင်း အိုစာသွား၏။
" သမီးကြီး ဆေးရုံတက်နေတယ်၊ အကြီးကောင်က ကျောင်းက မပြန်လာသေးဘူး "
" သမီးအခြေအနေကော "
" ခုတော့ နေကောင်းသွားပါပြီ" မနက်ဖြန် ဆေးရုံဆင်းခွင့်ပေးမယ်လို့ ဆရာဝန်က ပြောတယ် "
တော်သေးတာပေါ့ဟု ဆရာဂျိန်း၏ စိုးရိမ်စိတ်များလျော့ပြေသွား၏။
" ဆရာကြီး ပင်ပန်းလာပြီ ကျွန်တော် ပြန်လိုက်ဦးမယ်။ ညဘက်တော့ တစ်ခေါက်လာလည်ဦးမယ် "
ဦးနော်တောင် က နှုတ်ဆက်၍ ထွက်သွား၏။

ဆရာဂျိန်း သည် ဇနီးသည်အား တစ်ချက်စိုက်ကြည့်ပြီး အိမ်အနေအထားကို အကဲခတ်ပြန်၏ အိမ်က ခိုင်ခိုင် တောင့်တောင့်ရှိ၏။ သူ့အိမ်ပုံစံနှင့်မကွာလှ။
" ဘယ့်နှယ်လဲ အစ်ကိုရဲ့၊ ဒီအိမ်ကို သဘောမကျဘူးလား၊ လျှပ်စစ်မီး မီတာပါတယ် အစ်ကို။ လျှပ်စစ် ညတိုင်း မရတောင် ရေနံဆီ ဖယောင်းတိုင်ဖိုး မနည်းသက်သာတယ်။ ပြီးတော့ လျှပ်စစ်မီးလာတော့လည်း လင်းလင်း ထိန်ထိန် ရှိတာပေါ့။ ကျွန်မတော့ ရေနံဆီမီးခွက်နဲ့ နေရတဲ့ဘ၀ ကို ငြီးငွေ့လွန်းလို့ ဇွတ်မှိတ်လုပ် လိုက်ရတယ် "
ဇနီးသည်က ရှင်းပြ၏။

" ခုမှတော့ ငါဘာမှမပြောလိုတော့ပါဘူး၊ ကောင်းပါတယ်။ ဒါပေမယ့်ကွယ် မိန်းမရယ်၊ နောက်တစ်ခါ ကိုယ်ဆင်းလာရင် အိမ်မှာပဲ အဆင့်တွေ့ချင်တယ်။ မတွေ့ရရင် ကျုပ်ဆွေးရချရဲ့"
" အစ်ကိုကလည်းကွယ်၊ မဟုတ်မဟတ်တွေ ပြောမနေပါနဲ့တော့။ လာ ရေချိုးပြီး ထမင်းစားရအောင် "
" ငါ သမီးကြီးဆီ သွားတွေ့ချင်တယ် "
" ထမင်းစားပြီး ညနေဘက်သွားကြတာပေါ့။ ခုနေတော့ တွေ့လို့ရဦးမယ် မဟုတ်ဘူး "
ဆရာမသည် ပြောပြောဆိုဆိုပင် ဆရာဂျိန်း၏ လက်ကိုကိုင်ပြီး ဆွဲမကာ ရေချိုးရန် ခေါ်သွားရာ ဆရာဂျိန်း လည်း အလိုက်သင့်ပါသွားတော့သည်။

မဟောသဓာမဂ္ဂဇင်း၊ အမှတ်-၁၆၊ ဇွန်၊ ၂၀၀၇
ဆက်ရန်
.

4 comments:

Anonymous said...

ဖတ်ရတာ...ဟက်ကော့ကြီး..
စွန့်စားခန်းကတော့ မိုက်တယ်...

လေယာဉ်လက်မှတ်မရတဲ့ ခံစားချက်ကို ကိုယ်ချင်းစာမိတယ်။

ီမ

Anonymous said...

အမ..အပိုင်း ၅ နဲ့ ၆ က မဆပ်ဘူးထင်တယ်..


ဇာတ်လမ်းက သတ်သတ်စီ ဖြစ်နေသလားလို့




ညီမ

Anonymous said...

မဆက်ဘူး ညီမ တပိုဒ် စီ ဝတ္ထုတိုတွေ

ရွှေစင်ဦး

Naing said...

A marvelous short novel with remarkable notes. Great !