ဖြူ ဝါ ပူ စီ
ဤ၀တ္ထု၌ ကျွန်တော်သည် ဇာတ်လိုက်မင်းသားအဖြစ်နှင့် ပါဝင်အသုံးတော်ခံတော့မည် ဖြစ်ပေရကား စာဖတ်သူများသိအောင် ကျွန်တော့်ကိုယ်ကျွန်တော် "ဆက်လဖက်-အင်ထလို" ဆိုလား အဲ့ဒါ လုပ်ထား မှ ဖြစ်ပေတော့ မည်။
မိဘမျိုးရိုး၊ မွေးသက္ကဇ်၊ ခုနှစ်နှင့် ဖော်ပြရသော် ကျွန်တော်ဘာမှ မမှတ်မိ။ ကျွန်တော့်အမေကိုလည်း ကျွန်တော် မသိ။ အဖေဆိုတာများတော့ ဝေလာဝေး။ အဲ... ကျွန်တော့်နာမည်ကိုတော့ အခု လူများ ခေါ်နေကြ၍ ကျွန်တော် သိရပါသည်။ "အောင်နက်" တဲ့ ....။
"အောင်နက်" ဆိုတော့ မိတ်ဆွေက ကျွန်တော့်ကို ခွေးလားဟု အောက်မေ့ကြပါလိမ့်မည်။ အထင်မ မှားကြပါနှင့်။ ခွေးမှခွေးအစစ်။ ခြေလေးချောင်း၊ အမြီးငေါက်တောက်နှင့် မိုးကိုကျောခိုင်းလို့။ ၀ုတ်.... ၀ုတ်... ၀ူး...တေးသံကျူးလေ့ရှိပါသည်။
ကဲ... အဘယ်ကဲ့သို့ ခွေးပေနည်း။ မေးချင်ကြပါသေးသလော။ အဲ့ဒါမှ မသိရင်ဖြင့် ခင်ဗျားလူအပဲ။
အောင်နက် ဆိုကတည်းက ဗမာနာမည်၊ ဗမာအိမ်က ဗမာခွေး၊ ဟိုဒင်းစားသော ခွေးဖြစ်ကြောင်း လယ်ပြင် ဆင်သွားသကဲ့သို့ တင်ကားကား၊ ရင်ထွားထွားနဲ့ ခင်ဗျားတို့လူသား အပျိုကလေးများပင် သိကြပါလိမ့်။
ကဲ... ပြောနေကြာရော့...ချောမေကညာတို့ ချစ်မှုရအောင် ကျွန်တော်အောင်နက်ရဲ့ ၀စ်ထု(၀တ္ထု) စပါတော့မယ်... ဂိန်။
လေနုအေးသည် ဘုရားစူး တကယ်ပဲ နော့နေဆဲကို (အလဲ့ ဂိန်... ငါတယ်ဟုတ်ပါလား) လှပချောမွတ်သော ငှက်ကလေး တို့သည် သစ်ပင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ သီးချင်းရေးဆရာ ရွေပြည်အေးနှင့် မြို့မငြိမ်း တို့ရေးပေးသော သူတို့၏ အိပ်ရာဝင်သီချင်းများကို ထန်းလျက်ရည်လူး သောအသံနှင့် ကြံသကာခံကို ဘက်ဂရောင်း ထား ၍ သီဆိုနေကြပါသည်....အဟိ။
တစ်နေ့လုံး ...တစ်နေ့လုံး ဘုရားစူးရပါစေရဲ့၊ ခရီးပန်းလာသော နေမင်းသည် ခြေထောက်ကို ရေမျှမဆေးဘဲ သူ၏ အိပ်ရာထဲ သို့ အိပ်ချင်မူးတူးနှင့် ၀င်လာလေပြီ။
ညသည် သူမ၏ မည်းနကမ်သော ကမ္ဗလာကို (ရောမ ခေါမက တင်ထားတာဆိုပဲ) တောင်ရိုး၊ တောင်တန်းတို့၏ ပခုံးများပေါ် သို့ (ခေါင်းကို မအုပ်ရဘူးတဲ့) တရိပ်ရိပ် တရေးရေးနှင့် ဖြန့်ကြဲ လွှမ်းမိုးလျက်ရှိလေသည်။ (စာပေလောက၌ သစ်လွင်သော စကားလုံးများဖြစ်အောင် မနည်းကြိုးစားနေ ရပါသည်။ ဘာသာပြန်စကားများဟု မဆိုကြပါနှင့်။ မသိချင်ယောင်ဆောင်နေကြပါ)
အမှန်မှာတော့ ကာသာဖြင့်ရင်ပဲ အမိညနေ နေ၀င်ပြီးတဲ့အချိန်ကလေးမှာပဲ လေပြင်လေညင်းက တိုက်ခတ် လို့ ကျေးငှက်တွေက အိပ်ရာနေရာလုကျရင်း ကျွီလီ မလီနဲ့ ဆဲဆိုနေကြပါပကော.... ကျွန်တော်က ဘာတတ်နိုင် ပါသေးသလဲ၊ ဒါပဲ အတိတ်သားကောင်သည် အနာဂတ်မိခင်၏ ရင်ခွင်မှ ပစ္စုပ္ပန်သမီးပျိုကို ဂေါ်နေပါကကော (အမယ်လေး... လက်ဝဲစားရေးဆရာ ဆိုတဲ့လူတွေ လေသံပါ အောင်သာ ကြိုးစားရေးလိုက် ရတယ်၊ အောင်နက်က သူတို့လို မတတ်တော့ တယ်ပြီး ချော့ချက် ပါးဖက်နမ်းပြီး သင်ပေးခိုင်းဦးမှပဲ၊ ကဲဗျာ... ဖားတု လို့ ခရုမခုန်တော့ပါဘူး၊ ရိုးရိုးပဲ ရေးပါတော့မယ်)
ဤ၀တ္ထု၌ ကျွန်တော်သည် ဇာတ်လိုက်မင်းသားအဖြစ်နှင့် ပါဝင်အသုံးတော်ခံတော့မည် ဖြစ်ပေရကား စာဖတ်သူများသိအောင် ကျွန်တော့်ကိုယ်ကျွန်တော် "ဆက်လဖက်-အင်ထလို" ဆိုလား အဲ့ဒါ လုပ်ထား မှ ဖြစ်ပေတော့ မည်။
မိဘမျိုးရိုး၊ မွေးသက္ကဇ်၊ ခုနှစ်နှင့် ဖော်ပြရသော် ကျွန်တော်ဘာမှ မမှတ်မိ။ ကျွန်တော့်အမေကိုလည်း ကျွန်တော် မသိ။ အဖေဆိုတာများတော့ ဝေလာဝေး။ အဲ... ကျွန်တော့်နာမည်ကိုတော့ အခု လူများ ခေါ်နေကြ၍ ကျွန်တော် သိရပါသည်။ "အောင်နက်" တဲ့ ....။
"အောင်နက်" ဆိုတော့ မိတ်ဆွေက ကျွန်တော့်ကို ခွေးလားဟု အောက်မေ့ကြပါလိမ့်မည်။ အထင်မ မှားကြပါနှင့်။ ခွေးမှခွေးအစစ်။ ခြေလေးချောင်း၊ အမြီးငေါက်တောက်နှင့် မိုးကိုကျောခိုင်းလို့။ ၀ုတ်.... ၀ုတ်... ၀ူး...တေးသံကျူးလေ့ရှိပါသည်။
ကဲ... အဘယ်ကဲ့သို့ ခွေးပေနည်း။ မေးချင်ကြပါသေးသလော။ အဲ့ဒါမှ မသိရင်ဖြင့် ခင်ဗျားလူအပဲ။
အောင်နက် ဆိုကတည်းက ဗမာနာမည်၊ ဗမာအိမ်က ဗမာခွေး၊ ဟိုဒင်းစားသော ခွေးဖြစ်ကြောင်း လယ်ပြင် ဆင်သွားသကဲ့သို့ တင်ကားကား၊ ရင်ထွားထွားနဲ့ ခင်ဗျားတို့လူသား အပျိုကလေးများပင် သိကြပါလိမ့်။
ကဲ... ပြောနေကြာရော့...ချောမေကညာတို့ ချစ်မှုရအောင် ကျွန်တော်အောင်နက်ရဲ့ ၀စ်ထု(၀တ္ထု) စပါတော့မယ်... ဂိန်။
လေနုအေးသည် ဘုရားစူး တကယ်ပဲ နော့နေဆဲကို (အလဲ့ ဂိန်... ငါတယ်ဟုတ်ပါလား) လှပချောမွတ်သော ငှက်ကလေး တို့သည် သစ်ပင်ပေါ်၌ ဆောင့်ကြောင့်ထိုင်ကာ သီးချင်းရေးဆရာ ရွေပြည်အေးနှင့် မြို့မငြိမ်း တို့ရေးပေးသော သူတို့၏ အိပ်ရာဝင်သီချင်းများကို ထန်းလျက်ရည်လူး သောအသံနှင့် ကြံသကာခံကို ဘက်ဂရောင်း ထား ၍ သီဆိုနေကြပါသည်....အဟိ။
တစ်နေ့လုံး ...တစ်နေ့လုံး ဘုရားစူးရပါစေရဲ့၊ ခရီးပန်းလာသော နေမင်းသည် ခြေထောက်ကို ရေမျှမဆေးဘဲ သူ၏ အိပ်ရာထဲ သို့ အိပ်ချင်မူးတူးနှင့် ၀င်လာလေပြီ။
ညသည် သူမ၏ မည်းနကမ်သော ကမ္ဗလာကို (ရောမ ခေါမက တင်ထားတာဆိုပဲ) တောင်ရိုး၊ တောင်တန်းတို့၏ ပခုံးများပေါ် သို့ (ခေါင်းကို မအုပ်ရဘူးတဲ့) တရိပ်ရိပ် တရေးရေးနှင့် ဖြန့်ကြဲ လွှမ်းမိုးလျက်ရှိလေသည်။ (စာပေလောက၌ သစ်လွင်သော စကားလုံးများဖြစ်အောင် မနည်းကြိုးစားနေ ရပါသည်။ ဘာသာပြန်စကားများဟု မဆိုကြပါနှင့်။ မသိချင်ယောင်ဆောင်နေကြပါ)
အမှန်မှာတော့ ကာသာဖြင့်ရင်ပဲ အမိညနေ နေ၀င်ပြီးတဲ့အချိန်ကလေးမှာပဲ လေပြင်လေညင်းက တိုက်ခတ် လို့ ကျေးငှက်တွေက အိပ်ရာနေရာလုကျရင်း ကျွီလီ မလီနဲ့ ဆဲဆိုနေကြပါပကော.... ကျွန်တော်က ဘာတတ်နိုင် ပါသေးသလဲ၊ ဒါပဲ အတိတ်သားကောင်သည် အနာဂတ်မိခင်၏ ရင်ခွင်မှ ပစ္စုပ္ပန်သမီးပျိုကို ဂေါ်နေပါကကော (အမယ်လေး... လက်ဝဲစားရေးဆရာ ဆိုတဲ့လူတွေ လေသံပါ အောင်သာ ကြိုးစားရေးလိုက် ရတယ်၊ အောင်နက်က သူတို့လို မတတ်တော့ တယ်ပြီး ချော့ချက် ပါးဖက်နမ်းပြီး သင်ပေးခိုင်းဦးမှပဲ၊ ကဲဗျာ... ဖားတု လို့ ခရုမခုန်တော့ပါဘူး၊ ရိုးရိုးပဲ ရေးပါတော့မယ်)
ဤလ ဤရာသီကား ကျွန်တော်တ ချမ်းအေးခြင်းမှ ကာကွယ်ရန် ပြာများကို အိပ်ရာနေ များအတွက် သိုလှောင် ထားသင့်သော ဆောင်းရာသီပြာသိုလဖြစ်၍ ကျွန်တော်သည် တစ်နေ့သော နေ၀င်ဖျိုးဖျ ညဥ့်ကာလ ရောက်ခါနီး အချိန်ကလေး တွင် ကျွန်တော်၏ မအိစက် မညက်ညောသော မြေထက်ကမ္ဗလာ ပြာမွေ့ရာပေါ် ၌ အမြီးကုပ်၍ ခပ်ခွေခွေ ကလေး မှိန်းနေစဉ် ညင်သာသော ခြေသံ ကလေးတစ်ခုသည် ကျွန်တော်၏ အောက်ဘက်နားဝသို့ ကလိ ပါသဖြင့် အသာကလေး မျက်စိဖွင့် ကြည့်လိုက်ရာ ကျွန်တော့်တို့အိမ်ပေါ်က ကြောင်မလေး ပူစီသည် လူကြီး မိဘများ မြင်မှာကို စိုးရိမ် နေသော ရည်းစားထားတတ်ကာစ မိန်းမပျိုကလေး၏ အမူအရာမျိုးဖြင့် လျှောက် လာနေ သည် ကို မြင်ရပါသည်။
ပူစီကလေးမှာ သူတို့၏ အခါရာသီဖြစ်၍ ဟိုယခင်တုန်းကတွေ့ရသည်နှင့် မတူဘဲ ဆယ့်လေးငါးနှစ် အရွယ် မိန်းမပျို ကလေးကဲ့သို့ ကိုယ်လုံးကိုယ်ထည် ပြည့်ဖြိုး၍ အမူတစ်မျိုးဖြစ်နေသည်ကို မြင်ရ လေရာ ကျွန်တော့်မှာ ၀ါသနာ အလျောက် ဘာဂလိုတိုတို စိတ်ပေါက်၍ အိပ်ရာမှ လူးလဲထပြီး အမွေး၊ အလှေးတို့ကို ခါရန် သတိမရဘဲ ခြင်္သေ့ထိုင် ထိုင်ကာ နားရွက်နှစ်ခုကို စူလျက် သူ့ကို စိမ်းစိမ်းဝါးဝါးကြီး ကြည့်ရှု့နေမိပါတော့သည်။
ကျွန်တော့်အနီး သို့ ရောက်လာသောအခါ ပူစီမှာ ရုတ်တရက် ရှက်သွေးဖြန်းသွား၍ ရှန့်ခနဲဖြစ်သွား ကာ ကျွန်တော်တို့ ထုံးစံအတိုင်း ဟထားသော ပါးစပ်မှ သွားရည်များကို လျှာဖြင့် သုံးချက်လောက် လျက် သိမ်းလိုက်ပြီး ....
"ပူစီရယ်.... နင်သိပ်လှလာပါလားဟ၊ ဟိုတုန်းကနဲ့ကို မတူဘူး၊ ပေါင်လုံးကြီးတွေနဲ့ တင်ပါးဆုံအုံ ကြီးများ တုတ်ဖီးပြီး ခါး ကလေးက ကော့နေတာ၊ ငါ့စိတ်ထဲ တစ်မျိုးကြီးပဲဟယ်၊ အရင်တုန်းကဆိုရင် နင် ငါ့မြင်ရင် ကိုက်ချင်တယ်...အခုတော့"
ပူစီသည် ကျွန်တော့်စကားမဆုံးမီ စိတ်ဆိုးသလိုမျက်စောင်းကလေးထိုးလိုက်ကာ.....
"အမယ်လေး ဘာတွေ လျှောက်ပြောနေတာလဲဟဲ့ အောင်နက်ကလည်း၊ နင်နဲ့မဆိုင်ပါဘူး၊ တို့လ တို့ရာသီပါ၊ နင်တို့ တော်သလင်း မဟုတ်ပါဘူး" ဟု စူစူအောင့်အောင့် ပြောလိုက်မှ ကျွန်တော် သတိ ရမိ၍....
"အေး... ဟုတ်သားပဲ၊ နို့် မယ်မင်းကြီးမ က ကျုပ်အိပ်ရာနား တစ်ကိုယ်တည်း ဘာလုပ်လာတာလဲဟ ငါ့များ နင်က နွားအိုကြီးများ အောက်မေ့နေသလား"
ကျွန်တော် က စိတ်မသိုးမသန့်နှင့် မေးလိုက်မိပါသည်။ ပူစီက မျက်လုံးကလေးတစ်ချက် လှစ်ခနဲ လှည့် လိုက်ကာ....
"အောင်နက်ကလည်းဟယ် ခွေးပါးဝလိုက်တာ၊ ကိစ္စကလေးရှိလို့ပါဟယ်"
"ခွေးပဲဟ ခွေးပါဝမှာပေါ့ ဘာကိစ္စတုံး"
"ငါ နင့်ဆီက အကူအညီကလေးတစ်ခုတောင်းချင်လို့ပါဟယ်၊ နင်ကူညီပေးမယ်မဟုတ်လား"
"ငါတတ်နိုင်တာ ဆိုရင်တော့ ပေးမှာပေါ့ဟယ်.. ပြောပါဦး၊ ဘယ်လိုကူညီရမလဲ"
ပူစီသည် ရှက်ရှက်ကလေးဖြစ်နေပြီးမှ..
"ငါ ပြောရမှာတော့ ခပ်ရှက်ရှက်ပဲ"
ကျွန်တော် မှာ မသတ္တ၀ါ ခပ်ရှက်ရှက်ဖြစ်ရမည့် ကိစ္စမျိုးကို အလွန်ပင်သိချင်တတ်သော ၀ါသနာရှိသူ လူများနည်းတူဖြစ်၍ ပိုမိုစိတ်ဝင်စားလာကာ
"ပြောပါဟယ် နင့်နဲ့ငါနဲ့ သူငယ်ချင်းပဲဟာ၊ ဘာရှက်စရာရှိလဲ ကောင်းတိုင်ပင် ဆိုးတိုင်ပင်ပေါ့"
"ဒီလိုပါဟယ် ည ည ငါ့ဆီကို လာလည်ကြတဲ့ ငနဲတွေကို သိတယ်မဟုတ်လား"
"သိသားပဲဟ ဒေါက်တိုတို့ အိမ်က ကြောင်မွဲခြောက်ကြီးရယ် မေရီတို့အိမ်က ၀ါဝီကြီးရယ်၊ ကုပ်ကြား တို့အိမ်က ဖြူရောက်ကြီးရယ်... သုံးကောင်ပြိုင်တူ လာလာဂေါ်နေကြတာ၊ တစ်ညလုံး တဝမ်ဝမ်နဲ့ နားကိုငြီးရော ဘာလဲ အဲဒါ နင်က ဘယ်အကောင်နဲ့ဖြစ်နေလို့လဲ၊ သုံးကောင်စလုံးနဲ့လား"
ပူစီမျက်နှာ ၌ ရှက်သွေးကလေးများ ဖျန်းသွားကာ..
"ကြံကြံဖန်ဖန် ဟယ်.. နင်က ငါ့ကို နင့်အဆက်မေရီလိုများ အောက်မေ့နေလို့လား. "
မေရီ မှာ တော်သလင်းတုန်းက ကျွန်တော်နှင့် အဆက်ဖြစ်ဖူးသော နောက်ဖေးလမ်းရှိ ဗိုလ်ကပြားအတုတွေအိမ် က ကပြား အတု ခွေးမလေးဖြစ်ပါသည်။
"သိပါဘူးဟယ်.. မေရီကတော့ ကပြားအတုမို့ ဗိုလ်ဆန်တာကိုးဟဲ့၊ နို့နင်က ဘယ်သူနဲ့လဲ"
ပူစီသည် ချက်ချင်းမဖြေသေးဘဲ မြုံစေ့စေ့ကလေး လုပ်နေသဖြင့် ကျွန်တော်က သူများရည်းစားသိချင် သော ထုံးစံ အတိုင်း... "ပြောပါဟယ်.. ရှက်စရာမလိုပါဘူး၊ တို့များထုံးစံက တစ်နှစ်မှ တစ်လတည်းပဲ၊ လူတွေကို တစ်သက်လုံး ကမြင်းကြောထနေရတာမှ မဟုတ်ဘဲ. "
ပူစီသည် အတန်ကြာကလေးတွေးနေပြီးမှ..
"ဝါဝီနဲ့"
ခပ်တိုးတိုးကလေးပြောပြီး အခြားသူများ ကြားလေမလားဟု နံဘေးပတ်လည်သို့ လှည့်ကြည်လိုက်ပါသည်။ တိရစ္ဆာန်မကလေးပင်မင့် သူ့ရည်းစားကို ပြောရမှာတော့ အရှက်သားဗျ..။ အဟိ.. ဂိန့်.။
ကျွန်တော် မျက်ခုံးချီ၍ နားရွက်နျစ်ခုကို စုလိုက်ခါ...
"အို ဟုတ်လား၊ ဒီကောင်ကြီးက တယ်ကြမ်းတဲ့ အကောင်ကြိး ဟိုနေ့ကများ မျက်နှာကုတ်သွားလိုက် တာ ရဲ ကျန်ရစ်ခဲ့တာပဲ"
"အို နင် သူ့ကိုက်မယ်အောက်မေ့လို့ သူ့ကိုယ်သူ ကာကွယ်တာနဲ့ တူပါတယ်ဟယ်၊ အမှန်တော့ သူက သဘောကောင်း ပါတယ်"
သူ့ရည်းစားကို ကာကွယ်လိုက်ပါသည်။
"အေး နင့်နဲ့တော့ကောင်းမှာပေါ့လေ၊ အခု နင်တို့ချင်း ဟန်နေကြပြီပေါ့.. ဟိဟိ....ဟိဟိ"
ကျွန်တော့် မှာ မဆီမဆိုင်ဘဲနှင့် ပူစီကို မနာလိုသလို ကြည့်လိုက်မိပါသည်။ ပူစီမှာ ရုတ်တရက် ရှက်မွေးလေး များ ထောင်သွားကာ..
"အောင်နက်ကလည်းဟယ်.. ပြောရော့မယ်"
မျက်စောင်းကလေး ထိုးလိုက်ပါသည်။ တိရစ္ဆာန်မတောင် ဒါမျိုးတော့ ရှက်ရမှန်းသိလား၊ ကျွန်တော် ဖိုသတ္တဝါ တို့၏ ၀ါသနာအတိုင်း...
"နို့မဟုတ်ဘူးလားဟဲ့၊ တို့များ ရှက်ပါဘူး၊ ဒီကိစ္စမျိုးမှာ လူမြင်နတ်မြင်ပဲ "
"နင်တို့က ခွေးကိုး ဟဲ့၊ အမှန်တော့ တို့ချင်း တစ်ခါမှ မတွေ့ရသေးဘူး၊ သိလား.... "
"ဟင်.. ဘာကြောင့်လဲ"
"ဟို ဖြူရော်ကြီး နဲ့ မွဲခြောက်ကြီးတို့က လိုက်လိုက်ရှုပ်နေလို့ပေါ့ဟယ်၊ အဲဒါကြောင့် ငါက နင့်ဆီ အကူအညီတောင်းတာ"
"ငါက ဘယ်လိုကူညီရမှာလဲ"
"ဒီလိုဟယ် ညကျ သူတို့သုံးကောင်လာတဲ့အခါမှာ နင်က မွဲခြောက်ကြီးနဲ့ ဖြူရောက်ကြီးကို ကိုက်လွှတ် ပြီး ဝါဝီတစ်ကောင်တည်း အိမ်ပေါ်တင်ပေးပါ"
ကျွန်တော် သည် နားရွက်တစ်ဖျပ်ဖျပ် ခါလိုက်ကာ.....
"အမယ်လေး မလုပ်ပါနဲ့ဟယ်၊ ခွေးက ကြောင်လိုက်ကိုက်တယ်ဆိုတာ လွယ်တာမဟုတဘူး၊ သူတို့က အလွယ်တကူ နဲ့ပြေးရင် တော်ပါရဲ့၊ မပြောဘဲ ခုခံမယ်ဆိုရင် သူတို့ အရေပြားပျော့စိစိကြိး ငါကိုက်လို့မပေါက်ခင် ငါ့မျက်နှာတော့ သွေးချင်းချင်းစီးနေရောပဲ။ နို့ပြီး ဒီကောင်တွေက နင့်ကို ချစ်မုန်ယိုနေကြတာ.. ဘယ်နည်းနဲ့မှ လွယ်လွယ် ကူကူပြေးမှာ မဟုတ်ဘူး"
ပူစီ သည် စိတ်ပျက်သလို နှာခေါင်းရှုံ့ကာ..
"နင်ကလည်းဟယ် အစဦးတော့ ကူညီမယ်ပြောပြီးတော့"
"ဒါကတော့ဟယ်.. ထုံးစံအတိုင်း ပြောရတာပဲဟာ၊ သက်သက်သာသာဆိုရင်လည်း အချောင်ကျေးဇူး တင် ခံရအောင် ကူလိုက်တာပေါ့၊ ခုလိုမလွယ်ကူတာ ကိုယ်နာမှာကျတော့လည်း ဘယ်ကူချင်မလဲ ဟ"
ပူစီသည် စိတ်ကောက်သလို ခြေကလေးတစ်ဖက် ဆောင့်လိုက်ပြီး
"အောင်နက်လည်း ဟယ်.. နင်တို့ရာသီတုန်းကတော့ နောက်ဖေးအိမ်က မေရီကို ငါက ရအောင်ခေါ် ပေးရ တယ်" ဟု သူ့ကျေးဇူး ကို ဖော်လိုက်ပါသည်။
ဟုတ်ပါသည်။ လွန်ခဲ့သော ကျွန်တော်တို့လက ပူစီကျေးဇူး ကျွန်တော့်အပေါ်မှာ ရှိပါသည်။ ရှိပုံမှာ အဆင့်အတန်း ခွဲခြားသော ကပြားတုများက ကျွန်တော့်ကို သူတို့အိမ်ဝင်းထဲသို့ အဝင်မခံဖြစ်နေ ရာ မေရီမှာ ကြောင်လိုက်ကိုက်ချင်သော စိတ်ထားရှိသူဖြစ်၍ ပူစီမကလေးက ကျွန်တော့်ခိုင်းချက်ဖြင့် အပြင်မှ ကိုယ်ယောင်ပြ လိုက်သဖြင့် ဝင်းအပြင်သို့ မေရီထွက်လာသည်တွင် သူ့သခင်များအလစ် တွင် ကျွန်တော်နှင့် မိတ် လိုက်ရပါသည်။
သို့သော် ပူစီသည် ကျွန်တော်အပေါ်ကျေးဇူးပြုရပုံမှာ လွယ်ကူလှပါသည်။ မေရီကို ခြံဝသွား၍ ကိုယ်ယောင်ပြပြီး မေရီ ထွက်လာသောအခါ၌ ပြန်ပြေးလာရုံသာဖြစ်ပါသည်။ ယခု ကျွန်တော် ဆောင်ရွက်ရမည့် ကိစ္စမှာ မလွယ်ကူပါ။ ချစ်မုန်ယိုနေသော ကြောင်သိုးကြီးများနှင့် သတ်ရပုတ်၇မည့် အလုပ်ဖြစ်ပါသည်။ ထို့ကြောင့် စဉ်းစားနှိုင်းယှဉ် ဥာဏ် အင်မတန်ရှိသော ကျွန်တော်က
"ပူစီ ရာ နင့်တုန်းကတော့ အလွယ်ကလေးပဲဟာ၊ ကိုယ်ယောက်ပြပြီး ပြေရုံကလေးရယ်၊ အခု ငါ့လုပ်ရမယ့်ကိစ္စက မလွယ်ဘူး၊ ငါ မလုပ်နိုင်ဘူးဟယ်၊ နို့ပြီး နင်စဉ်းစားကြည့်ဦးလေ၊ ဖြူရော်ကြီး ဆိုတာက ငါ့သူငယ်ချင်း ကုပ်ကြားတို့ အိမ်က ကြောင်ကြီးပဲဟ"
သူတစ်ပါးကောင်းကျိုး အတွက် ကိုယ့်အသားအနာမခံလိုသဖြင့် မိတ်ဆွေကောင်းပီပီ ငြင်းဆန်လိုက်ပါ သည်။
ပူစီသည် စိတ်ပျက်ဟန်နှင့် ခေတ္တမျှတွေးနေပြီးမှ တစ်ခုခုကို ရုတ်တရက်စိတ်ကူးပေါက်လာဟန်နှင့်..
"ဟေ့ အောင်နက် နင် ဆိတ်ရိုးကိုက်မယ်လားဟေ့"
ဆိတ်ရိုး ဆိုလျှင်ပင် ကျွန်တော်မှာ လျှာဖျားမှ သွားရည်တခြားမြားကျလာကာ
"ဆိတ်ရိုး ကိုက်ရ ဇိမ်ပေါ့ဟယ် အမဲရိုး ထက်ကောင်းတာပေါ့. နင်တို့အိမ်မှာ ရှိလို့လား.. "
"ရှိတယ်သိလား.... အခုည စွပ်ပြုပ်သောက်ကြမလို့တဲ့၊ ဝယ်လာတာ ဗန်းကြီးထဲ ထည့်ထားတယ်"
ဤလိုဆိုလျှင်ပင် ကျွန်တော်မှာ ခွေးပီပီ ဣနြေ္ဒမဆည်နိုင်တောပဲ....
"လူတွေမသိအောင် အောက်ကို တစ်ခုချပေးပါလားဟင်.... "
ပူစီသည် အကြိုက်တွေ့သွားသော မျက်နှာကလေးနှင့်
"ငါခိုင်းတာ လုပ်ပေးလေ
ကျွန်တော်မှာ ဤကဲ့သို့ လာဘ်သပ်ပကာနှင့် ဖြားယောင်းသောကိစ္စများ၌ လူများကဲ့သို့ ဟန်ဆောင် ပန်ဆောင် ငြင်းဆန်ခြင်းမပြုနိုင်တော့ပဲ
"အေး... ဒါဖြင့် နင် အခုချပေးလေ"
ပူစီသည် ပါးနပ်သော မျက်နှာထားနှင့်..
"အောင်မာ.. အခုတော့ ဘယ်ပေးနိုင်မလဲဟာ၊ နင်ငါခိုင်းတာ ဆောင်ရွက်ပြိးမှ ပေးမယ်သိလား၊ ငါ လူတွေ မမြင်အောင် စွပ်ပြုပ်အိုး ထဲ မထည့်ခင် အရိုးကြီးကြီးကို ဝှက်ထားလိုက်မယ်၊ နင်ငါခိုင်းတာသာ လုပ်ပေး"
"အေး ကောင်းပြီလေ ကိုယ်တာဝန်ကိုယ်ကျေပွန်တမ်းပေါ့၊ ဖြူရော်ကြီးနဲ့ မွဲခြောက်ကြီးတော့ တစ်ပွဲ တစ်လမ်း စမ်းလွှတ်လိုက်ရသေးတာပေါ့ကွာ... "
ကျွန်တော် သည် ပူစီဝမ်းသာသွားအောင် အခြောက်တိုက် ကြိမ်းလိုက်ပါသေးသည်။ ပူစိကျေနပ်သွားကာ...
"ကဲ ဒါဖြင့် ငါသွားမယ်၊ နောက်စိတ်ချပါရစေနော် အောင်နက်"
"အမယ်လေး စိတ်ချပါဟယ်၊ လူမှာ ကတိ(အို... မဟုတ်ပါဘူး) ခွေးမှာ ကတိ၊ မြင်းမှာ သစ္စာပါ၊ နင်သာ နင့်ရည်းစား ဝါဝီကြီးနဲ့ တွေ့ဖို့ ပြာကလးဘာလေး လိမ်းထားပေတော့်"
ပူစီသည် စိတ်လက်ရွှင်လန်းသွားကာ အိမ်ပေါ်သို့ လျင်မြန်ပေါ့ပါးစွာ ခုန်တက်သွားပါတော့သည်။
သြော်.. အချစ်... အချစ်.. တိရစ္ဆာန်ပျိုမကလေးတောင် သူ့အဖို့တော့ သူကြံတတ်တာပဲ။
ကျွန်တော်သည် ပူစီကလေးနှင့် စကားပြောပြီးနောက် ဗိုက်က လေးလှသည်နှင့် အနီးရှိဝင်းတိုင်ဆီသို့ ထသွား ကာ ပေါင်တစ်ဖက်မြှောက်လိုက်ပါသည်။ ပြီးလျှင် ကျွန်တော်သည် ထုံးစံအတိုင်း ဟိုပြေးသည် ပြေးနှင့် ခေါက်တုံ့ခေါက်ပြန် အညောင်းပြေ နှစ်ခေါက်သုံးခေါက်လောက် ပြေးလိုက်ပါသည်။ ၄င်း နောက် ဘယ်ကို မျှ သွားလိုစိတ်မရှိသဖြင့် ကျွန်တော်၏ ပြာပုံဆီသို့ ပြန်လာကာ လက်ဝဲသုံးပတ် လှည့်ပြိး ခွေ လိုက်ပါသည်။ ကျွန်တော်လက်ဝဲရစ်ခြင်းမျာ ယခုကာလ လက်ဝဲတွေ ခေတ်စား လာသော ကြောင့် ပေါ်ပြူလာဖြစ်ရန် အဆန်းထွင်ခြင်းမဟုတ်ပါ။ ကျွန်တော် အဆင့်သင့်သလို လှည့် လိုက်ခြင်း ဖြစ်ပါသည်။
ဤသို့ အိပ်ခါနီး၌ ကျွန်တော်တို့ သုံးပတ်လှည့်ခြင်းမှာ အကြောင်းမဲ့မဟုတ်။ "သင်အိပ်မည်ကြံလျှင် သင်အိပ်မည့်နေရာ တွင် သစ်ငုတ်၊ ဆူး ညှောင့်၊ ခဲလုံး၊ ပိုးမွှားကောင်များ ရှိသလော၊ သုံးပတ်လှည့် ကြည့် လိုက်ပါ၊ ပြီးမှ စိတ်ချလက်ချ တုံးလုံးလှဲလိုက်ပါ"ဟု ကျွန်တော်တို့ ရှေးခွေးကြီးသူမများ၏ သြဝါဒ ကြောင့် ဖြစ် ပါသည်။
၎င်းပြင် အပေါ့စွန့်ရာ ၌ မြေပြင်ပေါ်သို့ တိုက်ရိုက်မဟုတ်ပဲ နံရံ (သို့မဟုတ်) တိုင်တစ်ခုခုပေးသို့ ပေါင် တစ်ဖက်မြှောက်ခြင်း မှာ မိမိ၏ ရှေ့လက်ကို ပေမှာစိုးသောကြောင့်ဖြစ်ပါသည်။ ဤကား အခြားခြေလေး ချောင်းများထက် သာသောအချက်ပင်။
ကျွန်တော်သည် ပြာပုံ တွင် ပြန်ခွေပြီးသောအခါ၌ ပူစီပေးမည့် ဆိတ်ရိုးကိစ္စကို စဉ်းစားလိုက်ရာ ကြောင်သိုးကြီးနှစ်ကောင်နှင့် ဖိုက်တင်လုပ်ရမည်ကို တွေး၍ ရင်လေးမိပါသည်။ အမှန်မှာ သူတို့ ရာသီ အလျှောက် ချစ်မာန်ထသော ဤအကောင်ကြီးများကို တိုက်ခိုက်မောင်းထုတ်ရန် မလွယ်ကူလှပါ။ ကျွန်တော် တစ်ကောင်တည်းနှင့် နိုင်ချင်မှ နိုင်မည်။ ထို့ကြောင့် ကျွန်တော့်သူငယ်ချင်း ကုပ်ကြားကို သတိရ မိပါသည်။ ကုပ်ကြားကား ကျွန်တော်တို့အိမ်နှင့် တစ်အိမ်ကျော် အိမ်တွင် နေသည်။
သို့သော် ကုပ်ကြားကို အကူအညီခေါ်ရာ ၌ သူတို့အိမ်ပေါ်က ဖြူရော်ကြီးကို ကုတ်ရမည့်ကိစ္စဖြစ်နေ၍ ကုပ်ကြား ဆောင်ရွက် လိမ့်မည် မဟုတ်ပါ။ ကုပ်ကြားနှင့် ဖြူရော်လည်း ကျွန်တော်နှင့် ပူစီကဲ့သို့ပင် မိတ်ဆွေများ ဖြစ်ကြပါသည်။ ဒီကိစ္စဟာ ခက်သေးတာပဲ။ ပူစီကိုလည်း မိတ်ဆွေများ ဖြစ်ကြပါသည်။ ဒီကိစ္စဟာ ခက်သေးတာပဲ။ ပူစီကိုလည်း "ခွေးမှာသစ္စာ၊ မြင်းမှာကတိ" ဟု ကြွားလိုက်မိပြီး ဆိတ်ရိုးကို လည်း ကျွန်တော် ကိုက်ချင်လှပြီ။
ကြောင်သိုးကြီးနှစ်ကောင်ကိုလည်း ကျွန်တော် နိုင်မည်မဟုတ်၊ နိုင်သည့်တိုင်အောင် အတော် ပင် သွေးထွက်သံယို ဖြစ်ရတော့မည်။ ပူစီ၏ ကောင်းကျိုးအတွက် ဤမျှ အနစ်နာခံလိုသော စိတ်ထား လည်း ကျွန်တော့် မှာ မရှိ။
ဤကိစ္စကို အသို့ပြီးစီးစေအံ့နည်း။
ကျွန်တော်သည် သုနက်ခေါလောက၌ ခေသူမဟုတ်။ ဦးစောကဲ့သို့ သတ်ဝံ့ ဖြတ်ဝံ့သူ မဟုတ်သော် လည်း နိုင်ငံရေးနယ် တွင် မိမိရာထူးရရေးအတွက် ကလိန်ဥာဏ်ရင့်သန်သူများလောက် နီးပါးမျှ မသမာဥာဏ် ရှိတန်သလောက် ရှိသူ ဖြစ်ပါသည်။
ယခု ကြည့်ပါ။ ဆိတ်ရိုးအတွက် သွားရည်တမြားမြား ကျ၍ ပြာပုံခွေကာ ခေတ္တမျှ စဉ်းစားလိုက်သည်နှင့် ပင် အကြံကောင်း ဥာဏ်ကောင်းများ ထွက်ပေါ်၍လာပါပြီ။
သူရိယမင်းသားကလေးသည် သတ္တ၀ါတို့အား တစ်နေ့သော အသက်တာကို ပေးခဲ့ပြီးနောက် သူ၏ ရည်းစားသည် မယ်စန္ဒာနှင့် ပြာသိုဆောင်စက်ခန်းတွင် ညဥ့်ဝက်မျှ အတူစက်ရမည်ဖြစ်၍ ခါတိုင်းရာသီ ထက် စောစီးစွာ ဂေါယာတောင်ဆွယ် လိုက်ကာကွယ် သို့ ၀င်သွားခဲ့လေပြီ။ ဤနှစ်အဖို့တွင် ရှင်ပြာသို သည် လောကကြီး ကို ဧည့်ခံသော တတိယမြောက် သီတင်းပတ်ဖြစ်၍ စန္ဒာမယ်၏ ခြွေရံ ငွေကြယ်ပျံ တို့သည် သခင်မ အလာနှောင်းရမည်လား ဟု ပြာမောင်းမောင်း ကောင်းကင်ငွေယံ ညီလာခံသဘင်တွင် ကြည်သာမရွှင် မှိတ်တုတ် မှိတ်တုတ်နှင့် စိတ်လုပ်နေကြသည့်နှယ် ...
အမှန်အတိုင်း ဆိုရသော် ထိုနေ့သည် လဆုတ် ၈ရက်နေ့ဖြစ်၍ ကောင်းကင်ယံဝယ် စန္ဒာ မရှိ။ သူ၏ ခြွေရံ ငွေကြယ်ပျံတို့သာ ကြည်လျှင်ရွှင်ပြုံး တစ်မိုးလုံး မင်းမူနေ၏။
တစ်နည်း ကား မရွှေညသည် ပြိုးတိုးပြောက်တောက် ပိုးထိုးပေါက်တွေ မွမွကြဲနေသော မဲနက်ပြာညဥ့် လွှာရုံကို အတောမသတ်သည့် လောကဓာတ်ကြီးအား ချမ်းတုန်တုန်နှင့် လွှမ်းခြုံထားလေ၏။
ဤကား မိမိဆက်ရေးရမည့် ဇာတ်ကွက်ကို မည်သို့မျှ အထောက်အပံ့မပေးပါဘဲလျက် စာကြောင်းရေ မရှည် ရှည်အောင် အပိုချဲ့ထွင်လိုက်ခြင်းသာ ဖြစ်ပါသည်။
ကျွန်တော် လိုရင်းရေးရမည်ကား ညမှောင်မှောင် ကြယ်တွေတောက်နေသော အချိန်၌ ပြာပုံမှထကာ အမွေးအလှေးခါးပြီး ကုပ်ကြားတို့အိမ်သို့ သွားပါသည်။
သူတို့အိမ်ဝင်းထဲသို့ ရောက်မိလျှင် ကုပ်ကြားသည် သူတို့အိမ်က အပျိုမကလေးတွေ၏အိမ်ခန်းအောက် ၌ ဆောင့်ကြောင့်ကြီးထိုင်ကာ အပေါ်သို့ခေါင်းမော်၍ ပါးစပ်ကြီးအဟောင်းသား လျှာကြီးတွဲလောင်းနှင့် သွားရည် တမြားမြားကျနေသည်ကို တွေ့ရပါသည်။
ကျွန်တော်သည် သူ့နားသို့ ရောက်သွားကာ..
"ဟေ့ ကုပ်ကြား၊ ဘာများ သရေကျနေတာလဲကွ"
"ရှီး…"
ကုပ်ကြား သည် ကျွန်တော့်ကို အသံကျယ်ကျယ်မမြည်ရန် အရိပ်အခြည်ပြပြီး သူ့အနားသို့ ဖြည်းဖြည်း လာရန် အမူအရာပြပါသည်။
ကျွန်တော်လည်း ဘယ်လိုဟာများ ထူးထူးဆန်းဆန်း မြင်ရမှာလဲ၊ သိချင်ဇောနှင့် သူ့အနားသို့ ကပ်ထိုင် လိုက်ပြီး အသံတုံး တိုးကလေးနှင့်
"ဘာများလဲကွ ကုပ်ကြားရ"
သူက လေသံဖြင့်…
"နားထောင်ကွ၊ ငါတော့ နက်ဖြန် ဘဲရိုး ကိုက်ရတော့မယ် ထင်တယ်၊ ကောင်မကလေးတွေ "ဘဲ" တွေ ချည်း အထပ်ထပ်ပြောနေကြတယ်၊ သူတို့ ဘဲ အများကြီး ဝယ်ချက်လိမ့်မယ် ထင်တယ်"
ကျွန်တော် ခေတ္တမျှကြာအောင် နားစွင့်လိုက်ပါသည်။ ကျွန်တော် ရယ်မိသည်။ အမှန်မှာ ကုပ်ကြားတို့ အိမ်ပေါ် က နှုတ်ခမ်းနီမကလေးတွေ စာဖတ်နေကြခြင်းဖြစ်ပါသည်
ကုပ်ကြားက ကျွန်တော် ရယ်သည်ကို…
"ဟေ့… အောင်နက်၊ မင်းက ဘာရယ်တာလဲကွ"
"ရယ်မှာပေါ့ကွ၊ မင်း သေသေချာချာ နားထောင်ကြည့်ပါဦး၊ ဘယ်ကလာ ဘဲတွေဝယ်ဖို့ ပြောနေကြတာ ဟုတ်ရမလဲ… သူတို့ ဝတ္ထုဖတ်နေကြတာကွ"
ကုပ်ကြား မျက်နှာမှာ အမ်းခနဲဖြစ်သွားကာ…
"ဟေ့… ဟုတ်လားကွ၊ ဘယ့်နှယ်လဲ သူတို့ဝတ္ထုတွေကလည်း "ဘဲ"တွေချည်းပါလားကွ၊ အရင်တုန်းက ဒီလို မဟုတ်ပါဘူး"
"အခု သူတို့စာပေထဲမှာ "ဘဲမော်တီကောင်"ဆိုတဲ့ စာရေးဆရာတစ်ယောက်က သစ်လွင်သော စကား လုံးတွေ ထွင်နေတယ်လေ၊ သူ ရေးလိုက်ရင် "ဘဲတွေ တစ်အုပ်တစ်မ"ကြီးနဲ့ချည်းပဲ။ မင်းက "ဘဲ" ဆို တာ ကြားတိုင်း စားတဲ့ ဘဲ ချည်း အောက်မေ့နေတာကိုးကွ"
ကုပ်ကြားမှာ ရှက်သယောင်ဖြစ်သွားကာ
"ငါ မသိပါဘူးကွာ" ဟု ဆိုပြီး သူ့သွားရည်များကို လျှာနှင့် သိမ်းပစ်လိုက်ပါသည်။
"ကဲ… ကုပ်ကြား မစားရမယ့်ဟာတွေကို မျှော်မှန်းမနေနဲ့၊ အခု ငါတို့ စားပေါက်တစ်ခုဖြစ်လာတယ်ကွ၊ လာ… လာ… ငါတို့ ဟိုခြံထောင့်သွား တိုင်ပင်ရအောင်"
ခြံထောင့် သို့ ရောက်သောအခါ…
"ဒီမှာဟေ့… ကုပ်ကြား မင်းတို့အိမ်က ဖြူရော်ကြီးက တို့အိမ်က ပူစီကို ကြိုက်နေတယ် မဟုတ်လား"
ကုပ်ကြားသည် မျက်နှာကြီးကို ရှုံ့မဲ့လိုက်ကာ
"ဟာ… ဒီကောင်ကြီးတော့ မပြောပါနဲ့တော့ကွာ၊ ကြိုက်လိုက်တာမှ တဝမ်ဝမ် မြည်နေတာပဲ၊ နို့ပြီး ရ အောင် လည်း မခေါ်နိုင်ဘူးကွ၊ အလကား ဂေါ်မစွံကောင်ကြီးပါကွာ"
"အေး ဟုတ်ပြီ၊ ဒီကောင်ကြီး ပူစီကိုရအောင်ဆိုရင် အိမ်ပေါ်က စားစရာတစ်ခုခုတို့ကို ချပေးပါ့မလား"
"ဟာ… ပေးပြီးလားကွာ၊ ဒီကောင်ကြီးက ပေါချာချာကြီးပဲကွ၊ သူတွေ့တာ အကုန်ပေးမှာပဲသာ မှတ် ထား၊ ဘာလို့လဲ… မင့်ပူစီက ဖြူရော်ကို ကြိုက်တယ် ပြောလို့လား"
"မဟုတ်ဘူးကွ၊ ဝါဝီနဲ့ ကြိုက်နေတာ"
ကုပ်ကြားက စိတ်ပျက်ဟန်ဖြင့်…
"ဟာ… ဒါဖြင့် မင့်ဟာက"
"ဟေ… ကုပ်ကြားရ၊ ငါက အကွက်ကောင်းတစ်ခု တိုးထားလို့ကွ၊ ငါ ပြောပြမယ်၊ မင်း သေသေချာချာ နားထောင်စမ်း" ဟု အစချီပြီး ပူစီနှင့် ကျွန်တော် ပြောကြသောစကားကို သူ့အား အကုန်ပြောပြပါသည်။ ကျွန်တော် နောက်ဆက်တွဲစိတ်ကူးထားသည်ကို မဆက်မီ စကားပြော လောကြီးသော ကုပ်ကြားက…
"ဟာ… မင်းဟာက ပူစီဆီက ဆိတ်ရိုးကလေး ရမှာကလေးနဲ့ ငါ့အိမ်က ဖြူရော်ကြီးကို ကိုက်ရမှာလား"
"အေးလေ… ပူစီကတော့ ဒီအတိုင်းပြောတာပဲ။ ဒါပေမဲ့ ငါက ဘယ်ဒီလိုလုပ်မလဲကွ၊ တစ်ချက်ခုတ် နှစ် ချက်ပြတ်ဖြစ်၊ ပူစီ့ဆီက ဆိတ်ရိုးလည်း ရ၊ ဖြူရော်ကြီးဆီက တစ်ခုခုလည်း ရအောင် ထွင်မှာပေါ့ကွ"
"ဘယ်လိုထွင်မှာလဲ" "ပူစီနဲ့ ဖြူရော်ကြီး အိုကေသွားအောင်ပေါ့ကွ"
"ဟာ… မဖြစ်နိုင်တာကွာ၊ ပူစီက ဝါဝီမှ ကြိုက်ပါတယ်ဆိုနေတာကို၊ တို့ကောင်ကြီးကမှ မစွံတာပဲကွ"
"တယ်… ကုပ်ကြားရ၊ မင်းက တယ်နသေးတာပဲကွာ၊ သေသေချာချာ နားထောင်စမ်း၊ ငါ ကြံတာကို ပြောပြမယ်၊ မင့်ဖြူရော်ကြီးက ကြောင်အဖြူကြီးမဟုတ်လား၊ အဲဒီအဖြူကြီးကို နနွင်းသုတ်ပေးလိုက်ရင် ဝါဝီ လို ကြောင်အဝါကြီးဖြစ် သွားရော မဟုတ်လားကွ၊ ဒီတော့မှ ဝါဝီအဖြစ်နဲ့ ဖြူရော်ကြီးကို ပူစီဆီ တင် ပေးလိုက်မယ်၊ ဝါဝီ နဲ့ မွဲခြောက်ကြီးတို့ကိုတော့ တို့က ကိုက်လွှတ်ပေါ့ကွ၊ ဟန်မကျဘူးလား… အဲဒီ အကြောင်း မင့်ဖြူရော်ကြီး ကို ခေါ်ပြောပြီး သူ့ဆီက စားစရာတစ်ခုခု တောင်းပေါ့ကွ၊ ဒါမှ မင်းနဲ့ ငါနဲ့ ခုည အဖို့ ဆိတ်ရိုး နဲ့ ဘာနဲ့ ဇိမ်တိုးမှာကွ… သိရဲ့လား"
ကုပ်ကြားသည် ရုတ်တရက် သဘောပေါက်သွား၍…
"အေး… ဟုတ်ပြီဟေ့၊ ဟန်ကျပြီ၊ သြော်… ဒါထက် တို့ဘယ်က နနွင်းမှုန့် ရမှာလဲကွ"
"အောင်မယ် ပေါလွန်းလို့ကွာ၊ ဟိုလမ်းထိပ် ကုလားဆိုင်ထဲကို မင်းနဲ့ ငါနဲ့ နောက်ဖေး တို့ တိုးပေါက်က ဝင်ပြီး နို့ဆီခွက် နဲ့ ခပ်ယူရုံပေါ့ကွ"
ကုပ်ကြားက ဝမ်းသာသွားကာ…
"ဟေ… ဟုတ်ပြီ၊ မင်း တယ်အကြံဉာဏ်ကောင်းတဲ့ကောင်ပဲကွ" ဟု ချီးမွမ်းပြီးမှ တစ်ခုခုကို တွေးမိဟန် ဖြင့်…
"ဒါပေမဲ့ကွာ… ဖြူရော်ကြီး နနွင်းလူးသွားရုံနဲ့ ဖြစ်ပါ့မလား၊ ကောင်မလေးက မသိတော့ဘူးတဲ့လား၊ အဲဒါ နည်းနည်း စိုးရိမ်ရတယ်"
"အောင်မာ… ဒါလောက် စိုးရိမ်မနေပါနဲ့ကွာ၊ တို့ တိရစ္ဆာန်မပြောနဲ့၊ လူတွေတောင် တစ်ခါတစ်လေ ဒီလိုပဲ ပုံမှားတင်နေကြသေးတာပဲ၊ နို့ပြီး ပူစီက အစိမ်းသက်သက် မဒန်းမကလေးကွ၊ ဒီနှစ်မှ အပျိုဖြစ် တာ၊ သူ့ရည်းစား အနားရောက်လာ ရင် ဘယ်သေသေချာချာ စစ်ဆေးနိုင်မလဲကွာ၊ ဘာခေါ်လဲ လူတွေ ပြောကြတဲ့ ဒိန်းဒလိန်းနတ် ဖမ်းနေ မှာပေါ့ကွ၊ မင့် ဖြူရော်ကြီးသာ ဟန်နဲ့ပန်နဲ့ ရဲရဲရင့်ရင့် သွားပါစေ။ ဒီကောင်ကြီးက ရွံ့တွန့်တွန့်နဲ့ ဣနြေ္ဒပျက်နေမှာ သာ စိုးရတယ်"
ကုပ်ကြားသည် အားရလေဟန်ဖြင့်…
"အမယ်… ဖြူရော်ကြီးက ဒါမျိုးတော့ စိတ်ချရတယ်ကွ၊ ပေါချာချာ မိုက်ကန်းကန်းကြီးကွ၊ အခု ဒါများ ပြောလိုက် ရင် "ခုလား"လို့ လုပ်မယ့်ကောင်ကြီးကွ"
"ကဲ… ဒါဖြင့် မင့်ကောင်ကြီးခေါ်ပြီး ပြောကြရအောင်၊ သူ့ဆီက တစ်ခုခုရမှဖြစ်မယ်ကွ၊ ပူစီနဲ့တော့ အသေ အချာပြောပြီးသား၊ ဖြူရော်ကို နနွင်းသုတ်တင်ပေးလိုက်ပြီး တစ်ခါတည်း တောင်းရုံပဲ ဟား… ဟား… ကုပ်ကြားရ ဟိုဘက်ချုံဆီက ချိုးချိုးချွတ်ချွတ်နဲ့… ဘာလဲဟ"
ကျွန်တော်သည် စကားပြောနေရာမှ သစ်ရွက်ခြောက်တွေ လှုပ်ရှားသံ ကြားမိသဖြင့် နားစွင့်လိုက်ကာ…
"ဟေ့… ကုပ်ကြား သွားကြည့်ရအောင်" ဟု ဆိုပြီး နှစ်ကောင်သား ချုံဆီသို့ သွားကြသည်တွင် ပြေးသွား သော ခွေးတစ်ကောင်ကို မြင်လိုက်ရပါသည်။
ကုပ်ကြားသည် ဂရုမစိုက်သော အမူအရာဖြင့်…
"အလကား… ဟို ခွေးသူခိုး ဝဲစားကလေးပါကွာ၊ သူ ဒီချုံထဲအိပ်ရင်း ဝဲယားလို့ ကုတ်တဲ့အသံပါ။ အခု တို့ လာတာမြင်တာ နဲ့ ပြေးပြီး၊ ဒီကောင်လေး ငါ့ကို သိပ်ကြောက်နေတယ်ကွ၊ လာ… လာ တို့ ဖြူရော်ဆီ သွားကြမယ်"
ကျွန်တော်တို့သည် ကုပ်ကြားတို့အိမ်ဆီသို့ လာခဲ့ကြပါသည်။ မီးဖိုဆောင်အောက်သို့ ရောက်လျှင် ကုပ်ကြားက အပေါ် သို့ မော်ကြည့်၍ ဖြူရော်ကိုမြင်သောအခါ ခဏအောက်ဆင်းလာရန် ခေါ်လိုက်၏။
ဖြူရော် ပေါချာကြီး သည် ကျွန်တော်တို့နှစ်ကောင်ကို ငုံ့ကြည့်ကာ
"ဘာလဲဟေ့… မင်းတို့နှစ်ကောင်က ငါ့ကို အောက်ခေါ်ပြီး ကိုက်ကြမလို့လား"
ကုပ်ကြားက "မဟုတ်ပါဘူးကွာ၊ မင်း ပူစီကလေးနဲ့ အိုကေရအောင် ဒီမှာ အောင်နက် လာပြောလို့ပါကွ၊ လာပါ ဆင်းခဲ့ပါ ကွ၊ တိုးတိုး တိုင်ပင်ရအောင်"
"ပူစီ" ဆိုသောအသံကို ကြားရလျှင်ပင် ဖြူရော် ဂေါ်ငနဲကြီးသည် သုတ်သုတ် သုတ်သုတ်နှင့် ကြမ်းပြင် သို့ လျှောက် သွားပြီး အောက်သို့ ခုန်ချလာပါသည်။ အနီးသို့ရောက်လျှင် ကျွန်တော့်ကိုကြည့်၍…
"ဘာလဲဟေ့… အောင်နက်၊ မင့်အိမ်က ပူစီကလေးက ငါ ညက သီချင်းဆိုပြီး ကြူလိုက်တာနဲ့ ကိုကိုဖြူ ကို ကြိုက်နေပြီ ခေါ်ပေးပါလို့ ပြောလိုက်တာလားကွ၊ ငါကလည်း မှတ်ထား… ညကဖြင့် ကြူလိုက် တာ… တစ်ညလုံးလိုလိုပဲ"
ကျွန်တော့်မှာ ခပ်ပြုံးပြုံးနှင့် ပါးစပ်တစ်ခြမ်း မဲ့မိကာ…
"ဘာလဲကွ… ညက မင်း တစ်ညလုံး တဝမ်ဝမ်နဲ့ လုပ်နေတာဟာ ပူစီကို သီချင်းနဲ့ ကြူနေတာလားကွ"
ဖြူရော်ကြီးက အားရပါးရ မျက်နှာထားနှင့်
"အေးပေါ့ကွ"
"အေး… မင်း သီချင်းကြုတာကလည်းကွာ… ငါဖြင့် နားငြီးလို့ တစ်ညလုံးကို အိပ်မပျော်ဘူး"
"အေးပေါ့ကွာ၊ လူတွေ ပြောကြသလို ခြင်္သေ့ဆီဟာ သိင်္ဂီရွှေခွက်မှာသာ တည်တယ်ဆိုသလိုပေါ့၊ မင်း တော့ နားငြီးမှာပေါ့"
သူကပင် ကျွန်တော့်ကို နှိပ်လိုက်ပါသေးသည်။ သို့သော် ပြန်လည် ချေပခြင်းမပြုတော့ဘဲ ကျွန်တော် တို့ နှစ်ကောင် တိုင်ပင်ထားသည့်ကိစ္စကို သူ့အား သေသေချာချာ ပြောပြလိုက်ပါသည်။
ကျွန်တော့်စကား ဆုံးသောအခါ၌ ကုပ်ကြားက…
"ကဲ… ဖြူရော်ကြီး မင်း ရိုးရိုးတန်းတန်း ဂေါ်လို့တော့ စွံမှာမဟုတ်ဘူး၊ အဲဒီတော့ မရ ရအောင်လုပ်မယ် ဆိုတဲ့ လက်ဝဲနည်းနဲ့ပဲ တွယ်ပေရော့"
ဖြူရော်ကြီးသည် စိတ်ကြီးမာန်ကြီး အံကြိတ်လိုက်ကာ…
"သြော်… မိပူစီ က ဝါဝီ နနွင်းဘူးကို ကြိုက်နေတာကိုးကွ၊ ဒီလိုဆိုတော့ ငါက ဘယ်ချမ်းသာပေးလိမ့် မလဲကွာ၊ မင်းတို့ပြောတဲ့ အတိုင်း လုပ်ပေါ့၊ ငါဖြင့် မျှော်လင့်ချက်ကြီးနဲ့ ညည သီချင်းဆိုပြီး ကြူလိုက်ရ တာ အမော"
ကျွန်တော်က ဖြတ်၍…
"အေး… မင့်သီချင်း သံ တဝမ်ဝမ်ကြီးလည်း ရပ်ပါတော့ကွာ၊ ကျေးဇူးပါပဲ၊ ငါတို့ပြောသလိုသာ လုပ်ပါ၊ မင်း ဟန်ရင် ငါတို့ဆောင်ရွက်ခ ဘာစားစရာ နဲ့ ကျေးဇူးဆင်မလဲသာ ပြောပေတော့"
ဖြူရော်ကြီးသည် ပေါချာချာ မျက်နှာကြီးနှင့်…
"အို… ငါ ပူစီသာ အိုကေရရင်တော့ကွာ၊ တို့ ကျပ်ခိုးစင်ပေါ်မှာ ဆွဲထားတဲ့ ငါးခြောက်ပြားကြီးတွေ ကိုက် ချပေးမှာပဲဟေ့ စိတ်ချ"
"အေး… ဒါဖြင့်လည်း ကောင်းပြီ၊ တို့ နနွင်းမှုန့်သွားခိုးချေဦးမယ်၊ မင်း အဲဒီကသာ စောင့်နေပေတော့၊ တို့ အသံပေးလိုက်ရင် လာခဲ့ သိလား"
ဖြူရော်ကြီးသည် နှုတ်ခမ်းမွေး တစ်ချက် နှစ်ချက် သမ်းရင်း ခေါင်းညိတ်ရင်း အမြီးကြီးတန်းတန်းနှင့် အိမ်ပေါ် သို့ ပြန်တက်သွားလေသည်။ ကျွန်တော်နှင့် ကုပ်ကြားသည် ဗမာ့ရပ်ကွက်၌ စီးပွားရေးဖြတ် လမ်းလိုက်တတ်သူ တို့ကို ကြောက်ရွံ့သဖြင့် စောစောစီးစီး တံခါးပိတ်သော ကုလား ကုန်စုံဆိုင်သို့ လစ် ခဲ့ပါတော့သည်။
ဆက်ရန်
.
No comments:
Post a Comment