Friday, October 5, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၃)

မူးယစ်ဆေးဝါး လက်ဝယ်တွေ့ရှိသူ သင်္ဘောသား

ကျွန်တော်သည် တောင်အမေရိကတိုက် မူးယစ်ဆေးဝါး ရောင်းဝယ်မှုအလွန်များသော နိုင်ငံတစ်နိုင်ငံ၏ ဆိပ်ကမ်းမြို့ သို့ ရောက်သွားသည်။ အဲဒီနိုင်ငံသည် မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ သုံးစွဲမှုများလွန်းလို့ အဲဒီနိုင်ငံက မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်ကို ဖမ်းမိလျှင် အမေရိကန်ဒေါ်လာ ၂ သန်းပေးမည်ဟု ဆု ငွေထုတ် ထားသည်။ မူးယစ်ဆေးဝါး ဂိုဏ်းခေါင်းဆောင်က ဆုငွေပြန်ထုတ်သည်။ သူ့ကို မိအောင်ဖမ်းပေးနိုင် သူကို ဆုငွေ ဒေါ်လာ ၄ သန်းပေးမည်ဟု ကြေညာသည်။ မိအောင်ဖမ်းပေးနိုင်သူသည် ဆုငွေဒေါ်လာ ၆ သန်းရမည်ဖြစ်သည်။ ဤမျှပွဲကြမ်းနေသော နိုင်ငံကို ကျွန်တော်တို့သင်္ဘော ရောက်သွားသည်။
မည်သည့်နိုင်ငံကိုပဲ ရောက်ရောက်၊ ကျွန်တော်တို့၏ အလုပ်က ကောင်မလေးတွေရှိသည့် နိုက်ကလပ်တွေ ကိုသွားပြီး သောက်မည်၊ စားမည်၊ ပျော်မည်၊ အဲဒီနိုင်ငံက မူးယစ်ဆေးဝါးအပါအ၀င် ရာဇ၀တ်မှုတွေ၊ နိုင်ငံ ရေးတွေနှင့် ကျွန်တော်တို့နှင့် ဘာမှမသက်ဆိုင်၊ သိလည်းမသိ၊ စိတ်မ၀င်စား ဟု ပြောလို့ရသည်။

အဲဒီနိုင်ငံ က ဆိပ်ကမ်းမြို့ကို ရောက်တယ်ဆိုလျှင်ပဲ နိုက်ကလပ်တွေကိုရှာကြတော့သည်။ နာမည်ကြီး နိုက် ကလပ် ကို ၀င်လိုက်ကြသည်။ နိုက်ကလပ်၏ မီးမှိန်မှိန်လေး အလင်းရောင်အောက်မှ ဒစ္စကို တေးသွား အလိုက်ဖြင့် ကခုန်နေကြသည့် သင်္ဘောသားတွေနှင့် စပိန်စကားပြောသော ကောင်မလေးတွေ အများကြီး ရှိနေတာ ကို တွေ့ရသည်။ နိုက်ကလပ်က ကောင်မလေးတွေသည် နိုင်ငံတကာ သင်္ဘောသားတွေနှင့် မမြဲ ထိတွေ့နေကြ ရသဖြင့် အင်္ဂလိပ်စကားကိုလည်း ထမင်းစား ရေသောက် မြောင်းပေါက် ရုံလောက်တော့ ပြော နိုင်ကြသည်။
ဒီနိုက်ကလပ်ထဲ မှာ မူးယစ်ဆေးဝါးမျိုးစုံရနိုင်သည်။ အထူးသဖြင့် သူတို့နိုင်ငံက ထုတ်လုပ်သည့် ကုတ်ကင်း ကို လိုသလောက် ရနိုင်သည်။ နိုက်ကလပ်ပိုင်ရှင် ကလည်း မှောင်ခိုရောင်း သည်။ ကောင်မလေးတွေ ကလည်း ရောင်းလည်းရောင်းသည်။ ကိုယ်တိုင်လည်း သုံးစွဲသည်။

ကျွန်တော်တို့သင်္ဘောက အုပ်စုကြီး နိုက်ကလပ်ထဲ ၀င်သွားတော့ နိုက်ကလပ်ပိုင်ရှင် အမျိုးသမီးကြီးက လှိုက်လှဲ စွာ ကြိုဆိုသည်။
" ဘွဲနီနောချေဆီညှော"
" ကောင်းသော ညနေခင်းပါ လူကြီးမင်း" လို့ နှုတ်ဆက်လိုက်တာဖြစ်သည်။ စပိန်စကားကို မတောက်တခေါက် တတ်သည့် ကျွန်တော်က နိုက်ကလပ်ပိုင်ရှင် အမျိုးသမီးကြီးနှင့် ကောင်မလေးတွေအား လုံးကို လက်ဆွဲ ဖက်ကိုင်ပြီး ပြန်နှုတ်ဆက်လိုက်သည်။
" ဘွဲနို နောချေမီယာမိုး " " ကောင်းသော ညနေခင်းပါ အချစ်တို့ရေ " လို့ အဓိပ္ပာယ် ရသည်။ နိုက်ကလပ်ပိုင်ရှင်နှင့် ကောင်မလေးတွေ အရမ်းသဘောကျသွားကြသည်။
" ဟိုလား ... တူ အပ္ပလာ အာစပါးညော ... "

ဟယ် ... သူ စပိန်စကားပြောတတ်တယ်တော့လို့ တအံ့တသြပြောပြီး ပြေးဖက်ကြသည်။ အဲသလိုဖြင့် တစ်ယောက် တစ်ကောင်စီ တွဲလိုက်ကြတော့သည်။ မိမိတွဲသည့် ကောင်မလေးနှင့်အတူ သောက်ကြမည်။ တွဲကကြ မည်။ နိုက်ကလပ်ပိတ်ချိန်မှာ ကောင်မလေးနေသည့်အခန်းကို လိုက်သွားပြီး တစ်ည အတူ အိပ်မည် ဖြစ်သည်။ တစ်ညအတွက် အထွေထွေကုန်ကျစရိတ် ဒေါ်လာ ၄၀ လောက် ကုန်ကျနိုင်သည်။ ကုန်ပါစေ၊ နိုင်ငံခြားမှာဖြစ် လို့ သမီးအရွယ်၊ မြေးအရွယ်၊ ချောချောလှလှကောင်မလေးနှင့်ပျော်ရတာဖြစ်သည်။ ကိုယ့် တိုင်းပြည် မှာဆိုလျှင် သိက္ခာဆယ်နေရသည့်အတွက် အောင့်နေရတာ မောကြပ်ပင်ပန်းသည်။ ဒီမှာ အသက် ရှူချောင်သည်။

ကျွန်တော်ကလည်း ကိုယ်နှင့်တန်ရာတန်ရာ တစ်ကောင်နှင့်တွဲထားသည်။ ကျွန်တော့် သင်္ဘော က ဟောင် ကောင် တရုတ်လူမျိုး ကုန်းပတ်တတိယအရာရှိ ပီတာ လင်ချောင်မင် သည်လည်း ချောချော လှလှ ကောင်မ လေးနှင့် တွဲပြီး ဟန်ကျနေသည်။ အားလုံးပင် အတွဲကိုယ်စီဖြင့် ငြိမ့်နေကြသည်။ ကိုယ့်ကောင်မလေး ကို ဖက် ပြီး ယမကာ သောက်ကြသည်။ ဒစ္စကို တေးသွားအလိုက် ထကကြသည်။ မောလာ လျှင် အတူထိုင်ပြီး ဖက် နမ်း၊ သောက်စားလုပ်နေကြသည်။
ကျွန်တော် တို့သည် သူ့ကောင်မလေးက လှသည်၊ ငါ့ကောင်မလေးက ပိုလှသည် စသည်ဖြင့် မယား အလှပြိုင်နေကြသည်။ ကိုယ့်ကောင်မလေးကို တခြားလူက စေ့စေ့ကြည့်တာကိုတောင် မနာလိုဖြစ်နေကြသည်။ ဒါတောင် တစ်ညပဲပေါင်းမည့် ပြည့်တန်ဆာကို ချစ်ပြီး ရမ္မက်အခိုးထနေကြတာဖြစ် သည်။

ကျွန်တော်တို့တွဲထားသည့် ကောင်မလေးတွေထဲမှာ ပီတာလင်ချောင်မင်၏ ကောင်မလေးက အလှဆုံးဖြစ် နေသည်။ ပီတာ၏ ကောင်မလေးအလှဆုံးလို့ အားလုံးက ထောက်ခံကြသည်။ ပီတာကလည်း လူဖြောင့် လူ ချောဖြစ်သည်။ ချောသူနှင့် လှသူတို့ တွဲမိနေကြတာဖြစ်သည်။
" ပီတာ နင့်ကောင်မလေး ဒီလောက်ချောလျက်နဲ့ ဘာကြောင့် ပြည့်တန်ဆာလုပ်နေတာလဲ၊ မေးကြည့်စမ်း ကွာ "
ပီတာ က သူ့ကောင်မလေးကို ဖက်ထားပြီး နှစ်ကိုယ်ကြားမေးနေတာတွေရသည်။ ကောင်မလေးကလည်း စိတ်ရှည် လက်ရှည် ရှင်းပြပြောကြားနေတာတွေရသည်။ တိုးတိုးပြောနေသည့်အပြင် ဆူညံနေသည့် ဒစ္စကို တေးသံကြောင့် မကြားရဖြစ်နေသည်။ သူတို့ချင်းပြောပြီးသွားတော့မှ ပိတာက ရှင်းပြသည်။

" သူဟာ တက္ကသိုလ်ကျောင်းသူပါတဲ့။ အမေရိကန်နိုင်ငံကို သွားချင်လို့ ပိုက်ဆံရှာနေတာပါတဲ့။ ပိုက်ဆံကို ရတဲ့နည်းမျိုးစုံနဲ့ရှာပြီး စုနေတာပါတဲ့ "
ကျွန်တော် တို့ စကားပြောနေတုန်းမှာပဲ နိုက်ကလပ်ထဲကို ရဲတွေ ၀င်ရောက် လာသည်။ နိုက်ကလပ်ထဲမှာ တွေ့သူတွေကို သူတို့နိုင်ငံသားတွေက တစ်တန်း၊ နိုင်ငံခြားသားတွေ ကတစ်တန်းစီခိုင်းသည်။ နိုက်ကလပ်ထဲမှာရှိနေသည့် ကောင်မလေးတွေထဲက တစ်ချို့ သည် နောက်ဖေးပေါက်က ထွက်ပြေးသွားကြသည်။ ထွက်ပြေးသွားသည့်အထဲမှာ ပီတာလင်း ၏ ကောင်မလေးပါသွားသည်။
ရဲတွေသ ည် နိုင်ငံခြားသားတွေကို နံရံမှာ ကျောမှီစေပြီး တစ်ကိုယ်လုံးကို နှိုက်စမ်းရှာဖွေသည်။ ကျွန်တော် တို့ ဘောင်းဘီအိတ်တွေထဲက စမ်းမိသမျှ ဖုဖုဖောင်းဖောင်းတွေကို နှိုက်ထုတ်ယူကြည့်သည်။ အများစုက ကွန်ဒုန်း (အစွပ်)တွေ ဖြစ်နေသည်။ မူးယစ်ဆေးဝါးရှာဖွေနေတာဟု သိရသည်။ ပီတာလင်း ၏ ဘောင်းဘီကို နှိုက်လိုက်တာ ထွက်လာသည့် အထုပ်ကလေးက သူတို့နိုင်ငံက ထုတ်လုပ်သည့် မူးယစ်ဆေး (ကုတ်ကင်း) အထုပ်ကလေးဖြစ်နေတာ တွေ့လိုက်ရတော့သည်။

ရဲတွေသည် ပီတာကို လက်ထိပ်ခတ်လိုက်တော့သည်။ ကျွန်တော်တို့ အတော် အံ့အားသင့်သွားကြသည်။ ပီတာသည် ကျန်းမာရေး အလွန်လိုက်စားသူဖြစ်သည်။ ဆေးလိပ်တောင်မသောက်၊ မူးယစ်ဆေးသုံးသူမ ဟုတ်တာ သေချာသည်။ သို့သော် ရောင်းသူများ ဖြစ်နေသလားဟု သံသယဖြစ်ကြရတော့သည်။
ပီတာကို ဖမ်းသွားပြီဖြစ်သည့်အတွက် ကျွန်တော်တို့လည်း စိတ်မကောင်းဖြစ်ပြီး ကောင်မလေးတွေနှင့် ညမအိပ်ကြတော့ဘဲ သင်္ဘောကို ပြန်ခဲ့ကြသည်။ ကပ္ပတိန်ကို သတင်းပို့ကြသည်။ ကပ္ပတိန်သည် အတော် တုန်လှုပ် သွားသည်။ ကုမ္ပဏီရုံးကို ဖုန်းဆက်ပြီး သတင်းပို့သည်။ ကုမ္ပဏီ၏ ညွှန်ကြားချက်အတိုင်း ဆက် လက်ဆောင်ရွက် သည်။
နောက်နေ့မှာ ကပ္ပတိန်သည် ပီတာကို အချုပ်ခန်းမှာ သွားတွေ့ပြီး အာမခံသည်။ အာမခံမရဟုသိရသည်။ ပီတာ တို့နိုင်ငံ သံရုံးကို သွားပြီး သတင်းပို့သည်။ နောက်နေ့မှာ အဲဒီနိုင်ငံမှ သင်္ဘောထွက်ခွာခဲ့ပါသည်။ ပီတာ သည် အဲဒီနိုင်ငံ က အချုပ်ထဲမှာ ကျန်နေခဲ့ပါသည်။

ကျွန်တော် တို့ သင်္ဘောသည် အဲဒီနိုင်ငံက ထွက်ခွာပြီး အမေရိကန်နိုင်ငံ ဘာတီမိုးမြို့ကို ရောက်သွားသည်။ ဆိပ်ကမ်းကပ်လိုက် တယ်ဆိုလျှင်ပဲ ပီတာ သင်္ဘောပေါ်ပြန်ရောက်လာသည်။ ကွင်းလုံးကျွတ် လွတ်လာတာဟု သိရသည်။ အားလုံး ပင် ၀မ်းသာကြသည်။
ပီတာတို့ နိုင်ငံ သံရုံးနှင့် ရဲတပ်ဖွဲ့တို့၏ ပူးပေါင်းဖော်ထုတ်ချက်အရ တရားခံအစစ်က ပီတာ ၏ ကောင်မလေး ဖြစ်နေသည်။ ပီတာ၏ ကောင်မလေးသည် မူးယစ်ဆေးဝါးရောင်းပြီး ပိုက်ဆံ ရှာ၊ ငွေစုနေသူဖြစ်သည်။ ရဲတွေကို မြင်သောအခါ သူ့လက်ဝယ်ရှိ မူးယစ်ဆေးဝါးအထုပ်ကို ပီတာ ၏ ဘောင်းဘီအိတ် ထဲသို့ ပီတာမသိ အောင် ထိုးသွင်းပြီး ထွက်ပြေးသွားခဲ့တာဖြစ်သည်။ ရဲကဖမ်းဆီးပြီး စစ်မေးသော အခါ ဖြောင့်ချက်ပေးသည် ဟုဆိုသည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်။ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်သည်။

နိုင်ငံဥသျှောင်ကို စော်ကားသည့်သင်္ဘောသား


ကျွန်တော်တို့ သင်္ဘောသည် ဆိပ်ကမ်းမှာ ကပ်ထားပြီး ကုန်တင်၊ ကုန်ချလုပ်နေသည်။ ကုန်တင်ကုန်ချ လုပ် နေသည့် အတွက် ကုန်းပတ်သင်္ဘောသားတွေ အလုပ်များနေကြသည်။ အင်ဒိုနီးရှားလူမျိုး ကုန်းပတ် ပထမအရာရှိ သည် လုပ်ငန်းခွင်ဝတ်စုံဖြင့် အရာရှိ ထမင်းစားခန်းကို ၀င်လာပြီး စားပွဲထိုးကိုပြောသည်။
" ဗိုက်ဆာတယ် ကွာ၊ ခေါက်ဆွဲပြုတ်တစ်ခွက်လုပ်ပေးပါလို့ ပြောလိုက်ပါ "
စားပွဲထိုးသည် ပထမအရာရှိကို လက်အုပ်ချီပြီး အရိုအသေပေးသည်။ ဒါက သူတို့လူမျိုး၏ ရိုးရာ ယဉ်ကျေးမှု ဖြစ်သည်။ အရိုအသေပေးပြီး စားဖိုဆောင်ကိုပြေးသည်။ စားဖိုမှူး ကို လက်လုပ်ချီပြီး ရိုရိုသေသေပြော သည်။

" ချိကုတ်၊ ပထမအရာရှိက ခေါက်ဆွဲပြုတ်တစ်ခွက် အမြန် လုပ်ပေးပါတဲ့ "
" မင်း လုပ်ပေးလိုက်ပါ သူငယ်ချင်းရာ၊ ဒီမှာ ငါမအားလို့ပါ "
" ကောင်းပါပြီ ခင်ဗျာ၊ ကျွန်တော်ပဲ လုပ်ပေးလိုက်ပါ့မယ် "
ကျွန်တော် တို့ သင်္ဘောမှာ ထမင်းချက်နှင့် စားပွဲထိုးက အဲဒီလို ခင်မင်ရင်းနှီးကြသည်။ အပြန်အလှန် ကူညီကြ သည်။ ညနေကျလျှင် တစ်ယောက်၏ အခန်းကို တစ်ယောက်ကသွားပြီး အရက်အတူ သောက်ကြ သည်။ စားပွဲထိုး သည် ဘာလူမျိုးဖြစ်သည်ကို ပြောဖို့ မသင့်လို့ မပြောပဲထားပါမည်။ ထမင်းချက် ကတော့ မြန်မာ လူမျိုးဖြစ်သည်။
စားပွဲထိုးသည် ဘာသာတရား ကိုင်းရှိုင်းသည်။ အမိန့်နာခံသည်။ လူတိုင်းကို ရိုရိုသေသေ ဆက်ဆံသည်။ စကားပြော လျှင် လူတိုင်းကို လက်အုပ်ချီပြီး ဦးညွှတ်၍ ပြောသည်။ အထူးသဖြင့် အရာရှိတွေကို စကားပြော နေလျှင် စကား မဆုံးမချင်း လက်အုပ်ချီထားသည်။ သူ့ကို လူတိုင်းက ချစ်ကြသည်။

ညနေစောင်းလို့ အလုပ်သိမ်းချိန်မှာတော့ သင်္ဘောသားတွေ အနားယူ အပန်းဖြေရင်း ယမကာ သောက်စားနေကြသည်။ အဲဒီအချိန်မှာ သင်္ဘောသား အိပ်ခန်းတွေဘက်က ဆူဆူညံညံအသံကြားရလို့ သတင်း ကို နားစွင့်မိသည်။ စားပွဲထိုးက ထမင်းချက်ကို ဓားဖြင့် ထိုးသတ်ရန် လိုက်နေတယ်ဆိုတာ သိလိုက်ရသည်။
အင်မတန်ချစ်သည့် လုပ်ဖော်ကိုင်ဖက် သူငယ်ချင်းနှစ်ယောက် ဘယ်လို ဖြစ်ကြတာပါလိမ့်ဟု သိချင်လို့ ပြေး သွားပြီးကြည့်သည်။ စားပွဲထိုးသည် စားဖိုဆောင်က သားလှီးဓားဖြင့် ထမင်းချက်ကို ထိုးသတ်ရန်လိုက်နေ သည်။ ထမင်းချက် သည် သူ့အခန်း သို့ ရောက်အောင်ပြေးပြီး အခန်းတံခါးကို အတွင်းက သော့ခတ်ပြီးပိတ် ထားသည်။
စိတ်ဆိုး ဒေါသထွက်လွန်းလို့ တဆတ်ဆတ် တုန်နေသော စားပွဲထိုးကို သင်္ဘောသားတွေက ဖမ်းချုပ်ပြီး ဓား ကို လုယူသည်။ စိတ်မဆိုးရန်၊ စိတ်လျှော့ ပါရန် တောင်းပန်နေကြသည်။ စားပွဲထိုးက မကျေနပ်နိုင်ဟုဆို သည်။

" မကျေနပ် ဘူး၊ ဒီလူကို သတ်ရမှ ကျေနပ်မယ် "
" သူ့ကို သတ်ရင် မင်းလည်း ထောင်ကျမှာပေါ့ "
" ကျပါစေ၊ ကြိုးစင်ကို တက်ရပါစေ၊ ဒီလူကို သတ်ရလျှင် ကျေနပ်ပြီ "
" သူ့ကို သတ်လို့ သူသေသွားတော့ရော မင်းအတွက် ဘာအကျိုးထူးမလဲ၊ မင်းလည်း ထောင်ကျမယ်၊ အကျိုး မရှိတဲ့ အလုပ် ကို မလုပ်ပါနဲ့ "
" လုပ်ရမယ်၊ ဒီလူကို သတ်ပစ်ရမယ်။ ကျွန်တော် အရှင်သခင်ကို စော်ကားတယ်။ ကျွန်တော့် တိုင်းပြည်နဲ့ လူမျိုးရဲ့ကိုယ်စား သူ့ကို သတ်ဖို့ ကျွန်တော့်မှာ တာဝန်ရှိတယ် "
စားပွဲထိုး ၏ စကားတွေက ဆန်းသစ်လာပြီဖြစ်လို့ ဘာကြောင့် သတ်ချင်တာလဲ၊ ဘာဖြစ်တာလဲ ဆိုတာ ကို မေးရတော့သည်။
" ဘာဖြစ်ကြတာလဲကွ "

" အဖြစ်က ဒီလိုဗျို့၊ စားပွဲထိုးရဲ့ ခန်းမှာအတူ အရက်သောက်ကြတယ်။ အဲဒီအရ်ဝိုင်းမှာ ကျွန်တော်လည်းပါ တယ် "
စားပွဲထိုး က သူ့အခန်းမှာ သောက်ဝိုင်းရှိသည်၊ အမြည်းကောင်းသည်လာခဲ့ပါလို့ ဖိတ်လို့ သွားသောက်သည်။ အဲဒီအခန်း မှာ ထမင်းချက်ပါ ရောက်လာပြီး သောက်နေသည်။ စားပွဲထိုး၏ အခန်းသည် သပ်ယပ် မွှေးကြိုင် နေ သည်။ အိပ်ရာ သန့်ပြန့်သည်။ သင်္ဘောသားဆိုသော်လည်း တခြားသင်္ဘောသား အိပ်ခန်းတွေမှာလို ကိုယ်လုံးတီးပုံတွေနှင့် ညစ်ညမ်း ဓာတ်ပုံတွေ ကပ်ထားတာ မတွေ့ရဘဲ သူတို့နိုင်ငံ ဥသျှောင် ဘုရင်နှင့် မိဖုရားပုံ ကို ချိတ်ဆွဲထားတာ တွေ့ရသည်။

သူ့နိုင်ငံ၏ ဘုရင်နှင့် မိဖုရားပုံသည် သင်္ဘောမှာ ရှိသင့်သည့် ရှိထိုက်သည့် ပုံထက် ကြီးနေသည်။ အလျား ၂ ပေ၊ အနံတစ်ပေခွဲလောက်ကြီးသည်။ သင်္ဘောသား အိပ်ခန်းအနေဖြင့် အနည်းငယ်ကြီးသယောင် ထင်ရ သည်။ စားပွဲထိုး သည် သူ့အရှင်သခင်နှင့် မိဖုရားကို အတော်ရိုသေတာဖြစ်မည်။ သူ့အခန်း ၏ မြင်သာပြီး မြင့် မြတ်သည့်နေရာ မှာ ချိတ်ဆွဲထားသည်။
ခက်တာက စားပွဲထိုးသည် အရက်သောက်နေလျက်ကပင် သူ့ဘုရင်နှင့် မိဖုရားပုံကို မကြာခဏ လက်အုပ်ချီ ရှိခိုး သည်။ သတိရတိုင်း ရိုသေမှုဖြင့် ရှိခိုးတာဖြစ်မည်။ ဒါကိုမြင်သည့်တစ်ယောက်က မေးသည်။
" ခင်ဗျား ဘာဖြစ်လို့ မကြာခဏ) ရှိခိုးတာလဲ "
" ရိုသေလို့ပေါ့ဗျာ၊ ကျွန်တော်တို့ လူမျိုးအတွက်တော့ သူတို့ဟာ အဖေနဲ့ အမေပါပဲ "
" သူတို့က ဘာမို့လဲ၊ ဘာလဲ "

အနည်းငယ်ထွေနေကြပြီဖြစ်လို့ မေးသူကလည်း သိလျက်ဖြင့် မေးသည်။ ဖြေသူကလည်း ဒီဘုရင်နှင့် မိဖုရားဟာ ကျွန်တော်တို့ လူမျိုးရဲ့ နတ်ဘုရားပဲ၊ အဖေနှင့် အမေပဲလို့ ဖြေမည်ဆိုတာကိုလည်း သိနေသည်။ စားပွဲထိုးက မဖြေရသေးမီ ထမင်းချက်က မူးမူးဖြင့် ဖြေသည်။
" အဖေနှင့် အမေဆိုတော့ ပါပါဆန်နှင့် မာမာဆန်ပေါ့ကွာ "
လားအုံးက ၀ါးခနဲ ရယ်လိုက်ကြသည်။ အားလုံးက ရယ်လိုက်ကြသော်လည်း မရယ်ဘဲ ထိုင်နေရာက ၀ုန်းခနဲထလိုက်သူဟာ စားပွဲထိုးဖြစ်သည်။ ဒေါသထွက်လွန်းလို့ အသားတဆတ်ဆတ်တုန်နေသည်။ လက်သီးနှစ်ဖက် ကို ကျစ်ကျစ်ပါအောင် ဆုပ်ထားသည်။ မျက်လုံးတွေ ရဲရဲနီနေသည်။

" ခင်ဗျား ကျုပ်တို့ နိုင်ငံရဲ့ ဘုရင်နှင့် မိဖုရားကို နှိမ့်ချစော်ကားတယ်။ ခင်ဗျားကို အသေသတ်ရမယ်၊ ကျုပ် တို့လူမျိုး ရဲ့ ကိုယ်စား ခင်ဗျားကို ကျုပ်သတ်ရမယ် "
စားပွဲထိုး ၏ အခြေအနေသည် မယုံနိုင်စရာဖြစ်နေသည်။ သူတကယ်ပြောတာဖြစ်သည်။ အလွန်ချစ်ခင်သည့် လုပ်ဖော် ကိုင်ဖက် ထမင်းချက်ကို သတ်ရမှ ကျေနပ်မည်ဟုပြောနေသည်။ ဘယ်လိုမှ ချော့မော့တောင်းပန် လို့ မရသော အခါ ကုန်းပတ် ပထမအရာရှိမှတစ်ဆင့် ကပ္ပတိန်ကို အထိ အသိပေး သတင်းပို့လိုက်ရတော့ သည်။
ကပ္ပတိန် လိုက်လာပြီး တောင်းပန်သော်လည်း မရ။ သူ့နိုင်ငံ၏ ဥသျှောင် ဘုရင်နှင့် မိဖုရားကို စော်ကား သည့်ထမင်းချက် ကို သတ်ရမှ ကျေနပ်မည်ဟု ပြေနေသဖြင့် ရဲကို ဖုန်းဆက်ခေါ်ပြီး စားပွဲထိုးကို အချုပ်ခန်း သို့ ပို့လိုက် ရပါတော့သည်။

အားလုံးသိကြသည့်အတိုင်း ပါပါဆိုတာ အဖေ၊ မာမာဆိုတာ အမေလို့ အဓိပ္ပာယ်ရသည်။ သို့သော် သင်္ဘော သားစကား မှာ ပါပါဆန်နှင့် မာမာဆန်ဆိုတာ ပြည့်တန်ဆာခေါင်းကြီးနှင့် ပြည့်တန်ဆာ ခေါင်းမကြီးလို့ အဓိပ္ပာယ် ရပါသည်။ ဒါကြောင့် စားပွဲထိုး စိတ်ဆိုးတာဖြစ်မည်။ နိုင်ငံဥသျှောင်ကို မနောက်ပြောင်သင့်ဆို သည့် သာဓကဖြစ်သည်။
ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။

ပန်းခြံထဲမှာ အဖမ်းခံရသည့် မြန်မာသင်္ဘောသား

စင်္ကာပူနိုင်ငံက သင်္ဘောသား ပွဲစားခေတ်လို့ ခေါ်ရမည့် ၁၉၈၀ ခုနှစ်လောက်က ဖြစ်ခဲ့တာဖြစ်မည်။ မြန်မာ သင်္ဘောသားတွေသည် စင်္ကာပူနိုင်ငံမှာ အလုပ်ရှာရင်း အလုပ်ပွဲစား ထားပေးသည့် အိမ်တွေမှာ စုနေကြရ သည်။ ရုံးဖွင့်သည့် ရက်တွေမှာ မနက်မိုးလင်းလို့ ရုံးတွေ ဖွင့်သည့် အချိန်မှာ အိမ်ကထွက်ကြပြီး ပွဲစားရုံးရှိ ရာကို သွားသူ သွားကြသည်။ သင်္ဘောကုမ္ပဏီတွေရှိရာ အဆောက်အအုံကြီးတွေကို သွားသူတွေတွားကြ သည်။
ညနေရုံးဆင်းချိန်မှာ မိမိတို့နေထိုင်ရာ အိမ်ကို ပြန်လာကြသည်။ တချို့ အလုပ်ရလာကြသည်။ တချို့အလုပ် မရဘဲ စိတ်ဓာတ်ကျပြီး ပြန်လာကြသည်။ အလုပ်ရလာသူတွေက ပျော်နေကြသည်။ အလုပ်မရခဲ့သူတွေက သူတို့ရဲ့ တစ်နေ့တာ လှုပ်ရှားခဲ့သည့် အတွေ့အကြုံတွေကို ပြန်ပြောပြပြီး ပြုံးနိုင်ရယ်နိုင်သူတွေလည်းရှိသည်။ မပြုံးနိုင် မရယ်နိုင်သူတွေလည်း ရှိသည်။
သင်္ဘောသားတစ်ယောက်က သူကြုံခဲ့ရသည့်အဖြစ်သည် ငိုရမလို၊ ရယ်ရမလို ဖြစ်လာခဲ့သည်ဟုဆိုပါ သည်။ အလုပ်အကိုင်ရှာဖွေတာ အဆင်မပြေသဖြင့် စိတ်ပြေလက်ပျောက် သဘောဖြင့် ပန်းခြံတစ်ခုရဲ့ ထိုင်ခုံတန်းလျားလေးမှာ ထိုင်ပြီး တောင်တွေး မြောက်တွေး တွေးနေသည်။

တွေးနေရင်း တိုးတိုးတိတ်တိတ် ၀ယ်လာခဲ့သည့် ကွမ်းယာကို ၀ါးပြီး မြုံနေသည်။ စင်္ကာပူနိုင်ငံမှာ ကွမ်း ယာမရောင်းရ၊ ကွမ်းတံတွေးမထွေးရ၊ ကွမ်းဝါးသူကို တွေ့လျှင် ရဲက ဘာမှမလုပ်သော်လည်း ကွမ်းတံတွေး ထွေးလျှင်တော့ ကွမ်းဝါးသူကိုရော ကွမ်းယာရောင်းသူကိုပါ အရေးယူသည်။
မြန်မာသင်္ဘောသားသည် ကွမ်းတံတွေးထွေးရန် အခွင့်မသာသေးလို့ ကြိတ်ဝါးရင်း ပါးစပ်ထဲမှာ ကွမ်းတံတွေးတွေ ပြည့်လာသည်။ မထွေးလျှင် မဖြစ်တော့သည့် အခြေအနေမှာ ထိုင်ရာမှ အသာထသွားပြီး လူအလစ်မှာ နီးရာ အမှိုက်ပုံးကိုဖွင့်ပြီး ထွေးချလိုက်ရာ ရေနွေးကြမ်း ပုံဂံတစ်လုံးစာလောက် ထွက်ကျသွား သည်။ ဒီတော့ မှ နေသာထိုင်သာ ရှိသွားသည်။ နေသာထိုင်သာဖြစ်သွားတော့ တောင်တွေးမြောက်တွေး ဆက်တွေးနေသည်။

နောက် ဆယ်မိနစ်လောက်အကြာမှာ ပန်းခြံထဲကို ရဲကားတစ်စီးနှင့် လူနာတင်ယာဉ်တစ်စီး မောင်းဝင်လာ သည်။ ရဲကားပေါ်က ဆင်းလာသည့် ရဲတွေနှင့် လူနာတင်ယာဉ်ပေါ်က ဆင်းလာသည့် သူတွေက ဆေးရုံ၏ ခွဲစိပ်ခန်းဝတ်စုံတွေဖြင့် တစ်ကိုယ်လုံးကို ဖုံးအုပ်ထားကြသည်။
ရဲတွေရော ဆေးရုံအမှုထမ်းတွေပါ မြန်မာသင်္ဘောသားရှိရာကို တန်းတန်းမတ်မတ် လျှောက်လာကြပြီး မြန်မာသင်္ဘောသားကို ဖမ်းဆီးလိုက်ပါတော့သည်။ သင်္ဘောသားကို လူနာတင်ယာဉ်ပေါ် တက်စေပြီး တံခါးပိတ်လိုက်သည်။ အရေးကြီး၊ အရေးပေါ် အချက်ပေး ဥသြသံပေးပြီး အမြန်နှုန်းဖြင့် မောင်းယူသွား သည်။

စင်္ကာပူဆေးရုံကြီး၏ အထူးကြပ်မတ်ဆောင်ထဲကို ခေါ်ဆောင်သွားသည်။ မီးတွေထိန်လင်းအောင် ထွန်း ထားသည့် အခန်းတစ်ခုအတွင်းကို သင်္ဘောသားကို ၀င်ခိုင်းသည်။ အခန်းထဲမှာ သင်္ဘောသားတစ်ယောက် တည်းသာရှိသည်။ လေအေးစက်မောင်းထားသည့်အခန်းဖြစ်လို့ အေးစိမ့်နေသည်။ မကြာမီ အခန်းတွင်းရှိ စပီကာမှ အသံထွက်လာသည်။
" လူကြီးမင်း အ၀တ်အစားတွေအားလုံး ချွတ်လိုက်ပါ "
အ၀တ်အစားတွေ ချွတ်လိုက်ပါဆိုတော့ အားလုံးကို ချွတ်လိုက်ရသည်။ လေအေးပေးစက် ပေးထားသည့် အခန်းထဲမှာ ကိုယ်လုံးတီးကြီးဖြစ်နေသည်။ မကြာမီ အေးလို့ ခိုက်ခိုက်တုန်အောင် ချမ်းလာသည်။ နောက် ထပ် ဘာလုပ်ခိုင်း ဦးမလဲ နားထောင်နေရသည်။

" လေးဘက်ထောက်ပြီး စအိုဝကို ဖြဲပြပါ "
ဒုက္ခပဲ၊ ဘာကိစ္စဖြင့် ဘယ်သူက စေခိုင်းနေတာပါလိမ့်ဟု တွေးမိသည်။ ခိုင်းစေနေသူကို မမြင်ရ၊ အသံကိုသာ ကြားနေရသည်။ အခန်းထဲမှာ မိမိတစ်ယောက်တည်းသာရှိသော်လည်း မိမိကို တစ်နေရာက ၀ိုင်းကြည့်နေကြတယ် ဆိုတာကို အလိုလို သိနေသည်။ သူခိုင်းသလိုလုပ်ရတော့သည်။
" ပြန်ရပ်ပါ၊ ပါးစပ်ဟပြီး လျှာထုတ်ပြပါ "
ခိုင်းသလို လုပ်ရသည်။ ကိုယ်လုံးတီး ဖြစ်လို့ အေးလှပြီ၊ ကြာလျှင် အအေးပတ်ပြီး လေဖြတ်နိုင်သည်။ နောက် ထပ်ဘာလိုင်းဦးမလဲ နားထောင်ရသည်။
" ကျေးဇူးတင်ပါတယ်၊ အ၀တ်အစားတွေ ပြန်ဝတ်ပြီး အခန်းအပြင်ကို ထွက်နိုင်ပါပြီ "

အ၀တ်အစားတွေကို မြန်မြန်ဝတ်လိုက်သည်။ အတော်အေးနေပြီဖြစ်သည်။ အခန်းအပြင်ဘက်ကို ပြေးထွက် လိုက် သည်။ အခန်းအပြင်ကို ရောက်အခါ ဆရာဝန်ဝတ်စုံ ၀တ်တားသူတစ်ယောက်က စောင့်ကြိုနေပြီး လက်ဆွဲနှုတ်ဆက် သည်။
" လူကြီးမင်း နေကောင်းတယ် မဟုတ်လား "
" ကောင်းပါတယ်၊ ကျွန်တော် ဘာမှ မဖြစ်ပါဘူး "
" အိုကေ၊ သွားလိုရာ သွားနိုင်ပါပြီ "
" နေပါဦးဗျ၊ ခင်ဗျားတို့ ကျွန်တော့်ကို ဘာကြောင့် ဒီကို ခေါ်လာပြီး ဒီလို လုပ်ကြတာလဲ၊ ကျွန်တော် နားမလည်ဘူး "
" ပန်းခြံထဲမှာ လူတစ်ယောက် သွေးတွေ အန်ချနေတယ်လို့ ပြည်သူတစ်ယောက်က ဆေးရုံကို ဖုန်းဆက်ပြီး အကြောင်းကြား လို့ ခင်ဗျားကို လာဖမ်းတာပါ "

" အလို ဘုရားရေ "
အဆုတ်နာရောဂါသည်ထင်ပြီး ဖမ်းခဲ့ကြတာဖြစ်သည်။ ကျွန်တော် ကွမ်းတံတွေးထွေးတာပါလို့ မပြောရဲ၊ ပြောလိုက်လျှင် ကွမ်းစားတဲ့အမှု၊ ကွမ်းတံတွေးထွေးတဲ့အမှုတွေ ထပ်ဖြစ်လာမှာစိုးလို့ ပါးစပ် ပိတ်ပြီး ပြန်ခဲ့ ရပါသည်ဟုဆိုပါသည်။
မိမိကို ပန်းခြံထဲမှာ လာဖမ်းစဉ်က မိမိ ကွမ်းတံတွေးထွေးခဲ့သည့် အမှိုက်ပုံးကိုဖွင့်ပြီး ဆေးဖြန်းတာ ဒါကြောင့်ကိုး ဟု အခုမှပြန်ပြီး သတိထားမိတော့သည်။ စင်္ကာပူနိုင်ငံမှာ ကွမ်းစားတာ၊ ကွမ်းတံတွေးထွေးတာ လုံးဝ မလုပ်မိဖို့ သတိရှိကြရမည်ဖြစ်သည်။
ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။ မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်။

ဆက်ရန်
.

No comments: