Thursday, October 4, 2012

အဏ္ဏဝါစိုးမိုး ၏ သင်္ဘောသားလောက မှုခင်းများ, အပိုင်း (၂)

ပြည့်တန်ဆာတန်းမှာ ဓားတန်းလန်းဖြင့် သေရသည့် သင်္ဘောသား

၁၉၈၂ ခုနှစ်ကဖြစ်သည်။ စင်္ကာပူမြို့၏ ညနေခင်းမှာ မြန်မာသင်္ဘောသားတွေ စုနေကြသည့် ပွဲစားအိမ်ကို သတင်းဆိုး တစ်ခုက ၀င်လာသည်။ မကောင်းသတင်းဖြစ်လို့ တုန်လှုပ်သွားကြသည်။ စိတ်မကောင်းဖြစ်သွား ကြသည်။
" အာအိုကို ... အာရပ်စထရိမှာ ဓားထိုးခံရလို့ သေသွားပြီတဲ့ "
" ဟာ ဘယ်သူက ထိုးလိုက်တာလဲ "
" ဘယ်သူထိုးမှန်း မသိဘူး၊ လူအုပ်ထဲမှာ လဲကျသွားလို့ ကြည့်လိုက်တော့ ၀မ်းဗိုက်မှာ ဓားတန်းလန်း နဲ့ သွေးတွေအိုင်နေတာတွေ့ရတယ်လို့လည်း ပြောကြတာပဲ "
" ထင်ကြေးပေး နေကြတာကတော့ ပြည့်တန်ဆာတန်းက ဖဲသုံးချပ်လိမ်တဲ့အကောင်ရဲ့ လက်ချက်လို့ ပြော နေကြတယ်"
စင်္ကာပူမှာ ပြည့်တန်ဆာတန်းနှစ်ခုရှီသည်။ အာရပ်စထရိနှင့် ဘူဂျစ်စထရိဆိုသည့် လမ်းမကြီးနှစ်ခုဖြစ်သည်။ တရားဝင် ဖွင့်လှစ်ထားသော ပြည့်တန်ဆာတန်းကြီးတွေဖြစ်လို့ နိုင်ငံတကာကလာကြသည့် ကမ္ဘာလှည့်ခရီး သည်တွေနှင့် သင်္ဘောသားတွေဖြင့် အမြဲစည်ကားနေသော လမ်းကြီးတွေဖြစ်သည်။

ပြည့်တန်ဆာ တန်းကြီးတွေမှာ အစိုတန်းနှင့် အခြောက်တန်းဆိုပြီး နှစ်တန်းရှိသည်။ အစိုတန်းဆိုတာက မိန်းမပြည့်တန်ဆာတွေချည်း ရှိသော အတန်းဖြစ်သည်။ အခြောက်တန်းဆိုတာက မိန်းမလျာတွေချည်း ရှိ သောအတန်းဖြစ်သည်။ မိန်းမလျာဆိုလို့ ရန်ကုန်က ရှောက်သီးဆေးပြားရောင်းသူတွေလို့ ရူးကြောင်ကြောင် ကလန်ကလားကြီးတွေ လို့ ထင်လျှင် မှားသွားမယ်။ မိန်းမတွေထက်ပင် ချောပြီး အသက် ငယ်ငယ် ဖြူဖြူ ချောချောတွေဖြစ်သည်။ ရင်သားတွေကိုလည်း ဟိုမုန်းဆေးတွေထိုးထားသဖြင့် မို့မောက်ဖောင်းကြွနေ ကြ သည်။
ပြည့်တန်ဆာတန်းကြီးတွေသည် နေ့ရောညပါ စည်ကားနေသည်။ ကုန်မျိုးစုံဆိုင်များ၊ စားသောက်ဆိုင်များ၊ အရက် ဆိုင်နှင့် ဘားဆိုင်များဖြင့် ကြက်ပျံမကျ စည်ကားသောနေရာဖြစ်သည်။ ကုန်ပစ္စည်းတွေ ကလည်း ဈေးပေါသည့် အတွက် နိုင်ငံတကာ ဈေးဝယ်သူတွေ၊ ပျော်ပါးရန် လာကြသူတွေဖြင့် အမြဲစည်ကားနေ သည်။

အမြဲစည်ကားနေသည့် ပြည့်တန်ဆာတန်းမှာ ထူးထူးဆန်းဆန်းတွေလုပ်ပြပြီး ပိုက်ဆံတောင်းနေသူ၊ မျက် လှည့်ပြပြီး ပိုက်ဆံ အလှူခံနေသူနှင့် အံစာတုံးလှိမ့်ပြီး လောင်းကစားနေသူတွေလည်းရှိသည်။
အဲဒီအထဲမှာ ဖဲသုံးချပ်မှောက်ထားပြီး လိမ်စားနေသူသည် ၀င်ငွေအကောင်းဆုံးဖြစ်နေသည်။ အနီရောင် ဒိုင်မွန်း ၇ ရယ်၊ အနက်ရောင် ညှင်း ၁၀ ရယ်၊ ကွင်းရယ် ဖဲသုံးချပ်ကို ဟိုနေရာရွေ့၊ ဒီနေရာရွေ့လုပ်ပြရင်း ကွင်းရှိတဲ့နေရာ ကို ပုံထိုးခိုင်းသည့်နည်းဖြစ်သည်။
ဖဲချပ်တွေ ကို လှန်ပြပြီးမှ မှောက်၍ ဖြေးဖြေးရွေ့သဖြင့် ကွင်းဖဲသည် ဘယ်ဖဲဆိုတာကြည့်နေသူတွေ အားလုံး သိကြသည်။ သိလို့ ပုံအောပြီး ကွင်းနေရာမှာ ၀ိုင်းထိုးကြသည်။ ဖဲကို လှန်လိုက်သည့်အခါမှာတော့ ကွင်း မဟုတ် ဘဲ ဒိုင်းမွန်းဆဲဗင်းသော်ူလည်းကောင်း၊ ညှင်းတစ်ဆယ်သော်လည်းကောင်း ဖြစ်နေသဖြင့် ပုံအောသူ တွေရှုံးပြီး တစ်ယောက်တစ်လေသာ အနိုင်ရသည်။ အနိုင်ရသူကလည်း ဖဲလိမ်သူ၏ ဒလန်ဖြစ်နေသည်။

ဒါကို ရပ်ကြည့်နေသူတွေထဲက လိမ်တာကို တိတိကျကျ သိနေသည့် အာအိုကို ... က မနေနိုင် မထိုင်နိုင် အော်ပြောသည်။
" အဲဒါလိမ်နေတာဗျို့၊ မထိုးကြပါနဲ့၊ ခင်ဗျားတို့ မွဲလိမ့်မယ် "
" ဟုတ်သလား၊ လိမ်နေတာလား "
" လိမ်နေတာပေါ့ဗျာ ဖဲက သုံးချပ် မဟုတ်ဘူးဗျ၊ လေးချပ်၊ သူ့လက်ထဲမှာ ဖဲတစ်ချပ် အမြဲရှိနေတယ်၊ ဖဲချပ်ကို လှန်လိုက်တဲ့အချိန် မှာ သူ့လက်ထဲက ဖဲချပ်ကို အစားထိုးပစ်လိုက်တာ။ ကျုပ်က မြန်မာပြည်မှာ ဒီအလုပ် လုပ်စားလာခဲ့တဲ့ အကောင်၊ ခင်ဗျားတို့ဆက်ထိုးနေရင် မွဲမှာပဲ" ဟု အော်ပြောလိုက်တော့ ထိုးသား တွေ ရှဲသွားကြ သည်။ ဖဲသုံးချပ် ဆရာလည်း မျက်စိမျက်နှာပျက်ပြီး လုပ်စားလို့မရဖြစ်သွားသည်။
သို့သော် အခိုက်အတန့် သာဖြစ်သည်။ ပြည့်တန်ဆာတန်းကြီးသည် နိုင်ငံတကာ လာကြသည့် နိုင်ငံခြား ဧည့် သည် အသစ်တွေဖြင့် ပြန်လည်စည်ကားလာပြန်သောအခါ ဖဲသုံးချပ်ဆရာလည်း သူ့အလုပ်ကို သူဆက် လုပ်ပြီး အလုပ်ဖြစ်နေပြန်တော့ သည်။

သူပြောချင်တာတွေကို အော်ပြောခဲ့သော အာအိုကို ... သည် ခပ်ထွေထွေဖြင့် ပြည့်တန်ဆာတန်းကြီး၏ လူအုပ်ကြား ထဲကို တိုးဝင်သွားလေသည်။ ဖဲသုံးချပ်ဆရာသည် ပရိသတ်ထဲမှာ ထိုးသားယောင်ဆောင်ပြီး ရပ်ကြည့်နေသူတွေ ထဲက တစ်ယောက်ကို မျက်ရိပ်ပြလိုက်သည်။ အဲဒီလူနောက် လိုက်သွားပြီး ပညာပေး လိုက်စမ်းပါဆိုသည့် သင်္ကေတဖြစ်သည်။ သူ့လူတွေထဲက တစ်ယောက်သည် အသွား ဆက်လက်မခန့်ရှည်သည့် သားလှီးဓား ကို ကိုယ်မှာ ၀ှက်ယူသွားပြီး သူ့နောက်က နောက်ယောင်ခံလိုက်ပါ သွားသည်။
လူတွေများပြီး တိုးဝှေ့သွားရသည့်နေရာအရောက်မှာ လူသတ်သမားသည် အာအိုကို ... နှင့် မျက်နှာချင်း ဆိုင် အနေအထားမှာ နေရာယူလိုက်သည်။ အာအိုကို ... နှင့် မျက်နှာချင်းဆိုင်မိသည်နှင့် တစ်ပြိုင်နက် ပါလာ သည့် သားလှီးဓားဖြင့် အာအိုကို .... ၏ ၀မ်းဗိုက်ကို အဆုံးထိုးသွင်းလိုက်တော့သည်။ ကို ... သည် သူ့ဝမ်း ဗိုက်ထဲကို တဆုံးဝင်နေ သည့် သားလှီးဓားအရိုးကို လက်နှစ်ဖက်ဖြင့် ဆုပ်ကိုင်ပြီး လူအုပ်ကြားထဲကို လဲကျ သွားတော့ သည်။

ဖဲသုံးချပ်လိမ်နေသူသည် အခင်းဖြစ်ပွားရာ နေရာနှင့် တစ်လမ်းကျော်မှာ သူ့အလုပ်ကို သူလုပ်နေသော သက်သေ ရှိသဖြင့် လူသတ်တရားခံလို့ စွပ်စွဲရာမှာ ခက်နေသည်။ ကိုယ်နှင့်မဆိုင်တာကို ၀င်ပြီး အာချောင် မိသည့် မြန်မာ သင်္ဘောသားတစ်ယောက်၏ ဇာတ်သိမ်းမလှသော မှုခင်းဖြစ်သည်။ ကျွန်တော်တို့မှာတော့ မိတ်ဆွေ တစ်ယောက် ဆုံးရှုံးခဲ့ရသည်။
နောက်ပိုင်း တွင် စုံစမ်းသိရှိရသည်မှာ အခင်းဖြစ်ပွားရာ ဒေသက မျက်မြင်သက်သေတို့၏ သတင်းပေးချက် အရ စင်္ကာပူရဲတပ်ဖွဲ့သည် ဖဲသုံးချပ်သမားကို ခေါ်ယူစစ်ဆေးနေပြီဟုသိရသည်။ ဖဲသုံးချပ်သမားသည် အရှေ့တိုင်း အိမ်နီးချင်းနိုင်ငံသားဖြစ်သည်။ မိမိ၏ အကျိုးစီးပွားကို ထိခိုက်အောင် လုပ်လာလျှင် လူသတ် ရမှာ ၀န်မလေး သည့် လူမျိုးဖြစ်လို့ ရဲတပ်ဖွဲ့က အသေးစိတ်စစ်ဆေးနေပြီဟုသိရသည်။ မကြာမီတရားခံ ကို ဖော်ထုတ်နိုင် လိမ့်မည်ဟု ယုံကြည်ကြသည်။
မကောင်းတာလုပ်လျှင် မကောင်းတာဖြစ်မည်၊ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဂျပန်နိုင်ငံဆိပ်ကမ်းမှာ အပေါ်စက် အောက်စက် ခိုးသည့် သင်္ဘောသား

ဟို ... လွန်ခဲ့သည့် နှစ်ပေါင်း ၂၀ ကျော်က ဂျပန်နိုင်ငံဆိပ်ကမ်းမြို့လေးတစ်ခုမှာ ဖြစ်ခဲ့သောခိုးမှုဖြစ်သည်။ ခိုးရာပါ ပစ္စည်းနှင့် အတူ ပတ္တရောင်ရဲက ဖမ်းတာဖြစ်သည်။ ခိုးသူမှာ သင်္ဘောသားဖြစ်သည်။ သင်္ဘောသား ခိုးယူလာသည့် ပစ္စည်းက အပေါ်စက်ခေါ် ဆိုနီအမျိုးအစားလက်မ ၂၀ တီဗီနှင့် အောက်စက်ခေါ် ဗီဒီယို စက် ဖြစ်သည်။ အကာလညအခါလူခြေတိတ်ချိန်မှာ အပေါ်စက်နှင့် အောက်စက်ကို ထမ်းပြီး ပြေးလု နီးပါး လျှောက်လာနေသည့် လူတစ်ယောက်ကို ဆိပ်ကမ်းရဲက မသင်္ကာလို့ ဖမ်းဆီးရာမှ ခိုးမှုပေါ်လာတာဖြစ် သည်။
အကာလ ညအခါမှာ ဆိပ်ကမှ်းာ ဆိုက်ကပ်ထားသည့် သင်္ဘောပေါ်ကို ရဲတွေရောက်လာပြီး ကပ္ပတိမ်ကိုနှိုး သည်။ ဘာဖြစ်တာလဲလို့ မေးကြည့်တော့ ဒီသင်္ဘောသားသည် ဘယ်အိမ်ကမှန်းမသိရသည့် အပေါ်စက်နှင့် အောက်စက် ကို ခိုးယူလာတာမိလို့ ဖမ်းလာတာဟုပြောသည်။ ရဲတွေသည် အင်္ဂလိပ်စကား မပြောတတ် သည့်အတွက် ဒီသင်္ဘော၏ ဒေသကိုယ်စားလှယ်ကို ခေါ်ပေးရန် ပြောလိုက်သည်။ ရဲတွေက ဒေသ ကိုယ်စားလှယ်ကို ခေါ်လိုက်သည်။ ဒေသကိုယ်စားလှယ်ရောက်လာသည်။

" ဒီသင်္ဘောသား ဒါတွေခိုးယူလာတာ မိတယ်လို့ ပြောနေတယ် "
" မောင်ရင် ခိုးယူလာတာ ဟုတ်သလား "
" ဟုတ်ပါတယ် ဆရာ "
" အေး ဒါဆိုရင်တော့ မောင်ရင် ထောင်ကျပြီ"
" ဘယ်အိမ်က ခိုးလာတာလဲ၊ အိမ်ကို မှတ်မိရဲ့လား "
" မှတ်မိပါတယ် "
သင်္ဘောဆိပ်နှင့် သိပ်ပြီးမဝေးသည့် လမ်းပေါ်က အိမ်တစ်အိမ်က ခိုးယူလာတာဟုဆိုသည်။ သင်္ဘောသား သည် ဒီအိမ် ကို ချောင်းနေတာ တစ်ရက်နှစ်ရက်ရှိပြီဟုဆိုသည်။ ဒီပစ္စည်းတွေကို နေ့စဉ်တွေ့နေရလို့ ညဘက် လူခြေတိတ်ချိန် မှာ ခိုးယူမည်ဟု ဆုံးဖြတ်လိုက်သည်။

ဒီညမှာတော့ မိမိတာဝန်ချိန်ဖြစ်သည့် ည ၁၂ နာရီ မှ မိုးလင်းခါနီး ၄ နာရီအတွင်းမှာ သင်္ဘောက ဆင်းသွား ပြီး ဒီပစ္စည်းတွေ ကို ခိုးယူလာခဲ့တာဖြစ်သည်။ ဒီပစ္စည်းတွေသည် အခြားပစ္စည်းတွေနှင့်အတူ အိမ်ရှေ့က လမ်းဘေး ပလက်ဖောင်းမှာ ချထားသည့်အတွက် အလွယ်တကူ ထမ်းယူလာခဲ့တာဖြစ်သည်။ ရေခဲသေတ္တာ အသေးလေး တစ်လုံးနှင့် အခြားပစ္စည်းတွေကိုတော့ မသယ်နိုင်လို့ ထားခဲ့သည်။
တီဗီ ကို ပခုံးမှာထမ်း၊ ဗီဒီယိုကို လက်မှာပိုက်ပြီး ပင်ပန်းကြီးစွာ သယ်ယူလာသည်။ ဂျပန်ပြည်တွင်းသုံး ပစ္စည်းတွေဖြစ်လို့ အကောင်းစားတွေဖြစ်သည်။ နင့်နေအောင်လေးသည်။ မြို့ထဲမှ ဆိပ်ကမ်းဝင်း ထဲကို ရောက်အောင် ပခုံးပြောင်း၊ လက်ပြောင်း ကိုင်ပြီး ပင်ပန်းကြီးစွာ သယ်ယူလာစဉ် ကင်းလှည့်နေသည့် ဆိပ် ကမ်း ရဲကားနှင့် တွေ့လို့ ပစ္စည်းတွေကို ပစ်ချပြီး ထွက်ပြေးသေးသည်။ ဒါပေမဲ့ နောက်ကျသွားသည်။ ရဲက ပစ္စည်းတွေနှင့် အတူ လိုက်ဖမ်းလို့ မိသွားသည်။ ဂျပန်ရဲတွေက အင်္ဂလိပ်စကားမပြောတတ်လို့ ဒေသကိုယ် စားလှယ် ကို ဖုန်းဆက်ခေါ်လိုက်လို့ အကြောင်းစုံသိရသည်။

" ခင်ဗျား ၀င်ခိုးတဲ့အိမ်ကို မှတ်မိသလား "
" မှတ်မိပါတယ် "
ဒေသ ကိုယ်စားလှယ်ရော သင်္ဘောသားကိုပါ ရဲကားပေါ်တင်ပြီး ပစ္စည်းပိုင်ရှင်၏ အိမ်ကို သွားကြသည်။ အိမ် ရှေင်တွေ အိပ်နေလို့ နိုးရသည်။ အိမ်ရှင် အမျိုးသမီးကြီးသည် အကာလညအခါမှာ ရဲတွေ မြင်လိုက်သော အခါ အံ့သြနေသည်။ ဒေသကိုယ်စားလှယ်နှင့် ရဲတွေက သင်္ဘောသားနှင့် ခိုးရာပါ ပစ္စည်း တွေကို လက်ညှိုး ထိုးပြပြီး သူတို့ဘာသာစကားဖြင့် ပြောနေကြသည်။ အမျိုးသမီးကြီးက ပစ္စည်းတွေကိုကြည့်ပြီး ရယ်နေသည်။ သင်္ဘောသား ကို တစ်စုံတစ်ခု မေးသည်။
" ခင်ဗျားကို မေးနေတယ်၊ ဒီမှာ ဂျပန်ဘာသာဖြင့် ရေးထားတဲ့ စာရွက်တွေ့သလားတဲ့၊ ကတ်ပြားအဖြူပေါ် မှာ မင်အပြာရောင် နဲ့ ရေးထားတယ်တဲ့ "
" ဟုတ်ကဲ့ တွေ့ပါတယ် "
" အဲဒီစာရွက်ဘယ်မှာလဲ "
" တီဗီဖန်သားပြင်မှာ တိပ်နဲ့ကပ်ထားလို့ ဆွဲခွာပြီး လွှင့်ပစ်လိုက်ပြီ "

" အဲဒါ ဘာရေးထားတယ်ဆိုတာ သိသလား "
" ရောင်းရန် လို့ ရေးထားတယ် ထင်တာပဲ "
" မဟုတ်ဘူး၊ လိုချင်သူ အလကားယူသွားပါလို့ ရေးထားတာတဲ့ "
ဒီတော့မှ အိမ်ရှင်ရော ရဲတွေပါ တဟားဟား ရယ်လိုက်ကြသည်။ အိမ်ရှေ့က လမ်းဘေးပလက်ဖောင်းမှာ ချထားသည့်ပစ္စည်းကို ရောင်းဖို့ထားသည့် ပစ္စည်းတွေထင်ပြီး ၀င်ခိုးမိတာဖြစ်သည်။ ဂျပန်နိုင်ငံမှာ အမှိုက်ပစ် စရာ နေရာ မရှိလို့ ဒီပစ္စည်းတွေကို လိုချင်လျှင်ယူသွားပါဟု ဂျပန်ဘာသာဖြင့် ရေးထားတာဖြစ်သည်။
မသိလို့ ၀င်ခိုးသူမှာ သင်္ဘောသားဖြစ်နေသည့်အတွက် အမျိုးသမီးက သနားပြီး သူ့အိမ်ရှေ့က ပစ္စည်းတွေ (အမှိုက်တွေ)ရေခဲသေတ္တာ၊ ပန်ကာနှင့်အခြားပစ္စည်းတွေအားလုံးကို သယ်နိုင်လျှင် ယူသွားပါဟု ပြောသည်။

တောင်းစရာတောင် မလိုဘဲ ယူသွားလို့ရသည့်ပစ္စည်းကို မသိလို့ဝင်ခိုးမိသည့် သင်္ဘောသားက ရှက်ပြီး ဘာမှ မယူတော့ပါဘူး ဆိုသည့်အတွက် ဂျပန်အမျိုးသမီးနှင့်ရဲတွေက စိတ်မကောင်းဖြစ်သွားသည်။
" ယူပါ၊ လိုချင်တာယူပါ၊ ကျွန်တော်တို့ကားနဲ့ သင်္ဘောပေါ်ရောက်အောင် လိုက်ပို့ပေးပါ့မယ် "
" တော်ပါပြီဗျာ၊ လူမသိအောင် ခိုးတာ တိုင်းသိပြည်သိ ဖြစ်သွားပြီ၊ မယူတော့ဘူး "
ဂျပန်အမျိုးသမီး က သူ့အိမ်ရှေ့က အမှိုက်တွေ ပြန်ရောက်လာလို့ ရဲတွေကိုတောင် မကျေမနပ် ဖြစ်သွားဟန် တူသည်။ ဂျပန်နိုင်ငံမှာ အမှိုက်ပစ်စရာမရှိလို့ ဒုက္ခရောက်ကြသည်။ အထူးသဖြင့် လျှပ်စစ်ပစ္စည်းနှင့် အီလက် ထရောနစ် ပစ္စည်းတွေကို စည်းကမ်းမဲ့ စွန့်ပစ်တာကို မိလျှင် ကြီးလေးသည့်ဒဏ်ငွေဆောင်ရသည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်၊ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

မှောင်ခိုကုန်ကူးသည့်သင်္ဘောသားများ

ကျွန်တော်တို့သင်္ဘောသည် အိန္ဒိယနိုင်ငံ၊ ကာလကတ္တားမြို့ ဆိပ်ကမ်းသို့ ဆိုက်ကပ်ပြီး မကြာမီ အချိန်အတွင်း မှာပင် သင်္ဘောပေါ်ကို ရဲတွေတက်လာသည်။ ရဲအရာရှိတစ်ယောက်နှင့် ရဲသားနှစ်ယောက် ပါ သည်။ သူတို့နိုင်ငံသား တရားခံတစ်ယောက်ကို လက်ထိပ်ခတ်ပြီး ဆွဲခေါ်လာသည်။ တရားခံသည် ညှိုးငယ် စွာဖြင့် ငိုတော့ မလို လိုက်ပါလာသည်။
ရဲအရာရှိ သည် သင်္ဘောမှာ တာဝန်အရှိဆုံးဖြစ်သည့် ကပ္ပတိန်၏ အခန်းကို သွားသည်။ လာရခြင်း အကြောင်းကို ပြောပြသည်။ မကြာမီပင် သင်္ဘောသားတို့၏ အခန်းတိုင်းမှာရှိသည့် အသံချဲ့စက်မှ တာဝန်ကျ အရာရှိ ၏ အသံထွက်လာသည်။
" အရာရှိနှင့် သင်္ဘောသားများအားလုံး ထမင်းစားခန်းမှာ လာရောက်စုဝေးပါ။ ဆိပ်ကမ်းရဲက စစ်ဆေးပါမည် "

သင်္ဘောသည် ဆိပ်ကမ်းကပ်ထားပြီးဖြစ်၍ ကျွန်တော်မှအပ ကျန်သူအားလုံး အလုပ်များနေကြသည်။ မီး စက်မောင်းသူ သည် စက်ခန်းမှာ အလုပ်လုပ်နေသည်။ ကုန်းပက်သင်္ဘောသားများက ကုန်တင်ကုန်ချရန် ကုန်းပတ်ပေါ် မှာ အလုပ်များနေကြသည်။ အလုပ်မအားသည့်ကြားက ရဲက စစ်ဆေးမည်ဆိုလို့သာ သူတို့ တွေပြေးလာကြသည်။ ပြေးလာသူတွေထဲမှာ ကျွန်တော်က ရှေ့ဆုံးက ရောက်လာသည်။
ကျွန်တော် ရောက်လာတယ်ဆိုလျှင်ပဲ လက်ထိပ်ခတ်ထားသည့် တရားခံက ကျွန်တော့်ကို လက်ညှိုးထိုးပြ ပြီး သူတို့ ဘာသာ စကားဖြင့် ပြောသည်။ ရဲအရာရှိက ကျွန်တော့်ကို မေးစစ်တော့သည်။
" ခင်ဗျား မှောင်ခို အရောင်းအ၀ယ် လုပ်တယ် မဟုတ်လား "
" ကျွန်တော် မလုပ်ပါဘူး "
" မနေ့က ညနေက ခင်ဗျားရောင်းလိုက်တဲ့ပစ္စည်းကို သူ ၀ယ်တယ်။ ခင်ဗျား မငြင်းနဲ့၊ ရောင်းလို့ ရတဲ့ငွေကို ပြန်ပေးရင် အမှုမလုပ်ဘူး၊ ငြင်းရင်အမှုဖြစ်မယ်၊ ခင်ဗျားအမှုဖြစ်ပြီး ဒီဆိပ်ကမ်းမှာ နေခဲ့ရမှာဖြစ်လို့ အလုပ်ပြုတ်မယ်။ ပြစ်မှုထင်ရှားရင် ထောင်ကျမယ်၊ ပစ္စည်းရောင်းလို့ရတဲ့ ပိုက်ဆံကို ပေးရင်ပြီးပြီ၊ အမှု မလုပ်ဘူး "

ကျွန်တော် ကြောက်သွားသည်။ မနေ့က မြစ်ဝမှာ ကျောက်ချပြီး ရေကြောင်းပြစောင့်နေစဉ် မှောင်ခိုပစ္စည်း ၀ယ်သူတွေ ပဲ့ထောင်လှေဖြင့် ရောက်လာခဲ့သည်။ ဟောင်ကောင် သင်္ဘောသားတွေနှင့် အင်ဒိုနီးရှား သင်္ဘောသားတွေ က ဟောင်ကောင်နှင့် စင်္ကာပူက ၀ယ်လာသည့် ပစ္စည်းမျိုးစုံတွေ ကို ရောင်းကြ သည်။ ဒေါ်လာတစ်ရာဖြင့် ၀ယ်လာသည့် အပေါ် စက်၊ အောက်စကိ ကို ဒေါ်လာနှစ်ရာဖြင့်ရောင်းသည်။ ထက်ဝက် ခေါက်ချိုးမြတ်သည်။ အင်ဒိုနီးရှား သင်္ဘောသားတွေ ဒါတွေ လုပ်စားနေကြတာ ကြာပြီဖြစ်လို့ စင်္ကကာပူက ပစ္စည်းတွေ လှိမ့်ဝယ်လာကြသည်။ အကြီးအကျယ် အမြတ်ရကြသည်။

မအူမလည် ကျွန်တော်ပါ အားကျလာပြီး မိမိသုံးဖို့ ၀ယ်ထားသည့် ရေဒီယိုကက်ဆက်ကို ရောင်းလိုက်မိ သည်။ စင်္ကာပူဒေါ်လာ သုံးရာသာပေးရသည့် ပစ္စည်းကို အမေရိကန်ဒေါ်လာသုံးရာရသဖြင့် ရောင်းလိုက်မိ သည်။ မငြင်းနိုင် လို့ ၀န်ခံရတေ့သည်။ ညမှောင်မှောင်မှာ ပစ္စည်းအရောင်းအ၀ယ်လုပ်ရတာဖြစ်လို့ ပစ္စည်း ၀ယ်သွားသူ ဟာ လက်ထိပ်ခတ်ထားသူဟုတ်သလား၊ မဟုတ်လား မသိနိုင်ဖြစ်နေသည်။
စက်ခန်းက သင်္ဘောသားတွေနှင့် ကုန်းပက်သင်္ဘောသားတွေအားလုံး ရောက်ရှိလာကြသောအခါ လက်ထိပ် ခတ်ထားသူ က လက်ညှိုးထိုးပြခြင်း ခံရသူတွေအားလုံး တရားခံဖြစ်ကုန်ကြသည်။ သူပြောသမျှကိုလည်း လက်ခံကြရတော့ သည်။ ဘယ်သူ့ဆီက အပေါ်စက်ဝယ်သည်။ ဘယ်သူ့ ဆီက အောက်စက်ဝယ်သည်။ ရေဒီယိုကက်ဆက်ဝယ်သည်။ ဟောဒီလူဆီက စီးကရက်နှင့် အရက်တွေ ၀ယ်ပါ သည်။ တန်ဖိုး စုစုပေါင်း ဒေါ်လာ ဘယ်လောက်ဖြစ်ပါသည်ဟု ငိုပြီးအစစ်ခံသည်။

သူလက်ညှိုးထိုးပြသူတွေ အားလုံးကလည်း ပစ္စည်းရောင်းခဲ့သူတွေဖြစ်နေသည်။ အားလုံးမငြင်းနိုင်လို့ ၀န်ခံ ကြရသည်။ လက်ထိပ်ခတ်ခံထားရသူက စာရင်းထုတ်ပြသည်။ သူ့ဆီက ဘာပစ္စည်းကို ဘယ်လောက်ဖြင့် ၀ယ်ခဲ့ ပါသည်။ ဟောဒီလူဆီက ဆိုနီတီဗီကို ဒေါ်လာငါးရာဖြင့် ၀ယ်ပါသည် စသည်ဖြင့် မျက်ရည်လက်ရွဲ ထုတ်ဖော် ပါတော့သည်။ ရဲအရာရှိက လက်ပိုက်ပြီး ပြောသည်။
" ကဲ ... လူကြီးမင်းတို့ ထောင်မကျချင်ရင် ပိုက်ဆံတွေ အားလုံးပြန်အပ်ပါ "
အားလုံးပြန်အပ်ကြရတော့သည်။ တစ်ချို့ဆိုလျှင် အတော်နစ်နာသည်။ ပစ္စည်းဆုံးရုံ သာမက ဒေါ်လာအတု ထိထားသူတွေရှိသည်။ ပြန်အပ်သည့်အခါ ရဲက အတုအစစ်ကို ခွဲပြီး လက်ခံသည်။ အတုပါ လာလျှင် ငွေတုကိုင်ဆောင်မှု တစ်မှု တိုးလာနိုင်လို့ မိမိပိုင်အစစ်ကို ထုတ်ပေးကြရသည်။

အရောင်းအ၀ယ်လုပ်စသ်က ညမှောင်ဘကီးထဲမှာ လုပ်ကြရသည်။ အမေရိကန်ဒေါ်လာသည် တစ်ဒေါ်လာမှ တစ်ရာတန် အထိ အေ၇ာင်တူ၊ အရွယ်တူဖြစ်သည်။ တစ်ဒေါ်လာတန်က ဂျော့ဝါရှင်တန်၊ ငါးဒေါ်လာတန်က လင်ကွန်း စသည်ဖြင့်သာ ခွဲထားသည်။ အရောင်းအ၀ယ် လုပ်ရာတွင် ငွေချေသောအခါ တစ်ရာတန်တွေကြားမှာ တစ်ကျပ်တန် ညှပ်ပြီး ချေသွားခဲ့သူရှိသည်။ ရောင်းသူ အကြီးအကျယ် နစ်နာခဲ့ပြီးဖြစ်သည်။
အခု တစ်ခါ ရောင်းရငွေကို ပြန်အပ်သည့်အခါမှာတော့ အရေအတွက် တိတိကျကျ အပ်ရသဖြင့် နှစ်ခါနာဖြစ် ရလေတော့ သည်။ မမြတ်သည့်အပြင် အိတ်စိုက်ဖြစ်သွားသည်။
ရဲအရာရှိက ရောင်းရငွေအားလုံးကို စာရင်းနှင့်ရေးမှတ်ပြီး လက်ခံပါသည်။ အမှုမလုပ်ပါဆိုတာကိုလည်း ကတိပေး သည်။ အမှုမလုပ်တော့ဘူးဆိုသည့်အတွက် ၀မ်းသာကြရသည်။ ထောင်မကျလို့ ကံကောင်းသည် လို့တောင် တွေးမိကြသည်။

နိုင်ငံတကာ စည်းကမ်းဥပဒေအရ မှောင်ခိုကုန်ကူးတာကို ဖမ်းမိပါက အကောက်ခွန်ဥပဒေအရ ပြင်းထန်စွာ အရေးယူသည်။ အနည်းဆုံး အလုပ်ကြမ်းဖြင့် ထောင်သုံးနှစ်ခန့် ကျသွားနိုင်သည်။ ဒေါ်လာသုံးရာလောက် ဆုံးသွား တာ အကြောင်းမဟုတ်။ အလုပ်မပြုတ်၊ ထောင်မကျတာပဲ ၀မ်းသာလှပါပြီဟု တွေးမိသည်။
ဒီိဆိပ်ကမ်းက သင်္ဘောပြန်ထွက်ခါနီးမှ ပြည့်တန်ဆာတန်းကို အတူသွားနေ သည့် ဒေသခံစကားပြန် က ပြောပြလို့သိရသည်။
" ခင်ဗျားတို့ အလိမ်ခံရတာဗျ "
" ဘာဖြစ်လို့လဲ ကိုယ့်လူရဲ့ "
" ခင်ဗျားတို့ကို လာပြီး ခြိမ်းခြောက်တဲ့ရဲတွေဟာ ရဲအတုတွေဗျ "
" ရဲအရာရှိတစ်ယောက်ပါတယ်ကွ "
" အရာရှိလည်း အတုပဲ၊ ဒီကောင်တွေ ဒါလုပ်စားနေတာ ကြာပြီ။ ကျည်ဝယ်တဲ့ သူဌေးက ဇာတ်တိုက်ပြီး သရုပ်ဆောင် ထားတာ၊ လက်ထိပ်ခတ်ထားတဲ့ တရားခံက ဆရာကြီးရဲ့ တပည့်အရင်း အ၀ယ်တော်၊ ရဲက ဒီကောင် ကို ခင်ဗျားတို့ရှေ့မှာ ထိုးကြိတ်လုပ်ပြသေးတယ် မဟုတ်လား "

" ဟုတ်တယ်၊ ပါးကို ဘယ်ပြန်ညာပြန်ရိုက်တယ် "
" အဲဒါ သဘာဝကျအောင် သရုပ်ဆောင်တာ "
" တရားခံ က ငိုပြီး ရှိခိုးတောင်းပန်တယ်ကွ "
" သဘာဝ ကျအောင် သရုပ်ဆောင်ပါတယ်ဆိုမှ "
" ဟ ... ကောင်းရောကွာ "
ကျွန်တော် သည် ဥပဒေနှင့် မလွတ်ကင်းတာကို လုပ်ရမှာ အလွန်ဝန်လေးသည်။ ကြောက်တတ်လို့ဖြစ်သည်။ သူများတွေမှောင်ခို လုပ်တာကို အားကျပြီး တစ်ခါပဲ လုပ်မိပါတယ်။ တစ်ခါတည်းမှတ်သွားအောင် ခံလိုက်ရ သည်။
မကောင်းတာ လုပ်လျှင် မကောင်းတာဖြစ်မည်၊ ကောင်းတာလုပ်လျှင် ကောင်းတာဖြစ်မည်။

ဆက်ရန်
.
.

No comments: